Tuesday, November 8, 2016

သစ်တောဖုံးလွှမ်းလျက်ရှိသောမြေနှင့် သစ်တောမြေစီမံအုပ်ချုပ်မှု ခင်လှိုင် (ညွှန်ကြားရေးမှုး တိုးချဲ့ ) (ဟန်သစ်ဂျာနယ်)

8 November 2012 at 12:57
သစ်တောဖုံးလွှမ်းလျက်ရှိသောမြေနှင့် သစ်တောမြေစီမံအုပ်ချုပ်မှု

          မြန်မာနိုင်ငံသည် သစ်တောဖုံးလွှမ်းမှုဧရိယာ ကျယ်ဝန်းသော နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ သစ်တောများအား ရှေးယခင်ကတည်းက စနစ်တကျ စီမံအုပ်ခုပ်ခဲ့ပါသည်။ နိုင်ငံအတွင်း မှီတင်း နေ ထိုင်ကြသော ပြည်သူများသည် သစ်တောကဏ္ဍနှင့် တစ်နည်းမဟုတ် တစ်နည်းဆက်နွှယ်လျက်ရှိပါသည်။  သို့အတွက် သစ်တောစီမံအုပ်ချုပ်မှုတွင် အဓိကကျသည့် သစ်တောဖုံးလွှမ်းမှုဧရိယာ၊ အမြဲတမ်း သစ်တော နယ်မြေ (ကြိုးဝိုင်း ကြိုးပြင် ကာကွယ်တော၊ ဘေးမဲ့တော၊ သဘာဝဥယျာဉ် စသည့်)တို့ အား တိတိကျကျ သိရှိရန်လိုအပ်ပါသည်။

သစ်တောဖုံးလွှမ်းလျက်ရှိသောမြေ ( Forest Cover )

          ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ကြီး၏ ကမ္ဘာ့သစ်တောသယံဇာတ အခြေအနေကို ဆန်းစစ် လေ့လာခြင်း(Global Forest Resources Assessment -FRA)၏အဓိပ္ပါယ်သတ်မှတ်ချက်အရ သစ်တောဖုံးလွှမ်းလျက်ရှိသောမြေ(သို့ ) သစ်တောဖုံးလွှမ်းမှု (Forest Cover)ဆိုသည်မှာ သစ်ပင်ရွက်အုပ် ဖုံးလွှမ်းမှု (Forest Canopy Density) ၁၀% အထက်ရှိပြီးအနည်းဆုံး ဧရိယာအကျယ်အဝန်း ဝ.၅ ဟက်တာ(၁.၂၄ဧက)တွင် သစ်ပင်များ ပေါက်ရောက်နေသည့်မြေကို ခေါ်ဆိုပါသည်။ သစ်ပင်များသည် အနိမ့်ဆုံး ၅မီတာ (၁၅ ပေခန့် ) ကြီးထွားနိုင်စွမ်း ရှိရပါမည်။ လတ်တလော အခြေအနေတွင် သတ်မှတ် ထားသော အခြေအနေမရောက်သေးသော်လည်း အနာဂတ်တွင် ရောက်ရှိကြီးထွားလာနိုင်သည့် သဘာဝအပင်ငယ်များ ပေါက်ရောက်နေသည့် သစ်တော ဧရိယာများလည်း အကျုံးဝင်ပါသည်။ သစ်တောဖုံးလွှမ်း လျက်ရှိသည့် မြေဧရိယာနှင့် သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှုအတွက် အမြဲတမ်း သစ်တောနယ်မြေများ တို့သည် အဓိပ္ပါယ်ကွဲပြားခြားနားပါသည်။ သစ်တောဖုံးလွှမ်းလျက်ရှိသောမြေ(Forest Cover) များထဲမှ စနစ်တကျ စီမံအုပ်ချုပ်ရန် ကြိုးဝိုင်းနှင့်ကြိုးပြင် ကာကွယ်တောများ ဖွဲ့စည်းထားသည့် ဧရိယာကို သစ်တောနယ်မြေများ (Forest Land) ဟုခေါ်ပါသည်။             

Forest
          Land with tree crown cover (or equivalent stocking level) of more than 10 percent and area of more than 0.5 hectares (ha). The trees should be able to reach a minimum height of 5 meters (m) at maturity in situ. May consist either of closed forest formations where trees of various storeys and undergrowth cover a high proportion of the ground; or open forest formations with a continuous vegetation cover in which tree crown cover exceeds 10 percent. Young natural stands and all plantations established for forestry purposes which have yet to reach a crown density of 10 percent or tree height of 5 m are included under forest, as are areas normally forming part of the forest area which are temporarily unstocked as a result of human intervention or natural causes but which are expected to revert to forest.

သစ်တောဖုံးလွှမ်းမှုကို ရွက်အုပ်ဖုံးလွှမ်းမှု အခြေအနေလိုက်၍ ရွက်အုပ်ပိတ်တော ( Closed Forest) နှင့် ရွက်အုပ်ပွင့်တော (Open Forest ) ဟူ၍ အတန်းအစား(၂)မျိုး ထပ်မံခွဲခြားထားပါသည်။

ရွက်အုပ်ပိတ်တော( Closed Forest)

ရွက်အုပ်ပိတ်တောဆိုသည်မှာ ရွက်အုပ်ဖုံးလွှမ်းမှု ရာခိုင်နှုန်း(၄၀%) အထက်ရှိ၍ အပင်အမြင့် ၅မီတာထက်မြင့်သော သစ်ပင်များ ပေါက်ရောက်နေပြီး ဧရိယာအကျယ်အဝန်းအားဖြင့် ဝ.၅ ဟက်တာ တစ်ဆက်တစ်စပ်တည်းရှိသော သစ်တောမြေကိုခေါ်သည်။
Closed Forest – under forestry or no land use, spanning more than 0.5hectares; with trees higher than 5 meters and a canopy cover of more than 40 percent, or trees able to reach these thresholds in situ.

ရွက်အုပ်ပွင့်တော (Open Forest )

          ရွက်အုပ်ပွင့်တောဆိုသည်မှာ အပင်အမြင့် ၅မီတာထက်မြင့်သော သစ်ပင်များပေါက်ရောက်နေပြီး ရွက်အုပ်ဖုံးလွှမ်းမူ ရာခိုင်နှုန်း (၁၀%မှ ၄၀%) အတွင်းရှိ၍ ဧရိယာ ဝ.၅ဟက်တာထက် ပိုမိုကျယ် ပြန့်တည်ရှိကာ အခြားမြေအသုံးချမှုမရှိသော သစ်တောမြေကို ခေါ်သည်။

Open Forest(normally degraded forests) – under forestry or no land use, spanning more than 0.5hectares;with trees higher than 5 meters and a canopy cover between 10 and 40 percent, or trees able to reach these thresholds in situ.    

အခြားမြေများ (Other Wooded Lands )

          အခြားမြေများဆိုသည်မှာ ရွက်အုပ်သိပ်သည်းမှု ၁၀% အောက်ကျရောက်နေပြီး ပိန်လှီနေသော သစ်ပင်များဖြင့် အများဆုံးဖုံးလွှမ်းနေသော ဧရိယာ၊ မြက်ခင်းပြင်နှင့်ခြုံပုတ်တောများကို  ခေါ်ပါသည်။

Other Wooded lands (Scrub and Grass Land)-Areas mostly covered by grassland and stunted trees, shrub forests, lower that 10% crown density.

ထာဝစဉ်တည်တံ့စေရန် စီမံအုပ်ချုပ်ခြင်း

          နိုင်ငံဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ရန်အတွက် မြေအမျိုးအစားအချို့ကို (နိုင်ငံပိုင်ဖြစ်စေ၊ ပုဂ္ဂလိကပိုင်ဖြစ်စေ) အမြဲတမ်းသစ်တောမြေများအဖြစ်ဖွဲ့ထားရပါမည်။ သစ်တောဖုံးလွှမ်းမှု အမြဲတမ်းရှိ သင့်သည့် မြေအမျိုးအစားများသည် ကာကွယ်ရမည့်မြေ၊ သဘာဝကို ထိန်းသိမ်းရမည့်မြေ၊ သစ်နှင့်အ ခြားသစ်တောထွက်ပစ္စည်းများ ထုတ်ယူရန်မြေနှင့် အဆိုပါကိစ္စရပ်များကို ပူးတွဲဆောင်ရွက်ရန် ရည်ရွယ် သောမြေဟူ၍ ခွဲခြားနိုင်ပါသည်။
          သစ်တောများအဓွန့်ရှည်ကြာစွာတည်တံ့စေရန်နှင့် နောင်သားစဉ်မြေဆက်တိုင်အောင် သစ်တော သယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်အတွက်ထာဝစဉ်တည်တံ့သော သစ်တောစီမံအုပ်ချုပ်  (Sustainble Forest Management S.F.M)  ဖြင့် ရှေးယခင်ကပင် စီမံအုပ်ချုပ်ခဲ့ပါသည်။

          သစ်တောများ ထာဝစဉ်တည်တံ့ရေးအုပ်ချုပ်လုပ်ကိုင်မှုအား အောက်ဖော်ပြပါစံများ (Criteria) ပြဌာန်းထားရှိပါသည်။

၁။ Extent of Forest Resources  -သစ်တောသယံဇာတများ ထာဝစဉ်တည်တံ့စေမည့် စီမံအုပ်ချုပ်မှုအတွက် လိုအပ်ချက်များဖြည့်ဆည်းရန်၊

၂။ Biological Diversity - ဇီဝမျိုးစုံမျိုးကွဲများအား ကာကွယ်ထိန်းသိမ်းရန်၊

၃။  Forest Health and Vitality - သစ်တောများ သန်စွမ်းမှုနှင့် ရှင်သန်မှုအခြေအနေ၊ သစ်တော ဂေဟစနစ်မှ ပတ်ဝန်းကျင်အခြေအနေအား ကာကွယ်ပေးရန်၊

၎။ Productive Functions of Forests - သစ်တောများမှထုတ်လုပ်ပေးသော သစ်နှင့်သစ် မဟုတ်သော သစ်တောထွက် ပစ္စည်းများနှင့်ဂေဟစနစ်ဆိုင်ရာဝန်ဆောင်မှုများကို စနစ်တကျ စီမံအုပ်ချုပ်ရန်၊

၅။   Protective Functions of Forests -  အမြဲတမ်းသစ်တောမြေများ(စိုက်ခင်းများအပါအဝင်) အား အကာအကွယ်ပေးရန်၊

၆။  Socio-economic Benefits and Needs - လူမှုစီးပွားရေးဆိုင်ရာနယ်ပယ်များတွင် သစ်တောကဏ္ဍမှ လိုအပ်ချက်များကို အထောက်အပံ့ဖြစ်စေရန်နှင့်

၇။  Legal,Policy and Institutional Framework -  သစ်တောကဏ္ဍဆိုင်ရာဥပဒေ၊ မူဝါဒ နှင့်အဖွဲ့အစည်းများဆိုင်ရာ မူဘောင်များချမှတ်နိုင်ရန်၊

သစ်တောဖုံးလွှမ်းသောမြေပြောင်းလဲလာမှုအခြေအနေ

          စက်မှုခေတ်ပြောင်းတော်လှန်ရေး မတိုင်မီကာလ(၁၇ နှင့် ၁၈ ရာစုနှစ်များအတွင်းက ကမ္ဘာ့ သစ် တော ပမာဏ သည် (၆.၂၁ ဘီလီယံ ဟက်တာ) ခန့်ရှိခဲ့ပြီး ၂၀၀၀ခုနှစ်တွင် ကမ္ဘာ့သစ်တောပမာဏသည် (၃.၈၇ဘီလီယံ ဟက်တာ) ခန့်သာရှိတော့သည်ဟု  ခန့်မှန်းထားပါသည်။ ထို့ကြောင့် နှစ်ပေါင်း (၂၀၀)ခန့် အတွင်း ကမ္ဘာ့သစ်တော ဧရိယာဟက်တာ (၂.၃၄ ဘီလီယံ) ခန့် (၃၇.၇ ) ရာခိုင်နှုန်း လျော့နည်းသွား ကြောင်း တွေ့ရှိရပါသည်။ မြန်မာသစ်တောများသည်လည်း အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းလာ ရာ သစ်တော ဖုံး လွှမ်းမှုသည် ၁၉၂၅ ခုနှစ်တွင် ၆၆% ၊၂၀၀၀ခုနှစ်တွင် ၅၂% လက်ရှိအချိန်တွင် ၄၇%ခန့်သာ ကျန်ရှိ ကြောင်း တွေ့ရှိရပါသည်။

          သစ်တောဖုံးလွှမ်းမှု ( ရွက်အုပ်ပိတ်တောနှင့် ရွက်အုပ်ပွင့်တော )၏ နှစ်အလိုက်ပြောင်းလဲမှုမှာ ၁၉၉၀ ခုနှစ်တွင် ဟက်တာ ( ၃.၉၂ )သန်း၊ ၂၀၀၀ ပြည့်နှစ်တွင် ဟက်တာ ( ၃.၄၉ ) သန်း၊ ၂၀၀၅ ခုနှစ် တွင် ဟက်တာ ( ၃.၃၃ ) သန်း၊ ၂၀၁၀ ခုနှစ် (၃.၁၈) သန်း ဖြစ်ပါသည်။

ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများ သဘာဝထိန်းသိမ်းရေးနယ်မြေများ

          သစ်တောများအား ရေရှည်တည်တံ့စေရန်အတွက်  သစ်တောဦးစီးဌာနအနေဖြင့်  ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းတည်ထောင်၍ စီမံအုပ်ချုပ်ခဲ့ ပါသည်။

သစ်တောနယ်မြေ     -  ဆိုသည်မှာ ကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တောတို့ပါဝင်သည့် နယ်မြေဖြစ်ပါသည်။

သဘာဝနယ်မြေဆိုသည်မှာ- တောရိုင်းတိရိ စ္ဆာန်နှင့် သဘာဝအပင်များ သက်ရှိသက်မဲ့ ဖွဲ့စည်းမှုများ သို့မဟုတ် ထင်ရှားသော ပထဝီအနေအထားများ တည်ရှိသည့်ဒေသများကို အရှည်တည်တံ့ရေး အတွက် ကာကွယ်ထိန်းသိမ်းရန်အလို့ငှါ တောရိုင်းတိရိ စ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေအရ သတ်မှတ်ထားသည့်နယ်မြေ ဖြစ်ပါသည်။

ကြိုးဝိုင်းနှင့်ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းမှုအနေဖြင့် ၁၉၈၈-၈၉ ခုနှစ်တွင် ၃၈၈၇၆ စတုရန်း မိုင်၊ ၁၉၉၇-၉၈ ခုနှစ်တွင် ၄၀၄၄၄ စတုရန်းမိုင်ရှိခဲ့ပြီး ၂၀၁၁-၂၀၁၂ ခုနှစ်၌ ၆၄၁၈၂.၉၀ စတုရန်းမိုင် ရာခိုင်နှုန်းအားဖြင့် နိုင်ငံတော်ဧရိယာ၏ ၂၄.၅၇ ရာခိုင်နှုန်း ရှိပါသည်။ သဘာဝနယ်မြေများ တည်ထောင်ခြင်း အနေဖြင့် အမျိုးသားဥယျာဉ်၊ အဏ္ဏဝါအမျိုးသား ဥယျာဉ်၊ တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော စုစုပေါင်း (၃၆) ခု၊ ဧရိယာအားဖြင့် ၁၄၆၃၁.၁၁ စတုရန်းမိုင် ရှိပါသည်။

ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများကို နိုင်ငံဧရိယာ၏ ၃၀%အထိ၊ သဘာဝနယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀%အထိ ဖွဲ့စည်းရန် သစ်တော မူဝါဒတွင် ပြဌာန်းထားပါသည်။
သစ်တောဖုံးလွှမ်းမှု ဧရိယာများသည် လူဦးရေတိုးတက်ခြင်း၊ မြို့ရွာချဲ့ထွင်ခြင်း၊ အခြားမြေ အသုံးချမှုအဖြစ် ပြောင်းလဲခြင်းများကြောင့် လျော့နည်းလာနေသော်လည်း သဘာဝတောများ ကာကွယ် ထိန်းသိမ်းရေးနှင့် သစ်တောများရေရှည်တည်တံ့စေရေးအတွက် အမြဲတမ်းသစ်တောနယ်မြေများနှင့် သဘာဝနယ် မြေများကို သစ်တောဥပဒေအရ သစ်တောမူဝါဒပါ ပြဌာန်းချကသို့ ရောက်ရှိအောင် တိုးမြှင့် ဖွဲ့စည်း တည်ထောင်လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

No comments:

Post a Comment