အရှက် ဘာကိုရှက်ရမှာလည်း
လဇ္ဇီနှင့် အလဇ္ဇီ
ဤလောက၌ လူဟူသည် တစ်ယောက်တည်း နေ၍ရသည်မဟုတ်။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနှင့်နေမှ ရသည်ချည်းဖြစ်၏။ သို့ ရာတွင်လူသည် ပတ်ဝန်းကျင် အသိုင်းအ၀န်း၌ နေရစေကာမူ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် နေချင်သည်ချည်းဖြစ်၏။ ထို့ ကြောင့် လူသည် ပတ်ဝန်းကျင် အသိုက်အ၀န်း၌နေရစဉ် စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် နေလိုပါက စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့် နေရအောင် အားထုတ်ဖို့ လို၏။ စိတ်ချမ်းသာကိုယ်ချမ်းသာနှင့် နေရအောင် အားထုတ်နည်းကို ငါးပါးသီလဟု ကျမ်းဂန်များ၌ ဆို၏။
ငါးပါးသီလသည် လောက လူ့ ဘောင် ငြိမ်းချမ်းသာယာရေးအတွက် လူလူချင်း ဆက်ဆံရာ၌ လိုက်နာ ကျင့်သုံးရန် ပြဋ္ဌာန်းထားသည့် စည်းမျဉ်းဖြစ်၏။ လူလူချင်းဆက်ဆံရေး ဆိုရာ၌ ပတ်ဝန်းကျင်တခုလုံးနှင့် ဆက်ဆံရေးလည်း ပါဝင်၏။ သို့ ရာတွင် လောကဘောင်၌ ငြိမ်းချမ်းသာယာမှု ဖြစ်ထွန်းအောင် ဆောင်ရွက်ရာတွင် လူလူချင်းဆက်ဆံရေးသည် ပို၍ ပဓာနကျသောကြောင့် လူလူချင်းဆက်ဆံရေးကို အဓိက အားပြု၍ ဆိုခြင်းဖြစ်၏။ အမှန်အားဖြင့် လူလူချင်း ဆက်ဆံရေး ကောင်းမွန်မှသာ လူ့ ဘောင်လောကသည် ငြိမ်းချမ်းသာယာမည် ဖြစ်၏။ လူလူချင်း ဆက်ဆံရေး ကောင်းမွန်ခြင်းဟူသည်မှာလည်း ငါးပါးသီလ စောင့်ထိန်းမှု အပေါ်၌တည်၏။ ငါးပါးသီလ စောင့်ထိန်းသည်နှင့်အမျှ လူလူချင်းဆက်ဆံရေးသည် ကောင်းမွန်နေမည်ဖြစ်၏။
လူလူချင်းဆက်ဆံရေး ကောင်းမွန်နေသည်နှင့်အမျှ လောကလူ့ ဘောင်သည် ငြိမ်းချမ်းသာယာ နေမည်ဖြစ်၏။ ထိုအခါ လူ့ ဘ၀ရခြင်းသည် မနုဿတ္တဘာဝေါ ဒုလ္လဘော ဟူသည်နှင့်အညီ ထိုက်ထိုက်တန်တန် ရခြင်းမည်၏။ ရခဲသော လူ့ ဘ၀ကို ထိုက်ထိုက်တန်တန် ရခြင်း ဖြစ်ပါက လောလောဆယ် ပစ္စုပန်၌လည်း ချမ်းသာမည်ဖြစ်၏။ တမလွန်၌လည်း ချမ်းသာမည်ဖြစ်၏။ ယုံမှားဖွယ်ရာ ဘာမှမရှိ။
ငါးပါးသီလ ဟူသည် လူတို့ အနေဖြင့် အမြဲစောင့်ထိန်းအပ်သောကြောင့် နိစ္စသီလဟု ဆို၏။ အမြဲစောင့်ထိန်းခြင်းကို ခါးဝတ်ပုဆိုးကဲ့သို့  မြဲနေအောင် သတိဖြင့် စောင့်ထိန်းခြင်းဟု တင်စားဆိုလေ့ ရှိကြ၏။ ခါးဝတ်ပုဆိုး ကျွတ်သွားပါက လောကတွင် ရှက်ဖွယ် ဖြစ်သကဲ့သို့  ငါးပါးသီလ မမြဲပါကလည်း လောကတွင် ရှက်ဖွယ် ဖြစ်၏။ သို့ ရာတွင် လူတို့ သည် ပုဆိုးကျွတ်ခြင်းကိုသာ လောကတွင် ရှက်ဖွယ်အဖြစ် မှတ်ယူတတ်ကြပြီး ငါးပါးသီလ မမြဲခြင်းကိုမူ လောကတွင် ရှက်ဖွယ်အဖြစ် မမှတ်ယူတတ်ခြင်းက ပို၍ မိုက်မဲရာ ကျ၏။ တိရိစ္ဆာန်တို့ အမြင်နှင့် မထူးခြားရာလည်းကျ၏။ အမှန်အားဖြင့် တိရိစ္ဆာန်တို့ သည် ခါးဝတ်ပုဆိုး မရှိခြင်းကို ရှက်စရာဟု မမှတ်ထင်ကြသလို၊ လူမိုက်တို့ သည်လည်း ငါးပါးသီလမမြဲခြင်းကို ရှက်စရာဟု၍ မမှတ်ထင်ကြ။ ထို့ ကြောင့် တိရိစ္ဆာန်တို့ ၏အသိနှင့် လူမိုက်တို့ ၏ အသိသည် လောကလူ့ ဘောင် ငြိမ်းချမ်းသာယာရေး ရှု့ ထောင့်မှ ကြည့်လျှင် သိပ်ပြီး ခြားနားလှသည် မဟုတ်ကြောင်းကို တွေ့ ရမည်ဖြစ်၏။
အမှန်အားဖြင့် ဤလောက၌ ငြိမ်းချမ်းသာယာမှု မရှိခြင်းမှာလည်း လူမိုက်တို့ က များသောကြောင့်ဖြစ်၏။ အရေအတွက်အားဖြင့် ဤလောက၌ လူမိုက်တို့ က များလေသောအခါ အရေအတွက်အားဖြင့်လည်း စီမံဖန်တီးခွင့်ရှိသော နေရာကောင်းများကို လူမိုက်တို့ ပင် အရများကြ၏။ ထိုအခါ လောက လူ့ ဘောင်၌ ငြိမ်းချမ်းသာယာမှု ထွန်းကားအောင် ဆောင်ရွက်ဖို့  အတော်ပင် ခက်၏။
ဓမ္မတာအရ သီလမရှိသဖြင့် အရှက်မရှိသော အလဇ္ဇီ တစ်ယောက်သည် သီလမရှိသဖြင့် အရှက်မရှိသော အလဇ္ဇီ တစ်ရာကို ဖန်တီးရန် လွယ်ကူပါ၏။ ဓမ္မတာအရပင် သီလရှိသဖြင့် အရှက်ရှိသော လဇ္ဇီ တယောက်သည် သီလရှိသဖြင့် အရှက်ရှိသော လဇ္ဇီ တစ်ရာကို ဖန်တီးရန် အတော်ပင် ခက်ပါ၏။ ခက်ပါသော်လည်း ဖန်တီးရန် တာဝန်သည် သီလရှိသဖြင့် အရှက်ရှိသော လဇ္ဇီတိုင်း၌ရှိ၏။ ဒေသနာတော်အရလည်း အဓမ္မ၀ါဒီအများ၏ အလယ်၌ အဓမ္မ၀ါဒကို အင်အားဖြင့် အတည်ပြုသောအခါ ဓမ္မ၀ါဒီ အနေဖြင့် ကိုယ်နှုတ်တို့ ဖြင့် ကန့် ကွက်ခွင့် မရပါက `` န မေတံ ခမတိ´´ ငါ မထောက်ခံဘူးဟု စိတ်ဖြင့် ကန့် ကွက်ဖြစ်အောင် ကန့် ကွက်ရမည် ဟူ၍ ဆို၏။
ထို့ ကြောင့် လောကလူ့ ဘောင်၌ ငြိမ်းချမ်းသာယာရေးကို လိုလားသူ မှန်သမျှသည် ဤလောက၌ လူမိုက်များ မည်မျှပင် များစေကာမူ မိမိ၏တာဝန်အရ ငါးပါးသီလကို မိမိအနေဖြစ့်လည်း စောင့်ထိန်းရမည်ဖြစ်၏။ သူတစ်ပါးကိုလည်း စောင့်ထိန်းဖြစ်အောင် စွမ်းနိုင်သမျှ ဆွဲဆောင်ရမည်ဖြစ်၏ သို့ မှသာ မိမိအပေါ်ကျရောက်သော တာဝန်ကို တတ်နိုင်သမျှ ကျေပွန်အောင် ဆောင်ရွက်ရာ ရောက်ပေလိမ့်မည်။
(ဦးရွှေအောင်၊ `ဘ၀ အမြင်သစ်´)
No comments:
Post a Comment