Thursday, November 3, 2016

တက္ကသိုလ်ဆိုင်း

ဆိုင်း(၀)
လှုမှုရေး ကွန်ရက်တွေကို ကျွန်တော် ဘယ်လိုရောက်ပြီး ဘယ်လိုစိတ်နဲ့ သုံးမိသလဲ

ဝင်မိတဲ့ ကွန်ရက်များ

ပုဂံဖိုရမ်
နေ့ တစ်မြန်မာ
အခု ဖေ့စ်ဘုတ်

ပုဂံဖိုရမ်ကို သမီးဝဏ်ကြောင့် ရောက်ခဲ့တယ် ကျွန်တော့် တကယ့် ပထမဆုံးပို့ စ်အစစ်က သမီးနာမည်နဲ့ ဗိုလ်ချူပ်ရဲ့ ကဗျာ မူရင်းကို တင်ပေးခဲ့တာပါပဲ ဒါပေမဲ့ အများကတော့ ကျွန်တော့် နစ်အစစ် မောင်ကိုနဲ့ မီးမွှေးခဲ့တဲ့ ထရုံလူမျိုးများ အကြောင်းမှာ သိသွားကြတယ်
ပုဂံမြို့ တော်ကြီး တရုတ်တွေကြောင့် (ဟဲဟဲ တိုက်ဆိုင်တယ်ဗျာ) ပျက်သုံးသွားတဲ့ အခါမှာ နေ့ တစ်ကို မိုင်ဂရိတ်လုပ်သွားတော့ ပါသွားတာပေါ့၊ ကျွန်တော့် စာစုအများအပြား အဲဒီမှာပဲ ရှိတယ်။ အမှန်တော့ ဘလော့ဂ်လုပ်သင့်တာပဲ။

ဘလော့ရ်က နေပြည်တော်မှာ ၀င်မရတော့ဘူး။ နေ့ တစ်ကလဲ ဘန်းတဲ ခဏခဏ ရောက်ပုံ။
မထင်ပဲ နာမည်မှားဆက်သွယ်လာတဲ့ စကိုင်းဘလူး နှင်းမိုးဆိုတဲ့ ခလေးမလေး တစ်ယောက်ကနေ အမှတ်မထင် ဖေ့စ်ဘုတ်ကို ရောက်ခဲ့တယ်၊

မိတ်ဆွေဟောင်းတွေ ပြန်ဆုံရသလို မိတ်ဆွေသစ်တွေလဲ အများကြီးတိုးခဲ့ပါတယ်
ဖက်ဆယ်လတီးကလဲ ကောင်းပါ့ဗျား။ ဓါတ်ပုံတွေ မှတ်စုတွေ မှတ်ချက်တွေ။ ဖိုရမ်တစ်ခုကို ကိုယ်တိုင် ပိုင်ဆိုင်လိုက်သလိုပါပဲ
ဒါဆိုရင် ကျွန်တော် ဘယ်လိုသုံးမလဲ။ အရင်ဖိုရမ်လိုပဲသုံးနေမိပါတယ်
ကျွန်တော့် ဘ၀အတွေ့ အကြုံတွေကို ဖိုရမ်တုံးက ရေးမိပါတယ်၊ အခုဖေ့စ်ဘုတ်မှာတော့ ဓါတ်ပုံတွေ တင်ထားမိတယ်။

ညီငယ် ဇေယျာဝေဖြိုးက အနုပညာအသင်းဓါတ်ပုံတွေကို ကြည့်ပြီး

This is History, in fact this is more like this generation's future dream, including mine.

လို့  မှတ်ချက်ပြုခဲ့တယ်။

ကျွန်တော် တော်တော်လေး အားရှိသွားတယ်၊ သူတို့ ကိုလဲ စာပေးဖတ်စေချင်စိတ်ရှိခဲ့တယ်။ ဒါပေမဲ့ ကွန်ပျူတာ နဲ့  ၃၉မျက်နှာရှိတဲ့ စာတွေကို ဇော်ဂျီပြန်ရိုက်ရမှာ တွန့် နေတယ်၊ တသက်တာမှတ်တမ်းတို့  မိန်းမလှအမုန်းတို့  သော်တာဆွေ ဘ၀ဇာတ်ကြောင်းစသည်များကို မြန်မာအင်တာနက် လောက အလွယ်တစ်ကူဖတ်နိုင်အောင် ပါရမီဖြည့်ခဲ့ ကြတဲ့ တပည့်များနဲ့ ကလည်း အဆက်ပြတ်သွားပြီလေ။ မထင်လိုက်ပဲ မမေကြည်အကူအညီနဲ့  ကွန်ဗာတာကို ပလဲနက်မှာ တွေ့ လိုက်ရတယ်။

အဲဒါကြောင့် အခု ပုဂံတုန်းက တင်ခဲ့တဲ့ တက္ကသိုလ် အနုပညာအသင်း ဆိုင်းအဖွဲ့ အကြောင်းကို ပြန်တင်ပေးပါ့မယ်။ ကျွန်တော့် နုတ်စ် ကျွန်တော်လုပ်ချင်တာလုပ်တယ်လို့ တော့မထင်ပါနဲ့ ဗျာ။ ကျွန်တော်တို့ ကိုယ်တိုင် မှတ်တမ်းမတင်ရင် ဘယ်မှာမှလဲ ကျန်မှာမဟုတ်လို့ ပါ၊ နောင်အနာဂတ် တက္ကသိုလ်များ ပြန်လည် စည်ပင်လာပါစေလို့ လဲ ရည်ရွယ်ပါတယ်

မေး     ထပ်မံပြီး မေးလိုသူနောက်တဦး က
လေးလေး မောင်ကို ဖြစ်ပါတယ်.. အသက်အရွယ်အားဖြင့် လေးစားလောက်တဲ့ အသက်အရွယ်ရှိပြီး အချို့ က လေးလေး .. အချို့ က အကို လို့ ခေါ်ကြတာဖြစ်ပါတယ်.....

အခု မေးလို့ ကောင်းအောင် ကိုမောင်ကို လို့ သုံးနှုန်းပါမယ့်... (ခွင့်လွှတ်ပေးပါ ကိုမောင်ကို ခင်ဗျား)

၁) ကိုမောင်ကို အနေ နဲ့ ဆိုင်း ကို အတော်စိတ်အားထက်သန်ခဲ့တယ်လို့ သိရပါတယ်.. အကို့ ကို မေးချင်တာက မြန့် မာတူရိယာတွေထဲမှာ ဘာကြောင့် ဆိုင်းကိုမှ ရွေးချယ်မိသွားတာပဲလဲခင်ဗျာ

၂) အနုပညာဖန်တီးသူ တယောက်ရဲ့ စိတ်ကို သူ ဖန်တီးတီးခတ်နေတဲ့ တူရိယာကနေပြီး ခန့်မှန်းလို့ ရတယ်ဆိုတာဟုတ်ပါသလားခင်ဗျာ .. ဥပမာ တီးခတ်သူ အနုပညာရှင် စိတ်မချမ်းသာရင် မချမ်းသာဘူး ပျော်ရွှင်ရင်ပျော်နေတယ်ဆိုတာမျိုး သူ့ ဂီတအသံမှာ နားထောင်ကြည့်လို့ ရပါသလား ...

၃) ဖိုရမ် ကို ဘယ်လိုမြင်မိတယ်ဆိုတာ အကို့ ရဲ့ အမြင်လေး သိပါရစေ

၎) တူးဆွခြင်း အပိုင်း ၂ မှာ အကို တော်တော်ကြိုးစားပမ်းစား တင်ထားတာတွေ တွေ့ ရပါတယ်.. မအားလပ်တဲ့ကြားက နေတင်ပေးလို့ ကျေးဇူးလည်းတင်ရပါတယ်.. အကိုအဲဒီစာတွေကို ဘယ်လို စိတ်ထားမျိုးနဲ့ တင်ပေးနေတယ်ဆိုတာ သိပါရစေ( ကိုကို တို့ သိသော်လည်း ... အကိုရင်ထဲက ပြောစကားတွေ ဖတ်ချင်လို့ ပါ)

၅) အွန်လိုင်း မိတ်တွေတွေ အပြင်မှာတွေ့ ရင် တမျိုးပဲလို့ ပြောပြောနေတဲ့အပေါ် ဖိုရမ်မီတင် တပွဲသွားဖူးထားတဲ့ အကို့ သဘောထားလေး သိပါရစေ

၆) သာယာချမ်းမြေ့ တဲ့ အိမ်ထောင်တခု ကိုဘယ်လို တည်ဆောက်ရမလဲဆိုတဲ့ အကို့  အိုင်ဒီယာလေးသိပါရစေ

၇) ဆေးလိပ်သောက်ခြင်းအပေါ်ထားတဲ့ အကို့ သဘောထား အမြင်ကို သိပါရစေ

၈) နောက်တခုကလည်း မိသားစု အကြောင်းပေါ့လေ.. ဖခင်တဦးဖြစ်တဲ့ အကို့ အနေနဲ့ သားသမီးတွေအပေါ်(ကတောက်ကဆဖြစ်တဲ့အခါလည်းရှိမှာပေါ့ ) ဘယ်လို့ ညှိယူသလဲဆိုတာလေး ...

၉) အကိုရဲ့ လူမှုရေးလုပ်ဆောင်မှုတွေထဲက အားအရဆုံးလုပ်ဆောင်မှုများရှိရင် ... သိပါရစေ... ရှိခဲ့ရင်လည်း ဘာကြောင့် အဲဒီလို လုပ်ဆောင်မိသွားရတာလည်း ဆိုတာလေး

၁၀) ပြောပြချင်တဲ့ ရင်တွင်ဖြစ် စကားလေးများ ရှိရင် ....
အကို မောင်ကို ဖြေမည့်အဖြေများကို စောင့်မျှော်ရင်း စာကောင်းပေမွန်နဲ့ အနုပညာ ဂီတများကို ဖိုရမ်ပေါ်ကနေ ဒီထက်ဖြန့်ဝေနိုင်ပါစေလို့ ဗျူးကိုကို တို့ အင်တာဗျူးချန်နယ်မှာ ဆုမွန်ကောင်း


ဖြေ

ပထမဆုံး ဆိုင်းကို ဘာလို့ရွေးချယ်ခဲ့လဲဆိုတဲ့ မေးခွန်းကို ဖြေပါ့မယ်။

ဒီဖိုရမ်ပေါ်မှာ ဖြေရတာဟာ အပြင်အင်တာဗျူးတွေထက်ကို ချင့်ချင့်ချိန်ချိန် ပြောရမယ်ထင်ပါ့၊ ဒါပေမဲ့လဲ မော်ဒရေတာတွေ ရှိနေတဲ့အတွက် သူတို့တာဝန်ပဲလို့ သတ်မှတ်ပြီး ကျွန်တော် ပြောချင်သလောက် ပြောပါတော့မယ်၊ ဆရာသော်တာဆွေ ဘ၀ဇာတ်ကြောင်းလောက် ရေးနေတယ်လို့ထင်ရင်လဲ ၀င်တားကြပါ၊ အခုဖြေမဲ့ မေးခွန်းထဲမှာ ကျွန်တော့် ဘ၀နောက်ကြောင်းဆိုင်ရာလေးတင်မကပါဘူး၊ တက္ကသိုလ်ဆိုတဲ့ ပရ၀ုဏ်တစ်ခု အကြောင်း၊ တက္ကသိုလ် ၀န်းကျင်ဆိုတဲ့ ခံယူချက်တွေ၊ အနုပညာ၊ မြန်မာ့အနုပညာ၊ ယဉ်ကျေးမှု တက္ကသိုလ်တစ်ခုကို စိတ်ကူးယဉ်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားတစ်စုရဲ့ လှုပ်ရှားမှုတွေ ပါလာမှာမို့ပါ။ တဆက်တည်း ကျွန်တော် မည်သူဆိုတာလဲ တိတိကျကျသိသွားနိုင်လောက်လို့ ကိုယ့်ကိုယ်ကို ဖေါ် မသူတော်ဖြစ်မလားလို့လဲ စိုးရိမ်မိပါတယ်၊ လှုပ်ရှားခဲ့တဲ့ သူငယ်ချင်းများ အကြောင်းတွေလဲ ရေးချင်မိတယ်၊ အဲဒီတော့ ဗျူးကိုကို ခင်ဗျား အဲဒီလောက် ဖြေရမလား၊ ဒါမှမဟုတ် ကျောင်းမှာ ပတ္တလျား၊ စောင်းလောက် တီးနေတဲ့ လူငယ်တစ်စုကို အတင်း ကျောင်းသူတွေကို ကျောင်းသားတွေတီးတဲ့ ဆိုင်းနဲ့ ပဲ ကချင်တယ်ကွာဆိုလို့ ထလုပ်ကြတာကနေ၊ ထမင်းမေ့ ဟင်းမေ့၊ ရီးစားမေ့ စွဲသွားတာပါလို့ လောက်ပဲ ဖြေရင်ရမှာလား၊ ပြန်ဗျူးပရစေ၊ ဒိုင်ယာလော့ပေါ့ဗျာ

ရန်ကုန်တက္ကသိုလ် အနုပညာအသင်းမှာ ကျောင်းသားများချည်း တီးတဲ့ ဆိုင်းအဖွဲ့ နှစ်ဖွဲ့ ရှိခဲ့ပါတယ်။ ကျွန်တော်တို့က ဒုတိယဆိုင်းအဖွဲ့ပါ၊ ပထမဆိုင်းအဖွဲ့ အကြောင်း ကျွန်တော်တစ်ယောက်ပဲ နဲနဲမှီပါတယ်၊ ဒါတောင် သူတို့ ၀ိုင်းအပြည့်အစုံနဲ့ တီးတာ တစ်ခါပဲ ကြည့်ဘူးပါတယ်၊ အဲဒီအချိန်မှာ ကျွန်တော် ပထမနှစ်၊ ပတ္တလျား သင်တန်းမှာ တံတျာတေရှင် စတုန်း၊ ပွဲတစ်ပွဲ အာရ်စီထဲမှာ ကနေပါတယ်၊ မှတ်မှတ်ရရ ခုံတော်မင်းသမီးအကရယ်၊ အပျိုတော်ယိမ်းရယ်၊ စင်တော်မင်းသမီးယိမ်းအကရယ် ရင်ထဲမှာ စွဲကျန်နေခဲ့တယ်၊ ၀ိုင်းခေါင်းဆောင်က မွန်ထော်လို့ ခေါ်ကြတဲ့ ကိုထော်ပိုင်ပါ၊ ကိုအောင်စည် (ထင်တာပဲ) ရဲ့ ကောင်းခြောက်ဆယ်လေးရပ် သွေးထပ်ထပ်ရုပ်ညီဆိုတဲ့ တေးထပ်အဆိုနဲ့ အင်မတန်လိုက်လှတဲ့ စင်တော်မင်းသမီးယိမ်း၊ အဲဒီထဲက လမင်းထက် နှစ်လေးသာ အေးမြလိုက်တာ ဆိုတဲ့ စာသားလေး ခုထက်ထိ ဘယ်မယ်ဖွဲ့ မှ မမှီဘူးလို့ ထင်ပါတယ်၊

အဲဒီဆိုင်းအဖွဲ့မှာ ကိုထော်ပိုင် ၀ိုင်းတီးပါတယ်၊ မောင်းကတော့ ကိုအောင်ဆန်းပါ၊ အဲဒီတုံးကသူ့ကိုမသိပါဘူး၊ ဒါပေမဲ့ ၁၉၇၄ သင်းကြန်မှာ အဓိပတိလမ်းမထိပ် အနုပညာအသင်းမဏ္ဍပ်မှာ ကျွန်တော်တို့ ဆိုင်းတီးနေတော့ သူရောက်လာပြီး ကျွန်တော် မောင်းဆိုင်းတီးနေတာကို မင်းတော်တော်ဖြစ်နေပြီးပဲ လို့ ချီးမွန်းပြီး ဟဲဟဲ ဆေးရုံတက်ဖို့ပဲကျန်တော့တယ်လို့ အုပ်သွားလို့ မှတ်မိနေတာပါ။ သူက အဲဒီအချိန်မှာ ပြည်မှာ ဆီစက်သူဌေးဆိုပဲ။ သူတို့ခေတ်မှာ နှဲသမား ကျောင်းသား မရှိဘူးထင်ပါတယ်၊ သေသေချာချာကို မသိလိုက်တာပါ၊ လက်ဆင့်ကမ်းအမွေဆိုလို့လဲ ဆိုင်းပစ္ခည်းတွေပဲ ထားခဲ့ကျတာကလား
ကိုထော်ပိုင်နဲ့ နောက်ပိုင်းတစ်ခါဆုံတော့ ကျွန်တော်တို့တီးတဲ့ ဆိုင်းပစ္စည်းများရဲ့ ရာဇ၀င်ကို ပြောပြဘူးပါတယ်၊ ဒီဆိုင်းဟာ မြန်မာ သုတေသနအသင်းရဲ့ သုတေသန ရံပုံငွေနဲ့ ရူပဗေဒဌာနက အသံသုတေသန ပြပြီး သူကိုယ်တိုင် မန္တလေးတက်ဝယ်ထားတယ်လို့ ပြောပါတယ်။

သူတို့ဆိုင်းတီးတာကို နောက်တစ်ခါ အသင်းဆိုင်းခန်းထဲမှာ မှုန်ရွှေရည်သီချင်း တိုက်နေကြတာပဲ ကြားဘူးလိုက်ပါတယ်၊ ဒါ ကျွန်တော်အတွက် မှတ်မှတ်ရရပဲ

ကျောင်း ပထမ ၂ နှစ်က အနုပညာဆိုတာ ပတ္တလျားတီးတာကလွဲရင် ကျွန်တော် တခြား အလုပ်များနဲ့ လွတ်နေချိန်ပါ၊ သစ်တော အဓိကက အရင်ခေတ် စံနစ်အတိုင်းပဲ မေဂျာဘာသာများ တတိယနှစ်မှ စတော်မူပါတယ်၊ ၂နှစ်လုံးလုံး သိပ္ပံမေဂျာများနဲ့ အတူတူ ကျီးထိုးထိုး ငှက်ထိုးထိုး ကျွန်တော်တို့ဆရာများ ပစ်ထားတာပါ၊ ပထမနှစ်မှာ ဆယ်တန်းသင်ရိုးများနဲ့ တူတော့ တန်းလုံးကျွတ်အောင်လေ့ရှိပြီး ဒုတိယနှစ်မှာ အမြဲ ၁၀ယောက်မှ ၁၅ယောက်အထိကျလေ့ရှိပါတယ်၊ (၅၀ ပဲရှိတဲ့ မေဂျာဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ)၊

အနုပညာ အသင်းခန်းကို သင်တန်းချိန်ကလွဲလို့ ကျွန်တော် မရောက်ပါ၊ ယူတီစီ တပ်ရင်းရယ်၊ ကျောင်းပြေးပြီး ဟိုယောင်ယောင် ဒီယောင်ယောင် ရုပ်ရှင်ရုံများရယ် လွပ်လပ်မှုအရသာ အပြည့်အ၀ ခံစားလို့ ကောင်းတုံးပေါ့ဗျာ၊ ကျွန်တော်လဲ ကျတဲ့ အထဲပါသွားတော့မလို့ပဲ၊ ဘယ် မော်ဒန်ရူပဗေ။ အဆင့်မြင့် သချာင်္ရယ်၊ အော်ဂဲနစ် ဓါတုဗေဒရယ်ကို တစ်နှစ်လုံး တစ်ချိန်မှကိုမတက်ပဲ ကျူရှင်လဲမရှိတာ စာအုပ်ကြည့်ဖြေတာ၊ ကံကြီးလွန်းလို့ ၂ ၂ ၂ တွေနဲ့ အောင်ခဲ့တာလေ။

တတိယနှစ်မှာ ကျွန်တော် ဆိုင်းနဲ့ နဲနဲ နီးစပ်လာပါတယ်

ရေးနေရင်းနဲ။့ University Life မှာပဲ ပြောင်းတင်ရင် ကောင်းမလား မသိပါဘူးဗျာ

တတိယနှစ်မှာ ကျွန်တော် ဆိုင်းနဲ့ နဲနဲ နီးစပ်လာပါတယ်။ ကျောင်းမှာက မေဂျာဘာသာတွေပါလာလို့ သစ်တောဌာန (အခု ပထ၀ီဌာနရဲ့ အပေါ်ဆုံးထပ်ပေါ့) မှာ စတက်ရပါပြီ၊ ဗဟုသုတပြောရရင် ကျွန်တော်တို့ဌာနမှာ စာသင်ခန်း လေးခန်းပဲရှိပါတယ်၊ မာလာဆောင်ဘက်လှေကားက စတက်ရင် တတိယနှစ်အခန်း ဖြစ်ပြီး၊ နောက် စတုတ္တ၊ ပဉ္ခမ၊ ဆဌမပေါ့၊

အဓိပတိလမ်းမဘက်က နောက်ဆုံးအခန်းကနေ ဆင်းသွားရတယ်၊ ဌာနက အာရ်စီဘေးနား ကပ်ရက်ဆိုတော့ အနုပညာအသင်းကို အရင်ထက် ပိုရောက်မိတယ်၊ ပြီးတော့ ပတ္တလျားမှာ အခြေခံသင်ရိုးတွေကုန်လို့ ပတ်ပျိုး၊ ယိုးဒယား စသည်တို့ကို ပန်တျာကျောင်းက ဆရာကြီး ဦးဟန်စိန်ဆီမှာ တိုက်ရိုက်တက်ခွင့်ရပြီး ဖြစ်သလို၊ သင်ခါစ ကျောင်းသားကျောင်းသူများကိုလည်း သင်ရိုး သီချင်းများ ကျွန်တော်တို့က သင်ပေးရလို့ ကျောင်းချိန်မဟုတ်ရင် ကျောင်းမတက်ဖြစ်ရင် အနုပညာခန်းမှာပဲ ရှိပါတော့တယ်။ လာသင်ကြတာကလဲ ရာဇူးတင်မက၊ အီကို၊ ပညာရေး၊ ဆေး၊ စက်မှု ကျောင်းပေါင်းစုံကဆိုတော့ ကျွန်တော်တို့ ဆရာများ သင်တန်းမပျက်ပါခင်ဗျား။ တစ်ခုတော့ မကောင်း။ ဘယ်သွားသွား တပည့်များနဲ့ တိုးလို့ ဘာမှလုပ်မရတော့ပါ။

အဲဒီတော့ အကခန်းမှာ အကသင်တန်းရှိရင် ကျွန်တော်အဲဒီသွားပြီး ကြေးနောင် ခေါက်လေ့ရှိတယ်၊ ကျွမ်းသလားမမေးနဲ့ ပတ္တလျားမှာလိုပဲ သံမှန်၊ လေးပေါက်တွေ အမှတ်ကလေးလုပ်ပြီးမှ တီးနိုင်တယ်။ ဘာပါရမီလဲမသိပါ၊ အခုထိ ပတ္တလျားတီးရင် အဲဒီအမှတ်လေးတွေ မရှိရင် အလုံးမမှန်ပါ၊ နောက်ပိုင်း ဆိုင်းဝိုင်းကို အပျော်ဝင်တီးရင်လဲ ဗုံတွေကို စက္ကူလေးတွေကပ်ပြီး တီးရတယ်၊ စန္ဒယားတောင်မှ ပထမဆုံးတီးတုံးက ဘောပင်နဲ့ စီနဲ့ ဂျီကို အစက်လေးတွေချပြီးတီးတာ၊ အခု အစက်ချစရာမလိုတာ မောင်းရယ် စောင်းရယ် ကီးဘုတ် (ကျင့်လို့ ရသွားလို့ပါ) ပဲရှိတယ်။ အကတီးလုံးလဲဘာမှမရပါ၊ သူတို့ အိုးစည်က ကတဲ့ လေပြေဆော်သွင်းမြူးရယ်၊ နန်းကြာညိုကျော့ ရယ်၊ သူ့နောက်က အိုဗာချာရယ်၊ ဒါပဲရတယ်

ရီစရာ၊ ရှက်စရာ ပြောရအုံးမယ်၊ အဲဒီတုံးက တက္ကသိုလ် ပုံနှိပ်စက်က အလုပ်သမားတွေက ဆိုင်းတီးတတ်ကြတယ်၊ သူတို့ကလာတိုက်ပေးတာ၊ ကျွန်တော်က ပတ္တလျားတစ်လုံးနဲ့ ဘေးကတီးရတယ်၊ လေပြေဆော်သွင်းမှာတော့ ဟုတ်နေတာပဲ၊ နန်းကြာညိုကျော့လဲကျရော သူ့နောက်ဆုံး သံဆန်းတီးလုံး အိုဗာချာ က နှစ်ပုဒ်ရှိတယ်၊ ကျွန်တော်က အဲဒီနှစ်ပုဒ်ကို စီနီယာ ကျောင်းသား ဆရာနှစ်ယောက်ဆီက ပထမပုဒ်ကို သံမှန်ခြောက်ပေါက်နဲ့ ဒုတိယအပုဒ်ကို ပုလဲနဲ့ တက်ထားမိတယ်၊ နားမလယ်ဘူးလေ၊ တကယ်လဲတီးကြရော ဆိုင်းသမားတွေက ကျွန်တော့်ကို တွယ်တီးကြတာ၊ ကျွန်တော်က ခြောက်ပေါက်ကနေ ပုလဲပြောင်းသွားတော့ သူတို့ပါမလာတော့ဘူး။ အားလုံးဝိုင်းရီကြတာပေါ့။ ကျွန်တော့်ကို ခြောက်ပေါက်ပြောင်းတီးခိုင်းတယ်၊ မရပါ၊ ဘယ်ရမလဲ အသံနဲ့ မမှတ်ပဲ၊ အစက်တွေနဲ့ မှတ်တီးတဲ့ကောင်ကိုး၊ အခုထိ တွေးကြည့်မိရင် ရီမိသေးတယ်။

အဲဒီ တတိယနှစ်မှာ အဲသလောက်ပဲရှိတယ်၊ ဒါပေမဲ့ နောက်ပိုင်း ဆိုင်းဝိုင်းမှာပါမဲ့ ရူပဗေဒက ကိုချိုသန်းရယ်၊ ပဲခူးက ကိုသန်းအောင်ရယ်၊ သချာင်္က အောင်ကြည်မြင့်ရယ်တော့ စုမိနေပြီ၊

စတုတ္တနှစ်ရောက်လာတယ်။ ကျောင်းမှာ သူများမေဂျာတွေ နောက်ဆုံးနှစ်ပေါ့၊ ကျွန်တော့်မှာ အခုမှ သစ်တောပညာ အခြေခံများ စလို့ကောင်းတုံး၊ တတိယနှစ်တုံးကလဲ ကံကောင်းလို့ ၇၅%ထိပြီး တစ်နှစ်အောက်တော့မလို့။
တက္ကသိုလ်ဗဟုသုတ ရေးပြရအုံးမယ်၊ ကျောင်းမှာ ၇၅%ထိဘို့ဆိုတာ သိပ်မလွယ်ပါ၊ အမျိုးမျိုးဝိုင်း လက်မှတ်ထိုးပေးကြတာပဲ၊
သစ်တောကတော့မရဘူး၊ ရီစရာပြောရရင် ညီမတစ်ယောက်ရေးသလို ပထမနှစ် ဓါတုဗေဒနဲ့ တွဲတက်တဲ့ အခါက ပထမဆုံးအချိန် ဆရာဝင်လာတာ အားလုံးထပြီး မင်္ဂလာပါလုပ်လိုက်တာ၊ ဆရာက ထိုင်ထိုင်ဆိုပြီး ဒါတက္ကသိုလ်ကွ အထက်တန်းကျောင်းမဟုတ်ဘူးဆိုပြီး အကောခံလိုက်ရတယ်။

ဟဲဟဲ သစ်တော တတိယနှစ်လဲကျရော ကျွန်တော်တို့ အောင်လာတာ ၄၀ ရယ် (၁၀ယောက်ကျခဲ့တယ်လေ နဲတဲ့ ရာနှုံးမဟုတ်ပါ၊ တေလွန်းလို့ ဖြစ်ကြတာပါ၊ ရာဇူးရဲ့ အမြင့်ဆုံးမေဂျာ အဲဒီလောက်ကျတာ၊ ဘယ်လောက် အဲဒီခေတ်က အမှန်အတိုင်း လုပ်ကြလဲ သိသာနိုင်ပါတယ်) ခပ်တည်တည်ထိုင်နေကြတယ်၊ အဆောင်က ကောင်တွေလဲပါပေမဲ့ ဘယ်သူမှ မသိဘူး၊ ဆရာက (အင်မတန် သဘောကောင်းသော ကရင်လူမျိုး ဆရာကြီးပါ၊ ဒါပေမဲ့) တဖြည်းဖြည်း မျက်နှာမဲလာပြီး မင်းတို့ဘာလုပ်နေကြတာလဲ၊ ဒါသစ်တောကွ၊ ဆရာဝင်လာရင် မတ်တပ်ရပ်ရတယ်ဆိုတာ မသိဘူးလား၊ အတုံးအရုံးပါပဲ ထရပ်လိုက်ရတယ်။

အဲဗျာ ပြီးလဲပြီးရော အထက်တန်းကျောင်းကလိုပဲ ကျောင်းခေါ်စာအုပ်ကြီးနဲ့ ခေါ်ပါလေရော၊ မေဂျာ ဘာသာ သုံးဘာသာကို ဒီဆရာ တစ်ယောက်ထဲ သင်တယ်၊ ရိုးကောလ်က တနေ့မှ တချိန်ပဲပေးတာ၊ မနက်က ပေးထားတာကို ညနေအချိန်မှာမရှိရင် ဖျက်ပစ်သဗျား၊ ဆရာ တစ်ယောက်ထဲရှိတုန်းက သိပ်ပြသနာမရှိပါ၊ တတိယနှစ် နောက်ဆုံး တမ်းမ်မှာ သူနိုင်ငံခြားသွားလို့ သူ့ သုံးဘာသာကို ဆရာသစ် သုံးယောက်ခွဲသင်ပါတယ်။

မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းအချိန်တွေ ကျွန်တော် မပျက်ပေမဲ့ နောက်ဆုံးချိန် ဆာဗေးကို စိတ်မ၀င်စားတာရယ် (ကျောင်းမတက်ပဲ ဖြေတာကလဲ အိပ်စပတ်ဖြစ်နေတာကိုး) ပတ္တလျားသင်တန်းချိန်တွေနဲ့ တိုက်နေတာရယ်ကြောင့် ကျွန်တော် ပြေးပါတယ်၊ ပြေးတိုင်း မနက်ကရထားတဲ့ ခေါ်ချိန်ကို ဘုတ်အုပ်ကနေ အဖျက်ခံရပါတယ်၊ ကျွန်တော်လဲမသိ နောက်ဆုံး ၇၅% ၀မ်နင်လဲ ထွက်လာရော ကျွန်တော် ၆၅%နဲ့ သတင်းထွက်လာပါတယ်၊

ဘ၀မှာ ပထမဆုံး စိတ်အကြီးအကျယ်ဆင်းရဲရတာပဲ၊ ကံကောင်းစွာနဲ့ မော်ကွန်းထိန်း(၃) ဦးစံအုံး အနုပညာအသင်း အတွင်းရေးမှုးက နေမကောင်းလို့ ကျောင်းမတက်နိုင်တာ၊ မသိလို့ ဆေးလက်မှတ်မတင်မိပါဘူးရေးကွာ ပြောပြီး၊ ဘေးကနေ ကျောင်းသားရေးရာကို ကူညီသော ကျောင်းသားဖြစ်ပါသည် (ဟဲဟဲ ပတ္တလျား သင်တန်းဆရာ၊ ဆိုင်းသမား အလောင်းအလျာကိုး) လို့ စွတ်ထောက်ခံပေးတော့မှ ဆရာ မောင်မောင်ခက အေးထားခဲ့ဆိုပြီး အဆင်ပြေသွားပါတယ်၊ ကျွန်တော်ပြသနာ ဖြစ်တဲ့တစ်လျှောက်လုံး ဘေးကနေ အားပေးနေတဲ့ ဥပဒေက လူရွှင်တော် ကို အောင်ကျော်စိုး (တောင်တွင်းကြီး) ကတော့ တကယ်လဲ စာရင်းတွေ ထွက်လာရော မထင်ပဲ ၇၅%ထိသွားရှာတယ်၊ အခုခလေးတွေ မှတ်သားဘို့ပါ။

စတုတ္တနှစ် နှစ်စမှာ ကျွန်တော်တို့ ဌာနချူပ် အနုပညာအသင်း အသင်းခန်းမှာ အကိုစော (အပန်းဖြေရိပ်သာ စာရေးကြီး ဦးစောလွင်ပါ) က အသားမဲမဲ ခတ်ပုပု ကျောင်းသားတစ်ယောက်နဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးပါတယ်၊ ဒါ မောင်ဌေးဝင်း ဘူမိဗေဒ ပထမနှစ်ကပဲ၊ မင်းတို့ အဖေကြီးက သူနဲ့ပေါင်းပြီး ဆိုင်းအဖွဲ့ ဖွဲ့ရမယ်တဲ့။

ဌေးဝင်းက အခုဆို ကထိက ဦးဌေးဝင်း ဖြစ်နေပါပြီ၊ အသက်ကြီးမှ ဒီကောင်အခု ပါရဂူဘွဲ့ ထပ်ယူနေပြီး စာဖတ်နေရပါတယ်၊ ထိပ်လဲတော်တော်ပြောင်နေပြီ။ သူသာ ကျောင်းမရောက်လာရင်တော့ ကျွန်တော်တို့ ဆိုင်းအဖွဲ့ ကတော့ ရှိမှာမဟုတ်ပါ၊ တော်တော်များများ ဇာတ်လမ်းတွေလဲ ပေါ်လာမှာမဟုတ်သလို၊ အခု သူရဲလေးကောင်ထဲက အရိုင်း၊ ဖိုးဖြူ၊ ကင်းကောင်၊ ငှက်ပျောကျော်တို့လို ပုဂ္ဂိုလ်တွေလဲ သာမန် ကျောင်းသားလူရွှင်တော်အနေနဲ့ပဲ ပြီးသွားကြဘို့များပါတယ်။ (အခုတော့ ဒေါက်တာဌေးဝင်းဖြစ်နေပါပြီ)

ဘာဆိုင်လို့လဲလို့ ပြောစရာရှိပါတယ်၊ ဆိုင်းအဖွဲ့တစ်ဖွဲ့ မွေးဖွားလာတာဟာ ကျွန်တော်တို့ ဆိုင်းတီးတဲ့လူတွေ အတွက်သက်သက် ၀ါသနာ အတွက် စုတီးတဲ့သဘောမဟုတ်လို့ပါပဲ၊ အသင်းတစ်ခု၊ တက္ကသိုလ်တစ်ခု၊ အဲဒီအချိန်ကဆိုရင် တက္ကသိုလ်အများအတွက် အနုပညာလှုပ်ရှားမှုများစွာကို အနှောင့်အယှက်မရှိ (အပြင် အနုပညာသမားများနဲ့ ခက်ခက်ခဲခဲ ဆက်ဆံရသောဒုက္ခ)၊ ဘတ်ဂျက်မရှိလို့ ပွဲမလုပ်နိုင်သော ဒုက္ခ၊ အများကြီးပါပဲ၊ အစဉ်ပြေ ချောမွေ့လို့ အဲဒီဆယ်စုနှစ်တစ်ခုလုံးလိုလို ဆိုင်းသံတစ်ခြိမ့်ခြိမ့်နဲ့ ဆရာ ၀င်းစည်သူရဲ့ ပွဲထဲကလို ပြည်သာလို့ သဘင်သာတဲ့ပုံစံမျိုး (ထပ်တူတော့မဟုတ်ပါ၊ ကျွန်တော်တို့က ဘာဖြစ်နေနေ လှုပ်ရှားလာခဲ့တာကိုး) နေနိုင်ခဲ့ကြလို့ပါပဲ၊ ဆိုင်းပညာဟာ တကယ့်ကို ပရဟိတ အနုပညာတစ်ခုပါပဲလေ။
ကြီးတောင့်ကြီးမား မှ ငယ်မူပြန်တယ်လို့ အပြောခံရပေမဲ့ ရေးမိမှတော့ ဆက်ရေးတော့မယ်ဗျာ၊
လောကကြီးရယ်

ဆိုင်းဖွဲ့မယ်ဆိုတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ ဆိုင်းပညာ အရည်အချင်းများကို ရေးပြပါမယ်။

အကောင်းဖက်က စရရင် ၀ိုင်းခေါင်းဆောင်လုပ်မဲ့ ဌေးဝင်း၊

အသက်က ကျွန်တော်တို့ထဲမှာ အငယ်ဆုံးပါ၊
သူဟာ အဲဒီအချိန်က နာမည်အတော်ရှိတဲ့ ငွေကြယ်လေးများ အဖွဲ့ရဲ့ မောင်းသမားပါ။ သူတို့အဖွဲ့ကို ကျွန်တော် နာမည်ကို သူနဲ့တွေ့တော့မှ ကြားဘူးပြီး တစ်ခါမှလဲ မကြည့်ဘူးပါ၊ အင်မတန် စကားနည်းတဲ့ ကျွန်တော့်သူငယ်ချင်းဆီက သိရသလောက်တော့ အဲဒီအဖွဲ့ဟာ ငွေကြေးချမ်းသာသူများ၊ အနုပညာပိုးထသူများက စုစည်းထားတဲ့ အဖွဲ့ပါ၊ ဆိုင်းကလွဲလို့ ကျန်လူများဟာ အပျော်ထမ်း သမားများပါ၊ ဒါပေမဲ့ ပညာအရည်အချင်း (ကျောင်း၊ အနုပညာ) မြင့်ကြပါတယ်။

အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်မင်းသမီး ၃ လက်ကတော့ မြသက်မော်၊ မြသက်မူ နဲ့ မြသက်ရည်တို့ဖြစ်ပါတယ်၊ ၃ ယောက်လုံး နောက်ပိုင်း ကျွန်တော်တို့ တက္ကသိုလ်ဆိုင်းနဲ့ တွဲကခဲ့ပါတယ်။
နာမည်ကျော် မိုးနတ်သူဇာ အဖွဲ့ခေါင်းဆောင် မင်းသမီး ဒေါ်သီတာဝင်းကို အများက မော်ကြီး လို့ခေါ်ကြရင်း အကြောင်းရင်းက သူ့ပထမ မင်းသမီးနာမည်အရင်းက မြသက်မော် ဖြစ်လို့ပါပဲခင်ဗျား။

ဌေးဝင်းဟာ တက္ကသိုလ်ရောက်ချိန်မှာ မောင်းကို ကျွမ်းပြီးသားဖြစ်နေပါပြီ၊ ဆိုင်းပညာရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ ဒိုးပညာ (ပတ်မချောင်) ကိုလဲ ကျွန်တော်တို့ကို ပြနိုင်ပါတယ်၊ စည်းဝါး၊ ရကွင်းချက်ကအစ ပေါ့၊ သမားစဉ်တီးလုံးများကိုလဲ အတော်ရပါတယ်၊ သင်္ကေတ အခြေခံရနေပါပြီ၊ သီချင်းကြီးများ ကျွန်တော်တို့လောက်တော့ မရပါ၊ ဆိုင်းနဲ့ ပတ်သက်သော သီချင်းများ ရပါတယ်။
အဲ သူတီးရမဲ့ ပတ်ဝိုင်းနဲ့ ပတ်သက်တဲ့ပညာကတော့ အံမခန်းပါ၊

ငါအဲဒီအချိန်မှာ ပတ်ဝိုင်းနဲ့ပတ်သက်ပြီးသိတာက ပတ်စာထဲ့ရင် အသံကျပြီး ပတ်စာနှုတ်ရင် အသံတက်တယ် တဲ့ (အင်မတန် ပြည့်ဝတဲ့ ပညာပါခင်ဗျာ)

ကျွန်တော်ကတော့ သိတဲ့ အတိုင်း အပေါ်မှာရေးပြီးပါပြီ၊ ကြေးနောင်ကို မြေဖြူစက်များနဲ့ သံမှန်လေးပေါက် မှတ် တီးရတဲ့ကောင်ပါ၊ ကီးချိန်းတယ်ဆိုတာ နားမလည်ပါ၊ သင်္ကေတ ပညာ ဘာဂျာမှုတ်ဘူးလို့ နဲနဲပါးပါးသိပါတယ်၊ သီချင်းကြီး ပတ်ပျိုးလတ်များ အတော်များများရနေပြီး၊ အဲဒီ စတုတ္တနှစ်ဟာ ဆရာဖြစ် သီချင်းကြီးများကို စတက်နေတဲ့ နှစ်ပါပဲ (ဟေ၀န်စုံမြိုင်၊ ဒီပါအေးမြ စသည်တို့ကို တက်ခဲ့ရပါတယ်) တာဝန်ခွဲလိုက်တော့ ကျွန်တော်က မောင်းဆိုင်းတီးဘို့ တာဝန်ကျပါတယ်။

အောင်ကြည်မြင့် (သချာင်္) အခု သီတာလမ်းမှာ ကိုယ်ပိုင်ကားစီးနိုင်တဲ့ ကျူရှင်ဆရာ တစ်ယောက်ပါ။ အဲဒိအချိန်က သူက နောက်ဆုံးနှစ်ရောက်နေပါပြီ၊ သူ့ကို ကြေးဝိုင်းတီးဘို့ တာဝန်ပေးလိုက်ပါတယ်၊ နားစောင့် အင်မတန်ကောင်းတဲ့ သူငယ်ချင်းပါဗျာ။

အရေးကြီးသော ပတ်မချောင် ခြောက်လုံးပတ်ဆရာ ရွေးကြပါတယ်၊ ပဲခူး ကိုသန်းအောင် ဥပဒေက ဒိုးပတ်တီးဘူးတယ်ဆိုတဲ့ အရည်အချင်းနဲ့ ပြိုင်ဘက်မရှိ ရသွားပါတယ်။

နောက် အရေးကြီးဆုံးအရာတစ်ခု၊ နောက်တုတ်လို့ ဆိုင်းမှာခေါ်ပါတယ်၊ စည်းဝါး၊ ရကွင်း စည်တို စသည်တို့ကို တစ်ယောက်ထဲနဲ့ တီးရတာပါ၊ အဆိုသင်တန်းက မောင်ချိုသန်း ဒုတိယနှစ် ရူပဗေဒက စည်းဝါးပိုင်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒုက္ခရောက်သွားရှာပါတယ်၊ သီချင်းကြီးသင်တန်းက နရီစည်းဝါးတွေနဲ့ ဆိုင်းစည်းဝါးနဲ့ တခြားစီပဲလေ၊

လေမှုတ်ကိရိယာများ၊ ပထမပိုင်းမှာ ပုလွေသမားများပဲရှိပါတယ်ဗျာ၊ ခင်မောင်မြင့်(ဥပဒေ၊ တပ်မတော်ထဲ ၀င်သွား)နဲ့ ဆရာဦးသောင်း (ရူပဗေဒ ဆရာ၊ ဂျာမဏီပြန်၊ အခု ကွယ်လွန်)တို့က ပုလွေနဲ့ လိုက်မှုတ်ပေးကြပါတယ်၊ ဆိုင်းတော်တော်အရှိန်ရတဲ့အထိ နှဲသမားမရပါ၊ နောက်မှ ရခိုင် ဥပဒေကျောင်းသား နှဲဆရာ ကိုညီရွှေ (ယခု ယဉ်ကျေးမှုတက္ကသိုလ်) ကတာဝန်ယူခဲ့ပါတယ်၊ ပွဲများရှိရင် ယဉ်ကျေးမှုဌာနက ဦးလေးဦးမြမောင်တို့ နှဲဦးမြကြီးတို့ လာရောက်ကူညီကြပါတယ်။

ပွဲတီးတဲ့အချိန် ရကွင်းစသည်ကတော့ ကြုံတဲ့လူပါပဲ၊ စင်ပေါ်လူရွှင်တော်များထဲက ကိုသန်းထွတ် (ပုသိမ်)ဟာ ခြောက်လုံးပတ်ကို တော်တော်တီးနိုင်ပါတယ်၊ သူက ကူလေ့ရှိတယ်၊ သူလဲ အဲဒီပညာကြောင့်ပဲ ကိုသန်းအောင် ကျောင်းထုတ်ခံရတဲ့အခါ စင်ပေါ်ကနေ ဆင်းလာပြီး ပတ်မချောင်ကို တာဝန်ယူရရှာတယ်၊ အခုတော့ သူက ဘယ်တက္ကသိုလ်မှာလဲမသိ မော်ကွန်းထိန်း အဆင့်(၁) ပါ၊ ဦးစံအုံးလိုပဲ အဖေကြီး အခေါ်ခံနေရပါပြီ။

ပထမဆုံးဆိုင်းတိုက်တော့ သုံးတဲ့ တီးလုံးများအကြောင်းနဲနဲရေးပြချင်ပါတယ်၊ သည်းညဉ်းခံဖတ်ကြပါအုံး

ဆိုင်းလောကမှာ ကျွန်းဆွယ်တီးလုံးလို့ခေါ်တဲ့ တီးလုံးနဲ့ ကျွန်တော်တို့ ဆိုင်းစသင်ပါတယ်၊ ကျွန်းဆွယ်တီးလုံးခေါ်ရခြင်းက စတုတ္တအကြီမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားမှာ တိုင်းရင်းသား အကများ၊ အခြား အကများ၊ ဖွင့်ပွဲတို့ ထုံးစံ ခန်းနားစွာလုပ်ခဲ့ပါတယ်၊ တီးလုံးသံကြားရုံနဲ့ သူတို့ရေးမှန်း သိသာနိုင်တဲ့ ဆရာကြီးတွေ မရှိသေးလို့ထင်ပါရဲ့ မြန်မာ့ဆိုင်းတီးလုံးနဲ့ တစ်ခုနဲ့တစ်ခုအကြား အကူး အပြောင်းလုပ်ပါတယ်၊ လှော်ဒိုးရယ်၊ လေပြေရယ် အဓိကပါပါတယ်။ အဲဒီတီးလုံးလေးရယ်၊ စိမ်းရောင်စို ဆိုတဲ့ တီးလုံးလေးရယ် အဲဒီအချိန်က သမတရုံရဲ့ ဧည့်ခံတီးလုံးရယ်ကို သုံးပြီး ဆိုင်းသင်ကြပါတယ်ခင်ဗျာ။

အဲဒီလူစုလေး ပထမဆုံးတီးဖြစ်တဲ့ ပွဲက အင်မတန် သန္ဓေကောင်းပါတယ်၊ မြန်မာစာ မောင်မယ်သစ်လွင်ဧည့်ခံပွဲပါပဲ၊

ဆိုင်းအပြည့်မဟုတ်ပါ၊ လခြမ်းဝိုင်းခေါ်တဲ့ ပတ်ဝိုင်းမပါ၊ မောင်းဆိုင်းရယ်၊ ပတ္တလျားရယ်၊ ခြောက်လုံးပတ်၊ နှဲ စသည်နဲ့သွားတီးတာပါ၊

ဒါပေမဲ့ ကူတီးသူများက မခေကြပါ၊ ပန်တျာကျောင်းအုပ်ကြီးဟောင်း ဦးတင်အောင်သန်း (ဖြူနီညိုပြာ) က မောင်းကိုယ်တိုင် ကူတီးပါတယ်၊ မေမြို့ စစ်တက္ကသိုလ်က အရာခံဗိုလ် ဆရာကြီးတစ်ဦးက ခြောက်လုံးပတ်ကိုင်ပါတယ်။

ပွဲ ဒါရိုက်တာက တောင်တွင်း ဦးအောင်သင်းပါ၊
အခုမှ ကြည်သာ (ပွဲကြိုက်ခင်) ပြန်ရိုက်ထားတဲ့ ဗမာ့သွေးကို နှမပေးချင်တယ် သီချင်းကို ကျွန်တော်တို့ အဲဒီပွဲမှာ စသုံးခဲ့ပါတယ်။

အဲဒီသီချင်းတစ်ပုဒ်ထဲ မဟုတ်ပါ၊

ကျွန်နိုင်ငံ
ချစ်မယားနဲ့ စစ်သား
ဗမာ့သွေးကို နှမပေးချင်သည်
တိုက်ပွဲအဆင့်ဆင့်
လေးပုဒ်တွဲပါ၊

ပထမဆုံးသီချင်းက ကျွန်နိုင်ငံ လက်အောက်ခံ ကျွန်ဘ၀ရယ် သေတာပင် မြင့်မြတ်လှတော့တယ်ဆိုတဲ့ ခုနှစ်သံချီ အလွမ်းသီချင်းလေးပါ၊ ပြီးမှ လွတ်လပ်ရေး တိုက်ပွဲဝင်မဲ့ လင်ယောက်ျားကို အားပေးတဲ့ ရိုင်ဖယ်ကို ကိုင်ဆောင်ကာ နိုင်အောင်သာ တိုက်ပါ့မောင်ရယ် ကိုယ်လင်သားက ဓါးကိုသွေးတော့ ခင်တို့ကလဲ အားပေးပါတယ် ဆိုတဲ့ စုံတွဲ သီချင်းပေါ့။

ဒါပြီးမှ ဗမာ့တပ်မတော်သားများ အတွက် ပီပီပြင်ပြင် စပ်ထားတဲ့ ကျေးဇူးကို မျှော်တွေးလို့ ဗမာ့သွေးကို နှမပေးချင်ပါတယ် ဆိုတဲ့ သီချင်း၊ နောက်ပိုင်း ပြန်လည်ဆန်းသစ်တဲ့အခါ၊ အရိုင်းတို့ အုပ်စုက ပိုပြီးပျော်ဘို့ရယ် ဒို့ကြီးတော်ကြီးကိုပါ ငါပေးမယ်လို့ ၀င်ဆိုကြပါတယ်၊ ကျွန်တော်တို့ ဆိုင်းသမားများက ဆိုင်းထဲကနေ ယူမယ်ယူမယ်လို့ အော်ပေးရတယ် ခင်ဗျ၊ ဒါပေမဲ့ ဆိုင်းသမားအသစ်စက်စက်ကလေးတွေဆိုတော့ ကျွန်တော်တို့ဆီက ညောင်နာနာအသံတွေပဲ ထွက်လာပါတယ်၊

နောက်ဆုံး သီချင်း တိုက်ပွဲအဆင့်ဆင့်ဟာ အတော်ကောင်းပါတယ်၊ ဗိုလ်ချူပ်အောင်ဆန်း လွတ်လပ်ရေးတိုက်ပွဲ အရေးဆိုနေချိန်ကို စပ်ထားတာပါ၊ ကျွန်တော်ရေးပြမဲ့ စာသားများဟာ အဲဒီအချိန်အတွက်ပါပဲလို့ ပြောချင်ပါတယ်ခင်ဗျာ၊

လွတ်လပ်ဖို့ ကြံစီရင်ကွယ် အကြမ်းနည်းနဲ့ လက်နက်စုရမည်၊ ဥပဒေထုံးနဲ့အညီ အနုကို သုံးရမည်၊ စည်းကမ်းကျန အာဏာဖီဆန် သပိတ်မှောက်ရမည်။

အဲဒီအချိန်ရဲ့ အခြေအနေကိုပြတဲ့

အိမ်ကြက်ချင်းကို အိုးမဲသုတ်လို့တိုက်ကြသည်၊ ရန်သူကိုသာ အားကိုးလို့ဖြင့် တချို့က မညီ၊ အော် အဲဒါတွေ လွတ်လပ်ရေး ကြံ့ကြာနှောင့်နှေးသည်

ဘယ်လောက်ကောင်းသော စာသားများပါလဲ၊ အခုခေတ်အထိ အသုံးဝင်ဆဲပါ၊ ခြေဆင်းပါစာသား ကြည့်ပြီး ဒီသီချင်းကို အဆုံးအဖြတ် မမှားဘို့လိုပါတယ်

အခုလောက်ဆိုရင် ဆိုင်းဆိုတာ ဘယ်လောက်တာသွားတယ်ဆိုတာ မြင်လာနိုင်မယ်ထင်တာပဲ၊ အဲဒီအချိန်တွေမှာတော့ ကျွန်တော်တို့ကိုယ်တိုင် မမြင်နိုင်ခဲ့ပါ၊ ပွဲစီစဉ်သူများ ခိုင်းသမျှ တီးနိုင်ဘို့ကို မနဲ လုံးပမ်းနေရချိန်ပါ၊

အဲဒီပွဲမှာ ကျွန်တော် ပတ္တလျားတီးရပါတယ်၊ တပင်တိုင် အပျိုတော် အတိုလေး တစ်ခု ကျောင်းသူတစ်ဦး ကတာကို တီးပေးရတာပါ၊ ကျောင်းဝိုင်းအတွင်း ဘာမှ ကြောက်ခြင်းလဲ မရှိလိုက်ပါဘူး၊ ၀ဋ်ကြွေးပါလို့ထင်ပါ့၊

ဒုတိယပွဲ ၁၉၇၄ အခြေခံဥပဒေ ကြိုဆိုထောက်ခံပွဲပါ၊ ဘွဲ့နှင်းသဘင်ခန်းမမှာလုပ်ပါတယ်၊ ကျွန်တော်တို့ ၀ိုင်းအပြည့် တီးကြပါတယ်၊ ဒါပေမဲ့ နန်းကြာညိုကြော့၊ လေပြေဆော်သွင်း၊ အငြိမ့်လောက်ပဲ တီးနိုင်ပါတယ်၊ အကသင်တန်းရဲ့ အကောင်းဆုံး အကများဖြစ်တဲ့ ကဟန်စုံညီ (ယဉ်ကျေးမှုအကတွေပါ၊ အင်မတန်ကောင်းသော ယိမ်းများဖြစ်ပါတယ်၊ အဲဒီင်္ခေတ်က တိပ်ကက်ဆက်ကို ရှားသေးလို့ လာသင်တဲ့ ဆရာမဟာ နုတ်စ်ကိုပဲ ယူလာနိုင်ပါတယ်၊ အဲဒီနုတ်စ်ကိုကြည့်တီး၊ ဒိုးချက်ကိုလဲ ယဉ်ကျေးမှုက ဒိုးသမားများ လာတီးကြရပါတယ်၊) စသည်တို့ကို အသင်းရဲ့ စန္ဒယားဆရာ ကိုသောင်းဟန်က တီးပါတယ်၊

ကျွန်တော်တို့ကို ဘယ်လောက် ကျောင်းကနှိပ်စက်သလဲဆို ဆိုင်းကို အာရ်စီကနေ ဘွဲ့နှင်းသဘင်ရွှေ့တာ အလုပ်သမားမပေးပါ တွန်းလှည်းမပေးပါ၊ ဆိုင်းပြားများကအစ ပတ်မ အဆုံး ကိုယ်တိုင်ထမ်းရပါတယ်၊ ကျွန်တော် ကျောင်းထဲမှာ ပတ်မ ထမ်းခဲ့ရပေါင်း မရေမတွက်နိုင်ပါခင်ဗျား၊ ၀ဌ်ကြေးပေါ့လေ၊ ပွဲတီးပြီးရင်လဲ ပြန်ထမ်းရပါသေးတယ်။

ပွဲတိုက်ချိန်များ၊ အင်မတန် သည်းညဉ်းခံရပါတယ်ခင်ဗျာ၊ အက မမများ ရဲ့ ကျွန်တော်တို့ မှားတီးတဲ့ အခါ၊ စည်းဝါး သမား စည်းကြား ၀ါးကြား ခေါက်မိလို့ ပြသနာ ဖြစ်တဲ့ အခါများမှာ စူခြင်း ဆောင့်ခြင်း၊ အဆိုးဆုံးကတော့ ကျွန်တော်တို့ ပင်ပန်းစွာ လက်နဲ့ တီးရတာကို သူတို့က ခြေထောက်ကသိတယ်လို့ ဂုဏ်ယူစွာနဲ့ ပြောကြချင်းပါပဲ။ ခံပေအုံး ပေါ့လေ၊ မြန်မာ့ တူရိယာမှာ အဆင့်အမြင့်ဆုံးနဲ့ အနှိမ်ခံရဆုံး ဆိုင်းပညာကိုမှ လိုက်စားမိတာကိုး။

တက္ကသိုလ် အကြောင်းပြောနေကြသူများ အတွက် ဗဟုသုတ ရေးခြင်ပါတယ်။

အဲဒီတုံးက ကျောင်းက ၆ ရက်တက်ရပါတယ်။ စနေနေ့က နေ့ဝက်ပါ၊ စနေနေ့များမှာ ၁၂နာရီနောက်ပိုင်း သင်တန်းများ ရှိကြပါတယ်၊ အနုပညာသင်တန်းများ၊ စစ်သင်တန်းများ စနေနေ့ရယ်၊ တခြားရက်တွေထဲက ညနေပိုင်း အချိန်တွေရယ် ရှိပါတယ်၊ ပန်းချီ၊ သိုင်းကအစ ရှိပါတယ်။

လူများစွာ ၀ိုင်းကြည့်လေ့ရှိတာကတော့ ထုံးစံအတိုင်း အက သင်တန်းပါပဲ၊ ကဗျာလွတ်ကအစ အခြေခံသင်ပေးပြီး အဆင့်မြင့် သင်တန်းသူများကို ယဉ်ကျေးမှုဌာနရဲ့ နောက်ဆုံး တီထွင်ထားသော အကများကို သင်ပေးပါတယ်၊ ကျွန်တော်ပြောထားသလိုပဲ ဆရာမက နုတ်စ်ပဲယူလာတာပါ၊ ကျွန်တော်တို့ဆိုင်း တစ်ခါထဲ နုတ်စ်သင်ပြီးဖြစ်သွားပါတယ်၊ ကျွန်တော့်လို အစက်ချ တီးတဲ့ကောင်အတွက် အကြိုက်တွေ့ သွားလိုက်တာ အခုထိ ကျွန်တော် ဆိုင်းတီးလုံးများ သင်္ကေတမရှိက မတီးနိုင်ပါ၊ တစ်ဖက်ကလဲ ဆိုက်ရိဒင်း ခေါ်တဲ့ နုတ်စ်သာရှိ တစ်ခါမှ မကြားဘူးသော တီးလုံးများကို အမှားအယွင်းမရှိ တီးနိုင်တဲ့ အခြေအနေ ရခဲ့ပါတယ် (သစ်တောပညာနဲ့ အလုပ်မလုပ်ရခင် အဲဒီပညာနဲ့ လုပ်ကိုင် စားသောက်ခဲ့ရပါတယ်လေ) ကျောင်းဟာ စနေနေ့ဆို ပွဲတော်ကြီးလိုပါပဲ။ ပိုပြီး ပွဲနဲ့တူအောင် ကျွန်တော်တို့ ဆိုင်းသင်ခါစ အဖွဲ့ရဲ့ ဆိုင်းသံက တခြိမ့်ခြိမ့်ပေါ့လေ၊

ကျွန်တော်တို့ မနူးမနပ်များ ပြသနာ ပထမဆုံး စတက်တာ ဂွတ္တလစ် သီတင်းကျွတ်ပွဲပါ၊ အဓိကကတော့ ပတ်စာ အတိုးအလျှော့လောက်ပဲသိတဲ့ ဌေးဝင်းရယ် မောင်းရဲ့ ဇစ်ဇက် သံစဉ်များကြားမှာ ဒုက္ခရောက်နေတဲ့ ကျွန်တော်ရယ်ပဲ၊ ရှောက်သီးဆေးပြား (တို့ဆေး) ပြဇာတ်မှာ ဇော်ပို့ တီးလုံးတီးရတယ်၊ အပို့ခေါ်ပြီးတာနဲ့ ဌေးဝင်းက ဒုံးလုံး ဒဲလုံးများဆီ ရောက်သွားပြီး ပတ်မဆရာနဲ့ အပီဆော့တာပေါ့၊ ဇော်ပို့ကို သေသေချာချာမတက်ထားတဲ့ ကျွန်တော်တစ်ယောက် ယောင်တောင်တောင်နဲ့ ဘာတွေတီးရမှန်း မသိတော့ ပဲ တဖြေးဖြေးရပ်သွားတော့တယ်၊ စင်ပေါ်မှာ ဟာသပြဇာတ်ပေမဲ့ အပီကလိုက်မယ်လို့ (တကယ်လဲ ကရပါတယ်) အားခဲထားတဲ့ ကိုသန်းထွတ်ခင်ဗျာ တိုးလိုးတန်းလန်းရပ်သွားပါတယ်၊ ပရိသတ်ကတော့ ဟာသပြဇာတ်ထဲဆိုတော့ ကျွန်တော်တို့ တမင်လုပ်တယ်ထင်ပြီး ရီကြပါတယ်၊ ဌေးဝင်းက အင်မတန် သဘောကောင်းပါတယ်၊ အဲဒီအချိန်မှာ ဘာမှ မပြောသေးဘူး၊

အဲ အငြိမ့်လဲကျရော အကြီးအကျယ် ပြသနာပါပဲ၊ ကျောင်းထဲမှာ ဆိုင်းတိုက်တော့ ပတ်ဝိုင်းဗုံများဟာ အပူအအေးဒဏ် မခံရတော့ ပြသနာမရှိပါ၊ ဌေးဝင်းက ဆောင်တီးပြီး ကျွန်တော်တို့က တွယ်လိုက်နေတာ၊ အခု အပြင်မှာ ဗုံသားရေများ ကျကုန်ပါတယ်၊ ဌေးဝင်းဘာမှ မတီးနိုင်တော့ပါ၊ ဘာမှလဲ မလုပ်တတ်သေးပါ၊ ပထမဆုံး အငြိမ့်သီချင်းကတော့ ကျွန်တော်ရနေသေးလို့ ပြသနာမရှိ နောက် ၂ပုဒ်မှာ ပြသနာပါပဲ၊ ရပ်လိုက်ရင်လဲ ကနေသော မင်းသမီး ဘာမှလုပ်မရဖြစ်တော့ တိတ်ဆိပ်နေတဲ့ မောင်းသံ ကြေးသံတွေ မပါပဲ ကျနေသော ပတ်ဝိုင်းဗုံများ နဲ့ မရမကလိုက်တီးပြီး အဆုံးမှာ ကျွန်တော့်ကို ကိုင်တုပ်လိုက်တဲ့ ဌေးဝင်းမျက်နှာကို မမေ့နိုင်စရာပါပဲ၊

ကျွန်တော်လဲ အဲဒီပွဲ ပြီးကထဲက သင်္ကေတကို အပြင်းအထန်လုပ်၊ မောင်းကို မနေမနားကျင့်၊ ပွဲတပွဲကို အစအဆုံးတီးနိုင်ရစေ့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကိုယ့်ကိုယ်ကို မောင်းခဲ့ရပါတယ်၊ (အပြင်လောက အတွက် အဲဒီစိတ်ဓါတ်များဟာ အများကြီး ထောက်ကူမှုရပါတယ်ခင်ဗျာ)

အဲဒီ အဖွဲ့အတိုင်း ခဏပဲ တီးလိုက်ရပါတယ်၊ ကိုသန်းအောင်မရှိတော့လို့ ကိုသန်းထွတ်ဟာ ရှုံ့ရှုံ့မဲ့မဲ့နဲ့ စင်ပေါ်က ဆင်းလာပြီး ဒိုးကို ကိုင်ရရှာတယ်၊ ကျွန်တော်ကျောင်းပြီးချိန်လောက်အထိ သူ့ခံစားချက်ကို ကိုယ်ချင်းမစာမိပါဘူး၊ အခုမှ စင်ပေါ်က အောင်မြင်နေသော လူရွှင်တော် တစ်ယောက် စင်အောက်ကို ဘယ်လာခြင်မလဲလို့ တွေးမိပါတော့တယ်၊ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော်တို့ဆိုင်းက အတော်အသုံးတဲ့နေပြီဖြစ်တော့ ဆိုင်းအဖွဲ့ ရှင်သန်ရေးနဲ့ သူ့ လူရွှင်တော် ဘ၀ကို ကိုသန်းထွတ်ခင်ဗျာ လဲလိုက်ရရှာပါတယ်၊

ဆိုင်း အရည်အချင်းကတော့ သိသိသာသာတက်လာပါတယ်၊ ခါတိုင်း ပါးစပ်ပိတ်တီးနေကြတဲ့ ကျွန်တော်တို့ ဆိုင်းအဖွဲ့ဟာ အခုတော့ အော်သံ ဟစ်သံတွေနဲ့ မြိုင်ဆိုင်လာပါပြီ၊ အဖွင့် ယိမ်းဖြစ်တဲ့ အပျိုတော်ယိမ်းမှာဆိုရင် နောက်ဆုံး နတ်ယိုင် ဖြစ်တဲ့ မရှက်ဘူးလား၊ မကြောက်ဖူးလား သောက်ခေါင်ကျူးတဲ့ မင်းညီနောင် ရွှေပြုံးသူများမောင်၊ ကြောက်တတ်ရင် ရှောင်ကြရော့၊ ပုဆိုးစွန်တောင် ကွက်ပြာသေးနဲ့ ဘိုးတော်ရဲ့မြေး၊ ကျွန်တော်လေ ရွှေပြုံးသား စတဲ့ အပုဒ်များမှာ ကိုသန်းထွတ်ဟာ အပြင် နတ်ဆိုင်းများတီးနေသလိုကို မြူးကြနေတာပါ၊

အဲဒီအချိန်မှာ ပထမဆုံးအနေနဲ့ တက္ကသိုလ်ကျောင်းသား ဆိုင်းအဖွဲ့အနေနဲ့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်၊ ဆုံးသွားတဲ့ လူရွှင်တော် ကိုအောင်ကျော်စိုး ရေးပေးဘူးသလိုပါပဲ အရည်အချင်းရှိသူ တစ်ယောက်ရဲ့ လက်ခုပ်သံဟာ မရှိသူ တစ်သောင်းနဲ့ မလဲနိုင်ဘူးဆိုသလိုပါပဲ

မြန်မာနိုင်ငံ ပထမဆုံး ပညာရေးနှီးနှောဖလှယ်ပွဲ ကျင်းပပါတယ်၊ တစ်နိုင်ငံလုံးက ပညာရေးမှုးတွေ တက္ကသိုလ်ကျောင်းအုပ်ကြီးတွေ၊ လာကြပါတယ်၊ ပညာရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးကြပါတယ်၊ အဲဒီခေတ်ကအနေနဲ့က တော်တော်ရင်ဖွင့်ကြတယ်လို့ သိရပါတယ်၊

အပြီးမှာ ညစာစားပွဲ၊ ကပွဲနဲ့ ဧည့်ခံမယ်၊ တက္ကသိုလ် အနုပညာအသင်း က ပေးပါလို့ မေတ္တာရပ်ခံလာပါတယ်။ ကျွန်တော်တို့ ကျိုးစားကြပါတယ်၊ စန္ဒယားမသုံးပါ၊ တီးလုံးအားလုံး ဆိုင်းနဲ့ပဲ စတီးနိုင်ပါပြီ၊ အမြင်ကောင်းအောင် နယားတွေပါတွေ ငှားပြီး ဘွဲ့နှင်းသဘင် စင်မြင့်ပေါ်မှာ ဆိုင်းကို ဆင်ပါတယ်၊ ထုံးစံအတိုင်း ပတ်မကြီး ထမ်းရတာပေါ့လေ၊

ဖျော်ဖြေမှု အမျိုးမျိုး အပြီးမှာ အငြိမ့်ခန်းရောက်လာပါတယ်၊ ထူးထူးခြားခြားပဲ ခွန်းထောက်များ ဆိုအပြီးမှာ ကိုနိုးတူး (ကိုအောင်ကျော်စိုး) က ဆိုင်းအဖွဲ့ကို ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်၊ အဲဒီနေ့က နှဲဆရာ ဦးမြမောင်ကလွဲလို့ အားလုံး တက္ကသိုလ် ကျောင်းသားတွေပါပဲ၊ အောက်က ဆရာကြီးများ ရှော့ရသွားပုံပါပဲ၊

အဲဒီနေ့က အငြိမ့်ကလဲ တော်တော်ကောင်းပါတယ်၊ ပညာရေးလောကကို ပြုပြင်သော ပျက်လုံးများ၊ အသေအကျေ ရှာထားကြတာပါ၊ ခဏခဏ ပြင်ပြီးညာတယ်ဆိုတဲ့ ပညာရေး ပျက်လုံး၊ ဒဂုံ (၁) ကျောင်းက ကျောင်းစောင့်ကြီးရဲ့ ခလေး ဘာဖြစ်လို့ မရမ်းကုန်း (၁) သွားထားရတာလဲ စတဲ့ ပျက်လုံးများ၊ အပြင်မှာ ခုအချိန်အထိ မပျက်နိုင်ကြပါ၊

ပွဲအပြီးမှာ တက္ကသိုလ် ကျောင်းအုပ်ကြီးများ အားလုံး စင်မြင့်ပေါ်တက်လာပြီး အငြိမ့်အဖွဲ့သားများ ဆိုင်းအဖွဲ့သားများ အားလုံးကို နှုတ်ဆက်ကြပါတယ်၊

ဆရာ ဦးခင်မောင်တင့် (တက္ကသိုလ် ဘုန်းနိုင်) ဌေးဝင်းကို လက်ဆွဲနှုတ်ဆက်ရင်း ပြောခဲ့တဲ့ မင်းတို့ဟာ တို့ကျောင်းတော်ရဲ့ ဂုဏ်ဆောင်တွေပါပဲကွာ ဆိုတဲ့ စကားဟာ ကျွန်တော်တို့အတွက် အချိန်အတော်တော်ကြာအထိ အဓိကမောင်းနှင်အား ပါပဲခင်ဗျာ။

ဂလို မော်ကွန်းထိန်းဆီက request နဲ့ 


အခုအချိန်ထိ ကျွန်တော်တို့ရဲ့ ဆိုင်းပညာဟာ ဌေးဝင်းရဲ့ ပညာများပါပဲ၊ သူကတော့ အပြင်မှာ တကယ်လေ့လာပါတယ်၊ ကျွန်တော်တို့ကတော့ ကျောင်းတစ်ဖက်၊ အနုပညာသင်တန်းများ တစ်ဖက်နဲ့ အပြင်လောက (ဆိုင်း) ကို မကြည့်နိုင်ပါ၊
အဲဒါနဲ့ ဆိုင်းသင်မှ ဖြစ်တော့မယ်လို့ဆုံးဖြတ်ပြီး ဆရာရှာကြပါတယ်။

ကံကောင်းလှပါတယ်၊ တခိုင်လုံးရွှေ အေးအေးမြင့်ရဲ့ အမ မသန်းသန်းအေး က ကျွန်တော်တို့ဆီမှာ လာကနေပါတယ်၊ သူကတော့ လာသင်တဲ့ အဆင့်မဟုတ်ပါ၊ သူ့အတန်းအားတဲ့ အချိန် ပတ္တလျားခန်းကို လာရင် ကျွန်တော် အောင်မြေသာစံကို အမြဲတီးပေးလေ့ရှိပါတယ်။ သူ့ကို မေးကြည့်တော့ အဖေ့ကို မေးပေးမယ်ပြောပြီး သူတို့ အဖေ ဆရာကြီး ဦးစိန်လှမောင်နဲ့ ဆက်မိပါတော့တယ်၊ ၁၉၇၄ မှာပဲ ဆိုင်းသင်ဖြစ်ပါတယ်၊ တချိန်ကို ၂၅ိ ပေးရပါတယ်၊ ကြေးအိုး တစ်ပွဲ ၃ိ ခေတ်ပါ၊ အခု ကြေးအိုးတစ်ပွဲ ၇၀၀ိ ဆိုတော့ ၅၈၃၃ကျပ် (၆၀၀၀ ဆိုပါစို့) ကျပါတယ်၊ အခုမှတွက်မိတယ်၊ ဒီခေတ်နှုံးနဲ့တောင် ကျွန်တော်တို့ တော်တော် ပေးနိုင်ခဲ့တာပဲ၊

စနေနေ့တွေ သင်ပါတယ်၊ ဆိုင်းသင်တန်းများကို အကသင်တန်းများလိုပဲ ဆိုင်းခန်း အပြင်ကနေ ကျောင်းသူ ကျောင်းသားများ အားပေးကြပါတယ်ခင်ဗျာ။ ကျောင်းသားများ ဆိုင်းသင်တာကို မပျင်းမရိ နားထောင် စိတ်ဝင်စားသူများကိုလဲ အခုအချိန်မှာ တွေးပြီး ချီးကျူးမိပါတယ်။

ဆရာဟာ အင်မတန်ကို ပျော်မြူးနေတာပါပဲ၊ သူ့ပညာရပ်များ မပျောက်ပျက်တော့ဘူးဆိုပြီး၊ ဆရာဟာ အဘစိန်ဗေဒါရဲ့ သားတပည့်ဖြစ်လို့ အဘရဲ့ နန်းတွင်းပုရပုဒ်ဖြူများကို အမွေရထားသူပါ၊ အဲဒါအထဲမှာ ဘယ်တီးလုံး ဘယ်အကကို ဘယ်သီချင်း ဘယ်ပတ်မချက်၊ ပတ်မချက်မှာမှ ပတ်မက ဘယ်လိုတီးပြီး ဆိုင်းဝိုင်းဆရာက ဘယ်လိုခေါ်ပေးရမယ် စသဖြင့်ပါပါတယ်၊

ဥပမာ ပြောရရင် ခုနှစ်သံချီ မင်္ဂလာရှိတဲ့ တီးလုံး၊ ရွှေဘုန်းတော်တိုးပါလို့ ငွေမိုးတွေရွာ၊ နိုင်ငံတော် ပြည်အရေးက သာလှတယ်လေးဆိုတဲ့ တီးလုံးမှာ တီးနေတဲ့ ပတ်မချက်ဟာ အမင်္ဂလာ အသုဘဆိုင်း ဗျိုင်းတောင်မှာ တီးရတဲ့ ပတ်မချက်နဲ့ အတူတူပါ၊ ဒါပေမဲ့ ၀ိုင်းဆရာရဲ့ တူးဗျောင်းဗျောင်း၊ တူးဗျောင်းဗျောင်းနဲ့ ပတ်ဝိုင်းထဲကနေ ခေါ်ပေးနေတဲ့ အသံကြောင့် အမင်္ဂလာကနေ မင်္ဂလာဖြစ်သွားပါတယ်၊ ပတ်ဝိုင်းဆရာ အပျင်းကြီးလို့ ခေါ်မပေးရင်လဲ မင်္ဂလာက အမင်္ဂလာဖြစ်တာပေါ့၊

ဆရာဟာ ကျွန်တော်တို့ကို တော်တော်အားထားပါတယ်၊ သူယဉ်ကျေးမှုဌာနမှာ နိုင်ငံခြားသားများ လာရောက်လေ့လာတဲ့အခါမှာ သမားစဉ်တီးလုံးများကို တီးပြပြီး ဒီပညာများကို မပျောက်ပျက်အောင် တက္ကသိုလ်ကျောင်းသားများကို သင်ပေးနေကြောင်း အမြဲ ပြောတတ်ပါတယ်။ သူဒီလိုပြောကြောင်းလဲ ကျွန်တော်တို့ကို အမြဲ ပြောပါတယ်၊ ဆရာ့ဆီက ကျွန်တော်ရလိုက်တဲ့ အကျင့်လေးတစ်ခုကတော့ ကျွန်တော်တို့ ဥာဏ်ပူဇော်ခ ကန်တော့တဲ့အခါ ငွေကိုလက်ခုတ်ထဲတဲ့ မန္တလေးမြို့ဘက်ကို လက်အုပ်ချီပြီး၊ ဆရာသမားများ သင်ပေးတဲ့ ပညာကြောင့် ယခုလို ၀မ်းရေးကို ဖြေရှင်းနိုင်ပါတယ်ဆိုပြီး ကန်တော့တာပါပဲ။

စိတ်ကတော့ အင်မတန်ကြီးပါတယ်၊ ဆရာရဲ့ ပုရပုဒ်ဖြူ မူများကို အဲဒီအချိန်မှာကို အပြင်ဆိုင်းတွေက မသုံးတော့ပါ၊ ခုနှစ်သံချီ တတိယပုဒ်ဖြစ်တဲ့ ယဉ်မူဆေးလေး (ရီရီဆိုင်းဆိုင်း) ကို သူတစ်ခါ စိတ်လိုလက်ရ ယဉ်ကျေးမှုဌာနမှာ တီးမယ်ဆိုပြီး ပတ်ဝိုင်းထဲ ၀င်ထိုင်ပါတယ်၊ စလဲတီးရော ကျန်တစ်ဝိုင်းလုံးက ဗျောင်းဗျောင်းနဲ့ သူ့မူရဲ့ ၂ဆ မြန်တဲ့ တင်ပိုနဲ့ တီးလိုက်တော့ ရေရေလည်လည် ဆဲပြီးထွက်လာခဲ့တယ်လို့ ကျွန်တော်တို့ကို ပြောဘူးပါတယ်၊ သူဆဲခဲ့တဲ့ ဆိုင်းအဖွဲ့ဟာ အဲဒီအချိန်က နိုင်ငံတော် နံပတ် တစ် ဆိုင်းအဖွဲ့ ဦးစိန်ချစ်တီး ဆိုင်းအဖွဲ့ပါပဲခင်ဗျာ

ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ဘယ်ပညာမဆို ဆရာစစ် ဆရာမှန်နဲ့ သင်ရတာဟာ အင်မတန် ကံကောင်းပါတယ်၊ ဂုဏ်ရှိပါတယ်၊ အရေးလဲကြီးပါတယ်၊ အဲဒီလို ဖြစ်နိုင်ဘို့မှာလဲ ကျွန်တော်ယုံကြည်မိတာကတော့ ကိုယ်ကလဲ ပညာကို မှန်မှန်ကန်ကန် ဖြန့်ဝေပေးရပါလိမ့်မယ်၊

ဆရာ့ဆီက ကျွန်တော်တို့ တီးလုံး ၆မျိုးပဲ တက်လိုက်နိုင်ပါတယ်၊ ခုနှစ်သံချီ သုံးပုဒ်၊ ရွှေဘုန်းတော်တိုးပါလို့၊ သောင်းသောင်းညံညံ၊ ယဉ်မူဆေးလေး၊ အပျိုတော်ပို့ ရှေ့ပိုင်းများ၊ သိကြားနတ်သံ၊ ကွမ်းခြံကုန်းပွဲမသွားမှီမှာ လေပြေထိုးတာ၊

ဒါပေမဲ့ အဲဒီ ၆ပုဒ်ဟာ ကျွန်တော်တို့ ဆိုင်းကို လုံးဝ မြှင့်တင်ပေးလိုက်ပါတယ်၊ စည်းဝါး၊ နရီ၊ ပတ်မချက်များ သေသတ်မှု၊ တဦးနဲ့ တစ်ဦး အပေးအယူ၊ အပြင်ဆိုင်းများအတိုင်း တီးနိုင်လာခဲ့ပါတယ်၊ ပွဲရဲ့ အသက်ဖြစ်တဲ့ အကတီးလုံးများကလဲ အဲဒီအချိန်မှာ အကောင်းဆုံး ယဉ်ကျေးမှုတီးလုံးများအကများဆိုတော့ လုံးဝ အောက်မကျခဲ့ပါဘူး၊

ပွဲများ၊ ပွဲချီစိတ်သလားမမေးပါနဲ့၊ မေဂျာတိုင်းလိုလိုရဲ့ သစ်လွင်ကြိုဆိုပွဲများ နှုတ်ဆက်ပွဲများ ညစာစားပွဲများ၊ သူတို့ ကိုယ်တိုင်ကရင်က မကရင် ကျွန်တော်တို့ကတယ်၊ တက္ကသိုလ်အနေနဲ့ တာဝန်ယူရတဲ့ ပွဲများ၊ အဲဒီမှာ ဂုဏ်ယူလို့ရတာကတော့ ဘွဲ့နှင်းသဘင်များပါပဲ။

တစ်ပွဲကို ၃၅၀ကြီးများတောင်ရပါတယ်၊ အဖေကြီးဦးစံအုံးက ကျွန်တော်တို့တီးနိုင်ပြီဆိုပြီး စတင်တာဝန်ပေးပါတယ်၊ ကျွန်တော့်ကြောင့် ကမ္ဘာမကြေမှားတီးမိတဲ့အထိ ကျွန်တော်တို့ တီးခဲ့ပါတယ်၊ ဓါတ်ပြားပြန်သုံးပြီး တစ်ချိန်မှာ ဓါတ်စက်ကြောင်လို့ ကျွန်တော်တို့ ဆိုင်းပြန်တီးခဲ့ရပါတယ်၊ အလွတ်တီးရင် အမှားနိုင်ဆုံးသီချင်းက လူတိုင်းရတဲ့ ကမ္ဘာမကြေပါပဲခင်ဗျား၊ တရစ်ပ်လက် များစွာနဲ့ ရေးထားပြီး နုတ်စ်နဲ့ကြည့်တီးမှ မှန်ပါတယ်၊ ဘွဲ့နှင်းသဘင်မှာ ဆိုင်းတီးတဲ့နေရာ ထောင့်ဘေးလေးမှာ ကျွန်တော် ခဲတံနဲ့ ရေးထားတဲ့ ကမ္ဘာမကြေ သင်္ကေတများကို (ကျွန်တော်လဲ အစောင့်များကို ပြောထားဘူးတဲ့အတွက်) ဆယ်စုနှစ်၂ခုလောက်အထိ မြင်ရတုံးပါ၊ အဲဒီကျမှ ကျွန်တော်တို့ဆိုင်းကို အလုပ်သမားနဲ့ လှည်းနဲ့ သယ်ပါတော့တယ်၊ ပတ်မကြီးထမ်းရတဲ့ တာဝန်က လွတ်သွားတာပေါ့လေ။

အဲဒီပွဲတွေကို စာမေးပွဲ စစ်ဘို့ ၂ရက်လောက်လိုတဲ့ အချိန်အထိ တီးလေ့ရှိပါတယ်၊ ပြီးရင်တော့ အားလုံးကို ဖြုတ်သိမ်းထားရတယ်၊ မနေနိုင်ကြလို့၊ ဘေးကလဲ ကန့်ကွက်ကြပြီလေ။

နားအုံးမယ်ဗျာ၊

အခုဖတ်ကြည့်လိုက်ရင်တော့ ဆိုင်းတီးတတ်လာတာ လွယ်လွယ်လို့ ထင်စရာရှိပါတယ်၊ မလွယ်ပါခင်ဗျာ၊ ရှေ့ဆုံးမှာ ပြောခဲ့တဲ့ တီးလုံးလေး ၃ ခု၊ ကျွန်းဆွယ်၊ စိမ်းရောင်စို၊ သမတရုံတီးလုံး၊ တပတ်လောက် တိုက်ယူရပါတယ်၊ အဲဒီတပတ်ဟာ နေ့ရော ညပါ၊ ကျောင်းတက်ချိန်များကလွဲလို့ ကျွန်တော်တို့ စုတီးကြရပါတယ်၊ ဆိုင်းအဖွဲ့ နဲ့ တစ်တွဲတွဲ နေတဲ့ ပြဇာတ်နဲ့ အငြိမ့်လူရွှင်တော်များလဲ ပါသပေါ့၊ မည်သူမျှ လာရောက်ကျွေးမွေးခြင်းမရှိပါ၊ စောင် ခြင်ထောင်မရှိ၊ အသင်းမှာရှိသော ကန့်လန့်ကာများကို ပဲ နောက်ဆုံးကာလများအထိ ချူံအိပ်ခဲ့ကြရပါတယ်၊ ရေချိုး မျက်နှာသစ်တာက အာရ်စီဘေး ကျောင်းသား ကျောင်းသူများ ခြေဆေးသော ဘုံဘိုင်လေးပါ၊ ကျွန်တော်မျက်နှာသစ်ဘို့ လာတုံး သစ်နေတုံး၊ မနက်စောစော အတန်းလာတဲ့ ကျွန်တော့် ပတ္တလျား သင်တန်းသူများက ဆရာနိုးပြီလားလို့ နှုတ်ဆက်ပေါင်းလဲ မနဲပါ၊

ကျွန်တော့်အမေဆိုရင် တစ်ခါတစ်လေ လိုက်လာပြီး မုန့်ဘိုးပေးရင်း တပည့်ကျောင်းသူလေးတွေကို မင်းတို့ဆရာနား နင်တို့ ဘယ်လိုကပ်နိုင်လဲ၊ မင်းနန္ဒာကိုယ်တော်ကြီးကိုလေ လို့ စလေ့ရှိပါတယ်။ ရေချိုးပေမဲ့ အင်္ကျီမှ မလဲနိုင်တာကိုး။

ကျွမ်းကျင်လာတော့ရော၊ ပိုဆိုးလာပါတယ်၊ တီးလုံးအသစ်လေးတွေ တိုက်တာ၊ ဆရာ့တီးလုံးများ မရိုးနိုင်အောင်ကို တီးကြတာ။ စိပ်နေသော ပွဲချီများမှာ အကတိုက်ပေးရတာနဲ့ တကယ်တီးရတာတွေနဲ့ နားရက်မရှိသလောက်ပါပဲ

ပွဲတစ်ပွဲရှိရင် သက်ဆိုင်ရာ မေဂျာကျောင်းသူကျောင်းသားများကို ၇ ရက်လောက် အနဲဆုံးတိုက်ပေးရပါတယ်၊ အဲဒီတော့ ဆိုင်းခန်းမှာ မနက် ၈နာရီလောက်ကနေ၊ ည ၁၀နာရီလောက်ထိ အနဲဆုံး တစ်နေ့ကို ၃ဖွဲ့လောက် ဆိုင်းတိုက်ပါတယ်၊ ကျွန်တော်တို့ အတီးသမားမျာတင်မက၊ လူရွှင်တော်များပါ ၀င်တိုက်ပေးကြရတော့တာပါပဲ၊ စည်းဝါးနဲ့ အုပ်စုံက လူတိုင်း တီးတတ်သွားပြီး၊ ခြောက်လုံးပတ်ကို ကိုသန်းထွတ်အပြင် ချိုသန်း၊ လူရွှင်တော်တွေထဲက ကိုတင်မောင်ဌေး၊ ကိုစိန်မြင့်တို့ပါ တီးနိုင်ကြလို့ မောင်းကြေးတစ်ယောက်၊ ဒိုးသမားတစ်ယောက်ရှိရင် အကတိုက်ပေးနိုင်တာပါပဲ၊ ညနေလာတိုက်သူများကတော့ ၀ိုင်းအပြည့်ပေါ့လေ၊ ရာဇူးသာမက၊ ပညာရေး၊ စီးပွားရေး တခါတစ်လေ စက်မှုတက္ကသိုလ်အထိ မိန်းခလေးအဆောင်များမကျန် အကတိုက်ပေးရင် ရောက်ရ၊ အနုပညာလုပ်ငန်းများ အတွေးအခေါ်များ ဖလှယ်ကြပေါ့၊ အဲဒီ အချိန်တွေမှာတော့ သက်ဆိုင်ရာ ဘာသာရပ် အဆောင်များက အကျွေးအမွေးတာဝန်ခံကြလို့ နဲနဲတော့ စိုစိုပြေပြေစားရပါတယ်၊ ဒါပေမဲ့ ကိုယ့်ဘာသာ အကျော်သုတ်၊ လဘက်သုတ်၊ ထမင်းဖြူစားရပေါင်းများတော့ သစ္စာရှိစွာနဲ့ ဒီဆိုင်တွေမှာပဲ ကျွန်တော်တို့ စားလေ့ရှိပါတယ်။

ကျွန်တော်တို့ရဲ့ ခံစားမှုများရော၊ များပါ့ဗျာ၊ အခုကျွန်တော် ၁၉-၁၀-၇၄ နေ့ရဲ့ ဒိုင်ယာရီလေးကို အဲဒီအတိုင်းရေးပြချင်ပါတယ်၊ ငယ်မူပြန်တယ်လို့တော့ မပြောပါနဲ့အုံးခင်ဗျာ၊ နာမည်များ တိုက်ရိုက်သုံးထားလို့လဲ ခွင့်လွှတ်ကြပါလို့။ အတိုတွေဆိုတော့ ပြသနာ မရှိလောက်ပါဘူး။

၁၉-၁၀-၇၄ စနေနေ့

ဆိပ်ကမ်း ကော်ပိုရေးရှင်းက အားကစားသမားတွေ ဧည့်ခံရေးပွဲ၊ ““မှတ်တိုင်”” ကတယ်၊ ဒို့က ဆိုင်းနဲ့ပို့ပေးရတယ်၊ စန္ဒယားနဲ့ပေါ့၊ ည အာရ်စီ ဆိုင်းခန်းမှာ ““၀ိုင်း”” ဖြစ်တယ်။ ကိုယ်ဖီလင် ၀င်လာတာနဲ့ ပတ္တလျား တလုံးသွားဆွဲပြီးတီးတယ်၊

ပထမဆုံး ““ဖြေလျှော့ခွေ””၊ ကိုမောင်မောင်ခင် ဆိုပေးတယ်၊ ဘယ်လောက်ကောင်းသလဲဆို၊ ချစ်သူငယ် အပုဒ်မှာ ပတ္တလျားကို ဆက်မတီးပဲ ငိုချင်စိတ်ပေါက်လာတယ်၊

ဒုတိယ၊ ပါရမီဖြည့်စမို့၊ ပြီးတော့ သောင်းဟန်၊ သုံမှုံမျက်ထား။

နောက်ဆုံး၊ ကိုယ် ဖူးပွေ့လက်တင် တီးတယ်၊ ကိုဌေးလဲ ၀င်ဆိုတယ်။

ပြီးလဲပြီးရော ကိုယ်ထပ်မော့ဘို့ ပုလင်းငှဲ့နေတုံး ကိုဌေး ခံစားနေရနေမှန်း သိရတော့တယ်၊ ““မိန်းခလေးတွေဟာ ဘာကြောင့်များ ဒီလောက် ရက်စက်ကြသလဲဗျာ”” တဲ့ ကိုသန်းထွတ်က ကြားတော့ စိတ်ထိန်းမရပဲ နံရံကို လက်သီးနဲ့ သွားထိုးတယ်။ ကိုယ်တော့ အရက်ခွက်ကိုင်ပြီး ငိုင်နေမိတယ်။

ကိုဌေးနဲ့ သန်းထွတ် အပြင်ထွက် စကားပြောကြတယ်။ ဌေးဝင်း အိပ်ရာကထပြီး ““အောင်မြေသာစံ”” ဆိုနေလို့ တီးပေးနေရတယ်၊ သဖြန်အပုဒ်မှာ လူက မူးနေပြီ၊ မနည်း ထိမ်းတီးပေးနေရတယ်။

ပီးလဲပြီးရော အပြင်ထွက်လာတော့ ကိုဌေးနဲ့ ကိုသန်းထွတ် စကားပြောပြီးသွားတယ်၊ သန်းထွတ်ပြန်ဝင်သွားတယ်၊ ကိုယ်နဲ့ ကိုဌေး ကျန်နေခဲ့တယ်။

ခဏလဲနေရော ကိုဌေး လှဲအိပ်ပြီး ငိုတော့တာပဲ၊ ကိုယ်လဲ သစ်တိုပင်ဘက် ခုံတန်း (ကိုယ်နဲ့ မိစမ်း အဖြေပေးခဲ့တဲ့ ခုံလေးပေါ့)၊ အဲဒီခုံပေါ်မှာ အရက်ခွက် ဘေးချပြီး အိပ်ရင်း စဉ်းစားနေမိတယ်၊ ကိုဌေးငိုသံတွေကတော့ အဆက်မပြတ်ပဲ။

ဆရာဦးအောင်သင်းရဲ့ ““ဆိုင်းသမားမျက်နှာ”” ဆိုတာရယ် ““လူရွှင်တော် မျက်ရည်ကျတာ ဘယ်သူမှ မသနားပါ”” ဆိုတာရယ်ပေါ့။
ပထမဆုံး ကိုဌေး၊ စင်ပေါ်မှာ အကောင်းဆုံး လူရွှင်တော်တယောက်၊ စင်အောက်မှာလဲ အားလုံးက အမြဲတန်း ပျော်ပျော်ရွှင်ရွှင်ပဲ တွေ့ကြတာပဲ၊ ဒီလိုလူမျိုးတစ်ယောက်မှာ အသံထွက် ငိုရှိုက်ရအောင် ထိခိုက်ရတယ်၊ အသဲနာရတယ်ဆိုရင် ဘယ်သူမှ ယုံကြမှာ မဟုတ်ဘူး၊ အထူးသဖြင့် မချိုတို့လို မိန်းကလေး၊ ကိုယ့်မိစမ်းလို မိန်းကလေးတွေပေါ့။

ဦးအောင်သင်းက၊ ဆိုင်းသမားဆိုတာ၊ သူများရီရင်လဲ ဗေထိဗေထိပဲ သူများငိုရင်လဲ ဗေထိဗေထိပဲ (မင်္ဂလာဆောင်ဖြစ်ဖြစ် အသုဘ ဖြစ်ဖြစ်)၊ မျက်နှာက မျက်နှာသေပေါ့။ ခံစားမှု မရှိဘူးပေါ့၊

ဟုတ်ပါလိမ့်မယ်ဆရာ၊ ဒါပေမဲ့ ကြားရတဲ့ လူတွေမှာ ဒီဃရသ၊ ဂရုဏာရသ၊ ဘယာနက ရသ၊ ရသမျိုးစုံအောင် စင်ပေါ်ကလူတွေကို ဖြည့်၊ ပို့ပေးနေရတဲ့ ဒီဆိုင်းသမားတွေမှာလဲ ခံစားတတ်တဲ့ အသဲနှလုံးတွေ အပြည့်ရှိပါတယ်၊ ရှိပါတယ်။
ကျွန်တော်တို့မှာ လူတွေ ရုံပွဲရှိမှန်းသိလာအောင် ပွဲဦးထွက် ခုနှစ်သံချီ တီးပြီး ဗိန်းမောင်းတိုက်ရတဲ့ အခါမျိုးရှိသလို၊
စင်ပေါ်က မင်းသားက ပရိသတ် မျက်ရေနင့်ကနဲ နင့်ကနဲကျလာအောင် ဟဲနေတဲ့အခါ သံလွင်စည်းသံလေးနဲ့ ငိုချင်းလိုက်တို့ ပေးရတဲ့ အခါလဲရှိတယ်။

ဒီလိုပဲ ကျွန်တော်တို့ဘ၀မှာ ဆရာမြင်သလို အမြဲ ပြုံးပြုံးရွှင်ရွှင်နဲ့ ဆိုင်းသမားဟေ့ဆိုပြီး ဘ၀ကို ဂျစ်ပဆီ ဆန်ဆန် နေကြပေမဲ့၊ အားလုံးလိုလိုပဲ အသဲခိုက်အောင် နာကျင်နေတဲ့ အဖြစ်ကလေးတွေ ကိုယ်စီကိုယ်စီ ရှိကြပါတယ်ဆရာ။

အခုအခြေအနေလို ရှိသမျှလူအားလုံး ရင်နာစရာ အတွေးကိုယ်စီနဲ့ မှိုင်နေ ခံစားနေတဲ့ ပုံစံတွေကို လူတွေက မမြင်တော့ ဒီလိုပဲ အပြောခံရတာပေါ့ဆရာ၊ ဒါပေမဲ့ ရသတွေကို ပေါ်လွင်အောင် တီးခတ်ရတဲ့လူတွေဟာ နားထောင်ပြီး ခံစားတဲ့ ပွဲကြည့်ပရိသတ်ထက် ပိုပြီးခံစားတတ်ပါတယ် ဆိုတာတော့ ပြောချင်တယ်။

တနေ့မှာ ဒီညရဲ့ ခံစားချက်တွေကို ၀တ္ထုရေးမိပါလိမ့်မယ်လေ။

အင်း မရေးဖြစ်ခဲ့ပါ။ အခုတော့ ဖိုရမ်ပေါ်မှာပဲ ရေးမိပါတယ်၊ ဆရာဦးအောင်သင်းတစ်ယောက် သူ့ကြောင့်ရေးမိတဲ့ စာတစ်ပုဒ် ဖတ်မိပါစေလို့။

၇၄-၇၅ နှစ်ဆန်းပိုင်းများမှာ ကျွန်တော့တို့ ကျောင်း ရေရှည်ပိတ်ရပါတယ်၊ ၁၉၇၅ ငါးလပိုင်းမှပဲ ပြန်ဖွင့်တော့တယ်၊

အဲဒီကျောင်းပိတ်ရက်တွေမှာ ဆိုင်းကတော့ အလျှော့မပေးပါ။ ကျောင်းထဲ ပြန်ဝင်ရတာနဲ့ တီးတော့တာပါပဲ၊ မှတ်မှတ်ရရ ဒိုင်ယာရီထဲမှာ ၂၂-၂-၇၅ စီးပွားရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်တီးလို့ ရေးထားပါတယ်၊ ကျွန်တော်နဲ့ အတူတူ တက္ကသိုလ်စတက်တဲ့ အဖွဲ့များ ဘွဲ့ယူကုန်ကြပါပြီလေ။

အဲဒီကြားကနေ ၁၉၇၇အထိ ဆိုင်းမှတ်တမ်းကို၊ ဆိုင်း အပြင်းအထန်တီးသည်၊ ကျောင်းပိတ်ပိတ်မပိတ်ပိတ် အနုပညာလှုပ်ရှားမှု မပြတ်လို့ပဲ ရေးချင်တော့တယ်။

ဒီကြားထဲမှာ ခြောက်လုံးပတ် (ပတ်မချောင်) သမား နှစ်ယောက်ပြောင်းပါတယ်၊ ကိုသန်းထွတ်နားသွာတဲ့ အဖြစ်လေးဟာ ရင်နာစရာပါပဲ။

၁၉၇၆ပတ်ဝန်းကျင်မှာပါ၊ ကိုသန်းထွတ် ကျောင်းပြီးနေပါပြီ၊ ပုသိန်မပြန်ပါ၊ ကျောင်းသားရေးရာမှာ ၀င်လုပ်ပြီး ဆိုင်းတီးလိုက် ပြဇာတ်တက်ကလိုက် လုပ်နေပါတယ်၊ ပြဇာတ်တက်ကလို့ရပေမဲ့ အငြိမ့်စင်တော့ မတက်နိုင်တော့ပါ၊ ဒိုးတီးရတဲ့တာဝန်အပြင် အပေါ်ကို မလိုက်နိုင်တော့ပါ၊

ကျောင်းမှာတင် တေပေနေလိုက်တာ၊ တည မှတ်မှတ်ရရ ကန်ဘဲ့ ဆရာအတတ်သင်ကျောင်းဆင်းပွဲ ဆိုင်းသွားတီးပါတယ်၊ ဆိုင်းအပြည့်မဟုတ်ပါ၊ လခြမ်းဝိုင်းရယ် ဟိုမှာရှိတဲ့ စန္ဒယားရယ် သုံးပြီး တီးကြပါတယ်၊ ဆရာဆရာမတွေကိုယ်တိုင် မင်းသမီး လူရွှင်တော်စသည် ကကြပါတယ်။

လာဒိုဆိုလာဆိုမိ၊ ဒိုဆိုဒိုရေ လားဆို ဆိုတဲ့ မြန်မာ့အသံတီးလုံးနဲ့ ဧည့်ခံတီးနေတာပါ၊ ကိုသန်းထွတ်ဟာ ထုံးစံ အတိုင်း မြူးမြူးကြကြနဲ့ ခြောက်လုံးပတ်ကို ပြုံးပြုံးတီးနေပါတယ်၊ တီးလုံးတစ်ဝက်လောက်မှာ ကျွန်တော်တို့မမြင်ဘူးတဲ့ လူနှစ်ယောက် ကပွဲခန်းမထဲ ၀င်လာပါတယ်၊ ပွဲချိန်က ညနေ ၆နာရီလောက်ပါ၊

သန်းထွတ်

ခင်ဗျာ အစ်ကို

အဖေဆုံးပြီ၊

ဗျာ

ကိုသန်းထွတ်ရဲ့ သွက်လက်စွာ လှုပ်ရှားနေတဲ့ လက်များ တစ်ဖြေးဖြေး ငြိမ်ကြသွားပါတယ်၊ တီးလုံးဟာ ဘယ်လိုဘယ်ပုံ တိုးသွားမှန်းမသိ တိုးလိုးတန်းလန်း ရပ်သွားပါတယ်၊ မဆီမဆိုင် ပထမဆုံး ရပ်ကွက်ပွဲမှာ သူစင်ပေါ်မှာ ဇော်က ကနေတုံး၊ ဇော်သီချင်းမရတဲ့ ကျွန်တော့်ကြောင့် ဆိုင်းပထမဆုံးရပ်သွားတာကို အမှတ်ရလိုက်မိပါတယ်။

အားလုံး ကြောင်နေကြပါတယ်၊ ကိုသန်းထွတ်ပြီးမှ ဒိုးနေရာကထလာပြီး စန္ဒယားတီးနေတဲ့ ဌေးဝင်းကို ရွာစား ကျွန်တော့်အဖေဆုံးသွားပြီဗျာ ကျွန်တော့်ကို ပြန်ခွင့်ပြုပါလို့ ပြောပြီး လှည့်ထွက်သွားလိုက်တာ၊ သူပညာရေးဌာနကို အလုပ်ဝင်ပြီး ရန်ကုန်ကို တာဝန်နဲ့ ပြန်ရောက်တော့မှပဲ ပြန်တွေ့ရပါတော့တယ်။

အဲဒီအချိန်မှာကို ထူးထူးခြားခြား သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်ကို အပန်းဖြေရိပ်သာထဲမှာ ဆိုင်းဝိုင်းအပြည့်နဲ့ လက်ခံထားမိတော့ နောက်တုတ်နေရာကနေ ခြောက်လုံးပတ်ကို တက်တက်ဆော့တဲ့ မောင်ချိုသန်း ရာထူးတိုးပြီး ပတ်မတီးဖြစ်သွားပါတော့တယ်၊ သူကံကောင်းတာကတော့ ပထမဆုံးတီးရတဲ့ ပွဲမှာ မှန်စီရွှေချ ထိန်ထိန်တောက်နေတဲ့ နယားပျံတွေနဲ့ တီးရတာပါပဲ၊ ကျွန်တော့် ကျောင်းသားဘ၀ပြီးတဲ့အထိ ချိုသန်းပတ်မချောင်ဝင်ရတာ ပုသိန်ကနေ ဌေးဝင်း အကို ကိုကျော်မြင့် မစ္ဆဗေဒနဲ့ ရန်ကုန်ပြောင်းလာတဲ့အထိပါပဲ။

ပဉ္စမနှစ်မှာ ထူးကဲစွာ တစ်ခါမှ မပေါ်ဘူးတဲ့ တက္ကသိုလ်ကျောင်းသား နှဲဆရာပေါ်ထွန်းလာပါတယ်၊ ဆိုင်းဟာနှဲမပါရင် ဆိုင်းမမည်ပါ၊

အရင်ပထမ တက္ကသိုလ်ဆိုင်းဟာ နှဲမရှိခဲ့ပါ၊ ကျွန်တော်တို့လဲ တကဲ့ပွဲမှာ ယဉ်ကျေးမှုက ဦးလေးဦးမြမောင်ကို ခေါက်ကြေးပေးပြီး ငှားရပါတယ်၊ ထောက်လှမ်းရေး ဦးမြမောင်လို့ခေါ်ကြပါတယ်၊ တလွဲမထင်ပါနဲ့ ခြေတစ်ဖက်ဆာနေလို့ပါ၊ ကျွန်တော်တို့ အသင်းကတာက ယဉ်ကျေးမှုဌာနကလွဲလို့ ဘယ်သူမှ မကနိုင်တဲ့ ယဉ်ကျေးမှုတီးလုံးများကိုး၊ တချို့ တီးလုံးများ ခုံတော်မင်းသမီး၊ သုံးပန်လှ (အပြည့်)တို့ဆိုရင် ယဉ်ကျေးမှုဆရာများတောင် မရကြပါ၊ ဦးလေးဦးမြမောင်လဲ ကျွန်တော်တို့ အသင်းကြောင့် သူတော်တော် ၀င်ငွေဖြောင့်ပါတယ်။

အခုတော့ သူ ဒုက္ခရောက်ပါပြီခင်ဗျား၊ ညီရွှေကြောင့် သူ စားပေါက်ပိတ်သလို နောက်ပိုင်းမှာ ကျွန်တော်တို့ဆိုင်း ပရော်ဖက်ရှင်နယ်တီးကြလို့ ဆိုင်းအဖွဲ့ တော်တော်များများ လပ် ပိတ်ကြပါတယ်၊ ဆိုင်းတစ်ဖွဲ့လုံး ဒိုးသမားမကျန်၊ တီးလုံးကို နားထောင်၊ သင်္ကေတရေး၊ ချက်ချင်းကောက်တီးနိုင်တာ အဲဒိအချိန်မှာ နိုင်ငံတော်ဆိုင်းတောင် မရပါခင်ဗျား၊

ကိုညီရွှေ အကြောင်းများ မှတ်သားစရာတွေ ပြောပါ့မယ်၊ သူရောက်လာကာစက ကျွန်တော့် မောင်းဆိုင်းကို ပထမဆုံးကိုင်တာပါ၊ ပုံပမာကြိုးတို့ပါတို့ လျှောက်တီးပြီး မျက်နှာကြီး ရှုံ့မဲ့လို့၊ မောင်းတွေက ဘယ်လိုဆင်ထားတာလဲ မှားနေတယ်လို့ ပြောပါတယ်၊ ကျွန်တော်လဲ ကြောင်နေတာပေါ့၊ နောက်မှ ဗဟုသုတရှိတဲ့ ဌေးဝင်းက ဒါ ဗမာဆင်ဗျ ခြောက်ပေါက်ဆင်၊ ခင်ဗျားတို့ ရခိုင်လို ခုနှစ်ပေါက်ဆင် မဟုတ်ဘူးလို့ ပြောပါတယ်။ ရခိုင်များ စကထဲကပါဗျာ၊ ဒါပေမဲ့ သူ့ကို ရခိုင်လို့ပြောရင် နာပါတယ်၊ ရခိုင်များကလဲ သူ့ကို ရခိုင်လို့ မသတ်မှတ်ပါ၊ ကျိန်တလီသား ဂွမြို့ကကိုး။

ဘယ်ကလောက်ဂွကျလဲဆိုရင် ကျောင်းမှာ ဘယ်လောက် အရေးကြီးတဲ့ ဆိုင်းပွဲရှိရှိ စာမေးပွဲကြီးနီးလာရင် ခွင့်ယူပါတယ်၊ ဆိုင်းမတီးတော့ပါ၊ အသင်းခန်းတောင်မလာပါ၊ ဦးမြမောင်လဲ အဲဒီအချိန်ပဲ မျှော်နေတာပေါ့၊ ဆိုင်းမတီးတာနဲ့ တန်လောက်အောင်ကို ကိုညီရွှေ နှစ်တိုင်း အမှတ်ကောင်းပါတယ်၊ အမြဲ ဂရိတ်ဖိုးကြီးပါပဲ (ဥပဒေမှာမလွယ်ပါ)

ကံဆိုးချင်တော့ သူဖိုင်နယ်နှစ်မှာ ထုံးစံအတိုင်း ခွင့်ယူပါတယ်၊ ကျွန်တော်တို့ ဆိုင်းအဖွဲ့ကတော့ ပေးလိုက်တာပေါ့၊ ဒါပေမဲ့ အဲဒီလောက် စာမေးပွဲ ကပ်နေတဲ့အချိန်မှာမှ သီရိဆောင်က ညစာစားပွဲ နှုတ်ဆက်ပွဲလုပ်ပါတယ်၊ အဲဒီအဆောင်သူ ဥပဒေကျောင်းသူများကို ဒိုးပတ်ဝိုင်းထွက်ရမယ်၊ ကိုညီရွှေက သင်ပေးစေဆိုပြီး ဥပဒေဌာနမှုး ဦးတင်အုံးက အမိန့်ချပါတယ်၊ ကျွန်တော်တို့ ဆိုင်းကိုတော့ မခိုင်းပါ (မခိုင်းတဲ့ အကြောင်းလေး ပြီးမှ ဆက်ရေးပြပါ့မယ်)

မရပါ၊ မောင်မင်းကြီးသား ကိုညီရွှေ သူ့ဌာနမှုးကိုလဲ မကြောက်ပါ။ သင်မပေးနိုင်တဲ့ အကြောင်း၊ သူဆိုင်းတောင် မတီးတဲ့ အကြောင်းသွားပြောပါတယ်။

ဌာနမှုးလဲ သူ့ပြောမရတော့ ကိုညီရွှေကို နိုင်တဲ့လူလိုက်ရှာပါတယ်၊ မတွေ့ပါ၊ နောက်ဆုံးမှ သတိရပြီး အနုပညာအသင်း ဥက္ကဌ ပါမောက္ခချူပ် ဒေါက်တာကျော်စိန်ကို သွားပြောပါတယ်၊ အဲဒီမှာမှ ပါမောက္ခချုပ်က သူ့ကိုခေါ်တွေ့ပြီး ပါမောက္ခချူပ်မေတ္တာရပ်ခံချက်နဲ့ ဒိုးပတ်သင်တော်မူပါတယ်၊ တကယ်တီးတော့ သူကိုယ်တိုင် ပုလွေဝင်မှုတ်ပေးရတယ်။

ညီရွှေ ကံမကောင်းတော့ပါ၊ ဒိုးပတ် သံချပ်များကို အဆောင်သူများက ကျွန်တော်တို့ကို လာအပ်ပါတယ်၊ အဲဒီထဲမှာ ကိုတင်မောင်ဌေးက စာမေးပွဲကြီး ကပ်လို့နေပြီ ဆရာမရေ ကယ်ကြပါအုံး စသဖြင့် အပီစပ်ပေးလိုက်ပါတယ်၊

မောင်ရင်ညီရွှေ နောက်ဆုံးနှစ် ပါမောက္ခဘာသာ သရီးပဲရပြီး ကျူတာ မဖြစ်တော့ပါ၊ အမှန်အကန်မရတာလဲ ဖြစ်နိုင်ပါတယ်၊
အခုယဉ်ကျေးမှု တက္ကသိုလ်မှာ လက်ထောက်ကထိကထင်ပါ့၊ သူက ပညာအမြင့်ဆုံးပေမဲ့ သူ့တူရိယာက နှဲမို့လို့ဆိုလားပဲ၊ ကျွန်တော်တို့ဆိုင်းနဲ့ ကခဲ့တဲ့ အငြိမ့်မင်းသမီးများက ပန်တျာကျောင်းအုပ်ကြီးများ၊ ယဉ်ကျေးမှု အထူးအရာရှိများဖြစ်ပြီး သူ့ထက်မြင့်ကြပါတယ်၊ သူ့ကို အခု ရွိင်ရယ်ဂါးဒင်း ရက်စတောရင့်မှာ ကျွန်တော် တစ်နှစ်တစ်ခေါက် (အထင်မကြီးပါနဲ့ ကျွန်တော့် မိတ်ဆွေ ဂျပန်များက တစ်နှစ်တစ်ခေါက်လာပြီး အဲဒီမှာ ကျွေးလေ့ရှိလို့ပါ) ရောက်တိုင်း ဆိုင်းဝိုင်းနဲ့တွဲပြီးတွေ့ရပါတယ်ခင်ဗျာ။

သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေများပါတယ်၊ ဆိုင်းမှာတွဲတီးကာစ သမားစဉ်တီးလုံးများ ပြသနာမရှိပေမဲ့ ယဉ်ကျေးမှုတီးလုံးများ သူ့နားထဲ မရပါ၊ ကျွန်တော်တို့ ၀ိုင်းဝိုင်းပြောလွန်းလို့ မခံမရပ်နိုင်ဖြစ်လာပြီး တည ဦးချစ်ဆိုင်မှာ ကဲကျွန်တော့်ကို နုတ်စ်ကျင့်တဲ့ လေ့ကျင့်ခန်းတွေပေးဗျာဆိုပြီး ယူထွက်သွားလိုက်တာ သုံးရက်လောက်ပျောက်သွားပါတယ်၊ ပြန်ပေါ်လာတဲ့အခါမှာ ကျွန်တော့်လောက် နီးနီးကို ဖတ်တီးနိုင်ပါပြီ၊

နောက် သူကြိုက်တဲ့ ကောင်မလေးဆီ စာရေးတဲ့အခါမှာ ရည်းစားစာကို ညီရွှေ (တက္ကသိုလ်နှဲ)လို့ ဂုဏ်ယူစွာဆိုင်းထိုးပါတယ်၊ ကျွန်တော်စာရေးတဲ့အခါ ကလောင်နာမည်မှာ တက္ကသိုလ်ဆိုင်းလို့တပ်ဘူးတာကလွဲလို့ ဘယ်သူမှ မသုံးပါ၊ မိန်းခလေးဆောင်ရှေ့လဲ တစ်ကျောင်းလုံးမှ တလက်ထဲရှိတဲ့ နှဲနဲ့ သွားကြူပါတယ်၊ ဟိုက ဘယ်လိုခံစားမလဲတော့မသိဘူး၊

ဒါပေမဲ့ သူနဲ့ ပတ်သက်ပြီးကျွန်တော်တို့ ရိုးရာယဉ်ကျေးမှုများ ပြည်နယ်နေ့များနဲ့ ပတ်သက်လာပါတယ်၊ သူရောက်တဲ့နှစ်ကစပြီး ရခိုင်ပြည်နယ်နေ့ပွဲများ ကျောင်းတွင်း ရခိုင်အခမ်းအနားများကို ကျွန်တော်တို့တာဝန်ယူတီးခဲ့ကြပါတယ်၊ ဒါတွေတီးပေးမှန်းသိလို့ ကရင်စသဖြင့် လိုအပ်သလို ပြည်နယ်နေ့တွေ၊ ပြည်ထောင်စုပွဲတွေမှာ လာရောက် အကူအညီတောင်းကြပါတယ်၊ မြန်မာကလွဲလို့ပေါ့။

အံ့သြသွားပါသလား၊ မအံ့သြပါနဲ့ တကယ်ပါခင်ဗျာ၊ ကိုဒိုက်က ကျွန်တော်ဟာ ကိုးလိုးကန့်လန့်တိုက်တတ်သူ၊ ဆည်ဆောက်တာကအစ လိုက်ဝေဖန်သူလို့ ပြောဘူးပါတယ်၊ ကျွန်တော့်မှာလဲ လူကြီးတွေနဲ့ပတ်သက်တဲ့ ဆူးများက အဲဒီအချိန်တွေထဲကရှိပါတယ်၊

ကြည့်ပါဗျာ၊ ပြည်ထောင်စုပွဲလုပ်တယ်၊ လူမျိုးပေါင်းစုံ ကိုယ့်ရိုးရာယဉ်ကျေးမှုကို အမြတ်တနိုးပြကြတယ်၊
ကျွန်တော်တို့ကို ရခိုင်တိုင်းရင်းသားများ အကူအညီတောင်းလို့ လခြမ်းဝိုင်းလေးနဲ့ကျွန်တော်တို့ ဆိုင်းခွင်ထဲမှာရှိနေရပါတယ်၊ တစ်ခါထဲ ကရင်တိုင်းရင်းသားများရဲ့ ဒုံးယိမ်းကိုလဲ ကျွန်တော်တို့ တီးပေးရပါတယ်၊ ကျွန်တော်တို့ ဘေးမှာ မွန်တိုင်းရင်းသားအကများကဘို့ မွန်ပြည်နယ်က မီးရထားနဲ့ကို ပို့ပေးလိုက်တဲ့ မွန်ဆိုင်းအဖွဲ့ဟာ မှန်စီရွှေချတ၀င်းဝင်း၊ ခေါင်းပေါင်းစ တစ်ထောင်ထောင်နဲ့ပေါ့။

အဲဒီအချိန်မှာ မြန်မာတိုင်းရင်းသားအကအနေနဲ့ အငြိမ့်သီချင်းတပုဒ်ကို တိပ်ခွေနဲ့ ကတော်မူပါတယ်။

ဘယ်သူမှ မရှက်ပေမဲ့ ကျွန်တော် အင်မတန်ရှက်ပါတယ်၊ အခုထိ တွေးမိတိုင်းရှက်ပါတယ်၊ တခေတ်မှာ တစ်ဖွဲ့ပဲရှိတဲ့ တစ်ခြားတိုင်းရင်းသားများကတောင် အမြဲအကူအညီတောင်းခံနေရတဲ့ တက္ကသိုလ်ဆိုင်းအဖွဲ့သားများဟာ ရိုးရာ ယဉ်ကျေးမှု အဖွဲ့များကြားမှာ မျက်နှာပူစွာနဲ့ နေခဲ့ရပါတယ်၊ ဒါမျိုး ၂နှစ်တိတိဖြစ်ပါတယ်၊ ကျွန်တော်ကျောင်းမှာမရှိတော့တဲ့ အချိန်ပါ၊ ဆိုင်းကတော့ရှိတုံး၊ ကျွန်တော်လဲဆိုင်းတီးတုံးပေါ့။

နှိုင်းယှဉ်ချက် အနေနဲ့ကပြောရရင်

ကျွန်တော်နောက်ဆုံးနှစ်မှာ ပြည်ထောင်စုပွဲလုပ်ပါတယ်၊ ဖြစ်မြောက်ရေးကော်မတီမှာခေါ်တဲ့အတွက် မြန်မာအကကို ထူးထူးခြားခြား ပဉ္စဂီတ အကနဲ့ တင်ဆက်နိုင်ခဲ့ပါတယ်၊ ဆိုင်းတူရိယာ ငါးမျိုး (နှဲ၊ကြေး၊မောင်း၊ပတ်ဝိုင်း၊ ပတ်မချောင်) ရဲ့အကြောင်းများကို မြန်မာလိုရော၊ လာရောက်ကြတဲ့ နိုင်ငံခြားသားများအတွက် အင်္ဂလိပ်လိုရော နာရေးရှင်းရေးပြီး တင်ဆက်ခဲ့တာပါ်။ တိုင်းရင်းသားအကများ တစ်ခုနဲ့တစ်ခုကြားမှာလဲ မြန်မာဆိုင်းတီးလုံး ခံလို့ပေါ့။

ဥပဒေဌာနနဲ့ ညိဘူးတဲ့ အကြောင်းရေးပါ့မယ်၊ ကိုဒိုက်ပြောသလို ကျွတ်ဆပ်ဆပ် မောင်ကိုရဲ့ သန္ဓေတည်ရာ အကြောင်းလေးတွေပေါ့ဗျာ။ ဥပဒေကျောင်းသူတွေထဲမှာ အကသမားတွေများပါတယ်၊ မနီနီက အာရ်စီရဲ့ စာရေးကိရိယာဆိုင်ကပါ၊

အဲဒိအချိန်ကလူများ သိကြပါတယ်၊ ဥပဒေ နှစ်လည် ဆုပေးပွဲထင်ပါတယ်၊ ဌာနမှုးက နီနီ စင်တော်မင်းသမီးကရမယ်လို့ အမိန့်ချပါတယ်၊ ဒါကပြသနာမရှိပါ၊ ဆက်ပြောတာက အတီးကတော့ ပတ္တလျားလေး ဗုံလေးလောက်ဆို ဖြစ်တယ်မဟုတ်လား၊ အဲဒါပါပဲ၊

အသင်းခန်းမှာ မနီနီက မျက်နှာငယ်လေးနဲ့ လာပြောပါတယ်၊ ကျွန်တော်တို့ မင်းသမီးကို ပတ္တလျားနဲ့ ကခိုင်းတာကို ကျွန်တော်တို့က အင်မတန်နာကြပါတယ်၊ လူငယ်စိတ် မရင့်ကျက်တယ်လို့ ပြော၊ ရပါတယ်ဗျာ၊
ဆုံးဖြတ်ချက်ချပါတယ်၊ ဆိုင်းအပြည့်နဲ့ သွားတီးမယ်၊ ပွဲတိုက်နေတယ် အကြောင်းပြပြီး ပထမဆုံး အစီအစဉ်ကို တောင်းမယ်၊ ကျွေးသမျှ ဘာမှမစားဘူး၊ ပြီးတာနဲ့ ဆိုင်းဖြုတ်မယ်( ပွဲကြီးထဲမှာနော်)၊ ဒီအကကလွဲလို့ ဘာတီးလုံးမှ မတီးဘူး၊ ကြောက်တတ်တဲ့လူတွေ မလိုက်နဲ့။

တကယ်ပါပဲ၊ အဲဒီတုံးက ညီရွှေမရောက်သေးပါ၊ ဒါပေမဲ့ သူကတော့ လိုက်မဲ့လူပါ၊ ဥပဒေကျောင်းသား လူရွှင်တော်အုပ်စု မလိုက်ကြပါ၊ မြန်မာစာအုပ်စုက မန်နေဂျာလုပ်ပြီး ကျွန်တော်တို့ သွားတီးကြပါတယ်၊ ဟိုဖက်မှာလဲ ပွဲတာဝန်ခံက ကို ကံ့ကော်တောမျိုးအောင် ပါ၊ ကွမ်းခြံကုန်းပွဲမှာ အတူတီးခဲ့ကြလို့ အင်မတန်ခင်ပါတယ်၊ ဒီပြသနာကို သူလဲသိတော့ ကျွန်တော်တို့ တောင်းဆိုချက်များကို လက်ခံပါတယ်၊ ဧည့်ခံတာ ကိစ္စမရှိ သူ့ ဂီတာဝိုင်း ဇိန်ကြီးတို့ ကိုကျော်မင်းတို့ ရှိတယ်ပေါ့။

ပြသနာက ဂီတာဝိုင်း စဧည့်ခံနေတုံးမှာ စပါတယ်၊ ကျွန်တော်တို့ဆိုင်းကလဲ ပတ်စာအစ အကုန်ကပ်ပြီးပါ၊ နဲနဲလေးမှ တီးလုံးစမ်းတာ မလုပ်ပဲ ငြိမ်ထိုင်နေကြပါတယ်၊ ကျောင်းသားကျောင်းသူတွေကတော့ ဂီတာဝိုင်းရော ဆိုင်းဝိုင်းရောမြင်တော့ အကြီးအကျယ်ပဲဆိုပြီး ဘေးမှာ ကြိတ်ကြိတ်တိုးပေါ့။

လေပြင်းကျပြီး ဓါတ်တိုင်လဲလို့ မီးပြတ်သွားပါတယ်ခင်ဗျာ၊ ကိုမျိုးအောင်တို့ လျှပ်စစ်တူရိယာများ လုံးဝ အသံမမြည်တော့ပါ၊ အဲဒီမှာ ပါမောက္ခက ကျွန်တော်တို့ဆိုင်းကို မေးငေါ့ပြပါတယ်၊ အသံချဲ့စက်မလိုတဲ့ မြန်မာဆိုင်းတီးပေါ့၊ သူကမှ အပေးအယူတွေမသိတာကိုး၊
ကိုမျိုးအောင် ပြာသွားပါတယ်၊ ချက်ခြင်း ဌေးဝင်းရှေ့ရောက်လာပြီး လက်အုပ်တချီချီနဲ့ ရွာစား တပုဒ်ထဲပါ၊ ခပ်ရှည်ရှည် တစ်ပုဒ်ထဲပါ၊ တောင်းပန်ပါတော့တယ်။

ကျွန်တော်တို့ အဲဒီလောက်လဲ မရိုင်းတော့ပါဘူး၊ အခြေအနေများက တမျိုးဖြစ်လာလို့ ကိုမျိုးအောင့်မျက်နှာနဲ့ပဲ ဌေးဝင်းက ခေတ်ဆန်းအက မြူးကြကြဆိုတဲ့ ယဉ်ကျေးမှုအက တီးလုံးတစ်ခုကို စလိုက်ပါတယ်။

အဲဒီတော့မှပဲ ဒါရိုက်တာလုပ်တဲ့ ကျွန်တော် မောင်းတီးဘို့ အပြင်မှာ လက်ခတ်ကျန်နေခဲ့မှန်း သိပါတော့တယ်၊ ၀ိဇ္ဇာခန်းမကနေ အာရ်စီကို အပြေးပြန်၊ လက်ခတ်ယူပြီး ပွဲဆီပြန်ရောက်တော့ မီးပြန်လာလို့ ဂီတာဝိုင်းပြန်စနေပါပြီ၊ အစီအစဉ်စတာနဲ့ ကျွန်တော်တို့လဲ စင်တော်မင်းသမီးကို ကောင်းခြောက်ဆယ်တေးထပ် အပါအ၀င် ပီပီပြင်ပြင်တီး ပီးတာနဲ့ အခမ်းအနားထဲမှာ ဆိုင်းဖြုတ် ပြန်လာခဲ့ကြပါတယ်။

အဲဒီလို လူငယ်စိတ်တွေက အများခဲ့သား၊ လမ်းစဉ်လူငယ်က တိပ်ခွေတွေနဲ့ အာရ်စီမှာ သိုင်းပြပွဲလုပ်တယ်၊ နောက်အပတ်မှာ တက္ကသိုလ်သိုင်းအဖွဲ့ကို ကျွန်တော်တို့ တက္ကသိုလ်ဆိုင်းအဖွဲ့က အလကား ကူညီပြီး တီးပေးတယ်၊ ဒီလိုပုဂ္ဂိုလ်တွေကို တက္ကသိုလ် အာဏာပိုင်များ ဝေးဝေးကရှောင်တာ မလွန်ပါဘူးနော်။

တက္ကသိုလ်ဆိုင်းနဲ့ပတ်သက်ပြီး အပိုင်း သုံးပိုင်းလောက်ရှိပါတယ်၊ ကျွန်တော်ကျောင်းပြီးတဲ့ ကျောင်းသားဘ၀ တစ်လျှောက်လုံးက တပိုင်း၊ ကျောင်းပြီးလို့ ကျွန်တော် ကျောင်းမှာပဲ လုံခြုံရေးဝန်ထမ်းနဲ့ ပတ္တလျားဆရာလုပ်နေချိန် သစ်တောဌာနအလုပ်စ၀င် မှော်ဘီစိုက်ခင်းများစိုက်နေချိန် ဒီအထိကတစ်ပိုင်းပါ၊ ပျားဂေဟာရောက် ပျားမွေးမြူရေးတာဝန်နဲ့ နယ်အနှံ့သွားနေချိန်၊ ပျားကနေ သစ်တောဌာနပြန်မရောက်ခင် ကျွန်တော်လေနေချိန်၊ နောက်ဆုံး ရန်ကုန်ကို တာဝန်နဲ့ ပြန်ရောက်ပြီး ကျွန်တော်တို့ဆိုင်းအဖွဲ့ အကြောင်းအမျိုးမျိုးနဲ့ လူကွဲသွားချိန်မှာ အထိက ကျွန်တော်တို့ လုံးဝ ကြေးစားပုံစံတီးတဲ့ အဆင့်ရောက်ပါပြီ၊ နောက်ဆုံးအပိုင်းပါပဲ၊ အဲဒီမှာ ဆုံးပါမယ်၊

အဲဒီအထဲမှာ ပထမပိုင်းဟာ အပင်ပန်းဆုံး၊ ပျော်စရာ အကောင်းဆုံး၊ အရိုးသားဆုံးပါပဲ၊ လက်တွေ့ကျောင်းတက်နေတဲ့ ကျောင်းသားဆိုတဲ့ ဂုဏ်ကြောင့်ပါပဲ၊ ဒုတိယအပိုင်းမှာတော့ ကျွန်တော်တို့ဟာ ဆိုင်းတီးတာအပြင် ပွဲများကို စတင် တာဝန်ယူလာကြပါပြီ၊ သာမာန်ဆိုင်းတီးပေးရုံမကပဲ၊ စင်ပေါ်အစီအစဉ်များကို စတင် စမ်းသပ်လာပါတယ်၊ မြိုင်ထလို အစီအစဉ်များ၊ ဇာတ်ကြီးများ စခဲ့ပါတယ်၊ တဖက်တည်း အသင်းကိုလည်း ဆိုကရေးတီးပြိုင်ပွဲများ ခမ်းခမ်းနားနား လုပ်ခဲ့ကြပါတယ်။

တတိယပိုင်းမှာ လှုပ်ရှားမှုဟာ မြို့တော် သင်္ကြန်ပွဲလောက်ပဲ ဖြစ်သွားပြီ၊ ကျွန်တော်ပါ အပါအ၀င် ကျန်လူအများဟာ ကြေးစား သက်သက် နီးပါးဖြစ်လာပြီ၊ ငွေရေးကြေးရေးတွေပါလာသလို ပြသနာများ ပါလာတာပေါ့လေ။

ကျွန်တော်ပြောသလိုပဲ ပထမဆုံးအပိုင်းဟာ ကျွန်တော် အခုံမင်ဆုံးနဲ့ ဂုဏ်အယူဆုံးအပိုင်းပါပဲ။ အဲဒီထဲမှာ ထူးခြားတာလေးတွေ ကျန်ပါသေးတယ်။

ပွဲဆိုတာ အမြဲ အငြိမ့်နဲ့ သိမ်းပါတယ်

အဲဒီအငြိမ့်မှာပဲ ပွဲရဲ့ အကြောင်း၊ ပွဲနဲ့ပတ်သက်သော ထိစရာ ရိစရာတွေ စုတော့တာပါပဲ။

အနုပညာ အသင်း လူရွှင်တော်များဟာ ဆိုင်းအဖွဲ့နဲ့ တစ်သားထဲလို ဖြစ်လာကြပါတယ်၊ ကျွန်တော်တို့ခေတ်ကနေ နောက်ဆုံး ဇာဂနာ စင်စီးနေတဲ့ ခေတ်အထိပါပဲ၊ ဇာဂနာ အင်တာဗျူးတစ်ခုမှာ ပြောသလို သူ့ကို အနုပညာအသင်း လူဟောင်းများ ပညာပြကြတယ်ဆိုပေမဲ့ ကျွန်တော်တို့ ဆိုင်းနဲ့ တော့ ဘာမှမဖြစ်ပါဘူး။

အရင်ကတော့ အငြိမ့်အုပ်စုဟာ ကိုယ့်ဆိုင်း၊ ကိုယ့်မင်းသမီးနဲ့ အကနဲပါတယ်၊ ကျောင်းပွဲတွေမှာ ကိုယ့်မင်းသမီး အပြင်ဆိုင်းနဲ့ ကကြတာပေါ့၊ အပြင်မှာဆိုရင် အပြင်မင်းသမီး (အထင်မသေးလိုက်ပါနဲ့၊ သူတို့က ဒေါ်နွဲ့နွဲ့စန်းတို့ ဒေါ်အမာစိန်တို့နဲ့ ကကြတာ) အပြင်ဆိုင်းနဲ့ ကကြပါတယ်၊ အဓိကက ကျွန်တော်တို့ မင်းသမီးများ အပြင်ကိုလိုက်က ဖို့မလွယ်၊ အပြင်ဆိုင်းများနဲ့ အစိမ်းသက်သက်တွဲနိုင်လောက်အောင် အကြမ်းမခံတာတွေပါတယ်၊ တလွဲမထင်ပါနဲ့ အပြင် အငြိမ့်ဆိုင်းများရဲ့ စည်းဝါး ပုံစံကို ကလေ့ မရှိတာပြောတာပါ၊ ကျွန်တော်တို့ ဆိုင်းတိုးတက်လာတော့မှ သူတို့လဲ ကြိုးစားလာကြပါတယ်၊ ဒါတောင် ကျွန်တော်တို့ကိုယ်တိုင်က ဘယ်လိုတီးတီး အပြင်ဆိုင်းများ ပုံစံမပေါ်ပါ၊ ဆရာဦးစိန်လှမောင် ရိုက်သွင်းထားတဲ့ တိုင်မင်းများ အသားသေနေလို့ပါပဲ၊

အခုတော့ရပါပြီ၊ တက္ကသိုလ်အငြိမ့်အဖွဲ့ သက်သက် လူရွှင်တော်၊ မင်းသမီး၊ ဆိုင်းအဖွဲ့ အပြည့်အစုံနဲ့ လိုက်ကတော့တာပါပဲ၊ ကတဲ့နေရာမှာ ဆိုင်းပစ္စည်းရှိရင် အဲဒီဆိုင်းကို ၀င်တီးလိုက်ပါတယ်၊ ကျောင်းသားဆိုင်းအဖွဲ့ဆိုတော့ အပြင်ဆိုင်းအဖွဲ့များကလဲ ညီလေးတွေ ညီလေးတွေနဲ့ ချစ်ကြပါတယ်၊ ကျွန်တော်တို့ဆရာ့ နာမည်ကလဲ မသေးပါ၊ ဒါတောင်မှ ပဒုမ္မာကွင်း လွတ်လပ်ရေးနေ့ ထင်ပ ပွဲတစ်ပွဲမှာ ရွာစားစိန်လှမြိုင် သဘင်ကောင်စီ ဥက္ကဌကို သူစီစဉ်ပေးထားတဲ့ဆိုင်း မောင်း နှစ်ကပ်ပဲပါလို့ဆိုပြီး ကျွန်တော် ဂျီကြတာ သူကိုယ်တိုင်လာကြည့်ပြီး ၂ကပ်တည်းနဲ့ ဘာကိုတီးလို့မရတာလဲဆိုပြီး မေးပါတယ်၊ အပြင်မောင်းသမားများကတော့ လုံလောက်နေတာကိုး၊ ကျွန်တော်က သီချင်းကြီး အတွဲတွေနဲ့ တွဲပြလိုက်တော့မှ အေးအေး ရှာပေးလိုက်ဆိုပြီး ရီပြီး ထွက်သွားတယ်၊ လူရည်ချွန် စီမံကိန်းကို ကျွန်တော်လိုက်တီးရတဲ့အခါ မီးရထားပေါ်မှာ ဟီးနိုးကားအပေါ်မှာ မောင်းကို ၂ကပ်ထဲဆင် တီးရတော့မှ အပေါ်က အဖြစ်ကို တွေးတွေးပြီး ရှက်ပါ့ဗျား။

အဲဒီအချိန်မှာ မေဂျာတိုင်းလိုလိုဟာ မောင်မယ်သစ်လွင် ကြိုဆိုပွဲ၊ နှစ်လည် ညစာ (တစ်ခါတလေလဲ နေ့လည်စာပေါ့၊ အဆောင်သမားနည်းသော မေဂျာများ) စားပွဲနဲ့ ဆုပေးပွဲ၊ နောက်ဆုံး နှုတ်ဆက် ညစာစားပွဲ၊ အနည်းဆုံး ၃ပွဲလောက်ရှိကြတယ်၊ မြန်မာ့အနုပညာကို အသုံးများတဲ့ ဘာသာရပ်များရှိသလို၊ တချို့ကြတော့လဲ ဂီတာဝိုင်းများကို သုံးပါတယ်။

အဲဒီအချိန် ဂီတာဆရာများ အဆင့်မြင့်ပါတယ်၊ ကိုမျိုးအောင်တို့ ဥပဒေ၀ိုင်း၊ ကိုမျိုးအောင် ပလေးဘွိုင် ကိုကျော်မင်း၊ ဇိန်ဇမန်တို့ အဖွဲ့ဟာ အဆင့်မြင့်လွန်းလို့ တောပွဲ ကွမ်းခြံကုန်းပွဲမှာ ဘာတွေတီးနေမှန်းမသိဘူးလို့ အားပေးခံရပါတယ် ဟဲဟဲ၊
ပြီး အဆောင်ပွဲများရှိတယ်၊ အဆောင်ပွဲဆိုတာမှာ ရာဇူးတင်မကပါဘူး၊ ကံ့ကော်၊ အင်ကြင်းလို အဆောင်များကလဲ လာငှားကြပါတယ်၊ စီးပွားရေးတက္ကသိုလ်ဆောင်များကိုတော့ ကျွန်တော်တို့ဆိုင်း သိပ် မတိုးဖြစ်ပါ၊ စီးပွားရေး တက္ကသိုလ် အနုပညာအသင်းကလဲ ဆိုင်းမရှိတာလေးက လွဲလို့ အင်မတန်အားကောင်းပါတယ်၊ ကိုသိန်းလှမောင်တို့ ကိုခင်မောင်ကြည် (မြန်မာပြည်ကို လာခဲ့ပါ)၊ အခုဆုံးသွားတဲ့ အေးအေးမြင့် ယောက်ျား ကိုဟန်မြတ်မော်၊ မင်းသမီးဆိုရင်လဲ သူတို့ဆီမှာ ကိုကို့ကို ကျမက ခိုးတာပါလို့ နာမည်ကြီးသွားတဲ့ မဂရေ့စ် (ဆွေဇင်ထိုက်)၊ (ကျွန်တော်တို့ဘက်မှာလဲ မင်းသမီးတွေရှိပေမဲ့ သက်ဆိုင်ရာ မေဂျာပွဲတွေမှာပဲ ကကြသဗျား၊ ခင်သန်းနွယ်တို့ နန်းကလျာလှိုင်တို့ ကျွန်တော် အကတိုက်ပေးခဲ့ဘူးပါတယ်)၊ အဲဒီတော့ ဆိုင်းကိုငှားပြီး သူတို့ဘာသာ လုပ်ကြတာများတယ်၊ မာလာဆောင်ဆိုရင် ကျွန်တော့်အမျိုးသမီး ပွဲတာဝန်ယူရတဲ့ ၁၉၇၇မှပဲ ကျွန်တော်တို့ တီးဖြစ်တယ်၊ စီးပွားရေးဟာ ပတ္တလျားသင်တန်းက အစ အပြိုင်လိုက်ဖွင့်ပါတယ်၊ အကသင်တန်း၊ အဆိုသင်တန်း၊ ဒါပေမဲ့ ကျောင်းချိန်ပြီးမှ ပတ္တလျားအစရှိသည် ထုတ်သင်ရတဲ့ သင်တန်းတွေက အပန်းဖြေရိပ်သာကြီးတစ်ဝက်လောက်ကို မောင်ပိုင်စီးထားတဲ့ ရာဇူးအသင်းကို ဘယ်ယှဉ်လို့ရမလဲလေ။

ပြီး စက်မှုတက္ကသိုလ်၊ မြို့ပြထင်တယ် နှစ်လည်ပွဲလုပ်တိုင်း လာငှားလေ့ရှိပါတယ်၊ အဲဒီအချိန်က စက်မှုတက္ကသိုလ် ကင်တင်းဟာ အခုအချိန်ထိ ဈေး အသက်သာဆုံးနဲ့ အကောင်းဆုံးပါပဲ၊ ပထမပိုင်း ရာဇူးမှာ လာတိုက်ကြပြီး ပွဲကကာနီး သူတို့ဆီမှာ သွားတိုက်ရင် အင်မတန် တာဝန်ကျေကြပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ကိုပဲ ကျွေးပြီး သူတို့ မစားတာ သတိမထားမိဘူး၊ နောက်ပိုင်းကျမှ ဘတ်ဂျက်သိပ်မရှိမှန်းသိရလို့ အားနာလိုက်တာ၊ တာပေမဲ့ မျိုလို့ကတော့ ကျပါ့ဗျာ။

ပညာရေးတက္ကသိုလ် တခါလောက်ပဲ တီးပေးဘူးပါတယ်။

အဲဒီကျောင်းသားဘ၀မှာတော့ ဘယ်နေရာက လာခေါ်ခေါ် ဆိုင်းသယ်တာမှာ အကူအညီပေးမယ် ဆိုတာလောက်နဲ့ကို ၀ိုင်းတီးပေးတာပဲ၊ တက္ကသိုလ်လောကရဲ့ အနုပညာ လှုပ်ရှားမှုတိုင်းကို တာဝန်ရှိတယ်လို့ ယူဆထားမိတာကိုး၊ အခု အဆင့်မြင့်နေတဲ့ တက္ကသိုလ်စာတိုက်ဘေးက ကျောင်းလေး၊ အဲဒီတုံးက ကချောက်ကချက်ပါ၊ ကျောင်းကပွဲလေးကို ကျွန်တော်တို့ စန္ဒယား၊ ဂီတာက အစသုံးပြီးတိုက်ပေးတယ် (ပွဲကတော့ ပျက်သွားတယ်)၊ လိုင်းပေါက် ၀န်ထမ်းများ (တက္ကသိုလ် အမှုထမ်းများ) ကထိန်လုပ်ပါတယ်၊ ကျွန်တော်တို့ ဆိုင်းနဲ့ လိုက်တီးပေးကြတယ်၊ တက္ကသိုလ်ဝင်း အနှံ့ ဆိုက်ကားတွေနဲ့ ၊ ညီရွှေက ရှေ့ဆုံးမှာ ထိုင်ပြီးနှဲကြီးနဲ့၊ နောက်ဆိုက်ကားပေါ်မှာ မောင်း ၂ကပ် (ဟဲဟဲ ၂ကပ်ထဲ တီးတတ်သွားပါပြီ) ဆင်ပြီး ကျွန်တော် လမ်းလျှောက်လိုက်ရင်းတီးလာပါတယ်၊ နောက်ဆိုက်ကားမှာ စည်တို (အရိုင်းထုနေတယ်ထင်တာပဲ)၊ အဆင်ကိုပြေလို့၊ ညကြတော့လဲ စံရိပ်ငြိမ်ကျောင်းတိုက်မှာ မဏ္ဍပ်မှာ ဧည့်ခံတီးတယ် အရိုင်း ချိုအီကို ပထမဆုံး သီချင်းဆိုချင်းနဲ့ ဆိုတာ မှတ်မိနေတယ်၊ တီးနေတုံးပဲ၊ ပုလင်းထောင်ကြတာ၊ ဘုန်းကြီးက ကျောင်းသားတွေဆိုတော့ အင်မတန်ချစ်ကလား၊ တကာတွေ နှိပ်နှိပ်ဆိုပြီး အမြီးပါ ရှာပေးတာ(ဘုရားပရ၀ုဏ်ထဲ ပုလင်းထောင်တာနော်)၊ အခုစာရေးနေတုံး စဉ်းစားမိပါတယ်၊ မောင်၊ ဖိုးသကြားတို့ မောင်ရမ်းတို့ လကလေးတို့ ကိုအင်ဒီတို့ အားကျကြမယ်ထင်မိပါတယ်၊

ကျွန်တော့်ကို ဗျုးထားတဲ့အထဲမှာ လူမှုရေးလုပ်ဆောင်မှုတွေထဲမှာ အားအရဆုံး လုပ်ဆောင်မှု ဆိုတာ၊ ကျွန်တော့် ဘ၀ထိုထိုထဲမှာ ကျောင်းသားဘ၀ ဆိုင်းပညာနဲ့ အကူအညီပေးနိုင်မှုကို အောင်မြင်မှုအရှိဆုံး လုပ်ဆောင်မှုလို့ ပြောရမယ်ထင်တာပဲ၊ ကျန်တာတွေက စေတနာကို ဝေဒနာ မြင်တုံးထင်ပါ့။

ဘာသာရေးပွဲ နောက်တပွဲရှိတယ်၊ မှတ်မှတ်ရရ ၂၃-၁၁-၇၄ တက္ကသိုလ် ဗုဒ္ဓဘာသာအသင်း ဘုံကထိန်ပါ၊ အဲဒီနေ့ နေ့လည်မှာ ရာဇူး ၀ိဇ္ဇာဘာသာရပ်များ ဘွဲ့နှင်းသဘင်ရှိပါတယ်၊ ညဖက်မှာတော့ ဆိုင်းကို နယားတွေပါတွေ ငှားပြီး အခု တက္ကသိုလ် ဓမ္မာရုံထဲမှာ ဆင်ပါတယ်၊ အဲဒီပွဲက ဘာရယ်မဟုတ် ကိုအောင်ကျော်စိုးနဲ့ ချိတ်မိပြီး တီးဖြစ်သွားတာပါ၊ တကယ်တီးတော့လဲ လူကြီးတွေရောက်လာပါတယ်၊ ညပိုင်း ဧည့်ခံအနေနဲ့ ထူးမခြားနား၊ ကျောင်းတော်ကြီးကြိုး စသည် တီးကြပါတယ်၊ နှဲငှားရတုံး အချိန်ပါ၊ မော်ကွန်းထိန်း (၂) ဦးစံအုံးက သူမသိပဲလုပ်တဲ့ ပွဲကို ဆူဆူဆဲဆဲနဲ့ (နောက်ပိုင်းမှာ ကျွန်တော်တို့ လူကြီးတွေ မပြောတော့ပဲ ခိုးတီးတာတွေ အများကြီးပါ၊ မိတာပါပဲ) နောက် ညလယ်စာချက်စားဘို့ဆိုပြီး ပိုက်ဆံထုတ်ပေးသွားပါတယ်၊ (အခုမှပဲ စဉ်းစားမိပါတယ် အဲဒီငွေက ကျွန်တော်တို့ နေ့လည်က တီးထားတဲ့ ဆိုင်းတီးခပါပဲ)၊ မြေနီကုန်းသွား ကြက် (ဖနပ်မစီး) သွားဝယ်ပါတယ်၊ တစ်ခါထဲ နာမည်ကျော် အသောက်သမားဖြစ်တဲ့ စန္ဒယားကိုသောင်းဟန်ရယ် ကျွန်တော်ရယ် အရက်ဖြူတစ်လုံး၊ ဘဲလည်ချောင်းရိုးတစ်ချောင်းပါတာပေါ့၊ ဓမ္မာရုံတည့်တည့် အမရဆောင်ရှေ့မှာ ပုလင်းထောင်ကြပါတယ်၊ လူငယ်များ ပီပီ နှလုံးသား ပြသနာများရှင်းကြပေါ့၊ မနက် ၃နာရီလောက်မှ ၀ိုင်းသိမ်း၊ ဓမ္မာရုံထဲဝင်ပါတယ်၊ ကထိန်လုပ်မဲ့လူများ အိပ်ပျော်နေကြတာပေါ့၊ အဲဒါနဲ့ စစ်ကိုင်းဆောင်မှာ ပို့ထားတဲ့ နှဲသမား ဦးလေးဦးမြမောင်ကို သွားနှိုး၊ ဌေးဝင်းက ကြေး၊ ကျွန်တော်က မောင်း၊ ကိုသန်းထွတ်က ပတ်မကြီးနဲ့ ခေါ်ပေးတယ်၊ ဌေးဝင်းညီလေး ဌေးအောင်က စည်တိုရိုက်၊ ချိုသန်းက ရကွင်းကြီး၊ စန္ဒယားဆရာ သောင်းဟန်က စည်းဝါးခေါက်၊ ဗျောခေါက်ကြပါတယ်၊

အရက်သမားတွေက ဗျောတီးတော့ အလှုလုပ်သူများ နိုးလာကြပါတယ်၊ တံမျက်စီးလှဲသူလှဲ၊ မာလာတို့ သီရိတို့လဲ ဆိုင်းသံကြောင့် အကုန်ထကြ၊ ဒီတော့မှ သူတော်ကောင်းတွေကို နှိုးဆောင်ပေးရတဲ့ ကျွန်တော်တို့ အုပ်စု ဆိုင်းချောင်မှာ အသီးသီးအိပ်ကြရပါတယ်။
မကြာပါဘူး၊ မိန်းကလေးဆောင်တွေက တသုတ်ပြီး တသုတ် ဓမ္မစကြာတို့ ပရိတ်တို့ လာရွတ်ကြတာ၊ တသုတ်ပြီးသွားတိုင်း အမျှအမျှလို့ ဆိုပြီး ကြေးစည်ကြီးကို ဒူဝေေ၀လို့ ထုလိုက်တာနဲ့ ကျွန်တော်တို့ ၇ယောက် အိပ်နေရာကနေထ၊ ကိုယ့်နေရာကိုယ် အပြေးဝင် ဗျောခေါက်လိုက်ကြ၊ ပြီးဘေးမှာထိုးအိပ်လိုက်နဲ့၊ တကယ့်နေ့ပါပဲ၊ အဆောင်တွေအားလုံး ပြီးသွားရော မိုးစင်စင်လင်းလို့ မျက်နှာကမန်းကတန်းသစ်၊ ပတ်စာကပ် မနက် ဧည့်ခံတီး၊ အဲဒီနေ့က အလှုရေစက်ချပြီး စည်တိုကြီးကို အားပါးတရထုနေတဲ့ ကျွန်တော့်ကို ပါမောက္ခချူပ် ဆရာမောင်မောင်ခက သူ့ရဲ့ ထရိတ်မတ်ခ် အပြုံးနဲ့ လှမ်းနှုတ်ဆက်တာ ဒီနေ့အထိ ကျွန်တော် ကြည်နူးမိပါတယ်ခင်ဗျား၊

(ဒီမှာ ပြောချင်တာက ကျွန်တော်တို့ခေတ်မှာ ဆိုရိုးစကားရှိပါတယ်။ ပါချူပ်ဆိုတာ ကျောင်းသားတစ်ယောက်ဘ၀မှာ မောင်မယ်သစ်လွင်နေ့ရယ် ဘွဲ့ယူတဲ့နေ့ရယ် ၂ခါပဲ တွေ့ရရင် အကောင်းဆုံးလို့ရှိပါတယ်၊) ကျွန်တော့်မှာက ၇၅%ထိမယ်ဆိုတုံးက ရင်တုန်ပန်းတုန်နဲ့ တွေ့ဘူးထားလို့ အဲဒီစကား မှန်ကြောင်း ပြောချင်ပါတယ်၊ ဒါပေမဲ့လဲ ကျွန်တော်ဘွဲ့ယူတော့ အနုပညာအသင်းတံဆိပ်ကို ရင်ဘတ်ထိုးထားတဲ့ ကျွန်တော့်ကို မြင်မြင်ချင်းပဲ ဆရာ ပြုံးပြတဲ့ အပြုံးကလဲ ကင်မရာများကပါ သေသေချာချာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်)

ရေးရင်းနဲ့ ဘောက်တွေလျှောက်ရောက်သွားပါတယ်၊ ရောက်ရချင်းအကြောင်းရင်းကတော့ တစ်ခါက တက္ကသိုလ်ဟာ ကျောင်းစာတွင်မက အနုပညာအစ ဘာသာရေးအဆုံး တိုက်တွန်းခြင်းမရှိပဲ ကျောင်းစာတွေမပျက် ဘယ်လိုနေနိုင်ခဲ့တယ်ဆိုတာ သိစေချင်လာတာပါပဲ။

ရေးနေတုံး မစုဇူရဲ့ ပိုစ့်ကို ဖတ်ရပါတယ်၊ အဲဒီတော့မှ ရေးဘို့ကျန်နေတဲ့ ကိစ္စတစ်ခု သတိရလာပါတယ်၊

တက္ကသိုလ် အနုပညာအသင်း ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်၊ ပေါ်ပေါက်လာရခြင်း အကြောင်းရင်းပါ၊ ယခုခေတ် လူငယ်များ၊ အဲဒီလူငယ်များကို ပဲ့ပြင်ဘို့တာဝန်ရှိတဲ့ လူကြီးများ၊ ကိုယ့်ကိုယ်ကို တာဝန်ရှိပါတယ်လို့ ကျွေးကျော်နေကြသူများ သိဘို့ကောင်းပါတယ်။ ဒီအကြောင်းအရာများကို အနုပညာ အသင်း ငွေရတု အခမ်းအနားမှာ ဆရာ ဒေါက်တာ လှရွှေ မိန့်ခွန်းပြောသွားတာပါပဲ။ နောက် ကျွန်တော် လေ့လာမိသမျှပေါ့။



နောက်ခံသမိုင်းအချိန်က ၁၉၅၃ပါ၊ ကျွန်တော် မမွေးသေးပါ၊ တက္ကသိုလ်ကျောင်းသားများရဲ့ မစုဇုပြောသလို၊ လူမှုဆက်ဆံရေး အစရှိသည် အနုပညာအစ ထွက်ပေါက်များကို တက္ကသိုလ်က မပေးနိုင်ပါ၊ အဲဒါကို အခွင့်ကောင်းယူနေတာက အမေရိကန် ယဉ်ကျေးမှု စင်တာပါ၊ (ဒီနေ့ပိုစ့်ကို ကျွန်တော် အမျိုးသားရေး ဆိုင်ရာ အနေနဲ့ ရေးတာပါနော်၊ ဘယ်ဘက်ကမှ မလိုက်ပါ၊ ကျွန်တော်ဟာ ရှေးရှေးက ပြောဘူးသလို၊ နေရှင်နယ်လစ် တယောက်၊ ပြည်သူ့ဝန်ထမ်းလို့ ပြောနိုင်တာကို အင်မတန် ဂုဏ်ယူတဲ့သူပါ၊ ဘာအရောင်မှ မရှိပါဘူး၊



အဲဒီနောက်ခံ ဆက်တင် ကို ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ နာမည်ကျော် ““ညီမလေးရယ် စိုးရိမ်မိတယ်မှာ”” အပြည့်အ၀ပါပါတယ်၊ ယခု စာအုပ်တော့ပစ်မှာ မိန်းမလှ အမုန်းပြီးသွားလို့ ကျွန်တော် ထပ်တင်ချင်တဲ့ စာအုပ်ပါပဲ။



တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ အမေရိကန်စင်တာမှာ ပွတ်သဘင် (အဲဒိခေတ်က အခေါ်) ညတိုင်းဆင်နွဲနေကြတာကို အဲဒီခေတ် အစိုးရက ဘာမှမလုပ်နိုင်ပေမဲ့ ရင်နာနာနဲ့ ကြည့်နေရတဲ့ ဆရာကြီးများ၊ ဆရာလှရွှေ၊ ဆရာ မောင်မောင်ခ၊ ဆရာ ကျော်ရင်တို့က လသာသာညတညမှာ တိုင်ပင်ကြပြီး တက္ကသိုလ်အနုပညာအသင်းကို မျိုးစေ့ချခဲ့ကြပါတယ်ခင်ဗျာ၊



အသင်းဟာ စည်းမျဉ်းစည်းကမ်းများ အပြည့် ငွေစာရင်းကအစ၊ မှတ်ပုံတင်ပြီး ပေါ်ထွန်းလာတာပါ၊ ကျွန်တော့်ကို အကိုစော (အရက်သောက်ရင်း) ပြောလေ့ရှိတာကတော့ အရင်ကဆို၊ ယခု ခလေးငယ်များ ပျော်ပွဲစား ထွက်ကြသလိုပဲ လေ့လာရေး ခရီးများက အစရှိဆိုပဲ၊ အနုပညာအသင်းရဲ့ နာမည်ကျော် ဌာနခွဲတစ်ခုကတော့ ပန်းချီဌာနစိတ်ပါပဲ၊ သူတို့ကလဲ ကျွန်တော်တို့ အချိန်မှာ သီးသန့် အဆောက်အဦးလေးနဲ့ တကယ့် အနုပညာသမားများပါပဲ၊ ကျောင်းပြသနာများရဲ့ ဒဏ်ကို အခံရဆုံး ဌာနပါပဲလေ၊

အရေးအခင်းများကြား ဖွင့်တဲ့ ပန်းချီပြပွဲ တစ်ခုမှာ ပန်းချီဌာနလို့အမည်ပေးထားတဲ့ ပန်းချီကားလေးဟာ ဆင်ဆာလွတ်လာပါတယ်၊ ပန်းချီဌာနကို အဝေးမှ ဆွဲထားတယ်၊ အထဲကလူတွေကို မှုန်ဝါးဝါးပဲ၊ လှေကားထစ်လေးနဲ့ ဖွင့်ထားတဲ့ တံခါး၊ တံခါးမှာ ပန်းချီဌာနစိတ်ဆိုတဲ့ စာတမ်းလေး၊ လှေကားထစ်ပေါ်မှာကတော့ ပစ်တိုင်းထောင်ရုပ်ကလေးပါ ခင်ဗျာ။



အဲဒီအရင် ကျွန်တော်တို့ထက်ကို ပိုလွတ်လပ်တဲ့ အနုပညာအသင်း၊ လူကြီးများကိုယ်တိုင် မြှောက်စားခြင်းခံရသော အနုပညာအသင်းရဲ့ ကာလများကို ကျွန်တော်တို့ ပြန်တွေးနေမအားပါဘူး။ ကိုယ့်ခေတ် ကိုယ့်အချိန်မှာပဲ အကောင်းဆုံးလုပ်ဘို့ ကြိုးစားခဲ့တာပါပဲ။ အနုပညာအသင်း ငွေရတု ကျွန်တော် နောက်ဆုံးနှစ် ကျောင်းသားဘ၀မှာလုပ်ပါတယ်၊ ပွဲအနေနဲ့ကတော့ လူကြီးတွေ အလိုလိုက်ရလို့ သိပ်မကောင်းပါ၊ ဒါပေမဲ့ အရင် အသင်းသားဟောင်းများ လာကကြတာ၊ လားလား၊ မြိုင်ထခွင်တစ်ခုကို၊ မင်းသား မင်းသမီးအပြည့်ပါပဲ၊ ကျွန်တော့်မေဂျာ (သစ်တော) ကာဝန်ရှိသူများကတောင် အဲဒီအချိန် တောဆင်းနေတာ၊ ကျွန်တော့်ကို ကျောင်းမှာ နေခဲ့ခွင့်၊ နောက်မှ လိုက်ခဲ့ဆိုပြီး ပတ်စ်ပေးပါတယ်၊ အရင် အနုပညာအသင်း လူရွှင်တော်များတော့ မလာကြပါ၊ နာမည်ကျော် လူရွှင်တော်ကြီးများ စံမတူ၊ ပလာတာ တို့ဖြစ်ကြပါတယ် ခင်ဗျား။



(အခုအထိ ကျွန်တော် အသင်းသားများ၊ အဲဒိခေတ်က လူကြီးများ ၀င်ရောက် မဆွေးနွေးကြပါ) ဖိုရမ် ကွန်မြူနီတီကိုက ကျဉ်းမြောင်းနေသေးတာလား၊ )



အငြိမ့် ပျက်လုံးများ အကြောင်း ရေးမလို့ဟာ အပြင်ထွက်ထွက်သွားနေပါတယ်။ အဲဒီ ပျက်လုံးများကို လူရွှင်တော် အဖွဲ့ ဟာ အမြဲရှာနေကြပါတယ်၊ ကျောင်းဖွင့်ချိန်တစ်ချိန်လုံး တတွဲတွဲနေကြ၊ လှုပ်ရှားမှုများကြား ရင်းနှီးနေကြဆိုတော့ စကား အကောင်းပြောတာနဲပါတယ်၊ သူတို့ပြော ဘောက်လုံးများပေါ့၊ ကျွန်တော်တို့ပါ အကျင့်ပါကုန်တယ်၊ လူတစ်ယောက် စကားပြောပြီးတာနဲ့ အဲဒီစကားကို နင်းပြီး အဲဒီလူကို နလံမထူအောင် ၀ိုင်းပြောမိတာ၊ အကျင့် မကောင်းပါခင်ဗျာ၊ ကျွန်တော် မိတ်ဆွေထက် ရန်သူတိုးပါတော့တယ်၊



ကျောင်းသား ဘ၀ပျက်လုံးများမှာ မှတ်မှတ်ရရ ရှိခဲ့တာတွေက အဲဒီ ပညာရေး ပျက်လုံး၊ အဲဒီအချိန်က ပညာရေးဝန်ကြီး ဦးအောင်ထွန်း အင်မတန် သဘောကျပါ၊ သင်္ကြန်ပွဲများ ကတဲ့အချိန်၊ ဆေးတက္ကသိုလ် (၁) လိပ်ခုံးခန်းမ (အနိစ္စ ဖြစ်သွားရှာပါပြီ) ရှေ့ အထည မဏ္ဍပ်မှာ အထည ဆိုတာ အထက်ကနေ ပြင်ပြင်ပြီးညာ တာလို့ ပြောင်းလဲဆန်းသစ်ခဲ့ပါတယ်၊ အောက်မှာ ကြည့်နေကြတဲ့ ယဉ်ကျေးမှုဝန်ကြီး၊ ပညာရေး ၀န်ကြီးများ အပါအ၀င်၊ ပရိသတ်ကြီးဟာ ၅မိနစ်လောက် လက်ခေါက်မှုတ်သံများ၊ လက်ခုတ်သံများနဲ့ မနဲပတ်တုတ်ယူရပါတယ်။



နောက် ပျက်လုံးတစ်ခုက ကျောင်းသားမိတ်ဆက်ပါ၊ မည်သူမျှ မရီကျပါ၊ ကျွန်တော်တို့ပဲရီပါတယ်၊ အပြင်မှာ ပျက်လို့လဲ မရပါ၊

ကျောင်းပိတ်ရက် ရက်ရှည်တစ်ခုမှာ သင်္ကြန်မဏ္ဍပ်တခုမှာ အလကား သွားကပါတယ်၊ ကျောက်မြောင်းဘက်ပေါ့၊ ပွဲရှင်က ကိုသန်းထွတ်လို့ မှတ်မိပါတယ်၊ အငြိမ့်ရောက်တော့ ကိုအောင်ကျော်စိုး (ယခု ကွယ်လွန်) တာဝန်ယူပြီး မိတ်ဆက်ပေးပါတယ်၊



အဲဒီအချိန်က နှဲက အစကျောင်းသားတွေ လုံးလုံးဖြစ်နေပါပြီ၊



ကျွန်တော်တို့ အဖွဲ့က အခုပြောတဲ့အတိုင်း အားလုံးကျောင်းသားချည်းပါပဲ၊ မင်းသမီး၊ လူရွှင်တော်၊ ဆိုင်းအဖွဲ့ အားလုံး၊ အိုဗျာ ဟိုဆိုင်းနောက်က မောင်းကြီးကအစ ကျောင်းသားပဲ၊



ဟ မင်းမောင်းနဲ့ ကျောင်းသားနဲ့ ဘာဆိုင်လို့တုံး၊



အို ဆိုင်ပါသကော၊ ဒီမှာကြည့် ဟေ့မောင်ဌေးအောင်၊ အဲဒီမောင်းကြီးကို ထုပြလိုက်စမ်း၊



ဒူဟူဟူ (စင်ပေါ်က ခိုင်းရင် မဆိုင်းမတွ လုပ်ရမဲ့ ထုံးစံအတိုင်း ထုပြလိုက်ပါတယ်၊ ဒါပေမဲ့ တစ်ခါမှ မပျက်ဘူးတဲ့ ဘောက်ပျက်လုံးကို ကျွန်တော်တို့ အားလုံး နားစွင့်နေကြပါတယ်)



ကဲတွေ့လား ၊ မောင်းကြီးက သူ့ကိုထုတာ ဖြုံတောင် မဖြုံဘူး၊



အေးလေ မောင်းပဲ ဘယ်လောက်ထုထု ဘယ်ဖြုံမလဲ၊ အဲဒါနဲ့ ကျောင်းသားနဲ့ ဘာဆိုင်လို့လဲ၊ (ကိုတင်မောင်ဌေး(ကွယ်လွန်)ကလဲ အပို့တကယ်ကောင်းပါတယ်)



ဟုတ်တယ်လေ၊ ကျောင်းသားလဲ မောင်းလိုပဲ ဘယ်လောက်ထုထု မဖြုံဘူး။



ပရိသတ်များ (အနည်းငယ်မှအပ၊ အပြင်ရပ်ကွက်ပွဲပါ) မရီကြပါ၊ ကျွန်တော်တို့ အသင်းသားများပဲ ၀ိုင်းရီကြပါတယ်၊ ပန်းချီခန်းမရဲ့ ပစ်တိုင်းထောင်ရုပ်လိုပေါ့ဗျာ။



မှတ်မှတ်ရရ ကျွန်တော် ပျက်လုံးတွေမှာတင်တဲ့ ဥပဒေဆိုင်ရာ ပျက်လုံးများဟာလဲ ကျွန်တော်တို့ အသင်းထွက်ပါ၊ ပွဲကလဲ အင်မတန်ကောင်းပါတယ်၊ အဲဒီအချိန် အာရ်စီ သရီးမှာလုပ်ပါတယ်၊ ကျွန်တော် အလုပ်ဝင်နေပြီ၊ ရန်ကုန်ကို တာဝန်နဲ့ ပြန်လာရင်း ကြုံတာနဲ့ ၀င်တီးဖြစ်တယ်၊ ဌေးဝင်းတို့ ငှားထားတဲ့ ဆိုင်းရဲ့ မောင်းနှစ်ထပ်မောင်းတွေ (ရှပ်တွေ ဖလက်တွေပါပါတယ်)၊ ပွဲက အာရ်အယ်လ် သင်တန်းဆင်းပွဲပါ၊ ဘယ်ကဘယ်လို လမ်းစရပြီး အသင်းကို ဖိတ်သလဲမသိပါ၊ အဲဒီနေ့က လူရွှင်တော် လေးဦးမှာ ကိုတင်မောင်ဌေး(မျက်မှန်)၊ ကိုစိန်မြင့် (ယခုကျောင်းသားရေးရာ၊ ဘီယာ)တို့ဟာ မြန်မာစာဘွဲ့ရများဖြစ်ပြီး၊ ကိုအောင်ကျော်စိုး(နိုးတူး)နဲ့ ကိုအောင်ကိုကို(လန်ဘား) တို့ဟာ အယ်လ်အယ်လ်ဘီဘွဲ့ရ

လိုင်စင်ရ ရှေ့နေများဖြစ်နေပါပြီ၊ အောင်ကိုဆိုရင် ဥပဒေ၀န်ထမ်း(၄) ထင်ပ၊ စင်အောက်မှာ တရားသူကြီးချူပ်၊ ဥပဒေချူပ်တို့စတဲ့ ဥပဒေလောကသားများ အပြည့်ပေါ့။



အငြိမ့်ခွင်စလို့ တိမ်ထိုး (လေပြေထိုး) ပြီးကန့်လန့်ကာ ဖွင့်လိုက်တာနဲ့ ပွဲကိုစီးလိုက်နိုင်ပါတယ်၊ စကားတစ်ခွန်းမှ မပြောရခင်ကို လူရွှင်တော် လေးယောက်ကိုကြည့်ပြီး ပရိသတ်ဟာ တဟားဟားနဲ့ပါ၊ ၀တ်ထားကြတာက တောင်ရှည် အပေါ်မှာ စတစ်ကော်လာကိုယ်စီ၊ တိုက်ပုံအနက်၊ အဲဒိအချိန်က အင်မတန် ရှားပါးသေးသော ဆင်ဆိုနိုက် အတာချီကေ့စ်များနဲကကိုး။



အဲဒီနေ့က ပျက်လုံးများမှာ ကျွန်တော် တစ်လုံး ရှာပေးနိုင်တာ သတိရပါတယ်၊ အာရ်အယ်လ်ကို ကျွန်တော် ရိုက်တ်ဖူးလ် လိုင်ယားစ် (တရားဝင် လိမ်လည်ခွင့်ရှိသူများ) လို့ ရှာပေးလိုက်နိုင်ခဲ့ပါတယ်၊ အဲဒိခွင်လေး ကျွန်တော်ရေးဘူးပေမဲ့ အမှတ်တရ ဒီမှာ မှတ်တမ်းတင်ပရစေ။



မင်းတို့ အခု ဥပဒေနဲ့ပတ်သက်တဲ့ ပွဲကတာ ဥပဒေရဲ့ အထိမ်းအမှတ်သိရဲ့လား



အိုသိတာပေါ့ကွ သမာဓိချိန်ခွင်ပေါ့၊ ဒီမှာ လောနဲ့ ကျောင်းပြီးလာတာပါကွ၊



အေးပါ၊ အဲဒါဆို ဘာဖြစ်လို့ အဲဒိချိန်ခွင်မှာ လျှာမတွေ့ရတာလဲ၊



တရားမျှတမှုလေကွာ၊ တရားမျှတလို့ ဟိုဘက်ဒီဘက် လျှာမထွက်ပဲ မမြင်ရတာ၊



မင်းတော်တော် တုံးတဲ့ အကောင်ပဲ၊ အဲဒီချိန်ခွင်က နဂိုထဲကိုက လျှာမပါဘူး၊



အော်အော်ဒီလိုလား ဒါဆိုရင် မင်းကရော ဥပဒေ အကြောင်း ဘယ်လောက်သိလို့လဲ၊ အဲဒီ ဥပဒေဆိုတဲ့ စကားလုံး ၃ လုံးရဲ့ တစ်လုံးခြင်း အဓိပ္ပါယ်ကို ပြောစမ်း။



အဲဒါတော့ မသိဘူး၊



အေး သေသေချာချာ မှတ်ထား ဥဆိုတာ၊ ဥတုသုံးပါးမရွေး၊ ပ ဆိုတာက ပါပ မကောင်းမှုတို့ကို ဒေ၊ ဒေမ (လက်အုပ်လေးချီလိုက်ပြီး) ကိုးကွယ်ဆည်းကပ်ပါ၏ ဘုရားတဲ့။



အောက်မှ ဥပဒေ အသိုင်းအ၀န်းတစ်ခုလုံး ပွဲကျသွားလိုက်တာ မနည်း ပတ်တုတ်ယူရပါတယ်။



ရေးလက်စနဲ့ လူရွှင်တော်များ မှတ်တမ်းတင်ပရစေ၊



ကျွန်တော်တို့ ရှေးခေတ်မှာ ဦးစံမတူ၊ ပလာတာ၊ ရွှေရိုး၊ (နောက်တစ်ယောက် မမှတ်မိ) (ဦးချစ်ဦးညီုတို့ဆိုရင် သိမှာပါ)



ကျွန်တော် ကျောင်းရောက်စကနေ အတော်ကြာကြာအထိ၊ တင်မောင်ဌေး(မျက်မှန်)၊ ကိုသန်းထွတ် (လူရွှင်တော်နာမည်တောင် ကျွန်တော် မေ့နေပါပြီ)၊ ကိုအောင်ကျော်စိုး (နိုးတူး)၊ ကိုအောင်ကိုကို (လန်ဘား)၊ ကိုစိန်မြင့် (ဘီယာ)

နောက်တိုးလာတာ ကိုတင်ဝင်း (အခု ချစ်စရာ)၊ အောင်သန်းဦး (အရိုင်း)၊ ဒီကြားမှာ ကြက်ပြုံးတီု့ရှိပေမဲ့ သိပ် မအောင်မြင်ပါ၊ ဖိုးဖြူ (နာမည်ရင်းမေ့နေပါတယ်)၊ ပိန်ပိန်၊ ငှက်ပျောကြော်၊ မောင်သူရ (ဇာဂနာ)၊ ကင်းကောင်၊ နောက်ကလေးများ ကျွန်တော် ဆိုင်းဝင်တီးတဲ့ အချိန်ပဲတွေ့တော့ နာမည်ရင်းများ အခု မမှတ်မိတော့ပါ။



ထူးခြားတာက ဥပဒေနဲ့ မြန်မာစာဟာ လူရွှင်တော် အများထွက်ပါတယ်၊ ဖေါက်ထားတာက မောင်သူရ (သွား တက္ကသိုလ်) နဲ့ အရိုင်း (သချာင်္)ပါပဲ။



မေ့ကျန်ခဲ့တယ် စုတ်ချွန်း (အီကို)၊ တက်တူ (ရုက္ခဗေဒ)



မိုးနတ်သူဇာရဲ့ အမာခံများပေါ့



(စံမတူ၊ ပလာတာ၊ ရွှေရိုး၊ သော်တာ တို့ပါခင်ဗျာ)



တက္ကသိုလ်အနုပညာ အသင်းအကြောင်း မှတ်တမ်းလိုလဲ ဖြစ်နေတော့ ကျွန်တော် အနုပညာအသင်းရဲ့ ကျန်တဲ့ အပိုင်းလေးများ ပြောပရစေ၊ ဆိုင်းဟာ အနုပညာအသင်းရဲ့ ကိရိယာ တစ်ခုပါပဲ၊ ကျန်တဲ့ သင်တန်းများကလဲ အင်မတန် အရေးကြီးပါတယ်၊



အသင်းမှာ အတီးသင်တန်း အဆိုသင်တန်း၊ အကသင်တန်း ဆိုပြီး အဓိက သင်တန်းများ ကျွန်တော်တို့ အချိန်မှာရှိပါတယ်။ နောက် ပန်းချီသင်တန်းပေါ့၊



ယခင်က ပြဇာတ် သင်တန်းများ ရှိတယ် ပြောဘူးပါတယ်၊ ကျွန်တော်တို့ ခေတ်မှာ သင်တန်းပုံစံ မရှိတော့ပါ၊

အတီးသင်တန်းမှာ အဓိက ပတ္တလျား၊ စောင်း ရှိပါတယ်၊ ကျွန်တော် ပထမနှစ်မှာ ပတ္တလျားသင်တန်းကို ပန်တျာကျောင်း နည်းပြ ဆရာ ဦးဟန်စိန် သင်ပါတယ်၊ များပြားလှတဲ့ ကျောင်းသားကျောင်းသူများကို ပထမ၊ ဒုတိယနှစ်များ ကျောင်းသား အချင်းချင်း ပြန်သင်တဲ့ စံနစ်ကို သုံးပါတယ်၊ တတိယနှစ်သမားများဟာ အသစ်များကို ပြန်သင်ပေးပြီး သူဟာ ဆရာဆီက စတက်ခွင့်ရပါတယ်၊ ကျွန်တော် ပဉ္စမနှစ်ကစလို့ ကျောင်းပိတ်မှုများ ဆရာ့ကျန်းမာရေး အစရှိလို့ ကျောင်းသားများကို ကျွန်တော်တို့ပဲသင်ပါတော့တယ်၊ ကျွန်တော်လဲ သီချင်းကြီးတော်တော်ရနေပြီမို့ အဆင့်မြင့် ကျောင်းသားများကို လဲ ကျွန်တော်သင်ခဲ့ရပါတယ်၊ အလုပ်ထဲမ၀င်ခင် တစ်နှစ်တိတိ ကျောင်းမှာ ကျွန်တော် နေ့စား ညစောင့်အနေနဲ့ရယ် ပတ္တလျား ဆရာအနေနဲ့ရယ် တာဝန်ယူခဲ့ပါတယ်၊ ကျွန်တော်နောက် ဌေးဝင်း၊ ဌေးဝင်းနောက် ကိုမောင်မောင်ခင် (အီကိုက အဆိုသမားပါ၊ အီကိုမှာလဲ နာမည်ကြီး အဆိုသမား၊ လေးနှစ်ကျောင်းကို ကိုးနှစ်လောက်ထင်တယ်၊ နေတယ်၊ ကျွန်တော်တို့ဆိုင်းနဲ့ ပဲ အတွဲများပါတယ်၊ အခု ဆိုက ရေးတီးပြိုင်ပွဲ တစ်နှစ်မှာ မဟာဂီတ ပညာရှင် ပထမဆုရတာ တွေ့လိုက်ရပါတယ်) နောက်ဆုံး ကိုင်သွားပါတယ်။



စောင်းသင်တန်း၊ ဆရာဦးဌေးအောင် (စောင်းဦးဌေးအောင်) က စောင်းသင်တန်းကို သင်တန်းများ ပိတ်သည်အထိ တာဝန်ယူပါတယ်၊ သီချင်းကြီး အဆိုသင်တန်း သူပဲ တာဝန်ယူပါတယ်၊



ကျွန်တော်တို့ဆီမှာ ကာလပေါ်သင်တန်းမရှိပါ၊ ဒါပေမဲ့ စန္ဒယားနဲ့ စန္ဒယားခန်း သပ်သပ်ရှိတဲ့အတွက် အဲဒီမှာပဲ ကာလပေါ် သီချင်းများ ဆိုဖြစ်ကြပါတယ်၊ ကျွန်တော်ကတော့ ပျားဂေဟာက အပြန် သစ်တောပြန်မရောက်ခင် လေနေတုံးပဲ စန္ဒယားကို တီးဖြစ်ပါတယ်၊ အသင်းခလေးများကို ဆရာ မြို့မငြိမ်း သီချင်းများ အထူးသဖြင့် လေ့ကျင့်ပေးပါတယ်၊ နောက်ပိုင်း သင်္ကြန်ပွဲများကြတော့ ကာလပေါ်များ ပါလာလို့ပါပဲ



ပန်းချီသင်တန်းဟာ နာမည်ကြီးသင်တန်းတစ်ခုပါ၊ ဆရာကြီး ဦးဘကြည်ကိုယ်တိုင် ကိုင်ပါတယ်၊ အဲဒီအပိုင်းကို ပိုသိတဲ့ တစ်ယောက်ယောက် ရေးနိုင်ရင် ကောင်းမှာပါပဲ၊ အခု မြန်မာစာ ကော်မရှင်က ကိုမျိုးမြင့်တို့ဆို ကောင်းကောင်းရေးနိုင်မှာပါလေ။

သင်တန်းတချို့ဟာ စနေနေ့တွင်မက တနင်္ဂနွေနေ့များပါရှိပါတယ်၊ သင်တန်းတွေမရှိလဲ တီးနေမှုတ်နေတာတွေက မပြတ်ပါဘူး၊ အခန်းများအားလုံး တနေ့လုံး ဖွင့်ထားတာပါပဲ၊ ဆိုင်းမရှိခင်ကတော့ သီချင်းကြီးသံတွေပဲများတာပေါ့လေ၊ ဆိုင်းရှိလာတဲ့အခါမှာ တစ်ခါတစ်လေ ပျင်းတာနဲ့ကို ဆိုင်းစုတီး ရှိတဲ့လူများက ကကြတာပါပဲ၊



အသင်းကိုမလာတဲ့ ရွက်ပုံးသီး အနုပညာရှင်များလဲ ရှိကြပါတယ်၊ ကျွန်တော့် သစ်တောမှာတင် ကျွန်တော့် အောက်က ညီတွေထဲမှာ စောင်းသမားတွေရှိကြတယ်၊ အပြင်မှာပဲသင်ကြတယ်။ အဆောင်တိုင်းလိုလို ဂီတာဝိုင်းများရှိကြပါတယ်၊ ကိုနေ၀င်းတို့ ကိုစိုင်းတို့ အစခေတ်တွေပေါ့။



မှတ်မှတ်ရရ ဖြစ်တာ စိုင်းထီးဆိုင် မူးယစ်သုံးစွဲလို့ ဂျပ်ဆင်အောက်မှာ သူ့ကို ဖမ်းရတဲ့ ၀န်ထမ်းများဟာ၊ ကျောင်းလုံခြုံရေး ၀န်ထမ်းလုပ်နေရတဲ့ ကျွန်တော်သူငယ်ချင်း ပတ်မတီး ဆရာပါပဲခင်ဗျာ။



စနေနေ့ အဆိုသင်တန်းများကို အမှတ်တရ ရှိလှပါတယ်၊ ဆရာ ဦးဌေးအောင်ဟာ အဆိုသင်ရင် ကိုယ်တိုင် ပတ္တလျားတီးပြီးသင်ပါတယ်၊ ကျွန်တော်ဟာ ကိုယ်တိုင်လဲ သီချင်းကြီးက ၀ါသနာပါတော့ သူ့သင်တန်းကို အမြဲကူတီးပေးပါတယ်၊ ကျွန်တော် မှော်ဘီ ၀ါးနက်ချောင်းမှာ သစ်တောစိုက်ခင်းများ စိုက်တော့ စနေနေ့ဆိုမနေနိုင်ပါ၊



ဘူတာမှာ တောထဲသွားဘို့ ဘောင်းဘီဝတ်၊ ဓါးကောက်က အစ ချိတ် ပြင်ဆင်ပြီးခါမှ ရန်ကုန်ဘက်ကို ပြန်မဲ့ လက်ပံတန်းလော်ကယ် ဆိုက်လာရင် သင်တန်းချိန် ၁၂း၃၀မှီမယ်ထင်ရင် ကျွန်တော် တက်လိုက်သွားတာ၊ စုတ်စုတ်ပြတ်ပြတ်နဲ့ တောဆင်းသော ကာကီယူနီဖေါင်းနဲ့ ကျွန်တော့်ကို အဆိုခန်း အပြင်ဘက် အနုပညာအခန်းများအလယ် သစ်တိုပင်ကြီးအောက်မှာ မြင်တာနဲ့ ဆရာဟာ ကျွန်တော့်ကိုခေါ်လို့၊ ပြီး ကျွန်တော့်ကို မသိသေးတဲ့ သူ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ အသစ်များနဲ့ မိတ်ဆက်ပေးပါတယ်၊ ဆရာဦးဌေးအောင်ရဲ့ စောင်းလက်ကွက်များဟာ အင်မတန်ကောင်းမွန်လှပါတယ်၊ တကယ့် စောင်းကွက် အစစ်များပါပဲ၊ နောက်ပိုင်းစောင်းဆရာများဟာ စောင်းကို ဆိုင်း၊ စန္ဒယားနီးပါး တီးနိုင် တီးကြပါတယ်၊ ဒါပေမဲ့ ဆရာ့ စောင်းကွက်များလောက် မကောင်းဘူးလို့ကို ကျွန်တော်ထင်ပါတယ်၊ ကျွန်တော်ကံဆိုးတာက စောင်းကို ကျွန်တော်ဟာ သူ့တပည့်များထံကပဲ ပြန်သင်ရလို့ပါ၊ ကျွန်တော်သူ့ဆီမှာ သီချင်းတွေတက်ရင် မင်းအတွက် သီချင်းက အရေးကြီးတယ်ဆိုပြီး ကျွန်တော် ပိုင်နိုင်ပြီးသား ပတ္တလျားနဲ့ပဲ တက်ရပါတယ်။ အဲဒီတော့ ဆရာ့ စောင်းမူများကို မရလိုက်ပါ။



ဒီနေရာမှာ မူဆိုတာ နဲနဲပြောချင်ပါတယ်၊ ပတ္တလျားမှာလဲ ဒီလိုပဲ သူ့မူနဲ့မူရှိပါတယ်၊ ကျွန်တော့် ဆရာဦးဟန်စိန်ရဲ့ မူများဟာ အင်မတန်လှပါတယ်၊ စောင်းကိုလဲ မတု၊ ဆိုင်းကွက်လဲမဆန်၊ စန္ဒယားကွက်များလိုလဲ သိပ်မစိပ်ပါ၊ စိပ်စရာရှိရင်လဲ တကယ်စိပ်ပါတယ်၊ ဆရာ့လက်ကွက်များအတိုင်း ကျွန်တော် အပြင်လောကမှာ ချတီးရင် အခြားလူများ လေးလေးစားစား ရှိကြပါတယ်၊ ကျွန်တော်ပြောချင်တဲ့ ဘာပညာပဲမဆို ဆရာစစ်ဆရာမှန်နဲ့ နည်းမှန်လမ်းမှန် သင်ဘို့ အရေးကြီးတယ်ဆိုတာပါပဲလေ။

ကျောင်းသားဘ၀ (၆နှစ်) ရဲ့ပုံစံက ရေးပြခဲ့တဲ့ အတိုင်းပါပဲ၊ နောက်ဆုံးနှစ် စာမေးပွဲ ဖြေပြီးတဲ့အခါမှာ ကျွန်တော်တို့ ဆိုင်းအနေနဲ့ရော ကျွန်တော့်အတွက်ပါ အတွေ့အကြုံအသစ်တစ်ခု ရခဲ့ပါတယ်၊ အဲဒါကတော့ သင်္ကြန်သံချပ်ကား တီးခြင်းပါပဲ။

လူရွှင်တော်ထဲက အောင်ကိုကို (လန်ဘား) ဟာ သင်္ကြန်ရူးပါပဲ၊ စစ်ကိုင်း စဥ့်အိုးကြီးလို့ လူသိများတဲ့ ကိုဝင်းမြင့်က ဦးဆောင်ပါတယ်၊ သူတို့ ကားနာမည်က ““မပြောတော့ဘူး””၊ သင်္ကြန်ဝါသနာအိုးများ မှတ်မိကြမှာပါ၊ ရှမ်းပြည်နယ် သုံးရောင်ချယ် အရောင်များနဲ့ ကားကိုချယ်သတယ်၊ ရှမ်းဘောင်းဘီ၊ တိုက်ပုံ ၀တ်ပြီး သံချပ်တိုင်ကြ ထိုးကြ၊ ရှမ်းတစ်ယောက်မှ မပါပါ၊ ရန်ကင်းသားများနဲ့ စဥ့်အိုးကြီးနေရာ တောင်ဥက္ကလာသားများ စုပေါင်းထွက်ပါတယ်။

အဲဒီမတိုင်ခင် ကျွန်တော်တို့ရဲ့ သင်္ကြန်အတွေ့အကြုံက ကျောင်းက ခိုင်းခဲ့ရင် အဓိပတိလမ်းမရှေ့မှာ မဏ္ဍပ်ထိုးပြီးကတာပဲရှိပါတယ်၊ အထက်ကရေးသလို သင်္ကြန်ချိန်များ အဆင်ပြေသလို လျှောက်ကနေတာပါပဲ။

အဲဒီအချိန်က သင်္ကြန်ကားများကို ကျွန်တော့်အမြင်ကတော့ သင်္ကြန်ဖိုရမ်ကြီးလို့ ကို တင်စားချင်ပါတယ်။ ကျွန်တော်တော်တော်စွဲသွားပါတယ်၊ သင်္ကြန်ကား တဖွဲ့ဖွဲ့ဟာ နစ်တခုဆီလိုပါပဲ၊ အက၊ အလှ၊ သဘာဝ၊ သံချပ်လို့ ကဏ္ဍများ ခွဲထားကြတယ်၊

အင်း အရင်ခေတ်က တက္ကသိုလ်ကို လွမ်းကြသူများ အရင်က သင်္ကြန်ပွဲ (ရန်ကုန်) ကို ရေးပြပါအုံးမယ်၊
မပြောတော့ဘူးဟာ အရင်က သံချပ်ကို တော်တော် အလေးထားပြိုင်ပါတယ်၊ ကျွန်တော်တို့ ၀င်တဲ့နှစ်အထိလဲ သံချပ် အဓိကလောက်ပါပဲ၊ တူရိယာအနေနဲ့က ထုံးစံအတိုင်း သင်္ကြန်ဒိုးသုံးသလို ထူးထူးခြားခြား ဂီတာဝိုင်းနဲ့တွဲပါတယ်၊ မပြောတော့ဘူး အဖွဲ့ ဂီတာသမားကြီးဟာ အင်မတန်သဘောကောင်းပါတယ်၊ ကျွန်တော် ဂီတာနဲ့ပတ်သက်တဲ့ ဗဟုသုတလေး မတောက်တခေါက်နဲ့ သူ့ကို ဆရာလုပ်တာကို မညီးမညူခံရှာပါတယ်၊ အဲဒီပုဂ္ဂိုလ်ဟာ အငြိမ့်လောကမှာ ပင်တိုင်စံသီချင်းကို ပထမဆုံးတီးပြီး နာမည်ရလာသူပါ၊ သူ့နာမည်မေ့သွားပါပြီ၊ စဥ့်အိုးကြီး တပည့်ပါ။

သင်္ကြန်တီးရတာဟာ ပညာပိုင်း အခက်အခဲမရှိပါ၊ ပွဲကြီးများ တာဝန်ယူခဲ့သူတွေပဲ၊ ဒါပေမဲ့ ဆိုင်းနဲ့ ဂီတာဝိုင်း စတွဲတီးကြပါတယ်၊ ဒါလဲ ကျွန်တော်တို့အတွက်ကတော့ မဆန်းပါ၊ ကိုမျိုးအောင်တို့ ၀ိုင်းနဲ့တောင် တီးခဲ့တာပါပဲ၊ မှတ်တိုင်လေးကိုတဲ့ ကားပေါ်တင် အဖွင့်သီချင်းကို ဂီတာများနဲ့တီးရာက ကျွန်တော်တို့ ဆိုင်းဝိုင်းနဲ့ ၀င်တီးလိုက်ရင် အမြဲ ပွဲကျခဲ့ပါတယ်၊

အတွေ့အကြုံကတော့ သံချပ်များ သရုပ်ဖေါ်များ၊ လူငယ်လေးများရဲ့ တက်ကြမှု၊ စုပေါင်းလုပ်ဆောင်မှုများ
သင်္ကြန်မရောက်ခင် တစ်လ အကြိုလောက်ကစလို့ တိုက်ကြရပါတယ်၊ ရန်ကင်းတိုက်များရှေ့ ကွက်လပ်များမှာ၊ အခုနာမည်ကြီး လူရွှင်တော် ကုသိုလ်ဟာ အဲဒီတုံးက တစ်ယောက်လို့ပြောတာပဲ၊ သူက ဂီတာလဲတီးတယ်၊ နောက်ပိုင်း ပြီးပါပြီ ဆိုပြီး ကားခွဲထွက်ပါတယ်။ သူတို့ဂီတာဝိုင်းမှာ ကျွန်တော် ဒရမ် ၀င်ခေါက်လိုက်ရသေးတယ်၊ ဒရမ်သမားက စတဲ့နေ့မှာပဲ မိန်းမခိုးပြေးလို့လေ။

အဖွဲ့သားလေးများ အင်မတန်ချစ်စရာကောင်းတယ်၊ စတိုက်တဲ့နေ့ကနေစလို့ ပြိုင်ပွဲများ ပြိုင်ပြီးချိန်အထိ တစ်ယောက်ပြီးတစ်ယောက် လက်ပတ်နာရီများ၊ ရွှေဆွဲကြိုးများ အပေါင်ဆိုင် ရောက်ကုန်ကြတယ်၊ စရိတ်ထဲ့ရတာလေ၊ ကျွန်တော်တို့ဆိုင်းကတော့ အပျော်ထမ်းကူညီတာဆိုတော့ ထုံးစံအတိုင်း အားမနာတမ်း စားလိုက် သောက်လိုက်ပဲပေါ့၊ အတက်နေ့နောက်မှ ဆုရတဲ့ မဏ္ဍပ်တွေလိုက်ကြည့် ပြီး ဆုတွေသိမ်း ငွေရမှ အဲဒါတွေ ပြန်ရွေးကြရတယ်၊ ပိုးပိုး၊

ကျွန်တော် တပ်မတော်ဟာသမှာတစ်ခါတင်တဲ့ ဦးတို့ ငယ်ငယ်တုံးကပါဟာ အဲဒီ သံချပ်တွေပေါ့။

မပြောတော့ဘူးဟာ ပထမဆုံး ဆိုင်းဝိုင်းအပြည့် ဂီတာဝိုင်း အပြည့်တီးတဲ့ အဖွဲ့တွေထဲ မှတ်တမ်းဝင်သွားပါတယ်၊ အကပိုင်းမှာက ကျွန်တော်တို့က အငြိမ့်ခန်း၊ အဖွဲ့သားများရဲ့ လူကန့်လန့်ကာနဲ့ ကျောင်းလူရွှင်တော်များနဲ့ပေါ့ ကုသိုလ်က မင်းသမီးကတယ် ထင်တာပဲ၊ နဂို သံချပ်များနဲ့ တီးပြီးချိန်ကို အငြိမ့်ပျက်လုံးများနဲ့က သမလိုက်သေးတယ်၊ အကစစ်စစ်ကို ခလေးငယ်လေး ၅ ယောက်နဲ့ ကျွန်တော်တို့ အသင်းရဲ့ ပဉ္စဂီတနဲ့ ပြိုင်တာလေ၊ နှဲ၊ မောင်း၊ ကြေး၊ ပတ်ဝိုင်း၊ ပတ်မချောင် အသီးသီး တစ်ဦးချင်း လက်စွမ်းပြ၊ စုပေါင်းအကတွေဆိုတော့ အပြင်မှာ အင်မတန်ဆန်းနေသေးတဲ့ အကနဲ့ တက္ကသိုလ် အနုပညာအသင်း ဆိုင်းအဖွဲ့ ဆိုတဲ့ ဟိတ်တွေနဲ့ အရင်ထဲက ပြောင်မြောက်ပြီးသား ကိုစဉ်ံအိုးကြီးရဲ့ သံချပ်များနဲ့၊ ဆုတွေ တော်တော်များများ သိမ်းနိုင်ခဲ့ပါတယ်။

ပီတီ အဖြစ်ဆုံးအချိန်များက အခု ပျက်သွားပြီဖြစ်တဲ့ ပန်းဆိုးတန်း ဘူတာကြီးတံတားဘေး မဏ္ဍပ်မှာ ကောင်စီလူကြီးများကို ညဘက် လက်နှိပ်ဓါတ်မီး တ၀င်းဝင်းနဲ့ အာဏာပြကြတာ သံလျှက်ကြီးများ မှတ်နေသလားတို့ သံချပ်တွေကို ခဲနေတဲ့ လူအုပ်ကြီးဟာ တစ်လုံးတိုင်လိုက် လက်ခုပ်တွေတီးလိုက်၊ တစ်လုံး သွင်းလိုက် နောက်လက်ခုပ်တွေတီးလိုက်နဲ့၊ တလလုံး ပင်ပန်းသမျှ အပန်းပြေပါ့ဗျာ၊

သင်္ကြန်ကားဝါသနာအိုးများမှာ တတ်နိုင်သူများက ကိုယ်ပိုင်ကားများနဲ့ မိမိကြိုက်နှစ်သက်ရာ ကားနောက်ကို အားပေးကြပါတယ်၊ မတတ်နိုင်သူများကတော့ နီးစပ်ရာ မဏ္ဍပ်များမှာစုဝေးလို့ပေါ့၊ မဏ္ဍပ်များမှာ ကိုခင်မောင်ချင်းတို့ မဏ္ဍပ်လို အနုပညာ အဆင့်မြင့် မဏ္ဍပ်များရှိပါတယ်၊ ပုဇွန်တောင်ဘက် မဏ္ဍပ်တစ်ခုဆို အနီရောင်လွှမ်းပြီး ကျွန်တော်တို့ ဖျော်ဖြေပြီးမှာ လေးစားလို့ဆိုပြီး အလေးနီနဲ့ အလေးပြုလွှတ်တဲ့ အထိ ပြင်းထန်သော မဏ္ဍပ်များလဲရှိပါတယ်၊ ကိုစဥ့်အိုးကြီးလဲ ပြင်းထန်တယ်၊ အမှတ်ပေး ဒိုင်လူကြီးများကအစ သိမ်းကြုံးဆော်လေ့ရှိတော့ ညိသွားပြီဆိုရင် ဘယ်လောက်ကောင်းကောင်း ကျွန်တော်တို့ ခံရတာပဲ (ဆုမရဘူးပေါ့၊ ပေါင်ထားတာလေးတွေ မြင်လာပြီး ဟဲဟဲ)

ဒီမှာ ကိုတင်မောင်ဌေး ကျောင်းတုံးကကိုညီရွှေ ဒိုးပတ်ဝိုင်းမှာ သူ့သံချပ်တွေကောင်းလွန်းလို့ ဒုက္ခရောက်တဲ့ ၀ဋ်လည်သွားပါတယ်၊

ဒုတိယနှစ်မှာ အငြိမ့်အစား နှစ်ပါးသွားထွက်ပါတယ်၊ ကိုဌေးကို မြို့တော်မျက်မှန်ဆိုပြီး အပီ မင်းသမီးများနဲ့ တွဲထွက်ခိုင်းလို့ နာမည်ကြီးသွားပါတယ်၊ အဲဒီနှစ်မှာမှ ရုပ်ရှင်လောက၊ ဆင်ဆာ အစရှိသည်များကို စုတ်ပြတ်နေအောင်ကို သမထားတာ သာမာန်လူများတောင် နားလည်ပါတယ်၊ ကိုဌေးဟာ အင်မတန်တော်တဲ့ ဖလင်အယ်ဒီတာ၊ ဒါရိုက်တာဦးဝင်းဖေ အားကိုးတဲ့ တပည့်တစ်ယောက်ပါ၊ သူ့ဇာတ်လမ်းလေးတင်ပြီး ကျလာရင် ဒါရိုက်တာလုပ်ဘို့ အင်မတန်အားခဲထားသူပါ၊ သူ့ဆရာများကလဲ အဲဒီနှစ်မှာ ဇာတ်လမ်းချထားဘို့ စီစဉ်ပြီးသား၊ သင်္ကြန်မှာ ရုပ်ရှင်လောကကို ““မပြောတော့ဘူး”” က သမပြီး သူကလဲ အဲဒီအသင်းမှာ နာမည်ကြီး မြို့တော်မျက်မှန်ဖြစ်သွားတော့ ဒီရုပ်ရှင်အတွင်းရေးများ ဒီကောင် လက်ထောက်ချတာပဲဆိုပြီး ဇာတ်လမ်းမကျတော့ပါ၊ ခေါ်လဲပြောလိုက်သေးလို့ ကိုဌေးခမျာ တော်တော်ခံစားရသွားပါတယ်၊ အမှန်ကတော့ ပုတ်လွန်းလို့ အပြင်ထွက်ပြီး ကိုစဥ့်အိုးကြီးကလောင်ပေါ် ရောက်သွားတာပါပဲ၊ အမှန်တရားအတွက် ပေးဆပ်ရခြင်းများပေါ့ဗျာ၊ ကျွန်တော့်သား ၃တန်းလောက်ကထဲက နံရံမှာဖတ်ကောင်းလို့ဆိုပြီးရေးထားတဲ့ ““အမှန်တရားက ခရီးထွက်ရန် ဖနပ်ကြိုးချည်နေချိန်မှာ မုသားတရားက ကမ္ဘာကို ပတ်ခဲ့ပြီးလေပြီ”” ဆိုသလိုပေါ့၊

မဆီမဆိုင် မနေ့က သူငယ်ချင်းတယောက်နဲ့ ပြောမိတယ်၊ သူက ယခုခေတ် လူငယ်များကို ကျွန်တော်တို့ လူကြီးတွေရဲ့ အကြေးများ အမွေမပေးခဲ့ချင်ဘူးပေါ့၊ အခုဆို ခလေးတွေအတွက် အကြေးတွေဆပ်ရမှာ တော်တော်များနေပြီလို့ပြောပါတယ်၊ ကျွန်တော်လဲ ခေါင်းထဲမှာ ဘောက်လုံးတွေပဲ တွေးမိနေချိန် (အထူးသဖြင့် ဒီစာရေးနေတုံးမို့) ““အခုခေတ်ခလေးတွေက မိဘ အကြေးတွေ ကုန်းရုံးဆပ်မဲ့သူတွေမဟုတ်ဘူး၊ ကျွန်တော့်ခလေးတွေစိတ်မျိုးဆိုရင် ဒေ၀ါလီခံလိုက်ပြီး တိုင်းပြည်ကို ကိုယ်လွတ်ရုံးဘို့များတယ်လို့”” ပြောလိုက်မိတယ်။

အဲဒီအချိန်က ကျွန်တော်တို့ရဲ့ ခံယူချက်များကတော့ သင်္ကြန်မှာ သံချပ်ထိုးပြီး အော်စရာမလိုတဲ့အထိ သံချပ်ထိုးသွားမယ်ဆိုတာပါပဲ၊

အဲဒီ သံချပ်လိုက်ချိန်များမှာ ပထမအကြိမ် ၁၉၇၇ ကျွန်တော် နောက်ဆုံးနှစ်ဖြေပြီးခါစ၊ ဒုတိယနှစ် ကျွန်တော် အလုပ်ထဲမှာ ပထမနှစ်၊ တတိယနှစ် အလုပ်ထဲမှာ ဒုတိယနှစ်၊ နောက်ပိုင်း ၂နှစ်မှာ တက္ကသိုလ်ဆိုင်းအဖွဲ့က ရီဂျင်နယ် တက္ကသိုလ်များကို ကြေးစား စတီးနေပါပြီ၊ ကျွန်တော်က တယောက်ထဲ ကိုစဥ့်အိုးကြီး သံယောဇဉ်ရယ် ပိုးရယ်နဲ့ အပြင်ဆိုင်းများကို ဦးစီးပြီး ကားရဲ့ ဂီတမှုးလုပ်ရပါတယ်၊ ကျောင်းသားစိတ် မကုန့်တကုန်နဲ့ မကြောက်မရွံ့လုပ်တာပါပဲ၊ အဲဒီအချိန် ဘာမှ ဒီလောက်မတတ်ပါဘူး။

အဲဒီအချိန်မှာ ဆိုင်းအဖွဲ့သားများ အားလုံးလိုလိုဟာ တက္ကသိုလ်မှာ ပြန်အလုပ်လုပ်နေကြပါတယ်၊ ဆိုင်းမှာ ရှားပါး ပတ်တီးလက်ထောက် တစ်ယောက်ရလာပါတယ်၊ နာမည်ကကို စိန်ပါပြီးသား မောင်စိန်ပေါလို့ခေါ်ပါတယ်၊ နဂိုကထဲက ဆိုင်းသမားပါ၊ မောင်းတီးနိုင်တယ်၊ ပတ်ဝိုင်း ဆော့နိုင်တယ်၊ စနစ်တကျတော့ မသင်ခဲ့ရဘူး၊ မောင်စိန်ပေါဟာ ကျွန်တော် နောက်ဆုံးနှစ်မှာ ၀င်လာတယ်၊ ရောက်ရောက်ခြင်း သူ့ရာထူးကတော့ ဖတ်စ် အလဲန်းဗင်လိုတွက်ရင် ရကွင်းကြီးတီးပါ၊ ကျွန်တော်တို့လူစုံရင် သူရကွင်းကြီးတာဝန်ပဲ၊ ဌေးဝင်း မအားရင် (ဒီကောင်ကလဲ ကိုညီရွှေလိုပဲ စာမေးပွဲနီးရင် ခွင့်ယူတတ်တယ်၊ ပြီး ကွင်းဆင်းရပါသေးတယ်) သူ့ကို ၀ိုင်းထဲထဲ့ထားလိုက်တာပါပဲ၊ ကျွန်တော်မရှိတဲ့ပွဲများမှာတော့ မောင်းသမားပေါ့၊

ပထမပိုင်းတွေမှာတော့ သူဗုံသံပါရုံလောက်ပဲတီးနိုင်ပါတယ်၊ စည်းဝါးက အစလဲ မကျဘူးကို၊ စံနစ်ကြီးတဲ့ ကျွန်တော်တို့ဆိုင်းမှာ၊ သင်္ကေတလဲ မကျွမ်းကျင်တော့ နောက်လိုက်ပဲ၊ အဆူခံအဆဲခံနဲ့ ၀ိုင်းခေါ်လိုက်ရတယ်၊ ကျောင်းပြီးချိန် နောက်ပိုင်းမှာတော့ ဧည့်ခံတွေပါတွေ တူတူတန်တန်တီးနိုင်သွားပါတယ်၊ အခု တောင်သာမှာ သူ့မိန်းမ ဆိုင်းအဖွဲ့ကို အုပ်ချူပ်နေထင်ပ၊ သူ့အမျိုးသမီးက ဆိုင်းသမားပဲ အပြင်ပ သန်းသန်းမော်တဲ့ အပြင်ဆိုင်းတွေ လိုက်တီးရင်း ငြိသွားထင်ပ၊

သူရောက်လာတော့ ကျွန်တော်တို့ ဆိုင်းအဖွဲ့ဟာ ကိုသန်းထွတ် မရှိတော့တဲ့ အချိန်အထဲက ပျောက်သွားတဲ့ ညာသံတွေ အော်သံတွေ ပြန်ပေါ်လာပါတယ်၊ အပြင်ဆိုင်းသမားလို ၀ီစီတွေပါတွေနဲ့တီး၊ သူရောက်ချိန်က ဆိုင်းလက်မလယ်အောင်တီးရချိန်၊ ကျောင်းသူမိန်းကလေးတွေနဲ့ ဒီကောင့်ကို တော်တော်ထိန်းရပါတယ်။

ကျွန်တော်တို့ ကျန်လက်ထောက်များလဲရကြပေမဲ့ ကြေးနဲ့မောင်းကို အစားတီးနိုင်မဲ့ လူများ မရပါ၊ နောက်ပိုင်း ချိုသန်းက မြစ်ကြီးနား ဆရာအတတ်သင်၊ ညီရွှေက ကျောက်ဖြူမှာမှာ အသီးသီး ဂီတဆရာများလုပ်ကြပါတယ်၊ အောင်ကြည်မြင့်က မိုးကောင်းမှာသွားပြီး ဆရာလုပ်ပါတယ်။ ကျွန်တော်တို့ သင်္ကြန်ပွဲများမှပဲ ဆုံဖြစ်ပါတော့တယ်၊ ဌေးဝင်းကတော့ ဒေသ(၂)မှာ ကျူတာရလိုက်တယ်၊ ဆိုင်းကို သူရယ် ကိုကျော်မြင့်ရယ်ထိမ်းထားတယ်၊

ရန်ကုန်တက္ကသိုလ်ရဲ့ သင်္ကြန်ပွဲများ

အဲဒီပွဲများဟာ ဆိုင်းနောက်ဆုံးပိုင်းကာလများလို့ပဲ ပြောရပါမယ်၊ အရင်က ရန်ကုန်မြို့တော်ဝန်ဟာ ကျွန်တော် သံချပ်ကားလှည့်နေချိန်တွေမှာ ဒေသကောလိပ် ၃ခုကိုပဲ ငွေကြေးများ ထောက်ပံ့လို့ မြို့တော်ဝန် မဏ္ဍပ်မှာ ကခိုင်းပါတယ်၊ ဇာဂနာ အင်တာဗျူးမှာရေးတဲ့ လူရွှင်တော်သင်တန်းတို့ ပါတို့ဆိုတာ အဲဒီအချိန်မှာ ဆရာကြီး ဦးကောင်းညွန့်(ကွယ်လွန်)က ကျွန်တော်တို့ အသင်းနဲ့ ချိတ်ပြီးလုပ်ခဲ့တာပါ၊

ဒါပေမဲ့ ၁၉၈၀-၈၁လောက်ကစလို့ တက္ကသိုလ်များ အားလုံးကို အထညမဏ္ဍပ်မှာ ကခိုင်းပါတယ်၊ အဆင့်မြင့်ပညာ လိပ်ခုံးမဏ္ဍပ်၊ တက္ကသိုလ် ဓမ္မာရုံ မဏ္ဍပ် (လမ်းစဉ်လူငယ်)၊ ကန်ဘဲ့ ဆရာအတတ်သင်မဏ္ဍပ်၊ အဲဒီသုံးခုကို၊ ဒေသကောလိပ် သုံးခု၊ ရာဇူး၊ စက်မှု၊ စီးပွားရေး၊ ပညာရေး တက္ကသိုလ်များဟာ အလှည့်ကျ တွဲကကြပါတယ်၊ နေ့လည်တစ်ပွဲ၊ ညတစ်ပွဲ လေးရက်တီးရပါတယ်၊

ဆိုင်းများလဲ ကိုယ့်အလှည့်နဲ့ကိုယ်၊ ဂီတာဝိုင်းများလဲ ထိုနည်းတူပါ၊ အဲဒီပွဲများ အစမှာ အနုပညာအသင်း အတွင်းရေးမှုးက ဦးခင်မောင်လတ် (ဘူမိဗေဒ) ဖြစ်ပြီး နောက်ပိုင်းမှာ ဆရာအောင်ကျော်တိုး (ဒေါ်နုနုရည် ကတော်၊ဟဲဟဲ) ဖြစ်ပါတယ်။ သူတို့ ၂ယောက်အောက်မှာ ကျွန်တော်ဟာ စပ်စပ်၊ စပ်စပ်နဲ့ ဂီတမှုးတာဝန်ရသွားပါတော့တယ်ခင်ဗျာ။

မေ့ကျန်ခဲ့ပြန်ပြီ၊ လုပ်သားကောလိပ်လဲပါပါတယ်၊

အင်တာဗျုးတစ်ခုကို ဖတ်ရတဲ့အတိုင်းဆိုရင် မခိုင်(ထွန်းအိန္ဒြာဘို) ဟာ အဲဒိအချိန်တုံးက မေဆွိတို့ သီချင်းဆိုတဲ့ နှစ်များမှာ ယိမ်းထဲမှာ ပါတယ်ပြောပါတယ်၊ အဲဒီတုံးက တင့်တင့်ထွန်းက အက၊ ခိုင်ခင်ဦးက အဆိုနဲ့ ပါကြပါတယ်၊ ဒါပေမဲ့ မောင်သူရပြောတော့မှ မခိုင်က ဒေသတုံးကပဲ ပါတယ်လို့ ပြောပါတယ်

တွဲဘက်ဂီတာဝိုင်းများကတော့ နှစ်အတော်များများမှာ ကီးကိုခေါင်းဆောင်တဲ့ ချီကောက်ဝိုင်းဆိုပေမဲ့ အော်ဂန်က ကိုင်ဇာရဲ့ ဆပ်ဆက်မှာတီးသော ကိုAndrew Swe ဖစ်ပါတယ်၊ အားလုံး ကျောင်းသားများချည်းပါ၊ ဒါပေမဲ့ မြို့တော်ဝန်ရဲ့ ထောက်ပံ့မှုကြောင့် အားလုံး ကြေးစားတီးကြတာပါ၊ တနှစ်ကိုတော့ ကိုအောင်နိုင် (အဆောင်သူ အလွမ်းပြေ)ရဲ့ ၀ိုင်းနဲ့တီးပါတယ်၊ ကျောင်းသားတွေချည်းပါပဲ နောက်ဆုံးနှစ်တော့ ကျွန်တော်မသိတော့ပါ၊ မြို့နယ်မှုးတာဝန်နဲ့ တကြောင်း အကြောင်းကြောင်း တကြောင်း ဘုန်းကြီးဝတ်လို့ပါ၊ ၁၉၈၆ထင်ပ၊

လေမှုတ်တူရိယာဝိုင်းက မြန်မာ့အသံပါ၊ အခုမြန်မာ့အသံ လေမှုတ်ဆရာများအားလုံး ကျွန်တော်တို့နဲ့ သင်္ကြန်မှာ အမြဲတွဲကြပါတယ်၊

ကိုညီရွှေ ကျောင်းပြီးတော့ ကျောက်ဖြူဆရာအတတ်သင်မှာ ဂီတဆရာလုပ်ပါတယ်၊ သူမရှိတော့ အဲဒါနဲ့ပဲ မြန်မာ့အသံ နှဲဆရာနဲ့ တွဲမိပါတော့တယ်၊ တစ်ခါ မြန်မာ့အသံရဲ့ ပတ်မတီးဆရာ မြစတင်း (ကိုဖိုးဆိတ်)၊၊ စန္ဒယားထိပ်တင်ဝင်း စသည်တို့နဲ့ ကျွန်တော် အတော်တွဲမိသွားပါတယ်၊ အဲဒီခေတ်က သင်္ကေတရတဲ့ မောင်းသမားက အင်မတန်ရှားတာကိုး၊ အဲဒီတော့ ကျောင်းသုံးကျောင်း အတူတူကနေလို့ ဆိုင်း သုံးဆိုင်းလဲပေမဲ့ မောင်းမှာ ကျွန်တော်က ပုံသေထိုင်နေရပါတယ် (ပိုက်ဆံမရပါ၊ အရက်ပဲတိုက်ကြတယ်)၊

တစ်ခါကဆို အကတိုက်တဲ့ အဆင့်မှာကို ကျွန်တော်တို့က ဘွဲ့နှင်းသဘင်မှာ တိုက်နေတုံး လူတစ်ယောက်လာပြီး ဌေးဝင်းကို နုတ်စ်ရတဲ့ မောင်းသမားရှိရင် အကူအညီပေးပါလို့ လာခေါ်တယ်၊ ဌေးဝင်းထဲ့လိုက်လို့ ကျွန်တော်လိုက်သွားရတယ်၊ စီးပွားရေးတက္ကသိုလ်မှာ အကတိုက်နေကြတယ်၊ ရပ်ကိုထားရတာ။ သီချင်းတွေက သင်္ကြန်ယိမ်းတွေပါ၊ ဒါပေမဲ့ သင်္ကေတပဲရှိ နှဲဆရာကတော့ ရပါရဲ့၊ နားနဲ့ပဲအကျင့်ရှိတဲ့ မြန်မာ မောင်းဆရာဟာ ချက်ခြင်း ဘယ်တီးနိုင်မလဲ၊ ငူပြီးထိုင်နေရှာတယ်၊ ကျွန်တော်လဲ ဘာမှ မပြောပါဘူး၊ အကတိုက်ပေးလိုက်တယ်၊ ၃ခေါက်လောက်တိုက်ပေးပြီးတဲ့အခါ အင်မတန်နားကောင်းတဲ့ မောင်းဆရာဟာ တီးနိုင်သွားပါတော့တယ်၊

အဲဒိအချိန်က တက္ကသိုလ်တွေမှာတီးသော ဆိုင်းအဖွဲ့များ ရှားပါတယ်၊ အခုတော့ ကြီးကုန်ကြပါပြီ၊ အဲဒီထဲမှာ အဆိုးဆုံးက ကိုမြစတင်းပဲ၊ လူကိုဘယ်တော့မှ သေသေချာချာမစုထားဘူး၊ ပြီးရင် မျက်လုံးပြူး မျက်ဆံပြူး၊ သင်္ကြန်မဏ္ဍပ်ကတာဆိုပေမဲ့ တကျောင်းနဲ့ တကျောင်း အပြိုင်ကျဲကြတာကလား။ အကောင်းဆုံး တီးလုံးတွေ အကတွေ (ယဉ်ကျေးမှုအကတွေများ ဘယ်လောက်သုံးသလဲဆို၊ ရာဇူးက လက်အလှကပြီးချိန်မှာကို ဒီတီးလုံးနဲ့ အာရ်စီ ၃က ဆက်ကရင်ကတာ၊ ပပ၀င်းတီးလုံးတို့ပါတို့ အကုန်ကကြတော့တာပါပဲ၊ အဲဒါတွေကို ကို မြစတင်းက မကြောက်မရွံ့လက်ခံတာ၊ သူ့ ကြေးသမား မောင်းသမားက မရ၊ တစ်ခါများ အငြိမ့်သီချင်း တစ်ပုဒ်ကို သူကိုယ်တိုင်ကိုမရတာ၊ ကိုထိပ်တင်ဝင်းက သိတော့ ကျွန်တော့်ကို ချိတ်ထားပြီး မင်းတို့ကျောင်းနောက်လိုက်မသွားပါနဲ့ကွာဆိုတော့ နေခဲ့ရတယ်၊ မင်းသမီးအဆိုပုဒ်ထဲက တွယ်လိုက်နေကြတာ၊ အတီးပုဒ်လဲကြရော ကျွန်တော် စိတ်တိုတိုနဲ့ ကဲအားလုံးလိုက်ခဲ့ကြလို့ အော်ပြောပြီး နင်းဆောင်သွားရတော့တယ်၊ ပြီးတော့ သူတို့အားလုံး ရှက်ပြုံးကိုယ်စီနဲ့၊ အခုနောက်ပိုင်း ဆိုင်းဆရာများကတော့ သင်္ကေတရကုန်ပါပြီ၊ နောက်ဆုံးနှစ် ကျွန်တော့်ဘာသာ ဖွဲ့တီးရတဲ့နှစ်က မိုးဇော်ဗိုလ်ဆိုရင် အင်မတန်ကို တော်ပါတယ်၊ အခုတော့ ရွှေတံဆိပ်တွေ ၄-၅ခုနဲ့ပေါ့။ အဲဒီပွဲတွေမှာ သင်္ကေတဆရာများဖြစ်ကြတဲ့ ကိုသောင်းဟန်၊ မြန်မာ့အသံ ဦးကြည်သာတို့ ကို လုံးဝ ဆရာဦးစိန်လှမောင်လိုပဲ ကျွန်တော် ဆိုင်းတီးခရတိုင်း ကန်တော့မိပါတယ်။

ကျောင်းသားကျောင်းသူတွေ လှုပ်ရှားမှု၊ သက်ဆိုင်ရာ အနုပညာအသင်းများက သင်္ကြန်နီးတာနဲ့ လူရွေးပွဲများလုပ်ပါတယ်၊

အမာခံများကတော့ ပါပြီးသားပေါ့လေ၊ အက၊ အဆို၊ လူရွှင်တော်၊ အငြိမ့်မင်းသမီးကအစပေါ့၊ ပြီး သင်္ကြန်ကျောင်းပိတ်ရက်မှာ စခန်းသွင်းတော့တာပါပဲ၊ စားရေးသောက်ရေး အားလုံးတာဝန်ယူပါတယ်၊ များသောအားဖြစ် အဲဒီပွဲများဟာ တက္ကသိုလ် အသီးသီးကို အနုပညာလှုပ်ရှားမှု မရှိရှိအောင် လုပ်ပေးလိုက်တာပါပဲ၊ အစီအစဉ်များမှာ မိမိရရာ အချိန်ပိုင်းမှာ အဆို(ကာလပေါ်၊ စတီရီယို)၊ ယိမ်း၊ သရုပ်ဖေါ် (နည်းပါတယ်)၊ အငြိမ့် သို့ နှစ်ပါးသွားကကြပါတယ်၊ ရန်ကုန်တက္ကသိုလ် အနုပညာအသင်းကိုတော့ အတက်နေ့နောက်ဆုံးည အစီအစဉ်ကို ပေးလေ့ရှိပါတယ်။

ကျွန်တော့်အနေနဲ့ အဲဒီပွဲများကြတော့ ကျွန်တော်လေနေသော အချိန်များ (ပျားဂေဟာမှ အပြန် သစ်တောကလဲ လက်မခံ) ဖြစ်လို့ အချိန်ပြည့်ပေးနိုင်ခဲ့ပါတယ်။ ဂီတမှုးတယောက်အနေနဲ့ ရှိနေတဲ့ စန္ခယားဝိုင်း၊ စတီရီယိုဝိုင်း၊ မြန်မာ့ဆိုင်းဝိုင်း အားလုံးကိုသုံးလို့ စိတ်ကြိုက် ခန့်ခွဲနိုင်ခဲ့ပါတယ်။ အားလုံးကလဲ ပရော်ဖက်ရှင်နယ်များကိုး။ အထူးသဖြင့် ဆရာ မြို့မငြိမ်း သိချင်းများ မန္တလေးသီချင်းများ အကများ (ကိုအောင်ကျော်တိုးတစ်ယောက်လုံးပါမှတော့ ကလောက်တော့ ရှိတာပေါ့လေ) အင်မတန်ရင်းနှီးသွားခဲ့ရပါတယ်၊ ဆရာဂျမ်း ကျွန်တော့်ဆီ အလွမ်းလာလာဖြေတယ်ဆိုတာ အဲဒီအချိန်တွေပေါ့ဗျာ။

ဒီသင်္ကြန်ပွဲများဟာ တက္ကသိုလ်များအတွက် အနုပညာအင်အားစုများ စုတဲ့နေရာလဲ ဖြစ်ခဲ့ပါတော့တယ်၊ တက္ကသိုလ်အသီးသီးရဲ့ အခြား အနုပညာလှုပ်ရှားမှုများအားလုံးမှာ ဒီပွဲများမှာ ရွေးချယ်ခံရသူများ စုစည်းမိသူများ ဆက်လက် ဆောင်၇ွက်သွားကြတာပါပဲ။

ကဲ ဒီလောက်ဆိုရင် ကျွန်တော်က ဆိုင်းကိုရွေးချယ်သလား၊ ကျွန်တော့်ဘ၀ကို ဆိုင်းသမားဖြစ်အောင် တွန်းပို့ခြင်းခံရတာလား၊

ကျွန်တော်က ဆိုင်းကိုရွေးချယ်တီးတာလား၊ အနုပညာအလုပ်တွေလုပ်ဘို့ ဆိုင်းပညာကို အသုံးချတာလား ဖတ်သူများ ကောက်ချက်ချကြည့်ပါအုံး။

ကျွန်တော့်ဘာသာ ကောက်ချက်ချမိတာက၊ ဆိုင်းတီးတဲ့ ဘ၀က အခုကျွန်တော်လုပ်နေရတဲ့ ဂျီအိုင်အက်စ်ခေါ် ကွန်ပျူတာသုံး အင်ဖေါ်မေးရှင်း စစ်စတမ်နဲ့ တူသလိုလိုပဲ။ အခု ကျွန်တော့်ဌာနစိတ်ဟာ နည်းပညာအနေနဲ့ ပြောရရင် ပထ၀ီ သတင်းအချက်အလက်တွေ သုံးရသော အလုပ်တိုင်း၊ လူပိန်းစကားဆိုရင် မြေပုံသုံးရသော အလုပ်တိုင်း မရှိမဖြစ်လောက်ကို လိုလာပါပြီ၊ ဒီအတတ်ပညာကို လူတိုင်းကျွမ်းကျင်ဘို့ မလွယ်ကြပါ၊ အဲဒီတော့ လုပ်ငန်းတိုင်းက ကျွန်တော်တို့နဲ့ တွဲလုပ်ကြရတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ အဓိကလား မဟုတ်ပါ၊ သက်ဆိုင်ရာ အလုပ်များကို ကျွန်တော်တို့က လုပ်ဆောင်နိုင်အောင် ဖြည့်ပေးရတာပါပဲ။ သူတို့ဘာသာ ကျွန်တော်တို့ အဆင့်ရောက်အောင် လုပ်ဖို့က မလွယ်ဘူးလေ။

ဆိုင်းပညာဟာလဲ အခု အိုင်တီလိုပဲ သူ့သက်သက်အတွက် ရပ်တည်တာ အင်မတန်နည်းပါတယ်၊ ပျော်ပွဲရွှင်ပွဲ၊ မင်္ဂလာအခမ်းအနားကအစ အသုဘအဆုံး လူထုရဲ့ လိုအပ်ချက်ကို သူချည်း ဖြည့်ပေးရင် ဖြည့်ပေးတယ်၊ များသောအားဖြင့် ပေါ်ပေါ်ထင်ထင် ဖြည့်ပေးတဲ့ လူတွေ (စင်ပေါ်က ကျွန်တော်တို့ လက်နဲ့တီးတာကို ခြေထောက်နဲ့ သိတယ်ဆိုတဲ့လူတွေ အပါအ၀င်၊ လိုင်းမ်လိုက်တ် အောက်ကလူတွေ) ကို အနစ်နာခံ ပံ့ပိုးတဲ့ ပရဟိတ ပညာပါပဲလေ။
ကျောင်းသားဘ၀ ဆိုင်းသမားဘ၀မှာ တစ်ကျောင်းလုံးက သိလို့ အနှိမ်မခံရပေမဲ့ အပြင်လောကမှာ အနှိမ်ခံရတာတွေ အများကြီးပါ၊

မနေ့ကကို လောလောလပ်လပ်ကြီး ဌာန အလုပ်ကိစ္စလုပ်ရင်း ကျောင်းတုံးက ကတဲ့ မိန်းခလေးတစ်ဦးက သူ့အမျိုးသား (အသိဟောင်းပေါ့လေ) ကိုကျွန်တော်က ဘာလို့သိတာလဲလို့မေးတယ်၊ ကျွန်တော်က ကျွန်တော့်ပတ္ကလျား တပည့်ဆိုတော့ သိတာပေါ့လို့ ပြောတော့၊ သူ့လူက ပတ္ကလျား ကျွမ်းပြီးသားပဲ ကျွန်တော့်ဆီမှာ သင်ဘို့လိုလို့လား၊ ကျွန်တော်ကရော ကျောင်းတုန်းက မောင်းဆိုင်းတီးတာ မဟုတ်လား၊ ပတ္ကလျားတီးတတ်လို့လားနဲ့၊
ရီရပါတယ်၊ ဒါတောင် အခုကျွန်တော်နဲ့သူ ရာထူး လေးဆင့်လောက် ကွာတာနော်၊ တာဝန်ဆိုရင် မပြောနဲ့၊ ကျွန်တော့် ရာထူးကို ဖေါ်ခြင်လို့ ပြောတာမဟုတ်ပါ၊ ဆိုင်းသမား အနေနဲ့ သူကျွန်တော့်ကို စွဲနေတော့ အခုထိကို အထင်သေးနေတုံးဗျာ။

ချီကောက်တွေ တီးနေတဲ့အချိန် ရွာစားတစ်ယောက် အကူအညီတောင်းလို့ ပြင်သစ် ယဉ်ကျေးမှု ကောင်စစ်ဝန်ရဲ့ အိမ်ကို သွားတီးပေးရဘူးတယ်၊ လူရွှင်တော်များက ၀ိုင်းပြီး လိုတဲ့နေရာ ဖြည့်ပေးကြတယ်၊ ပွဲကိုတာဝန်ယူတာက အထက်တန်းလွှာက အမျိုးသမီးကြီးတစ်ဦးပါပဲ၊ ၀ိုင်းဆရာနဲ့ နှဲကတော့ အပြင်ကပေါ့၊ သူတို့ပွဲက စန္ဒယားနဲ့ ဂီတာနဲ့ ပြင်သစ်သီချင်းတွေဆိုကြ ဘာကြပေါ့၊ စက်မှုတက္ကသိုလ်က ကျောင်းသားနှစ်ယောက်က ပတ္တလျားနဲ့ နတ်သျှင်နောင်သီချင်းနဲ့ ဖျော်ဖြေကြတယ်၊ အရက်ကောင်တာလဲရှိပါ့၊ သူတို့ ထဲက မြန်မာအမျိုးသမီးများ မြန်မာအကများနဲ့ ဖျော်ဖြေကြပေါ့၊ ကျွန်တော်တို့ကတီးပေး၊ ကျွန်တော် ဘာမှ ခံစားချက်မရှိပါ၊ ကိုယ်က ကြေးစားလိုက်တီးတာပဲ၊ ၅၀လားမသိပေးပါတယ်၊ ၁၉၈၃ ခန့်ကပေါ့၊

ပြသနာက ဘယ်မှာစလဲဆိုတော့ ကောင်စစ်ဝန်ကတော်ကိုယ်တိုင် ကျွန်တော်တို့ ဆိုင်းအဖွဲ့သားများကို ၀ီစကီတခွက်စီ လာတိုက်ပါတယ်၊ သူကိုယ်တိုင် လေးလေးစားစားနဲ့ လိုက်ပေးတာပါ၊ ကျွန်တော်က သူ့ကို ပြင်သစ်လို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တော့ သူအံ့အားသင့်သွားပြီး လှိုက်လှိုက်လှဲလှဲ ပြုံးပြသွားပါတယ်။

ဆရာသော်တာဆွေရေးဘူးသလိုပဲ ချက်အရက်သောက်နေတဲ့ ဇိုးသမားများအတွက် ၀ီစကီက ဆင့်ပါးစပ် နှမ်းပက်သလိုပဲ၊ ကျွန်တော့်ကို ငှားသော ရွာစားက ကိုမောင်ကို မ၀သေးဘူးဗျာလို့ ပြောပါတယ်။ ကျွန်တော်က မ၀ရင် ကောင်တာမှာ သွားယူပေါ့ပြောတော့ ကျွန်တော်တို့ မသွားရဲဘူးတဲ့၊

ကျွန်တော်ကလဲ မှားပါတယ်၊ ဒီလူတန်းစားတွေထဲမှာ ထပ်မယူပါနဲ့ဗျာလို့ ပိတ်ပြောရင်ရပေမဲ့ ကိုယ်လဲ မ၀သေးတာနဲ့ ကဲလိုက်ခဲ့ဆိုပြီး ကျွန်တော်က ခွက်ကို ကောင်တာရှေ့ချ သူတို့ထုံးစံအတိုင်း ၀မ်းမိုးရ် ပလီးစ်လို့ ပြောလိုက်တော့ ဟိုဆရာက ထဲ့ပေးတာပေါ့။ ကျွန်တော့်နောက်က ခွက်ကိုယ်စီနဲ့ ဆရာသမားများကတော့ ဘာမှမပြောပဲ ခွက်လေးတွေချပေးကြတယ်၊ ကောင်တာဆရာက သဘောကောင်းပါတယ်၊ အားလုံးကိုထဲ့ပေးတယ်၊ ပွဲခင်းတစ်ခုလုံးလဲ မူးနေကြတာကိုး၊ အိမ်ရှင်လင်မယားလဲ မြင်မှာပါ၊ ဘာမှ မပြောကြဘူး။

ကျွန်တော် ၀ီစကီ နှစ်ပက် အရှိန်နဲ့ ယစ်လို့ကောင်းတုံး ဘေးမှာ ပွစိပွစိနဲ့ ကြားရတော့တာပါပဲ၊ ကိုယ်နဲ့ တန်ရာတန်ရာမလုပ် အထက်တန်းလွှာတွေကြားထဲမှာ သူ့ကို အရှက်ခွဲတယ်ပေါ့လေ၊ ပွဲတာဝန်ခံ အမျိုးသမီးကြီး၊ ၀တ်စားထားတာနဲ့ ကို မကာမိတော့ပါဘူး၊

ဘာမှ မပြောနိုင်တော့ပါဘူး၊ ကျွန်တော်လဲ ငြိမ်ခံနေလိုက်ရတယ်၊ အဲ ပွဲလဲပြီးရော အိမ်ရှင်လင်မယားက ဆိုင်းဆီကို ရောက်လာပါတယ်၊ အမျိုးသမီးကြီးက ပတ္ကလျားတီးတဲ့ ညီငယ်နှစ်ယောက်ကို မိတ်ဆက်ပေးလို့ပေါ့၊ ကျွန်တော်တို့ ဖက်ကိုတော့ မျက်စောင်း တထိုးထိုးနဲ့၊

ကောင်စစ်ဝန်ကတော့ ဆိုင်းဗုံတွေကို သေသေချာချာကြည့်နေပါတယ်၊ ကျွန်တော်လဲ စိတ်အချဉ်ပေါက်လာတာနဲ့ သူ့နားကိုသွားပြီး မင်း ငါတို့ဆိုင်းကို စိတ်ဝင်စားလားမေးလိုက်တော့ သူအံ့အားသင့်သလို ဖြစ်သွားပြီးမှ အင်းတဲ့၊ အဲဒါနဲ့ ကျွန်တော်လဲ ခပ်ထွေထွေအရှိန်ရယ် အမြင်ကပ်စိတ်တွေနဲ့ ဆိုင်းတီးပုံတွေ စံနစ်တွေကို သူတို့ အော်ချက်စထရာတွေနဲ့ ယှဉ်ပြီး နှစ်ယောက်သား ပြောလိုက်ကြတာ တော်တော်ကြာပါတယ်၊ မထူးပါဘူးဆိုပြီး ကျွန်တော့် အဖွဲ့သားများကို မေဂျာ ဘွဲ့တွေနဲ့ မိတ်ဆက်ပေါ့၊ အားလုံးပြီးတော့မှ အဖွားကြီးဆီက ရတဲ့ ငွေ ၅၀ ကို အိတ်ထဲထဲ့ အိမ်ကို ပြန်ဖို့ ကမာရွတ်လမ်းဆုံအထိ လမ်းလျှောက်ပြန်လာရတယ်။ တလမ်းလုံးလဲ တနုံ့နုံ့ပဲ။ ကောင်စစ်ဝန်ကတော့ အတွေးနယ်ချဲ့ပြီးကျန်နေခဲ့တယ်။

ဆိုင်းသမား၊ အင်မတန်အဆင့်မြင့်တဲ့ အနုပညာရှင်ဟာ ပတ္တလျားသမားလောက်တောင် အဆင့်အတန်းမထားဘူး၊ မြန်မာအချင်းချင်းကို ပြောတာပါ၊ အနောက်နိုင်ငံကလူများဟာ တူရိယာပညာရှင်ကို အင်မတန် လေးစားကြတာ၊ ကျွန်တော် တူရိယာတီးလို့ သြဘာပေးခြင်းခံရတာ အနောက်နိုင်ငံပဲ ရှိခဲ့တယ်၊

နယ်သာလန်ကျောင်းတက်တုံးက ဘကြီးဝိဟာရ အမျိုးသမီးတို့ အုပ်စုတွေကို အင်တာနေရှင်နယ် ညနေခင်းမှာ မြနန္ဒာတီးပေးရတယ်။ အကပြီးသွားတဲ့ အချိန် သူတို့ထွက်တာ မကြောင်အောင်ဆိုပြီး ကျွန်တော် သံပြိုင်ပုဒ်လေးကို အိုဗာချာအနေနဲ့ တီးပေးနေခဲ့တယ်၊ ဒီတော့ အားလုံးထွက်သွားပြီးမှ ကျွန်တော်တစ်ယောက်ထဲ စင်ပေါ်မှာ စန္ဒယားတီးကျန်ကျန်နေခဲ့ရတယ်၊ အတီးပုဒ်လဲဆုံးရော သြဘာပေးသံကို အကျယ်ကြီးကြားလိုက်ရတယ်။ ကျွန်တော် ရှော့ခ်ရသွားပြီ ကြောင်သွားတယ်၊ နောက်မှ အော်ငါ့ကို တီးပေးကြတာပါလားဆိုပြီး ဟဲဟဲ စန္ဒယားပညာရှင်ကြီးများ အလေးပြုသလိုပေါ့ ဦးညွတ်လိုက်ရတယ်၊

ကွာပါတယ်၊ ဒါလေးတွေက အစ ကျွန်တော်တို့ဆီမှာ အလေးထားမှု ကွာတယ်။

၂၀၀၆ခုနှစ်
ရန်ကုန်မြို့ 











No comments:

Post a Comment