Wednesday, November 9, 2016

သမီးဝဏ်နှင့် အရက်

ဒီရာသီ ခလေးတွေ အဆုတ်ရောင်ဖြစ်ကြတယ်၊ အိမ်က မြေးကြီးမ ဓါတ်ပုံဆရာကျော် ဗူးဗူး ကံကောင်းလို့ ပစ်လိုက်ရတော့မလို့ ။
တဆက်တည်း တလောက အရက်ကြောင့် ဒုက္ခရောက်ခဲ့တာတွေ တတ်နိုင်သလောက်ရေးပါလို့ ဆိုကြတယ်၊ ဒါနဲ့ ဒီစာကို ရေးဖြစ်တယ်
အချိန်က ကျနော် ပျားဂေဟာကနေ သစ်တောကို ပြန်ဖို့ လုံးပန်းနေတဲ့အချိန်၊ သစ်တောဌာနကနေ လစာထုတ်ရုံထုတ်၊ ပျားစာပင်သုတေသန လုပ်ငန်းတွေကလဲ ရပ်သွားပြီ၊ မျက်မှန်ကြီးတို့ မရှိတော့တဲ့အချိန်၊ တပ်ပျက်နေချိန်ပေါ့။
နေရတာက ဖေါ့ကန်မှာ၊ ကိုဆုတင်ဓါတ်ပုံပါသလို တဲစုတ်သာသာ အိမ်ကလေးမှာ သားအမိ သားအဖ လေးယောက်။
သမီးအကြီး ၀ဏ်က အဲဒီအချိန် လမ်းတောင်လျှောက်နိုင်နေပြီ၊
ကျနော်က အဲဒီအချိန်တွေမှာ တက္ကသိုလ်အနုပညာအသင်းမှာပဲ နေ့ တိုင်းလိုရှိတယ်၊ အိမ်မှာလဲ မနေ၊ ပျားဂေဟာလဲ မသွား၊ အသင်းမှာပဲ အဆိုသင်တန်းတွေ စန္ဒယားတီးပေးလိုက်၊ ဆိုင်းတီးပေးလိုက် ပတ္တလျားတီးပေးလိုက်
ညနေဖက်ဆိုရင် ကျနော် အရက်သောက်ဖို့ တပည့်ကျော်တွေ တပည့်ကျော်မတွေက ၄င်းဘုရားကြီးတည်ရန်ဆိုပြီး ပိုက်ဆံစုကြတယ်၊ ပြီးတာနဲ့ အခုဆုံးသွားပြီဖြစ်တဲ့ ဆည်မြောင်းဝန်ထမ်း (စည်းကမ်းပျက်ဝန်ထမ်းပါ၊ အကျင့်ပျက် ၀န်ထမ်းတော့မဟုတ်ဆိုတဲ့) ဓါတ်ပုံဆရာ ဥာဏ်ထွန်းနဲ့ အတူတူ မြေနီကုန်း မခင်မြင့်ဆိုင်ကို ချီတက်ကြတယ်၊ ညကို ၁၁နာရီ ၁၂နာရီလောက်အထိ မခင်မြင့်က မောင်ကို၊ ဥာဏ်ထွန်း ဘယ်လောက်ယူအုံးမလဲ ပြီးရင် ပုလင်း ဒီနေရာမှာထားခဲ့၊ ငါတော့ပြန်ပြီဆိုပြီး ပြန်ရလောက်အောင် သောက်တယ်၊ ပြီးမှ အောင်ဆန်း ဖေါ့ကန်က တောအရက်ရောင်းတဲ့ အောင်မင်္ဂလာလမ်း ကျနော့်အိမ်ကို ကား နှစ်တန်လောက် စီးပြီးပြန်တယ်၊အိမ်ရောက်ရင် စိုင်းနေပြီ၊
နောက်နေ့ မနက်ထ၊ မဒမ်မောင်ကို ကျွေးတဲ့ မနက်စာစား၊ ပြီးရင်ပြန်ထွက်၊ ညမူးပြီးပြန်လာ၊ ဒီသံသရာကြီးထဲမှာ
အမိမိခင်သစ်တောဌာနနဲ့ ကလဲ ဝေးကွာနေတာကိုး၊ လစာထုတ်ရုံလောက် ပန်းဆိုးတန်းကို တလ တခါသွား
သမီးကြီး ၀က်သက်ပေါက်ပါလေရော၊ ဗမာဆရာနဲ့ ပဲ ကုတယ်၊ ၀က်သက်ဘာအရေးကြီးလို့ လဲ၊ ဒါပေမဲ့ ရေချိုးမှားသွားတယ်
သားဦးသမီးဦးက မိဘ မသိတဲ့ဒဏ် အတော်ခံရတာ၊ ဒီကြားထဲ ကျနော့်လို နေ့ တိုင်းမူးနေတဲ့ အဖေအရက်သမားနဲ့ ဆိုတော့ ပိုဆိုးတာပေါ့
မဒမ်မောင်ကိုမှာလဲ အဲဒီ ဖေါ့ကန်ကနေ ဆူးလေဘုရားလမ်းမှာရှိတဲ့ ဆောက်လျှပ်ကော်ပိုရေးရှင်းကို သွားပြီး ရုံးတက်ရတာ။
ကျနော်က သောက်မြဲပဲ ခလေးနေမကောင်းတာကိုလဲ ဂရုမစိုက်မိဘူး
တနေ့ ပျားဂေဟာကနေ မှော်ဘီသစ်တောမှာ ပျားစခန်းပြန်ဖွင့်ချင်တယ် မင်းသွားကြည့်ပေးပါဆိုပြီး ကားတစ်စီးပေးလိုက်တယ်၊ ကျနော် တောဆင်းတဲ့ ယူနီဖေါင်းလို ၀တ်ပြီး ထွက်သွားတယ်၊ အဲဒီအချိန်မှာ ကျနော် တာဝန်ထမ်းခဲ့တဲ့ ပျားစခန်း မရှိတော့ဘူး၊ တပ်ရုတ်သွားကြပြီ၊ အခြေအနေတွေ ပြောင်းလဲသွားတာကိုး။
အဆင်မပြေဘူး၊ သစ်စေ့ ပျိုးဥယျာဉ်ရော တဖက်က သစ်တောရောက ခါးခါးသီးသီး ငြင်းကြတယ်၊ ပျားစခန်းပြန်ဖွင့်ရင် အရင်ကလိုပဲ ပိုးသတ်ဆေး သုံးတာကအစ ရပ်ရမယ်ဆိုပြီး အကြောင်းပြတယ်
အလုပ်သာ အဆင် မပြေတာ အရက်ကတော့ အဆင်ပြေပါ့၊ ဘယ်သူတိုက်လွှတ်လိုက်တယ်တောင် မသိတော့ပါ ကျနော် မှော်ဘီက ပြန်အထွက် အတော်မူးနေပြီ။
အဲဒါကို ခလေးနေမကောင်းဖြစ်နေတဲ့ အိမ်ကို မပြန်၊ အနုပညာအသင်းးကို သွားလိုက်သေးတယ် ညနေစောင်း၊ လမ်း၅၀ဖက်မှာ ပွဲတီးဖို့ ရှိတယ်ဆိုတော့ လိုက်သွားသေးတယ်။
ပွဲက စန္ဒယားနဲ့ အခု ကြည်သာ (ပွဲကြိုက်ခင်) ပြန်လည်ဖေါ်ထုတ်သည်ဆိုတဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်တေးတွေကို ဟောပြောပွဲနဲ့ သီချင်းဆိုပွဲပေါင်းပြီး မမနှင်း (ရွှေကူမေနှင်းက) ဟောပြောတဲ့ပွဲ၊ ကျနော်မရှိရင် စန္ဒယားတီးနေကျ ပါပီမထဲက ကိုသောင်းဟန်က တီးမှာ၊ သူကလဲ ကျနော်နဲ့ နာမည်ကျော် တွဲဖက် အသောက်သမားဆိုတော့ အဲဒီနားက ဘီအီးဆိုင်ကျနော့်ခေါ်သွားပြီး သောက်လိုက်ကြသေးတယ်၊ ဒေါင်ချာစိုင်းနေပြီ။ နုတ်စ်ကြည့်တီးရမှာဆိုတော့ ကျနော် မတီးနိုင်တော့ဘူး၊ ဖေါ့ကန်ကို ပြန်လာတယ်
ဘုရား၊ အခုမှ ဘုရားတမိတယ်၊ အိမ်ခန်းလေးမှာ ရပ်ကွက်ထဲက အဒေါ်ကြီးတွေ အပြည့်ပဲ၊ သမီးဘေးကို ၀ိုင်းကြည့်နေကြတာ။ သမီးက အသက်ကို ဖုတ်လှိုက် ဖုတ်လှိုက်နဲ့ ရှုနေရပြီ
အခုမှ အနောက်တိုင်းဆရာပြမယ်ဆိုပြီး ကျနော်တို့ လမ်းထိပ်မှာ ဆရာကြီး ဒေါက်တာမြင့်ဆွေ (ဒေါ်ချိုပြုံး) အမျိုးသား လာဖွင့်တဲ့ ကလေးဆေးခန်းကို ပြေးကြတယ်။
မရိုမသေစကားပါ (နှိမ့်ချလိုခြင်းမရှိပါ)၊ ဆရာကြီးကလဲ သူ့ အကြောင်းနဲ့ သူ နာမည်ကြီး ခလေးအထူးကုဆရာဝန်ကြီး ဘာမှ ပိုက်ံဆံမရတဲ့ ဆင်းရဲသားရပ်ကွက်မှာ ဆေးခန်းလာဖွင့်တာ၊ သူ့ ဘေးမှာလဲ အဖြူပုလင်းနဲ့ ခွက်နဲ့ ။
ဆရာကြီး မျက်နှာပျက်သွားတယ်၊ သနားစရာခလေးပဲ၊ ကျနော်ကုလို့ မဖြစ်တော့ဘူး၊ ဟယ်လပင်ဆေးရုံသွားပါတော့တဲ့၊ သူမျက်နှာနဲ့ သူ့ အသံကို ဒိနေ့ အထိ မြင်ယောင် ကြားယောင်ပါပဲ
ကျနော့်အမူးတွေ ဘယ်ပျောက်ကုန်လဲမသိ၊ ဆေးရုံတင်ရမယ်၊ ပိုက်ဆံလဲ တပြားမှမရှိ၊ ပျားဂေဟာ FAO နဲ့ လုပ်တုံးက ရတာတွေကလဲ ဒီလိုပဲ စားရင်းသောက်ရင်း ကုန်ပြီ၊ လက်ထဲ တစ်လမှ ၃၅၀နဲ့ နေနေရတာ။ ဘယ်လိုဆေးရုံသွားမလဲ၊ ဘယ်ပိုက်ဆံနဲ့ သုံးမလဲ ခလေးကို ဘယ်လိုကြည့်မလဲ
မဒမ်မောင်ကိုက ပြတ်သားပါတယ်၊ အဲဒီအချိန်တွေက ကျနော့်နောက်ကို သူ ဒရွတ်တိုက် လိုက်နေရတဲ့ အချိန်တွေ၊ အမေ့ကိုသွားခေါ်ဆိုပြီး ကျနော့်ကို လွှတ်တယ်၊ ဟသာင်္တကို သွားဘို့ ၊ ယောက္ခမ အမင်္ကြီးကိုသွားခေါ်ဘို့ ၊
ဆေးရုံတက်ဖို့ ကတော့ သတိရပြီး မှော်ဘီသစ်တောမှာရော ပျားစခန်းမှာတုံးကရော အရမ်းခင်ခဲ့တဲ့ သစ်တောဝန် ဦးမောင်မောင်သန်းရဲ့ ဇနီး မမစုဆီပြေးရတော့တာပဲ၊ မမစုက သူကိုယ်တိုင် အကိုကြီး အိမ်ကားကို မောင်းပြီး ဦးမောင်ကို လူသာသွားခေါ်၊ ဒီမှာ မစုတာဝန်ထားဆိုပြီး လွှတ်လိုက်တယ်၊
ကျနော် အမေ့ကို ဟိုး လေးမျက်နှာအထိ သွားခေါ်ရတယ်၊ ဘကြီးတစ်ယောက် ဆုံးလို့ အဲဒီ နာရေးကိုရောက်နေတယ်၊ နောက်နေ့ ညမှရောက်တာပေါ့။ ဘယ်လောက်မသိတတ်တဲ့အဖေလဲဆိုရင် ဟိုမှာ နာရေးဖဲရိုက်နေတာတွေကို ၀င်ကစားလိုက်သေးတယ်၊ ယောက္ခမကြီးက အတင်းပြောမှ၊ ခလေးနေမကောင်းရင် နာရေးအိမ် ဖဲမကစားရဘူး။
ကျနော်နဲ့ ယောက္ခမကြီး အိမ်ပြန်ရောက်တော့ ၃ရက်ရှိသွားပြီ ထပ်ပြီး အိမ်ပေါ်မှာ လူတွေ ၀ိုင်းနေကြပြန်ပြီ၊ အရက်နဲ့ ထုံနေတဲ့စိတ်တွေ အဲဒီအချိန်တွေ စိုးရိမ်ရဘို့ ကို ထုံနေတယ်
ရှေ့ မှာပဲ သမီးဝဏ်ဟာ ချွဲတုံးတွေကို အတုံးလိုက် အတုံးလိုက်အန်လိုက်တာ၊ ပြီးတော့ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ အသက်ရှုနေပြန်တယ်။
ဆေးရုံမတင်ဖြစ်လိုက်ဖူး၊ မမစုကားနဲ့ အဲဒီညက အင်းစိန်ဆေးရုံကို ပြေးတယ်
ခလေးတွေ ဒီရောဂါ ဖြစ်လွန်းလို့ အဲဒီအချိန်မှာ ပြင်ပဆေးခန်းတွေကို ဒိရောဂါဖြစ်ရင် မကုပါနဲ့ ဆေးရုံကိုလွှတ်ပါလို့ ညွှန်ကြားထားတယ်ဆိုပဲ
ဒါပေမဲ့ ခလေးကိုကြည့်ပြီး အင်းစိန်ဆေးရုံက လက်မခံဘူးဆိုပဲ၊ အပြင်ဆေးခန်းမှာ ကျိတ်ကုပြီး မနိုင်မှ လာပို့ လို့ ဆိုပဲ
သမီးကံကောင်းခြင်တော့ လက်မခံတဲ့အချိန်မှာ အင်းစိန်လမ်းမကြီးအတိုင်း မောင်းမိရာက အောင်သုခဆိုတဲ့ ဆေးခန်းလေးဖွင့်နေတာကိုတွေ့ ရတယ်၊ အဲဒီကို ၀င်ပြတော့ ဆရာက ကဲ ကျနော် အတတ်နိုင်ဆုံး ကျိုးစားကြည့်မယ်ဆိုပြီး လက်ခံကုနေရာက အခု ကျနော်တို့ ပြန်ရောက်တော့မှ ချွဲတွေ အတုံးလိုက်အံပြီး သက်သာသွားလေရဲ့ ။
အဲဒီအချိန်တွေ ပြန်တွေးမိတိုင်း ကြောက်လိုက်တာ၊ ခုမှ ကြောက်တတ်တာ၊
သမီးဝဏ်ဟာ လမ်းလျှောက်နေပြီးတဲ့ အခြေအနေကနေ ပြန်ချိသွားတာ လေးဘက် ပြန်သွားရလေရဲ့ ၊ ယောက္ခမကြီးလဲ ခလေးကို ဟသာင်္တ ပြန်ခေါ်သွားကြရတယ်
အဲဒီလောက်ဆိုးတဲ့ ယောက်ျားကို အဲဒီအချိန်တွေက မဒမ်မောင်ကိုက တချက်မှ အဆိုးမပြောခဲ့ပါဘူး၊ ခလေးကို မကြည့်တတ်တဲ့ သူ့ ကိုယ်သူပဲ တဖြစ်တောက်တောက်နဲ့ ။
အဲဒီအချိန်ကြားမှာ စောင့်ရှောက်ပူပန် မျှဝေခံစားကြတဲ့ အောင်မင်္ဂလာလမ်းက ဆင်းရဲသားမိသားစုတွေ၊ ဆရာကြီး ဒေါက်တာမြင့်ဆွေ၊ နာမည်မသိလိုက်တဲ့ အောင်သုခဆေးတိုက်က ဆရာ၊ ကားနဲ့ မငြီးမငြူ လိုက်ပို့ ဆောင်ပေးတဲ့ မမစုတို့ မိသားစု ပေးတဲ့ အသက်ပဲ ရှိပါတော့မယ် သမီး ၀ဏ်။
ဆင်ခြင်နိုင်ကြပါစေ

No comments:

Post a Comment