Saturday, November 12, 2016

ဆရာကြီး ဦးဂုမ္ဘာန် မြန်မာ့အနုသဘင် အမှတ် (၁)

ဆရာကြီး ဦးဂုမ္ဘာန်
မြန်မာ့အနုသဘင် အမှတ် (၁)

မြန်မာ့အနုသဘင် (၁)
သုမင်္ဂလာအပေါင်းနှင့်ပြည့်စုံ၍ ကိုယ်ထိလက်ရောက် တိုင်းကျိုးပြည်ကျိုး၊ သည်ပိုးဆောင်ရွက် အမြဲ အောင်မြင်တော်မူကြပါစေ…
..မြန်မာ့အနုသဘင်..
ကျွန်တော်တို့တိုင်းပြည်မှာ တိုင်းသူပြည်သားလူအများဟာ  အတွေးအခေါ်၊ အယူအဆ သင့်လျှော်တဲ့အချက်များဖြစ်လာအောင် မြန်မာ့တူရိယာဂီတသဘင်ပညာနဲ့…. ရှေးမူမပျက်၊ ထုံးတမ်းစဉ်လာအရ… စီကုံး၊ ရေးသား၊ သီဆို၊ တီးမှုတ်၊ ကခုန်ပုံများကို  မြန်မာဆန်ဆန် ပြုလုပ်နိုင်ကြဖို့ အခွင့်အခါရောက်လာတယ်….။
တိုင်းသူပြည်သား လူအများ အတွေးအခေါ်၊ အယူအဆ မှန်ကန်လာအောင်… တူရိယာ၊ ဂီတ၊ သဘင်ပညာများနဲ့ ဆွဲဆောင်ရာမှာ… မြန်မာ့တိုင်းရင်းဖြစ်တူရိယာများနှင့်  မြန်မာ့အသံ၊ မြန်မာ့ဟန်များနဲ့ ပြုလုပ်ရတာ… ပိုပြီးတော့ ခရီးရောက်မှာကိုး…။ 
အဲဒီတော့.. ဒီကိစ္စကို (ကျွန်တော်တို့) အခု ဆက်လက်ပြီး တင်ပြဖို့အကြောင်းမှာ… (ကျွန်တော်ဆိုလိုတာက)  မြန်မာ့မူ ၊မြန်မာ့ဟန်၊ မြန်မာ့တူရိယာဂီတသဘင်ပညာရဲ့ အခြေခံဟာ မြန်မာစာဖြစ်ပါတယ်…လို့။ 
အဲ့ဒီလို ကျွန်တော်က ဆိုလိုပါတယ်…  ပြီးတော့.. မြန်မာစာဟာ မြန်မာ့တူရိယာဂီတရဲ့ အခြေခံဖြစ်တဲ့အကြောင်းကို ပြောပြီးတဲ့နောက်…..  ဘယ်တိုင်းပြည်မှာမဆို၊ တူရိယာဂီတသဘင်ပညာရဲ့ အရိပ်အယောင်ဟာ… တိုင်းပြည်ပေါ်မှာ တည်နေတဲ့အတိုင်း….    တိုင်းကြီး၊ ပြည်ကြီးများ လှုပ်ရှားပြီးလာတဲ့အခါ၊ ပြောင်းလဲပြီးလာတဲ့အခါ… သူတို့လည်းပဲ တူရိယာဂီတသဘင်ပညာလည်းပဲ… အသွင်ပြောင်းမြဲ ထုံးစံပဲ။ 
အဲဒီတော့.. များများမဟုတ်ဘူး၊ (ကျွန်တော်တို့) လွန်ခဲ့တဲ့မြန်မာများ အုပ်စိုးတဲ့ အခါတုန်းက… မြန်မာမှု၊ မြန်မာ့ထုံးတမ်းအစဉ်အလာ ..(အခု).. အရာရာပေါ့လေ..၊   မြန်မာ့တူရိယာဂီတမှာ ..(အဲ).. ကွပ်ကဲအုပ်ချုပ်မယ့်လူ ရှိတယ်၊ ချီးမြှင့်မြှောက်စားမယ့်လူ ရှိတယ်၊ မြန်မာ့သဘင်ဝန်များနဲ့ သူ့ဟာနဲ့သူ ရှိလာရာက… အင်္ဂလိပ်များတက်လာတဲ့အချိန်က စပြီးတော့… (အဲ့ဒီအချိန်ကစပြီးတော့…) မြန်မာ့တူရိယာဂီတ(တူရိယာဂီတ)သဘင်ပညာတွေဟာ အမျိုးမျိုးအုပ်ချုပ်မယ့်လူ၊ ညွှန်ကြားမယ့်လူ မရှိတဲ့အရောက်၊   ကောင်းနိုးရာရာ တီထွင်ပြီးတော့… အပျင်းပြေ၊ ပျော်တော်ဆက်သဘောမျိုးကို…   ကွဲပြားသွားလိုက်တဲ့အမျိုးတွေက စုံသွားတာပဲ…။ 
အဲ့သလို ကွဲပြားပြီးတော့၊  မူအမျိုးမျိုးနဲ့ ထင်သလိုဖြစ်လာကြတဲ့ အရှိန်အဝါဟာ… ကနေ့အထိ ကျွန်တော်တို့ ခံရတုန်းပဲ…။
ပြီးပြန်တော့.. လွန်ခဲ့တဲ့အနှစ်(၂၀) ပြန်ကြည့်လိုက်ပြန်တော့… (အဲ့ဒီအနှစ်(၂၀)ကျတော့) ကျွန်တော်တို့တိုင်းပြည်ဟာ လွတ်လပ်ရေး ရပြီ…။ 
လွတ်လပ်ရေးရတဲ့အခါကျတော့၊ လွတ်လပ်ရေးရတဲ့အလျှောက်….  ပြောင်းလဲလာပြန်တော့လည်း (ဒီမှာလည်း) အသွင်တစ်မျိုး ပြောင်းလာပြန်တယ်…။ 
အဲ့သည်လို ပြောင်းလာတဲ့အချက်တွေ အားလုံးကို… တိတိကျကျ ခိုင်ခိုင်မာမာနဲ့  မြန်မာ့မူ၊ မြန်မာ့ဟန်ဖြစ်လာအောင် ကျွန်တော်တို့ပြန်ပြီး ကြိုးစား ရမှာကို…။ 
ဒီတော့ကာ.. လွတ်လပ်တဲ့တိုင်းပြည်ရယ်လို့ ဖြစ်လာပြန်တော့……  ခက်ပြန်တာက.. အခြားသော လွတ်လပ်သောတိုင်းပြည်များက ကျွန်တော်တို့နဲ့ ကူးလူးဆက်ဆံ ပေါင်းသင်းကြတဲ့အခါမှာ… ကျွန်တော်တို့ကလည်း သူတို့နဲ့ လူမျိုးချင်းပြောတဲ့၊ ဆိုတဲ့စကား အရာရာမတူတော့ကာ..… သင့်မြတ်ရာ၊ တူရာတူကြောင်း  တူရိယာဂီတသဘင်ပညာ အဆို၊ အတီး၊ အကများကို လက်ဆောင်ကောင်းသဖွယ်  ရှေ့ကထားပြီးတော့..… မိတ္တမဏ္ဍိုင်ခိုင်မြဲအောင်လို့ ဆက်သွယ်ကြတယ်…။
(အဲ့ဒီအခါကျတော့..) ကိုယ့်လူမျိုးရဲ့ဂုဏ်  ကိုယ်ဆောင်ပြီးတော့…  ကိုယ့်ဇာတိ၊ ကိုယ့်သရုပ်ကို ဖော်ကြတဲ့နေရာကျတော့….. (ဟော့ဒီနေရာကျတော့…) ကျွန်တော်တို့မြန်မာ့မှု၊ မြန်မာ့ဟန် ဘယ်လိုလဲ ဆိုတာ လိုလာပြီ…။
ဒီတော့ကာ.. အဲဒီ့အကြောင်းတွေကို ထင်ထင်ရှားရှားသိရအောင်လို့…  ကျွန်တော် စောစောကတည်းက ဒါကို မှန်းဆပြီးတော့… နှဲ.လောက၊ ဆိုင်း.လောက၊ အငြိမ့်လောကများကို သောတရှင်များကြားတော်မူကြတဲ့အတိုင်း… သောတရှင်များပါ သုတေသနပြုနိုင်ကြပါစေ.ဆိုတဲ့အကြောင်းနဲ့  (ကျွန်တော် ဒီဥစ္စာ)တင်ပြလာခဲ့တာ...။
(တင်ပြလာခဲ့တော့…) နောက်ဆုံးမှာ တင်ပြလာခဲ့တဲ့အကြောင်းက အငြိမ့်...။
အခုကာလ အငြိမ့်အကြောင်းကို ကျွန်တော်တို့ တင်ပြလာတယ်…။

ကြည့်စမ်းကြအုံးစို့…၊  အဲ့ဒီအငြိမ့်အကြောင်းကို…။
အငြိမ့်အကြောင်းက ဘယ်လိုဖြစ်နေလဲဆိုတော့… (ကျွန်တော်တို့) ဒီအငြိမ့်သဘင်ဆိုတာဟာ…. ရှေးအခါတုန်းက ဟိုး..မြန်မာများလက်ထက်ကတော့… ဇာတ်ပွဲ၊ ရုပ်သေးပွဲ၊ အနိမ့်သဘင်၊ အမြင့်သဘင်ပေါ့လေ..၊  နောက်ပြီးတော့… ဗလာဆိုင်း…။
အငြိမ့်သဘင်…. (ဆိုတဲ့ဥစ္စာကတော့… အိမ်တွင်းသုံး၊)  အိမ်တော်တွင်း၊ နန်းတော်တွင်းသုံးတဲ့..(အဲ).. ယဉ်ကျေးမှုတစ်မျိုးပါပဲ…။
သို့သော်လည်းပဲ…  အင်္ဂလိပ်များလက်ထက်ရောက်တော့…. (ဒီဥစ္စာ)အပြင်ထွက်လာပြီးတော့ကာ.. အငြိမ့်သဘင်ရယ်လို့ဖြစ်လာတော့… အမျိုးသမီးတစ်ယောက်၊ လူရွှင်တော်တစ်ယောက်နဲ့ ၊    အဲ့ဒါနဲ့စပြီးတော့ တီထွင်လာတယ်…။
တီထွင်လာတဲ့အခါ တီးမှုတ်တဲ့ကရိယာကြည့်လိုက်ပြန်တော့…. စောင်းကောက်ကြီး.တဲ့၊ ပတ္တလား.တဲ့၊ ပလွေ.တဲ့၊ ပတ်သာကလေးနဲ့ ဘာဂျာ.ပါတယ်…။
(အဲ့တော့.. ဒီထဲမှာ) စောင်းကောက်ကြီးတို့၊ (ဒီ)ပလွေတို့ဆိုတာတွေက မြန်မာအသံဖြစ်နေတော့…..  မင့်ဘာဂျာက နိုင်ငံခြားအသံက ဝင်တီးချင်လို့ရှိရင်၊  မြန်မာအသံပြင်ဆိုတော့…… (သူတို့) အသံဝဲတို့၊ အသံကြောင်တို့ကို ပြင်ပြီးတော့… ဗမာသံလုပ်ပြီး တီးကြရတယ်…၊   ဘာဂျာနဲ့…။
(အဲဒီ့အခါ တီးလာရာက) နောက်တဖြည်းဖြည်းချင်း သောတရှင်များက၊ အားပေးတဲ့ပုဂ္ဂိုလ်များ များလာတော့… လူအများဝိုင်းဝန်းပြီး နားထောင်ရာက… (ကျယ်ကျယ်ပြန့်ပြန့်လေး…) ဟိုး..နောက်ဆုံးကလူတွေတော့ ကြားရအောင်ဆိုပြီးတော့… တူရိယာတီးလာကြတော့ကား…..  ပိုပြီးတော့ မြည်တဲ့တူရိယာတွေ တီးလာကြတယ်…။
(ပတ်လုံး..)  ပတ်သာက… ပတ်လုံးကလေးတွေ ဖြစ်လာတယ်…။ 
ပလွေက.. နှဲဆိုပါတော့..၊  နှဲနဲ့ လိုက်အောင် ကြေးလို့ ထည့်လိုက်တော့… စောင်းကောက်ကြီးက အငြိမ့်ခုံပေါ်ကနေ ပြောငသွားရော…။
နောက်ပြီးတော့ တစ်ခါ… (ဒီ)တီး၊ မှုတ်ပြီးလာကြရာ… (အမျိုးမျိုးတီးလာရာက…) တစ်ဆင့်တက်ပြီးတော့… သိမ်သိမ်မွေ့မွေ့၊ နူးနူးညံ့ညံ့ကလေးနဲ့  ဆို၊ က လာရာက… ခပ်ရွရွကလေး၊ ရွှင်ရွှင်လေး ကနိုင်အောင်လို့… ပတ်လုံးကလေးများ တီးလာရာကနေပြီးတော့… (ဒိုးကလေး) စခွန့်ဒိုးကလေးများထည့်ပြီးတော့ ပေးလိုက်တယ်…။
ခပ်ဆွဆွ ရွရွကလေး တီးလို့ပေါ့လေ…။
နှဲနဲ့ ကြေးနဲ့.. အဲ့သလို ဖြစ်လာတဲ့အခါကျတော့…  (ဒီအခါမှာ) ဘာဂျာလဲ ဖြေးဖြေးချင်းပျောက်သွားပြန်ရော..။

နောက်.. နိုင်ငံခြားတူရိယာထဲက မြန်မာအသံလုပ်ပြီးတီးတဲ့ဥစ္စာ…  မြန်မာမင်းများလက်ထက်ကတည်းရှိတဲ့ စန္ဒယားတို့ဆိုတာကျတော့… (ဟ..) စန္ဒယား မြန်မာမှုဖြစ်အောင်လို့ ဆိုပြီးတော့… ကုလားထိုင်နဲ့ ထိုင်တီးတာ မဟုတ်ဘဲနဲ့… ဗမာပီပီ ကျုံ့ကျုံ့ထိုင်တီးနိုင်အောင်… ပုဆစ်တုတ်ပြီး တီးနိုင်အောင်…  မြန်မာတီး စန္ဒယားပေါ့လေ..။
(အဲ့ဒီဥစ္စာမှာ) တိုင်းတပါးက မြန်မာတီးနိုင်အောင်… စန္ဒယားထွင်ပြီးတီးလာကြတော့… အဲဒီစန္ဒယားနဲ့လိုက်အောင် နှဲကလေးတွေလိုက်ပြီးတော့၊  ပါလာပြန်တယ်…။
နှဲကလေးရယ်… ဇာတ်ပွဲများကျတော့  စန္ဒယားနဲ့ နှဲကြီး…။
ဟော့ဒီမှာ.. နှဲလတ် ပျောက်သွားတယ်…။
လွန်ခဲ့တဲ့နှစ်ပေါင်း(၈၀) အင်္ဂလိပ်ဝင်လာပြီးတဲ့နောက် ကျွန်တော်တို့ မြန်မာတူရိယာတွေထဲက ပျောက်ကွယ်ပြီးသွားတဲ့တူရိယာ ရှိတယ်…၊  အသုံးနည်းသွားတဲ့တူရိယာ ရှိတယ်…၊  နောက်ထပ်တိုးလာတဲ့တူရိယာ ရှိတယ်…၊  အသုံးများလာတဲ့တူရိယာလည်း ရှိတယ်…၊  အဲ့သည်လို ရှိကြတယ်…။
ဒီတော့.. အမျိုးမျိုး တီးမှုတ်ပြီးလာကြရာက၊  တစ်ခါ.. နှဲကြီး၊ နှဲကလေးရယ်လို့ ဖြစ်လာရာက၊  အခုအခါမှာ အငြိမ့်သဘင်များ တီးမှုတ်နေတာ…   သောတရှင်များ မြင်ကြတဲ့အတိုင်းပဲ…။ 
ဇာတ်ခုံပေါ်မှာ ပတ်လုံးဟာရှေးတုန်းကလို.. (ဒီ)တွဲဖက်ရရုံလောက် ခြောက်လုံးပတ်တို့၊ စခွန့်တို့ ဒါလောက်တင် မဟုတ်ဘူး…၊  သံစုံပတ်လုံးတွေ ရောက်လာတယ်။
အဲဒီတော့… ကောင်းနိုးရာရာ ချဲ့ကြတာပေါ့လေ..။  စေတနာနဲ့…။
အဲ့သလို ချဲ့ရင်းချဲ့ရင်းနဲ့ တဖြည်းဖြည်း ကျွန်တော်တို့တိုင်းပြည်မှာ ရုပ်ရှင်တွေကလည်း ပေါ်လာတဲ့အခါမှာ၊  အရပ်သူ၊ အရပ်သား ကာလသား(တွေ)တီးဝိုင်းတွေ ဘာတွေကလည်း  ပေါ်လာတော့… ဒါတွေ နိုင်ငံခြားတူရိယာတွေ အများကြီး သုံးလာကြတယ်…။
နိုင်ငံခြားတူရိယာက ဘယ်လောက်သုံးလာကြသလဲဆိုရင်……  (အခုအခါ) နိုင်ငံခြားတူရိယာ၊   တီးဝိုင်းမှာ လိုက်ကြည့်မယ်ဆိုရင်… မြန်မာ တိုင်းရင်းဖြစ်တူရိယာ လေးပုံတစ်ပုံလောက်သာ ပါတယ်…၊ အတော် နည်းပါတယ်…။
အသံဝဲတို့၊ အသံဟဲတို့ဆိုတာ ကြားရဖန်များရင်..… နားယဉ်ပြီးတော့၊ ဒါတွေဟာ လာပြီ..။
နားယဉ်လာတော့ မြန်မာ့တူရိယာဂီတရဲ့ သတ္တိ၊ မြန်မာ့တူရိယာရဲ့ အသံလေးတွေက ဖြည်းဖြည်းချင်း.. ဖြည်းဖြည်းချင်း.. ပျောက်ကွယ်သွားမှာစိုးရတယ်…။
အဲသလို အချက်ကလေးတွေ ဖြစ်လာတော့… အငြိမ့်များကို လျှောက်ကြည့်မယ်ဆိုရင်… ရှေးအခါတုန်းကတော့ ဇာတ်သဘင်၊ ရုပ်သေးသဘင်၊ အငြိမ့်၊ ဗလာဆိုင်း.. သူမပါ၊ ပွဲမဖြစ်ဘူး။
အခုအခါမှာ ပြဇာတ်ကလည်း တိုးလာတယ်…၊ တိုးလာပြီးရုံတင် မကဘူး…၊ (ဒီထဲမှာ ကျွန်တော်တို့ ..အဲ..) ပွဲအမျိုးမျိုးထဲမှာ အက ပါတဲ့ပွဲ၊ အက မပါတဲ့ပွဲလို့ ခွဲကြည့်ကြရင်… အက မပါတဲ့ပွဲက… ဗလာဆိုင်းနဲ့ ခေတ်ပေါ်တူရိယာဝိုင်း…။
ကျန်တာတွေက အကတွေနဲ့ချည်းပဲ…။
အဲ့ဒီအကတွေနဲ့ ရှိတဲ့အထဲမှာ တစ်ခါ ပြန်ကြည့်ပြန်ရင်…… ဇာတ်ပွဲရယ်၊ ရုပ်သေးရယ်၊ ပြဇာတ်ရယ်…။
သူတို့ကတော့… အတ္တဓမ္မဝီရိယနဲ့ ယှဉ်ပြီးတော့ ပြရတဲ့သဘောတရားနဲ့…. ဇာတ်လမ်း၊ ဇာတ်ကွက်၊ ဇာတ်ထုတ်၊ ဇာတ်အိမ်နှင့်တကွ သောတရှင်ပရိသတ်များကို ဇာတ်ထုတ်နဲ့ သင်ခန်းစာရအောင် ပြရတယ်…။

အငြိမ့်ကတော့ ဒီလိုမဟုတ်ပါဘူး….။
အငြိမ့်ရဲ့သဘောကတော့… ငြိမ့်ငြိမ့ ညဲညဲ ညက်ညက်ညောညောနဲ့၊ ယဉ်ယဉ်ကျေးကျေးနဲ့… ပျော်ပျော်ရွှင်ရွှင် ဟာသနှောပြီးသကာလ၊  မြန်မာမှု၊ မြန်မာ့အရိပ်အယောင်ကို ပြရင်းမတ်တပ်…  သောတရှင်များကို သင်ခန်းစာပေးရတဲ့ ပညာပဲ…။
သို့သော်လည်းပဲ… အခုအခါတော့၊ (သူ့ခမျာများလည်းပဲ ..အဲ..)  ဝီရိယ ပိုပြီးတော့ပေါ့လေ… ဇာတ်ကားတွေ၊ဘာတွေနဲ့  ပတ်သာ၊ ပတ်လုံးတွေလည်း ခပ်များများနဲ့ တီးလာကြတော့…. တာဝန်တွေတော့  များလာတာပေါ့လေ…။
တာဝန်များသော်လည်း  ကျွန်တော်သိသလောက်ကို အစီရင်ခံရမယ်ဆိုရင်ဖြင့်….. ဒါကတော့.. အငြိမ့်ပညာဆရာများရဲ့အလုပ်တော့  သိပ်မဟုတ်လှဘူးပေါ့လေ…။
သို့သော်လည်းပဲ… ဝီရိယနဲ့ ပိုလာတယ်ဆိုတော့လည်း.. ဒါ ချီးကျူးရမှာပေါ့…။
(အဲဒီတော့) ဆိုလိုတဲ့အဓိပ္ပါယ်ကတော့… ကျွန်တော်တို့ ဘာပဲပြောပြော…..  မြန်မာမှု၊ မြန်မာဟန်နဲ့ မြန်မာတိုင်းရင်းသူ၊ တိုင်းရင်းသားများကို တူရိယာဂီတနဲ့ ဆွဲဆောင်တဲ့နေရာမှာ… ဘယ်လိုဟာမျိုး ကောင်းသလဲလို့ဆိုတော့… စနစ်ကျတဲ့ အဆို အတီးပဲ…။
စောစောက ကျွန်တော်အစီရင်ခံထားတဲ့အတိုင်း….. (အဲ) မြန်မာ့တူရိယာဂီတဟာ မြန်မာစာအပေါ်မှာတည်တယ်.လို့ ဆိုတယ်…။
အဲဒီ့မြန်မာစာအပေါ်မှာ တည်တယ်ဆိုရင်….. ဘယ်လိုတည်ပုံကို ကျွန်တော်တို့ ပြောဖို့လိုလိမ့်မယ်…။
စနစ်နဲ့ပြည့်လာတဲ့ သီချင်းဆိုတာဟာ… ဘယ်လိုဟာမျိုးလဲဆိုတော့… ဆိုလို့သွားတဲ့အခါမှာ နားထောင်လို့လည်း ကောင်းတယ်…။
အဲ့ဒီအဆိုကို တီးတဲ့အခါမှာလည်း၊  တီးတာလည်း နားထောင်လို့ကောင်းတယ်….။
ဆိုတာ ကောင်းသလို၊ တီးတာ ကောင်းသလို၊ ကလို့လည်း ရတယ်…။
အဲ့သလို ပြည့်စုံတဲ့သီချင်းမျိုးကို စနစ်ကျတဲ့သီချင်းလို့ ခေါ်တယ်…။
အဲ့သည့်သီချင်းကျတော့ကား… တော်တော်နဲ့ မပျောက်ဘူး၊ နှစ်ရှည်လများ ခံတယ်…။
ရှေးအခါက (ကျွန်တော်တို့)အင်္ဂလိပ်များ  မြန်မာပြည်ကို တစ်ပြည်လုံးအုပ်စိုးတဲ့ နှစ်ပေါင်း(၆၀)ကျော်လောက် ရှိတာကြောင် သုံးပိုင်းပိုင်းပြီးတော့… အလယ်ပိုင်းလောက်မှာရှိတဲ့ အငြိမ့်မင်းသမီးကြီးတွေကို မင်္ဂလာသိန်းညွန့်တို့၊ (အဲ..ကျွန်တော်တို့..အဲ) အိန္ဒိယစိန်မှုန်တို့၊ သြဘာသောင်းကြီးတို့၊ ဂီတမယ် လှကလေးစိန်တို့၊ မမြရင်တို့၊ စိန်ပါတီ…၊  စိန်ပါတီတို့ ဆိုသွားတဲ့သီချင်း တေးသွားဟန်များဟာ အင်မတန်ကောင်းတယ်…။
ခိုင်ခိုင်မြဲမြဲရှိတယ်..၊ နှစ်ရှည်လများ ခံမှာပဲ…။
ဘာ့ကြောင့်လဲဆိုတော့… တီးလုံးတေးသွားစနစ်က ကျတာကိုး…။
အဲ့ဒီလို စနစ်ကျတဲ့အခြေအနေက အရင်နဲ့မတူ၊ ယွင်းချော်ပြီးတော့လာတော့ကာ… တီးလုံးတေးသွားတွေမှာ စာမဲ့လာတယ်…။
စာ၏တန်ဖိုး လိုလာတယ်…။
အဲ့ဒီ စာ၏တန်ဖိုး လိုလာတော့ကား…… စာ၏တန်ဖိုး ပြည့်ပြည့်စုံစုံရှိဖို့ဥစ္စာကို ကျွန်တော်တို့ တင်ပြနိုင်မှ ဖြစ်လိမ့်မယ်…။
အဲဒီတော့… သောတရှင်များကို ကျွန်တော်တို့က ဘယ်တာဝန်ယူရလိမ့်မလဲဆိုတော့….. တူရိယာဂီတသဘင်ပညာဟာ.. မြန်မာစာပေါ်မှာ တည်တယ်လို့ဆိုတယ်…။
အဲ့ဒီ မြန်မာစာပေါ်မှာ တည်တာ… ဘယ်လိုတည်ပုံကို (ကျွန်တော်တို့) အကောင်အထည်ပေါ်အောင် လက်ဆုပ်လက်ကိုင် ကိုင်ပြနိုင်ဖို့ လိုတယ်…။
အဲသလို ကိုင်မပြနိုင်သေးသမျှ….. မြန်မာ့တူရိယာဟာ  ဝေ..ပြီးတော့၊  ဟိုလိုလို..ဒီလိုလို၊  ဟိုဟာကောင်းနိုး..ဒီဟာကောင်းနိုး၊  လိုက်နေမှာပဲ…။
မြန်မာ့တူရိယာဂီတပညာရဲ့အခြေဟာ…… ဒီအခြေပဲ၊  အခြေအမြစ်က.. ဒါပဲ…။
မူလကို ကျွန်တော်တို့ ပြမယ်…။
အဲ့ဒီမူလကနေ ပြီးတော့မှ… ဘူတဆိုပြီးတော့၊  ခွဲပြီးတော့ အမျိုးမျိုးခွဲသွားပုံ…။
စည်း၊ ဝါး၊ သံကျ၊ ဟန်ထနဲ့  ပြည့်ပြည့်စုံစုံ၊ ကျကျနန ရှိဖို့…။
ဒါတွေ ကျွန်တော်တို့ မပြနိုင်သမျှ….. မြန်မာ့တူရိယာဂီတဟာ  အမျိုးမျိုးပြောင်းလဲနေမှာပဲ…။
ဒီတော့… တီးမှုတ်သွားတဲ့ဥစ္စာက နိုင်ငံခြားတူရိယာ…။
မတီးရနဲ့… မဆို။
(အဲ) ကောင်းတယ်၊ မကောင်းဘူး ကျွန်တော်တို့ ဝေဖန်ဖို့မလိုပါဘူး…၊  နှစ်သက်သလို သုံးပေါ့လေ…။
ဒါ.. သူ့ခေတ်နဲ့ သူ…။
သို့သော်လည်းပဲ… လိုတဲ့ကိစ္စက ဘယ်လိုလဲဆိုတော့… ကျွန်တော်တို့ မြန်မာ့တူရိယာဂီတပညာကို တီးမှုတ်ပြီးတော့ နေကြတာ… နားထောင်သွားလို့ရှိရင်….. သီချင်းတစ်ပုဒ်ဆိုသွားတယ်…၊  မှား.သလား..၊မှန်သလား…  တတ်တယ်ဆိုရင်  ပြောပါ…။
မှားတယ်၊ မှန်တယ် ပြောနိုင်ရလိမ့်မယ်…။
မှားတယ်၊ မှန်တယ်ကို မသိဘူးလို့ဆိုရင်….. ဆိုတဲ့သူကိုယ်၌က ထားပါတော့…  ဘေးက ကြားတဲ့လူက မှားတယ်၊ မှန်တယ်ကို… ဒီသီချင်းဟာ စည်း၊ ဝါးကို အကြောင်းပြု၍၊  သံစဉ် အကြောင်းပြု၍၊  ဟန်ထကို အကြောင်းပြု၍… အမှား၊ အမှန်မှ မဝေဖန်နိုင်ရင်…… ဒီဥစ္စာ ပညာမဟုတ်ပါဘူး…။
အဲ့ဒီတော့… ယိမ်းထိုးလိုက်၊ ဘသားထိုးလိုက် ဆိုပြီးတော့ တီးလာတဲ့တီးလုံးတစ်ပုဒ်ဟာ ဒီဝါးဘယ်အချိန် ရပ်မှာတုန်း…။
ဘယ်အချိန်ကျတော့မှ ရပ်မှာတုန်း…၊  အားလုံး သဘောတူ ကြည့်ပြီးတော့….  တော်သလို ကြည့်ရပ်ပါဆိုရင်…… ဒါ.. စည်းစနစ် မဟုတ်ပါဘူး…။
အဲ့သလို စည်းစနစ်မျိုးတွေကို ကျကျနန ပြနိုင်အောင်…. မြန်မာ့တူရိယာဂီတရဲ့ပညာအခြေခံကို ကျွန်တော်တို့ ကြိုးစားပြီးတော့  တင်ပြသွားပါမယ်…။
သောတရှင်များ စောင့်မျှော် နား.ထောင်တော်မူကြပါ…။
ဝိုင်းဝန်းလို့လည်း အားပေးတော်မူကြပါ…။
မြန်မာ့တူရိယာဂီတသဘင်ပညာကို…  ဒီပညာကို လိုလားတပ်မက်လို့ တိုင်းပြည်ချစ်တဲ့ပုဂ္ဂိုလ်တိုင်း အပြုသဘောနဲ့ ဝိုင်းဝန်း၍  အားပေးတော်မူနိုင်ကြပါစေ… ဆိုတဲ့အကြောင်း၊ ဒီနေရာက မေတ္တာရပ်ခံရင်း…… ကနေ့အဖို့ကို  ဒီမျှနဲ့ သင့်တော်ပါပြီခင်ဗျား…။
နောက်အပိုင်းကျမှ (ကျွန်တော်တို့) သင့်မြတ်သလို… ဆိုင်ရာစကားများကို ဆက်လက်ပြီးတော့… အစီရင်ခံပါ့မယ်…။
များ..စွာ ကျေးဇူးတင်ပါတယ်ခင်ဗျာ……

No comments:

Post a Comment