Tuesday, November 8, 2016

တံပိုးရေကျော်

တံပိုးရေကျော်

29 December 2011 at 12:09
     ``တံပိုးရေကျော်၊ ၀ဲမော်ဝေ့၀ိုင်း၊ မျှော်လေတိုင်း၊ ခေါ်လေတိုင်း၊ ဗျာလှိုင်းဆူလို့၊ ပူရန်ကြွယ်၊ ပင်လယ်ကြီး၊ ဆီးလို့လို့ လေး ´´

    ကျွန်တော့် အိုင်ပေါဒ့်နာနိုမှ ချိတ်ဆက်ထားသည့် ဓါတ်ခဲသုံး ဆောင်းဘောက်စ်ကလေးမှတစ်ဆင့်၊ အများစုက ဤကိရိယာများနှင့် မကိုက်ညီဟုပြောကြမည့် မြန်မာ့သီချင်းကြီးစစ်စစ် `` ဒီပါအေးမြ ´´ မှ ကျွန်တော်အကြိုက်ဆုံးအပိုဒ် (တံပိုးရေကျော်) သည် ဒီပါအေးမြကို ကျွန်တော်တို့ ဂရုပြုမိအောင် (ကျွန်တော်တို့ခေတ်တမ်းကို ပြောခြင်းပါ၊ လက်ရှိ နာဂစ်အလွန် ဆယ်ကျော်သက်များ လူငယ်များမဟုတ်) စွမ်းဆောင်ပေးခဲ့သော (မိန်းမလှအမုန်း) လက်ရာရှင် ကိုဝင်းဦး၏ ဆိုသံဖြင့် ကျွန်တော်နားနေရာစခန်းလေးကို ငြိမ့်ငြိမ့်လေးလွှမ်းမိုးသွားပါသည်။

    နားနေရာစခန်း၊ ကျွန်တော်နားနေပါသည်။ စနေ၊ တနင်္ဂနွေ မဟုတ်၊ အများပြည်သူ ရုံးပိတ်ရက်မဟုတ်သော တနင်္လာနေ့တွင် နားနေရသည်။ တော်သလင်းလပြည့်နေ့မှစ၍ မနေမနား ဒီရေသစ်တောများတိုင်းတာခြင်းကို ဆောင်ရွက် နေရသော လပွတ္တာမြို့နယ်၊ သာယာကုန်းစခန်းရှိ အလုပ်သမားများမှ `ဆရာတို့ ကျွန်တော်တို့ လိုင်းရှင်းသစ်ပင်ခုတ် မလုပ်နိုင်တော့ဘူး၊ ဒီနေ့တော့နားပါရစေတော့´ ဟူသော တောင်းပန်သံကြောင့် နားရက်ယူလိုက်ရသည်။ ကျွန်တော့်မှာ လည်း ဘိုကလေး၊ ရန်ကုန်၊ လပွတ္တာ၊ လှည့်လာရသော ခရီုးစဉ်ကြောင့် ပင်ပန်းနေရ၍ အတော်ပါပင်၊ ဘိုကလေးစခန်း၊ ကျိမ်ချောင်းကြီးနှင့် မိုင်အနည်းငယ်သာကွာသော်လည်း စိတ်မချရသော ရာသီဥတုအခြေအနေကြောင့် တပတ်ကြီးပတ်လာ ခဲ့ရခြင်းပင်။ ကျွန်တော်ကိုယ်တိုင်လည်း အဆင့်မြင့်နည်းပညာများ၏ထုံးစံအရ ဂျီပီအက်စ်ဂြိုဟ်တုလမ်းညွှန် ကိရိယာများ နှင့်၊ တိုင်းတာရမည့် သစ်တောဧရိယာစမှတ်များ မကိုက်မှုကို ကူညီဖြေရှင်းပေးရဦးမည်။ စခန်းတွင် လက်ကျန် နည်းနေသော ရိက္ခာ၊ ရေ၊ ဆေးဝါး စသည်တို့ဖြည့်တင်းရန် ဘိုကလေးမြို့နယ်ဘက်ကဲ့သို့ အရှိန်အဟုန်မြင့်မြင့်လေး တွန်းအားပေးနိုင်ရန် မည်သို့ဆောင်ရွက်ရမည်စဉ်းစားနိုင်ရန် ခရီးတထောက်တွင် နားရက်ယူလိုက်ရပါသည်။

    အိုင်ပေါဒ့်လိုကိရိယာနှင့် `ဒီပါအေးမြ´လိုသီချင်း မလိုက်ဖက်ဟုသာ ပြောကြမည်။ ဘေးပတ်ဝန်းကျင်ကတော့ ပင်လယ်နှင့် မိုင်အနည်းငယ်သာကွာဝေးသည့် သစ်တောစခန်းလေးတွင် မြစ်ပြင်ကျယ်နှင့် ဒီရေတော၊ ယခင်မုန်တိုင်း မတိုက်ခတ်မီက ဒီရေတောပင်များ များစွာ ပြန်လည်ဖွံ့ဖြိုးနေပြီဖြစ်သောတော၊ အများပြည်သူအစုအဖွဲ့ပိုင် ဒီရေတောများ၊ သစ်ရွက်များအားလုံး ပြုတ်ပြုတ်ပြုန်းလွင့်ပါးသွားကာ ပြန်မရှင်နိုင်တော့သည့် ကိုင်းခြောက်ပင်စည်များက ဟိုနေရာ ဒီနေရာ၊ ထိုးထိုးထောင်ထောင်နှင့်၊ အနိုင်မခံ အရှုံးမပေးစိတ်ဓါတ်ဖြင့် သစ်ရွက်များ၊ မရ ရသည့်နေရာမှ ပြန်လည် ထွက်လာကြမှုကြောင့် ပင်စည်နှင့် သစ်ကိုင်းမကြီးများမှ တိုက်ရိုက်ထွက်ရှိသည့် သစ်ရွက်များဖုန်းလွှမ်းနေသော သမဲ့ပင် များကလည်း အများအပြား၊ အစဉ်အမြဲအပေါ်မှ လောင်းရိပ်အုပ်နေသော ရွက်အုပ်များ ပျက်စီးသွားမှုကို အခွင့်ကောင်း ယူကာ ရွှံ့မြေပြင်ပေါ်တွင် အပြိုင်းအရိုင်းထွက်ရှိလာကြသော မျိုးဆက်ပင်ငယ်များက သမဲ့ဗျိုက်၊ ဗျူး၊ ဗျိုက်၊ သင်ပေါင်း ဗျိုက်စသည့် ခေတ်တခေတ်ကို ပြန်လည်ထူထောင်နိုင်ရန် အသွင်လက္ခဏာဖြင့်၊ ဤအခြေအနေမျိုးစုံနှင့် ရှုခင်းအနေအထား ကတော့ သီချင်းနှင့်လိုက်ဖက်လှပါသည်။

ဒါပေမဲ့ ကျွန်တော်ထိုင်နေတဲ့စခန်းJICA ဂျပန်အကူအညီ ဖွံ့ဖြိုးရေးအစီအစဉ်မှ ဆောက်လုပ်ပေးထားသောရုံး၊ အဆောက်အဦးအားလုံး ပျက်ပျက်ပြုန်းသွားရသည်။ စခန်းရှိလူများအားလုံး အခိုင်အမာဟုဆိုရမည့် ရေလောင်းအိမ်သာ အုတ်တိုက်ကြောင့် ရှင်သန်ခဲ့ရသည်။ စခန်းနောက်မှ သာယာကုန်းရွာကတော့ စခန်းပတ်လည်ရှိ ဒီရေတောများ၏ အကာအကွယ်ကြောင့် မုန်တိုင်းကြောင့် အသေအပျောက်လုံးဝ(လုံးဝ)မရှိခဲ့။ မုန်တိုင်းလွန်ပြဿနာဖြစ်သည့် စားနပ်ရိက္ခာ ချို့တဲ့မှု၊ ရောဂါတို့ကြောင့် သက်ကြီးရွယ်အိုတစ်ဦးနှင့် ခလေးငယ်တစ်ဦး တိမ်းပါးခဲ့ကြရသည်။ သစ်ပင်သစ်တောတို့၏ အကျိုးကို လက်တွေ့ခံစားကြရပြီ။ သို့ပေမဲ့ ယခုကျွန်တော်တို့ တိုင်းတာရေးအလုပ်အတွက်တော့ လုပ်အားမရ၊ ဘာကြောင့်လဲ၊ မေးမြန်းရပါဦးမည်။

    စခန်းအပျက်တွင် ရွက်ထည်တဲများနှင့်အိပ်၊ ကျန်ရှိနေသော စားပွဲပေါ်တွင် `ဒီပါအေးမြ´ ကိုနားထောင်ရင်း ဤစာကို ရေးချင်စိတ်အရမ်းပေါ်လာသည်။ `ဒီပါအေးမြ´ နှင့် ပါတ်သက်ခဲ့သော နာမည်ပင်မသိခဲ့ရသည့် သူတစ်ယောက် လည်း အရမ်းသတိရနေမိသည်။

ကိုကျော်ရွှေ၊ အဲဒီပတ္တလား ၀င်တီးကြည့်လို့ရမလားဗျာ

    ပြီးခဲ့သော ၁၉၉၅ ခုနှစ်က ကျွန်တော်နှင့် တောအုပ်ကြီး မိုးကျော်ပြည်စိုး၊ ဟိုင်းကြီးကျွန်း သစ်တောရုံးမှ ဈေးသို့အသွား နှစ်ထပ်အိမ်ကြီးအောက်မှ ပတ္တလားတစ်လုံးကိုမြင်၍ ကျွန်တော်မေးမိခြင်းပါ။ ပတ္တလားကအဝေးမှ မြင်ရသော်လည်း အတော်လေးတီးခတ်ထားဟန်ရှိသည်။

ရတယ်ဆရာ၊ ဈေးကပြန်ရင်ဝင်ကြတာပေါ့၊ ကျွန်တော်နဲ့ဒီအိမ်ခင်ပါတယ်၊ အဘိုးကြီးကတော့ သိတ်မတီး တတ်ဘူး၊ ဒါပေမဲ့ ဒီကျွန်းက တီးတတ်တဲ့လူတွေ စုစုတီးကြ ဆိုကြတာတွေ့ရတာဘဲဓ

ဈေးမှအပြန် ၀င်မိကြသည်။

အဘ၊ ဒါ ကျွန်တော်တို့ဌာနကဆရာပါ၊ ဧရာဝတီတိုင်း ဒီရေတောတွေနဲ့ မြေအသုံးချမှုမြေပုံထုတ်တဲ့ လုပ်ငန်းနဲ့ လာတာပါ

အေး၊ ဒါနဲ့

ဆရာက ဂီတ၀ါသနာပါလို့ အဘပတ္တလားမြင်တာနဲ့ တီးချင်လာလို့တဲ့

အမှန်တော့ တော်တော်လေးတော့လွန်တဲ့ကိစ္စပါ။ ဘယ်လိုမှ အဆက်အစပ်မရှိ၊ မသိသောနေရာတစ်ခု၊ ဒါပေမဲ့ ကျွန်တော် ဒီပတ်ဝန်းကျင်ဒေသမှာ အင်မတန်တီးချင်နေမိသော သီချင်း(၂)ပုဒ်ရှိသည်။ ပတ္တလားနှင့်ဝေးကွာနေရသည်မှာ လည်း ကြာလှပြီ။ အိမ်က ပင်လယ်ကမ်းစပ်ကို တိုက်ရိုက်ဦးတည်ဆောက်ထားပါသည်။ ပင်လယ်ပြာနှင့် သောင်ပြင်ကြီး နှင့်၊ ကျွန်တော်အမှန်တကယ်ပြောရလျှင် ဓရွှေရင်ဘောင်၊ ငွေရင်ဘောင်ဓ ကို အဲဒီအချိန်က အင်မတန်တီးချင်နေမိပါသည်။

ထိုင် ထိုင်၊ တီးပါမောင်ရင်

ကျွန်တော်အားမနာနိုင်ပါ၊ အသာပင် ပတ္တလားရှေ့ထိုင်၍ လက်ခတ်ကိုင်ကာ အသံစမ်းလိုက်မိသည်။ အလို မိန်းကလေးတစ်ဦးထွက်လာပါသည်။ မဟာဂီတသီချင်းစာအုပ်ကလေးကိုင်၍၊ စည်းနှင့်ဝါးလည်းပါသည်။

ဒါ ဦးသမီးဘဲ၊ ကျောင်းဆရာမလုပ်တယ်၊ နည်းနည်းပါးပါး ဆိုတတ်ပါတယ်၊ တီးကြဆိုကြပေါ့

ကျွန်တော် ပတ်ပျိုးခံခင်းနေရင်းမှ မေးမိသည်။

ရွှေရင်ဘောင်၊ ငွေရင်ဘောင် ရလား ဆရာမ

အဲဒီသီချင်းမရဘူး၊ ကျွန်မက ဆိုကရေးတီးပြိုင်ပွဲတွေမှာပြိုင်ရတဲ့ သီချင်းတွေဘဲကျင့်ထား၊ တက်ထားတာပါ ဆရာ၊ ဒါပေမဲ့လဲ မြို့နယ်အဆင့်ဘဲ၊ တိုင်းကျရင်တော့ ပြန်လာရတာပါဘဲ

ဒါဖြင့်ရင်လည်း ‘ဒီနှစ် ဘယ်သီချင်းတွေနဲ့ ကျင့်ထားလဲ

ဒီပါအေးမြ ပါဆရာ၊ ဆရာ ရပါသလား

ဒီပါအေးမြ

ပတ်ပျိုးခံ စမ်းနေရင်းမှ တီးတိုးရေရွတ်လိုက်မိပါသည်။ စိတ်က အရင်တက္ကသိုလ်ပညာအသင်း အနုပညာခန်း ၁၉၇၄ ခုနှစ်သို့ ပြန်လည်ပျံ့လွင့်သွားမိပြန်သည်။

ဆရာ ဦးဟန်စိန်က ဟေ့ကောင်၊ မင်းသီချင်းတွေ မကုန်သေးဘူးလား၊ ဘာတက်အုံးမလို့လဲ

ဆရာ့ဆီမှ ကျွန်တော်လောလောလတ်လတ်၊ ဟေ၀န်စုံမြိုင်၊ အောင်မြေသာစံ စသည့် သီချင်းကြီးများ ဆက်တိုက် တက်ပြီးချိန်မို့

ဆရာက စမေး မေးခြင်းပါ။

ဒီပါအေးမြ တက်ချင်တယ်ဆရာ
အလကားဆရာ၊ ဒီကောင် ၀င်းဦး၊ မိန်းမလှအမုန်းဖတ်ပြီး စိတ်ကူးယဉ်တာ

ဘေးမှသူငယ်ချင်းများ ၀င်ပြောခြင်းပါ။ ၀င်းဦး၏ မိန်းမလှအမုန်း ၀တ္တုကြီးဖတ်ပြီးသည်နှင့် ကျိုက်ခေါက် ဘုရားကြီးစောင်းတန်းမှ ပတ္တလားပညာရှင်အဘိုးကြီးနှင့် ပန်းသည်မလေး `ညို´ တို့၏ ဒီပါအေးမြ ပတ်ပျိုးကို သတိတရ ရှိမိခဲ့ပါသည်။ သီချင်းကိုတော့ တစ်ခါမှမကြားဘူးပါ။ မိမိအဆင့်ကလည်း ဤအဆင့်မရောက်သေး၍ မျိုသိပ်ခဲ့ရပြီး ယခုတော်တော်လေးတီးနိုင်ပြီထင်၍ ဆရာ့ဆီမှာ ပူဆာရခြင်းပါ။

အေးလေ၊ တက်တာပေါ့၊ ကဲစ

အဲဒါနှင့်ပင် ဒီပါအေးမြ၊ သပြေညာ၊ ရွှေတေဇာရာသောင်းလုံး အစချီသောသီချင်းကို တက်ခဲ့ရပါသည်။

သီချင်းရေးသူက ဇာတ်ဆရာ ဦးကျောက်ခဲ၊ ကျွန်တော် အင်မတန်ကြိုက်သည့် ဟေ၀န်စုံမြိုင်၊ ရွှေရင်ဘောင်၊ ငွေရင်ဘောင်၊ မြူဝန်းလို့ခို အစရှိသော ကိန္နရာချောင်းခြား ပတ်ပျိုးများ လက်ရာရှင်ပါ။ ဘုရင့်နန်းတွင်း၌ အနေအထိုင် မတတ်သဖြင့် အောက်ပြည်အောက်ရွာသို့ ထွက်ပြေးတိမ်းရှောင်ရင်း ဤသီချင်းများ ထွက်ပေါ်လာသည်ဟု မှတ်သားရ ပါသည်။

တက်ရင်း တက်ရင်းပင် သီချင်းကိုအင်မတန်ကြိုက်ခဲ့ရသည်။ တီးကွက်၊ စာသားကောင်းရုံမက အသံကအင်မတန် သာပါသည်။ ပတ္တလားတွင် ပတ်ပျိုးသီချင်းများကို သံရိုး ခြောက်ပေါက်နှင့် တီးရပါသည်။ ဒီပါအေးမြသည် သံရိုး ခြောက်ပေါက်နှင့် ထုံးစံအတိုင်း တီးသော်လည်း တပုဒ်လုံးလိုလိုသည် ပုလဲနှင့် လေးပေါက်အောက်ပြန်များတွင်သုံးသည်။ ဆရာ့လက်ကွက်များကလည်း လှမှလှ၊ ယခုအထိ ဆရာ့လက်ကွက်အတိုင်း တီးသည့် ဒီပါအေးမြမူကို မကြားဘူး၊ မတွေ့ဘူးသေးပါ။

အထူးသဖြင့် အဆိုအသင်းခန်းတွင် တစ်ယောက်မှမရ၊ ထို့ကြောင့် ကျွန်တော် ကိုယ့်ဘာသာကိုယ်သာ ဆိုတီး တီးခဲ့သည်။ ယခု အဆိုသမားတွေ့ပြီ။

အားမနာနဲ့၊ ရဲရဲသာဆိုနော် ဆရာမ

မကြိုလာ၊ သီတာသား၊ ခြားလို့နေတဲ့ ဟေ၀န်တောင်၊ ညိုမှောင်ဆိုင်း၊ မှိုင်းလို့လို့လေး

တံပိုးရေကျော်၊ ၀ဲမော်ဝေ့၀ိုင်း၊ မျှော်လေတိုင်း၊ ခေါ်လေတိုင်း၊ ဗျာလှိုင်းဆူလို့၊ ပူရန်ကြွယ်၊ ပင်လယ်ကြီး၊ ဆီးလို့လို့ လေး

၏အဲဒီနေ့၊ တစ်နေ့လည်လုံး ညနေစောင်းသည်အထိ ဆိုတီးကြသည်။ ဒီပါအေးမြကို နှစ်ခေါက်ကျသည်။ ညနေတော့ ကျွန်တော် ထိုအချိန်က ထုံးစံအတိုင်း အရက်ဝိုင်းများနှင့်၊ နောက်နေ့များတော့ အလုပ်ကမပြတ်တော့။

အိမ်ရှေ့မှသာ ဖြတ်သွားဖြတ်လာဖြစ်ပြီး၊ ပြန်လာသည်အထိ နှုတ်မဆက်ဖြစ်ပါ။ မိန်းကလေးဖြစ်နေ၍လည်း နာမည်ပင် မမေးမိခဲ့။

““အကို ဟိုင်းကြီးကျွန်း မုန်တိုင်းဝင်နေတယ်၊ အပျက်အစီးများတယ်တဲ့””

၂-၅-၂၀၀၈ နေ့ပါ။ နေပြည်တော်တွင် လေးလပတ်အစည်းအဝေးသို့ မသွားခင် နေ့လည်(၁)နာရီခန့်တွင် ညီငယ် ဦးစီးအရာရှိတစ်ဦးက အင်တာနက်သတင်းဖတ်ရန် ပြောလာသည်။

ချက်ချင်း ပင်လယ်ကမ်းစပ်မှ အိမ်ကြီး၊ ပတ္တလားအိုတစ်လုံးနှင့် ‘ဒီပါအေးမြတေးသံရှင်ကို သတိရမိလိုက်သည်။

အို ပြောင်းရွှေ့ပြီး ရှောင်နိုင်မှာပါလေ၊ ငါတို့ သစ်တောရုံးလေးကတော့သွားမှာပဲ။

ထိုနေ့မှာ ရန်ကုန်အိမ်နှင့် အဆက်ပြတ်သွားသည်။ သားသမီး(၃)ဦးသာ ကျန်ခဲ့သောအိမ်၊ ဘယ်လောက်ဆိုးမှန်း လဲမသိ၊ MRTV-၄ ညနေ(၆)နာရီအကျော် မုန်တိုင်းသတင်းများထိုးနေသည်။ နောက်နေ့မနက်မှစပြီး ဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ ပြတ်သွားတော့သည်။

ကျွန်တော်တို့ သစ်တောရုံးချုပ်သို့ သတင်းများ တစ်ခုပြီးတစ်ခုဝင်လာသည်။ ၀န်ကြီးဦးဆောင်သော အရေးပေါ် အဖွဲ့များ ထွက်သွားကြသည်။ တစ်ရက်ခွဲကြာမှ သမီးက ရှားရှားပါးပါး ပြန်ကောင်းသွားသော တယ်လီဖုန်းမှ မသေကြောင်း သတင်းရသည်။ ကျွန်တော့်မိန်းမ ရန်ကုန်ဆင်းသွားရသည်။ ကျိုးထားသောခြေထောက်နှင့် ချိုင်းထောက် ဖြင့် သွားလာနေရသော ကျွန်တော် ရုံးမှာငုတ်တုတ်၊ ၂၀၀၇ သြစတြီးယားနိုင်ငံတွင် တက်ခဲ့ရသော ဘေးအန္တရာယ် ကျရောက်ပါက ဂြိုဟ်တုဓါတ်ပုံများကို အရေးပေါ်ရိုက်ကူးပေးသည့် ပဋိဥာဏ်စာချုပ်ကို အသက်သွင်းရန်ကြိုးစားသည်။ အင်တာနက် ပြန်ကောင်းလာသည်နှင့် နိုင်ငံခြား အဖွဲ့ အစည်း အစည်း အသီးသီးမှ ကျွန်တော့် မိတ်ဆွေများနှင့် အဆက်အသွယ်ရကာ ၀ိုင်းကူညီကြသည်။ ချာတာကို မြန်မာနိုင်ငံမပါဘဲနှင့်ကို အသက်သွင်းပေးထားကြသည်။

ကျွန်တော် ဘာတတ်နိုင်ပါမည်နည်း။ ရသမျှ ဂြိုဟ်တုဓါတ်ပုံများ၊ နောက်ဆုံးထုတ် ယူတီအမ်မြေပုံများ အားလုံးကို ကျွန်တော့်စက်များဖြင့်ရိုက်၍ သစ်တောဌာနနှင့် ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ဖြန့်ဝေပေးလိုက်သည်။ လျှို့ ဝှက်ချက် ဥပဒေတွေပါတွေ အရေးမစိုက်နိုင်တော့။ ကျန်ဝန်ကြီးဌာနများ အားလုံးကိုလည်းဆက်သွယ်၍ ဒစ်ဂျစ်တယ်ရော၊ မြေပုံများပါ ဖြန့်ဝေပေးသည်။

ထိခိုက်မှုများတွက်ခိုင်းသည်။ လောလောဆယ်MODIS ဂြိုဟ်တု၏ ၂၀၀ မီတာအထိသာ ကြည့်နိုင် စွမ်းရှိသော ဓါတ်ပုံ၊ ယခင် ၂၀၀၇ ဂြိုဟ်တုဓါတ်ပုံများနှင့် ချိတ်၍တွက်ကြည့်မိသည်။ ရေဖုံးလွှမ်းသော နေရာများက မနည်းလှပေ။ UNOSAT မှ ထုတ်ပြန်သော ဒီရေလွှမ်းသောပုံများ၊ ထိခိုက်မှုပုံများ ထွက်လာသည်။

နောက်ဆုံး (၅၀)စင်တီမီတာအထိ မြင်ရသော ဂြိုဟ်တုဓါတ်ပုံများ UNOSAT မှ ပေးပို့လာသည်။ ပျက်စီး သွားသောအိမ်များ၊ လုံးဝသောင်ဖုံးသွားသော ကျေးရွာများ၊ အသေးစိတ်မြင်နေရပါသည်။ ကျွန်တော်တို့ သစ်တောတွေ အတွက်တော့မရ။

ဟိုင်းကြီးကျွန်း ကြည့်မိသည်။ ဘာမှမရှိပါကလား။ စိတ်အာရုံထဲမှတ်မိသလောက် လမ်းကိုရှာကြည့်နေမိသည်။ ““ဒီပါအေးမြ”” တေးသံရှင်၊ လူကိုတော့ မသိ၊ အိမ်ကတော့ မရှိတော့ပေပြီ။

ဒီဓါတ်ပုံမှာ နာဂစ်ဒဏ်ကို လုံးဝခံစားရလို့  သေသွားရှာတဲ့ အပင်ရယ် သစ်ကိုင်းတွေက အရွက်တွေ ကုန်သွားပေမဲ့ ပင်စည်ကနေ ပြန်ထွက်နေတဲ့ ရှင်သန်ရေးအတွက် ရုံးကန်နေတဲ့ အပင်ရယ် လုံးဝ အရွက်ပြန်ထွက်လို့  နဂိုရ် အနေအထားမှာ ရှိတဲ့ အပင်ရယ်တွေကို ဆည်းဆာရှုခင်းနဲ့  သံဝေဂ ရစရာပေါ့ဗျာ မုန်တိုင်းတိုက်ပြီး ဒီဇင်ဘာလမှာ ရိုက်ထားတာပါ




No comments:

Post a Comment