Thursday, November 3, 2016

ဒွန်းစဏ္ဍားနှင့် ဗြဟ္မာ (တောင်စွန်း ဆရာတော်)

ဒွန်းစဏ္ဍားနှင့် ဗြဟ္မာ (တောင်စွန်း ဆရာတော်)

13 September 2011 at 15:29
ဒွန်းစဏ္ဍားနှင့် ဗြဟ္မာ

ဒွန်းစဏ္ဍားတွေ ဆိုတာ သူများတွေ ငိုကြီးချက်မနဲ့ အသုဘ ရုပ်အလောင်း ထမ်းလာတာမြင်လေ သူုက ပြုံးလေပဲ။ သူများငိုလေ သူ့အတွက် အကျိုးရှိလေကိုးကွ။ ခုလည်း မင်းတို့က ““စီးပွားရှာ ပြည်နာမှ”” ဆိုတော့ ...

(အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး)

 

မိမိရဲ့ဇာတိအညာက ဒကာတွေ “တောင်စွန်း” ကိုရောက်လာကြလို့ ထုံးစံ အတိုင်း မိုးလေ၀သနဲ့ စားဝတ်နေရေး ကျန်းမာရေးအကြောင်း မေးကြည့်တဲ့အခါ ““တပည့်တော်တို့ဆီမှာတော့ ပဲဈေး ကောင်းဖို့နဲ့ ဆန်ဈေး ကျဖို့ဆုတောင်းနေကြရ တာပဲဘုရား။ မနှစ်ကရကြတဲ့ ပဲကလေးတွေ ဈေးကောင်းနိုးနိုးနဲ့ လှောင်ထားကြတာ၊ ဈေးကလည်းတဖြည်းဖြည်း ကြာလေကျလေဖြစ်၊ ဒီကြားထဲ ဆန်ဈေးက တဖြည်းဖြည်း တက်နဲ့၊ အနည်းနဲ့ အများတော့ ခက်ခဲကြတာပေါ့ ဘုရား””လို့ လျှောက်ထားပါတယ်။

အနားမှာရှိတဲ့ အောက်ပြည်က ဒကာတစ်ယောက်က ““ဒီလိုဆို ဦးတို့နဲ့ ကျွန်တော်တို့ကတော့ နပန်းထလုံးရတော့မယ် ထင်တယ်နော်။ ကျွန်တော်တို့ဆီမှာက အခုဆို မြေ့ပဲဝယ်ရတော့မှာမို့ ပဲဈေးတွေကျပါစေ၊ စပါးဈေးတွေတက်ပါစေနဲ့ ဆုတောင်းနေကြတာ။ စပါးလှောင်ထားကြတဲ့လူတွေက ခုနေခါ စပါးကို ဈေးကောင်း ကောင်းနဲ့ ထုတ်ရောင်းပြီး မျိုးပဲ ၀ယ်လှောင်ဖို့ ကြိုးစားနေကြတာ”” လို့ ရယ်စရာ လိုလိုနဲ့ ပြန်ပြောလိုက်ပါတယ်။

သူတို့စကားကို နားထောင်ရင်း ငယ်ငယ်ကဖတ်ရဖူးတဲ့ စပါးကုန်သည် နဲ့ သားရေကုန်သည် တို့အကြောင်းကို ပြေးသတိရမိတယ်။ ကိုယ်က၀ယ်ချင်တဲ့အခါ ဈေးပေါပေါနဲ့ရဖို ပစ္စည်းတွေပေါပါစေလို့ ဆုတောင်းကြရာမှာ စပါးတွေ ပေါပါစေ ဆုတောင်းသူကို စိတ်ကောင်းရှိသူ၊ သားရေတွေ ပေါပါစေလို့ ဆုတောင်းသူကိုတော့ သတ္တ၀ါတွေ သေပါစေလို့ ဆုတောင်းရာကျလို့ စိတ်ကောင်းမရှိသူလို့ သတ်မှတ်ပြီး၊ အပြန်မှာ ကိုယ်ကရောင်းချင်တဲ့အခါကျတော့ ဈေးကောင်းရအောင် ပစ္စည်းတွေ ရှား ပါစေလို့ ဆုတောင်းကြတဲ့အခါ စပါးကုန်သည်ကို စိတ်ထားယုတ်သူ၊ သားရေ

ကုန်သည် ကိုတော့ စိတ်ထားကောင်းသူလို့သတ်မှတ်ကာ ကျောင်းထိုင်ဆရာတော်က နေရာအကောင်း အဆိုးခွဲခြားတည်းခိုခွင့်ပေးတဲ့ အကြောင်းပါပဲ။

ဒီပုံပြင်ထဲမှာ ဆရာတော်ကြီးကတော့ သတ္တ၀ါတွေအပေါ်မှာ သက်ရောက်တဲ့ ကောင်းကျိုးဆိုးပြစ်ကို ကြည့်ပြီး စိတ်ထားကောင်းသူ၊ မကောင်းသူလို့ ဆုံးဖြတ်ခဲ့ပေ မယ့် တကယ်တမ်း အဲဒီကုန်သည်တွေရဲ့ စိတ်ထားဟာ သတ္တ၀ါတွေရဲ့ အကျိုးကိုငဲ့ ကွက်စဉ်းစားပြီး ဆုတောင်းကြတာတော့ မဟုတ်ပါဘူး။ သူတို့ကိုယ်ကျိုးအတွက်ပဲ စဉ်းစားကြတာပါ။ ကိုယ်ဝယ်ချင်တဲ့ လူသုံးကုန်တွေ ပေါစေချင်တာ။ ကိုယ်က ရောင်းချင်တော့ ရှားပါးနေစေချင်တာဟာ သူတစ်ပါးနာမှ ကိုယ်ကသာတန်းရမယ် ဆိုတဲ့ စိတ်ဓာတ်ပါပဲ။

ဒီလိုစိတ်ထားရှိသူတွေရဲ့ လက်သုံးစကားကတော့ ““စီးပွားရှာ ပြည်နာမှ””တဲ့ လေ။ ဒီစကားနဲ့ပတ်သက်လို့ မိုးကုတ်ဝိပဿနာ ဆရာတော်ဘုရားကြီးရဲ့ ဆုံးမတာ လေးကလည်း အတော်မှတ်သားစရာကောင်းတယ်။ မိမိအမပူရကို စာသင်ရောက်ခါစ (၁၃၄၂)ခုနှစ် လောက်က ဆိုတော့ စီးပွားရေးစနစ် စပ်ကူးမယ်ကူးစမ်းသပ်နေချိန်ပေါ့။ ဆရာတော်ရဲ့ တပည့်ရင်းဖြစ်တဲ့ မန္တလေးကကုန်သည် ဒကာကြီးတစ်ယောက်က တရားနာခါနီးမှ ကပ်ပြီးရောက်လာတယ်။ ဆရာတော်ကြီးကို ကန်တော့ပြီးတဲ့အခါ ““ဒီလိုပဲဘုရား၊ ခုချိန်မှာ တပည့်တော်လှောင်ထားတဲ့ပစ္စည်းတွေကလည်း အပြင်မှာ ရှားပါးနေချိန်ဆို တော့ ဖောက်သည်တွေက လက်မလည်အောင်ဖြစ်နေလို့ မနည်း ဖြတ်ခဲ့ရတယ်””လို့ လျှောက်ပါတယ်။ ဆရာတော်ကြီးက ““အလုပ်ဆိုတာကတော့ ကိုယ်က အနားမယူတတ်ရင် မသေမချင်း ရှုပ်နေမှာပေါ့ကွာ”” ဆိုတော့ ““ဒီလိုလည်း မဟုတ်သေးဘူး ဆရာတော်၊ “စီးပွားရှာ ပြည်နာမှ” ဆိုသလိုပဲ ခုချိန်မျိုးမှာမှ ပိုပြီး ရောင်းကောင်းတာ”” တဲ့။

ဒကာကြီးသုံးလိုက်တဲ့ စကားပုံကို ကြားလိုက်တော့ ဆရာတော်ကြီးက သိပ်ပြီး မနှစ်ခြိုက်တဲ့သဘောနဲ့ ကြည့်ရင်း ““အေးသုဿန်မှာ လူသေကောင် တူးမြုပ်ပြီး အသက်မွေးကြတဲ့ ဒွန်းစဏ္ဍားတွေလည်း မင်းတို့လိုပဲကွ။ သူများတွေ ငိုကြီးချက်မနဲ့ လူသေအလောင်း ထမ်းလာတာမြင်ရင် သူတို့ကပြုံးနေတာပဲ။ သူများငိုရင်လေ သူတို့ ၀င်ငွေကောင်းလေဆိုသလို ဖြစ်နေတာကိုးကွ။ ခုလည်းမင်းတို့ဟာက သူများတွေ အခက်တွေ့လေ မင်းတို့က ပျော်လေဆိုတော့ ဒါ ဒွန်းစဏ္ဍားပျော် ပျော်နေကြတာပဲ မဟုတ်ဘူးလား””လို့ မိန့်ကြားလိုက်ပါတယ်။

ဘယ်ခေတ်၊ ဘယ်အခါ၊ ဘယ်နေရာမဆို ဆရာတော်ကြီး မိန့်သလိုပြုံးနေပျော် နေကြသူတွေ ရှားလှတယ်မဟုတ်ပေဘူး။

ဒီလို ပြုံးနည်း ပျော်နည်းနဲ့ ဆန့်ကျင်ဘက်ပြုံးနိုင်ပျော်နိုင်ပုံ ကို တိပိဋကဓရ “ယောဆရာတော်ဘုရား” မိန့်ကြားပုံလေးကိုလည်း သတိပြု နည်းယူစေချင်ပါတယ်။ ဆရာတော်က -

““ဘယ်သူမဆို ဘယ်လိုအလုပ်ကိုပဲ လုပ်ကိုင်နေနေ နှလုံးသွင်းတတ်၊ စိတ်ထား တတ်ရင် အလုပ်တိုင်းဟာ ကုသိုလ်ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ သတိပဌာန် လမ်းစဉ်ဆိုတာ အချိန်သီးခြား၊ အလုပ်နဲ့ နေရာသီးခြားမလိုပါဘူး။ သတိထားတတ်ရင် တရားရှိနိုင်တဲ့ လမ်းစဉ်ပါ။ ဈေးရောင်းသူကလည်း မိမိရောင်းလိုက်တဲ့ ပစ္စည်းကြောင့် သုံးစွဲသူတွေ အစစ်အမှန်အလွယ်တကူ သုံးစွဲနိုင်ပါစေဆိုတဲ့ မေတ္တာစိတ်ထားတတ်ရင် ပစ္စည်းတန်ဖိုးအပြင်မေတ္တာကုသိုလ် အပိုအမြတ်ရတာပဲ။ မိသားစု တစ်စုအတွင်းမှာပဲ စီးပွားရှာသူကလည်း ““အခုလို ရှာဖွေရတဲ့အတွက် မိသားစုတွေ မချို့မတဲ့ စားနိုင်၊ ၀တ်နိုင်၊ လှူဒါန်းနိုင်ကြပါစေဆိုတဲ့စိတ်ကို ထားလို့၊ ချက်ပြုတ်လျှောက်ဖွပ်ရတဲ့ အိမ်ရှင်မကလည်း ကိုယ့်ရဲ့ဆောင်ရွက်ပေးမှုကို အကြောင်းပြုပြီး ခင်ပွန်းသည်နှင့် သားသမီးအိမ်သူအိမ်သားတွေ ဆာလောင်တဲ့အခါ အရံသင့်စားနိုင်ပါစေ၊ အ၀တ် အထည်တွေ သန့်သန့်စင်စင်နဲ့ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ၀တ်ဆင်နိုင်ပါစေ”” ဆိုတဲ့ မေတ္တာစိတ် ကလေးထားလိုက်ရင် ကိုယ့်တာဝန် ကိုယ်လုပ်နေရင်း မေတ္တာ ကုသိုလ်တွေ ရနေတာပါပဲ။ ဒီစိတ်ကလေး ထားလိုက်ရတဲ့အတွက် ပစ္စည်းလည်း ပိုမကုန်၊ တန်ဖိုးလည်းလျှော့မသွားဘဲ ကုသိုလ်အမြတ်ရလိုက်တာပါ””လို့ ဆုံးမတော် မူပါတယ်။

ဒီလိုစိတ်ထားမျိုးနဲ့ အသက်မွေးဝမ်းကျောင်းရောင်းဝယ် စိုက်ပျိုးလုပ်ကိုင်ကြ သူတွေဟာ ကာမဘုံ လို့ခေါ်တဲ့ လူ့ဘုံလူ့ဘ၀မှာ နေရပေမယ့်-

““ဗြဟ္မမေတံ ၀ိဟာရ မိဓဓာဟု = အဲဒါ ဗြဟ္မာတို့ရဲ့ နေခြင်းမျိုးနဲ့ နေထိုင်သူလို့ ဆိုရမယ်”” လို့မေတ္တာသုတ်မှာ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောညွှန်းထားပါတယ်။ ဒီလို အသက်မွေးဝမ်းကျောင်း ပြုလုပ်ကြတာကို မဂ္ဂကျင့်စဉ်မှာ ““သမ္မာအာဇီဝမဂ္ဂင်””အဖြစ် ထည့်သွင်းပါတယ်။ သဘောကတော့ စား ၀တ် နေရေးအတွက်အသက်မွေးဝမ်း ကျောင်း လုပ်နေတာဖြစ်ပေမယ့် ဒါဟာ “နိဗ္ဗာန်” ကိုဦးတည်တဲ့ တစ်နည်းပြောရရင် “နိဗ္ဗာန်”ကို အထောက်အကူ ဖြစ်စေတဲ့အလုပ်လို့ ဆိုလိုတာပါ။

“တရား”ဆိုတာ “ထိုင်မှ” လို့ အစွဲသန်နေသူများ ကတော့ဒီစကားကို ဘုရားဟော မို့သာ လက်ခံရပေမယ့် တယ်ပြီး ဘ၀င်ကျချင်မယ် မဟုတ်ဘူး။ ဗုဒ္ဓ၀ါဒကို ထဲထဲဝင် ၀င် ခြေခြေမြစ်မြစ် သဘောပေါက်မှသာ ဘ၀င်ကျလက်ခံနိုင်မယ်။ ဟုတ်ပါတယ်။ “သမ္မာအာဇီဝ” ဆိုတာ “သီလမဂ္ဂင်”ပဲ။ ဒါကို အခြေမခံရင် “သမာဓိ” ဆိုတဲ့ စိတ်ထား တည်ငြိမ်မှု မရနိုင်လို့ မဂ်ဖိုလ်ဆိုတဲ့ ပညာနဲ့ အဝေးကြီးဖြစ်နေမှာ သေချာတယ်။ စိတ်တည်ငြိမ်မှု ဆိုတာ အပြစ်ကင်းသူ ( သီလစင်ကြယ်သူ) များမှသာ ဖြစ်ပေါ်ခွင့် ရှိတဲ့ တရားမျိုးဖြစ်တယ်ဆိုတာ သူများပါးစပ်နဲ့ လမ်းဆုံးမနေဘဲံ ကိုယ်တိုင် ဗုဒ္ဓလမ်း စဉ်ကို လက်ခံကျင့်သုံးသူများသာ သဘောပေါက်မှာပါ။

ဒါကြောင့် အသက်မွေးဝမ်းကျောင်းဆိုတဲ့အလုပ်တစ်ခု အဆင်ပြေမှုကိုအကြောင်းပြုပြီး ဒွန်းစဏ္ဍားပြုံး၊ ဒွန်းဏ္ဍားပျော် ပြုံးပျော်နေကြသူတွေ ရှိသလို ဗြဟ္မာပြုံး ဗြဟ္မာပျော် ပြုံးနိုင်ပျော်နိုင်ကြသူတွေလည်း ဖြစ်ခွင့်ရှိတယ်၊ ဖြစ်နိုင် တယ် ဆိုတဲ့ မထေရ်မြတ်တို့ရဲ့ သြ၀ါဒနဲ့ မြတ်ဗုဒ္ဓရဲ့ ဟောညွန်ချက်များကို သဘော ပေါက်နားလည်စေချင်ပါတယ်။

လူယဉ်ကျေးများ၊ နိုင်ငံကြီးသားများ၊ ဗုဒ္ဓသာသနာထွန်းကားရာ နိုင်ငံသားများ ပီပီ ““လူ”” ဆိုတဲ့ ဂုဏ်ကို အလေးနက်တန်ဖိုးထားနိုင်ကြဖို့ပါ။

ဒွန်းစဏ္ဍားပြုံး ကို ရှောင်

ဗြဟ္မာထုံး ကို ဆောင်နိုင်ကြပါစေသော်။

No comments:

Post a Comment