ယာဉ်ပေါ်မှ ယင်ကောင်များ (တောင်စွန်း ဆရာတော်)
ယာဉ်ပေါ်မှ ယင်ကောင်များ
““ပျားနဲ့ပတ်သက်ရင် ပျားရည်ကိုအသက်ရှည်ဆေး လို အမြတ်တနိုးထားပြီး ပျားမွေးမြူရေးဆိုတာ ရှိပေမယ့် ယင်နှင့်ပတ်သက်လို့ကျတော့ ယင်နားစာကိုတောင် သေဆေးလို သဘောထားပြီးယင်ကောင်ကို ဝေးရာ မောင်းထုတ်ပစ်ကြတယ်””
(တိပိဋကဓရ ယော ဆရာတော်)
ကားဂိတ်ကစထွက်စ ပထမမှတ်တိုင်မှာ လူတွေစုပြုံ စောင့်နေကြတယ်။ ကားဆိုက်လာတော့ အတင်းထိုးဝှေ့တက်ကြ၊ နေရာထိုင်ခုံလွတ်ရှိရာလုကြ၊ တိုးကြနဲ့၊ သက်ကြီးရွယ်အိုများ၊ မိခင်လောင်းများနဲ့ ကလေးငယ်များ ယိုင်သူယိုင်၊ ဘုရားတသူ တ၊ တချို့ကလေးငယ်များ လက်ထဲကထမင်းချိုင့် လွတ်ကျသူကျ ဖြစ်ကုန်ကြတယ်။ ဘတ်စ်ကားထိုင်ခုံ ဆိုတာ ကိုယ်ဆင်းမယ့်နေရာအထိသာ စီးခွင့်ရတာမို့ တော်သေးရဲ့။ တစ်သက်လုံးနေထိုင်ခွင့်ရမည့်နေရာ မျိုးသာဆိုရင်တော့...။
မှတ်တိုင်သုံးလေးခုလွန်တော့ ကားပေါ်မှာ လူပြည့်နေပြီ။ ရုံးတက်၊ ကျောင်းတက်ချိန်မို့ မှတ်တိုင်မှာ ဆင်းမည့်သူနည်းနည်း၊ စီးမည့်သူက အုပ်လိုက်စုပြုံ တိုးကြလို့။ ““အပေါက်ဝက နေရာဖယ်ပေးကြပါ၊ နောက်ကိုဆုတ်ပေးပါ၊ ဆင်းမည့်နေရာ အကုန်ဆင်းနိုင်အောင် ရပ်ပေးပါမယ်၊ ရှေ့ကသံဃာတော်ခုံက နေရာလေး ကုသိုလ်ယူမယ်”” ကားစပယ်ယာအသံက ခပ်အေးအေး၊ ပျော့ပျော့ပျောင်း ပျောင်းပါပဲ။ အပေါက်ဝကလူအုပ်ကတော့ မျက်မမြင်၊ နားမကြားတဲ့ပုံမျိုး၊ ကြာတော့ စပယ်ယာအသံက စကားလုံးကြမ်းကြမ်း၊ အသံမာမာ။ ဒီတော့မှ နည်းနည်းလှုပ်သလိုလိုဖြစ်ပြီး အောက်ကခရိးသည်တွေတိုးဝှေ့တက်ခွင့်ရကြတယ်။ ကားစပယ်ယာတွေ ရိုင်းတယ်လို့ ပြောသံကြားဖူးတာ။ ခုတော့ ဘယ်သူ့ကြောင့် ဘယ်သူက ရိုင်းကြတယ်ဆိုတာတောင် မစဉ်းစားတတ်တော့ဘူး။ စပယ်ယာရဲ့ တိုးလိုက် ကျယ်လိုက် ပျော့လိုက် မာလိုက်အသံနဲ့ ခရိးသည်တွေရဲ့ဖြစ်အင်ကို ကြားနေ မြင်နေရာကနေ တိပိကဓရ (ယော) ဆရာတော်ဆုံးမခဲ့ဖူးတဲ့ “ပျားကောင် နဲ့ယင်ကောင်” အကြောင်းကို သတိရနေမိတယ်။
လူဆိုတာ တစ်အိမ်ထောင်စုကနေ တစ်ကမ္ဘာလုံးအထိ လူမှုဆက်ဆံရေးနဲ့အသိ ဥာဏ် ကျယ်ပြန့်ကြီးမားသလောက် အသိုင်းအ၀ိုင်း အဖွဲ့အစည်းနဲ့ နေကြတဲ့အမျိုးပါ။ လူ့စည်းစိမ်ချမ်းသာ၊ လူ့ဂုဏ်သိက္ခာဆိုတာ တွေကိုက အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်က အသိအမှတ်ပြုမှသာ ရရှိခံစားနိုင်ကြမှာပါ။ လူသူမနီးတဲ့ တောကြီးမျက်မည်းထဲမှာ ပတ္တမြားလိုဏ်ဂူ နဲ့ ရတနာမျိုးစုံနဲ့ တစ်ကိုယ်တည်းနေရတဲ့ သုခမိန်ကြီးထက် (တရားနဲ့ပျော်မွေ့နေတဲ့ သူတော်စင်များကိုတော့ မဆိုလိုဘူးပေါ့) ဘူးခါးရေသောက်ပြိး ကြမ်းကြားလေနဲ့ ဇိမ်ယူနေတဲ့ တဲအိုပျက်ထဲက တူနှစ်ကိုယ်က လောကီချမ်းသာအရာမှာ သာလွန်တဲ့ မွေ့လျော်ဖွယ်ရှိကြမှာ သေချာလောက်ပါတယ်။
အဲဒီလို အသိုင်းအ၀ိုင်းနဲ့ စုဝေးနေထိုင်ကြရတဲ့ လူ့အဖွဲ့အစည်းမှာ ယင်ကောင်တွေလို စုဝေးနေထိုင်ကြတဲ့ လူ့အဖွဲ့အစည်းနဲ့ ပျားကောင်များလို စုဝေးနေထိုင်ကြတဲ့ လူ့အဖွဲ့အစည်းဆိုပြီး နှစ်မျိုး နှစ်စားရှိတယ် လို့ဆရာတော်က မိန့်ကြားဆုံးမပါတယ်။
အားလုံးမြင်ဖူးကြတဲ့အတိုင်းပဲ ယင်ကောင်တွေဟာ အစုအဝေးနဲ့ နေကြတဲ့ သတ္တ၀ါတွေပါ။ ဒါပေမယ့်သူတို့မှာ
(၁) အမျိုးအတွက် ခံယူချက် လုံးဝမရှိဘူး။
ဟုတ်တယ်။ ဘယ်သူ့ကိုမှငဲ့ကွက်တာ မရှိဘူး။ ဘယ်သူ့ကိုမှလည်း အရေးမစိုက်ဘူး။ ဘယ်သူဘာဖြစ်နေနေ ကိုယ့်အတွက်ပဲ ကိုယ်သိကြတာ။
(၂) စည်းကမ်းမရှိ၊ အများပေါ်မှာ သစ္စာလည်းမရှိဘူး။
တရုန်းရုန်းတအုံးအုံး ကြုံရာနား၊ ကြုံရာစားကြတာ။ လူတွေစားသောက်တဲ့ အမွန်မြတ်ဆုံး စားစရာကနေ မစင်အညစ်အကြေး၊ အပုပ်အသိုးအထိ အကုန်စားတယ်။ လူတွေရဲ့စားခွက်မှာ လာစားပြီး အညစ်အကြေးမျိုးစုံ ရောဂါပိုးမျိုးစုံကို သယ်လာပြီး ချန်ရစ်ခဲ့တတ်တာမျိုး။
(၃) ခွဲဝေအသုံးချမှု၊ အနစ်နာခံ စွန့်လွှတ်မှု မရှိ။
ယင် ဆိုတာ ပျားလို အုံဖွဲ့တည်နေတာမျိုးလည်းမဟုတ်သလို ကိုယ်ရောက်တဲ့နေရာမှာ ကိုယ့်အတွက်စားခဲ့ကြတာပဲ။ သယ်ယူတယ်၊ စုဆောင်းတယ်၊ ခွဲဝေစားသုံးတယ်၊ ဇာတ်တူချင်းအတွက်တောင် အနစ်နာခံ စွန့်လွှတ်တယ်ရယ်လို့မှ မရှိတဲ့အမျိုးပဲ။
(၄) ဘ၀ပေးအသိတရားရယ်လို့ ဘာတစ်ခုမှ မရှိဘူး။
စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ၊ ကြုံရာနား၊ ကြုံရာစားကြတာဖြစ်လို့ လူနဲ့နီးသလောက် လူတွေရဲ့ရွံမုန်းခြင်း အခံရဆုံးပဲ။ ယင်နဲ့ပတ်သက်လို့ ယင်နားစာကိုတောင် သေဆေးလိုသဘောထားပြီး ယင်ကောင်ကိုဝေးရာ မောင်းထုတ်ပစ်ကြတယ်။
လူ့အဖွဲ့အစည်းတစ်ခုဟာလည်း
(၁) အမျိုးဘာသာ သာသနာအတွက် ခံယူချက်၊ ဦးတည်ချက်မရှိခဲ့ရင်။
(၂) စည်းကမ်းမရှိ၊ အများအပေါ်မှာ သစ္စာမရှိခဲ့ရင်၊ မိသားစုကအစ ရပ်ရွာ၊ ဒေသ၊ နိုင်ငံအထိ မိမိ မှီတင်းနေထို်င်ရာ ပတ်ဝန်းကျင်အပေါ် ကျေးဇူးမသိ၊ သစ္စာမရှိခဲ့ရင်။
(၃) ခွဲဝေအသုံးချအနစ်နာခံမှု၊ စွန့်လွှတ်မှု ဘာမျှမရှိခဲ့ရင်၊ ဘတ်စ်ကားထိုင်ခုံလို ခဏတာနားနေရာလေးကိုတောင် အသက်ဂုဏ်ဝါကြီးရင့်သူ၊ အားနွဲ့သူ၊ မကျန်းမာသူ၊ ၀န်လေးသူများအတွက် မစွန့်လွှတ်ရဲကြရင် ဒီလောက်အသေးအမွှား တအောင့်ခဏစာလေးကိုတောင်အကြီးအကျယ် လုယက်စရာကြီးအဖြစ် သဘောထားနေကြရင်။
(၄) စဉ်းစား ချင့်ချိန် ဆန်းစစ် ဝေဖန်နိုင်တဲ့ အသိပညာ မရှိခဲ့ရင်။ လူ့ဘ၀ ဘာကြောင့်ရခဲ့တယ်၊ လူနဲ့တန်တဲ့ ဂုဏ်သိက္ခာ ဘယ်လိုတည်ဆောက်မယ်၊ မိမိရဲ့တည်မှီရာဝန်းကျင်ကို ခြေနဲ့ကန်ရာမကျစေဘဲ ခြေရာကောင်းချန် ခဲ့ရာကျအောင် ဘယ်လိုကျင့်သုံးမယ်ဆိုတာ မသိတတ်ရင် ဘယ်လိုစုဝေးနေထိုင်ခြင်းမျိုးဖြစ်မလဲ....။
လောကကို အလှမဆင်တတ်သူဟာ ပင်ကိုဂုဏ်ရည် ဘယ်လောက်ပဲ အချိုးအစားကျနေပါစေ၊ ကိုယ့်အလှကို ဘယ်သူကမှ အသိအမှတ်မပြုတဲ့အတွက် အလိုလိုအထီးကျန်ပြီး အကျည်းတန်နေမှာတော့ မလွဲပါဘူး။
ယင်တွေနဲ့ အကောင်ချင်း ခပ်ဆင်ဆင်ဖြစ်တဲ့ ပျားကောင်တွေကို ကြည့်မယ်ဆိုရင် -
(၁) အမျိုးအတွက် ခံယူချက်၊ ဦးတည်ချက်ရှိတယ်။
ကြုံရာမှာရှာပြီး တွေ့ရာမှာ စားသုံးခဲ့ကြတာမဟုတ်ဘူး။ အုံရှိရာကို စွမ်းနိုင်သမျှ သယ်ဆောင်စုဆောင်းလာကြတယ်။ ခိုတာ ကပ်တာ ကိုယ်ကျိုးသုံးတာရယ်လို့ ဘယ်တော့မှမရှိဘူး။
(၂) စည်းကမ်းရှိတယ်။ အများအပေါ်မှာ သစ္စာရှိတယ်။
အညစ်အကြေးအပုပ်အသိုးကို နားလေ့၊ စားလေ့မရှိဘူး။ သူ့စည်းကမ်း၊ သူ့သစ္စာကြောင့် လူတွေကတောင် အားကိုးယုံကြည်ကြတယ်။ တချို့လူတွေက သူတို့ကို သစ္ဗ္စာမဲ့ပြီး ပျားရည်တု ဆိုတာတောင် လုပ်နေကြသေးတယ်။
(၃) ခွဲဝေအသုံးချမှု၊ အနစ်နာခံစွန့်လွှတ်မှု ရှိတယ်။
အုံမှာ စနစ်တကျစုဆောင်းပြီး အာဟာရအတွက်ကုန်ကြမ်း သယ်သူသယ်၊ ကုန်ချော ထုတ်သူထုတ်နဲ့ ပျားမျိုးဆက်သစ်တိုင်းအတွက် ချို့တဲ့မှုမရှိရအောင် စနစ်တကျစုဆောင်းထားတယ်။ ပျားပျိုများက ပျားအိုတွေကို မတိုးဝှေ့ မတိုက်ခိုက်ကြသလို ပျားအိုများကလည်း ပျားပျိုတို့အတွက် ငဲ့ကွက်မှု အမြဲရှိနေကြတယ်။
(၄) သဘာဝအသိတရားတွေရှိတယ်။
အမွန်အမြတ်ဖြစ်တဲ့ ပန်းဝတ်ရည်ကိုသာ စုပ်ယူကြတာ။ မျိုးဆက်သစ်များအတွက် နားခိုရာ အုံနဲ့အကန့်နဲ့ စနစ်တကျ တည်ဆောက်တတ်ကြတာတွေ။ ဒါတွေကြောင့်လည်း ပျားနဲ့ပတ်သက်ရင် ပျားရည်ကို အသက်ရှည်ဆေးလို အမြတ်တနိုးထားကြပြီး ပျားမွေးမြူရေး ဆိုတာကိုတောင် လူတွေက ပြုလုပ်နေကြရတာ။ လောကမှာလူတွေက အကောင်းဆုံးလို့သတ်မှတ်ကြတဲ့ အရသာမျိုးတို့။ ဘုရားရှင်ရဲ့အသံတော်လို လေးစားနှစ်သက်ဖွယ်ရာတို့ကိုတောင် “မဓုရ ရသ= ပျားအရသာလို ” လို့တင်စား ပြောဆိုကြရတာ။
အဟိတ်တိရစ္ဆာန်လို့ခေါ်တဲ့ ပျားသတ္တ၀ါတောင် တိဟိတ်လူသားတွေက အလေးထား စံပြုစရာ အရည်အချင်းကောင်း၊ အကျင့်ကောင်းတွေ ရှိနေပါလျက်နဲ့ သတ္တလောကရဲ့ အမြင့်မြတ်ဆုံးဆိုတဲ့ တို့ တိဟိတ်လူသားများမှာ လူနဲ့လူချင်း လေးစားစံပြုစရာ လုပ်ဆောင်ချက်တစ်ခုတစ်လေမျှ ပြစရာမရှိ၊ ပြရကောင်းမှန်း မသိဘူးဆိုရင်...။
“အနစ်နာခံတယ်၊ စွန့်လွှတ်နိုင်တယ်” ဆိုတာကိုယ်ကျိုးတွေအားလုံးကို စွန့်လွှတ်မှမဟုတ်ပါဘူး။ ခဏတစ်ဖြုတ် နားနေစရာ၊ ထိုင်စရာနေရာလေးတစ်ခု လောက်ပဲဖြစ်ဖြစ်၊ အသက်ဂုဏ်ဝါကြီးသူ၊ အားနွဲ့သူ၊ မကျန်းမာသူအတွက်ဦးစားပေး၊ အနစ်နာခံပေးလိုက်ရင် ချို့တဲ့သူကိုပြည့်စုံအောင်၊ ချမ်းသာသူကို ခိုင်မြဲတိုးတက်အောင်၊ ကရုဏာ မုဒိတာ စိတ်ကောင်းကလေးတွေနဲ့ “နှုတ်ကူလက်မ” စွမ်းနိုင်သလောက် ပြုလုပ်ကြမယ် ဆိုရင်....။
လောကကြီးဟာ အားနွဲ့သူတို့အတွက်အားကိုးစရာဖြစ်သလို အားရှိသူတို့အတွက် လည်းဂုဏ်တက်စရာဖြစ်လို့ နေပျော်တဲ့လောကကြီး ဖြစ်နေမှာမလွဲပါဘူး။
အရေးမပါတဲ့ (ဘတ်စ်ကားပေါ်က ခုံနေရာလို) လုယက်မှုကြီးများကြောင့် “သတ္တလောကမှာ အမြင့်မြတ်ဆုံး” ဆိုတဲ့ လူ့ဂုဏ်သိက္ခာများကို နေ့စဉ်ဖျက်ဆီးနေ မယ့်အစား ဒီအသေးအမွှားလေးတွေကို စွန့်လွှတ်အနစ်နာခံမှုကြောင့် ရရှိလာမည့် “စိတ်ဓာတ်မြင့်မားတဲ့လူသား” (မန=စိတ်ဓာတ်၊ ဥဿန္န= မြင့်မား၊ မနူဿ= စိတ်ဓာတ် မြင့်မားသူ)ဆိုတဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းတတ်ရကောင်းမှန်းသိလာရင် ယာဉ်ပေါ်မှာ တွေ့ရတဲ့ လူအုပ်ကြီးဟာ ယင်ကောင်တွေလိုမဟုတ်ဘဲ ပျားကောင်များလို လေးစားအားထားစရာတွေ ဖြစ်နေကြမှာ မလွဲဘူး။ ဒါဆိုရင် ဘတ်စ်ကားစီးရတယ်ဆို တာဟာလည်း ငြီးငွေ့စရာကြီးတစ်ခုမဟုတ်ဘဲ လူ့ဂုဏ်သိက္ခာ၊ လူ့စိတ်ဓာတ်တွေကို အသိအမှတ်ပြုဖို့အတွက် ဘ၀စာမေးပွဲ (အင်တာဗျူး) တစ်ခုကို တွေ့ဆုံနေရသလို ပျော်စရာ၊ စိတ်ဝင်စားစရာကြီးဖြစ်နေမှာ မလွဲပေဘူးလို့ တွေးနေရင်းမှတ်တိုင်မှာ လူအုပ်ကို တိုးဝှေ့ဆင်းခဲ့ရတယ်။ စိတ်ထဲမှာတော့ ယင်ကောင်တွေကြားကပဲ ဖြတ်သန်းလာလိုက်ရသလိုလို...။ ပျားကောင်တွေများ ဖြစ်လိုက်ပါတော့လို့ တောင့်တနေမိသလိုလို။
ယာဉ်ပေါ်မှာစီးရင်း တွေးမိလို့သာ “ယာဉ်ပေါ်က ယင်ကောင်များ”လို့ ပြောလိုက်ရတာ။ တကယ်တော့ အိမ်ပေါ်မှာ၊ အရပ်ထဲ၊ လမ်းထဲ၊ ဈေးထဲမှာ၊ အဲ တစ်ကမ္ဘာလုံးမှာအထိ “ရှိလည်းရှိတယ်၊ ပေါတယ်” လို့ပဲ ပြောရမယ်ထင်ပါရဲ့။ ကိုယ်လည်း ဘယ်အထဲများ ပါနေပါလိမ့်။
No comments:
Post a Comment