Wednesday, January 18, 2017

မင်း၊ မိတ်ဆွေနဲ့ ချစ်သူ (ဦးရွှေအောင်)

မင်း၊ မိတ်ဆွေနဲ့ ချစ်သူ (ဦးရွှေအောင်)
August 20, 2012 at 2:58pm
ဆဌမ အကျိုးမှာ ဥပဒေသကို ပေးခြင်း ဖြစ်သည်။
ရသစာပေဖြင့် လောက၏ အစီးအပွားကို ဆောင်ရွက်ရန် အားထုတ်သောအခါ ဥပဒေသကို ပေးရသည်။
ဥပဒေသ ပေးခြင်းနှင့် ပတ်သက်၍ စာပေအဖွဲ့ များကို ၃မျိုး ခွဲခြား သတ်မှတ်ကြသည်။ ထိုစာပေအဖွဲ့  ၃ မျိုးဆို့ မှာ (၁) သဒ္ဒပဓာန စာပေ၊ (၂) အတ္ထ ပဓာန စာပေ၊ (၃) ရသ ပဓာန စာပေတို့  ဖြစ်ကြသည်။
(၁) သဒ္ဒပဓာန စာပေ။ ။ သဒ္ဒပဓာနစာပေ ဆိုသည်မှာ သဒ္ဒါသဘော ပြဌာန်းသည့် စာပေဖြစ်သည်။ ဤအမှုမျိုးကို လုပ်ရမည်၊ ဤအမှုမျိုးကို မလုပ်ရဟု လုပ်သင့်၊ မလုပ်သင့် အဆုံးအဖြတ်ပေးရာ၌ စကားလုံးများ၊ ၀ါကျများ၏ တိုက်ရိုက် အနက်အတိုင်း လိုက်နာဆောင်ရွက်ရသော စာပေမျိုး ဖြစ်သည်ဟု ဆိုလိုသည်။ ထိုစာပေမျိုးတွင် တရားဥပဒေများ၊ ဘာသာရေး ပညတ်တော်များ စသည်တို့ ပါဝင်သည်။ ထို သဒ္ဒပဓာန စာပေကို မင်းနှင့်တူသော စာပေဟု ဆိုကြသည်။ ထိုစာပေမျိုးဖြင့် လုပ်သင့် မလုပ်သင့် အဆုံးအဖြတ်ပေးထားလျှင် ပေးထားသည့်အတိုင်း လိုက်နာဆောင်ရွက်ရသည်။ ယုတ္တိဆောင်၍ ဆင်ခြေပေးရန် မတတ်ကောင်း။ စာလုံးတိုင်း စာလုံးတိုင်းကို မင်းကဲ့သို့  သဘောထား၍ လေးစားရလေသည်။
(၂) အတ္ထပဓာန စာပေ။ ။ အတ္ထပဓာန စာပေ ဆိုသည်မှာ အနက်သဘောပြဌာန်းသည့် စာပေဖြစ်သည်။ ဆောင်ရန်နှင့် ရှောင်ရန်ကို ဥပဒေသ ပြုရာ၌ စာပေတွင် တိုက်ရိုက်ဖော်ပြထားသည့် အတိုင်း လိုက်နာရန် မလိုအပ်ဘဲ အနက် အဓိပ္ပာယ်အလိုက် လိုအပ်သလို လိုက်နာ ဆောင်ရွက်ရသည့် စာပေမျိုး ဖြစ်သည်ဟု ဆိုလိုသည်။ ထိုစာပေမျိုးတို့ တွင် သမိုင်းများ၊ အတ္ထုပ္ပတ္တိများ စသည်တို့ ပါဝင်သည်။ ထို အတ္ထပဓာန စာပေကို မိတ်ဆွေနှင့်တူသော စာပေဟု ဆိုကြသည်။ မိတ်ဆွေသည် မည်သည့်အခါမျှ မင်းကဲ့သို့ အမိန့် ပေး၍ မညွှန်ကြား။ လုပ်သင့် မလုပ်သင့် အကျိုးအကြောင်းပြ၍ အကြံပေးသည့် သဘောမျိုးကိုသာ ဆောင်ရွက်သည်။
(၃) ရသပဓာန စာပေ။ ။ ရသပဓာန စာပေ ဆိုသည်မှာ သဒ္ဒါလည်း မပြဌာန်း၊ အနက်လည်း မပြဌာန်း၊ ရသသာ ပြဌာန်းသည့် စာပေဖြစ်သည်။ ရသပဓာန စာပေမျိုးဖြင့် လောကကို ပြုပြင်ရန် အားထုတ်သောအခါ ထူးခြား၍ စွဲမက်ဖွယ် ကောင်းသော ရသဖြင့် ပထမ ယစ်မူးစေပြီးမှ လိုရာကို လိုက်နာ ဆောင်ရွက်စေသည်။ ထိုစာပေမျိုးတွင် ကဗျာ၊ ပြဇာတ်၊ ၀တ္ထု စသော ရသစာပေတို့ ပါဝင်သည်။ ထို ရသပဓာန စာပေကို ချစ်ဇနီးနှင့်တူသော စာပေဟု ဆိုကြသည်။ ချစ်ဇနီးသည် မိမိ ဆောင်ရွက်လိုသော လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရန် မင်းကဲ့သို့ လည်း အမိန့် မပေး၊ မိတ်ဆွေကဲ့သို့ လည်း အကြံမပေး၊ နှစ်သက်ဖွယ်၊ စွဲမက်ဖွယ် ရသကိုသာ ပေးလေသည်။ ရသ ဖြင့် မူးယစ်စေပြီး လိုရာကို ဆောင်ရွက်ရန် အားထုတ်သည်။
မင်း၊ မိတ်ဆွေ၊ ချစ်သူ သုံးဦးတို့ တွင် မည်သူသည် အစွမ်းသာ၍ ထက်သည်ကို မိမိတို့ ၏ ကိုယ်တွေ့ ဖြင့် ဆုံးဖြတ်နိုင်ပေသည်။ အမှန်အားဖြင့် လူသားတဦး၏ ဘ၀ကောင်းကျိုးအတွက် မင်းလည်းလိုအပ်သည်။ မိတ်ဆွေလည်း လိုအပ်သည်။ ချစ်သူလည်းလိုအပ်သည်။ သုံးဦးသုံးဖက်လိုအပ်သည်။ သို့ ရာတွင် ထိုလိုအပ်မှု၌ ဒီဂရီ အနည်းအများ ရှိသည်။
ဦးရွှေအောင်။ ရသစာပေ၏ရသ (နှာ ၃၇-၃၈)

Friday, January 13, 2017

ဘတ်စ်ကားပေါ်က အမှတ်တရ အဖြစ်အပျက်များ

ဘတ်စ်ကားပေါ်က အမှတ်တရ အဖြစ်အပျက်များ
-
တက္ကသိုလ်ကျောင်းသား ဒုတိယနှစ်မှာ (1971)
-
တက္ကသိုလ်လေ့ကျင့်ရေး တပ်ရင်း နွေရာသီ ကွင်းဆင်းပြီး ပြန်လာတာ။
-
တစ်လတိတိ မင်းကုန်း လေ့ကျင့်ရေး တစ်မှာ အမောင်းခံလိုက်ရတာ၊ စုတ်ပြတ်သပ်လာတယ် မဲတူးလို့ ပေါ့
-
စခန်းသိမ်းတော့ ယူနီဖေါင်း အသစ်ကို ထုတ်ပေးလိုက်ကျတယ်၊ အဲဒါကို ဝတ်ပြီး ပြန်လာတယ်၊ ခါးမှာက လစာရတဲ့ ၈၀ကျပ်ထဲက ၃၀ပေးဝယ်လာတဲ့ ဂေါ်ရခါးဒါးကို ချိတ်ထားတယ်။၊ ကစ်ဘက်အိပ်လို့ ကျနော်တို့ ခေါ်တဲ့ အိပ်ရှည်ထဲမှာက စစ်သားထုံးစံ အားလုံးကို စုထည့်ထားတာလေ အဲဒါလွယ်လို့ ပေါ့၊ အဲဒီ အချိန်က စစ်သားဆိုတာ hard hat ဦးထုတ်အမာတွေပဲ ဆောင်းခွင့်ပြုတာကနေ တောနင်းဦးထုပ် jungle hat တွေကို ပြောင်းဆောင်းခွင့်ပြုတဲ့ နှစ် ယူတီစီက အထူးအခွင့်အရေး အရင်ဆုံး jungle hat တွေ ထုတ်ပေးလိုက်တာ၊ ကျနော် ဓါတ်ပုံထဲက အတိုင်းဆိုတော့ တကယ့် တိုက်ခိုက်ရေး တပ်ရင်းကပုံစံ
-
ကားတွေက တက္ကသိုလ်အထိပဲ ပို့ ပေးတယ်၊ ဒါနဲ့ ကမာရွတ်ကနေ ၈ကားကို ဖြတ်စီးရတယ်၊ အိမ်က စပတ်လမ်းမှာကိုး
-
တက်ခါစ နေရာမရဘူး။ မတ်တတ်ပေါ့၊ လက်မှတ်ခ ပြား ၂၀ကျတယ်၊ ကျနော် လက်မှတ်ဝယ်တယ်
-
လက်မှတ်ရောင်းတာက ပင်စင်စား စစ်သားကြီးဖြစ်မှာ စစ်အင်္ကျီ အနွမ်းကြီးနဲ့ 
-
ကျနော့် စစ်ဝတ်စုံက တကသတံဆိပ်မပါဘူး၊ လေ့ကျင့်ရေး ဒဏ်ကြောင့် မဲတူးနေတာ လူကလဲ ကျစ်လစ်နေတာဆိုတော့ ခင်ဗျားတို့  အခေါ် ခလေးစစ်သားပေါ့ဗျား အသက်ကလဲ တက္ကသိုလ် မဝင်ခင်ကို ဆယ်တန်းနှစ်မပြည့်လို့  နှစ်နှစ်နေခဲ့ရတဲ့ကောင်
-
လက်မှတ်ရောင်းဆရာကြီးဟာ ကျနော်ပေးတဲ့ပိုက်ဆံ ပြား ၂၀ ကို မယူနိုင်ဘူး၊ ကြည့်ပြီး မျက်ရည်တွေ ဝဲနေတယ်
-
မယူဘူးတဲ့ ခေါင်းခါပြတယ်၊ ကျနော်လဲ ရှင်းမပြတော့ပါဘူး၊ ဒီအတိုင်းကြည့်နေမိတယ်
-
ဟံသာတီအလွန် မှတ်တိုင်မှာ ထိုင်နေတဲ့ထဲက ကလေးအမေတစ်ယောက် ထပြီးဆင်းတယ်၊ ဗိုက်ကြီးသည်၊၊ ကလေးက တစ်ဖက်နဲ့ ၊ ခြင်းကလဲပါသေးတယ်
-
ကျနော်လဲ ဘာရယ်မဟုတ်၊ ကလေးကို ပွေ့ ပြီး အောက်အထိ ချပေးလိုက်တယ် ပစ္စည်းကိုလဲဆွဲ
-
ကားက စောင့်ပေးနေတယ် အေးဆေး
-
ကျနော်ပြန်တက်လာတော့ လွတ်သွားတဲ့ ထိုင်ခုံနေရာကို ဘယ်သူမှ ဝင်မထိုင်ထားဘူး၊ ဘေးက လူကြီးတစ်ယောက်က သားထိုင်လိုက်လေတဲ့
-
အဲဒါ ဟိုးတုံးက ဘတ်စ်ကားတွေနဲ့  ဟိုးတုံးက လူထုနဲ့ ဟိုးတုံးက တပ်မတော်
-
ဓါတ်ပုံက အဲ့ဒီနေ့ မတိုင်ခင် စခန်းသိမ်းတဲ့နေ့ က ရိုက်ထားတာတွေ