Wednesday, November 30, 2016

ရွှေ ရွှေ ရွှေ

ဧရာဝတီကို တကယ်ချစ်သလား
-
အမိ ဧရာဝတီကို လက်ရှိ တကယ်ဒုက္ခပေးနေတာ
ဒီလို ရွှေတွင်းတွေ
လက်ရှိ တကယ် သက်သေလဲရှိတယ်
ဆက်လဲ လုပ်နေကြတယ်
-
ဖင်ပိတ်ပြီး အော်နေကျသူတွေထဲက ဒါတွေကို လက်တွေ့ ကျကျ ရပ်ပါလို့  ပြောတာ တစ်ခါမှ မကြားဘူးပါ
-
တာဝန်ရှိသူတွေကလဲ ကျနော်တို့  ရပ်ပါ့မယ်လို့  လုံးဝ အသံ မကြားရပါ
-
မြေပိုင်ဆိုင်မှု ရောင်းဝင်မှု ငှားရမ်းမှုတွေ
ထုတ်ပြန်ထားတဲ့ စာရွက်စုတ်တွေနဲ့ ပဲ ကာကွယ် ညင်းခုံနေကြတာ
-
အသဲနာတယ်
-
ပူတာအို မြောက်ဖက်က ရွှေတွင်းဟောင်းနေရာတစ်ခု
-
ကြံဖန်ပြီး ဒီနေရာတွေကနေ အောက်အတွက် နုံးတင် မြေနုတွေ ရပါတယ် ပြောအုံးမှာလား
-
တရုတ်ပဲလုပ်လုပ် နိုင်ငံတော်ကပဲ လုပ်လုပ် လက်ရှိ လုပ်ကြရတော့မဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေ ရှိလာမယ်ဆိုရင် ဒါတွေ လုံးဝ အပေါ် ရေဝေတွေမှာ မလုပ်ရတော့ဘူး
-
ပူတာအို မြို့ သားတွေ ကျနော်ပြောတာ သိပါတယ်၊ သူတို့ အချင်းချင်းလဲ ဆိုးဝါးစွာ တူးဖေါ်တာတွေကို သတိရှိရှိနဲ့  တိုင်ကြားပြီး အရေးယူတယ်ဆို သိရတဲ့အတွက် အရမ်း ဝမ်းသာခဲ့ရပါတယ်
-
ကောင်းမွန်တဲ့ စီမံကိန်းတွေ တကယ်စလာရင် ဒါတွေ မလုပ်ရတော့မှာ မို့ လို့  အတင်း ကန့် ကွက်နေတာလား၊ စဉ်းစားစရာပါ



ထိန်းရမဲ့တာဝန်ရှိတဲ့သူကို အထိန်းခံရမဲ့ အဖွဲ့ အစည်းကိုပါ အုပ်ချူပ်ခိုင်းလိုက်တာ အသာလေးကြည့်ရင်တော့ ဟုတ်မလိုလိုပဲ တကယ်တော့ အလုပ်မဖြစ်ဘူးဆိုတာ သစ်တောနဲ့  သစ်လုပ်ငန်းက နမူနာ ပြသွားလို့  တိုင်းပြည်မှာ တောကောင်း ၂၀%အောက်ရောက်နေပြီ၊ အခုလဲ ထိန်း၇မဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအောက်ကို သတ္တုတွင်းကို ပို့ လိုက်တော့ အခု ဝန်ကြီးရုံးမှာ ဘယ်သူတွေ ထောင်နေသလဲဆိုတာ နားနဲ့ မဆန့် ပဲဗျာ
LikeReply3 mins

Maung Maung Than လက်ရှိ အစိုးရရဲ့  မူဝါဒ ဆိုင်ရာကို ဘယ်သူတွေ ကိုင်သလဲတော့မသိ၊ အဲဒီ အကျင့်တွေ မပြောင်းလဲသေးတာတော့ အမှန်ပဲ၊ သောက်ကျင့်လို့ တောင် ပြောလိုက်ချင်သေးတယ်

Tuesday, November 29, 2016

ပြုပြင်ဖျက်ဆီးခြင်း

ပူတာအိုရဲ့  ဒီပြောင်းလဲမှုကိုတော့ 
-
ကျနော်ကတော့ မကြိုက်ပေါင်
-
၂၀၀၀မှာ ရောက်ခဲ့ကထဲက ပြောင်းလဲမှု အစကို မြင်ခဲ့ရတယ်
-
သိတ်နားမလည်သေးတော့ ရင်နာတာပဲသိတယ်
-
အခုတော့ တပြည်လုံးမှာ ဒါမျိုးတွေပဲ မြင်နေရတော့ သူပုန်ထချင်စိတ်ပေါက်တယ်
-
လက်ရှိအစိုးရကတော့ ဒီအမှားမျိုး မကျူးလွန်တန်ကောင်းပါရဲ့ 
ဒါပေမဲ့ ပုဂံမှာ စိတ်မချရသေး


အနည်းဆုံးတော့ ဘုရားပွဲတော်ကို နှစ်ပေါင်းများစွာ ကျင်းပခဲ့ကြတဲ့ မူလအချိန်ကို ပြန်လည် ပြောင်းလဲပေးသင့်ပါကြောင်း ဆန္ဒတွေရှိကြတယ်




 စတင် ပြုပြင် တည်ဆောက်တာလား ပြုပြင် ဖျက်ဆီးတာလား နောင် ထပ်မမှားကြပါနဲ့ တော့


အခုလက်ရှိ aerial view ပါ၊ အရင်က ထုံးဖြူဖြူလေးနဲ့  အာသောက လက်ရာလို့  စိတ်ကူးယဉ်လို့ ရတဲ့ ပုံတော်နဲ့သာဆိုရင် ဘယ်လောက် national heritage cultural heritage ပီသလိုက်မလဲ

တချိန်တုံးက စာရင်း၊ ကွင်းဆင်းတဲ့ Remote Sensing GIS team တွေအတွက်
-
ကင်မရာ
ဂျီပီအက်စ်
မြေပုံ
ဂြိုလ်တုဓါတ်ပုံ hard copy
Cassette recorder
မှတ်စုစာအုပ်
ပိုက်ဆံ
-
အခုဆိုရင်တော့
laptop with internet connection
GPS camera with recording facility, or latest model smart phone
note book or tablet PC for viewing satellite image
car adapter for AC and DC output
Drone with adequate number of spare batteries
-
ပိုက်ပိုက်
All weather vehicle
-
နောက်ဆိုရင်တော့
survey vehicle with 360 camera and satellite receiver
အနာဂတ်အတွက် ပြင်ဆင်ကြရအောင်ကို Nga Mann



သွားလမ်းသာလို့  လာလမ်းဖြောင့်ပါစေ

သွားလမ်းသာလို့  လာလမ်းဖြောင့်ပါစေ
-
အဲဒီစကားကိုကြားတိုင်း မြို့ တော်သိန်းအောင်ဇာတ်ထဲက မောင်ယဉ်အောင့် ပြဇာတ်တပုဒ်ကို သတိရနေတယ်
-
လူရွှင်တော် တစ်ဝက်က သူတောင်းစားတွေလေ
-
နောက် တစ်ဝက်က မဟုတ်တာလုပ်တဲ့ သူဌေးတွေ
-
လှုလိုက်ပြီဆိုရင် သူတောင်းစားအုပ်စုက ဆုတောင်းပေးတာ
-သွားလမ်းသာလို့  လာလမ်းဖြောင့်ပါစေ
-
ဇာတ်သိမ်းမှာတော့ သူဌေးတွေ မဟုတ်တာတွေ ပေါ်ကုန်လို့  ဂတ်တဲကို အဖမ်းခံရတဲ့ အချိန်မှာ သူတောင်းစား အုပ်စုက ထုံးစံအတိုင်း
-
သွားလမ်းသာလို့  လာလမ်းဖြောင့်ပါစေ
-
အခုလဲ ကျူပ် လူတော်တော်များများကို
-
သွားလမ်းသာလို့  လာလမ်းဖြောင့်ပါစေ
-
သူတောင်းစား ဂိုဏ်းချူပ်ကြီး မောင်ကို

လောင်စာ၊ ထင်း၊ ဆင်းရဲခြင်း

ဒီလိုပဲ မေ့မှာ စိုးလို့  ခံစားချက်တွေ ချရေးတာ
ပူတာအိုမှာ ည ၆နာရီ လုံးဝမှောင်နေပြီ
ဆိုင်ရှေ့ ကနေ အဖွားကြီး ၂ယောက် တလှုပ်လှုပ်နဲ့ ရွေ့ နေကြတယ်
နောက်က တယောက်က ပဲစဉ်းငုံရိုးတွေကို စည်းထားတဲ့ အစည်းကို ခေါင်းနဲ့  ထမ်းလာတယ်
-ကျနော်ကတော့ သိနေတယ်လေ ဒီ အစည်းကလေးဟာ သူတို့ အတွက် ည ချက်ဖို့  ပြုတ်ဖို့  လောင်စာပဲ၊ လျှပ်စစ်မီးပဲ အလင်းရောင်ပဲ
-
ဒါတောင် တစ်ဆယ် ဒီဂရီ စင်တီပဲ ရှိသေးတယ်
-
မြို့ အတွက် လျှပ်စစ် စီမံကိန်းတွေ ကြားခဲ့ရတယ်
သူတို့ အတွက် ပါပါ့မလား
မီးလင်းယုံလောက်ပဲလား
-
အိမ်သုံး စွမ်းအင်အတွက်
အထူးသဖြင့်၊ အပူစွမ်းအင်အတွက် ထည့်စဉ်းစားရဲ့လား
-
လင်းထိန်နေတဲ့ ဟိုတယ်ကြီးတွေ resort တွေရဲ့  ကြားမှာ ဒီလိုပဲ
ပဲစဉ်းငုံရိုးတွေ၊ ကိုင်းရွက်ထင်းတွေနဲ့ နေကြမှာလား
-
ဘေးပတ်ဝန်းကျင်ရွာတွေမှာတော့ ထင်းတောတွေ ထိန်းထားပြီး ထင်းခုတ်ရောင်းနေကြလေရဲ့ 
ကလေးတွေ ထင်းစည်းကလေးတွေ ကိုယ်စီနဲ့ 
ဧရာဝတီကို တကယ်ချစ်ရင် သူ့ သားသမီးတွေအတွက် တကယ်ကောင်းတဲ့ အစီအမံတွေလိုနေပါတယ်

ခရီးသွားလုပ်ငန်းနဲ့  ဧရာဝတီ

မေ့သွားမှာစိုးရိမ်ရလို့ ချရေးထားတာ ပူတာအိုလေဆိပ်ထဲက စကားဝိုင်းကလေး
-
မင်း WCS ကမဟုတ်လား
ဟုတ်ပါတယ် မင်းက
ငါ သစ်တောဌာနက အငြိမ်းစား ညွှန်မှုးတစ်ယောက်ပါ
-
အခု Park ထဲကနေ ပြန်လာတာ
-
ဥ.ယျာဉ်ထဲ အခြေအနေကောင်းရဲ့ လား
-
သက်ပြင်းချလျက် ကောင်းပါတယ် ဒါပေမဲ့
-
ဒါပေမဲ့ ဘာဖြစ်တာလဲကွာ
-
ဖုန်ကန်ကို ဒီနှစ်စပြီး ဧည့်သည်တွေ များလာတယ်
ပြသနာက ချက်ရေးပြုတ်ရေးပဲ ရှိတဲ့နေရာက ထင်းပဲ ခုတ်ပြီး သုံးနေကြတယ် ကြာလာရင်
-
အင်း ပြသနာပဲ
-
ငါတော့ စာရေးထားတယ် Alps မှာလို ရေင်္နဆီတို့  တခြား လောင်စာ မီးဖိုတွေ သုံးဖို့ 
-
ကျနော့်စိတ်ထဲကတော့ သူ့ စာက ဘယ်မှ ရောက်မယ်မထင်
-
ဖုန်ကန်ရာဇီ တောင်တက်တဲ့လူတွေကို ထိန်းသိမ်းဖို့  ဘယ်သူ့ တာဝန်လဲ
ပတ်ဝန်းကျင်ဌာနလိုလို ဟိုတယ် ခရီးသွားလိုလို၊ သစ်တောဌာန ဥယျာဉ်တာဝန်ခံလိုလို GAD လိုလိုနဲ့ 
-
သေချာတဲ့ ဖေ့စ်ဘုတ် ပိတ်သတ်ကြီးကိုပဲ တိုင်တည်လိုက်ပါရဲ့ 
-
အဲဒါလဲ အမိဧရာဝတီပဲနော ခင်ဗျားကြီးတို့  မသိချင်ရောင်ဆောင်မနေကြနဲ့ 
-
ဒီလောက်ဝေးတဲ့ နေရာကို အရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်ဟာ လောင်စာအတွက် ပိုကုန်မဲ့ပိုက်ဆံကို ဘာမှ ဖြစ်မှာမဟုတ်ပေမဲ့
-ရသလောက် နှပ်ချေးခွာမဲ့ မြန်မာ ဟိုတယ်ဖက်ကတော့ ထင်းပဲ ခုတ်သုံးမှာ အသေအချာ၊

Monday, November 28, 2016

ချစ်ကြသလား မေလိခမြစ်ဝှမ်း

ဧရာဝတီကို တကယ်ချစ်သလား
ဘာမှ မလုပ်ပါနဲ့ဆိုပြီး ထိုင်ပြောနေယုံနဲ့မရ
တကယ်ချစ်ရာကျအောင်လုပ်ရမှာ အလုပ်တွေက ထုနဲ့ဒေး
မိခင်ကလဲ သူ့ ကို အလှထိုင်ကြည့်နေတာ ကြိုက်မှာမဟုတ်

Monday, November 14, 2016

မိုင်းမော မြို့ ဟောင်း ဦးအောင်မြင့်

မိုင်းမော(၁)

24 August 2011 at 17:44
မိုင်းမောမြို့ဟောင်း

မိုင်းမောမြို့ဟောင်း ကိုတွေ့ရှိခြင်းမှာ၊ မိုင်းမောကိုဦးတည်ရှာဖွေ၍တွေ့ခဲ့ရခြင်းမဟုတ်။ ၁၉၆၅ခုလောက်က ကျောက်ဆည်လွင်ပြင်တစ်ဝိုက်တွင်ရှိသည့် မြို့ဟောင်းနေရာများကို ကောင်းကင် ဓာတ်ပုံထဲ၌ ကြည့်ရှုဖော်ထုတ်လေ့လာရင်း (မြင်စိုင်း၊ မြင်းခုံတိုင်နှင့် မက္ခရာ(၁) ပင်လယ်မြို့များ) ပင်လယ်မြို့၏အနောက်ဘက် တောင်ခြေရင်း၌ ယိုယွင်းပွန်းတီးနေပြီဖြစ်သော မြို့ဟောင်းရာကြီးတစ် ခုကို ကောင်းကင်ဓာတ်ပုံထဲ၌ တွေ့ရှိခဲ့ခြင်းဖြစ်ပေသည်။
ကျောက်ဆည်လွင်ပြင်သည် သမိုင်းသုတေသီတို့ မြေပြင်ပေါ်၌ အထပ်ထပ်လေ့လာကြည့်ရှုခဲ့ ကြပြီးဖြစ်သည့် ဒေသတစ်ခုလည်းဖြစ်သည်။ ရှေးဟောင်းသမိုင်းစာပေနှင့် ကျောက်စာအထောက် အထားများအရလည်း စိတ်ဝင်စားဖွယ်ဒေသတစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း ကျောက်ဆည်လွင်ပြင် ကို သမိုင်းသုတေသီတို့စိတ်ဝင်စားကြခြင်းဖြစ်သည်။ (၁၉၅၆)ခုနှစ်လောက်တွင် သမိုင်းသုတေသီတို့ ကျောက်ဆည်လွင်ပြင်ရှိ မြစ်သား(၁၁)ခရိုင်မြို့ဟောင်းများကို ရှာဖွေစူးစမ်းရာတွင် ဤမိုင်းမောမြို့ ဟောင်းနေရာကိုလည်း တွေ့ရှိခဲ့ဖူးသည်ဟု သိရသည်။ သို့ရာတွင် တစ်စွန်းတစ်စကိုသာတွေ့ရှိပြီး ပုံသဏ္ဌာန်ကိုမဖော်နိုင်ခဲ့။ မြို့ဟောင်းပင်မထင်ခဲ့ကြပေ။
၁၉၂၅ခု ကျောက်ဆည်ဒီးစတြိတ်ဂေဇက်တီးယားတွင် မိုင်းမောအကြောင်းတစ်စိတ်တစ်ဒေသ ပါရှိနေသည်ကို တွေ့ရသည်။ ကျောက်ဆည်ဒေသသည် ရှေးကပင်ဆည်မြောင်းတာတမံများ ထွန်းကားခဲ့သည်။ ရှေးမြို့ဟောင်းများ၊ အများအပြားတည်ရှိခဲ့ဖူးသည်။ မက္ခရာ၊ မြင်းစိုင်း၊ မြင်းခုံတိုင်၊ ပင်လယ်၊ ညောင်လှနှင့် မိုင်းမောတို့တည်ရှိသဖြင့် သမိုင်းကြောင်းကြယ်သော ဒေသတစ်ခုဖြစ်သည်ဟု မိုင်းမောအမည်ကိုပင်တစ်နေရာတွင် ဖော်ညွှန်းထားသည်။ (ဂေဇက်တီးယား-စာမျက်နှာ-၁)။
တစ်ဖန်မိုင်းမောဟူသော ကျယ်ဝန်းပြီး တံတိုင်းအကာအရံရှိသည့် ခံတပ်မြို့တစ်ခုလည်း ကျောက်ဆည်ဒီးစတြိတ်၏တောင်ပိုင်း၌ရှိသည်။ မှန်နန်းရာဇ၀င်၊ ကုန်းဘောင်ရာဇ၀င်များ၌ မိုင်းမော အကြောင်းပါရှိခြင်းမတွေ့ရ။ သို့ရာတွင် မရေမရာသည့် အရပ်ပြောအရ၊ ရှမ်းမင်းတစ်ပါးအုပ်ချုပ်ခဲ့ဖူး သည်ဟု မိုင်းမောနှင့်ပတ်သက်၍ ဖော်ပြထားချက်တစ်ခုကိုထပ်မံတွေ့ရှိရပြန်သည်။ (ဂေဇက်တီးယား-စာမျက်နှာ-၂၅)
ကျောက်ဆည်ဒေသတွင် ရှမ်းများနေထိုင်မှုကို ဖော်ညွှန်းရာ၌ တစ်ဖန်ဤသို့တွေ့ရှိရပြန်သည်။ မိုင်းမော၊ မိုင်းပန်-စသည့်အမည်များမှာ ရှမ်းအမည်များဖြစ်ဟန်ရှိသည်။ ရှမ်းပြည်နှင့်ကျောက်ဆည် ဒေသမှာဆက်သွယ်မှုရှိပေသည်။ ၁၄ရာစုနှစ်တွင် မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်မြို့များ၌ ရှမ်းမင်းများ ရှိနေကြခြင်းနှင့် ၁၈ရာစုနှစ်တွင်လည်း မိုင်းမောရှိနေသည်ဟုဖော်ပြထားပြန်သည်။ (ဂေဇက်တီးယား-၃၃)
(၁၈)ရာစု နှစ်ပိုင်းထက်စော၍ (၁၄)ရာစုက တည်ရှိခဲ့သည့် မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်မြို့ များ၏အကြောင်းများမှာ မြန်မာ့သမိုင်းမှတ်တမ်းများ၌ ပါရှိနေသည်ကိုတွေ့ရှိရပေသည်။ ဖော်ပြပါ မြို့များအားလုံးထက် ကြီးသည့်ပို၍ခိုင်ခံ့သည့် မိုင်းမောအကြောင်း တစ်လုံးတစ်ပါဒမျှ မပါရှိခြင်းမှာ အံ့သြဖွံယ်ဖြစ်နေသည်။ သို့ဖြစ်၍ မိုင်းမောသည် အထက်ဖော်ပြပါ မက္ခရာ၊ ပင်လယ်၊ မြင်စိုင်း၊ မြင်းခုံတိုင်တို့ထက်စောသည်ဟုပင် ဆိုချင်ပါသည်။ သို့ရာတွင်မိုင်းမောကို သေချာစွာ စနစ်တကျတူး ဖော်ခြင်းပြုပြီးမှသာ အခိုင်အမာပြောဆိုနိုင်ကြပေမည်။
ရှင်းရှင်းဆိုရလျှင် မိုင်းမောမြို့ဟောင်းသို့မဟုတ် အရာဟောင်းကြီးရှိခဲ့ဖူးသည်ကို သိရှိကြပြီး ဖြစ်သည်။ သို့ရာတွင် ဤမိုင်းမောမြို့ဟောင်းအကြောင်းနှင့် ပတ်သက်၍မူ မည်သည့်သုတေသီတို့မှ အထောက်အထားရှာဖွေ၍ မှတ်တမ်းတစ်စောင်တစ်ဖွဲ့ ပြုစုထားခဲ့သည်ကို မတွေ့ရသေးပေ။ မည်သို့ သောပုံသဏ္ဌာန်ရှိသည် စသည်ဖြင့် ဖော်ညွှန်းခဲ့ခြင်းမတွေ့ရပေ။
သုတေသီများအနေဖြင့်လည်း ဤဒေသ၌ ပိုမို၍ထင်ရှားစွာတွေ့နိုင်သည့် မြင်စိုင်း၊ မြင်းခုံတိုင်၊ ပင်လယ်(မက္ခရာ-၁)မြို့ဟောင်းများကို စူးစမ်းခြင်း၊ ပုံထုတ်တိုင်းတာမှတ်တမ်းတင်ခြင်း စသည်ဖြင့် လေ့လာစေ့ငုရန် စိတ်စောနေကြ၍လော မပြောတတ်ပေ။ မိုင်းမောကိုစာရေးသူသည် မြန်မာ့မြို့ ဟောင်းရာများကို ကောင်းကင်ဓာတ်ပုံများမှ လေ့လာခြင်း၁၉၆၈ခု၊ စာတမ်းအမှတ်(၁)တွင်စတင် တင်ပြခဲ့ပါသည်။ ပုံသဏ္ဌာန်မြေပုံမျှဖြင့်သာ ဖော်ပြပြီး မြို့ရိုး၊ ကျုံးများ၏လက်ရှိအခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ မြို့ဟောင်းဝန်းကျင်နှင့်ပတ်သက်၍လည်းကောင်း၊ ဓာတ်ပုံထဲ၌ တွေ့ရှိ ချက်မှန်သမျှကို လုံလောက်ပြည့်စုံစွာ မဖော်ပြမိခဲ့သဖြင့် ဟာကွက်ရှိနေပေသည်။

မိုင်းမောဆိုသည့်အမည်နာမ
သမိုင်းမှတ်တမ်းများတွင် မိုင်းမောဆိုသည့်အမည်ပါရှိသည့် ခေတ်ကြီးတစ်ခေတ်ရှိခဲ့သည် မဟုတ်ပေ။ သို့ရာတွင် ဤမိုင်းမောမြို့ဟောင်း အရာကြီးမှာ ဧရိယာပမာဏအနေဖြင့်လည်း ရှေးဟောင်းခေတ်ပိုင်းပို၍ ကျသည့် အ၀ိုင်းပုံသဏ္ဌာန်မျိုးဖြစ်နေခြင်းနှင့် ပွန်းတီးယိုယွင်းမှု အခြေ အနေမှာလည်း နှစ်ပရိစ္ဆေရှည်ကြာမှုကို ထောက်ကူနေခြင်းကြောင့် အလွန်စိတ်ဝင်စားခဲ့ရပေသည်။
မိုင်းမောဆိုသည့်အမည်မှာ ၄င်းမြို့ဟောင်းအရာ၏အတွင်း၌ လုံးလုံးလျားလျားတည်ရှိသည့် ဥန္နဲပုတ်နှင့် မိုင်းမောဟူသောကျေးရွာနျစ်ခုအနက်ပို၍ မြို့ဟောင်းအတွင်းပိုင်း၊ ဗဟိုကျသည့်မိုင်းမော ရွာကလေးကိုအမှီပြုပြီး မိုင်းမောမြို့ဟောင်း- ဟူ၍ပင် မှည့်ခေါ်ထားခြင်းဖြစ်ပေသည်။ သမိုင်းလာ အမည်ကား မဟုတ်ပါချေ။
မိုင်းမော၏၀န်းကျင်၌ နတ်လွှဲ၊ မြနဒီ၊ ထီးလိုင်၊ ထားဝယ်အင်း၊ ရွှေလောင်း၊ ရခိုင်ကြီး၊ မြို့တွင်း၊ တောင်တော်စသည့် ကျေးရွာများရှိလေသည်။
၎င်းဒေသတွင်သမိုင်းလာအမည်နှင့် အနီးစပ်ဆုံးသော ကျေးရွာအမည်မှာ ထီးလိုင်ရွာဖြစ် သည်။ ထီးလိုင်သည် မိုင်းမောမြို့ဟောင်း၏အရှေ့ဘက်စူးစူး(၁၀)မိုင်ခန့်တွင်ရှိသည်။ လမ်းအတိုင်း သွားလျှင်(၁၂)မိုင် (၁၃)မိုင်ခန့်သွားရသည်။
ထီးလိုင်သည် ပေပေါင်း ၅၃၀၀ကျော်ရှိသည့် ၀ါးဘိုးတောင်ခြေရင်းတွင်ရှိသည်။ ၀ါးဘိုးတောင် နှင့် ၄င်း၏အနောက်ဘက်ရှိပေ ၂၀၀၀ကျော်ခန့်မြင့်သည့် အခြားတောင်တန်းတစ်ခုတို့၏ အကြားရှိ ချိုင့်ဝှမ်းထဲ၌တည်ရှိသည်။ ပြန့်ပျူးကျယ်ဝန်းသည့် အနေအထားမရှိ။ သို့ဖြစ်၍ မြို့ဟောင်းအရာနှင့် အနီးဆုံးဖြစ်ပြီး မြို့ဟောင်းရာ၏ဗဟိုချက်တွင် တည်ရှိနေသည့် မိုင်းမောရွာကလေးကိုအမှီပြုပြီး မိုင်းမောမြို့ဟောင်းဟူ၍ပင် မှည့်ခေါ်ထားခြင်းဖြစ်ပေသည်။ သမိုင်းလာအမည်ကား မဟုတ်ပါချေ။

မြို့ဟောင်း၏ပုံသဏ္ဌာန်နှင့်လက်ရှိအခြေအနေ
အ၀ိုင်းပုံသဏ္ဌာန်။
မိုင်းမောမြို့ဟောင်းသည် အ၀ိုင်းပုံသဏ္ဌာန်ရှိသည်။ ဓာတ်ပုံများပေါ်၍တွေ့ရှိပြီးသည့် မြို့ဟောင်းများအားလုံးတွင် (၀တီးမြို့ဟောင်မှအပ) အ၀ိုင်းပုံသဏ္ဌာန်အဖြစ်နှင့် အလွန်ပီပြင်သည့်မြို့ ဟောင်းတစ်ခုဖြစ်သည်။ သရေခေတ္တရာမြို့ဟောင်းထက်လည်း ပို၍၀ိုင်းသည်။ ဝေသာလီ၊ ဓည၀တီ (မဟာမုနိ)သာဂရ(ထားဝယ်)တို့ထက်လည်း ပို၍၀ိုင်းသည်။ ၀တီးပင်လျှင် အ၀ိုင်းဆုံးဖြစ်သည်ဟု ဆိုစေကာမူ၊ အရှေ့မြောက်ဘက်တွင် အနည်းငယ်ချွန်းလျက် ရှိချေသေးသည်။
သရေခေတ္တရာမြို့ဟောင်းသည် မြောက်ဘက်၌ကားပြီး တောင်ဘက်၌အနည်းငယ်ရှူးသွား သည်။ အလွန်သိသာသည်။ သို့ရာတွင်မိုင်းမောမှာ ထိုသို့မဟုတ်၊ အရှေ့၊ အနောက်အချင်းမှာ အနည်းငယ်ရှည်ပြီး၊ တောင်နှင့်မြောက်အချင်းမှာ အနည်းငယ်တိုသည်။ သို့ရာတွင် ပီပြင်သောအ၀ိုင်း ပုံသဏ္ဌာန်ကိုဆောင်သည်။
ကောင်းကင်ဓာတ်မှ ဖတ်ရှုထောက်ကူမှုမပါဘဲ မြေပြင်ပေါ်၌သာ အရာဟောင်းကိုဦးတိုက်ရှာ ဖွေမည်ဆိုပါက အချိန်တိုတိုအတွင်း ဤမျှခရီးရောက် လွယ်ကူနိုင်မည်မဟုတ်ပေ။ စိတ်ဝင်စားဖွယ် ရာအကောင်းဆုံးအချက်မှာ မြို့ရိုးသုံးထပ်ဖြစ်နေခြင်းပင်ဖြစ်သည်။ အပြင်ထပ်မြို့ရိုးဝိုင်းကြီးအတွင်း၌ စဂုဂံတစ်ထပ်အတွင်းဆုံးတွင် အ၀ိုင်းပုံသဏ္ဌာန်မြို့ရိုးတစ်ထပ်ရှိ နေခြင်းတို့ပင်ဖြစ်သည်။ စတုဂံ၏ (အလယ်)ထပ်မှာ များစွာမထင်ရှားလှ၊ သို့ရာတွင်အတွင်းဆုံးနှင့် အပြင်းဆုံးအပိုင်း၂ထပ်မှာ အလွန် ထင်ရှားပေသည်။ အလယ်စတုဂံထပ်မှာရေးရေးသာ ကျန်တော့သည်။
မိုင်းမောမြို့ဟောင်းကို ဓာတ်ပုံ၌ဖတ်ရှုဖော်ထုတ်နိုင်ခဲ့စေကာမူ ဆက်လက်၍မြေပြင်၌ စူးစမ်း မှုမပြုနိုင်ခဲ့။ စာရေးသူမန္တလေးသို့ တာဝန်အရပြောင်းရွှေ့ရသည့်အခါ ၁၉၇၇ခုနှစ်မှပင် အခွင့်ကြုံ ကြိုက်သဖြင့် သွားရောက်စူးစမ်းလေ့လာခဲ့ရသည်။ စိတ်ထဲဝယ် မဖော်ပြနိုင်သည့် အံ့သြမှု၊ ၀မ်းမြောက်ကြည်နူးမှုဖြစ်ခဲ့ရသည်။ အ၀ိုင်းပုံသဏ္ဌာန်မြို့ကြီးမှာ နေရာအနှံ့အပြားပြိုပျက်ယိုယွင်း လျက်ရှိစေကာမူ ကျန်အပိုင်းများ၌ မြို့ရိုးအုတ်များ အများအပြားကျန်နေဆဲရှိနေသည်ကို တွေ့ရသော ကြောင့်ပင်ဖြစ်သည်။ မူလက ကောင်းကင်ဓာတ်ပုံများဖတ်ရှုပြီး ဤမြို့ရိုး၏ ပုံသဏ္ဌာန်ကို မြင်တွေ့ ထားခဲ့ခြင်းမရှိဘဲ၊ ဓာတ်ပုံဖြင့် မဟုတ်ဘဲ၊ မြေပြင်၌တကောက်ကောက်လျှောက်၍ ရှာဖွေပါက အကွက်စေ့အောင် မြို့ရိုးဟောင်းရာကို ဖော်ထုတ်နိုင်အံ့ မထင်ပါ။ ဓာတ်ပုံထဲ၌လေ့လာပြီး (၁၀)နှစ် ကျော်ကြာမှပင် မြေပြင်ကွင်းဆင်းလေ့လာနိုင်ပေသည်။

မိုင်းမော၏တည်နေရာ
မိုင်းမောမြို့ဟောင်းသည် မြောက်ဘက်လတ္တီတွဒ်(၂၁)ဒီဂရီနှင့် (၁၇)မိနစ်ခန့်နှင့် အရှေ့ဘက် လောင်ဂျီတွဒ် (၉၆)ဒီဂရီ (၁၂)မိနစ်ခန့်တွင်တည်ရှိသည်။ မြစ်သားမြို့နယ်တွင် ပါဝင်သည်။ ကားလမ်းဖြင့်သွားလျှင် ရန်ကုန်မန္တလေးကားလမ်းဘေးရှိ ကူမဲမြို့မှ ပန်းလောင်ချောင်းကို မြှောင်၍ အရှေ့တောင်ဘက်သို့(၅)မိုင်ခွဲခန့် လိုက်သွားလျှင် နတ်လွှဲတူးမြောင်း အနီးရှိမိုင်းမောရွာသို့ ရောက် နိုင်ပေသည်။ ယခင်က ကားဖြင့်သွားရန် မလွယ်ကူလှ။ ယခုမူ ဆည်စီမံကိန်းဒေသအတွင်း ကျရောက် လျက်ရှိနေသဖြင့် လမ်းဖြိုင်ဖြိုင်ဖြူးလျက်ရှိပြီ။ စူးစမ်းလေ့လာမှုပြုရန် စာရေးသူအခေါက်ခေါက် အခါခါ သွားခဲ့စဉ်က ဆိုးလိုက်သည့်လမ်း နွေဆို ဖုန်တထောင်းထောင်း မိုးဆို ရုန်းလိုက်ရသည့်ဗွက်။ တံတားအိုများကို ကားဖြင့်ကျော်ဖြတ်ရာ၌လည်း ကျိုးကျမည်စိုးသဖြင့် သတိပြုရသေးသည်။

ခရီးစဉ်
မန္တလေးမြို့တောင်ဘက်မိုင်(၅၀)ကွာဝေးသည့် ကူမဲမြို့မှ အရှေ့တောင်ဘက်သို့ဝင်ရသည်။ ထိုစဉ်ကနွေရာသီ၌ လှည်းလမ်းကြောင်းအတိုင်း ကားဖြင့်သွားရောက်နိုင်သည်။ ကားဖြင့်သွားရောက် နိုင်သည်ဆိုစေကာမူ လမ်းကြမ်းခရီးဖြစ်၍ ဘီး(၄)ဘီးစလုံး၏အားဖြင့် (၄တ့နနီူမငလန)အသုံးပြုနိုင် သည့်ခရီးကြမ်းသုံးဂျစ်ကား၊ လင်းရိုဘာကားမျိုး၊ သို့မဟုတ် ခရီးကြမ်းသွား ကားမျိုးဖြင့်သာသွားသင့် သည်။
သွားသည့်အခါတွင် လှည်းလမ်းကြောင်းအလယ်၌ မို့မောက်နေသည့် မြေများကိုလိုအပ်လျှင် ဖြိုနိုင်ရန် ပေါက်တူး၊ ဂေါ်ပြားစသည်များကိုလည်း ယူသွားသင့်ပေသည်။ ထိုစဉ်ကနွေရာသီဆိုစေကာ မူ တချို့နေရာများ၌ တူးမြောင်းများမှ အခါမလပ် လယ်များသို့ ရေသွင်းစိုက်ပျိုးလျက်ရှိသည့် ဆည်ရေသောက်ဒေသများဖြစ်သဖြင့် လမ်းပေါ်၌ ဗွက်ပေါက်လျက်ရှိသော နေရာတချို့ရှိပေသည်။ တချို့ဗွက်များမှာ ကားပင်မရုန်းနိုင်။ စာရေးသူသွားစဉ် တစ်ခါတုန်းက ကားနစ်သဖြင့် အနီးအနားရှိ ထွန်စက်တစ်စီးကဆွဲတင်ပေးရသည်။ ထွန်စက်အခန့်သင့်မတွေ့လျှင် ဒုက္ခ။
ကားဖြင့်သွား၍မဖြစ်နိုင်လျှင် လှည်းဖြင့်ဖြစ်စေ၊ ခြေကျင်ဖြစ်စေ သွားရောက်နိုင်သည်။ မိုးတွင်း၌မူကား ဗွက်ထူသဖြင့် ကားဖြင့်လုံးဝသွား၍ မဖြစ်နိုင်တော့ပေ။ စာရေးသူအနေဖြင့် ကားဖြင့် လည်းကောင်း၊ ခြေကျင်ဖြင့်လည်းကောင်း၊ မိုင်းမောမြို့ဟောင်းကို စူးစမ်းရန်သွားရောက်ခဲ့ဖူး၏။ ခြေကျင်သွားလျှင်မိုင်းမော၌ ညအိပ်ပြီး မြို့ဟောင်းကိုစူးစမ်းလေ့လာဖို့ လိုပေသည်။

ဝန်းကျင်ကျေးရွာများ
ကူမဲမှထွက်လျှင် တစ်မိုင်သာသာမျှလောက်တွင် ကဆွန်ရွာကလေးသို့ရောက်ရှိသည်။ ထိုမှ တစ်ဖန်တစ်မိုင်သာသာခန့်သွားလျှင် မယ်ဇလီပင်သာရွာသို့ ရောက်သည်။ ထိုမှတစ်ဆင့် ခရုတုတ်ရွာ ကိုဖြတ်ကျော်၍ လှည်းလမ်းကြမ်းအတိုင်း သွားရသည်။ ခရုတုတ်ကျေးရွာမှ အရှေ့တောင်ဘက်သို့ သွားလျှင် လှည်းလမ်းသည် မိုင်းမောမြို့ဟောင်း၏ မြောက်ဘက်မြို့ရိုးကိုဖောက်၍၀င်သည်။ (မြေပုံ။ အမှတ်(၇)ပြထားသည့်နေရာရှု)။
စာရေးသူသွားစဉ်အခါက မြောက်ဘက်မြို့ရိုးမှ ဖောက်ဝင်ခဲ့သည်ကိုမသိလိုက်ပါချေ။ မြို့ဟောင်းရာ အတွင်းရှိ ဥန္နဲပုတ်ရွာနှင့် မဝေးလှသည့် မိုင်းမောရွာသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက် တော့မှပင်၊ မိုင်းမောမြို့ဟောင်းထဲရောက်နေနှင့်ပြီ ဖြစ်ကြောင်းသိရတော့သည်။ အပြန်ခရီးကျမှပင် အလာတုန်းက လမ်းမှဖြတ်ဝင်ခဲ့သည့် မိုင်းမော၏မြောက်ဘက်မြို့ရိုးကို ထပ်မံလေ့လာခဲ့ရပေသည်။
ယခုအခါမိုင်းမောမြို့ဟောင်းသို့ သွားရေးလာရေးခရီးလမ်းမှာ ဖြောင့်ဖြူးလျက်ရှိလေပြီ။ လမ်းဟောင်းမှမဟုတ်ဘဲ ကူမဲ၏တောင်ဘက်ကင်းတားဆည်လမ်းမှတစ်ဆင့် ၀င်လျှင်မိုင်းမောသို့ လွယ်ကူာ ၀င်နိုင်ပေပြီ။

မြို့ဟောင်းအတွင်းမှကျေးရွာများ
မိုင်းမောမြို့ဟောင်းအတွင်း လုံးလုံးလျားလျားကျရောက်သည့်ကျေးရွာ ၂ရွာမှာ ဥန္နဲပုတ်ရွာနှင့် မိုင်းမောရွာတို့ဖြစ်သည်။ ဥန္နဲပုတ်မှာ အိမ်ခြေ(၁၀၃)ခန့်ရှိပြီး မိုင်းမောမှာ အိမ်ခြေ(၂၆)မျှသာ ရှိသည့် ရွာငယ်ကလေးဖြစ်သည်။ မိုင်းမောရွာကလေးမှာ မန်ကျည်းပင်များနှင့် အရိပ်အာဝါသကောင်းသည်။ အိမ်ခြေကျဲသည်။ ဥန္နဲပုတ်နှင့်မိုင်းမောရွာ ၂ရွာမှာ နီးကပ်သော်လည်း နတ်လွှဲမြောင်းက ခြားလျက်ရှိ သည်။ နတ်လွှဲမြောင်းတွင်လှည်းနှင့်ကားကောင်းစွာ သွားနိုင်သည့်ခိုင်ခန့်သော အုတ်တံတား တစ်ခုဖြတ်ကူးထားသဖြင့် လွယ်ကူစွာသွားနိုင်ပေသည်။
မိုင်းမောမြို့ဟောင်း၏ အရှေ့မြောက်ဘက်တွင် ကန်ဆွယ်ရွာရှိသည်။ ကန်ဆွယ်ရွာမှာ မြို့ရိုး ကိုဖြို၍အတွင်းတစ်ဝက်၊ အပြင်တစ်ဝက်ဖြတ်၍ တည်ထားသည့်ရွာဖြစ်သည်။ သို့ဖြစ်၍ မြို့ဟောင်း အတွင်းလုံးလုံးလျားလျား ကျရောက်သည့်ကျေးရွာအဖြစ် ဖော်ပြမထားခြင်းဖြစ်သည်။ ကန်ဆွယ်ရွာ သည်မြို့ဟောင်းအတွင်း၌ ကျရောက်သည့်အပိုင်းထက် မြို့အပြင်၌ ကျရောက်သည့်အပိုင်းက ပို၍စည်ပင်ပြီး အိမ်ခြေလည်းများသည်။ (အရှေ့ကန်ဆွယ်အိမ်ခြေ (၇၅)-အနောက်ကန်ဆွယ် အိမ်ခြေ၂၄)။
မိုင်းမောမြို့ဟောင်း၏ တောင်ဘက်မြို့ရိုး၏ (အနောက်ဘက်ပိုင်းတွင် ညောင်ပင်သာရွာ ကလေးနှင့် တောတွင်းရွာတို့ရှိကြသည်။ ရွာ၂ရွာမှာ ဆက်မည်ဖြစ်နေ၍ တောတွင်ညောင်ပင်သာဟု ခေါ်သည်။ ဤရွာများမှ လှည်းလမ်းအတိုင်း ၃ မိုင်ခန့်သွားလျှင် မြို့တွင်းရွာသို့ ရောက်နိုင်သည်။ မြို့တွင်းရွာမှာ အမည်နှင့်လိုက်အောက်ပင် ပင်လယ်မြို့ဟောင်း၏ မြို့ရိုးခွင်အတွင်း၌ တည်ရှိသည့် ရွာကလေးပင်တည်း။
ကူမဲမှ မိုင်းမောသို့ သွားသောလမ်းဟောင်းခရီးတလျှောက်၌ ရှေးဟောင်းဘုရားပုထိုးပျက်များ အဆောက်အအုံအပျက်အစီးများ မတွေ့ခဲ့ရပေ။ မိုင်းမောမြို့ဟောင်း၏ အလယ်ဗဟိုခန့်လောက်တွင် နန်းတော်ရာ ဘုရားစုနှင့်သိမ်တော်ကြီးဘုရားတို့ရှိကြ၏။ မိုင်းမောရွာနှင့်မနီးမဝေးတွင်ဖြစ်သည်။


မိုင်းမောမြို့ဟောင်းပုံသဏ္ဌာန်။
စိတ်ဝင်စားဖွယ်ကောင်းသည်မှာ မြို့ရိုးအ၀ိုင်းကြီးသည် ကြီးမားထည်ဝါလှပြီး၊ အရွယ်အစား ပမာဏမှာ မန္တလေးကျုံး၊ မြို့ရိုးပမာဏခန့်ပင်ရှိသည်။ မိုင်းမောသည် အ၀ိုင်းပုံသဏ္ဌာန်ရှိသည့် မြို့ကြီးဖြစ်သည်။ အ၀ိုင်းပုံသဏ္ဌာန်မြို့ရိုးကြီးမှာ အပြင်ဆုံးထပ်ဖြစ်သည်။ အတွင်း၌လည်း အ၀ိုင်း ပုံသဏ္ဌာန်မြို့ရိုးခွင်တစ်တပ်ရှိသေးသည်။ ဤအ၀ိုင်း ၂ထပ်ကြားတွင်၊ စတုဂံပုံသဏ္ဌာန်ကဲ့သို့သော အရာဟောင်းတစ်ခုရှိနေသေးသည်။ မြို့ရိုးအ၀ိုင်းထပ်များကဲ့သို့ ပီပြင်ထင်ရှားမှုမရှိတော့ စေကာမူ အရာဟောင်းကို ဓာတ်ပုံထဲ၌တွေ့ရသေးသည်။ စတုဂံအရာဟောင်း၏ တောင်ဘက်သည် အထင်ရှား ဆုံးဖြစ်ပြီး ကျန်အပိုင်းများ၌ကောင်းစွာမထင်ရှားတော့ပေ။

အပြင်ဆုံးထပ်မြို့ရိုးဝိုင်းကြီး
မိုင်းမောမြို့ဟောင်း၏ မြို့ရိုးမှာအုတ်မြို့ရိုးဖြစ်သည်။ အုတ်မြို့ရိုးကိုအောက်ခြေ၌ မြေဖို့ပြီး ပို၍ခိုင်ခံ့အောင် အားဖြည့်ထားဟန်ရှိသည်။ တချို့နေရာများ၌ မြို့ရိုးပိုင်းများ နိမ့်လျှောလျက်၊ မြေပြင် နှင့်တပြေးတည်းဖြစ်နေစေကာမူ မြို့ရိုးအုတ်ရိုးကျန်သည့်နေရာများ၌ ယခုတိုင်အမြင့်၁၂ပေ (၃.၅မီတာ)မျှရှိသည့် နေရာများတွေ့ရသေးသည်။
အုတ်စီထားသည့် မြို့ရိုးမှာ အ၀ိုင်းကြီးတစ်ပတ်လုံးလုံးဖြစ်သည်။ မြို့ရိုး၏ နေရာအနှံ့အပြား ၌ မြို့ရိုးအုတ်များကို တူးဖော်ထုတ်ယူ၍ ရောင်းစားလျက် ရှိနေကြသည်။ ဤသို့ပြုလုပ်နေသည်မှာ ကြာပြီဟုလည်းသိရပေသည်။
၁း၂၄,၀၀၀ စကေးဓာတ်ပုံထဲ၌ တိုင်းတာခန့်မှန်းချက်များအရ၊ အပြင်ဆုံးအထိပ်အပိုင်း ပုံသဏ္ဌာန်မြို့ရိုးကြီးမှာ၊ အရှေ့မှအနောက်သို့ အချင်း(၁.၈)မိုင်ကျော်ရှိသည်။ ၂မိုင်နီးပါးခန့်တည်း။ အရှေ့နှင့်မြောက်အချင်းမှာ အနည်းငယ်တိုလေသည်။ (၁.၆)မိုင်သာသာရှိသဖြင့် တစ်မိုင်ခွဲကျော်ရှိ လေသည်။
မြို့ရိုးတစ်ပတ် တစ်လျှောက်လုံး၏အလျားမှာ ၅မိုင်ခွဲခန့်ရှိလေသည်။ (၉ကီလိုမီတာနီးပါးပင်)။ မြို့ဟောင်း၏ဧရိယာ အကျယ်အ၀န်းမှာ အစက်ချ ဇယားဖြင့်တိုင်းတာမှုအရ ၁၉၆၂ဧက သို့မဟုတ် (၂.၆)စတုရန်းမိုင်ခန့်မျှရှိလေသည်။ (၆၇၂ဟက်တာခွဲခန့်မျှ ဧရိယာပမာဏရှိ၏။)

တူးဖော်ဖျက်ဆီးမှု
စာရေးသူရောက်ရှိပြီး စူးစမ်းလေ့လာခဲ့သည့် မိုင်းမောနေရာအနှံ့၌ပင် အုတ်များကိုတူးဖော် ထားကြသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိရပေသည်။ အုတ်ချပ်များမှာ ပျမ်းမျှအလျား ၁၇-လက်မခွဲ၊ အနံ၈-လေးပိုင်းသုံးလက်မနှင့် ထု-နှစ်လက်မခွဲခန့်ရှိကြသည်။ (၄၅x၂၀x၆)စင်တီမီတာခန့်ရှိသည်ကို တွေ့ရသည်။
တူးဖော်ထားသည့်နေရာတစ်ခုနှစ်ခုကို တိုင်းတာကြည့်ရာ၊ အနက်၅ပေမျှတူးဖော်ပြီး အုတ်များ ကိုထုတ်ယူခဲ့ပြီး အောက်ခြေ၌အုတ်ချပ်များမကုန်သေးသည်ကိုတွေ့ရ၏။ အုတ်တူးထားသည့်နေရာ များအနက် တစ်နေရာတွင်၊ အလျားပေ ၃၀၊ အနံ ၁၂ပေနှင့် အနက် ၆ပေခန့်တူးဖော်ထားသည်ကို တွေ့ရှိရပြီး တူးဖော်သည့် အုတ်များမှာ မကုန်သေး။ တွေ့ရဆဲပင် ရှိသေးသဖြင့်၊ အုတ်စီထားသည့်မြို့ ရိုး၏ထုထည်ပမာဏမှာ သာမန်အသေးအဖွဲမြို့တံတိုင်း၊ အရံအတားမျှ မဟုတ်ကြောင်းသိရှိနိုင်ပေ သည်။ မြို့ရိုးတစ်လျှောက် ဤသို့တူးဖော်ထားသည့်နေရာများ၊ အနှံ့အပြားရှိနေ၏။ ပြတ်တောင်း ပြတ်တောင်းအုတ်များကို တူးဖော်ထုတ်ယူခဲ့ပြီးဖြစ်သည်ကို တွေ့ရသည်။ ထုတ်ယူတူးဖော်ခဲ့ပြီးသည့် အုတ်ကျင်းဟောင်း တချို့မှာ၊ အတွင်း၌ချုံနွယ်ပိတ်ပေါင်းများပင် ပြတ်သိပ်ပေါက်ရောက်လျက်ရှိပြီး၊ အုတ်ကြေ-အုတ်ကျိုးများသည်လည်းပြန့်ပြန့်ကြဲမျှရှိနေပေသည်။ မည်သို့ပင်ဖြစ်စေ၊ ထုထည်ကောင်း ကောင်းဖြင့် အခိုင်အခံ့တည်ဆောက်ထားသည့်အမြင့်ဆုံး မြို့ရိုးကြီးမျာ ယခုတိုင်ပင်လျှင် ထင်ထင်ရှား ရှားပင် ရှာဖွေတွေ့ရှိနိုင်ပေသေးသည်။ မြို့ရိုးတစ်လျှောက်မြေပြင်ပေါ်၌ လျှောက်၍ကြည့်ရှုလေ့လာရာ တွင် အုတ်တူးထားသည့် ကျင်းများနေရာ အနှံ့ရှိနေသည်ကို ၀မ်းနည်းဖွယ်တွေ့မြင်ရပေသည်။ တစ်နေ့တွင် ဤရှေးဟောင်းအမွေအနှစ်မြို့ဟောင်းကြီးတစ်ခု သုတေသနတူးဖော်လေ့လာမှုများ မပြုလုပ်နိုင်မီတွင်ပင် ပျက်စီးဆုံးရှုံးတော့အံ့လောဟု စိုးရွံ့ဖွယ် တွေ့ကြုံခံစားရပါသည်။ (ယခုမူဤတူး ဖော်မှု ရပ်ဆိုင်းတားနိုင်ခဲ့ပြီ၊ တားမြစ်ထားပြီဖြစ်သည်။)

အတွင်းစတုဂံပုံသဏ္ဌာန်ရှိအရာဟောင်း
အတွင်းဘက်အရာဟောင်းမှာ အပြင်မြို့ရိုးကဲ့သို့ ထင်ရှားစွာမတွေ့ရတော့ပါ။ အပြင်ဘက်မြို့ ရိုးကဲ့သို့ ထုထည်ပမာဏကြီးမားဟန်မတူပါ။ အရာဟောင်းကို ကောင်းကင်ဓာတ်ပုံ၌ တွေ့ရှိနိုင်သေး သည်။ မြေပြင်ပေါ်၌မူတံတိုင်းအနေဖြင့် ထင်ထင်ရှားရှားမရှိတော့ပေ။ မိုးရာသီကာလအတွင်း မိုးရွာ ပြီးစအချိန်လောက်တွင် လှည်းလမ်းဖြတ်သည့် နေရာများ၌ အုတ်ရိုးနေရာသည် ကြေမွ၍အမှုန့်ဖြစ် နေသည့်အုတ်များကြောင့် မြေနီရောင်အစင်းထင်နေသည်ကို တွေ့ရတတ်ပေသည်။
ဓာတ်ပုံထဲ၌ စတုဂံပုံရှိသည့်အရာဟောင်းကို ရိုးတိုးရိပ်တိတ်မျှ တွေ့မြင်နိုင်သည်။ တချို့နေရာ ပိုင်းမျှသာ ထင်ရှားတော့သည်။ စတုဂံသည် အရှေ့နှင့်အနောက်အနည်းငယ် အလျားရှည်သည်။ ပို၍ ထင်ရှားသည့် တောင်ဘက်တံတိုင်းသည် ကိုက် ၁၁၈၀ခန့်မျှရှိသည်။ တောင်ဘက်တံတိုင်းတစ်ခုမှ အပ ကျန်တံတိုင်းနေရာများ မြေပြင်ပေါ်၌ ကောင်းစွာမတွေ့နိုင်တော့ပေ။ (ကောင်းစွာမထင်ရှားတော့ သည့် နေရာများကို မြေပုံထဲ၌အစက်ချမျဉ်းဖြင့် ဖော်ပြထားသည်။) စာရေးသူကိုယ်တိုင်မြေပြင်ပေါ်၌ လက်တွေ့ရှုမြင်ရသည့် အခြေအနေမှာတံတိုင်းအနေဖြင့် ထင်ထင်ရှားရှားမရှိတော့ခြင်း ဖြစ်ပါသည်။

အတွင်းဆုံးထပ်မြို့ရိုးဝိုင်း
အတွင်းဆုံးထပ်ဖြစ်သည့် အ၀ိုင်းပုံသဏ္ဌာန်ရှိသည့် တံတိုင်းမှာ အလပ်ထပ်စတုဂံတံတိုင်းထက် ပို၍ထင်ရှားပီပြင်လျက်ရှိသေးသည်။ အရာဟောင်းကိုလည်း ကောင်းစွာတွေ့မြင်နိုင်သေးသည်။ သို့ရာတွင်မြေပြင်ပေါ်၌ မားမားမတ်မတ်မရှိတော့ပြီ။ တချို့နေရာများတွင် အစပျောက်လျက် တချို့ နေရာများတွင် အုတ်ကျိုးအုတ်ပဲ့များဖြင့် ပြန့်ကြဲလျက် တွေ့မြင်နိုင်သေးသည်။
နဂိုမူလကပင်လျှင် အမြင့်ဆုံးအထပ်မြို့ရိုးကြီးကဲ့သို့ ထုထည်ပမာဏအားဖြင့် ကြီးမားခိုင်ခဲ့ ဟန်မတူပါ။ အတွင်းထပ် မြို့ရိုးမှာ၊ အဆက်ဆက်ရွာခံလူများက၊ ယခုမျက်မှောက်တွင် ပြုနေကြသလို အုတ်များကိုတူးဖော်အသုံးပြုခဲ့ကြ၍လော၊ သို့မဟုတ် လယ်ယာမြေများဖော်ထုတ်လုပ်ကိုင်ရန် ဖြိုဖျက် တူးဖော်လိုက်ကြသလော မပြောနိုင်ပါ။ မြေပြင်ပေါ်၌ ထင်ထင်ရှားရှား မဟုတ်စေကာမူ တချို့နေရာ များ၌ အုတ်ရိုးနေရာများကျန်ရှိသေးသည်။ မြေအောက်တွင်လည်း အုတ်ရိုးများကျန်ရှိနေမည်ကို ယုံမှားဖွယ်မရှိပါ။ မြေပြင်ပေါ်၌စူးစမ်းလေ့လာရာတွင် ကောင်းစွာတွေ့ရှိခဲ့ရပေသည်။
ထင်ရှားသည့် သာဓကများမှာ မြို့ရိုးထပ်များကိုဖြတ်၍ ဖော်လုပ်ထားသည့် လှည့်လမ်းများ၌ တံတိုင်းကိုဖြတ်ကျော်သည့် နေရာတိုင်းတွင် အုတ်ကျိုးများပြန့်ကြဲလျက်ရှိနေသည်ကို တွေ့ရခြင်းဖြစ် သည်။
ဥန္နဲပုတ်ရွာနှင့် မိုင်းမောရွာအကြား နတ်လွှဲမြောင်းကိုဖြတ်ကျော်ရန် ပြုလုပ်ထားသည့် တံတား အနီးလှည်းလမ်းဘေး တစ်နေရာတွင် ယခုတိုင်အုတ်စီ၍ တည်ဆောက်ထားသည့် တံတိုင်း၏တစ်စိတ် တစ်ဒေသကို မြေအောက်၌ တွေ့ရှိနိုင်သေးသည်။ မြေပေါ်၌လည်း မိုင်းမောရွာတစ်ဝိုက်တွင် တွေ့မြင် ရသေးသည်။ မိုင်းမောရွာနှင့် ရွာ၏မြောက်ဘက်လယ်စပ်တစ်လျှောက်တွင် အုတ်ရိုးသည် တူးဖော် ဖြိုဖျက်ပြီးအုတ်များကို အသုံးပြုခဲ့ပြီဖြစ်၍၊ မြေပြင်ပေါ်၌ အုတ်ရိုးတံတိုင်းမရှိတော့ပါ။ သို့ရာတွင် ရွာ၏မြောက်ဘက်လယ်စပ်တစ်လျှောက်လုံး အုတ်ကြိုးများ ပြန့်ကြဲလျက်ရှိသည်။ အုတ်ရိုးအရာ လက်စလက်နများ ရှိနေသေးသည်ကို တွေ့ရှိခဲ့ရပေသည်။
မိုင်းမောရွာကလေးသည် အတွင်းဆုံးထပ်ဖြစ်သော မြို့ရိုးအ၀ိုင်း၏မြောက်ဘက်တွင် ကပ်မြှောင်လျက်တည်ရှိ၏။ (မြေပုံတွင်ရှု)။
အတွင်းဆုံးထပ်တံတိုင်းအရာသည် မြေပြင်ပေါ်၌ကောင်းစွာ ရှာဖွေနိုင်၊ တွေ့ရှိဖော်ထုတ်နိုင် ဦးမည့်အခြေအနေရှိသည်။ အလယ်ထပ်ဖြစ်သည်။ စတုဂံတံတိုင်းထက်ပို၍ လွယ်ကူစွာရှာဖွေ ဖော်ထုတ်နိုင်မည်ဖြစ်ပေသည်။

ထူးခြားသည့် အခြားအရာဟောင်းတစ်ခု။
မိုင်းမောမြို့ဟောင်း၏ တောင်ဘက်အစွန်းခပ်ကျကျတွင် အနောက်မှအရှေ့သို့ ဖြောင့်စင်း သည့်အရာဟောင်းတစ်ခုကို ကောင်းကင်ဓာတ်ပုံထဲ၌ ထင်ရှားစွာတွေ့မြင်ရပေသည်။ ဤအရာ ဟောင်းမှာ မြို့ဟောင်းနှင့်ပတ်သက်သည့် အရာဟောင်းမျိုးလည်းဖြစ်ဟန်မရှိပါ။ တယ်လီဖုန်းလိုင်း၊ လျှပ်စစ်ဓာတ်အားလိုင်းစသည်တို့၏ အရာများပေလောဟု သံသယဖြစ်ခဲ့ပါသေးသည်။
တချို့နေရာများ၌ မြေမျက်နှာပြင်ထက်အနည်းငယ်မြင့်မောက်နေသဖြင့် တယ်လီဖုန်းလိုင်း လျှပ်စစ်ဓာတ်အားလိုင်းစသည်တို့လည်း ဖြစ်နိုင်ဖွယ်မရှိပါ။ သို့ဖြစ်၍ မြေပြင်ပေါ်၌ရောက်ရှိစဉ် စူးစမ်းလေ့လာရာတွင် အဆိုပါအရာမှာမီးရထားလမ်းငယ် (မြေမသတါကေါန)အရာဟောင်း တစ်ခု ဖြစ်ကြောင်းရွာသားများထံမှ သိရှိခဲ့ပေသည်။ (မြေပုံတွင် အမှတ်၈ နေရာရှု)။
တောင်ခြေရှိမိုင်း(သတ္တုတွင်း)တစ်ခုသို့ သွားရန် ဖောက်လုပ်ထားခဲ့ဖူးသော ရထားလမ်း ဟောင်းကလေးတစ်ခု ဖြစ်ကြောင်းသိရှိခဲ့ရပါသည်။ လမ်းပေါ်၌ သံလမ်းများမရှိတော့ပါ။ ဖြောင့်တန်း ပီပြင်သည့် ၄င်းလမ်းအရာတစ်ခုမှာ ယခုတိုင်ထင်ရှားကျန်ရှိနေဆဲဖြစ်ပါသည်။ ဤအရာဟောင်းမှာ မြို့ဟောင်း၏အရာနှင့်ပတ်သက်ခြင်းမရှိပါ။ အချိန်ကာလများစွာကြာညောင်းပြီးမှ ဖောက်လုပ်သည့် မီးရထားလမ်းတစ်ခုသာဖြစ်လေသည်။

မိုင်းမော(၂)

24 August 2011 at 17:45
မိုင်းမောနှင့်ပတ်သက်သည့် စိတ်ဝင်စားဖွယ်တင်ပြချက်များ
အမည်နှင့်ပတ်သက်၍ပြောရလျှင်
မိုင်းမော ဟူသောအမည်နာမနှင့် ပတ်သက်၍ သမိုင်း၌တွေ့ရှိရသည့်အကြောင်းအချက်များ ကို စေ့ငုသုံးသပ်ကြည့်လျှင် ယခုတွေ့ရှိသည့် မိုင်းမောဟုအမည်မှည့်ခေါ်ထားသည့် မိုင်းမောမြို့ ဟောင်းကြီးမှာ သမိုင်းအလာ မိုင်းမောနှင့် လုံးဝပတ်သက်မှုရှိဟန်မတွေ့ရပါ။
မြန်မာရာဇ၀င်များ၊ ကုန်းဘောင်သီပေါရာဇ၀င်များအရဆိုလျှင် ““ရှမ်းမင်းအစ ဘိန္နက””ဟု ရှမ်းပြည်ကိုစတင်တည်ထောင်ခဲ့ရာ ဘိန္နကရာဇာမင်းဖြစ်ကြောင်း ဖွင့်ဆိုရေးသားကြသည်ကို တွေ့ရ ပေသည်။ ဘိန္နကရာဇာသည် ရွှေလီမြစ်အထက်ပိုင်း လက်ယာဘက်ကမ်းခြေ မိုင်းမောဒေသ၌ အခြေချကာ ရှမ်းတစ်ဆယ့်ကိုးခရိုင်ကိုစတင်တည်ထောင်ခဲ့သည်ဟု အဆိုရှိ၏။ ထို့ကြောင့် ရှမ်းပြည်ထောင်အစ မိုင်းမောကဟူ၍ အဆိုရှိကြောင်းလည်း သိရပေသည်။
အဆိုပါမိုင်းမောမှာ နယ်ချဲ့ခေတ်ကတည်းကပင်လျှင် ရွှေလီမြစ်တစ်ဖက်ကမ်း၊ နမ်းခမ်း၏ အရှေ့မြောက်ဘက် ယွန်းယွန်း တရုတ်ပြည့်သူ့သမ္ဓတနိုင်ငံထဲ၌ ကျရောက်လျက်ရှိလေပြီ။ ပုဂံခေတ် အနော်ရထာလက်ထက်ပိုင်းက မိုင်းမောသည်ပုဂံသို့ လက်ဆောင်ပဏ္ဍာဆက်သည့် သစ္စာခံနယ်တစ်ခု ဖြစ်၏။
ပုဂံခေတ်အင်အားပျော့ညံ့လာသည့် (၁၃)ရာစုပိုင်းလောက်တွင်မူကား စစ်ကိုင်း၊ ပင်းယ၊ မြင်စိုင်းစသည်တို့ကို ရှမ်းမြို့စားညီနောင်များ သိမ်းပိုက်လျက် မြန်မာနိုင်ငံအလယ်ပိုင်းကို ကြီးစိုးခဲ့ပေ သည်။
အင်းဝခေတ်ဆင်ဖြူရှင်၏ရွှေဘို ““ဘုံစံလွတ်ကျောင်း””ကျောက်စာ၌ ဖော်ပြပါရှိသည့် မြန်မာ လက်နက်နိုင်ငံတော်အ၀ှမ်း၌ မိုင်းမော၊ စည်ခွင်၊ ဟိုသာ၊ လာသာ၊ မိုးနား၊ စန္ဒ္ဒား၊ မိုဝန်း စသည့် ရှမ်းတရုတ်များနေထိုင်ရာ မြို့ကြီး(၉)မြို့ကို မောရိယတိုင်းဟု ခေါ်တွင်ပါရှိကြောင်းလည်း သိရှိရပေ သည်။
တစ်ဖန်အင်းဝဘုရင် သာလွန်မင်းတရားကြီးလက်ထက် ရခိုင်ဘုရင်သီရိသုဓမ္ဓရာဇာနှင့် ချစ်ကြည်ရင်းနှီးစွာ သံတမန်၊ လက်ဆောင်ပဏ္ဍာများနှင့် စာချွန်များအပြန်အလှန်ဆက်ကြပုံကို ရခိုင်ရာဇ၀င်သစ်ကျမ်း ပဉ္စမတွဲ၌ မြန်မာဘုရင်ပိုင်နက်ရှမ်းပြည်နယ်များစာရင်း၌ မိုင်းမောပြည်ဟု ပါဝင်နေသည်ကို အောက်ပါအတိုင်း တွေ့ရှိရပြန်သည်။
““...ဇင်းမယ်ပြည်၊ ကျိုင်းသည်ပြည်၊ ကျိုင်းတုံပြည်၊ အနန်းပြည်၊ ကျိုင်းရုံးပြည်၊ ငသည်စီ ပြည်၊ မိုးမိတ်ပြည်၊ သီပေါပြည်၊ မိုးနဲပြည်၊ ညောင်ရွှေပြည်၊ ဗန်းမောပြည်၊ မိုးကောင်းပြည်၊ မိုးညှင်း ပြည်၊ ကလေးပြည်၊ မိုင်းလျည်းပြည်၊ ကိုင်းမားပြည်၊ မိုင်းမောပြည် တိုင်းကြီးများအပေါင်းနှင့်တကွ ပြည်ကြီးများအပေါင်းကိုအစိုးရသော....””အစရှိသဖြင့် တွေ့ရှိရပေသည်။
တောင်ငူခေတ်ဘုရင့်နောင်လက်ထက်တွင်လည်း မြန်မာနိုင်ငံတော်ကို ထပ်မံတည်ဆောက်နိုင် ခဲ့ရာ တရုတ်နယ်စပ်ရောက်နေသည့် ရှမ်းနယ်များဖြစ်သော ကိုင်းမား၊ စန္ဒါး၊ မိုးဝန်း၊ မိုးနား၊ ဟိုသာ၊ လာသာ၊ မိုင်းမော၊ ငစည်ခွင်စသည့် မြောက်ပိုင်းရှမ်း၊ ရှမ်းပြည်နယ်များတွင်လည်း ဘုရင့်နောင်၏ မြန်မာ့ရဲမက်များ ပျံ့နှံ့ခဲ့ကြောင်း သိရှိရပေသည်။
ဤကား မိုင်းမော ဟူသော အမည်နှင့် တွေ့ရှိခဲ့ရသမျှသာဖြစ်ပေသည်။ တွေ့ရသမျှ မှတ်တမ်းများအရ ယခုဖော်ပြသည့် မိုင်းမောနှင့် ပတ်သက်မှုရှိနိုင်ဖွယ် မတွေ့ရပေ။ ယိုးဒယားမြန်မာ နယ်စပ်၌ ၁၉၇၇ခု ဗမာ့တပ်မတော်ကနှိမ်နင်းခဲ့ရသည့် ဘိန်းဖြူစခန်းဖြစ်သော မိုင်းလင်း မိုင်းမော စသည့်နေရာများမှာလည်း ပတ်သက်စရာမရှိပါ။
ထို့ကြောင့် ယခုဤစာအုပ်၌ ဖော်ပြထားသည့် မိုင်းမောဟူသော အမည်မှာ သမိုင်းအလာ အမည်မဟုတ်မူဘဲ မြို့ဟောင်း၏ ဗဟိုတွင်တွေ့ရှိရသည့် ကျေးရွာကလေးတစ်ခု၏ နာမည်ဖြင့် မှည့် ခေါ်ထားခြင်းမျှသာဖြစ်ကြောင်း အတန်တန်ဆိုခဲ့ရခြင်းဖြစ်ပေသည်။

လယ်ယာမြေများ
မြို့ဟောင်းအတွင်း၌ လယ်ယာများဖြင့် ပြည့်လျက်ရှိသည်။ အထူးသဖြင့်လယ်များမှာ မြို့ဟောင်းမြောက်ဖက်ပိုင်း နတ်လွှဲမြောင်း ရေသောက်ဒေသများ၌ ပိုမိုတွေ့ရသည်။ အရှေ့နှင့်တောင် ပိုင်းတွင်မူကား ယာကွက်များပိုမိုများပြားသည်။ ကျုံးဟောင်းနေရာများအတွင်း၌ပင် စိုက်ပျိုးလုပ်ကိုင် လျက်ရှိသည်ကို တွေ့ရပေသည်။
မိုင်းမောမြို့ဟောင်းမှာ ယခုအခါတွင်မှ မဟုတ်ရှေးယခင်ကတည်းကပင် သရေခေတ္တရာ၊ ရွှေဘို စသည့်မြို့များကဲ့သို့ မြို့ရိုးအရံအတားအတွင်း၌ လယ်ယာစိုက်ပျိုးလုပ်ကိုင်မှုထွန်းကားစည်ပင် ခဲ့ဟန်လက္ခဏာရှိသည်။

ဘုရားပုထိုးဟောင်းများ
သိမ်ကြီးဘုရား
မိုင်းမောရွာနှင့်ကပ်လျက်ရွာ၏ အနောက်ဘက်တောင်ဘက်တွင် သိမ်ကြီးဘုရားဟုယခုခေါ် တွင်လျက်ရှိသော ဘုရားစုရှိသည်။ ရွာမှအမြဲပြုပြင်မွမ်းမံထားသည့် ဘုရားစုဖြစ်သည်။ စေတီ(၄)ဆူ နှင့် ဘုရားသိမ်တစ်ခုရှိသည်။ သိမ်တော်အတွင်း၌ ဘုရား(၁၅)ဆူတည်ရှိသည်။ သိမ်တော်၏အမိုးမှာ ပြိုပျက်ယိုယွင်းလျက်ရှိပြီ။ ၄င်းသိမ်တော်အတွင်း ဂူနံရံများပေါ်၌ ဆေးရေးပန်းချီရုပ်များရှိသည်။ တချို့လည်း ပျက်စီးကုန်ပြီ။ တည်ဆောက်မှုကိုကြည့်ရခြင်းအားဖြင့် မိုင်းမောမြို့ဟောင်းလွန်ပြီးနောက် ကာလအတန်ကြာမှတည်သည့် ဘုရားများဖြစ်ဟန်ရှိသည်။
မူလဘုရားဟောင်းများဖြစ်လျှင်လည်း အထပ်ထပ်ပြုပြင်မွမ်းမံမှုများကြောင့် မူရင်းပုံစံမရှိတော့ ဟု ထင်မြင်ပါသည်။ စေတီများမှာ ထုံးသင်္ကန်းဖွေးဖွေးနှင့်ပင်ရှိကြသည်။

နန်းတော်ရာဘုရား
မိုင်းမောမြို့ဟောင်းအတွင်းရှိ ရှေးဟောင်းဘုရားတစ်ဆူမှာ ယခုရွာခံလူများက ““နန်းတော်ရာ ဘုရား””ဟု ခေါ်နေကြသည့် ရှေးဘုရားတစ်ဆူဖြစ်သည်။ အဘယ့်ကြောင့် နန်းတော်ရာဘုရားဟု ခေါ်သနည်းဟု ရွာခံလူများက မပြောတတ်။ အစဉ်အဆက် ဤအမည်ဖြင့်ပင် ခေါ်ဝေါ်သမှုပြုလာခဲ့ ကြကြောင်း ဖြေကြသည်။
ရှေးရှေးကနန်းတော်နေရာတွင် တည်ထားသည့်ဘုရားဟုလည်း တချို့ကပြောကြသည်။ မည်သို့ပင်ရှိစေ၊ နန်းတော်ရာဘုရားသည် ရှေးဘုရားတစ်ဆူဖြစ်သည်မှာကား သံသယရှိဖွယ်မလိုပါ။ နန်းတော်ရာဘုရားကို ယခင်နန်းတော်ဟောင်းရှိဖူးသည့် နေရာဟောင်း၌ တည်ထားခြင်းဖြစ်ပါသည် ဟူ၍ တချို့က ပြောဆိုကြသည်။ အကယ်၍ ဘုရား၏လက်ရှိနေရာသည် နန်းတော်ရာအမှန်ပင် ဖြစ်သည်ဆိုအံ့။ ဤနေရာသည် မြို့ဟောင်း၏ဗဟိုချက်တည့်တည့်တွင် ကျရောက်နေသည့်နေရာ ဖြစ်သဖြင့် များစွာယုတ္တိရှိပေသည်။
နန်းတော်ရာဘုရားသည် မိုင်းမောမြို့ကြီး ဖွံ့ဖြိုးစည်ပင်ကတည်းကပင် တည်ထားခဲ့ဖူးသည့် ဘုရားဖြစ်ဟန်မတူပါ။ နောက်ပိုင်းမှ တည်ဟန်ရှိသည်။ သို့သော်လည်း ၄င်း၏တည်ဆောက်မှုမှာ သိမ်ကြီးဘုရားထက် ပို၍စောဟန်လက္ခဏာရှိပေသည်။
နန်းတော်ရာဘုရားစု၌ စေတီ(၉)ဆူပါဝင်သည်။ စေတီများမှာ ခေါင်းလောင်းပုံအထက်ကြာ မှောက်ကြာလှန် ငှက်ပျောဖူးပိုင်းများ ကျိုးကျပျက်စီးလျက်ရှိချေပြီ။ ထီးတော်များလည်း မရှိတော့ပြီ။ တချို့သောဘုရားစေတီများမှာ ဂူဘုရားများဖြစ်၍ ဂူတွင်း၌ ဘုရားဆင်းတုများရှိသည်။ တချို့ဘုရား များ၌မူ ဆင်းတုပင်မရှိတော့ပေ။ (ဆင်းတုတော် ၅ဆူတွေ့ရ၏။)
တချို့ဂူများ ပြိုအက်လျက်ရှိပြီး အင်္ဂတေပန်းတမော့များ ဖော်မွမ်းထားသည့်ပန်းပြောက်ပန်း နွယ်များ တချို့ကျန်ရှိသေးသည်။ ထိုဘုရားစုကို ရင်ဆို့သာသာမျှအမြင့်ရှိသည့် တံတိုင်းဖြင့်ကာရံထား သည်။ အုတ်ချပ်တစ်ခုကို တိုင်းတာကြည့်ရာတွင် အလျား၁၅လက်မ၊ အနံ၈လက်မနှင့် ထု၁လက်မခွဲ ရှိသည်ကို တွေ့ရှိရ၏။
သိမ်ကြီးဘုရားကို ရွာကပြုပြင်မွမ်းမံလေ့ရှိကြသော်လည်း နန်းတော်ရာဘုရားစုကို မွမ်းမံပြုပြင် ရန် ရွာကမတတ်နိုင်ကြဟန်တူပါသည်။ ရံဖန်ရံခါ ထုံးသင်္ကန်းကပ်လှူကြောင်းသာ ကြားသိရပေသည်။ နန်းတော်ရာဘုရားစု၏ လက်ရှိအခြေအနေမှာ ထုံးသင်္ကန်းပင်မရှိပါချေ။ ဘုရားဖြစ်၍အုတ်များကို ဖြိုဖျက်ယူငင်ကြခြင်းမရှိသောကြောင့် တော်ပါသေး၏။ ရှေးဟောင်းဘုရားများဖြစ်သည့် နန်းတော်ရာ ဘုရားစုကိုလည်း ထိန်းသိမ်းထားသင့်သည်ဟု သဘောရပါသည်။

အခြားဘုရားဟောင်းများ
မြို့ဟောင်းရာ၏အတွင်း၌ ဖော်ပြခဲ့ပြီးသည့် သိမ်ကြီးဘုရားနှင့် နန်းတော်ရာဘုရားစုတို့မှအပ အခြားပုထိုးဟောင်း၊ ဘုရားပျက်များကို မတွေ့ခဲ့ရပါ။
မြို့ဟောင်းတောင်ဘက်၊ မြို့ရိုး၏အပြင်ဘက်တွင် ပျက်စီးယိုယွင်းနေပြီဖြစ်သည့် ဘုရားစေတီ တစ်ဆူကိုတွေ့ရှိရသည်။ ဤစေတီကို ယခုအခါ ဖိုးကြာပင်ဘုရားဟူသောအမည်ဖြင့် ရွာသားများက သုံးနှုန်းခေါ်ဝေါ်လျက်ရှိကြသည်။ စေတီဟောင်းမှာ မိုင်းမောမြို့ဟောင်း၏တောင်ဘက်တောတွင် ရွာ၏တောင်ဘက်ယွန်းယွန်းမိုင်ဝက်ခန့်လောက်တွင်ရှိသည်။ စေတီမှာ ယိုယွင်းလျက်ရှိပြီး အထက်ပိုင်းပြိုပျက်လျက် ဌာပနာဖောက်ထားသည်။
မိုင်းမောမြို့ဟောင်း၏တောင်ဘက် မြို့ရိုးအပြင်ဘက်၌ ကြေမွပျက်စီးလျက်ရှိသည့်အုတ်ပုံများ နေရာအနှံ့ရှိနေသည်။ သို့ရာတွင်မြေနှင့်တပြေးညီစွာ ပြန့်ကြဲလျက်ရှိနေပြီဖြစ်၍ ဂူပုထိုးဟောင်းများမှ အုတ်များလော၊ အဆောက်အအုံဟောင်းများမှ အုတ်များလောဟု တူးဖော်မကြည့်ဘဲ ပြောရန်ခက် ချေသည်။
ဖိုးကြာပင်ဘုရား၏ မြောက်ဘက်ခပ်ကျကျ နတ်လွှဲမြောင်း၏တစ်ဘက်ကမ်းတွင် လုံးတော် ကြီးဘုရားဟုထွင်သည့် စေတီကြီးတစ်ဆူရှိသည်။ ရှေးရှေးက လုံးတော်နီဘုရားဟုခေါ်ပြီး ယခုလုံးတော်ကြီးဘုရားဟု ခေါ်ကြကြောင်းသိရသည်။

မိုင်းမောမြို့ဟောင်း၌တွေ့ရှိရသည့် ရှေးဟောင်းပစ္စည်းတချို့
မြို့ဟောင်းကို စူးစမ်းလေ့လာသည့်အခါ ၀န်းကျင်၌နေထိုင်ကြသည့် ဒေသခံရွာသားများ ကောက်ရတွေ့ရှိတတ်သည့် ပစ္စည်းများကိုစူးစမ်းရသည်။ တချို့လည်း ရရှိသည့်ပစ္စည်းများကို ရှေး ဟောင်းပစ္စည်းများဟု မထင်မှတ်ကြ။ တချို့မှာကောက်ယူရရှိခဲ့ဖူးသော်လည်း ယခုလက်ဝယ်၌မရှိကြ။ မပြနိုင်တော့။
တွေ့ရှိကြသည့် ပစ္စည်းများဆိုရာ၌ ရေတွင်းတူးဖော်ရင်းရသည်။ အိမ်တိုင်အတွက်တွင်းတူးရင်း ရသည်။ ချောင်းကမ်းပါးပြို၍ရသည်။ လယ်ထွန်ရင်းရသည်။ သွားရင်းလာရင်းကောက်ရသည် စသည် ဖြင့် အမျိုးမျိုးရှိရာ အထူးသဖြင့် ရေစားမြေပြို၍လည်းကောင်း၊ တခြားကိစ္စအတွက် တူးဆွ၍ရသည့် ပစ္စည်းများကို အဓိကထား၍လေ့လာမှုပြုရပေသည်။ မိုင်းမော၌တွေ့ရသည့် ပစ္စည်းများထဲတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံးပစ္စည်းသုံးရပ်မှာ (၁)ချင်းပုတီး၊ (၂)ဒင်္ဂါးနှင့် (၃)အရေးအစင်းပါသည့် မြို့ရိုးအုတ်ချပ်များပင်ဖြစ်သည်။


ချင်းပုတီးများ
ချင်းပုတီးဟူသည့်ဝေါဟာရမှာ ချင်းတိုင်းရင်းသားများ အလွန်မြတ်နိုးစုံမက်ကြသည့် ပုတီးများ ဖြစ်၍ ချင်းပုတီးဟုခေါ်ကြသည်။ ဤပုတီးမျိုးမှာ အလုံးပုံ၊ ဗုံတိုပုံ၊ ဗုံရှည်ပုံသဏ္ဌာန်နှင့်လေးထောင့် အပြားပုံသဏ္ဌာန်အစရှိသဖြင့် အနက်ခံပေါ်တွင် အဖြူရောင်အရေးအစင်း ဒီဇိုင်းမျိုးစုံကိုဖော်ထား သည့်ပုတီးများဖြစ်သည်။ အလွန်နှစ်လိုဖွယ်ရာကောင်းသဖြင့် တောင်ပေါ်သားများအထူးသဖြင့် ချင်းအမျိုးသားအမျိုးသမီးများ ကြိုက်နှစ်သက်ကြသဖြင့် ချင်းပုတီးဟုပင် ခေါ်တွင်ကြခြင်းဖြစ်သည်။
ချင်းအမျိုးသားများက တန်းဖိုးများစွာပေး၍ ၀ယ်ယူဆင်မြန်းကြသည်ဟုလည်း သိရပေသည်။ ဤချင်းပုတီးများအရောင်းသွက်၊ ဈေးကောင်းလှသဖြင့် စစ်မဖြစ်မီကာလကပင် မိုင်းမောမြို့ဟောင်း ဒေသအတွင်း၌ ရှာဖွေတူးဖော်ပြီးရောင်းဝယ်ဖောက်ကားမှု ရှိခဲ့သည်။
ချင်းပုတီးရှာဖွေတူးဖော်သူများလှသဖြင့် ဈေးဆိုင်တန်းများပင် လာရောင်ဖွင့်လှစ်ရောင်းချကြ သည်။ ဈေးဆိုင်ကန္နားစည်ကားလှသည်။ တူးဖော်ရသူများပြားပြီး အလုအယက်တူးဖော်ကြသဖြင့် အချင်းများကြမည်စိုး၍ အစိုးရက ပိတ်ပင်တားဆီးခဲ့သည်။ တူးဖော်မှုကို တားမြစ်ခဲ့သည်ဟုသိရ၏။ ရှာဖွေတူးဖော်မှုများပြားခြင်းကြောင့် ချင်းပုတီးများလည်း ရှားပါးလာသည်ဟုဆိုကြ၏။

ဒင်္ဂါးများ
မိုင်းမော၌ စာရေးသူလေ့လာစဉ်က ဒဂ်ါးလေးပြားတွေ့ရှိခဲ့ရသည်။ တစ်ပြားမှအပက ကျန်ဒင်္ဂါးများမှာ သရေခေတ္တရာနှင့် ဟန်လင်းမြို့ဟောင်းတို့၌ တွေ့ရှိရသည့်ဒဂ်ါးများနှင့် တထေရာ တည်းတူညီမှုရှိပေသည်။ မိုင်းမောဒင်္ဂါးများမှာ အဓိကအားဖြင့် သုံးမျိုးသုံးစားတွေ့ရသည်။ မျက်နှာ ဘက်အခြမ်း၌ သိရိဝစ္ဆပုံသည် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး၊ ပျုမြို့ဟောင်းများတွင်တွေ့ရသည့် သီရိဝစ္ဆပုံအတိုင်းပင်ဖြစ်သည်။ ကျောဘက်၌မူ ရောင်ခြည်ခြောက်သွယ်ပါရှိသည့်နေ၀န်း၊ အောက်ပိုင်း ၌လည်း ရောင်ခြည်ခြောက်သွယ်ဖြင့် ထပ်တူရောင်ပြန်ဟပ်နေသည့်အသွင်ဖြင့်လည်းကောင်း၊ ရောင်ခြည်တစ်ခုနှင့် တစ်ခုအကြားတွင် ဗိန္ဓုပြောက်တစ်ခုစီ ပေါင်းဗိန္ဓုပြောက် ၁၄=ခုဖြင့်လည်း ကောင်းတွေ့ရသည်။
ဒုတိယအမျိုးအစားတွင် မျက်နှာဘက်၌ သီရိဝစ္ဆနှင့် ၄င်း သီရိဝစ္ဆ၏အတွင်း၌ ခရုသင်းပုံပါရှိ သည်။ ကျောဘက်၌ဗဒ္ဓဌပုံပါရှိသည်။ ဟန်လင်းမြို့ဟောင်းတူးဖော်စဉ်က တွေ့ရသည့်ဒင်္ဂါးတစ်ခုနှင့် တထေရာတည်းတူညီလှပေသည်။
တတိယအမျိုးအစားမှာ မျက်နှာဘက်ခြမ်း၌ရှိသည့် သီရိဝစ္ဆပုံမှာထူးခြားသည်။ သီရိဝစ္ဆ၏ အောက်ခြေမှာ ကျဉ်းလှသည်။ ပွန်းတီးနေသဖြင့်သီရိဝစ္ဆအတွင်း၌ မည်သည့်ပုံပါရှိသည်ကိုမသိရ။ တခြားထူးခြားချက်တစ်ရပ်မှာ သီရိဝစ္ဆဘေး၌ ပါရှိတတ်သည့် ဗဒ္ဓပီဌအသေးကလေးမှာ သုံးခုပေါင်း၍ ဆင့်ထားသည့် ဗဒ္ဓပီဌပုံကလေးဖြစ်နေသည်။ အခြား၌တွေ့ရသည့်ဒင်္ဂါးများ၌ မတွေ့ဖူးပေ။ အများ အားဖြင့် ဗဒ္ဓ္ဓပီဌအသေးကလေးတစ်ခုတည်း သို့မဟုတ် တစ်ခါတစ်ရံ ဗဒ္ဓပီဌအသေး ၂-ခုဆင့်လည်း ရှိတတ်သည်။ မိုင်းမောဒင်္ဂါးကဲ့သို့ ဗဒ္ဓ္ဓပီဌအသေးကလေးသုံးခုဆင့်ရှိသည်ကို မတွေ့ရပေ။ ဒင်္ဂါးများမှာ ချောင်းကမ်းပါးမြေပြိုရာမှလည်းကောင်း၊ လယ်ထွန်ရာမှလည်းကောင်း၊ ရရှိကြသည်ဟု တင်ပြကြသည်။ ပလာစတာပုံတူများ သွန်းလုပ်ကူးယူခြင်းနှင့် ပုံတူရေးဆွဲကူးယူခြင်းကို ပြုလုပ်နိုင်ခဲ့ သည်။

မြို့ရိုးအုတ်ချပ်များ
စိတ်ဝင်စားဖွယ်ရာကောင်းသည်မှာ မြို့ရိုးအုတ်ခဲခပ်များများတွင် အရေးအစင်းများပါရှိနေခြင်း ပင်ဖြစ်သည်။ မြို့ဟောင်းများမှ မြို့ရိုးအုတ်များကို ဖြိုဖျက်မှုမပြုဘဲ များများစားစားတွေ့ရခဲသည်။ အထူးသဖြင့် မြို့ရိုးများကိုဖြိုဖျက်၍ အုတ်ခဲများကိုအသုံးပြုရန် တူးဖော်ယူနေကြသည့်နေရာများတွင် သာ အုတ်ခဲများများစားစားတွေ့လေ့ရှိသည်။ မိုင်းမောတွင် ထိုစဉ်ကရွာသားအချို့က မြို့ရိုးအုတ်များ ကို ဖော်ယူ၍ ရောင်းဝယ်ဖောက်ကားမှုပြုနေကြပေရာ အုတ်ခဲဖော်ယူသည့်နေရာများ၌ အုတ်ကျိုး အုတ်ချပ်များတွင် အရေးအစင်းများပါရှိနေသည်ကို တွေ့ခဲ့ရ၏။
မြို့ရိုးကိုဖျက်ဆီးခြင်း၊ အုတ်များရောင်းဝယ်ဖောက်ကားခြင်း မပြုကြရန်လည်း မေတ္တာရပ်ခဲ့ရ သည်။ မြို့ဟောင်းအုတ်များ၌ပါရှိသည့် အရေးအစင်းဆိုရာ၌ အနည်းငယ်ရှင်းလင်းဖို့လိုပါသည်။ အုတ်များကို ပြုလုပ်စဉ်အခါက အုတ်များမခြောက်သွေ့မီ အုတ်ခဲပေါ်တွင် လက်ချောင်းများဖြင့် အစင်းများရေးဆွဲထားကြခြင်းဖြစ်သည်။
အရေးအစင်းများစုံလှ၏။ တစ်ကြောင်း၊ နှစ်ကြောင်း၊ သုံးကြောင်းစသည်ဖြင့် လက်နှင့်ခြစ် ထားသည့်အစင်းများတည်း။ မျဉ်းဖြောင့်အစင်းများ မျဉ်းကွေးအစင်းများ၊ ထောင့်သန်း၊ ကန့်လန့်ဖြတ် အရေးအစင်းများစုံလှပေသည်။(ပုံတွင်ရှု)
မိုင်းမောသို့ ထပ်၍လေ့လာရေးသွားသည့် ခရီးတစ်ခေါက်တွင် မန်းတက္ကသိုလ်၊ သမိုင်းပါ မောက္ခ၊ ဒေါက်တာသန်းထွန်း၊ နိုင်ငံ့သမိုင်းသုတေသနဌာန အကြံပေးပုဂ္ဂိုလ် ဦးမောင်မောင်တင် (မဟာဝိဇ္ဖာ)နှင့် တမ္ပ္ပ္ပ၀တီကိုဝင်းမောင်တို့လည်း လိုက်ပါလာကြသည်။ ဤတစ်ခေါက်တွင် လာရိုးလမ်း အတိုင်းမဟုတ်ဘဲ သပြေတောင်းဘက်မှ လှည့်၍၀င်ခဲ့သည်။ သပြေတောင်းမှ နှမ်းခင်ရွာ၊ ၄င်းမှ တစ်ဆင့် ပင်လယ်မြို့ဟောင်း၊ ထိုမှတစ်ဆင့် မိုင်းမောသို့သွားကြသည်။ နှမ်းခင်၌ ကျောက်စာတစ်ချပ် ကိုဝင်ကြည့်ပြီး ဒေါက်တာသန်းထွန်းတို့ဖတ်ရှုလေ့လာကြသည်။
နှမ်းခင်မှအထွက်မော်တော်ကားဗွက်နှစ်သဖြင့် ခြေကျင်လျှောက်ခဲ့ရသည်။ ပင်လယ်မြို့ ဟောင်းကို ခဏမျှကြည့်ရှုပြီး မိုင်းမောသို့ခရီးဆက်ကြသည်။ မိုင်းမောသို့ မှောင်ရီပျိုးမှပင် ရောက်ရှိ ကြသည်။ ရောက်သည့်အခိုက် မိုင်းမောရွာဝန်းကျင်အတွင်း မြို့ရိုးပိုင်းကို ကြည့်ရှုကြပြီး ညောင်ပင် သာရွာ အိမ်တစ်ဆောင်တွင် နားကြသည်။
ကျယ်ကျယ်ဝန်းဝန်းနွားတင်းကပ်ကြီးပင်တည်း။ ဤ၀င်းခြံအတွင်း၌ပင် လက်ရေးစင်းပါ အုတ်ချပ်အများအစား အပုံလိုက်တွေ့ရှိရသည်။ ထိုအုတ်ချပ်များအထဲမှ အရေးအစင်းပီပြင်ထင်ရှား သည့်အုတ်များကို ရွေးကြသည်။ ထိုအထဲမှ အရေးအစင်းမတူသည့်အုတ်ချပ်များကို ကူးဆွဲကြသည်။ မှင်စာကူးယူကြသည်။
မှောင်လာသဖြင့် ဖယောင်းတိုင်ထွန်း၍ ပုံနှိပ်ယူခြင်းပြုကြသည်။ ညဥ့်နက်လာသည်ပင် မပြီး ကြသေး။ တစ်နေ့လုံးလမ်းလျှောက်ရခြင်း၊ ညောင်းညာခြင်းကြောင့် တင်းကုပ်ထဲမှကွပ်ပျစ်နှင့် ခုံတန်း ရှည်တွင် ခါးဆန့်အနားယူကြသည်။ မိုင်းမောနှင့် ပတ်သက်သည့် ယူဆချက်များကိုလည်း နှီးနှောကြ ရင်း အိပ်လိုက်ကြသည်။ ခြင်ကလည်း ကိုက်လိုက်သည့်ဖြစ်ခြင်း အိပ်၍မရ။ မှေးရင်းပင် ဝေလီဝေလင်းရောင်နီပေါ်လာလေသည်။
မိုင်းမောမြို့ရိုးကို ကားဖြင့်သွားနိုင်သည့်နေရာများသို့ ဟိုတစ်ဖြတ် သည်တစ်ဖြတ်သွားကြည့် ကြသည်။ မြို့ရိုးတူးဖော်ထားသည့်နေရာများသို့လည်း ရောက်ခဲ့ကြသည်။ ခြေကျင်လည်းလျှောက် ကြည့်ကြသည်။
မိုင်းမောတွေ့အုတ်ချပ်များမှာ အရေးအစင်းများကြောင့် တစ်မူထူးနေပေသည်။ တခြားမြို့ ဟောင်းများ၏ မြို့ရိုးအုတ်များ၌ ဤအရေးအစင်းပါမပါကိုမူ မည်သူမျှ သတိမမူမိခဲ့ကြ။ သို့ဖြစ်၍ တခြားသော မြို့ဟောင်းများမှအုတ်များတွင် အရေးအစင်းပါမပါ လေ့လာမှုပြုရန် စိတ်အားထက်သန် လာသည်။ ဗိဿနိုးအုတ်၊ သရေခေတ္တရာအုတ်၊ ဟန်လင်းအုတ်တို့၌ အလားတူအရေးအစင်းများရှိ သလောဟု သိလိုစိတ်ပြင်းထန်လာသည်။
မကွေးကောလိပ်သို့ ပြင်ပစာစစ်အဖွဲ့ဝင်တစ်ဦးအဖြစ်နှင့် သွားရောက်ရသည့်ဆရာဥိးမောင် မောင်တင် အလျဉ်းသင့်သဖြင့် မေတ္တာရပ်ခံရသည်။ ဦးမောင်မောင်တင်အပြန်တွင် ဗိဿနိုးအုတ်ခဲ များတွင်လည်း အရေးအစင်းပါအုတ်ချပ် အများအစားပါရှိနေသည်ကို တွေ့ခဲ့ရကြောင်း သတင်းကောင်းကြားရတော့သည်။

တူးဖော်စမ်းသပ်သင့်သည့်မိုင်းမော
၁၉၇၇-တွင် မိုင်းမောမြို့ဟောင်းနှင့်ပတ်သက်သည့် ပဏာမစူးစမ်းလေ့လာမှုများ စာတမ်း တစ်စောင်ကို စာရေးသူ ရေးသားဖော်ပြခဲ့သည်။ ထိုစဉ်ကပင် မိုင်းမောကို စူးစမ်းတူးဖော်သင့်ပြီဖြစ် ကြောင်း ခိုင်မာသည့်အောက်ဖော်ပြချက် (၁၀)ချက်ဖြင့် တင်ပြခဲ့ဖူးပေသည်။
၁။ မိုင်းမော၏ ပီပြင်လှသည့် အ၀ိုင်းပုံသဏ္ဌာန်အရလည်းကောင်း၊ အတွင်းစတုဂံထပ်နှင့် အလယ်ဗဟိုအ၀ိုင်းတစ်ထပ်တည်းရှိခြင်းစသည့် တည်ဆောက်မှုများကြောင့်လည်းကောင်း ထူးခြား စိတ်ဝင်စားဖွယ်ကောင်းလှသည်။
၂။ ကျောက်ဆည်လွင်ပြင်ထဲ၌ တွေ့မြင်ရသည့် မြင်းစိုင်း၊ မြင်းခုံတိုင်နှင့် ပင်လယ်မြို့များထက် မိုင်းမောအရာဟောင်း၏ ပွန်းတီးမှုမှာ ပို၍ပွန်းတီးယိုယွင်းမှုရှိသည်ကို ကောင်းစွာတွေ့မြင်နေရပေ သည်။ ထို့ကြောင့် ၄င်းဖော်ပြပါမြို့ဟောင်းများထက် စောဖွယ်ရှိသည်။
၃။ မိုင်းမောမြို့ဟောင်းနှင့် လက်တစ်ကမ်းတွင် အနီးဆုံးတွေ့ရသည့် ပင်လယ်မြို့ရှိနေခြင်း၊ ပင်လယ်မြို့ဟောင်း၏ မိုင်းမောသည် ပင်လယ်မြို့ဟောင်းနှင့် ခေတ်ပြိုင်မဖြစ်နိုင်။ ပင်လယ်မြို့မပေါ်မီ ကပင်လယ်ထက်ပို၍စောပြီး တည်ခဲ့ဖူးသည့်မြို့ဟောင်း ဖြစ်ဟန်ရှိသည်။
၎။ မိုင်းမော၏တည်နေရာမှာ နတ်ထိပ်တောင်ခြေရင်းနှင့် အနီးဆုံးဖြစ်သည်။ ကျောက်ဆည် လွင်ပြင်ထဲ၌ တွေ့ရှိရသည့် မြို့ဟောင်းများအထဲတွင် နတ်ထိပ်တောင်ကြားလမ်းနှင့် အနီးဆုံးဖြစ်ခြင်း သည်လည်း စိတ်ဝင်စားဖွယ်ရာပင် ဖြစ်နေလေသည်။ သို့ဖြစ်၍ ရှမ်းကုန်းမြေပြင်မှ ကျောက်ဆည် လွင်ပြင်ထဲသို့ ဆင်းရာလမ်းကြောင်းပေါ်၌ ထိန်းချုပ်နိုင်သည့်အချက်အချာနေရာတွင် တည်ရှိနေခြင်း မှာအလွန်စိတ်ဝင်စားဖွယ်ဖြစ်သည်။
၅။ မိုင်းမောသည် ပုံသဏ္ဌာန်အနေဖြင့်သော်လည်းကောင်း၊ တည်ဆောက်မှုအနေဖြင့်သော် လည်းကောင်း ခြားနားထူးခြားသည့်အပြင် အရွယ်အစားပမာဏအနေဖြင့် မြို့ကွက်မြို့ရာ အလွန်ကြီး မားသည်ကို ကွက်ကွက်ကွင်းကွင်းတွေ့ရသည်။
၆။ သမိုင်းခေတ်များတွင် ရှေ့ပိုင်းကျသည့် ဟန်လင်း၊ ဝေသာလီ၊ ဓည၀တီ၊ ဟံသာဝတီ(ပဲခူး) နှင့် ပုဂံစသည့် မြို့ဟောင်းများထက်ကြီးသည်။ အချို့သာ မိုင်းမောနှင့် မတိမ်းမယိမ်းရှိကြသည်။ သရေခေတ္တရာမြို့ဟောင်းကြီးတစ်ခုသာ မိုင်းမောထက် ပြတ်ပြတ်သားသားကြီးသည်ကို တွေ့ရခြင်း မှာလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။
၇။ နောက်ပိုင်းတွင် တည်ထောင်ထားသည့် ရွှေဘိုမြို့ဟောင်းထက်ငယ်သည်ဟုဆိုသော်လည်း ရွှေဘိုမြို့ဟောင်းထက် အနည်းငယ်သာသေးသည်။ အင်းဝမြို့ဟောင်း (အပြင်မြို့ရိုးအပါအ၀င်)ပင် လျှင် မိုင်းမောထက် ပြောပလောက်အောင် မကြီးချေ။ မန္တလေးနန်းမြို့(ကျုံးနှင့်မြို့ရိုး)သည်ပင်လျှင် မိုင်းမောနှင့် မတိမ်းမယိမ်းရှိသည်ကို အံ့သြဖွယ်တွေ့ရှိရပါသည်။
၈။ မိုင်းမောကို ယခုအခါ တူးဖော်လျှင်နောက်မကျသေးဟု ယူဆသည်။ ထို့ထက်နောက်ကျ ဖင့်နှေးနေလျှင် လူဖျက်ဆီးမှု၊ အုတ်များတူးဖော်ဖြိုဖျက်မှုများကြောင့် မဆုံးရှုံးသင့်သည့် သမိုင်းကွင်း ဆက်များဆုံးရှုံးသွားစရာရှိသည်။
၉။ သရေခေတ္တရာခေတ် ဆိတ်သုဉ်းသွားပြီးနောက် သရေခေတ္တရာကဲ့သို့ ကြီးမားထည်ဝါ သည့် အ၀ိုင်းသဏ္ဌာန်မြို့ဟောင်းမျိုး တခြားနေရာ၌ထပ်မတွေ့ရသေး။ မိုင်းမောသည် သရေခေတ္တရာ မှလွဲ၍ ကြီးမားထည်ဝါလှသည့် အ၀ိုင်းသဏ္ဌာန်မြို့ဟောင်းကြီးတစ်ခုဖြစ်သဖြင့် ယဉ်းကျေးမှုချင်း နိးစပ်မှုရှိမရှိကိုလည်း ဖော်ထုတ်စောကြောသင့်ပြီ ဖြစ်ပေသည်။
၁၀။ မိုင်းမောသည် သွားရေးလာရေးလွယ်ကူပြီး ရန်ကုန်မန္တလေးလမ်းမကြီး၊ မီးရထားလမ်း မကြီးများနှင့် လက်တစ်ကမ်းရှိနေသည့်အပြင် ကူမဲ၊ သပြေတောင်း စသည့်မြို့များမှတစ်ဆင့် ခရီး ပေါက်နိုင်သဖြင့် စူးစမ်းလေ့လာရန်မဝေးသည့်နေရာ၌ တည်ရှိသည်။
အထက်ဖော်ပြပါ အထောက်အထား(၁၀)ချက်အရ မိုင်းမောကို လျစ်လျူရှုမထားဘဲ စူးစမ်း ဖော်ထုတ်ရန် တူးဖော်လေ့လာဖို့ အချိန်ရောက်ပြီဖြစ်ကြောင်း၊ မြန်မာ့သမိုင်းကြောင်းကို တုတ်ထမ်း မပြောဘဲ ပေါက်တူးထမ်း၍ပြောကြပါစို့ဟု မိုင်းမောပဏာမစူးစမ်းလေ့လာချက်စာတမ်း၌ စာရေးသူ တင်ပြခဲ့ဖူးသည်။
မိုင်းမော၌ တွေ့ရသည့် ရှေးဟောင်းပစ္စည်းများမှာလည်း ပျူမြို့ဟောင်းများ၌ တွေ့ရသည့် ပစ္စည်းများနှင့် ထပ်တူထပ်မျှဖြစ်နေသဖြင့် ပျူမြို့ဟောင်းတစ်ခုပင်ဖြစ်နိုင်ကြောင်းကို စာရေးသူတင်ပြ ခဲ့ဖူးပေသည်။ တူးဖော်သုတေသနပြုနိုင်ပါစေဟုလည်း စိတ်ထဲ၌ ဆန္ဒပြုမိခဲ့သည်။
မိုင်းမောကို ၁၉၆၄-ခု ရိုက်ကူးသည့်ကောင်းကင်ဓာတ်ပုံထဲ၌ ဖတ်ရှုတွေ့ရှိခဲ့ရသည်။ မြို့ဟောင်းအရာများထဲတွင် အ၀ိုင်းပုံသဏ္ဌာန်ကြောင့် သတိပြုမိခဲ့သည်။ ၁၉၆၈-ခု ““မြန်မာ့မြို့ဟောင်းများကို ကောင်းကင်ဓာတ်ပုံမှ ဖတ်ရှုလေ့လာခြင်း””စာတမ်း၌ ရေးသားဖော်ပြခဲ့ဖူး သည်။ သို့ရာတွင် ကွင်းဆင်းလေ့လာမှုကို မပြုနိုင်ခဲ့ပေ။ နောင်(၁၀)နှစ်ခန့်ကြာတော့မှပင် ကွင်းဆင်း လေ့လာမှုပြုနိုင်ခဲ့သည်။ မန္တလေးတိုင်းသို့ တာဝန်အရပြောင်းရွှေ့ရစဉ်ကာလဖြစ်ချေသည်။
မိုင်းမောသို့ ကွင်းဆင်းလေ့လာမှု အကြိမ်ကြိမ်ပြုပြီးနောက် မိုင်းမောနှင့် ပတ်သက်သည့် ပဏာမစူးစမ်းလေ့လာမှု စာတမ်းတစ်စောင်ကို စာရေးသူ ၁၉၇၇-ခု၊ ဧပြီလတွင် ရေးသားတင်ပြခဲ့ သည်။ ဆုတောင်းပြည့်၍လောမပြောတတ်။ မိုင်းမောကို ၁၉၇၈-၇၉ ဘဏ္ဍာရေးနှစ် ဒီဇင်ဘာလတွင် ရှေးဟောင်းသုတေသနဦးစီးဌာနက စ၍တူးဖော်ခဲ့လေသည်။ စတူး၍ ရက်သတ္တတစ်ပတ်မကြာမီပင် ဗဒ္မပီဌ အမှတ်အသားပါသည့်အိုးကွဲအပိုင်းအစတစ်ခုကို တူးဖော်ရရှိခဲ့ပေသည်။
ပျူခေတ်ဒင်္ဂါးများ၊ ပျူခေတ်သုံးပုတီးစေ့များနှင့် အခြားအထောက်အထားများကို တူးဖော် တွေ့ရှိခဲ့လေသည်။ (၁၄-၃-၇၉ နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်၊ ကြေးမုံ၊ မြန်မာ့အလင်းသတင်း စာများ)။ မိုင်းမောသည် ပျူခေတ်မြို့ဟောင်းကြီးတစ်ခု ဖြစ်ဖွယ်ရှိကြောင်း ဖော်ပြခဲ့ပေသည်။ မိုင်းမောကို ဆက်လက်တူးဖော်ဦးမည်လည်း ဖြစ်ချေသည်။

မြန်မာ့ရှေးဟောင်းမြို့များ (အရာဟောင်းများ)ကိုကောင်းကင်ဓါတ်ပုံများ အသုံးပြုခြင်း စသည် ဦးအောင်မြင့်

ကောင်းကင်ဓါတ်ပုံများ အသုံးပြုခြင်း စသည် (၁) ဦးအောင်မြင့်

28 August 2011 at 11:43
ကိုကျော်နိုင်ဝင်းရဲ့ တောင်းဆိုချက်အရ
(၁)
နိဒါန်း
ဓာတ်ပုံဖတ်ရှုခြင်း
    ဤစာအုပ်ပါ မြို့ဟောင်းများအနက်မှသရေခတ္တရာ၏ ထူးခြားသည့် ၀ိသေသများဟူသည့် အခန်းတစ်ခုမှလွဲ၍ ကောင်းကင်ဓာတ်ပုံထဲတွင် ဖတ်ရှု၍ ဖော်ထုတ်ခြင်း ထို့နောက်ကွင်းဆင်းကြည့်ရှု ခြင်းများနှင့် ပတ်သက်သည့် လေ့လာချက်များပင် ဖြစ်ပေသည်။ ပကမအစုအနေဖြင့် မြို့ဟောင်း ပေါင်း ၃၀မျှကိုသာ ဖော်ထုတ်တင်ပြထားခြင်းဖြစ်ပေသည်။ ဤတင်ပြချက်များမှာ သုတေသနတင်ပြ ချက်များ မဟုတ်ပေ။
တင်ပြထားသည့် မြို့ဟောင်းများမှာ သုတေသီတို့ရောက်ရှိပြီးကြသည့် မြို့ဟောင်းအချို့ပါရှိ သလို၊ မိမိလုံးဝမသိရှိသေး၊ မရောက်ဘူးသေးသည့် မြို့ဟောင်းများလည်း ပါဝင်ပေလိမ့်မည်။ ကြီးမားထည်ဝါသည့် မြို့ဟောင်းကြီးများ ပါသလို သေးမွှားသိမ်ငယ်၊ လူသိနည်းသည့် မြို့ဟောင်း ကလေးများလည်း ပါဝင်ပေလိမ့်မည်။
ရည်ရွယ်ချက်မှာ မြန်မာ့ရှေးဟောင်းမြို့များ (အရာဟောင်းများ)ကို ကောင်းကင်ဓာတ်ပုံထဲမှ တတ်နိုင်သမျှ ဖော်ထုတ်တင်ပြခြင်းဖြင့်၊ ရှေ့ပြေးအနေဖြင့် ရှေးဟောင်းအရာဟောင်းများကို ကွင်းဆင်းကြည့်ရှုခြင်း၊ လိုအပ်လျှင် သမိုင်းသုတေသနပြုခြင်း၊ ရှေးဟောင်းသုတေသနတူးဖော်မှုများ ပြုလုပ်နိုင်ကြမည်ဖြစ်ပေသည်။
ရှေးမြို့ဟောင်း အရာဟောင်းများ၏ တည်နေရာ၊ ပုံသဏ္ဍာန်နှင့် လက်ရှိအခြေအနေတို့ကို တွေ့ရှိရလျှင်ပင်လေ့လာသူ သုတေသီတို့အတွက် များစွာအထောက်အကူဖြစ်စေပေလိမ့်မည်။ အထူးသဖြင့် အရာဟောင်း၏ ပုံသဏ္ဍာန်နှင့် အရွယ်အစားပမာဏကို ကြိုတင်သိရှိကြပြီး ဖြစ်သဖြင့် ဦးစားပေးကြည့်ရှုလေ့လာသင့်သော နေရာများကို မရောက်မီကပင် ကြိုတင်ခန့်မှန်း လျာထားမှုပြုနိုင် ပေသည်။
ဤစာအုပ်၌ဖော်ပြထားသည့် အတိုင်းအတာခန့်မှန်းချက်များမှာ အဓိကအားဖြင့် ကောင်းကင်ဓာတ်ပုံများမှ ၄င်းတို့ကို ရိုက်ကူးသည့် စကေးအရ တိုင်းတာဖော်ပြထားခြင်းဖြစ်ပေသည်။ ဧရိယာတိုင်းတာခြင်းမှာလည်း အစက်ချဇယားတိုင်းတာနည်းဖြင့်ပင် ၄င်းတို့၏စကေးအရတိုင်းတာ ခန့်မျန်းဖော်ပြထားခြင်း ဖြစ်ပေသည်။ ယခုအခါ ကမ္ဘာနှင့်အ၀န်း မီတာစနစ်ကို သုံးစွဲနေကြပြီဖြစ်ရာ မိမိတို့လည်း တစ်ပါတည်း ဤတိုင်းတာမှုများနှင့်လက်ပွန်းတတီးဖြစ်ရန် အလေ့အကျင့်လိုပေမည်။ လက်မ၊ ပေ၊ ကိုက်၊ မိုင်၊ စကေးများနှင့် တွဲ၍အသုံးပြုထားသည်။ နောင်မီတာစနစ်သို့ တစ်စ၊ တစ်စ ကူးပြောင်းနိုင်ပေလိမ့်မည်။

မြေပုံများ
မြေပုံများမှာ၊ မြို့ဟောင်းရာများကို ဓာတ်ပုံမှပင်၊ မြေပုံထတ်လုပ်တင်ပြထားခြင်းဖြစ်ပြီး၊ မူရင်း တစ်လက်မတစ်မိုင် စကေး၊ ကွန်တိုမြေပုံများကို ဖြစ်စေ၊ သို့မဟုတ် တစ်ခြားသင့်တော်သည့် စကေး များဖြင့် ထုတ်လုပ်ထားသည့် ကွန်တိုမြေပုံများကိုလည်း မှီငြမ်းပြုပါသည်။
တစ်ခါတစ်ရံ ဓာတ်ပုံရိုက်ကူးသည့်ကာလ ၄င်းမှထုတ်ထားသည့် မြေပုံများသည် ကွင်းဆင်း လေ့လာမှုပြုသည့်အခါ၊ အချိန်ကာလ၊ အတိုင်းအတာကွာခြားမှုရှိတတ်သည်။ ဓာတ်ပုံဖတ်ရှုချိန်ကာလ က၊ ရေကန်၊ ကျုံးရှိသည်ဟု ဖတ်ရှုဖော်ညွှန်းနိုင်စေကာမူ၊ နောင်အနှစ် ၃၀ ကျော်ကြာသည့်အချိန်မှ ကွင်းဆင်းလေ့လာမှုပြုသည့်အခါတွင် ရေကန်သို့မဟုတ် ကျုံးစသည်တို့မှာ တိမ်ကောခဲ့ပြီးဖြစ်၍ မြေပြင်နှင့် တပြေးညီဖြစ်လျက်ရှိနေသည်ကို တွေ့ရတတ်ပေသည်။ သို့ရာတွင် ဓာတ်ပုံရိုက်ကူးချိန်ကမူ ရေကန်၊ ကျုံး၊ ရာဟောင်းကြီးများကို အထင်အရှားတွေ့ရခြင်းပင်ရှိပေမည်။
ရှေးအရာဟောင်းများသည် နှစ်ပေါင်းရာဖြင့် ကြည်ရှည်စွာ တည်တံ့ ခံနိုင်စွမ်းရှိပေသည်။ သဘာဝအလျောက် ရာသီဥတုဒဏ်၊ သဘာဝရေတိုက်စားမှုဒဏ်များကြောင့် ဤမျှပြောင်းလဲ တိမ်ကောပပျောက်သွားမည် မဟုတ်ပေ။ အဓိကရန်သူမှာ လူပင်ဖြစ်သည်။ လူများဖျက်ဆီးခြင်းပင် ဖြစ်သည်။
မြို့ဟောင်း၏ အုတ်၊ ကျောက်၊ ဂ၀ံ၊ မြေကြီးစသည်တို့ကို လူတို့က အခြားတစ်နေရာတွင် အသုံးပြုပစ်လိုက်ကြခြင်း၊ ဥပမာကားလမ်း၊ မီးရထားလမ်းဖောက်ခြင်း၊ လမ်းခင်းခြင်း၊ ပြုလုပ်ရာတွင် လည်းကောင်း တမံဆည်ဖို့မှုပြုလုပ်ရာတွင် လည်းကောင်း၊ အသုံးပြုတတ်ကြပေသည်။ ကျုံးများလည်း နှစ်လကြာရှည်သဖြင့် သဘာဝအလျောက် နုန်းပို့ပြီး ပြည့်သွားရသည်။ လယ်ယာစိုက်ပျိုးလယ်မြေတို့ ချဲ့ခြင်း စသည်တို့ကြောင့် တိမ်ကောသွားရမည်။ ဤကဲ့သို့ လူတို့နှောက်ယှက်ဖန်တီးခြင်းက၊ သဘာဝအလျောက် ပွန်းတီးပြောင်းလဲခြင်းတို့ထက် များစွာလျင်မြန်သည်။ သို့ဖြစ်၍ ဤသို့လူပြုပြင် နှောက်ယှက်ခြင်းတို့ကြောင့် နှစ်ပေါင်းရာထောင်မပြောနှင့် နှစ်ပေါင်း ၃၀ကျော်ခန့်မျှသော နှစ်ပိုင်းလောက်တွင်ပင် တချို့နေရာများ အကြီးအကျယ်ပြောင်းလဲကုန်ကြလေသည်။

မြို့ပြတိုးချဲ့ခြင်း
တချို့သောမြို့ဟောင်း၊ မြို့တော်၊ အသေးအဖွဲများမှာ အထက်ဖော်ပြပါ နှောက်ယှက်ဖျက်ဆီး မှုများကြောင့် အထူးတလည် ဆုံးရှုံးမှုမရှိဆိုသည့် ခံယူချက်မရှိသင့်။ မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုထွန်း ကားပြီး ခေတ်တစ်ခေတ် အပိုင်းအခြား အနေဖြင့် ထင်ရှားခဲ့သည့် သမိုင်းဝင်မြို့ဟောင်းကြီးများကိုမူ အထူး ထိန်းသိမ်းထားရှိသင့်သည်။ မလွဲမသွေ၊ မြို့ပြချဲ့ခွင့် ပြုရစေကာမူ၊ ရှေးဟောင်းနေရာတချို့ကို ထိပါးမှု ပြုပြင်ပြောင်းလဲမှု မဖြစ်စေဘဲ ထိန်းသိမ်းစီမံကွပ်ကဲမှုကိုမူကား အမြဲပြုလုပ်ပေးဖို့ လိုပေသည်။
အထူးသဖြင့် မြို့ဟောင်းမြို့ရိုးအတွင်းပိုင်းများကို အထူးထိန်းသိမ်းထားသင့်ပေသည်။ မြို့ရိုး၊ ကျုံးအပြင်ဖက်နေရာများ၌ မြို့ပြတိုးချဲ့ပွားများလာမှုကို အထိုက်အလျောက် လိုက်ရောခွင့်ပြုရစေကာ မူ၊ မြို့ဟောင်းအရာဟောင်းများအတွင်း၌မူကား များစွာဆင်ခြင်သင့်လေသည်။ (ဥပမာ-ကလေးမြို့၊ တောင်တွင်းကြီးမြို့) စသည်များမှာမူ ၄င်းမြို့ပြဧရိယာကွက်တို့၏ ၂ဆ-၃ဆခန့်မျှ ကျယ်ပျံ့ခဲ့လေပြီ။ အဓိကသမိုင်းဝင်မြို့တော်ကြီးများ တချို့ပင်လျှင် မြို့တွင်းတစ်ခွင်လုံး ကျုးကျော်အိမ်များ နှင့် ပြည့်လျှံလျက် ရှိခဲ့ကြလေသည်။ (ဥပမာ-ဥသာပဲခူး၊ တောင်ငူ) ဖြစ်ပြီးခဲ့သည်ကို အသာထားဦး၊ ရှေ့သို့အလားတူ၊ အဓိကရသမိုင်းဝင် ရှေးဟောင်းမြို့ကြီးများကို မြို့ပြတိုးချဲ့ခြင်းကြောင့် ပြောင်းလဲမှု များ မဖြစ်စေရန် အထူးထိန်းသိမ်းဖို့လိုလေသည်။
ရှေးဟောင်းပစ္စည်းများနှင့် စီးပွားရှာ၊ ရောင်းဝယ်ဖောက်ကားနေကြသူများအတွက်လည်း တစ်ဖက်တစ်လမ်းမှ ကာကွယ်တားဆီးရန်လိုသည်။ နေရာတစ်ခုကို ရှေးဟောင်းနေရာ ဒေသတစ်ခုဖြစ်ခဲ့ဖူးကြောင်း မသိလိုက်နှင့် သိလိုက်သည်နှင့် တစ်ပြိုင်နက် ရှေးဟောင်းပစ္စည်းနှင့် ပတ်သက်သည့် စီးပွားရေးသမားများ အလျှိုလျှိုရောက်လာတတ်ကြလေသည်။ ရှေးဟောင်းပစ္စ္စည်းရရှိ ထားသူများထံမှ လက်သိပ်ထိုး၍ လိုက်ဝယ်ခြင်း၊ တိတ်တဆိတ်တူးဆွ ရှာဖွေခိုင်းခြင်းစသည်များ ဖြစ်လာတတ်လေသည်။
လေ့လာသူများအနေဖြင့်လည်း သတိပြုသင့်သည်မှာ လေ့လာသူများသည် ရှေးဟောင်း သုတေသနတူးဖော်သူများ မဟုတ်။ မြို့ဟောင်း၏ အတိမ်အနက် လေးနက်မှု၊ အရေးပါမှုကို မှတ်တမ်းတင်ထားနိုင်ရန်၊ လက်ရှိတွေ့ထားသည့် ပစ္စည်းများကို ရေးကူးပုံဆွဲခြင်း၊ ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်ခြင်းသာ ပြုလုပ်နိုင်ပေသည်။ တူးဖော်သုတေသနပြုခြင်းမှာ ရှေးဟောင်းသုတေသနဌာန ၏ တာဝန်ဖြစ်ပေသည်။ ၄င်းတို့သည် တူးဖော်ခြင်း၊ ဓာတ်ခွဲခန်းများသို့ နမူနာများပို့၍ သက်တမ်းတွက်စစ်ခြင်း ပြုလုပ်ကြပေလိမ့်မည်။ ဤသို့စနစ်တကျတူးဖော်လေ့လာမှု မပြုနိုင်မီ၊ အခိုက်အတန့်တွင် မသမာသူတို့ နှောက်ယှက်ဖျက်ဆီးမှု တူးဖော်ခိုးယူမှုမပြုနိုင်ကြရန် ထိန်းသိမ်း စောင့်ရှောက်ကြဖို့သာ လိုပေသည်။ ရှေးဟောင်းပစ္စ္စည်းထိန်းသိမ်းရေးဥပဒေဖြင့်လည်း ပြဌာန်းထားခဲ့ ပြီးဖြစ်လေသည်။ နှစ်ပရိစ္ဆေဒ၊ ရာစုနှစ်ပေါင်းများစွာ တည်တံ့လာခဲ့ပြီဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံ၏ ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှုပစ္စ္စည်းများ ရှေးဟောင်းလက်ရာများကို မိမိတို့လက်ထက်ကျမှ မိုက်မဲစွာဖျက်ဆီးမှု မဖြစ်စေသင့်ကြပေ။
တစ်ဖက်တွင်လည်း မိမိတို့၏ ရှေးခေတ်ပိုင်းသက်သေ၊ အမွေအနှစ်များဖြစ်သည့် ဤမြို့ရာဟောင်းများဆီမှ များစွာ လေ့လာစရာ ရှိသေးသည်။ သုတေသနပြုစုစရာရှိသေးသည်။ သမိုင်းကွင်းဆက်များ၊ ယဉ်ကျေးမှုအစဉ်အလာများကို လေ့လာဆည်းပူးကြရပေဦးမည်။ ပုဂံရာဇ၀င်ကို တုတ်ထမ်းမပြောနှင့် ပေါက်တူးထမ်း၍ပြောကြကုန်ဟု ဆရာကြီးဦးဖေမောင်တင်တို့ လက်ထက်ကပင် မြက်ကြားဖူးခဲ့ပြီ။ ရှေးဟောင်းအရာဟောင်းများကိုလည်း ပေါက်တူးထမ်း၍ပင် ပြောကြရပေလိမ့်မည်။ ထိုအခါတွင် ရှေးဟောင်းသုတေသနပေါက်တူး၊ သမိုင်းပေါက်တူး၊ ယဉ်ကျေးမှုပေါက်တူးတို့သာ ဖြစ်ရပေမည်။ စီးပွားရေး ပေါက်တူး ရှေးဟောင်းပစ္စည်း ၀ိသမပေါက်တူးများ မပါစေသင့်ချေ။ မြန်မာ့ရှေးဟောင်းအမွေအနှစ်ကို အဓိကထား၍ ထိန်းသိမ်းစောင့်ရှောက်ရပေလိမ့်မည်တည်း။
ရှေးသမိုင်းအဆိုအမိန့်များအရ ဖော်ပြသည့်မြို့ဟောင်းတချို့ကို ကောင်းကင်ဓာတ်ပုံထဲ၌ ရှာဖွေမှုပြုခဲ့စေကာမူရှာဖွေ၍ မတွေ့ရတော့ချေ။ မြေပြင်နှင့် တပြေးညီစွာဖြစ်သွားခဲ့ပြီ။ ပျက်စီးပွန်းတီးသွားခဲ့ပြီ။ မူလကတည်းက အရာဟောင်း မြို့ဟောင်းသည် ကြီးမားထည်ဝါမှုမရှိ၊ မြေမြို့ရိုးမျှ ဖြစ်ဟန်ရှိ၏။ ထို့အပြင် ထိုမြေမြို့ရိုးကို လူများနှောက်ယှက်ဖျက်ဆီး တူးဖြိုမှု ပြုခဲ့ကြသဖြင့် ရှာမတွေ့တော့ခြင်း ဖြစ်ဟန်တူသည်။ အမှန်မှာ သဘာဝအလျောက် ပွန်းတီးမှု ကြောင့် ဤမျှပျောက်ကွယ် သွားမည်မဟုတ်ချေ။
သမိုင်းဝင်အဆိုအမိန့်မရှိစေကာမူ တစ်ခါတစ်ရံထင်ရှားသည့် အရာဟောင်းကြီးတစ်ခုကို ကောင်းကင်ဓာတ်ပုံထဲ၌ တွေ့ရှိသည်လည်း ရှိတတ်ပေသည်။ သို့ဖြစ်၍ကောင်းကင်ဓာတ်ပုံများကို အခြေခံ၍ တွေ့ရှိနိုင်သ၍ အရာဟောင်းများကို ဆက်လက်ရှာဖွေ စူးစမ်းလေ့လာမှု ပြုရမည်သာဖြစ် ချေသည်။ ဤသည်မှာ တကယ့်သမိုင်းပေးတာဝန်တစ်ရပ် ဖြစ်ချေသည်။ သမိုင်းအတွက် ရှေးဟောင်းသုတေသနအတွက် ဆက်၍ဆောင်ရွက်ရပေဦးမည်။
ဤစာအုပ်ကိုဖြစ်မြောက်အောင် အားပေးပံ့ပိုးမှုအများဆုံးပြုလုပ်သူမှာ ယဉ်ကျေးမှုဝန်ကြီး ဌာန ၀န်ကြီးဦးဝင်းစိန်ဖြစ်သည်။ ကျန်ပုဂ္ဂိုလ်များမှာ ဦးညွန့်ဟန်၊ ညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်း သုတေသနဦးစီးဌာန၊ ဦးသော်ကောင်း(အငြိမ်းစား)တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှူးနှင့် ဒေါက်တာ မျိုးသန့်တင်ခတ္တိယဂျာနယ်စာတည်းချုပ်တို့ဖြစ်ကြပါသည်။ သို့ရာတွင် စာရေးသူခရီးလွန်နေသဖြင့် (၂)နှစ်ခန့်မျှသောအချိန်များ အလဟသဖြစ်သွားရပေသည်။ ဦးသော်ကောင်းမှာ ဇွဲကောင်းလှသည်။ စိတ်မပျက်၊ တိုက်တွန်းမြဲ၊ အားပေးမြဲဖြစ်သည်။ ၀န်ကြီးဦးဝင်းစိန်နှင့် အဖွဲ့ကလည်း မကြာခဏခေါ်ယူ ၍ တွန်းအားပေးကြသဖြင့် ယခုလို ဤစာအုပ်ဖြစ်မြောက်လာရခြင်းဖြစ်သည်။
ရေးစရာတွေများလှသည်။ မရေး၍မဖြစ် ရေးရတော့သည်။ အထူးသဖြင့် အများဆုံးဖင့်နှေး စေသည်မှာ ဓာတ်ပုံနှင့်မြေပုံတို့ပင်ဖြစ်သည်။ အလွန်အချိန်ပေးရသော လုပ်ငန်းများဖြစ်သည်။ ကောင်းကင်ဓာတ်ပုံမှ မြန်မာ့မြို့ဟောင်းရာများစာအုပ်သည် ပထမပိုင်းအနေဖြင့် မြို့ဟောင်း (အကြီးအသေး) စုစုပေါင်း ၃၀မြို့ကို ရေးသားခဲ့ပါသည်။ ရှေ့ကိုဆက်၍ ပြုစုရဦးမည်။ ပြုစုဆဲပင် ဖြစ်ချေသည်။

ဖတ်ရ့ခြင်းဆိုင်ရာ (၂) ဦးအောင်မြင့်

28 August 2011 at 11:48
မြို့ဟောင်းရာမဟုတ်ဘဲ၊ လူများပြုလုပ်မှုကြောင့်ထင်နေသည့် အရာများ
သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ပုံသဏ္ဍာန်များမဟုတ်ဘဲ လူများဖန်တီးသဖြင့် ဖြစ်ပေါ်တတ်သည့် ပုံသဏ္ဍာန်တချို့ကိုလည်း တစ်ခါတစ်ရံမြို့ဟောင်းရာအဖြစ်နှင့်လွဲမှား ဖတ်ရှုနိုင် ဖွယ်ရာ တွေ့ရတတ်ပေသည်။
အများအားဖြင့် ရေရှားသည့်အညာဒေသများ၌ ရနိုင်သမျှရေကို တစ်တန်းဆည်ကလေးများ သို့မဟုတ် စက်ဝိုင်းခြမ်းဆည်များအဖြစ်နှင့် တစ်ခါတစ်ရံ မြေဖို့၍ ရေကိုဆည်ကြသည့် အကျင့်ရှိပေ သည်။ ထိုဆည်တန်းဟောင်းများမှာ အသေးအကြီးကိုလိုက်၍ (အထူးသဖြင့်အကြီးများ) မြို့ဟောင်း ရာ အစိတ်အပိုင်းများကဲ့သို့ ဓာတ်ပုံထဲ၌ တစ်ခါတစ်ရံတွေ့မြင်ရတတ်၏။ ဤသို့တွေ့မြင်ရစေကာမူ ထိုသဏ္ဍာန်များကို ပြည့်ပြည့်စုံစုံလေ့လာကြည့်ရှုလိုက်လျှင် မြို့ဟောင်းရာဟုခေါ်ဆိုနိုင်လောက်အောင် အထောက်အထားများ ရှာဖွေ၍မရသည်ကို တွေ့ရပေသည်။


(၂)
အသုံးပြုသည့်ဓာတ်ပုံအမျိုးအစား
မြို့ဟောင်းရာများကို ဖတ်ရှုရန်အသုံးပြုသည့် ဓာတ်ပုံများမှာ ပင်ကရိုမက်တစ်ဖလင် (Panchromatic Film)ကိုသုံးပြီး မှန်ဘီလူး၌ အရောင်ခွဲမှန်အ၀ါ  (Yellow Filter)ကို တတ်ဆင်ရိုက်ကူးသည့်ပုံများဖြစ်သည်။ ဓာတ်ပုံများမှာ တည့်မတ်ဓာတ်ပုံများ (Vertical photographs) ဖြစ်သည်။ ဓာတ်ပုံဖတ်ရှုရာတွင်လည်း မြို့ဟောင်းရာများ၏ ပုံသဏ္ဍာန်များကိုသာ အဓိကထား၍ရှာဖွေစူးစမ်းခြင်းဖြစ်သဖြင့် သာမန်ရုပ်လုံးကြမှန်ဘီလူးကိုပင် အသုံးပြု၍ ဖတ်ရှုလေ့လာ မှုပြု၏။ အကြီးချဲ့မှန်ဘီလူးကို အဓိကထား၍အသုံးမပြုပါ။
ရိုးရိုးကောင်းကင်ဓာတ်ပုံများအပြင် ဂြိုဟ်တုမှရိုက်ကူးသည့် (Landsat Remote Sensing Imagery) များမှလည်း လက်လှမ်းမီရာ ရရှိနိုင်သမျှ အတွင်းမှ နှိုင်းယှဉ်လေ့လာမှုလည်း ပြုခဲ့ပေ သည်။ သို့ရာတွင် အဓိကအားထားမှုပြုသည်မှာ သာမန်ကောင်းကင်ဓာတ်ပုံများသာတည်း။
မြို့ဟောင်းများကို ၄င်းတို့၏ပုံသဏ္ဍာန်များအပေါ်တွင်မူတည်၍ ၄င်းတို့၏ဖွဲ့စည်းပုံအနေ အထားများကိုလေ့လာခြင်းဖြင့်လည်းကောင်း တည်နေရာဒေသနှင့် ခေတ်ပိုင်းအခြေအနေကိုလေ့လာ ခြင်းဖြင့်လည်းကောင်း၊ မြို့ဟောင်းများတစ်ခုချင်းကို ကောင်းကင်ဓာတ်ပုံများမှ လေ့လာခြင်းဖြင့် လည်းကောင်း၊ မြေပြင်ပေါ်၌ကွင်းဆင်းလေ့လာခြင်းဖြင့်လည်းကောင်း နှိုင်းယှဉ်ဖော်ပြထားပါသည်။

ကောင်းကင်ဓာတ်ပုံ၌ တွေ့ရသမျှ လူတို့ဖန်တီးခဲ့သည့်အရာဟောင်းများ
အရေပြားပေါ်၌ ဓားရှသည့်အခါ သို့မဟုတ် ထိခိုက်ပွန်းပဲ့အနာတရ ဖြစ်သည့်အခါ အရေခွံ ပေါ်၌ အနာဖြစ်ပြီး အနာရွတ်ကျန်ရစ်ခဲ့တတ်ပေသည်။ အနည်းဆုံးကြောင်လက်သည်းနှင့်အရေပြား ပေါ်၌ ကုတ်ခြစ်ခံရလျှင်ပင် ကြောင်လက်သည်းရာတွင် သွေးစို့၍ အနာဖေးကလေးများဖြစ်တတ် သည်။ အနာခြောက်လျှင် အနာဖေးလည်း ကွာကျပျောက်ကွယ်သွားလေသည်။ အနာရွတ်ပင် မကျန်ခဲ့တော့ပေ။ အလားတူပင် မြေပြင်ပေါ်လည်း မြေမျက်နှာပြင်ပေါ်တွင် တူးဆွခြင်း၊ တည်ဆောက်ခြင်းစသည့် ပြုလုပ်မှုမှန်သမျှသည် မြေပြင်ပေါ်တွင် အရာထင်၍ ကျန်ရစ်ခဲ့သည်မှာ သဘာဝပင်ဖြစ်ချေသည်။
အရေပြားပေါ်၌ ထိခိုက်ရှနမှုကြောင့် ဖြစ်ရသည့်အနာသည် ကြီးမားလျှင်၊ ထင်ရှားသည့် အမာရွတ်သည် အရေပြားပေါ်၌ သေရာပါ ထင်ရှားကျန်ရစ်ခဲ့လေသည်။ ထို့အတူကြီးမား ထင်ရှား သည့် တည်ဆောက်မှုမှန်သမျှသည် မြေပြင်ပေါ်၌ ထင်ရှားစွာ အရာဟောင်းများအဖြစ် ကျန်ခဲ့မည် သာတည်း။ ထိုရှေးဟောင်းအရာများမှာ အရေပြားပေါ်မှ အမာရွတ်ကဲ့သို့ မြေပြင်ပေါ်၌ ထင်ရှားပေါ် လွင်တည်တံ့နေမည်သာတည်း။ ထို့ကြောင့် အရာဟောင်းဆိုရာ၌ ရှေးယခင်က တူးဆွတည်ဆောက် ခဲ့ခြင်းကြောင့် ယခုထက်တိုင်အရာထင်၍ ကျန်ရစ်ခဲ့သည့်အရာများကို ဆိုလိုပါသည်။
မြို့တစ်မြို့ကို တည်ထောင်ခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ပေ။ သာမန်မြို့ပြများ မဟုတ်မူဘဲ မင်းနေမြို့တော်များ၊ နေပြည်တော်များတည်ဆောက်ထူထောင်ခြင်းမှာ သာ၍မလွယ်ကူ ချေ။ ထည်ဝါမှု၊ ခမ်းနားကြီးကျယ်မှုကို အဓိကထားစေဦး မင်းနေပြည်တော်သည် လုံခြုံမှုရှိရပေမည်။ ကျုံး၊ မြို့ရိုး၊ တံခါး၊ ရဲလောင်း၊ ရင်တားစသည်တို့ဖြင့် အခိုင်အမာတည်ဆောက်လေ့ရှိကြသည်သာ တည်း။
ဤသို့မြို့ရိုးများ ခံတပ်များ ဆောက်လုပ်ရာ၌ ကျောက်များ အုတ်များဖြင့် တည်ဆောက်လျှင် ပို၍ အဓွန့်ရှည်စွာ တည်တန့်နိုင်ပေသည်။ ကျောက်နှင့်အုတ်အဆောက်အအုံတို့၏ အရာဟောင်း များ၊ မြို့ရိုး၏အရာဟောင်းများသည် ရှေးဟောင်းမြို့များ ပျက်စီးဆိတ်သုဉ်းသွားစေကာမူ မြေပြင်ပေါ် ၌ မပျောက်မပျက်ထင်ရှား၍ ကျန်ရစ်ခဲ့တတ်ပေသည်။
ရိုးရိုးမြေဖို့၍ မြို့ရိုးပြုလုပ်ခြင်းမှာ အုတ်၊ကျောက်ဖြင့် တည်ဆောက်သည့် မြို့ရိုးများကဲ့သို့ အဓွန့်ရှည်ကြာစွာ မခံနိုင်ပေ။ မည်သို့ပင်ရှိစေ မြို့တစ်မြို့တည်ဆောက်ရာတွင် အထူးသဖြင့် နန်းမြို့များတည်ဆောက်ရာတွင် မြို့ရိုး၊ ကျုံးများ အခိုင်အမာတည်ဆောက်လေ့ရှိခြင်းကြောင့်ပင်လျှင် နှစ်ပရိစ္ဆေဒကြာမြင့်ပြီး ထိုမြို့များပျက်စီးသွားခဲ့စေကာမူ၊ သမိုင်းခေတ်များ တစ်ခေတ်ပြီး တစ်ခေတ် ပျောက်ပျက်ဆိတ်သုဉ်းသွားခဲ့စေကာမူ ထိုအခေတ်ခတ်မှ တည်ဆောက်ခဲ့သည့် မြို့ဟောင်း၊ မြို့ရိုး အရာများမှာ မြေပြင်ပေါ်၌ အရာထင်၍ကျန်ရစ်ခဲ့ပေသည်။ ထို့ကြောင့် ကောင်းကင်ဓာတ်ပုံများ ပေါ်၌ ရှာဖွေဖတ်ရှုလေ့လာဖော်ထုတ်နိုင်ပေသည်။
သမိုင်းအခေတ်ခတ်မှ မြို့ဟောင်းအရာများ မြေပြင်ပေါ်၌ထင်ရှားစွာ ထင်၍ကျန်ရစ်ခဲ့သည် ဆိုစေကာမူ မြေပြင်၌သွားရင်းလာရင်း အမှတ်မထင် ရှာဖွေရန် မလွယ်ကူလှပေ။ ထီးထီးမားမား ကျန်ရစ်ခဲ့သည့် မြို့ရိုးဟောင်းတချို့၊ ကျုံးဟောင်းတစ်ပိုင်းတစ်စ၊ တစ်စိတ်တစ်ဒေသနှင့် မြို့တံခါး ပေါက်တချို့ကို တွေ့မြင်နိုင်ကောင်းရှိလျှင် ရှိမည်။ ထိုမြို့ဟောင်း၏တည်ထားပုံ၊ ပုံသဏ္ဍာန်ကိုမူကား မြေပြင်ပေါ်၌ လွယ်ကူစွာရှာဖွေ၍မတွေ့နိုင်ပေ။
ဤသို့လွယ်ကူစွာ မြေပြင်ပေါ်၌ရှာ၍ မတွေ့နိုင်သော မြို့ဟောင်းရာများသည် ကောင်းကင် ဓာတ်ပုံများ၌ တစ်ခါတစ်ရံပေါ်လွင်ထင်ရှားစွာ ရှာဖွေတွေ့ရှိနိုင်ပေသည်။ မြေပြင်ပေါ်၌ ရှာဖွေလျက် လွယ်ကူစွာရှာဖွေတွေ့ရှိနိုင်လိမ့်မည် မဟုတ်သည့် အချို့သော မြို့ဟောင်းရာများကိုလည်း ကောင်း ကင်ဓာတ်ပုံများ၌ ဖတ်ရှု၍ရှာဖွေနိုင်ပေသည်။
ကုန်းဘောင်ခေတ်နောက်ပိုင်းလောက်တွင် တည်ခဲ့သည့်မြန်မာ့မြို့ဟောင်းများကား ဆိုဖွယ် မရှိပေ။ ထင်ရှားလှတော့သည်။ နန်းတော်နှင့် အဆောက်အအုံများမှာ၊ အများအားဖြင့် သစ်များဖြင့် သာ တည်ထောင်ဆောက်လုပ်ကြမည်ဖြစ်သဖြင့် ဆွေးမြည့်ပျက်စီး မီးလောင်ခဲ့ပြီဖြစ်ရကား အဆောက်အအုံများနန်းတော်များအနေဖြင့် ပြောပလောက်အောင် ကျန်ရစ်ခဲ့ခြင်းမရှိပေ။ ဓာတ်ပုံ ထဲ၌ ဖတ်ရှုနိုင်လောက်အောင် မကျန်ရစ်ခဲ့ပေ။ သို့ရာတွင် တချို့သော မြို့ဟောင်းများ၏ အလယ်တွင် မို့မောက်လျက်ရှိသည့် ကုန်းများသည် နန်းတော်ဟောင်းနေရာများ အုတ်ခုံများ ဖြစ်နိုင်ကောင်း ဖြစ်နိုင်သည့်အရိပ်အရောင်ကို တွေ့ရပေသည်။
သရေခေတ္တရာခေတ်၊ ပုဂံခေတ်များကဲ့သို့ ပျူတိုက်များ၊ ဘုရားပုထိုးများကို အုတ်ဖြင့် အများ အပြားတည်ဆောက်ခဲ့သည့် မြို့များခေတ်များမှ ကျန်ခဲ့သည့် အပျက်အစီးများမှာမူကား ယခုတိုင် အောင်ပင် ကောင်းကင်ဓာတ်ပုံများထဲ၌ ထင်ရှားစွာအရာဟောင်းများကို ဖတ်ရှုတွေ့ရှိရပေသည်။
မြို့ဟောင်းရာများကို ကောင်းကင်ဓာတ်ပုံမှ ဖတ်ရှုဖော်ထုတ်ခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အနည်းငယ်ရှင်းလင်းဖော်ပြလိုပေသည်။ ဓာတ်ပုံတစ်ပုံတည်းကိုသာ အားကိုးအားထား ပြုပြီး ဤကဲ့သို့ဖြစ်ရမည်ဟု တရားသေယူဆရန် မဟုတ်ပါ။ ဓာတ်ပုံသည် မြို့ဟောင်းအရာဟောင်း များကို စူးစမ်းလေ့လာရန် အလွန်အထောက်အကူပြုနိုင်သည့် လက်နက်ကောင်းတစ်ခုဖြစ်ပေသည်။ ဓာတ်ပုံ၌ ထင်ရှားစွာ ပေါ်လွင်နေသည့်အရာဟောင်း ပုံသဏ္ဍာန်တစ်ခုခုကို သေချာစွာဖတ်ရှုလေ့လာ ပြီးလျှင် ဤအရာဟောင်းသည် မြို့ဟောင်းရာတစ်ခုဖြစ်နိုင်သည် ကောက်ချက်ချကာ မြေပြင်၌ကွင်း ဆင်းစစ်ဆေးကြည့်ရှုပါက အခါများစွာမှန်ကန်မှုရှိနေသည်ကို တွေ့ရှိရပေသည်။ ၄င်းအရာဟောင်း ကြီး၏ ပုံသဏ္ဍာန်အရွယ်အစားပမာဏာအစရှိသည်တို့ကို ဓာတ်ပုံထဲ၌ ကွက်ကွက်ကွင်းကွင်း တွေ့ရှိ ထားပြီးဖြစ်၍ မြေပြင်၌ ကွင်းဆင်းလေ့လာမှုပြုရာ၌လည်း အလွန်ခရီးရောက်ပေသည်။
ဤစာအုပ်သည် ကောင်းကင်ဓာတ်ပုံများဖြင့် အဓိကထား၍ ဖော်ထုတ်ရေးသားထားသည့် မြန်မာ့မြို့ဟောင်းများပင်ဖြစ်သည်။ ရှေးဟောင်းသုတေသန တူးဖော်လေ့လာမှု၊ တွေ့ရှိချက်များကို ရေးသားမှတ်တမ်းပြုစုထားသည့် စာအုပ်မဟုတ်ပါ။ သို့ရာတွင် ဓာတ်ပုံမှတွေ့ရှိသည့် ထိုမြို့ဟောင်း ရာများကို ကွင်းဆင်းလေ့လာမှုပြုသည့်အခါ တွေ့ရှိရသည့်အတွေ့အကြုံ အခြေအနေများအပြင် မြေပြင်ပေါ်၌ တွေ့ရှိသည့် (Surface Find) ရှေးဟောင်းပစ္စည်းတချို့ကိုပါ တစ်ပါတည်းမှတ်တမ်း တင်ရေးသားဖော်ထုတ်ထားသည်လည်း ရှိသည်။
တစ်ခါတစ်ရံ ရွာခံလူများ မိမိတို့နေရာ (မြို့ဟောင်းရာ) အတွင်းအိမ်ဆောက်ရန် အိမ်တိုင် တွင်းတူးခြင်း အိမ်သာတွင်း ရေတွင်းစသည်တို့ တူးဖော်ခြင်း ပြုလုပ်သည့်အခါ တွေ့ရှိသည့် ရှေးဟောင်းပစ္စည်းများရှိလျှင်မူကား ကွင်းဆင်းလေ့လာ မှုပြုသည့်အချိန်တွင် တစ်ပါတည်း လေ့လာ မှတ်တမ်းတင်မှုပြုခဲ့လေ့ရှိသည်။ အလားတူပင် ထယ်ထိုးခြင်း၊ ထွန်ယက်ခြင်းပြုလုပ်သည့်အခါ၌လည်း ကောင်း၊ ကမ်းပါးမြေပြိုမှုဖြစ်သည့်အခါတွင်လည်းကောင်း ကောက်ရတွေ့ရှိသည့် ပစ္စည်းများရှိလျှင် လည်းပိုင်ဆိုင်သူရွာသားများထံမှ ငှားရမ်းကြည့်ရှုပြီး စိတ်ဝင်စားဖွယ်ရာ ပစ္စည်းမျိုးဖြစ်ပါက လေ့လာ မှတ်တမ်းတင်မှုပြုခဲ့သည်။
တချို့သော မြို့ဟောင်းငယ်များမှာ ပြောပလောက်အောင် ထူးခြားတွေ့ရှိမှုမျိုးမရှိ။ တချို့မှာ အုတ်မြို့ရိုးဟောင်းများပင် မရှိ၊ မြေမြို့ရိုးဟောင်းများမျှသာ ဖြစ်၍ ၄င်း၏အရာဟောင်းပုံသဏ္ဍာန် အရွယ်အစားပမာဏကို မှတ်တမ်းတင်ရုံမျှ အခြေအနေကို စစ်ဆေးကြည့်ရုံလေ့လာရုံမျှ ပြုခဲ့ရပေ သည်။ မည်သို့ပင်ဆိုစေ ကောင်းကင်ဓာတ်ပုံများသည် မြေပြင်ပေါ်၌ အရာထင်၍ ကျန်ခဲ့သည့် ရှေးအရာဟောင်းကြီးများကို ဓာတ်ပုံထဲ၌ ကောင်းစွာထင်ဟပ်၍ ပေါ်လွင်မှုရှိနေသဖြင့် ရှေးဟောင်း သုတေသနလေ့လာရာတွင်အထူးအကျိုးပြု ထောက်ကူမှုပေးနိုင်ပေသည်။
ဓာတ်ပုံများတွင် ရှေးအရာဟောင်းများကို ဖတ်ရှုတွေ့ရှိသည့်အခါတွင် ဓာတ်ပုံ၏စကေးကို လိုက်၍လည်းကောင်း အဆောက်အအုံ၏ ကြီးမားထည်ဝါမှုကို လိုက်၍လည်းကော်ငး ဓာတ်ပုံထဲ၌ တွေ့ရှိဖတ်ရှုနိုင်ပေသည်။ အဆောက်အအုံအပျက်အစီးများကို ဓာတ်ပုံထဲ၌ တွေ့ရှိစေကာမူ၊ အဆောက်အအုံ တစ်ခုချင်းကို ကြည့်ပြီး ဤဟာသည် ရှေးဟောင်းအပျက်အစီးဖြစ်သည်။ သို့မဟုတ် ယခုခေတ် အဆောက်အအုံပျက်ဖြစ်သည်ဟု ခွဲခြားရန် မလွယ်ကူလှပေ။ သို့ရာတွင် ရှေးမြို့ပျက် မြို့ဟောင်းများ (၀ါ)ရှေးမြို့ရာဟောင်းများကိုမူကား ကောင်းကင်ဓာတ်ပုံများ၌ တွေ့ရှိနိုင်လေ့ရှိပေ သည်။
နှစ်ပေါင်းကြည်ရှည်စွာ ထင်ရှားကျန်ရစ်ခဲ့နိုင်သော အရာများမှာ လူသူအင်အား အများ အပြားဖြင့် ကန်၊ ဆည်၊ တူးဆွခြင်း၊ တာတမံဖို့ခြင်း၊ မြို့ရိုးတည်ဆောက်ခြင်း၊ ကျုံးတူးခြင်း၊ ခံတပ် ဆောက်လုပ်ခြင်း အစရှိသည်တို့ကြောင့် ဖြစ်ပေါ်နိုင်ပေသည်။ ထို့ကြောင့် မြေမျက်နှာပြင်ပေါ်၌ ထင်၍ကျန်ရစ်ခဲ့သည့် အရာဟောင်းများမှာလည်း တည်ဆောက်မှု၏ ပမာဏကို လိုက်၍ကောင်း ကင်ဓာတ်ပုံများထဲ၌ ရှာဖွေတွေ့ရှိနိုင်ပေသည်။

ဖတ်ရှုခြင်း ဦးအောင်မြင့် (၃)

28 August 2011 at 14:36
နှစ်ပေါင်းကြည်ရှည်စွာ ထင်ရှားကျန်ရစ်ခဲ့နိုင်သော အရာများမှာ လူသူအင်အား အများ အပြားဖြင့် ကန်၊ ဆည်၊ တူးဆွခြင်း၊ တာတမံဖို့ခြင်း၊ မြို့ရိုးတည်ဆောက်ခြင်း၊ ကျုံးတူးခြင်း၊ ခံတပ် ဆောက်လုပ်ခြင်း အစရှိသည်တို့ကြောင့် ဖြစ်ပေါ်နိုင်ပေသည်။ ထို့ကြောင့် မြေမျက်နှာပြင်ပေါ်၌ ထင်၍ကျန်ရစ်ခဲ့သည့် အရာဟောင်းများမှာလည်း တည်ဆောက်မှု၏ ပမာဏကို လိုက်၍ကောင်း ကင်ဓာတ်ပုံများထဲ၌ ရှာဖွေတွေ့ရှိနိုင်ပေသည်။

ဓာတ်ပုံ၏စကေး
ဓတ်ပုံ၏စကေးကြီင်္းမှု၊ သေးမှုကိုလိုက်၍ မြို့ဟောင်းရာများ ထင်ရှားပေါ်လွင်မှုကိုလည်း ဖြစ်စေသည်။ လွယ်ကူစွာ ဓာတ်ပုံဖတ်ရှုနိုင်သည့် အရာဟောင်းများကို ရှာဖွေတွေ့ရှိနိုင်မှုသည် ဓာတ်ပုံစကေး၏ ကြီးမှု၊ သေးမှု၊ အရာဟောင်းများ၏ ကြီးမှု၊ သေးမှုအပေါ်တွင် များစွာတည်သည်။
ဥပမာ ကြီးမားသော နန်းမြို့ရာတစ်ခု (၀ါ) ကျယ်ပြောသည့်ကျုံး၊ မြို့ရိုးဟောင်းရာများသည် ဓာတ်ပုံထဲ၌ ပိုမို၍ထင်ရှားသည်။ သေးငယ်သည့်နန်းရာ မြို့ရာများသည် ဓာတ်ပုံထဲ၌လည်း အလွန်သေးငယ်တတ်ပေသည်။ ဓာတ်ပုံ၏စကေး ကြီးလျှင်တော်သေးသည်။ စကေးသေးသည့် ဓာတ်ပုံများ၌ ထိုသို့သေးငယ်သသော အရာဟောင်းများကို ရှာဖွေနိုင်ရန် မလွယ်ကူလှပေ။
ကျွန်ုပ်တို့နိုင်ငံ၌ အလွယ်တကူရရှိနိုင်သော ဓာတ်ပုံစကေးမှာ အောက်ပါအတိုင်းဖြစ်သည်။
ရရှိနိုင်သည့်ဓာတ်ပုံစကေး    လက်မမိုင်စကေးညီမျှခြင်း
၁း၅၀၀၀၀    ၁.၂၆ လက်မတစ်မိုင်
၁း၂၄၀၀၀    ၂.၀၀ လက်မတစ်မိုင်
၁း၂၅၀၀၀    ၂.၅၃ လက်မတစ်မိုင်
၁း၂၀၀၀၀    ၃.၀၀ လက်မတစ်မိုင်
၁း၇၀၀၀ နှင့်
၆၀၀၀
၁း၇၀၀၀ နှင့် ၆၀၀၀စကေးတို့မှာ အရေးကြီးသောမြို့ကြီးများအတွက်သာ ရရှိနိုင်ပေ သည်။
၁း၅၀၀၀၀ စကေးသည်မြို့ဟောင်းရာများကို ရှာဖွေဖတ်ရှုရန်အတွက် သေးငယ်သဖြင့် မသင့်လျော်လှပေ။ ရရှိနိုင်သည့် စကေးများတွင် ၁း၂၅၀၀၀၊ ၁း၂၄၀၀၀နှင့် ၁း၂၀၀၀၀ စကေးများကိုပင် အဓိကထား၍အသုံးပြုရပေသည်။ ထိုထက်ကြီးသည့် စကေးများရှိသည်ဆိုစေကာမူ မိမိအလိုရှိသည့် နေရာများအတွက် ရနိုင်ကောင်းမှ ရနိုင်မည်ဖြစ်၍ ဖော်ပြပါစကေး ၂ခုကိုသာ အဓိကသုံးစွဲထားခြင်းဖြစ်ပေသည်။

ဖတ်ရှုခြင်း (၄) ဦးအောင်မြင့်

28 August 2011 at 14:37
(၃)

မြို့ဟောင်းများကိုရှာဖွေစူးစမ်းခြင်း
ရည်ရွယ်ချက်။
ရာဇ၀င်သမိုင်းတွင် ထင်ရှားသည့်အချို့သောမြို့များ၌ ယခုတိုင်ပင် ကျုံး၊ မြို့ရိုး၊ ပြအိုးများ ဖြင့် အရာဟောင်းများမြေပေါ်၌ ထင်ထင်ရှားရှားတွေ့မြင်နိုင်ကြပေသည်။ (ဥပမာ၊ မန္တလေး၊ ရွှေဘို၊ တောင်ငူ၊ ပဲခူး) တချို့မြို့များ၌ ပြအိုးများမရှိတော့။ သို့တစေ တစ်ပိုင်းတစ်စပျက်စီးနေသည့် မြို့ရိုး များ တစ်ပိုင်းတစ်စခမ်းခြောက်နေသည့် ကျုံးများစသည်တို့နှင့် မြေပြင်ပေါ်၌ ထင်ရှားစွာတွေ့မြင်နိုင် ပေသည်။ (ဥပမာရွှေဘို၊ ပဲခူးမြို့များ)။
အချို့သောမြို့ဟောင်းများမှာ မြေပေါ်၌အရာဟောင်းများရှိနေသော်လည်း သေချာစွာသတိ ထား၍ မကြည့်က မြို့ဟောင်းရာအဖြစ်နှင့် သတိမမူမိဘဲ၊ အမှတ်မထင်ပင်ကျော်သွားနိုင်ပေသည်။ ထိုသို့သောနေရာများ၌ ဘုရားဟောင်း၊ ဘုရားငုတ်တိုများ၊ ဘုရားပျက်များနှင့် မြို့ရိုးပျက်တချို့မှာ၊ အရာဟောင်းအဖြစ်နှင့် သက်သေညွှန်းလျက် ရှိတတ်သည်။ (ဥပမာ- သရေခေတ္တရာ၊ ဗိဿနိုး)။
တစ်ခါတစ်ရံမထင်ရှားသည့် မြို့ဟောင်းများအတွင်းသို့ မော်တော်ကားလမ်း၊ မီးရထားလမ်း ပေါ်မှအကြိမ်ကြိမ် ဖြတ်သွားမိစေကာမူ မြို့ဟောင်းဟု သတိပြုမိခဲတတ်ပေသည်။ (ဥပမာ- ဗောဓိသတ်၊ ရွှေညောင်နှင့် ညောင်ရွှေကားလမ်း)။
အမရပူမြို့ဟောင်းသည်ပင်လျှင် အရေအတွက်များပြားလှသည့် ဘုရားပုထိုးဟောင်းများ၊ ဂူပျက်၊ ဘုရားပျက်များမရှိပါက မီးရထားပေါ်မှ အမှတ်မထင်ပင်ကျော်ဖြတ်မိမည် ဖြစ်ပေသည်။
မြို့တစ်မြို့၏သဏ္ဍာန်(သို့မဟုတ်)မြို့ဟောင်းတစ်မြို့၏ ပုံသဏ္ဍာန်ကို ထိုမြို့တွင်းသို့ ဖြတ်သွားရုံမျှဖြင့် မသိရှိနိုင်ပေ။ မြို့ရိုးကိုရှာဖွေ၊ လှည့်ပတ်ခါ လျှောက်၍ဖြစ်စေ၊ မြေတိုင်းတာပြီး မြေပုံထုတ်လုပ်၍ဖြစ်စေ အပတ်တကုတ်ကြိုးစားအားထုတ်မှ ထိုမြို့ဟောင်း၏ ပုံသဏ္ဍာန်ကို ထုတ်ဖော်နိုင်ပေမည်။
အချို့သော မြို့ဟောင်းများမှာ မြေပြင်ပေါ်ရှိ မြို့ရိုးအရာမျှကိုပင် ရှာဖွေ၍ မတွေ့နိုင်တော့ ချေ။ မြို့ရိုးလိုလို၊ သာမန်မြေဖို့ထားသည့် ကုန်းရိုးတန်းလိုလို၊ ကျုံးလိုလို၊ သာမန်ရေခမ်းခြောက်နေ သည့် မြောင်းလိုလိုနှင့် လွယ်ကူစွာမသိနိုင်တော့သည့် မြို့ရာများလည်း ရှိပေသည်။ (ဥပမာ-၀တီး)။
ထိုအခါမျိုး၌ မြို့ရာဟောင်း၏ပုံသဏ္ဍာန်ကို ဖော်ထုတ်ရန် မလွယ်ကူတော့သည်ကို တွေ့ရပေ သည်။ ဤသို့သော ဒေသမျိုးကို၊ အပေါ်စီးမှ တွေ့မြင်ရိုက်ကူးထားသည့် ကောင်းကင်ဓာတ်ပုံများ၌ ရှာဖွေဖတ်ရှု၍ ပုံသဏ္ဍာန်ကို ထုတ်ဖော်ခြင်းသည် အကောင်းဆုံးဖြစ်ပေသည်။
အောက်ဖော်ပြပါရည်ရွယ်ချက်တို့ဖြင့် မြို့ဟောင်းရာများကို ကောင်းကင်ဓာတ်ပုံများမှ ရှာဖွေ စူးစမ်းဖတ်ရှုခြင်းဖြစ်ပေသည်။
(၁) ကောင်းကင်ဓာတ်ပုံများမှာ ရှာဖွေဖတ်ရှု၍ ဖော်ထုတ်ခြင်းသည် စရိတ်သက်သာခြင်း။ အပင်ပမ်းသက်သာခြင်းနှင့် လျင်မြန်စွာ မိမိလေ့လာကြည့်ရှုလိုသည့် ဒေသ၏ပုံသဏ္ဍာန် (၀ါ)မြို့ဟောင်းအရာ၏ ပုံသဏ္ဍာန်ကိုတွေ့ရှိနိုင်ရန်။
(၂) မြို့ရာဟောင်းတစ်ခုကို ရှေးဟောင်းသုတေသနပြုစုရန်အတွက်၊ တူးဖော်ခြင်းမပြုမီ၊ ထိုမြို့ဟောင်းရာအတွင်း အလေးပေး၍ ကြည့်ရှုသင့်သောနေရာများကို ကွင်းမဆင်းမီ ပင် ကောင်းကင်ဓာတ်ပုံများ၌ ရွေးချယ်ဖတ်ရှုနိုင်ရန်။
(၃) ရာဇ၀င်မှတ်တမ်းများအရ၊ ထင်ရှားသောနေရာများတွင် တတ်နိုင်သမျှအရာဟောင်းများ ကျန်ရစ်ခဲ့ခြင်းရှိ၊ မရှိ၊ စူးစမ်းမှုပြုနိုင်ရန်။
(၄) ကောင်းကင်ဓာတ်ပုံများမှ တွေ့ရှိဖတ်ရှုပြီးစီးသမျှ အရာဟောင်းများနှင့် ၄င်းတို့၏ ပုံသဏ္ဍာန်များကို မှတ်တမ်းတင်၍ ပုံများ ထုတ်လုပ်ရေးဆွဲထားရန်။ (အတိအကျမြေပုံ ထုတ်လုပ်ခြင်း မဟုတ်သေး၊ ဓာတ်ပုံများ၌ တွေ့ရှိချက်ပုံသဏ္ဍာန်ကို တိုက်ရိုက်ရေးဆွဲ ဖော်ပြထားခြင်းမျှ ပြုထားရန်။
(၅) မြို့ဟောင်းရာများတွေ့ရှိထားသည့် တည်နေရာဒေသများကို လွယ်လွင့်တကူရှာဖွေလာ နိုင်ရန် တစ်လက်မ တစ်မိုင်စကေးမြေပုံအညွှန်းဖြင့် ဖော်ပြထားရန်။
(၆) မြို့ဟောင်း၊ အရာဟောင်း သဏ္ဍာန်များနှင့်ပတ်သက်၍ ဓာတ်ပုံ၌တွေ့ရှိချက်များကို အတိုချုံးမှတ်တမ်းတင်ဖော်ပြရန်။
အစရှိသည့်ရည်ရွယ်ချက်များဖြင့် သုတေသနစာတမ်းတစ်စောင်ကို ပြုစုထားခဲ့ဖူးပေသည်။ သို့ရာတွင်စာတမ်း၌ မြန်မာနိုင်ငံ၌ရှိသမျှ မြို့ရာဟောင်းများ(သို့မဟုတ်) သမိုင်းဝင်အရာဟောင်းများ ပြည့်စုံစွာပါဝင်သည်ဟု မဆိုလိုပါ။ ကြည့်ရှုလေ့လာပြီးသမျှ တချို့ကို စုဆောင်းတင်ပြခြင်းမျှသာ ဖြစ်သည်။

မြေမျက်နှာပြင်ပေါ်၌ အရာဟောင်းများဖြစ်ပေါ်ခြင်း၏ အကြောင်းရင်း
မြေမျက်နှာပြင်ပေါ်၌ ထင်လျက်ရှိသည့်အရာမှန်သမျှမှာ
၁။ သဘာဝအလျောက် (က) ရေတိုက်စားခြင်း
(ခ ) မြေလွှာခေါက်တွန့်ခြင်း
(ဂ ) မြေလွှာကွဲအက်နိမ့်ကျခြင်း၊
စသည်တို့ကြောင့် ဖြစ်ပေါ်လာကြခြင်းဖြစ်ပေသည်။ ထို့ပြင်-

၂။ လူနှင့်သတ္တ၀ါများဖန်တီးမှု
စသည်တို့ကြောင့် ဖြစ်ပေါ်လာနိုင်ပေသည်။ အများဖြင့်လူလုပ်၍ ဖြစ်ပေါ်မှုမှာ အဓိကဖြစ်၏။ လူလုပ်၍ဖြစ်ပေါ်ခြင်းဆိုရာ၌-
(က) တူးခြင်း၊
(ခ ) ဖို့ခြင်း၊
(ဂ ) တည်ဆောက်ခြင်း၊
အစရှိသည့် အဓိကပြုလုပ်ဆောင်ရွက်ခြင်းတို့ကြောင့် မြေမျက်နှာပြင်ပေါ်တွင် အရာထင်ခြင်း ဖြစ်ရပေသည်။
တူးခြင်း၊ ဖို့ခြင်း တည်ဆောက်ခြင်းတို့သည် တစ်ခုနှင့်တစ်ခုဆက်သွယ်လျက်ရှိသည်။ ဥပမာ- မြို့တည်သည်ဆိုပါစို့၊ ထိုအခါမြို့ရိုးများ အခိုင်အခံ့တည်ဆောက်နိုင်ရန်အတွက် မြေဖို့ရပေမည်။ ထိုမြေကိုရရှိရန် တူးရပေမည်။ ထို့နောက်မြို့ရိုးကို ခိုင်မာစေရန် ထုထောင်းခြင်း၊ အုတ်စီခြင်းပြုကြ ပေမည်။ ထီးနန်းအိမ်ရာ၊ ကျောင်းကန်ဘုရား၊ အဆောက်အအုံများ တည်ဆောက်ခြင်း၊ လမ်းပန်းစ သည်တို့ကည်ဆောက်ကြရသည်။

ကျုံး၊ ကန်၊ ချိုင့်ဝှမ်းများ
ကြီးမားထည်ဝါသည့် တူးဆွခြင်းမှန်သမျှသည် ခေတ်တစ်ခေတ်ပျက်စီးသွားသည့်အခါ ထိုချိုင့်ဝှမ်းများ၊ ကျုံးများ၊ ကန်များ၊ ဆည်ကြီးများသည် တဖြည်းဖြည်းတိမ်ကောရချေသည်။ တဖြည်း ဖြည်း နုံးမြေ၊ သဲမြေများ၊ သဘာဝအလျောက် ကျဆင်းခြင်းကြောင့် တဖြည်းဖြည်း၊ ပြည့်၍၊ ပြည့်၍ လာရပေသည်။
ထိုချိုင့်ဝှမ်းတွင်း ရှိရင်းရေများ၊ တစ်စတစ်စခမ်းခြောက်ခြင်း၊ သဲနုံးများကျဆင်းခြင်းတို့ကြောင့် ချိုင့်ဝှမ်းများသည် မူရင်းမြေပြင်နှင့် တစ်ပြေးတည်း တစ်ညီတည်းဖြစ်သွားရပေသည်။ ထိုသို့တစ်ညီ တည်းဖြစ်သွားစေကာမူ ထိုမြေသား ၂နေရာ၏ သိပ်သည်းခြင်းမတူညီကြတော့ပေ။ မူရင်းမြေသား သည်ပို၍ ကျစ်လစ်ပြီး သဲနုံးဖို့သဖြင့် တဖြည်းဖြည်း၊ ပြည့်လာသည့် မြေသားကပို၍ပွလေသည်။ ဖော်ပြပါမြေ ၂မျိုး၌ သဘာဝအလျောက် ပေါက်ရောက်သည့်၊ ကိုင်း၊ မြက်၊ သစ်ပင်၊ ချုံပင်တို့ပင်လျှင် ကြီးထွားသန်စွမ်းနှုန်းမတူညီနိုင်တော့ပေ။ မြေ၏ကျစ်လျစ်သိပ်သည်းမှု ခြားနားနေပေလိမ့်မည်။

မြို့ရိုး၊ တာတမံများ
မြေများ ဖို့၍လည်းကောင်း၊ ကျောက်၊ အုတ်တို့ဖြင့် စီ၍လည်းကောင်း၊ အခိုင်အခံ့တည် ဆောက်ခဲ့သည့် မြို့ရိုး၊ တာတမံအစရှိသည့် ကုန်းမို့၊ ကုန်းတန်းများမှန်သမျှတွင် မြေကို ဖို့ထားရုံသာ မက သိပ်သည်းခိုင်မှာအောင်လည်း ပြုလုပ်ထားရပေသည်။ နှစ်ပေါင်းရှည်ကြာလာသောအခါ ထိုကုန်း တန်းများသည် ကုန်း၏ခိုင်ခံ့မှု၊ ထည်ဝါမှု ပမာဏအပေါ်မူတည်၍ မြေများ ကျစ်လျစ်မှု၊ သိပ်သည်းမှု ဖြစ်လာသည်။ သာမန်မြေသားနှင့်မတူနိုင်ပေ။ တစ်ဆက်တည်းတပြေးတည်းရှိနေသည့် သာမန်မြေ ထက်ပို၍ သိပ်သည်းကျစ်လျစ်နေတတ်ပေသည်။ မြေကြီးကျစ်လျစ်သိပ်သည်းမှုခြားနားသကဲ့သို့၊ ထိုမြေများပေါ်၌ပေါက်ရောက်နေသည့်၊ မြက်သစ်ပင်များပင်လျှင် ကြီးထားသန်စွမ်းမှုခြားနားလျက် ရှိတတ်ပေသည်။
အများအားဖြင့်ဖို့၍တည်ဆောက်ရသည့် မြို့ရိုး၊ ကုန်းတန်းများ မှန်သမျှ၊ တစ်နေရာမှ တူးပြီးတစ်နေရာ၌ ဖို့ကြရသည်ဖြစ်၍၊ အများအားဖြင့် ကျုံးနှင့်မြို့ရိုးများမှာ ယှဉ်တွဲလျက်ရှိတတ်ကြ ပေသည်။
သဘာဝအလျောက်မြက်၊ သစ်ပင်၊ ကိုင်းပင်ဖုံးလွှမ်းလျက်ရှိသော ကျုံးနှင့်မြို့ဟောင်းတစ်ခုတွင် အပင်များပေါက်ရောက်ကြီးထွားမှု မညီမျှပုံကိုလည်း ရုပ်ပုံကားချပ်များဖြင့်ဖော်ပြထားပါသည်။ မြို့ပျက်၊ မြို့ဟောင်းအရာများသည် လူတို့၏နှောက်ယှက်ဖျက်ဆီးခြင်း၊ တူးဆွဖြိုဖျက်ခြင်းမပြုဘဲ၊ မြေပြင်ပေါ်မှ သူ့သဘာဝအလျောက် တိမ်ကောပျောက်ပျက်သွားသည့်အခါတွင်လည်း သဘာဝအပင် များပေါက်ရောက်မှုခြားနားချက်ရှိသည်ကို တွေ့ရှိရပေမည်။ ထိုအပင်ပေါက်ရောက်မှုခြားနားခြင်း ကြောင့်ပင်လျှင် မြေပြင်ပေါ်၌ မြို့ဟောင်းအရာ၏ ပုံသဏ္ဍာန်မှာလည်းတခြားနေရာများနှင့် မတူဘဲ၊ အနည်းငယ်ကွဲပြား ခြားနားလျက်ရှိတတ်ပေသည်။ ထို့ကြောင့် ရှေးမြို့ဟောင်းရာ၏ ပုံသဏ္ဍာန်ကို တွေ့မြင်နိုင်ပေသည်။

လူဖျက်ဆီးခြင်း
မြို့ပျက်၊ မြို့ဟောင်းများ၊ ကျုံး၊ မြို့ရိုးများကို လူဖျက်ဆီးသည်ဆိုအံ့ သို့မဟုတ် လူများသည် ဤမြို့ဟောင်းများပေါ်၌ ထွန်ယက်စိုက်ပျိုးလုပ်ကြရင်းနှင့်ပင်၊ မြို့ဟောင်းသည်တစ်စ၊ တစ်စ အစအန ပျောက်ကွယ်သွားသည်ဆိုအံ့၊ ထိုသို့ပျက်စီးပျောက်ကွယ်သွားသည့် မြို့ရိုးများ၏အရာဟောင်းများ သည် အခါများစွာကောင်းကင်ဓာတ်ပုံများ၌ အရာဟောင်း၏ပုံရိပ်သဏ္ဍာန်ထင်၍ ကျန်ရစ်ခဲ့နိုင်ပေ သည်။
လူများသည် အကြောင်းမဲ့မြို့ရိုးဟောင်းများကို ဖြိုဖျက်ခြင်း၊ ကျုံးကိုဖို့ပစ်ခြင်း၊ မပြုလုပ်တတ် ကြချေ။ အများအားဖြင့် ထိုဒေသများ၌ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်ကြရင်းနှင့်ပင်၊ အပျက်အဆီးများ လည်း တစ်စ၊တစ်စ ပပျောက်သွားရခြင်းမျှသာ ဖြစ်သည်။ လူတို့သည် လွယ်ရာကိုလိုက်၍ အလုပ် လုပ်တတ်သည့်အကျင့်ရှိရကား၊ မြို့ရိုးကုန်းတန်းခံနေလျှင်၊ ၄င်းကိုကွင်းရှောင်၍ (သို့မဟုတ်)ထိုနေရာ မျိုးကို ချန်လှပ်၍ထွန်ယက်စိုက်ပျိုးတတ်ကြပေသည်။ ဤကဲ့သို့မြို့ရိုးတန်းများကို ချန်လှပ်စိုက်ပျိုးရင်း နှင့်ပင် စိုက်ပျိုးလုပ်ကိုင်သည့် လယ်ယာများ၏တည်ဖွဲ့နေပုံသဏ္ဌာန်မှာ မြို့ဟောင်းရာ၏ ပုံသဏ္ဌာန် ကိုလိုက်၍ ဖြစ်ပေါ်လာတတ်ပေသည်။ (ဥပမာ-၀တီး)။ အဓိကအားဖြင့် နေရာပြောင်းရွှေ့၍ စိုက်ပျိုး တတ်သည့်ယာများမဟုတ်ဘဲ၊ အမြဲတမ်းစိုက်ပျိုးလုပ်ကိုင်သည့် လယ်ကွက်များဖြစ်လျှင်သာလျှင် ထင်ရှားပေါ်လွင်နိုင်ပေသည်။
သာမန်အားဖြင့် မြက်၊ သစ်ပင်၊ ချုံနွယ်များပေါက်ရောက်မှုသည် ကုန်းမြင့်၌ သန်စွမ်းမှုညံ့ပြီး ချိုင့်ဝှမ်း၌သန်စွမ်းမှုပိုကောင်းသည်ဟု ဖော်ပြခဲ့ပြီးဖြစ်သည်။ မြေပြန့်ချိုင့်ဝှမ်းများသည် များသော အားဖြင့်ထွန်ယက်စိုက်ပျိုးလုပ်ကိုင်သည့်နေရာ ချည်းသာ ဖြစ်လေ့ရှိသဖြင့်၊ ထိုမြက်၊ သစ်ပင်၊ ချုံနွယ် များမှာအမြဲတစေ၊ ရှင်းလင်းထွန်ယက်ခံရခြင်းကြောင့် ပျောက်ကွယ်သွားမြဲဖြစ်သည်။ ထွန်ယက်စိုက် ပျိုးခြင်းမပြုဘဲ ချန်ခဲ့သည့်ကုန်းရိုးတန်း(၀ါ)မြို့ရိုးဟောင်းများ၌မူကား သစ်ပင်ချုံနွယ်တို့မှာ ပေါက် လျက်ပင်ကျန်နေတတ်သည်။ ထို့ကြောင့် လယ်ယာများဖြင့် ဖုံးလွှမ်းပျောက်ကွယ်နေသည့် မြို့ရိုးတစ် ချို့ပေါ်၌ သစ်ပင်ချုံနွယ်များဖုံးအုပ်၍လည်း တွေ့ရှိနိုင်ပေသည်။ (ဥပမာ-မိုင်းမော)။

အဆောက်အအုံပျက်များ
အဆောက်အအုံပျက်များနှင့် မြို့ရိုးအပျက်များဆိုရာ၌ ကျောက်၊ အုတ် စသည်တို့ဖြင့် ပြုလုပ် ခဲ့သည့် အဆောက်အအုံ ဘုရားပုထိုးနှင့်မြို့ရိုးများ၊ ခံတပ်များကို ဆိုလိုပါသည်။ ဤကဲ့သို့ကျောက်၊ အုတ်တို့ဖြင့်တည်ခဲ့သည့် အပျက်အစီးများသည် ခေတ်တစ်ခေတ်တိမ်ကောပျက်စီးသွားသဖြင့် ဆိတ်သုဉ်းသွားစေကာမူ၊ တော်တော်နှင့် မပျောက်ကွယ်သေးဘဲ၊ ကျန်ရှိနေတတ်သည်။ (ဥပမာ-ပုဂံ)။
တစ်ခါတစ်ရံ ထိုသို့သော အုတ်အဆောက်အအုံပျက်များ၊ ဘုရားပုထိုးပျက်များပင်လျှင်၊ တစ်စ၊ တစ်စပျောက်ကွယ်ခါ မြေမျက်နှာပြင်အောက်သို့ ဖုံးလွှမ်း၍ရောက်သွားတတ်ပေသည်။ သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် နစ်မြုပ်ပျောက်ကွယ်သွားတတ်ပေသည်။ ဥပမာ-ရေကြီးခြင်း ရေလွှမ်းခြင်းကြောင့် ရေအောက်၌ နစ်မြုပ်သွားခြင်း၊ နုံးပို့၍ နစ်မြုပ်သွားခြင်းစသဖြင့် နစ်မြုပ်ပျောက် ကွယ်သွားတတ်သည်လည်း ရှိကြသည်။
ဤသို့နစ်မြုပ်ပျောက်ကွယ်သွားစေကာမူ၊ တစ်ခါတစ်ရံထိုမြို့ဟောင်းများသည် ကောင်းကင် ဓာတ်ပုံများ၌ အရာပုံသဏ္ဌာန်ထင်၍ကျန်ရစ်ခဲ့တတ်ပေသည်။
သဘာဝအလျောက်နစ်မြုပ်ပျောက်ကွယ်သွားသည့် မြို့များမှာ (ရေအောက်တွင် နစ်မြုပ်ခြင်း မှတစ်ပါး) နက်ရှိုင်းစွာဖုံးအုပ်နစ်မြုပ်ခြင်းမရှိလှချေ။ အများအားဖြင့် မြေမျက်နှာပြင်အောက်၌ ခပ်တိမ် တိမ်နေရာတွင်ပင် ထိုအုတ်၊ ကျောက်မြို့ရိုးများ၊ အဆောက်အအုံပျက်များ၊ ဘုရားပုထိုးပျက်များ ရှိတတ်ပေသည်။ ဤသို့ရှိနေသည့် ဒေသများအပေါ်၌ သဘာဝအလျောက် ပေါက်ရောက်သည့်မြက်၊ သစ်ပင်၊ ချုံပင်များမှဖြစ်ထွန်းမှုမတူနိုင်ပေ။ (ဥပမာ- အုတ်အဆောက်အအုံ အပျက်အစီး၊ သရေခေတ္တရာ ပျုတိုက်အချို့)။

ဖတ်ရှုခြင်း (၅) ဦးအောင်မြင့်

28 August 2011 at 14:39
(၄)

မြို့ရာဟောင်းများပေါ်တွင် တည်ရှိထွန်းကားနေသည့် မြို့သစ်များ
ပျက်စီး၊ ဆိတ်သုဉ်းသွားသော မြို့ဟောင်းပေါ်တွင် ဆက်လက်၍ တည်တံ့ထွန်းကားလျက်ရှိ သည့် မြို့သစ်ကြီးများ များစွာရှိ၏။ ဥပမာ-သထုံ၊ ပဲခူး၊ တောင်ငူ၊ စစ်ကိုင်း၊ ရွှေဘိုစသည့် တို့တည်း။ ဤသို့ဆက်လက်တည်တံ့နေသည့်မြို့သစ်များနှင့် ယခင်ဆိတ်သုဉ်းခဲ့ပြီးသည့် မြို့ဟောင်းများနှင့် ပတ်သက်ခြင်းမရှိကြချေ။ အကယ်၍မြို့ဟောင်းသည် ၄င်းခေတ်ဆိတ်သုဉ်းခဲ့သော်လည်း မြို့နေလူ များ၊ တစ်ခြားတစ်ပါးသို့ပြောင်းရွှေ့သွားခြင်းမရှိဘဲ ဤနေရာဒေသ၌ပင် နေထိုင်ကြခြင်းကြောင့် နှစ်ပရိစ္ဆေကြာညောင်းလာသည်နှင့်အမျှ အစဉ်အဆက်အပြောင်းအလဲများစွာ ဖြစ်ပေါ်လာခဲ့တတ်ပေ သည်။
တချို့သော မြို့သစ်များတွင် မြို့ဟောင်းခေတ်မှ ရပ်ကွက်အမည်များပင်လျှင် မြို့သစ်ရပ်ကွက် တချို့၌ခေါ်ဝေါ်အသုံးပြုနေကြဆဲဖြစ်သည်ကို တွေ့ရှိရပေသည်။ တချို့မှာ မြို့သစ်သည် မြို့ဟောင်း နှင့်တစ်ထပ်တည်းမဟုတ်ဘဲ၊ နေရာရွေ့၍ တည်ကြသည့်တိုင်အောင်မြို့ဟောင်းခေတ်ရပ်ကွက်အမည် များကိုမြို့သစ်၌မှည့်ခေါ် အသုံးပြုဆဲရှိကြသည်ကို တွေ့ရပေသည်။ (ဥပမာ-ထားဝယ်သာဂရနှင့် ထားဝယ်မြို့သူသစ်)။
မြို့ဟောင်းပေါ်၌ တစ်ထပ်တည်း မြို့သစ်တည်တံ့ထွန်းကားနေသည့် မြို့ကြီးတချို့မှာ အများအားဖြင့်များစွာ ပြောင်းလဲနေကြပြီဖြစ်ရာ၊ ကျုံး၊ မြို့ရိုး၊ မြို့ရာများလည်း များစွာပျက်စီးကွယ် ပျောက်ခဲ့ပြီး တချို့သော မြို့ရိုးများသည် လမ်းမကြီးဖြစ်နေပေပြီ။ ကန်များလည်း ဖို့၍မြို့နေရာတိုး ချဲ့ခြင်း လယ်ယာမြေတိုးချဲ့ခြင်းများပြုလုပ်ကုန်ပြီတည်း။
အဓိကအားဖြင့် ပုသိမ်၊ မော်လမြိုင်၊ ထားဝယ်၊ စစ်ကိုင်းစသည့် မြို့ဟောင်းနေရာများမှာ မြို့ဟောင်းရာများပင် ရှာဖွေရန် ခဲယဉ်းလျက်ရှိပြီ။ စစ်ကိုင်းမှာ မြို့ရာအဖြစ်နှင့် ရိုးတိုးရိပ်တိတ်မျှ တွေ့နိုင်တော့စေကာမူ တိတိပပဖော်ထုတ်ရန် မလွယ်ကူတော့ပေ။ ထားဝယ်မြို့သည်လည်း တစ်စွန်း တစ်စ ဟိုနားသည်နားတွေ့ရသေးစေကာမူ၊ မြို့ကွက်မြို့ရာအဖြင့်နှင့် ထုတ်ဖော်ရန် မလွယ်ကူတော့ သည်ကို တွေ့ရပေသည်။
ရန်ကုန်နှင့်မန္တလေးတို့လည်း ထို့အတူတည်း။ မန္တလေးမှာ နန်းမြို့ရိုးအတွင်းအဆောက်အအုံ အသစ်များတိုးတက်လာသည်မှတစ်ပါး ကျုံး၊ မြို့ရိုးစသည်တို့မှာ အမြဲပြန်လည်ထိန်းသိမ်းပြုပြင်ထား သဖြင့်သာတော်တော့သည်။ မြနန်းစံကျော်ရွှေနန်းတော်ကြီးကိုလည်း ရှေးမူမပျက်၊ ပြန်လည်တည် ဆောက်ထားလေပြီ။

မြို့ဟောင်းရာများရှာဖွေခြင်း
မြို့ဟောင်းရာများကို ရှာဖွေရာ၌ ခေတ်တစ်ခေတ်ဆိတ်သုဉ်းသွားပြီး လုံးဝစွန့်ပစ်တိမ်ကော သွားသည့် အပျက်အစီးများ မြို့ဟောင်းရာများသည် ပို၍ရှာဖွေလွယ်ကူသည်။ ပတ်ဝန်းကျင်၌လူနေ အိမ်ခြေမရှိ၊ ထူထပ်နက်ရှိုင်းသည့် တောကြီးများဖုံးလွှမ်းမှုလည်း မရှိဘဲဖြစ်နေသည့် ဒေသများ၌ ပို၍လွယ်ကူစွာရှာဖွေတွေ့ရှိနိုင်သည်။
လယ်ယာကိုင်းကျွန်းများဖြင့်အတိ ဖုံးလျက်ရှိစေကာမူသဏ္ဌာန်များမှာ တစ်ခါတစ်ရံအရာထင် ၍ကျန်ရစ်တတ်ပေသည်။ အရာဟောင်းတစ်စိတ်တစ်ဒေသသော်မှ ဖြစ်စေကျန်ခဲ့တတ်ပေသည်။
မြို့ဟောင်းရာများပေါ်၌ ထပ်၍တည်ဆောက်ထားသည့် ယခုခေတ်မြို့သစ်များရှိနေပါက ထိုမြို့ဟောင်းရာများမှာ မြို့သစ်၏အရာများ သဏ္ဌာန်နှင့်အရောရော၊ အနှောနှောဖြစ်နေပြီး ရှာဖွေရန် ခဲယဉ်းတတ်သည်။ စစ်ကိုင်း၊ ထားဝယ်စသည့်မြို့များမှာ မြို့ဟောင်းရာများကို မြို့သစ်ထဲ၌ လွယ်ကူစွာ ရှာဖွေ၍မတွေ့နိုင်တော့ကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ မြို့သစ်တည်ထားစေကာမူ ကျုံးနှင့်မြို့ရိုးကြီး များဓိကက ခိုင်မာစွာတည်ဆောက်ဖွဲ့စည်းထားသည့်ရွှေဘို၊ တောင်ငူ၊ ပဲခူးစသည်တို့တွင်ကား၊ မြို့ဟောင်းရာများပေါ်လွင်ထင်ရှားဆဲပင်ဖြစ်၏။ ဤသည်မှာလည်း တည်ဆောက်မှုကြီးမားထည်ဝါ သောကြောင့် ဖြစ်ချေသည်။

ဓာတ်ပုံထဲ၌ မြို့ဟောင်းရာများနှင့် လွဲမှားနိုင်သည့်အရာများ
ဓာတ်ပုံဖတ်ရှုရာ၌ မြို့ဟောင်းရာများမဟုတ်ဘဲ၊ မြို့ဟောင်းရာလိုလို၊ သို့မဟုတ် အရာတစ်ခုခု လိုလို၊ ထင်ယောင်ထင်မှားဖြစ်စေနိုင်သော ပုံသဏ္ဌာန်များကိုလည်း တွေ့ရတတ်ပေသည်။ အများအား ဖြင့်မြစ်ဝကျွန်းပေါ်ဒေသပိုင်းများ သို့မဟုတ် ရေလွှမ်းလွင်ပြင်(Flood Plains) များပေါ်တွင် ဖြစ်ပေါ် လေ့ရှိသည်။ ထိုဒေသများ၌ပင် တိမ်ကောသွားပြီဖြစ်သည့် မြစ်ကျိုးအင်းများ (Ox bow lakes) မြစ်ကြောင်း အရာများ(Meander Scrolls) တို့ကြောင့် တစ်ခါတစ်ရံ မြို့ဟောင်းရာလိုလို သဏ္ဌာန်များ ဖြစ်ပေါ်တတ်ပေသည်။
မြို့များသည် အများအားဖြင့် လူများတည်ဆောက်ထားသည့်အရာများဖြစ်သည်။ ၄င်းမြို့ ဟောင်းအရာများသည် သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ပုံသဏ္ဌာန်များနှင့်မတူနိုင်ပေ။ လူတည် ဆောက်သည့်ပုံသဏ္ဌာန်များဖွဲ့စည်းပုံမှာ စက်ဝိုင်း၊ လေးထောင့်၊ သို့မဟုတ်တခြားတစ်ခုခု၊ တိကျ သောသဏ္ဌာန်ကို ဖြစ်ပေါ်စေသည်။ သဘာဝအလျောက်ဖြစ်ပေါ်သည့် သဏ္ဌာန်မှာ ထိုကဲ့သို့ စနစ် တကျသဏ္ဌာန်တစ်ခုကိုဖြစ်ပေါ်လေ့ မရှိတတ်ချေ။

ထားဝယ် (သာဂရ) ဦးဂမ်းအောင်လက်ရာ

ထားဝယ် (သာဂရ) ဦးဂမ်းအောင်လက်ရာ