Thursday, November 3, 2016

အမြင်ဓါတ် (၁)

9 October 2013 at 20:01
အမြင်ဓါတ်

ဒီစာကို ကြိုကြား ကြိုကြားရေးခဲ့ဘူးတယ်
အခုတော့ သားတော်မောင်ရဲ့ မှတ်ချက်၊ ၁၀ရက်နေ့ မှာ ကျရောက်မဲ့ ကမ္ဘာ့မျက်မမြင်များနေ့ 
ပဌာန်းတရားတော် Remote Sensing လို့ ခေါ်တဲ့ အဝေးမှ စူးစမ်းလေ့လာခြင်း ပညာရပ် စသည် မွှေနှောက်ရေးခြင်စိတ်ပေါ်လာတာပါ။

သားတော်မောင်မှတ်ချက်ကတော့ Predator တွေကို အဲဒီအကောင်တွေကို သားတို့ ပြောနေတာ၊ တကယ် သနားစရာကောင်းတဲ့အကောင်တွေ မျက်စိကလဲ မမြင်ကြဘူး၊ စက်တွေကိုပဲ အားကိုးပြီး Infrared ရောင်ခြည်နဲ့  သွေးနွေးသတ္တ၀ါတွေကိုပဲ မြင်နိုင်တယ်၊ အာနိုးက သူ့ ကိုယ်သူ ရွှံ့ တွေနဲ့ လဲ ပိတ်လိုက်ရော မမြင်ရတော့ဘူး။

ကျောင်းဆင်းပြီးတာ လေးနှစ်ကျော်ရှိနေပြီ အလုပ် သေသေချာချာ မလုပ်သေးတဲ့ ဆရာဝန် ကလေးကြီးစကား

ကျနော်ပြန်ပြီး Predator တွေ မျက်လုံးကန်းတယ်ဆိုတာကို ပြန်စဉ်းစားနေမိတယ်

ကျနော်တို့ လူတွေရော စကြာဝဠာ အတိုင်းအတာဆိုရင် ကန်းတဲ့နေရာ ကန်းတာပဲ၊ လူတွေ မြင်နိုင်တယ်ဆိုတဲ့ ရောင်စဉ်တန်းတွေဟာ 0.4 micron meter ကနေ 0.7 micron meter ကြားမှာပဲ ရှိတယ်၊ Predator တွေ မြင်တယ်ဆိုတဲ့ Infra Red တွေဟာ အကြမ်းအားဖြင့် 1 micron meter ကနေ 100 micron meter ကြားမှာရှိပြီး near infrared, mid infrared, far infrared ဆိုပြီး လင်းဆက် ဂြိုလ်တုတွေမှာ ထပ်ခွဲခြားထားလေရဲ့ ၊ Band 4, Band 5, Band 7 တွေပါ၊
10 micron meter ပတ်ဝန်းကျင်မှာ နေစွမ်းအင်ကို ကမ္ဘာမြေကနေ ပြန်ပြီး ထုတ်လွှင့်တဲ့ thermal infrared ဆိုတဲ့ Band 6 ရှိလေရဲ့ 

လူတွေကျတော့ 0.4 to 0.5 blue, 0.5-0.6 green, 0.6-0.7 red ဆိုပြီး ခွဲထားလေရဲ့  ဂြိုလ်တုရဲ့ ရောင်စဉ်နဲ့ ပြောရင် band 1, band 2, band 3 ပေါ့၊
အမှန်တော့ အကြမ်းဖြင်းသာ band ဆိုပြီး အုပ်စုခွဲလိုက်တာ၊ အမှန်ကတော့ စွမ်းအင်လှိုင်းတွေရဲ့ ထုံးစံ continuous ဖြစ်ပါတယ်။


လူမြင်နိုင်တာရဲ့ အောက် 0.1micron meter နေရာတွေမှာ ultra violet ရှိတယ်၊ ဘယ်သူတွေ မြင်နိုင်လဲ၊ ပျားတွေမြင်နိုင်တယ်၊ အင်းဆက်တွေ မြင်နိုင်တယ်၊ ပန်းပွင့်တွေရဲ့ ဝတ်ရည်ဂလင်းတွေ ပတ်လည်မှာ အဲဒီ ရောင်ခြည် ring တွေရှိတယ် ဒါတွေနဲ့ ပျား လိပ်ပြာတွေဟာ အခက်အခဲမရှိ ညမှာပါ ၀တ်ရည်စုတ်နိုင်ကြတယ်၊ သဘာဝတရားကြီး ထူးဆန်းပါပေ့နော်

အင်ဖရာရက်ကို ကမ္ဘာမြေပေါ်က သတ္တ၀ါတွေထဲမှာ ဇီးကွက်တွေ မြင်နိုင်တယ်

ညသတ္တ၀ါတွေမှာ ဇီးကွက်တွေက predator တွေနဲ့ တူတယ် အင်ဖရာရက်ကိုသုံးပြီးကြည့်ကြတယ်
ကြောင်တွေက စနိုင်ပါ ညကြည့်မှန်ပြောင်းတွေလို အလင်းရောင်ကို intensified လုပ်ပြီးကြည့်တယ်

လင်းနို့ တွေကြတော့ အလင်းရောင်ကို media အဖြစ်မသုံးပဲ အသံကို လွှင့်ထုတ်လို့ ရေဒါစနစ်တွေနဲ့ ညဘက် သွားကြလာကြတယ်။

ကဲ သူတို့ တကယ်မြင်တာလား

မြင်နိုင်ဘို့ လိုအပ်ချက်တွေ၊ အဲဒါတွေကို မြန်မာလိုရှင်းရင် ပဌာန်းတရားတော်ထဲက စာသားတွေက အကောင်းဆုံးပဲဗျား

ပဌာန်းကို တချို့ က မြတ်စွာဘုရားက နတ်တွေကိုဟောလို့ လူတွေကို ဟောတာမဟုတ်လို့ ဆိုပြီး ဘုရားတရားတော်တွေထဲ မထည့်ချင်ဘူး၊ ပဌာန်းကို နားလည်ဘို့ ကျိုးစားတဲ့လူတွေကိုလဲ မတန်မရာမှန်းတယ်ပေါ့

တ၀က်မှန်ပြီး တ၀က်မှားတယ်လို့ ထင်ပါတယ်။
 ဒီ ဂရဖ်က အသက်ပါပဲ ဒါတွေ နားလည်ဘို့ 

ဘုရားပွင့်တော်မူတယ်ဆိုတဲ့ အချိန်ကလူတွေရယ် သူတို့ ရယ် သိပ္ပံပညာရယ်ဟာ ပဌာန်းတရားတော်ကို လက်တွေ့ သဘောနဲ့ နားလည်ဘို့ ခက်ခဲမယ်၊ ညာဏ်အမြင်တွေ ပေါက်လာတော့မှ အဘိညာဏ်စသည်ရလာတော့မှ အပြည့်အ၀ နားလည်လောက်တယ်၊ ပြီးတော့ ဒါကလဲ ၀ိပဿဿသနာပိုင်းတွေ မပါတာကိုး၊ လူတွေ သိစရာမလိုဘူးလို့ ညင်းရပါ့ဗျား

အခုလူတွေက အဲဒီ အာရုံခြောက်ပါး အခြေခံတွေ နားလည်နေပြီ။

မျက်စိကနေ အရာတခုကို မြင်ပြီး စိတ်ထဲကနေ ဟာ ဒါက ဒီပစ္စည်းပါလား၊ နောက် ဒီလူပါလား၊ ဒီ မြင်ကွင်းပါလားလို သိဘို့ ရယ် နောက် သက်ဆိုင်ရာ ဟာ အမှတ်တရပစ္စည်းကလေး စိမ်းသွားသူ ကြီးကို သတိရလိုက်တာတို့ ၊ တောက် ငါ့ကို ကျောသွားတဲ့ကောင် ထင်းခွေမကြုံ ရေခပ်ကြုံမယ်၊ အင်း ဒီနေရာ ဒီစေတီက ငါ့ နိုင်ငံတော်ရဲ့ ဂုဏ်ဆောင် ရွှေတိဂုံ စေတီတော်မြတ်ပါလားစသည်၊ ခံစားချက်အမျိုးမျိုးပေါ်လာဘို့ မှာ
တစ် အလင်းရောင်ကို ထုတ်လွှင့်သော အရာရှိရမည်(နေ သို့ မဟုတ် မီးတိုင်) ။ ကြားခံနယ်ရှိရမည်၊ (အလင်း) အရာဝတ္ထုမှ ပြန်လွှင့်သော လှိုင်းကို ဖမ်းနိုင်သော sensor မျက်လုံးရှိရမည်။ မျက်လုံးတွင် အမြင်ဓါတ်ရှိရမည်၊ အမြင်ဓါတ်ကို ဦးဏှောက်သို့ ပို့ ရမည်၊ မနောဓာတုယာဆိုသကဲသို့ ၊ ဦးဏှောက်မှ ပိုင်းခြားဝေဖန်နိုင်သော ပညာ၊ အသိ ရှိရမည်။

ဒါတွေကို ကောင်းကောင်း နားလည်ကြပါပြီလေ၊ အဲဒါဟာ ခေတ်မှီ Remote Sensing system ရဲ့ အခြေခံတွေပဲ
ဒီမှာ ဂြိုလ်တုက လူနဲ့ တူပြီး တပ်ထားတဲ့ ကင်မရာက မျက်လုံးပေါ့




တခါထပ်ပြီး ပညတ်သဘောတွေ ရေးပြချင်တယ်
လူတွေမြင်တာ အရောင် ၀.၄က နေ ၀.၇ မိုက်ကရွန်လို့ ပြောခဲ့တယ်၊ အဲဒီ အခြေခံသုံးမျိုးကို စပ်ပြီး မြင်လေရဲ့ ဗျား။
တချို့ သတ္တ၀ါ ငါးတွေကြတော့ အရောင်ကို နှစ်မျိုးပဲ စပ်မြင်ကြတယ်၊ တချို့ ကြတော့လဲ မိုနိုတုံးနဲ့ မြင်ကြတယ်

ကွန်ပျူတာစံနစ်တွေ ပေါ်လာတဲ့အခါမှာ ပိုပြောရတာလွယ်တယ် ဖိုတိုရှော့ပ်နဲ့ စမ်းကြည့် အရောင် သုံးမျိုးလုံးကို ၀ကနေ ၂၅၅ ပေးထားတယ်၊ လူရဲ့ မျက်လုံးက အဲဒီ ၂၅၆ဆင့်ပဲ ခွဲနိုင်တယ်
ပြာ၊ စိမ်း နီကို အားလုံး သုညမှာ ထားလိုက် မဲသွားတယ်
ပြာစိမ်းနီကို အားလုံး ၂၅၅မှာ ထားလိုက် ဖြူသွားတယ်

ကျန်တဲ့အရောင်တွေ လိုသလလို စပ်ပေတော့၊ ဇော်ကန့် လန့် လုပ်စားနေတာ ဒါပဲ။

အဲဒီမှာ ပညာဆိုတာတွေပေါ်လာတယ်၊ လူတွေ မြင်တဲ့ အရောင်တွေနဲ့ ပဲ ကာလာဓါတ်ပုံတွေ ရိုက်ကြတုံးက ပြသနာမရှိ၊ သဘာဝအရောင် ပြာ စိမ်းနီကို ကွန်ပျုတာ(သို့ ) ဓါတ်ပုံမှာလဲ ပြာစိမ်းနီပဲ ထားကြတော့ natural color ခေါ်ပြီး အဆင်ပြေနေကြတယ်

နောက်ပိုင်းမှာ ဥပမာ သစ်ရွက်တွေဟာ ကလိုရိုဖီးရှိရင် အင်ဖရာရက်ကို အများကြီးပြန်တယ်ဆိုတာ သိလာကြတယ်၊ ဒီတော့ အင်ဖရာရက် ရောင်ခြည်တွေနဲ့ ရိုက်လာတယ်။

တကယ်တော့ ကာလာမပေါ်ခင်ကထဲ ဒုတိယကမ္ဘာစစ်မှာ သစ်ရွက်အစိမ်းရောင်တွေနဲ့ ပုံဖျက်ထားတဲ့ စစ်စခန်းတွေကို အင်ဖရာရက်နဲ့ ရိုက်ပြီး သစ်ရွက်အစိမ်းလား ပုံဖျက် အစိမ်းလားဆိုတာကို ခွဲတဲ့ စစ်သုံး application ကနေ စခဲ့တာပဲ

အရောင်က ၃မျိုးပဲ စပ်လို့ ရတယ်၊ အင်ဖရာရက်တခုထည့်ရတော့မယ်၊ ဒီမှာ ပထမဆုံးပေါ်တဲ့ ဂြိုဘ်တုဓါတ်ပုံတွေဟာ အင်ဖရာရက် တခုပဲပါတယ်။
ဒီတော့ အပြာကိုဖြုတ်တယ်၊ နောက် သဘာဝအရောင် အစိမ်းကို အပြာလို့ သတ်မှတ်လိုက်တယ်၊ သဘာဝအရောင် အနီကို အစိမ်းမှာထားတယ်၊ နောက် အင်ဖရာရက်ကို အနီမှာထားတယ်

သစ်ရွက်တွေဟာ အင်ဖရာရက်ကို အရမ်းကို ရောင်ပြန်များတော့ သစ်တောတွေ သစ်ပင်တွေ အနီရောင်နဲ့ ထင်ရှေးစွာပေါ်လာပါတော့တယ်
အရောင်စပ်တာဟာ သဘာဝနဲ့ မတူတော့တာမို့ false color လို့ ခေါ်လိုက်ပါတယ်

အောက်ကပုံတွေကို ကြည့်ပါ
တာချီလိပ်တဖက်ကမ်းရဲ့ true or natural color

ဘိန်းစိုက်ခင်းများ false color



ဘိန်းစိုက်ခင်းများ false color IKONOS 1 meter pan sharp
Predator ကားကို ပြန်သွားကြည့်ရအောင်

လူတွေဟာ တကယ်တော့ အင်ဖရာရက်ကို မြင်နိုင်တယ်ခင်ဗျ

အင်မတန်ထူးဆန်းတယ် လူ့ မျက်လုံးရဲ့ sensor system ဟာ အင်ဖရာရက်ကို ဖမ်းနိုင်တယ်၊ ဒါပေမဲ့ မမြင်နိုင်ဘူး
ဘာကြောင့်လဲ အသိဓါတ်က ပိတ်ထားတယ်၊ ဥဏှောက် အာရုံကြောအရောက်မှာ မိထားတဲ့ အင်ဖရာရက်ရောင်ခြည်လှိုင်းကို မဖတ်နိုင်တော့ဘူး

လှိုင်းတွေ ဘယ်လိုပို့ သလဲ၊ အခု ဂြိုဘ်တုစနစ်တွေ ဘယ်လို ပို့ နေတာလဲ၊ ရုပ်မြင်သံကြားရော ဘယ်လို ပို့ နေတာလဲ

ပဌာန်းကျမ်းကို ကျနော်တို့ လူတွေ နားလည်နိုင်ပါပြီဆိုတာ ပေါ့ပေါ့ပြောတာမဟုတ်ပါ
ကျနော်က အိုင်တီစီမှာ ဒါတွေကို ဟိုး အခြေခံကထဲက သင်ခဲ့ရတယ်

အလွယ်ပြောရရင်တော့ zero one ဆိုတဲ့ binary code ကိုတောင် ဂြိုလ်တုတွေက မသုံးဘူး ဂဏန်း ၁၄လုံးရှိတဲ့ စနစ်ကို သုံးတယ်၊ နောက် ထုံးစံအတိုင်း start of file end of file , header, စသည်ပါသေးတယ်။

အဲဒါတွေကိုမှ ကွန်ပျူတာထဲပြန်ချ၊ matrix တွေ ဆောက်၊ နောက် အရောင်တွေ assign လုပ်၊ noise တွေဖျောက်၊ အဲဒီအပိုင်းတွေဟာ matrix calculation တွေပဲ

အဲဒီလို စပ်ထားတဲ့ အရောင်တွေကို ကြည့်ပြီး ကျနော်တို့ လွမ်းကြတယ် ဆွေးကြတယ်၊ ရီကြတယ် မောကြတယ်၊ ဒေါသတွေ ဖြစ်ကြတယ်

ဒီကနေပဲ လူတွေ သတ်ကြတယ်၊ လူတွေ ကယ်ကြတယ်

တကယ့် သခါင်္ရတွေပါပဲ

အဲ ဟာသလေးနဲ နဲဖေါက်မယ်

ဧရာဝတီ ဒီရေတောတွေကို ကျနော် false color နဲ့ ဝန်ကြီးတွေဆီ တင်လိုက်တော့
ဆီအုံးကို ထောက်ခံတဲ့ ဒုဝန်ကြီးက မြက်ခင်းတွေ ခြုံပုတ်တောတွေ စိမ်းနေတာကို ကြည့်ပြီး (မြက်ခင်းတွေက အဲဒီအချိန်မှာ အညိုရောင်တွေကိုး ရိုးပြတ်တွေရောပဲ၊ သဘာဝ အနီကို ကျနော်တို့ က အစိမ်းပေးထားတော့ မြက်ခြောက်တွေက စိမ်းနေတာပေါ့) ဟ ဒီရေတောတွေ အများကြီးပါလားတဲ့

သေရောပဲ

အဲဒါနဲ့ ကျနော်ဘာလုပ်ရသလဲ အင်ဖရာရက် အရောင်၂ခုနဲ သဘာဝအနီနဲ့ ပဲ တွဲလိုက်တယ် သဘာဝ အနီကို အပြာပေး near infrared –Green, mid infra red---Red ဆိုပြီးထားလိုက်တော့

သစ်ရွက်တောတွေဟာ အစိမ်းရောင် ဒါပေမဲ့ ပိုပြီး တောက်ပတဲ့ အစိမ်းရောင်နဲ့ တက်လာလေရဲ့ 
အင်ဖရာရက်ရဲ့ ရောင်ပြန်ကိုလည်း အသုံးချတယ်၊ ဆရာသမားတွေရဲ့ သစ်တောဆိုရင် စိမ်းရမယ်ဆိုတာလဲ ပြည့်ဝသွားတယ်။ အမှန်တော့ အဲဒါကိုပဲ compromise လို့ ခေါ်ရမှာပဲ

False color ပါပဲ ဒါပေမဲ့ ကျနော်ကတော့ ၀န်ကြီးကာလာ (သို့ ) လူပိန်းကာလာလို့ ကျိတ်ပြီး မှည့်ထားလေရဲ့ 

ရန်ကုန်တိုင်းတော ပဲခူးရိုးမ တောတွေကို အစိမ်းရောင် ချယ်ထားတယ် ဒါပေမဲ့ သဘာဝ အစိမ်းမဟုတ် အင်ဖရာရက် အစိမ်း


ခုလောက်ဆိုရင် အမြင်ရဲ့ သဘောတရားတွေကို အခြေခံမိပြီထင်တယ်

မြင်နေတာတွေဟာ ဖမ်းမိတာတွေ ဆက်သွယ်တာတွေ ခံစားတာတွေ အားလုံးပေါင်းမှ အမြင်ဓါတ်ဆိုတာရတယ်၊ တကယ်ထိမ်းချူပ်ထားတာက ဦးဏှောက်ပဲ

Star track ကားထဲမှာ မျက်စိကန်းနေပေမဲ့ sensor တွေနဲ့ ဇာတ်ဆောင်တယောက်ရှိလေရဲ့ 
သူ့ ရဲ စိတ်အမြင်က သာမန်လူထက်တောင် သာသေး

ဒိတော့ အမြင်ဆိုတာ မျက်စိက မြင်တဲ့ သာမာန်အမြင်က အရေးကြီးတာလား နောက်ဆုံး ပညာအမြင်က အရေးကြီးတာလား

မျက်စိကတော့ မြင်ပါရဲ့ ၊ ပညာအနေနဲ့ မလိုက်နိုင်ဘူး။ မခံယူနိုင်ဘူး၊ အသုံးမချနိုင်ဘူး
ဒါကမှ လူဖြစ်ရှုံးတာပဲ ဒါကမှ မျက်မမြင်အစစ်ပဲ

မျက်စိက မမြင်နိုင်ဘူး၊ ဘ၀ပေးကုသိုလ်ကြောင့်

ဒါပေမဲ့ ပညာအသိရအောင်ကြိုးစားတယ်၊ ဘရေးလ်သုံးတယ် အသံတွေနားထောင်တယ်

အသိပညာကို တိုးတက်အောင်လုပ်တယ်

ဘ၀ကို အရှုံးမပေးဘူး

အဲဒီလူတွေကို မျက်မမြင်လို့ မခေါ်သင့်တော့ဘူး

မြင်ပြီး အသုံးမချနိုင်တဲ့လူတွေကမှ တကယ့် မျက်မမြင်တွေ

ဒါပါပဲ

ကမ္ဘာ့မျက်မမြင်များနေ့ ကို ကြိုဆိုလျက်

မောင်ကို
၁၀း၄၅
၉-၁၀-၂၀၁၂

စာကြွင်း နောက် ဆရာတော်တွေကလဲ ဒါတွေ ခြုံပြီးတော့ လွယ်လွယ်ကလေး သိအောင် ကြိုးစားတော်မူကြတယ် စက္ခု ပသာဒ ရှိရမယ်၊ အရောင်အလင်းဆိုတဲ့  အာလောကရှိရမယ် အဲဒီ ရူပါရုံကို နှလုံးသွင်းတဲ့ မနသီကာရ ရှိရမယ်၊ ရူပါရုံလဲ ရှိရမယ် အဲဒီလို အင်္ဂါလေးပါးစုံမှ စက္ခ ၀ိညာဏ်စိတ် ဖြစ်တယ် လို့  အခြေပြုပဌာန်းမှာ ဟောပေးထားပါတယ်






No comments:

Post a Comment