Showing posts with label Essays. Show all posts
Showing posts with label Essays. Show all posts

Saturday, May 20, 2017

""သတ္တမမြောက် သုဒ္ဓကိန်းတစ်လုံး "" One of The Seventh Prime Number (One cadet of the Intake 17 DSMA) သန့် ထင်ဝေ


`` ၁၉.၅.၂၀၁၇ရက်နေ့တွင်နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့သော
(ဗိုလ် သန့်ထင်ဝေ....စစ်ကြောင်းဆေးမှူး/DSMA 17) ကိုယ်တိုင်ရေးကဗျာတစ်ပုဒ်အား....ပြန်လည်ဖော်ပြ၍ ဂုဏ်ပြုပါသည်..´´
Own poem of Lieutenant Thant Htin Wae, killed in action on 19-5-2017.
""သတ္တမမြောက် သုဒ္ဓကိန်းတစ်လုံး ""
One of The Seventh Prime Number  (One cadet of the Intake 17 DSMA)
ခန္တာကိုယ်မှာ အရှက်လုံရုံ
အဝတ်တစ်စုံ ဖုံးထားတယ်
My body is adorned with clothes just enough to cover the shame
ကိုယ့်အသက်အတွက်
လက်တစ်ဖက်မှာ သေနတ်တစ်လက်....
In one hand hold a gun to cover my life
ကျောထက်မှာ
အိုးစားဖက်တွေ အတွက်
အသက်ရှင်ရေး မျှော်လင့်ချက်တွေ
On my back are life expectancy for my comrades
စုပြုံထမ်းပိုး ပြီး
ခြေတစ်လှမ်း လှမ်းလိုက်တယ်
I started a foot step carrying those all on my back
ပင်လယ်ရေမျက်နှာပြင်အထက်
ပေပေါင်းများစွာ.......
So many feet above the sea level
ဘယ်နေ့က ဆောင်းကုန်ပြီး
ဘယ်လက နွေပေါက်ခဲ့သလဲ
Which day does the winter stop and which month the summer crept in?
မြေခင်းတစ်ထည်နဲ့
ရှာကြံထားရတဲ့ အနွေးဓာတ်ဟာ
နေထွက်သည့်တိုင်
ခိုက်ခိုက်တုန်ဆဲ အအေးဓာတ်ကို
မကျော်လွှားနိုင်ခဲ့.......
The warmth laboriously searched and kept using the ground sheet
Is not enough for the cold which is still bone cracking even when the Sun came out.
မိုးရွာချိန်မှာ မြေခင်းဟာ မိုးကာဖြစ်ပြီး
ညအိပ်ချိန်မှာ မြေခင်းဟာ အိပ်ရာဖြစ်သတဲ့
မိုးရွာတဲ့ ညတွေမှာ မြေခင်းဟာ........
The ground sheet is a rain coat when it rains;
And it is the bed sheet at night sleeping time.
What about the rainy nights?
ကျောတစ်ခင်းစာ အိပ်ရာအတွက်
ကမ္ဗလာမြေကြီးကို ကျေးဇူးတင်မိသလို
တသွင်သွင်စီးဆင်းနေတဲ့ သောက်ရေ အတွက်
စိမ့်စမ်းလေးတွေကို ကျေးဇူးတင်မိပါရဲ့
Thanks to the mother earth for one bed space;
Thanks to the small streams for their everlasting drinking water.
ငှက်ပျောအူထမင်းနဲ့ ရေမုန့်ညင်း
အကြောပေါင်းတစ်ထောင် နဲ့ ငါးဥသီး
ဓားမခုတ်ရွက် နဲ့ ပဲပိစပ်
တွေ့သမျှဟာ.ရိက္ခာတဲ့
Watercress and banana stems
Fish egg fruit (Yellow berry; buckthorn berry) and one thousand veins ( an edible grass with buds)
Soy bean and Damakhot leaves (assorted leaves of many plants plucked by hand without using a knife)
Whatever you find is our food ration.
ဆီမပါပဲ မြက်ကို ရေလုံပြုတ်နိုင်သလို
အိုးမရှိချိန်မှာ ဦးထုပ်နဲ့
ထမင်းချက်နိုင်သတဲ့
Grasses can be boiled without cooking oil;
We can use our combat hats as rice cooking pots
ပုတ်သင်ကြော်ဟာ
ချိုပြီးစိမ့်မှန်း သိရပြီးနောက်ပိုင်းမှာ
ရိက္ခာစည်သွတ်ဘူးရတဲ့ရက်ဟာ
အာဂပါးစပ် လူဖြစ်ရကျိုးနပ်တဲ့ရက် ဖြစ်လာတယ်
After finding that fried chameleons are very tasty
The days of ration cans make you feel like the poor man of U Pon Nya’s Yethe Play (Thinking he has attained the highest state of a gourmet)
ဟန်းကောထမင်းနဲ့ ငါးခြောက်ဟင်း
အာလူးမီးဖုတ်နဲ့ ဆားပြား
ပွတ်ချွန်းနဲ့ ရွှေဖီဦး
Rice cooked with soldiers’ Han gou (mess kit Japanese name) and dry fish curry
Baked potato and salt tablets
Rolled cigar and the Shwe Phi Oo tea
အလိုက်ဖက်ဆုံး.အတွဲအစပ်တွေကြားမှာ
တစ်နပ်စာ.အာဟာရဟာ
အူစိုရုံ လျှာပေါ်မြက်မပေါက်ရုံမှန်း
သဘောပိုက်လာနိုင်တယ်
Among these best combinations of army life
You realize;
One meal is just enough to moisten your stomach and to protect your tongues from growing grass
ဖက်ကြမ်း စည်သွတ်.ဘီစကွတ်နဲ့
၈ယောက် ၁ ရက်စာ တိုက်ခိုက်ရေးရိက္ခာဟာ
၁ယောက်တည်း ၈ ရက်စားမလောက်နိုင်မှန်းသိလာသလို
ပိုက်ဆံဟာ အိမ်သာသုံးစက္ကူလိပ်လေးတွေထက်
တန်ဖိုးနိမ့်ကြောင်း သိလာတယ်.....
Raw Myanmar cigars, ration cans and biscuits
1 day ration for 8 people
Is not enough for one man for 8 days
Money is of less value than toilet tissues
မြေပုံပေါ်မှာ ခြားထားတဲ့ မျဉ်းနက်လေးရှေ့က
မြေပြင်မှာ.ကတုတ်ကျင်းတွေ ဘန်ကာတွေ ရှိနေပြီး
လုံခြုံရေးတင်းကျပ်ပါတယ်ဆိုတဲ့ နိုင်ငံကြီးမှာ
ဗီဇာမလိုတဲ့ နောက်ဖေးပေါက်တွေ လှမ်းမြင်နေရတယ်
The ground in front of the black trans-boundary line of the topographic map
There exist bunkers and barricades
One can see visa free back doors of the
Security tight great nation!!!
သူများဆီက
မြစ်တစ်စင်းလုံးတောင် အပိုင်သိမ်းချင်ပေမယ့်
These people want a whole river basin from other country.
ကိုယ့်မြေမှာ ကျည်ဆံလေးတစ်တောင့်
မဆိုသလောက်လေး ရောက်လာရင်တောင်
တိုက်လေယာဉ်တွေ ပျံပြတဲ့ အထိ
နိုင်ငံကို ချစ်ပြကြတယ်
သိပ်ချစ်စရာကောင်းတဲ့ အိမ်နီးချင်းတွေ.....
However if a stray bullet fall within their territory
They show their love for their country by sending up fighter planes
Very adorable neighbors….
အနောက်တောင်အရပ်က လင်းယုန်ကြီးပြောတဲ့
လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုတွေ အရေခြုံပြီး
Those opportunists, covering themselves with Human rights and Humanity speeches of that Eagle living in the South West
အရှေ့တိုင်းက နှုတ်ခမ်းမွှေးတကားကားနဲ့
နဂါးကြီးမှုတ်တဲ့ မီးလျှံတွေကြားမှာ
Among the flames blown by the mustached Big Dragon
မီးမလောင်ပေမယ့်
တောကြောင်တွေ လတ်ခမောင်းခတ်ကြတာပ....
Although no fire is burning jungle cats are showing their muscles
ဒီလိုနဲ့ပဲ အညတရတွေ
သူ့အသက် ကိုယ့်အသက်
လောင်းကြေးထပ်ကြရင်း
So, so the anonymous people
Fighting for your life, my life, each other’s life
တစ်ခါတစ်ခါမှာ ကိုယ့်လက်တွေ သွေးစွန်းရတယ်
Sometimes my hands are bloodied
သွေးစွန်းနေတဲ့ လက်တွေနဲ့ပဲ
အသက်တွေ ပြန်ကယ်ရတယ်
Have to save lives with this bloodied hand!
သေနတ်ကိုင်ထားတဲ့ ဆရာဝန်ဟာ
ဂျနီဗာကွန်ဗင်းရှင်းမှာ.
အကြုံးမဝင်ပါတဲ့ .......
The Geneva Convent rejects an armed physician in a conflict!
ရွှေပြည်တော်ဟာ.
မျှော်တိုင်းဝေးနေပေမယ့်
Although there are far pavilions, the golden land is still far far away
ခြေတစ်လှမ်းလှမ်းတိုင်းတော့
သချိုင်း ဟာ မမျှော်ပဲ နီးနီးလာတယ်
The grave yard is creeping nearer unexpectedly on each of the foot steps
ပါးစပ်နဲ့ ရှင်းနေတဲ့ စကားဝိုင်းတွေအောက်မှာ
သေနတ်နဲ့ ရင်းခဲ့ရတဲ့ အသက်ပေါင်းများစွာ
Under the loud mouth meetings and conferences (peace processes)
So many lives have fallen under the guns
ကိုယ့်မြေ ကိုယ့်ရေမှာ
ကိုယ်တွေက အလံဖြူထောင်ပြပေမယ့်
We have put up the white flag on our soil!
တစ်ဖက်က အလံနီ ပြန်ထောင်ပြတာတော့ အခက်သား
But it is hard because they put up the red flag back!
ကိုယ့်နိုင်ငံ ကိုယ့်တောင်ကုန်းမှာ.
တစ်ပါးနိုင်ငံ အလံထောင်ပြီး
တစ်ပါးလူမျိုး အားကိုးနေသူကို
ပြည်ထောင်စုဖွား တိုင်းရင်းသားလို့
သတ်မှတ်ရလေမလား
How can we consider them as our national people?
When they put up other country’s flag on our nation, on our hills and counting on other people!!
လူသားချင်းစာနာမှုဟာ
စစ်သားတွေမှာပဲ မရှိသလိုလို.......
Speaking like the army people lack humanity!!!
မြေပြင်မှာ ဖောက်ခွဲလိုက်တဲ့
လက်နက်ကြီးဗုံးဆံတစ်ခုဟာ
ဒေါ်လာပေါင်းများစွာတန်သတဲ့
An artillery shell costs a lot of dollars
သူ့ရင်ဘတ် ကိုယ့်ရင်ဘတ်
ဖောက်ထွက်သွားတဲ့ ကျည်ဆံဟာ
The bullets piercing you and me and all people
သွေးလူးနေတဲ့ စပါးစေ့ထက်တွေထက်
တန်ဖိုးကြီးသတဲ့
Cost much more than the blood stained paddy grains!!!
လေယာဉ်တစ်ခါပျံတဲ့ ဆီတစ်ဂါလံဟာ
ရိက္ခာပေါင်းမည်မျှနဲ့ ညီမျှသလဲ
One airplane flight’s one gallon of fuel equal how much food rations???
မျက်လုံးကို စုံမှိတ်ကြည့်လိုက်တော့
မြင်နေရတာက
အရိုးပြိုင်းပြိုင်းထနေတဲ့ နိုင်ငံ့ပိုင်နက်
When you close your eyes; one see our nation’s territory where only bone structure is left!
မျက်လုံးကို ဖွင့်ကြည့်မိတဲ့ မြင်ကွင်းက
အရိုးပါမြုပ်ပြီး ပိုင်နက်ကို ခြံစည်းရိုးခတ်နေရှာတဲ့
အစိမ်းရောင်မြေပုံလေးတွေ.....
When you open your eyes; you see the green tombs, fencing our territory with our bodies and bones!!!
လေတိုက်တိုင်း ဖွေးဖွေးလှုပ်သွားပုံက
စွန့်ရှာလေသူတို့ အရိုးတွေ ထထ တွန်သလိုလို
Whenever the wind blows these tombs are fluttering;
Like the bones of the martyrs are speaking up!!!
အတွေးတွေ မဆုံးခင်
ဝုန်းဒိုင်းကျဲသွားတဲ့ ဆူညံသံတွေ
လက်နက်ကြီး လက်နက်ငယ် ယမ်းခွဲသံတွေ
အသက်ငင်နေတဲ့ ဗုံးဆံတွေ ကျည်ဆံတွေ
Even before I can close my thoughts
So many noises erupted
Small arms fire, artillery fire, the blasts
Death ringing shells, bullets
မြေပြင်နဲ့ ဝေဟင်မှာ
တော်လဲသံတွေ အလား
မိုးချိန်းသံတွေ အလား
On the land in the air,
Earth roaring
Like thunder striking
ကမ္ဘာမီးလောင်တာ မမြင်ဖူးပေမယ့်
ချနင်းခံရတဲ့ သားကောင်တွေကတော့
မျက်စိရှေ့မှာ အလဲလဲ အပြိုပြို
Though never seen a world burn out
The preys who are thrown under the fire to step on
Felling down under my eyes.
ကြောက်ရွှံ့ခြင်း စိုးထိတ်ခြင်းနဲ့
ရှင်သန်လိုခြင်းတွေ သိစိတ်မှာ
အားပြိုင်နေဆဲမှာပဲ
Fear, worry, and the will to live on;
Even when they are fighting in my conscious mind
မသိစိတ်မှာ တွယ်ငြိနေတဲ့ အတ္တတွေကြောင့်
ကိုင်ထားတဲ့ သေနတ်မှာ ယမ်းခိုးတွေဝေသွားရတယ်
Because of my self-ego living in my unconscious
My gun becomes full of gun smoke
ကိုယ့်အသက် ကာကွယ်ဖို့
သူ့အသက်ကို စတေးပစ်မိတာ
To scarify other’s life to save own life
ဟန်မူရာဘီရဲ့ ကိုဓ ဥပဒေထက်
ပိုပြီး ရင့်သီးသွားလေမလား
Is more bitterly stronger than the Code of Hammurabi??
ကျိန်ဆိုထားမိတဲ့ သစ္စာတွေ အတွက်
ဟစ်ပိုကရေတီးကို ရှက်ရွှံ့မိလေရဲ့
I am ashamed to Hippocrates for the oaths I have taken.
နာရီပေါင်းများစွာ ဖြုန်းတီးလို့အပြီးမှာ
ဟိုးအဝေးဆီက ကျားထိုးသံကြားရတယ်
After spending too many hours,
I heard bayonet fighting yells from far away!
အောင်နိုင်သူတွေရဲဝံ့ပြီး
သုံးရောင်ခြယ် အလံကို မြေမှာ စိုက်ချိန်မှာ
While the brave winners are raising up the three colored flag
သေအံ့မူးမူး မျက်လုံးတွေကတော့
အမြင့်မြတ်ဆုံးသောဂုဏ်ဆိုတာကြီးနဲ့
ဝံ့ကြွားနေမလားပဲ
The near death eyes may be full of pride and brightened with so called highest honor!!!
ပြောင်းပူနေတဲ့ သေနတ်ကို မြေမှာ အသာချ
I put aside my hot barreled gun on the ground!!
ဘေးလွယ်အိတ်ထဲက မြေခင်းကို ဖြန့်ခင်း
Spread the ground sheet from the haversack on the ground!
ကျောပိုးအိတ်ထဲက ဆေးဝါးတွေ ထုတ်ပြီး
ခနော်ခနဲ့ ဆေးခန်းလေး ဖွင့်လှစ်လိုက်တယ်
Take out the medicines from the back pack;
And open a make-shift clinic!
သိပ်မကြာခင် မိနစ်ပိုင်းလေးကမှ
ကြမ်းခဲ့ ရမ်းခဲ့ သမျှ စစ်သားကြီးတွေဟာ
The strong fighting soldiers of just a few minutes ago
ခုချိန်မှာ မိခင်ရင်ခွင်တွင်းက
ပီဘိ ကလေးငယ်လေးတွေလိုလို
Are now docile children in their own mother’s lap.
ဆေးဝါးမလုံလောက်မှုတွေ
ပစ္စည်းကိရိယာ မစုံလင်မှုတွေ
ပြီးပြည့်စုံတဲ့ ကုသမှု မခံစားရမှုတွေ
သူတို့ မသိ
They do not know inadequate medicine, equipment, treatment etc,
ရသမျှ အချိန် ရှိသမျှ ဆေးဝါးနဲ့
သေမင်းနဲ့ တကျော့ပြန် စစ်ခင်းပေးနေရှာတဲ့
ဆရာဝန်ချာတိတ်လေးကိုသာ
သူတို့ခဗျာ ကျေးဇူးတင်လို့ မဆုံး
အားနာလို့ မဆုံး
They are with never ending thanks and filled with gratitude for this young doctor;
Who is fighting with death, using what little time and medicine he has?
နောက်တစ်နေ့အတွက်
မြေပုံညွှန်းတွေ စုဖွဲ့မှုတွေ
လူနာအခြေအနေတွေ
အရာရာဟာ နေသားတကျဖြစ်သွားချိန်မှာ
After all the map-coordinates, formations, patient conditions
Everything has been contained for the next day
ကျောပိုးအိတ်ထဲမှာ မိုးရေမစိုအောင်
မြေခင်းနဲ့ အထပ်ထပ်ပတ်ထားတဲ့
စာအုပ်လေးတွေ ပြန်ထုတ်မိတယ်
I take out the books I wrapped carefully with the ground sheet not to be rain soaked from my back pack.
ကျိန်းစက်နေတဲ့ မျက်ဝန်းအစုံနဲ့ပဲ
အနာဂတ်ကို ဖတ်ရှုနေတုန်း
While reading my future with weary and stingy eyes!
(The poet has to study among these conditions for examinations for higher degrees of his profession)
အကိုတစ်ယောက် စကားက နားထဲကြားယောင်လာတယ်
I heard in my ears the voice of a Senior!
"'စာမေးပွဲဆိုတာမျိုးက မျှော်လင့်ချက်မထားရင်တောင်
အားနာဖို့တော့ ထိုက်တန်တယ်မို့လား "တဲ့
Examinations are although you have no expectations!
They are worth to be filled with gratitude.
ကောင်းကင်ကို မော့ကြည့်မိတော့
ထိန်ထိန်သာနေတဲ့ လမင်းကြီးဟာ
ကိုယ့်ရဲ့ အဝေး
မိုင် ... ပေါင်း ... များ ... စွာ ...
When I looked up at the sky!
The fully brightening Moon is;
Far far away from me;
So many miles!!!
လက်ရုံး ( Thant Htin Wai ) — feeling down.


Wednesday, January 18, 2017

မင်း၊ မိတ်ဆွေနဲ့ ချစ်သူ (ဦးရွှေအောင်)

မင်း၊ မိတ်ဆွေနဲ့ ချစ်သူ (ဦးရွှေအောင်)
August 20, 2012 at 2:58pm
ဆဌမ အကျိုးမှာ ဥပဒေသကို ပေးခြင်း ဖြစ်သည်။
ရသစာပေဖြင့် လောက၏ အစီးအပွားကို ဆောင်ရွက်ရန် အားထုတ်သောအခါ ဥပဒေသကို ပေးရသည်။
ဥပဒေသ ပေးခြင်းနှင့် ပတ်သက်၍ စာပေအဖွဲ့ များကို ၃မျိုး ခွဲခြား သတ်မှတ်ကြသည်။ ထိုစာပေအဖွဲ့  ၃ မျိုးဆို့ မှာ (၁) သဒ္ဒပဓာန စာပေ၊ (၂) အတ္ထ ပဓာန စာပေ၊ (၃) ရသ ပဓာန စာပေတို့  ဖြစ်ကြသည်။
(၁) သဒ္ဒပဓာန စာပေ။ ။ သဒ္ဒပဓာနစာပေ ဆိုသည်မှာ သဒ္ဒါသဘော ပြဌာန်းသည့် စာပေဖြစ်သည်။ ဤအမှုမျိုးကို လုပ်ရမည်၊ ဤအမှုမျိုးကို မလုပ်ရဟု လုပ်သင့်၊ မလုပ်သင့် အဆုံးအဖြတ်ပေးရာ၌ စကားလုံးများ၊ ၀ါကျများ၏ တိုက်ရိုက် အနက်အတိုင်း လိုက်နာဆောင်ရွက်ရသော စာပေမျိုး ဖြစ်သည်ဟု ဆိုလိုသည်။ ထိုစာပေမျိုးတွင် တရားဥပဒေများ၊ ဘာသာရေး ပညတ်တော်များ စသည်တို့ ပါဝင်သည်။ ထို သဒ္ဒပဓာန စာပေကို မင်းနှင့်တူသော စာပေဟု ဆိုကြသည်။ ထိုစာပေမျိုးဖြင့် လုပ်သင့် မလုပ်သင့် အဆုံးအဖြတ်ပေးထားလျှင် ပေးထားသည့်အတိုင်း လိုက်နာဆောင်ရွက်ရသည်။ ယုတ္တိဆောင်၍ ဆင်ခြေပေးရန် မတတ်ကောင်း။ စာလုံးတိုင်း စာလုံးတိုင်းကို မင်းကဲ့သို့  သဘောထား၍ လေးစားရလေသည်။
(၂) အတ္ထပဓာန စာပေ။ ။ အတ္ထပဓာန စာပေ ဆိုသည်မှာ အနက်သဘောပြဌာန်းသည့် စာပေဖြစ်သည်။ ဆောင်ရန်နှင့် ရှောင်ရန်ကို ဥပဒေသ ပြုရာ၌ စာပေတွင် တိုက်ရိုက်ဖော်ပြထားသည့် အတိုင်း လိုက်နာရန် မလိုအပ်ဘဲ အနက် အဓိပ္ပာယ်အလိုက် လိုအပ်သလို လိုက်နာ ဆောင်ရွက်ရသည့် စာပေမျိုး ဖြစ်သည်ဟု ဆိုလိုသည်။ ထိုစာပေမျိုးတို့ တွင် သမိုင်းများ၊ အတ္ထုပ္ပတ္တိများ စသည်တို့ ပါဝင်သည်။ ထို အတ္ထပဓာန စာပေကို မိတ်ဆွေနှင့်တူသော စာပေဟု ဆိုကြသည်။ မိတ်ဆွေသည် မည်သည့်အခါမျှ မင်းကဲ့သို့ အမိန့် ပေး၍ မညွှန်ကြား။ လုပ်သင့် မလုပ်သင့် အကျိုးအကြောင်းပြ၍ အကြံပေးသည့် သဘောမျိုးကိုသာ ဆောင်ရွက်သည်။
(၃) ရသပဓာန စာပေ။ ။ ရသပဓာန စာပေ ဆိုသည်မှာ သဒ္ဒါလည်း မပြဌာန်း၊ အနက်လည်း မပြဌာန်း၊ ရသသာ ပြဌာန်းသည့် စာပေဖြစ်သည်။ ရသပဓာန စာပေမျိုးဖြင့် လောကကို ပြုပြင်ရန် အားထုတ်သောအခါ ထူးခြား၍ စွဲမက်ဖွယ် ကောင်းသော ရသဖြင့် ပထမ ယစ်မူးစေပြီးမှ လိုရာကို လိုက်နာ ဆောင်ရွက်စေသည်။ ထိုစာပေမျိုးတွင် ကဗျာ၊ ပြဇာတ်၊ ၀တ္ထု စသော ရသစာပေတို့ ပါဝင်သည်။ ထို ရသပဓာန စာပေကို ချစ်ဇနီးနှင့်တူသော စာပေဟု ဆိုကြသည်။ ချစ်ဇနီးသည် မိမိ ဆောင်ရွက်လိုသော လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရန် မင်းကဲ့သို့ လည်း အမိန့် မပေး၊ မိတ်ဆွေကဲ့သို့ လည်း အကြံမပေး၊ နှစ်သက်ဖွယ်၊ စွဲမက်ဖွယ် ရသကိုသာ ပေးလေသည်။ ရသ ဖြင့် မူးယစ်စေပြီး လိုရာကို ဆောင်ရွက်ရန် အားထုတ်သည်။
မင်း၊ မိတ်ဆွေ၊ ချစ်သူ သုံးဦးတို့ တွင် မည်သူသည် အစွမ်းသာ၍ ထက်သည်ကို မိမိတို့ ၏ ကိုယ်တွေ့ ဖြင့် ဆုံးဖြတ်နိုင်ပေသည်။ အမှန်အားဖြင့် လူသားတဦး၏ ဘ၀ကောင်းကျိုးအတွက် မင်းလည်းလိုအပ်သည်။ မိတ်ဆွေလည်း လိုအပ်သည်။ ချစ်သူလည်းလိုအပ်သည်။ သုံးဦးသုံးဖက်လိုအပ်သည်။ သို့ ရာတွင် ထိုလိုအပ်မှု၌ ဒီဂရီ အနည်းအများ ရှိသည်။
ဦးရွှေအောင်။ ရသစာပေ၏ရသ (နှာ ၃၇-၃၈)

Friday, January 13, 2017

ဘတ်စ်ကားပေါ်က အမှတ်တရ အဖြစ်အပျက်များ

ဘတ်စ်ကားပေါ်က အမှတ်တရ အဖြစ်အပျက်များ
-
တက္ကသိုလ်ကျောင်းသား ဒုတိယနှစ်မှာ (1971)
-
တက္ကသိုလ်လေ့ကျင့်ရေး တပ်ရင်း နွေရာသီ ကွင်းဆင်းပြီး ပြန်လာတာ။
-
တစ်လတိတိ မင်းကုန်း လေ့ကျင့်ရေး တစ်မှာ အမောင်းခံလိုက်ရတာ၊ စုတ်ပြတ်သပ်လာတယ် မဲတူးလို့ ပေါ့
-
စခန်းသိမ်းတော့ ယူနီဖေါင်း အသစ်ကို ထုတ်ပေးလိုက်ကျတယ်၊ အဲဒါကို ဝတ်ပြီး ပြန်လာတယ်၊ ခါးမှာက လစာရတဲ့ ၈၀ကျပ်ထဲက ၃၀ပေးဝယ်လာတဲ့ ဂေါ်ရခါးဒါးကို ချိတ်ထားတယ်။၊ ကစ်ဘက်အိပ်လို့ ကျနော်တို့ ခေါ်တဲ့ အိပ်ရှည်ထဲမှာက စစ်သားထုံးစံ အားလုံးကို စုထည့်ထားတာလေ အဲဒါလွယ်လို့ ပေါ့၊ အဲဒီ အချိန်က စစ်သားဆိုတာ hard hat ဦးထုတ်အမာတွေပဲ ဆောင်းခွင့်ပြုတာကနေ တောနင်းဦးထုပ် jungle hat တွေကို ပြောင်းဆောင်းခွင့်ပြုတဲ့ နှစ် ယူတီစီက အထူးအခွင့်အရေး အရင်ဆုံး jungle hat တွေ ထုတ်ပေးလိုက်တာ၊ ကျနော် ဓါတ်ပုံထဲက အတိုင်းဆိုတော့ တကယ့် တိုက်ခိုက်ရေး တပ်ရင်းကပုံစံ
-
ကားတွေက တက္ကသိုလ်အထိပဲ ပို့ ပေးတယ်၊ ဒါနဲ့ ကမာရွတ်ကနေ ၈ကားကို ဖြတ်စီးရတယ်၊ အိမ်က စပတ်လမ်းမှာကိုး
-
တက်ခါစ နေရာမရဘူး။ မတ်တတ်ပေါ့၊ လက်မှတ်ခ ပြား ၂၀ကျတယ်၊ ကျနော် လက်မှတ်ဝယ်တယ်
-
လက်မှတ်ရောင်းတာက ပင်စင်စား စစ်သားကြီးဖြစ်မှာ စစ်အင်္ကျီ အနွမ်းကြီးနဲ့ 
-
ကျနော့် စစ်ဝတ်စုံက တကသတံဆိပ်မပါဘူး၊ လေ့ကျင့်ရေး ဒဏ်ကြောင့် မဲတူးနေတာ လူကလဲ ကျစ်လစ်နေတာဆိုတော့ ခင်ဗျားတို့  အခေါ် ခလေးစစ်သားပေါ့ဗျား အသက်ကလဲ တက္ကသိုလ် မဝင်ခင်ကို ဆယ်တန်းနှစ်မပြည့်လို့  နှစ်နှစ်နေခဲ့ရတဲ့ကောင်
-
လက်မှတ်ရောင်းဆရာကြီးဟာ ကျနော်ပေးတဲ့ပိုက်ဆံ ပြား ၂၀ ကို မယူနိုင်ဘူး၊ ကြည့်ပြီး မျက်ရည်တွေ ဝဲနေတယ်
-
မယူဘူးတဲ့ ခေါင်းခါပြတယ်၊ ကျနော်လဲ ရှင်းမပြတော့ပါဘူး၊ ဒီအတိုင်းကြည့်နေမိတယ်
-
ဟံသာတီအလွန် မှတ်တိုင်မှာ ထိုင်နေတဲ့ထဲက ကလေးအမေတစ်ယောက် ထပြီးဆင်းတယ်၊ ဗိုက်ကြီးသည်၊၊ ကလေးက တစ်ဖက်နဲ့ ၊ ခြင်းကလဲပါသေးတယ်
-
ကျနော်လဲ ဘာရယ်မဟုတ်၊ ကလေးကို ပွေ့ ပြီး အောက်အထိ ချပေးလိုက်တယ် ပစ္စည်းကိုလဲဆွဲ
-
ကားက စောင့်ပေးနေတယ် အေးဆေး
-
ကျနော်ပြန်တက်လာတော့ လွတ်သွားတဲ့ ထိုင်ခုံနေရာကို ဘယ်သူမှ ဝင်မထိုင်ထားဘူး၊ ဘေးက လူကြီးတစ်ယောက်က သားထိုင်လိုက်လေတဲ့
-
အဲဒါ ဟိုးတုံးက ဘတ်စ်ကားတွေနဲ့  ဟိုးတုံးက လူထုနဲ့ ဟိုးတုံးက တပ်မတော်
-
ဓါတ်ပုံက အဲ့ဒီနေ့ မတိုင်ခင် စခန်းသိမ်းတဲ့နေ့ က ရိုက်ထားတာတွေ

Wednesday, December 14, 2016

မသမ္မာအာဇီဝ ဖြစ်ရတော့မလား

သမ္မာအာဇီဝဆိုတဲ့ စကားကို ခုခေတ် တွင်တွင်သုံးကြတယ်
-
ငယ်ငယ်ကနားလည်တာရှင်းတယ်၊ ငါးပါးသီလနဲ့ အညီ နေထိုင်စားသောက်ခြင်းလို့ အကြမ်းဖျင်း ကလေးသိသိခဲ့တာ
-
တကယ်တော့ ဓမ္မစကြာတရားတော်ထဲက စာသားပဲ
-
ကျနော် မြို့ နယ်မှုးတာဝန်တွေ ထမ်းဆောင်ခဲ့ရတုံးက
-
စည်းစိမ်တွေ ပျက်အောင် အများကြီး လုပ်ခဲ့ဘူးတယ်၊ တရားစွဲ ထောင်ချခဲ့ရတာတွေရှိတယ်
-
ခုခေတ်အနေနဲ့ ကျတော့ ဆင်းရဲသားတွေရဲ့  livelihood ကို ဖျက်စီးသူလို့  သမုတ်ကျမှပဲ
-
ကျနော်နားလည်နေတာကတော့ သမ္မာအာဇီဝဟာ governance နဲ့ ညီတဲ့ livelihood ဖြစ်ရမယ်
-
အခုတော့ ဆင်းရဲတာနဲ့ပဲ bad livelihood သမားတွေက သူတို့ ပဲ သမ္မာအာဇီဝနဲ့  ကျင့်ကြံနေသယောင်ဖြစ်ကုန်ပြီ
-
ဆင်းရဲတာနဲ့  မဟုတ်တာလုပ်တာတွေကို စောင့်ကြည့်တာတို့  ခွင့်လွှတ်ထားတာတို့  လုပ်ခဲ့တာတွေ များတော့
-
အခုမှ ပြန်စရတဲ့ Good governance အတွက် အခု သတင်းထောက်တစ်ယောက် အသက်စွန့် ရပြီလေ
-
အဲဒီ လူသတ်တဲ့လူတွေက သူတို့  livelihood အတွက်လုပ်တာတွေ မှန်တယ်လို့ ထင်နေတဲ့လူတွေလေ
-
ဒါ သစ်ပဲရှိသေးတယ်၊ ဒီထက်ဆိုးတဲ့ မူးယစ်ဆေးဝါးဆိုရင် ပိုဆိုးတော့မယ်၊ ရွှေတူးတာ သတ္တုတူးတာ ကျောက်စိမ်းတူးတာဆိုတဲ့ မှော်တွေက မြန်မာပြည်ကို ဒုက္ခပေးနေတယ်ဆိုပေမဲ့ လုပ်နေတဲ့ လုပ်သားတွေအတွက်တော့ သူတို့ စိတ်မှာ သမ္မာအာဇီဝ ဖြစ်သွားပြီ၊ လယ်စိုက်တဲ့ အချိန် တောင်ယာစိုက်တဲ့ အချိန်လောက်ပဲ ရွာပြန်လာပြီး ကျန်တဲ့အချိန်တွေ ၃မျိုးလောက်ပဲရှိတယ် မှော်ထဲသွားမလား၊ နိုင်ငံခြားနြ့ တခြားအရပ်သွားလုပ်မလား၊ ဒါမှမဟုတ် မူးယစ်ဆေးဝါးနဲ့  ပျက်စီးနေမလား
-
တိုင်းရင်းသူ ဆရာမလေးတယောက်က ပြောဘူးတယ် ဟုတ်မဟုတ်တော့မသိ၊ သူတို့  ဘာသာဝင် ဆင်းရဲတဲ့လူတွေကျတော့ ဒါတွေက ဘုရားက သူတို့  သုံးဖို့  ဖန်ဆင်းပေးထားတယ်ထင်နေကြပြီတဲ့၊ (မှန်မမှန်တော့ မသိပါ၊ ကိုယ်တိုင် မမေးမိသေး)
-
လုပ်လို့ မရပါဘူးကွာဆိုတဲ့ စကားတွေကိုပဲ နားမဆန့် အောင်ကြားနေရတယ်
-
တစ်ဖက်စွန်းမှာ ဆင်းရဲလွန်းလို့  ဆိုးနေကြတယ်ဆိုတဲ့လူတွေကို
-
တခြားတစ်ဖက်စွန်းမှာလဲ ခေတ်အဆက်ဆက် အုပ်ချူပ်သူတွေကို အိပ်ထဲထည့်ပြီး ဆိုးနေကြတဲ့ ချမ်းသာသူတွေကို
-
ဒါနဲ့ပဲ ဒီမိုကရေစီလဲ မြန်မာနိုင်ငံမှာ နာမည်ပျက်အုံးမှာပဲ
-
ဒီလောက် အခြေခံ သီလ အရေးကြီးနေချိန်မှာ
-
ဘာသာရေးခေါင်းဆောင်တွေက သင်းကွဲနေကြလေရဲ့ 
-
နိုင်ငံရဲ့  sector တိုင်းကိုကြည့်လိုက် နေရာတိုင်းကို ကြည့်လိုက် သမ္မာအာဇီဝကို ဖျက်စီးလိုက်ကြတာ
-
အင်းလေးကန်ကြီးထဲ၊ မေးကြည့်ပါ သူတို့  ကိုယ်တိုင်သိပါတယ် မဟုတ်တာတွေလုပ်နေတာ၊ ဒါပေမဲ့ sponser donor တွေအမြင်မှာ သမ္မာအာဇီဝပဲ
-
ပေါင်းသတ်ဆေးတွေ၊ ဓါတ်မြေသြဇာတွေနဲ့ လဲ သမ္မာအာဇီဝပဲ
-
ကလေးတွေကို မဟုတ်တဲ့ဟာတွေ ရောင်းနေတဲ့လူတွေ အစားအစာတွေကို ဆေးမျိုးစုံထိုးနေတဲ့လူတွေ သမ္မာအာဇီဝတွေပဲ
-
ရှေးဟောင်းဘုရားတွေကို ဟိုတယ်တွေနဲ့  ဖျက်ဆီးနေသူများ အဆင့်မြင့် သမ္မာအာဇီဝတွေ
-
အရာရာ သမ္မာအာဇီဝတွေလုပ်ကြလွန်းလို့ 
-
အခု ကျနော်လုပ်နေတဲ့ ကျိုးစားနေတဲ့ အမှန်တရားကို ပြန်ပြီး မင်းမူစေချင်တဲ့ အလုပ်တွေကို မသမ္မာအာဇီဝလို့ တောင် နာမည်တတ်ရမလိုပါကလား

Tuesday, December 13, 2016

ဗုဒ္ဓခေတ်နှင့် ဗုဒ္ဓဝင်လာ ခေတ်လွန် သိပ္ပံပညာရပ်များ

ဆုံးအောင်မဖတ်ခင် အောက်က အပုဒ်ကို သေချာ ဖတ်ထားကြအုံး
-
ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားဟောတဲ့ ကျမ်းတွေထဲမှာ ဓမ္မစကြာ၊ အနတ္တလက္ခဏာ သုတ်၊ ပဌာန်းကျမ်း၊ ဒီသုံးခုက အချက်အချာကျဆုံး ပဲလို့  ဖတ်ရှုမှတ်သားဘူးပါတယ်၊ နောက် ယုံကြည်ပါတယ်၊
-
ဆက်ရေးမှာက ဗုဒ္ဓဝင်တွေထဲမှာပါတဲ့ ခေတ်လွန် သိပ္ပံဆိုင်ရာနဲ့  အာကာသ စကြာဝဠာဆိုင်ရာ အချက်များပါပဲ၊ ဘုရားဟောတယ်လို့  ကျနော်မပြောပါဘူးနော၊ ဒါပေမဲ့ ဒီအတွေးအခေါ်တွေ အချက်အလက်တွေဟာ ဗုဒ္ဓခေတ်မှာ ထမင်းစားရေသောက်ဖြစ်နေပါပြီ
-
ပထမဆုံး ဗုဒ္ဓဝင် မဟုတ်တာတွေထဲက သွားရအောင်
-
မဟာဘာရတနဲ့ ရာမဇာတ်တွေထဲမှာ
-
ယာဉ်ပျံတွေ အများကြီးပဲ technology of Gods ထဲမှာ ပုံတွေတောင် ဆွဲပြထားသေးတယ်၊ ဒါပေမဲ့ propulsion device နေရာကို သေသေချာချာ မပြထားဘူး၊ ဖြစ်နိုင်တာ anti-matter, anti-gravity device လို့  ပြောကြတယ်
-
ရာမထဲမှာ တိုက်ပွဲပြီးလို့  ပြန်အလာ အာကာသထဲကနေ ဖြတ်လာလို့  နေ့ ဘက်မှာတင် ကြယ်တွေကို မြင်နေရတဲ့ အကြောင်းပါတယ်
-
နောက် သုံးလိုက်တဲ့ လက်နက်တွေ
-
အနုမြူ လက်နက်တွေ အများကြီးပဲ effect တွေက လက်ရှိ အနုမြူ လက်နက်တွေ အတိုင်းပဲ
-
လာမယ် ဗုဒ္ဓဝင်
-
သောင်းခွင် စကြာဝဠာဆိုတဲ့ ဘုရားရှိခိုးထဲကလိုပဲ စကြာဝဠာ တိုက်တစ်သောင်းရှိတယ်၊ တရားတွေ လာနာကြတယ်၊ စကြာဝဠာ တိုက်တစ်သောင်းရဲ့  ဖွဲ့ စည်းပုံတွေက အတူတူပဲလေ၊ ဘယ်ကနေ ဖြတ်လာသလဲတော့ မပြောပေမဲ့ ခုခေတ်ဆိုရင် worm hole တွေကနေ လာကြတာပေါ့၊ The One ကားထက် ခေတ်ရှေ့ ပြေးလွန်းတယ်
-
နေမိဇာတ်တော်
-
အိုင်စတိုင်းရဲ့  Relativity Theory ထက် စောတယ်
-
စီးတဲ့ ယဉ်ပျံဟာ မြန်လွန်းလို့  သွားတဲ့ ငရဲပြည် နတ်ပြည်တွေမှာ နေမိမင်းကြီးက သာမာန် သူ့  time line အချိန်အတိုင်း သွားပေမဲ့ သူပြန်လာတော့ သူ့ မိဘုရားတွေ မူးမတ်တွေက အိုစာကုန်ပြီ၊ ကဲ ကဲ အဲဒါကို ဘယ်လို ရှင်းမလဲ
-
လောကပါလ နတ်တွေ အကြောင်း
-
လောကကြီး သူ့ ပုံမှန်လည်ပတ်နေအောင် စောင့်ရှောက်ကြတယ်၊ ဝင်မရှုတ်ဘူး၊ ဘုရားလောင်းတွေကိုသာ သူတို့ လမ်းကြောင်းကနေ ယိမ်းမသွားအောင်လောက်ပဲ တည့်မတ်ပေးတယ်၊ ဒါတောင် တေမိမင်းဘဝမတိုင်မှီ ဂေါတမ ဘုရားလောင်းဟာ ငရဲကျလိုက်ရသေး
-
ပျက်ချိန်တန်တဲ့ ကမ္ဘာတွေ ပျက်ရတာပဲ၊ ဖြစ်ချိန်တန်တဲ့ကမ္ဘာတွေလဲ ဖြစ်လာတာပဲ
-
အခုနောက်ဆုံး သိပ္ပံကားတွေမှာပါတဲ့ Time Patrol Rule တွေ
-
Star Track ရုပ်ရှင်ကားတွေမှာပါတဲ့ Galactic watcher တွေရဲ့  rule တွေနဲ့  အတော်တူတာ
-
ဘာကြောင့် ဒီလောက် ခေတ်ရှေ့ ပြေးနေသလဲ
-
ကမ္ဘာပျက်ကျမ်း
ဦးပြုံးချို ရေးထားတဲ့ ဇာတိအာဏာသီချင်းကို ဖတ်ပါ
-
-ကမ္ဘာပျက်မှာကို နှစ်တစ်သောင်း ကြိုသိတယ်၊ တကယ်တော့ စကြာဝဌာပျက်တာ ကမ္ဘာတစ်သိန်းပါတယ် လောကပါလ နတ်က အနီရောင်ဝတ်ပြီး လှည့်လည်ပြောတယ်

-ဘုံတွေ အများကြီးကို ဖျက်ဆီးပလိုက်တာ၊ ပြေးမလွတ်ဘူး လွတ်တဲ့ဘုံကို ရောက်အောင်သွားဘို့ က ရုပ်ဝတ္ထု နည်းလမ်းနဲ့ သွားလို့ မရဘူး ကမဌာန်းတရာကို စီးဖြန်းပြီး သေလွန်မှ ရောက်သွားတယ်၊ Big Bang ရဲ့ ပြောင်းပြန်လို့  ပြောရမလား၊ မိခင်ကြယ် super nova ဖြစ်ပြီး ပေါက်ကွဲသွားတာကို ရေးထားတာလား
-
အစဉ်အဆက် သယ်ဆောင်လာကြတဲ့ အယူအဆတွေနော
-
လောလောဆယ် ဒီလောက်ပါပဲ၊ ဒါတောင် ကို Wunna Ko စပေးထားတဲ့ ကော့်ပါင်္နးကပ်တို့ ထက် အများကြီးစောတဲ့ နေသွားနေလာ ဂြိုလ်သွားဂြိုလ်လာတွေကို တွက်ချက်တဲ့ အဆင့်မြင့် သင်္ချာတွေကို အဲဒီခေတ်ကထဲက တတ်နေတာတွေ မပါသေးဘူး
-
ဒါမျိုးတွေကို သိလာရလေလေ၊ လောကရဲ့ သံသရာရဲ့ သပွတ်အူကနေ ရုန်းထွက်နိုင်တဲ့ လမ်းကို ကြိုးစားအားထုတ် ပြတော်မူသွားတဲ့ ဂဂါသဲစု တမျှရှိကုန်သောဆိုတဲ့ ဗုဒ္ဓမြတ်စွာ ဘုရားများ အပေါင်းကို ရိုသေကြည်နူး ရှိခိုးအပ်ပါသည် ခင်ဗျား

Sunday, December 11, 2016

သံယောဇဉ်

ဆင်ရေတွင်းက အမေ့ဆိုင်အကြောင်းရေးမိတော့
-
ကိစ္စတစ်ခု သတိရ
-
လူရွှင်တော် ကိုတင်မောင်ဌေးခေါ် မျက်မှန်
-
နောက်ဆုံးအနေနဲ့  ပြည်ထောင်စု ကျိုက္ကဆံမှာ ပွဲသွားကကြတယ်၊ ပြဇာတ်ထင်တာပဲ၊ ခိုင်ခင်ဦးပါတယ်ပြောတယ်
-
ကျနော် အလုပ်နဲ့  အလုပ်ရှုတ်နေချိန်ပါ၊ မြစ်ကြီးနားလား ပြင်ဦးလွင်လာပဲ ပျားဂေဟာကိစ္စတွေနဲ့ 
-
ကိုဌေး လုပ်ရင်းကိုင်ရင်း သူ့  ကျန်းမာရေးကို လွတ်သွားတယ်
-
ဆုံးသွားလေရဲ့ 
-
အဲကထဲက မကျွတ်မလွတ်ဘူးလို့  အဲဒီပွဲကနေတုံးကို ပြောကြတယ်
-
ပါပီမ သောင်းဟန်အိမ်ကို ကိုဌေးရောက်လာတယ်၊ သူ့ ညီမကို တွေ့ တော့ ဖိုးသန်ဘယ်မလဲ ပွဲအတွက် စိတ်ပူလို့  ငါလာတာလို့ ပြောတယ်
-
ကိုသောင်းဟန် အိမ်ပြန်ရောက်တော့ အကို ကိုဌေးလာသွားတယ် ဒီလိုမှာသွားတယ်ပြောတော့ ဟ ဒီကောင် ဆေးရုံမှာ ဆုံးပြီ အခုပဲ ငါတို့ ပြန်လာတာ ပြော၊ သူ့ ညီမ လန့် ဖျားဖျား အတော်ကုယူရတယ်၊ စမ်းချောင်းမင်းလမ်းက အိမ်
-
အသုဘချတဲ့နေ့ 
-
အသုဘချပြီး ထုံးစံအတိုင်း ဆင်ရေတွင်း အမေ့ဆိုင်ကို တပ်တော် ချီတက်သွားကြတယ်
-
ဆိုင်ထဲဝင်တာနဲ့  အမေက
-
ဟဲ့ သောင်းဟန် ခုနတင် မောင်ဌေး ဆိုင်ဝကနေ မျက်မှန်ကြီးနဲ့  ပြူးပြီး လှမ်းကြည့်ပြီး ပြန်ထွက်သွားတယ် နင်တို့ နဲ့  ကွဲလာတာလား ရန်ဖြစ်ထားတာလားတဲ့
-
ကိုသောင်းဟန်က အမေ ဒီကောင်ဆုံးပြီ ခုတင် ကြံတောမှာ သဂြီုလ်ပြီး ပြန်လာတာလဲ ပြောရော အမေ ရှိုက်ကြီး တငင် ငိုပါလေရော
-
အဲဒီနှစ် သကြံန်တီးကျတော့
-
ကျနော်နဲ့  ဥာဏ်ထွန်း (ဓါတ်ပုံဆရာ သူလဲ ဆုံးပြီ) မြေနီကုန် မခင်မြင့် ဆိုင်မှာ အရက်သောက်
သူ့ ကို ခွက်တစ်ခွက် ချပေးထားတယ်
-
ပြသနာ ဘီအီး ၃လုံးကျော်သွားတယ် ကျနော်တို့ ၂ယောက် မမူးဘူး
-
ဘေးကလူတယောက်နဲ့  စကားများတယ်၊ ဟိုလူက လာချဲတာ ဒါပေမဲ့ ကျနော့်နောက်ကို ကြည့်ပြီး လန့် တဲ့ပုံနဲ့  ပြန်ထွက်သွားတယ် နောက်မှ ပြောပြတယ် မျကှ်ေထာင့်နီကြီးနဲ့ မျက်မှန်နဲ့ လူတစ်ယောက် ကျနော့်ကို ဒေါသတကြီးနဲ့ ကြည့်နေတာဗျတဲ့
-
ကျနော်တို့ လဲ ဟေ့ကောင် တင်မောင်ဌေး/ ကိုဌေး ငါတို့  သောက်ဖို့ လဲ ထားပါအုံှးဆိုတော့မှ နဲနဲ စမူးလာတယ်
-
အဲဒီည အရက်ဆိုင်ထဲမှာ သူ့ ကို မြင်နေရတယ် သေသေချာချာ ပွတ်ပဲ့ မျက်စိကို လုပ်ကြည့်ရင် ခွေးဖြစ်ဖြစ်သွားလေရဲ့ 
-
ပွဲကတော့လဲ စင်ပေါ်မှာ အမြဲ မြင်နေရလေရဲ့ 
-
ခုထိ စိတ်မကောင်းလိုက်တာ
-
ကျနော်တို့  ဘယ်လောက် အသင်းကို ချစ်သလဲဆိုတာ နမူနာလေးပါ


မင်းသမီးညာဖက်က အနီးကပ်က ကိုတင်မောင်ဌေး (မျက်မှန် )(ကွယ်လွန်) ညာဖက် အစွန်ဆုံး ကိုအောင်ကျော်စိုး (နိုးတူး) (ကွယ်လွန်) ဘယ်ဘက်က ကိုအောင်ကိုကို(လန်ဘား) (ရှိသေး) အစွန်ဆုံး ကိုစိန်မြင့်(ဘီယာ)(ကွယ်လွန်) မင်းသမီး တက္ကသိုလ် သန်းသန်းထွေး (မြန်မာစာ) ယဉ်ကျေးမှု အထူးအရာရှိ (ပင်စင်ယူလောက်ပြီ)

Monday, December 5, 2016

ချစ်သောတက္ကသိုလ် စောရွှေဗိုလ်

ချစ်သောတက္ကသိုလ်
စောရွှေဗိုလ်
- မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ကွန်ပျူတာ၊ အနုပညာ စသော ဘာသာရပ်တို့သည် အရေးကြီးပါ၏။ သင်ကြားသင့်သည်သာ ဖြစ်၏။
- သို့သော် ဘ၀ကို ရင်ဆိုင်ရဲသော ပညာကား အရေးအကြီးဆုံးနှင့် အခက်ဆုံး ဖြစ်မည်ဟု ကျွန်တော်ထင်၏။
- ယင်းပညာကို စလင်းတွင် ကျွန်တော် (၇)နှစ်တိုင်တိုင် လေ့လာ ဆည်းပူးခွင့် ရခဲ့၏။
အိပ်မက်နှင့်တူ၏
“ချစ်သောဆရာ” ဟူသော ဘာသာပြန်ဝတ္တုတစ်ပုဒ် ၁၉၆၈ ခုနှစ်ခန့်တွင် ကျွန်တော် ရေးခဲ့ဖူး၏။ ဆရာများ၏ ကျေးဇူးကို အခြား တပည့်များထက် ပို၍ ခံယူ ရရှိခဲ့သော ကျွန်တော်သည် ယင်းဝထ္တုဖြင့် ဆရာတို့အား စဉ်းငယ်မျှပင် ဖြစ်စေ ကျေးဇူးဆပ်နိုင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။
ယခု “ချစ်သောတက္ကသိုလ်” ကား စလင်းကို ကျွန်တော် ဂုဏ်ပြု ကျေးဇူးဆပ်ရန် ကြိုးစားခြင်းဖြစ်၏။ အချိန်ယူ ရေးရမည်ဆိုလျှင်တော့ မဂ္ဂဇင်းတစ်အုပ်လုံးပင် ဆံ့မည်မထင်။ ဤစာတန်းသည် နိဒါန်းငယ်မျှသာ ဖြစ်ပါစေတော့။
“စလင်းတက္ကသိုလ်” ဟူသောစကားလုံးကို ကျွန်တော် စတင် တွေးမိ ရွေးမိ အသုံးပြုမိသော ပထမဦးဆုံး နေရာမှာ ထူးထူးဆန်းဆန်း၊ ဤမြန်မာနိုင်ငံအတွင်း၌ မဟုတ်ချေ။ ထိုစဉ်က (၁၉၇၇ ခုနှစ်) ကျွန်တော် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီတွင် ရောက်လျက်ရှိ၏။ ကိုလံဘို စီမံကိန်း အထောက်အပံ့ဖြင့် သုံးလ သင်တန်းတစ်ခု တက်နေ၏။ သင်တန်းအပြီးတွင် စာတန်းကိုယ်စီ ရေးတင်ရ၏။ (စာတန်းကောင်းသည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ အောင်လက်မှတ်တော့ ရမည်ဖြစ်ပါ၏။ စာတန်းကား သင်တန်းသားတို့၏ ခံယူရရှိမှုကို အကဲခတ်လို၍သာ ဖြစ်၏။
စာတန်းတင်ရုံမျှမဟုတ်၊ သင်တန်းသားသည် မိမိစာတန်း အကြောင်း နှုတ်ဖြင့်လည်း ရှင်းလင်းပြောပြရသေး၏။ ဤတွင် နိုင်ငံတကာမှ ရွေးချယ်စေလွှတ်သည့် နိုင်ငံတော် ပညာသင်များ၊ အထက်တန်း အရာရှိများ ဟူ၍ သူတို့ အကြားတွင် တုန်လှုပ်စရာမလို၊ လက်တွေ့တွင် သင်တန်းသား အများစုမှာ အင်္ဂလိပ်စာ တစ်မျက်နှာ နှစ်မျက်နှာမျှကိုပင် အနိုင်နိုင် ရေးကြရ၏။ ရှင်းပြသည့်အခါ စာတန်းတိုလှသဖြင့် ကိုယ့်စားပွဲမှာ ကိုယ်ရပ်ပြီး အနည်းငယ် ဖတ်ပြ ပြောပြရုံနှင့် ပြီးသွားကြ၏။
ကျွန်တော့် စာတန်းကား စာမျက်နှာ အစိတ်ခန့်ရှိ၏။ အကြောင်းရပ်မှာ မြန်မာနိုင်ငံ အလယ်ပိုင်း (စလင်း၊ ရေနံချောင်း၊ ချောက်၊ ပုဂံ၊ မြင်းခြံ အပါအ၀င်) မိုးခေါင်ရေရှား ရပ်ဝန်း ဟုခေါ်သော ဒေသကို ပြည်သူ့ စိုက်ခင်း ကြီးများဖြင့် ပြန်လည် စိမ်းလန်း စိုပြည်ရေး ဖြစ်၏။
စာတန်း ၀န်းကျင်ဒေသ အကြောင်း ရှင်းလင်းစရာများ ပါဝင်သည့်အတွက် စာသင်ခန်းရှေ့ တက်ကာ သင်ပုန်းကြီးပေါ်တွင် မြေပုံကြမ်းဆွဲ ပြောပြရလေသည်။ လမ်းပန်း ခက်ခဲသော ဧရာဝတီ အနောက်ဘက်ကမ်း၊ ရေနံထွက်သည့် ရေနံချောင်းနှင့် ချောက်၊ လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားများ စသည်တို့ ပါဝင်လေရာ သင်တန်းသားများ သာမက ဆရာ၊ဆရာမများပါ လွန်စွာ စိတ်ဝင်စားကြသည်။ ရှင်းလင်းအပြီးတွင် တစ်ယောက်တစ်ခွန်း ထမေးကြ၊ ဝေဖန်ကြ၊ အသံများဆူညံနေ၏။ အလွန် ပွဲစည်သွား၏။ ဤပွဲမျိုးကို သူတို့ ကြိုက်၏။ နောက်ဆုံးတော့ အားလုံး မတ်တတ်ရပ်၍ သြဘာ ပေးကြလေသည်။
ကိုယ့် မြန်မာနိုင်ငံအတွက် ကျွန်တော် ဂုဏ်ယူမိခဲ့ပါ၏။
ဤတွင် ကျွန်တော့အား မိတ်ဆွေ သင်တန်းသားအချို့ မေးသည်မှာ ခင်ဗျား ဘယ်ကျောင်း ကထွက်တာလဲ၊ ဘယ်တက္ကသိုလ် တက်ခဲ့သလဲ ဟူ၍ဖြစ်၏။
သူတို့အထင် ကျွန်တော် သာသနာပြုမစ်ရှင်ကျောင်းကြီး တစ်ခု နေခဲ့ဖူးမည်။ ထို့နောက် နိုင်ငံခြားတက္ကသိုလ် တစ်ခုခု တက်ခဲ့ဖူးမည် စသည်ဖြင့် မှန်းဆကြဟန်တူ၏။
ကျွန်တော် မဖြေ၍ မဖြစ်ပါ၊ လိမ်ညာ၍လည်း မဖြေချင်။ သို့နှင့် -
ကျွန်တော့် ကျောင်းက မြန်မာနိုင်ငံမှာ သူလို ကိုယ်လို အစိုးရ အထက်တန်းကျောင်း တစ်ခုပါပဲ။ ဟောဒီ ရေနံထွက်တဲ့ ရေနံချောင်း မြို့ကလေးမှာပါ။ ကျွန်တော်တက်ခဲ့တဲ့ တက္ကသိုလ်ကတော့ ဟောဒိ အနောက်ဘက်ကမ်းက စလင်း မြို့ကလေးမှာပါ။
ကျွန်တော် ခပ်တည်တည်ပဲ ဖြေဖြစ်ခဲ့၏။
မြန်မာပြည်က ဒီလိုမြို့ကလေးတွေမှာတောင် အင်္ဂလိပ်စာ တော်တော်ကောင်းတဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေ ရှိနေပါကလားဟူ၍ သူတို့ ထင် ကျန်ခဲ့ပေလိမ့်မည်။ ထင်ပါစေ၊ ရှိလည်း တကယ် ရှိနေသည် မဟုတ်လား။
ထို့နောက် သင်တန်းအပြီးတွင် ကျွန်တော်တို့အား သင်တန်းက ဆုတစ်မျိုးပေး၏။
ကျွန်တော်တို့ ဆိုသည်မှာ ကျွန်တော်နှင့် အခြားမြန်မာတစ်ဦး (မြန်မာ့သတင်းစဉ်မှ ဦးသန်းစိန်ထွန်း ယခုကွယ်လွန်) ဤနှစ်ဦးအား သင်တန်းခွဲ အားလုံး ပညာသင်တစ်ရာခန့် အထဲမှ ရွေးထုတ်၍ သြစတြေးလျ နိုင်ငံအနှံ့ လည်ပတ်နိုင်ရန် အချိန်ပို အထူး စီစဉ်ပေးခြင်း ဖြစ်လေသည်။
ဤခရီးစဉ်အတွက် တစ်ဦးလျှင် ဒေါ်လာ ရှစ်ထောင်ခန့် သူတို့ အကုန်အကျခံ၏။ ထိုအခါ ဦးသန်းစိန်ထွန်းက တက်တခေါက်ခေါက် ဖြစ်နေ၏။ ကျုပ်တို့ နှစ်ယောက်ကို အဲဒီ ဒေါ်လာ ရှစ်ထောင်စီ ထုတ်ပေးလိုက်ရင် ပြီးရောပေါ့ဗျာ၊ ဒါ ကားလေးစီးဖိုးဗျ ဟု ဆို၏။ သူက အလွန် ကားဝယ်ချင်၏။ ကျွန်တော်ကတော့ ဤခရီးကို ကားဆယ်စီးနှင့် မလဲနိုင်။
ဤခရီး တစ်ကျော့၌ ကင်ဘာရာမြို့တော် တက္ကသိုလ် သို့ ကျွန်တော် ရောက်သွား၏။ ထိုအချိန်တွင် ကျွန်တော်က ရှေ့သို့ ဖောဝပ်အယ်ဒီတာချုပ် ဖြစ်၍ ကင်ဘာရာ တက္ကသိုလ် မဂ္ဂဇင်း အယ်ဒီတာအဖွဲ့က ကျွန်တော့်အား သုံးရက် ဧည့်ခံ ပြုစုကြ၏။ အယ်ဒီတာ အချင်းချင်း ဆွေးနွေး နှီးနှောနိုင်ရန် ဖြစ်၏။ အံသြစရာ သူတို့သည် ကျွန်တော့် အမည်ကို ကြိုတင် သိနေလေသည်။ အယ်ဒီတာ ဂျာမန်အမျိုးသမီးတစ်ဦးက အင်္ဂလိပ်ဘာသာ ဖောဝပ်မဂ္ဂဇင်းမှ ကျွန်တော်၏ “ဆင်သမား” ဆောင်းပါးကို ထုတ်ပြပြီး ချီးကျူး လေသည်။ ကျွန်တော်က ခပ်ရှက်ရှက်ပြုံးပြီး ၀န်ခံရ၏။
ကျွန်တော့ကို မချီးကျူးပါနဲ့။ တကယ်တော့ ဒါ ကျွန်တော့ကိုယ်ပိုင် စိတ်ကူး မဟုတ်ပါဘူး။ “အထင်မမှားပါနဲ့ရှင်၊ ဆင်သမားကိုတော့ ပျိုမလိုချင်” ဆိုတဲ့ အငြိမ့်မင်းသမီး လေဘာတီမြရင်ရဲ့ သီချင်းကို ကျွန်တော်က မှီးပြီး ချဲ့ရေးတာပါ။ ဟုတ်တယ်၊ ဆင်သမားတွေဟာ သူတို့ဆင်ကို မိန်းမထက် ပိုချစ်၊ ပိုဂရုစိုက်သတဲ့ဗျာ၊ အံ့ရော။ ဒါကိုခင်ဗျားတို့မိန်းမတွေက မနာလိုဖြစ်မှာ ဒေါသဖြစ်မှာ အမှန်ပေါ့ မဟုတ်ဘူးလား”
ကျွန်တော်တို့ ရယ်မောရင်း စကားစပ်မိသည်မှာ စလင်းမြို့မှ ဆင်ကျုံးရွာအကြောင်း၊ ဆဒ္ဒါန်ဆင်မင်းအကြောင်း၊ စောင်းတီး၍ ဆင်ဖမ်းသော ဥတေနမင်းအကြောင်း၊ ဗိုလ်မှူးကြီးလှအောင်နှင့် ကျွန်တော်တို့ ကချင်ပြည်နယ် ပိတောင် ကြိုးဝိုင်းအတွင်း မေ့ဆေးသေနတ်နှင့် ဆင်ဖမ်းခြင်း အကြောင်းများ ပြောမိကြ၏။ သူတို့က တိရစ္ဆာန်များ အကြောင်း ထူးထူးခြားခြား စိတ်ဝင်စားကြ၏။
အလွန် အေးချမ်း ဆိတ်ငြိမ်သော သူတို့ တက္ကသိုလ် ကင်တင်းများ၌ ဘီယာသောက်ကြရင်း ကျွန်တော်က စလင်းချောင်းနား ထန်းတောကြီးရွာမှ ထန်းသမား ကျွန်တော့် အစ်ကိုဝမ်းကွဲ ထည့်သော ထန်းရေခါး အကြောင်းပြော၏။ သူတို့ ပွဲတောင်း၍ မအပ်မရာ၊ ဗုဒ္ဓတရားတော် အကြောင်း တတ်သမျှ ဟောမိခဲ့သေး၏။ ဘီယာသောက်ရင်း ဟောသောတရားမို့ အရက်မူးရင်း ရဟန္တာဖြစ်၊ ပရိနိဗ္ဗာန်ပြုသွားသော သန္တတိ အမတ်ကြီး အကြောင်း ရွေးဟောခြင်း ဖြစ်၏။ တရားအဆန်းမို့ သူတို့ က မျက်လုံးဝိုင်းနေကြလေသည်။
ကျွန်တော်တို့ စကားဝိုင်းတွင် ရခိုင်၊ မြောက်ဦးသို့ပင် ရောက်ဖူးပြီး ရခိုင်သမိုင်း စာတန်းပြုစုခဲ့သော ကင်ဘာရာတက္ကသိုလ် ကထိက သြစတြေးလျသူ တစ်ဦး ပါဝင်သေး၏။ သူ့အမည်ကိုပင် ရှက်ပြုံးကလေးနှင့် မြစန္ဒီ ဟု ရခိုင်သံဝဲ၀ဲ မိတ်ဆက်၏။ အမေရိကန်မှ မြန်မာစာအထူးပြု ပါမောက္ခ လူရွယ်တစ်ဦးလည်း ပါဝင်၏။ အံ့သြစရာ ကြုံကြိုက်မှုများ ဖြစ်လေသည်။
ထို့ပြင် ရန်ကုန်တက္ကသိုလ်သို့ မတက်ဖူးသော စလင်း တက္ကသိုလ်ထွက် ကျွန်တော်သည် ကင်ဘာရာ တက္ကသိုလ်၏ ဧည့်သည် ဖြစ်နေပုံ တွေးမိပြီး ကိုယ့်ကိုယ်ကိုလည်း အတော် အံ့သြခဲ့ရ၏။ အိပ်မက်နှင့် တူ၏။
ဤခရီးစဉ်မျိုးကို ကားဆယ်စီးနှင့် အဘယ်မှာ လဲနိုင်မည်နည်း။
အိပ်မက်မှ နိုးထသောအခါ
ကျွန်တော့်ကျောင်းက သူလိုကိုယ်လို အထက်တန်းကျောင်း တစ်ခုပါပဲ ဟူ၍ သင်တန်းသားမိတ်ဆွေများအား ကျွန်တော် ပြောခဲ့သည်မှာ အမှန်ဖြစ်၏။
အင်္ဂလိပ်ကျောင်း ဟူ၍ အရပ်က ခေါ်သော ရေနံချောင်း အစိုးရ အထက်တန်းကျောင်းကြီးသည် ကျွန်တော် စရောက်သော ၁၉၃၆ ခုနှစ်က ဆိုလျှင် ဘာမျှ ထည်ထည်ဝါ၀ါ မရှိ။ သုံးတန်းမှ ဆယ်တန်းအထိ အခန်းရှစ်ခန်း၊ ဆရာများ၏ အခန်း၊ ဆရာကြီး၏ ရုံးခန်း၊ အားလုံး ဆယ်ခန်းရှိသော တန်းလျားရှည်ကြီးသာ ဖြစ်၏။ ပျဉ်ခင်း၊ သွပ်မိုး၊ ၀ါးထရံကာ ထား၏။ ဆရာကြီး ဦးလှိုင်ဟုတ်က စီမံ အုပ်ချုပ်မှု ကောင်းလှသောကြောင့်သာလျှင် သန့်ရှင်း သပ်ရပ်ပြီး ပန်းခြံများ၊ သစ်ပင်များနှင့် သာယာ လှပနေခြင်း ဖြစ်၏။
ကျောင်းသားတော့ များများမရှိ၊ တစ်ကျောင်းလုံးမှာ နှစ်ရာ (၂၀၀) ပင် မပြည့်။
ဘယ်မှာ ပြည့်နိုင်မည်နည်း။ ဗြိတိသျှ အစိုးရက ကျောင်းလခ ငါးကျပ် ယူစေရန်သတ်မှတ်ထား၏။ ထိုအချိန်က ရွှေတစ်ကျပ်သားလျှင် ငွေသုံးဆယ်ကျပ်မျှသာဖြစ်ရာ ထိုကျောင်းလခ ငါးကျပ်သည် ယနေ့ (၁၉၉၇ခုနှစ်) ငွေကျပ် ၅၀၀၀ နှင့် တူ၏။ ထိုအခါ ငွေကြေး ပြည့်စုံသူများသာလျှင် သားသမီးကို အင်္ဂလိပ်ကျောင်းသို့ ပို့နိုင်တော့၏။
သားသမီး ဆယ်ယောက်မွေးပြီး လုပ်စားကိုင်စား အခြေအနေသာ ရှိသော ကျွန်တော့်ဖခင် ရွှေပန်းထိမ်ဆရာသည် ကျွန်တော်တို့ကို အင်္ဂလိပ်ကျောင်းသို့ မပို့နိုင်ရှာပါ။
ရပ်ကွက်ထဲတွင် ကလေးအများစုသည် စာလည်းသင်ရ၊ ထမင်းလည်းဝ၊ အိပ်စရာ နေရာလည်းရသော ဘုန်းကြီးကျောင်းများသို့ ရောက်၏။ မြန်မာစာဖြင့် သင်သော မြန်မာကျောင်းများက ကျောင်းလခမယူ၊
လစဉ်ရေဖိုး ၂၅ပြား၊ အတန်းကြီးလျှင် ပြားငါးဆယ်လှူပါက ကိစ္စပြီး၏။ ကျွန်တော်လည်းမူလတန်း အရွယ်တွင် ၂၅ပြားတန် မြန်မာကျောင်းသားငယ် တစ်ဦးသာ ဖြစ်၏။ နေ့စဉ် မုန့်ဖိုး တစ်ပြားရ၍ ထိုတစ်ပြားဖြင့် ထမင်းသုတ်/မုန့်ဟင်းခါး ၀ယ်စားနိုင်၏။ နှစ်ပြားရသော နေ့တွင်တော့ အုန်းထမင်းနှင့် အမဲကြော် စားနိုင်၏။ ထိုခေတ်က ဆန်တစ်ပြီ ဆယ်ပြား။
ဆင်းရဲသော်လည်း ပညာရေး ကံကောင်းသော ကျွန်တောသည် ဆရာများ၏ ကျေးဇူးကို အထူး ခံယူနိုင်ခဲ့၏။ မြန်မာကျောင်း စတုတ္ထတန်းတွင် အင်္ဂလိပ်ကျောင်းသို့ ကူးပြောင်းနိုင်သော (ပေါင်းကူး) ဘရစ်ဂ်ျ စကောလားရှစ် စာမေးပွဲကို အောင်၏။ ပညာသင်ဆု လစဉ် ၁၆ ကျပ်ရ၏။အင်္ဂလိပ်ကျောင်း သတ္တမတန်းတွင် ဆယ်တန်းအထိ ဆက်သင်နိုင်သော ဟိုက်စကူး စကောလားရှစ် စာမေးပွဲကို အောင်ပြန်၏။ နှစ်ထပ်ကွမ်း အောင်သဖြင့် ပညာသင်ဆု လစဉ် ၂၂ကျပ် ရ၏။
ထိုအခါ အင်္ဂလိပ်ကျောင်းကြီးတွင် တစ်လ ငါးကျပ်ရသော အိန္ဒိယလူမျိုး မာလီ(ဥယျာဉ်မှူး) နှင့် ရှစ်ကျပ်ရသော မင်းစေ ကာဆိတို့က ကျွန်တော်ကို တွေ့လျှင် ဟေး ချွတ်တား၊ ပိုက်ဆံဝါလား (သူဌေးကလေး) ဟု ခေါ်တတ်၏။ သူတို့သည် ထိုအခါက တစ်လ သုံးကျပ်နှင့် လောက်အောင် စားပြီး ပိုသမျှကို အိန္ဒိယ မိသားစုထံ ပို့သူများ ဖြစ်လေသည်။ သူတို့နှင့် နှိုင်းလျှင်တော့ ကျွန်တော်က သူဌေး။
တန်းလျားကြီးနှင့် တူသော ဤအင်္ဂလိပ်ကျောင်း သို့ပင် ဘီအိုစီစသော ရေနံကုမ္ပဏီများမှ မန်နေဂျာ အကြီးအကဲတို့၏ ကလေးငယ်များ ရောက်နေကြ၏။ ထိုအခါ ကဲနက်၊ ဟင်နရီ၊ ၀ီလီ၊ ဂျက်အိုကော်နာ၊ လီယွန်ဒီဗားရားစသော အင်္ဂလိပ် စကော့ ပြင်သစ် ကျောင်းသားငယ်များ၊ မြို့ထဲမှ အိန္ဒိယ၊ ပန်ချာပီ၊ တရုတ်လူမျိုးစုံ ကျောင်းသားငယ်များသည် ကျွန်တော်၏ သူငယ်ချင်းများ ဖြစ်လာကြ၏။ သူတို့နှင့်အတူ စာသင်ရသဖြင့် ကျွန်တော့် အင်္ဂလိပ်စာ တိုးတက်လာသည်မှာ ငြင်းစရာမရှိ။
သို့သော် စာမေးပွဲ စစ်ပြီဆိုလျှင်တော့ ကျွန်တော့ အင်္ဂလိပ်စာ အမှတ်သည် ၉၀မှ ၉၉အတွင်း၌သာ လှည့်ပတ်နေတတ်၏။ သူတို့ လိုက်မမီနိုင်။ တစ်ချိန်တွင်တော့ အင်္ဂလိပ်ဆရာမကြီး မစ္စစ် သီယိုဖလက်ရှ်သည် ကဲနက်တို့ အုပ်စုကို ကြိမ်းမောင်း၏။ “ဟေ့ မင်းတို့ အင်္ဂလိပ်ကလေးတွေ၊ အိမ်မှာ မွေးကတည်းက အင်္ဂလိပ်လို ပြောလာတဲ့ ကောင်တွေ၊ မြန်မာကလေး တစ်ယောက်က မင်းတို့ထက် အင်္ဂလိပ်စာ အမြဲသာနေတာ မရှက်ကြဖူးလား၊ မင်းတို့ အခုခုံပေါ်တက် မတ်တတ်ရပ်ကြစမ်း” ဟူ၍ ဒဏ်ပေးလေတော့သည်။
ကျွန်တော်ကလည်း သူတို့နှင့် ယှဉ်လျှင် ပုံစံ အတော် ခြားနား၏။ သူတို့က ဘောင်းဘီတို၊ ရှုးဖိနပ်၊ ကျွန်တော်က ချည်ကြမ်းလုံချည်နှင့် ခုံဖိနပ်၊ သူငယ်ချင်းတွေ ပိုရှက်အောင် သခင်ပေါက်စ စတိုင်နှင့် ကျွန်တော် အရွဲ့တိုက်သည် မဟုတ်။ ကျွန်တော် ပညာသင်ဆုငွေ ရနေသော်လည်း အ၀တ်အစားအတွက် မသုံးရက်ချေ။ စားမည့် ပါးစပ်ပေါက် အနည်းဆုံး ---- ရှိနေသည့် ကျွန်တော်တို့ အိမ်တွင် ဆန်အိတ်ထောင်ထားနိုင်ဖို့က ပို၍ အရေးကြီးသည်ကို သူငယ်ချင်းကဲနက်တို့ နားလည်လိမ့်မည် မထင်ချေ။
နှစ်ထပ်ကွမ်း ပညာသင်ဆု ရထားမိသည်ကလည်း ကျွန်တော့်ကို အလွန် ဒုက္ခပေး၏။ ထို့ကြောင့် စတုတ္ထတန်းမှ န၀မတန်းအထိ စာမေးပွဲတိုင်းတွင် ပထမ၊ ဘာသာရပ်တိုင်းတွင် ပထမ၊ သချာင်္သုံးဘာသာတွင် အမှတ် ၃၀၀ ပြည့်၊ ထိုစံချိန်ကို လောဘကြီးစွာ ခိုင်မာစွာ ကျွန်တော် တင်ထားခဲ့ရ၏။
ထိုအချိန်က ပညာသင်ဆု ဟူသည် ဗြိတိသျှတို့က တိုင်းတစ်တိုင်းတွင် တစ်ဦးမျှသာ အလွန်နှမြောစွာ ပေးထား၏။ အတန်းထဲတွင် သူလိုကိုယ်လို စာသင်ရာမှ ထိုအထူး စာမေးပွဲများကို ကျောင်းက ရွေးလွှတ်သဖြင့် ၀င်ဖြေရသော်လည်း ကျွန်တော် ဘယ်လို အောင်လာမှန်းမသိ၊ သတ္တမတန်းတွင် ၀င်ဖြေစဉ်က တစ်ပြည်လုံးတွင် ကျွန်တော် ဒုတိယ ရသည်ဟု ဆရာကြီးက ကျောင်း အစည်းအဝေးကြီးတွင် ချီးကျူးပြော၏။ ဆက်လက်၍ ဆယ်တန်းတွင် တက္ကသိုလ်ပညာသင်ဆု (ကျွန်တော့်အဖို့  သုံးထပ်ကွမ်း) ရရှိအောင် ကြိုးစားဖို့ ဆရာကြီးက အားပေးစကား ပြော၏။ (ထိုစဉ်က ဂုဏ်ပြုပွဲတွေ ဘာတွေ လုပ်လေ့မရှိ။)
ဆရာကြီးသည် ကျွန်တော်၏ နွမ်းပါးမှုကို အတော်အသင့် သိ၏။ ဆရာကြီး စကားပြောနေစဉ် ကျွန်တော်ဆိုသော ဆယ့်သုံးနှစ်ဝင် ရယ်စရာ သတ္တ၀ါလေးက ငါ တက္ကသိုလ်ရောက်ရင် ရတဲ့ ပညာသင်ဆုနဲ့ လောက်ပါ့မလား၊ မိဘတွေဆီ ဘယ်လောက်ပြန်ပို့နိုင်မလဲ၊ ရန်ကုန်မှာ တက္ကသိုလ်တက်ရင်း အလုပ်တစ်ခု နှစ်ခုတော့ ရှာမှပဲ ဟူ၍ ဖြစ်၏။ ယုန်မရ ခင် သံပုရာ ရှာနေသော ကျွန်တော်…
ကြံစည် ကြိုးစားသော်လည်း ကုသိုလ်ကြမ္မာ မမှီပါ၍ ရန်ကုန် တက္ကသိုလ်နှင့် ကျွန်တော်သည် ဖူးစာမဆုံခဲ့ချေ။
ကျွန်တော် ဆုံသည်မှာကား ဒုတိယ ကမ္ဘာစစ်ကြီး။
ကျွန်တော်တွင်မက မြန်မာတစ်ပြည်လုံး တစ်ကမ္ဘာလုံး ဆုံရသော စစ်ကြီး။
အမေရိကန်၊ ဗြိတိသျှ၊ ဆိုဗီယက်၊ ထိပ်ထိပ်ကြဲတွေလည်း ဤစစ်ကြီး၌ အလူးအလဲ ခံရလေသည်။ ဖိလစ်ပိုင်မှ ပုလဲဆိပ်ကမ်း ခံတပ် ကျဆုံးသွား၏။ စင်ကာပူ ခံတပ် ကျဆုံးသွား၏ အနောက်ဥရောပတွင် ဂျာမနီ၊ အီတလီတို့ လွှမ်းမိုးသလို အရှေ့အာရှတွင် ဂျပန်တို့ လှိမ့်ဝင်လာ၏။ ဗြိတိသျှများ မြန်မာပြည်မှ ထွက်ပြေးရလေသည်။
၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ၊ ကျွန်တော်တို့ န၀မတန်း စာမေးပွဲကြီး စစ်ခါနီးတွင် ကျောင်းရှေ့ ကားလမ်းမပေါ်၌ စစ်ပြေး ကားကြီးများ နေ့ရောညပါ တ၀ီဝီ ဆူညံနေ၏။ ရေနံချောင်း တစ်မြို့လုံး စစ်လမ်းမှ လွတ်အောင် အဝေးသို့ ပြေးရှောင်ကြရ၏။ နောက်မကြာမီ ရေနံမြေနှင့် ရေနံချောင်းမြို့မှာ မီးဟုန်းဟုန်းတောက်လောင် သွားလေသည်။
ဤတွင် ကျွန်တော်တို့ မိသားစု ပြေးသည်မှာ မြစ်အနောက်ဘက်ကမ်း စလင်းမြို့ ၊ ကျွန်တော့်မိဘနှင့် ဘိုးဘွားများ ဇာတိ ချက်မြှုပ်ဖြစ်သည့် စလင်းမြို့။ ကျွန်တော့်ဘ၀သင်ခန်းစာ တစ်ခုပြီး တစ်ခု ပို့ချပေးတော့မည့် ကျွန်တော် တက္ကသိုလ် စလင်းမြို့ ဖြစ်ပါ၏။
တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန်
ဤစစ်ပြေးကာလနှင့် ဂျပန်ခေတ် (၁၉၄၂-၄၅) သည် မိသားစုပေါင်း များစွာအား ဒုက္ခပေးခဲ့ လေသည်။ စာရေးဆရာ သိပ္ပံမောင်ဝ (အရေးပိုင် ဦးစိန်တင်) ကဲ့သို့သော အဖိုးတန် ပညာရှင်များသည် စစ်ပြေးရင်း လူဆိုးတို့၏ သတ်ဖြတ်ခြင်း ခံရ၏။ ရေနံချောင်းမှ ကျွန်တော့် သူငယ်ချင်းများ၊ အိမ်နီးချင်း မိသားစုများ ကြေကွဲဖွယ်ရာ အသက် ဆုံးရှုံးကြရသည်ကို သတင်းကြား၏။
ကျွန်တော်တို့ မိသားစုတွင် မိခင်နှင့် ကလေးငယ်များကို စလင်းသို့ ကြိုတင် ပို့လွှတ်ထားခဲ့မိသည်မှာ ကံကောင်းလှ၏။ ဖခင် ကျွန်တော်နှင့် အစ်ကို ၀မ်းကွဲ တစ်ဦးက အိမ်ထောင်ပစ္စည်းများ၊ ပန်းထိမ်ဖိုကိရိယာများ သယ်ယူကာ လှေလည်း အဆင့်ဆင့်ကူးကာ တဖြည်းဖြည်း ရွှေ့ပြောင်းလာခဲ့၏။
ထိုစဉ်က ဖခင်၏ လက်ထဲတွင် ငွေကျပ် တစ်ရာခန့်သာ ရှိလေသည်။ ရွှေစိန် အဖိုးတန် ဘာမျှမပါ။ သို့သော် လူဆိုး ဓားပြများက ယုံပါမည်လား။ မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့မှာ ဘာမျှအန္တရာယ် မကြုံရချေ။ ဤသည်မှာ ကျွန်တော်တို့ ပြေးရာလမ်း တစ်လျှောက် ရွာများအားလုံးတွင် ကျွန်တော်တို့၏ ဆွေမျိုး နီးနီးဝေးဝေးများ မရေတွက်နိုင်အောင် ရှိနေ၍ ဖြစ်၏။ တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန် ကာလ၀ယ် ဤဆွေမျိုးများ ခြုံ၍ ကျွန်တော်တို့ဘ၀ လုံနေခဲ့လေသည်။
ရွာတစ်ရွာတွင် ဖခင်၏ တူ ရွာခေါင်းဆောင်တစ်ဦး၏အိမ်၌ ကျွန်တော်တို့တည်း၏။ တည်းရုံမျှမက
နှစ်လခန့် ရပ်နားပြီး ပန်းထိမ်ဖိုဖွင့် အလုပ်လုပ်ခဲ့ရသေး၏။ အပြေးအလွှား ခေတ်ကြီးအတွင်းမှာပင် ရွှေစုတတ်သော မြန်မာ့စရိုက်အတိုင်း အလုပ်အပ်ချင်သူများက ရှိနေ၏။ ဖခင်မှာလည်း လမ်းစရိတ်လိုနေသဖြင့် အပ်သူရှိလျှင် လက်ခံ လုပ်ပေးရမည်သာဖြစ်၏။
ဤတွင် ဖခင်၏ တူက တစ်နေ့သ၌ ကျွန်တော့်ကို ရယ်ရယ်မောမော ပြော၏။ ဟေ့ ညီလေး မင်းတို့ စလင်းရောက်လဲ ငါတို့ရွာတွေကို အမြဲလာကွ၊ မင်းအဖေက အသက်ကြီးပြီဆိုတော့ မင်းပဲလာရမယ်၊ တစ်ယောက်တည်း ဖြစ်ပစေ နေ့နေ့ညည အချိန်မရွေး ရဲရဲလာ၊ ဘယ်သူ့တွေ့တွေ့ ကျွန်တော် ဓားဖိုးကောင်း ညီပါ လို့ ပြောလိုက်၊ ဟုတ်လား ဟား ဟား ဟား
ဤအစ်ကို ဓားဖိုးကောင်းကို ကျွန်တော် အံ့သြ၏။ အသက် ၄၀ခန့်၊ သူသည် ၁၅နှစ်သား ကျွန်တော်နှင့် ဗလချင်း မတိမ်းမယိမ်း၊ သူက အသားဖြူပြီး ဇာတ်မင်းသားလို ချောလိုက်သေး၏။ ဤသူကို လူဆိုးလူသွမ်းများက ကြောက်လှပါသည် ဆိုခြင်းမှာ ယုံချင်စရာ မဟုတ်။
သို့သော် ၀တ္ထု အရူးအမူး ဖတ်သူ ကျွန်တော်သည် ဆရာကြီး ပီမိုးနင်း၏ သူရဲကောင်း သုံးယောက်မှ တောသား ဓားသမားကလေး ဓားတညံ ကိုသတိရပြီး အစ်ကို ဓားဖိုးကောင်းကို လက်ခံ ယုံကြည်မိ၏။ ဧရာဝတီ မြစ်အတွင်း ကျွန်းထဲ ကိုင်းထဲ ဒေသ၊ ထို့နောက် မြစ်ရိုးတစ်လျှောက်၊ စလင်းချောင်း မုန်းချောင်းတစ်တန်း၊ ဤနေရာအားလုံး၌ ဓားဖိုးကောင်းလို ကျွန်တော့် အစ်ကို ဦးလေး ဦးကြီး များစွာ ရှိနေသည်။
စင်စစ် ကျွန်တော့ဖခင်ရော မိခင်ပါ ဤစလင်းဇာတိ ဖြစ်၏။ ဘိုးဘွားများလည်း စလင်းဇာတိဖြစ်၏။ စလင်းမြို့ ဆေးရုံဟောင်း အနီးနှင့် ခြောက်ဆူဘုရား ၀န်းကျင်သည် မိဘဘိုးဘွားများ၏ ချက်မြှုပ်ရာဟု မိခင်ထံမှ နောင်အခါ သိရ၏။
တကယ်တော့ မိဘများမှာ စစ်ပြေးလာသည်နှင့်ပင် မတူ။ ရေကြည်ရာ မြက်နုရာ ရေနံချောင်းသို့ သွားရောက် အလုပ် လုပ်နေရာမှ ယခု ဇာတိမွေးမြေသို့ ပြန်လာခြင်းနှင့် တူ၏။ ရေနံချောင်းတွင် ငြိမ်ကုပ်နေရသော မိခင်သည် စလင်းတွင် ဟိုသွား ဒီသွား ဆွေမျိုးများ အကြား သွက်လက် ရွှင်လန်းစွာ လှုပ်ရှားနေ၏။
ရေနံချောင်း၊ ရေနံတွင်းများ အကြား၊ တွင်းကုန်း၌ မွေးသော ကျွန်တော်က မိမိဇာတိကို သူများနည်းတူ ချစ်တတ် လွမ်းတတ်သူ ဖြစ်ပါ၏။ ငယ်ကကျွမ်းမို့ လွမ်းစရာတွေလည်း ရှိပါ၏။ သို့သော် ခေတ်ကြမ်းကြီးတွင် လွမ်းမနေအားချေ။ အစ်ကိုများ၊ အိမ်ထောင်ခွဲသွားပြီ ဖြစ်ရာ အိမ်တွင် မိဘနှစ်ပါးသည် ကျွန်တော့် မျက်နှာကိုသာ ဖိုးလမင်းပမာ တကြည့်ကြည့် ကြည့်နေတတ်၏။ ကျွန်တော်ကလည်း မိဘမျက်နှာကို ကြည့်ရပေလိမ့်မည်။ ထိုကြောင့် မိခင် ဖခင်တို့ စလင်းတွင် ပျော်သည်ကို မြင်လျှင် ကျွန်တော်လည်း ၀မ်းသာ ပျော်ရွှင်ပါ၏။
မိခင်သည် (မောင်နှမ ငါးဦးတွင် အထွေးဆုံးဖြစ်၍) ဒေါ်ခင်မထွေးဟု အမည်ရှိ၏။ သို့သော် တစ်မျိုးလုံးက ဒွေး ဟုခေါ်၏။ အလွန်ရှေးဆန်သော စလင်းမြို့တွင် ဤသို့ အလွန်ခေတ်ဆန် ကဗျာဆန်သော အခြား တစ်လုံးတည်း နာမည်ရှင်များ ရှိသေး၏။ ရေး၊ ခါ၊ ညှာ၊ ၀ ၊ လုံး။
မိခင် ဒွေးသည် အလွန် မှတ်ဉာဏ်ကောင်းသူ၊ စကားပြော ကောင်းသူ ဖြစ်လေသည်။ ဒွေးကို အမျိုးရွာတိုင်းက မျှော်နေတတ်၏။ ဒွေးလာလျှင် တစ်ရွာလုံး သူ့စကားဝိုင်းမှ မထနိုင်ကြတော့ချေ။ ရေနံချောင်းတွင် ကျောင်းစာဖြင့် လုံးနေခဲ့ရသော ကျွန်တော်သည် စလင်းသို့ ရောက်ပြီး ဤစကားဝိုင်းမှတစ်ဆင့်သာ မိဘဘိုးဘွား ဆွေးမျိုးများ၏ အစဉ်အဆက်ကို သိလာရ၏။ မိခင် ဖခင်တို့ ဘာကြောင့် စလင်းအား ချစ်သည်ကိုလည်း သိလာရ၏။ မိဘတို့ ချစ်သော မိခင် အလွန်ပျော်သော စလင်းကား ရေနံချောင်းထက် တွယ်တာစရာတွေ များလှချေ၏။
စလင်းမြို့ ဈေးချို-မြင်တင်၌ ဆွေမျိုးများ အကူအညီဖြင့် ခြံကျယ်တစ်ခု အတွင်း အိမ်ဆောက်၊ ပန်းတိမ်ဖိုဖွင့် အခြေစိုက် နိုင်ခဲ့ကြ၏။ ထို့နောက်တော့ ကျွန်တော်သည် အင်္ဂလိပ်ကျောင်းကို မေ့ထားလိုက်၏။ ဖခင်နှင့်အတူ ရွာစဉ် ရွာရိုးလျှောက်ကာ ပန်းထိမ်လုပ်ငန်း၊ အဆင်သင့်လျှင် ပဲ၊ပြောင်း၊ ဆေးများ လှည်းနှင့်တိုက်ကာ အရောင်းအ၀ယ်လုပ်ငန်း၊ ကြုံသလို လုပ်ကြ၏။ ငါးမျက်နှာ ကန်အနီးမှ သဲဆပ်ပြာများ သယ်ပြီး ဆပ်ပြာ ချက်ဖူး၏။ ဆပ်ပြာထဲတွင် အမွှေးထည့်ရန် ခရေပွင့်များမှ အမွှေးဆီ ထုတ်ကြည့်ဖူး၏။ ပဲမျိုးစုံနှင့် ဘီစကစ် ပုံစံမုန့်များ ဖုတ်ရောင်းဖူး၏။
စလင်းတစ်ခွင် လုပ်ငန်းစုံဖြင့် ခရီးသွားရင်း အစ်ကို ဓားဖိုးကောင်းတို့ ရွာများ၊ အခြားရွာများ အားလုံးတွင် ကျွန်တော့ ခြေရာများ ထပ်လျက်ရှိ၏။ ဂျပန် တစ်ခေတ်လုံး ကြောက်ရမှန်း မသိ၊ တစ်ယောက်တည်း ခရီးသွားတတ်လာ၏။ တောအုပ်များအတွင်း၊ လယ်ကွင်းများအတွင်း၊ နွားကျောင်းသားတွေ လို သီချင်း အော်ဆိုတတ်လာ၏။ ရွာအသီးသီးတွင် ရံဖန်ရံခါ လေးငါးည အိပ်ရ၏။ ထိုအခါ အစ်ကို အစ်မ ဦးလေး ဦးကြီး တို့၏ လယ်ယာတွင် ၀င်၍ ထွန်ယက်၏။ ရာသီအလိုက် ကောက်စိုက် ပျိုးနှုတ်၊ အာလူး ကြက်သွန်ဖော်၊ သရက်သီးခူး၊ စပါးနယ်၊ ကောက်လှိုင်းတိုက်၊ တစ်ခါတစ်ရံ တောတက်၍ သစ်ခုတ် ၀ါးခုတ်၊ တောအလုပ် အားလုံး မလုပ်ဖူးသည် မရှိတော့ချေ။
တလင်းထဲတွင် ကောက်ရိုးပုံကို အိပ်ရာပြုခဲ့သော ညများ၊ လသာသာ တောစခန်းတွင် ချမ်းချမ်း အေးအေး မီးပုံဘေး အိပ်ရသောညများ၊ ကျွန်းထဲကိုင်းထဲ ယမုန်နာ သီတာသောင်ခြေဦးမှာ အိပ်ရသော ညများ အားလုံးကို ကျွန်တော် မမေ့နိုင်။ လူငယ်ဘ၀ အပျော်ဆုံး အလွတ်လပ်ဆုံး အချိန်များ ဖြစ်သည်ထင်၏။
တောမှ အစ်ကို အစ်မများက ကျွန်တော့်ကို အံ့သြ၏။ ထိုအချိန်က ဆွေမျိုးအားလုံးထဲတွင် တစ်ဦးတည်းသော ပညာသင်ဆုရ နာမည်ကြီး အင်္ဂလိပ်ကျောင်းသား ကျွန်တော့်အား စတိုင်ထွားထွားနှင့် မြို့သား မိုးကျရွှေ ကိုယ်ကလေး ဖြစ်လိမ့်မည်ဟု သူတို့မျှော်လင့်ထား၏။ သူတို့လို အကြမ်းပတမ်းခံနိုင်သူ၊ တောကိုချစ်သူ၊ တောမှာ ပျော်နိုင်သူ ဖြစ်မည် မထင်ခဲ့။
“ကိုသောင်းရယ်၊ မင်းတို့တောမှာပဲ နေပါတော့လား၊ ကျောင်းဖွင့်ကွာ၊ ခြံတွေ စိုက်ကွာ၊ မင်းတစ်သက် မဆင်းရဲစေရဘူး၊ အဲ တို့တောက အပျိုချောကလေးတွေလည်း အထင်မသေးနဲ့ဟေ့၊ ရိုးရိုးအေးအေး နေပေမယ့် ပစ္စည်းရှိတယ်ကွ။ မင်းကြိုက်တာရွေး၊ ဒါမှမဟုတ် တို့ရွေးပေးမယ် ဟားဟားဟား”
သူတို့ပြောရင်း ရယ်သလို ကျွန်တော် ရောရယ်ခဲ့ရ၏။ အလွန်ခင်တတ် မင်တတ် သံယောဇဉ်ကြီးတတ်သော ဆွေမျိုးများပါတကား။ သို့သော် သူတို့ဆွဲရာသို့ ကျွန်တော်လိုက်မသွားမိချေ။ “မှားပါတယ် ကိုသောင်းရယ်”ဟု သူတို့ တစ်သသ ပြောနေရစ်ကြလိမ့်မည်။
စလင်းမှာ ကျွန်တော် ပျော်သည်ကတော့ မှန်၏။
လက်မြောက်သော ဖခင်က တယောဟောင်း ကိုယ်ထည်ချည်း တစ်လက် တွေ့သောအခါ ကျွန်တော့်အတွက် ပြင်ဆင်မွမ်းမံ၊ ဘိုးတစ်ချောင်းပါ လုပ်ပေး၏။ မြင်းမြီးမရှိ၊ ပိုက်ဆံလျှော်များဖြင့် ဘိုးကြိုးလုပ်ထိုးရ၏။ ကျွန်တော် ကျောင်းသားဘ၀က ပန်းထိမ်လုပ်သားတစ်ဦး၏ တယောကို ကိုင်ကြည့်မိသောအခါ ဖခင်က ဟန့်တားခဲ့၏။ ‘ အခု မကိုင်နဲ့ဦး၊ တက္ကသိုလ်ရောက်မှ မင်းလုပ်ချင်ရာလုပ်’ ဟု ဆိုခဲ့၏။
ကျွန်တော် ယခု ဂျပန်ခေတ် စလင်း တက္ကသိုလ်ရောက်နေပြီလေ။ တယောကိုင်နိုင်ပြီပေါ့။
ကျွန်တော် ကံကောင်းသည်မှ စလင်းတွင် ထိုအချိန်က တယောဆရာများစွာ ကြုံဆုံရောက်ရှိ ရင်းနှီးခဲ့ရခြင်းဖြစ်၏။ ဦးထွန်းစိန်ကြီး(မောင်မောင်လတ်(နောင်)၏ ဖခင်) သည် တယောဝိဇ္ဇာဖြစ်၏။ ရွှေပန်းထိမ် ဆရာများဖြစ်သော ဦးခိုင်စိန်၊ ကိုစိန်လေးတို့မှာလည်း လက်သံနွဲ့နွဲ့နှင့် အလွန်ချွဲ၏။ ဆံပင်ညှပ်သူ ကိုအံကြည်ဆိုလျှင် လက်ညှိုးလက်ခလယ်နှစ်ချောင်းတည်းနှင့်ပင် တယောသံကောင်းလှသူဖြစ်၏။
မြန်မာဝတ္ထု၊ အင်္ဂလိပ်ဝတ္ထုကြီးများကို ၆ တန်းကတည်းက စဖတ်ပြီး စိတ်ကူးအလွန်ယဉ်သော ကျွန်တော်တွင် အိပ်မက်ပေါင်းများစွာ ရှိနေခဲ့လေသည်။ တယောထိုးချင်သောအိပ်မက်၊ တောင်တက်ချင်သော အိပ်မက်၊ မြန်မာပြည်အနှံ့၊ ကမ္ဘာအနှံ့သွားပြီး စာရေးချင်သောအိပ်မက် စသည် စသည်များဖြစ်၏။
တယောအိပ်မက်ကို ထူးထူးဆန်းဆန်း ကျောင်းစာမေးပွဲအခန်းထဲမှာ ရခဲ့၏။ ကျွန်တော် စာမေးပွဲဖြေတိုင်း ကျောင်းတောင်ဖက် ကုန်းမြင့်ပေါ်မှ အိမ်ကြီးဆီက စန္ဒယားသံ ထွက်ပေါ်လာလေ့ရှိ၏။ ဘယ်သူတီးမှန်းမသိ။ ထိုလက်သံရှင်ကို ကျွန်တော် အလွန်ကျေးဇူးတင်၏။ စန္ဒယားစမ်းသံ နားဆင်ရင်း စာမေးပွဲဖြေရသည်မှာ လွန်စွာလက်တွေ့လှပါ၏။
သို့သော် ကျွန်တော်ကိုယ်တိုင်တော့ စန္ဒယားမတီးချင်။ စန္ဒယားသည် ဧည့်ခန်းတွင် အခန့်သား ထိုင်၍ တီးရသောပစ္စည်း၊ သူ့ဆီ တီးသူက သွားရသည့် ပစ္စည်း၊ ဟန်ကြီးပန်ကြီးနိုင်၏။ ကျွန်တော့်လို ခြေသလုံးအိမ်တိုင်သမားနှင့် မအပ်စပ်။ သွားချင်ရာ ယူသွားနိုင်သော တယောပြားပေါ့ပေါ့ကလေးကို ကျွန်တော်ကိုင်မည်။ ထို့နောက် စန္ဒယားတီးသူနှင့်တွေ့လျှင် တယောသံနွဲ့နွဲ့ကလေးနှင့် ကပ်လိုက် ခွာလိုက် ဂီတသံစဉ်များ နှီးနှောမည် ဟူသော အိပ်မက်ဖြစ်၏။
ယင်းသို့ဖြင့် လသာသော၊ လမှောင်သော စလင်းညများတွင် ကျွန်တော် တယောကိုင်ဖြစ်လေသည်။ အုတ်တံတားမှ ကိုအောင်၊ ကိုလူလေး၊ ကိုထွန်း၊ ပန်းထိမ်တန်းမှ ကိုဖေအောင်၊ သူတို့နှင့် ကျွန်တော်သည် ဘင်ဂျို၊ မယ်ဒလင်၊ တယောသီချင်းသံများဖြင့် ဈေးချိုတစ်ရပ်ကွက်လုံး လမ်းစုံလျှောက်ကာ နားသောတ ဆင်စေခဲ့၏။ နောက်ပိုင်းတွင် ဆင်ဖြူကျွန်း ဂီတသမားများနှင့်လည်း သိကျွမ်းခင်မင်လာ၏။ ပြည်လှဖေ၏ ‘သက်ဝေ’ သီချင်းကို စန္ဒယားနှင့် တယော တွဲတီးရသည့်အခါ အိပ်မက်မက်ခဲ့သလို ငြိမ့်ညောင်းသာယာသည့် ဂီတယဉ်ကျော နစ်မျောနေခဲ့ရ၏။
ဈေးချိုရပ်ကွက်အတွင်း ဦးစိန်ခိုင်တို့ ဦးစီးသော ဗုဒ္ဓဝေယျာဝစ္စအသင်းက စလင်းဘုရားစေတီအနှံ့ သီတင်းနေ့တိုင်း ဆွမ်းကပ်လှူပွဲ ကျင်းပရာတွင်လည်း ကျွန်တော်တို့ တယောဝိုင်းများက ဂီတဖြင့် လုပ်အားလှူခဲ့ကြ၏။ ဈေးအနောက်ပိုင်း မြို့ထဲပိုင်းတွင်လည်း တယောကိုအံကြည်တို့အဖွဲ့က ကျွန်တော်တို့ ဈေးချိုနှင့်အလားတူ ဆောင်ရွက်ကြ၏။ ဤသို့သော ဆွမ်းကြီးခံ ဆွမ်းကပ်အဖွဲ့များ၏ သာယာသောတယောဝိုင်း ဂီတမျိုးကို အခြားမည်သည့် မြို့နယ်တွင်မှ ကျွန်တော် မကြုံဆုံခဲ့ဖူးချေ။
ဂျပန်ခေတ်နှောင်းပိုင်းတွင် နောက်ထပ် အိပ်မက်တစ်ခုကိစ္စ ပေါ်လာပြန်၏။
တောင်များကိုတက်ချင်သော (သာမန်အားဖြင့် အဓိပ္ပာယ်မရှိ ကိုယ့်ဒုက္ခကိုယ်ရှာသော) အိပ်မက်ဖြစ်လေသည်။ ယင်းအိပ်မက်အရ ရခိုင်ရိုးမကိုကျော်၍ မင်းဘူးမှ အမ်းမြို့သို့ လမ်းဖောက်လုပ်နေသော ချွေးတပ်အလုပ်စခန်းတွင် ကျွန်တော် သွားရောက်လုပ်အားပေးခြင်းဖြစ်၏။
ဂျပန်ခေတ် မော်လမြိုင်-သံဖြူဇရပ်မှ ကမ္ဘာကျော် မီးရထားလမ်း ချွေးတပ်စခန်းအကြောင်း ကြားဖူးကြလိမ့်မည်။ (ဟောလီးဝုဒ်မှ ရုပ်ရှင်ဇာတ်ကားရိုက်ထား၏။) ထိုစခန်းတွင် မဟာမိတ် ဗြိတိသျှသုံ့ပန်းများ အပါအ၀င် လူပေါင်း သိန်းနှင့်ချီ၍ သေကြေပျက်စီးခဲ့၏။ မင်းဘူး-အမ်းလမ်းမှာ ထိုမျှတော့ မဆိုးဝါး။ သို့သော် အသေအပျောက်မနည်းလှ၍ မည်သူမျှ မသွားချင်။
မြို့နယ်တာဝန်တစ်ခုခု လုပ်နေသူဖြစ်လျှင် ချွေးတပ်မှ ကင်းလွတ်ခွင့်ရှိ၏။ ကျွန်တော်က မြို့လုံခြုံရေး ၀ါးချွန်တပ်၊ တနင်္လာနေ့ည ကင်းစိတ်မှူးဖြစ်၏။ သို့သော် သွားချင်စိတ်ရှိ၍ ထလိုက်သွားခဲ့လေသည်။ မောင်မောင်လတ်(နောင်)၏ ဦးလေးတစ်ဦးလည်း ကျွန်တော်နှင့်အတူ ပါ၏။ကျွန်တော်တို့က ပညာတတ်များဖြစ်၍ ပေါက်တူးကိုင်သူ ချွေးတပ်သားတော့ မလုပ်ရ။ စခန်းမှူးအဖြစ် တာဝန်ထမ်းရလေသည်။
ကျွန်တော့်စခန်းအမည်မှာ ‘တောင်စောက်’ ဖြစ်၏။ ကျွန်တော့်စိတ်ကြိုက် အဝေးဆုံး စခန်းဖြစ်ပြီး တောင်ထိပ် နတ်ရေကန်၊ ထုံးကြီး စသည်တို့ကို ကျော်လွန်သွား၏။
ကျွန်တော်အုပ်ချုပ်ရသည်မှာ ချွေးတပ်သား(သုံးဘွန်တိုက်) လူ ၃၀၀ ဖြစ်လေသည်။ သူတို့၏ နေ့တွက်လစာကိစ္စ၊ စားဝတ်နေရေး၊ ကျန်းမာရေး။ လူမှုရေးကိစ္စတို့မှာ ကျွန်တော့်တာဝန်ဖြစ်၏။ အသက် ၁၈နှစ်ပင် မပြည့်သေး၊ ကိုယ့်ကိုယ်ကိုပင် မအုပ်ချုပ်တတ်သော ကျွန်တော်က တပ်သား ၃၀၀ နှင့် လမ်းတာဝန်ခံ ဂျပန်လက်နက်ကိုင် ၅ဦးအား စီမံအုပ်ချုပ်နိုင်ဖို့ ဘယ်မှာ လွယ်မည်နည်း။
စခန်းမှူး ကျွန်တော့်တဲကလေးမှာ ၀ါးတောကြီးအတွင်း တောင်ထိပ်တစ်ခုပေါ်မှာရှိ၏။ နေမြင် လမြင် အလွန်လှပခမ်းနားသော ရခိုင်ရိုးမ ရှုခင်းကလည်း ရင်သပ်ရှုမောဖွယ် ဖြစ်ပါ၏။ စိမ့်စမ်း ရေတံခွန်များ နှင့် လွန်စွာသာယာ၏။ ကျွန်တော့် တဲကလေးကို ‘ဝေဠုဝန်’ ဟု အမည်ပေးထား၏။
ဤပတ်ဝန်းကျင်တွင် ဂျပန် ၅ဦးနှင့် ကျွန်တော် မကြာခဏ ရန်ဖြစ်နေရလေသည်။ ကျွန်တော်က စာပေဟူသမျှ လေ့လာသူဖြစ်၍ ဂျပန်စာ၊ စကား။ အတန်အသင့် နားလည်နေ၏။ သူတို့အော်လျှင် ကျွန်တော်ကလည်း တတ်သမျှ ပြန်အော်၏။ အော်ရခြင်းအကြောင်းမှာ နေပူမိုးရွာ တပ်သားများ ပင်ပန်းဆင်းရဲလှ၍ ဖျားနာနေကြပြီး အများစုမှာ ပြေးချင်လှပြီ၊ ကြာရှည် ကျွန်တော် မထိန်းနိုင်။
မကြာမီ ငပြယ်စခန်းချုပ်မှ ဂျပန်ဗိုလ်ကြီးတစ်ဦး ဆင်းလာလေသည်။ သူက ဖြူဖြူမြင့်မြင့်၊ ပညာတတ်ဟန် ယဉ်ကျေး၏။ ကျွန်တော့်တဲအတွင်း သူဝင်ထိုင်ပြီး အေးအေးဆေးဆေး စကားပြော၏။ ဂျပန်တစ်ဝက်၊ အင်္ဂလိပ်တစ်ဝက် လေပေးဖြောင့်သလိုရှိ၏။ ကျွန်တော်ရှင်းပြသည်များကို သူက နားထောင်၏။ ထို့နောက် ကျွန်တော့်ဝါးစားပွဲကလေးပေါ်မှ ဒိုင်ယာရီလိုလို စာအုပ်ကလေးမြင်ပြီး သူခွင့်တောင်း ယူကြည့်၏။
စာအုပ်တွင် ကျွန်တော် တောတောင် ပန်းချီကားများ ခဲနှင့် ပုံကြမ်းလောင်းထား၏။ ကိုယ့်ဘာသာကိုယ်ပို့သောမဲဇာမှ မိဘကိုလွမ်းလွမ်းနှင့် ကဗျာအတိုအစအချို့ ဖွဲ့ထား၏၊ ထို့နောက် ဂျပန်စာအချို့ရှိ၏။ ဂျပန်ဗိုလ်က ဂျပန်စာများကိုဖတ်ပြီး မျက်လုံးဝိုင်းကြည့်နေလေသည်။
ပြည်လှဖေ၏ ‘သက်ဝေ’ သီချင်းမှ ‘ဓူဝံကြယ်မြေမှခကြွေ’ အပိုဒ်ကို ဂျပန်စာ(ကတခန) ဖြင့် ကျွန်တော်စမ်းသပ် ဘာသာပြန်ထားချက်များဖြစ်၏။ ကြယ်မြင်၊ လမြင် ဤတောင်ထိပ်ပေါ်တွင် ညအခါ လွမ်းစရာကောင်းလှသဖြင့် ဤသီချင်းကို အစဉ်လိုလို ကျွန်တော်ညည်းမိခဲ့လေသည်။
သီချင်းအကြောင်း ကျွန်တော်ပြောပြသည်ကို ဂျပန်ဗိုလ်က ပြုံးပြုံးနှင့်နားထောင်ပြီး နှုတ်ဆက်ပြန်သွား၏။ သူက ဘာတွေအမိန့်ပေးထားခဲ့သည်မသိ။ လမ်းတာဝန်ခံ ၅ ဦးသည် ကျွန်တော်ပြောလျှင် ဘာကိုမျှ မငြင်းတော့ချေ။ ထိုအခါ ကျွန်တော်နှင့် စလင်းသား တပ်သားနှစ်ဦးသည် အမ်းမြို့သို့ဆင်းပြီး တပ်သားအားလုံးလိုချင်နေသော ဆေးလိပ်များ၊ စားစရာအချိုအချဉ်များ၊ ဆေးဝါး စသည်များ ၀ယ်ယူကြ၏။ မကြာမီ ရန်ကုန်မှ ဒေါက်တာ ဦးရွှေသွင် တောင်ပေါ်တက်လာ၏။ ‘အမယ်လေးဗျာ၊ တစ်လမ်းလုံး ငရဲပါပဲ။ ခင်ဗျားစခန်းမှာတော့ သာသာယာယာပါကလား’ ဂျပန် ၅ ဦးက ငါးကြော်များ၊ ဂျပန်ဟင်းများနှင့် ဧည့်ခံကျွေးမွေးသည်ကို အားပါးတရစားရင်း သူကပြော၏။
ဒေါက်တာနှင့်ကျွန်တော် တိုင်ပင်ပြီး ငှက်ဖျားစွဲစ တပ်သား ၂၀ ခန့်ကို ဆေးစာပေးကာ တောင်အောက် အိမ်ပြန်လွှတ်လိုက်ကြလေသည်။
ဤချွေးတပ်စခန်းအကြောင်း စာတစ်အုပ်သီးသန့် ဖွဲ့လောက်၏။ သို့သော် ကျွန်တော် မရေးချင်။ လူ့လောကကား ဒုက္ခအတိမျှသာတည်းဟူသော တရားကို ဤတောင်ပေါ်တွင် ကျွန်တော် လက်တွေ့ မျက်မြင်ကြုံခဲ့သည်ဟု အတိုချုံးလိုသည်။
ထိုအချိန်တွင် မဟာမိတ်လေယာဉ်များသည် တောင်ပေါ်စခန်းများကို ကောင်းကင်မှ မကြာခဏ ၀ဲကြည့်နေလေပြီ။ နောက်ပိုင်း ဗုံးကြဲတိုက်ခိုက်သောအခါတွင်မူ ကံအားလျော်စွာ စခန်းတွင် ကျွန်တော်မရှိ။ ကိုယ်တိုင် တောင်ပေါ် ငှက်ဖျားမိကာ စလင်းသို့ ပြန်ရောက်ဆေးကုနေ၏။ တောင်ပေါ်သို့လည်း ပြန်မတက်ဖြစ်။ ဂျပန်များ ပြေးဖို့ပြင်နေသောအချိန်တည်း။
စလင်းမြို့ကိုလည်း မဟာမိတ်လေယာဉ် ၄ စင်းက ၀ဲကာပတ်ကာ ဗုံးများ အတွဲလိုက် ဖြုတ်ချ တိုက်ခိုက်၏။ စက်သေနတ်များ ဆွဲ၏။ ရပ်ကွက်အချို့ မီးလောင်၏။ ဗုံးခိုကျင်းထဲမှ အားလုံးကို ကျွန်တော်တို့ မြင်နေကြ၏။ ဂျပန်ကို တိုက်ခြင်းဖြစ်သော်လည်း မြို့သာ ပျက်ခဲ့ရလေသည်။
၁၉၄၅ ခု၊ မတ်လတွင် ဗမာ့တော်လှန်ရေးပေါ်လာပြီး တစ်ခေတ်ပြောင်းသွား၏။
* * * * *
မုန်တိုင်းမစဲသေးချေ
တစ်ခေတ်ပြောင်းသလို ကျွန်တော့်ဘ၀လည်း တစ်ချိုးပြောင်းသွားခဲ့၏။
အဓိကအကြောင်းမှာ မိခင်နှင့် ဖခင်သည် သူတို့ချစ်သော ဇာတိမြေမှာပင် တစ်ဦးနှင့်တစ်ဦး အချိန်များများ မခြားလှပဲ ဘ၀မှ အနားယူခေါင်းချသွားခြင်းဖြစ်ပါသည်။ မိဘများသည် ကျွန်တော့်လက်ပေါ်မှာပင် ကွယ်လွန်သွားကြ၏။ ခေတ်ကြမ်းကြီးထဲတွင် စည်းစိမ်ချမ်းသာ အပြည့်မဟုတ်သော်လည်း မိဘများ စိတ်ချမ်းသာ ပျော်ရွှင်အောင်တော့ ကျွန်တော် တတ်အားသမျှ ပြုစုကျွေးမွေးနိုင်ခဲ့၍ ကျေနပ်ပါ၏။
ဖခင်၏ အစ်မရင်း အမေစိမ်းနှင့် သမီးများသည် ကုဿိနာရုံဘုရား အနောက်ဖက်ခြံကြီးတွင် နေထိုင်၍ စစ်မဖြစ်မီက ‘ပျော်ရွှင်’ ဓာတ်ပုံဆိုင်ဖွင့်ခဲ့၏။ ဂျပန်ခေတ် တစ်ချိန်လုံး ဆိုင်ပိတ်ထားရပြီး ယခု စစ်ကြီးအပြီး (၁၉၄၅-၄၆) တွင် ပြန်ဖွင့်လေသည်။ အစ်မကြီးများက အကူအညီတောင်းသည့်အပြင် ဓာတ်ပုံကိုလည်း စိတ်ဝင်စားသည့်အလျောက် ကျွန်တော် ပန်းထိမ်နှင့် အရောင်းအ၀ယ်လုပ်ငန်းများ ရပ်နားကာ ဓာတ်ပုံဆရာဖြစ်လာ၏။ ထို့နောက် စလင်းဈေးအနီး ဆိုင်သစ်၊ လုပ်ငန်းသစ်များက အပ်နှံ၍ ဆိုင်းဘုတ်များ လက်ခံရေးမိရာမှ ပန်းချီဆရာဟူ၍လည်း ကျွန်တော့်ကို သတ်မှတ်လာကြပြန်၏။
ဓာတ်ပုံနှင့် ပန်းချီကို ကျွန်တော် စိတ်ဝင်စားရုံမျှသာ ရှိခဲ့၏။ ရေနံချောင်းတွင် ဆရာကြီး ဦးမောင်မောင်မြ၊ ဦးမောင်မောင်ထွန်း၊ ဦးလှတင်တို့ထံမှ ပန်းချီအခြေခံကောင်းကောင်း ရခဲ့၏။ ယင်းပညာတို့ဖြင့် အသက်မွေးရန်တော့ မရည်ရွယ်ခဲ့ချေ။ သို့သော် မထင်မှတ်ပဲ စလင်းတွင် အလွန်ကျော်ကြား လူသိများခဲ့ရလေသည်။ ဆရာများ၏ကျေးဇူးပင် ဖြစ်ပါ၏။
စစ်ပြီးစ ဓာတ်ပုံလုပ်ငန်းမှာ ကိရိယာပစ္စည်း အလွန်ချို့တဲ့သလောက် အလွန်ပညာပါလှ၏။ ၆ လက်မ၊ ၈ လက်မ။ ၁၂ လက်မ ကင်မရာအိုးကြီးများကို သုံးချောင်းထောက်ပေါ် တင်၍ ချိန်၊ အ၀တ်နက်ကြီးခြုံ၊ မှန်ဘီလူးတွင် ရှတ်တာ၊ အပါချာ၊ ဘာခလုတ်မှ မပါပါ။ အဖုံးကို လက်နှင့် ချိန်ဆဖွင့်ကာ ရိုက်ရခြင်းဖြစ်၏။ ဖလင်မပေါ်သေး၊ အလွန်နှေးသောမှန်ချပ်များကိုသုံးရ၏။ လျှပ်စစ်မီးမရှိ၊ နေရောင်ကို အားကိုးရ၏။ ဆေးများကို မိမိဘာသာ ချိန်တွယ်စပ်ဟပ်ရ၏။ ပုံကြီးချဲ့စရာပစ္စည်းမရှိ၊ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ချဲ့ရ၏။
ဤနည်း ဤပုံစံဖြင့် တောရှင်ပြုအလှူ၌ လှုပ်ရှားနေသောမြင်းများ၊ ပရိသတ်များအားလုံးကို မိအောင်ရိုက်ဖို့ မည်မျှခက်မည်ကို တွေးကြည့်နိုင်၏။ သို့သော် ဤနည်း ဤပုံစံဖြင့်ပင် ရွှေစက်တော်ဘုရားပွဲတော်တွင် ဓာတ်ပုံဆိုင်ဖွင့်ကာ မန်းချောင်းရေထဲ၌ ပွဲတော် အစအဆုံး ကျွန်တော်ဓာတ်ပုံဆရာလုပ်ခဲ့ဖူး၏။ ဓာတ်ပုံသည် မိန်းကလေးများအကြိုက်ဖြစ်ရာ လူပျိုပေါက်အရွယ် ကျွန်တော့်ဘေး၌ တောရောမြို့ပါ အပျိုတွေ ၀ိုင်းဝိုင်းလည်နေမည်ကိုလည်း မြင်ယောင်ကြည့်နိုင်ပါသေး၏။
အပျော်စကားဖယ်၍ အတည်ပြောရလျှင် အသက်မွေးမှုပညာတစ်ရပ်၏ သဘောနှင့်လက်တွေ့ကို စလင်း၊ ဆင်ဖြူကျွန်းတွင် ကျွန်တော် ဓာတ်ပုံဆရာလုပ်ရာမှ စတင်သိရှိရသည်ဟု ဆိုချင်ပါ၏။ ကျွန်တော်က အင်္ဂလိပ်စာတတ်သဖြင့် ကမ္ဘာ့ဓာတ်ပုံမဂ္ဂဇင်းများ၊ ကတ်တလောက်များ စသည်တို့ကို ရနိုင်သမျှ ရှာဖွေဖတ်ရှု လေ့လာစမ်းသပ်၏။ ထိုအခါ အခြေခံလည်းသိ၊ လက်တွေ့လည်းရှိသဖြင့် ဤပညာရပ်ကို စီးပွားဖြစ် အသုံးချနိုင်အောင်အထိ ကျွန်တော်ကျွမ်းကျင်ခဲ့လေသည်။ ဤတွင် ကျွန်တော်ဆိုလိုရင်းမှာ တစ်ခုပညာ ကိုယ်စီပါလျက် ပညာရပ်တစ်ခုဖြင့် အသက်မွေးပြီဆိုလျှင် သူလိုကိုယ်လိုအဆင့်မျိုး၌ တင်းတိမ်မနေသင့်။ အစဉ် မျက်စိဖွင့်ကာ ရှာဖွေလေ့ကျင့်နိုင်မှ တကယ့်ပညာရှင်အဆင့်သို့ ရောက်မည်ဟု ကျွန်တော့်ကိုယ်တွေ့ တင်ပြခြင်းဖြစ်သည်။
ပန်းချီပညာကား ဓာတ်ပုံပညာထက်ပင် ပို၍လေးနက်သိမ်မွေ့လှပါ၏။ တကယ်တော့ ကိုယ့်ကိုယ်ကို ‘ပန်းချီဆရာ’ ဟု ကျွန်တော်မပြောဝံ့ချေ။ စလင်းက ကျွန်တော့်အား ပန်းချီပညာနှင့်ပတ်သက်၍ အထင်ကြီးသည်မှာ ကြုံကြိုက်မှုတစ်ရပ်သာ ဖြစ်လေသည်။
ယင်းကြုံကြိုက်မှုသည် စလင်းမြို့၏ နိုင်ငံရေးအခြေအနေများနှင့်လည်း ဆက်နွယ်လျက်ရှိ၏။ ထိုစဉ်က စလင်းမြို့ကို ရဲဘော်ဝါ၊ ရဲဘော်ဖြူ၊ ကွန်မြူနစ်၊ အလံနီ စသည်ဖြင့် နိုင်ငံရေးအမြင်ကွဲလွဲသူများ အုပ်ချုပ်နေစဉ်ကာလဖြစ်၏။ ထိုအဖွဲ့များသည် အစိုးရကိုလည်းတိုက် အချင်းချင်းလည်း တိုက်ကြ၏။ ၀မ်းနည်းဖွယ်ရာ သွေးထွက်သံယိုကိစ္စများ မကြာခဏဖြစ်ပေါ်နေခဲ့၏။ အစိုးရသည် စလင်းသို့ မ၀င်နိုင်။ ၀င်လာလျှင်ခေတ္တမျှသာဖြစ်ပြီး ပြန်ဆုတ်သွားရ၏။ စလင်းအနောက်ဖက် တောတောင်များကလည်း ဤအဖွဲ့များရပ်တည်နိုင်အောင် အားပေးသလိုရှိ၏။
ထိုအချိန်တွင် ကျောင်းများဖွင့်၍ စာသင်လျက်ရှိသော်လည်း ဆရာများမှာ အစိုးရ၏လစာကို မခံစားကြရရှာချေ။ သို့သော် စေတနာမပျက်၊ စာသင်မပျက် ဇွဲကောင်းလှ၏။ ထိုအခါ စလင်းကျောင်းသူကျောင်းသားများက စိတ်ကူးတရ ပြဇာတ်ကပြီး ရန်ပုံငွေရှာကာ ကျေးဇူးရှင်ဆရာများအား ထောက်ပံ့ရန် စီစဉ်၏။ ဤတွင် ကျွန်တော် ပြဇာတ်အတွက် ဆက်တင်ကားကြီးများရေးပေးရန် တာဝန်ယူခဲ့ရလေသည်။
ဆက်တင်ကားကြီးများမှာ မြို့လယ်ဇာတ်ရုံ ဇာတ်စင်ကြီးနှင့်အပြည့် ပေ ၂၀၊ ပေ ၂၅ ကြီးမားလှ၏။ နဖူးစည်းကား ပြည်ဖုံးကားအတွင်းပိုင်း တောတောင် ထိုးကားတစ်ချပ်၊ ထို့နောက် လူများ စားပွဲကုလားထိုင်များပါ ထိုင်ရာမထ ရွှေ့ပြောင်းနိုင်သော ဆုံလည်ကားကြီး ၄ ချပ်။ ရန်ကုန် ၀င်းဝင်းရုံပြဇာတ်ကြီးများကို မမြင်ဖူးဘဲ အတုယူပြီး ကြီးကြီးကျယ်ကျယ်တွေ လုပ်ကြ၏။ လက်သမားဆရာများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျွန်တော် တရုန်းရုန်း အလုပ်ရှုတ်နေကြတော့၏။
ပြဇာတ်အမည်၊ ဇာတ်လမ်း ဇာတ်အိမ်၊ ပါဝင်ကပြသူများ စသည်တို့ကို ကျွန်တော် မေ့လျော့နေပြီး ပြည်ဖုံးကားကြီးတွင် ဓူဝံကြယ်ကို လှမ်းဆွတ်နေသော ခါးတောင်းကျိုက်နှင့် လူငယ်တစ်ဦး၏ပုံ ဖြစ်သည်ကိုတော့ မှတ်မိနေသေး၏။
မိုင်းကိုင်စက္ကူများကပ်ထားသော နှီးချောဖျာကားချပ်ပေါ်တွင် ပိုစတာဆေးရောင်စုံဖြင့် စုတ်ချက်ရဲရဲ သွက်သွက်ကြမ်းကြမ်း ပက်ဖြန်းရေးဆွဲရခြင်းဖြစ်၏။ တစ်နေ့ တစ်ကားပြီး၏။ ကားရေးနေစဉ် ကျွန်တော့်ပတ်လည်တွင် ပရိသတ်များ ၀ိုင်းလျက်ရှိတတ်၏။
တကယ်တော့ ဤမျှကြီးမားသော ဆက်တင်ကားချပ်မျိုး ကျွန်တော်မရေးဖူးချေ။ စိတ်မှန်းနှင့်တတ်သမျှ လက်တည့်စမ်းလိုက်ခြင်းသာ ဖြစ်ပါ၏။
ကားများကို အနီးကပ်ကြည့်လျှင် ဆေးစက်ဆေးကွက်များသာ မြင်ရ၏။ ခပ်လှမ်းလှမ်းမှကြည့်လျှင် ပုံပေါ်လာ၏။ ညမီးရောင်တွင်တော့ အလွန်လှပချောမွေ့ခမ်းနားလျက် အသက်ဝင်လှုပ်ရှားနေလေသည်။ ဤပညာမှာ အလွန်အံ့သြစရာဖြစ်၏။ အခြားသူမဆိုထားနှင့် ကျွန်တော်ပင်လျှင် ကိုယ့်ကိုယ်ကို ဤမျှလက်ရာမြောက်လိမ့်မည် မထင်ခဲ့ချေ။
ကျောင်းသူ ကျောင်းသားများ၏ ပြဇာတ်မှာ စလင်းတစ်မြို့လုံး ချီးကျူးအံ့သြစရာ အောင်မြင်၍ နာမည်ကြီးသွား၏။ ကျွန်တော် ပန်းချီဆရာမှာလည်း ပြဇာတ်နှင့်အတူ နာမည်ကြီးခဲ့လေသည်။ စစ်စစ် ကြုံကြိုက်မှုတစ်ရပ်သာဖြစ်သည်ကိုတော့ ကျွန်တော်သာလျှင်သိ၏။ သို့သော် ပန်းချီ ဆက်တင်ကားကြီးများကို ကြည့်ရင်း ဒေါက်တာဂျေဆင်ဂါးက ကျွန်တော့အား တိုတိုပြတ်ပြတ်ပြော၏။
‘ဟေ့ မောင်ရင်လေး၊ မင်း ရန်ကုန်ကိုဆင်းတော့’ ဟုဆို၏။
ရန်ကုန်… ရန်ကုန်… ရန်ကုန်စကားကို ကျွန်တော် စတင်ကြားလာရပြီ။
ကျွန်တော် ဆက်ကြိုးစားလေ့ကျင့်လျှင် တကယ့် ပန်းချီဆရာဖြစ်နိုင်ပါ၏။ သို့သော် ကျွန်တော် ရန်ကုန်မှာ ပန်းချီဆရာမလုပ်ချင်။ ပန်းချီအလုပ်ကို အထင်သေး၍တော့ မဟုတ်။
စလင်းကျောင်းအပြီး ဆင်ဖြူကျွန်း ကျောင်းသူကျောင်းသားများ၏ ပြဇာတ်အတွက် ကျွန်တော်ပန်းချီရေး ကူညီရပြန်၏။
ထို့နောက်တော့ စလင်း၊ ဆင်ဖြူကျွန်း ကျောင်းသူကျောင်းသားများနှင့် ကျွန်တော်သည် လွန်စွာရင်းနှီးကျွမ်းဝင်နေကြပြီ။
‘ယုလွင်’ အမည်ရှိ ကျောင်းသား လက်ရေး မဂ္ဂဇင်းတစ်အုပ်ကို စလင်းတွင် ကျွန်တော်ထုတ်၏။ ဆင်ဖြူကျွန်းတွင် ‘ပွင့်ဖြူ’ လက်ရေး မဂ္ဂဇင်းကို ထုတ်၏။ ကျောင်းသူ ကျောင်းသားများက ပါဝင်ရေးသားကြ၏။ ကျွန်တော်က ၀ထ္ထုရှည်၊ ဆောင်းပါး၊ ကဗျား၊ စာညွန့် မျိုးစုံရေး၏။ ကလောင်နာမည် ဆယ်မျိုးခန့်ယူထား၏။ အမည်မသိ ကလောင်ရှင်ဖြစ်၏။
စလင်း ‘ယုလွင်’တွင် မောင်မောင်လတ် (နောင်)နှင့် သူကောင်း ကိုမောင်မောင်တို့က ကျွန်တော့်ကို ၀ိုင်းကူကြ၏။ သူတို့က ကျောင်းသူ ကျောင်းသားစာမူများ စုပေးကြ၏။ ကျွန်တော်က မျက်နှာဖုံး၊ အတွင်း ပန်းချီအားလုံး ရောင်စုံခြယ် သရုပ်ဖော်ပေး၏။ ထိုစဉ်က မောင်မောင်လတ်သည် ရှစ်တန်းကျောင်းသားလား မမှတ်မိ၊ ကဗျာများကို ရေးစပြုနေပြီ။ သူ့အိမ်မှာ ကျွန်တော့်ဓာတ်ပုံဆိုင်နှင့်ကပ်လျက်၊ သူက မယ်ဒလင်တီး သီချင်းဆို၊ ကျွန်တော်က တယောထိုး၊ တစ်ခါတစ်ရံ ကျွန်တော်က သူ့ဖခင် ဦးထွန်းစိန်ကြီး၏ ဟွန်းတယောကို စမ်းကြည့်၏။ ကျွန်တော်တို့ ရူးဖော်ရူးဖက်များ ဖြစ်ခဲ့ကြလေသည်။
မောင်မောင်လတ်တို့ မိသားစု၊ သူကောင်း ကိုမောင်မောင်နှင့် လုံးတို့မိသားစုသည် စလင်းတွင် ကျွန်တော်နှင့် အရင်းနှီးဆုံးလူများဖြစ်၏။ ကျွန်တော့်အား မိခင် ဖခင်နှင့် တစ်မျိုးလုံးကခေါ်သလို ‘ကိုသောင်း’ ဟုခေါ်၏။ ကိုမောင်မောင်သည် ကျွန်တော် သူ့ထံမရောက်လျှင် စလင်းမြို့၏ မာစီဒီးဖြစ်သော ကိုယ်ပိုင်မြင်းလှည်းနှင့် လာခေါ်တတ်၏။ ကျွန်တော်တို့သည် အချိန်အားလျှင် အနောက်တံခါး ရွှေမုဌောဘုရားကန်လယ်၌ရေပြင်ကို ကြည့်ကာကြည့်ကာ ကြည်နူးမှုအရိပ်ဝယ် စကားဖောင်ဖွဲ့နေတတ်သူများ ဖြစ်၏။ စလင်းမြို့၌ (သူရဲကောင်းသုံးယောက် တော့မဟုတ်) အရူးသုံးယောက်ဟု ဆိုလောက်၏။
‘ယုလွင်’ လက်ရေးမဂ္ဂဇင်းကို ကျွန်တော်တို့ အရူးထ၍ ထုတ်ခဲ့သော်လည်း ထိုမဂ္ဂဇင်းကလေးမှ ‘နောင်’ဆိုသော ကဗျာဆရာကလေး မွေးဖွားလာခဲ့လေသည်။
ထိုအချိန်တွင် ကျွန်တော်သည် စစ်ပြီးစ ဒဂုန်မဂ္ဂဇင်းကြီးတွင် ကဗျာ၊ စာတိုစာစများ ရေးပို့ပါဝင်နေပြီ၊ သို့သော် မည်သူ့ကိုမျှမပြော။ မည်သူမျှမသိ။ ဒဂုန်မဂ္ဂဇင်း အယ်ဒီတာချုပ် ဒဂုန်ဦးစန်းငွေက ကျွန်တော်ချာတိတ်ထံစာရေးပြီး အားပေး၏။ စာမူများ ဆက်ပို့ရန်တောင်းခံ၏။ မိမိ၏စာမူကို မဂ္ဂဇင်းကြီး တစ်ခုတွင် ပုံနှိပ်စာလုံးများဖြင့် မြင်ရသည်မှာ အလွန်ဝမ်းသာကြည်နူးစရာကော်ငးလှပါ၏။ (နောင် ၁၅နှစ်ခန့် ကြာသောအခါ ၁၉၆၃ခုနှစ်၌ ဆရာကြီး ဦးစန်းငွေနှင့် ကျွန်တော်သည် ရှေ့သို့စာစောင် ပြန်ကြားရေးဌာနတွင် စားပွဲချင်းကပ်ထိုင်ကာ အတူတူလုပ်ရင်း ရှေးဟောင်းနှောင်းဖြစ်များ ပြောမဆုံးနိုင်ရှိခဲ့ရ၏။ နှစ်ပေါင်း ၃၀ခန့် လက်တွဲခဲ့ကြ၏။ စာပေးစာယူသင်တန်းတစ်ခုဖြင့် အလွတ်ပညာသင်ကျောင်းသား ၁၅၀၀ခန့်အား ဘွဲ့ရအောင် ဆောင်ရွက်ပေးခဲ့ကြ၏။
စလင်းမြို့တွင် အုပ်ချုပ်ရေး မတည်မငြိမ်ရှိနေသော်လည်း မြို့မိ မြို့ဖများသည် ရိုးရာယဉ်ကျေးမှုပွဲတော်များ၊ မြို့၏ပညာရေး၊ ကျန်းမာရေး၊ အားကစားစသော လူမှုရေးလုပ်ငန်းမျာကို အရှိန်မပျက်ဆောင်ရွက်မြဲ ဆောင်ရွက်နိုင်ကြသည်မှာ ချီးကျူးဖွယ်ဖြစ်၏။ မြို့ထဲပိုင်းတွင် ဦးအောင်ပုံ၊ ကျွန်တော်တို့ ဈေးချိုပိုင်းတွင် ဦးစောမောင် စသူတို့ က လူငယ်တို့၏ အားကစားလေ့ကျင့်ရေးကို စေတနာဝန်ထမ်း မြေထောင်မြှောက်ပေးလျက်ရှိ၏။ ဦးခင်မောင်၊ ဦးညို (ကျွန်တော်အမည်မေ့လျောနေသော) အခြားပုဂ္ဂိုလ်များကလည်း လူငယ်ရေးရာဟူသမျှတွင် စိတ်ဝင်တစား ၀ိုင်းဝန်းလုပ်ကိုင်ကြ၏။ မုန်တိုင်းမစဲနိုင်သောကာလအတွင်း လူငယ်အများစု လမ်းမှားမရောက်သည်မှာ ဤပုဂ္ဂိုလ်တို့၏ လမ်းညွှန်မှုများကြောင့်ဟု ဆိုနိုင်ပါ၏။
တစ်ခုသောနှစ်တွင် မြို့မိမြို့ဖများ၏ အစီအစဉ်ဖြင့် စလင်းမြို့ ကာယအလှမောင်ရွေးပွဲနျင့် အလေးမပွဲများကို ကျင်းပ၏။ မည်သူက အကြံပြုသည်မသိ၊ ချာတိတ်မျှသာဖြစ်သော ကျွန်တော့်အား ပန်းချီပညာရှင်အဖြစ် အကဲဖြတ်အဖွဲ့တွင် ထည့်ထားလေသည်။ ထို့အဖွဲ့တွင် စစ်ကြိုခေတ် နာမည်ကျော် စာရေးဆရာ သူရိယကန္တိ (ဒေါက်တာစိန်ဘန်း) အား ကျွန်တော်နှင့် ခုံချင်းကပ်လျက် သိကျွမ်းခင်မင်ခွင့်ရခဲ့ပါ၏။
ထို့နောက် ၁၉၄၈ခုနှစ် ပထမအကြိမ် လွတ်လပ်ရေးအောင်ပွဲ အထိမ်းအမှတ် အခမ်းအနားကိုလည်း စလင်းတွင် အလွန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြ၏။ ပြပွဲများ၊ အားကစားပြိုင်ပွဲများ၊ စာပေနှင့် ပန်းချီပြိုင်ပွဲများ၊ ညဥ့်ပိုင်းတွင် ဇာတ်၊ အငြိမ့်များဖြင့် တစ်မြို့လုံး ပျော်ရွှင်လှုပ်ရှားနေ၏။
ဤလွတ်လပ်ရေးအောင်ပွဲသည် ကျွန်တော့်ဘဝလမ်းခရီးပြောင်းစေရန် အကြောင်းတစ်ရပ်ကို ဖော်ပေးသွားလေသည်။
ဤအောင်ပွဲမှ ပန်းချီပြိုင်ပွဲကိုတော့ တရားမြို့အုပ် ဦးလှကျော်နှင့်လားမသိ၊ အတူတွဲ၍ စီစဉ်ကြီးကြပ်ပေးခဲ့ရ၏။
သို့သော် လူငယ်မျှသာဖြစ်သော ကျွန်တော်သည် ကြုံတောင့်ကြုံခဲဖြစ်သော ပထမဦးဆုံး လွတ်လပ်ရေးပွဲတွင် လူငယ်ပီပီ ကိုယ်တိုင်ပါဝင် ပျော်ရွှင်လို၏။ လူကြီးလုပ်မနေချင်။ ထို့ကြောင့် အားကစားပြိုင်ပွဲများတွင်ရော စာပေပြိုင်ပွဲများတွင်ပါ စာရင်းပေး ဝင်ရောက်မိ၏။ ဆုများရလို၍မဟုတ်၊ ရဖို့လည်း မမျှော်လင့်။ ဤသို့သော မြို့နယ်ပြိုင်ပွဲများတွင် ပါဝင်ဖူးသော အလေ့အထလည်းမရှိချေ။
သို့သော် အားကစားပြိုင်ပွဲတွင် ကျွန်တော် ဆု ၄ ခုရ၏။ အလေးမ (ဘင်တန်ဝိတ်) ပထမ၊ အလျားခုန် တတိယ၊ အမြင့်ခုန် ဒုတိယ၊ ဝါးလုံးထောက်ခုန် ပထမ။
ဤတွင် ဝါးလုံးထောက်ခုန်ပွဲမှာ အကြိတ်အနယ်ဖြစ်၍ တစ်ကြောင်း၊ အားကစားတစ်ကွင်းလုံး ဝေးဝေးနီးနီး လှမ်းမြင်ရသောပွဲဖြစ်၍တစ်ကြောင်း ပရိသတ်များ လွန်စွာ စိတ်ဝင်စား အားပေးကြ၏။ ဤပွဲတွင် အရပ်ခြောက်ပေမြင့်သော တစ်ရပ်တည်းသား ကိုငွေကြီးနှင့် ကျွန်တော် နောက်ဆုံးဗိုလ်လုရ၏။ ကျွန်တော်က အရပ် ၅ ပေ၊ ၃ လက်မသာရှိ၏။ သို့သော် ကွင်းဘား၊ နှစ်တန်းဘား ကစားသူဖြစ်၍ ခါးအကော့အပျံ ကျွမ်းကျင်၏။ ထို့ကြောင့် ကျွန်တော် အနိုင်ရသွား၏။ ဤတွင် ကျွန်တော် မမျှော်လင့်ဘဲ သူငယ်ချင်းများနှင့် ကျောင်းသားတစ်စု အော်ဟစ်ပြေးဝင်လာကာ ကျွန်တော့်ကို ပခုံးများပေါ် ထမ်း၍ ကွင်းတစ်ပတ်ပြေးကြလေသည်။
ပြိုင်ပွဲမဝင်ဖူးသော ကျွန်တော့်အဖို့ ထူးခြားလှသည့် ဤအတွေ့အကြုံကို တစ်သက်လုံး မမေ့နိုင်တော့ချေ။
စာပေပြိုင်ပွဲနှစ်ခုတွင် ဝတ္ထုတိုပြိုင်ပွဲမှာရော၊ စာစီစာကုံးပြိုင်ပွဲမှာပါ ကျွန်တော် ပထမဆုများ ရနေပြန်၏။
အားလုံး စုစုပေါင်း ၆ ဆု။
ဤဂယက်သည် ကျွန်တော်နှင့် ခင်မင်သော ကျောင်းသားများအကြားတွင် အတော်လှုပ်ရှားစေဟန် ရှိ၏။ ပြိုင်ပွဲအသီးသီးတွင် ပါဝင်သူလူငယ်အများစုမှာ ကျောင်းသားကျောင်းသူများသာဖြစ်၏။ သူတို့သည် ကျွန်တော့်အား ဓာတ်ပုံဆရာ၊ ပန်းချီဆရာ၊ တယောသမားတစ်ဦး အဖြစ်နှင့်သာ သိကျွမ်း ခင်မင်နေခြင်း ဖြစ်လေသည်။ ရေနံချောင်းမှ အင်္ဂလိပ်ကျောင်းသား နှစ်ထပ်ကွမ်း ပညာသင်ဆုရတစ်ဦးအဖြစ် မသိကြချေ။
နောက်နေ့များတွင် တွေ့သည့်အခါ ကျောင်းသားသုံးလေးဦး (ကိုပန်းစိန်၊ ကိုခင်စိန် အပါအဝင်) တို့က ကျွန်တော့်အား ဝိုင်းပြောကြလေသည်။
“ခင်ဗျား… စကောလားရှစ် ကျောင်းသားမှန်း ကျွန်တော်တို့မသိဘူးဗျာ။ ပြိုင်ပွဲဆုတွေ အများကြီး ခင်ဗျားယူသွားတော့ ကျွန်တော်တို့က အံ့သြပြီး ဆရာရှိန်ကို မေးကြည့်တယ်။ ဒီတော့မှ ရေနံချောင်းက အကြောင်းတွေသိရတာ။ နှမျောစရာကြီးဗျာ။ ကျွန်တော်တို့နဲ့ ခင်ဗျားနဲ့ သက်တူရွယ်တူတွေပဲ။ ခင်ဗျားကျောင်းပြန်နေဖို့ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့နဲ့ အတူတူ ဆယ်တန်းတော့ ဝင်ဖြေဗျာ”
သူတို့ တိုက်တွန်းကြရုံမက စာမေးပွဲ ဝင်ခွင့်ပုံစံများကိုပင် ယူလာပေးကြ၏။
စလင်းတွင် ထိုစဉ်ကရှိနေသော စလင်းသား ဆရာဦးရှိန်နှင့် ဆရာစိန်ထွန်းတို့သည် စစ်မဖြစ်မီက ကျွန်တော်တို့ ရေနံချောင်းကျောင်း၌ ကျောင်းဆရာလုပ်ခဲ့ဖူးသူများ ဖြစ်ပါ၏။
တိုက်တွန်းအားပေးသူများလှ၍ ကျွန်တော် စာမေးပွဲဖြေဖို့ စိတ်ကူးပြင်ဆင်မိ၏။
ထိုအချိန်တွင် စာမေးပွဲစနစ်များ ပြောင်းလဲနေပြီ။ ကျောင်းထွက်လက်မှတ်ရ စာမေးပွဲ (S.L.C) ဟူ၍ ရှိ၏။ တက္ကသိုလ်ဝင် စာမေးပွဲလည်းရှိ၏။ အင်္ဂလိပ်တစ်ဘာသာတည်း စာမေးပွဲလည်း ရှိ၏။ ဘာတွေမှန်းမသိ။ ထို့ကြောင့် အားလုံးကိုပင် တစ်ပြိုင်တည်းဖြေရန် စုတင်လိုက်၏။ ကျောင်းတွင် ၉တန်းကိုပင် မဖြေခဲ့ရသော ကျွန်တော့်အား ဆရာရှိန်နှင့် ဆရာဦးစိန်ထွန်းတို့က လိုအပ်သမျှ ထောက်ခံကူညီပေးခဲ့ကြ၏။
ပုံစံများတင်သာတင်လိုက်ရသည်။ ကျွန်တော့် နောင်ရေးကို ကျွန်တော်ဝေခွဲမရသေး။ မိဘများ၏ ဇာတိ၊ မိဘများခေါင်းချရာ စလင်းမြို့ကို ကျွန်တော် မခွာချင်။ ပန်းချီနှင့်တွဲသော ကျွန်တော့် ဓာတ်ပုံလုပ်ငန်းသည် ကောင်းမွန်လျက်ရှိ၏။ ဆင်ဖြူကျွန်းမှာပင် ‘ပျော်ရွှင်’ ဓာတ်ပုံဆိုင်ခွဲဖွင့်ကာ ကျွန်တော်နှင့် သူငယ်ချင်း ကိုဖေအောင် ဦးစီးလုပ်ကိုင်နေပြီ။ ဘဝကို သူလိုကိုယ်လိုလောက်တော့ ရင်ဆိုင်နိုင်ပြီ။
ညီငယ်နှစ်ဦးက စလင်းမှာ ကျောင်းတက်သည်။ ညီမနှစ်ဦးက အိမ်မှာ ဆေးလိပ်ခုံထောင်ထားသည်။ အစ်ကိုအကြီးဆုံးက မိဘများကိုယ်စား စောင့်ရှောက်လျက်ရှိ၏။ ကျွန်တော်တို့ မချမ်းသာသော်လည်း အလုပ်ကိုယ်စီနှင့် ဘဝတည်ငြိမ်နေပြီ။
စလင်းသည် ကျွန်တော့်အား ဥစ္စာစည်းစိမ် မပေးနိုင်သော်လည်း ဘဝတွင် အလွန်အဖိုးတန်သော စိတ်ဓာတ်တည်ငြိမ် ရဲရင့်မှုကိုတော့ ဖူဖူလုံလုံ ပေးနိုင်ခဲ့လေသည်။
သူငယ်ချင်းများ၏ ခေါ်သံ
၁၉၄၉ ခုနှစ်၊ သြဂုတ်လနှင့် စက်တင်ဘာလ။
ကျွန်တော်တို့၏ စာမေးပွဲများကို လွယ်လွယ်ကူကူတော့ မဖြေခဲ့ရချေ။ စာများခက်သည်ကို မဆိုလို။ ရဲဘော်ဖြူ၊ ကွန်မြူနစ်များ အုပ်ချုပ်နေသော စလင်းမှ အစိုးရအုပ်ချုပ်သော ရေနံချောင်းသို့ စာမေးပွဲသွားဖြေရသည်မှာ မေးခွန်းများထက် ပို၍ခက်၏။ ဧရာဝတီ၏ အနောက်ဘက်ကမ်းတွင် စက်သေနတ်များသည် အရှေ့ဘက်လှည့်ကာ ထောင်ထားကြ၏။ အရှေ့ဘက်ကမ်းကလည်း ထိုနည်းအတူ အနောက်ဘက်သို့လှည့်ကာ ထောင်ထား၏။ ထိုစက်သေနတ်များ အကြားတွင် ကျွန်တော်တို့က လှေငယ်ဖြင့် မြစ်ကိုကူးရလေသည်။ ဤမျှဆိုလျှင် အခြေအနေကို သိလောက်ပြီ။
သို့သော် အတိုချုံးလျှင် ဤအခက်အခဲများကြားမှပင် စာမေးပွဲများအားလုံးကို ကျွန်တော်အောင်လာ၏။ ကျောင်းထွက်လက်မှတ်ရ (S.L.C) စာမေးပွဲတွင် သင်္ချာ၊ မြန်မာစာ၊ ပထဝီ ဂုဏ်ထူးများရ၏။ တက္ကသိုလ်စာမေးပွဲတွင် သင်္ချာဂုဏ်ထူးရ၏။ အင်္ဂလိပ်တစ်ဘာသာတည်း စာမေးပွဲတွင် အင်္ဂလိပ်စာ ဂုဏ်ထူးရ၏။ ၁၉၄၂ မှ ၁၉၄၉ အထိ (၇)နှစ်တာမျှ အချိန်ပြောင်းလဲခဲ့ပြီဖြစ်သော်လည်း စာမေးပွဲကံကောင်းသော ကျွန်တော့် ကုသိုလ်မှာ အရှိန်မပြေသေးချေ။
စာမေးပွဲများ ဖြေရသော ရေနံချောင်းကျောင်းကြီးမှာ မီးလောင်သွားသော ယခင် ကျွန်တော်တို့ကျောင်းဟောင်းနေရာ၌ အသစ်ဆောက်ထားခြင်း ဖြစ်၏။ စာမေးပွဲဖြေနေစဉ် ဟိုတုန်းကလို စန္ဒယားသံကို မကြားရချေ။ အိမ်ကြီးလည်းမရှိတော့။ စန္ဒယားတေးသံရှင် ဘယ်ဆီရောက်နေလေသည်မသိ။
စာမေးပွဲများအောင်ပြီး မကြာမီ ကျွန်တော့်ထံ ရန်ကုန်ရောက် ရေနံချောင်းသူငယ်ချင်းများက စာတစ်စောင်ပြီးတစ်စောင် ရေးနေကြလေသည်။ ယခင်ကလည်း စာရေးကြပါ၏။ မာကြောင်းသာကြောင်း မိသားစုများအကြောင်း။ ယခုတော့ သူတို့က တစ်မျိုး။
ဟေး… ချာတိတ်။
မင်း… စလင်းချောင်ထဲမှာ ငြိမ်နေတာ ဘာသဘောလဲကွ၊ တက္ကသိုလ် မတက်တော့ဘူးလား။ မင်းက တို့တက္ကသိုလ်ကို အထင်မကြီးဘူးပေါ့ ဟုတ်လား။ ဘာပဲဖြစ်ဖြစ် မင်း ရန်ကုန်ကို အမြန်ဆင်းခဲ့။ ဒါပဲ။
စာတွေက ထန်မာ၏။
ကျွန်တော်ကလည်း ခပ်မာမာပဲ ပြန်ရေးလိုက်၏။
သူငယ်ချင်း…
မင်းတို့ တက္ကသိုလ်ကို ငါအထင်မသေးဝံ့ပါဘူး။ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာကြီး ဒေါက်တာ ထင်အောင်၊ ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်တို့ရဲ့ တက္ကသိုလ်ကို ငါ့အိပ်မက်တွေထဲမှာ အမြဲထည့်မက်ခဲ့ဖူးတယ်ကွာ။ သူတို့စာတွေကို မြန်မာကျောင်း ဒုတိယတန်းကတည်းက ငါဖတ်ခဲ့သည်။ ခုအထိလဲ ဖတ်နေတုန်းပဲ။ ဒီဆရာကြီးတွေရဲ့ တက္ကသိုလ်ကို ငါမရောက်နိုင်တာကတော့ ငါ့ကုသိုလ်ပေါ့။
မင်းတို့က ငါ့ဘဝကို တိမ်စင်လနှယ် ထင်နေကြတယ် မဟုတ်လား။ တကယ်တော့ ဟိုတွင်းကုန်း ချောက်ကြားထဲက ခယိုခယိုင် မြန်မာကျောင်းကလေးကနေပြီး မင်းတို့အင်္ဂလိပ်ကျောင်းကြီး ငါရောက်လာတာတောင် အနိုင်နိုင်ပဲဟေ့။ ဒါပဲ ငါပြောမယ်။
အေး မင်းတို့နဲ့တွေ့လို့ ငါ့မှာ ဒုက္ခရောက်တာ တွေလဲ အများကြီးကွ။ ငါပညာသင်ဆုတွေရ မင်းတို့နဲ့ စာအတူသင် ကြီးကြီးကျယ်ကျယ်စာတွေဖတ် အဲဒီတော့ ကြီးကြီးကျယ်ကျယ် စိတ်ကူးတွေ၊ အိပ်မက်တွေ၊ ဖြစ်ချင်တာတွေ တစ်သီတစ်တန်းကြီး ပေါ်လာတယ်။ အဲဒါတွေ တကယ်ဖြစ်အောင် ငါဘယ်လိုလုပ်ရမလဲ။ ဒီအထဲ တိုင်းပြည်ကလည်း အခု (၇)နှစ်လုံးလုံး နည်းနည်းမှ မငြိမ်ဘူးဟေ့။
အေး ငါအခုတော့ ဆုံးဖြတ်လိုက်ပြီ။ ငါ ရန်ကုန်ကို ဆင်းခဲ့မယ်။ ဖြစ်သလို ဆင်းလာခဲ့မယ်။
တက္ကသိုလ်ကိုတော့ ငါမတက်တော့ဘူး။ မင်းတို့နဲ့အတူ တက္ကသိုလ်မှာ ပျော်ပျော်ပါးပါး ဘယ်လောက်စာသင်ချင်တယ်ဆိုတာ ငါပြောစရာလိုမယ်မထင်ဘူး။ ဖြစ်အောင်တက်ရင်တော့ တက်နိုင်တယ် ဒါပေမယ့် ငါလိုချင်တဲ့ ဘွဲ့မျိုးရအောင် (၆)နှစ်တော့ စောင့်ရမယ်။ ငါ့မှာ စောင့်နိုင်တဲ့ အခြေအနေ လုံးဝမရှိဘူး။
ငါ့ဘ၀က ခပ်ကြမ်းကြမ်းပဲ ဖြစ်လိမ့်မယ်။ ငါ့မိခင် ကိုယ်ဝန်နဲ့တုန်းက ညလမ်းလျှောက်ရင်း ခြေသန်းကလေးမှာ မြလက်စွပ်တကွင်း လာစွပ်သတဲ့။ ဒီတော့ ငါ့ဘ၀ဟာ တစ်နည်းတစ်ဖုံတော့ မြလိုပဲ အေးမြပါလိမ့်မယ်။ ဒါပေမယ့် သူလိုကိုယ်လို လက်မှာမစွပ်ဘဲ လမ်းလျှောက်ရင်း ခြေသန်းမှာ စွပ်တယ်ဆိုတော့ ငါလဲ လမ်း အတော်ဝေးဝေးကြမ်းကြမ်း လျှောက်ရတဲ့ကောင် ဖြစ်မှာပဲကွ။
ဘာပဲဖြစ်ဖြစ် မင်းတို့မပူနဲ့။ မင်းတို့သူငယ်ချင်းဖြစ်တဲ့အတွက် ဆရာများရဲ့ တပည့်ဖြစ်တဲ့အတွက် အများတကာ လေးစားရိုသေမယ့် တက္ကသိုလ်ဘွဲ့တစ်ခုတော့ အခွင့်သာတဲ့အချိန်မှာ ငါရအောင် ယူပေးပါ့မယ်။ အဲဒါ စိတ်ချ။
စလင်းမှာ ငါကြာနေတာက စလင်းဟာ ငါ့မိဘ ဘိုးဘွားတွေရဲ့ ဇာတိ၊ ငါ့မိဘတွေ ခေါင်းချရာ အရပ်ပဲ။ ပြီးတော့ ငါတက္ကသိုလ်ရောက်ရမယ့်အချိန်မှာ ကာလယန္တရားကြီး စက်ပျက်ပြီး စလင်းကို ငါရောက်သွားတယ်။ အဲဒါ ဘာကြောင့်လဲ သိလား။ အရပ်စကားနဲ့ ပြောရရင် စလင်းမှာ ငါ့သိုက်ရှိတယ်လေကွာ။ ဒီအသိုက်အမြုံကို ခွဲခွာပြီး ရန်ကုန်ဆင်းလာဖို့ ငါအတော် စိတ်တင်းရလိမ့်မယ်။
မင်းတို့နဲ့ ငါ ရန်ကုန်မှာ တွေ့မယ်။ ဒါပဲ။
****
သစ်ရွက်ကြွေများနှင့်အတူ
ဖြစ်သလို ဆင်းလာမည်ဆိုသည့်အတိုင်း ဖြစ်သလို စီစဉ်ရသည့်အခါ ကျွန်တော့်တွင် ရန်ကုန်သွားရန် စရိတ် ငွေတစ်ရာ့အစိတ် (၁၂၅ ကျပ်) မျှသာရှိ၏။
စလင်းမှချောက်သို့ကူး။ မောင်မောင်လတ်တို့က ထိုအချိန်တွင် ချောက်မှာ ပြောင်းရွှေ့နေကြပြီ။
ဦးထွန်းစိန်ကြီး၊ မောင်မောင်လတ်တို့အိမ်မှာ ညအိပ်၊ မနက်စောစော ထမင်းကြော်စား၊ လေယာဉ်ရုံးသွား၊ ရန်ကုန်လေယာဉ်လက်မှတ် ဝယ်ပြီးသောအခါ ကျွန်တော့်လက်ထဲ ငွေကျပ်နှစ်ဆယ်သာ ကျန်တော့၏။
ငွေကလေး တစ်ရာ့အစိတ်နှင့် လေယာဉ်စီးရသလားဟု အပြစ်တင်မစောပါနှင့်။ ထိုစဉ်က (၁၉၅၀ ခုနှစ်၊ မတ်လ) ရန်ကုန်အသွား ကားလမ်းတစ်လျှောက်မှာ ဟိုနေရာ၊ ဒီနေရာ တိုက်ပွဲတွေရှိနေဆဲဖြစ်၏။ မုန်တိုင်းက မစဲသေးချေ။ ကားလမ်းကသွားလျှင် ရောက်ဖို့ပင်မသေချာ။
ချောက်၊ လမ်းရွာလေဆိပ်မှ မနက် ၁၁ နာရီခန့်တွင် လေယာဉ်ထွက်၏။ မွန်းလွဲ ၁ နာရီတွင်တော့ ကျွန်တော် ရန်ကုန်-မင်္ဂလာဒုံ လေဆိပ်မှာ ရောက်နေပြီ။ ကျွန်တော့်ဘဝခရီးကား ပြောင်းလဲပြီဆိုလျှင် ဤမျှ မြန်ဆန်တတ်ပါ၏။
ရန်ကုန်သို့ ကျွန်တော်မရောက်ဖူးချေ။ ဆွေမျိုးညာတိလည်းမရှိ။ ယခုလာစဉ် အဖော်လည်းမပါ။ ဘယ်သူ့ထံမှ ကြိုတင်စာရေးမထားမိ။ ကျွန်တော်က ဗြုန်းစားကြီး လုပ်တတ်သူဖြစ်၏။
ခေတ္တတည်းခိုရန် လိပ်စာတော့ပါ၏။ ကိုကြိုင်။ စလင်း-မြင်တင်တွင် အိမ်ချင်းကပ်နေခဲ့သူ ကိုကြိုင်။ ရန်ကုန်မှာ ရုံးစာရေးလုပ်နေသည်။ နေအိမ်က ဦးအောင်ခင်၊ ဒေါ်မြမေ၊ မကြီးကြီးလမ်း၊ စမ်းချောင်း။ သို့သော် စမ်းချောင်း ဘယ်မှာမှန်းမသိ။ မေးလျှင်တော့ ရပါလိမ့်မည်။
ကျွန်တော့်အင်္ကျီအိတ်ကပ်ထဲမှ လက်ကျန်ငွေ နှစ်ဆယ်ကို စမ်းကြည့်မိ၏။ ထိုစဉ်က ထမင်းတစ်ပွဲ တစ်ကျပ်။ ဤငွေသည် ရက်သတ္တတစ်ပတ်လောက်တော့ လုံလောက်နိုင်၏။
ကျွန်တော့်တွင် စစ်လွယ်အိတ်ကြမ်း အဟောင်းတစ်လုံး၊ အထဲတွင် စာအုပ်တစ်အုပ်၊ အညာစောင်ကြမ်းတစ်ထည်၊ ထိုမျှသာ ရှိ၏။ အလွန်ပေါ့ပါးစွာ ခရီးထွက်လာခြင်းဖြစ်၏။
လေယာဉ်မှဆင်းပြီး ကတ္တရာပြေးလမ်းကို ဖြတ်ကာ အခြားခရီးသည်များနှင့်အတူ လေဆိပ်အကောက်ရုံးသို့ ခပ်တည်တည် ရောနှောလျှောက်လာခဲ့၏။ တပေါင်းလ နွေရာသီ ရွက်ကြွေများသည် လေအဝေ့တွင် ပြေးလမ်းမျက်နှာပြင်မှ အထက်သို့လှပစွာ လွင့်ဝဲပျံတက်သွားကြ၏။ ကျွန်တော်လည်း သစ်ရွက်ကြွေတစ်လွှာလို ရန်ကုန်သို့ လွင့်ဝဲရောက်လာခဲ့ပြီ။ သို့သော် စလင်းမှ ဘဝသင်ခန်းစာများဖြင့် တည်ငြိမ်ရဲရင့်နေပြီဖြစ်သော ကျွန်တော်သည် ရန်ကုန်တွင် ခရီးကြမ်းကြမ်းကို လမ်းလျှောက်ရန် အသင့်ပြင်ပြီးဖြစ်၏။
ထို့နောက် ကျွန်တော်သည် ဘာမျှမပါသော ကျွန်တော့် စစ်လွယ်အိတ်အဟောင်းလေးကို ပြသအစစ်အဆေးခံရန် လေယာဉ်ရုံးအတွင်းသို့ လှမ်းဝင်လာခဲ့လေသည်။