Showing posts with label Anti Narcotic Documents. Show all posts
Showing posts with label Anti Narcotic Documents. Show all posts

Saturday, November 5, 2016

မိုင်းမောဈေး (မြန်စာပြန့် )

မိုင်းမောဈေး

30 August 2011 at 10:06
၅-ရက်တဈေး၏ရှုခင်းများ
ဈေးကြိုနေ့တရက်တွင် ၄င်းတို့အတွက် အသားဟင်းလျာများ ၀ယ်ယူရန် အကောင်းဆုံးအချိန်ဖြစ်သည်။ ကျွဲသားနှင့်အမဲသားများကို ဈေးကြိုနေ့တွင် သတ်လေ့ရှိလေသည်။ မုန်းမောတွင် ၁၀-ရက်ခန့် ကြာနေစဉ်က ကျွဲနွားသတ်သောနေရာသို့ ကျွန်တော်သွား၍ သေချာစွာကြည့်နေမိသည်။ ကျွဲ ၆ကောင်၊ နွား ၂-ကောင်၊ စုစုပေါင်း ၈-ကောင် ၁၀-ကောင် သတ်ကြလေ့ရှိသည်။ အမဲဖျက်သောနေရာမှာ ဈေးနှင့်မနီးမဝေး ကွင်းပြင်ထဲတွင်ဖြစ်သည်။ သံချွန်၊ ဓား၊ ပုဆိန်တို့ဖြင့် ခုတ်ထစ်ပိုင်းဖြတ်၍မှ မပြီးခင် အနီးအနားရွာများမှ အမဲဟင်းလျာ အ၀ယ်လာသူတို့ ရောက်ရှိနေတတ်ပေသည်။ ၀ယ်သူများသည် အမဲဖျက်သည်ကို ထိုင်ကြည့်နေကြ၏။ ခုတ်ထစ်ပိုင်းဖြတ်ပြီး၍ ၀ယ်ယူနိုင်ပြီဆိုလျှင် မိမိအလိုရှိသလောက် ၀ယ်ယူပြီး အသားတုံးကြီးများကိုထမ်း၍ ပြန်ကြလေတော့သည်။ ကျန်ရှိနေသော အသားများကို ဈေးနေ့တွင် ဆက်လက်ရောင်းကြသည်။
ဈေးနေ့၌ ကျွဲပွဲဟုခေါ်ကြသော ကျွဲရောင်းဝယ်မှုကို ထိုကွင်းပြင်၌ပြုလုပ်နေကြသည်။ ကျွဲကောင်ရေ ၁၀၀ ခန့်ဈေးနေ့တိုင်း ရောက်ရှိလာတတ်သည်။ အလိုရှိသူက ကြိုက်ရာအကောင်ကို ကြိုက်ဈေးပေး၍ ၀ယ်သွားနိုင်သည်။ ကျွဲတကောင်ကို ငွေဟောင်း ၁၀၀ မှ ၁၅၀-ကျပ် အထိပေးရတတ်လေသည်။
သူတို့ဆီ၌ အသုံးပြုသော ငွေကြေးစံနစ်ကို အနည်းငယ်ရှင်းပြရန် လိုလာသည်။ သူတို့အခေါ်အားဖြင့် ငွေဟောင်းငွေသစ် ၂-မျိုးရှိသည်။ ငွေဟောင်းမှာ ရှေးအင်္ဂလိပ်ခေတ်က ကျန်ရှိခဲ့သော ဂျော့၊ ဝေလာ၊ ခေါင်းပြတ်ဒင်္ဂါးများနှင့် မူးစေ့များကိုခေါ်၏။ ငွေသစ်မှာ ယခုကျွန်တော်တို့ ပြည်ထောင်စုသုံး မြန်မာပိုက်ဆံကို ခေါ်ကြသည်။
ပစ္စည်းတခုကိုရောင်ျးှင် မူးစေ့မည်မျှငွေဟောင်းမည်မျှဟု ပြော၍ရောင်းလေ့ရှိသည်။ ဟိုပန်မှ လွန်သွားလျှင် ငွေဟောင်းကိုသာ အသုံးများသည်။ မုန်းမောသို့ ရောက်လျှင်မူကား ငွေသစ်ကို လုံးဝလက်မခံကြတော့ချေ။ ငွေဟောင်းတကျပ်သည် ၃-ကျပ်နှင့်ညီမျှလေသည်။ ထို့ကြောင့် ကျွန်တော်တို့ပစ္စည်းဝယ်လိုလျှင် ပထမဆုံး ၃၆-ကောင်ဒိုင်ဖြစ်သည့် လော်ပန်တရုတ်ထံ၌ ငွေလဲလှယ်ကြရသည်။ လော်ပန်သည် ငွေလဲလှယ်ရေးဠာန သဘော ဖွင့်ထားသည်။ ငွေသစ်တကျပ်မှာ မူးစေ့ ၆-စေ့သာ တန်ဘိုးရှိသည်။ ငွေဟောင်းတကျပ်မှာမူကား အချို့လည်းမူးစေ့ ၁၈-စေ့ပေး၏။ အချို့လည်း မူးစေ့ ၂၀ပေးကြသည်။
ငွေသစ်ကိုလက်ခံသော အချို့ဈေးဆိုင်များရှိသည်။ စင်စစ်၎င်းဆိုင်များမှာ လောပန်တရုတ်၏ လက်အောက်ခံ အဆက်အသွယ်ရှိသော ဆိုင်များနှင့် ၆-ကောင်ဂျင်၊ လေးကောင်ဂျင် ၀ိုင်းများသာ ဖြစ်လေသည်။ ငွေသစ်ငွေဟောင်း သုံးစွဲနေမှုပြဿနာကို ဖြေရှင်းရန် အစီအစဉ်များရှိပါသလားဟု နယ်ခြားအုပ်ချုပ်ရေးဌာနမှ တာဝန်ခံတဦးအားမေးမြန်းကြည့်ရာ၊ အစီအစဉ်အထူး မရှိသော်လည်း ငွေဟောင်းစံနစ်တဖြေးဖြေးပျောက်သွားရန် ပြည်မမှ တင်ပို့ရောင်းချမည့် ပစ္စည်းများကို ငွေဟောင်းနှင့်ဝယ်ယူခြင်းလက်မခံဘဲ ငွေသစ်နှင့်သာ ရောင်းချပါက ပစ္စည်းရှားပါးမှုကြောင့် ၄င်းတို့မှာ မ၀ယ်၍မဖြစ်သဖြင့် ငွေသစ်ကိုအလိုလျောက်အသုံးပြုလာရမည်ဟု ပြောပြပါသည်။ ဥပမာ-ဆန်နှင့်ဆားမှာ ၄င်းတို့မ၀ယ်မဖြစ်သော ပစ္စည်းဖြစ်၏။ ဆန်နှင့်ဆားမှာ ပြည်မမှထောက်ပံ့ရေး လုပ်နေရသော ပစ္စည်းများဖြစ်လေသည်။ ငွေကြေးပမာဏအနေနှင့် တွက်လျှင် ၄င်းဒေသ၌ လှည့်လှယ် သုံးစွဲနေသော ငွေဟောင်းမှာ ၁-သန်းကျော် ၂-သန်းခန့်ရှိမည်ဟု သိရလေသည်။
၅-ရက်တဈေးများတွင် ဟိုပန်ဈေးသည် အကြီးဆုံး ဖြစ်လေသည်။ သို့သော် ကျွန်တော့်အနေနှင့်ကမူ မုန်းမောဈေးတန်းကို အနှစ်ခြိုက်ဆုံးဖြစ်သည်။ မုန်းမောဈေးသည် ဖာလုံဝက်ခန့်ရှည်သော ဆိုင်တန်းများ မျက်နှာချင်းဆိုင် တည်ရှိနေပေသည်။ အလယ်တွင် တဲတန်းများထိုး၍ အစားအသောက်ဆိုင်များ အများဆုံးရှိသည်။ မျက်နှာချင်းဆိုင်ဈေးဆိုင်များမှာ အတိတကျပြုလုပ်ထားသော အိမ်ဆိုင်သဘောဖြစ်သည်။ လူလည်းနေထိုင်သည်။ ဈေးနေ့မဟုတ်သည့် နေ့၌လည်း ဖွင့်ချင်ဖွင့်နိုင်သည်။ ပိတ်ချင်ပိတ်ထားနိုင်သည်။ သို့သော် လဘက်ရည်ဆိုင် ၂-ဆိုင်နှင့် တရုတ်ကုန်စုံဆိုင် ၂-ဆိုင်၊ ၃-ဆိုင်မှ လွဲ၍ အားလုံးဆိုင်များမှာ ပိတ်ထားသည်က များသည်။ ဈေးနေ့ကျမှ ဖွင့်၍ရောင်းလေ့ရှိသည်။
မြေကြီးတွင် ချ၍ရောင်းသော ဈေးသည်ကလေးများမှာ အများဆုံးဖြစ်သည်။ ရောင်းသောပစ္စည်းများကလည်း အစုံဆုံးဖြစ်သည်။ အငယ်ဆုံး ငရုတ်သီးထောင့်မှစ၍ အကြီးဆုံး ၀က်ကောင်လိုက်ရောင်းသည်အထိရှိသည်။ ဈေးထိပ်မှစ၍ ၀င်လာလျှင်မြေအိုးနှင့် သံဒယ်အိုးများ ရောင်းသည့်ဆိုင်များ၊ ၀ါးလုံးမျာဖြင့် အကောင်လိုက်ညှပ်၍ ချည်နှောင်ထည့်ထားသည့် ဆန်နီ၊ ကောက်ညှင်း၊ ပဲစသည်တို့ကို မြင်တွေ့ရမည်ဖြစ်သည်။ ပစ္စည်းအမျိုးအစားအနေနှင့် ရောင်းချသည့်နေရာ သတ်မှတ်ထားသည်မဟုတ်၊ အဆင်ပြေသည့်နေရာတွင် ချ၍ရောင်းတတ်ကြသည်။
ရှမ်းအိုးစည်ကြီးကို ထုရိုက်နေသည်မှာ အဝေးကပင်ကြားနေရပါသည်။ မောင်းကြီးကို ထုရိုက်သည်ကိုလည်းကြားနေရသည်။ အိုးစည်နှင့် မောင်းများမှာ ရောင်းချရန် ကြောငြာသဘောတီးခတ်ထုရိုက်နေခြင်းဖြစ်သည်။ ၀ယ်လိုက တီးခတ်ကြည့်နိုင်၏။ ထုနှက်ကြည့်နိုင်သည်။ ကြိုက်မှ ၀ယ်ရန်ဖြစ်သည်။
ငွေးဆေးတံကြီးကိုခဲ၍ လ၀အမျိုးသမီးများသည် တန်းစီပြီးထိုင်နေကြသည်။ ၄င်းတို့ရှေ့တွင် အပုံကလေးများ လုပ်၍ထားသော ငရုတ်သီး၊ ကြက်သွန်၊ ရှားစေး၊ ထုံး၊ ကွမ်းသီး၊ ဆေးစသည်ဖြင့် အသေးအဖွဲ တောက်တိုမယ်ရ ရှိသည်။ တချို့ကလေးငယ်ကလေးများသည် ကြက်တကောင်ကိုကျိုးချည်ကိုင်ထားပြီး ထိုင်နေသည်ကိုလည်း မြင်ရမည်။ ကြက်ရောင်းနေခြင်းဖြစ်သည်။ အဘိုးကြီးတယောက်ကမူ လုံးနေအောင်ဝသည့် ခွေပုကလေး ၃-ကောင်ခန့်ကို ကြိုးနှင့်ချည်ပြီး ၀ပ်နေစေ၏။ သူကတော့ နံဘေးမှဆေးတံကြီးကို ခဲနေတတ်သည်။ ဤသည်မှာလည်းခွေးရောင်းနေခြင်းဖြစ်သည်။ ခွေးသားစားကြသည်ဟူသော စကားကိုခုမှပင် ကျွန်တော်ယုံတော့သည်။
ဈေးအတွင်း၌ပင် လူ၅-ယောက်၊ ၆-ယောက်အုပ်စုလိုက် တတွဲတွဲနှင့် မြေပေါ်တွင် ၀ိုင်းထိုင်နေကြသည်ကိုလည်း မြင်တွေ့ရမည်။ အနီးသို့ချဉ်းကပ်ကြည့်မှ ဘိန်းအရောင်းအ၀ယ်လုပ်နေသည်ကို မြင်ရသည်။ ဘိန်းရောင်းဝယ်မှုလုပ်သော ဆိုင်များမှာ များစွာရှိသည်။ တချို့မှာ မြေပေါ်တွင်ချ၍ အချင်းချင်းပြန်ဝယ်ကြသည်လည်း ရှိသည်။ သို့သော်ဈေးမကောင်းလှချေ။ ဘိန်းကိုအကြီးအကျယ်ဝယ်သောသူများမှာ တရုတ်တွေပင်ဖြစ်သည်။ ဘိန်းဈေးမှာ ခန့်မှန်းခြေအားဖြင့် တပိဿာကို ငွေဟောင်း ၇၀-ကျပ်ခန့်ဖြစ်သည်။ တခါတရံ ၁၀၀-ကျပ်ဈေးထိလည်း တိုးမြင့်တတ်သည်။ ဘိန်းဝယ်ယူသည့်နေရာ၌ တရုတ်များက ဖိနှိပ်ထားသော အချက်တခုရှိနေသည်။
ဘိန်းလာရောင်းလျှင် အလယ်မှ ဓားနှင့်လှီး၍ခွဲကြည့်ပြီး၊ မစစ်ဘူး အရောအနှော ရှိတယ်ဟု မတရားပြောကာ ဈေးကိုနှိမ်၍ပေးလိုက်၏။ ရောင်းလိုကရောင်း မရောင်းလိုကနေဟုပြောလိုက်သည်။ လ၀အမျိုးသားကြီးမှာ ဈေးနည်းလွန်းနေ၍ မရောင်းဘဲ တခြားဆိုင်သို့သွား၏။ နောက်ဆိုင်ကလည်း ထိုနည်း၎င်းပင်။ ဈေးတလျှောက်လုံး နှံ့နေအောင်သွားပြီးမှ တရုတ်ဆိုင်ကိုဘဲ ပေးသည့်ဈေးနှင့် ပြန်ရောင်းရရှာသည်။ ဘိန်းရောင်းပြီးမှမိမိမှာ အခြားလိုအပ်သော ပစ္စည်းများ ၀ယ်နိုင်မည်ဖြစ်သည်။
အရက်သမားယစ်ထုပ်ကြီးများ၏ ဈေးလယ်၌ဖြစ်ပျက်ပုံသည် တော်တော်ရယ်ဘို့ကောင်းသည်။ အချို့သည် ရောင်းဝယ်မှုကိစ္စမရှိဘဲ၊ ၂-မိုင် ၃-မိုင် တောင်တက်တောင်ဆင်းလျှောက်၍ သက်သက်အရက်သောက်ရန် ဈေးသို့လိုက်လာကြသည်။ ရေနံဆီသံပုံးမျိုးဖြင့် အရက်ထည့်ရောင်းသော ဆိုင်များကလည်း ဈေးတလျှောင်တွင်ပေါလှပေသည်။ တဆိုင်ပြီးတဆိုင် ၂-မူးဘိုး ၃-မူးဘိုး ဆက်၍သောက်သွာသူများလည်းရှိသည်။ တခုထူးခြားသည်မှာ အရက်ကို ပထမမြည်းကြည့်နိုင်၏။ လက်၃-လုံးခန့်ရှိ ခွက်ကလေးတွင် တ၀က်ခန့်ထည့်ပေးသော အရက်ကိုမြည်းကြည့်ကြ၏။ ကြိုက်မှဝယ်သောက်။ မကြိုက်လျှင်အခြားဆိုင်သို့ ပြောင်းရွှေ့နိုင်၏။ တချို့ဘရုတ်ကျသောသူများမှာ အရက်လည်း သောက်ချင်၏။ ပိုက်ဆံလည်း မရှိဖြစ်နေရာ တဆိုင်စီ အရက်ခွက်တွေကို လျှောက်၍မြည်းသည်၊ ဈေးအရှေ့ထိပ်မှဝင်လာရာ အနောက်ထိပ်သို့ရောက်သောအခါ မြည်းသည့်အရက်နှင့်ပင် ပုံလဲနေတော့သည်။ ပိုက်ဆံမကုန်ဘဲ အရက်ဝအောင် သောက်ရသောနည်းပေတည်း။
အစားအသောက်ဆိုင်များမှလည်း စားသူသောက်သူ တော်တော်ပေါသည်။ ဆန်ခေါက်ဆွဲဆိုင်များနှင့် တို့ဟူး အတုံးလိုက် ဟင်းချိုနှင့်ရောရောင်းသော ဆိုင်များရှိသည်။ စင်စစ် ဆန်မှုန့်ကို အပြား၊ အလုံး၊ အတုံးစသည်ဖြင့် အမျိုးမျိုးလုပ်ရောင်းခြင်းပင်ဖြစ်သည်။ ၄င်းအစာကိုစားကြည့်ရာ ပေါ့ပျက်ပျက်နှင့် ကျွန်တော်တို့ခံတွင်းတွင် အရသာမတွေ့လှ။
အ၀တ်ထည် ရောင်းသောဆိုင်များလည်း အများအပြားတွေ့ရသည်။ ၅-ရက် တဈေးများကို လှည့်၍ ရောင်းချနေသော အထည်ကုန်သည် ကုလားတယောက်ကို မုန်းမောဈေးတွင် ၂-ရက်ကြိမ်တိုင် တွေ့ခဲ့ရဘူးသည်။ သူသည် ချုပ်ပြီးသား ဘောင်းဘီ၊ အင်္ကျီ၊ မျက်နှာသုတ်ပ၀ါ၊ ခေါင်းစွပ်၊ ဆွယ်တာနှင့် မိုးကာ ပလက်စတစ်များကို ရောင်း၏။ အခြေအနေကိုမေးကြည့်ရာ အင်မတန်ရောင်းကောင်းကြောင်း တွေ့တိုင်း ပြောသည်။ ထိုကုလားမှာ ဘယ်ကဲ့သို့ရောင်းနေသည်မသိ။ ရှမ်းနှင့်လ၀စကားပြောတတ်သော်လည်း မြန်မာစကား မတတ်ချေ။
ရောင်းချသော ဈေးနှုန်းများမှာလည်း ကြီးမြင့်သည်။ နို့ဆီတလုံး ၃-ကျပ်၊ ဖယောင်းတိုင်တထုပ် ၁-ကျပ်ခွဲပေးနေရလေသည်။ ဆီတပိဿာ ၃-ကျပ်၊ ရေနံဆီ ၁-ကျပ်ပြား ၅၀၊ ဆန်တပုံး ၁၅-ကျပ်စသည်ဖြင့် ပေးနေရသည်။ အကြမ်းအားဖြင့် ပြည်မထက် ၂-ဆ ၃-ဆ ဈေးကြီးနေတတ်ပေသည်။
ငွေဆေးတံအကောင်းတခုသည် ငွေဟောင်း ၃၀-ကျပ်ပေးနေရသည်။ ခွေးတ ကောင်မှာ ငွေဟောင်း ၃-ကျပ်မှ ၇-ကျပ်ထိပေးနေရသည်။ ဘောင်းဘီချုပ်သော အနက်စတကိုက်လျှင် ငွေဟောင်း ၃-ကျပ်မှ ၅-ကျပ် ထိပေးရသည်။
ဝလူမျိုးများသည် ပလပ်စတစ်အစများကို မိုးကာအဖြစ်အသုံးပြုတတ်ကြလေပြီ။ ဈေးထဲတွင်လည်း ၄င်းအစများကို အထည်ဆိုင်ကြီးများတွင် ရောင်းချနေသည်ကို မြင်တွေ့ရသည်။ တကိုက်ကို ၃-ကျပ် ပေးရသည်။ မိုးရွာလျှင် ၄င်းအစများကိုခြုံ၍ တောင်ယာလုပ်ခြင်း၊ ခရီးသွားခြင်းများ ပြုလုပ်နေကြသည်။ ခမောက်ဆောင်းခြင်း၊ သင်တိုင်းခြုံခြင်းတို့ထက် ပလပ်စတစ်ခြုံရခြင်းကို ပို၍ သဘောကျကြဟန်တူသည်။ ဤသည်မှာ ခေတ်မှီလာသော အချက်တခုပင်။
လူစည်ကားဆုံးနေရာမှာ ၄-ကောင်ဂျင်၊ ၆-ကောင်ဂျင်ဝိုင်းနှင့် ၃၆-ကောင်ဖွင့် ရာ ဒိုင်တို့ ဖြစ်ပေသည်။ ရှမ်းပြည်တခွင်တွင် လောင်းကစားမှုများ ပိတ်ပင်ထားသော် လည်း၊ ၀နယ်တွင်မူကား အစိုးရက ဆက်လက်ခွင့်ပြုထားလေသည်။ ဤလောင်းကစား မှုများကို ဈေးကြိုနေ့နှင့် ဈေးနေ့များတွင် ပြုလုပ်ကြလေသည်။ မုန်းမော၊ ပန်ရောင်၊ ပန်လုံတို့တွင် တနေ့တကြိမ်သာဖွင့်သော်လည်း ဟိုပန်နှင့် ကွမ်းလုံတွင် တနေ့လျှင် ၂-ကြိမ်ဖွင့်လေသည်။ ၃၆-ကောင်ရှိသောအရုပ်များတွင် ကြိုက်ရာအကောင်ကိုမူးစေ့ ၄-စေ့မှစ၍ ကြိုက်သလောက်ထိုးနိုင်လေသည်။ ပေါက်ခဲ့သော်၂၇ဆလျော်သည်။ နံနက်၁၀-နာရီခန့်တွင် ထောင်ထားသော ၀ါးလုံးထိပ်သို့ ပေါက်ကောင်ကို တင်ထား လိုက်သည်။ ပေါက်ကောင်တင်ပြီးသည်နှင့် လောပန်ကိုယ်တိုင်ရေးသော တရုပ်စာနှင့် အတိတ်ကို ဒိုင်ရှေ့တွင် ကပ်ထားလေ့ရှိသည်။ ကြိုက်ရာအကောင်ထိုးကြသည်။ တရုတ်စာ မတတ်သူများကမူ လောပန်ကို မြန်မာလို ပါးစပ်မှအပြောခိုင်းပြီး အတိတ် တောင်းရသည်။ အတိတ်များမှာ နီးစပ်ရာအဓိပ္ပာယ်ကို ပေးခြင်းဖြစ်သော်လည်း ကျွန်တော်တို့နေနှင့်မူ ခန့်မှန်း၍မရပေ။ ၃၆-ကောင်ကိုကြုံတိုင်း အတိတ်တောင်း ၍ထိုးခဲ့ဘူးသည်။ တကြိမ်မျှ မပေါက်ခဲ့ပေ။
ပေးသောအတိတ်များ စဉ်းစားရခက်သည်ကို သက်သေပြပါမည်။ (သင့်အဘို့ ယနေ့ကုသိုလ်ကံကောင်းပါသည်။ သင့်မှာမြေးရှိ၍ ကျွန်ုပ်မှာသားရှိပါသည်။ ပေါက် ကောင်ထားရာဒေသမှာ ပန်ခွန်) ဟု အတိတ်ပေးစဉ်က ပေါက်ကောင်မှာ ကျီးကန်း ဖြစ်ပါသည်။ (ကျွန်တော်တို့ အားလုံးပျော်ရွှင်ကြပါတယ်။ အစားကောင်းစားပြီး တေးသီချင်း သီဆိုကြမယ်။ ပေါက်ကောင်ထားရာဒေသ ကွတ်ခိုင်)ဟု အတိတ်ပေးပြီး မြေကိုဖွင့်သွားသည်။ (ခရီးဝေးကလာရတာ ပင်ပန်းလှပါတယ်။ ခရီးလဲ သွားရအုံးမယ်။ ဘယ်သွားလို့ ဘယ်လာရမှန်းမသိပါ။ ပေါက်ကောင်ဖွင့်ရာဒေသကျိုင်းတုံ) ဟု အတိတ် ပေးစဉ်က ငှက်ကိုဖွင့်သွားပါသည်။
စင်စစ်စဉ်းစားရခက်သည်ဟု ဆိုရသော်လည်း ဖွင့်ပြီးသောအခါ ပေးသော အတိတ်နှင့် ဆွဲ၍ဆက်စပ်ကြည့်လျှင် ဟုတ်သလိုလိုရှိသည်။ ပြီးခဲ့သော အပတ်က ဖွင့်ပြီးသည့်အကောင်မှာ ငုတ်တုတ်ကောင်ဟု ၄င်းတို့ခေါ်ကြသည်။ ထိုအကောင်ကို နောက်တပတ်ဖွင့်လျှင် ထည့်၍မဖွင့်ချေ။ ၃၆-ကောင်ဝင်ငွေမှာ တပွဲလျှင် ၂၀၀၀ကျော်၊ ၃၀၀၀ခန့်ရှိလေသည်။ ကျွန်တော်တို့ရှိခိုက် အများဆုံးလျော်ရသောငွေမှာ လ၀တယောက်ထိုးသည့်ငွေဟောင်း ၄၀ ပင်ဖြစ်လေ သည်။ မြေဖွင့်သည့်အပတ်က ဖြစ်မည်ထင်သည်။ လောပန်မှာ မြန်မာငွေ၃၂၄၀-ကျပ် လျော်လိုက်ရလေသည်။ ပေါက်ကောင်ဖွင့်ပြီးတိုင်း လောပန်တရုတ်ကို အခြေအနေ မေးကြည့်မိ၏။ ““မကိုက်ဘူးဆရာကီးရှုးံတယ်””ဟု အမြဲတမ်း ပြောတတ်သည်။ သို့သော် လောပန်တရုတ်ဖြီးနေကြောင်း ကျွန်တော်တို့ သိပါ၏။
အချို့သောလ၀များမှာ ပါလာသောငွေကလေးဖြင့် ၃၆-ကောင်ထိုးထားပြီး မိမိယူလာသည့် ပစ္စည်းကလေးများကို ချရောင်းလေသည်။ ၃၆-ကောင်ဖွင့်သည့် မွန်းလွဲ၂-နာရီတွင် ရောင်းဘို့ပစ္စည်းများကုန်သလောက်ဖြစ်သွားသည်။ ၃၆-ကောင် မပေါက်၍ မကျေမနပ်ဖြစ်ကာ ဈေးရောင်းရသည့်ပိုက်ဆံနှင့် ချောက်ဂျက်ခေါ် ၆-ကောင်ဝိုင်းကို ၀င်ထိုးရာ ရှိသမျှပိုက်ဆံကုန်သည်ကများလေသည်။ ၀မ်းနည်းပက်လက် မဖြစ်သော်လည်း၊ ခပ်မှိုင်မှိုင်နှင့်ပင် စောစောက ကြိုတင်ဝယ်ယူထားသော ဆားထုပ် ကလေးကိုထမ်း၍ ရွာလမ်းကို ပြန်ကြလေတော့သည်။ ၄င်းတို့သည်မည်သည့် ပစ္စည်း မျှ မပါချင်နေပေစေ၊ ဆားထုပ်ပါလျှင် ကျေနပ်နိုင်သူများ ဖြစ်သည်။
ဈေးသည်နံနက် ၈-နာရီ လောက်မှစ၍ စည်လာ၏။ ၁၀-နာရီကျော်ခန့် အချိန်သည် အစည်ကားဆုံးအချိန်ဖြစ်သည်။ ထိုအချိန်တွင် လူဦးရေမှာ ၅၀၀ ကျော် ၁၀၀၀ခန့် ရှိလိမ့်မည်ဟု ထင်သည်။ ညနေ ၃-နာရီလောက်တွင် ဈေးကွဲသွားလေ တော့သည်။ အခြားဈေးဆိုင်များ သိမ်းသွားပြီဖြစ်သော်လည်း ချောက်ဂျက်ဝိုင်းများ ကား ညနေ ၅-နာရီကျော်သည်အထိ ရှိသေးသည်။ အရက်သောက်လွန်၍ မူးလဲနေ သော သူများမှာလည်း တုံးလုံးပက်လက်ပင် ကျန်ရစ်ခဲ့၏။ တချို့မှာ နေ၀င်မိုးချုပ်မှ ထပြန်သွားကြလေသည်။

မြန်စာပြန့် ရဲ့  အားထုတ်မှု

မိုင်းမောဈေး ၂၀၀၃