Friday, November 4, 2016

ချစ်စရာ ဓလေ့လေးများ


‘မေသင်းခိုင်၊ မုံ့ ဟင်းခါး၊ ဗူးသီး နှစ်ပွဲ’
‘မေသင်းခိုင် ခေါက်၊ ပဲကြော် တစ်ပွဲ’
‘ရွှေအိုးကြီး လက်ဖက်ရည် ပေါ့ကျ နှစ်ခွက်’
‘ ပဲပလာတာ ပေးပါဟေ့၊ နှစ်ပွဲ မြန်မြန်၊ အီကြာကွေး တစ်ပွဲပါထဲ့’
‘ မေသင်းခိုင်း ဒီမှာ ပိုက်ဆံယူထားလိုက်ပြီ ပန်းကန်လာသိမ်းအုံး’

ကျနော်တို့ နေပြည်တော် ဧကတစ်ထောင် နာမည်ကျော် အင်ကြင်းဈေးလေး၏ မနက်ပိုင်းတိုင်းတွင် ကြားနေရသည့် အသံများပါ။

ဒီအသံတွေကြားတိုင်း ကျနော်ကြည်နူးမိသည်၊ မေသင်းခိုင်ဆိုင်က ဈေး၏ အကောင်းဆုံး မုန့် ဟင်းခါးနဲ့ အုံးနို့ ခေါက်ဆွဲဆိုင်၊ ဘေးပတ်လည်တွင် လက်ဘက်ရည်ဆိုင် လေးဆိုင်ခန့် ရှိသည်၊ နောက် အီကြာကွေးနဲ့ ပဲပလာတာဆိုင်က နှစ်ဆိုင်၊
ဒီမှာ၊ မနာလိုတာမရှိ၊ စားသုံးသူများ အဆင်ပြေသလိုထိုင်ကြသည်၊ မေသင်းခိုင်မှာပဲ ထိုင်ပြီး မုန့် ဟင်းခါးစားကြသူများမှ လက်ဘက်ရည်မှာတာတော့ နဲသည်၊ များသောအားဖြင့် လက်ဘက်ရည်ဆိုင်တွေမှာထိုင်ပြီး စသည်နှင့် ဆိုင်လုလင်ကလေးများ၏ မေသင်းခိုင်ဆိုသော အသံများကြားရပါပြီ၊ မုန့် ဟင်းခါး အုန်းနို့ ခေါက်ဆွဲ စားပြီးသည့်အခါမှာ လက်ဘက်ရည်ဆိုင်မှ လက်ဘက်ရည်၊ ကာဖီ၊ စီးကရက်မှာ၍ တမေ့တမော ထိုင်ကြလေ၏။

သူတို့ အချင်းချင်း မနာလို ၀န်ဆိုမှုမရှိ ယိုင်းပင်းနေကြသဖြင့် ၁၉၈၄ ပတ်ဝန်းကျင် ပန်းဆိုးတန်းရုံးတက်စဉ်က မနက်ပိုင်း ဆူးလေဘေးလမ်းထိပ်က အုန်းနို့ ခေါက်ဆွဲဆိုင်၊ ဘတ်စ်ကားမှတ်တိုင်ထိပ်လမ်းဘေးဆိုင်၊ မြန်မာတို့ ထုံးစံအတိုင်း ဆိုင်ဖွင့်ခါစ လက်ရာက ကောင်းမှကောင်း၊ လူတွေ ပြုံတိုးနေကြတော့ ထုံးစံအတိုင်းပဲ လမ်းဘေးမဟုတ် အခန်းနဲ့ ရောင်းသော ဘေးက လက်ဘက်ရည်ဆိုင်မှ ၀င်ထိုင်၍ မှာကြရသည်။

မကြာပါ လဘက်ရည်ဆိုင် နံရံတွင် စာတမ်းများ ပေါ်လာပါတော့သည်၊ အုန်းနို့ ခေါက်ဆွဲ မမှာပေးပါ၊ (မမှာရဆိုတဲ့စာတော့ မဟုတ်ပါဘူး)၊ နောက် အဲဒါမျိုး ရန်ကုန် မြို့ ထဲမှာ ထပ်တွေ့ ရပါသေး၊ လမ်းဘေးမုန့် ဆိုင်လေးတွေက ပစ္စည်းကို ဆိုင်ကြီးတွေက စားခွင့်မပေးကြတာ။

အုံးနို့ ခေါက်ဆွဲနဲ့ပတ်သက်လို့ နောက် အမှတ်တရတခုရှိသေးတယ်၊ အလုံ ဆင်မင်းဈေးထဲက ဦးပိန်လေး ဆိုင်က မုန့် ဟင်းခါးရော အုန်းနို့ ခေါက်ဆွဲရော နာမည်ကျော်ပါ၊ အခုအထိ ကျနော်စားဘူးတဲ့ နှစ်၂၀ကာလ ဒီအတိုင်းပဲ အရသာမပြောင်း။

တမနက် ဆိုင်မှာ ကျနော်စားနေတုံး လူတစ်ယောက် အုံးနို့ ခေါက်ဆွဲ တပွဲမှာတယ်၊ ဟင်းရည်များများထဲ့ပေးပါတဲ့။ ဆိုင်ကလဲ သိနေပုံပဲ။ ဟင်းရည်တော်တော်များများနဲ့ ထည့်ပေးတယ်၊ ပြီးတာနဲ့ ဒီလူက ဘေးက မုန့် ဖတ်ဆိုင်ကိုထသွားတယ်၊ မုန့် ဖတ် ၁၅ကျပ်ဘိုးထင်တာပဲ ထပ်ဝယ်တယ်၊ ပန်းကန်ထဲထဲ့ပြီး ဦးပိန်လေးဆိုင်ကို ပြန်လာတယ်၊ နောက်သူ နယ်ဖတ်ပြီးစားနေတယ်၊ ထပ်ဝယ်လိုက်တဲ့ ၁၅ိဘိုးက နည်းတာမှ မဟုတ်တာ၊ ခြောက်ကပ်သွားတာပေါ့၊ သူဘာမှ မပြောဘူး၊ အလ္လာပ သလ္လာပပဲ ပြောနေတယ်၊ ဆိုင်ရောင်းနေတဲ့ အမျိုးသားလေးက ဘာမှ မပြော၊ မုန့် ဟင်းရည်ခတ်တဲ့ဇွန်းကြီးနဲ့ တ၀က်လောက်ကို ထပ်ထည့်ပေးလိုက်လေရဲ့ ၊ ဟိုဆရာကလဲ ကျေးဇူးတင်ကြောင်းတောင် မပြောဘူး စကားမပျက်ပဲ ဆက်အုပ်နေတာ၊
ကျနော်အခုအထိ အဲဒီမြင်ကွင်းကို စဉ်းစားနေမိတာ၊ စားတဲ့လူကလဲ နေ့ စဉ်ရက်ဆက် အားပေးနေပုံ၊ မနက်စာကို ဒါနဲ့ ပဲ အ၀သွတ်ပုံပဲ၊ ရောင်းတဲ့လူကလဲ ကိုယ့် အဖေ၊ သားမြေးကိုထည့်ပေးတဲ့အတိုင်း၊ နဲနဲမှ လက်မတွန့် ၊ မျက်နှာမပျက်၊ နောက် မကောင်းမကန်း ရောင်းတဲ့ဆိုင်လဲမဟုတ်ဗျ၊ တကယ့် နာမည်ကျော်ဆိုင်၊

အော်ဒီလိုစေတနာကြောင့်လဲ အခုထိ နာမည်ကြီး အဆင်ပြေနေကြတာပဲလို့ ။

ကျနော် နဲနဲလေးကွန့် တွေးလိုက်တာတော့ ကျနော်တို့ ဝန်ကြီးဌာနတွေ ဟို လဘက်ရည်ဆိုင်လိုလုပ်မှာလား အင်ကြင်းဈေးဆိုင်တွေလို ညီညီညွတ်ညွတ်နဲ့ ပြည်သူကို ဆားဗစ်ပေးမှာလား။

နောက် ဦးပိန်လေးဆိုင်လို၊ အရည်အသွေးရော စေတနာရော အင်မတန် သောက်မြင်ကပ်စရာကောင်းတဲ့ ပြည်သူတွေကိုပါ ထိန်းထားနိုင်မှာလား၊ ဟဲဟဲ

ကျန်းမာချမ်းသာကြပါစေ
အနုပညာဆန်သော၊ ကျနော်မောင်ကိုပါ


No comments:

Post a Comment