Thursday, November 3, 2016

ယတြာပေးတဲ့ ဗေဒင်ဆရာ

ယတြာပေးတဲ့ ဗေဒင်ဆရာ

26 October 2011 at 19:46
``ဆရာ GIS ရဲ့ စွမ်းဆောင်မှုတွေထဲမှာ analysis ဆိုတာကိုလဲ သဘောပေါက်ပါတယ်၊ trend ဖြစ်စဉ်ဆိုတာကိုလဲ နားလည်တယ်လို့  ထင်မိပါတယ်၊ ဒါပေမဲ့ modelling ပုံစံထုတ်ခြင်းဆိုတာကို သိပ်သဘောမပေါက်ဘူး။´´

လက်ဘက်ရေဆိုင်တွင်ထိုင်နေစဉ်မှာ ဒေါက်တာစိုးနောင်က ကျွန်တော့်ကို မေးလာပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများ၏ အကျင့်တစ်ခုက စာသင်ခန်းအတွင်း နားလည်သလားဟု မေးလျှင် ပြန်လည်မမေးတတ်ကြပဲ အပြင် လက်ဘက်ရည်ဆိုင်မှာမှ ပွင့်ပွင့်လင်းလင်း မေးကြသဖြင့် လက်ဘက်ရည်ဆိုင်မှ စကားဝိုင်းက စာသင်ခန်း၏ extension သဖွယ်ဖြစ်နေရပါသည်။

``ဒီကိစ္စကို ကျွန်တော် ပထမဆုံး GIS သင်ခန်းစာမှာ ပြောခဲ့ပြီးပြီပဲဆရာ။ ဒါပေမဲ့ ဆရာသိပ်သဘောမပေါက်သေးရင် ကျွန်တော်ပြန်ပြောပါ့မယ်။ တစ်ဆက်တည်း ခင်ဗျားတို့  ပါမောက္ခချူပ် လာတုန်းက ကျွန်တော်ရှင်းပြလိုက်ရတဲ့ စကားကိုလဲ ပြောပြပါ့မယ်´´
ဒေါက်တာစိုးနောင်တို့  ကျန်းမာရေးမှ သင်တန်းသား လေးဦးသာမက ကျန်အဖွဲ့ သားများကလည်း စိတ်ဝင်စားဟန်ပြလာပါသည်။
´´ခင်ဗျားတို့ ပါချူပ်က ကျွန်တော့်ဆီရောက်လာတော့ စီဒီရွမ်အလွတ်တွေနဲ့ ပေါ့´´
``သူ့  request ကတော့ ကျွန်တော်တို့ ဆီမှာ ရှိတဲ့ GIS စံနစ် (system) နော်၊ စံနစ်တစ်ခုလုံးကို စီဒီရွမ်နဲ့ ကူးယူခွင့် ပြုပါလို့ ပါတယ်။ သူပြောတာ GIS system လို့ ပြောတာ´´
ကျွန်တော့်ဆိုလိုရင်းကို သဘောပေါက်ဟန်ရှိသော ကျွန်တော့် အဖွဲ့ သား တစ်ဦးက ပြုံးယောင်သန်းလာပါသည်။
``ဒါနဲ့ ကျွန်တော်လဲ`ကဲပါဆရာရယ်၊ ကျွန်တော်တစ်ခုရှင်းပြမယ်၊ ကျွန်တော်ပြောပြီးမှပဲ ဆရာဘာလုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ကျတာပေါ့`လို့  အရင်ပြောလိုက်ရတယ်´´
``ပထမဆုံး ရှင်းပြလိုက်ရတာကတော့ GIS ဆိုတာ software မဟုတ်ဘူး၊ သူ့ နာမည်မှာပါတဲ့အတိုင်းပဲ Information system သတင်းအချက်အလက်တွေကို ထုတ်ပေးတဲ့ စံနစ်ပဲ။ စံနစ်လို့ ပြောလာကထဲက သူ့ မှာ အစိတ်အပိုင်းတွေ ရှိလာရတယ်။ များသောအားဖြစ်တော့ GIS စံနစ်ကို သုံးပိုင်းပိုင်းလေ့ရှိတယ်။ ကွန်ပျူတာအမာထည်တွေရယ်၊ ကွန်ပျူတာ အပျော့ထည်တွေရယ်ပေါ့၊ နောက်ဆုံးအပိုင်းကို human ware; live ware ဆိုပြီး အမျိုးမျိုးခေါ်ကြသေးတယ်``။
``ဒါပေမဲ့ မေ့နေကြတာက GIS ဆိုတာ Data တွေနဲ့ လွှမ်းခြုံမထားရင် data မရှိရင် ဘာမှမဟုတ်ဘူး၊ ပြီးတော့ အဲဒိ data ကလည်း လျှော်ကန်သင့်မြတ်တဲ့ data ဖြစ်ရမယ်၊ အင်္ဂလိပ်လိုပြောရရင် " A GIS is nothing until it is populated with appropriate data လို့ ဆိုထားတယ်´´
`` ဒါဆိုရင် GIS system ကို CD-Rom အလွတ်တွေနဲ့ ကူးလို့ ရမလား။  မရဘူးပေါ့။ အခုခင်ဗျားတို့ ဆရာကို အဲဒါရှင်းပြပြီး ကူးလို့ ရတဲ့ data တွေ ကျွန်တော်တို့ လုပ်ပြီးသား output တွေအားလုံးကူးပေးလိုက်ပါတယ်။ ဒါပေမဲ့သိတဲ့အတိုင်းပဲ ဒါတွေကို ခင်ဗျားတို့ အခြေခံ ကျန်းမာရေး တက္ကသိုလ်မှာ ပြန်သင်နိုင်ဘို့ ၊ ဖွင့်ကြည့်နိုင်ဘို့ ၊ အသုံးချနိုင်ဘို့ အတွက် Training ပြန်လွှတ်အုံးလို့ ညှိနှိုင်းခဲ့လို့  ခင်ဗျားတို့ အခု သင်တန်းလာတက်ရတာပေါ့။ ဆိုလိုတာကတော့ Hardware ရယ် Software ရယ် data နဲ့  Information တွေကိုကူးလို့ ရတယ်။ ၀ယ်လို့ ရတယ်။ဒါပေမဲ့ Humanware အပိုင်းကိုတော့ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ပြီးမှ Technology Transfer အနေနဲ့ သာ ပေးလို့ ရပါတယ်။ ဒါတောင်မှ ဌာနတစ်ခုနဲ့ တစ်ခု လိုအပ်ချက်တွေက မတူတော့ဆရာတို့ ကပြန်ပြီး adapt လုပ်ယူရအုံးမှာပဲ``
``ဒါကတော့ ရှင်းပါပြီ ဆရာ၊ ဒါပေမဲ့ ကျွန်တော် မရှင်းတဲ့ modelling လေး´´
``အင်းပြောပါ့မယ်၊ ရေနွေးကြမ်းလေး သောက်လိုက်ပရစေအုံး´´
အာအနည်းငယ် ခြောက်လာသော ပါးစပ်ထဲသို့ ရေနွေးကြမ်း အေးအေးတစ်ခွက် မော့ချလိုက်ရပါတော့သည်။
``ဒီတော့ ဒီ GIS စံနစ်က ဘာလုပ်မလဲ၊ ဘာလုပ်မှာလဲ လိုရင်းနဲ့ ရှင်းရှင်းလေးပြောရရင် GIS စံနစ်ဟာ Spatial data တွေကို manage လုပ်တယ်။ အဓိကကဒါပါပဲ၊ Spatial data ဆိုတာပါလဲ၊ Geographic co-ordinate တွေဘာတွေနဲ့ ရှည်ရှည်ဝေးဝေး မှတ်စရာ မလိုဘူး။ Where ဘယ်မှာလဲ ဆိုတဲ့ တည်နေရာနဲ့ ပြနိုင်တဲ့ data ကို Spatial data လို့ ခေါ်တာပဲ၊ Location ပြတဲ့အခါမှာ လတ္တီတွဒ် လောင်ဂျီတွဒ်တို့ ၊ UTM ဂရစ်တို့ ၊ Lambert ဂရစ်တို့  အမျိုးမျိုးသုံးကြတယ်။ ပြီးရင် အဲဒီ Spatial data အပြင် attribute data ခေါ်တဲ့ နာမည်တို့ ၊ အချိန်တို့ ၊ အရည်အတွက်တို့  စတဲ့ data ဒီနှစ်မျိုးပဲရှိတယ်။´´
``ဒီမှာ အဲဒီ data နှစ်မျိုးကို Input လုပ်မယ်၊ Storage သိမ်းဆည်းမယ်၊ လိုချင်တဲ့အခါမှာ လိုသလို ထုတ်သုံးနိုင်အောင် ပြင်ဆင်ပေးမယ် (manipulate) ပေါ့၊ သူ့ data က tiff file ဖြစ်ပြီး ကိုယ်သုံးမှာက ENVI img format ဖြစ်နေရင် လိုသလိုပြောင်းလဲပေးမယ်၊ ပြုပြင်ပြီးရင် သုံးစွဲဘို့ ထုတ်ယူမယ် (retrieve)´´
``ဒီအထိဟာ သာမန် data ကွန်ပျူတာစံနစ်တစ်ခုပဲ ရှိသေးတယ်၊ထည့်ထားတဲ့ data တွေဟာ အသုံးဝင်တဲ့ Information အဆင့်ကို မရောက်သေးဘူး။ GIS သုံးတဲ့လူတွေကတော့ အဲဒီ အဆင့်တင်မကပါဘူး၊ ဆက်ပြီး Information ရဘို့  Analysis ဆန်းစစ်ခြင်းအဆင့်ကို တက်ကြရတယ်။ GIS မှာ Analysis လုပ်ပြီးရင် data တွေကို ကြည့်ပြီး ဗေဒင်ဆရာတစ်ယောက်က ဗေဒင်မေးတဲ့လူကို သွေးတိုးစမ်းမေးရင်း သူ့ အတတ်ပညာအသိမျိုးစုံနဲ့  trend တည်ဆောက်သလို တည်ဆောက်တယ်၊ ပိုင်သွားပြီဆိုတာနဲ့  ရှေ့ ဖြစ်ကို ဟောနိုင်တော့တာပဲ။ ထီပေါက်မယ်မိန်းမရမယ် စသဖြင့်ပေါ့။ GIS ကို ဒီအဆင့်မှာပဲ ကျေနပ်မဲ့ လူတွေလဲ ရှိရင်ရှိမှာပါပဲ။´´
``ဒါပေမဲ့ တကယ့် GIS စွမ်းရည်က အဆုံးမသတ်သေးဘူး၊ GIS ဟာ Model တွေကို တည်ဆောက်ပေးနိုင်တယ်။ Model တွေကို တည်ဆောက်ပြီး တစ်ကယ့်ကမ္ဘာ (real world) ရဲ့ ဖြစ်စဉ်တွေကို နားလည်လာပြီး ကိုယ်ဖြစ်စေချင်တဲ့အရာ ဖြစ်လာအောင် ဘာလုပ်ပေးရမလဲဆိုတာကို အဖြေ (solution) ထုတ်ပေးနိုင်တယ်။ ဥပမာပြောရရင် ရှေ့ ဖြစ်ကို ဟောနိုင်ရုံတင်မကဘူး၊ ကိုယ်ဖြစ်ချင်တာကို ဖြစ်ရအောင် ကိုယ်မဖြစ်ချင်တာကို မဖြစ်ရအောင် ယတြာချေပေးနိုင်တဲ့ ဗေဒင်ဆရာပါပဲ´´
ဒေါက်တာစိုးနောင်က တီးတိုးရေရွတ်လိုက်ပါသည်။
``ယတြာချေပေးတဲ့ ဗေဒင်ဆရာ၊ဆရာ့ဥပမာက အဆန်းပဲ စိတ်ထဲကတော့ တန်းကနဲ စွဲသွားတာပဲ၊ ဘယ်လိုနည်းနဲ့ ယတြာချေတာလဲဆရာ´´
``ဥပမာကောင်းမှလဲ ခင်ဗျားတို့  မှတ်မိမှာပေါ့ဗျာ၊ ယတြာချေတဲ့အခါမှာ ဗေဒင်ဆရာတွေဟာ ဘာတွေနားလည်ရသလဲဆိုတော့ လူတွေရဲ့  မွေးနေ့ ၊ မွေးနံ နက္ခတ်တွေရဲ့ နှစ်အလိုက် ဂြိုလ်စီး ဂြိုလ်နင်း၊ သက်ရောက်ပုံ၊ ဓါတ်တွေစတဲ့ ဆက်စပ်ပုံ အားလုံးကို နားလည်ရတယ်။ Instant တစ်ခုချင်းအတွက် အဲဒိဆက်စပ်ပုံအလိုက် ဇာတာရှင်ရဲ့ ဘ၀ကို ဘယ်လို သက်ရောက်ခဲ့တယ်ဆိုတာကို နားလည်ရတယ်။ ဒိနားလည်မှုရသွားရင် ဇာတတာရှင်ရဲ့ ရှေ့ ဘ၀ အရေးကြီးတဲ့ အချိန်မှာ ဘယ်ဓါတ်ဘယ်နာမ်နဲ့  ဘယ်အချိန်မှာ ဘာလုပ်လိုက်ရင် ဘယ်လိုပြောင်းလဲသွားမယ်ဆိုတာကို ဗေဒင် model မှာ အဖြေထုတ်ပေးလိုက်တာပဲ၊´´
``GIS model မှာ ဥပမာ အကောင်းဆုံး ပေးနိုင်တာက Hydrology model ပဲ၊ ဆည်တစ်ခုဆိုပါစို့ ။ သူ့ အထဲကိုရေ၀င်နိုင်မှု ပမာဏဟာ ရွာတဲ့မိုးရေ၊ ရေဝေအကျယ်အ၀န်း၊ Basin characteristic လို့ ခေါ်တဲ့ မြေအသုံးချမှု လျှောစောက်၊ မြေဆီလွှာ အမျိုးအစားစတဲ့ factors တွေပေါ်မှာ မှီခိုနေတယ်၊ အဲဒီ မှီခိုမှု အတိုင်းအတာတွေကို သချာင်္နည်းနဲ့  Model equation တွေဆောက်ယူရတယ်၊ ဒီ Equation တွေကို အချိန်ကာလအဆင့်ဆင့် တိုင်းလာခဲ့တဲ့ ဆည်ထဲကို ရေ၀င်တဲ့ ပမာဏနဲ့  စစ်ဆေးကြည့်ပြီး မှန်တယ် မမှန်တယ် တွက်ကြည့်ရတယ်။ ဗေဒင်ဆရာက လက္ခဏာရှင်ကို ဒီနှစ်မှာဒါတွေ ဖြစ်တယ်မဟုတ်လား သွေးတိုးစမ်းမေးသလိုပေါ့၊ မှားသွားပြီဆိုရင် model မှာ ပြန်ပြင်ရတယ်။ အဲဒီ model ကိုသုံးပြီး ဒီဆည်ကို ရေ ဘယ်အချိန်လောက်မှာ ဘယ်လောက်ဝင်ချင်ရင် ဘယ်နေရာမှာတော့ တောပြန်စိုက်ရမယ်။ ဆည်မဟုတ်ပဲ မြစ်ချောင်းဆိုရင်လဲ နွေရာသီမှာ ရေစူးကောင်းကောင်း ရှိဘို့ ၊ တောတွေပြန်စိုက်မှ မြေအောက်ရေ ပြန်ထွက်လာနိုင်ပြီး လှေ၊ သဘောင်္သွားလို့ ရမယ်စသဖြင့် ယတြာတွေ ပေးရတာပေါ့ဗျာ´´
``နားလည်သွားပါပြီဆရာ၊ ကျွန်တော်တို့ ကျန်းမာရေး လောက အတွက်ဆိုရင်လဲ ငှက်ဖျားရောဂါ ဖြစ်နိုင်စွမ်းတို့  ကူးစက်ရောဂါ outbreak တွေကိုလဲ ဒီပုံစံအတိုင်း ခန့် မှန်းရတာပါပဲ၊ ဒါတွေဟာလဲ model တွေပဲပေါ့´´
``ဒါပေါ့ဆရာရယ်၊ ဒါကြောင့် ကျွန်တော်မှာချင်တာက GIS ကို ယတြာပေးနိုင်တဲ့ ဗေဒင်ဆရာအဆင့်အထိ ရောက်အောင် ကြိုးစားကြဘို့ ပါပဲ။ ရိုးရိုးကြီးမဟောပဲ ယတြာလေးပါမှလည်း လာဘ်ရွှင်မှာပေါ့ ဟဲဟဲ´´

၁၅း၂၉
၁၈း၁၀း၂၀၀၂

No comments:

Post a Comment