Tuesday, November 8, 2016

မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု တိုင်းတာခြင်းများ

3 September 2013 at 16:23
မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု တိုင်းတာခြင်းများ (၁)

ဒီစာကို စာသံ ပေသံနဲ့ ကျနော် ခဏခဏ ရေးဘူးပါတယ်၊ စာတမ်းတွေဖတ်ဘို့ ၊ နောက် သက်ဆိုင်ရာ FAO ညီလာခံတွေမှာ ကမ္ဘာ့ သစ်တောဖုံးလွှမ်းမှု တိုင်းတာရေး ညီလာခံတွေမှာ ခေတ် အဆက်ဆက် အတော်ကြာ တက်ရောက်ဆွေးနွေးခဲ့ရလို့ ဒီကိစ္စနဲ့ ပတ်သက်တဲ့ စာတမ်းတွေ အပြည့်ရှိပါရဲ့ ၊ ဒါပေမဲ့ အင်္ဂလိပ်လို ဖြစ်နေခဲ့တယ်၊ နောက် နားလည်ပြီးသား ပညာရှင်တွေအတွက် ရေးခဲ့ရတာ။

အခုတခေါက်ကတော့ အဖေ့ဘုတ် ပရိသတ်အတွက် ရည်ရွယ်ပါတယ်၊ မင်း အပြင် စာဖတ် ပရိသတ်တွက် ဘာကြောင့် မရေးသလဲဆိုရင် မောင်ကိုဟာ အင်တာနက်ပေါ်မှာပဲ လေကျယ်လို့ ရပါတယ် (မြန်မာပြည်မှာ)၊ ဒါတွေကို ကျနော့ ဌာနက ပြည်သူအတွက်ရေးရင်တောင်မှ သူများကို ခိုင်းတာပါ၊ ကျနော် အပြင်လောက စာနယ်ဇင်းများနဲ့ အဆက်အသွယ်မရှိပါဘူး။ အဖေ့ဘုတ် ၀ါးလုံးခေါင်ထဲမှာတောင် ကို ငြိမ်းအေးအိမ် မြှောက်ပေးလို့ လသာနေတဲ့ ဖားသူငယ်ပါ။

ရေးရတဲ့ ရည်ရွယ်ချက်၊ မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု ၁၉%ပဲ ရှိတော့တယ်ဆိုပြီး တလောက အလန့် ထညက် ထပြောကြတယ်၊ ကျနော့်ဆရာ ဆရာအုံးကလဲ ဖြစ်နိုင်တယ်ဆိုပြီး ထောက်ခံတဲ့ စကား ပြောတယ်လို့ တွေ့ ရပြန်တယ်။ အရှေ့ တောင် အာရှမှာ အနည်းဆုံးဖြစ်ပြီလို့ လဲ မဆင်မခြင် (စင်ကာပူကိုတောင် ထည့်မစဉ်းစာပဲ ပြောချလိုက်ကြပြန်တယ်၊ မြန်မာအစိုးရ သိက္ခာကျရင် ပြီးရောဆိုတဲ့ အုပ်စုတွေ။

ကျနော် အတတ်နိုင်ဆုံး ရှင်းအောင် ရေးသွားပါ့မယ်

သစ်တောဖုံးလွှမ်းမှု သစ်တောဖုံးလွှမ်းမှုဆိုတာကို ဒီလို အဓိပ္ပါယ်ဖွင့်ထားကြတယ်
ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ကြီး၏ ကမ္ဘာ့သစ်တောသယံဇာတ အခြေအနေကို ဆန်းစစ် လေ့လာခြင်း(Global Forest Resources Assessment -FRA)၏အဓိပ္ပါယ်သတ်မှတ်ချက်အရ သစ်တောဖုံးလွှမ်းလျက်ရှိသောမြေ(သို့ ) သစ်တောဖုံးလွှမ်းမှု (Forest Cover)ဆိုသည်မှာ သစ်ပင်ရွက်အုပ် ဖုံးလွှမ်းမှု (Forest Canopy Density) ၁၀% အထက်ရှိပြီးအနည်းဆုံး ဧရိယာအကျယ်အဝန်း ဝ.၅ ဟက်တာ(၁.၂၄ဧက)တွင် သစ်ပင်များ ပေါက်ရောက်နေသည့်မြေကို ခေါ်ဆိုပါသည်။ သစ်ပင်များသည် အနိမ့်ဆုံး ၅မီတာ (၁၅ ပေခန့် ) ကြီးထွားနိုင်စွမ်း ရှိရပါမည်။ လတ်တလော အခြေအနေတွင် သတ်မှတ် ထားသော အခြေအနေမရောက်သေးသော်လည်း အနာဂတ်တွင် ရောက်ရှိကြီးထွားလာနိုင်သည့် သဘာဝအပင်ငယ်များ ပေါက်ရောက်နေသည့် သစ်တော ဧရိယာများလည်း အကျုံးဝင်ပါသည်။

သစ်တောဖုံးလွှမ်းမှုကို ရွက်အုပ်ဖုံးလွှမ်းမှု အခြေအနေလိုက်၍ ရွက်အုပ်ပိတ်တော ( Closed Forest) နှင့် ရွက်အုပ်ပွင့်တော (Open Forest ) ဟူ၍ အတန်းအစား(၂)မျိုး ထပ်မံခွဲခြားထားပါသည်။

ရွက်အုပ်ပိတ်တော( Closed Forest)

ရွက်အုပ်ပိတ်တောဆိုသည်မှာ ရွက်အုပ်ဖုံးလွှမ်းမှု ရာခိုင်နှုန်း(၄၀%) အထက်ရှိ၍ အပင်အမြင့် ၅မီတာထက်မြင့်သော သစ်ပင်များ ပေါက်ရောက်နေပြီး ဧရိယာအကျယ်အဝန်းအားဖြင့် ဝ.၅ ဟက်တာ တစ်ဆက်တစ်စပ်တည်းရှိသော သစ်တောမြေကိုခေါ်သည်။
ရွက်အုပ်ပွင့်တော (Open Forest )
           ရွက်အုပ်ပွင့်တောဆိုသည်မှာ အပင်အမြင့် ၅မီတာထက်မြင့်သော သစ်ပင်များပေါက်ရောက်နေပြီး ရွက်အုပ်ဖုံးလွှမ်းမူ ရာခိုင်နှုန်း (၁၀%မှ ၄၀%) အတွင်းရှိ၍ ဧရိယာ ဝ.၅ဟက်တာထက် ပိုမိုကျယ် ပြန့်တည်ရှိကာ အခြားမြေအသုံးချမှုမရှိသော သစ်တောမြေကို ခေါ်သည်။
ဒါ ကျနော်တို့ မြန်မာနိုင်ငံက သတ်မှတ်ချက်မဟုတ်ပါဘူး၊ မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲက သတ်မှတ်ချက်အရဆိုရင် ဒီမှာပြောတဲ့ ရွက်အုပ်ပိတ်တောတွေကိုပဲ တောလို့ မြင်ကြပါတယ်၊ ရွက်အုပ်ပွင့်တောတွေဟာ တောညံ့ လို့ တောပျက်လို့ ခေါ်ကြပါရဲ့ ၊ တကယ်လဲ ဟုတ်ပါတယ်။

ဓါတ်ပုံတွေ နဲ့ ကြည့်လိုက်ရအောင်
ရခိုင်မှာရှိတဲ့ ရွက်အုပ်ပိတ်တော၊ ဂြိုလ်တုဓါတ်ပုံထဲမှာ မြင်ရတဲ့ပုံရယ် မြေပြင်မှာ မြင်ရတဲ့ပုံရယ်ပေးထားတယ် ဘယ်နေရာလဲဆိုတာ GPS နဲ့ တိုင်းပြီး တင်ပေးထားတယ်

ရခိုင်ပဲ ရွက်အုပ်ပွင့်တော



မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု တိုင်းတာခြင်းများ (၂)

တင်ပြခဲ့တဲ့ ဓါတ်ပုံနှစ်ပုံကို မြင်လိုက်ရင် တောကောင်းနဲ့ တောညံ့ ဆိုတာ တခါထဲ ရှင်းသွားမယ်ထင်ပ၊ အဲဒီလိုပဲ တောနိမ့်ကလေးတွေ ရှားတောတွေ၊ အားလုံးဟာ သစ်တောဆိုတဲ့ definition ထဲမှာဝင်ပါတယ်။ နောက် ဒီရေတော၊ ၀ါးတောစတဲ့ ထူးခြားတဲ့တောတွေရှိတယ်

အောက်ဆုံးကပုံကိုကြည့်ပါ၊

ဒီရေတောဟာ သီးသန့် ဖြစ်နေပါတယ် သိသာပါတယ်၊ နောက် အမြဲစိမ်းတောမြင့်၊ နီရဲနေတဲ့ အင်ဖရာရက်ရောင်ခြည်နှစ်ခုရဲ့ အစွမ်းကြောင့် သိသာထင်ရှားလှပါတယ်၊ နောက်တစ်ခါ၊ ရခိုင်ရဲ့ ကရင်ဝါးတောတွေ သူလဲ ထူးခြားပါဘိ၊ နောက်ဆုံး လယ်တွေ၊ ကြေးတိုင်နဲ့ မြေစာရင်းမှာ လယ်ယာမြေ ပေါက်သည် မပေါက်သည် မသိ၊ ကျနော့် ဒီဓါတ်ပုံတွေမှာကတော့ ညင်းလို့ မရနိုင်ပါ၊ လယ်ပြင်မှာ ဆင်ပြေးသလို ထင်ရှေးလှပါတယ်ခင်ဗျား

ကျနော် စာသင်ရင် အင်မတန် အသုံးဝင်တဲ့ ဓါတ်ပုံဆလိုက်ပါ
မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု တိုင်းတာခြင်းများ (၃)

နဲနဲလေး နောက် တစ်ပုံတင်ပေးချင်တယ်

သစ်တောဌာနဟာ ဒီဒေတာတွေကို လွယ်လွယ်ကူကူ စားပွဲပေါ်မှာ တင် ထုတ်ထားတာ မဟုတ်ဘူးဆိုတာ သိစေချင်လို့ ပါ၊
အောက်ကပုံမှာ ရွက်အုပ်ပိတ်တောရယ်။ ရွက်အုပ်ပွင့်တောရယ်၊ နောက် စိုက်ပျိုးမြေတွေ၊ စိုက်ပျိုးသီးနှံတွေကို သေသေချာချာ ဖေါ်ပြထားပါရဲ့ ၊ ပုံရဲ့ ရှင်းပြချက်လေးတွေလဲ ပါတယ်
  Maung Maung Than ပေးထားတဲ့မြေပုံညွှန်းဟာ မြေပြင်ဓါတ်ပုံမှာ ပြထားတဲ့ နေရာပါပဲ၊ သုံးထားတာက အရောင် ၃ခု အနီ၊ အစိမ်း၊ အပြာမှာ near infrared is RED, mid infrared is Green, natural red is Blue စပ်ထားပါတယ်
January 22 at 12:55pm · Like

Maung Maung Than အဲဒီတော့ သစ်ရွက်တွေ (သစ်တောရော စိုက်ပျိုးပင်များရဲ့ )chlorophyll ရဲ့ ရောင်ပြန်မှုက အင်ဖရာရက်မှာ အများကြီးဖြစ်တဲ့အတွက် ကလိုရိုဖီးများရင်များသလောက် နီရဲပြီး မြင်ရပါတယ်၊ ဘယ်ဘက် အောက်ထောင့်မှာ သစ်တောတွေဟာ နီရဲနေသလို၊ ဓါတ်ပုံက စိုက်ပျိုးသီးနှံက ပန်းနုရောင်သန်းနေပါတယ်





မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု တိုင်းတာခြင်းများ (၄)

အဲဒီတော့ ကျနော်တို့ သစ်တောကို ဘယ်လိုတိုင်းတယ်ဆိုတာလေး အကြမ်းဖျင်းတော့ သဘောပေါက်သွားပြီထင်ပ

အခုတင်ပေးထားတာဟာ လက်ရှိ နောက်ဆုံးသုံနေကြတဲ့ တိုင်းတာမှု ၂၀၀၆ အတွက် ကွင်းဆင်းမှုတွေ ပြုလုပ်ကျတုံးက ဓါတ်ပုံများ ဖြစ်ပါတယ်

ကျနော်အခု ပထမဆုံး မြန်မာနိုင်ငံမှာ စစ်ပြီးခေတ် တိုင်းတာခဲ့တဲ့ အကြောင်းလေး ပြန်ရေးပါ့မယ်

ကျနော်တို့ ငယ်ငယ်တုံးက မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှုကို ပထ၀ီ ဖတ်စာအုပ်တွေထဲမှာ ၅၇%လို့ ပေးထားခဲ့ပါတယ်။

ဒီ သစ်တောဖုံးလွှမ်းမှု တိုင်းတာခြင်း အဆက်ဆက်ကို ၀ါသနာအရ လုပ်ရင်းလုပ်ရင်း ကျနော် တာဝန်တရပ်လို ဖြစ်လာပါတယ်။ နောက်ပိုင်း ကိုယ့်ရဲ့ ရပ်တည်မှုအတွက်လုပ်ရတဲ့ အများအခေါ် ဒေါ်လာအလုပ်တွေကလည်း ဒါပဲ ဖြစ်လာရတဲ့ အခါမှာ ကျနော် ၀ါသနာရှင်တယောက်လို ပေါ့လို့ မရတော့ပါဘူး၊ ကျနော် စုံထောက်တယောက်လို ဒေတာတွေနောက် လိုက်ရတော့တာပါပဲ။

၅၇%ဆိုတဲ့ သစ်တောဖုံးလွှမ်းမှုကို တိုင်းပေးလိုက်တာ ကျနော့်ဆရာ မင်းကြီး ဦးအောင်မြင့်ပါပဲ။ သူ့ အကြောင်းတွေ သတ်သတ် စာရေးထားတာရှိတယ် ဖတ်ကြည့်ကြပါ၊ ကောင်းကင်ဓါတ်ပုံတွေကနေ ရှေးဟောင်းမြို့ တော်တွေကို ရှာဖွေခဲ့တဲ့ ပိုင်အိုးနီးယား တစ်ယောက်ပါပဲ

သူသုံးခဲ့တာက ကောင်းကင်ဓါတ်ပုံတွေ

အဲဒီတုံးက ဆရာလုပ်သွားတဲ့အလုပ်တွေက Cornwall University နဲ့ အတူတူလုပ်ပါတယ် ၊ ကျနော် သူ့ စာတမ်းတွေကို မရအရ pdf လုပ်ထားလို့ အခု ကျန်နေပါတယ်၊ အဲဒီထဲက ပုံလေးတွေ ပြမယ်

နမူနာအနေနဲ့ အမြဲစိမ်းတောရယ် နောက် ကျနော်တို့ ဂြိုလ်တုဓါတ်ပုံနဲ့ ပြထားတဲ့ ရခိုင်ရဲ့ ကရင်ဝါးတော

ဒီမှာပြထားတာတွေဟာ စတီရီယို pair တွေဖြစ်တယ်၊ လက်ကိုင် စတီရီယိုစကုပ်လေးတွေနဲ့ ကြည့်ရင် ရုပ်လုံးကြွလာပါတယ်၊ ကျနော်တို့ လို အိုင်တီစီလိုနေရာမှာ လေ့ကျင့်ထားတဲ့လူတွေဆိုရင် ကိရိယာမပါပဲနဲ့ မျက်လုံးနဲ့ ကို ကြွလာအောင် ကြည့်လို့ ရတယ်၊
ထားလိုက်ပါ ပြောချင်တာကတော့ ဒီကိန်းဂဏန်းတွေ အားလုံးဟာ ဖြီးထားတာတွေ မဟုတ်ဆိုတာပဲ။

နောက် အရေးကြီးတာတစ်ခုကတော့ ၅၇%ဆိုတဲ့ ကိန်းဂဏန်းမှာ ရွက်အုပ်ပိတ်တောတွေချည်းပဲ ပါပါတယ်ခင်ဗျာ၊ ဆရာဟာ အခု တောညံ့ တွေ အားလုံးကို သစ်တောလို့ မထည့်ခဲပါဘူး၊ အော် ၁၉၅၇၊ ၁၉၅၇။

ဆရာ့ဓါတ်ပုံလဲ ထည့်ပေးထားပါတယ်


ကျနော့်ဆရာ ဦးအောင်မြင့် နောက်ဆုံးတွေ့ ခဲ့စဉ်


မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု တိုင်းတာခြင်းများ (၅)

အဲဒီတော့ ကျနော့်ဆရာ ဦးအောင်မြင့်တိုင်းခဲ့တဲ့ ၅၇%ကို ပထမအကြိမ် တိုင်းတာခြင်း (First Appraisal) လို့ သတ်မှတ်ပါတယ်၊ တခြားလူတွေ ဘယ်လို ပြောပြော ကျနော်ကတော့ သတ်မှတ်လိုက်တာပဲ၊ ဒီအလုပ်ကို ကျနော် ပထမဆုံး လုပ်တာကိုး၊ သိတ်ဂရုမစိုက်လှ၊ အဲဒါကို ကျနော်က ၁၉၅၅ တိုင်းထားခြင်းလို့ ထားရှိပါတယ် အလုပ်လုပ်တာက ၁၉၅၇မှာဖြစ်ပါတယ် ဒါပေမဲ့ သုံးတဲ့ ကောင်းကင်ဓါတ်ပုံတွေက ၁၉၅၅ကနေ ၁၉၅၇ ဖြစ်တဲ့အတွက် ၁၉၅၅လို့ ပျမ်းမျှ ယူထားခြင်းဖြစ်ပါတယ်၊ ဒီလိုပဲ နောက်ပိုင်း တိုင်းတာခြင်းတွေကို သုံးတဲ့ ဓါတ်ပုံတွေရဲ့ ပျမ်းမျှ နှစ်နဲ့ နာမည်ပေးကြပါတယ်၊ ဆရာဟာ ၁း ၂,၄၀၀၀ ဓါတ်ပုံတွေရယ်၊ ၁း ၅၀,၀၀၀ စကေး ဓါတ်ပုံတွေရယ်ကို စတီရီယို စကုပ် တစ်လုံးနဲ့ အလုပ်လုပ်ခဲ့ပါတယ်

ဒုတိယအကြိမ်တိုင်းတာမှုကို ၁၉၈၀ ပတ်ဝန်းကျင်မှာ လုပ်ခဲ့ကြတယ်၊ ၁း၁,၀၀၀,၀၀၀ စကေး ဂြိုလ်တုဓါတ်ပုံတွေကို သုံးခဲ့ကြတယ်။  color transparencyတွေဖြစ်ပါတယ် ဓါတ်ပုံတချပ်ချပ်ဟာ A4 စာရွက်သာသာရှိပါတယ်၊ ပုံကိုကြည့်ပါ၊ ကိုင်ထားတဲ့လက်ကို ကြည့်ရင် ဘယ်လောက်ငယ်တယ်ဆိုတာ သိရပါ့မယ်၊ ဒီဓါတ်ပုံကို light box ပေါ်မှာတင်ပါတယ်၊ နောက် လက်နဲ့ delineate လုပ်ရပါတယ်၊ ဧရိယာတွက်တာကို planimeter နဲ့တိုင်းကြတယ်၊ ဦးဖေသိန်း ခေါင်းဆောင်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဓါတ်ပုံတွေက ၁၉၇၂-၇၉ ဖြစ်လို့  ၁၉၇၅ တိုင်းတာမှုလို့ သတ်မှတ်ထားခဲ့ကြပါတယ်

အနီရောင်အောက်ေ၇ာင်ခြည်ကို ပထမဆုံး သုံးခဲ့ပါတယ်


မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု တိုင်းတာခြင်းများ (၆)

တတိယအကြိမ် တိုင်းတာခြင်း ၁၉၈၉ပါ

မင်းသား မောင်ကို စတင်ပါဝင်လာပါပြီ။
ကျနော် အိုင်တီစီကနေ သစ်တောဌာန သယံဇာတဌာနခွဲကိုရောက်တဲ့အချိန်၊ ကျနော်တို့ ဌာနကနေ အက်ဖ်အေအိုနဲ့ ပေါင်းပြီး ၁၉၈၉ဂြိုလ်တုဓါတ်ပုံတွေဝယ်ပါတယ်၊ တနိုင်ငံလုံးကို ၁း ၅၀၀,၀၀၀ စကေးဝယ်ပါတယ်၊ ငါးသိန်း စကေးဖြစ်ပါတယ်
ဓါတ်ပုံဖတ်သူတွေက ကျနော်တို့ ကောင်းကင်ဓါတ်ပုံဖတ်တဲ့ အဖွဲ့ ဖတ်ကြတယ်၊ ကွင်းမဆင်းပေမဲ့ အဲဒီအချိန်မှာ ကျနော်တို့ လက်ထဲမှာ ၁း၂၅,၀၀၀ စကေးနဲ့  ၁း၅၀,၀၀၀ စကေး ကောင်းကင်ဓါတ်ပုံ (၁၉၈၂-၈၅)တွေ အပြည့်ဆိုတော့ ဆင်းစရာ မလိုတော့၊ နောက် အားလုံးကလဲ၊ Forest Inventory Officer လုပ်ဘူးကျတော့ ကွင်းအတွေ့ အကြုံအပြည့်ပါပဲ၊ ကျနော်ကတော့ အိုင်တီစီကြောင့် ဒီဓါတ်ပုံတွေရဲ့ အရောင်ကိစ္စတွေ တတ်ကျွမ်းပြီးတာမို့ ခေါင်းဆောင်ငယ်တစ်ယောက်လို တာဝန်ယူပါတယ်၊ ၁၉၇၅ကို လုပ်လာခဲ့တဲ့ ဦးဖေသိန်းကလဲ သူ့ ဖွက်ထားတဲ့ ဒေတာအဟောင်းတွေနဲ့ လာတိုက်လေရဲ့ ၊

အဲဒါနဲ့ ပဲ ၁၉၈၉ appraisal ကို အောင်မြင်စွာ ထုတ်နိုင်ခဲ့ပါတယ်။ ထူးခြားတာကတော့ အင်ဖရာရက် ရောင်ခြည် နှစ်ခု စသုံးခဲ့ကြလို့  တောအမျိုးအစား ခွဲခြားမှု အတော်လေး ကောင်းခဲ့ပါတယ်။

သုံးခဲ့တဲ့ ဓါတ်ပုံများ hard copy


မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု တိုင်းတာခြင်းများ (၇)

ဒီအထိ ကျနော်တို့ အသုံးချခဲ့တာတွေဟာ နိုင်ငံခြားကနေ ထောက်ပံ့တဲ့ ဂြိုလ်တုဓါတ်ပုံတွေပါပဲ၊ နောက့် hard copy လို့ ခေါ်တယ်၊ တကယ့် ဓါတ်ပုံတွေကိုပဲ သုံးတယ်၊ နောက်ပြီး ဧရိယာတွက်တာကအစ လက်နဲ့ တွက်ကြရတယ်။

၁၉၉၈-၉၉တွေမှာ Forest resources Assessment 2000 ဆိုတာလာပါလေရော၊ အဲဒီမှာမှ ကျနော် အသေအချာ ဦးဆောင်ရပါတော့မယ်၊ နောက် Remote Sensing , Geographic Information System ဆိုတာတွေကလဲ ဌာနမှာ တပ်ဆင်ပြီးပါပြီ။
FRA 2000 ဒေတာကို ကျနော်တို့ ဒေတာပေါင်းစုံနဲ့ လုပ်ခဲ့ကြတယ်၊ နောက် FRA 2005 ကိုတော့ အဲဒီ ဒေတာကို အရင်က အလုပ်မပြီးသေးလို့ ခန့် မှန်းပြီးထည့်လိုက်ရတဲ့ ဒေတာတွေကို အသေအချ အတိအကျ ထပ်မံတိုင်းထားတာတွေနဲ့ ၂၀၀၃မှာ ဖြည့်ပေးခဲ့ကြတယ်။ ဒါကြောင်း ၂၀၀၀ကနေ ၂၀၀၅ကို ဒေတာတွေကြည့်ရင် တောက ပြန်တက်လာသလိုဖြစ်နေတယ်၊ အမှန်တော့ ပြန်တက်တာမဟုတ်ပါဘူး ဒေတာအမှန်ကိုရတဲ့အခါမှာ ပြင်လိုက်ကြတာ ဒါကြောင့်ကျနော် ဒိနေရာမှာ FRA 2005 ဒေတာကိုပဲ ပြောတော့မယ်၊ ဒေတာတွေကို စံနစ်မျိုးစုံ စကေးမျိုးစုံနဲ့ ထုတ်ကြတယ်။
အကူအညီ မျိုးစုံပါတယ်၊ ကွန်ပျူတာ စံနစ်တွေနဲ့ လုပ်သလို အရင် hard copy စံနစ်လဲသုံးတယ်။ အဲဒီလုပ်ငန်းတွေအတွက် ဂြိုလ်တုဓါတ်ပုံ၊ နည်းပညာ၊ ကွင်းဆင်းစရိတ်၊ ထုတ်လုပ်စရိတ် မျိုးစုံးကို နည်းလမ်းမျိုးစုံနဲ့ မာတင်္ဂထုံး နှလုံးမူပြီး ကျနော်တို့ လုပ်ခဲ့ကြတယ်။ 2005အတွက်လုပ်တဲ့အချိန်မှာ ဌာနစိတ်ဟာ ဘိန်းတိုင်းတာခြင်းကို တာဝန်ယူနေရပြီဖြစ်လို့ ၊ ကွင်းဆင်းခြင်းစသည် များစွာ ကျွမ်းကျင်နေခဲ့ပါပြီ

GPS Geographic Positioning System တွေဟာ ကျနော်တို့ ဘိန်းတိုင်းတာသူများအတွက် အသက်ပါပဲ၊ နည်းပညာအပေါ်မှာ ကိုယ့် အသက် မှီခိုရပြီဆိုတာနဲ့ မတတ်လို့ ကို မဖြစ်တော့ဘူးလေ။

သုံးခဲ့တဲ့ နည်းပညာတွေထဲက တချို့ ကိုကြည့်ပါ၊ ဂြိုလ်တု ဓါတ်ပုံတွေဟာ 8mm data tape တွေနဲ့ လာပါတယ်။ အဲဒါတွေကို ဖတ်ဘို့ SCSI tape drive တွေ သုံးရတယ်၊ အရောင်ဖေါ်ဖို့ Remote Sensing Software တွေ သုံးရတယ်၊ နောက် ပြည်ပကို မှာရင် ဈေးကြီးလွန်းတာမို့ ကိုယ့်ဘာသာပဲ large format plotter တွေကို သုံးပြီး ၇ိုက်ထုတ်ကြရတယ်၊ နောက် ကွင်းဆင်းကြရတယ်။
တစ်ခါ project တွေက များတယ် အပူပိုင်းဒေသ၊ တောင်ပေါ်တော၊ ဒိရေတော စသည် ကိုယ့်ကို စပွန်ဆာပေးတဲ့ လူတွေအတွက် အမျိုးမျိုးကျေနပ်အောင် လုပ်ပေး၇တာဆိုတော့ အဲဒိထဲကနေမှာ ဒီ တနိုင်ငံလုံး တောဖုံးလွှမ်းမှုဘောင်ကို လွတ်မသွားအောင် ကျနော်တို့  Compatibility table တွေ ဆောက်ကြရတယ်။

ဒီဂြိုလ်တုဓါတ်ပုံတွေရဲ့ average နှစ်က ၁၉၉၈ပါပဲ

သုံးခဲ့တဲ့ ဒေတာ တိပ်နဲ့ စီဒီတွေ ကြည့်ပါခင်ဗျာ

Landsat TM data 8mm Tape

Landsat TM data CD

မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု တိုင်းတာခြင်းများ (၈)

နောက်ဆုံး တာဝန်ယူခဲ့ရတာ ၂၀၀၉မှာ FRA 2010 အတွက်စုကြတယ်
ထူးခြားချက် အားလုံး ဂြိုလ်တုဓါတ်ပုံ ၄၅ပုံလုံးကို ကျနော်တို့ digital method တွေနဲ့ လုပ်နိုင်ခဲ့တယ်၊ အဲဒါကို ပေါင်းစပ်ထားတဲ့ ပုံကို ထုတ်နိုင်ခဲ့တယ်၊

ဒါ နဲ့တဲ့ ကိစ္စမဟုတ်ဘူး အိန္ဒိယနဲ့ တရုတ်လို ကိုယ်ပိုင် ဂြိုလ်တုတွေနဲ့ ကောင်တွေပဲ လုပ်ကျတာ၊ ကျနော်ဒါတွေကို ပြရင် တွေ့ တဲ့ နိုင်ငံခြားသားတိုင်းက ဘယ်အကူအင်္ညီနဲ့ လုပ်တာလဲ တဲ့၊ မဟုတ်

ကွင်းဆင်းမှုတွေ အများကြီး အဆင့်မြင့်နေပြီ။ တွေ့ တဲ့အတိုင်းပဲ အဖွဲ့ တွေဟာ တခြားလူတွေ မညင်းနိုင်အောင် အမှန်တရားကို ဖေါ်ထုတ်ကြမယ်ဆိုတဲ့ စိတ်နဲ့ ဆောင်ရွက်ကြတယ်၊ နယ်ဝန်ထမ်းတွေအားလုံးကလဲ ကျနော့် ၀န်ထမ်းတွေကို မျိုးစုံ အကူအညီ ပေးကြတယ်။

တိုင်းတာမှု အဆင့်ဆင့်ကို အသုံးချပြီး အဆင့်ဆင့် ပြောင်းလဲမှုတွေ ပြသနိုင်ခဲ့တယ်

လူတွေက ပြောရင် ရင်နာမိပါတယ် သစ်တောဌာနက အမှန်ကို မပြောဘူး၊ အက်ဖ်အေအိုကမှ အမှန်ကို ပြောတာဆိုတဲ့ အသံတွေ ညံနေတာပဲ

ဒီအလုပ်တွေ၊ သစ်တောဖုံးလွှမ်းမှုတွက်တာရယ် ဘိန်းတိုင်းတာမှုတွက်တာရယ်

ဘယ်လူကြီးကမှ မောင်ကို မင်းလျှော့ပြလို့ လာမပြောဘူး

ဆုံးသွားတဲ့ ဆရာဦးတင်လှလို လူမျိုးဆိုရင် ခွားမသေး မင်းပါဝိုင်းညာရဲ ညာကြည့်ဆိုတာများတယ်

ခေတ်အဆက်ဆက်ပုံလေးတွေ ကြည့်လိုက်

၂၀၁၀ပုံကတော့ အမိန့်မရသေးဘူး၊ ဒေတာ တရားဝင် မရသေးဘူး

1989 cover
၁၉၈၉
1998 cover

၁၉၉၈

2006 cover

၂၀၀၆

မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု တိုင်းတာခြင်းများ (၉)

အဲဒိတော့ ခပ်တိုတိုပဲ ပြောရအောင် ၁၉၇၅ရယ် ၁၉၉၈ရယ် ၂၀၀၆ တွေမှာ တကယ် တိုင်းလာခဲ့ကြတယ် အဲဒီဒေတာတွေကို အခု သုံပြီး ဂရဖ်ဆွဲပေးထားတယ်။ ၂၀၁၀ပါ ထဲ့လိုက်ပြီ

ရိုး၇ိုးလေးပြော၇ရင် ၁၉၇၅တုံးက သစ်တောဧရိယာ ၆၀.၈၉ဟာ ၂၀၀၆မှာ ၄၈.၇၉ပဲ ရှိတော့တယ်၊ ၂၀၁၀ကတော့ လိုင်နီယာဆွဲပြီး ပြောထားတာ ၄၆.၇၉ဆိုပြီး

၁၉၇၅တုံးက တောကောင်း ၄၄.၈၂နဲ့ တောညံ့ ၁၆.၀၇ ပေါင်း ၆၀.၈၉ ရှိတယ်
၁၉၈၉ မှာ တောင်ကောင်း ၄၆.၆၄နဲ့ တောညံ့ ၁၂.၀၂ ပေါင်း ၅၈.၆၆ ရှိခဲ့တယ်

တောကောင်းတိုးလာတယ်ထင်ရပေမဲ့၊ တကယ်တော့ ၁၉၇၅ဟာ အင်မတန်သေးငယ်တဲ့ တသန်းစကေးနဲ့ လုပ်ရတယ်၊ ၁၉၈၉ဟာ နှစ်ဆပိုကြီးတဲ့ ငါးသောင်းစကေးနဲ့ လုပ်ရသလို ပိုကောင်းတဲ့ Thematic mapper ခေါ်တဲ့ အင်ဖရာရက် band နှစ်ခုကို သုံးနိုင်ခဲ့တယ် လူများတယ် အထောက်အကူပစ္စည်းများတယ် ဒါကြောင်း ဒီကာလကြားဟာ သိပ်ပြီး ပြောင်းလဲမှု မရှိဘူးလို့ ပြောရတယ်

အဲ ၁၉၉၈မှာ တောကောင်း ၃၇.၇၁နဲ့ တောညံ့ ၁၄.၇၄ ဖြစ်သွားပြီ ၅၂.၄၅ ပဲရှိတော့တယ်

၂၀၀၆မှာတော့ တောကောင်း ၂၅.၈၂နဲ့  တောညံ့ ၂၂.၉၇ ရှိနေပြီ။

၂၀၁၀ အတွက် သစ်တောဌာနရဲ့ FRA 2010 အတွက်ပေးထားတဲ့ တရားဝင်ဒေတာက တောကောင်း ၁၉.၈၇%ပဲ ရှိပါတော့တယ် တောညံ့က ၂၇.၀၉% စုစုပေါင်း ၄၆.၉၆ % ပါပဲ

နိုင်ငံရဲ သစ်တောမြေ ကြိုးဝိုင်း ရည်မှန်းချက်က ၃၀% ၇ှိရမှာပါ အခု ကြိုးဝိုင်းဆိုတာ ပီဘိ တောကောင်းကိုမှ ဖွဲ့ ရတယ်၊ ဘယ်လိုလုပ်ကြမလဲ

ကဲ နားပရစေခင်ဗျား

 




2 comments:

  1. ဒီမှာက တောကောင်းကိုပဲသစ်တောလို့သတ်မှတ်တယ် တောညံ့ကို သစ်တောလို့မသတ်မှတ်ဘူးလို့ပဲ နားလည်လိုက်ပါတယ် ဟုတ်လားမသိပါ

    ReplyDelete
    Replies
    1. No, read carefully all forest over 10% crown density (both Closed forest and open forest) is forest by FRA classification.

      Delete