Monday, November 7, 2016

ပွဲ (၀င်းစည်သူ)

ပွဲ (၀င်းစည်သူ)

12 September 2011 at 16:09
ပွဲ

(၀င်းစည်သူ)

၁(က)

မောင်ရန်ပြေ အလွန်ပျော်သည်။ အလွန့်အလွန်ပျော်သည်။ ပျော်သမှ ဗဲရီး ဗဲရီး ဟက်ပီး
ဖြစ်လို့နေသည်။ အဘယ့်ကြောင့်ဆိုသော် သည်ယနေ့ည ပွဲကြည့်ရမည် ဖြစ်သောကြောင့်ပေတည်း။ မောင်ရန်ပြေ၏ အဖေသည် ရွှေမန်းတင်မောင် ဇာတ်ပွဲကြည့်ဖို့ဆိုပြီး ဖျာနှစ်ချပ် ၀ယ်လာသည်။ ငွေတစ်ဆယ်ဖိုး အကုန်အကျခံလာသည်။ ဇာတ်ခုံနှင့် သိပ်ပြီးမဝေးလှသည့် ကြည့်ကောင်းသော ဖျာ ငါးတန်းမြောက် အတန်းကဟုလည်း ပြော၏။

ရုံက အဘယ်မှာနည်း။
ပြသာဒ်ဒကာဝင်း- ရုံတော်မင်္ဂလာကြီးမှာ ဖြစ်သည်။
ထိုရုံတော်မင်္ဂလာကြီးသည် ဈေးချိုတော်၏ မြောက်ဘက် ၂၆ဘီလမ်းနှင့် ကပ်လျက်မှာ တည်ရှိ၏။ ထရံကာကပ်မိုး ယာယီရုံ ဖြစ်၏။ မောင်ရန်ပြေတို့ ၁၅လမ်းနှင့်ဆို သုံးမိုင်လောက်တော့ ကွာဝေး၏။ ယနေ့ကား သောကြာနေ့။ အိပ်ရေးပျက်လျှင်လည်း ကိစ၊ာစှးိ။ နက်ဖြန် စနေနေ့မို့ ကျောင်းအားသည်။ ၀အောင်အိပ်ပစ်လို့ရသည်။ ထမင်းမစား ဟင်းမစား စက်တော်ခေါ် ပျော်တော်မူလို့ရသည်။ အဆင်ပြေစွတကား။
ပွဲကိုတော့ မောင်ရန်ပြေ့အဖေက မလိုက်ဟုဆိုသည်။ အိမ်စောင့်ရင်း ကျန်ရစ်ခဲ့မည်ဟု
ပြောသည်။ တကယ်တော့ အဖေသည် ၁၈၅ကျပ်စား အထက်တန်းစာရေး ရုံးသမား တစ်ဦးဖြစ်၏။ နက်ဖြန်စနေနေ့မို့ ရုံးပိတ်သဖြင့် လိုက်မည်ဆိုလျှင် လိုက်လို့ရ၏။ သို့သော် မီးရေး ထင်းရေး စိတ်မချရသဖြင့် နေရစ်ခဲ့မည်ဟု ပြောခြင်းဖြစ်သည်။
မောင်ရန်ပြေ့အမေရယ်၊ ဒေါ်လေးရယ်၊ မမကြီး၊ မမလတ်၊ မမလေးရယ်၊ မောင်ရန်ပြေရယ်ကိုတော့ လွတ်လပ်စွာ သွားစေ၊ ကြည့်စေ၊ ပျော်ကြစေ။
ပြီးတော့ မောင်ရန်ပြေ့ အဖေက ပြောသေးသည်။
ပွဲကြည့်ပြီး အိပ်ရေးပျက်လာလို့ မနက်စာ ထမင်းဟင်း မချက်ချင်လျှင်လဲ ရသည်တဲ့။
မင်းတို့အိပ်နေတုန်း ဆိုရှယ်ဒန်ပေါက်တွေ သွားဝယ်ထား လိုက်မယ်တဲ့။ ၅ထုပ်ဆို လူ ၇
ယောက် ခွဲဝေစားလို့ လောက်မှာပါတဲ့။
အိပ်ရေးပျက်လို့လဲ ဘယ်သူ့မှာမှ ပြ?သနာ?အထွေအထူး ရှိကြလိမ့်မည် မဟုတ်။ အလုပ်လုပ်စရာမလိုဘဲ မှီခိုသူ ဘ၀နှင့် နေကြသည့် မောင်ရန်ပြေ့ အမေ၊ကမောင်ရန်ပြေ့အဒေါ်၊
ဆယ်တန်းကို တစ်နှစ်တည်း အတူတူ အောင်ပြီး?ကျောင်းတက်ဖို့ စောင့်နေကြသော မောင်ရန်ပြေ၏ မမကြီးနှင့် မမလတ်၊ သူနှင့်အတူ မူလတန်းကျောင်းသို့
ကျောင်းသွားဘက်ဖြစ်သည့် မောင်ရန်ပြေ၏ မမလေး၊ ဘာဆိုဘာမျှ
ပူတောင့်ပန်းပင် ဖြစ်စရာမလို။

မောင်ရန်ပြေ့ အဖေ၏လစာသည် မိသားစု ၇ ယောက်အိုးကို ကောင်းမွန်လှပစွာ ထိန်းနိုင်ရုံမျှမကဘဲ ရံဖန်ရံခါ အခုလို ပျော်ပွဲရွှင်ပွဲတွေကို ဆင်နွှဲစေနိုင်တာက ပိုသေး၏။ တစ်ယောက်တည်း၏ လုပ်စာကို အများက ၀ိုင်းစားကြသည်။ တုံးလုံးစာဟုပိုပိုလျှံလျှံ မရှိသော်လည်း မတ်တပ်စာအတွက်တော့ သူ့ဟာနှင့်သူ၊ သူ့လနှင့်သူ အဆင်ပြေနေသည်။ အချိုးညီနေသည်။
ကြွေးမတင်၊ မြီမရှိ။ ပကတိပျော်ရွှင် ချမ်းမြေ့ဖွယ်ရာကောင်းလှသည်။

ဖျာလက်မှတ် ၂ စောင် ၀ယ်လာသည်ဆိုသော ထိုညဦးမှာတော့ မောင်ရန်ပြေ အဖေသည် အသွားအပြန် မြင်းလှည်းခ၊ ရုံဝင်လက်မှတ်ခနှင့် မုန့်ဖိုး၊ ပဲဖိုးဆိုပြီး ပွဲသွားမည့်သူ
အားလုံးအတွက် ငွေ ၂၀ ကို ထုတ်ပေး၏။

မြင်းလှည်းတစ်စီးလုံး ငှားခက အသွားအပြန်မှ ၅ ကျပ်။ မောင်ရန်ပြေ၏ အမေ၊ ဒေါ်လေးနှင့်
အမကြီး ၂ ယောက်အတွက် လူကြီး ၄ ယောက်စာ ရုံဝင်လက်မှတ်ဖိုးက ၄ ကျပ်။ မောင်ရန်ပြေနှင့် သူ့မမလေး တည်း ဟူသော ကလေးနှစ်ယောက်အတွက် ရုံဝင်လက်မှတ်ဖိုးက တစ်ကျပ်။ စုစုပေါင်းမှာ ငွေ တစ်ဆယ်။

ကျန်တဲ့ ငွေ တစ်ဆယ်ကို ဗိုက်ရိုက်စားလို့ ရ၏။ တစ်ထုပ်မှာ ၂ ကျပ်သာ ပေးရသည့်
ခေါက်ဆွဲကျော် နှစ်ထုပ်ကို ပြဇာတ်အပြီးမှာ ပြေးဝယ်ခဲ့ပြီး အားလုံးဝိုင်းစားပစ်လိုက်ကြမည်ဟု မောင်ရန်ပြေ စိတ်ကူးမိသည်။ ဆီးပေါင်း၊ မရမ်းပေါင်း၊ သရက်ပေါင်း ဆိုသည့် အချဉ်ပေါင်းမျိုးစုံကို တစ်ကျပ်ဖိုး ၈ ထုတ်နှင့် ၀ယ်လိုက်လျှင် ဘယ်သူမှ တစ်ညလုံး အိပ်ငိုက်ကြတော့မည်မဟုတ်။ တမြုံ့မြုံ့ဝါးရင်း ဇီးကွက်မျက်လုံးကြီးတွေလို ၀ိုင်းစက်ပြူးကျယ်နေကြဦးတော့မှာကို တွေးကြည့်ပြီး မောင်ရန်ပြေ
ရယ်ချင်မိ၏။

ဇာတ်ရုံသို့ မြင်းလှည်းရပ်သောအခါ မောင်ရန်ပြေ၏နှာခေါင်း၊ရနံ့တွေ
ထုံဝေသင်းပျံ့သွားသည်။ သူ့အမေ၊ သူ့အဒေါ်၊ သူ့အမများ၏ ခေါင်းထက် စံပယ်ပန်းကုံးတွေ၊
ဇွန်ပန်းကုံးတွေ စံပယ်နေသည်မဟုတ်။ အခြားအခြားသော မိန်းမပျို၊ မိန်းမအိုတွေ၏
ကေသာထက်မှာ ဖြူဖွေးမွှေးကြိုင်ထုံလျှမ်းလျက်ရှိသည်။

သည်းသည်းလှုပ်မျှ စည်ကားလှစွာသော ရွှေပွဲလာယောက်ျားမိန်းမအားလုံး၏ မျက်နှာထက်ဝယ်
အပြုံးတို့ကိုသာ မြင်တွေ့ရသည်။ သူတို့ပြုံးနေကြသည်။ သူတို့ပျော်နေကြသည်။

ထိုသူအားလုံး၏ ပီတိအဖူးအငုံ မြောက်မြားစွာသည် ဇွန်ပန်း၊ စံပယ်ပန်းတို့
နှင့်ပြိုင်ကာ အစွမ်းကုန်အားပါးတရ ပွင့်လန်းလျက်ရှိလေသည်။



၁ (ခ)

မောင်ရန်ပြေသည် တင်ဆက်ကပြသွားသော ယိမ်းအကမှန်သမျှကိုလည်း ကြိုက်မိ၏။
သူ့နှုတ်ဖျားတွင် ရလုနီးနီးဖြစ်အောင် အသံကောင်း၊ မာန်ကောင်း၊ ဟန်ကောင်း
နှင့်ဆိုသွားသည့် “အရပ်သားပေးတဲ့စောင်း၊ နတ်သိကြားပေးတဲ့စောင်း၊ လက်ခတ်တီးတဲ့စောင်း၊
ရက်မြတ်ကြီးတဲ့စောင်း၊ ဟိုဘက်လိုလိုစောင်း၊ ဒီဘက်လိုလိုစောင်း၊ အထင်မှားအမြင်မှားရင်ကြား
တီးတဲ့ စောင်း၊ အစောင်းမှားရင်လေ... ခေါင်းတခြား ဖင်တခြားဖြစ်တတ်တယ်တဲ့ အမျိုးသား
ကိုယ့်လူတွေ” ဆိုသည့် သီချင်းကိုလည်းကြိုက် မိ၏။ အသံပိုင်ရှင်၊ ဟန်ပိုင်ရှင် ရွှေမန်းတင်မောင်ကိုလည်း ကြိုက်မိ၏။ ထိုသီချငိးပါဝင် သော ဂီတရူးပြဇာတ်ကိုလည်း ကြိုက်မိ၏။
ထို့ထက်ထို့ထက် ပိုကဲသာလွန်?ဆိုရသော်... သူနှင့်အသက်အရွယ် တူမျှစွာရှိ မည်ဟုထင်ရသည့်
ဝင်းဗိုလ်ကို ပို?မိုနှစ်ချိုက်မိ၏။

“ရွှေပွဲလာဧည့်ပရိတ်သတ်များရှင်၊ ယခုအချိန်မှစပြီး စိန်ပီတာကျောင်းသားလေး
မောင်ဝင်းဗိုလ်က သူ့ကျောင်းအားရက်မှာ သူ့ဖခင်ကို ပူဇော်ကန်တော့တဲ့အနေနဲ့
တင်ဆက်မှာကတော့ သက်တန့်ရောင်စုံအကဖြစ်ပါတယ်။ ရှုစားတော်မူကြပါရှင်...”

ကားလိပ်ကို တဖြည်းဖြည်းချင်းလိပ်တင်လိုက်သည်။ အနုမြူမီးမောင်းများ ထိုးထားသည့်
ဇာတ်ခွင်ပြည့် သက်တန့်ခုံးခုံးကြီးပေါ်လာသည်။ သက်တန့်ပုံဖြစ်အောင်
သံပိုက်လုံးကိုကွေးပြီးနောက် ဂျပ်ပြားတွေ၊ချယ်ကာ ရိုက်ကပ်ထားခြင်းပဲ
ဖြစ်ပေလိမ့်မည်ဟု မောင်ရန်ပြေ ဥာဏ်မီသလောက် တွေးကြည့်မိ၏။

ထိုသက်တန့်ပေါ်တွင် ၀င်းဗိုလ်ကနိုင်အောင် ဘယ်လိုလုပ်ထားသည်ကိုတော့ မောင်ရန်ပြေ
မစဉ်းစားတတ်တော့ပေ။

ဒါပေမယ့် ရုပ်ချောတာကို သိနေသည်။ အကကောင်းတာကိုသိနေသည်။ ပရိသတ်ကို မင်သက်မိအောင် ဖမ်းစားနိုင်စွမ်းရှိတာကို သိနေသည်။ ကားလိပ်ကို ညင်သာစွာပြန်အချမှာ လက်ခုပ်သံတွေ ညံမစဲအောင် ဖြောင်းဖြောင်းချင်းခတ်သွား သွားတာကိုလည်း သိနေသည်။

“ဇာတ်ဆိုရင်... ရွှေမန်းတင်မောင်တို့ကို ကြည့်လိုက်ရတော့မှပဲ တန်တာဟေ့...”

မောင်ရန်ပြေ့ဒေါ်လေး၏ အတွင်းရှိ အပမဆောင်နိုင်သော ခပ်စွာစွာ အသံသည် ရှေ့နောက်ဝဲယာ ဖျာသုံးချပ်စီလောက်ကိုတော့ စူးရှစွာဖုံးလွှမ်း သွားလိမ့်မည်ဟုထင်သည်။

ဒါပေမယ့် “ဒီမိန်းမနှယ် စွာလိုက်တာ” ဟူသော စိမ်းကားသည့် အကြည့်မျိုးမရှိ။ မလိုလား
မနှစ်မြို့သည့် မျက်လုံးမျိုး နတိ၊။ စိတ်သဘောတူညီစွာပင် ခေါင်းတဆတ်ဆတ်
ညိတ်ကြတာကိုတောင်မှ မောင်ရန်ပြေသတိထား လိုက်မိသေးသည်။

ဒါပေမယ့် လောလောဆယ်မှာတော့ ဇာတ်ပွဲကိုမကြိုက်ချင်။ ကြက်သွေးရောင် ကတ္တီပါကားလိပ်ရှေ့မှာရပ်ပြီး လေပေါနေသည့် လူပြက်တွေက ငြီးငွေ့စရာကောင်း လွန်းလှသည်။

မောင်ရန်ပြေ နှစ်ပါးသွားကိုကြည့်ချင်လှပြီ။ရွှေမန်းတင်မောင်ဘယ်လို ၀တ်မှာနည်း။
ဘယ်လိုဆိုမှာနည်း။ ဘယ်လိုကမှာနည်း။

စိန်လှကြည်တို့၊ ရတနာပုံခင်ကြည်တို့၊ အဝေရာကြည်တို့ ဘယ်လိုဝတ်မှာနည်း။
ဘယ်လိုဆိုမှာနည်း။ ဘယ်လိုကမှာနည်း။

သိချင်လှပြီ။ ကြည့်ချင်လှပြီ။ တစ်ပွဲခင်းလုံးရှိ ပရိသတ်အားလုံးလည်း သူနှင့်
ထပ်တူထပ်မျှ ရှိကြပေလိမ့်မည်ဟုမောင်ရန်ပြေထင်သည်။

“ကိုအောင်ငွေရေ...”
“ပြောပါ့ကိုမိုးညို...”
“ပေါရာဏဆိုတဲ့ ရှေးသူဟောင်းတို့ရဲ့စကားနဲ့ မညီပါပေကလားဗျာ”
“ရှင်းစမ်း လင်းစမ်းပါဦး ကိုမိုးညိုရဲ့”
“ပြည်သာတော့ သဘင်သာဆိုတဲ့စကားလေဗျာ”
“မှန်ပ၊ မှန်ပ။ တိုင်းပြည်ကြီးသာယာတော့ ပြည်သူတွေ ၀မ်းပန်းသာ၊ ၀မ်းပန်းသာလို့
သဘင်ဇာတ်ပွဲကိုလာ။ ရုံပြည့်ရုံလျှံ အားပေးကြတဲ့ ပရိသတ် ထောင်သောင်းကို မြင်လိုက်ရရုံနဲ့သိသာလှပါပေသဗျာ။
သုတိသြဘာမင်္ဂလာအပေါင်း ခညောင်းတဲ့ညပေကိုး ကိုမိုးညိုရဲ့...”
မောင်ရန်ပြေသည် သူ့အမေပေါင်ပေါ်သို့ လှဲအိပ်ပစ်လိုက်သည်။ “တကယ်လို့ များအိပ်ပျော်သွားရင် နှစ်ပါးသွားထွက်တော့...နှိုး” ဟုလည်း မှာကြားမိသေးသည်။
နှစ်ပါးသွား ပြီးလျှင် လက်ဝဲသုန္ဒရတဲ့။

မိုးအလင်း ကြည့်ဖို့ မောင်ရန်ပြေ ဆုံးဖြတ်ထားပြီး ဖြစ်ပေသည်။




၂-(က)
ညနေစာ ထမင်းဆာလှပြီဖြစ်သော်လည်း ဦးရန်ပြေသည် ထီးရိုးနင်းနေရမြဲသာ ဖြစ်လေသည်။
ဘုန်းကြီးဆောင်း ထီးရိုးဖြစ်အောင် နင်းခြင်းဖြစ်၏။
သူ့သားအငယ်ဆုံးကောင် အောင်မိုးစက်ဘီးနှင့် အိမ်ထဲသို့ ကသောကမျော ၀င်လာပြီးကတည်းက မောင်နှမတစ်သိုက်ခေါင်းချင်းဆိုင်ကာ ကြက်စီကြက်စီ ဖြစ်နေတာကို သူ့
ပွတ်လုံးစင်ထက်မှာ ဆောက်ခုံးကိုကိုင်ရင်း သတိထားမိ၏။

စကားများနေကြတာများလား။
ရန်ဖြစ်နေကြတာများလား။
ဦးရန်ပြေသည် ဆောက်ကိုချထားခဲ့ကာ ပွတ်လုံးစင်မှ ခွာခဲ့၏။ မောင်နှမ တစ်သိုက်ထဲသို့
တန်းတန်းမတ်မတ်လာခဲ့၏။

“ဘာဖြစ်နေကြတာလဲဟေ့...”
အားလုံးကို ကြည့်လိုက်တော့လဲ ဘယ်သူ့မျက်နှာမှာမှ ဒေါသရိပ်လွှမ်းတာ၊
ခက်ထန်တင်းမာနေတာကို မတွေ့ရ။ သို့သော် ညှိုးငယ်နေသယောင်တော့ရှိသည် ဟု ဦးရန်ပြေ
အကဲခတ်မိသည်။

“မအေလုပ်သူက နေစိမ့်ရန်ကော”ဟု စိတ်ထဲတွင် အပြစ်တင်မိ၏။
သူ့ဇနီးသည် သားသမီးတို့နှင့် သူ့ပွတ်လုံးစင်ထက် နီးသောနေရာမှာ ရှိနေပါလျက်နှင့် ထ ကြည့်ဖော်မရ။ ပူပန်ကြောင့်ကြဟန်တစ်စကမျှမရှိဘဲ ဆေးလိပ်ကိုလိပ်မြဲလိပ်နေတာ၊
ခေါင်းထိုးမြဲထိုးနေတာ ကိုတော့ သူ မကျေနပ်ချင်လှပေ။
“ငါမေးတာ ဖြေစမ်းပါအုံး အောင်မိုးရ...”
ဘာလို့ အောင်မိုးမဖြေတတ်ရမှာလဲ။ အသက်ပဲ ၁၉ နှစ်ရှိနေမှတော့ ဖအေနား ရည်လည်အောင်ဖြေနိုင်ရမှာပေါ့။
ရှင်းပြနိုင်ရမှာပေါ့။
ဦးရန်ပြေသည် အားမလိုအားမရ ဖြစ်လာသည်မို့ အောင်မိုး၏ပခုံးကို လက်နှစ်ဘက်နှင့်ဆုပ်ကာ
တွန်းခါပစ်လိုက်မိ၏။

“ဒီလိုပါ အဖေ၊ အရိပ်မထွက်ဘုရားကွင်းရုံမှာ ... ဇာတ်ကနေတယ်။ အဲဒီပွဲ ကန်ထရိုက်ရဲ့တူက
ကျွန်တော့်အသိဆိုတော့ ဒီညပွဲကြည့်ဖို့ဆိုပြီး ဖျာ၂ ချပ် အလကား ပေးလိုက်တယ်အဖေ။
ဖျာဝေတယ်လို့ ခေါ်တာပေါ့အဖေရာ”
“ဘာလဲကွ၊ ဖျာဝေတယ်ဆိုတာ”
“ဖျာ၂ ချပ်ကို အနည်းဆုံး လူ ၅ ယောက်ကြည့်လို့ရတယ်အဖေ။ တစ်ယောက်ကို
ရုံဝင်ခအစိတ်ဆိုတော့ ဒီဖျာ၂ ချပ်ဝေလိုက်ခြင်းအားဖြင့် ငွေတစ်ရာ့ အစိတ်ရအောင်လို့ပေါ့...”

“ဒါဖြင့် ရုံဝင်လက်မှတ်မပေးဖူးဆိုပါတော့”
“ထုံးစံမရှိဘူးအဖေ”
“မင်းတို့ခေတ်ကလဲ အဆန်းပါလားကွာ...”

ဦးရန်ပြေသည် အံ့သြသံတွင် ညည်းညူသံနှော?ပာလိုက်၏။ လူတစ်ယောက် အတွက်
ရုံဝင်ခအစိတ်ဖြစ်နေမှတော့ ၀ယ်သူကိုရောင်းသည့် ဖျာဈေးဆိုလျှင် မည်ရွေ့ မည်မျှ
ဖြစ်နေလိမ့်မည်ကို ရင်မောမှာစိုး?သိချင်။
“ကြည့်ချင်လဲ သွားကြည့်ကြပေါ့ကွ”
ကိုယ်ချင်းစာစိတ်အပြည့်ဖြင့် ပြောမိ၏။ သူ့သားသမီးတွေထဲမှာ ပွဲကြိုက်သော သူ့ဗီဇတွေ
မုချပါဝင်နေလိမ့်မည်ကိုသိ?သဖြင့် ပြုမိခြင်းလည်း ဖြစ်ပေသည်။

“ကျွန်တော်တော့ မအားဘူးအဖေ။ မနက်ဖြန် အလုပ်ပျက်ရင် ဆရာကကျေနပ် မှာမဟုတ်ဘူး”
ဘာလို့ မကျေနပ်ရမှာလဲ ။ လက်သမားခေါင်း ကိုဟန်မောင်ဆိုတာ လူအေး၊ လူ့သဘောကောင်း။ တပည့်သားချင်းတွေအပေါ်ဆို လုံးဝမဆူရက် မငေါက်ရက် တဲ့လူ။ပြီးတော့ အစာနာတရားကြီးမားတဲ့လူ။

တစ်နေ့လျှင် ငွေလေးဆယ်ရသော ရွေဘော်ထိုး၊ လွှတိုက်၊ လက်သမား ပေါက်စ သားတော်မောင်က သူ့နေ့တွက်ကလေးပြုတ်မှာကို အနှမြောကြီး နေဟန်ရှိနေပုံ ကိုတော့ စိတ်ကောင်းဖြစ်မိတာလား။
ရယ်ချင်မိတာလားလို့ ဦးရန်ပြေကိုယ်တိုင် မခွဲခြားတတ်တော့ပေ။

“ဒါဖြင့်လဲ ခင်အေးတို့၊ ခင်စိန်တို့က နင့်အမေခေါ်ပြီး သွားကြည့်ကြပေါ့ဟာ။ လူ ၃
ယောက်နဲ့ ဖျာ ၂ ချပ်ဆိုတော့ ချောင်ချောင်ချိချိတောင်ရှိသေး...”
“လိုက်နိုင်ပေါင်တော်။ နက်ဖြန်ဆေးလိပ် ၅၀၀ မအပ်နိုင်တော့ ရှင်က လျော် မှာ မို့လား...”

ဒီမိန်းမနှုတ်သီးကောင်းပုံကဖြင့် ငယ်ကျင့်ကိုမပျောက်။ ထစ်ခနဲဆို ကြက်ကောင်း
ခေါင်းဆိတ်မခံ ပြန်ပက်လိုက်ရမှ။ လိပ်တတ်လို့ကတော့လား တစ်ညလုံး ထိုင်လိပ်ပစ်လိုက်မယ်။
၅၀၀ မကဘူး။ ၁၀၀၀၊ ၂၀၀၀။
ဦးရန်ပြေသည် တံတွေးကို ပစ်ခနဲ ထွေးထုတ်လိုက်၏။

“ဟိုဘက်အိမ်က ညီအစ်မကို အဖော်စပ်ကြည့်ပါဦးလား သမီးတို့ရ”
“တော်ပါပြီအဖေ”
“ဟေ...ဘာလို့”
“နက်ဖြန် ဆောက်ဖြတ်ကြိုးတစ်ကုံးချပေးမယ်။ ပြီးအောင် ထိုးပေးရမယ်လို့ ပန်းထိမ်ဆရာက
မှာထားလို့ပါအဖေ”

“သမီးစက်ဆိုင်မှာလဲ အပ်ထည်တွေ ပုံနေပြီအဖေ”
ခင်အေးနှင့် ခင်စိန်တို့က ဖအေ့စကား လုံးဝအ၀င်မခံတော့ဘဲ ဆက်တိုက် အဖြေပေးကြ၏။
ဦးရန်ပြေသည် သက်ပြင်းကို ဟူးခနဲမှုတ်ထုတ်လိုက်ကာ သူ့ပွတ်လုံးစင်ဆီသို့
ခေါင်းငိုက်စိုက်ချလျက် ထွက်လာခဲ့သည်။

မင်းသားလေးချောသည်ဟု သူကြားဖူးသည်။ အသံကောင်းသည်ဟုလည်း သူကြားဖူးသည်။ ပြဇာတ်ရော နောက်ပိုင်းပါ နိုင်သည်ဟုလည်း သူကြားဖူးသည်။ ကိရိယာနှင့် အခမ်းအနား ကောင်းလှသည်ဟု သူကြားဖူးသည်။ သို့သော် သူ့အထင်နှင့် အမြင်တွေက ပါစင်အောင်လွဲခဲ့ပြီ။

““အလကား သူများတွေကို လျှောက်လွှတ်နေတယ်။ တော်သွားကြည့်ပါလား။ တစ်ယောက်ထဲဆိုတော့ ညောင်းရင် ၀မ်းလျားထိုး ကြည့်လို့တောင် ရသေး၊””

တယ်... ဒီဂန်းနာမ။ ငါ့ထီးရိုးကိုကော နင်နင်းပေးတတ်လို့လား။

ဦးရန်ပြေ.... စိတ်ထဲကပဲ ကြိတ်?မြည်တွန်တောက်တီး လိုက်မိခြင်း ဖြစ်ပေသည်။

၂ (ခ)
မနေ့က အောင်မိုးယူလာခဲ့သော (အလဟသ ဖြစ်သွားခဲ့ပြီဖြစ်သည့်) ပန်းခရမ်းရောင်
ဖျာလက်မှတ်ကလေး ၂ စောင်သည် ထမင်းစား စားပွဲခုံ ညစ်ထေးထေး ပေါ်တွင် အစိတ်သား
အလေးဟောင်း တစ်ခုနှင့် ဖိထားခြင်း ခံရကာ မလှုပ်မရှက် ရှိနေရှာလေသည်မှာ ယနေ့ညနေတိုင်အောင်ပဲဖြစ်၏။
““ရော့အမေ... ကျွန်တော် ကွမ်းယာဖိုး ၅ ကျပ်ပဲသုံးတယ်””
အောင်မိုးက သူ့နေ့တွက်ငွေကို စားပွဲပေါ်ချထားခဲ့ကာ ရေချိုးဖို့ ထွက်သွားသည်။
““ရော့... ငါရခဲ့တာက ရှစ်ဆယ်””
““တစ်ရာ မဟုတ်ဘူးလားတော့””
““ဆိုက်ကားခက ဘယ်သွားထားရမှာလဲကွ”
ငေါက်ဆတ်ဆတ်အသံကို နှုတ်လှန်မထိုးသည့်တိုင် မျက်စောင်းတစ်ချက်တော့ ထိုးဖြစ်အောင်
ထိုးလိုက်သေး၏။ ပြီးတော့သူမ ရခဲ့သောငွေနှင့် လင်အပ်ငွေ၊ သားအပ်ငွေ တို့ကိုရောကာ ၁၅
ကျပ်တန်ချင်း၊ ဆယ်တန်ချင်း ငါးကျပ်တန်ချင်း ထပ်နေ၏။
“အမေ...မမက ငါးဆယ်ပေးလိုက်တယ်။ ကျွန်မပိုက်ဆံနဲ့ဆို စုစုပေါင်း တစ်ရာ့နှစ်ဆယ်”
“အဲဒီဟာမက ဘာလို့အိမ်ကို တန်းမပြန်လာနိုင် သေးတာတဲ့လဲ”
“အထည်စ တစ်စ အတိုင်းမှားပြီး ညှပ်လိုက်မိလို့ ပိုင်ရှင်ကိုသွားတောင်းပန်ရ
ဦးမယ်လို့ ပြောတာပဲအမေ”

“တယ်လေ...ဗိုင်းတာမ၊ နမော်နမဲ့နဲ့”

အလုပ်မှ ပင်ပန်းစွာ ပြန်လာခဲ့သောသမီးသည် မအေ၏လေပူဒဏ်ကို သူ့အစ်မကိုယ်စား ဓားစာခံအဖြစ် ခံနိုင်ရည်ရှိဟန်မတူ။ ကြိမ်ခြင်းကလေးကိုဆွဲကာ နောက်ဖေးခန်းဆီသို့ ခပ်သုတ်သုတ် ၀င်သွားတာကိုတော့ ဦးရန်ပြေသတိပြုမိ၏။

“ပြန်လာရင်လဲ ဆူပူမနေပါနဲ့ကွာ။ အလုပ်လုပ်သူတိုင်း အမှားဆိုတာ ရှိကြမှာပေါ့”
“မဆူအားပါဘူးတော်၊ သင်းကိုဆူရမှာထက် အရေးကြီးတာတွေကရှိသေး”
ဦးရန်ပြေသည် သမီးကြီးအတွက် သူလေပြည် ထိုးလိုက်မိခြင်းအပေါ် အကျေနပ်ကြီး
ကျေနပ်သွားမိ၏။ စိတ်အချမ်းမြေ့ကြီး ချမ်းမြေ့သွားမိ၏။ ထို့ကြောင့်လည်း မယား၏အပါးတွင်
ရဲရဲတင်းတင်း တိုးကပ်?ထိုင်မိတော့၏။

“လေတိုက်တယ်၊ တော့်လက်နဲ့ဖိထား။ မဖိချင်ရင်လဲ ဒီအလေးနဲ့ဖိထား။
ဟယ်...ရှုပ်လိုက်တဲ့လက်မှတ်၂ စောင်”
လုံးချေပစ်ခြင်း ခံလိုက်ရသော ပန်းခရမ်းရောင် စက္ကူကလေးသည် ရေဆိုးပစ်မြောင်းထဲတွင်
ဟိုအမှိုက်ကိုတိုက်၊ ဒီအမှိုက်ကိုတိုက်ကာ ဇောင့်အင့် ဇောင့်အင့်နှင့် မျောပါသွားလေသည်။
“ဟောဒါက...ဖိုး”
ဦးရန်ပြေက အလေးနှင့်ဖိလိုက်၏။
“ဟောဒါက...ဖိုး”
သူ့မီးခြစ်ကို ထုတ်?ရပြန်၏။
“ဟောဒါက...ဖိုး”
စားပွဲခုံအောက်က အုတ်ခဲကျိုးသေးသေးကလေးကို ကောက်?ရပြန်၏။
အိမ်ထောင်ရှင်မကြီးသည် ဘာဖိုးပေါင်း အနည်းငယ်မျှနှင့်ပင် သက်ခံတွင်း မဆံ့အောင်
မောဟိုက်သွားလေရော့သလားမသိ၊ ပင့်သက်ကိုခိုး?ရှိုတ်၏။ ပြီးတော့ ဦးရန်ပြေချထားသော
မီးမသေသေးသည့် ဆေးလိပ်တိုကို ဖျတ်ခနဲကောက်ယူ?ဖွာရှိုက်၏။
ဆီးချိုရောဂါအတွက် ဆရာဝန်က ညွှန်ကြားထားသော အိမ်မှာလည်းပြတ်လပ် နေပြီဖြစ်သော
သောက်နေကျ ဒိုင်ယာဘီကွန်ဆေးပြား တစ်ကတ်စာဖိုးမျှမကျန်တာ တော့ နာတာပါပဲဟုတွေးကာ မှုတ်ထုတ်ပစ်လိုက်သည့် ဦးရန်ပြေ၏ မှုန်တုန်တုန်သက် ပြင်းရှည်ကမူ ဒေါ်စံမယ်မရိပ်မိလိုက်ဘဲနှင့် ဆေးလိပ်မီးခိုးများနှင့်အတူ ဝေ့၀ဲလွင့်ပျံ သွားလေ၏။

ထိုအချိန်တွင် ဇာတ်ကြော်ငြာကားသည် သူတို့အိမ်ရှေ့မှဖြတ်ကာ အသံချဲ့စက် သံ
တညံညံနှင့်မောင်းနှင်သွား၏။ မောင်းမင်းကြီးသားတို့ ဇွဲကောင်းကြပါပေ့။ မနေ့ညကလို မစည်ဘဲနေမှာကို စိုးရိမ်လို့ဖြစ်မှာပေါ့လေ။ အရပ်သတင်းအကြားနှင့် စာနာစွာတွေးမိ၏။
သွေးတိုးတက်လို့ မူးဝေလာတာလား။ ဆီးချိုတက်လို့ မူးဝေလာတာလား။ ဘာ့ကြောင့်
မူးဝေတာပါလိမ့်။ ခေါင်းထဲမှာ နောက်ကျိကျိဖြစ်မိသည်မို့ ဦးရန်ပြေ စားပွဲခုံပေါ်သို့
မျက်နှာအပ်လိုက်မိလေသည်။

ဝင်းစည်သူ။


No comments:

Post a Comment