ပွဲဆိုတာ
ပွဲဆိုတာ
ဂရိတ်ဦးဘိုးစိန် အမှတ်တရပွဲ စိန်မိသားစု အဆက်အနွယ်များက ပြန်လည်ကပြတယ်၊ အမ်အာရ်တီဗွီ ၄ ကနေတိုက်၇ိုက်ပြတယ် ဆိုရမှာပေါ့။
ပြနေတုံး မှတ်ချက်တွေ ရေးဘူးတယ်၊
နောက် ဒါကို ချီးကျူးတဲ့ ပို့စ်တွေ ကော်မဲန့် တွေဖတ်ရတယ်
ကျနော် ဘာမှမပြောချင်တော့ဘူး ကိုယ် စိတ်ကျေနပ်စွာကြည့်ခဲ့ဘူးတဲ့ ပွဲတစ်ပွဲ အကြောင်းပဲ ရေးပါတော့မယ်။
ပွဲကြည့်တဲ့အချိန်က ကျနော် အလုပ်ထဲမ၀င်သေး။ နောက်ဆုံး ဆဌမနှစ်စာမေးပွဲဖြေအပြီး၊ နောက် သင်္ကြန်ကားနဲ့ လိုက်ပြီးတော့ ယောင်တောင်တောင်ဖြစ်နေချိန်၊ အမေ့ဆီက ပိုက်ဆံ နှစ်ထောင်တောင်းပြီး အညာဆင်ဖြူကျွန်းကို ကျူရှင်ဆရာသွားလုပ်မယ်ဆိုပြီး ထွက်သွားတဲ့အချိန်၊ သစ်တောအဓိက ကျောင်းသားတွေ အလုပ်မပေးနိုင်တာ အဲဒီအချိန်မှာ ကျနော်တို့ အတန်းပါတွက်ရင် ၇၄-၇၅-၇၆ သုံးတန်းတိတိရှိတယ်၊ တော်တော်နဲ့ အလုပ်ရချင်မှ ရမယ်ဆိုပြီး ကြံမိကြံရာ ထွက်သွားလိုက်တာပါ။
ဆင်ဖြူကျွန်းမှာ ကျနော် ဦးသန့် အရေးအခင်း stay ရှောင်တုံးကထဲက အရမ်းခင်ခဲ့တဲ့၊ ဂီတမိတ်ဆွေတွေ ရှိကြတယ်။ မယ်ဒလင် ကိုသန်းထွန်း၊ နောက်အဆိုသမားတယောက် ဆုံးရှာပြီ နာမည် မမှတ်မိတော့ဘူး၊ နောက် မျက်မမြင် အဆိုသမားတစ်ယောက် ဒီအတိုင်းပဲ နာမည် မမှတ်မိတော့ဘူး ဆုံးပြီ၊ ပတ္တလား ဆရာအပ်ချူပ်သမား ကိုစိန်လှတော့ ရှိသေးတယ်ကြားရပါတယ်။ အိုကုန်ပြီပေါ့။
ကိုသန်းထွန်းရယ် နောက် အဆိုသမားရယ်နဲ့ ပွဲသွားကြည့်ကြတာ၊ ပွဲက ဟိုဘက်ကမ်း၊ နွယ်တမယ်မှာ။
ဧရာဝတီမြစ်ကို ကူးသွားရတယ်၊ နွယ်တမယ်ဘုရားပွဲတော်ဟာ အဲဒီတ၀ိုက်မှာ နာမည်ကြီးပါပဲ။
နွယ်တမယ်ကို အမေ့ စကားတွေကနေ ရင်းနှီးနေတာကြာပါပြီ၊ အမေတို့ ခေတ်က ဆင်ဖြူကျွန်းဟာ သူပုန်အောက်ပေမဲ့ ကျောင်းမပိတ်ဘူး၊ ဒီတော့ ပညာရေး လိုက်စားကြတဲ့လူတွေ လာတက်ကြတယ်၊ အမေ့သူငယ်ချင်းတွေ အများကြီး ရှိကြတယ်။ အဲဒီဘက်တွေက ပညာရေး တကယ်အားပေးကြတယ်၊ အဲဒီအညာတစ်ခေါက်မှာ ရေနံချောင်းမြို့ ပေါ်မှာကို ကျနော့်ကို နွယ်တမယ်သူ ပညာရေး တက္ကသိုလ်က တယောက်က ဆရာ ဆရာနဲ့ အတင်းကို လိုက်ပြီးခေါ် မိတ်ဆက်သေးတယ်။ လိပ်စာတွေ နာမည်တွေ မေ့နေလို့ သူ့ အိမ်တော့ မရှာမိခဲ့ဘူး။
ပွဲတော်ကြီးက အကြီးကြီး၊ အနောက်နိုင်ငံရဲ့ carnival တွေလိုတင်မက၊ အညာဘုရားပွဲတွေဟာ ကုန်သွယ်ရေး ဗဟိုဌာနများပါပဲ၊ ဘေးနားက ချင်းတောင်တန်းတွေဘက်ကကို လာကြတယ်၊ စလင်းပွဲကိုလဲ လာကြတယ်။ နွားလှည်းဝိုင်းကြီးတွေနဲ့ ။
၁၉၇၇မှာဆိုတော့ တော်တော် ခေတ်မှီနေပါပြီ၊ ဆိုင်တွေ တနေ့ လုံး အသံချဲ့ စက်တွေနဲ့ ရောင်းနေကြတယ်၊ အလုအယက်မဟုတ်၊ တဆိုင်ပြီးမှ တဆိုင် ဖွင့်ကြတယ်၊ မကွေးကပ်ကျေးဆိုင်ကို သေသေချာချာ မှတ်မိနေပါတယ်၊ နာရီဝက်ပြည့်ရင် ဘယ်ဆိုင်ရဲ့ အလှည့်ပါဗျားဆိုရင် နောက်ဆိုင်က အဟမ်း အဟမ်းနဲ့  မိုက်စမ်းပြီး ကျော်ညာပါလေရော့။
အဲဒီ ၁၉၇၇မှာ ကျနော် ဆိုင်း သမ္ဘာတော်တော်ရင့်နေပြီ၊ တီးနိုင်သလို၊ နားလဲရနေပြီ၊ ဆရာဦးစိန်လှမောင်တပည့်ပဲလေ၊ သီချင်းကြီးကတော့ ပတ်ပျိုးကြီးတွေ အများကြီးကိုရနေပြီ။
ဒီတော့ ဆိုင်းဧည့်ခံတွေ သမားစဉ်တွေ ကောင်းတယ်လို့ ပဲ မှတ်မိတော့တယ်။
ပွဲက၊ ပွဲက ဘယ်သူ့ ပွဲလဲဆိုတော့၊ ပန်တျာကြည်လင်ဇာတ်သဘင်ပါပဲ။
အကောင်းဆုံးအချိန်ဘဲလေ၊ မင်းသား ပန်တျာကြည်လင်၊ မင်းသမီး ပန်တျာ တင်တင်မြင့်၊ ပြဇာတ်တာဝန်ခံ ဘီအီးဒီ အောင်သိုက်။
အခုအချိန်အထိ အဲဒီပွဲကို စားမြုံ့ ပြန်မိတိုင်း လွမ်းပါ့ဗျာ၊
၁၉၇၇ပတ်လည်မှာ စတိတ်ရှိုးမရှိဘူးဗျ၊ ပရိတ်သတ်ကို အလိုမလိုက်ဘူး၊ သဘင်ပညာအစစ်အမှန်နဲ့ အလုပ်လုပ်ကြတယ်။ ရှေ့ ပိုင်း အော်ပရာ ယိမ်းတွေ ပြီးရင် ပြဇာတ်၊ နောက် နှစ်ပါးသွား၊ နောက် နောက်ပိုင်းဇာတ်ကြီး။
အဲဒီ ၃ခုလုံးကို ပြောရရင်တော့
ပြဇာတ်က သူပုန်တဲ့
နှစ်ပါးသွားကတော့ တကယ့် မြန်မာ့အက အပြောအဆို အလှ ဘက်ညီလှတဲ့ ပန်တျာကြည်လင်နဲ့ ပန်တျာတင်တင်မြင့်တို့  အကောင်းဆုံး အလှဆုံးအချိန်တွေ
နောက်ပိုင်းဇာတ်တော်ကြီးက မြစိမ်း၊ မြစိမ်း၊ ပန်တျာတင်တင်မြင့်ရဲ့ စပယ်ရှယ် တိုင်းသိပြည်သိ မြစိမ်းပေါ့။
ပြဇာတ်က စပြောရအောင်၊
ရွာလေးတရွာ၊ သူကြီးအုပ်ချူပ်တယ်ပေါ့၊ ကိုလိုနီခေတ်လို့ ထားလိုက်တယ်၊ သူကြီးကဆိုးတယ်၊
အောင်သိုက်က ကျောင်းဆရာထင်တယ်၊ အိမ်ထောင်စုနဲ့ ၊
ပန်တျာကြည်လင်က ပြဇာတ်မှာ အမြဲမူးနေတဲ့ သူကြီးရဲ့ ဓါးမနောက်ပိတ်ခွေး ဓါးသမားလူမိုက်လုပ်တယ်၊ သူ့ အခန်းသိတ်မပါဘူး၊ သူက ဒါးရေးကောင်းတယ်၊ ရွာတံခါးကို စောင့်ရတယ်၊ အောင်သိုက်ရဲ့ သူငယ်ချင်း၊ ဒါလေးပဲ၊ မင်းသားက ဒီမှာ အောင်သိုက်ပဲ၊ ဇာတ်ဆရာက နေရာမယူဘူး၊ ပါပါးလေး တကွက်ကောင်းပဲ ယူထားတယ်။
တိုတိုပြောရရင် အောင်သိုက်ဟာ မိန်းမဆုံးတဲ့အထိ နှိပ်စက်ဖိနှိပ်ခြင်းခံရလို့ ၊ ရွာကနေ ထွက်ဘို့ လုပ်တယ်၊ သားသမီးတွေနဲ့ အတူ ပြေးကြတာ၊
ရွာတံခါးမှာ သူငယ်ချင်းကြည်လင်ကို ဖြတ်ရတယ်၊ တကယ်တော့ အောင်သိုက်က ကြည်လင့်ကို ယှဉ်နိုင်စရာမရှိဘူး ။ ဒါပေမဲ့ ကြည်လင်က သူငယ်ချင်းအတွက် (အမှန်တရားအတွက်လား) ဓါးကို မရှောင်ပဲ အသေခံသွားတယ်၊ (ဇာတ်ဆရာက ဒီတကွက်ထဲ ၀င်ယူသွားတာ၊ သူအိပ်နေလဲ ရသားနဲ့ )
ဒါပေမဲ့လဲ နောက်ဆုံးတော့ သူကြီးလူတွေ မှီလာပြီး အောင်သိုက် သေသွားရတယ်။
မသေခင်မှာ သူ့ သူငယ်ချင်းကိုမှာသွားတယ်၊ ပြဇာတ်ရဲ့ theme သူပုန်ပေါ့။
ငါ့သားသမီးတွေကို ကြီးလာရင် အဖေဒီလိုမှာသွားတယ် ပြောပြပေးပါ။
မင်းကောင်းမင်းမြတ်တွေရဲ့ လက်ထက်မှာ ဘယ်တော့မှ သူပုန်မဖြစ်ပါစေနဲ့ ။
ဒါပေမဲ့ မင်းဆိုးမင်းညစ်ရဲ့ လက်ထက်မှာတော့ သူပုန်အဖြစ် ဂုဏ်ယူစမ်းပါလို့ 
အင်း ၁၉၇၀ကနေ စာမေးပွဲဖြေပြီးတဲ့ ၁၉၇၇အထိမှာ အရေးအခင်းပေါင်းများစွာ ဖြတ်သန်းလာရတဲ့ ကျောင်းသားတယောက်အတွက်တော့။
ပြဇာတ် ပြီးတာအပြင်ထွက်၊ မုံ့ စား လ္ဘက်ရေသောက်၊ ကျနော်အဲဒီတုံးက အရက်သိပ်မသောက်သေးဘူး။
နောက်ပိုင်း ၀န်တွေဘာတွေထွက်ပြီးတော့ နောက်ပိုင်းဇာတ်ကို တယ်တယ်၊ မြစိမ်း၊ အဲဒီထဲမှာ နှစ်ပါးသွား
ဒီအချိန်အထိ ကြည့်ဘူးသမျှ အကောင်းဆုံး နှစ်ပါးသွားပါပဲ၊ ဇာတ်ဆရာ၊ ဇာတ်ဆရာကတော်၊ မင်းသမီးများ၊ လူရွှင်တော်၊ ဆိုင်း။
လိုလေသေးမရှိ နှစ်ပါးသွားပါပဲ
မြန်မာအကဆိုတာ၊ သဘင်ရည်တကယ်ပြည့်ဝကျတဲ့ မင်းသားနဲ့ မင်းသမီး တကယ်ကောင်းတဲ့ ဆိုင်းအဖွဲ့  (ရွာစားနာမည်မေ့နေပါတယ်ဗျာ) လက်ထဲမှာ ဘယ်လိုမှ မ၇ိုးနိုင်ပါ့၊ သွက်လက် ဖြတ်လတ်လျတဲ့ ကိုယ်ပိုင်ကကွက်များ၊ အဆိုအသံမှာ ရွှေမန်းကို မှီတယ်ဆိုတဲ့ ပန်တျာကြည်လင်ရဲ့ ကောင်းလှတဲ့အသံ၊
နှစ်ပါးသွားအပိုးမှာ ကျနော့်ဘေးက မိန်းမတွေ ဟယ် ငါ့တကိုယ်လုံးဘယ်လို ဖြစ်လာမှန်းမသိဘူးဟယ်ဆိုပြီးကို နှုတ်ကထွက်လာတာ၊ ကျနော်တို့ ယောက်ျားခြင်းတောင် သဘောကျပါရဲ့ ၊
တင်တင်မြင့်ကျတော့ရော၊ သူ့ ယောက်ျား တခြား မင်းသမီးတွေကို ပိုးတာကို စင်ပေါ်မှာတင် သီချင်းနဲ့ ပြန်ဆို၊ အကမှာလဲ ပြိုင်ကကြတာ၊
လူရွှင်တော်ဂွင်တွေလဲ မပျက်စေရပါ့၊ တကယ့်ကို တက်ညီညီ အလုပ်လုပ်ကြတဲ့ အဖွဲ့ ပါပဲ။
နောက်ပိုင်းဇာတ် မြစိမ်း၊
နာမည်ကြီးဇာတ်ပေါ့၊ ဓါတ်ပြားတွေရှိပါတယ်။
ကိုဘုန်းကြွယ်လူညာကြီးရယ်၊ သိုက်ဆရာတွေကို ခေါ်လာလို့ ရယ်ဆိုတဲ့ သီချင်း
ညီမလေးရယ် ရန်သူတွေ နီးလာပါလို့ ရယ်တို့ ၊ မြန်မာပြည်တပြည်လုံး လွှမ်းသွားစေတဲ့ဇာတ်ပေါ့
မြစိမ်းတောင် သိုက်သမိုင်း၊ သိုက်နန်းရှင်နဲ့ လူသားနဲ့ ကြိုက်ကျ၊
ကလေးရ၊ ကလေးကို ရှင်ပြုမယ်လို့ လင်သားက မြို့ တက်ပြီး ရှင်လောင်းပစ္စည်း အလှုပစ္စည်းသွားဝယ်ရင်
သိုက်ဆရာတွေနဲ့ တွေ့ ပြီး ခေါ်လာမိတာမှာ ကွဲသွားကြရတယ်။
ဒိဇာတ်က မင်းသမီးဇာတ်ဆိုတော့ ကြည်လင်က နေရာမယူဘူး၊ တင်တင်မြင့် အပြည့်သယ်တော့တာပဲ
ပွဲခင်းတခင်းလုံး မျက်ရည်တွေ စိုရွှဲအောင်လုပ်တဲ့ သီချင်းက ဘာမှ မဟုတ်ဘူး၊
အရှေ့ ကို လျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်ဆိုတဲ့ ဗျော၊ ဗျော
အထူးသဖြင့် စာပုလွေ ရင်မှာပိုက်ပါလို့ ဆိုတဲ့ အပိုဒ်ကို အမျိုးမျိုး အခေါက်ခေါက်အခါခါ ဆိုပြီး ကျနော်တို့ ကို ဒုက္ခပေးသွားတာ၊ ပွဲခင်းတခင်းလုံး မရှက်နိုင်မကြောက်နိုင် မျက်ရည်တရွှဲရွှဲပါပဲခင်ဗျား။
လွမ်းပါပေ့၊ မြန်မာ့ဇာတ်သဘင်ရယ်
No comments:
Post a Comment