အနုပညာသမား ဗိုလ်ချူပ်
-
“ကျုပ်တို့ရဲ့ ဗမာ့ ယဉ်ကျေးမှု အနုပညာတွေကို ဖော်ထုတ်ကြဖို့ အချိန်တန်ပြီ။”
ဆရာ ဦးဘချိုသည် ဗမာ့ ယဉ်ကျေးမှု အနုပညာ၏ အထိမ်းအမှတ် ဖြစ်သည်။ ထိုစဉ်က ထို အထိမ်းအမှတ်မှာ ထို တခုတည်းသာ ရှိသည်။ ထို့ကြောင့် ဆရာ ဦးဘချိုက ထိုစကားကို ပြောလိုက်သောအခါ အားလုံးက ခေါင်းညိတ် လေသည်။
ဆရာ ဦးဘချိုသည် ချိုအေးသော အသံဖြင့် တတွတ်တွတ် စကား ပြောနေသည်။ ရုပ်သေး၊ မြေဝိုင်းဇာတ် ... ဇာတ်ပွဲ ... ပြဇာတ်။ ဤ အကြောင်းတို့ကိုချည်း ပြောနေသည်။
“ကျွန်တော်ကတော့ ရေးမယ် - ရေးမယ်။ ရေးစရာတွေ အများကြီး ရှိတယ်။ ဆရာချို ပြောတဲ့ အနုပညာ အကြောင်း စိတ်ကူးထားတယ်။ ကျွန်တော်တို့ လွတ်လပ်ရေး ရပြီးရင်၊ ကျွန်တော်တို့တစု အရှေ့ဘက် ခရီး ထွက်မယ်ဗျာ။ ယိုးဒယား၊ မလေးကျွန်းဆွယ်၊ ဘိုနီယိုကျွန်း၊ ဘာလီကျွန်း ... အို ... စုံအောင် သွားမယ်ဗျာ။ ဆရာချို အကြိုက်ဘဲဗျာ့။ ဟဲ ... ဟဲ။ ဗမာအက၊ ဗမာ့ဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေ ရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့ တဦး ဘယ်လို ဆက်စပ်မှု ရှိတယ် ဆိုတာကို လေ့လာရမယ်။ ကျွန်တော်လဲ အနုပညာသမား ပါဗျာ။”
ဗိုလ်ချုပ်က စိတ်ကူးယဉ်ကာ ပြောနေသည်။ ဧပြာတိုင်း ပြောတိုင်း အနုပညာသမား ဖြစ်ကြောင်းကို ထပ်ကာ ထပ်ကာ ဆိုသည်။ ကျွန်တော်တို့က သူ့အား တော်လှန်ရေးသမား စာရင်းထဲ၌သာ သွင်းထားပြီး၊ အနုပညာသမား အနေနှင့် အဖက် မလုပ်မှာ စိုးသော လေသံဖြင့် ထပ်ကာ ထပ်ကာ ဆိုသည်။ ကိုသိန်းဟန်က “ဟုတ်ပါတယ်။ ကျုပ်တို့ကလဲ မောင့်ကို အနုပညာသမား စာရင်းထဲမှာ ထည့်ထားပါတယ်။” ဟု ပြောဘိသည့်အလား ခေါင်းကို ညိတ်ကာ ညိတ်ကာ ပြသည်။

No comments:
Post a Comment