Wednesday, November 9, 2016

တံပိုးရေကျော်(၂) (၃) (၄)

တံပိုးရေကျော်(၂)

29 December 2011 at 12:25
““ကျွန်တော်တို့ ဒီ(၂)ရက်နေ့မှာ သတိပေးချက်ထုတ်ပေးထားတယ်၊ မုန်တိုင်းတိုက်မယ်၊ မုန်တိုင်းဒီရေ (၁၅)ပေ တက်မယ်လို့၊ လေတိုက်နှုန်းလဲ (၁၂၀)ကျော်မယ်လို့ ကြေငြာထားတယ်၊ (၁၅)ပေဆိုတာ၊ အိမ်ခေါင်မြုပ်တာဘဲ၊ ဘာဖြစ်လို့ မရွှေ့ကြတာလဲ၊ သတိပေးတာကိုမှ မလိုက်နာတာ၊ သေကြတာပေါ့””

တတိယအကြိမ် မုတ်သုန်ဖိုရမ်ဆွေးနွေးပွဲ၊ ဆွေးနွေးပွဲတစ်ခုလုံး၊ နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများ၏ တင်ပြချက်၊ ထုချေချက်များ၊ အခြေအနေကို တက်လာသူအားလုံးက နားလည်သဘောပေါက် ပေးထားသည့် ကြားမှ နောက်ဆုံးတင်ပြချက်တွင် တာဝန်ရှိသူတစ်ယောက်၏ ပြောစကားပါ။

ကျွန်တော် မနေနိုင်တော့။

““ခဏ၊ ခဏလေး၊ ကျွန်တော်ပြောပါရစေ၊ တင်ပြချက်ပြီးမှ ပြောရမယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် ကျွန်တော် အခု ပြောပါရစေ””

အပြင်းအထန် စကားလုံးတစ်လုံးကို ခေါင်းထဲတွင် စဉ်းစားနေမိသည်။ ရပြီ Key Word အန္တရာယ်ဆိုတဲ့ Key Word ။

““ဆရာတို့ တင်ပြထားတာတွေ၊ ကြေညာချက်တွေအားလုံး အတတ်နိုင်ဆုံးလုပ်ထားတယ်ဆိုတာ လက်ခံတယ်။ ဒါပေမယ့် ခုနက ပြောစကားထဲ ပြည်သူတွေ သတိပေးတာ နားမထောင်လို့ဆိုပြီး ဒီလိုပြောတာတော့ မဟုတ်သေးဘူး။

““အဲဒီနေ့ထုတ်တဲ့ ကြေညာချက်တွေထဲမှာ အန္တရာယ်ရှိသည်ဆိုတဲ့စကားလေး၊ အဲဒီအန္တရာယ်ဆိုတဲ့ စကားလေး တစ်လုံးပါသလား၊ ကျွန်တော်တို့လို ပညာရှင်လို့ သတ်မှတ်ထားတဲ့လူတွေတောင် ဒီ Key Word မပါတော့၊ ရန်ကုန်က ကိုယ့်အိမ်ကိုယ်ကို သတိပေးဖို့မေ့နေတယ်၊ ဒီမြစ်ဝကျွန်းပေါ်က ဆက်သွယ်မှု အခက်အခဲအမျိုးမျိုးနဲ့ ပြည်သူတွေက ဘယ်လိုလုပ်ပြီး သတိမူကြတော့မှာလဲဗျာ””

ဖိုရမ်တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ကျွန်တော်တို့ ၀န်ကြီးဌာန ကိုယ်စားပြုတက်ရသော သူငယ်ချင်း တစ်ယောက်က မင်းစကားကို ငါ့ဘေးက လူကြီးတော်တော်များများ ထောက်ခံကြတယ်ကွဟု ပြန်ပြောပါသည်။

နောက်ဆုံးမှ

““ဦးမောင်ကို ပြောတာက Hazard Warning  ပါ။ ကျွန်တော်တို့မှာ  Early Warning ဘဲ ထုတ်ပြန်ခွင့် ရှိပါတယ်။ ဘေးအန္တရာယ် သတိပေးချက်ထုတ်ဖို့၊ လူတွေရွှေ့ပြောင်းဖို့ ဆုံးဖြတ်ချက်ချဖို Hazard Map (ဘေးအန္တရာယ်ရှိမှုပြမြေပုံ)တွေလဲ မရှိပါဘူး။ ထုတ်ပြန်နိုင်ခွင့် အခွင့်အာဏာလဲ မရှိပါဘူးခင်ဗျာ””

နောက်ဆုံးတော့ Hazard Map တွေထုတ်ရန် အတတ်နိုင်ဆုံး ၀ိုင်းကူကြရန် သဘောတူညီချက်ရလိုက်ပါသည်။
နည်းပညာအကူအညီdata အကူအညီကတော့ ထုံးစံအတိုင်း ကျွန်တော့်ဌာနစိတ်။

တံပိုးရေကျော် (၃)

29 December 2011 at 13:09
““အခုပြတဲ့ ဆလိုက်တွေက နာဂစ်မုန်တိုင်း မတိုက်မီနဲ့၊ တိုက်ပြီး ဂြိုဟ်တုဓါတ်ပုံတွေပါပဲ၊ ဒီဓါတ်ပုံတွေနဲ့ ဒီနည်းပညာတွေကိုသုံးပြီး Hazard Map  တွေ ထုတ်လုပ်နိုင်တဲ့အဆင့်အထိ ကျွန်တော်တို့ကူညီသွားမှာ ဖြစ်ပါတယ်။

JICA အဖွဲ့အစည်းမှ တာဝန်ခံက ရှင်းပြနေခြင်းပါ။ ကျွန်တော် world view (50 centimeter) ပုံများ မရမီလေး ဖြစ်ပါသည်။

““အခု မုန်တိုင်းတိုက်ပြီးရထားတဲ့ ဓါတ်ပုံတွေနဲ့ အရင် GIS database ကို ပြန်နှိုင်းယှဉ် လေ့လာလိုက်ရင် ဘယ်နေရာတွေက အများဆုံး ပျက်စီးတယ်ဆိုတာ သိပါတယ်။ အထိခိုက်အများဆုံးနေရာတွေဟာ Hazard အများဆုံး နေရာတွေလို့ လောလောဆယ် သတ်မှတ်ပြီး ထိခိုက်မှုပြမြေပုံတွေ ထုတ်နိုင်ပါတယ်။ အဲဒီကနေ နောင် အန္တရာယ် လျှော့နိုင်ရေးစီမံချက် (Mitigation) တွေရေးနိုင်မှာပါ။

ကျွန်တော် မဲ့ပြုံး ပြုံးလိုက်မိသည်။

““ဒီအထိ ကောင်းကောင်းနားလည်ပါတယ်။ ကျွန်တော့်ဌာနစိတ်အနေနဲ့ လုပ်နိုင်တဲ့ဘောင်ထဲမှာလဲ ရှိပါတယ်။ ဒါပေမယ့်....””

““ဒါပေမယ့်၊ ဘာဖြစ်လို့လဲ ဦးမောင်ကို””

““အဲဒီ GIS database က ကျွန်တော်တို့ဆီမှာမရှိဘူး””

ကျွန်တော့်စကားကို ကြားရလိုက်သည်နှင့် ဂျပန်ကိုယ်စားလှယ်များ ပွက်လောရိုက်သွားသည်။

နောက်ဆုံးတော့ ဤပျောက်ဆုံးနေသော (မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ပြီးပြီဆိုသော) မြစ်ဝကျွန်းပေါ်ဒေသ GIS database ကိုရှာရန်၊ နာဂစ်စီမံကိန်းများအတွက် သုံးစွဲနိုင်ရန် သက်ဆိုင်ရာတင်ပြ၊ ခွင့်ပြုချက်ရယူရန် သမ္ပနပအပေါင်း၊ ထုံးစံအတိုင်း ကျွန်တော့်ဌာနစိတ်။

““မင်းခြေထောက် ဘယ့်နှယ့်နေသေးလဲ””

““ချိုင်းထောက်လွှတ်လိုက်ရပါပြီ၊ ဒုတ်ကောက်နဲ့တော့ လျှောက်နေရတုံးပါဘဲ””

““အေး၊ ဒုချုပ်က မနေ့ကပြောတယ်၊ Inventory မြစ်ဝကျွန်းပေါ် ဒီရေတောတွေ၊ (သစ်တောတိုင်းတာခြင်း) ၀င်မယ်တဲ့၊ အဲဒါ လိုတာတွေပြင်ဆင်တော့””

ကျွန်တော့်ညွှန်ကြားရေးမှုးအမိန့်သံကြားပြီးသည်နှင့် ကျွန်တော့်ခေါင်း အလုပ်တော်တော်များများ ရှုပ်သွားပါ သည်။

““အကူအညီ ဘယ်ကရမလဲ၊ အက်ဖ်အေအို””

““ဘယ်ကမှမရဘူး၊ ဌာနစရိတ်နဲ့ဘဲ ဆင်းရမယ်၊ ဌာနလူဘဲ၊ စက်တင်ဘာလအတွင်းလောက်ကို ဆင်းစေချင် တယ်တဲ့””

မလွယ်ပါ၊ မလွယ်ပါ။
ကျွန်တော် ကြိုးစားကြည့်ပါဦးမည်။

တံပိုးရေကျော် (၄)

30 December 2011 at 12:02
Inventory သစ်တောသယံဇာတ စာရင်းကောက်ယူခြင်း လုပ်ငန်း၊
ကျွန်တော် ၁၉၈၇-၈၈ ခုနှစ်ကထဲက တတ်ကျွမ်းခဲ့ရပြီး ၁၉၈၉၊ ၁၉၉၀များတွင် လုပ်အားပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကာ၊ နောက်ပိုင်းတချိန်လုံး ဂြိုလ်တုဓါတ်ပုံများနှင့် ကျွန်တော်နပန်းလုံးနေရကာ၊ အခြားသူတွေ ဆောင်ရွက်နေကြသည်ကို အားမလို အားမရ ဘေးမှ ကြည့်နေခဲ့ရသည့် လုပ်ငန်း၊

အခု ညွှန်ချူပ်က တာဝန်ပေးခိုင်းလာသည့်အချိန်တွင် သစ်တောတိုင်းဌာနစိတ်တွင် ယခင်လုပ်ဆောင်နေကြအတိုင်းသာ လုပ်ဆောင်တတ်သော ၀န်ထမ်းများ၊ ရုံးချူပ်တွင် ပို့ထားသော သက်ကြီးဝန်ထမ်းများ၊ သစ်တောတိုင်းတာခြင်း၏ အခြေခံ နမူနာကောက်ယူခြင်းနည်းစနစ်များ မကြားဘူးသော၊ ဂြိုလ်တုဓါတ်ပုံ မသုံးတတ်သော ဂျီပီအက်စ် အသစ်စက်စက် ၁၄လုံးကို ဘီရိုထဲထဲ့ သောခတ်ထားပြီး ဒီအတိုင်း ကွင်းဆင်းနေကြသော တာဝန်ခံများသာ ရင်လေးဖွယ်ရှိနေသည်။

အဆိုးဆုံးကတော့ ဒီရေတောများ၊ အထူးသဖြင့် မုန်တိုင်းဒဏ် အကြီးအကျယ်ခံထားရသည့် ဒီရေတောကို တိုင်းတာရန်၊ နည်းလမ်းသနားမရှိ၊ သာမန် တိုင်းတာခြင်းအပြင် မုန်တိုင်းထိခိုက်မှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု တိုင်းတာချက်များပါလိုမည်၊ ထဲ့တိုင်းရမည်။

ဒီမှာ သယံဇာတ စီမံကိန်းအကြောင်း ကျွန်တော် ရေးရပါတော့မယ်။ ၁၉၈၁ကနေ ၁၉၈၆ခုနှစ်အထိ အမျိုးသား သစ်တောတိုင်းတာရေးနှင့် စာရင်းကောက်ရေးစီမံကိန်း (National Forest Survey and Inventory BUR/79/011) ဆိုပြီး အက်ဖ်အေအိုနဲ့ သစ်တောဌာနတို့ စီမံကိန်းလုပ်ကြပါတယ်။ မင်းကြီးဦးအောင်မြင့် ပြုစုထားတဲ့ စာတမ်းငယ်ကပါ။ ၁၉၈၃ခုနှစ်ကပါ။

သစ်တောသယံဇာတ စာရင်းကောက်ယူခြင်း Forest Inventory ဆိုသည်မှာ၊ တိုင်းတာမှုပြုသည့်အချိန်ကာလပိုင်းတွင်၊ သစ်တောအတွင်း‏၌ တည်ရှိနေသည့် သစ်ဝါးစသည်တို့ကို အချိုးအစား၊ အရွယ်အစားနှင့် အရည်အသွေးအလိုက် ရေတွက်တိုင်းတာ စာရင်းကောက်ယူခြင်းဖြစ်သည်။ ထိုသို့စာရင်းကောက်ယူပြီး၊ သက်ဆိုင်ရာ နယ်မြေဒေသ၏ တောထွက်အင်အား၊ သစ်တောသယံဇာတ၏ လက်ရှိအခြေအနေ ထုထည်နှင့် ကြီးထွားနှုံး စသည်တို့ကိုပါ တွက်ချက်ခန့်မှန်းရန် ဖြစ်သည်။

သယံဇာတ စာရင်းကောက်ယူရာ၌ တတ်နိုင်သမျှ လူအား၊ ငွေအားနှင့် အချိန်ကုန်သက်သာစေရန် ရည်ရွယ်ချက်ထားရသည်။ တိုင်းတာရာတွင်လည်း ပကဓိအခြေအနေအမှန်ကို အရှိအတိုင်း တိကျမှန်ကန်စွာ စာရင်းကောက်မှတ်တမ်းတင် တိုင်းတာရေးပင်ဖြစ်သည်။

နိုင်ငံ၏သယံဇာတကို ခန့်မှန်းတိုင်းတာရာ၌၊ တတောလုံး တတောင်လုံး နေရာမလပ် ရာခိုင်နှုံးပြည့် တိုင်းတာမှုမျိုးကို မည်သည့်နိုင်ငံတွင်မှ ပြုမူဆောင်ရွက်လေ့မရှိ။ အချိန်ကုန်၊ လူပမ်းပြီး စရိတ်ကြီးလေးလှသည်။ နိုင်ငံတိုင်းတွင် ဤကဲ့သို့သောစာရင်းအင်း ကောက်ယူမှု (Inventory မျိုးကို နမူနာကွက် (Sample Plots) များချ၍ တိုင်းတာလေ့ရှိကြသည်။

ဤကဲ့သို့နမူနာကွက်များကို ချမှတ်တိုင်းတာသည့်အခါ မိမိဆန္ဒ၊ ပရောဂမပါစေပဲ၊ ကျပမ်း နမူနာနည်း (Random Sampling) စနစ်နှင့်ဖြစ်စေ၊ အကွာညီနမူနာနည်းစနစ် (Systematic Sampling) နှင့်ဖြစ်စေ တိုင်းတာလေ့ရှိကြသည်။
မြန်မာနိုင်ငံတွင် ယခုသစ်တောသယံဇာတ စီမံကိန်းမှလက်ခံအသုံးပြုနေသည့် စနစ်မှာ ဒုတိယနည်းဖြစ်သည့် အကွာညီနမူနာနည်းဖြစ်သည်။ သတ်မှတ်ထားသည့် နယ်မြေဒေသ၏ (၀.၁၁၇) ရာခိုင်နှုန်းကို တိုင်းတာမှုပြုပြီး တွက်ချက်ခန့်မှန်းရန်ဖြစ်ပေသည်။

တိုင်းတာ၍ရရှိသည့်ကိန်းဂဏန်းများ၏ ကွဲလွဲမှုနှင့် စံမှားယွင်းကိန်း (Variation & Standard Error)များကိုတွက်ချက်ခြင်းမှာ အချိန်နှင့်လူအင်အားများစွာ လိုအပ်သဖြင့် ဤကိစ္စကို ပို၍လျှင်မြန်ထက်မြက်စွာ ဆောင်ရွက်နိုင်ရန် ကွန်ပြူတာစက်ကို အသုံးပြုရသည်။ ကွန်ပြူတာတလုံး ကို မှာယူထားပြီးဖြစ်ရာ လာမည့်နှစ်ကုန်ပိုင်းလောက်တွင် ရောက်ရှိတပ်ဆင် အသုံးပြုနိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။

သစ်တောသယံဇာတကို ခန့် မှန်းတိုင်းတာရာတွင် အရေးပါအရာအရောက်ဆုံးသော ထောက်ကူမှုတခုမှာ လေယာဉ်မှ ရိုက်ကူးသည့်ကောင်းကင်ဓါတ်ပုံ (Aerial Photographs) များကို အသုံးပြုခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းရာဒေသများကို၊ ကောင်းကင်ဓါတ်ပုံများ ရိုက်ကူးခါ ဤဓါတ်ပုံ များကို ဖတ်ရှုပြီး သစ်တောအမျိုးအစားခွဲခြင်း၊ သစ်တောပျက်စီးမှုများကို ဆန်းစစ်သုံးသပ်ခြင်းနှင့် မြေပုံထုတ်လုပ်ခြင်းများကိုလည်း ပြုလုပ်ရန်ဖြစ်သည်။

အဲဒီတော့၊ ဓါတ်ပုံတွေလိုမည်၊ ကောင်းကင်ဓါတ်ပုံ မသုံးနိုင်၊ ကိုရွှေဂျပန်များ ပေးသွားသှောSpot ဓါတ်ပုံများ၊ ကျွန်တော့်မိတ်ဆွေတွေ ပို့ပေးသော လင်းဆက်ပုံများ နောက်ဆုံး လင်းဆက်ပုံကို နာဆာဆိုဒ်မှ ချလိုက်သည်၊

အလွှာခွဲနိုင်ရန်အတွက် သစ်တောအမျိုးအစားခွဲလိုက်ပါသည်၊ လားလား ဒီရေတောကြိုးဝိုင်း ကိုးခုတွင် ၃ခုက သစ်တောလုံးဝမရှိတော့၊ လယ်များ၊ မိန်းမလှကျွန်း သစ်တောကြိုးဝိုင်းမှလွဲပြီး ကျန်သစ်တောကြိုးဝိုင်းများ ၂၅% ခန့်သာ ဒီရေတောရှိတော့သည်။

မြေပုံများ၊ ကိုရွှေဂျပန်တို့ထံမှ ဂျီအိုင်အက်စ်စနစ်နှင့်ရပါပြီ၊ အသေးစိတ်လွန်းခြင်းကြောင့် ချင့်ချိန်သုံးစွဲရသည်၊ ယခုလုပ်ငန်းအတွက် သုံးစွဲခွင့်လည်း သက်ဆိုင်ရာမှ မဆိုင်းမတွခွင့်ပြုခဲ့ကြသည်။ ကကကြည်းအထိတင်ရသည်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် ဦးစီးဌာနက ကကကြည်းတင်ရန် သစ်တောကို ဘောလီဘောပုတ်သည်၊ သေသေချာချာ ရှင်းပြကောင်းလို့ လား တော့မသိ မဆိုင်းမတွ၊ နာဂစ်ထူထောင်ရေးလုပ်ငန်းများအတွက် အသုံးပြုခွင့် ရပါသည်။

နည်းစနစ်၊ နောက်ဆုံး ဒီရေတောကို တိုင်းခဲ့ကြသည့် ၁၉၉၇ပတ်ဝန်းကျင်က လုပ်ငန်းဆောင်ရွက်ပုံကို ညီငယ်(ယခု သစ်တောပါချုပ်ကြီး) က ရှာလာပေးသည်၊ မီတာ၄၀လျှင် နမူနာကွက်တစ်ကွက်ဖြင့် စိတ်လိုက်သည့် နည်းစနစ်၊ တောထဲကို အဲဒီအချိန်က ဘယ်လိုတိုးခဲ့ကြသည်မသိ၊

နာဂစ်ဖြစ်ပြီးမှာ လုပ်ထားတဲ့ ဆန်းစစ်ချက် တောတွေ ဘယ်လောက်ပျက်အောင် လူတွေလုပ်ခဲ့သလဲ၊ ကျွန်တော် ပြောပြောနေတဲ့ စိုက်ပျိုးရေးဆရာတွေ ကိုယ့်သေတွင်း ကိုယ်တူးတယ် ပြောတာ ဒါတွေပါပဲ


No comments:

Post a Comment