Showing posts with label Education. Show all posts
Showing posts with label Education. Show all posts

Friday, December 2, 2016

Delta Force Issue

ညွှန်ချူပ်ဒေါက်တာ ------ က ပြောတယ်။ ဝန်ကြီးပြောတာမှန်တယ်တဲ့။ သန်လျင် မြစ်ဝကျွန်းပေါ် ဘယ်သွားထားမလဲတဲ့၊သန်လျင်မှာ မြစ်ဝကျွန်းပေါ်မရှိဘူး၊ ဘီလူးကျွန်းပဲရှိတယ်၊ ဒီလို မြစ်ဝကျွန်းပေါ်တောင် ဘယ်နှခု ရှိမှန်းမသိတဲ့ အနေအထားမှာ သွားပြီးရှင်သန် လာရတာခက်တယ်
-
(ဒေါက်တာ (အစစ်) ထွန်းဝင်း)
-
(မြန်မာသံတော်ဆင့် နှာ၁၂) အတွဲ(၅) အမှတ် (၃၈) ယနေ့ ထုတ်)
(မှတ်ချက် ဂျာနယ်ထဲတွင် ပါတဲ့အတိုင်း ပြန်ရိုက်တင်သည် အားနာလို့  SS မလုပ်)
-
ကဲ ပိတ်သတ်ကြီး၊ မြစ်ဝကျွန်းပေါ်တွေ ထပ်တောင်းလာရင် ဘယ်နှယ့်လုပ်မယ်ဆိုတဲ့ ဝန်ကြီးကို ပြောရမလား
-
သံလွင် မြစ်ဝကျွန်းပေါ်ဘယ်သွားထားမလဲ ဆိုတဲ့ ညွှန်ချူပ်ကို ပြောရမလား
-
ဖဲ့ချင်ဇောနဲ့ သံလျင်နဲ့  သံလွင်ကိုတောင် မသိတဲ့ ပထဝီဝင်မတတ်တဲ့၊ မြန်မာသံတော်ဆင့်က ဆရာလေး အံ့ခေါင်မင်းနဲ့  အယ်ဒီတာ အဖွဲ့ကိုပဲ ပြောရမလား
-
ကို Nga Mann ရေ ခင်ဗျားကျောင်းမှာ ခလေးတွေနဲ့အတူတူ အစိုးရအဖွဲ့ နဲ့  မီဒီယာများအတွက် ပထဝီဝင် သင်ရိုးညွှန်းတမ်း ဆွဲတော့ ခွိခွိခွိ

Monday, November 7, 2016

ပညာ၊ ပညာရေးနဲ့ မင်းတို့ရဲ့အနာဂတ် (နောက်ဆုံးနှစ်ကျောင်းသားများကိုပြောပြလိုသည့်အကြောင်းများ) Dr. Myint Oo, Rector, University of Forestry

22 March 2012 at 15:56
ပညာ၊ ပညာရေးနဲ့ မင်းတို့ရဲ့အနာဂတ်
(နောက်ဆုံးနှစ်ကျောင်းသားများကိုပြောပြလိုသည့်အကြောင်းများ)
Outlook, January/February 2010

အရင်းခံအတိုင်းပြောရရင် ဟောတဲ့၊ ပြောတဲ့အလုပ်ကိုလုပ်ဖို့ ဆရာစိတ်အားမထက်သန်လှပါ။ ဟောတာ၊ ပြောတာ နားထောင်လိုက်ရုံနဲ့ပဲ အမြင်အတွေးတွေ၊ အမူအကျင့်တွေ ပြောင်းသွားလိမ့်မယ်လို့ထင်ရင်၊ ဒါဟာသိပ်ကို မျှော်လင့် လွန်းရာရောက်တယ်။ သို့ပေမဲ့လည်း မင်းတို့ကိုပြောပြချင်တဲ့အကြောင်းလေးတွေက ရှိလာပြန်တယ်။ အမှန်တော့ ဟောပြောတယ်၊ သြ၀ါဒပေးတယ်ဆိုတာထက် စဉ်းစားစရာတချို့ မင်းတို့ခေါင်းထဲထည့်ပေးဖို့ ကြိုးစားကြည့်ခြင်းသာ ဖြစ်တယ်။

ဒီလိုပြောဖြစ်စေတဲ့ အချက်နှစ်ချက်ရှိတယ်။ ပထမအချက်က “ဒီဘာသာရပ်တွေဘာကြောင့်သင်ရတာလို့ထင်လဲ” ဆိုတဲ့မေးခွန်းကိုဖြေတဲ့ကျောင်းသားတစ်ယောက်ရဲ့အဖြေပါ။ “ဌာနမှာအလုပ်လုပ်တဲ့အခါ အထောက်အကူ ဖြစ်အောင်သင်ရတာ” လို့သူကဖြေတယ်။ “ဌာနမှာအလုပ်ဝင်မလုပ်ဘူး၊ ဒါမှမဟုတ် ဌာနကမင်းတို့ကို အလုပ်မခန့် နိုင်တော့ဘူးဆိုရင် သင်စရာမလိုတော့ဘူးလား” ဆိုတဲ့မေးခွန်းအတွက်သူ့မှာအဖြေမရှိပါ။ အဲဒီလိုမေးခွန်းမျိုးကိုလည်း မျှော်လင့်ထားပုံမရပါ။

ဒုတိယအချက်ကဆရာလေးတစ်ဦး ပြန်ပြောပြတဲ့စကားပါ။ အဲဒီဆရာလေးက အလုပ်ထဲရောက်သွားကြတဲ့ တပည့်ဟောင်းတချို့နဲ့ ပြန်တွေ့တဲ့အခါ  “ဆရာတို့ကျောင်းမှာသင်ပေးလိုက်တာတွေက အလုပ်ထဲကျဘာမှအသုံး မ၀င်ဘူး” လို့ ပြောကြတယ်လို့ဆိုတယ်။ တကယ်ပဲအသုံးမ၀င်တာလား၊ သုံးတတ်ရင်အသုံးဝင်နိုင်မလား၊ မင်းတို့ စဉ်းစားကြည့်စေချင်တယ်။

နောက်ဆုံးနှစ်ရောက်နေကြပြီဖြစ်တဲ့မင်းတို့အနေနဲ့ ဌာနအကြောင်းကို ဆရာတွေဆီကအကြိမ်ကြိမ်ကြားခဲ့ရပြီး ဖြစ်မှာပါ။ တက္ကသိုလ်မှာသစ်တောပညာသင်ယူတာနဲ့ ဌာနမှာအလုပ်ရတာဟာ ခုချိန်ထိတော့ ဆက်နေတဲ့ကွင်းဆက် သဖွယ် ဖြစ်နေသေးပေမဲ့ ဒါဟာ ကြောင်း-ကျိုး ဆက်နွယ်မှုတော့မဟုတ်ပါ။ ဆရာအလုပ်ဝင်ကာစက ဆရာကြီး တစ်ဦးက 'B.Sc. (Forestry) ဆိုတာ သစ်တောဌာနမဟုတ်ဘူးကွ” လို့ပြောတာကြားတော့ သဘောမပေါက်ခဲ့ပါ။ ဘွဲ့ရခြင်းနဲ့အလုပ်ရခြင်းကွင်းဆက်ကလေးကိုပဲ ကြောင်း-ကျိုးဆက်နွယ်မှုလို့ ထင်ခဲ့မိတာကိုး။ ဒီပညာသင်လို့ ဒီအလုပ်ရတယ်။ တနည်းအားဖြင့် ဒီအလုပ်ရဖို့ဒီပညာသင်ရတယ်လို့ပဲ မှတ်ယူခဲ့မိတယ်။

အမှန်တော့ တက္ကသိုလ်မှာ ဘွဲ့ရတစ်ယောက်အနေနဲ့သိသင့်၊ တတ်သင့်တဲ့သစ်တောပညာ အခြေခံသဘောတရား တွေနဲ့ ဘာသာရပ်တွေကို သင်ပေးတာသာဖြစ်တယ်။ အလုပ်ခွင်မှာ ကြုံတွေ့ရမဲ့အလုပ်တွေအတွက် တိုက်ရိုက် ကြိုတင်ပြင်ဆင်ပေးခြင်းတော့မဟုတ်ပါ။ ဒါကြောင့်ဌာနမှာအလုပ်ဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ၊ တက္ကသိုလ်မှာ ဒါတွေကို သင်ပေးလိုက်မှာပါပဲ။ သင်ယူရမှာပါပဲ။

တက္ကသိုလ်ပညာရေးနဲ့အလုပ်ခွင်သင်တန်းတွေဟာ အသွင်ရော၊ အနှစ်သာရပါကွာခြားတယ်။ အလုပ်ခွင်သင်တန်း တွေက လေ့ကျင့်သင်ကြားခြင်း"Training" တစ်ခုတည်းကိုဦးတည်တယ်။ ဒီလိုဆိုလိုက်တော့ တက္ကသိုလ်နဲ့အလုပ်ခွင် ဘာမှအဆက်အစပ်မရှိဘူးလို့ တစ်ဖက်စွန်းအမြင်ဆီရောက်မသွားကြပါနဲ့။ ကျောင်းမှာသင်ခဲ့ ရတာတွေကိုအခြေခံပြီး လက်တွေ့ဘ၀ကပြဿနာတွေကိုဖြေရှင်းလို့ရတယ်ဆိုတာကိုလည်း ကြုံတွေ့ရမှာပါပဲ။ မင်းတို့ကျောင်းမှာသင်ခဲ့ရတဲ့ ဘာသာရပ်တွေနဲ့ မသက်ဆိုင်တာတွေကို အလုပ်ထဲမှာမလွဲမသွေတွေ့ရမှာပဲ။ အဲဒါတွေအတွက်ပါ ကြိုတင်သင်ပေး လိုက်မှာပဲလို့တော့မမျှော်လင့်အပ်ပါ။

ဒါတွေကမင်းတို့ရဲ့ဘ၀အတွေ့အကြုံတွေထဲက လေ့လာသင်ယူရမှာ၊ မင်းတို့ရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ အစွမ်းအစတွေကိုထုတ်ပြီး ဖြေရှင်းရမဲ့အရာတွေဖြစ်တယ်။

ဒါကြောင့်ပဲ “ဆရာဆိုတာစာကိုသာသင်ရမှာမဟုတ်၊ စိတ်ကိုပါသင်ပေးရမှာ” ဆိုတဲ့ ဆရာအောင်သင်းရဲ့စကားကို ဆရာအလွန်သဘောကျမိတယ်။ လေ့လာသင်ယူခြင်းရဲ့အနှစ်သဘောကိုသင်ပေးတာ၊ လက်တွေ့ဘ၀အတွက် အဆင်သင့်ဖြစ်စေဖို့ စိတ်ကိုပြင်ဆင်ပေးတာတွေဟာ “စိတ်ကိုသင်တာ” လို့ ဆရာတော့နားလည်မိတာပဲ။ မင်းတို့ ကိုယ်တိုင်လည်း ကျောင်းမှာစာကိုသာသင်ရမှာမဟုတ်၊ စိတ်ကိုပါသင်ယူရမှာလို့ နားလည်ထားသင့်တယ်။

တက္ကသိုလ်ပညာရေးမှာ လေ့လာသင်ယူခြင်း “Learning"နဲ့ လေ့ကျင့်သင်ကြားခြင်း “Training” နှစ်မျိုးလုံးပေါင်းစပ် ပါဝင်ပေမဲ့လည်း Learning ကိုပိုအလေးကဲတယ်လို့ ဆရာယူဆတယ်။ အသိဉာဏ်နဲ့အတွေးအခေါ်ပါတဲ့ သင်ကြားခြင်းကိုသာ တက္ကသိုလ်ပညာရေးလို့ခေါ်ထိုက်တယ်။ တကယ်တော့ပညာရေးဆိုတာ ကျောင်းမှာသင်ရတာ သက်သက်မဟုတ်ဘူးဆိုတာမင်းတို့လည်းသိတန်သလောက်သိကြမှာပါ။

ကျောင်းမှာဘာသာရပ်အမျိုးမျိုးသင်ကြရပေမဲ့ ခြုံပြီးပြောရရင် အဲဒါတွေဟာ အချက်အလက်တွေ၊ ယူဆချက်တွေ၊ သီအိုရီတွေ၊ အခြေခံသဘောတရားတွေ၊ နည်းနာတွေ (Methods နဲ့ နည်းလမ်းတွေ (Techniques)၊ သရုပ်ခွဲစိစစ် ချက်တွေ၊ လေ့လာသုံးသပ်ချက်တွေ၊ ကောက်ချက်တွေ၊ ဒါတွေပါပဲ။ ဒီအထဲမှာ “အသိပညာ” ပါသလို “အတတ် ပညာ” တွေလည်းပါတယ်။ သိရုံ၊ တတ်ရုံနဲ့မပြီး “အသုံးချ” နိုင်မှ “တကယ့်ပညာ” အဆင့်ကိုရောက်မှာပါ။

တက္ကသိုလ်ပညာရေးဟာ စာတစ်ခုတည်းသင်ပေးဖို့မဟုတ်၊ မင်းတို့ပိုင်းခြားဝေဖန်တတ်ဖို့်၊ စဉ်းစားဆင်ခြင်တတ်ဖို့ လည်းရည်ရွယ်တယ်။ ဘယ်လို (ံHow) ဆိုတာထက်၊ ဘာကြောင့် (Why) ဆိုတာကိုပိုအလေးပေးတယ်လို့ ဆိုကြတယ်။ “ဘာကြောင့်” ဆိုတာ သေသေချာချာနားလည်ပြီး အဓိပ္ပါယ်ရှိတဲ့၊ သင့်လျော်တဲ့အဖြေတစ်ခုထုတ်နိုင်ဖို့၊ ဒါမှမဟုတ်ဖြစ်နိုင်ချေတွေထဲက အသင့်တော်ဆုံးရွေးချယ်မှုတစ်ခုပြုနိုင်ဖို့၊ ဒီလိုရည်ရွယ်တာပါ။

"Why” တစ်ခုရဲ့နောက်မှာ နောက်ထပ် “Why” တွေရှိနိုင်ပါသေးတယ်။ အဖြေတစ်ခုကနေ နောက်ထပ်မေးခွန်း အသစ်တစ်ခုပေါ်လာနိုင်ပါတယ်။ နောက်ဆုံးမတော့ အရင်ကမရဘူးသေးတဲ့ “သိခြင်း” တစ်ခုရလိုက်ရင်၊ ဒါမှမဟုတ် အဲဒီသိခြင်း “ဉာဏ်အလင်း” ကိုဦးတည်စေမယ်ဆိုရင် အဓိပ္ပါယ်ရှိတဲ့ မေးခွန်းတွေဖြစ်လိမ့်မယ်။ အဲဒီလိုမေးခွန်းမျိုး ထုတ်တတ်ရင် အတိုင်းထက်အလွန်ပေါ့။

လက်တွေ့ဘ၀မှာ “Why” နဲ့မလုံလောက်သေးပါ။ “How” ကိုလည်းသိဖို့လိုသေးတယ်။ “How” ကိုပါမသိရင် ခြေ၊ လက်တွေမလှုပ်ရှားနိုင်ပဲ စဉ်းစားတတ်တဲ့ဦးခေါင်းသာရှိတဲ့ ခန္ဓာကိုယ်လိုဖြစ်နေတော့မှာပေါ့။ အလုပ်ခွင်ထဲမှာ မင်းတို့မသင်ခဲ့၊ မသိခဲ့ရတဲ့ “ံHow” တွေနဲ့လည်း ကြုံတွေ့ရမှာပါပဲ။ အဲဒီအခါ မင်းတို့လေ့လာ သင်ယူခဲ့တဲ့ “Why” က အဖြေရဲ့လမ်းစကိုပေးကောင်း ပေးနိုင်ပါလိမ့်မယ်။

မေးခွန်းမေးတတ်ရုံနဲ့ အလုပ်ဖြစ်ပြီလို့တော့ တထစ်ချမဆိုနိုင်သေးပါ။ အဖြေပေးမဲ့ “ဆရာ” ဆိုတာ လက်တွေ့ဘ၀မှာ အမြဲမတွေ့နိုင်ပါ။ ကိုယ့်ကိုယ်ကိုယ်သာအားကိုးပေရော့။ ကျောင်းမှာစာမေးပွဲတွေဖြေကြတဲ့အခါ သင်ထားတာကိုပဲ မေးမယ်ဆိုတာတွက်ထားလို့ရပေမဲ့ လက်တွေ့ဘ၀ရဲ့စာမေးပွဲတွေမှာတော့ သင်ထားတဲ့ထဲကပဲမေးလိမ့်မယ်လို့ မမျှော်လင့်နဲ့တော့။ မကြာခဏဆိုသလို မင်းတို့ရင်ဆိုင်ရမဲ့မေးခွန်းတွေဟာ ကျောင်းကသင်ပေးလိုက်တဲ့ဘောင်ကနေ ကျော်သွားတာမျိုးဖြစ်နေလိမ့်မယ်။

အဲဒီလိုကြုံလာတဲ့အခါ “ကျောင်းကသင်ပေးလိုက်တာတွေကသုံးမရပါဘူး” ဆိုတဲ့အတွေးမျိုးဝင်လာမိမှာပါပဲ။ ဒါပေမဲ့ ကမ္ဘာ့အကောင်းဆုံးကျောင်းတော်ကြီးတွေသည်ပင်လျှင် မင်းတို့ဘ၀တစ်သက်တာကြုံလာနိုင်သမျှ မေးခွန်းတွေရဲ့ အဖြေတွေချည်းအားလုံးစုပြီး သင်ပေးလိုက်နိုင်မှာမဟုတ်ပါ။ ဘယ်အချိန်၊ ဘယ်အခါမှာမှလည်း ဒီလိုဖြစ်လာနိုင်စရာ မရှိပါ။ အနာဂတ်မှာဘာတွေကြုံရမယ်ဆိုတာ ဘယ်သူမှတထစ်ချပြောနိုင်တာမှမဟုတ်ပဲ။ မှန်းဆရုံသာပဲတတ်နိုင် ကြတာမဟုတ်လား။ သင်ယူခဲ့တဲ့အခြေခံကိုအသုံးချပြီး မင်းတို့ရဲ့အတွေ့အကြုံ၊ အသိဉာဏ်နဲ့ အဖြေရှာရမှာပဲ ဖြစ်တယ်။

ကဲ...မင်းတို့ရဲ့အနာဂတ်အကြောင်း စဉ်းစားကြည့်ကြရအောင်။ အနာဂတ်ကိုမှန်းဆတာဟာ လွယ်ကူတဲ့ကိစ္စ မဟုတ်လို့ ဆရာကတော့သိပ်ဝေးဝေးကြီးကအကြောင်း မပြောလိုပါ။ မင်းတို့ကျောင်းကထွက်ခွါသွားပြီးတဲ့နောက် သိပ်မကြာခင်အချိန်ကလေးကိုပဲFocusလုပ်ကြည့်ကြမယ်။ အများအားဖြင့် အနာဂတ်ကိုလက်ရှိ အလားအလာ (Trend) တွေကနေမှန်းဆကြည့်ကြတယ်။ ဖြစ်နိုင်ချေကတော့ တစ်ခုထက်မကရှိနိုင်တာပေါ့။ ဖြစ်တန်ရာအရှိဆုံး ကိုမှန်းဆကြည့်ရရင် ခုလုပ်နေရတဲ့ “ပေါ်ပင်အလုပ်တွေ” ကို ကာလတစ်ခုထိတော့ ဆက်လုပ်နေရဖွယ်ရှိတယ်။ ရေရှည်မှာတော့ပေါ်ပင်အလုပ်တွေ လုပ်တတ်ရုံနဲ့ မပြီးလောက် တော့ဘူး။

လက်ရှိအနေအထားတွေက “Private Forestry” ဆီဦးတည်ဖို့ရှိတယ်။ ပုဂ္ဂလိကလုပ်ငန်းထဲမှာ အလုပ်ရှင်တွေက မင်းတို့ရဲ့ကျွမ်းကျင်မှုနဲ့ စွမ်းရည်ကိုမျှော်လင့်ထားမှာပဲ။ သူတို့မျှော်လင့်ထားသလောက် မင်းတို့လုပ်မပေးနိုင်ရင်၊ သေချာတယ်။ အချိန်မဆိုင်းကန်ထုတ်ခံရမှာပဲ။ ပုဂ္ဂလိကကဏ္ဍဆိုတာမျိုးက အမြတ်အစွန်းရတဲ့လုပ်ငန်းကိုပဲ လုပ်ကြ မှာမို့ အပြောလွယ်ပြီးအလုပ်ခက်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုဘ၀မြှင့်တင်ရေးဆိုတာမျိုးတွေကတော့ Public Sector မှာပဲကျန်နေလိမ့်မယ်။ အဲဒီအလုပ်မျိုးတွေက လုပ်ရတာပိုပိုပြီးခက်လာမှာပဲ။

အနာဂတ်မှာ ဘာသာရပ်၊ ပညာရပ်တွေရဲ့ သဘောသဘာဝတွေ ပိုပြီးထွေပြားလာမှာသေချာတယ်။ နည်းပညာရဲ့ လွှမ်းမိုးသက်ရောက်မှုကလည်း သိပ်ကိုကြီးမားမှာပဲ။ မင်းတို့ဖြေရမဲ့မေးခွန်းတွေ၊ ဖြေရှင်းရမဲ့အကျပ်အတည်းတွေ ကလည်း ပိုပိုပြီးရှုပ်ထွေးလာမယ်။ မင်းတို့ရဲ့ဘ၀တွေဟာလည်း ဒီကနေ့လောက်ရိုးရှင်းတော့မှာမဟုတ်ဘူး။
စိန်ခေါ်မှုတွေပိုများ၊ ပိုရှုပ်ထွေး၊ ပိုကြီးမားလာ၊ အကျိုးသက်ရောက်မှုကလည်းပိုပြင်းထန်လာလေတော့ မင်းတို့ သိထား၊ တတ်ထားသလောက်ရယ်၊ စဉ်းစားတတ်တဲ့ခေါင်းရယ် ပေါင်းလိုက်တာတောင်လုံလောက်ဦးမှာမဟုတ်ဘူး။

အမြဲတမ်းဆက်ပြီးလေ့လာသင်ယူနေရဦးမှာပဲဖြစ်တယ်။
အနာဂတ်ကိုအသေအချာတွက်ဆဖို့ ခက်ခဲသလို အနာဂတ်မှာဖြစ်လာမဲ့အခြေအနေတွေကို မင်းတို့လွှမ်းမိုးနိုင်ဖို့ ဆိုတာကလည်း မဖြစ်နိုင်သလောက်ပဲ။ မင်းတို့လုပ်နိုင်တာက အခြေအနေ၊ အပြောင်းအလဲတွေအောက်မှာ လိုက်လျောညီထွေနေနိုင်တဲ့သူဖြစ်အောင်၊ အဲဒီကတဆင့်တက်ပြီး ပေါ်လာတဲ့အခွင့်အလမ်းတွေကို အမိအရယူနိုင်တဲ့ အရည်အချင်းရှိလာအောင်လုပ်ယူဖို့ပဲ။ အဲဒီအတွက်ပြင်ဆင်ထားချင်တယ်ဆိုရင်တော့

မင်းတို့ရဲ့ဒီSemester လေးဟာ ကျောင်းသားဘ၀မှာ နောက်ဆုံးရလိုက်တဲ့ အချိန်ကလေးပဲဖြစ်လိမ့်မယ်။

မအောင်မြင်သော ကျောင်းဆရာတစ်ယောက်၏ အားထုတ်မှု လက်ရာရှင် ကျနော့်မိတ်ဆွေ ပါချူပ်ရဲ့ အဲဒိနေ့ က အပြီးမသတ်လိုက်ရတဲ့ ပို့ ချမှု အစအဆုံးပါခင်ဗျာ

‌ကျောင်းဆရာတစ်ဦး၏ မအောင်မြင်သောအားထုတ်မှုတခုအကြောင်း Dr. Myint Oo, Rector, University of Forestry, Yezin

‌ကျောင်းဆရာတစ်ဦး၏ မအောင်မြင်သောအားထုတ်မှုတခုအကြောင်း

7 October 2011 at 10:32
‌ကျောင်းဆရာတစ်ဦး၏ မအောင်မြင်သောအားထုတ်မှုတခုအကြောင်း
Opinion,24 June 2010
ကျောင်းဆရာတဦးအဖို့     တပည်ကျောင်းသားများကို    သြဝါဒပေးခြင်းအမှုမှာ အဆန်းတကျယ် ကိစ္စမဟုတ်ပါ။ ကျွှန်တော့်အနေနဲ့တော့ ‘ သွန်သင်ဆုံးမသြဝါဒ ‘ ဆိုတာမျိုးထက် ကိုယ်ပိုင်အသိနဲ့ဆင်ခြင်ကြည့်ဖို့ ’ Food For Thought’  ဆိုတာမျိုးကိုပိုကြိုက်ပါတယ်။ ဆရာဟူသည် ‘ စာကိုသာသင်ပေးရမည်မဟုတ်၊ စိတ်ကိုပါသင်ရမည်’။ ဟု ဆရာအောင်သင်းဆိုခဲ့ဖူးသည်မဟုတ်လား။ သည်အတွေးအမြင်ရှိသည့်တိုင် စိတ်ကိုသင်ခြင်း ကဲ့သို့သော မလွယ်ကူလှသည့် အလုပ်ကိုလုပ်ရန် ဝန်လေးနေခဲ့သည်။
၂၀၁၀ ပြည့်နှစ်၏နှစ်ဦးပိုင်း ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလလောက်ကဟုထင်ပါသည်။  တက္ကသိုလ်၏စီမံခန့်ခွဲရေးနှင့် Logistics ကိစ္စများ၊ ရုံးချုပ်၏အရေးအရာများနှင့်သာ အချိန်ကုန်နေသောကျွှန်တော့်ကို မိတ်ဆွေတဦးက’ စာသင်ဖြစ်ရဲ့လား’ ဟုမေးသည်။ သူကကျွှန်တော်ကိုကျောင်းသားများနှင့်အထိတွေ့ရှိစေချင်သည်။ စာမသင်ဖြစ်တောင် ရံဖန်ရံခါ ကျောင်းသားများ သိသင့်သိထိုက်တာလေးတွေ ဟောဖို့၊ ပြောဖို့ ထိုမိတ်ဆွေက တိုက်တွန်းသည်။အထူးသဖြင့် နောက်ဆုံးနှစ်ကျောင်းသားများကို ပြောပြသင့်သည်ဟုဆိုသည်။ စမ်းကြည့်သင့်သော စိတ်ကူးဟု ကျွန်တော်လည်း သဘောရမိသည်။ သူတို့ကိုပြောပြချင်သည့် အကြောင်းအရာများစွာ ရှိသည့်ထဲက ပညာရေးနှင့် သက်ဆိုင်သည့် ခေါင်းစဉ်တခုကိုရွှေးလိုက်သည်။
သို့ဖြင့် နောက်ဆုံးနှစ်ကျောင်းသားများကိုပြောပြဖို့ ‘ တက္ကသိုလ်ပညာရေးနဲ့သူတိုရဲ့အနာဂါတ်’ အကြောင်းပြင်ဆင် ထားခဲ့သည်မှာ သည်နှစ် နှစ်ဦးပိုင်းလောက် ကတည်းကဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ပြောဖြစ်သည့် အခြေမဆိုက်ခဲ့။ ကျွန်တော်ကိုယ်တိုင်ပြောချင်စိတ် သိပ်မပြင်းလှသလို စာသင်ချိန်ပြင်ပက သူတို့ကိုယ်ပိုင် အချိန်များကိုလည်း ဖဲ့မယူချင်။ မကြာခင်ကမှ Term Paper ပြုစုဖို့ သက်မှတ်ထားသည့်အချိန်များတွင် သူတို့အားနေတတ်သည်ကို သတိပြုမိသွားရာမှ မရည်ရွယ်ပဲပြောဖြစ်သွားသည်။ ကျောင်းသား ၅၁ ဦးရှိသည့်အနက် ၃၁ ဦးသာတက်သည်။ ရသလောက်အမြတ်ပဲဟုသဘောထားလိုက်သည်။
ရေးထားသည့်မှတ်စုကို အကြိမ်ကြိမ်ပြန်ဖတ်ဖြစ်သည်မို့ ပြောချင်သည့်အကြောင်းအရာများက ခေါင်းထဲစီကာစဉ်ကာ ရှိပါသည်။ သည်ကျောင်းကြီးမှာသူတို့ငါးနှစ်တာအချိန်ကုန်ခဲ့သည်မှာ ဘာအတွက်ဆိုသည်ကို သိစေချင်သည်။ အခွင့်အလမ်းရော စိန်ခေါ်မှုတွေပေါများလှသည့် ၂၁ရာစုလူလုပ်ရမည့် သူတို့အတွက် ဘဝရည်မှန်းချက်ကို တောအုပ်ကြီးဖြစ်ဖို့  ဆိုတာထက်ပိုစေချင်ပါတယ်။ ဘာမှမပြင်ဆင်ပဲ လက်တွေ့ဘဝထဲ တိုးဝင်ဖို့က အန္တရယ်ကြီးလွန်းလှသည်။ အခွင့်အလမ်းကိုအမိအရဆုပ်ကိုင်မိဖို့ မရေရာလှသော်လည်း စိန်ခေါ်မှုတွေကိုမှားယွင်းစွာ တုန့်ပြန်မိရင်တော့ဆုံးရှုံးရမှာမလွဲပါ။ အနည်းဆုံးစိတ်ကိုတော့ ပြင်ဆင်ထားစေချင်သည်။
ထုံးစံအတိုင်း ကျွန်တော်အမေးအဖြေများနဲ့ စလိုက်သည်။ ပြောလိုသည်များ တစ်ဝက်လောက်ရောက်မှ သူတို့စိတ်မဝင်စားကြကြောင်း ကျွန်တော်သတိပြုမိတော့သည်။ အစပိုင်းသူတို့အဖြေတွေ အဆီအငေါ် မတည့်လှကတည်းက ကျွန်တော်ရိပ်မိဖို့ကောင်းသည်။ ကျွန်တော်ကြိုးစားနေသည်က သူတို့၏စိတ်များကိုထွန်းညှိပေးဖို့ဖြစ်သည်။ သူတို့ စိတ်များကပဲစိုစွတ်ထိုင်းမှိုင်းနေတာလား၊ ကျွန်တော်ကပဲ မတောက်သည့်မီးခြစ်ကို သွင်သွင်ခြစ်သလို ဖြစ်နေလို့လား။ပိတ်ထားသောစိတ်များကို  ကျွန်တော်မည်သို့ဖွင့်ရပါမည်နည်း။ ရုတ်တရက်ပင် ကျွန်တော်စိတ်များ ဆုတ်နစ်သွားသည်။ထိုဆုတ်နစ်သောစိတ်ဖြင့် ရှေ့မဆက်နိုင်တော့ပဲ တဝက်တပျက်နှင့်ကျွန်တော်ရပ်လိုက်သည်။
သူတို့ကိုအပြစ်မတင်မိပါ။ ကျောင်းသားသည်ကျောင်းသားစိတ်ပဲရှိမည်။ ကျွန်တော်တို့ကျောင်းသားဘဝက ဆရာအတန်းမယူဖြစ်သောအချိန်များတွင် ပျော်ရွင်မြူးတူးခဲ့သည်များကိုအမှတ်ရမိသည်။ အားလပ်ချိန်ကိုဖဲ့ယူပြီး သြဝါဒပေးလိုလှသည့်ဆရာမျိုးကို ကျွန်တော်တို့တုန်းကလည်း မကျေမနပ်ဖြစ်မိသည်ပဲဖြစ်သည်။ စာသင်တာက တာဝန်ပဲမို့ကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေ၊ခံယူဖို့တာရှိသည်။စိတ်ကိုသင်တာမျိုးကတော့ နာယူသူတို့ လိုလို လားလားရှိဖို့လိုသည်ဟုထင်သည်။ ’ ငါဆရာ၊ ငါပြောတာနားထောင်ရမည်။’ ဟုသဘောမထားသင့်ပါ။ စိတ်ကိုမထွန်းညှိ နိုင်လျှင်လည်း ရှိစေတော့။ သူတိုစိတ်ကိုဖိကြိတ်တာမျိုးတော့မဖြစ်စေသင့်ပါ။
သည်အဖြစ်ကကျွန်တော်ကိုဆုံးမလိုက်သလိုဖြစ်သွားသည်။ ကျွန်တော်ကတွေးစေလိုသည်။ သူတို့ကအဆင်သင့်ဖြစ်ပုံ မရသေး။အခြေအနေနှင့်အချိန်အခါများမရင့်မှည့်သေးမီ ကျွန်တော်တို့၏ဆန္ဒများ ပြည့်ဝနိုင်ဦးမည် မဟုတ်ပါ။ ကိုယ့်ကိုယ်ပြန်မေးမိသည်။ ’ငါအတတ်နိုင်ဆုံးကြိုးစားကြည့်သားပဲ။’ လိပ်ပြာလုံချင်ရုံနဲ့တော့ အချိန်မသင့် သေးသည့်  ကြိုးပမ်းမှူမျိုးကိုဇွတ်အတင်းလုပ်သင့်ပါသလား။ စိတ်အတွင်းကအပြောင်းအလဲသည် ဖြည်းဖြည်းချင်းသာဖြစ်နိုင် လိမ့်မည် ဟုကျွန်တော်ထင်သည်။ အချိန်ကာလများကိုဖြတ်သန်းပြီးမှသာ ကျွန်တော်ခုပေးချင်သောMessage ကိုသူတို့အလိုလို သဘောပေါက်လာတာမျိုး ဖြစ်ချင်လည်းဖြစ်မည်။ မျိုးဆက်အမြင်ခြင်းမတူတော့၍ ဘယ်တော့မှ သဘောမပေါက်နိုင်တော့တာမျိုးလည်း ဖြစ်ချင်ဖြစ်မည်။
ကျွန်တော်၏ မအောင်မြင်သော စိတ်ကိုသင်ခြင်းအမှူကြီးကို အဆုံးသက်လိုက်သောအခါ ဝဋ်တော့ဖြင့်ကျွတ်ခြေပြီဟု သူတို့ နှစ်ထောင်းအားရဖြစ်သွားကြသလား၊ ကျန်နေသေးသည့်အားလပ်ချိန်တစ်နာရီကို ဘယ်လိုဖြုန်းရမလဲ စဉ်စားနေကြသလား၊မသိပါ။ ကျွန်တော်ကတော့လမ်းဆုံလမ်းခွတွင် ရပ်ပြီးကျန်ရစ်ခဲ့သူလိုခံစားရသည်။ ဒီတိုင်းပဲထား လိုက်ရမလား၊ ထပ်ကြိုးစားကြည့်ရကောင်းမလား၊ဝေခွဲ၍မရနိုင်သေးပါ။

ခေတ်သစ်အိုးထိန်းသည်ပုံပြင်Myint Oo, Ph.D. Rector University of Forestry, Yezin

ခေတ်သစ်အိုးထိန်းသည်ပုံပြင်

23 March 2015 at 12:39
ခေတ်သစ်အိုးထိန်းသည်ပုံပြင်
ဆင်ကျောင်းအုပ် (ကျောက်စရစ်ကုန်း) တင်ဆက်သည်။

အားလုံးကြားဖူးတဲ့ ပုံပြင်ကလေးပါ။ ခဝါသည်ကို မနာလိုတဲ့ အိုးထိန်းသည်က ဘုရင်ကြီးကို အရှင်မင်းကြီးရဲ့ ဆင်မည်းကြီး ဖြူသွားအောင် ခဝါသည်ကို ဖွတ်ခိုင်းပါဘုရားလို့ လျှောက်တင်တော့ ဘုရင်လုပ်တဲ့သူက အေး… ဟုတ်သားပဲ။ ငါ့ဆင်ကြီးဖြူလာအောင် ဖွတ်စမ်းဟဲ့လို့ ခဝါသည်ကို ခိုင်းပါလေရော။ ဒါသူ့ကို အိုးထိန်းသည်က ချောက်တွန်းတာမှန်း ခဝါသည်က သိတာပေါ့။ ဆင်တစ်ကောင်လုံး ထည့်လျှော်လို့ရတဲ့ အိုးတစ်လုံးရရင် ပြီးပါတယ် အရှင်မင်းကြီးလို့ ပြန်လျှောက်တယ်။ အဲဒီတော့ ပြဿနာက အိုးထိန်းသည်ဆီပဲ ပြန်ရောက်သွားတော့တာပေါ့။ ဆင်တစ်ကောင်လုံးဆန့်တဲ့ အိုးဆိုတာမျိုးဖုတ်ဖို့က ဘယ်လွယ်မှာလဲ။ ရတယ်ပဲထားဦး။ မြေအိုးဆိုတော့ ဆင်နင်းတာနဲ့ ကွဲမှာပဲ။ တိုတိုပြောရရင် သူတစ်ပါးကို မနာလိုတဲ့သူ ကိုယ့်အတတ်ကိုယ်စူးပြီး ကိုယ်ကျိုးနည်း ရတဲ့အကြောင်း သင်ခန်းစာယူဖို့ ပုံပြင်ကလေးပါ။

ခေတ်သစ် အိုးထိန်းသည်ပုံပြင်က အဲဒီလိုမဟုတ်ဘူးဗျ။

တစ်နေ့မှာ အိုးထိန်းသည်ကို ဘုရင်ကြီးက ဆင်ကျောင်းအုပ်ကြီးသွားလုပ်ချေလို့ မိန့်ပါလေရော။ အိုးထိန်းသည်က ကျွန်တော်မျိုး အိုးပဲလုပ်တတ်တာ။ ဆင်အကြောင်း ဘာမှမသိပဲ ဆင်ကျောင်းအုပ်လုပ်ဖို့ မတော်ပါဘူးဘုရာ့လို့ ပြန်ပြီး လျှောက်တင်တာပေါ့။ ဘုရင်ကြီးက ဟဲ့မောင်မင်း… ဆင်အကြောင်းသိမှ ဆင်ကျောင်းအုပ် လုပ်လို့ရသလား။ လောလောဆယ် ဒုကျောင်းအုပ် ရာထူးနဲ့ အရင်လေ့လာ။ ဒီလိုပဲ လုပ်ရင်းနဲ့ သိလာမှာပေါ့။ ငါ့ကိုစောဒကမတက်နဲ့ ဆိုပြီးကြိမ်းတော့ အိုးထိန်းသည်ခမျာ ဆင်ကျောင်းတော်ကြီးရှိရာ ကျောက်စရစ်ကုန်းကို သွားရတော့တာပေါ့။ ဆင်ကျောင်းကြီးကိုရောက်တော့ လုပ်နေကိုင်နေကြတာကို ကြည့်ပြီး ဒီဆင်ကလေးတွေကို သစ်လုံးတွေ ဆွဲတတ်အောင် သင်နေတာဆို။ ဒလိမ့်တုန်းပေါ် တက်လှိမ့်ခိုင်း၊ ဘောလုံးကန်ခိုင်း၊ ခွေးချေပေါ်ထိုင်ခိုင်း လုပ်နေတော့ သစ်ဆွဲဖို့မဟုတ်ပဲ ဆပ်ကပ်ထဲပြဖို့ သင်ပေးသလို ဖြစ်မနေဘူးလားဗျလို့ အိုးထိန်းသည်ကပြောတယ်။ အဲဒီတော့ အရင်ကျောင်းအုပ်က ခင်ဗျားက ဘယ်လောက်တတ်လို့ ကျုပ်တို့ကို ဆရာလာလုပ်နေတာလဲ။ ဒါသင်ရိုးအတိုင်း သင်နေတာ။ သစ်ဆွဲတတ်တာ မတတ်တာ ကျုပ်တို့အပူမဟုတ်ဘူး ဆိုပြီး ဘုတောတော့တာပါပဲ။ အိုးထိန်းသည်လည်း ငြိမ်နေလိုက်ရတာပေါ့။

မကြာပါဘူး။ အိုးထိန်းသည် ပရိုမိုးရှင်းနဲ့ ကျောင်းအုပ်ကြီးဖြစ်လာတယ်။ ရာထူးတိုးပေမယ့်  သူ့ခမျာ  မပျော်နိုင်ပါဘူး။ ရှင်းရမယ့် ပြဿနာတွေက တထွေးကြီးကိုး။ မရှေးမနှောင်းမှာပဲ သွက်သွက်လက်လက်၊ ချက်ချက်ချာချာနဲ့ အလိုက်လည်းသိတဲ့ ခဝါသည်ကို ဘုရင်ကြီးက နန်းရင်းဝန် ခန့်လိုက်ပါရော။ လျှော်ရေးဖွတ်ရာဌာနလည်း ကွန်ကရစ် ရေကန်ကြီးတွေ၊ ရေစုပ်စက်ကြီးတွေနဲ့ ဖြစ်သွားတာပေါ့။ အဲဒီအချိန်မှာ ဆင်လေ့ကျင့်ရေးကျောင်းကြီးကတော့ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ပါပဲ။ တစ်နေ့ ဘုရင်ကြီးတိုင်းခန်းလှည့်ရင်း ဆင်ကျောင်းကိုရောက်တော့ ဟဲ့ ကျောင်းအုပ်ကြီး… မောင်မင်းရဲ့ဆင်တွေက ပိန်လှပါကလား။ အစာကောင်းကောင်း မကျွေးဘူးထင်တယ်လို့ မိန့်တယ်။ ဘုန်းတော်ကြောင့် ဘတ်ဂျက်မရ၍ မကျွေးနိုင်ကြောင်းပါဘုရားလို့ အိုးထိန်းသည်က ကြောက်ကြောက်နဲ့ လျှောက်တင်ရတာပေါ့။ ဘုရင်ကြီးက စိတ်ဆိုးသွားပြီး သယ်… ရာဇဝင်ရိုင်းလိုက်လေ။ နန်းရင်းဝန်ကြီး… ဒီကောင့်ကို ဘတ်ဂျက်ချပေးလိုက်လို့ မိန့်မှတ်ချက်ပြုတယ်။ ဘုရင်ကြီး ဒေါပွပွနဲ့ထွက်သွားတော့ နန်းရင်းဝန် ခဝါသည်က ကျောင်းအုပ်ဖြစ်တဲ့ အိုးထိန်းသည်ကို ငွေတစ်မတ်ပေးတယ်။ ဟာဗျာ… ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းတက်ကိုင်လို့ ဖြစ်မလားဗျလို့ စောဒကတက်တော့  ဒါကျွန်ုပ်ရဲ့ပြဿနာမဟုတ်ဘူးလေတဲ့။ (စကားချပ် - ဆင်များ ငါးကြင်းခေါင်း မစားပါ။ ဇတ်နာအောင် တင်စားခြင်းသာ ဖြစ်ပါသည်။)

တစ်ခါ နန်းရင်းဝန် ခဝါသည်က ညွှန်ကြားပြန်တယ်။ ဆင်တွေထားတဲ့ရုံကြီးရဲ့ တိုင်လုံးတွေကို ရွှေပိန်းချရမတဲ့။  အောက်က အတော့်ကိုဆွေးနေပြီဗျ။ ပြိုလုလုဖြစ်နေလို့ ဒေါက်တွေနဲ့ ထောက်ထားရတယ်။ အဲဒါကိုအရင်ပြင်ရင် မကောင်းဘူးလားဗျာလို့ ဆင်ကျောင်းအုပ် အိုးထိန်းသည်က ပြန်ပြီးအထွန့်တက်တယ်။ အောက်ကဘာဖြစ်ဖြစ် ဘယ်သူမြင်တာ မှတ်လို့ဗျာတဲ့။ ခဝါသည်ကပြောတယ်။ ဥပဓိကအရေးကြီးတယ်ဗျ။ အလှအပကို အရင်ဦးစားပေး ရမယ်လို့ ဆိုပြန်ရော။ အိုးထိန်းသည်က မလျှော့ဘူး။ ဒီလောက်ယိုင်ရွဲ့နေတာဗျာ… တိုင်လုံးတွေကို ရွှေချရုံနဲ့ လှလာမှာမှ မဟုတ်တာလို့ ပြောပြန်တယ်။ ခင်ဗျားတော်တော်ခက်တဲ့လူ။ ဒါမင်းကြီးအမိန့်။ လုပ်ချင်လုပ်။ မလုပ်ချင်နေဆိုပြီး ခဝါသည်က ထွက်ချသွားပါလေရော။ ဘာတတ်နိုင်မလဲ။ နောက်ဆုံးတော့ ရှိစုမဲ့စု ဘတ်ဂျတ်လေးနဲ့ တိုင်လုံးတွေကို ရွှေပိန်းချရတော့တာပေါ့။

အဲဒီနောက်တော့ ခဝါသည်က အိုးထိန်းသည်နဲ့ တိုက်ရိုက်မဆက်ဆံတော့ဘူး။ စီမံအမတ်၊ ဒါမှမဟုတ် ထရိန်နင် အမတ်ကနေတဆင့်ပဲ အမိန့်တွေပေးတယ်။ သင်တန်းကျောင်းတွေကိုကိုင်ရတဲ့ ထရိန်နင် အမတ်က ကျောင်းနေဖက် ဆိုတော့ ဟန်ကျတာပဲလို့ အိုးထိန်းသည်က ထင်တာပေါ့။ ဘယ်ဟုတ်လိမ့်မလဲ။ ထရိန်နင် အမတ်က ပြောတယ်။ ကျုပ်တို့မှာရှိတဲ့ ကျောင်းသုံးကျောင်းထဲမှာ ပြင်ဦးလွင်ကျောင်းက ပထမဦးစားပေး။ မှော်ဘီကျောင်းက ဒုတိယ။ ခင်ဗျားတို့ကျောင်းကတော့ တတိယနေရာမှာရှိတယ်။ အဲဒါကိုမမေ့နဲ့တဲ့။ အိုးထိန်းသည်က စောဒကတက်တာပေါ့။ ကျွန်တော်တို့ကျောင်းက ဆင်တက္ကသီလာကျောင်းတော်မဟာလေဗျာ။ မုခ်ဦးကြီးမှဟီးလို့။ ကျွန်တော်တို့က ပထမ ဖြစ်သင့်တာပေါ့လို့ဆိုတော့ ထရိန်နင် အမတ်ကပြောတယ်။ စဉ်းစားကြည့်လေဗျာ။ ပြင်ဦးလွင် ဆိုတာက သာသာယာယာမို့ ပထမဖြစ်ရမှာပေါ့။ မှော်ဘီက ရန်ကုန်နဲ့ နီးတယ်လေဗျာ။ အဲဒီတော့ ဒုတိယ။ ခင်ဗျားတို့ ကျောက်စရစ်ကုန်းကတော့ ကျုပ်တို့အတွက် အရှုပ်ထုပ်ပဲ။ ကျောင်းသုံးကျောင်းထဲမို့ တတိယရတာ။ ကျုပ်တို့မှာ ကျောင်းဆယ်ကျောင်းလောက်ရှိရင် သေချာတယ်။ ခင်ဗျားတို့က ဒဿမပဲ။ ခင်ဗျားတို့ဖာသာ တက္ကသီလာ ကျောင်းတော်မဟာပဲဖြစ်ဖြစ်။ ဘာပဲဖြစ်ဖြစ်။ ကျောက်စရစ်ကုန်းက ကျောက်စရစ်ကုန်းပဲတဲ့ဗျာ။

အိုးထိန်းသည် ဆင်ကျောင်းကိုရောက်ပြီး သုံးနှစ်ကြာတော့ ဆင်ကောင်ရေက ၂၀၀ လောက်ဖြစ်လာတယ်။ အရင်က ၅၀ ပဲလက်ခံတဲ့ ဆင်တက္ကသီလာ ကျောင်းတော်မဟာကြီး ပြည့်ကျပ်လာတာပေါ့။ ဆင်ကလေးတွေသာ များလာတယ်။ ဆင်ဆရာက တိုးမလာတော့ ကျောင်းအုပ်ကြီးဖြစ်တဲ့ အိုးထိန်းသည်ခမျာ အခက်ကြုံရပြန်ရော။ ဒီကြားထဲ ဆင်ဘွဲ့လွန် သင်တန်းတွေပါ ဖွင့်ရတော့ ပါရဂူဘွဲ့၊ မဟာဘွဲ့တွေရထားတဲ့ ဆင်ဆရာက လိုလာပြန်တယ်။ အဲဒီတော့ ထရိန်နင် အမတ်ကို အိုးထိန်းသည်က ခင်ဗျားတို့ဆီမှာ နိုင်ငံခြားပြန် ဆင်ဂုရုကြီးတွေ၊ ဆင်မဟာ အာစရိလေးတွေ များလာပြီပဲဗျာ။ ကျွန်တော်တို့ကို နည်းနည်းမျှပါဦးလို့ အပူကပ်တာပေါ့။ သူတို့က နိုင်ငံခြားပြန်တွေဆိုတော့ ကျောက်စရစ်ကုန်းကို လာပြီး ဆင်ထိန်းတဲ့အလုပ်ကို မလုပ်ချင်ကြဘူးဗျတဲ့။ ထရိန်နင် အမတ်ကပြန်ပြောတယ်။ ဟောဗျာ… ဒါနဲ့များ ဘာလို့ ဆင်ထိန်းကျောင်းရေး အတတ်တွေကို နိုင်ငံခြားအထိတောင် သွားသင်ကြတာလဲဗျာလို့ အိုးထိန်းသည်က ဆိုတော့ သူတို့ကို ဆင်ဆရာလုပ်ဖို့ နိုင်ငံခြားလွှတ်တာ မဟုတ်ဘူး။ ကျုပ်တို့ ရွှေနန်းတော်ကြီးမှာ စာရေးတော်အရာရှိတွေ လိုတယ်ဗျတဲ့။ တော့ကင်းပွိုင့်ဆို နန်းရင်းဝန်ကြီးက သူတို့ရေးမှ စိတ်တိုင်းကျတာ။ မြန်မာသရီးရိုက်တာလည်း ကျွမ်းသလားမမေးနဲ့။ ခင်ဗျားတို့ဆီပို့လိုက်ရင် အဲဒီစွမ်းဆောင်ရည်တွေ အလကား ဖြစ်ကုန်မှာပေါ့… ပညာရှင်တွေရဲ့ ဘဝကို နစ်မွန်းအောင် မလုပ်ချင်စမ်းပါနဲ့ဗျာတဲ့။

ကဲဗျာ… ဆင်ဆရာ ထပ်မပေးလဲနေတော့။ ဧည့်ကြိုဆရာမတွေက များလွန်းနေသဗျ။ ဖွဲ့စည်းပုံက နှစ်ယောက်ပဲ ခန့်လို့ရတာ။ ခုငါးယောက်ဖြစ်နေပြီ။ လုပ်စရာအလုပ်ကလည်း မယ်မယ်ရရ မရှိတော့ ရန်ကုန်ကိုပဲ အလှည့်ကျ ပြန်နေကြတယ်ဗျာ။ ကြည့်လုပ်ပေးပါဦးလို့ အိုးထိန်းသည်က တောင်းဆိုပြန်ရော။ ထရိန်နင် အမတ်ကပြောတယ်။ ရာဇဝတ်အိုး တုတ်နဲ့မထိုးနဲ့ကိုယ့်လူ။ သူတို့က သေနာပတိကြီးတွေရဲ့ မဒမ်တွေလေဗျာ။ သူတို့က လစာလိုချင်လို့ အလုပ်လုပ်နေကြတာ မဟုတ်ဘူး။ တက္ကသီလာ ဆရာမဆိုတဲ့ဂုဏ်ကြောင့် လုပ်နေကြတာ။ ဒီအတိုင်း ထားလိုက်စမ်းပါဗျာတဲ့။ ထားလို့မဖြစ်ဘူးဗျ။ ခင်ဗျားတို့ပဲ ပြည်သူ့ဘဏ္ဍာ အလဟဿ မဖြစ်စေနဲ့ဆို။ တော်ကြာ စာရင်းစစ်က ကန့်ကွက်ရင် ဘယ့်နှယ်လုပ်မလဲ ဆိုတော့ ခင်ဗျားဒီလို အထူအပါး နားမလည်လို့ ကျောက်စရစ်ကုန်းကို အပို့ခံရတာဗျ။ သိရဲ့လား… တဲ့ဗျာ။ အိုးထိန်းသည်ကလည်း အင်း… ဟုတ်မှာပဲ။ အရှင်မင်းကြီးနဲ့ နန်းရင်းဝန်ကတော့ ငါ့ကိုအမျက်ရှမှာ သေချာတယ်။ မတတ်နိုင်ဘူး။ ဆင်ကျောင်းအုပ်လုပ်မှတော့ ဆင်ကျောင်းတော်ကြီး ကောင်းရာကောင်းကြောင်း အမုန်းခံပြောဖို့က ငါ့တာဝန်ပဲလို့ တွေးမိတယ်။ ဒီတော့သူက ခေါင်းမာမာနဲ့ တစ်ခုပြီးတစ်ခု တင်ပြတာပဲ။ အပေါ်ကလည်း ဘာတင်တင် ပယ်ချတာပါပဲ။

တစ်ရက်မှာတော့ ထရိန်နင် အမတ်က ညွှန်ကြားချက်ကို ဖက်စ်နဲ့လှမ်းပို့တယ်။ ဆင်ကလေးတွေကို ဖြူအောင်လုပ်ရ မတဲ့ဗျာ။ အိုးထိန်းသည်က ပြောတာပေါ့။ သဘာဝဟာ သဘာဝပဲ။ အမည်းကအဖြူ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ။ နန်းရင်းဝန်ကရော ဘာပြောလဲဆိုတော့ သူလည်းဘာပြောမှာလဲဗျာ။ သင့်မြတ်ကြောင်းပါဖျာ့ပေါ့။ မျိုးရိုးဗီဇနည်းနဲ့ဆိုရင် ဖြစ်နိုင်ကြောင်းပါတဲ့ဗျား။ ဒုက္ခပါပဲဗျာ။ မျိုးရိုးဗီဇဆိုတိုင်း ရမလားဗျ။ ခင်ဗျားတို့ ရှင်းမပြကြဘူးလားဆိုတော့ ထရိန်နင် အမတ်က ကြောင်ကိုခြူလာဆွဲခိုင်းမနေနဲ့ကိုယ့်လူ။ မင်းတြားကြီးက နန်းရင်းဝန်ကို အမိန့်ပေးတယ်။ နန်းရင်းဝန်က ကျုပ်ကိုအမိန့်ပေးတယ်။ ကျုပ်ရဲ့တာဝန်က ခင်ဗျားကို ဆက်ပြီး အမိန့်ပေးဖို့ပဲဗျ။ ကိုယ့်ပြဿနာ ကိုယ်ရှင်းလို့ ပြန်ပြောတယ်။ အဲဒါနဲ့ အိုးထိန်းသည်ကလည်း ဆင်မည်းကို ဖြူစေချင်ရင် ခဝါသည်အတတ်မှာ တစ်ဖက်ကမ်းခတ်တဲ့ နန်းရင်းဝန်ကိုသာ တာဝန်ပေးပါတော့ဘုရားလို့ ဘုရင်ကြီးကို လျှောက်တင်တယ်။ ဒီတော့မှ နန်းရင်းဝန်က မဖြစ်နိုင်တာကို မဖြစ်နိုင်ကြောင်း မင်းတြားကြီးကို နားချမှာပဲလို့ အိုးထိန်းသည်က ထင်မိတာကိုးဗျ။ တက်တက်စင် အောင်လွဲတော့တာပဲ။ မင်းတြားကြီးက ဆင်တစ်ကောင်လုံးဆန့်တဲ့ အိုးတစ်လုံး ဆင်ကျောင်းအုပ်ကြီးက ပြုလုပ်စေလို့ အမိန့်တော် ချမှတ်လိုက်တယ်။ အိုးထိန်းသည်က အကျိုးတော့နည်းပြီ။ ဘယ့်နှယ်လုပ်ရပါ့ ဆိုပြီး ဉာဏ်နီဉာဏ်နက်တွေ ထုတ်ရတော့တာပေါ့။

အဆုံးမတော့ အိုးထိန်းသည်က ဆင်ကလေးတွေကို ဖြူအောင်လုပ်ထားပြီးပါပြီ။ မင်းကြီးကိုမပြခင် နန်းရင်းဝန်ကြီး အရင်လာကြည့်လှည့်ပါလို့ ရွှေနန်းတော်ကို သတင်းပို့လိုက်တယ်။ နန်းရင်းဝန် ရောက်လာတော့ ဆင်ကလေးတွေကို ပြပြီး အိုးထိန်းသည်က ပြောတယ်။ ကဲ… နန်းရင်းဝန်ကြီး မျက်မြင်ပဲ။ ဆင်မည်းကို ဖြူအောင်လုပ်ဖို့ မျိုးရိုးဗီဇနည်းလည်း မလိုဘူး။ လျှော်ဖို့ဖွတ်ဖို့လည်း မလိုဘူး။ ဆင်ငါးကောင်ကိုမှ ထုံးဘိုးတစ်မတ်ပဲလိုတယ်။ ဖြူချင်ရင်တော့ ဒါမျိုးပဲရမယ် လို့ဆိုတော့ နန်းရင်းဝန်က ကဲပါဗျာ… မင်းတြားကြီးကို ကျွန်ုပ်ကပဲ သင့်တော်သလို လျှောက်တင်လိုက်ပါ့မယ်ဆိုပြီး မျက်နှာညိုညိုနဲ့ ထွက်သွားတယ်။ အနားကလူတွေကတော့ ပြုံးစိစိနဲ့ပေါ့ဗျာ။ ပုံပြင်ကလေးကတော့ ဒီလောက်ပဲဗျ။ ရှေ့ဆက်လို့ မရတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဆင်တက္ကသီလာကျောင်းတော်မဟာကို ပညာရေးအောက် ပို့တော့မှာကိုး။  နန်းရင်းဝန်ကြီးလည်း ခုမှရင်ထဲကအလုံးကြီး ကျသွားတဲ့ပုံပဲ။ ဇတ်ပေါင်းရရင် မလည်မဝယ် နုံနုံအအ ခေတ်သစ် အိုးထိန်းသည်မှာ ကျောက်စရစ်ကုန်းက ကျောင်းအုပ်ကြီး ကျွန်တော်ဖြစ်၍ ကျန်သောဇတ်ကောင် များသည်ကား… အဲ… မပြောရဲလို့ မပြောပါရစေနဲ့တော့ဗျာ။

စာကြွင်း။  ။ ဟိုတစ်နေ့က ကျွန်တော်တက်နေတဲ့ သင်တန်းမှာ ဂုရုကြီးတစ်ပါးက ပြောတယ်။ သူကတော့ လက်ဝှေ့ထိုးနေရသလိုပါပဲတဲ့။ အားတင်းပြီးထိုးလာတာ နောက်ဆုံးအချီ ရောက်နေပါပြီ။ ဒီတော့ အချိန်စေ့လို့ အချက်ပေးတဲ့ မောင်းသံကိုသာ နားစွင့်နေတော့တာပါပဲတဲ့။ ကျွန်တော်လည်း သူ့လိုပါပဲ။ လာမယ့်ဒီဇင်ဘာမှာ ၅၅ နှစ် ပြည့်ပါတော့မယ်။ တကယ်တော့ ကျွန်တော်ကြိုးပမ်းသမျှဟာ ကျောင်းတော်ကြီး အရှည်ရပ်တည်နိုင်ဖို့ပါ။ အလုပ်ကို ပုဂ္ဂိုလ်ရေးနဲ့ ရောထွေးလိုက်တာကတော့ စိတ်မကောင်းစရာပါပဲ။ ငါ့စကားနွားရ ပြောကြဆိုကြတာတွေကိုလည်း ငြီးငွေ့ပြီ။ တာဝန်သာခံရပြီး ဘာမှလုပ်လို့ကိုင်လို့ မရတဲ့ ကျောင်းအုပ်ကြီးဘဝကိုလည်း စိတ်ကုန်လှပါပြီ။ နောက်ဆုံးအချီ အချိန်စေ့တဲ့ မောင်းသံကလေးကိုသာ ကျွန်တော် စောင့်မျှော်လျက် ရှိကြောင်းပါခင်ဗျာ။

credit
Myint Oo, Ph.D.
Rector
University of Forestry, Yezin