မြန်မာ့ အနုသဘင် (၂)
မည်ကဲ့သို့ အလွှမ်းမိုးခံခဲ့ရသည်
အားသာချက် အားနည်းချက်များ
မြန်မာ့အနုသဘင် (၂)
သုမင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူကြပါစေ…။
ကောင်းမြတ်သော သီလ၊ စေတနာ၊ ဝီရိယတို့ဖြင့် သစ္စာရှိစွာ တိုင်းပြည်၏အကျိုးကို သည်ပိုးဆောင်ရွက်၍ အမြဲ အောင်မြင်တော်မူကြပါစေ…
..“မြန်မာ့အနုသဘင်”..
ကျွန်တော်တို့တိုင်းပြည်မှာ မြန်မာတူရိယာဂီတ၊ မြန်မာ့မူ၊ မြန်မာ့ဟန်နဲ့ အခြေခံကျကျ တည်တံ့ခိုင်မြဲစွာ ရှိသင့်တယ်…။
အဲဒီ့ (ရှိသင့်)ရှိသင့်တဲ့ကိစ္စကို ဖော်ထုတ်ပြီးတော့…. ဖော်ထုတ်လို့ရသမျှ ပညာရပ်ကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်၍ ကျယ်ပြန့်စွာ ဖြန့်ဖြူးရမယ်…။
ဖြန့်ဖြူးတဲ့အခါမှာ သောတရှင်ပရိသတ်အပေါင်းတို့သည် မြန်မာတူရိယာဂီတ ပညာဖြင့် လိမ်းကျံ၍ လိုအပ်တဲ့နေရာမှာ..၊ လုပ်အားနည်းနေတဲ့ နေရာတိုင်းမှာ.. လုပ်အားများလာအောင် သောတရှင်ပရိသတ်တို့အား သီဆိုတီးမှုတ်၍ ဖြေဖျော်ရင်း၊ လှုံ့ဆော်အားပေးရမယ် ဆိုတဲ့အချက်ဟာ… အခုအခါမှာ လိုသလောက် (လိုချင်သလောက်) ပြည့်ပြည့်စုံစုံ မရှိသေးတဲ့ကြောင့်မို့… ထုတ်ဖော်ပြီးတော့ တိုင်းပြည်က တောင်းလာတယ်…။
အဲ့လိုထုတ်ဖော်ပြီး တောင်းလာတဲ့ကိစ္စဟာ အမှန်အားဖြင့်ကတော့… စောင့်ဆိုင်းပြီးတော့ နေရတာ၊ မပြည့်စုံတဲ့အတွက် ထုတ်ဖော်ပြီး တောင်းတယ်ဆိုတာ ကျွန်တော်တို့သိရမှာပဲ…။
ဒီတော့ကာ… ကျွန်တော်တို့ မြန်မာ့တူရိယာဂီတပညာဟာ အခုအခါမှာ ဘယ်အဆင့်အတန်းမှာ၊ ဘယ်လိုအခြေအနေနဲ့ နေတယ်ဆိုတာကို ကျွန်တော်တို့ကြည့်ဖို့ လိုပါတယ်…။
ကြည့်လိုက်တဲ့အခါကျတော့ (သောတရှင်များခင်ဗျာ….) မြင်ကြရလိမ့်မယ်…။
ကျွန်တော်တို့ မြန်မာတူရိယာဂီတပညာဟာ မှိန်မှိန်ကလေး… ငွေ့ငွေ့ကလေးပါပဲ…။
တကယ်တမ်း ကြည့်ကြမယ်ဆိုတော့…. တိုင်းတပါးတူရိယာဂီတများက အတော်ကလေး လွှမ်းမိုးလာတာ မြင်ကြပါလိမ့်မယ်၊ ကြားကြပါလိမ့်မယ်၊ သိကြပါလိမ့်မယ်…။
တခြားသောတိုင်းပြည်တစ်ပြည်က ယဉ်ကျေးမှုဟာ (ဟို)တခြားသောတိုင်းပြည်တစ်ခုကို လွှမ်းမိုးတယ်လို့ဆိုတာ…… အကြောင်းနဲ့အကျိုးကို ဆက်စပ်ကြည့်ရင်… ‘လွှမ်းမိုးခံရတဲ့တိုင်းပြည်ရဲ့ အကြောင်းပေါ်မှာတည်ပြီးတော့၊ အကျိုးဖြစ်လာခြင်း ဖြစ်ပါတယ်’…။
လွှမ်းမိုးခံရတဲ့တိုင်းပြည်ဟာ ဘယ်လိုအခါမျိုးမှာ လွှမ်းမိုးခံရမှာလဲလို့ ဆိုတော့…. ကိုယ့်တိုင်းပြည်မှာ ဒီလိုယဉ်ကျေးမှုမျိုး မရှိတဲ့အခါများသော်လည်းကောင်း (သို့မဟုတ်) ကိုယ့်တိုင်းပြည်မှာ ယဉ်ကျေးမှုရှိသော်လည်းပဲ၊ ဒီယဉ်ကျေးမှုရဲ့သတ္တိ၊ အကြောင်းအရာကို ကောင်းစွာ မပြည့်စုံသဖြင့်… ထိုပညာကို မမြတ်နိုးသောကြောင့် တိုင်းတပါးပညာများကို လိုက်စားတယ်…။
ဥပမာ ဆိုပါတော့…. (ကျွန်တော်တို့) စာမရှိတဲ့လူမျိုး…။
ကိုယ့်စကားသာ ရှိတယ်၊ စာမရှိဘူး၊ စာကို မတီထွင်နိုင်တော့ကာ…… တိုင်းတစ်ပါးသားရဲ့စာကို ကိုယ့်စာလုပ်ပြီးတော့… သင်ကြရတယ်၊ (လေ့လာ)လိုက်ကြရတယ်…။
တီးလုံးတေးသွားများကို ကြည့်ပြန်မယ်ဆိုရင်လည်းပဲ…. ကိုယ့်ဟာကိုယ်တော့ သီချင်းဆိုနိုင်လောက်အောင် တီးလုံးတေးသွား မတီထွင်နိုင်တော့… သူတပါး(တိုင်းတပါးသား)ရဲ့တီးလုံးတေးသွားကို လိုက်ပြီးတော့… ကိုယ့်စာလုံး စကားတွေသွင်းပြီးတော့.. တီးလုံး လိုက်ကြရတယ်…။
တူရိယာကို တစ်ခါကြည့်လိုက်ပြန်ရင်လည်းပဲ…. ကိုယ့်တိုင်းရင်းဖြစ်တူရိယာနဲ့.. ကိုယ့်အာနဲ့၊ ကိုယ့်လျှာနဲ့တွေ့အောင် တီထွင်ထားတဲ့တူရိယာ သတ္တိကို မသိ(လို့)သော်လည်းကောင်း (သို့မဟုတ်) မရှိလို့သော်လည်းကောင်း… အဲ့ဒီလိုအခါမျိုးမှာ သူတပါးတူရိယာများကို ကိုယ့်တူရိယာလုပ်ပြီးတော့… မြတ်မြတ်နိုးနိုး တီးကြ၊ မှုတ်ကြရတယ်…။
အဲ့သလို ရှိပါတယ်..၊ ဒီလိုရှိတော့ကား…. ကျွန်တော်တို့တိုင်းပြည်မှာ ဖြစ်ပျက်ပြီးတော့ အခုအခြေအနေ ရောက်လာတဲ့အကြောင်းကို ဘယ်တုန်းက စပြီးတော့ (ဘယ်လိုဖြစ်ပြီးတော့..) လာတာတုန်းလို့ဆိုတာ နည်းနည်းပြန်ပြီးတော့ နောက်ကြောင်း ကြည့်ကြဖို့  လိုကြတယ်
အဲဒီ့လိုတဲ့အခါ ကြည့်လိုက်တော့ကာ… ရှေးအခါတုန်းက မြန်မာ့တူရိယာဂီတပညာဟာ မြန်မာမှု၊ မြန်မာ့ဟန်နဲ့ အခြေခံကျကျနန တည်တံ့ခိုင်မြဲစွာရှိတယ်ဆိုတာ ယုံမှားဖွယ် မရှိပါဘူး…။
အမှန်ရှိပါတယ်..၊ သို့သော်လည်း… အခုအခါမှာ မြန်မာ့တူရိယာဂီတကို လက်ညှိုးနဲ့များ သွားတို့လိုက်ရင်… ယိုင်နေတယ်၊ လှုပ်နေတယ်၊ ဝေနေတယ်… တောင်လိုလို၊ မြောက်လိုလို… ကိုင်လို့မရအောင် အခြေမျိုး…။
စောစောက (ကျွန်တော် အလို) အလိုရှိကြတဲ့ မြန်မာ့တူရိယာဂီတပညာကို ထုတ်ဖော်ဖို့ ဥစ္စာ မဖြစ်နိုင်အောင် အခြေရောက်နေတယ်…။
ဒီတော့… လွန်ခဲ့တဲ့နှစ်ပေါင်း (၁၄၀)နီးပါးလောက်က စ..ပြီးတော့၊ ကျွန်တော်တို့တိုင်းပြည်ထဲကို တိုင်းတပါးတူရိယာအသံများ လေပြည်လေညှင်းသဖွယ် ဖြည်းဖြည်းချင်းတိုက်ခတ်ပြီးတော့ ဝင်လာတယ်…။
မင်းတို့တူရိယာ မတီးရ၊ ဒို့တူရိယာသာ တီးရမယ်ဆိုတာမျိုး မဟုတ်ဘူး…။
အင်မတန်သိမ်မွေ့ပါတယ်…. ဒီကိစ္စမျိုးဟာ…။
အဲ့သည်လိုနဲ့ ဝင်လာလိုက်တာ…. နှစ်ပေါင်း(၆၀)လောက် ကြာတယ်…။
နောက်ပြီးတဲ့အခါကျတော့… (လွန်ခဲ့တဲ့နှစ်ပေါင်း(၈၀)လောက် ကြာတဲ့အခါကျတော့…) ကျွန်တော်တို့လက်ခံတဲ့ အကြောင်းကိုပြု၍… တိုင်းတပါးတူရိယာများဟာ အရင်ကလို မဟုတ်ဘဲနဲ့… ခပ်ပြင်းပြင်းကလေး တိုင်းပြည်ထဲကို ဝင်လာတယ်…၊ လက်ခံကြတယ်…။
ကြားပါများတော့လည်း နားယဉ်တယ်…၊ မြင်ရပါများတော့လည်း မျက်စိယဉ်တယ် ဆိုတာလိုပေါ့လေ…။
အဲ့သည်လိုနဲ့.. နားယဉ်ပြီးတော့လာလိုက်တာ၊ ဖြည်းဖြည်းချင်း..ဖြည်းဖြည်းချင်းနဲ့…. အခုအခါ မျက်မှောက်မှာ…၊ (သောတရှင်များ မြင်တော်မူကြတဲ့အတိုင်း..) ကျွန်တော်တို့တိုင်းပြည်ကို ရှေ့ဆောင်ရှေ့ရွက် ဆက်လက်ပြီးတော့ ချီတက်သွားမယ့် လူငယ်ကလေးများလက်ထဲမှာ တိုင်းတပါးတူရိယာများနဲ့ သီဆိုတီးမှုတ်နေကြတဲ့အခါမှာ… တိုင်းရင်းဖြစ်တူရိယာဆိုတာ ရာခိုင်နှုန်းအားဖြင့် အများဆုံးနှစ်ဆယ်လောက်ပဲ ပါတယ်…။
တိုင်းတပါးတူရိယာတွေချည်း တီးမှုတ်နေကြတယ်…။
မကောင်းဘူးလို့ မဆိုဘူး…၊ သူတို့ ဘယ်လိုကြောင့် ဒီတူရိယာများ နှစ်သက်ကြပါသလဲ လို့ဆိုတဲ့အကြောင်းကို (ကျွန်တော်တို့) လှမ်းပြီးတော့ ကြည့်ပြန်တဲ့အခါကျတော့… တိုင်းတပါးတူရိယာကို မက်မက်မောမော နှစ်သက်လာအောင် မြင်တဲ့အခါ… ဟော့ဒါလေး တီးချင်ရင်လေ၊ ဒီလိုကိုင်ဗျ…။
ဟော့ဒီလို ထိုင်၊ ဒီလိုမှုတ်။ ဟော့ဒါက ဘား (Bar) တဲ့၊ ဟော့ဒါက ဘိဒ်(Beat)..တဲ့။ ဟော့ဒါက မက်ရှား (Measure)..တဲ့။ ဒီဥစ္စာက ဖရေ့စ်(Phrase)..တဲ့။
ဒီလိုကိုက်ညီတော့ မှန်သဗျ…။ ဟော့သည်လို မှုတ်တော့… မှန်သဗျို့၊ ဟိုလိုမှုတ်တော့… မှားသဗျလို့ ..။
သဘောတရားနဲ့ လက်တွေ့ ကျကျနနကိုင်ပြတော့….. ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ လူငယ်ကလေးများကလည်း အင်မတန် သနားစရာကောင်းတယ်…။
တိတိကျကျ ခိုင်ခိုင်လုံလုံ သေသေချာချာ ပညာများကလည်း လိုချင်ကြလေတော့… တိုင်းတပါးကတူရိယာ သေချာတဲ့ဘက်ကို လိုက်သွားတယ်…။
လိုက်သွားပြီးတဲ့နောက် (သူတို့တူရိယာ) တိုင်းတပါးကတူရိယာနဲ့… မြန်မာ့အသံကလေးများ ကြိုးစားပြီးတော့ မှုတ်ကြတယ်..၊ သီဆိုကြတယ်…။
သို့သော်လည်း… တူရိယာအသံ ဝဲတာကတစ်ကြောင်း…၊ သူတို့နားမှာယဉ်ပြီးနေတဲ့ ဝဲတဲ့၊ ကြောင်တဲ့အသံကလေးများ နားစွဲနေတော့…. မြန်မာသံ၊ မြန်မာ့ဟန်ကို ရောက်မလာပါဘူး…။
အဲဒီ့လိုဖြစ်လာတာအတွက်ကို လူငယ်လေးများကို ကျွန်တော်တို့က အပြစ်ဆိုဖွယ် မရှိပါဘူး…။
သူ့ခမျာများ ကြိုးစားကြပါတယ်…။
အဲဒီ့တော့ ဒီအကျိုးအကြောင်း၊ ဖြစ်ပျက်ရတဲ့အကြောင်းကို ပြန်ပြီးတော့တစ်ခါ ရှေ့တစ်ထစ်တက်ကြဦးစို့ လို့ဆိုတော့… ကျွန်တော်တို့တိုင်းပြည်မှာ မြန်မာ့တူရိယာဂီတသဘင်ပညာသည် အင်မတန် နက်နဲ၊ ခက်ခဲ၊ သိမ်မွေ့၊ နူးညံ့၊ ယဉ်ကျေးပါတယ် လို့ဆိုနေကြတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့စကားအရ…. ဘယ်နေရာမှာ ယဉ်ကျေးတယ်၊ ဘယ်နေရာမှာ နက်နဲတယ်၊ ခက်ခဲတယ်… စသဖြင့် ဒီအချက်အလက်တွေကို လူငယ်များကို ကျွန်တော်တို့ကသင်ပြပြီးတော့ ဆုံးမသြဝါဒပေးပြီးတော့… နည်းစနစ်ပြဖို့ လိုပါတယ်…။
အဲ့သည် နည်းစနစ်ပြတဲ့အချက်တွေဟာ လစ်ဟင်းသွားတဲ့အတွက်ကြောင့်… လူငယ်ကလေးများသည် ကျွန်တော်တို့ဘက် ရောက်မလာဘဲနဲ့… တခြားရောက်သွားတယ်လို့ ကျွန်တော်တို့ဆိုရလိမ့်မယ်…။
သူများဘက်ကို ရောက်သွားတဲ့အကြောင်းက…. ကိုယ်ကမပြလို့မရောက်တာကို ကြည့်လိုက်ပြန်ရင်၊ လူကြီးများက၊ ပညာ့ရှင်ကြီးများက ဘာကြောင့် လူငယ်ကလေးများကို ဒီတူရိယာဂီတသဘင်ပညာကို ကျကျနန ၊ စနစ်တကျ အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်လောက်အောင် မသင်ပြသလဲ ဆိုတဲ့အကြောင်းကတော့… အကြောင်းအမျိုးမျိုး ရှိပေမပေါ့ခင်ဗျာ…။
ဒီအကြောင်းတွေကို (ကျွန်တော်တို့)ထုတ်ဖော်ပြောဖို့တော့ အကြောင်းမထူးလှလို့  မပြောလိုပါဘူး…။
သို့သော်လည်းပဲ ကျွန်တော်တို့မပြောခဲ့သမျှ မှားတယ်ဆိုတာလည်း ကျွန်တော်တို့ သိရလိမ့်မယ်…။
ဒီတော့… ဒီနေရာမှာ (ကျွန်တော်တို့) ပြဿနာတစ်ခု ပေါ်လာပါတယ်…။
ဘယ်လိုပြဿနာပေါ်လာသလဲဆိုတော့… ‘နေပါဦး၊ မြန်မာ့တူရိယာဂီတပညာမှာ… အတီး၊ အမှုတ်၊ အဆိုပညာမှာ တည်တည်တံ့တံ့၊ ခိုင်ခိုင်မာမာ မြန်မာ့မူ၊ မြန်မာ့ဟန်နဲ့… ရှေးစနစ်ဆိုတာဟာ အတိုင်းအတာအားဖြင့် ရှိသလား’ လို့…၊ ဒီပြဿနာ ပေါ်လာပြီ…။
တိုင်းတပါးသား တူရိယာများမှာတော့ သဘောတရားနဲ့လက်တွေ့ တိတိကျကျ…. စာတွေ့ရော၊ ကိုယ်တွေ့ရော… ကျကျနန၊ အတိုင်းအတာ ရှိသကိုး…။
ရှိတော့ကား… သူတို့တီးမှုတ်နေတဲ့အခါမှာ…… တစ်ယောက်..တစ်ယောက် တီးမှုတ်သံကြားတဲ့အခါမှာ… ငါတီးတာက မှားတယ်၊ သူတီးတာက မှန်တယ်… သူတီးတာက မှားတယ်၊ ငါတီးတာက မှန်တယ်…စသဖြင့် အတိုင်းအတာရှိတော့… သိတော့ကာ၊ လိုတဲ့လူကလည်းပဲ တိုးတက်လာအောင် ကြိုးစားတယ်…။
မှန်တဲ့လူကလည်း မှန်တဲ့အလျှောက် (အားလုံးသိကြတဲ့အတိုင်း) ဆက်ပြီးတော့ ကောင်းသည်ထက်ကောင်းအောင် ကြိုးစားချင်တဲ့စိတ်ရှိတော့ကာ… သူတို့မှာ အတန်းအစားဟာ ခွဲခြားလို့ ရတယ်…။
ကျွန်တော်တို့မြန်မာ့တူရိယာမှာ ဒီလို သေသေချာချာ၊ ကျကျနန လုပ်မထားဘူးဆိုတော့….. သူလည်း သူတစ်မျိုးမှန်တာပဲ၊ ကိုယ်လည်း ကိုယ်တစ်မျိုးမှန်တာပဲ…လို့ဆိုပြီးတော့၊
ဒီနေရာမှာ ဘာပြောသလဲဆိုတော့….. သုံးတဲ့စကားက - ‘တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း’…။
သူ့မူနဲ့သူလို့ ဆိုကြတယ်၊ ‘မူ’ ဆိုတဲ့ဥစ္စာများဟာ (သောတရှင်များ သိတော်မူကြတဲ့အတိုင်း) ‘မူ’..ဆိုတဲ့ဥစ္စာ အတိုင်းအတာနဲ့ တိတိကျကျ ခွဲခြားလို့ရတဲ့ဥစ္စာမှ ..‘မူ’..ပါ။
ပမာ.. သုံးနဲ့စားလို့ ပြတ်တယ်၊ ခွန်နဲ့စားလို့ ပြတ်တယ်၊ ကိုးနဲ့စားလို့ ပြတ်တယ်၊ ဘယ်ဂဏန်းနဲ့စားလို့ ပြတ်တယ်… တိတိကျကျ ရှိတဲ့ဥစ္စာ၊ ဒါ..‘မူ’..ပဲ။
ဘယ်လိုလုပ်လို့မှ… မှားတယ်၊ မှန်တယ် ချိန်ဆလို့မရတဲ့ဥစ္စာ…၊ ဒါ..‘မူ’.. မဟုတ်ပါဘူး…။
ကပေါက်ကရောက် ဖြစ်နေတဲ့ဥစ္စာပဲ…။
ဒီထဲမှာ ပြောတဲ့စကားထဲမှာ ပါပါတယ်…၊ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ် ဆန်းတယ်တဲ့..။
တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းတယ်ဆိုတာဟာ….. (သိတော်မူကြတဲ့အတိုင်း) တောင်ကျောင်း၊ မြောက်ကျောင်း၊ အရှေ့ကျောင်း၊ အနောက်ကျောင်း ကိုယ်ကြိုက်တဲ့ဂါထာနဲ့ ကိုယ်သုံးငြားသော်လည်းပဲ… ဂါထာတို့မည်သည်မှာ ဘယ်အခါမှ ဂါထာခေါ်သလဲ…။
‘ရှစ်လုံးတစ်ပါဒ၊ လေးပါဒ တစ်ဂါထာ’ တဲ့… အဲ့သလို ရှိတယ်…။
၏ထို့နည်းတူစွာ ဂါထာဆိုရင်ဖြင့်… ‘ရှစ်လုံးတစ်ပါဒ’ ..မူ..ကတော့ သေချာနေတာပဲ…၊ သူ့မူနဲ့ သူပဲ…။
(အဲ့သည်လို ရှိလာတော့…) ဂါထာရှိသလို တေးသီချင်းများမှာလည်း သူ့မူနဲ့သူ တိတိကျကျရှိတာ… ‘မူ’ နဲ့ရှိတာ အဲ့ဒါခေါ်တယ်...။
ဒီတော့ကာ… (ထားပါတော့) ကျွန်တော်တို့မှာ တူရိယာဂီတမှာ တည်တည်တံ့တံ့၊ ခိုင်ခိုင်မြဲမြဲ အခြေခံနဲ့အမှား၊ အမှန်သိနိုင်တဲ့ အတိုင်းအတာနဲ့ ရှိပါသလားဆိုတဲ့ပြဿနာကို ဖြေတဲ့အခါကျတော့…… ရှိတယ်နဲ့မရှိဘူး… ဒီနှစ်ခု တစ်ခုခုဖြေရလိမ့်မယ်…။
မရှိဘူးဆိုရင်..(နော်) မရှိဘူးဆိုရင်….. ဒီအချိန်ဒီအခါမှာ ရှိဖို့ သင့်သလား၊ မသင့်ဘူးလား…။
သင့်တယ်ဆိုရင်….. ဒီအချိန်၊ ဒီအခါမှာ ဒီအရွယ်ရောက်သည့်တိုင်အောင် ဒီလိုမနေစိမ့်ဘဲနဲ့…. ပြုလုပ်ဖို့ မတော်ဘူးလား၊ တော်သလား…။
အကယ်၍ ရှိပါတယ်ဆိုရင်….. ရှိတဲ့အတိုင်း ဘာဖြစ်လို့ မလိုက်သလဲ…။
ဟော့ဒီမေးခွန်းနဲ့ ဒီအဖြေနဲ့ဟာ လိုက်င်္ပြီးတော့ ကြည့်ကျပါ…။
(ဒီတော့…) ဒီနေရာမှာ ရှိတဲ့ဥစ္စာကိုသိတဲ့ ပုဂ္ဂိုလ်များ ရှိတယ်…။
အတိုင်းအတာ မရှိဘူးလို့ နားလည်တဲ့လူ ရှိတယ်…။
ရှိတယ်ဆိုတာသိတဲ့ ပုဂ္ဂိုလ်များက ဘာဖြစ်လို့ဆိုတော့… အတိုင်းအတာဟာ မကိုင်ဝံ့ဘူး…။
သူတို့ရှိတဲ့အခြေခံပညာတွေဟာ မှန်တာလည်းရှိတယ်၊ မှားတာလည်းရှိတယ်…။
မှန်တာရှိသလောက် မှားတာလည်းရှိတော့… ဒီမှားတာကို လျှာကျိုး၊ နှုတ်ကျိုးဖြစ်နေတာ ပြင်ရမယ့်အကြောင်းအားကို ကြည့်ပြီးတော့… ပျင်းရိတဲ့စိတ်၊ ညံ့ဖျင်းသောစိတ်နဲ့ ဖြစ်နေကြတော့ကာ၊ ဒီကိစ္စမှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်များရဲ့ကိစ္စလို့  လုံးလုံး ပေါ်လာပြီ…။
ကောင်းပြီ…၊ ဒါဖြင့်… ဒီတာဝန်ရှိတဲ့ပုဂ္ဂိုလ်များနဲ့ ကျွန်တော်တို့ ကနေ့ကစပြီးတော့… ဒီအလုပ်ကို ဖြစ်မြောက်အောင် လုပ်တဲ့အရေးမှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်များကို ကျွန်တော်အစီရင်ခံပါရစေ…။
လက်ရှိ ဒီတူရိယာဂီတပညာကို မြတ်နိုးပါတယ်လို့…၊ ချစ်ခင်ပါတယ်ဆိုပြီးတော့…. လက်ရှိအားဖြင့်လုပ်ကိုင်နေတဲ့ ပုဂ္ဂိုလ်များသည်လည်းကောင်း၊ တိုင်းပြည်က ခင်ဗျားတို့..ခင်ဗျားတို့ဟာ ဒီပညာမှာ ပြည့်စုံတဲ့အတွက် တိုင်းပြည်ရဲ့အကျိုးကို သည်ပိုးဆောင်ရွက်ပြီးတော့…. ဝိုင်းဝန်းအားပေးတော်မူကြပါလို့ အသိအမှတ်နဲ့ထောက်ပင့်ပြီးတော့ ပေးထားတဲ့ပုဂ္ဂိုလ်များ ရှိတယ်…။
အဲ့ဒီပုဂ္ဂိုလ်များဟာ မနေစိမ့်ကြဘဲနဲ့… ဆက်လက်ပြီးတော့ (ကျွန်တော်တို့) သွားဖို့လိုပါတယ်..။
အဲဒီလို လိုတဲ့နေရာမှာ ကနေ့အချိန်ခါကစပြီးတော့… နောက်အပတ်များမှာ ကျွန်တော်တို့ဆက်လက်ပြီးတော့… မြန်မာ့တူရိယာဂီတပညာရဲ့အခြေခံများကို တိတိကျကျ ကျွန်တော်ဆက်လက်ပြီးတော့… တိုင်းပြည်ကို တင်ပြပါ့မယ်…။
သောတရှင်များနှင့်တကွ ဒီပညာကို တတ်တဲ့ပုဂ္ဂိုလ်များ…. တတ်သည့်ပညာမနေသာဆိုသလို၊ တတ်လို့ရှိရင် မနေစိမ့်ကြဘဲနဲ့ ဝိုင်းပြီးတော့ ကူညီအားပေး၊ နှီးနှော၊ တိုင်ပင်နိုင်ပါတယ်…။
အပြုသဘောနဲ့ လုပ်ကြမယ်ဆိုရင်ဖြင့်… ဒီကိစ္စဟာ ကျွန်တော်တို့ လိုရာဆန္ဒကို ပြည့်စုံသွားပါလိမ့်မယ်…။
ဒါမှသာလျှင် ဒီပညာရဲ့အခြေခံမူကို ထုတ်ဖော်နိုင်လိမ့်မယ်….။
ထုတ်ဖော်နိုင်ပြီးတော့မှ… မမှားအောင် ဆက်လက်ပြီးတော့ စောင့်ထိန်းရလိမ့်မယ်…။
စောင့်ထိန်းပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပြီးတော့… ကျန်တဲ့ကိစ္စတွေ (ကျွန်တော်တို့) ဆောင်ရွက်ရမှာပေါ့လေ…။
အဲ့ဒါကြောင့် ဒီကိစ္စအမျိုးမျိုး၊ အဝဝတွေကို ဆောင်ရွက်ဖို့ကိစ္စမှာ နောက်အပတ်များကစပြီးတော့ ကျွန်တော်တင်ပြတဲ့အခါ သောတရှင်များ နားဆင်ပြီးသကာလ…. ဝိုင်းဝန်းပြီးတော့၊ ကူညီပြီးတော့ ဆွေးနွေးနိုင်ပါတယ်…။
ဖိတ်မန္တက ပြုလိုက်ပါတယ်…
ကျွန်တော် နောက်ဆုံးပိတ်မှာ ကျွန်တော် အစီရင်ခံလိုတာက…. မြန်မာ့တူရိယာဂီတပညာ၏ အခြေခံသည် မြန်မာစာ ဖြစ်ပါသည်…။
အဲဒီ့စကားကို ကျွန်တော်နောက်တစ်ပတ်ကစပြီးတော့..၊ ဆက်လက်ပြီးတော့ တင်ပြပါမယ်ခင်ဗျား….။
သင့်လောက်ပါပြီ သောတရှင်များခင်ဗျာ…၊ နားကြဦးစို့...။
နောက်တစ်ပတ်မှ စကြဦးစို့ရယ်…။
များ..စွာကျေးဇူးတင်ပါတယ်…။
No comments:
Post a Comment