The spy who came in from the cold. ဟေမန္တ စစ်ဆင်ရေး
The spy who came in from the cold.
ဒီဝတ္ထုကို အဖေ ဖတ်ပြီး ရှင်းပြနေတာကို မှတ်မိတယ်၊ ဘယ်သူနဲ့ ပြောနေတာလဲတော့ မမှတ်မိတော့ဘူး၊
ဘယ်အိမ်လဲဆိုတာတောင် မေ့သွားပါပြီ၊ ကျနော် စပိုင်စာအုပ်တွေ ဘတ်ခါစပဲလို့ ထင်တယ်၊ ဆယ်တန်းပတ်ဝန်းကျင်မှာ၊ ၁၉၇၀ပေါ့၊ နောက်ဆုံးအပိုင်းမှာ မင်းသားက မင်းသမီး သေနတ်မှန်သွားတာကို ပြန်ကြည့်ပြီး သူလွတ်နေတာကို တံတိုင်းတဖက်ကနေ ပြန်လာတယ်၊ နောက် သေနတ်သံတွေပေါ်လာတယ် ဒါလေးပဲ မှတ်မိလိုက်တယ်။ သူ့ စာအုပ်ကို ဖတ်ဘို့ လဲ မစဉ်းစားမိခဲ့ဘူး၊
အဲဒီအချိန်က စပိုင်ဆိုရင် ဇီးရိုးဇီးရိုး ဆဲဗဲန်းပဲ (အင်္ဂလိပ်လို ဒပ်ဗယ်လ်အို ဆဲဗဲန်းလို့ ခေါ်ရတယ်ဆိုတာ သိပေမဲ့လဲ မြန်မာပီပီ ဇီးရိုးဇီးရိး ဆဲဗဲန်းလို့ ပေါင်းရမှ အရသာရှိတယ်ဗျ)။ နိုင်ငံတော်နဲ့ ဘုရင်မအတွက်ဆိုပြီး မိန်းကလေး ချောချောလှလှလေးတွေနဲ့ လက်နက်ကိရိယာ အဆန်းတွေနဲ့ moral sense တွေ မေးခွန်းတွေမပါတဲ့ စပိုင်ဝတ္ထုတွေ၊
နောက် မြန်မာလိုဆိုရင်လဲ ဇော်ဇော်အောင်ရဲ့ စိုးအောင် မြတ်သစ်တို့ ပေါ့၊ ဆရာဇော်ဇော်အောင်ရဲ့ စိုးအောင် မြတ်သစ်ကို အဲဒီခေတ်က အက်စ်ဘီက ရဲတွေ တကယ်ရူးကြတာ၊ ကျနော်နဲ့ ခင်တယ်ဆိုတော့ ပျားဂေဟာမှာ တော်တော်မျက်နှာပွင့်တာကလား၊
ဆရာဇော်ကတော့ ဒီဝတ္ထုတွေအကြောင်းပြောရင် မျက်နှာရှုံ့ မဲ့နေတာပဲ၊ ဒါပေမဲ့ အဲဒီလိုမျိုး စာပေတွေ လိုပါတယ်၊ လိုပါတယ်။
ကျနော် ဒီဝတ္တုကို တော်တော်နဲ့ မဖတ်ဖြစ်ဘူး။ အဖေ့စာအုပ်တွေကလဲ အမေနဲ့ အဖေကွဲကြတော့ အဖေစာအုပ်တွေ အားလုံး အမေရောင်းစားပစ်တဲ့အထဲ ပါသွားတယ်ထင်တယ်။
ကျနော် ၁၉၈၅-၈၆ ရန်ကုန် မြို့ နယ်မှုးလုပ်နေတဲ့အချိန်မှာ ထူးထူးခြားခြား အင်္ဂလိပ်စာတွေ ပြန်ဖတ်မိတယ်၊ ကုန်ဈေးတန်းလမ်း (မောင်ထော်လေးလမ်း)ထဲက အင်္ဂလိပ်စာအုပ်ဆိုင်မှာ တပည့်ကျော်တွေက စရံငွေ သွင်းပေးကြတယ်၊ မြို့ နယ်မှုးက ကြီးကြပ်ရုံပဲဆိုတော့ စာဖတ်ချိန်အများကြီး၇တယ်၊ ဖတ်လို့ တောင် အကောခံရသေးတယ်၊ တိုင်းမှုးနဲ့ ခရီးထွက်နေတုံး ကျနော် Contact ကို မပြီးပြီးအောင် ဖတ်နေမိလို့ ၊
အဲဒီအချိန်မှာ ကျနော် အခု Bourne Ultimatum အစရှိတဲ့ စီးရီးတွေ ဖတ်ဖြစ်တယ်၊ အဲဒီမှာ အခုစာအုပ်ကို ပြန်ဖတ်မိတော့တာပါပဲ။
ဖတ်ရတာ စိတ်မောလိုက်တာဗျာ၊
ပြီးသွားတော့လဲ မွန်းကျပ်ပြီး ကျန်နေခဲ့တယ်၊ နောင် ဒီလိုပုံစံမျိုးရဲ့ အပုံတထောင်ပုံမှာ တပုံလောက်ရှိမဲ့ကိစ္စမျိုးကို တာဝန်ယူရတဲ့အခါမှာ အဲဒီ he is in the cold ဆိုတဲ့ undercover agent တွေရဲ့ ဘ၀တွေကို တကယ် စာနာမိတယ်။ နောက်တခါ အဲဒီလောကကြီး၊ ဖတ်ခါစက ကျနော် ၇န်ကုန် မြို့ နယ်မှုးဆိုတဲ့ တာဝန်လောက် လေးပဲ ရှိသေးတယ်၊ တခြား ဘ၀ထိုထိုတွေနဲ့ မလုံးပန်းရသေးဘူးလေ။ အပေါ်က အပေါ်ကဆိုတဲ့ နေရာတွေရဲ့  control ဆိုတဲ့လူကြီးတွေနဲ့ မဆက်ဆံရသေးဘူး၊
အခုတော့ ရုပ်ရှင်ကိုလဲ ကြည့်ခဲ့ရပါပြီ၊ စာအုပ်ကို စိတ်စွဲနေလို့ ရုပ်ရှင်ကိုတောင် မခံစားနိုင်ခဲ့ဘူး
ရေးချင်တဲ့စိတ်ကတော့ အခုတလောမှ ပေါ်လာတယ်၊ ကချင် စစ်ပွဲတွေ၊ လုံးဝ မထင်ထားတဲ့ ကရင် ငြိမ်းချမ်းရေး၊ ပြန်ပြီး အသစ်ပေါ်လာတဲ့ ရိုဟင်ဂျာ စသည်။အဲဒီကမှ လူမျိုးရေးကိစ္စရပ်များ
ဇာတ်လမ်းလေး ချပြောကြည့်လိုက်ရအောင်
ဝတ္တုက ၁၉၆၃မှာထွက်ပါတယ်၊ စာရေးဆရာ John le Carré
စတာက ဘာလင်တံတိုင်းကို ဖြတ်ပြီး မင်းသား လီးမားစ်က သူရဲ့ အေးဂျင့်တယောက်ကို ပြန်ပြီး ခေါ်ဘို့ ကြိုးစားနေတဲ့အခန်းကစတယ်၊ မအောင်မြင်ဘူး၊ အသတ်ခံသွားရတယ်၊
အရှေ့ ဘာလင်ရဲ့ စပိုင်ချူပ်တယောက်က ချေမှုံးရေးအဖွဲ့ ကို ခေါင်းဆောင်လာတာကို သူတွေ့ လိုက်ရတယ်၊ သူ့ ရန်သူတော် မန့် ဒ်ပေါ့၊
မန့်ဒ်လက်ချက်နဲ့ လီမားစ်ရဲ့ အေးဂျင့်တွေ တော်တော်ဆုံးရှုံးခဲ့ရပြီ။ အမှန်ပြောရရင် ကုန်သွားပြီ၊ အဲဒါနဲ့ ပဲ လီမားစ်ကို ကွန်ထရိုက လန်ဒန်ကို ပြန်ခေါ်ခဲ့တယ်၊ နောက် လီမားစ်ကို စည်းရုံးတယ်၊ မန့် ဒ်ကို လက်စားချေဘို့ သူတို့ အခေါ် "In the cold"
ကျနော်နာမည်ပေးလိုက်ချင်တာကတော့ ဟေမန္တ
စစ်ဆင်ရေးတခု နောက်ဆုံးလုပ်ချင်စိတ်ရှိသလားလို့ မေးပါတော့တယ်၊ ဟေမန္တစစ်ဆင်ရေးဆိုတာ သူလျိုတယောက်အနေနဲ့ မိမိရဲ့ အမှန် အိုင်ဒင်နတီကို ဖျောက်ပြီးနေရမှာပါ၊ ကိုယ်စိတ်ဆင်းရဲချင်းစသည် များစွာ အနစ်နာခံပြီး လုပ်ရမှာမို့ သူတို့ ဆီရဲ့ အဆိုးဆုံး ဆောင်းရာသီနဲ့ နှိုင်းပြီး into the cold လို့ သုံးထားတာ၊ (မြန်မာပြည်မှာဆိုရင်တော့ နွေလည်ခေါင် စစ်ဆင်ရေးပေါ့ ကိုထွန်းအောင်ဇော်တို့ ၊ ကျနော့်စာဖတ်ပြီး ပြန်ရိုက်ချင်ရင် မှားမှာစိုးလို့ )
အဓိကရည်ရွယ်ချက်ကတော့ ရန်သူတော်မန်းဒ်ကို အင်္ဂလိပ် နှစ်ဖက်ချွန်သူလျိုတယောက်အနေနဲ့ (မန်းဒ်ရဲ့ ဒုတိယ လက်ထောက် ဖီဒလာက အဲဒီလိုကို ယုံကြည်နေတာ) အရှေ့ ဂျာမဏီက အရေးယူအောင် တန်ပြန် ထောက်လှန်းရေးလုပ်ဘို့ ပဲ။
လီမားစ်က သဘောတူတဲ့အခါမှာ အရင်က ဒီ အင်္ဂလိပ်ထောက်လှမ်းရေးအဖွဲ့ ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ရှုံ့ ချပြီး ထွက်သွားတဲ့ စမိုင်လီဆိုတဲ့ အေးဂျင့်တွေက လီမားစ်ကို ဘယ်လို လုပ်ကြမယ်ဆိုတာကို လမ်းညွှန်ကြလေရဲ့ ။
အတိုပြောရရင်
လီမားစ်ကို ပင်စင်ပေးလိုက်လေရဲ့ ၊ စာကြည့်တိုက်ဟောင်းတခုမှာ အလုပ်ပြန်ရပေမဲ့ အလုပ်ထုတ်ခံရတယ်၊ ဂျူးလူမျိုး အမျိုးသမီးငယ်လေး လစ်ဇ်နဲ့ ချစ်ကြိုက်မိကြတယ်၊ လစ်ဇ်က ဗြိတိသျှ ကွန်မြူနစ်ပါတီ အဲဒီ ဆဲလ်ရဲ့ အတွင်းရေးမှုးပဲ၊ နောက်ဆုံး သူတို့ အကြံအစည်ကို မလုပ်ခင်မှာ လီမားစ်က လစ်ဇ်ကို ဒီကိစ္စထဲ မတဲ့ဘို့ ကွန်ထရိုကို ဂတိတောင်းတယ်၊ သဘောတူတယ်၊ လစ်ဇ်ကိုလဲ ဘယ်အကြောင်းကြောင်းနဲ့ မှ သူ့ ကို ဘယ်လို သတင်းတွေ ကြားကြာ်း မရှာဘို့ ကတိတောင်းတယ်။ နောက် စီစဉ်ထားတဲ့အတိုင်းပဲ ဈေးသည်တယောက်ကို ရိုက်နှက်ပြီး လီမားစ် အချူပ်ခန်းထဲ ၀င်သွားတော့တယ်။
အဲဒီကနေ ပြန်ထွက်လာတဲ့အခါမှာ အရှေ့ ဂျာမန်အေးဂျင့်တွေက လီမားစ်ကို လာဆက်သွယ်တော့တယ်၊ ဒီလောက် ခံစားနေရပြီ စုတ်ပြတ်နေပြီဆိုရင် သစ္စာဖေါက်အနေနဲ့ စည်းရုံးလို့ ရပြီးပေါ့။ အဲဒီလို အစည်းရုံးခဲနေတဲ့အချိန် သူ့ ကို မေးမြန်းနေတဲ့အချိန်တွေ လီမားစ်က မသိသသာနဲ့ အရှေ့ ဘာလင်မှာ အနောက်ဘက်ကနေ ငွေပေးနေရတဲ့ ထိပ်တန်း နှစ်ဖက်ချွန် သူလျှိုတယောက်ရှိသယောင် သတင်းခွန့် တယ်။
သူမသိတာကတော့ အဲဒီအချိန်မှာ သူ ယုံကြည်တဲ့ စမိုင်လီတို့ က ကလေးမလေး လစ်ဇ်ကို လီမားစ်ရဲ့ မိတ်ဆွေတွေပါလို့ ဆက်သွယ်ပြီး ငွေရေးကြေးရေး အကူအညီတွေက အစ ပေးနေတာပဲ။
အရှေ့ ဂျာမဏီမှာ လီမားစ်နဲ့ ဖီဒလာ (မန်းဒ်ကိုမယုံတဲ့ သူ့ လက်ထောက်) တို့ တွေ့ ကြပြီ။ အဲဒီမှာ တယောက်ကိုတယောက် သုံးသပ်နေကြတာ၊ လီမားစ်က ဖီဒလာကို ကွန်မြူနစ်စံနစ်ကို ယုံကြည်တဲ့ မိမိလုပ်ဆောင်ချက်တွေရဲ့ လမ်းမှန်ကန်မှု morality ကို ယုံကြည်တဲ့ လူတယောက်၊ ဖီဒလာကြတော့လဲ လီမားစ်က ငွေနောက်လိုက်တဲ့ ကြေးစားသမား၊ ဂျူးဆန့် ကျင်ရေးသမား၊ ကွန်မြူနစ်တွေကို အာဏာကိုင်ထားလို့ သာ လက်ခံထားတာ၊ လီမားစ်က ဖီဒလာကို အကူအညီပေးပြီး မန်းဒ်ကို ရှင်းမှာ လုပ်သင့်တဲ့အလုပ်လို့ ထင်ထားလေရဲ့ ။
အဲဒီအချိန်မှာပဲ လင့်ဇ်ကို အရှေ့ဂျာမဏီ ကွန်မြူနစ်ပါတီက အပြန်အလှန် ခရီးစဉ်တွေနဲ့ ဖိတ်ကြားပြီး ရောက်လာပါလေရဲ့ ။
မကြာခင်မှာပဲ မန်းဒ်က ဖီဒလာနဲ့ လီမားစ်ကို ဖမ်းပြီး စစ်ဘို့ အမိန့် ပေးပါလေရော့။ ဖီဒလာကလဲ မန်းဒ်ကို ဖမ်းဘို့ ခေါင်းဆောင်တွေကို တင်ထားတာမို့ လို့ ခေါင်းဆောင်တွေက ပြန်လွှတ်ပြီး ခုံရုံးတခုမှာ ရင်ဆိုင်ကြပါလေရော။
ဇာတ်တွေ ကိုယ့်ဇာတ်နဲ့ ကိုယ်တိုက်ထားကြတဲ့အတိုင်း လီမားစ်က မန်ုဒ်ရဲ့ လှုပ်ရှားမှုတွေနဲ့ တထပ်တည်းကျနေအောင် ဖီဒလာ သက်သေပြနိုင်မဲ့ ဘဏ်စာရင်း လွှဲပြောင်းမှုတွေကို အစစ်ခံလေရဲ့ ၊ ဖီဒလာကလဲ လီမားစ်ရဲ့ အရှင်းခံလိုက်ရတဲ့ အေးဂျင့်တွေဆီကနေ လီမားစ်ရတဲ့သတင်းတွေဟာ မန်းဒ်တယောက်သာ ကိုင်တွယ်သိရှိတာတွေ ဖြစ်ကြောင်း မန်းဒ်ဟာ အင်္ဂလန်မှာတုံးက အဖမ်းခံရပြီး နှစ်ဖက်ချွန်သူလျိုလုပ်ပေးမှ လွှတ်ပေးမယ်ဆိုတဲ့ နားလည်မှုနဲ့ ပြန်ထွက်လာတဲ့လူ ဖြစ်ကြောင်း စွတ်စွဲပါလေရဲ့ ။
မန်းဒ်ရဲ့ ရှေ့ နေက မထင်မှတ်စရာ သက်သေကို ဆွဲထုတ်လာတယ်၊ လစ်ဇ်ကိုပါပဲ
မိန်းကလေးက လိမားစ်ကို ဆန့် ကျင်ပြီး သက်သေမထွက်ချင်ပေမဲ့၊ စမိုင်လီက သူ့ အခန်းခတွေ ပေးတာတွေ၊ လီမားစ်ကို ပျောက်သွားခဲ့ရင် လိုက်မရှာဘို့ ကတိပေးခဲ့၇တာတွေ သက်သေထွက်ခဲ့တယ်။ ဈေးသည်ကို ရိုက်နှက်ပြီး အချူပ်ထဲမ၀င်ခင်ညက သူမကို နှုတ်ဆက်သွားတယ်ဆိုတာကိုလဲ ၀န်ခံခဲ့တယ်။
အဲဒီမှာ သူတို့ စစ်ဆင်ရေး ပေါက်ကြားသွားပြီဆိုပြီးတော့ လီမားစ်က လစ်ဇ်ကို လွှတ်ပေးမယ်ဆိုရင် သူ ၀န်ခံပါတော့မယ်ဆိုပြီး မန်းဒ်ကို နှစ်ဖက်ချွန်သူလျိုအဖြစ် ထောင်ဖမ်းတဲ့ စစ်ဆင်ရေးကို ၀န်ခံလိုက်တယ်၊ဒါပေမဲ့ ဖီဒလာ
ဒီအထဲမှာမပါဘူးလို့ ပြောရှာပါသေးတယ်။
ပြန်လည်မေးမြန်းတဲ့အခါမှာ ဖီဒလာက မန်းဒ်ကိုမေးတယ်၊ လစ်ဇ်ရဲ့ အခန်းခတွေကို ဘယ်သူတွေ ပေးတယ်ဆိုတာကို ဘယ်လိုသိသလဲလို့ မေးတယ်၊ အဲဒီမှာ (လီမားစ်က စက္ကန့် ဆိုင်းပြီးမှ)ဖြေတယ်၊ အဲဒိနောက်တော့ ခုံရုံးက စစ်ဆေးခြင်းကို ရပ်လိုက်တော့တယ်။
အဲဒီအခါမှပဲ လိမားစ်တယောက် ကွန်ထရိုက သူ့ ကို လုပ်ခိုင်းတဲ့ ဟေမန္တစစ်ဆင်ရေးရဲ့ အဓိက ရည်ရွယ်ချက်ကို သဘောပေါက်လေတော့တယ်။
လစ်ဇ်ကို အကျဉ်းစခန်းကို ပို့ ပေမဲ့ မန်းဒ်က လီမားစ်နဲ့ အတူတူ ခိုးထုတ်လာပြီး ဘာလင်ကို မောင်းလာကြတယ်၊ လီမားစ်ကို ပေးလိုက်တဲ့ သက်သေခံ ချက်လက်မှတ်တွေကအစ အစစ်တွေပဲလေ၊ စမိုင်လီကို သတင်းပို့ နေတဲ့ အေးဂျင့်က မန်းဒ်ပဲ၊ စစ်ဆင်ရေးကို မန်းဒ်ကို ဖေါ်ထုတ်တော့မဲ့ ဖီဒလာကို အပျောက်ရှင်းဘို့ လုပ်ခဲ့တာပဲ.၊ လစ်ဇ်နဲ့ လီမားစ် ကြိုက်သွားကြတော့ လုပ်ရကိုင်ရ ပိုလွယ်သွားကြတာပေါ့လေ။
ဘာလင်တံတိုင်းဆီကိုရောက်ပြီ။
လီမားစ်က အရင်ကျော်တက်သွားတယ်၊ နောက် လစ်ဇ် လီမားစ်လက်ကို ဆွဲတက်နေတုံးမှာပဲ ဘာလင်ဘက်က မီးမောင်းတွေ လင်းလာပြီး သေနတ်နဲ့ လစ်ဇ်ကို ပစ်ချလိုက်ကြတယ်၊ လက်ချောင်းတွေ ပြေကျသွားနေတုံး အနောက်ဘက်က စမိုင်လီတို့ အသံတွေ ထွက်လာတယ် အဲလက် (လီမားစ်ရဲ့ နာမည်အတို ) ဒီဘက်ကိုခုန်ချတော့လေပေါ့၊ လစ်ဇ်ဆုံးသွားတာကို မြင်တဲ့ လီမားစ်က အနောက်ဘက်ကို မခုံချပဲ တံတိုင်း တဖက်ကို ပြန်ခုံဆင်းလိုက်တော့တယ်၊ နယ်ခြားစောင့်တွေက သူ့ ကို အသေ ပစ်သတ်လိုက်ကြတော့တယ်။
စစ်အေးတိုက်ပွဲ (၁၉၄၅-၉၁) ကြားမှာ ဒီဝတ္တုဟာ အတော့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။
အဲဒီစာအုပ်နဲ့ ရုပ်ရှင်မထွက်ခင်အထိ အနောက်နိုင်ငံလူတွေက သူတို့ လျှို့ ဝှက် ထောက်လှမ်းရေး အဖွဲ့ တွေဟာ ဒီမိုကရေစီကို စောင့်လျှောက်သူ၊ ဒီမိုကရေစီ လမ်းစဉ်နဲ့ အခွင့်အရေးတွေကို လေးစားသူတွေလို့ ယုံမှားနေကြလေရဲ့ ။ အထူးသဖြင့် ဂျိမ်းစ်ဘွန်း ၀တ္တုတွေရဲ့ တန်ခိုးပေါ့ဗျာ။
အခုစာရေးဆရာကတော့ စပိုင်ဆိုတာ စိတ်ဓါတ်ရေးရာအနေအရ လုံးဝကို ပျက်စီးနေတဲ့ burnt-out case အနေနဲ့ အဖြစ်မှန်ကို သရုပ်ဖေါ်လိုက်တာပါပဲ။
အချစ်ဆိုတာဟာ ဒီလောကမှာ ပတ်သက်တဲ့လူတွေအားလုံးကို ဒုက္ခပေးတဲ့ အရာတခုဖြစ်သွားလေရဲ့ ။
ဝါဒရေးရာတွေ၊ ဘာလင်တံတိုင်းကို ပြန်အသွားမှာ လီမားစ်က ပြောတာ
ဒီကစားပွဲမှာ ဥပဒေတခုပဲရှိတယ်၊ မန်းဒ်က သူတို့ လူလေ၊ သူတို့ လိုတာကို ထုတ်ပေးနိုင်တယ်၊ အဲဒိလောက်ကိုရှင်းပါတယ်၊ နားလည်ရလွယ်ပါတယ်။ စပိုင်ဆိုတာ ဘုန်းကြီးတွေ သူတော်စင်တွေ၊ အာဇာနည်တွေလို့ နင်ထင်နေသလား၊ မဟုတ်ဘူး၊ စပိုင်ဆိုတာ၊ သောက်ရူးတွေ လူပိန်းတွေ၊ သစ္စာဖေါက်တွေ၊ အခြောက်တွေ၊ အကြမ်းဖက်တာကြိုက်တဲ့လူတွေ အရက်သမားတွေ၊ ပုလိပ်သူခိုးကစားပြီး ကိုယ့်ကိုယ်ကို သောက်သုံးမကျတဲ့ဘ၀တွေကို အဟုတ်ထင်အောင် နေနေကြတဲ့လူတွေ။ လန်ဒန်မှာထိုင်နေကြတဲ့ လူတွေကရော သူတော်ကောင်းတွေလို ထင်သလား၊ အမှန်နဲ့ အမှားကို ချိန်ခွင်လျှာညီအောင် ညှိပေးနေကြတယ်ထင်လား၊ ငါ မန်းဒ်ကို ကိုယ်တိုင်သတ်ပစ်ချင်တယ်၊ သူ့ စိတ်ဓါတ်တွေကို ရွံတယ်၊ သတ်လို့ ကတော့ မဖြစ်ဘူး။့  သူ့ ကို လန်ဒန်ကလူတွေကလိုတယ်၊ သူ့ လိုလူကလုပ်ပေးနေလို့ ဘာမှ မသိတဲ့ကလေးစိတ်သာသာရှိတဲ့ လူထုကြီး ကောင်းကောင်းအိပ်နိုင်တယ်၊ ငါတို့ မင်းတို့ လို ဘာမဟုတ်တဲ့လူတွေအတွက် လိုတယ်´´
အမှန်တော့ အားလုံးပြီးရင် လစ်ဇ်ကို ဒီလိုပဲ သတ်ပစ်ဘို့ ဆင်ပြိးသားပေါ့နော။
အဲဒီနောက်ပိုင်းမှာ ကျနော့်ဘ၀တွေ တော်တော် ပြောင်းလဲခဲ့တယ်။
ကိုယ်ပျောက်ကိုယ်၇ံတော်တွေ မြင်ခဲ့ရတယ်။
ရာထူးမတက်၊ ဘာမတက်၊ ယုံကြည်ရာကို များစွာ သည်းညဉ်းခံပြီး မန်းဒ်လို လူမျိုးတွေကို ပံ့ပိုးနေကြရတယ်၊
သည်းညဉ်းခံနေကြရတယ်။
ဖြစ်ရပ်တွေ ဖြစ်ရပ်တွေ၊ အလံကိုင် ခေါင်းဆောင်တွေကို နောက်ပိုင်းမှာ စမိုင်းလီလို အကြံအဖန်တွေပါလား၊
မုန်းချင်ရောင်ဆောင်တဲ့လူတွေပါလား။
တကဲ့ကို ဆောင်းပါပဲ၊ အသဲခိုက်အောင် အေးလှတဲ့ အဲဒီလိုလူတွေရဲ့ ဘ၀၊ နောက် ကွန်ထရိုလို ရက်စက်လှတဲ့ လူကြီးတွေ ခေါင်းဆောင်တွေ။
ဆက်ပြီးမရေးချင်တော့ဘူး၊ ၀တ္တုဖတ်ကြ၊ ရုပ်ရှင်ကြည့်ကြပါလို့ ပဲ ပြောချင်တော့တယ်။
အခု အခြေအနေထဲမှာလဲ အွန်လိုင်းပေါ်က ခလေးတွေကို ပြသနာတွေ ခြားထဲမှာ လစ်ဇ်တယောက်လို မလယ်မ၀ယ်နဲ့ ဒုက္ခမရောက်ကြပါစေနဲ့ လို့ 
ကချင်မြောက်ပိုင်းနယ်မြေမှာ ကျောင်းသား/သူလေးတွေ ကျဆုံးကြတုံးကလဲ ဒိစာအုပ်ကို ပြန်သတိရပါလေရဲ့ ။
အခု Facebook မှာ သမဂ္ဂဖွဲ့ ချင်တဲ့ ကလေးတွေ အသံတွေ ကြားလာတော့လဲ ရင်ပူမိတယ်၊ အဲဒီမှာ ဒီစာရေးချင်စိတ် အရမ်းပေါက်လာတာပါပဲ
ကျန်းမာချမ်းသာကြပါစေ (မောင်ဟန့် လေသံ)
No comments:
Post a Comment