Sunday, November 13, 2016

မြန်မာများ အတုယူသင့်သော အချက်များ

မြန်မာများ အတုယူသင့်သော အချက်များ (၁)

19 March 2012 at 12:24
မြန်မာများ အတုယူသင့်သော အချက်များ


အမှန်တော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှလို့ ရေးချင်တာ၊ နောက်မှ ကျနော် အဲဒီလောက် မသိဘူးလို့ သတ်မှတ်ပြီး အခုလို ပြောင်းလိုက်ပါတယ်၊

ပထမဆုံး ငယ်ငယ်ကထဲက သတိထားမိတာပြောပါ့မယ်

လေးတန်းအောင်တော့ သမိုင်းမြို့ မ မူလတန်းကျောင်းကနေ အဲဒီအချိန်က သမိုင်းမြို့ မအထက်တန်းကျောင်း အခု မရမ်းကုန်း အထက (၁)ကို ပြောင်းပြီး ငါးတန်းတက်ရတယ်၊

ကျောင်းက အချိန်၂ပိုင်းခွဲသင်ရတယ်၊ ငါးတန်းနဲ့ ခြောက်တန်းက မနက်ပိုင်း၊ ၇၊၈၊၉၊၁၀ က ညနေပိုင်း။
ကျနော်တို့ ကျောင်း ဘေးမှာ ဘဲခြံကြီးရှိလို့ ကျောင်းဘောလုံးကွင်းကို ဘဲခြံကွင်းလို့ ခေါ်တယ်၊

မနက်ကျောင်းဆိုတော့ ငါးတန်းက မနက် ၇နာရီကနေ ၁၁နာရီခွဲထိထင်ပ တက်ရတယ်၊ မနက်တိုင်း ကျနော်တို့ အတန်း ပြတင်းပေါက်ကနေကြည့်ရင် တရုတ်ကြီးတစ်ယောက် မနက်တိုင်း

သူ့ ယာခင်းလေးကို ရေလောင်းတာ မြေသြဇာကြွေးတာ မြင်ရတယ်၊ ပန်းဂေါ်ဖီတွေ ကြီးပ၊ ဆလတ်ရွက်တွေ သန်ပ၊
သူကြွေးတဲ့ မြေသြဇာကတော့ အဲဒီတုန်းက အော့နှလုံးနာမိတဲ့ bio-fertilizer (human) ပါပဲ၊ ဘယ်ကနေ ခတ်သယ်လာသလဲတော့ မသိဘူး၊

သူ့ အခင်းဟာ အခု ကျနော်ထိုင်နေတဲ့ ကျနော့ ရုံးခန်းလောက်ပဲ ရှိမယ်ထင်တယ်၊ ပိုပြောမယ်ဆိုရင်လဲ ကျနော်နဲ့ ကျနော့်တပည့်တွေ ရုံးခန်းပေါင်း ထက် မကျော်ဘူး၊

နောက်ဒီအတိုင်းပဲ မြန်မာပြည်အနှံ့ ရောက်တယ်၊ တရုတ်စိုက်ပျိုးရေးသမားများ ယူတဲ့ basic needs အတွက်ရော စီးပွားရေးအတွက်ရော မြေလိုအပ်ချက်ဟာ အဲဒီလောက်ရှိရင်ကို ရနေတာပဲ၊

ပန်ဆန်းက ကျနော့်တပည့် ကချင်လူလည်၊ ပန်ဆန်းသစ်တောရုံးရှေ့ မှာ ကွက်လပ်ကလေး ခြင်းခတ်တဲ့ ခြင်းဝိုင်းစာ၊ ဘောလီဘောကွင်း တစ်ဝက်စာလေးကို တဖက်နယ်မြေက တရုတ်လင်မယားကို ငှားထားတယ်၊ ပန်ဆန်းက မြန်မာပြည်ထက် အဆင့်အတန်းမြင့်တယ် ရေမီတာတွေနဲ့ ၊ ရေပေးထားတယ်၊ ရေမီတာလို့ ပေးရတယ် တရုတ်တွေက၊ သူတို့ စိုက်ပျိုးစားကြတယ်၊

ဟိုကောင်ကတော့ ပန်းစေ့တွေ သစ်ပင်စေ့တွေ လာရှိုးကနေ တင်ပြီး ရောင်းစားတယ်၊

မြေရဲ့ တန်ဘိုးကို တရုတ်လူမျိုးများ ကောင်းကောင်းသိတယ်၊ ရင်နာနာနဲ့ သာ ပြောနေရတာ ယူနန်စိုက်ပျိုးရေးပညာရှင်တရုတ်က ကျနော်တို့ ဘက်မှာ (လွယ်ဂျယ်) မြေကြီးတွေ အများကြီးကို သေသေချာချာ ကျနော်တို့ ဘက်က (ကချင်လူမျိုးများ)၊ အသုံးမချတာကို ကြည့်ပြီး မင်းတို့ မှာ မြေတွေ အများကြီးပဲတဲ့။



ကျနော်ရင်နာတယ်ဆိုတာ သူတို့ ကိုမဟုတ်ပါ၊ ကိုယ့်လူမျိုးတွေကို ကိုယ် မစည်းရုံးနိုင်တဲ့၊ သောက်သုံးမကျတဲ့ ကျနော်တို့ ပြည်မသားတွေ အပါအ၀င်၊ လူမျိုးစုတွေကိုပါ ရင်နာမိတာ၊

မြန်မာများ (တိုင်းရင်းသားအားလုံး) အတုယူသင့်သော အချက်များ (၂)

19 March 2012 at 12:45
၂၀၀၁တုံးက သစ်တောဖုံးလွှမ်းမှုတိုင်းတာခြင်းနဲ့  ဘိန်းတိုင်းဘို့ ကနဦး လေ့လာမှုဆိုပြီး အရှေ့ ပိုင်း ရှမ်းပြည်ကို ရောက်တယ်
တာချီလိတ်ကို အရင်သွားပြီးမှ မိုင်းဖြတ်၊ ကျိုးင်းတုံ၊ နောက် မိုင်းပြင်း၊ တာကော် တံတားအထိ ထိုးသွားတယ်၊
တပည့်ကျော်များက ဘိန်းခင်း၇ိုးပြတ်တွေကို စပါးရိုးပြတ်တွေပါဆိုပြီး ကျနော့်ကို ညာကြသေးတယ်၊ အဲဒီတုံးက ခံရတာပေါ့။

အဲဒီနှစ်က တာချီလိတ် ကျိုင်းတုံလမ်းဖေါက်နေတဲ့အချိန်၊ လမ်းကို ထိုင်းစက်တွေ ထိုင်းလုပ်သားတွေနဲ့ ဖေါက်တယ်၊
တံတားတွေ၊ အဲ တံတားတွေက တရုတ်တွေဆောက်တယ်၊

အုပ်စုတစ်စုကို လူ၂၀၊ ထော်လာဂျီတစ်စီး အချက်အပြုတ်မိန်းမတစ်ယောက်၊ ခေါင်းဆောင်တစ်ယောက်ပဲ ပါတဲ့ team တွေ၊ တဲကြီးတစ်လုံးနဲ့ ပထမဆုံးမြင်ဘူးတာပါပဲ

တံတားတွေ ဆောက်သွားတယ်၊ ဘိလပ်မြေ မသုံးသလောက်ပဲ
ကျောက်တွေ၊ ကျနော်တို့ ချောင်းထဲက ကျောက်တွေပဲ ခွဲသုံးသွားတယ်ဗျ

ကျောက်တုံးတွေရွှေ့ တာတောင် ထော်လာဂျီမသုံးဘူး လူအားနဲ့ ပဲ ရွှေ့ ကျတယ်။

ဒီလောက် ကျောက်ပေါတဲ့ မြန်မာနိုင်ငံ၊ လုပ်သားပေါတဲ့ မြန်မာနိုင်ငံ၊ ဒါတွေကို ဘာဖြစ်လို့ အတု မခိုးနိုင်ရတာလဲ။

နောက်နှစ် ၂၀၀၁-၂ ရာသီမှာ ပန်ဆန်းကိုရောက်တယ်၊ လမ်းတွေ လမ်းတွေ၊ ကောင်းလိုက်တာ၊ လမ်းခင်းနေတာကို ကြည့်မိတယ်၊ ကျောက်စီပန်းချီကား တစ်ချပ်ကို စီနေသလိုပဲ အေးအေးဆေးဆေးထိုင်ပြီး ခွဲထားတဲ့ ကျောက်တွေကို သပ်တွေ စီသလို အေးအေးဆေးဆေး စီနေတာ၊ တရုတ် အလုပ်သမားတောင် မဟုတ်တော့ဘူး ၀အလုပ်သမားတွေပဲ၊
လမ်းအူကြောင်းရှာထားတယ်၊ ကျောက်တောင်ကို ဦးတည်ပြီးရှာထားတယ်လို့ ထင်တာပဲ၊ ကျောက်တောင်ကြီးကို ပတ်ချာလည် လမ်းဖေါက်ရင်း ထွက်လာတဲ့ ကျောက်တွေနဲ့ ကျန်တဲ့ တလမ်းလုံးမှာသုံးတယ်၊ ၀စစ်သားလေးတွေ ဖေါက်တဲ့လမ်းပေါ့၊ ၀က သူ့ နယ်မြေထဲကို တရုတ်အလုပ်သမား အ၀င်မခံပုံပဲ (ကချင်နဲ့ ကွာတယ်) ထမင်းဖြူကို ဆားနဲ့ င၇ုတ်သီးတောင့်အမှည့်တွေနဲ့ ပြုံးရွှင်နေတဲ့ မျက်နှာတွေနဲ့ စားနေကျတဲ့ ၀စစ်သားကလေးတွေ၊ ကင်မရာလက်က အဲဒီတုန်းက မမြန်သေးတော့ မရိုက်ခဲ့ရဘူး

လမ်းတွေ၊ ရေဆင်းကို အမြဲ သတိထားပြီး ရေဖေါက်ချထားတယ်၊ ပြောင်းဖူးစေ့လမ်းတွေ နောက် ကျောလမ်းတွေ

၂၀၀၇မှာ ကန်ပက်တီးကနေ မြစ်ကြီးနား ဖေါက်တဲ့ လမ်းတွေရောက်တော့ ဒိထက် အများကြီး အဆင့်မြင့်သွားပါပြီ၊ နွံတွေထဲ ဖြတ်ဖေါက်တယ်၊ ကျောလမ်းတွေအများဆုံးသုံးတယ်

သိပ္ပံဝတ္ထုတပုဒ်မှာ ပါတဲ့ မြစ်ဘေးက ကွေ့ ပတ်သွားတဲ့ လမ်းက ကုန်သွယ်လမ်း၊ ကျောလမ်းတွေက စစ်ဗျူဟာလမ်းဆိုတာ သွားသတိရလိုက်တယ်၊

ဘာပြောပြော လမ်းကို စစ်တာ၊ တခြား ကုမ္ပဏီကစစ်တယ်၊ လမ်းကြီးကို လွန်နဲ့ ဖေါက်ယူပြီး ဓါတ်ခွဲခန်းမှာစစ်တယ်၊ အရည်အချည်းမမှီရင် အဲဒီနေရာကို ကွန်ကရစ်တွေ စက်နဲ့ အားလုံးပြန်တူးထုတ်ပြီး ပြန်ခင်းရတယ်
ကျနော်တို့  အတုယူရပါ့မယ်၊ ဘာဖြစ်လို့  အတုမယူကြတာပါလဲခင်ဗျာ၊



ဝတွေကို အတုယူကြပါ၊ သူတို့ တရုတ်ပညာရှင်များဆီက ကောင်းတာတွေ အားလုံးအတုယူကြပါတယ်၊ နောက် လွှမ်းမိုးချင်းလဲမခံပါ

မြန်မာများ (တိုင်းရင်းသားအားလုံး) အတုယူသင့်သော အချက်များ (၃)

19 March 2012 at 14:37
ကျောင်း။ ပညာရေး

ဒီကိစ္စမှာတော့ ကျနော် ရေးချင်တာတွေ ရေးမယ်။
တရုပ်ကားတကားမှာ အင်မတန်စုတ်ပြတ်နေတဲ့ ကျေးရွာ ကျောင်းကလေးကနေ ဒုံးပျံလွှတ်တဲ့ ပညာရှင် ထွက်လာတာကို ပြသွားသေးတယ်၊

အင်မတန်အေးတဲ့ ရာသီဥတုတွေထဲမှာ တက်ကျ၇တဲ့ ကျောင်းတွေ။

ကျနော်မျက်စိထဲ နှလုံးထဲ စွဲနေတာ။
၁၉၈၁ပတ်ဝန်းကျင်မှာ မြစ်ကြီးနားကို လတိုင်း ရထားနဲ့ ခ၇ီးထွက်ရတယ်

အဲဒီအချိန် မြစ်ကြီးနား မြို့ ပေါ်မှာကို လုံခြုံရေးမကောင်း၊ စီတာပူရပ်ကွက်ထဲကို နေ့ တိုင်းသွားပြီး ပျားအုံတွေ စစ် ပျားသွားတဲ့ ပန်းတွေ ပန်းဝတ်ရည်တိုင်းရတဲ့ ကျနော် ကိုယ့်ကိုယ်ကို ကချင်လူကြီးတွေလက်ထဲ အသက်အပ်ထားရတယ်၊ မောဖောင်းတို့ ဘက်တွေ ပျားအုံတွေ ချတော့လဲ စက်ဘီးတစ်စီးနဲ့ ဒီလိုပဲ သွားရတယ်၊ နမ္မတီးရှမ်းရွာကို အသုဘ အခမ်းအနားသွားတဲ့ ကချင်လူကြီးတွေနဲ့ လိုက်ပြီး ပျားစာပင်တွေကြည့်ရတယ်၊ အပြန်မှာ ဘူတာမှာ မိုင်းတွေ့ လို့  ပစ်ခွဲရတယ်၊ ဘူတာထဲ တယောက်ကို တယောက် ကြည့်နေကြတဲ့ပုံတွေ အခုထိ အသဲယားတယ်။

ဒါကိုရေးပြတာကို ကျနော့်ကိုယ် ကျနော်ဖေါ်တာမဟုတ်ပါ၊ အဲဒီအချိန် လုံခြုံရေးအခြေအနေကို ပြောပြချင်တာ၊ မြင်ကြီးနားက ထွက်တိုင်း မျက်စိထဲမြင်ပြိး ကိုယ့်ကိုယ်ကို အားပေးမိတဲ့ မြင်ကွင်းတစ်ခုရှိခဲ့တယ်

မလိခဘူတာဘေးက ကျောင်းလေး၊
ဟုတ်ပ မလိခဘူတာဘေးက ကျောင်းလေး၊ အမြဲ အပြန်ခရီးမှာ မြင်ရတယ်
နွားတင်းကုတ်ပဲ
ကျောင်း အသွင်လက္ခဏာဆိုလို့  ကျောက်သင်ပုန်းရယ် ခလေးတွေ စာတင်ရေးတဲ့ ခုံစောင်းအရှည်ပုရယ် ဒါပဲရှိတယ်
ငါသာ အဲဒီကျောင်းဆရာဆိုရင် ဘယ်လိုနေမလဲလို့ အမြဲအားပေးတယ်၊ သူပုန်တွေကြားထဲ စာသင်ရတဲ့ အစိုးရ ကျောင်းဆရာဘဝ

ကျန်တဲ့လူတွေကိုလဲ ကျနော် အဲဒီမြင်ကွင်းလေးပြောပြီး အားပေးလေ့ရှိတယ်၊

၂၀၀၇ခရီးတွေမှာ အဲဒီနေရာကို ပြန်သတိထားကြည့်တယ်၊ တပ်တည်ထားလို့ ကျောင်းက တိုက်ကျောင်းဖြစ်နေပြီ။
စိတ်ထဲမှာ အဲဒီ နွားတင်းကုတ်ကျောင်းဘ၀က စာသင်ကြားမှုနဲ့ အခု ဘယ်က အဆင့်မြင့်လာမလဲလို့ အမြဲတွေးနေမိတယ်။

ပိုကောင်းလာမယ်လို့ စိတ်ထဲက မထင်မိ၊ လားလားမှ မထင်မိ၊ ကောင်းနေတယ်ဆိုရင်တော့ ကျနော် ၀န္ဒာမိပါ

ကျနော် ငယ်ငယ်ကဖတ်ဘူးတဲ့ စာတပုဒ်ထဲမှာ ဗီယက်နမ် သုတေသနပညာရှင်တယောက် ပြင်သစ်တွေ လိုက်တာကို ရှောင်ရင်းက ချည်မျှင်တု သုတေသနကို မရရအောင်လုပ်တယ်၊ စစ်ပြေး၇တဲ့အချိန် သူ့ ဓါတ်ခွဲခန်းပစ္စည်းတွေကို နွားလှည်းနဲ့ ကို ရွှေ့ ရတယ်၊ ဒါပေမဲ့ သူဖြစ်အောင်လုပ်သွားနိုင်တယ်
အသွင်သဏ္ဍာန်နဲ့ ရလဒ်၊ နောက်စိတ်ဓါတ်

ကျနော်တို့ ပညာရေး၊ ကျနော်တို့ အရည်အချင်းတွေ၊ အပြင် အသွင်တွေ တက်လာတယ်

ကျောင်းကြီးတွေ ဟီးနေတာပဲ တိုင်လုံးကြီးတွေနဲ့ 

ကွန်ပျူတာ မဖွင့်တတ်တဲ့ မပိတ်တတ်တဲ့  စစ္စတမ်ပုံးဆိုတာ ဘာလဲဆိုတာမသိတဲ့ နည်းပညာတက္ကသိုလ်ဆင်းတွေ၊

သစ်တောလုပ်ငန်း သေသေချာချာ မလုပ်ဘူးတဲ့ သစ်တောကျောင်းဆင်းတွေ၊

ဆေးကု၇မှာ ကြောက်နေတဲ့ ဆမရပြီး ဆရာဝန်တွေ

ဘယ်ကစတာလဲ

ဒီမူလတန်းကစတာ

မြန်မာများ (တိုင်းရင်းသားအားလုံး) အတုယူသင့်သော အချက်များ (၄)

19 March 2012 at 14:53
ဒီနေ့ ဒါတွေ ရေးနေမိတာ ရုံးပိတ်ရက်ထဲ
အင်တာဗျူးမမတွေက
ခေတ်က တိုးတက်လာတဲ့နောက်မှာ ကျမတို့ ဖက်၇ှင်တွေက ဆန်းသစ်နေရပါမယ်တဲ့။

နောက်တစ်ခါ ရန်ကုန်မြို့ မှာ Junction Center လိုနေရာတွေ တစ်ခုပြီးတစ်ခု ပေါ်နေတာကို ကြိုဆိုပါသတဲ့။

ဈေးကွက်တွေ လေ့လာရေး မားကက်တင်း စံနစ်တွေ တီဗွီမှာ ဆွေးနွေးကြ၊

ဒါတွေကို တိုးတက်တဲ့ ခေတ်သစ်ရဲ့ ပုံ၇ိပ်အဖြစ် ပြောနေကြတယ်၊ ပြောကြဆိုကြသူတွေ
သူတို့ ခေတ်စကားနဲ့ ပြောရင် လန်းနေတာပဲပေါ့

အဲဒါတွေကြည့်ပြီး ကျနော့်စိတ်ထဲ မလန်းနိုင်ပါ။

မနေ့ က ကျနော် မိတ်ဆွေဆီကနေ သတင်းကြား၇တယ် လယ်သမားတွေနဲ့ ကုမ္ပဏိတွေနဲ့  ပြသနာတွေ ရင်ဆိုင်ကြရင် လယ်သမားတွေဘက်က ဘယ်သူတွေ နေပေးမှာလဲတဲ့။ လွှတ်တော်မှာ မေးတယ်၊ မေးတဲ့ အမတ်ကို အရမ်းလေးစားသွားပါတယ်

အင်န်အယ်ဒီလို့ မပြောပါနဲ့ ၊ သူ့ ကို ထောက်ပံ့နေသူတွေထဲမှာ လယ်သမားတွေကို စူစကာလုပ်နေတဲ့လူတွေ တ၀က်လောက်ပါမှာ မလွဲ၊

စက်မှုလုပ်သားတွေကို ခေါင်းပုံဖြတ်နေသူတွေ surplus value ကို အခွန်မဆောင်ပဲ အိတ်ထဲထဲ့နေသူတွေ အလှုတွေပေးပြီး ယတြာချေနေသူတွေ၊ အစိုးရကို လှုပြီး အခွန်ကို ရှောင်နေသူတွေ အများကြီးပါနေတယ်ဆိုတာ ကြည့်တာနဲ့ သိနိုင်တယ်

တိုင်းသူပြည်သားရဲ့  Basic needs ကို ဘယ်လိုတာဝန်ယူမှာလဲ၊ အဲဒီ စီမံကိန်းတွေ ဘယ်လို ဆွဲနေသလဲ၊

ဘေးနိုင်ငံတွေ ဘေးလူမျိုးတွေမှာ ဆောင်ရန် ရှောင်ရန် နမူနာကောင်းတွေ အများကြီးရှိပါတယ်။
အဓိကက မပျင်းဘို့ ပဲ၊ ရာသီဥတုရဲ့ မျက်နှာသာပေးခြင်းခံထား၇တဲ့ မြန်မာနိုင်ငံ အခု ရာသီဥတု ဖေါက်ပြန်တော့ ခံရတော့မယ်
တရုပ် အမတ်ကြီး နာမည်ကျော် ချောင်ရှောက်ကပြောတယ် ဒီခြောက်နှစ်အတွင်းမှာ ငတ်လို့ သေတဲ့ မသာမရှိဘူးကွတဲ့

မြန်မာတွေကလဲ ငတ်လို့ သေတဲ့ မသာမရှိလို့ ကြွားလေ့ရှိတယ်

ချောင်ရှောက်တို့ က အလုပ်လုပ်ကျလို့ ငတ်မသေတာ

မြန်မာနိုင်ငံက ရာသီဥတုက မျက်နှာသာပေးလို့ ငတ်မသေတာ

အခုမရတော့ သူ့ အဘ ရာသီဥတုက ပြောင်းနေပြီ၊ ဘယ်သူမပြု မိမိမှု
climate change adaption ဆိုတာ ဘာကြောင့်ထိပ်ဆုံးက အရေးကြီးနေတယ်ဆိုတဲ့ အချက်ပဲ

မြန်မာများ (တိုင်းရင်းသားအားလုံး) အတုယူသင့်သော အချက်များ (၅)

19 March 2012 at 16:54
ပြီးခဲ့တဲ့လက အွန်စောတို့ တိုင်းပြည်ကို ရောက်သွားတယ်

ဂွမ်ဂျူ မြို့ တော်ဝန်ကြီးက သူ့ မိန့် ခွန်းမှာ

အခုလို ဆိုးဝါးလှတဲ့ ရာသီဥတုမှာ ဖိတ်ကြားရတဲ့ အတွက် အားနာမိပါတယ်တဲ့၊ (ဘယ်လောက် ဆိုဝါးသလဲ ရောက်တဲ့နေ့ က ၀ယ်သောက်တဲ့ စီးကရက်ဘူး လေးလိပ်ပဲ ကုန်တယ်၊ ဆေးလိပ်သောက်ခြင်ရင် အပြင်ထွက်သောက်ရတယ် ၃ဒီဂရီ စင်တီဂရိတ်မှာ ထွက်ထွက်သောက်ရတော့ လေးလိပ်ပဲ ကုန်တော့တယ်၊)

ဒါပေမဲ့ ဒိဆိုးဝါးလှတဲ့ ရာသီဥတုဟာ သူတို့ ကိုးရီးယားရဲ့ ဂုဏ်ယူစရာ၊ တွန်းအားတစ်ခုလည်းဖြစ်ပါတယ်တဲ့။
ဒီရာသီဥတုဒဏ်ကို ခံနိုင်ဘို့ ရုံးကန်ရတာဟာ သူတို့ ကိုရီးယားလူမျိုးတွေကို ဇွဲ၊ လုံ့ လ၊ ၀ိရိယ ရှိတဲ့ လူမျိုးဖြစ်လာစေခဲ့လို့  အခုလို တိုးတက်တဲ့ အဆင့်အတန်းကို တက်လှမ်းနိုင်ခဲ့တာပါပဲတဲ့၊

မြို့ တော်ဝန်ကြီးက ဟာသရွှင်ရွှင်လေးနဲ့ ပြောသွားပေမဲ့ နားထောင်၇တဲ့ ကိုရွှေဗမာ ကျနော်ကတော့ ငိုင်နေမိပါတယ်၊ မှန်ပါတယ် ဆိုးဝါးလှတဲ့ ရာသီဥတုက သူတို့ ကို တိုးတက်စေခဲ့တယ်ဆိုရင် ယေဘူယျအားဖြင့် ကောင်းမွန်လှတဲ့ ရာသီဥတုက ရွှေမြန်မာတွေကို ပျင်းရိစေခဲ့တာလား။ အမှန်ပါပဲ

ကျနော်တို့ အခုမှသာ လေအေးစက်တွေ၊ အပူပေးစက်တွေနဲ့  ကျနော် ငယ်ငယ်ပိုင်း ဒိနေရာတွေပဲ အဲဒါတွေ မရှိပဲ နေခဲ့တာပဲ၊ အခု ကျနော်ကိုယ်တိုင် မနေနိုင်ဖြစ်နေပြီ၊ လူတွေက ဆုတ်ယုတ်သွားတာကို ၊

တိုးပူလာ တိုးအေးလာတာတော့ မရှိသေး၊ ဒါကတပိုင်း

ကျနော်တို့ တောထဲ အိပ်တဲ့အခါ၊ အလုပ်သမားတွေ မီးပုံဘေးမှာပဲ မီးလှုံပြီး အိပ်ကျတယ်၊ ဘယ်လိုမှ ပြောမရ၊ အပူဒဏ် အအေးဒဏ် လွန်ကဲတယ်သိတ်မရှိခဲ့၊

မိုးခေါင်ပါတယ်ဆိုတဲ့ အပူပိုင်း အစ္စရေးထက်တော့ များသေး၊ နောက် ရေ ၇င်းမြစ်တွေ ပေါသေးတယ်
သူတို့ ထက်စာရင်၊ ရေမကောင်းတဲ့ ပြသနာတွေတော့ ရှိတယ်၊ သိပ္ပံပညာဆိုတာ ဒါတွေ ရှင်းဘို့ လုပ်ထားတာပဲလေ၊ အခုတော့ ထုံးကျောက်တွေ စိမ်ပြီး ရှင်းနေတယ် ကျနော်တို့ စခန်းတွေမှာ၊

ဆရာငြိမ်း အခုရေးနေတယ် တရုတ်နိုင်ငံမှာ ပလတ်စတစ် green house တွေနဲ့ ရာသီဥတုကို အံတုပြီး စိက်ကျတယ်၊ ၂၀၀၇မှာ တရုတ်ပြည် နယ်စပ်တလျောက် အဲဒီ နည်းပညာကို မြန်မာဖက်ယူလာပြီဆိုတာ တွေ့ လိုက်ရတယ်၊ ပြည်မမှာ မသုံးကျပါ၊ ရာသီဥတုက ကောင်းနေတာကို၊ သူတို့ က အပျက်အစီးနှုံး၊ လုံးဝ မရှိအောင် ကျိုးစားထားတာ၊



နောက်ဆုံးတက်ခဲ့တဲ့  အစည်းအဝေး၊ အင်မတန် အရေးကြီးတဲ့ စိုက်ပျိုးရေး မိုးလေ၀သ ပညာသင်ဆု၊ အကျွမ်းကျင်ဆုံးပြော၇မဲ့ တရုတ်ကပေးတာ၊ ၂ဦးလွှတ်ရမှာကို တာဝန်ရှိတဲ့ စိုက်ပျိုးရေး ၀န်ကြီးဌာနနဲ့  မိုးဇလရှိတဲ့ ပို့ ဆောင်ရေးတို့ ဘောလီဘောပုတ်နေတယ် တရုတ်ဆိုတော့ မသွားချင်ကြဘူး

ကျနော် ကြားကနေ ခင်ဗျားတို့ ၂ယောက်လုံးဆိုင်တဲ့ဟာကို ဘယ်သူတွေလွှတ်ပါဆိုပြီး နာမည်ပါပြောရမလားလို့  ချွန်တော့်မှ ယူသွားကြတယ်၊ အမေရိကန်ဆိုရင် သတ်ပြီးကို လုနေကြမှာ၊

သူတို့ ဆီမှာ စိုက်ပျိုးရေးမိုးလေသ၀ကို ဘယ်လောက်ယုံသလဲဆို၊ အဲဒိဌာနက မိုးခေါင်မယ် ရေသုံးမဲ့ သီးနှံတွေ မစိုက်ပါနဲ့ ဆို မစိုက်ဘူး၊
အကြံပေးတဲ့ တခြား သီးနှံကို ပြောင်းစိုက်တယ်၊ ပြောတဲ့လူတွေကလဲ ယုံစရာကောင်းလောက်အောင်ကို ကျိုးစားထားကြတာ၊ ကျနော်တို့ ဆီမှာ ဖြစ်လာတဲ့ အပြစ်ကို ပုံချဘို့ ပဲ ရှာနေသလိုပဲ

လူထုကို တကယ်ကျွေး၇မဲ့
စား၊ ၀တ်၊ နေရေး ဖူလုံမှ

ခေတ်က တိုးတက်လာလို့ ဆိုတဲ့ စကားတွေ သုံးစေချင်တယ် တိဗွီတွေမှာ အင်တာဗျူးစေချင်တယ်

ဇိမ်ခံ ပစ္စည်းတွေရဲ့  ဈေးကွက်အင်ဖေါ်မေးရှင်းတွေ၊ စားသုံးသူတွေ၊ ရင်းမြစ်တွေထက်

သဘာဝသယံဇာတတွေ ရဲ့  ရင်းမြစ်တွေ ဈေးကွက်တွေ၊ စားသုံးသူတွေ ပြသနာတွေကို စီးပွားရေး ပညာရှင်ကြီးများကို အင်မတန် အဘိုးတန်တဲ့ ရုပ်မြင်သံကြားအချိန်တွေမှာ ပြောစေချင်တယ်

ထပ်ရေးအုံးမယ် ပြီးမှ

မြန်မာများ (တိုင်းရင်းသားအားလုံး) အတုယူသင့်သော အချက်များ (၆)

20 March 2012 at 09:23
Ko Ye Htun Oo writes စစ်ပြီးခေတ် ဂျပန်ဘာလို့ တက်လာသလဲသိလား။ “အဲသည်လို အလုပ်သမား အလုပ်ရှင် အကောင်းဆုံးနားလည်မှု ရခဲ့လို့တဲ့ဗျ။ ”

ကျနော် ဆရာသော်တာဆွေလမ်းကိုလိုက်ပြီး ကျနော့်မှတ်စုတစ်ခုကို ပြန်ကူးထဲ့ပရစေ

သူတို့ အကျင့်ကဒီလို
by Maung Maung Than on Wednesday, October 5, 2011 at 9:34am ·

ရေဝေရေလဲ စီမံကိန်းတွေ ပြီးခါနီးမှာ Watershed CTA Kumar. Upadhyay: FAO expert Mr. Kashioတို့ နဲ့  အင်းလေးကင်းတား စီမံကိန်းတွေကို စစ်ဆေးကြတယ် ၁၉၉၇လောက်ကထင်ပါ့

ကား၂စီးပေမဲ့ နိုင်ငံခြားသား၂ယောက်ကားမှာ ဘယ်သူမှမလိုက်ပဲ ကျွန်တော့်ကို ထိုးထဲ့ထားကြတယ်။
၃ရက်လောက် အတူတူ နေ့ ရောညရောသွားတဲ့အခါမှာ နောက်ဆုံး စီးပွားရေးတိုးတက်မှုကို ရောက်သွားကြတယ်။
ဂျပနိုင်ငံ အခုအချိန်ဘာဖြစ်လို့ တိုးတက်သလဲဆိုတာကိုမေးတယ်၊ ကျွန်တော်လဲ အဲဒီကိစ္စတော်တော်လေးလေ့လာထားဘူးတော့ flying gull theory တွေကအစ ပြောတာပေါ့၊ ကာဆီအိုက သေသေချာချာနားထောင်ပြီးတော့ မင်းပြောတာတွေလဲဟုတ်ပါတယ်တဲ့ ဒါပေမဲ့ ငါတို့ လက်ခံထားတာက ဒါပဲလို့ ဆိုပြီး ပြောပြပါတယ်

အမေရိကန်ကို စစ်ရှုံးပြီးတဲ့အခါမှာ ဂျပန်တွေ ကောက်ချက်ချတာကတော့ ပညာေ၇းမှာ မမှီလို့ ရှုံးရတယ်ဆိုပဲ၊

အဲဒီတော့ ပညာရေးကို အမေရိကန်ကို ကျော်တက်နိုင်အောင် စီမံကိန်းချကြတယ်

ပြည်သူပြည်သား တကယ့်ပညာကို သင်နိုင်အောင် နည်းမျိုးစုံနဲ့ ထောက်ပံ့ကျတယ် ကျိုးစားကြတယ်၊ ပညာတော်သင်တွေ လွှတ်တယ် ပြန်လဲပြန်လာကျသလို အသုံးချကြတယ်

နောက်ဆုံး အစိုးရ ဘတ်ဂျက်ခွဲတဲ့အချိန်မှာ ပြာပုံဖြစ်နေတဲ့ နိုင်ငံ ကိုယ့်ကဏ္ဍအလိုက် ရုံးကန်လှုပ်ရှားနေကြရတဲ့အချိန်၊

ပညာရေးဝန်ကြီးက သူ့ အတွက် ဒီလောက်လောက် ငွေလိုပါသေးတယ်လို့ ထုတ်ပြောခဲ့ရင်
ဘတ်၈ျက်၇ပြီးသား ၀န်ကြီးများက ကိုယ်ရပြီးသားငွေတွေထဲက ဒါလေးတော့ ချွေတာပါ့မယ် ပညာရေးကို ပေးလိုက်ပါဆိုပြီး ပြန်အပ်ကြတယ်တဲ့ဗျာ၊ အဲဒီအသီးအပွင့်တွေကို ဒီနေ့ ဂျပန်က ခံစားနေ၇တာပါပဲတဲ့
ဒီအကြောင်းကို တွေးမိတိုင်း ရေးမိတိုင်း ရင်နာလို့ မျက်ေ၇ကျမိပါတယ်။

ဒါမျိုးဆန်ဆန် မြောက်ဗီယက်နမ်က ကျောင်းသားတွေ ၂ယောက်လာတက်ရင် ငွေစုပြီး နောက်တစ်ယောက်ကို ဖရိးခေါ်ကျတာ(နယ်သာလန် အိုင်တီစီမှာတုံးက။

မြန်မာများ (တိုင်းရင်းသားအားလုံး) အတုယူသင့်သော အချက်များ (၇)

22 March 2012 at 12:58
နမောနမော၊ စသဖြင့် မြန်မာ တရားဂီတ လိုင်းသစ်တွေကို သွားရေးနေမိတော့

တခြားလူမျိုးတွေကို အတုယူစရာ ဂီတ အနုပညာပိုင်းကို ရေးချင်ပါတယ်၊ ကန့် ကွက်ပြောဆိုမဲ့လူတွေကိုလဲ ရင်ဆိုင်ဘို့ အသင့်ပါပဲ၊ ဆိုဆုံးမမဲ့လူများရှိခဲ့ရင်လဲ နာခံဘို့ အသင့်ပါပဲ။

ဒီအပတ်ထဲမှာ မြန်မာ တရားဂီတ လိုင်းသစ်တွေ နားထောင်မိ ရေးမိပါတယ်၊ နမောနမော (သန်းမြတ်စိုးလက်ရာထင်ပ)၊ နောက် မင်းကွန်းဆရာတော်ဘုရားကြီး မေတ္တာပို့ (ဂီတအစည်းအရုံးမှ ဦးမောင်မောင်လတ်)၊ ဒီနေ့ မနက်၊ မင်းကွန်းဆရာတော်ဘုရားကြီး ဂုဏ်တော်များအဖွဲ့ ၊(မျိုးညွှန့် ဆွေ၊ ဆရာကြီးပေါ့)

မင်းကွန်းဆရာတော်ကြီး ဂုဏ်တော်ဘွဲ့ မှာ ပြောစရာ ၂ခုပဲရှိတယ်၊ နားမကောင်းတဲ့ မိန်းခလေးတစ်ယောက်က မှားပြောဘူးတယ်ဆိုတဲ့ ပိုးအိစံရဲ့  တရံတစ်ခါဆီက ပန်ချာပီ အချစ်ဇာတ်လမ်းသီချင်းအစ ၀ို ၀ို့ ဝို ၀ိုးနဲ့ စထားတယ်၊

ကိုယ့်ဘာသာသာ စဉ်းစားကြည့်ပါတော့
ပြီးတာနဲ့  drum kit တစ်ခုခုကနေ ထုတ်ပေးထားတဲ့ tympani accompaniment ထွက်လာတယ်၊ ကိုသိန်းလှမော် စကားပြော၊ မဆိုးပါဘူး၊ ရွှေယမင်းဦး သီချင်းဆိုတယ် စာသားတွေ ရော စန္ဒယားရော မြန်မာလက်ကွက် အတီးပါပဲ

ဖျက်နေတာကတော့ ကြားနေကျ၊ စည်းဝါးသံနဲ့ မြန်မာ ခြောက်လုံးပတ်သံမဟုတ်ပဲ တောက်တောက်တောက်တောက်နဲ့ ဒ၇မ်ကစ်ရဲ့ အသံ။

အဆုံးသတ်မှာလဲ ၀ိုဝို့ ဝိုဝိုးနဲ့ ပဲ ဆုံးသွားလေရဲ့ ၊

ဆ၇ာမျိုးညွှန့်ဆွေ သူ ယဉ်ကျေးမှု ၀န်ကြီးဘ၀မှာ လုပ်သွားတယ်ထင်တာပါပဲ၊

နေမင်းကြီးကို မရပ်ခိုင်းတော့ပါဘူးဆိုတဲ့ ကျနော် မိုက်မိုက်ကန်းကန်းနဲ့ ပဲ ပတ်ချာလည် ရေးတော့ပါမယ်

ဆရာမျိုးညွှန့် ဆွေ လယ်ဗယ်ဆိုတော့ ကျနော်ကလဲ သူ့ ထက်မြင့်မဲ့ လယ်ဗယ်ကို ထုတ်ရပါတော့မယ်
ကြွတော်မူပါ ဆရာကြီး ဦးဂုဏ်ဘဏ် ခင်ဗျား။

သရုပ်ပျက်ဂီတ
ရေးဘူးတာတွေ ပြန်စုရေးဘို့ လိုပါတယ်၊

ဆရာကြီးက သရုပ်ပျက်ဂီတဆိုတာ ဆိုလိုတဲ့ စကားအဓိပ္ပါယ်ရယ်၊ ညစ်ညမ်းတဲ့ အသုံးအနှုံးရယ်၊ နောက်ဆုံး စနစ်မကျတဲ့ အတီးအမှုတ်ရယ်၊ တစ်ခုခု ဖေါက်တာနဲ့  သရုပ်ပျက်ပဲလို့ အဆိုအမရှိပါတယ်၊ စာအုပ်ကတော့ မရှိတော့ဘူး ရေဒီယိုကလဲ ဟောပါတယ် စာအုပ်လဲ ထုတ်ပါတယ်၊ ကျနော် တချိန်လုံး အဲဒါကို လက်ခံကျင့်သုံးပါတယ်၊ ပိုက်ဆံတွေမရှိလို့  သကြံန်တွေ တီးရတုံးက အာရ်စီ၃က အကကတာ နန်းကြာညိုကျော့ကို ဂီတာဝိုင်းနဲ့ ကလို့  အဲဒီသရုပ်ပျက်ကို ငါမတီးနိုင်ဘူး မင်းတို့ ပိုက်ဆံလဲ မယူဘူးလို့ ပြောမလိုက်တာ၊ ကျနော့် ဒီလောက် ခင်တဲ့ သူငယ်ချင်းများက ဒီလောက် ပင်ပန်းခဲ့ရတဲ့ သင်္ကြန်တီးစဉ်များကို ပိုက်ဆံ တစ်ဝက်ပဲ ပေးလို့ မယူဖြစ်တော့ပဲ ကျနော် သမီးအငယ် မီးဖွားချိန်မှာ ပိုက်ဆံမရှိလို့ ဒုက္ခ အကြီးအကျယ်ရောက်တဲ့အထိ လက်ခံကျင့်သုံးခဲ့မိတာပါ။

မင်းကွန်းဆရာတော်ကြီး ဂုဏ်ပြုမှာ အများက တစ်ခါထဲ ပိုးအိစံကို တန်းမြင်စေတဲ့ ၀ိုဝို့ ဝို ၀ိုးဟာ ဘယ်လို ဆိုလိုတဲ့ အဓိပ္ပါယ်ရှိသလဲ သရုပ်ပျက်လဲ မပြောချင်တော့ပါဘူး၊ ဒါပေမဲ့ ဒရမ်ကစ်ကနေ ထွက်နေတဲ့ တောက်တောက်တောက်တောက် အသံကတော့ မြန်မာ ခြောက်လုံးပတ်ကို အစားမထိုးနိုင်တဲ့အတွက် တကယ့် သရုပ်ပျက်ပါပဲ၊ သဘင်ဝန်တွေသာရှိရင် လက်ဖြတ် ခံရမဲ့အပေါက်၊ ဒါပေမဲ့ အဲဒီသဘင်ဝန်ကြီးက ရေးတာဆိုတော့လဲ

ဒါဆိုရင် သရုပ်မပျက်တဲ့ တခြားယဉ်ကျေမှုများ၊ ကွမ်၈ျူ ဓါတ်ပုံများမှာ ကျနော်တင်ထားပါတယ်၊ ကိုရီးယား cultural show

စတာက ကွက်စိပ်နဲ့ စတယ် ဘာတွေပြောနေတယ်တော့မသိ၊ ကိုရီးယား နန်းတွင်းကားတွေထဲမှာ ကြည့်ရတဲ့ ဈေးနေ့ တွေမှာ မြန်မာမြေ၀ိုင်းဆန်ဆန် ကွက်လပ်ထဲ ပြောကြဆိုကြ ကကြသလိုပါပဲ။

ဗုံဆရာနဲ့  အပျိုတော်ဆန်ဆန်ဝတ်ထားတဲ့ အမျိုးသမီးကြီးတစ်ယောက်ပဲ ပါတယ်၊ ကွက်စိပ်လို ပြောသွားတာပေါ့၊ ဗုံကြီးတီးပေးလိုက် မြန်မာဆိုင်းသမားလို ပြော၇ရင် ဂျိခံတယ်ပေါ့၊ စည်တိုနဲ့ ဒါမှမဟုတ် ပတ်မနဲ့  ရကွင်းနဲ့ ဆို့ ပေးရတာ။

ဆရာကြီး ဦးဂုဏ်ဘဏ် ပေတံကို အားလုံးလွတ်ကင်းပ၊

နောက်လာတယ် အော်ပရာ
အနောက်နိုင်ငံ အော်ပရာကို ကိုရီးယားလိုဆိုတာ၊ အတီးမလို၊ တင်နာ၊ ဆိုပရာနို အစရှိသည်၊ အပြည့်အ၀၊ အဓိပ္ပါယ်ကို နားမလည်ပေမဲ့ ပြသနာမရှိနိုင်ဘူးဆိုတာ သိသာပါတယ်၊ အော်ပရာတွေ ကိုးရီးယားမှာ ဈေးကြီးတယ်ဆိုပဲ

နောက်တက်လာတာကတော့ စည်ယိမ်း၊ မြန်မာ အိုးစည်ဒိုးပတ်ယိမ်းနဲ့  အပျိုတော်အကကို ပေါင်းထားပုံပဲ
အဓိက tympani ကကိုရီးယားစည်တွေပါပဲ၊ ကတဲ့လူတိုင်း တီးတယ် ဟန်တီးတာမဟုတ်၊ မိန်းမြူးဇစ်ကိုတော့ ညာဖက်က အော်ဂန် ၃လက်၊ ဂီတာဝိုင်း၊ ဒရမ်မာတွေပါတဲ့ ၀ိုင်းကနေ ထုတ်ပေးနေပေမဲ့ အနောက်နိုင်ငံ ဒရမ်တွေ မတီးဘူး၊ စင်ပေါ်က စည်တွေကို စင်မြင့် ဘယ်ဘက်မှာရှိတဲ့ စည်ဆရာက ထိန်းတယ်၊

ပုံထဲမှာ မြင်ရမဲ့ နှဲဆရာမလေးရှိတယ် စမတ်ကျကျ ၀တ်စားလို့  ဆက်ဆိုဖုန်း ဘလူး ဂီတတွေ မှုတ်သလိုကို တက်တက်ကြွကြွ ဂုဏ်ယူစွာနဲ့  (တကယ့် အင်တာနေရှင်နယ် ပွဲကြီးလေ) သူ့ အလှည့်မှာ ပါးလေးကို ဖေါင်းလို့ 

အကရော တကယ့်ကို ပြုံးရွှင်စွာနဲ့ ကြည့်ပါ၊ အခု မြန်မာနိုင်ငံ ယဉ်ကျေးမှု အဖွဲ့ ရဲ့  ပြီတီတီ အပြုံးတွေမဟုတ်ဘူး၊ ဖင်ရမ်းပြီး မော်ဒယ်လျှောက်သလို ကသလိုမပါဘူး၊ လုံးဝကို အပျိုတော်၁၂ခန်း အရင်က အပြီအပြင် ကကြသလိုကို မမောမပမ်းကကြတာ။

ကျနော် ဓါတ်ပုံတွေ မှတ်တမ်းတင်နေရလို့ အကကို သေသေချာချာ မခံစားလိုက်ရပေမဲ့ ဆိုင်းသမားနားနဲ့  မျက်စိမှာ တကယ့် cultural show ပီသပါပေတယ်လို့ ပြောလိုက်ချင်ပါတယ်။

အတွေ့ အကြုံတစ်ခုရေးချင်ပါတယ်။

၂၀၀၉ထဲမှာထင်ပ မန္တလေးမှာ အာဆီယံ စွမ်းအင်ဝန်ကြီးများ အစည်းအဝေး၊
ကျနော်လေးစားရသော တပ်မတော် ဆရာကြီးများထဲက ဗိုလ်ချူပ် လွန်းသီ

ဖြေဖျော်ရေးအစီအစဉ်မှာ ကရင်ဒုံးယိမ်းကို အတင်းကို ထည့်ခိုင်းတယ်
ကျန်တဲ့လူတွေက အင်တင်တင်ရယ်၊ ဒုံးယိမ်းကို နိုင်ငံတော်အဆင့်ကဘို့ ဆိုရင် ကရင်ပြည်နယ်ကို ပြန်ပြီး အကူအညီတောင်း သင်ရမှာကိုး

ဆရာလွန်းသီက ဘာဖြစ်လို့ အတင်းထဲ့ရလဲ သေသေချာချာ ရှင်းပြတယ်၊ အနောက်နိုင်ငံတွေ ရောက်ခဲ့တုန်းက အာမေနီယန်လူမျိုးတွေရဲ့ အကကို ကြည့်ခဲ့ရတယ်၊ အင်တာနေရှင်နယ် နာမည်ကြီးအက၊ ဟ ငါတို့ ဆီမှာလဲ ဒီအကရှိတာပဲ

ကရင်ဒုံးယိမ်းပါ၊ ဆရာလွန်းသီက နိုင်ငံတကာ ခံစားလို့ ရတဲ့ အဆင့်မှီတဲ့ ၇ိုးရာအကလို့ ခံယူထားပါတယ်၊ ကျန်သူများ သိတ်နားမလည်ပေမဲ့ ၀န်ကြီးပြောတာဆိုတော့ တကယ်ဖြစ်သွားပါတယ်၊

ကျနော်က အဲဒီ အကြို ပြင်ဆင်ပွဲမှာ တခြားကိစ္စများနဲ့ ဆွေးနွေးဘို့ ရောက်နေ၇တာဆိုတော့ ၀င်မပြောဖြစ်ပါဘူး၊ ဒါပေမဲ့ အချေအတင်များ ဖြစ်လာခဲ့ရင် မောင်းတင်ထားတာ

အာမေနီယန်အကဟာ ကျနော့်ကို လူပုံအလယ် လမ်းလေးခွဆုံမှာ ရှိုက်ကြီးတစ်ငင် ငိုစေခဲ့ဘူးပါတယ်
အတုယူစရာ၊ ၁၉၈၈ခုနှစ် နယ်သာလင် ကျောင်းတော်မှာ ပြန်ခါနီးနေပြီ၊ နွေရာသီ မနက်၅နာရီကနေ ညနေ ၁၀နာရီအထိ နေရောင်ရှိတဲ့ အချိန်တွေ၊

အင်တာနေရှင်နယ် အကပွဲတော်လုပ်နေကြပါတယ် စနေနေ့ ၊ ပွဲတော်ကျင်းပတာက လမ်းဆုံ လမ်းခွတွေ ဘာစင်မှ မရှိဘူး

မျိုးစုံကကြတယ် စကွဲယားဒန့် စ် အမျိုးအစားတွေပေါ့၊

လာပါပြီ အာမေနီယန်၊ မြင်လိုက်တာနဲ့ မျက်ရည်စို့ လာတယ်၊ လားလား ကရင်ဝတ်စုံတွေပါပဲ၊ ကင်မရာပါမသွားလို့ မရိုက်လိုက်ရ၊

အတီးပစ္စည်းတွေ နှဲကြီး၊ မကြားရတာကြာတဲ့ နှဲကြီး
နောက် ကရင်ဒုံး အတီး ပစ္စည်းတွေ အတိုင်းပဲ

နောက်အက
မြန်မာပြည်နဲ့  မြန်မာ့ယဉ်ကျေးမှုကို ၁၀လလောက် ခွဲနေရတဲ့အကောင် မျက်ရည်တွေ တပေါက်ပေါက်ကျလာတယ်၊အခုတောင် စာရေးနေတုံးပဲ

၇ိုးရာဆိုတဲ့ ရိုးရာဆိုတဲ့ ယဉ်ကျေးမှု မပျက်စီးဘို့  ရေးနေမိတာပါ။
ကျနော်တို့ က ၀န်ကြီး အဆင့်လောက်ကကို ဖျက်ဆီးသလို (သဒ္ဒါတွေများလို့ ပါလို့ ပဲ မှတ်လိုက်ပါတယ်) ဖြစ်နေကြပါသလား

အဆင့်မြင့် မြန်မာအပျိုတော်အကကို သေသေချာချာ တင်ဆက်ရမှာကို အခု ဖြတ်ချလိုက်တာ ငါးမိနစ်ပဲ ကျန်တော့တယ်

ကိုး၇ီးယား ပုံပြင်ပြော၊ အတီးမပါ
အပြူံးတွေက သရုပ်ပါတယ်ဗျာ စည်ယိမ်းအက
အဆင့်မြင့်သွားပြီ အော်ပရာ အဆိုကို ကိုရီးယားလို ဆိုတာပါပဲ
စည်ခေါင်းဆောင်ပါပဲ

နှဲပညာရှင်မ နှဲမှုတ်နေပုံ၊ နှဲကို ဆက်ဆိုဖုန်း မှုတ်တဲ့ စတိုင်နဲ့ ၊ သိပ်ကောင်းတယ် အတုယူသင့်တယ်

မြန်မာများ (တိုင်းရင်းသားအားလုံး) အတုယူသင့်သော အချက်များ (ဂ)

22 March 2012 at 15:30
ကပြားချီ

အခုတစ်လောမှ သိရတဲ့ ကျနော့်တေဖေါ်တေဖက် ပဲခူးသား ခင်ညွှန့် ရဲ့ သူငယ်ချင်း ဦးအေးမြင့် (ယူအက်စ်အေ)ကနေ စိန်ချစ်တီးသား ဦးကျော်ကျော်နိုင်တို့ ပါတဲ့ Bang on a can meets Kyaw Kyaw Naing ဆိုတဲ့ တီးလုံးတွေပါတဲ့ ဂီတတွေ ပို့ ပေးတယ်။

အဲဒီမှာ ကပြားချီဆိုတဲ့ တီးလုံးတစ်ခုပါတယ်၊

ကိုအေးမြင့်တော့ နားလည်မလည်မသိဘူး၊

ကျနော်အခုရေးနေတဲ့ ၁ ကနေ အခုအထိဟာ ကပြားချီပါပဲ၊

ကျနော့်မှတ်စုတွေထဲမှာ ပွဲခေါ်ဆိုပြီး ညနေလေးနာရီလောက်မှာ ပွဲဖြစ်ပြီဟေ့လို့ ကျေညာတဲ့ ပွဲခေါ်ပတ်မသံအကြောင်း ရေးဘူးတယ်၊ ပွဲစဉ်တီးချက်များမှာ ပွဲခေါ်၊ ပြီးရင် ကရောင်းရိုက်တယ်ဆိုတာရှိတယ်၊ နောက်မှ ကပြားချီ၊ နောက် ပွဲမထွက်ခင် အပျိုတော်မလာခင်မှာ ခုနှစ်သံချီဆိုပြီး ဆုံးတယ်။

ကရောင်းကို ကျော်ပြီးအခု ကပြားချီကို ရှင်းပြမယ်။

အားမရဘူး ကရောင်းအကြောင်း နဲနဲ ရေးမှရမယ်

ကရောင်းရိုက်နေတဲ့အချိန်မှာ ဆိုင်းဝိုင်းပတ်စာ မကပ်ထားဘူး၊

ပထမဆုံး မီးရေဒိုရေလာ ၊ ရေဒိုတီလာ ဆိုလာတီလာ ရေဒိုတီလာ ဆိုလာတီလာ၊ ဆိုတာတီလာ မီရေတီလာ ဆိုဒို စသဖြင့် သံစဉ်တွေကိုချည်း နှဲနဲ့ မောင်းကြေးတွေနဲ့ စတယ်၊ စည်တိုကြီး တဒုံးဒုံးနဲ့ ပေါ့၊ ကြေး၊ မောင်း၊ နှဲ၊ ပတ်မချောင်၊ စည်းဝါး ရကွင်း၊ ၀ါးလက်ခုတ်စသည်နဲ့ ပဲ တီးတယ်၊ ဆိုင်းလက်သင်တွေ လက်စမ်းကြတဲ့ အချိန်ပေါ့၊ အမြဲတမ်း ဆိုင်းလက်သင် မရှိခဲ့ရတဲ့ ကျနော်တို့ တက္ကသိုလ်ဆိုင်းမှာတော့ First Line up ကပဲ တီးရတယ်၊ ပထမဆုံး ကရောင်းတွေ ကပြားချီတွေကို သင်ပြီး ချတီးတဲ့ ရေနံချောင်း မကွေးပွဲတွေမှာဆိုရင် ဌေးဝင်း (၀ိုင်းဆရာ ကိုယ်တိုင် မောင်းတီးတယ်၊ ကျနော် စည်းဝါးသွားတီးရတယ်)

နောက် ဘီလူးဆိုင်းခေါ်တဲ့ ကရောင်းတွေပေါ့၊ လွယ်လွယ်ကူကူဆိုရင် မြမန်းဂီရိက စတယ်၊ နောက် ဝေဇယန္တာစသည်
ကိုယ်တို့ တက်စရာမလိုတဲ့ ယိုးဒယားသီချင်းတွေ တီးကြတယ်၊ နဲနဲ ရင့်လာတော့ လေပြည်ဆော်သွင်းမြူးကို တီးကြတယ်၊ ကျနော်တို့ ကျတော့ ဌေးဝင်းက ကရောင်းအစကို တက်ပြီးတာနဲ့ တကယ့် မှော်ပြန် ယိုးဒယား နန်းသီဟိုဠ်နဲ့ တီးကျတယ်၊ တခြားဆိုင်းသမားတွေ အထင်ကြီးတာပေါ့၊

နောက် နားထောင်လို့ ကောင်း တီးလို့ ကောင်းတစ်ခုက ဆန်းဆန်းသဉ္စာညောင်၊ ဆန်းဆန်းသဉ္စာကြာညောင် နန်းမြင့်ဘွေဆောင်၊ ရွှေညဥ့်လွှာရုံ ညဥ့်လွှာရုံ ငွေညဥ့်လွှာရုံ ညဥ့်လွှာရုံ ဆိုတဲ့အပုဒ်တွေဟာ တီးလို့ ကောင်း အော်လို့ ကောင်းတွေပေါ့၊ နောက် ကရောင်းအပိတ်၇ိုက်ပြီးရင် သိမ်းတယ်၊ အဖွဲ့ သားတွေ အဲဒီအချိန် ဆိုင်းကို နွှေးပြီးပြီပေါ့၊ နားတယ် ဆေးလိပ်သောက် လာကျွေးတာစားပေါ့၊

ကဲ ၀ိုင်းဆရာဝင်လာပြီ၊

မြန်မာဆိုင်းမှာ ဂီတာဝိုင်းတွေလို တဒေါင်ဒေါင်တဒင်ဒင်နဲ့ ကြိုးညှိတာမရှိပါ၊ ရှေးက ကရောင်းဟာ ၀ိုင်းဆရာမပါ ကျန်တဲ့ အဖွဲ့ သားတွေ အသံညှိကျတာပါပဲ တစ်ခါထဲ ပွဲကိုလဲ စခါနီးပြီပြောတယ်၊ လက်သင်ဆိုင်းသမားများ လေ့ကျင့်ကြတယ်။

အဲ ၀ိုင်းဆရာလာတော့ ၀ိုင်းဆရာကို အသံပြတယ်၊ ၀ိုင်းဆရာကို အသံပြတဲ့ အချိန်တီးကျတာကို
ကပြားချီလို့ ခေါ်တယ်လို့ မှတ်သားဖူးပါတယ်၊ အသံတွေကို စုံနေအောင်တီးတယ်၊ အသံတသံထဲ စီ၊ ဂျီစသည် တီးပြတာမဟုတ်ပဲ စီကော့ဒ်၊ ၈ျီကော့ဒ်တွေ ကိုင်ပြနေသလို သီချင်းတွေဟာ ငါးပေါက်ထဲရောက်သွားလိုက်၊ လေးပေါက်အောက်ပြန်ရောက်သွားလိုက်၊ ပုလဲ၊ ခြောက်ပေါက် အစရှိသည်၊

ကပြားချီထဲမှာ ကျနော်ကြိုက်တဲ့ အပုဒ်တပုဒ်က မမလေးကို မောင်ကခိုးမယ်လို့  လူဆိုးတွေနဲ့ မောင်တိုင်ပင်၊
ကျနော်တို့ ကပြားချီတီးပြီး ၀ိုင်းဆရာ ပတ်စာကပ်အပြီးမှာ ခုနှစ်သံချီမတီးခင်၊ ခုနှစ်သံချီကီးနဲ့ လျှပ်ပန်းခွေနဲ့ တို့ ၊ အောင်မင်္ဂလာတို့  ၀ိုင်းဆရာက တီးတော့တာပါပဲ၊

ကျနော်အခု ကပြားချီတီးနေတာပါပဲ၊ သိစေချင်တာတွေ ဘက်စုံဒေါင့်စုံ၊ ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ထိုထိုက သိခဲ့တဲ့ အတွေ့ အကြုံတွေ မမေ့ခင် ရေးချနေတာပါပဲ။

ဘယ်တော့ ၀ိုင်းဆရာဝင်လာမလဲ မျှော်နေမိပါတယ်

No comments:

Post a Comment