Monday, November 14, 2016

မြန်မာ့ရှေးဟောင်းမြို့များ (အရာဟောင်းများ)ကိုကောင်းကင်ဓါတ်ပုံများ အသုံးပြုခြင်း စသည် ဦးအောင်မြင့်

ကောင်းကင်ဓါတ်ပုံများ အသုံးပြုခြင်း စသည် (၁) ဦးအောင်မြင့်

28 August 2011 at 11:43
ကိုကျော်နိုင်ဝင်းရဲ့ တောင်းဆိုချက်အရ
(၁)
နိဒါန်း
ဓာတ်ပုံဖတ်ရှုခြင်း
    ဤစာအုပ်ပါ မြို့ဟောင်းများအနက်မှသရေခတ္တရာ၏ ထူးခြားသည့် ၀ိသေသများဟူသည့် အခန်းတစ်ခုမှလွဲ၍ ကောင်းကင်ဓာတ်ပုံထဲတွင် ဖတ်ရှု၍ ဖော်ထုတ်ခြင်း ထို့နောက်ကွင်းဆင်းကြည့်ရှု ခြင်းများနှင့် ပတ်သက်သည့် လေ့လာချက်များပင် ဖြစ်ပေသည်။ ပကမအစုအနေဖြင့် မြို့ဟောင်း ပေါင်း ၃၀မျှကိုသာ ဖော်ထုတ်တင်ပြထားခြင်းဖြစ်ပေသည်။ ဤတင်ပြချက်များမှာ သုတေသနတင်ပြ ချက်များ မဟုတ်ပေ။
တင်ပြထားသည့် မြို့ဟောင်းများမှာ သုတေသီတို့ရောက်ရှိပြီးကြသည့် မြို့ဟောင်းအချို့ပါရှိ သလို၊ မိမိလုံးဝမသိရှိသေး၊ မရောက်ဘူးသေးသည့် မြို့ဟောင်းများလည်း ပါဝင်ပေလိမ့်မည်။ ကြီးမားထည်ဝါသည့် မြို့ဟောင်းကြီးများ ပါသလို သေးမွှားသိမ်ငယ်၊ လူသိနည်းသည့် မြို့ဟောင်း ကလေးများလည်း ပါဝင်ပေလိမ့်မည်။
ရည်ရွယ်ချက်မှာ မြန်မာ့ရှေးဟောင်းမြို့များ (အရာဟောင်းများ)ကို ကောင်းကင်ဓာတ်ပုံထဲမှ တတ်နိုင်သမျှ ဖော်ထုတ်တင်ပြခြင်းဖြင့်၊ ရှေ့ပြေးအနေဖြင့် ရှေးဟောင်းအရာဟောင်းများကို ကွင်းဆင်းကြည့်ရှုခြင်း၊ လိုအပ်လျှင် သမိုင်းသုတေသနပြုခြင်း၊ ရှေးဟောင်းသုတေသနတူးဖော်မှုများ ပြုလုပ်နိုင်ကြမည်ဖြစ်ပေသည်။
ရှေးမြို့ဟောင်း အရာဟောင်းများ၏ တည်နေရာ၊ ပုံသဏ္ဍာန်နှင့် လက်ရှိအခြေအနေတို့ကို တွေ့ရှိရလျှင်ပင်လေ့လာသူ သုတေသီတို့အတွက် များစွာအထောက်အကူဖြစ်စေပေလိမ့်မည်။ အထူးသဖြင့် အရာဟောင်း၏ ပုံသဏ္ဍာန်နှင့် အရွယ်အစားပမာဏကို ကြိုတင်သိရှိကြပြီး ဖြစ်သဖြင့် ဦးစားပေးကြည့်ရှုလေ့လာသင့်သော နေရာများကို မရောက်မီကပင် ကြိုတင်ခန့်မှန်း လျာထားမှုပြုနိုင် ပေသည်။
ဤစာအုပ်၌ဖော်ပြထားသည့် အတိုင်းအတာခန့်မှန်းချက်များမှာ အဓိကအားဖြင့် ကောင်းကင်ဓာတ်ပုံများမှ ၄င်းတို့ကို ရိုက်ကူးသည့် စကေးအရ တိုင်းတာဖော်ပြထားခြင်းဖြစ်ပေသည်။ ဧရိယာတိုင်းတာခြင်းမှာလည်း အစက်ချဇယားတိုင်းတာနည်းဖြင့်ပင် ၄င်းတို့၏စကေးအရတိုင်းတာ ခန့်မျန်းဖော်ပြထားခြင်း ဖြစ်ပေသည်။ ယခုအခါ ကမ္ဘာနှင့်အ၀န်း မီတာစနစ်ကို သုံးစွဲနေကြပြီဖြစ်ရာ မိမိတို့လည်း တစ်ပါတည်း ဤတိုင်းတာမှုများနှင့်လက်ပွန်းတတီးဖြစ်ရန် အလေ့အကျင့်လိုပေမည်။ လက်မ၊ ပေ၊ ကိုက်၊ မိုင်၊ စကေးများနှင့် တွဲ၍အသုံးပြုထားသည်။ နောင်မီတာစနစ်သို့ တစ်စ၊ တစ်စ ကူးပြောင်းနိုင်ပေလိမ့်မည်။

မြေပုံများ
မြေပုံများမှာ၊ မြို့ဟောင်းရာများကို ဓာတ်ပုံမှပင်၊ မြေပုံထတ်လုပ်တင်ပြထားခြင်းဖြစ်ပြီး၊ မူရင်း တစ်လက်မတစ်မိုင် စကေး၊ ကွန်တိုမြေပုံများကို ဖြစ်စေ၊ သို့မဟုတ် တစ်ခြားသင့်တော်သည့် စကေး များဖြင့် ထုတ်လုပ်ထားသည့် ကွန်တိုမြေပုံများကိုလည်း မှီငြမ်းပြုပါသည်။
တစ်ခါတစ်ရံ ဓာတ်ပုံရိုက်ကူးသည့်ကာလ ၄င်းမှထုတ်ထားသည့် မြေပုံများသည် ကွင်းဆင်း လေ့လာမှုပြုသည့်အခါ၊ အချိန်ကာလ၊ အတိုင်းအတာကွာခြားမှုရှိတတ်သည်။ ဓာတ်ပုံဖတ်ရှုချိန်ကာလ က၊ ရေကန်၊ ကျုံးရှိသည်ဟု ဖတ်ရှုဖော်ညွှန်းနိုင်စေကာမူ၊ နောင်အနှစ် ၃၀ ကျော်ကြာသည့်အချိန်မှ ကွင်းဆင်းလေ့လာမှုပြုသည့်အခါတွင် ရေကန်သို့မဟုတ် ကျုံးစသည်တို့မှာ တိမ်ကောခဲ့ပြီးဖြစ်၍ မြေပြင်နှင့် တပြေးညီဖြစ်လျက်ရှိနေသည်ကို တွေ့ရတတ်ပေသည်။ သို့ရာတွင် ဓာတ်ပုံရိုက်ကူးချိန်ကမူ ရေကန်၊ ကျုံး၊ ရာဟောင်းကြီးများကို အထင်အရှားတွေ့ရခြင်းပင်ရှိပေမည်။
ရှေးအရာဟောင်းများသည် နှစ်ပေါင်းရာဖြင့် ကြည်ရှည်စွာ တည်တံ့ ခံနိုင်စွမ်းရှိပေသည်။ သဘာဝအလျောက် ရာသီဥတုဒဏ်၊ သဘာဝရေတိုက်စားမှုဒဏ်များကြောင့် ဤမျှပြောင်းလဲ တိမ်ကောပပျောက်သွားမည် မဟုတ်ပေ။ အဓိကရန်သူမှာ လူပင်ဖြစ်သည်။ လူများဖျက်ဆီးခြင်းပင် ဖြစ်သည်။
မြို့ဟောင်း၏ အုတ်၊ ကျောက်၊ ဂ၀ံ၊ မြေကြီးစသည်တို့ကို လူတို့က အခြားတစ်နေရာတွင် အသုံးပြုပစ်လိုက်ကြခြင်း၊ ဥပမာကားလမ်း၊ မီးရထားလမ်းဖောက်ခြင်း၊ လမ်းခင်းခြင်း၊ ပြုလုပ်ရာတွင် လည်းကောင်း တမံဆည်ဖို့မှုပြုလုပ်ရာတွင် လည်းကောင်း၊ အသုံးပြုတတ်ကြပေသည်။ ကျုံးများလည်း နှစ်လကြာရှည်သဖြင့် သဘာဝအလျောက် နုန်းပို့ပြီး ပြည့်သွားရသည်။ လယ်ယာစိုက်ပျိုးလယ်မြေတို့ ချဲ့ခြင်း စသည်တို့ကြောင့် တိမ်ကောသွားရမည်။ ဤကဲ့သို့ လူတို့နှောက်ယှက်ဖန်တီးခြင်းက၊ သဘာဝအလျောက် ပွန်းတီးပြောင်းလဲခြင်းတို့ထက် များစွာလျင်မြန်သည်။ သို့ဖြစ်၍ ဤသို့လူပြုပြင် နှောက်ယှက်ခြင်းတို့ကြောင့် နှစ်ပေါင်းရာထောင်မပြောနှင့် နှစ်ပေါင်း ၃၀ကျော်ခန့်မျှသော နှစ်ပိုင်းလောက်တွင်ပင် တချို့နေရာများ အကြီးအကျယ်ပြောင်းလဲကုန်ကြလေသည်။

မြို့ပြတိုးချဲ့ခြင်း
တချို့သောမြို့ဟောင်း၊ မြို့တော်၊ အသေးအဖွဲများမှာ အထက်ဖော်ပြပါ နှောက်ယှက်ဖျက်ဆီး မှုများကြောင့် အထူးတလည် ဆုံးရှုံးမှုမရှိဆိုသည့် ခံယူချက်မရှိသင့်။ မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုထွန်း ကားပြီး ခေတ်တစ်ခေတ် အပိုင်းအခြား အနေဖြင့် ထင်ရှားခဲ့သည့် သမိုင်းဝင်မြို့ဟောင်းကြီးများကိုမူ အထူး ထိန်းသိမ်းထားရှိသင့်သည်။ မလွဲမသွေ၊ မြို့ပြချဲ့ခွင့် ပြုရစေကာမူ၊ ရှေးဟောင်းနေရာတချို့ကို ထိပါးမှု ပြုပြင်ပြောင်းလဲမှု မဖြစ်စေဘဲ ထိန်းသိမ်းစီမံကွပ်ကဲမှုကိုမူကား အမြဲပြုလုပ်ပေးဖို့ လိုပေသည်။
အထူးသဖြင့် မြို့ဟောင်းမြို့ရိုးအတွင်းပိုင်းများကို အထူးထိန်းသိမ်းထားသင့်ပေသည်။ မြို့ရိုး၊ ကျုံးအပြင်ဖက်နေရာများ၌ မြို့ပြတိုးချဲ့ပွားများလာမှုကို အထိုက်အလျောက် လိုက်ရောခွင့်ပြုရစေကာ မူ၊ မြို့ဟောင်းအရာဟောင်းများအတွင်း၌မူကား များစွာဆင်ခြင်သင့်လေသည်။ (ဥပမာ-ကလေးမြို့၊ တောင်တွင်းကြီးမြို့) စသည်များမှာမူ ၄င်းမြို့ပြဧရိယာကွက်တို့၏ ၂ဆ-၃ဆခန့်မျှ ကျယ်ပျံ့ခဲ့လေပြီ။ အဓိကသမိုင်းဝင်မြို့တော်ကြီးများ တချို့ပင်လျှင် မြို့တွင်းတစ်ခွင်လုံး ကျုးကျော်အိမ်များ နှင့် ပြည့်လျှံလျက် ရှိခဲ့ကြလေသည်။ (ဥပမာ-ဥသာပဲခူး၊ တောင်ငူ) ဖြစ်ပြီးခဲ့သည်ကို အသာထားဦး၊ ရှေ့သို့အလားတူ၊ အဓိကရသမိုင်းဝင် ရှေးဟောင်းမြို့ကြီးများကို မြို့ပြတိုးချဲ့ခြင်းကြောင့် ပြောင်းလဲမှု များ မဖြစ်စေရန် အထူးထိန်းသိမ်းဖို့လိုလေသည်။
ရှေးဟောင်းပစ္စည်းများနှင့် စီးပွားရှာ၊ ရောင်းဝယ်ဖောက်ကားနေကြသူများအတွက်လည်း တစ်ဖက်တစ်လမ်းမှ ကာကွယ်တားဆီးရန်လိုသည်။ နေရာတစ်ခုကို ရှေးဟောင်းနေရာ ဒေသတစ်ခုဖြစ်ခဲ့ဖူးကြောင်း မသိလိုက်နှင့် သိလိုက်သည်နှင့် တစ်ပြိုင်နက် ရှေးဟောင်းပစ္စည်းနှင့် ပတ်သက်သည့် စီးပွားရေးသမားများ အလျှိုလျှိုရောက်လာတတ်ကြလေသည်။ ရှေးဟောင်းပစ္စ္စည်းရရှိ ထားသူများထံမှ လက်သိပ်ထိုး၍ လိုက်ဝယ်ခြင်း၊ တိတ်တဆိတ်တူးဆွ ရှာဖွေခိုင်းခြင်းစသည်များ ဖြစ်လာတတ်လေသည်။
လေ့လာသူများအနေဖြင့်လည်း သတိပြုသင့်သည်မှာ လေ့လာသူများသည် ရှေးဟောင်း သုတေသနတူးဖော်သူများ မဟုတ်။ မြို့ဟောင်း၏ အတိမ်အနက် လေးနက်မှု၊ အရေးပါမှုကို မှတ်တမ်းတင်ထားနိုင်ရန်၊ လက်ရှိတွေ့ထားသည့် ပစ္စည်းများကို ရေးကူးပုံဆွဲခြင်း၊ ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်ခြင်းသာ ပြုလုပ်နိုင်ပေသည်။ တူးဖော်သုတေသနပြုခြင်းမှာ ရှေးဟောင်းသုတေသနဌာန ၏ တာဝန်ဖြစ်ပေသည်။ ၄င်းတို့သည် တူးဖော်ခြင်း၊ ဓာတ်ခွဲခန်းများသို့ နမူနာများပို့၍ သက်တမ်းတွက်စစ်ခြင်း ပြုလုပ်ကြပေလိမ့်မည်။ ဤသို့စနစ်တကျတူးဖော်လေ့လာမှု မပြုနိုင်မီ၊ အခိုက်အတန့်တွင် မသမာသူတို့ နှောက်ယှက်ဖျက်ဆီးမှု တူးဖော်ခိုးယူမှုမပြုနိုင်ကြရန် ထိန်းသိမ်း စောင့်ရှောက်ကြဖို့သာ လိုပေသည်။ ရှေးဟောင်းပစ္စ္စည်းထိန်းသိမ်းရေးဥပဒေဖြင့်လည်း ပြဌာန်းထားခဲ့ ပြီးဖြစ်လေသည်။ နှစ်ပရိစ္ဆေဒ၊ ရာစုနှစ်ပေါင်းများစွာ တည်တံ့လာခဲ့ပြီဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံ၏ ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှုပစ္စ္စည်းများ ရှေးဟောင်းလက်ရာများကို မိမိတို့လက်ထက်ကျမှ မိုက်မဲစွာဖျက်ဆီးမှု မဖြစ်စေသင့်ကြပေ။
တစ်ဖက်တွင်လည်း မိမိတို့၏ ရှေးခေတ်ပိုင်းသက်သေ၊ အမွေအနှစ်များဖြစ်သည့် ဤမြို့ရာဟောင်းများဆီမှ များစွာ လေ့လာစရာ ရှိသေးသည်။ သုတေသနပြုစုစရာရှိသေးသည်။ သမိုင်းကွင်းဆက်များ၊ ယဉ်ကျေးမှုအစဉ်အလာများကို လေ့လာဆည်းပူးကြရပေဦးမည်။ ပုဂံရာဇ၀င်ကို တုတ်ထမ်းမပြောနှင့် ပေါက်တူးထမ်း၍ပြောကြကုန်ဟု ဆရာကြီးဦးဖေမောင်တင်တို့ လက်ထက်ကပင် မြက်ကြားဖူးခဲ့ပြီ။ ရှေးဟောင်းအရာဟောင်းများကိုလည်း ပေါက်တူးထမ်း၍ပင် ပြောကြရပေလိမ့်မည်။ ထိုအခါတွင် ရှေးဟောင်းသုတေသနပေါက်တူး၊ သမိုင်းပေါက်တူး၊ ယဉ်ကျေးမှုပေါက်တူးတို့သာ ဖြစ်ရပေမည်။ စီးပွားရေး ပေါက်တူး ရှေးဟောင်းပစ္စည်း ၀ိသမပေါက်တူးများ မပါစေသင့်ချေ။ မြန်မာ့ရှေးဟောင်းအမွေအနှစ်ကို အဓိကထား၍ ထိန်းသိမ်းစောင့်ရှောက်ရပေလိမ့်မည်တည်း။
ရှေးသမိုင်းအဆိုအမိန့်များအရ ဖော်ပြသည့်မြို့ဟောင်းတချို့ကို ကောင်းကင်ဓာတ်ပုံထဲ၌ ရှာဖွေမှုပြုခဲ့စေကာမူရှာဖွေ၍ မတွေ့ရတော့ချေ။ မြေပြင်နှင့် တပြေးညီစွာဖြစ်သွားခဲ့ပြီ။ ပျက်စီးပွန်းတီးသွားခဲ့ပြီ။ မူလကတည်းက အရာဟောင်း မြို့ဟောင်းသည် ကြီးမားထည်ဝါမှုမရှိ၊ မြေမြို့ရိုးမျှ ဖြစ်ဟန်ရှိ၏။ ထို့အပြင် ထိုမြေမြို့ရိုးကို လူများနှောက်ယှက်ဖျက်ဆီး တူးဖြိုမှု ပြုခဲ့ကြသဖြင့် ရှာမတွေ့တော့ခြင်း ဖြစ်ဟန်တူသည်။ အမှန်မှာ သဘာဝအလျောက် ပွန်းတီးမှု ကြောင့် ဤမျှပျောက်ကွယ် သွားမည်မဟုတ်ချေ။
သမိုင်းဝင်အဆိုအမိန့်မရှိစေကာမူ တစ်ခါတစ်ရံထင်ရှားသည့် အရာဟောင်းကြီးတစ်ခုကို ကောင်းကင်ဓာတ်ပုံထဲ၌ တွေ့ရှိသည်လည်း ရှိတတ်ပေသည်။ သို့ဖြစ်၍ကောင်းကင်ဓာတ်ပုံများကို အခြေခံ၍ တွေ့ရှိနိုင်သ၍ အရာဟောင်းများကို ဆက်လက်ရှာဖွေ စူးစမ်းလေ့လာမှု ပြုရမည်သာဖြစ် ချေသည်။ ဤသည်မှာ တကယ့်သမိုင်းပေးတာဝန်တစ်ရပ် ဖြစ်ချေသည်။ သမိုင်းအတွက် ရှေးဟောင်းသုတေသနအတွက် ဆက်၍ဆောင်ရွက်ရပေဦးမည်။
ဤစာအုပ်ကိုဖြစ်မြောက်အောင် အားပေးပံ့ပိုးမှုအများဆုံးပြုလုပ်သူမှာ ယဉ်ကျေးမှုဝန်ကြီး ဌာန ၀န်ကြီးဦးဝင်းစိန်ဖြစ်သည်။ ကျန်ပုဂ္ဂိုလ်များမှာ ဦးညွန့်ဟန်၊ ညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်း သုတေသနဦးစီးဌာန၊ ဦးသော်ကောင်း(အငြိမ်းစား)တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှူးနှင့် ဒေါက်တာ မျိုးသန့်တင်ခတ္တိယဂျာနယ်စာတည်းချုပ်တို့ဖြစ်ကြပါသည်။ သို့ရာတွင် စာရေးသူခရီးလွန်နေသဖြင့် (၂)နှစ်ခန့်မျှသောအချိန်များ အလဟသဖြစ်သွားရပေသည်။ ဦးသော်ကောင်းမှာ ဇွဲကောင်းလှသည်။ စိတ်မပျက်၊ တိုက်တွန်းမြဲ၊ အားပေးမြဲဖြစ်သည်။ ၀န်ကြီးဦးဝင်းစိန်နှင့် အဖွဲ့ကလည်း မကြာခဏခေါ်ယူ ၍ တွန်းအားပေးကြသဖြင့် ယခုလို ဤစာအုပ်ဖြစ်မြောက်လာရခြင်းဖြစ်သည်။
ရေးစရာတွေများလှသည်။ မရေး၍မဖြစ် ရေးရတော့သည်။ အထူးသဖြင့် အများဆုံးဖင့်နှေး စေသည်မှာ ဓာတ်ပုံနှင့်မြေပုံတို့ပင်ဖြစ်သည်။ အလွန်အချိန်ပေးရသော လုပ်ငန်းများဖြစ်သည်။ ကောင်းကင်ဓာတ်ပုံမှ မြန်မာ့မြို့ဟောင်းရာများစာအုပ်သည် ပထမပိုင်းအနေဖြင့် မြို့ဟောင်း (အကြီးအသေး) စုစုပေါင်း ၃၀မြို့ကို ရေးသားခဲ့ပါသည်။ ရှေ့ကိုဆက်၍ ပြုစုရဦးမည်။ ပြုစုဆဲပင် ဖြစ်ချေသည်။

ဖတ်ရ့ခြင်းဆိုင်ရာ (၂) ဦးအောင်မြင့်

28 August 2011 at 11:48
မြို့ဟောင်းရာမဟုတ်ဘဲ၊ လူများပြုလုပ်မှုကြောင့်ထင်နေသည့် အရာများ
သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ပုံသဏ္ဍာန်များမဟုတ်ဘဲ လူများဖန်တီးသဖြင့် ဖြစ်ပေါ်တတ်သည့် ပုံသဏ္ဍာန်တချို့ကိုလည်း တစ်ခါတစ်ရံမြို့ဟောင်းရာအဖြစ်နှင့်လွဲမှား ဖတ်ရှုနိုင် ဖွယ်ရာ တွေ့ရတတ်ပေသည်။
အများအားဖြင့် ရေရှားသည့်အညာဒေသများ၌ ရနိုင်သမျှရေကို တစ်တန်းဆည်ကလေးများ သို့မဟုတ် စက်ဝိုင်းခြမ်းဆည်များအဖြစ်နှင့် တစ်ခါတစ်ရံ မြေဖို့၍ ရေကိုဆည်ကြသည့် အကျင့်ရှိပေ သည်။ ထိုဆည်တန်းဟောင်းများမှာ အသေးအကြီးကိုလိုက်၍ (အထူးသဖြင့်အကြီးများ) မြို့ဟောင်း ရာ အစိတ်အပိုင်းများကဲ့သို့ ဓာတ်ပုံထဲ၌ တစ်ခါတစ်ရံတွေ့မြင်ရတတ်၏။ ဤသို့တွေ့မြင်ရစေကာမူ ထိုသဏ္ဍာန်များကို ပြည့်ပြည့်စုံစုံလေ့လာကြည့်ရှုလိုက်လျှင် မြို့ဟောင်းရာဟုခေါ်ဆိုနိုင်လောက်အောင် အထောက်အထားများ ရှာဖွေ၍မရသည်ကို တွေ့ရပေသည်။


(၂)
အသုံးပြုသည့်ဓာတ်ပုံအမျိုးအစား
မြို့ဟောင်းရာများကို ဖတ်ရှုရန်အသုံးပြုသည့် ဓာတ်ပုံများမှာ ပင်ကရိုမက်တစ်ဖလင် (Panchromatic Film)ကိုသုံးပြီး မှန်ဘီလူး၌ အရောင်ခွဲမှန်အ၀ါ  (Yellow Filter)ကို တတ်ဆင်ရိုက်ကူးသည့်ပုံများဖြစ်သည်။ ဓာတ်ပုံများမှာ တည့်မတ်ဓာတ်ပုံများ (Vertical photographs) ဖြစ်သည်။ ဓာတ်ပုံဖတ်ရှုရာတွင်လည်း မြို့ဟောင်းရာများ၏ ပုံသဏ္ဍာန်များကိုသာ အဓိကထား၍ရှာဖွေစူးစမ်းခြင်းဖြစ်သဖြင့် သာမန်ရုပ်လုံးကြမှန်ဘီလူးကိုပင် အသုံးပြု၍ ဖတ်ရှုလေ့လာ မှုပြု၏။ အကြီးချဲ့မှန်ဘီလူးကို အဓိကထား၍အသုံးမပြုပါ။
ရိုးရိုးကောင်းကင်ဓာတ်ပုံများအပြင် ဂြိုဟ်တုမှရိုက်ကူးသည့် (Landsat Remote Sensing Imagery) များမှလည်း လက်လှမ်းမီရာ ရရှိနိုင်သမျှ အတွင်းမှ နှိုင်းယှဉ်လေ့လာမှုလည်း ပြုခဲ့ပေ သည်။ သို့ရာတွင် အဓိကအားထားမှုပြုသည်မှာ သာမန်ကောင်းကင်ဓာတ်ပုံများသာတည်း။
မြို့ဟောင်းများကို ၄င်းတို့၏ပုံသဏ္ဍာန်များအပေါ်တွင်မူတည်၍ ၄င်းတို့၏ဖွဲ့စည်းပုံအနေ အထားများကိုလေ့လာခြင်းဖြင့်လည်းကောင်း တည်နေရာဒေသနှင့် ခေတ်ပိုင်းအခြေအနေကိုလေ့လာ ခြင်းဖြင့်လည်းကောင်း၊ မြို့ဟောင်းများတစ်ခုချင်းကို ကောင်းကင်ဓာတ်ပုံများမှ လေ့လာခြင်းဖြင့် လည်းကောင်း၊ မြေပြင်ပေါ်၌ကွင်းဆင်းလေ့လာခြင်းဖြင့်လည်းကောင်း နှိုင်းယှဉ်ဖော်ပြထားပါသည်။

ကောင်းကင်ဓာတ်ပုံ၌ တွေ့ရသမျှ လူတို့ဖန်တီးခဲ့သည့်အရာဟောင်းများ
အရေပြားပေါ်၌ ဓားရှသည့်အခါ သို့မဟုတ် ထိခိုက်ပွန်းပဲ့အနာတရ ဖြစ်သည့်အခါ အရေခွံ ပေါ်၌ အနာဖြစ်ပြီး အနာရွတ်ကျန်ရစ်ခဲ့တတ်ပေသည်။ အနည်းဆုံးကြောင်လက်သည်းနှင့်အရေပြား ပေါ်၌ ကုတ်ခြစ်ခံရလျှင်ပင် ကြောင်လက်သည်းရာတွင် သွေးစို့၍ အနာဖေးကလေးများဖြစ်တတ် သည်။ အနာခြောက်လျှင် အနာဖေးလည်း ကွာကျပျောက်ကွယ်သွားလေသည်။ အနာရွတ်ပင် မကျန်ခဲ့တော့ပေ။ အလားတူပင် မြေပြင်ပေါ်လည်း မြေမျက်နှာပြင်ပေါ်တွင် တူးဆွခြင်း၊ တည်ဆောက်ခြင်းစသည့် ပြုလုပ်မှုမှန်သမျှသည် မြေပြင်ပေါ်တွင် အရာထင်၍ ကျန်ရစ်ခဲ့သည်မှာ သဘာဝပင်ဖြစ်ချေသည်။
အရေပြားပေါ်၌ ထိခိုက်ရှနမှုကြောင့် ဖြစ်ရသည့်အနာသည် ကြီးမားလျှင်၊ ထင်ရှားသည့် အမာရွတ်သည် အရေပြားပေါ်၌ သေရာပါ ထင်ရှားကျန်ရစ်ခဲ့လေသည်။ ထို့အတူကြီးမား ထင်ရှား သည့် တည်ဆောက်မှုမှန်သမျှသည် မြေပြင်ပေါ်၌ ထင်ရှားစွာ အရာဟောင်းများအဖြစ် ကျန်ခဲ့မည် သာတည်း။ ထိုရှေးဟောင်းအရာများမှာ အရေပြားပေါ်မှ အမာရွတ်ကဲ့သို့ မြေပြင်ပေါ်၌ ထင်ရှားပေါ် လွင်တည်တံ့နေမည်သာတည်း။ ထို့ကြောင့် အရာဟောင်းဆိုရာ၌ ရှေးယခင်က တူးဆွတည်ဆောက် ခဲ့ခြင်းကြောင့် ယခုထက်တိုင်အရာထင်၍ ကျန်ရစ်ခဲ့သည့်အရာများကို ဆိုလိုပါသည်။
မြို့တစ်မြို့ကို တည်ထောင်ခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ပေ။ သာမန်မြို့ပြများ မဟုတ်မူဘဲ မင်းနေမြို့တော်များ၊ နေပြည်တော်များတည်ဆောက်ထူထောင်ခြင်းမှာ သာ၍မလွယ်ကူ ချေ။ ထည်ဝါမှု၊ ခမ်းနားကြီးကျယ်မှုကို အဓိကထားစေဦး မင်းနေပြည်တော်သည် လုံခြုံမှုရှိရပေမည်။ ကျုံး၊ မြို့ရိုး၊ တံခါး၊ ရဲလောင်း၊ ရင်တားစသည်တို့ဖြင့် အခိုင်အမာတည်ဆောက်လေ့ရှိကြသည်သာ တည်း။
ဤသို့မြို့ရိုးများ ခံတပ်များ ဆောက်လုပ်ရာ၌ ကျောက်များ အုတ်များဖြင့် တည်ဆောက်လျှင် ပို၍ အဓွန့်ရှည်စွာ တည်တန့်နိုင်ပေသည်။ ကျောက်နှင့်အုတ်အဆောက်အအုံတို့၏ အရာဟောင်း များ၊ မြို့ရိုး၏အရာဟောင်းများသည် ရှေးဟောင်းမြို့များ ပျက်စီးဆိတ်သုဉ်းသွားစေကာမူ မြေပြင်ပေါ် ၌ မပျောက်မပျက်ထင်ရှား၍ ကျန်ရစ်ခဲ့တတ်ပေသည်။
ရိုးရိုးမြေဖို့၍ မြို့ရိုးပြုလုပ်ခြင်းမှာ အုတ်၊ကျောက်ဖြင့် တည်ဆောက်သည့် မြို့ရိုးများကဲ့သို့ အဓွန့်ရှည်ကြာစွာ မခံနိုင်ပေ။ မည်သို့ပင်ရှိစေ မြို့တစ်မြို့တည်ဆောက်ရာတွင် အထူးသဖြင့် နန်းမြို့များတည်ဆောက်ရာတွင် မြို့ရိုး၊ ကျုံးများ အခိုင်အမာတည်ဆောက်လေ့ရှိခြင်းကြောင့်ပင်လျှင် နှစ်ပရိစ္ဆေဒကြာမြင့်ပြီး ထိုမြို့များပျက်စီးသွားခဲ့စေကာမူ၊ သမိုင်းခေတ်များ တစ်ခေတ်ပြီး တစ်ခေတ် ပျောက်ပျက်ဆိတ်သုဉ်းသွားခဲ့စေကာမူ ထိုအခေတ်ခတ်မှ တည်ဆောက်ခဲ့သည့် မြို့ဟောင်း၊ မြို့ရိုး အရာများမှာ မြေပြင်ပေါ်၌ အရာထင်၍ကျန်ရစ်ခဲ့ပေသည်။ ထို့ကြောင့် ကောင်းကင်ဓာတ်ပုံများ ပေါ်၌ ရှာဖွေဖတ်ရှုလေ့လာဖော်ထုတ်နိုင်ပေသည်။
သမိုင်းအခေတ်ခတ်မှ မြို့ဟောင်းအရာများ မြေပြင်ပေါ်၌ထင်ရှားစွာ ထင်၍ကျန်ရစ်ခဲ့သည် ဆိုစေကာမူ မြေပြင်၌သွားရင်းလာရင်း အမှတ်မထင် ရှာဖွေရန် မလွယ်ကူလှပေ။ ထီးထီးမားမား ကျန်ရစ်ခဲ့သည့် မြို့ရိုးဟောင်းတချို့၊ ကျုံးဟောင်းတစ်ပိုင်းတစ်စ၊ တစ်စိတ်တစ်ဒေသနှင့် မြို့တံခါး ပေါက်တချို့ကို တွေ့မြင်နိုင်ကောင်းရှိလျှင် ရှိမည်။ ထိုမြို့ဟောင်း၏တည်ထားပုံ၊ ပုံသဏ္ဍာန်ကိုမူကား မြေပြင်ပေါ်၌ လွယ်ကူစွာရှာဖွေ၍မတွေ့နိုင်ပေ။
ဤသို့လွယ်ကူစွာ မြေပြင်ပေါ်၌ရှာ၍ မတွေ့နိုင်သော မြို့ဟောင်းရာများသည် ကောင်းကင် ဓာတ်ပုံများ၌ တစ်ခါတစ်ရံပေါ်လွင်ထင်ရှားစွာ ရှာဖွေတွေ့ရှိနိုင်ပေသည်။ မြေပြင်ပေါ်၌ ရှာဖွေလျက် လွယ်ကူစွာရှာဖွေတွေ့ရှိနိုင်လိမ့်မည် မဟုတ်သည့် အချို့သော မြို့ဟောင်းရာများကိုလည်း ကောင်း ကင်ဓာတ်ပုံများ၌ ဖတ်ရှု၍ရှာဖွေနိုင်ပေသည်။
ကုန်းဘောင်ခေတ်နောက်ပိုင်းလောက်တွင် တည်ခဲ့သည့်မြန်မာ့မြို့ဟောင်းများကား ဆိုဖွယ် မရှိပေ။ ထင်ရှားလှတော့သည်။ နန်းတော်နှင့် အဆောက်အအုံများမှာ၊ အများအားဖြင့် သစ်များဖြင့် သာ တည်ထောင်ဆောက်လုပ်ကြမည်ဖြစ်သဖြင့် ဆွေးမြည့်ပျက်စီး မီးလောင်ခဲ့ပြီဖြစ်ရကား အဆောက်အအုံများနန်းတော်များအနေဖြင့် ပြောပလောက်အောင် ကျန်ရစ်ခဲ့ခြင်းမရှိပေ။ ဓာတ်ပုံ ထဲ၌ ဖတ်ရှုနိုင်လောက်အောင် မကျန်ရစ်ခဲ့ပေ။ သို့ရာတွင် တချို့သော မြို့ဟောင်းများ၏ အလယ်တွင် မို့မောက်လျက်ရှိသည့် ကုန်းများသည် နန်းတော်ဟောင်းနေရာများ အုတ်ခုံများ ဖြစ်နိုင်ကောင်း ဖြစ်နိုင်သည့်အရိပ်အရောင်ကို တွေ့ရပေသည်။
သရေခေတ္တရာခေတ်၊ ပုဂံခေတ်များကဲ့သို့ ပျူတိုက်များ၊ ဘုရားပုထိုးများကို အုတ်ဖြင့် အများ အပြားတည်ဆောက်ခဲ့သည့် မြို့များခေတ်များမှ ကျန်ခဲ့သည့် အပျက်အစီးများမှာမူကား ယခုတိုင် အောင်ပင် ကောင်းကင်ဓာတ်ပုံများထဲ၌ ထင်ရှားစွာအရာဟောင်းများကို ဖတ်ရှုတွေ့ရှိရပေသည်။
မြို့ဟောင်းရာများကို ကောင်းကင်ဓာတ်ပုံမှ ဖတ်ရှုဖော်ထုတ်ခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အနည်းငယ်ရှင်းလင်းဖော်ပြလိုပေသည်။ ဓာတ်ပုံတစ်ပုံတည်းကိုသာ အားကိုးအားထား ပြုပြီး ဤကဲ့သို့ဖြစ်ရမည်ဟု တရားသေယူဆရန် မဟုတ်ပါ။ ဓာတ်ပုံသည် မြို့ဟောင်းအရာဟောင်း များကို စူးစမ်းလေ့လာရန် အလွန်အထောက်အကူပြုနိုင်သည့် လက်နက်ကောင်းတစ်ခုဖြစ်ပေသည်။ ဓာတ်ပုံ၌ ထင်ရှားစွာ ပေါ်လွင်နေသည့်အရာဟောင်း ပုံသဏ္ဍာန်တစ်ခုခုကို သေချာစွာဖတ်ရှုလေ့လာ ပြီးလျှင် ဤအရာဟောင်းသည် မြို့ဟောင်းရာတစ်ခုဖြစ်နိုင်သည် ကောက်ချက်ချကာ မြေပြင်၌ကွင်း ဆင်းစစ်ဆေးကြည့်ရှုပါက အခါများစွာမှန်ကန်မှုရှိနေသည်ကို တွေ့ရှိရပေသည်။ ၄င်းအရာဟောင်း ကြီး၏ ပုံသဏ္ဍာန်အရွယ်အစားပမာဏာအစရှိသည်တို့ကို ဓာတ်ပုံထဲ၌ ကွက်ကွက်ကွင်းကွင်း တွေ့ရှိ ထားပြီးဖြစ်၍ မြေပြင်၌ ကွင်းဆင်းလေ့လာမှုပြုရာ၌လည်း အလွန်ခရီးရောက်ပေသည်။
ဤစာအုပ်သည် ကောင်းကင်ဓာတ်ပုံများဖြင့် အဓိကထား၍ ဖော်ထုတ်ရေးသားထားသည့် မြန်မာ့မြို့ဟောင်းများပင်ဖြစ်သည်။ ရှေးဟောင်းသုတေသန တူးဖော်လေ့လာမှု၊ တွေ့ရှိချက်များကို ရေးသားမှတ်တမ်းပြုစုထားသည့် စာအုပ်မဟုတ်ပါ။ သို့ရာတွင် ဓာတ်ပုံမှတွေ့ရှိသည့် ထိုမြို့ဟောင်း ရာများကို ကွင်းဆင်းလေ့လာမှုပြုသည့်အခါ တွေ့ရှိရသည့်အတွေ့အကြုံ အခြေအနေများအပြင် မြေပြင်ပေါ်၌ တွေ့ရှိသည့် (Surface Find) ရှေးဟောင်းပစ္စည်းတချို့ကိုပါ တစ်ပါတည်းမှတ်တမ်း တင်ရေးသားဖော်ထုတ်ထားသည်လည်း ရှိသည်။
တစ်ခါတစ်ရံ ရွာခံလူများ မိမိတို့နေရာ (မြို့ဟောင်းရာ) အတွင်းအိမ်ဆောက်ရန် အိမ်တိုင် တွင်းတူးခြင်း အိမ်သာတွင်း ရေတွင်းစသည်တို့ တူးဖော်ခြင်း ပြုလုပ်သည့်အခါ တွေ့ရှိသည့် ရှေးဟောင်းပစ္စည်းများရှိလျှင်မူကား ကွင်းဆင်းလေ့လာ မှုပြုသည့်အချိန်တွင် တစ်ပါတည်း လေ့လာ မှတ်တမ်းတင်မှုပြုခဲ့လေ့ရှိသည်။ အလားတူပင် ထယ်ထိုးခြင်း၊ ထွန်ယက်ခြင်းပြုလုပ်သည့်အခါ၌လည်း ကောင်း၊ ကမ်းပါးမြေပြိုမှုဖြစ်သည့်အခါတွင်လည်းကောင်း ကောက်ရတွေ့ရှိသည့် ပစ္စည်းများရှိလျှင် လည်းပိုင်ဆိုင်သူရွာသားများထံမှ ငှားရမ်းကြည့်ရှုပြီး စိတ်ဝင်စားဖွယ်ရာ ပစ္စည်းမျိုးဖြစ်ပါက လေ့လာ မှတ်တမ်းတင်မှုပြုခဲ့သည်။
တချို့သော မြို့ဟောင်းငယ်များမှာ ပြောပလောက်အောင် ထူးခြားတွေ့ရှိမှုမျိုးမရှိ။ တချို့မှာ အုတ်မြို့ရိုးဟောင်းများပင် မရှိ၊ မြေမြို့ရိုးဟောင်းများမျှသာ ဖြစ်၍ ၄င်း၏အရာဟောင်းပုံသဏ္ဍာန် အရွယ်အစားပမာဏကို မှတ်တမ်းတင်ရုံမျှ အခြေအနေကို စစ်ဆေးကြည့်ရုံလေ့လာရုံမျှ ပြုခဲ့ရပေ သည်။ မည်သို့ပင်ဆိုစေ ကောင်းကင်ဓာတ်ပုံများသည် မြေပြင်ပေါ်၌ အရာထင်၍ ကျန်ခဲ့သည့် ရှေးအရာဟောင်းကြီးများကို ဓာတ်ပုံထဲ၌ ကောင်းစွာထင်ဟပ်၍ ပေါ်လွင်မှုရှိနေသဖြင့် ရှေးဟောင်း သုတေသနလေ့လာရာတွင်အထူးအကျိုးပြု ထောက်ကူမှုပေးနိုင်ပေသည်။
ဓာတ်ပုံများတွင် ရှေးအရာဟောင်းများကို ဖတ်ရှုတွေ့ရှိသည့်အခါတွင် ဓာတ်ပုံ၏စကေးကို လိုက်၍လည်းကောင်း အဆောက်အအုံ၏ ကြီးမားထည်ဝါမှုကို လိုက်၍လည်းကော်ငး ဓာတ်ပုံထဲ၌ တွေ့ရှိဖတ်ရှုနိုင်ပေသည်။ အဆောက်အအုံအပျက်အစီးများကို ဓာတ်ပုံထဲ၌ တွေ့ရှိစေကာမူ၊ အဆောက်အအုံ တစ်ခုချင်းကို ကြည့်ပြီး ဤဟာသည် ရှေးဟောင်းအပျက်အစီးဖြစ်သည်။ သို့မဟုတ် ယခုခေတ် အဆောက်အအုံပျက်ဖြစ်သည်ဟု ခွဲခြားရန် မလွယ်ကူလှပေ။ သို့ရာတွင် ရှေးမြို့ပျက် မြို့ဟောင်းများ (၀ါ)ရှေးမြို့ရာဟောင်းများကိုမူကား ကောင်းကင်ဓာတ်ပုံများ၌ တွေ့ရှိနိုင်လေ့ရှိပေ သည်။
နှစ်ပေါင်းကြည်ရှည်စွာ ထင်ရှားကျန်ရစ်ခဲ့နိုင်သော အရာများမှာ လူသူအင်အား အများ အပြားဖြင့် ကန်၊ ဆည်၊ တူးဆွခြင်း၊ တာတမံဖို့ခြင်း၊ မြို့ရိုးတည်ဆောက်ခြင်း၊ ကျုံးတူးခြင်း၊ ခံတပ် ဆောက်လုပ်ခြင်း အစရှိသည်တို့ကြောင့် ဖြစ်ပေါ်နိုင်ပေသည်။ ထို့ကြောင့် မြေမျက်နှာပြင်ပေါ်၌ ထင်၍ကျန်ရစ်ခဲ့သည့် အရာဟောင်းများမှာလည်း တည်ဆောက်မှု၏ ပမာဏကို လိုက်၍ကောင်း ကင်ဓာတ်ပုံများထဲ၌ ရှာဖွေတွေ့ရှိနိုင်ပေသည်။

ဖတ်ရှုခြင်း ဦးအောင်မြင့် (၃)

28 August 2011 at 14:36
နှစ်ပေါင်းကြည်ရှည်စွာ ထင်ရှားကျန်ရစ်ခဲ့နိုင်သော အရာများမှာ လူသူအင်အား အများ အပြားဖြင့် ကန်၊ ဆည်၊ တူးဆွခြင်း၊ တာတမံဖို့ခြင်း၊ မြို့ရိုးတည်ဆောက်ခြင်း၊ ကျုံးတူးခြင်း၊ ခံတပ် ဆောက်လုပ်ခြင်း အစရှိသည်တို့ကြောင့် ဖြစ်ပေါ်နိုင်ပေသည်။ ထို့ကြောင့် မြေမျက်နှာပြင်ပေါ်၌ ထင်၍ကျန်ရစ်ခဲ့သည့် အရာဟောင်းများမှာလည်း တည်ဆောက်မှု၏ ပမာဏကို လိုက်၍ကောင်း ကင်ဓာတ်ပုံများထဲ၌ ရှာဖွေတွေ့ရှိနိုင်ပေသည်။

ဓာတ်ပုံ၏စကေး
ဓတ်ပုံ၏စကေးကြီင်္းမှု၊ သေးမှုကိုလိုက်၍ မြို့ဟောင်းရာများ ထင်ရှားပေါ်လွင်မှုကိုလည်း ဖြစ်စေသည်။ လွယ်ကူစွာ ဓာတ်ပုံဖတ်ရှုနိုင်သည့် အရာဟောင်းများကို ရှာဖွေတွေ့ရှိနိုင်မှုသည် ဓာတ်ပုံစကေး၏ ကြီးမှု၊ သေးမှု၊ အရာဟောင်းများ၏ ကြီးမှု၊ သေးမှုအပေါ်တွင် များစွာတည်သည်။
ဥပမာ ကြီးမားသော နန်းမြို့ရာတစ်ခု (၀ါ) ကျယ်ပြောသည့်ကျုံး၊ မြို့ရိုးဟောင်းရာများသည် ဓာတ်ပုံထဲ၌ ပိုမို၍ထင်ရှားသည်။ သေးငယ်သည့်နန်းရာ မြို့ရာများသည် ဓာတ်ပုံထဲ၌လည်း အလွန်သေးငယ်တတ်ပေသည်။ ဓာတ်ပုံ၏စကေး ကြီးလျှင်တော်သေးသည်။ စကေးသေးသည့် ဓာတ်ပုံများ၌ ထိုသို့သေးငယ်သသော အရာဟောင်းများကို ရှာဖွေနိုင်ရန် မလွယ်ကူလှပေ။
ကျွန်ုပ်တို့နိုင်ငံ၌ အလွယ်တကူရရှိနိုင်သော ဓာတ်ပုံစကေးမှာ အောက်ပါအတိုင်းဖြစ်သည်။
ရရှိနိုင်သည့်ဓာတ်ပုံစကေး    လက်မမိုင်စကေးညီမျှခြင်း
၁း၅၀၀၀၀    ၁.၂၆ လက်မတစ်မိုင်
၁း၂၄၀၀၀    ၂.၀၀ လက်မတစ်မိုင်
၁း၂၅၀၀၀    ၂.၅၃ လက်မတစ်မိုင်
၁း၂၀၀၀၀    ၃.၀၀ လက်မတစ်မိုင်
၁း၇၀၀၀ နှင့်
၆၀၀၀
၁း၇၀၀၀ နှင့် ၆၀၀၀စကေးတို့မှာ အရေးကြီးသောမြို့ကြီးများအတွက်သာ ရရှိနိုင်ပေ သည်။
၁း၅၀၀၀၀ စကေးသည်မြို့ဟောင်းရာများကို ရှာဖွေဖတ်ရှုရန်အတွက် သေးငယ်သဖြင့် မသင့်လျော်လှပေ။ ရရှိနိုင်သည့် စကေးများတွင် ၁း၂၅၀၀၀၊ ၁း၂၄၀၀၀နှင့် ၁း၂၀၀၀၀ စကေးများကိုပင် အဓိကထား၍အသုံးပြုရပေသည်။ ထိုထက်ကြီးသည့် စကေးများရှိသည်ဆိုစေကာမူ မိမိအလိုရှိသည့် နေရာများအတွက် ရနိုင်ကောင်းမှ ရနိုင်မည်ဖြစ်၍ ဖော်ပြပါစကေး ၂ခုကိုသာ အဓိကသုံးစွဲထားခြင်းဖြစ်ပေသည်။

ဖတ်ရှုခြင်း (၄) ဦးအောင်မြင့်

28 August 2011 at 14:37
(၃)

မြို့ဟောင်းများကိုရှာဖွေစူးစမ်းခြင်း
ရည်ရွယ်ချက်။
ရာဇ၀င်သမိုင်းတွင် ထင်ရှားသည့်အချို့သောမြို့များ၌ ယခုတိုင်ပင် ကျုံး၊ မြို့ရိုး၊ ပြအိုးများ ဖြင့် အရာဟောင်းများမြေပေါ်၌ ထင်ထင်ရှားရှားတွေ့မြင်နိုင်ကြပေသည်။ (ဥပမာ၊ မန္တလေး၊ ရွှေဘို၊ တောင်ငူ၊ ပဲခူး) တချို့မြို့များ၌ ပြအိုးများမရှိတော့။ သို့တစေ တစ်ပိုင်းတစ်စပျက်စီးနေသည့် မြို့ရိုး များ တစ်ပိုင်းတစ်စခမ်းခြောက်နေသည့် ကျုံးများစသည်တို့နှင့် မြေပြင်ပေါ်၌ ထင်ရှားစွာတွေ့မြင်နိုင် ပေသည်။ (ဥပမာရွှေဘို၊ ပဲခူးမြို့များ)။
အချို့သောမြို့ဟောင်းများမှာ မြေပေါ်၌အရာဟောင်းများရှိနေသော်လည်း သေချာစွာသတိ ထား၍ မကြည့်က မြို့ဟောင်းရာအဖြစ်နှင့် သတိမမူမိဘဲ၊ အမှတ်မထင်ပင်ကျော်သွားနိုင်ပေသည်။ ထိုသို့သောနေရာများ၌ ဘုရားဟောင်း၊ ဘုရားငုတ်တိုများ၊ ဘုရားပျက်များနှင့် မြို့ရိုးပျက်တချို့မှာ၊ အရာဟောင်းအဖြစ်နှင့် သက်သေညွှန်းလျက် ရှိတတ်သည်။ (ဥပမာ- သရေခေတ္တရာ၊ ဗိဿနိုး)။
တစ်ခါတစ်ရံမထင်ရှားသည့် မြို့ဟောင်းများအတွင်းသို့ မော်တော်ကားလမ်း၊ မီးရထားလမ်း ပေါ်မှအကြိမ်ကြိမ် ဖြတ်သွားမိစေကာမူ မြို့ဟောင်းဟု သတိပြုမိခဲတတ်ပေသည်။ (ဥပမာ- ဗောဓိသတ်၊ ရွှေညောင်နှင့် ညောင်ရွှေကားလမ်း)။
အမရပူမြို့ဟောင်းသည်ပင်လျှင် အရေအတွက်များပြားလှသည့် ဘုရားပုထိုးဟောင်းများ၊ ဂူပျက်၊ ဘုရားပျက်များမရှိပါက မီးရထားပေါ်မှ အမှတ်မထင်ပင်ကျော်ဖြတ်မိမည် ဖြစ်ပေသည်။
မြို့တစ်မြို့၏သဏ္ဍာန်(သို့မဟုတ်)မြို့ဟောင်းတစ်မြို့၏ ပုံသဏ္ဍာန်ကို ထိုမြို့တွင်းသို့ ဖြတ်သွားရုံမျှဖြင့် မသိရှိနိုင်ပေ။ မြို့ရိုးကိုရှာဖွေ၊ လှည့်ပတ်ခါ လျှောက်၍ဖြစ်စေ၊ မြေတိုင်းတာပြီး မြေပုံထုတ်လုပ်၍ဖြစ်စေ အပတ်တကုတ်ကြိုးစားအားထုတ်မှ ထိုမြို့ဟောင်း၏ ပုံသဏ္ဍာန်ကို ထုတ်ဖော်နိုင်ပေမည်။
အချို့သော မြို့ဟောင်းများမှာ မြေပြင်ပေါ်ရှိ မြို့ရိုးအရာမျှကိုပင် ရှာဖွေ၍ မတွေ့နိုင်တော့ ချေ။ မြို့ရိုးလိုလို၊ သာမန်မြေဖို့ထားသည့် ကုန်းရိုးတန်းလိုလို၊ ကျုံးလိုလို၊ သာမန်ရေခမ်းခြောက်နေ သည့် မြောင်းလိုလိုနှင့် လွယ်ကူစွာမသိနိုင်တော့သည့် မြို့ရာများလည်း ရှိပေသည်။ (ဥပမာ-၀တီး)။
ထိုအခါမျိုး၌ မြို့ရာဟောင်း၏ပုံသဏ္ဍာန်ကို ဖော်ထုတ်ရန် မလွယ်ကူတော့သည်ကို တွေ့ရပေ သည်။ ဤသို့သော ဒေသမျိုးကို၊ အပေါ်စီးမှ တွေ့မြင်ရိုက်ကူးထားသည့် ကောင်းကင်ဓာတ်ပုံများ၌ ရှာဖွေဖတ်ရှု၍ ပုံသဏ္ဍာန်ကို ထုတ်ဖော်ခြင်းသည် အကောင်းဆုံးဖြစ်ပေသည်။
အောက်ဖော်ပြပါရည်ရွယ်ချက်တို့ဖြင့် မြို့ဟောင်းရာများကို ကောင်းကင်ဓာတ်ပုံများမှ ရှာဖွေ စူးစမ်းဖတ်ရှုခြင်းဖြစ်ပေသည်။
(၁) ကောင်းကင်ဓာတ်ပုံများမှာ ရှာဖွေဖတ်ရှု၍ ဖော်ထုတ်ခြင်းသည် စရိတ်သက်သာခြင်း။ အပင်ပမ်းသက်သာခြင်းနှင့် လျင်မြန်စွာ မိမိလေ့လာကြည့်ရှုလိုသည့် ဒေသ၏ပုံသဏ္ဍာန် (၀ါ)မြို့ဟောင်းအရာ၏ ပုံသဏ္ဍာန်ကိုတွေ့ရှိနိုင်ရန်။
(၂) မြို့ရာဟောင်းတစ်ခုကို ရှေးဟောင်းသုတေသနပြုစုရန်အတွက်၊ တူးဖော်ခြင်းမပြုမီ၊ ထိုမြို့ဟောင်းရာအတွင်း အလေးပေး၍ ကြည့်ရှုသင့်သောနေရာများကို ကွင်းမဆင်းမီ ပင် ကောင်းကင်ဓာတ်ပုံများ၌ ရွေးချယ်ဖတ်ရှုနိုင်ရန်။
(၃) ရာဇ၀င်မှတ်တမ်းများအရ၊ ထင်ရှားသောနေရာများတွင် တတ်နိုင်သမျှအရာဟောင်းများ ကျန်ရစ်ခဲ့ခြင်းရှိ၊ မရှိ၊ စူးစမ်းမှုပြုနိုင်ရန်။
(၄) ကောင်းကင်ဓာတ်ပုံများမှ တွေ့ရှိဖတ်ရှုပြီးစီးသမျှ အရာဟောင်းများနှင့် ၄င်းတို့၏ ပုံသဏ္ဍာန်များကို မှတ်တမ်းတင်၍ ပုံများ ထုတ်လုပ်ရေးဆွဲထားရန်။ (အတိအကျမြေပုံ ထုတ်လုပ်ခြင်း မဟုတ်သေး၊ ဓာတ်ပုံများ၌ တွေ့ရှိချက်ပုံသဏ္ဍာန်ကို တိုက်ရိုက်ရေးဆွဲ ဖော်ပြထားခြင်းမျှ ပြုထားရန်။
(၅) မြို့ဟောင်းရာများတွေ့ရှိထားသည့် တည်နေရာဒေသများကို လွယ်လွင့်တကူရှာဖွေလာ နိုင်ရန် တစ်လက်မ တစ်မိုင်စကေးမြေပုံအညွှန်းဖြင့် ဖော်ပြထားရန်။
(၆) မြို့ဟောင်း၊ အရာဟောင်း သဏ္ဍာန်များနှင့်ပတ်သက်၍ ဓာတ်ပုံ၌တွေ့ရှိချက်များကို အတိုချုံးမှတ်တမ်းတင်ဖော်ပြရန်။
အစရှိသည့်ရည်ရွယ်ချက်များဖြင့် သုတေသနစာတမ်းတစ်စောင်ကို ပြုစုထားခဲ့ဖူးပေသည်။ သို့ရာတွင်စာတမ်း၌ မြန်မာနိုင်ငံ၌ရှိသမျှ မြို့ရာဟောင်းများ(သို့မဟုတ်) သမိုင်းဝင်အရာဟောင်းများ ပြည့်စုံစွာပါဝင်သည်ဟု မဆိုလိုပါ။ ကြည့်ရှုလေ့လာပြီးသမျှ တချို့ကို စုဆောင်းတင်ပြခြင်းမျှသာ ဖြစ်သည်။

မြေမျက်နှာပြင်ပေါ်၌ အရာဟောင်းများဖြစ်ပေါ်ခြင်း၏ အကြောင်းရင်း
မြေမျက်နှာပြင်ပေါ်၌ ထင်လျက်ရှိသည့်အရာမှန်သမျှမှာ
၁။ သဘာဝအလျောက် (က) ရေတိုက်စားခြင်း
(ခ ) မြေလွှာခေါက်တွန့်ခြင်း
(ဂ ) မြေလွှာကွဲအက်နိမ့်ကျခြင်း၊
စသည်တို့ကြောင့် ဖြစ်ပေါ်လာကြခြင်းဖြစ်ပေသည်။ ထို့ပြင်-

၂။ လူနှင့်သတ္တ၀ါများဖန်တီးမှု
စသည်တို့ကြောင့် ဖြစ်ပေါ်လာနိုင်ပေသည်။ အများဖြင့်လူလုပ်၍ ဖြစ်ပေါ်မှုမှာ အဓိကဖြစ်၏။ လူလုပ်၍ဖြစ်ပေါ်ခြင်းဆိုရာ၌-
(က) တူးခြင်း၊
(ခ ) ဖို့ခြင်း၊
(ဂ ) တည်ဆောက်ခြင်း၊
အစရှိသည့် အဓိကပြုလုပ်ဆောင်ရွက်ခြင်းတို့ကြောင့် မြေမျက်နှာပြင်ပေါ်တွင် အရာထင်ခြင်း ဖြစ်ရပေသည်။
တူးခြင်း၊ ဖို့ခြင်း တည်ဆောက်ခြင်းတို့သည် တစ်ခုနှင့်တစ်ခုဆက်သွယ်လျက်ရှိသည်။ ဥပမာ- မြို့တည်သည်ဆိုပါစို့၊ ထိုအခါမြို့ရိုးများ အခိုင်အခံ့တည်ဆောက်နိုင်ရန်အတွက် မြေဖို့ရပေမည်။ ထိုမြေကိုရရှိရန် တူးရပေမည်။ ထို့နောက်မြို့ရိုးကို ခိုင်မာစေရန် ထုထောင်းခြင်း၊ အုတ်စီခြင်းပြုကြ ပေမည်။ ထီးနန်းအိမ်ရာ၊ ကျောင်းကန်ဘုရား၊ အဆောက်အအုံများ တည်ဆောက်ခြင်း၊ လမ်းပန်းစ သည်တို့ကည်ဆောက်ကြရသည်။

ကျုံး၊ ကန်၊ ချိုင့်ဝှမ်းများ
ကြီးမားထည်ဝါသည့် တူးဆွခြင်းမှန်သမျှသည် ခေတ်တစ်ခေတ်ပျက်စီးသွားသည့်အခါ ထိုချိုင့်ဝှမ်းများ၊ ကျုံးများ၊ ကန်များ၊ ဆည်ကြီးများသည် တဖြည်းဖြည်းတိမ်ကောရချေသည်။ တဖြည်း ဖြည်း နုံးမြေ၊ သဲမြေများ၊ သဘာဝအလျောက် ကျဆင်းခြင်းကြောင့် တဖြည်းဖြည်း၊ ပြည့်၍၊ ပြည့်၍ လာရပေသည်။
ထိုချိုင့်ဝှမ်းတွင်း ရှိရင်းရေများ၊ တစ်စတစ်စခမ်းခြောက်ခြင်း၊ သဲနုံးများကျဆင်းခြင်းတို့ကြောင့် ချိုင့်ဝှမ်းများသည် မူရင်းမြေပြင်နှင့် တစ်ပြေးတည်း တစ်ညီတည်းဖြစ်သွားရပေသည်။ ထိုသို့တစ်ညီ တည်းဖြစ်သွားစေကာမူ ထိုမြေသား ၂နေရာ၏ သိပ်သည်းခြင်းမတူညီကြတော့ပေ။ မူရင်းမြေသား သည်ပို၍ ကျစ်လစ်ပြီး သဲနုံးဖို့သဖြင့် တဖြည်းဖြည်း၊ ပြည့်လာသည့် မြေသားကပို၍ပွလေသည်။ ဖော်ပြပါမြေ ၂မျိုး၌ သဘာဝအလျောက် ပေါက်ရောက်သည့်၊ ကိုင်း၊ မြက်၊ သစ်ပင်၊ ချုံပင်တို့ပင်လျှင် ကြီးထွားသန်စွမ်းနှုန်းမတူညီနိုင်တော့ပေ။ မြေ၏ကျစ်လျစ်သိပ်သည်းမှု ခြားနားနေပေလိမ့်မည်။

မြို့ရိုး၊ တာတမံများ
မြေများ ဖို့၍လည်းကောင်း၊ ကျောက်၊ အုတ်တို့ဖြင့် စီ၍လည်းကောင်း၊ အခိုင်အခံ့တည် ဆောက်ခဲ့သည့် မြို့ရိုး၊ တာတမံအစရှိသည့် ကုန်းမို့၊ ကုန်းတန်းများမှန်သမျှတွင် မြေကို ဖို့ထားရုံသာ မက သိပ်သည်းခိုင်မှာအောင်လည်း ပြုလုပ်ထားရပေသည်။ နှစ်ပေါင်းရှည်ကြာလာသောအခါ ထိုကုန်း တန်းများသည် ကုန်း၏ခိုင်ခံ့မှု၊ ထည်ဝါမှု ပမာဏအပေါ်မူတည်၍ မြေများ ကျစ်လျစ်မှု၊ သိပ်သည်းမှု ဖြစ်လာသည်။ သာမန်မြေသားနှင့်မတူနိုင်ပေ။ တစ်ဆက်တည်းတပြေးတည်းရှိနေသည့် သာမန်မြေ ထက်ပို၍ သိပ်သည်းကျစ်လျစ်နေတတ်ပေသည်။ မြေကြီးကျစ်လျစ်သိပ်သည်းမှုခြားနားသကဲ့သို့၊ ထိုမြေများပေါ်၌ပေါက်ရောက်နေသည့်၊ မြက်သစ်ပင်များပင်လျှင် ကြီးထားသန်စွမ်းမှုခြားနားလျက် ရှိတတ်ပေသည်။
အများအားဖြင့်ဖို့၍တည်ဆောက်ရသည့် မြို့ရိုး၊ ကုန်းတန်းများ မှန်သမျှ၊ တစ်နေရာမှ တူးပြီးတစ်နေရာ၌ ဖို့ကြရသည်ဖြစ်၍၊ အများအားဖြင့် ကျုံးနှင့်မြို့ရိုးများမှာ ယှဉ်တွဲလျက်ရှိတတ်ကြ ပေသည်။
သဘာဝအလျောက်မြက်၊ သစ်ပင်၊ ကိုင်းပင်ဖုံးလွှမ်းလျက်ရှိသော ကျုံးနှင့်မြို့ဟောင်းတစ်ခုတွင် အပင်များပေါက်ရောက်ကြီးထွားမှု မညီမျှပုံကိုလည်း ရုပ်ပုံကားချပ်များဖြင့်ဖော်ပြထားပါသည်။ မြို့ပျက်၊ မြို့ဟောင်းအရာများသည် လူတို့၏နှောက်ယှက်ဖျက်ဆီးခြင်း၊ တူးဆွဖြိုဖျက်ခြင်းမပြုဘဲ၊ မြေပြင်ပေါ်မှ သူ့သဘာဝအလျောက် တိမ်ကောပျောက်ပျက်သွားသည့်အခါတွင်လည်း သဘာဝအပင် များပေါက်ရောက်မှုခြားနားချက်ရှိသည်ကို တွေ့ရှိရပေမည်။ ထိုအပင်ပေါက်ရောက်မှုခြားနားခြင်း ကြောင့်ပင်လျှင် မြေပြင်ပေါ်၌ မြို့ဟောင်းအရာ၏ ပုံသဏ္ဍာန်မှာလည်းတခြားနေရာများနှင့် မတူဘဲ၊ အနည်းငယ်ကွဲပြား ခြားနားလျက်ရှိတတ်ပေသည်။ ထို့ကြောင့် ရှေးမြို့ဟောင်းရာ၏ ပုံသဏ္ဍာန်ကို တွေ့မြင်နိုင်ပေသည်။

လူဖျက်ဆီးခြင်း
မြို့ပျက်၊ မြို့ဟောင်းများ၊ ကျုံး၊ မြို့ရိုးများကို လူဖျက်ဆီးသည်ဆိုအံ့ သို့မဟုတ် လူများသည် ဤမြို့ဟောင်းများပေါ်၌ ထွန်ယက်စိုက်ပျိုးလုပ်ကြရင်းနှင့်ပင်၊ မြို့ဟောင်းသည်တစ်စ၊ တစ်စ အစအန ပျောက်ကွယ်သွားသည်ဆိုအံ့၊ ထိုသို့ပျက်စီးပျောက်ကွယ်သွားသည့် မြို့ရိုးများ၏အရာဟောင်းများ သည် အခါများစွာကောင်းကင်ဓာတ်ပုံများ၌ အရာဟောင်း၏ပုံရိပ်သဏ္ဍာန်ထင်၍ ကျန်ရစ်ခဲ့နိုင်ပေ သည်။
လူများသည် အကြောင်းမဲ့မြို့ရိုးဟောင်းများကို ဖြိုဖျက်ခြင်း၊ ကျုံးကိုဖို့ပစ်ခြင်း၊ မပြုလုပ်တတ် ကြချေ။ အများအားဖြင့် ထိုဒေသများ၌ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်ကြရင်းနှင့်ပင်၊ အပျက်အဆီးများ လည်း တစ်စ၊တစ်စ ပပျောက်သွားရခြင်းမျှသာ ဖြစ်သည်။ လူတို့သည် လွယ်ရာကိုလိုက်၍ အလုပ် လုပ်တတ်သည့်အကျင့်ရှိရကား၊ မြို့ရိုးကုန်းတန်းခံနေလျှင်၊ ၄င်းကိုကွင်းရှောင်၍ (သို့မဟုတ်)ထိုနေရာ မျိုးကို ချန်လှပ်၍ထွန်ယက်စိုက်ပျိုးတတ်ကြပေသည်။ ဤကဲ့သို့မြို့ရိုးတန်းများကို ချန်လှပ်စိုက်ပျိုးရင်း နှင့်ပင် စိုက်ပျိုးလုပ်ကိုင်သည့် လယ်ယာများ၏တည်ဖွဲ့နေပုံသဏ္ဌာန်မှာ မြို့ဟောင်းရာ၏ ပုံသဏ္ဌာန် ကိုလိုက်၍ ဖြစ်ပေါ်လာတတ်ပေသည်။ (ဥပမာ-၀တီး)။ အဓိကအားဖြင့် နေရာပြောင်းရွှေ့၍ စိုက်ပျိုး တတ်သည့်ယာများမဟုတ်ဘဲ၊ အမြဲတမ်းစိုက်ပျိုးလုပ်ကိုင်သည့် လယ်ကွက်များဖြစ်လျှင်သာလျှင် ထင်ရှားပေါ်လွင်နိုင်ပေသည်။
သာမန်အားဖြင့် မြက်၊ သစ်ပင်၊ ချုံနွယ်များပေါက်ရောက်မှုသည် ကုန်းမြင့်၌ သန်စွမ်းမှုညံ့ပြီး ချိုင့်ဝှမ်း၌သန်စွမ်းမှုပိုကောင်းသည်ဟု ဖော်ပြခဲ့ပြီးဖြစ်သည်။ မြေပြန့်ချိုင့်ဝှမ်းများသည် များသော အားဖြင့်ထွန်ယက်စိုက်ပျိုးလုပ်ကိုင်သည့်နေရာ ချည်းသာ ဖြစ်လေ့ရှိသဖြင့်၊ ထိုမြက်၊ သစ်ပင်၊ ချုံနွယ် များမှာအမြဲတစေ၊ ရှင်းလင်းထွန်ယက်ခံရခြင်းကြောင့် ပျောက်ကွယ်သွားမြဲဖြစ်သည်။ ထွန်ယက်စိုက် ပျိုးခြင်းမပြုဘဲ ချန်ခဲ့သည့်ကုန်းရိုးတန်း(၀ါ)မြို့ရိုးဟောင်းများ၌မူကား သစ်ပင်ချုံနွယ်တို့မှာ ပေါက် လျက်ပင်ကျန်နေတတ်သည်။ ထို့ကြောင့် လယ်ယာများဖြင့် ဖုံးလွှမ်းပျောက်ကွယ်နေသည့် မြို့ရိုးတစ် ချို့ပေါ်၌ သစ်ပင်ချုံနွယ်များဖုံးအုပ်၍လည်း တွေ့ရှိနိုင်ပေသည်။ (ဥပမာ-မိုင်းမော)။

အဆောက်အအုံပျက်များ
အဆောက်အအုံပျက်များနှင့် မြို့ရိုးအပျက်များဆိုရာ၌ ကျောက်၊ အုတ် စသည်တို့ဖြင့် ပြုလုပ် ခဲ့သည့် အဆောက်အအုံ ဘုရားပုထိုးနှင့်မြို့ရိုးများ၊ ခံတပ်များကို ဆိုလိုပါသည်။ ဤကဲ့သို့ကျောက်၊ အုတ်တို့ဖြင့်တည်ခဲ့သည့် အပျက်အစီးများသည် ခေတ်တစ်ခေတ်တိမ်ကောပျက်စီးသွားသဖြင့် ဆိတ်သုဉ်းသွားစေကာမူ၊ တော်တော်နှင့် မပျောက်ကွယ်သေးဘဲ၊ ကျန်ရှိနေတတ်သည်။ (ဥပမာ-ပုဂံ)။
တစ်ခါတစ်ရံ ထိုသို့သော အုတ်အဆောက်အအုံပျက်များ၊ ဘုရားပုထိုးပျက်များပင်လျှင်၊ တစ်စ၊ တစ်စပျောက်ကွယ်ခါ မြေမျက်နှာပြင်အောက်သို့ ဖုံးလွှမ်း၍ရောက်သွားတတ်ပေသည်။ သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် နစ်မြုပ်ပျောက်ကွယ်သွားတတ်ပေသည်။ ဥပမာ-ရေကြီးခြင်း ရေလွှမ်းခြင်းကြောင့် ရေအောက်၌ နစ်မြုပ်သွားခြင်း၊ နုံးပို့၍ နစ်မြုပ်သွားခြင်းစသဖြင့် နစ်မြုပ်ပျောက် ကွယ်သွားတတ်သည်လည်း ရှိကြသည်။
ဤသို့နစ်မြုပ်ပျောက်ကွယ်သွားစေကာမူ၊ တစ်ခါတစ်ရံထိုမြို့ဟောင်းများသည် ကောင်းကင် ဓာတ်ပုံများ၌ အရာပုံသဏ္ဌာန်ထင်၍ကျန်ရစ်ခဲ့တတ်ပေသည်။
သဘာဝအလျောက်နစ်မြုပ်ပျောက်ကွယ်သွားသည့် မြို့များမှာ (ရေအောက်တွင် နစ်မြုပ်ခြင်း မှတစ်ပါး) နက်ရှိုင်းစွာဖုံးအုပ်နစ်မြုပ်ခြင်းမရှိလှချေ။ အများအားဖြင့် မြေမျက်နှာပြင်အောက်၌ ခပ်တိမ် တိမ်နေရာတွင်ပင် ထိုအုတ်၊ ကျောက်မြို့ရိုးများ၊ အဆောက်အအုံပျက်များ၊ ဘုရားပုထိုးပျက်များ ရှိတတ်ပေသည်။ ဤသို့ရှိနေသည့် ဒေသများအပေါ်၌ သဘာဝအလျောက် ပေါက်ရောက်သည့်မြက်၊ သစ်ပင်၊ ချုံပင်များမှဖြစ်ထွန်းမှုမတူနိုင်ပေ။ (ဥပမာ- အုတ်အဆောက်အအုံ အပျက်အစီး၊ သရေခေတ္တရာ ပျုတိုက်အချို့)။

ဖတ်ရှုခြင်း (၅) ဦးအောင်မြင့်

28 August 2011 at 14:39
(၄)

မြို့ရာဟောင်းများပေါ်တွင် တည်ရှိထွန်းကားနေသည့် မြို့သစ်များ
ပျက်စီး၊ ဆိတ်သုဉ်းသွားသော မြို့ဟောင်းပေါ်တွင် ဆက်လက်၍ တည်တံ့ထွန်းကားလျက်ရှိ သည့် မြို့သစ်ကြီးများ များစွာရှိ၏။ ဥပမာ-သထုံ၊ ပဲခူး၊ တောင်ငူ၊ စစ်ကိုင်း၊ ရွှေဘိုစသည့် တို့တည်း။ ဤသို့ဆက်လက်တည်တံ့နေသည့်မြို့သစ်များနှင့် ယခင်ဆိတ်သုဉ်းခဲ့ပြီးသည့် မြို့ဟောင်းများနှင့် ပတ်သက်ခြင်းမရှိကြချေ။ အကယ်၍မြို့ဟောင်းသည် ၄င်းခေတ်ဆိတ်သုဉ်းခဲ့သော်လည်း မြို့နေလူ များ၊ တစ်ခြားတစ်ပါးသို့ပြောင်းရွှေ့သွားခြင်းမရှိဘဲ ဤနေရာဒေသ၌ပင် နေထိုင်ကြခြင်းကြောင့် နှစ်ပရိစ္ဆေကြာညောင်းလာသည်နှင့်အမျှ အစဉ်အဆက်အပြောင်းအလဲများစွာ ဖြစ်ပေါ်လာခဲ့တတ်ပေ သည်။
တချို့သော မြို့သစ်များတွင် မြို့ဟောင်းခေတ်မှ ရပ်ကွက်အမည်များပင်လျှင် မြို့သစ်ရပ်ကွက် တချို့၌ခေါ်ဝေါ်အသုံးပြုနေကြဆဲဖြစ်သည်ကို တွေ့ရှိရပေသည်။ တချို့မှာ မြို့သစ်သည် မြို့ဟောင်း နှင့်တစ်ထပ်တည်းမဟုတ်ဘဲ၊ နေရာရွေ့၍ တည်ကြသည့်တိုင်အောင်မြို့ဟောင်းခေတ်ရပ်ကွက်အမည် များကိုမြို့သစ်၌မှည့်ခေါ် အသုံးပြုဆဲရှိကြသည်ကို တွေ့ရပေသည်။ (ဥပမာ-ထားဝယ်သာဂရနှင့် ထားဝယ်မြို့သူသစ်)။
မြို့ဟောင်းပေါ်၌ တစ်ထပ်တည်း မြို့သစ်တည်တံ့ထွန်းကားနေသည့် မြို့ကြီးတချို့မှာ အများအားဖြင့်များစွာ ပြောင်းလဲနေကြပြီဖြစ်ရာ၊ ကျုံး၊ မြို့ရိုး၊ မြို့ရာများလည်း များစွာပျက်စီးကွယ် ပျောက်ခဲ့ပြီး တချို့သော မြို့ရိုးများသည် လမ်းမကြီးဖြစ်နေပေပြီ။ ကန်များလည်း ဖို့၍မြို့နေရာတိုး ချဲ့ခြင်း လယ်ယာမြေတိုးချဲ့ခြင်းများပြုလုပ်ကုန်ပြီတည်း။
အဓိကအားဖြင့် ပုသိမ်၊ မော်လမြိုင်၊ ထားဝယ်၊ စစ်ကိုင်းစသည့် မြို့ဟောင်းနေရာများမှာ မြို့ဟောင်းရာများပင် ရှာဖွေရန် ခဲယဉ်းလျက်ရှိပြီ။ စစ်ကိုင်းမှာ မြို့ရာအဖြစ်နှင့် ရိုးတိုးရိပ်တိတ်မျှ တွေ့နိုင်တော့စေကာမူ တိတိပပဖော်ထုတ်ရန် မလွယ်ကူတော့ပေ။ ထားဝယ်မြို့သည်လည်း တစ်စွန်း တစ်စ ဟိုနားသည်နားတွေ့ရသေးစေကာမူ၊ မြို့ကွက်မြို့ရာအဖြင့်နှင့် ထုတ်ဖော်ရန် မလွယ်ကူတော့ သည်ကို တွေ့ရပေသည်။
ရန်ကုန်နှင့်မန္တလေးတို့လည်း ထို့အတူတည်း။ မန္တလေးမှာ နန်းမြို့ရိုးအတွင်းအဆောက်အအုံ အသစ်များတိုးတက်လာသည်မှတစ်ပါး ကျုံး၊ မြို့ရိုးစသည်တို့မှာ အမြဲပြန်လည်ထိန်းသိမ်းပြုပြင်ထား သဖြင့်သာတော်တော့သည်။ မြနန်းစံကျော်ရွှေနန်းတော်ကြီးကိုလည်း ရှေးမူမပျက်၊ ပြန်လည်တည် ဆောက်ထားလေပြီ။

မြို့ဟောင်းရာများရှာဖွေခြင်း
မြို့ဟောင်းရာများကို ရှာဖွေရာ၌ ခေတ်တစ်ခေတ်ဆိတ်သုဉ်းသွားပြီး လုံးဝစွန့်ပစ်တိမ်ကော သွားသည့် အပျက်အစီးများ မြို့ဟောင်းရာများသည် ပို၍ရှာဖွေလွယ်ကူသည်။ ပတ်ဝန်းကျင်၌လူနေ အိမ်ခြေမရှိ၊ ထူထပ်နက်ရှိုင်းသည့် တောကြီးများဖုံးလွှမ်းမှုလည်း မရှိဘဲဖြစ်နေသည့် ဒေသများ၌ ပို၍လွယ်ကူစွာရှာဖွေတွေ့ရှိနိုင်သည်။
လယ်ယာကိုင်းကျွန်းများဖြင့်အတိ ဖုံးလျက်ရှိစေကာမူသဏ္ဌာန်များမှာ တစ်ခါတစ်ရံအရာထင် ၍ကျန်ရစ်တတ်ပေသည်။ အရာဟောင်းတစ်စိတ်တစ်ဒေသသော်မှ ဖြစ်စေကျန်ခဲ့တတ်ပေသည်။
မြို့ဟောင်းရာများပေါ်၌ ထပ်၍တည်ဆောက်ထားသည့် ယခုခေတ်မြို့သစ်များရှိနေပါက ထိုမြို့ဟောင်းရာများမှာ မြို့သစ်၏အရာများ သဏ္ဌာန်နှင့်အရောရော၊ အနှောနှောဖြစ်နေပြီး ရှာဖွေရန် ခဲယဉ်းတတ်သည်။ စစ်ကိုင်း၊ ထားဝယ်စသည့်မြို့များမှာ မြို့ဟောင်းရာများကို မြို့သစ်ထဲ၌ လွယ်ကူစွာ ရှာဖွေ၍မတွေ့နိုင်တော့ကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ မြို့သစ်တည်ထားစေကာမူ ကျုံးနှင့်မြို့ရိုးကြီး များဓိကက ခိုင်မာစွာတည်ဆောက်ဖွဲ့စည်းထားသည့်ရွှေဘို၊ တောင်ငူ၊ ပဲခူးစသည်တို့တွင်ကား၊ မြို့ဟောင်းရာများပေါ်လွင်ထင်ရှားဆဲပင်ဖြစ်၏။ ဤသည်မှာလည်း တည်ဆောက်မှုကြီးမားထည်ဝါ သောကြောင့် ဖြစ်ချေသည်။

ဓာတ်ပုံထဲ၌ မြို့ဟောင်းရာများနှင့် လွဲမှားနိုင်သည့်အရာများ
ဓာတ်ပုံဖတ်ရှုရာ၌ မြို့ဟောင်းရာများမဟုတ်ဘဲ၊ မြို့ဟောင်းရာလိုလို၊ သို့မဟုတ် အရာတစ်ခုခု လိုလို၊ ထင်ယောင်ထင်မှားဖြစ်စေနိုင်သော ပုံသဏ္ဌာန်များကိုလည်း တွေ့ရတတ်ပေသည်။ အများအား ဖြင့်မြစ်ဝကျွန်းပေါ်ဒေသပိုင်းများ သို့မဟုတ် ရေလွှမ်းလွင်ပြင်(Flood Plains) များပေါ်တွင် ဖြစ်ပေါ် လေ့ရှိသည်။ ထိုဒေသများ၌ပင် တိမ်ကောသွားပြီဖြစ်သည့် မြစ်ကျိုးအင်းများ (Ox bow lakes) မြစ်ကြောင်း အရာများ(Meander Scrolls) တို့ကြောင့် တစ်ခါတစ်ရံ မြို့ဟောင်းရာလိုလို သဏ္ဌာန်များ ဖြစ်ပေါ်တတ်ပေသည်။
မြို့များသည် အများအားဖြင့် လူများတည်ဆောက်ထားသည့်အရာများဖြစ်သည်။ ၄င်းမြို့ ဟောင်းအရာများသည် သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ပုံသဏ္ဌာန်များနှင့်မတူနိုင်ပေ။ လူတည် ဆောက်သည့်ပုံသဏ္ဌာန်များဖွဲ့စည်းပုံမှာ စက်ဝိုင်း၊ လေးထောင့်၊ သို့မဟုတ်တခြားတစ်ခုခု၊ တိကျ သောသဏ္ဌာန်ကို ဖြစ်ပေါ်စေသည်။ သဘာဝအလျောက်ဖြစ်ပေါ်သည့် သဏ္ဌာန်မှာ ထိုကဲ့သို့ စနစ် တကျသဏ္ဌာန်တစ်ခုကိုဖြစ်ပေါ်လေ့ မရှိတတ်ချေ။

ထားဝယ် (သာဂရ) ဦးဂမ်းအောင်လက်ရာ

ထားဝယ် (သာဂရ) ဦးဂမ်းအောင်လက်ရာ


No comments:

Post a Comment