ခုနှစ်သံချီ (၁)
(၁)
``တောင်တောင်မြင့် တောင်မြင့် ဂန္ဓမာ၊ ကြာတိုင်းမွှေး၊ ရွှေပြည်တော် မျှော်တိုင်းဝေး၊ ရေကန်သာ ကြာတိုင်းအေး၊ ရွှေပြည်တော် မျှော်တိုင်းဝေး´´
သဖြန်ကို အဆုံးသတ်ပြီး မသန်းသန်းအေးကို ကြည့်နေမိသည်၊ ထုံးစံအတိုင်း သူကျောင်းလာတက်ချိန် ဆိုင်းခန်းထဲဝင်လာပါက ကျနော်တို့ နှစ်ယောက် အောင်မြေသာစံကို တီးကြဆိုကြပါသည်၊ ဒသနိက ကျောင်းသား ကိုသိန်းဇော်တစ်ယောက် ဘေးမှာ အမြဲထိုင်၍ ဇိမ်ယူလေ့ရှိသည်၊ မသန်းသန်းအေးအတွက်ကတော့ သူ့ အိမ်မှာ တီးပေးမဲ့လူ တစ်ပုံတစ်ခေါင်းပေမဲ့ ကျနော့်အတွက်တော့ အဲဒီအချိန် အဆိုသင်တန်းက ဒီအဆင့်ကို မရောက်ကြသေး၊ သူလာမှပဲ အောင်မြေသာစံကို အဆိုနဲ့ တီးရ၏။
စည်းနဲ့ လက်ခတ်ကို သိမ်းပြီး အတန်းတက်တော့မည်ဟန်ပြင်နေသူအား၊
`ခဏလောက် မသန်းသန်းအေး ကျနော်ပြောစရာရှိလို့ ပါ၊´
မပြောစဖူး အပိုစကားပြောမိလိုက်သမို့  သူ့ မျက်လုံးများတွင် တမျိုးမြင်သွားဟန်။
`ဘာများလဲ ကိုမောင်ကို´
`ကျနော်တို့  ကျနော်တို့ ´
ကျနော်မဟုတ်ပဲ ကျနော်တို့ ဆိုလိုက်၍ မျက်လုံးများ တည်ငြိမ်သွားပြန်၏၊ ဘေးမှ ကိုသိန်းဇော်ကပင် နားစွင့်လာနေချေပြီ။
`ကျနော်တို့ ဆိုင်းသင်ချင်လို့ ပါ၊´
`ကိုမောင်ကိုတို့ အခု တီးနေကြတာပဲမဟုတ်လား၊ ဘယ်လို ဘယ်မှာ သင်ချင်လို့ လဲ´
`တီးနေတာပါပဲ ဟုတ်ပါတယ်၊ ဒါပေမဲ့ သိတဲ့အတိုင်းပဲ ဧည့်ခံတီးတော့မယ်ဆိုရင် သမတ၇ုံတီးလုံးတီးလိုက် ပပ၀င်းရုံတီးလုံးတီးလိုက်၊ ကရောင်းရိုက်ရင်လဲ မြမန်းဂီရိက မတက်တော့ဘူး၊ အဲဒါညက ကျနော်တို့ တိုင်ပင်ထားတယ် ဆရာ့ဆီမှာ ဆိုင်းသင်ခြင်လို့ အဲဒါ မသန်းသန်းအေးကို ပြောဘို့ ကျနော့် တာဝန်ချထားတာလေ´
ဆရာ၊ ဟုတ်ပါသည် ဆရာဦးစိန်လှမောင်၊ ယဉ်ကျေးမှု ဆိုင်း အကြံပေး၊ အဘစိန်ဗေဒါကြီး၏ သားတပည့်၊ မသန်းသန်းအေးက ဆရာ့ သမီးအကြီးဆုံး၊ ကျနော်တို့ ဆိုင်းပညာသင်ဘို့ ရွေးထားသော ဆရာ၊
`ဟုတ်ပြီလေ အဖေ့ကို မေးကြည့်ပေးမယ်၊´
နောက်တစ်နေ့ ညနေဘက် သူသင်တန်းကအပြန်မှာ ကျနော် ပတ္တလျားခန်း သင်တန်းသားများ သီချင်းတက်ပေးနေတုံး ၀င်ပြောသွားသည်၊ အဖေက သင်ပေးမယ်တဲ့၊ စနေနေ့ တနင်္ဂနွေနေ့ တွေ လာနိုင်မယ် တချိန်ကို ၂၅ိ၊ (ကြေးအိုးတစ်ပွဲ ၃ိ ခေတ်ကဆိုတော့ အခုခေတ်ငွေနဲ့  ၆၀၀၀ လောက်ကျပါသည်)။
(၂)
စသင်တဲ့နေ့ က စစခြင်းကျနော် မရှိတာ မှတ်မိနေသည်။
အဲသည့် သစ်တောကျောင်းသား ပဉ္စမနှစ်၊
အပြင်ကပြန်အလာ ဂျပ်ဆင်နား ရောက်ခါနီးထဲက ပတ်မသံ တထီထီ ကြားနေရသည်၊ ကြေးသံကလည်း တလွင်လွင်၊ မောင်းကတော့ ကျနော်ရောက်မှ ၀င်ရမည်၊
ဆိုင်းခန်းအ၀တွင် ကျောင်းသားကျောင်းသူများ အပြည့်၊ ထုံးစံအတိုင်း၊ အရင်ကတော့ အကသင်တန်းမို့  ကြည့်သူများပါသည်၊ ဒိနေ့  ဆိုင်းသင်တန်း၊
ကျနော် အ၀တွင် လူတွေတိုးနေတုံးပင် ဆိုင်းစတီးပြီ၊
ဆိုင်းဝိုင်းမှ ဒုံးလုံး ဒဲလုံးအသံတွေသာထွက်လာသည်၊ ပတ်မကြီး အသံက အာရ်စီ ဆိုင်းခမ်းမလေးအတွင်း ဟိန်းထွက်နေသည်၊
အဲဒီအချိန်က နှဲမရှိသေး၊ ယခု ဆုံးသွားပြီးဖြစ်သော ရူပဗေဒမှ ဆရာသောင်းနှင့် ယခု မကွေးမြို့  ထွေအုပ် ကြီးဖြစ်နေသည်ကြားရသော ဥပဒေကျောင်းသား ခင်မောင်မြင့်တို့ ၏ ပလွေသံ၊ နောက် အောင်ကြည်မြင့် သင်္ချာ၏ ကြေးနောင်သံ၊
အထုးခြားဆုံးက၊ အထူးခြားဆုံးက
ဆရာ့အသံ၊ လက်တီးတီးရမည့် တီးလုံးကို ပါးစပ်မှ ကျယ်လောင်စွာ မည်ဟီးနေသော ဆိုင်းသံကို ဖေါက်ထွက်၍
`မီးရေးဒိုဆို ဒိုရေဒိုရေ မီးရေးဒိုဆိုဒို၊ မီးရေမီးရေ မီလားဆို၊ မီးရေမီးရေ လာရေးဒို´
နောက် ဗိန်းမောင်း
`(ဆိုလာဒို၊ မီးရေးဒို၊ ဆိုလာဒို၊ မီးရေးဒို၊ ဆိုလားဆိုမီ ဆိုမီးရေဒို၊ ဆိုလားဆိုမီ ဆိုမီးရေဒို)၂´
ကျနော်မောင်းချောင်ကို ရောက်နေပါပြီ၊ မြန်မာသံစဉ်လဲ ဖြစ် နောက် ကျနော် အပိုင်နိုင်ဆုံး ဒိုရေမီဖါ သင်္ကေတများဖြင့် ဆရာက အော်ပေးနေသည်မို့  လုံးဝ အခက်အခဲမရှိတော့၊ နောက်မှ အသာလိုက်ပြီး တီးယုံပါပဲ။
`ရပြီ၊ ရပ်´
ဗိန်းမောင်းသံရပ်သွားသည်။
ဆရာက ဆိုင်းဝိုင်းသို့ သွားပြီ၊ ဌေးဝင်း (ဘူမိဗေဒ)ကို အခေါ်ဒိုးပြနေသည်၊ တူးဗျောင်းဗျောင်း တူးဗျောင်းဗျောင်း တူးဗျောင်းဗျောင်း ဗေ (ထိ)၊ ထိက ပတ်မသံပါ၊
ကျနော်တို့ ဆီရောက်လာသည်၊ ကဲ လက်တီးတွေ လိုက်တီးစမ်း၊ ပတ္တလျားနှင့် သူချပေးသည်။
အသည်းထဲစွဲသွားခဲ့သည့် စာသားများ၊ နောင် ပွဲဆိုင်းတီးတိုင်း ရင်ထဲကနေ အော်မိသည့်စာသားများ၊ ယခု ရေးနေရင်း ယခင် တက္ကသိုလ် အသိုင်းအ၀ိုင်း အဆင့်အတန်းကို လွမ်းဆွတ် မျက်ရည်ကျစေသည့် စာသားများ။
`ရွှေဘုန်းတော် တိုးပါလို့ ၊ ရွှေမိုးတွေရွာ၊ နိုင်ငံတော် ပြည်အရေးက သာလှတယ်လေး´
သံမှန် ပုလဲကီးမှာ တီးနေပါသည်၊
နောက်အပုဒ်၊
`ရွှေဘုန်းတော်ရောင် နေလို တောက်ပါလို့  ရွှေစက်အောက်မှာတဲ့ တူညီညီ၊ မိုးသံ လေသံနှင့် နတ်ရေကန် သာမော၊ ၀ပြောငဲ့စီ၊ (မင်းပေါင်းခပါတဲ့ နေတော်ပြည် နေတော်ပြည်) ၂။ ရေသီတာ ကြာအင်း မွှေးပါဘိခြင်း´
နောက်အပုဒ်၊ လေးချိုး သဖြန်သဘောမျိုးဖြင့် မြင်နေ တွေ့ နေရတဲ့ စာသားများ၊ ယခု သံစဉ်နှင့် ကောင်းလှခြည့်၊
`တောင်ထိပ်ပေါ်မှာ နွယ်ချိုနှောပါလို့ ၊ ဥသြတွန်တဲ့ လရာသီ၊ ကဆုန်နယုန် ၀ါဆိုပန်း လန်းပြန်ခဲ့ပြီ၊ (တပေါင်းလရယ်တဲ့ ပွဲတော်မှီ ပွဲတော်မှီ)၂၊ သရဖီနဲ့  ကံကော်ပန်း၊ မြတ်စွယ်တော် ယဉ်မဆုံးတယ် သုံးတော်ရပန်း´
`(ဘော်ဖြူဘော်ဖြူ မြင်းပျံနဲ့ လူ၊ ဘော်ဖြူခွာခင်း ပြေးပါဘိချင်း)၃။´
ကျနော်၊ အောင်ကြည်မြင့်နှင့် ပုလွေ နှစ်ယောက် ၊ ဤသီချင်း လေးပုဒ်ဆိုပါတော့ အမြန်ရအောင်ကျင့်နေခိုက် ဆရာက ပတ်ဝိုင်းနှင့် ပတ်မချောင်ဆီသို့ ထွက်သွားသည်၊ ပတ်မချောင်ကို သူအင်မတန်ချစ်တဲ့ လူရွှင်တော်ဘ၀ကို စွန့် လွှတ်ပြီး ဆိုင်းထဲ ဆင်းလာရသည့် ကိုသန်းထွဋ်ကိုင်နေသည်။ ဘာတွေလုပ်နေကြသည် သတိမထားမိ၊ ကိုယ့်သီချင်းများ မမှားအောင် လုပ်နေရသဖြင့်ပါ။ စည်းဝါးနဲ့ ရကွင်းမှာ ရူပဗေဒက ချိုသန်း
`ရပြီ၊ အားလုံး၊ စမယ်´
ဆရာ့အသံပေါ်လာသည်။ ဆိုင်းခန်း(အကခန်းအပြင်ဘက်တွင် နားထောင် ကြည့်နေကြသော ကျောင်းသားကျောင်းသူ ပရိသတ်က မနဲလှပါ။
`မောင်ဌေးဝင်း´
`ပတတ်၊ ဂျိ´ ဆိုသည့်ဝိုင်းမှ ပတတ်ဟုခေါ်သံနှင့် ပတ်မမှ ဂျိဟု ဆို့ လိုက်သံ ထွက်ပေါ်လာသည်။
`မင်းတို့ မှတ်ထား၊ ဒါ ပထမဆုံး သင်ခန်းစာပဲ၊ နောက်ကို စမယ်လို့ တယောက်ကိုတယောက် လိုက်မေးနေစရာ မလိုဘူး၊ ၀ိုင်းဆရာက ပတတ်ဆိုတာနဲ့ ပတ်မက ဂျိလို့ ခံပေးမယ်၊ ကျန်တဲ့လူတွေ အားလုံး၊ အသင့်ဖြစ်အောင် ချက်ခြင်းလုပ်ကြပေတော့´
`ကဲ၊ တီးပေးတော့´
ဆရာ့ `မီးရေးဒိုဆို ဒိုရေဒိုရေ မီးရေးဒိုဆိုဒို၊ မီးရေမီးရေ မီလားဆို၊ မီးရေမီးရေ လာရေးဒို´
နှင့်အတူ ကျနော်တို့ ခုနှစ်သံချီ ပထမပုဒ်ကို စုပေါင်း၍ စတီးကြပါပြီ။
`ရွှေဘုန်းတော် တိုးပါလို့ ၊ ရွှေမိုးတွေရွာ၊ နိုင်ငံတော် ပြည်အရေးက သာလှတယ်လေး´
ပတ်ဝိုင်းမှ သီချင်း သံစဉ်ကို လိုက်မတီးပါ၊ သူ့ ဆီမှ တူးပျောင်းပျောင်း တူးပျောင်းပျောင်း တူးပျောင်းပျောင်း ဆိုသော အသံသာ မှန်မှန်ထွက်ပေါ်လာပါသည်။ ဆရာက ပြီးတော့ရှင်းပြသည်၊ ကျနော်တို့ ယခုအပုဒ်များတွင် ပတ်မမှာ ပေးနေသော ဗျီးဘိန် ဗျီးဘိန် ဗျီးဘိန်ထင်း ဆိုတဲ့ ပတ်မချက်က မျောက်မင်းအူသံတွင် သုံးသော အမင်္ဂလာ ပတ်မချက် ဖြစ်ကြောင်း၊ သို့ ရာတွင် မျောက်မင်းအူသံတီးလျှင် ပတ်ဝိုင်းမှ အခု တီးပေးနေသော တူးပျောင်းပျောင်း တူးပျောင်းပျောင်း တူးပျောင်းပျောင်း ဆိုတာမပါကြောင်း၊ ဒါကြောင့် ယခု ပတ်ဝိုင်းမှ ခေါ်ပေးနေသော အသံပါမှ မင်္ဂလာ ဖြစ်၍ ၀ိုင်းဆရာမှ အပျင်းကြီးလို့ ခေါ်မပေးလျှင် အမင်္ဂလာ ဖြစ်သွားမည် ဖြစ်ကြောင်း ။
ရကွင်းချက်ကြည့်ပါအုံး၊ မှတ်ခိုင်းတာက ဂျိမ်းတုတ်တုတ်၊ တုတ်တုတ်၊ ဂျိမ်းတုတ်တုတ် တုတ်တုတ် ပတ်မချက်နှင့် တခြားဆီ
`ရွှေဘုန်းတော်ရောင် နေလို တောက်ပါလို့  ရွှေစက်အောက်မှာတဲ့ တူညီညီ၊ မိုးသံ လေသံနှင့် နတ်ရေကန် သာမော၊ ၀ပြောငဲ့စီ၊ (မင်းပေါင်းခပါတဲ့ နေတော်ပြည် နေတော်ပြည်) ၂။ ရေသီတာ ကြာအင်း မွှေးပါဘိခြင်း´
ဆရာ စိတ်လွတ်ကိုယ်လွတ် လိုက်ဆိုနေပါသည်။ ဆရာ့ အသံကကောင်းလှပါပေ့ ဆရာ့မျက်နှာ အင်မတန်ကိုယ်လုပ်ချင်နေသော အလုပ်ကို စိတ်ကြိုက်လုပ်ရ၍ ပျော်ရွှင်နေသော မျက်နှာ၊
ရွှေဘုန်းတော်ရောင် နှစ်ခေါက်ပြီးသွား၍ ကျနော်တို့ လက်တီးများ တောင်ထိပ်ပေါ်မှာကို ကူးပို့ ချိုးချလိုက်ကြသည်။
`တောင်ထိပ်ပေါ်မှာ နွယ်ချိုနှောပါလို့ ၊ ဥသြတွန်တဲ့ လရာသီ၊ ကဆုန်နယုန် ၀ါဆိုပန်း လန်းပြန်ခဲ့ပြီ၊ (တပေါင်းလရယ်တဲ့ ပွဲတော်မှီ ပွဲတော်မှီ)၂၊ သရဖီနဲ့  ကံကော်ပန်း၊ မြတ်စွယ်တော် ယဉ်မဆုံးတယ် သုံးတော်ရပန်း´
အလို၊ ၀ိုင်းနှင့် ပတ်မက အချိုးပြောင်းသွားပါကလား၊ သံမှန်သံစဉ်ထဲတွင် Semi-quaver တွေနှင့် စိတ်နေအောင် တီးနေကြသော ကျနော်တို့ သီချင်းသံကြားထဲတွင် သူတို့ နှစ်ယောက် ဆော့နေကြပါပြီ၊ တူးပျောင်းပျောင်း တူးပျောင်းပျောင်း တူးပျောင်းပျောင်း ဗေထိဟူသော Repetitive ဒိုးချက်မှ ခွဲထွက်လာခါ၊
ဝိုင်း။ ဗေတိုးပတ်
ပတ်မ။ ဗေထီပတ်
ဗေတိုးပတ်
ဗေထီပတ်
ဗေတိုးဗေတိုးပတ်
ဗေထီဗေထီပတ်
ဗေတိုးဗေတိုးပတ်
ဗေထီဗေထီပတ်
ဗေတိုးပတ်ဗေ
ဗေထီးပတ်ဗေ
ဗေတိုးပတ်ဗေ
ဗေထီးပတ်ဗေ
ဗေတိုးပတ်ဗေ၊ တိုးပတ်ဗေ
ဗေထီးပတ်ဗေထီးပတ်ဗေ
ဗေတိုးပတ်ဗေ၊ တိုးပတ်ဗေ
ဗေထီးပတ်ဗေထီးပတ်ဗေ
ပေါင်ပေါင်
ဗေဗထီဗိန်ထိ
ပေါင်ပေါင်
ဗေဗထီဗိန်ထိ
ပေါင်းပေါင်ပေါင်ပေါင်
ဗြီးဗြီးဗြီးဗြီး
ပေါင်ပေါင်ပေါင်ပေါင်
ဗြီးဗြီးဗြီးဗြီး
အဲဒီမှာ ကျနော်တို့ ဘက်က တောင်ထိပ်ပေါ်မှာ ပထမပုဒ်ပြီးသွားလို့  သူတို့ ကလဲံ တပ်ဗေတိုဗေတိုဗေတို ဗေတိုဗေတိုဗေတိုတပ် ထီထီထင်းပေါင်ဂျေထိဆိုပြီး အရင် တူးပြောင်းပြောင်းကို ပြန်ရောက်သွားလေရဲ့ ၊
မြတ်စွယ်တော်ယဉ်မဆုံးတယ် သုံးတော်ရပန်း ပြီးသွားတာနဲ့ 
`(ဘော်ဖြူဘော်ဖြူ မြင်းပျံနဲ့ လူ၊ ဘော်ဖြူခွာခင်း ပြေးပါဘိချင်း)၃။´
အိုဗျာ၊ နောက် surprise တစ်ခု၊ ကိုသန်းထွဋ်ရဲ့  ပတ်မချက်ဟာ ကဆုန်ပေါက်နေတဲ့ မြင်းရဲ့ ခွာသံ၊
ဗျီးဗထိဗျိ၊ ဗျီးဗထိဗျိ၊ ဗျီးဗထိဗျိ၊ ဗျီးဗထိဗျိ၊
ဆိုင်းခန်းဟာ ပတ်မသံ ရကွင်းသံတွေနဲ့ မြိုင်လှချည့်၊ အပြင်ဘက်မှာ အကြီးအကျယ် ကနေပြီထင်ပြီး အပြေးအလွှားရောက်လာတဲ့ ကျောင်းသားတွေကို မြင်နေရတယ်၊ ကျနော်တို့ သွေးတွေ ဆူလာတယ်၊ ကြက်သီးမွှေးညင်းထလို့ ၊
`မီးရေးဒိုဆို ဒိုရေဒိုရေ မီးရေးဒိုဆိုဒို၊ မီးရေမီးရေ မီလားဆို၊ မီးရေမီးရေ လာရေးဒို´
ဗိန်းမောင်းပြန်ဝင်လာပြီ၊ အခုတော့ဒြန့်ဆိုတဲ့ နောက်မှာ၊
ရေး၊လာ၊ တီ၊ ရေးတီလား ဆို ဆိုပြီး တေတျာသတ်နေတယ်၊ ဗြောင်းကနဲ
လားဆိုဖါရေ ဒိုလာဒိုရေဖါ ဆိုတဲ့ ဦးဘသန်း ပွဲကြိုက်ခင် အစမှာ ၀င်ထားတဲ့ တီးလုံးလေးဝင်လာတယ်၊
ဆရာက လိုက်ဆိုပြတယ်၊
လာပြန်ပြီတဲ့ ဆိုသလေတဲ့
နောင် ဖါဆိုလာဖါဆိုလာ လာဒိုဖာဆိုလာဆိုတဲ့ အခေါ်လေးကို ဆရာက
`တက္ကသိုလ်၊ တက္ကသိုလ်၊ တက္ကသိုလ်´တဲ့၊ အို စိတ်တွေထဲ ကြည်နူးလိုက်တာ၊ အခုပြန်ရေးနေတဲ့အချိန်တော့ မျက်ရည်စို့ စရာပေါ့၊ တကယ့် သမားစဉ်အဆိုက ရွှေမြို့ တော်ပါ၊ ဆရာက ကျနော်တို့ ရဲ့ တက္ကသိုလ်လို့ ပြောင်းဆိုပေးလိုက်တာ ဒိနေ့ အထိ မျက်ရေကျစရာ ဂုဏ်ပြုမှုပါပဲ
`တက္ကသိုလ်ဆိုင်း´ ဆိုပြီး ခုနှစ်ပေါက်မှာ တေတျာသတ်ပလိုက်ပါတယ်။
ကိုသန်းထွဋ်က ထီထီနဲ့ ပတ်မကို အသံပေးနေသေးတယ် နောက်ဂျိဆိုပြီး ပိတ်လိုက်မှာ ဆိုင်းခန်းတခန်းလုံးငြိမ်ကြသွားတယ်၊
စုမတီးခင် တဖွဲ့ စီ သီချင်းတက်နေကြတယ်၊ ဘာတွေ လုပ်နေကြမှန်း မသိ၊ ဘယ်လို ပေါင်းစပ်မယ် မသိ၊ တီးလဲတီးရော တီးနေတဲ့လူတွေတောင် မထင်ထားတဲ့ စုပေါင်းမှု၊
မြန်မာ့ဆိုင်းပညာ၊
နားထောင်ကြည့်နေတဲ့လူတွေတင်မက တီးထုတ် ဖန်တီးလိုက်တဲ့လူတွေကိုယ်တိုင်ကို ကိုယ့်ဘာသာ အံ့အားသင့်ပြီး ငြိမ်နေမိကြတယ်။
`အေး အဲဒါ ဆိုင်းပညာပဲ၊ နောက် စံနစ်မကျထိန်းသိမ်းထားတာမဟုတ်ဘူး၊ ဆရာ့ဆီမှာ အဘစိန်ဗေဒါဆီကနေ အမွေရလိုက်တဲ့ နန်းတွင်းပုရပိုက်ဖြူတွေရှိတယ်၊ ဘယ်သီချင်းဘယ်အပုဒ်မှာ ဘယ်စည်းနဲ့တီးရမယ်၊ ပတ်မချက်က ဘယ်လိုပေးရမယ်၊ အသံက ဘယ်ကီး စသည်၊ စနစ်တကျ ထိန်းသိမ်းခဲ့ကြတဲ့ ပညာတွေပဲ၊ ဒါတွေနဲ့ လွဲဖယ် တီးမှုတ်လို့ ကတော့၊ အတီးသမားဆိုရင် လက်ဖြတ်၊ အဆိုသမားဆိုရင် လျှာဖြတ်ပဲ´
`အဖေမောနေပြီ၊ ထိုင်လိုက်အုံး´ အခုမှပဲ သူ့ ကို သတိပြုမိလိုက်သည်။
`ဆရာ ဒီနေ့ အတွက် ဥာဏ်ပူဇော်ခပါ ခင်ဗျား´
အပန်းဖြေရိပ်သာ စာရေးကြီး အကိုစောက ဥာဏ်ပူဇော်ခငွေကို စာအိပ်လေးဖြင့် လက်ကမ်းပေးသည်။
ဆရာက ကျနော်တစ်ခါမှ မမြင်ဘူးသော၊ နောင်ကျနော်လဲ အတုခိုးလေ့ရှိသော ကိစ္စလေးတစ်ခုကို လုပ်ပြပါသည်။
ကျနော်တို့ ဆိုင်းခန်း၏ မြောက်အရပ်ဘက်တွင်ရှိသည့် မန္တလေးမြို့ ဘက်သို့ မတ်ရပ် မျက်နှာမူပြီး လက်အုပ်ချီလို့ 
`ဆရာသမားများ သင်ကြားပေးသော အတတ်ပညာဖြင့် ယခုကဲသို့  လုပ်ကိုင် စားသောက်နိုင်ပါသဖြင့်၊ ဆရာသမားတို့ ၏ အကျိုးကျေးဇူးကို အောင့်မေ့ သတိရ ပူဇော်အပ်ပါသည်´တဲ့ ခင်ဗျား။
ယနေ့  ၁၉-၆-၂၀၁၂နေ့  ရွာစားဌေးဝင်းနဲ့ စည်းဝါး ရကွင်း ပတ်မဆရာ ချိုသန်းနဲ့  ဖုန်း အကြာကြီး ပြောဖြစ်ရာမှ ပတ်မချက်များ၊ ရကွင်းချက်များ ပြန်လည် ပြင်ဆင် ဖြည့်စွက်ပါတယ်
ဂုဏ်ယူစရာလား တွေးစရာလား ဒီခုနှစ်သံချီများကို ဆရာ့ဆီမှာ ရွာစားကျော် စိန်ဗိုလ်တင့်ကိုယ်တိုင် လာတက်တာကို ဆရာက သင်မပေးခဲ့လို့  သိရပါကြောင်း
ခုနှစ်သံချီ (၅)
ရီရီဆိုင်းဆိုင်း ခုနှစ်သံချီ နံပါတ် ၃
(ရီရီဆိုင်းဆိုင်း၊ မှိုင်းမှိုင်းညိုပြာ၊ မိုးတဲ့မိုးတိမ်လွှာငယ်လေး၊)၂။( မြသား၊ တိမ်မိလ္လာ၊ လွမ်းတဲ့ လွမ်းအောင်သာ၊)၂။ ကျုးနွှဲ၊ ကျုးနွှဲ၊ ကျုးနွှဲ၊ ကျုးနွှဲ၊ ရွာ၊
(ပွင့်စငယ် ရွှေဝါ၊ ပန်းတဲ့ပန်းမြတ်စွာ၊ ) ၂။
အခါရောက်ချိန် နီးချည့်လေး၊ အခါရောက်ချိန် နီးချည့်လေး၊ အခါရောက်ချိန် နီးပင်သာ နီးချည့်လေး၊ အခါရောက်ချိန် နီးပင်သာ နီးလို့  မောင်မင်းကြိုက်တော်မူလေတည့်မှ မောင်မင်းကြိုက်တော်မူ၊
ပုပ္ပါး ပုပ္ပါး တောင်တော်ရွှေပုပ္ပါးရယ်က၊ ပုပ္ပါးငယ်သာ၊ တောင်တော်သာ၊ ပန်းတဲ့ပန်းမြတ်စွာ၊
အခါရောက်ချိန် နီးချည့်လေး၊ အခါရောက်ချိန် နီးချည့်လေး၊ အခါရောက်ချိန် နီးပင်သာ နီးချည့်လေး၊ အခါရောက်ချိန် နီးပင်သာ နီးလို့  မောင်မင်းကြိုက်တော်မူလေတည့်မှ မောင်မင်းကြိုက်တော်မူ၊
ရီရီဆိုင်းဆိုင်းကို ငါးသံလည်ကြိုးလို ခေါ်ကြတယ်၊ ကီးငါးမျိုးမှာ လည်နေလို့ ပါပဲ၊
ကြိုးသီချင်းတီးတယ်ဆိုပေမဲ့ ဆရာ့ရဲ့ တီးဟန်ဟာ လက်စွမ်းပြတီးနေရသလိုပါပဲ၊ ဒါပေမဲ့ အဲဒီအချိန်မှာ နိုင်ငံတော်ဆိုင်း (စိန်ချစ်တီး)က တီးနေတဲ့မူနဲ့ မတူတော့ဘူးပြောတယ်၊
(ရီရီဆိုင်းဆိုင်း၊ မှိုင်းမှိုင်းညိုပြာ၊ မိုးတဲ့မိုးတိမ်လွှာငယ်လေး၊)
ဒီအပုဒ်ဟာ ကီးအနေနဲ့ ဆိုရင် ကီးဂျီပေါ့ ငယ်လေးဆိုတဲ့ ထန့် ဒူလေထန်း ဒူလေထန်းဟာ လေးပေါက်ထန့် အတွဲနဲ့ ကျသွားတယ် ခြောက်ပေါက်သံမှန်သီခြင်းတွေဆိုရင် ကီးစီ တစ်ပေါက် ထန့် နဲ့ အသံကျတယ်
( မြသား၊ တိမ်မိလ္လာ၊ လွမ်းတဲ့ လွမ်းအောင်သာ၊)၂။ ပထမအခေါက်မှာ ပုံမှန်တီးလိုက်ပြီး ဒုတိယအခေါက်ကို ပတ်မနဲ့ လှိမ့်ပလိုက်တယ်၊ ကီးဂျီထဲမှာ ဒုတိယအခေါက် ပတ်မနဲ့ ဝိုင်းနဲ့ လှိမ့်နေတဲ့အချိန်တွေ ကျနော်တို့ လက်တီးတွေကတော့ ထုံးစံအတိုင် Semi quaver နဲ့ ပေါ့
ကျုးနွှဲ၊ ကျုးနွှဲ၊ ကျုးနွှဲ၊ ကျုးနွှဲ၊ ရွာ၊
တစ်ခေါက်ထဲပါ၊ အသံချိန်းတော့မယ်၊ ပထမ ကျူးနွှဲဟာ လေးပေါက်ထန့် နောက်ကျူးနွှဲက ငါးပေါက်ထန့်  နှစ်ခါပြန်ကောက်ပြီးတာနဲ့ ရွာဆိုတဲ့ အသံမှာ ငါးပေါက်ကို ချိန်းပလိုက်တယ်၊ ငါးပေါက်ဆိုတာ၊ သံရိုးသီချင်းတွေ တီးနေတဲ့  ကြိုးငါးပေါက်ပါပဲ။
(ပွင့်စငယ် ရွှေဝါ၊ ပန်းတဲ့ပန်းမြတ်စွာ၊ ) ၂
အခြေခံကြိုး တံတျာထဲက ထက်စငယ်ကောင်းကင် မိုးတဲ့မိုးတိမ်ပြင်ပါပဲ၊ ဒါပေမဲ့ ဆိုင်းတီးကွက်နဲ့ တီးတာ လှသလားမမေးနဲ့ ၊ ငါးပေါက်ကျ၊
အခါရောက်ချိန် နီးချည့်လေး၊ ပထမဆုံးအခါမှာ ဆိုလာဒို (အခါ) နောက် ရောက်ချိန် နီးချည့် တီဆို လာဒိုဒိုဒို၊ မီရေတီလာ တီဒို တီဆို (ကျနော် လွယ်အောင် key C နဲ့ ပဲ ဒိုရေမီဖါကို ရေးပေးနေတာပါ) `လေး´ ဆိုတဲ့ အချစာသားကို၊ ဖါဒိုရေဖါရေဒိုလားဖါ၊ ဆိုပြီး ငါးပေါက်ကို ချလိုက်တယ်၊
ဒုတိယအခါ အခါရောက်ချိန် နီးချည့်လေး၊မှာ အခါကို အဲဒီမှာ အမြန်လာဒိုဖါ လာဆိုဖါ လာဒိုဖါ လာဆိုဖါဆိုပြီး လက်တီးအားလုံးက လက်စွမ်းပြတီးတယ် ၀ါးက သုံးချက်စည်းဗျ။ ကြိုးတီးနေတာနဲ့ မတူဘူး လက်စွမ်းပြ တီးနေသလိုပဲ၊ (ဒါကြောင့်လဲ စိန်ဗိုလ်တင့်က လာတက်တယ်ပြောရမလားပဲ)
ရောက်ချိန်ကို တီဆို လာဒိုဒိုဒို၊ နီးချည့်က အရင်အတိုင်း မီရေတီလာ တီဒို တီဆို
`လေး´ကို ဒိတစ်ခါ သုံးပေါက် မှာ လာ၊လာလာလာ၊ ဆိုလာဆိုဖာ ရေလာဆိုပြီး တင်ထားတယ်၊ (သုံးပေါက် ကီးအေပေါ့)
တတိယ အခါက အခါရောက်ချိန် နီးပင်သာ နီးချည့်လေး၊
`အခါ ရောက်ချိန်´ဆိုတာကို လွယ်လွယ်ပြောရရင် ကိုသန်းလှိုင်ရဲ့ တဆောင်းသစ်ပြန်ပြီထဲက တမ်းတ မှန်းဆ လွမ်း၇ပါပြီဆိုတဲ့ အပုဒ်မှာ စန္ဒယားလှိမ့်ထားတဲ့ ငါးပေါက်အလှိမ့်  (ကီးစီမှာတော့ ရေ၊ ရေးဒိုတီလာ၊ ရေ၊ ရေးဒိုတီလာ၊ ရေ၊ ရေးဒိုတီလာ၊ရေးဒိုတီလာ၊ ရေးဒိုတီလာ)ဆိုပြီး အလှိမ့်တီးထားတယ်၊
ပတ်မက ဗေထိ ဗေထိဆိုပြီး ဆို့ ပေးတာကို ရကွင်းကြီးက ရင်ဘတ် ဘရိတ်နဲ့ ချမ်းဟိ (ဟိဆိုတာ ရင်ဘတ်နဲ့ အသံရှိန်ကို ရပ်ပလိုက်တာ၊ ဒရမ်မှာ shell ကို ခေါက်ပြီး လက်နဲ့ ဖမ်းထိန်းလိုက်သလိုပေါ့၊ ဘယ်လောက် အဆင့်မြင့်တဲ့ ပညာရပ်များပါလဲ)
နီးချည့်က အရင်အတိုင်း မီရေတီလာ တီဒို တီဆို
`လေး´ကို လဲ အ၇င်အတိုင်း သုံးပေါက် မှာ လာ၊လာလာလာ၊ ဆိုလာဆိုဖာ ရေလာဆိုပြီး တင်ထားတယ်
စတုတ္တ နောက်ဆုံး အခါေ၇ာက်ချိန်ကို ကျူးနွှဲတုံးကလို မျိုး ဒြန့် နယ် (သုံးပေါက် ဒြန့် ) လေးထန့် နဲ့ မှာ တင်ထားပြီး နီးပင်နီးလို့ ဆိုတာကို ဆိုဆိုဖါဖါ ဆိုရေ မီရေလို့ တီးပြီး လေးပေါက်အောက်ပြန်ကို ချိန်းပါတော့တယ်၊
မောင်မင်း ကြိုက်တော်မူလေတည့်မှ ဆိုရေဒို တီဖါဆို ရေးဒိုတီဖါ လားဆို မီရေ၊(အသံတူက အရပ်ထဲက ပြောကြပစေကွယ် ဒီပွဲရူးကြောင့်ခက်ရချည့် ရဲ့ )
နောက်ဆုံး မောင်မင်းကြိုက်တော်မူက တံတျာထဲက သည်မိုး သည်မိုးဆိုတာကို ခုနှစ်ထန့်  တစ်ထန့် တွဲတွေမပစ်ပဲ ဆရာက ရေဒိုရေတီ ဒို တီဒိုဆိုလို့ ပူးတီးပြီး ပတ်ဝိုင်းက ဗေတိုဆိုတာနဲ့ အညီ ဖါဆို ဒိုဆိုလာဆိုလို့ သပ်ပြီး
ပုပ္ပါး ပုပ္ပါး တောင်တော်ရွှေပုပ္ပါးရယ်က၊ ပုပ္ပါးငယ်သာ၊ တောင်တော်သာ၊ ပန်းတဲ့ပန်းမြတ်စွာ၊ကိုတီးပါတယ်၊ အဲဒီအပုဒ်က ကျနော်တို့ နောက်ပိုင်း အပျိုတော်ကြရင် ပြန်ပါလာပြီ။ ပတ်မလှိမ့်ပေါ့၊ ကီး ပုလဲထဲမှာပါ၊
ဒါပြီးတာနဲ့ အခါရောက်ချိန်ပြန်ဝင်၊ နောက် ဗိန်းမောင်းနဲ့ တေတျာသတ်ပါပြီ။
မောလိုက်တာ၊ ပြစရာ တီးလုံးကလဲ မရှိ၊ စန္ဒယားဘေးချ တီးကြည့်ပြီး ပြောနေရပါတယ်
ဒီအချိန်မှာ ပွဲခင်းဟာ ငြိမ်နေပါပြီခင်ဗျာ၊ ပွဲဦးအပျိုတော်ထွက်တော့မယ်လို့ အားလုံးသိနေကြပါပြီ၊
ဒါကို ဘာဖြစ်လို့ စောင့်စားနေကြပါသလဲ၊
အရင်ခေတ်က ပွဲကြည့်က လူပျက်ကြည့်ဘို့ လာတာမဟုတ်၊ စတိတ်ရှိုးနားထောင်ဘို့ လာတာမဟုတ်၊
မင်းသားနဲ့ မင်းသမီး နားထောင်ဘို့ ကြည့်ဘို့ လာတာကလား
ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးဟာ အစဉ်အလာအရ ပွဲဦးအပျိုတော် (နောက်ဆက်ရေးပါ့မယ်)မှာ သိကြားနတ်သံကို မင်းသားကိုယ်တိုင်နဲ့ ရွာတော်ရှင် နတ်သံကို မင်းသမီးကိုယ်တိုင် ပစ်ရပါတယ် (ဆိုရပါတယ်)၊ အဲဒီမှာပဲ အသံအရည်အချင်းကို ဆုံးဖြတ်လို့ မကြိုက်ရင် တချို့ ပွဲပရိတ်သတ်က ပြန်ပါပြီခင်ဗျား
နမူနာတွေက ကျနော်တို့ သင်ခဲ့ရတာနဲ့ နည်းနည်းတော့ မတူ ဆရာဦးဟန်ပတို့ မူပါ
No comments:
Post a Comment