Monday, November 7, 2016

ပညာ၊ ပညာရေးနဲ့ မင်းတို့ရဲ့အနာဂတ် (နောက်ဆုံးနှစ်ကျောင်းသားများကိုပြောပြလိုသည့်အကြောင်းများ) Dr. Myint Oo, Rector, University of Forestry

22 March 2012 at 15:56
ပညာ၊ ပညာရေးနဲ့ မင်းတို့ရဲ့အနာဂတ်
(နောက်ဆုံးနှစ်ကျောင်းသားများကိုပြောပြလိုသည့်အကြောင်းများ)
Outlook, January/February 2010

အရင်းခံအတိုင်းပြောရရင် ဟောတဲ့၊ ပြောတဲ့အလုပ်ကိုလုပ်ဖို့ ဆရာစိတ်အားမထက်သန်လှပါ။ ဟောတာ၊ ပြောတာ နားထောင်လိုက်ရုံနဲ့ပဲ အမြင်အတွေးတွေ၊ အမူအကျင့်တွေ ပြောင်းသွားလိမ့်မယ်လို့ထင်ရင်၊ ဒါဟာသိပ်ကို မျှော်လင့် လွန်းရာရောက်တယ်။ သို့ပေမဲ့လည်း မင်းတို့ကိုပြောပြချင်တဲ့အကြောင်းလေးတွေက ရှိလာပြန်တယ်။ အမှန်တော့ ဟောပြောတယ်၊ သြ၀ါဒပေးတယ်ဆိုတာထက် စဉ်းစားစရာတချို့ မင်းတို့ခေါင်းထဲထည့်ပေးဖို့ ကြိုးစားကြည့်ခြင်းသာ ဖြစ်တယ်။

ဒီလိုပြောဖြစ်စေတဲ့ အချက်နှစ်ချက်ရှိတယ်။ ပထမအချက်က “ဒီဘာသာရပ်တွေဘာကြောင့်သင်ရတာလို့ထင်လဲ” ဆိုတဲ့မေးခွန်းကိုဖြေတဲ့ကျောင်းသားတစ်ယောက်ရဲ့အဖြေပါ။ “ဌာနမှာအလုပ်လုပ်တဲ့အခါ အထောက်အကူ ဖြစ်အောင်သင်ရတာ” လို့သူကဖြေတယ်။ “ဌာနမှာအလုပ်ဝင်မလုပ်ဘူး၊ ဒါမှမဟုတ် ဌာနကမင်းတို့ကို အလုပ်မခန့် နိုင်တော့ဘူးဆိုရင် သင်စရာမလိုတော့ဘူးလား” ဆိုတဲ့မေးခွန်းအတွက်သူ့မှာအဖြေမရှိပါ။ အဲဒီလိုမေးခွန်းမျိုးကိုလည်း မျှော်လင့်ထားပုံမရပါ။

ဒုတိယအချက်ကဆရာလေးတစ်ဦး ပြန်ပြောပြတဲ့စကားပါ။ အဲဒီဆရာလေးက အလုပ်ထဲရောက်သွားကြတဲ့ တပည့်ဟောင်းတချို့နဲ့ ပြန်တွေ့တဲ့အခါ  “ဆရာတို့ကျောင်းမှာသင်ပေးလိုက်တာတွေက အလုပ်ထဲကျဘာမှအသုံး မ၀င်ဘူး” လို့ ပြောကြတယ်လို့ဆိုတယ်။ တကယ်ပဲအသုံးမ၀င်တာလား၊ သုံးတတ်ရင်အသုံးဝင်နိုင်မလား၊ မင်းတို့ စဉ်းစားကြည့်စေချင်တယ်။

နောက်ဆုံးနှစ်ရောက်နေကြပြီဖြစ်တဲ့မင်းတို့အနေနဲ့ ဌာနအကြောင်းကို ဆရာတွေဆီကအကြိမ်ကြိမ်ကြားခဲ့ရပြီး ဖြစ်မှာပါ။ တက္ကသိုလ်မှာသစ်တောပညာသင်ယူတာနဲ့ ဌာနမှာအလုပ်ရတာဟာ ခုချိန်ထိတော့ ဆက်နေတဲ့ကွင်းဆက် သဖွယ် ဖြစ်နေသေးပေမဲ့ ဒါဟာ ကြောင်း-ကျိုး ဆက်နွယ်မှုတော့မဟုတ်ပါ။ ဆရာအလုပ်ဝင်ကာစက ဆရာကြီး တစ်ဦးက 'B.Sc. (Forestry) ဆိုတာ သစ်တောဌာနမဟုတ်ဘူးကွ” လို့ပြောတာကြားတော့ သဘောမပေါက်ခဲ့ပါ။ ဘွဲ့ရခြင်းနဲ့အလုပ်ရခြင်းကွင်းဆက်ကလေးကိုပဲ ကြောင်း-ကျိုးဆက်နွယ်မှုလို့ ထင်ခဲ့မိတာကိုး။ ဒီပညာသင်လို့ ဒီအလုပ်ရတယ်။ တနည်းအားဖြင့် ဒီအလုပ်ရဖို့ဒီပညာသင်ရတယ်လို့ပဲ မှတ်ယူခဲ့မိတယ်။

အမှန်တော့ တက္ကသိုလ်မှာ ဘွဲ့ရတစ်ယောက်အနေနဲ့သိသင့်၊ တတ်သင့်တဲ့သစ်တောပညာ အခြေခံသဘောတရား တွေနဲ့ ဘာသာရပ်တွေကို သင်ပေးတာသာဖြစ်တယ်။ အလုပ်ခွင်မှာ ကြုံတွေ့ရမဲ့အလုပ်တွေအတွက် တိုက်ရိုက် ကြိုတင်ပြင်ဆင်ပေးခြင်းတော့မဟုတ်ပါ။ ဒါကြောင့်ဌာနမှာအလုပ်ဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ၊ တက္ကသိုလ်မှာ ဒါတွေကို သင်ပေးလိုက်မှာပါပဲ။ သင်ယူရမှာပါပဲ။

တက္ကသိုလ်ပညာရေးနဲ့အလုပ်ခွင်သင်တန်းတွေဟာ အသွင်ရော၊ အနှစ်သာရပါကွာခြားတယ်။ အလုပ်ခွင်သင်တန်း တွေက လေ့ကျင့်သင်ကြားခြင်း"Training" တစ်ခုတည်းကိုဦးတည်တယ်။ ဒီလိုဆိုလိုက်တော့ တက္ကသိုလ်နဲ့အလုပ်ခွင် ဘာမှအဆက်အစပ်မရှိဘူးလို့ တစ်ဖက်စွန်းအမြင်ဆီရောက်မသွားကြပါနဲ့။ ကျောင်းမှာသင်ခဲ့ ရတာတွေကိုအခြေခံပြီး လက်တွေ့ဘ၀ကပြဿနာတွေကိုဖြေရှင်းလို့ရတယ်ဆိုတာကိုလည်း ကြုံတွေ့ရမှာပါပဲ။ မင်းတို့ကျောင်းမှာသင်ခဲ့ရတဲ့ ဘာသာရပ်တွေနဲ့ မသက်ဆိုင်တာတွေကို အလုပ်ထဲမှာမလွဲမသွေတွေ့ရမှာပဲ။ အဲဒါတွေအတွက်ပါ ကြိုတင်သင်ပေး လိုက်မှာပဲလို့တော့မမျှော်လင့်အပ်ပါ။

ဒါတွေကမင်းတို့ရဲ့ဘ၀အတွေ့အကြုံတွေထဲက လေ့လာသင်ယူရမှာ၊ မင်းတို့ရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ အစွမ်းအစတွေကိုထုတ်ပြီး ဖြေရှင်းရမဲ့အရာတွေဖြစ်တယ်။

ဒါကြောင့်ပဲ “ဆရာဆိုတာစာကိုသာသင်ရမှာမဟုတ်၊ စိတ်ကိုပါသင်ပေးရမှာ” ဆိုတဲ့ ဆရာအောင်သင်းရဲ့စကားကို ဆရာအလွန်သဘောကျမိတယ်။ လေ့လာသင်ယူခြင်းရဲ့အနှစ်သဘောကိုသင်ပေးတာ၊ လက်တွေ့ဘ၀အတွက် အဆင်သင့်ဖြစ်စေဖို့ စိတ်ကိုပြင်ဆင်ပေးတာတွေဟာ “စိတ်ကိုသင်တာ” လို့ ဆရာတော့နားလည်မိတာပဲ။ မင်းတို့ ကိုယ်တိုင်လည်း ကျောင်းမှာစာကိုသာသင်ရမှာမဟုတ်၊ စိတ်ကိုပါသင်ယူရမှာလို့ နားလည်ထားသင့်တယ်။

တက္ကသိုလ်ပညာရေးမှာ လေ့လာသင်ယူခြင်း “Learning"နဲ့ လေ့ကျင့်သင်ကြားခြင်း “Training” နှစ်မျိုးလုံးပေါင်းစပ် ပါဝင်ပေမဲ့လည်း Learning ကိုပိုအလေးကဲတယ်လို့ ဆရာယူဆတယ်။ အသိဉာဏ်နဲ့အတွေးအခေါ်ပါတဲ့ သင်ကြားခြင်းကိုသာ တက္ကသိုလ်ပညာရေးလို့ခေါ်ထိုက်တယ်။ တကယ်တော့ပညာရေးဆိုတာ ကျောင်းမှာသင်ရတာ သက်သက်မဟုတ်ဘူးဆိုတာမင်းတို့လည်းသိတန်သလောက်သိကြမှာပါ။

ကျောင်းမှာဘာသာရပ်အမျိုးမျိုးသင်ကြရပေမဲ့ ခြုံပြီးပြောရရင် အဲဒါတွေဟာ အချက်အလက်တွေ၊ ယူဆချက်တွေ၊ သီအိုရီတွေ၊ အခြေခံသဘောတရားတွေ၊ နည်းနာတွေ (Methods နဲ့ နည်းလမ်းတွေ (Techniques)၊ သရုပ်ခွဲစိစစ် ချက်တွေ၊ လေ့လာသုံးသပ်ချက်တွေ၊ ကောက်ချက်တွေ၊ ဒါတွေပါပဲ။ ဒီအထဲမှာ “အသိပညာ” ပါသလို “အတတ် ပညာ” တွေလည်းပါတယ်။ သိရုံ၊ တတ်ရုံနဲ့မပြီး “အသုံးချ” နိုင်မှ “တကယ့်ပညာ” အဆင့်ကိုရောက်မှာပါ။

တက္ကသိုလ်ပညာရေးဟာ စာတစ်ခုတည်းသင်ပေးဖို့မဟုတ်၊ မင်းတို့ပိုင်းခြားဝေဖန်တတ်ဖို့်၊ စဉ်းစားဆင်ခြင်တတ်ဖို့ လည်းရည်ရွယ်တယ်။ ဘယ်လို (ံHow) ဆိုတာထက်၊ ဘာကြောင့် (Why) ဆိုတာကိုပိုအလေးပေးတယ်လို့ ဆိုကြတယ်။ “ဘာကြောင့်” ဆိုတာ သေသေချာချာနားလည်ပြီး အဓိပ္ပါယ်ရှိတဲ့၊ သင့်လျော်တဲ့အဖြေတစ်ခုထုတ်နိုင်ဖို့၊ ဒါမှမဟုတ်ဖြစ်နိုင်ချေတွေထဲက အသင့်တော်ဆုံးရွေးချယ်မှုတစ်ခုပြုနိုင်ဖို့၊ ဒီလိုရည်ရွယ်တာပါ။

"Why” တစ်ခုရဲ့နောက်မှာ နောက်ထပ် “Why” တွေရှိနိုင်ပါသေးတယ်။ အဖြေတစ်ခုကနေ နောက်ထပ်မေးခွန်း အသစ်တစ်ခုပေါ်လာနိုင်ပါတယ်။ နောက်ဆုံးမတော့ အရင်ကမရဘူးသေးတဲ့ “သိခြင်း” တစ်ခုရလိုက်ရင်၊ ဒါမှမဟုတ် အဲဒီသိခြင်း “ဉာဏ်အလင်း” ကိုဦးတည်စေမယ်ဆိုရင် အဓိပ္ပါယ်ရှိတဲ့ မေးခွန်းတွေဖြစ်လိမ့်မယ်။ အဲဒီလိုမေးခွန်းမျိုး ထုတ်တတ်ရင် အတိုင်းထက်အလွန်ပေါ့။

လက်တွေ့ဘ၀မှာ “Why” နဲ့မလုံလောက်သေးပါ။ “How” ကိုလည်းသိဖို့လိုသေးတယ်။ “How” ကိုပါမသိရင် ခြေ၊ လက်တွေမလှုပ်ရှားနိုင်ပဲ စဉ်းစားတတ်တဲ့ဦးခေါင်းသာရှိတဲ့ ခန္ဓာကိုယ်လိုဖြစ်နေတော့မှာပေါ့။ အလုပ်ခွင်ထဲမှာ မင်းတို့မသင်ခဲ့၊ မသိခဲ့ရတဲ့ “ံHow” တွေနဲ့လည်း ကြုံတွေ့ရမှာပါပဲ။ အဲဒီအခါ မင်းတို့လေ့လာ သင်ယူခဲ့တဲ့ “Why” က အဖြေရဲ့လမ်းစကိုပေးကောင်း ပေးနိုင်ပါလိမ့်မယ်။

မေးခွန်းမေးတတ်ရုံနဲ့ အလုပ်ဖြစ်ပြီလို့တော့ တထစ်ချမဆိုနိုင်သေးပါ။ အဖြေပေးမဲ့ “ဆရာ” ဆိုတာ လက်တွေ့ဘ၀မှာ အမြဲမတွေ့နိုင်ပါ။ ကိုယ့်ကိုယ်ကိုယ်သာအားကိုးပေရော့။ ကျောင်းမှာစာမေးပွဲတွေဖြေကြတဲ့အခါ သင်ထားတာကိုပဲ မေးမယ်ဆိုတာတွက်ထားလို့ရပေမဲ့ လက်တွေ့ဘ၀ရဲ့စာမေးပွဲတွေမှာတော့ သင်ထားတဲ့ထဲကပဲမေးလိမ့်မယ်လို့ မမျှော်လင့်နဲ့တော့။ မကြာခဏဆိုသလို မင်းတို့ရင်ဆိုင်ရမဲ့မေးခွန်းတွေဟာ ကျောင်းကသင်ပေးလိုက်တဲ့ဘောင်ကနေ ကျော်သွားတာမျိုးဖြစ်နေလိမ့်မယ်။

အဲဒီလိုကြုံလာတဲ့အခါ “ကျောင်းကသင်ပေးလိုက်တာတွေကသုံးမရပါဘူး” ဆိုတဲ့အတွေးမျိုးဝင်လာမိမှာပါပဲ။ ဒါပေမဲ့ ကမ္ဘာ့အကောင်းဆုံးကျောင်းတော်ကြီးတွေသည်ပင်လျှင် မင်းတို့ဘ၀တစ်သက်တာကြုံလာနိုင်သမျှ မေးခွန်းတွေရဲ့ အဖြေတွေချည်းအားလုံးစုပြီး သင်ပေးလိုက်နိုင်မှာမဟုတ်ပါ။ ဘယ်အချိန်၊ ဘယ်အခါမှာမှလည်း ဒီလိုဖြစ်လာနိုင်စရာ မရှိပါ။ အနာဂတ်မှာဘာတွေကြုံရမယ်ဆိုတာ ဘယ်သူမှတထစ်ချပြောနိုင်တာမှမဟုတ်ပဲ။ မှန်းဆရုံသာပဲတတ်နိုင် ကြတာမဟုတ်လား။ သင်ယူခဲ့တဲ့အခြေခံကိုအသုံးချပြီး မင်းတို့ရဲ့အတွေ့အကြုံ၊ အသိဉာဏ်နဲ့ အဖြေရှာရမှာပဲ ဖြစ်တယ်။

ကဲ...မင်းတို့ရဲ့အနာဂတ်အကြောင်း စဉ်းစားကြည့်ကြရအောင်။ အနာဂတ်ကိုမှန်းဆတာဟာ လွယ်ကူတဲ့ကိစ္စ မဟုတ်လို့ ဆရာကတော့သိပ်ဝေးဝေးကြီးကအကြောင်း မပြောလိုပါ။ မင်းတို့ကျောင်းကထွက်ခွါသွားပြီးတဲ့နောက် သိပ်မကြာခင်အချိန်ကလေးကိုပဲFocusလုပ်ကြည့်ကြမယ်။ အများအားဖြင့် အနာဂတ်ကိုလက်ရှိ အလားအလာ (Trend) တွေကနေမှန်းဆကြည့်ကြတယ်။ ဖြစ်နိုင်ချေကတော့ တစ်ခုထက်မကရှိနိုင်တာပေါ့။ ဖြစ်တန်ရာအရှိဆုံး ကိုမှန်းဆကြည့်ရရင် ခုလုပ်နေရတဲ့ “ပေါ်ပင်အလုပ်တွေ” ကို ကာလတစ်ခုထိတော့ ဆက်လုပ်နေရဖွယ်ရှိတယ်။ ရေရှည်မှာတော့ပေါ်ပင်အလုပ်တွေ လုပ်တတ်ရုံနဲ့ မပြီးလောက် တော့ဘူး။

လက်ရှိအနေအထားတွေက “Private Forestry” ဆီဦးတည်ဖို့ရှိတယ်။ ပုဂ္ဂလိကလုပ်ငန်းထဲမှာ အလုပ်ရှင်တွေက မင်းတို့ရဲ့ကျွမ်းကျင်မှုနဲ့ စွမ်းရည်ကိုမျှော်လင့်ထားမှာပဲ။ သူတို့မျှော်လင့်ထားသလောက် မင်းတို့လုပ်မပေးနိုင်ရင်၊ သေချာတယ်။ အချိန်မဆိုင်းကန်ထုတ်ခံရမှာပဲ။ ပုဂ္ဂလိကကဏ္ဍဆိုတာမျိုးက အမြတ်အစွန်းရတဲ့လုပ်ငန်းကိုပဲ လုပ်ကြ မှာမို့ အပြောလွယ်ပြီးအလုပ်ခက်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုဘ၀မြှင့်တင်ရေးဆိုတာမျိုးတွေကတော့ Public Sector မှာပဲကျန်နေလိမ့်မယ်။ အဲဒီအလုပ်မျိုးတွေက လုပ်ရတာပိုပိုပြီးခက်လာမှာပဲ။

အနာဂတ်မှာ ဘာသာရပ်၊ ပညာရပ်တွေရဲ့ သဘောသဘာဝတွေ ပိုပြီးထွေပြားလာမှာသေချာတယ်။ နည်းပညာရဲ့ လွှမ်းမိုးသက်ရောက်မှုကလည်း သိပ်ကိုကြီးမားမှာပဲ။ မင်းတို့ဖြေရမဲ့မေးခွန်းတွေ၊ ဖြေရှင်းရမဲ့အကျပ်အတည်းတွေ ကလည်း ပိုပိုပြီးရှုပ်ထွေးလာမယ်။ မင်းတို့ရဲ့ဘ၀တွေဟာလည်း ဒီကနေ့လောက်ရိုးရှင်းတော့မှာမဟုတ်ဘူး။
စိန်ခေါ်မှုတွေပိုများ၊ ပိုရှုပ်ထွေး၊ ပိုကြီးမားလာ၊ အကျိုးသက်ရောက်မှုကလည်းပိုပြင်းထန်လာလေတော့ မင်းတို့ သိထား၊ တတ်ထားသလောက်ရယ်၊ စဉ်းစားတတ်တဲ့ခေါင်းရယ် ပေါင်းလိုက်တာတောင်လုံလောက်ဦးမှာမဟုတ်ဘူး။

အမြဲတမ်းဆက်ပြီးလေ့လာသင်ယူနေရဦးမှာပဲဖြစ်တယ်။
အနာဂတ်ကိုအသေအချာတွက်ဆဖို့ ခက်ခဲသလို အနာဂတ်မှာဖြစ်လာမဲ့အခြေအနေတွေကို မင်းတို့လွှမ်းမိုးနိုင်ဖို့ ဆိုတာကလည်း မဖြစ်နိုင်သလောက်ပဲ။ မင်းတို့လုပ်နိုင်တာက အခြေအနေ၊ အပြောင်းအလဲတွေအောက်မှာ လိုက်လျောညီထွေနေနိုင်တဲ့သူဖြစ်အောင်၊ အဲဒီကတဆင့်တက်ပြီး ပေါ်လာတဲ့အခွင့်အလမ်းတွေကို အမိအရယူနိုင်တဲ့ အရည်အချင်းရှိလာအောင်လုပ်ယူဖို့ပဲ။ အဲဒီအတွက်ပြင်ဆင်ထားချင်တယ်ဆိုရင်တော့

မင်းတို့ရဲ့ဒီSemester လေးဟာ ကျောင်းသားဘ၀မှာ နောက်ဆုံးရလိုက်တဲ့ အချိန်ကလေးပဲဖြစ်လိမ့်မယ်။

မအောင်မြင်သော ကျောင်းဆရာတစ်ယောက်၏ အားထုတ်မှု လက်ရာရှင် ကျနော့်မိတ်ဆွေ ပါချူပ်ရဲ့ အဲဒိနေ့ က အပြီးမသတ်လိုက်ရတဲ့ ပို့ ချမှု အစအဆုံးပါခင်ဗျာ

No comments:

Post a Comment