Showing posts with label Techonology. Show all posts
Showing posts with label Techonology. Show all posts

Tuesday, December 13, 2016

ဗုဒ္ဓခေတ်နှင့် ဗုဒ္ဓဝင်လာ ခေတ်လွန် သိပ္ပံပညာရပ်များ

ဆုံးအောင်မဖတ်ခင် အောက်က အပုဒ်ကို သေချာ ဖတ်ထားကြအုံး
-
ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားဟောတဲ့ ကျမ်းတွေထဲမှာ ဓမ္မစကြာ၊ အနတ္တလက္ခဏာ သုတ်၊ ပဌာန်းကျမ်း၊ ဒီသုံးခုက အချက်အချာကျဆုံး ပဲလို့  ဖတ်ရှုမှတ်သားဘူးပါတယ်၊ နောက် ယုံကြည်ပါတယ်၊
-
ဆက်ရေးမှာက ဗုဒ္ဓဝင်တွေထဲမှာပါတဲ့ ခေတ်လွန် သိပ္ပံဆိုင်ရာနဲ့  အာကာသ စကြာဝဠာဆိုင်ရာ အချက်များပါပဲ၊ ဘုရားဟောတယ်လို့  ကျနော်မပြောပါဘူးနော၊ ဒါပေမဲ့ ဒီအတွေးအခေါ်တွေ အချက်အလက်တွေဟာ ဗုဒ္ဓခေတ်မှာ ထမင်းစားရေသောက်ဖြစ်နေပါပြီ
-
ပထမဆုံး ဗုဒ္ဓဝင် မဟုတ်တာတွေထဲက သွားရအောင်
-
မဟာဘာရတနဲ့ ရာမဇာတ်တွေထဲမှာ
-
ယာဉ်ပျံတွေ အများကြီးပဲ technology of Gods ထဲမှာ ပုံတွေတောင် ဆွဲပြထားသေးတယ်၊ ဒါပေမဲ့ propulsion device နေရာကို သေသေချာချာ မပြထားဘူး၊ ဖြစ်နိုင်တာ anti-matter, anti-gravity device လို့  ပြောကြတယ်
-
ရာမထဲမှာ တိုက်ပွဲပြီးလို့  ပြန်အလာ အာကာသထဲကနေ ဖြတ်လာလို့  နေ့ ဘက်မှာတင် ကြယ်တွေကို မြင်နေရတဲ့ အကြောင်းပါတယ်
-
နောက် သုံးလိုက်တဲ့ လက်နက်တွေ
-
အနုမြူ လက်နက်တွေ အများကြီးပဲ effect တွေက လက်ရှိ အနုမြူ လက်နက်တွေ အတိုင်းပဲ
-
လာမယ် ဗုဒ္ဓဝင်
-
သောင်းခွင် စကြာဝဠာဆိုတဲ့ ဘုရားရှိခိုးထဲကလိုပဲ စကြာဝဠာ တိုက်တစ်သောင်းရှိတယ်၊ တရားတွေ လာနာကြတယ်၊ စကြာဝဠာ တိုက်တစ်သောင်းရဲ့  ဖွဲ့ စည်းပုံတွေက အတူတူပဲလေ၊ ဘယ်ကနေ ဖြတ်လာသလဲတော့ မပြောပေမဲ့ ခုခေတ်ဆိုရင် worm hole တွေကနေ လာကြတာပေါ့၊ The One ကားထက် ခေတ်ရှေ့ ပြေးလွန်းတယ်
-
နေမိဇာတ်တော်
-
အိုင်စတိုင်းရဲ့  Relativity Theory ထက် စောတယ်
-
စီးတဲ့ ယဉ်ပျံဟာ မြန်လွန်းလို့  သွားတဲ့ ငရဲပြည် နတ်ပြည်တွေမှာ နေမိမင်းကြီးက သာမာန် သူ့  time line အချိန်အတိုင်း သွားပေမဲ့ သူပြန်လာတော့ သူ့ မိဘုရားတွေ မူးမတ်တွေက အိုစာကုန်ပြီ၊ ကဲ ကဲ အဲဒါကို ဘယ်လို ရှင်းမလဲ
-
လောကပါလ နတ်တွေ အကြောင်း
-
လောကကြီး သူ့ ပုံမှန်လည်ပတ်နေအောင် စောင့်ရှောက်ကြတယ်၊ ဝင်မရှုတ်ဘူး၊ ဘုရားလောင်းတွေကိုသာ သူတို့ လမ်းကြောင်းကနေ ယိမ်းမသွားအောင်လောက်ပဲ တည့်မတ်ပေးတယ်၊ ဒါတောင် တေမိမင်းဘဝမတိုင်မှီ ဂေါတမ ဘုရားလောင်းဟာ ငရဲကျလိုက်ရသေး
-
ပျက်ချိန်တန်တဲ့ ကမ္ဘာတွေ ပျက်ရတာပဲ၊ ဖြစ်ချိန်တန်တဲ့ကမ္ဘာတွေလဲ ဖြစ်လာတာပဲ
-
အခုနောက်ဆုံး သိပ္ပံကားတွေမှာပါတဲ့ Time Patrol Rule တွေ
-
Star Track ရုပ်ရှင်ကားတွေမှာပါတဲ့ Galactic watcher တွေရဲ့  rule တွေနဲ့  အတော်တူတာ
-
ဘာကြောင့် ဒီလောက် ခေတ်ရှေ့ ပြေးနေသလဲ
-
ကမ္ဘာပျက်ကျမ်း
ဦးပြုံးချို ရေးထားတဲ့ ဇာတိအာဏာသီချင်းကို ဖတ်ပါ
-
-ကမ္ဘာပျက်မှာကို နှစ်တစ်သောင်း ကြိုသိတယ်၊ တကယ်တော့ စကြာဝဌာပျက်တာ ကမ္ဘာတစ်သိန်းပါတယ် လောကပါလ နတ်က အနီရောင်ဝတ်ပြီး လှည့်လည်ပြောတယ်

-ဘုံတွေ အများကြီးကို ဖျက်ဆီးပလိုက်တာ၊ ပြေးမလွတ်ဘူး လွတ်တဲ့ဘုံကို ရောက်အောင်သွားဘို့ က ရုပ်ဝတ္ထု နည်းလမ်းနဲ့ သွားလို့ မရဘူး ကမဌာန်းတရာကို စီးဖြန်းပြီး သေလွန်မှ ရောက်သွားတယ်၊ Big Bang ရဲ့ ပြောင်းပြန်လို့  ပြောရမလား၊ မိခင်ကြယ် super nova ဖြစ်ပြီး ပေါက်ကွဲသွားတာကို ရေးထားတာလား
-
အစဉ်အဆက် သယ်ဆောင်လာကြတဲ့ အယူအဆတွေနော
-
လောလောဆယ် ဒီလောက်ပါပဲ၊ ဒါတောင် ကို Wunna Ko စပေးထားတဲ့ ကော့်ပါင်္နးကပ်တို့ ထက် အများကြီးစောတဲ့ နေသွားနေလာ ဂြိုလ်သွားဂြိုလ်လာတွေကို တွက်ချက်တဲ့ အဆင့်မြင့် သင်္ချာတွေကို အဲဒီခေတ်ကထဲက တတ်နေတာတွေ မပါသေးဘူး
-
ဒါမျိုးတွေကို သိလာရလေလေ၊ လောကရဲ့ သံသရာရဲ့ သပွတ်အူကနေ ရုန်းထွက်နိုင်တဲ့ လမ်းကို ကြိုးစားအားထုတ် ပြတော်မူသွားတဲ့ ဂဂါသဲစု တမျှရှိကုန်သောဆိုတဲ့ ဗုဒ္ဓမြတ်စွာ ဘုရားများ အပေါင်းကို ရိုသေကြည်နူး ရှိခိုးအပ်ပါသည် ခင်ဗျား

Tuesday, November 29, 2016

တချိန်တုံးက စာရင်း၊ ကွင်းဆင်းတဲ့ Remote Sensing GIS team တွေအတွက်
-
ကင်မရာ
ဂျီပီအက်စ်
မြေပုံ
ဂြိုလ်တုဓါတ်ပုံ hard copy
Cassette recorder
မှတ်စုစာအုပ်
ပိုက်ဆံ
-
အခုဆိုရင်တော့
laptop with internet connection
GPS camera with recording facility, or latest model smart phone
note book or tablet PC for viewing satellite image
car adapter for AC and DC output
Drone with adequate number of spare batteries
-
ပိုက်ပိုက်
All weather vehicle
-
နောက်ဆိုရင်တော့
survey vehicle with 360 camera and satellite receiver
အနာဂတ်အတွက် ပြင်ဆင်ကြရအောင်ကို Nga Mann



Monday, November 14, 2016

မြန်မာ့ရှေးဟောင်းမြို့များ (အရာဟောင်းများ)ကိုကောင်းကင်ဓါတ်ပုံများ အသုံးပြုခြင်း စသည် ဦးအောင်မြင့်

ကောင်းကင်ဓါတ်ပုံများ အသုံးပြုခြင်း စသည် (၁) ဦးအောင်မြင့်

28 August 2011 at 11:43
ကိုကျော်နိုင်ဝင်းရဲ့ တောင်းဆိုချက်အရ
(၁)
နိဒါန်း
ဓာတ်ပုံဖတ်ရှုခြင်း
    ဤစာအုပ်ပါ မြို့ဟောင်းများအနက်မှသရေခတ္တရာ၏ ထူးခြားသည့် ၀ိသေသများဟူသည့် အခန်းတစ်ခုမှလွဲ၍ ကောင်းကင်ဓာတ်ပုံထဲတွင် ဖတ်ရှု၍ ဖော်ထုတ်ခြင်း ထို့နောက်ကွင်းဆင်းကြည့်ရှု ခြင်းများနှင့် ပတ်သက်သည့် လေ့လာချက်များပင် ဖြစ်ပေသည်။ ပကမအစုအနေဖြင့် မြို့ဟောင်း ပေါင်း ၃၀မျှကိုသာ ဖော်ထုတ်တင်ပြထားခြင်းဖြစ်ပေသည်။ ဤတင်ပြချက်များမှာ သုတေသနတင်ပြ ချက်များ မဟုတ်ပေ။
တင်ပြထားသည့် မြို့ဟောင်းများမှာ သုတေသီတို့ရောက်ရှိပြီးကြသည့် မြို့ဟောင်းအချို့ပါရှိ သလို၊ မိမိလုံးဝမသိရှိသေး၊ မရောက်ဘူးသေးသည့် မြို့ဟောင်းများလည်း ပါဝင်ပေလိမ့်မည်။ ကြီးမားထည်ဝါသည့် မြို့ဟောင်းကြီးများ ပါသလို သေးမွှားသိမ်ငယ်၊ လူသိနည်းသည့် မြို့ဟောင်း ကလေးများလည်း ပါဝင်ပေလိမ့်မည်။
ရည်ရွယ်ချက်မှာ မြန်မာ့ရှေးဟောင်းမြို့များ (အရာဟောင်းများ)ကို ကောင်းကင်ဓာတ်ပုံထဲမှ တတ်နိုင်သမျှ ဖော်ထုတ်တင်ပြခြင်းဖြင့်၊ ရှေ့ပြေးအနေဖြင့် ရှေးဟောင်းအရာဟောင်းများကို ကွင်းဆင်းကြည့်ရှုခြင်း၊ လိုအပ်လျှင် သမိုင်းသုတေသနပြုခြင်း၊ ရှေးဟောင်းသုတေသနတူးဖော်မှုများ ပြုလုပ်နိုင်ကြမည်ဖြစ်ပေသည်။
ရှေးမြို့ဟောင်း အရာဟောင်းများ၏ တည်နေရာ၊ ပုံသဏ္ဍာန်နှင့် လက်ရှိအခြေအနေတို့ကို တွေ့ရှိရလျှင်ပင်လေ့လာသူ သုတေသီတို့အတွက် များစွာအထောက်အကူဖြစ်စေပေလိမ့်မည်။ အထူးသဖြင့် အရာဟောင်း၏ ပုံသဏ္ဍာန်နှင့် အရွယ်အစားပမာဏကို ကြိုတင်သိရှိကြပြီး ဖြစ်သဖြင့် ဦးစားပေးကြည့်ရှုလေ့လာသင့်သော နေရာများကို မရောက်မီကပင် ကြိုတင်ခန့်မှန်း လျာထားမှုပြုနိုင် ပေသည်။
ဤစာအုပ်၌ဖော်ပြထားသည့် အတိုင်းအတာခန့်မှန်းချက်များမှာ အဓိကအားဖြင့် ကောင်းကင်ဓာတ်ပုံများမှ ၄င်းတို့ကို ရိုက်ကူးသည့် စကေးအရ တိုင်းတာဖော်ပြထားခြင်းဖြစ်ပေသည်။ ဧရိယာတိုင်းတာခြင်းမှာလည်း အစက်ချဇယားတိုင်းတာနည်းဖြင့်ပင် ၄င်းတို့၏စကေးအရတိုင်းတာ ခန့်မျန်းဖော်ပြထားခြင်း ဖြစ်ပေသည်။ ယခုအခါ ကမ္ဘာနှင့်အ၀န်း မီတာစနစ်ကို သုံးစွဲနေကြပြီဖြစ်ရာ မိမိတို့လည်း တစ်ပါတည်း ဤတိုင်းတာမှုများနှင့်လက်ပွန်းတတီးဖြစ်ရန် အလေ့အကျင့်လိုပေမည်။ လက်မ၊ ပေ၊ ကိုက်၊ မိုင်၊ စကေးများနှင့် တွဲ၍အသုံးပြုထားသည်။ နောင်မီတာစနစ်သို့ တစ်စ၊ တစ်စ ကူးပြောင်းနိုင်ပေလိမ့်မည်။

မြေပုံများ
မြေပုံများမှာ၊ မြို့ဟောင်းရာများကို ဓာတ်ပုံမှပင်၊ မြေပုံထတ်လုပ်တင်ပြထားခြင်းဖြစ်ပြီး၊ မူရင်း တစ်လက်မတစ်မိုင် စကေး၊ ကွန်တိုမြေပုံများကို ဖြစ်စေ၊ သို့မဟုတ် တစ်ခြားသင့်တော်သည့် စကေး များဖြင့် ထုတ်လုပ်ထားသည့် ကွန်တိုမြေပုံများကိုလည်း မှီငြမ်းပြုပါသည်။
တစ်ခါတစ်ရံ ဓာတ်ပုံရိုက်ကူးသည့်ကာလ ၄င်းမှထုတ်ထားသည့် မြေပုံများသည် ကွင်းဆင်း လေ့လာမှုပြုသည့်အခါ၊ အချိန်ကာလ၊ အတိုင်းအတာကွာခြားမှုရှိတတ်သည်။ ဓာတ်ပုံဖတ်ရှုချိန်ကာလ က၊ ရေကန်၊ ကျုံးရှိသည်ဟု ဖတ်ရှုဖော်ညွှန်းနိုင်စေကာမူ၊ နောင်အနှစ် ၃၀ ကျော်ကြာသည့်အချိန်မှ ကွင်းဆင်းလေ့လာမှုပြုသည့်အခါတွင် ရေကန်သို့မဟုတ် ကျုံးစသည်တို့မှာ တိမ်ကောခဲ့ပြီးဖြစ်၍ မြေပြင်နှင့် တပြေးညီဖြစ်လျက်ရှိနေသည်ကို တွေ့ရတတ်ပေသည်။ သို့ရာတွင် ဓာတ်ပုံရိုက်ကူးချိန်ကမူ ရေကန်၊ ကျုံး၊ ရာဟောင်းကြီးများကို အထင်အရှားတွေ့ရခြင်းပင်ရှိပေမည်။
ရှေးအရာဟောင်းများသည် နှစ်ပေါင်းရာဖြင့် ကြည်ရှည်စွာ တည်တံ့ ခံနိုင်စွမ်းရှိပေသည်။ သဘာဝအလျောက် ရာသီဥတုဒဏ်၊ သဘာဝရေတိုက်စားမှုဒဏ်များကြောင့် ဤမျှပြောင်းလဲ တိမ်ကောပပျောက်သွားမည် မဟုတ်ပေ။ အဓိကရန်သူမှာ လူပင်ဖြစ်သည်။ လူများဖျက်ဆီးခြင်းပင် ဖြစ်သည်။
မြို့ဟောင်း၏ အုတ်၊ ကျောက်၊ ဂ၀ံ၊ မြေကြီးစသည်တို့ကို လူတို့က အခြားတစ်နေရာတွင် အသုံးပြုပစ်လိုက်ကြခြင်း၊ ဥပမာကားလမ်း၊ မီးရထားလမ်းဖောက်ခြင်း၊ လမ်းခင်းခြင်း၊ ပြုလုပ်ရာတွင် လည်းကောင်း တမံဆည်ဖို့မှုပြုလုပ်ရာတွင် လည်းကောင်း၊ အသုံးပြုတတ်ကြပေသည်။ ကျုံးများလည်း နှစ်လကြာရှည်သဖြင့် သဘာဝအလျောက် နုန်းပို့ပြီး ပြည့်သွားရသည်။ လယ်ယာစိုက်ပျိုးလယ်မြေတို့ ချဲ့ခြင်း စသည်တို့ကြောင့် တိမ်ကောသွားရမည်။ ဤကဲ့သို့ လူတို့နှောက်ယှက်ဖန်တီးခြင်းက၊ သဘာဝအလျောက် ပွန်းတီးပြောင်းလဲခြင်းတို့ထက် များစွာလျင်မြန်သည်။ သို့ဖြစ်၍ ဤသို့လူပြုပြင် နှောက်ယှက်ခြင်းတို့ကြောင့် နှစ်ပေါင်းရာထောင်မပြောနှင့် နှစ်ပေါင်း ၃၀ကျော်ခန့်မျှသော နှစ်ပိုင်းလောက်တွင်ပင် တချို့နေရာများ အကြီးအကျယ်ပြောင်းလဲကုန်ကြလေသည်။

မြို့ပြတိုးချဲ့ခြင်း
တချို့သောမြို့ဟောင်း၊ မြို့တော်၊ အသေးအဖွဲများမှာ အထက်ဖော်ပြပါ နှောက်ယှက်ဖျက်ဆီး မှုများကြောင့် အထူးတလည် ဆုံးရှုံးမှုမရှိဆိုသည့် ခံယူချက်မရှိသင့်။ မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုထွန်း ကားပြီး ခေတ်တစ်ခေတ် အပိုင်းအခြား အနေဖြင့် ထင်ရှားခဲ့သည့် သမိုင်းဝင်မြို့ဟောင်းကြီးများကိုမူ အထူး ထိန်းသိမ်းထားရှိသင့်သည်။ မလွဲမသွေ၊ မြို့ပြချဲ့ခွင့် ပြုရစေကာမူ၊ ရှေးဟောင်းနေရာတချို့ကို ထိပါးမှု ပြုပြင်ပြောင်းလဲမှု မဖြစ်စေဘဲ ထိန်းသိမ်းစီမံကွပ်ကဲမှုကိုမူကား အမြဲပြုလုပ်ပေးဖို့ လိုပေသည်။
အထူးသဖြင့် မြို့ဟောင်းမြို့ရိုးအတွင်းပိုင်းများကို အထူးထိန်းသိမ်းထားသင့်ပေသည်။ မြို့ရိုး၊ ကျုံးအပြင်ဖက်နေရာများ၌ မြို့ပြတိုးချဲ့ပွားများလာမှုကို အထိုက်အလျောက် လိုက်ရောခွင့်ပြုရစေကာ မူ၊ မြို့ဟောင်းအရာဟောင်းများအတွင်း၌မူကား များစွာဆင်ခြင်သင့်လေသည်။ (ဥပမာ-ကလေးမြို့၊ တောင်တွင်းကြီးမြို့) စသည်များမှာမူ ၄င်းမြို့ပြဧရိယာကွက်တို့၏ ၂ဆ-၃ဆခန့်မျှ ကျယ်ပျံ့ခဲ့လေပြီ။ အဓိကသမိုင်းဝင်မြို့တော်ကြီးများ တချို့ပင်လျှင် မြို့တွင်းတစ်ခွင်လုံး ကျုးကျော်အိမ်များ နှင့် ပြည့်လျှံလျက် ရှိခဲ့ကြလေသည်။ (ဥပမာ-ဥသာပဲခူး၊ တောင်ငူ) ဖြစ်ပြီးခဲ့သည်ကို အသာထားဦး၊ ရှေ့သို့အလားတူ၊ အဓိကရသမိုင်းဝင် ရှေးဟောင်းမြို့ကြီးများကို မြို့ပြတိုးချဲ့ခြင်းကြောင့် ပြောင်းလဲမှု များ မဖြစ်စေရန် အထူးထိန်းသိမ်းဖို့လိုလေသည်။
ရှေးဟောင်းပစ္စည်းများနှင့် စီးပွားရှာ၊ ရောင်းဝယ်ဖောက်ကားနေကြသူများအတွက်လည်း တစ်ဖက်တစ်လမ်းမှ ကာကွယ်တားဆီးရန်လိုသည်။ နေရာတစ်ခုကို ရှေးဟောင်းနေရာ ဒေသတစ်ခုဖြစ်ခဲ့ဖူးကြောင်း မသိလိုက်နှင့် သိလိုက်သည်နှင့် တစ်ပြိုင်နက် ရှေးဟောင်းပစ္စည်းနှင့် ပတ်သက်သည့် စီးပွားရေးသမားများ အလျှိုလျှိုရောက်လာတတ်ကြလေသည်။ ရှေးဟောင်းပစ္စ္စည်းရရှိ ထားသူများထံမှ လက်သိပ်ထိုး၍ လိုက်ဝယ်ခြင်း၊ တိတ်တဆိတ်တူးဆွ ရှာဖွေခိုင်းခြင်းစသည်များ ဖြစ်လာတတ်လေသည်။
လေ့လာသူများအနေဖြင့်လည်း သတိပြုသင့်သည်မှာ လေ့လာသူများသည် ရှေးဟောင်း သုတေသနတူးဖော်သူများ မဟုတ်။ မြို့ဟောင်း၏ အတိမ်အနက် လေးနက်မှု၊ အရေးပါမှုကို မှတ်တမ်းတင်ထားနိုင်ရန်၊ လက်ရှိတွေ့ထားသည့် ပစ္စည်းများကို ရေးကူးပုံဆွဲခြင်း၊ ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်ခြင်းသာ ပြုလုပ်နိုင်ပေသည်။ တူးဖော်သုတေသနပြုခြင်းမှာ ရှေးဟောင်းသုတေသနဌာန ၏ တာဝန်ဖြစ်ပေသည်။ ၄င်းတို့သည် တူးဖော်ခြင်း၊ ဓာတ်ခွဲခန်းများသို့ နမူနာများပို့၍ သက်တမ်းတွက်စစ်ခြင်း ပြုလုပ်ကြပေလိမ့်မည်။ ဤသို့စနစ်တကျတူးဖော်လေ့လာမှု မပြုနိုင်မီ၊ အခိုက်အတန့်တွင် မသမာသူတို့ နှောက်ယှက်ဖျက်ဆီးမှု တူးဖော်ခိုးယူမှုမပြုနိုင်ကြရန် ထိန်းသိမ်း စောင့်ရှောက်ကြဖို့သာ လိုပေသည်။ ရှေးဟောင်းပစ္စ္စည်းထိန်းသိမ်းရေးဥပဒေဖြင့်လည်း ပြဌာန်းထားခဲ့ ပြီးဖြစ်လေသည်။ နှစ်ပရိစ္ဆေဒ၊ ရာစုနှစ်ပေါင်းများစွာ တည်တံ့လာခဲ့ပြီဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံ၏ ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှုပစ္စ္စည်းများ ရှေးဟောင်းလက်ရာများကို မိမိတို့လက်ထက်ကျမှ မိုက်မဲစွာဖျက်ဆီးမှု မဖြစ်စေသင့်ကြပေ။
တစ်ဖက်တွင်လည်း မိမိတို့၏ ရှေးခေတ်ပိုင်းသက်သေ၊ အမွေအနှစ်များဖြစ်သည့် ဤမြို့ရာဟောင်းများဆီမှ များစွာ လေ့လာစရာ ရှိသေးသည်။ သုတေသနပြုစုစရာရှိသေးသည်။ သမိုင်းကွင်းဆက်များ၊ ယဉ်ကျေးမှုအစဉ်အလာများကို လေ့လာဆည်းပူးကြရပေဦးမည်။ ပုဂံရာဇ၀င်ကို တုတ်ထမ်းမပြောနှင့် ပေါက်တူးထမ်း၍ပြောကြကုန်ဟု ဆရာကြီးဦးဖေမောင်တင်တို့ လက်ထက်ကပင် မြက်ကြားဖူးခဲ့ပြီ။ ရှေးဟောင်းအရာဟောင်းများကိုလည်း ပေါက်တူးထမ်း၍ပင် ပြောကြရပေလိမ့်မည်။ ထိုအခါတွင် ရှေးဟောင်းသုတေသနပေါက်တူး၊ သမိုင်းပေါက်တူး၊ ယဉ်ကျေးမှုပေါက်တူးတို့သာ ဖြစ်ရပေမည်။ စီးပွားရေး ပေါက်တူး ရှေးဟောင်းပစ္စည်း ၀ိသမပေါက်တူးများ မပါစေသင့်ချေ။ မြန်မာ့ရှေးဟောင်းအမွေအနှစ်ကို အဓိကထား၍ ထိန်းသိမ်းစောင့်ရှောက်ရပေလိမ့်မည်တည်း။
ရှေးသမိုင်းအဆိုအမိန့်များအရ ဖော်ပြသည့်မြို့ဟောင်းတချို့ကို ကောင်းကင်ဓာတ်ပုံထဲ၌ ရှာဖွေမှုပြုခဲ့စေကာမူရှာဖွေ၍ မတွေ့ရတော့ချေ။ မြေပြင်နှင့် တပြေးညီစွာဖြစ်သွားခဲ့ပြီ။ ပျက်စီးပွန်းတီးသွားခဲ့ပြီ။ မူလကတည်းက အရာဟောင်း မြို့ဟောင်းသည် ကြီးမားထည်ဝါမှုမရှိ၊ မြေမြို့ရိုးမျှ ဖြစ်ဟန်ရှိ၏။ ထို့အပြင် ထိုမြေမြို့ရိုးကို လူများနှောက်ယှက်ဖျက်ဆီး တူးဖြိုမှု ပြုခဲ့ကြသဖြင့် ရှာမတွေ့တော့ခြင်း ဖြစ်ဟန်တူသည်။ အမှန်မှာ သဘာဝအလျောက် ပွန်းတီးမှု ကြောင့် ဤမျှပျောက်ကွယ် သွားမည်မဟုတ်ချေ။
သမိုင်းဝင်အဆိုအမိန့်မရှိစေကာမူ တစ်ခါတစ်ရံထင်ရှားသည့် အရာဟောင်းကြီးတစ်ခုကို ကောင်းကင်ဓာတ်ပုံထဲ၌ တွေ့ရှိသည်လည်း ရှိတတ်ပေသည်။ သို့ဖြစ်၍ကောင်းကင်ဓာတ်ပုံများကို အခြေခံ၍ တွေ့ရှိနိုင်သ၍ အရာဟောင်းများကို ဆက်လက်ရှာဖွေ စူးစမ်းလေ့လာမှု ပြုရမည်သာဖြစ် ချေသည်။ ဤသည်မှာ တကယ့်သမိုင်းပေးတာဝန်တစ်ရပ် ဖြစ်ချေသည်။ သမိုင်းအတွက် ရှေးဟောင်းသုတေသနအတွက် ဆက်၍ဆောင်ရွက်ရပေဦးမည်။
ဤစာအုပ်ကိုဖြစ်မြောက်အောင် အားပေးပံ့ပိုးမှုအများဆုံးပြုလုပ်သူမှာ ယဉ်ကျေးမှုဝန်ကြီး ဌာန ၀န်ကြီးဦးဝင်းစိန်ဖြစ်သည်။ ကျန်ပုဂ္ဂိုလ်များမှာ ဦးညွန့်ဟန်၊ ညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်း သုတေသနဦးစီးဌာန၊ ဦးသော်ကောင်း(အငြိမ်းစား)တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှူးနှင့် ဒေါက်တာ မျိုးသန့်တင်ခတ္တိယဂျာနယ်စာတည်းချုပ်တို့ဖြစ်ကြပါသည်။ သို့ရာတွင် စာရေးသူခရီးလွန်နေသဖြင့် (၂)နှစ်ခန့်မျှသောအချိန်များ အလဟသဖြစ်သွားရပေသည်။ ဦးသော်ကောင်းမှာ ဇွဲကောင်းလှသည်။ စိတ်မပျက်၊ တိုက်တွန်းမြဲ၊ အားပေးမြဲဖြစ်သည်။ ၀န်ကြီးဦးဝင်းစိန်နှင့် အဖွဲ့ကလည်း မကြာခဏခေါ်ယူ ၍ တွန်းအားပေးကြသဖြင့် ယခုလို ဤစာအုပ်ဖြစ်မြောက်လာရခြင်းဖြစ်သည်။
ရေးစရာတွေများလှသည်။ မရေး၍မဖြစ် ရေးရတော့သည်။ အထူးသဖြင့် အများဆုံးဖင့်နှေး စေသည်မှာ ဓာတ်ပုံနှင့်မြေပုံတို့ပင်ဖြစ်သည်။ အလွန်အချိန်ပေးရသော လုပ်ငန်းများဖြစ်သည်။ ကောင်းကင်ဓာတ်ပုံမှ မြန်မာ့မြို့ဟောင်းရာများစာအုပ်သည် ပထမပိုင်းအနေဖြင့် မြို့ဟောင်း (အကြီးအသေး) စုစုပေါင်း ၃၀မြို့ကို ရေးသားခဲ့ပါသည်။ ရှေ့ကိုဆက်၍ ပြုစုရဦးမည်။ ပြုစုဆဲပင် ဖြစ်ချေသည်။

ဖတ်ရ့ခြင်းဆိုင်ရာ (၂) ဦးအောင်မြင့်

28 August 2011 at 11:48
မြို့ဟောင်းရာမဟုတ်ဘဲ၊ လူများပြုလုပ်မှုကြောင့်ထင်နေသည့် အရာများ
သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ပုံသဏ္ဍာန်များမဟုတ်ဘဲ လူများဖန်တီးသဖြင့် ဖြစ်ပေါ်တတ်သည့် ပုံသဏ္ဍာန်တချို့ကိုလည်း တစ်ခါတစ်ရံမြို့ဟောင်းရာအဖြစ်နှင့်လွဲမှား ဖတ်ရှုနိုင် ဖွယ်ရာ တွေ့ရတတ်ပေသည်။
အများအားဖြင့် ရေရှားသည့်အညာဒေသများ၌ ရနိုင်သမျှရေကို တစ်တန်းဆည်ကလေးများ သို့မဟုတ် စက်ဝိုင်းခြမ်းဆည်များအဖြစ်နှင့် တစ်ခါတစ်ရံ မြေဖို့၍ ရေကိုဆည်ကြသည့် အကျင့်ရှိပေ သည်။ ထိုဆည်တန်းဟောင်းများမှာ အသေးအကြီးကိုလိုက်၍ (အထူးသဖြင့်အကြီးများ) မြို့ဟောင်း ရာ အစိတ်အပိုင်းများကဲ့သို့ ဓာတ်ပုံထဲ၌ တစ်ခါတစ်ရံတွေ့မြင်ရတတ်၏။ ဤသို့တွေ့မြင်ရစေကာမူ ထိုသဏ္ဍာန်များကို ပြည့်ပြည့်စုံစုံလေ့လာကြည့်ရှုလိုက်လျှင် မြို့ဟောင်းရာဟုခေါ်ဆိုနိုင်လောက်အောင် အထောက်အထားများ ရှာဖွေ၍မရသည်ကို တွေ့ရပေသည်။


(၂)
အသုံးပြုသည့်ဓာတ်ပုံအမျိုးအစား
မြို့ဟောင်းရာများကို ဖတ်ရှုရန်အသုံးပြုသည့် ဓာတ်ပုံများမှာ ပင်ကရိုမက်တစ်ဖလင် (Panchromatic Film)ကိုသုံးပြီး မှန်ဘီလူး၌ အရောင်ခွဲမှန်အ၀ါ  (Yellow Filter)ကို တတ်ဆင်ရိုက်ကူးသည့်ပုံများဖြစ်သည်။ ဓာတ်ပုံများမှာ တည့်မတ်ဓာတ်ပုံများ (Vertical photographs) ဖြစ်သည်။ ဓာတ်ပုံဖတ်ရှုရာတွင်လည်း မြို့ဟောင်းရာများ၏ ပုံသဏ္ဍာန်များကိုသာ အဓိကထား၍ရှာဖွေစူးစမ်းခြင်းဖြစ်သဖြင့် သာမန်ရုပ်လုံးကြမှန်ဘီလူးကိုပင် အသုံးပြု၍ ဖတ်ရှုလေ့လာ မှုပြု၏။ အကြီးချဲ့မှန်ဘီလူးကို အဓိကထား၍အသုံးမပြုပါ။
ရိုးရိုးကောင်းကင်ဓာတ်ပုံများအပြင် ဂြိုဟ်တုမှရိုက်ကူးသည့် (Landsat Remote Sensing Imagery) များမှလည်း လက်လှမ်းမီရာ ရရှိနိုင်သမျှ အတွင်းမှ နှိုင်းယှဉ်လေ့လာမှုလည်း ပြုခဲ့ပေ သည်။ သို့ရာတွင် အဓိကအားထားမှုပြုသည်မှာ သာမန်ကောင်းကင်ဓာတ်ပုံများသာတည်း။
မြို့ဟောင်းများကို ၄င်းတို့၏ပုံသဏ္ဍာန်များအပေါ်တွင်မူတည်၍ ၄င်းတို့၏ဖွဲ့စည်းပုံအနေ အထားများကိုလေ့လာခြင်းဖြင့်လည်းကောင်း တည်နေရာဒေသနှင့် ခေတ်ပိုင်းအခြေအနေကိုလေ့လာ ခြင်းဖြင့်လည်းကောင်း၊ မြို့ဟောင်းများတစ်ခုချင်းကို ကောင်းကင်ဓာတ်ပုံများမှ လေ့လာခြင်းဖြင့် လည်းကောင်း၊ မြေပြင်ပေါ်၌ကွင်းဆင်းလေ့လာခြင်းဖြင့်လည်းကောင်း နှိုင်းယှဉ်ဖော်ပြထားပါသည်။

ကောင်းကင်ဓာတ်ပုံ၌ တွေ့ရသမျှ လူတို့ဖန်တီးခဲ့သည့်အရာဟောင်းများ
အရေပြားပေါ်၌ ဓားရှသည့်အခါ သို့မဟုတ် ထိခိုက်ပွန်းပဲ့အနာတရ ဖြစ်သည့်အခါ အရေခွံ ပေါ်၌ အနာဖြစ်ပြီး အနာရွတ်ကျန်ရစ်ခဲ့တတ်ပေသည်။ အနည်းဆုံးကြောင်လက်သည်းနှင့်အရေပြား ပေါ်၌ ကုတ်ခြစ်ခံရလျှင်ပင် ကြောင်လက်သည်းရာတွင် သွေးစို့၍ အနာဖေးကလေးများဖြစ်တတ် သည်။ အနာခြောက်လျှင် အနာဖေးလည်း ကွာကျပျောက်ကွယ်သွားလေသည်။ အနာရွတ်ပင် မကျန်ခဲ့တော့ပေ။ အလားတူပင် မြေပြင်ပေါ်လည်း မြေမျက်နှာပြင်ပေါ်တွင် တူးဆွခြင်း၊ တည်ဆောက်ခြင်းစသည့် ပြုလုပ်မှုမှန်သမျှသည် မြေပြင်ပေါ်တွင် အရာထင်၍ ကျန်ရစ်ခဲ့သည်မှာ သဘာဝပင်ဖြစ်ချေသည်။
အရေပြားပေါ်၌ ထိခိုက်ရှနမှုကြောင့် ဖြစ်ရသည့်အနာသည် ကြီးမားလျှင်၊ ထင်ရှားသည့် အမာရွတ်သည် အရေပြားပေါ်၌ သေရာပါ ထင်ရှားကျန်ရစ်ခဲ့လေသည်။ ထို့အတူကြီးမား ထင်ရှား သည့် တည်ဆောက်မှုမှန်သမျှသည် မြေပြင်ပေါ်၌ ထင်ရှားစွာ အရာဟောင်းများအဖြစ် ကျန်ခဲ့မည် သာတည်း။ ထိုရှေးဟောင်းအရာများမှာ အရေပြားပေါ်မှ အမာရွတ်ကဲ့သို့ မြေပြင်ပေါ်၌ ထင်ရှားပေါ် လွင်တည်တံ့နေမည်သာတည်း။ ထို့ကြောင့် အရာဟောင်းဆိုရာ၌ ရှေးယခင်က တူးဆွတည်ဆောက် ခဲ့ခြင်းကြောင့် ယခုထက်တိုင်အရာထင်၍ ကျန်ရစ်ခဲ့သည့်အရာများကို ဆိုလိုပါသည်။
မြို့တစ်မြို့ကို တည်ထောင်ခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ပေ။ သာမန်မြို့ပြများ မဟုတ်မူဘဲ မင်းနေမြို့တော်များ၊ နေပြည်တော်များတည်ဆောက်ထူထောင်ခြင်းမှာ သာ၍မလွယ်ကူ ချေ။ ထည်ဝါမှု၊ ခမ်းနားကြီးကျယ်မှုကို အဓိကထားစေဦး မင်းနေပြည်တော်သည် လုံခြုံမှုရှိရပေမည်။ ကျုံး၊ မြို့ရိုး၊ တံခါး၊ ရဲလောင်း၊ ရင်တားစသည်တို့ဖြင့် အခိုင်အမာတည်ဆောက်လေ့ရှိကြသည်သာ တည်း။
ဤသို့မြို့ရိုးများ ခံတပ်များ ဆောက်လုပ်ရာ၌ ကျောက်များ အုတ်များဖြင့် တည်ဆောက်လျှင် ပို၍ အဓွန့်ရှည်စွာ တည်တန့်နိုင်ပေသည်။ ကျောက်နှင့်အုတ်အဆောက်အအုံတို့၏ အရာဟောင်း များ၊ မြို့ရိုး၏အရာဟောင်းများသည် ရှေးဟောင်းမြို့များ ပျက်စီးဆိတ်သုဉ်းသွားစေကာမူ မြေပြင်ပေါ် ၌ မပျောက်မပျက်ထင်ရှား၍ ကျန်ရစ်ခဲ့တတ်ပေသည်။
ရိုးရိုးမြေဖို့၍ မြို့ရိုးပြုလုပ်ခြင်းမှာ အုတ်၊ကျောက်ဖြင့် တည်ဆောက်သည့် မြို့ရိုးများကဲ့သို့ အဓွန့်ရှည်ကြာစွာ မခံနိုင်ပေ။ မည်သို့ပင်ရှိစေ မြို့တစ်မြို့တည်ဆောက်ရာတွင် အထူးသဖြင့် နန်းမြို့များတည်ဆောက်ရာတွင် မြို့ရိုး၊ ကျုံးများ အခိုင်အမာတည်ဆောက်လေ့ရှိခြင်းကြောင့်ပင်လျှင် နှစ်ပရိစ္ဆေဒကြာမြင့်ပြီး ထိုမြို့များပျက်စီးသွားခဲ့စေကာမူ၊ သမိုင်းခေတ်များ တစ်ခေတ်ပြီး တစ်ခေတ် ပျောက်ပျက်ဆိတ်သုဉ်းသွားခဲ့စေကာမူ ထိုအခေတ်ခတ်မှ တည်ဆောက်ခဲ့သည့် မြို့ဟောင်း၊ မြို့ရိုး အရာများမှာ မြေပြင်ပေါ်၌ အရာထင်၍ကျန်ရစ်ခဲ့ပေသည်။ ထို့ကြောင့် ကောင်းကင်ဓာတ်ပုံများ ပေါ်၌ ရှာဖွေဖတ်ရှုလေ့လာဖော်ထုတ်နိုင်ပေသည်။
သမိုင်းအခေတ်ခတ်မှ မြို့ဟောင်းအရာများ မြေပြင်ပေါ်၌ထင်ရှားစွာ ထင်၍ကျန်ရစ်ခဲ့သည် ဆိုစေကာမူ မြေပြင်၌သွားရင်းလာရင်း အမှတ်မထင် ရှာဖွေရန် မလွယ်ကူလှပေ။ ထီးထီးမားမား ကျန်ရစ်ခဲ့သည့် မြို့ရိုးဟောင်းတချို့၊ ကျုံးဟောင်းတစ်ပိုင်းတစ်စ၊ တစ်စိတ်တစ်ဒေသနှင့် မြို့တံခါး ပေါက်တချို့ကို တွေ့မြင်နိုင်ကောင်းရှိလျှင် ရှိမည်။ ထိုမြို့ဟောင်း၏တည်ထားပုံ၊ ပုံသဏ္ဍာန်ကိုမူကား မြေပြင်ပေါ်၌ လွယ်ကူစွာရှာဖွေ၍မတွေ့နိုင်ပေ။
ဤသို့လွယ်ကူစွာ မြေပြင်ပေါ်၌ရှာ၍ မတွေ့နိုင်သော မြို့ဟောင်းရာများသည် ကောင်းကင် ဓာတ်ပုံများ၌ တစ်ခါတစ်ရံပေါ်လွင်ထင်ရှားစွာ ရှာဖွေတွေ့ရှိနိုင်ပေသည်။ မြေပြင်ပေါ်၌ ရှာဖွေလျက် လွယ်ကူစွာရှာဖွေတွေ့ရှိနိုင်လိမ့်မည် မဟုတ်သည့် အချို့သော မြို့ဟောင်းရာများကိုလည်း ကောင်း ကင်ဓာတ်ပုံများ၌ ဖတ်ရှု၍ရှာဖွေနိုင်ပေသည်။
ကုန်းဘောင်ခေတ်နောက်ပိုင်းလောက်တွင် တည်ခဲ့သည့်မြန်မာ့မြို့ဟောင်းများကား ဆိုဖွယ် မရှိပေ။ ထင်ရှားလှတော့သည်။ နန်းတော်နှင့် အဆောက်အအုံများမှာ၊ အများအားဖြင့် သစ်များဖြင့် သာ တည်ထောင်ဆောက်လုပ်ကြမည်ဖြစ်သဖြင့် ဆွေးမြည့်ပျက်စီး မီးလောင်ခဲ့ပြီဖြစ်ရကား အဆောက်အအုံများနန်းတော်များအနေဖြင့် ပြောပလောက်အောင် ကျန်ရစ်ခဲ့ခြင်းမရှိပေ။ ဓာတ်ပုံ ထဲ၌ ဖတ်ရှုနိုင်လောက်အောင် မကျန်ရစ်ခဲ့ပေ။ သို့ရာတွင် တချို့သော မြို့ဟောင်းများ၏ အလယ်တွင် မို့မောက်လျက်ရှိသည့် ကုန်းများသည် နန်းတော်ဟောင်းနေရာများ အုတ်ခုံများ ဖြစ်နိုင်ကောင်း ဖြစ်နိုင်သည့်အရိပ်အရောင်ကို တွေ့ရပေသည်။
သရေခေတ္တရာခေတ်၊ ပုဂံခေတ်များကဲ့သို့ ပျူတိုက်များ၊ ဘုရားပုထိုးများကို အုတ်ဖြင့် အများ အပြားတည်ဆောက်ခဲ့သည့် မြို့များခေတ်များမှ ကျန်ခဲ့သည့် အပျက်အစီးများမှာမူကား ယခုတိုင် အောင်ပင် ကောင်းကင်ဓာတ်ပုံများထဲ၌ ထင်ရှားစွာအရာဟောင်းများကို ဖတ်ရှုတွေ့ရှိရပေသည်။
မြို့ဟောင်းရာများကို ကောင်းကင်ဓာတ်ပုံမှ ဖတ်ရှုဖော်ထုတ်ခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အနည်းငယ်ရှင်းလင်းဖော်ပြလိုပေသည်။ ဓာတ်ပုံတစ်ပုံတည်းကိုသာ အားကိုးအားထား ပြုပြီး ဤကဲ့သို့ဖြစ်ရမည်ဟု တရားသေယူဆရန် မဟုတ်ပါ။ ဓာတ်ပုံသည် မြို့ဟောင်းအရာဟောင်း များကို စူးစမ်းလေ့လာရန် အလွန်အထောက်အကူပြုနိုင်သည့် လက်နက်ကောင်းတစ်ခုဖြစ်ပေသည်။ ဓာတ်ပုံ၌ ထင်ရှားစွာ ပေါ်လွင်နေသည့်အရာဟောင်း ပုံသဏ္ဍာန်တစ်ခုခုကို သေချာစွာဖတ်ရှုလေ့လာ ပြီးလျှင် ဤအရာဟောင်းသည် မြို့ဟောင်းရာတစ်ခုဖြစ်နိုင်သည် ကောက်ချက်ချကာ မြေပြင်၌ကွင်း ဆင်းစစ်ဆေးကြည့်ရှုပါက အခါများစွာမှန်ကန်မှုရှိနေသည်ကို တွေ့ရှိရပေသည်။ ၄င်းအရာဟောင်း ကြီး၏ ပုံသဏ္ဍာန်အရွယ်အစားပမာဏာအစရှိသည်တို့ကို ဓာတ်ပုံထဲ၌ ကွက်ကွက်ကွင်းကွင်း တွေ့ရှိ ထားပြီးဖြစ်၍ မြေပြင်၌ ကွင်းဆင်းလေ့လာမှုပြုရာ၌လည်း အလွန်ခရီးရောက်ပေသည်။
ဤစာအုပ်သည် ကောင်းကင်ဓာတ်ပုံများဖြင့် အဓိကထား၍ ဖော်ထုတ်ရေးသားထားသည့် မြန်မာ့မြို့ဟောင်းများပင်ဖြစ်သည်။ ရှေးဟောင်းသုတေသန တူးဖော်လေ့လာမှု၊ တွေ့ရှိချက်များကို ရေးသားမှတ်တမ်းပြုစုထားသည့် စာအုပ်မဟုတ်ပါ။ သို့ရာတွင် ဓာတ်ပုံမှတွေ့ရှိသည့် ထိုမြို့ဟောင်း ရာများကို ကွင်းဆင်းလေ့လာမှုပြုသည့်အခါ တွေ့ရှိရသည့်အတွေ့အကြုံ အခြေအနေများအပြင် မြေပြင်ပေါ်၌ တွေ့ရှိသည့် (Surface Find) ရှေးဟောင်းပစ္စည်းတချို့ကိုပါ တစ်ပါတည်းမှတ်တမ်း တင်ရေးသားဖော်ထုတ်ထားသည်လည်း ရှိသည်။
တစ်ခါတစ်ရံ ရွာခံလူများ မိမိတို့နေရာ (မြို့ဟောင်းရာ) အတွင်းအိမ်ဆောက်ရန် အိမ်တိုင် တွင်းတူးခြင်း အိမ်သာတွင်း ရေတွင်းစသည်တို့ တူးဖော်ခြင်း ပြုလုပ်သည့်အခါ တွေ့ရှိသည့် ရှေးဟောင်းပစ္စည်းများရှိလျှင်မူကား ကွင်းဆင်းလေ့လာ မှုပြုသည့်အချိန်တွင် တစ်ပါတည်း လေ့လာ မှတ်တမ်းတင်မှုပြုခဲ့လေ့ရှိသည်။ အလားတူပင် ထယ်ထိုးခြင်း၊ ထွန်ယက်ခြင်းပြုလုပ်သည့်အခါ၌လည်း ကောင်း၊ ကမ်းပါးမြေပြိုမှုဖြစ်သည့်အခါတွင်လည်းကောင်း ကောက်ရတွေ့ရှိသည့် ပစ္စည်းများရှိလျှင် လည်းပိုင်ဆိုင်သူရွာသားများထံမှ ငှားရမ်းကြည့်ရှုပြီး စိတ်ဝင်စားဖွယ်ရာ ပစ္စည်းမျိုးဖြစ်ပါက လေ့လာ မှတ်တမ်းတင်မှုပြုခဲ့သည်။
တချို့သော မြို့ဟောင်းငယ်များမှာ ပြောပလောက်အောင် ထူးခြားတွေ့ရှိမှုမျိုးမရှိ။ တချို့မှာ အုတ်မြို့ရိုးဟောင်းများပင် မရှိ၊ မြေမြို့ရိုးဟောင်းများမျှသာ ဖြစ်၍ ၄င်း၏အရာဟောင်းပုံသဏ္ဍာန် အရွယ်အစားပမာဏကို မှတ်တမ်းတင်ရုံမျှ အခြေအနေကို စစ်ဆေးကြည့်ရုံလေ့လာရုံမျှ ပြုခဲ့ရပေ သည်။ မည်သို့ပင်ဆိုစေ ကောင်းကင်ဓာတ်ပုံများသည် မြေပြင်ပေါ်၌ အရာထင်၍ ကျန်ခဲ့သည့် ရှေးအရာဟောင်းကြီးများကို ဓာတ်ပုံထဲ၌ ကောင်းစွာထင်ဟပ်၍ ပေါ်လွင်မှုရှိနေသဖြင့် ရှေးဟောင်း သုတေသနလေ့လာရာတွင်အထူးအကျိုးပြု ထောက်ကူမှုပေးနိုင်ပေသည်။
ဓာတ်ပုံများတွင် ရှေးအရာဟောင်းများကို ဖတ်ရှုတွေ့ရှိသည့်အခါတွင် ဓာတ်ပုံ၏စကေးကို လိုက်၍လည်းကောင်း အဆောက်အအုံ၏ ကြီးမားထည်ဝါမှုကို လိုက်၍လည်းကော်ငး ဓာတ်ပုံထဲ၌ တွေ့ရှိဖတ်ရှုနိုင်ပေသည်။ အဆောက်အအုံအပျက်အစီးများကို ဓာတ်ပုံထဲ၌ တွေ့ရှိစေကာမူ၊ အဆောက်အအုံ တစ်ခုချင်းကို ကြည့်ပြီး ဤဟာသည် ရှေးဟောင်းအပျက်အစီးဖြစ်သည်။ သို့မဟုတ် ယခုခေတ် အဆောက်အအုံပျက်ဖြစ်သည်ဟု ခွဲခြားရန် မလွယ်ကူလှပေ။ သို့ရာတွင် ရှေးမြို့ပျက် မြို့ဟောင်းများ (၀ါ)ရှေးမြို့ရာဟောင်းများကိုမူကား ကောင်းကင်ဓာတ်ပုံများ၌ တွေ့ရှိနိုင်လေ့ရှိပေ သည်။
နှစ်ပေါင်းကြည်ရှည်စွာ ထင်ရှားကျန်ရစ်ခဲ့နိုင်သော အရာများမှာ လူသူအင်အား အများ အပြားဖြင့် ကန်၊ ဆည်၊ တူးဆွခြင်း၊ တာတမံဖို့ခြင်း၊ မြို့ရိုးတည်ဆောက်ခြင်း၊ ကျုံးတူးခြင်း၊ ခံတပ် ဆောက်လုပ်ခြင်း အစရှိသည်တို့ကြောင့် ဖြစ်ပေါ်နိုင်ပေသည်။ ထို့ကြောင့် မြေမျက်နှာပြင်ပေါ်၌ ထင်၍ကျန်ရစ်ခဲ့သည့် အရာဟောင်းများမှာလည်း တည်ဆောက်မှု၏ ပမာဏကို လိုက်၍ကောင်း ကင်ဓာတ်ပုံများထဲ၌ ရှာဖွေတွေ့ရှိနိုင်ပေသည်။

ဖတ်ရှုခြင်း ဦးအောင်မြင့် (၃)

28 August 2011 at 14:36
နှစ်ပေါင်းကြည်ရှည်စွာ ထင်ရှားကျန်ရစ်ခဲ့နိုင်သော အရာများမှာ လူသူအင်အား အများ အပြားဖြင့် ကန်၊ ဆည်၊ တူးဆွခြင်း၊ တာတမံဖို့ခြင်း၊ မြို့ရိုးတည်ဆောက်ခြင်း၊ ကျုံးတူးခြင်း၊ ခံတပ် ဆောက်လုပ်ခြင်း အစရှိသည်တို့ကြောင့် ဖြစ်ပေါ်နိုင်ပေသည်။ ထို့ကြောင့် မြေမျက်နှာပြင်ပေါ်၌ ထင်၍ကျန်ရစ်ခဲ့သည့် အရာဟောင်းများမှာလည်း တည်ဆောက်မှု၏ ပမာဏကို လိုက်၍ကောင်း ကင်ဓာတ်ပုံများထဲ၌ ရှာဖွေတွေ့ရှိနိုင်ပေသည်။

ဓာတ်ပုံ၏စကေး
ဓတ်ပုံ၏စကေးကြီင်္းမှု၊ သေးမှုကိုလိုက်၍ မြို့ဟောင်းရာများ ထင်ရှားပေါ်လွင်မှုကိုလည်း ဖြစ်စေသည်။ လွယ်ကူစွာ ဓာတ်ပုံဖတ်ရှုနိုင်သည့် အရာဟောင်းများကို ရှာဖွေတွေ့ရှိနိုင်မှုသည် ဓာတ်ပုံစကေး၏ ကြီးမှု၊ သေးမှု၊ အရာဟောင်းများ၏ ကြီးမှု၊ သေးမှုအပေါ်တွင် များစွာတည်သည်။
ဥပမာ ကြီးမားသော နန်းမြို့ရာတစ်ခု (၀ါ) ကျယ်ပြောသည့်ကျုံး၊ မြို့ရိုးဟောင်းရာများသည် ဓာတ်ပုံထဲ၌ ပိုမို၍ထင်ရှားသည်။ သေးငယ်သည့်နန်းရာ မြို့ရာများသည် ဓာတ်ပုံထဲ၌လည်း အလွန်သေးငယ်တတ်ပေသည်။ ဓာတ်ပုံ၏စကေး ကြီးလျှင်တော်သေးသည်။ စကေးသေးသည့် ဓာတ်ပုံများ၌ ထိုသို့သေးငယ်သသော အရာဟောင်းများကို ရှာဖွေနိုင်ရန် မလွယ်ကူလှပေ။
ကျွန်ုပ်တို့နိုင်ငံ၌ အလွယ်တကူရရှိနိုင်သော ဓာတ်ပုံစကေးမှာ အောက်ပါအတိုင်းဖြစ်သည်။
ရရှိနိုင်သည့်ဓာတ်ပုံစကေး    လက်မမိုင်စကေးညီမျှခြင်း
၁း၅၀၀၀၀    ၁.၂၆ လက်မတစ်မိုင်
၁း၂၄၀၀၀    ၂.၀၀ လက်မတစ်မိုင်
၁း၂၅၀၀၀    ၂.၅၃ လက်မတစ်မိုင်
၁း၂၀၀၀၀    ၃.၀၀ လက်မတစ်မိုင်
၁း၇၀၀၀ နှင့်
၆၀၀၀
၁း၇၀၀၀ နှင့် ၆၀၀၀စကေးတို့မှာ အရေးကြီးသောမြို့ကြီးများအတွက်သာ ရရှိနိုင်ပေ သည်။
၁း၅၀၀၀၀ စကေးသည်မြို့ဟောင်းရာများကို ရှာဖွေဖတ်ရှုရန်အတွက် သေးငယ်သဖြင့် မသင့်လျော်လှပေ။ ရရှိနိုင်သည့် စကေးများတွင် ၁း၂၅၀၀၀၊ ၁း၂၄၀၀၀နှင့် ၁း၂၀၀၀၀ စကေးများကိုပင် အဓိကထား၍အသုံးပြုရပေသည်။ ထိုထက်ကြီးသည့် စကေးများရှိသည်ဆိုစေကာမူ မိမိအလိုရှိသည့် နေရာများအတွက် ရနိုင်ကောင်းမှ ရနိုင်မည်ဖြစ်၍ ဖော်ပြပါစကေး ၂ခုကိုသာ အဓိကသုံးစွဲထားခြင်းဖြစ်ပေသည်။

ဖတ်ရှုခြင်း (၄) ဦးအောင်မြင့်

28 August 2011 at 14:37
(၃)

မြို့ဟောင်းများကိုရှာဖွေစူးစမ်းခြင်း
ရည်ရွယ်ချက်။
ရာဇ၀င်သမိုင်းတွင် ထင်ရှားသည့်အချို့သောမြို့များ၌ ယခုတိုင်ပင် ကျုံး၊ မြို့ရိုး၊ ပြအိုးများ ဖြင့် အရာဟောင်းများမြေပေါ်၌ ထင်ထင်ရှားရှားတွေ့မြင်နိုင်ကြပေသည်။ (ဥပမာ၊ မန္တလေး၊ ရွှေဘို၊ တောင်ငူ၊ ပဲခူး) တချို့မြို့များ၌ ပြအိုးများမရှိတော့။ သို့တစေ တစ်ပိုင်းတစ်စပျက်စီးနေသည့် မြို့ရိုး များ တစ်ပိုင်းတစ်စခမ်းခြောက်နေသည့် ကျုံးများစသည်တို့နှင့် မြေပြင်ပေါ်၌ ထင်ရှားစွာတွေ့မြင်နိုင် ပေသည်။ (ဥပမာရွှေဘို၊ ပဲခူးမြို့များ)။
အချို့သောမြို့ဟောင်းများမှာ မြေပေါ်၌အရာဟောင်းများရှိနေသော်လည်း သေချာစွာသတိ ထား၍ မကြည့်က မြို့ဟောင်းရာအဖြစ်နှင့် သတိမမူမိဘဲ၊ အမှတ်မထင်ပင်ကျော်သွားနိုင်ပေသည်။ ထိုသို့သောနေရာများ၌ ဘုရားဟောင်း၊ ဘုရားငုတ်တိုများ၊ ဘုရားပျက်များနှင့် မြို့ရိုးပျက်တချို့မှာ၊ အရာဟောင်းအဖြစ်နှင့် သက်သေညွှန်းလျက် ရှိတတ်သည်။ (ဥပမာ- သရေခေတ္တရာ၊ ဗိဿနိုး)။
တစ်ခါတစ်ရံမထင်ရှားသည့် မြို့ဟောင်းများအတွင်းသို့ မော်တော်ကားလမ်း၊ မီးရထားလမ်း ပေါ်မှအကြိမ်ကြိမ် ဖြတ်သွားမိစေကာမူ မြို့ဟောင်းဟု သတိပြုမိခဲတတ်ပေသည်။ (ဥပမာ- ဗောဓိသတ်၊ ရွှေညောင်နှင့် ညောင်ရွှေကားလမ်း)။
အမရပူမြို့ဟောင်းသည်ပင်လျှင် အရေအတွက်များပြားလှသည့် ဘုရားပုထိုးဟောင်းများ၊ ဂူပျက်၊ ဘုရားပျက်များမရှိပါက မီးရထားပေါ်မှ အမှတ်မထင်ပင်ကျော်ဖြတ်မိမည် ဖြစ်ပေသည်။
မြို့တစ်မြို့၏သဏ္ဍာန်(သို့မဟုတ်)မြို့ဟောင်းတစ်မြို့၏ ပုံသဏ္ဍာန်ကို ထိုမြို့တွင်းသို့ ဖြတ်သွားရုံမျှဖြင့် မသိရှိနိုင်ပေ။ မြို့ရိုးကိုရှာဖွေ၊ လှည့်ပတ်ခါ လျှောက်၍ဖြစ်စေ၊ မြေတိုင်းတာပြီး မြေပုံထုတ်လုပ်၍ဖြစ်စေ အပတ်တကုတ်ကြိုးစားအားထုတ်မှ ထိုမြို့ဟောင်း၏ ပုံသဏ္ဍာန်ကို ထုတ်ဖော်နိုင်ပေမည်။
အချို့သော မြို့ဟောင်းများမှာ မြေပြင်ပေါ်ရှိ မြို့ရိုးအရာမျှကိုပင် ရှာဖွေ၍ မတွေ့နိုင်တော့ ချေ။ မြို့ရိုးလိုလို၊ သာမန်မြေဖို့ထားသည့် ကုန်းရိုးတန်းလိုလို၊ ကျုံးလိုလို၊ သာမန်ရေခမ်းခြောက်နေ သည့် မြောင်းလိုလိုနှင့် လွယ်ကူစွာမသိနိုင်တော့သည့် မြို့ရာများလည်း ရှိပေသည်။ (ဥပမာ-၀တီး)။
ထိုအခါမျိုး၌ မြို့ရာဟောင်း၏ပုံသဏ္ဍာန်ကို ဖော်ထုတ်ရန် မလွယ်ကူတော့သည်ကို တွေ့ရပေ သည်။ ဤသို့သော ဒေသမျိုးကို၊ အပေါ်စီးမှ တွေ့မြင်ရိုက်ကူးထားသည့် ကောင်းကင်ဓာတ်ပုံများ၌ ရှာဖွေဖတ်ရှု၍ ပုံသဏ္ဍာန်ကို ထုတ်ဖော်ခြင်းသည် အကောင်းဆုံးဖြစ်ပေသည်။
အောက်ဖော်ပြပါရည်ရွယ်ချက်တို့ဖြင့် မြို့ဟောင်းရာများကို ကောင်းကင်ဓာတ်ပုံများမှ ရှာဖွေ စူးစမ်းဖတ်ရှုခြင်းဖြစ်ပေသည်။
(၁) ကောင်းကင်ဓာတ်ပုံများမှာ ရှာဖွေဖတ်ရှု၍ ဖော်ထုတ်ခြင်းသည် စရိတ်သက်သာခြင်း။ အပင်ပမ်းသက်သာခြင်းနှင့် လျင်မြန်စွာ မိမိလေ့လာကြည့်ရှုလိုသည့် ဒေသ၏ပုံသဏ္ဍာန် (၀ါ)မြို့ဟောင်းအရာ၏ ပုံသဏ္ဍာန်ကိုတွေ့ရှိနိုင်ရန်။
(၂) မြို့ရာဟောင်းတစ်ခုကို ရှေးဟောင်းသုတေသနပြုစုရန်အတွက်၊ တူးဖော်ခြင်းမပြုမီ၊ ထိုမြို့ဟောင်းရာအတွင်း အလေးပေး၍ ကြည့်ရှုသင့်သောနေရာများကို ကွင်းမဆင်းမီ ပင် ကောင်းကင်ဓာတ်ပုံများ၌ ရွေးချယ်ဖတ်ရှုနိုင်ရန်။
(၃) ရာဇ၀င်မှတ်တမ်းများအရ၊ ထင်ရှားသောနေရာများတွင် တတ်နိုင်သမျှအရာဟောင်းများ ကျန်ရစ်ခဲ့ခြင်းရှိ၊ မရှိ၊ စူးစမ်းမှုပြုနိုင်ရန်။
(၄) ကောင်းကင်ဓာတ်ပုံများမှ တွေ့ရှိဖတ်ရှုပြီးစီးသမျှ အရာဟောင်းများနှင့် ၄င်းတို့၏ ပုံသဏ္ဍာန်များကို မှတ်တမ်းတင်၍ ပုံများ ထုတ်လုပ်ရေးဆွဲထားရန်။ (အတိအကျမြေပုံ ထုတ်လုပ်ခြင်း မဟုတ်သေး၊ ဓာတ်ပုံများ၌ တွေ့ရှိချက်ပုံသဏ္ဍာန်ကို တိုက်ရိုက်ရေးဆွဲ ဖော်ပြထားခြင်းမျှ ပြုထားရန်။
(၅) မြို့ဟောင်းရာများတွေ့ရှိထားသည့် တည်နေရာဒေသများကို လွယ်လွင့်တကူရှာဖွေလာ နိုင်ရန် တစ်လက်မ တစ်မိုင်စကေးမြေပုံအညွှန်းဖြင့် ဖော်ပြထားရန်။
(၆) မြို့ဟောင်း၊ အရာဟောင်း သဏ္ဍာန်များနှင့်ပတ်သက်၍ ဓာတ်ပုံ၌တွေ့ရှိချက်များကို အတိုချုံးမှတ်တမ်းတင်ဖော်ပြရန်။
အစရှိသည့်ရည်ရွယ်ချက်များဖြင့် သုတေသနစာတမ်းတစ်စောင်ကို ပြုစုထားခဲ့ဖူးပေသည်။ သို့ရာတွင်စာတမ်း၌ မြန်မာနိုင်ငံ၌ရှိသမျှ မြို့ရာဟောင်းများ(သို့မဟုတ်) သမိုင်းဝင်အရာဟောင်းများ ပြည့်စုံစွာပါဝင်သည်ဟု မဆိုလိုပါ။ ကြည့်ရှုလေ့လာပြီးသမျှ တချို့ကို စုဆောင်းတင်ပြခြင်းမျှသာ ဖြစ်သည်။

မြေမျက်နှာပြင်ပေါ်၌ အရာဟောင်းများဖြစ်ပေါ်ခြင်း၏ အကြောင်းရင်း
မြေမျက်နှာပြင်ပေါ်၌ ထင်လျက်ရှိသည့်အရာမှန်သမျှမှာ
၁။ သဘာဝအလျောက် (က) ရေတိုက်စားခြင်း
(ခ ) မြေလွှာခေါက်တွန့်ခြင်း
(ဂ ) မြေလွှာကွဲအက်နိမ့်ကျခြင်း၊
စသည်တို့ကြောင့် ဖြစ်ပေါ်လာကြခြင်းဖြစ်ပေသည်။ ထို့ပြင်-

၂။ လူနှင့်သတ္တ၀ါများဖန်တီးမှု
စသည်တို့ကြောင့် ဖြစ်ပေါ်လာနိုင်ပေသည်။ အများဖြင့်လူလုပ်၍ ဖြစ်ပေါ်မှုမှာ အဓိကဖြစ်၏။ လူလုပ်၍ဖြစ်ပေါ်ခြင်းဆိုရာ၌-
(က) တူးခြင်း၊
(ခ ) ဖို့ခြင်း၊
(ဂ ) တည်ဆောက်ခြင်း၊
အစရှိသည့် အဓိကပြုလုပ်ဆောင်ရွက်ခြင်းတို့ကြောင့် မြေမျက်နှာပြင်ပေါ်တွင် အရာထင်ခြင်း ဖြစ်ရပေသည်။
တူးခြင်း၊ ဖို့ခြင်း တည်ဆောက်ခြင်းတို့သည် တစ်ခုနှင့်တစ်ခုဆက်သွယ်လျက်ရှိသည်။ ဥပမာ- မြို့တည်သည်ဆိုပါစို့၊ ထိုအခါမြို့ရိုးများ အခိုင်အခံ့တည်ဆောက်နိုင်ရန်အတွက် မြေဖို့ရပေမည်။ ထိုမြေကိုရရှိရန် တူးရပေမည်။ ထို့နောက်မြို့ရိုးကို ခိုင်မာစေရန် ထုထောင်းခြင်း၊ အုတ်စီခြင်းပြုကြ ပေမည်။ ထီးနန်းအိမ်ရာ၊ ကျောင်းကန်ဘုရား၊ အဆောက်အအုံများ တည်ဆောက်ခြင်း၊ လမ်းပန်းစ သည်တို့ကည်ဆောက်ကြရသည်။

ကျုံး၊ ကန်၊ ချိုင့်ဝှမ်းများ
ကြီးမားထည်ဝါသည့် တူးဆွခြင်းမှန်သမျှသည် ခေတ်တစ်ခေတ်ပျက်စီးသွားသည့်အခါ ထိုချိုင့်ဝှမ်းများ၊ ကျုံးများ၊ ကန်များ၊ ဆည်ကြီးများသည် တဖြည်းဖြည်းတိမ်ကောရချေသည်။ တဖြည်း ဖြည်း နုံးမြေ၊ သဲမြေများ၊ သဘာဝအလျောက် ကျဆင်းခြင်းကြောင့် တဖြည်းဖြည်း၊ ပြည့်၍၊ ပြည့်၍ လာရပေသည်။
ထိုချိုင့်ဝှမ်းတွင်း ရှိရင်းရေများ၊ တစ်စတစ်စခမ်းခြောက်ခြင်း၊ သဲနုံးများကျဆင်းခြင်းတို့ကြောင့် ချိုင့်ဝှမ်းများသည် မူရင်းမြေပြင်နှင့် တစ်ပြေးတည်း တစ်ညီတည်းဖြစ်သွားရပေသည်။ ထိုသို့တစ်ညီ တည်းဖြစ်သွားစေကာမူ ထိုမြေသား ၂နေရာ၏ သိပ်သည်းခြင်းမတူညီကြတော့ပေ။ မူရင်းမြေသား သည်ပို၍ ကျစ်လစ်ပြီး သဲနုံးဖို့သဖြင့် တဖြည်းဖြည်း၊ ပြည့်လာသည့် မြေသားကပို၍ပွလေသည်။ ဖော်ပြပါမြေ ၂မျိုး၌ သဘာဝအလျောက် ပေါက်ရောက်သည့်၊ ကိုင်း၊ မြက်၊ သစ်ပင်၊ ချုံပင်တို့ပင်လျှင် ကြီးထွားသန်စွမ်းနှုန်းမတူညီနိုင်တော့ပေ။ မြေ၏ကျစ်လျစ်သိပ်သည်းမှု ခြားနားနေပေလိမ့်မည်။

မြို့ရိုး၊ တာတမံများ
မြေများ ဖို့၍လည်းကောင်း၊ ကျောက်၊ အုတ်တို့ဖြင့် စီ၍လည်းကောင်း၊ အခိုင်အခံ့တည် ဆောက်ခဲ့သည့် မြို့ရိုး၊ တာတမံအစရှိသည့် ကုန်းမို့၊ ကုန်းတန်းများမှန်သမျှတွင် မြေကို ဖို့ထားရုံသာ မက သိပ်သည်းခိုင်မှာအောင်လည်း ပြုလုပ်ထားရပေသည်။ နှစ်ပေါင်းရှည်ကြာလာသောအခါ ထိုကုန်း တန်းများသည် ကုန်း၏ခိုင်ခံ့မှု၊ ထည်ဝါမှု ပမာဏအပေါ်မူတည်၍ မြေများ ကျစ်လျစ်မှု၊ သိပ်သည်းမှု ဖြစ်လာသည်။ သာမန်မြေသားနှင့်မတူနိုင်ပေ။ တစ်ဆက်တည်းတပြေးတည်းရှိနေသည့် သာမန်မြေ ထက်ပို၍ သိပ်သည်းကျစ်လျစ်နေတတ်ပေသည်။ မြေကြီးကျစ်လျစ်သိပ်သည်းမှုခြားနားသကဲ့သို့၊ ထိုမြေများပေါ်၌ပေါက်ရောက်နေသည့်၊ မြက်သစ်ပင်များပင်လျှင် ကြီးထားသန်စွမ်းမှုခြားနားလျက် ရှိတတ်ပေသည်။
အများအားဖြင့်ဖို့၍တည်ဆောက်ရသည့် မြို့ရိုး၊ ကုန်းတန်းများ မှန်သမျှ၊ တစ်နေရာမှ တူးပြီးတစ်နေရာ၌ ဖို့ကြရသည်ဖြစ်၍၊ အများအားဖြင့် ကျုံးနှင့်မြို့ရိုးများမှာ ယှဉ်တွဲလျက်ရှိတတ်ကြ ပေသည်။
သဘာဝအလျောက်မြက်၊ သစ်ပင်၊ ကိုင်းပင်ဖုံးလွှမ်းလျက်ရှိသော ကျုံးနှင့်မြို့ဟောင်းတစ်ခုတွင် အပင်များပေါက်ရောက်ကြီးထွားမှု မညီမျှပုံကိုလည်း ရုပ်ပုံကားချပ်များဖြင့်ဖော်ပြထားပါသည်။ မြို့ပျက်၊ မြို့ဟောင်းအရာများသည် လူတို့၏နှောက်ယှက်ဖျက်ဆီးခြင်း၊ တူးဆွဖြိုဖျက်ခြင်းမပြုဘဲ၊ မြေပြင်ပေါ်မှ သူ့သဘာဝအလျောက် တိမ်ကောပျောက်ပျက်သွားသည့်အခါတွင်လည်း သဘာဝအပင် များပေါက်ရောက်မှုခြားနားချက်ရှိသည်ကို တွေ့ရှိရပေမည်။ ထိုအပင်ပေါက်ရောက်မှုခြားနားခြင်း ကြောင့်ပင်လျှင် မြေပြင်ပေါ်၌ မြို့ဟောင်းအရာ၏ ပုံသဏ္ဍာန်မှာလည်းတခြားနေရာများနှင့် မတူဘဲ၊ အနည်းငယ်ကွဲပြား ခြားနားလျက်ရှိတတ်ပေသည်။ ထို့ကြောင့် ရှေးမြို့ဟောင်းရာ၏ ပုံသဏ္ဍာန်ကို တွေ့မြင်နိုင်ပေသည်။

လူဖျက်ဆီးခြင်း
မြို့ပျက်၊ မြို့ဟောင်းများ၊ ကျုံး၊ မြို့ရိုးများကို လူဖျက်ဆီးသည်ဆိုအံ့ သို့မဟုတ် လူများသည် ဤမြို့ဟောင်းများပေါ်၌ ထွန်ယက်စိုက်ပျိုးလုပ်ကြရင်းနှင့်ပင်၊ မြို့ဟောင်းသည်တစ်စ၊ တစ်စ အစအန ပျောက်ကွယ်သွားသည်ဆိုအံ့၊ ထိုသို့ပျက်စီးပျောက်ကွယ်သွားသည့် မြို့ရိုးများ၏အရာဟောင်းများ သည် အခါများစွာကောင်းကင်ဓာတ်ပုံများ၌ အရာဟောင်း၏ပုံရိပ်သဏ္ဍာန်ထင်၍ ကျန်ရစ်ခဲ့နိုင်ပေ သည်။
လူများသည် အကြောင်းမဲ့မြို့ရိုးဟောင်းများကို ဖြိုဖျက်ခြင်း၊ ကျုံးကိုဖို့ပစ်ခြင်း၊ မပြုလုပ်တတ် ကြချေ။ အများအားဖြင့် ထိုဒေသများ၌ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်ကြရင်းနှင့်ပင်၊ အပျက်အဆီးများ လည်း တစ်စ၊တစ်စ ပပျောက်သွားရခြင်းမျှသာ ဖြစ်သည်။ လူတို့သည် လွယ်ရာကိုလိုက်၍ အလုပ် လုပ်တတ်သည့်အကျင့်ရှိရကား၊ မြို့ရိုးကုန်းတန်းခံနေလျှင်၊ ၄င်းကိုကွင်းရှောင်၍ (သို့မဟုတ်)ထိုနေရာ မျိုးကို ချန်လှပ်၍ထွန်ယက်စိုက်ပျိုးတတ်ကြပေသည်။ ဤကဲ့သို့မြို့ရိုးတန်းများကို ချန်လှပ်စိုက်ပျိုးရင်း နှင့်ပင် စိုက်ပျိုးလုပ်ကိုင်သည့် လယ်ယာများ၏တည်ဖွဲ့နေပုံသဏ္ဌာန်မှာ မြို့ဟောင်းရာ၏ ပုံသဏ္ဌာန် ကိုလိုက်၍ ဖြစ်ပေါ်လာတတ်ပေသည်။ (ဥပမာ-၀တီး)။ အဓိကအားဖြင့် နေရာပြောင်းရွှေ့၍ စိုက်ပျိုး တတ်သည့်ယာများမဟုတ်ဘဲ၊ အမြဲတမ်းစိုက်ပျိုးလုပ်ကိုင်သည့် လယ်ကွက်များဖြစ်လျှင်သာလျှင် ထင်ရှားပေါ်လွင်နိုင်ပေသည်။
သာမန်အားဖြင့် မြက်၊ သစ်ပင်၊ ချုံနွယ်များပေါက်ရောက်မှုသည် ကုန်းမြင့်၌ သန်စွမ်းမှုညံ့ပြီး ချိုင့်ဝှမ်း၌သန်စွမ်းမှုပိုကောင်းသည်ဟု ဖော်ပြခဲ့ပြီးဖြစ်သည်။ မြေပြန့်ချိုင့်ဝှမ်းများသည် များသော အားဖြင့်ထွန်ယက်စိုက်ပျိုးလုပ်ကိုင်သည့်နေရာ ချည်းသာ ဖြစ်လေ့ရှိသဖြင့်၊ ထိုမြက်၊ သစ်ပင်၊ ချုံနွယ် များမှာအမြဲတစေ၊ ရှင်းလင်းထွန်ယက်ခံရခြင်းကြောင့် ပျောက်ကွယ်သွားမြဲဖြစ်သည်။ ထွန်ယက်စိုက် ပျိုးခြင်းမပြုဘဲ ချန်ခဲ့သည့်ကုန်းရိုးတန်း(၀ါ)မြို့ရိုးဟောင်းများ၌မူကား သစ်ပင်ချုံနွယ်တို့မှာ ပေါက် လျက်ပင်ကျန်နေတတ်သည်။ ထို့ကြောင့် လယ်ယာများဖြင့် ဖုံးလွှမ်းပျောက်ကွယ်နေသည့် မြို့ရိုးတစ် ချို့ပေါ်၌ သစ်ပင်ချုံနွယ်များဖုံးအုပ်၍လည်း တွေ့ရှိနိုင်ပေသည်။ (ဥပမာ-မိုင်းမော)။

အဆောက်အအုံပျက်များ
အဆောက်အအုံပျက်များနှင့် မြို့ရိုးအပျက်များဆိုရာ၌ ကျောက်၊ အုတ် စသည်တို့ဖြင့် ပြုလုပ် ခဲ့သည့် အဆောက်အအုံ ဘုရားပုထိုးနှင့်မြို့ရိုးများ၊ ခံတပ်များကို ဆိုလိုပါသည်။ ဤကဲ့သို့ကျောက်၊ အုတ်တို့ဖြင့်တည်ခဲ့သည့် အပျက်အစီးများသည် ခေတ်တစ်ခေတ်တိမ်ကောပျက်စီးသွားသဖြင့် ဆိတ်သုဉ်းသွားစေကာမူ၊ တော်တော်နှင့် မပျောက်ကွယ်သေးဘဲ၊ ကျန်ရှိနေတတ်သည်။ (ဥပမာ-ပုဂံ)။
တစ်ခါတစ်ရံ ထိုသို့သော အုတ်အဆောက်အအုံပျက်များ၊ ဘုရားပုထိုးပျက်များပင်လျှင်၊ တစ်စ၊ တစ်စပျောက်ကွယ်ခါ မြေမျက်နှာပြင်အောက်သို့ ဖုံးလွှမ်း၍ရောက်သွားတတ်ပေသည်။ သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် နစ်မြုပ်ပျောက်ကွယ်သွားတတ်ပေသည်။ ဥပမာ-ရေကြီးခြင်း ရေလွှမ်းခြင်းကြောင့် ရေအောက်၌ နစ်မြုပ်သွားခြင်း၊ နုံးပို့၍ နစ်မြုပ်သွားခြင်းစသဖြင့် နစ်မြုပ်ပျောက် ကွယ်သွားတတ်သည်လည်း ရှိကြသည်။
ဤသို့နစ်မြုပ်ပျောက်ကွယ်သွားစေကာမူ၊ တစ်ခါတစ်ရံထိုမြို့ဟောင်းများသည် ကောင်းကင် ဓာတ်ပုံများ၌ အရာပုံသဏ္ဌာန်ထင်၍ကျန်ရစ်ခဲ့တတ်ပေသည်။
သဘာဝအလျောက်နစ်မြုပ်ပျောက်ကွယ်သွားသည့် မြို့များမှာ (ရေအောက်တွင် နစ်မြုပ်ခြင်း မှတစ်ပါး) နက်ရှိုင်းစွာဖုံးအုပ်နစ်မြုပ်ခြင်းမရှိလှချေ။ အများအားဖြင့် မြေမျက်နှာပြင်အောက်၌ ခပ်တိမ် တိမ်နေရာတွင်ပင် ထိုအုတ်၊ ကျောက်မြို့ရိုးများ၊ အဆောက်အအုံပျက်များ၊ ဘုရားပုထိုးပျက်များ ရှိတတ်ပေသည်။ ဤသို့ရှိနေသည့် ဒေသများအပေါ်၌ သဘာဝအလျောက် ပေါက်ရောက်သည့်မြက်၊ သစ်ပင်၊ ချုံပင်များမှဖြစ်ထွန်းမှုမတူနိုင်ပေ။ (ဥပမာ- အုတ်အဆောက်အအုံ အပျက်အစီး၊ သရေခေတ္တရာ ပျုတိုက်အချို့)။

ဖတ်ရှုခြင်း (၅) ဦးအောင်မြင့်

28 August 2011 at 14:39
(၄)

မြို့ရာဟောင်းများပေါ်တွင် တည်ရှိထွန်းကားနေသည့် မြို့သစ်များ
ပျက်စီး၊ ဆိတ်သုဉ်းသွားသော မြို့ဟောင်းပေါ်တွင် ဆက်လက်၍ တည်တံ့ထွန်းကားလျက်ရှိ သည့် မြို့သစ်ကြီးများ များစွာရှိ၏။ ဥပမာ-သထုံ၊ ပဲခူး၊ တောင်ငူ၊ စစ်ကိုင်း၊ ရွှေဘိုစသည့် တို့တည်း။ ဤသို့ဆက်လက်တည်တံ့နေသည့်မြို့သစ်များနှင့် ယခင်ဆိတ်သုဉ်းခဲ့ပြီးသည့် မြို့ဟောင်းများနှင့် ပတ်သက်ခြင်းမရှိကြချေ။ အကယ်၍မြို့ဟောင်းသည် ၄င်းခေတ်ဆိတ်သုဉ်းခဲ့သော်လည်း မြို့နေလူ များ၊ တစ်ခြားတစ်ပါးသို့ပြောင်းရွှေ့သွားခြင်းမရှိဘဲ ဤနေရာဒေသ၌ပင် နေထိုင်ကြခြင်းကြောင့် နှစ်ပရိစ္ဆေကြာညောင်းလာသည်နှင့်အမျှ အစဉ်အဆက်အပြောင်းအလဲများစွာ ဖြစ်ပေါ်လာခဲ့တတ်ပေ သည်။
တချို့သော မြို့သစ်များတွင် မြို့ဟောင်းခေတ်မှ ရပ်ကွက်အမည်များပင်လျှင် မြို့သစ်ရပ်ကွက် တချို့၌ခေါ်ဝေါ်အသုံးပြုနေကြဆဲဖြစ်သည်ကို တွေ့ရှိရပေသည်။ တချို့မှာ မြို့သစ်သည် မြို့ဟောင်း နှင့်တစ်ထပ်တည်းမဟုတ်ဘဲ၊ နေရာရွေ့၍ တည်ကြသည့်တိုင်အောင်မြို့ဟောင်းခေတ်ရပ်ကွက်အမည် များကိုမြို့သစ်၌မှည့်ခေါ် အသုံးပြုဆဲရှိကြသည်ကို တွေ့ရပေသည်။ (ဥပမာ-ထားဝယ်သာဂရနှင့် ထားဝယ်မြို့သူသစ်)။
မြို့ဟောင်းပေါ်၌ တစ်ထပ်တည်း မြို့သစ်တည်တံ့ထွန်းကားနေသည့် မြို့ကြီးတချို့မှာ အများအားဖြင့်များစွာ ပြောင်းလဲနေကြပြီဖြစ်ရာ၊ ကျုံး၊ မြို့ရိုး၊ မြို့ရာများလည်း များစွာပျက်စီးကွယ် ပျောက်ခဲ့ပြီး တချို့သော မြို့ရိုးများသည် လမ်းမကြီးဖြစ်နေပေပြီ။ ကန်များလည်း ဖို့၍မြို့နေရာတိုး ချဲ့ခြင်း လယ်ယာမြေတိုးချဲ့ခြင်းများပြုလုပ်ကုန်ပြီတည်း။
အဓိကအားဖြင့် ပုသိမ်၊ မော်လမြိုင်၊ ထားဝယ်၊ စစ်ကိုင်းစသည့် မြို့ဟောင်းနေရာများမှာ မြို့ဟောင်းရာများပင် ရှာဖွေရန် ခဲယဉ်းလျက်ရှိပြီ။ စစ်ကိုင်းမှာ မြို့ရာအဖြစ်နှင့် ရိုးတိုးရိပ်တိတ်မျှ တွေ့နိုင်တော့စေကာမူ တိတိပပဖော်ထုတ်ရန် မလွယ်ကူတော့ပေ။ ထားဝယ်မြို့သည်လည်း တစ်စွန်း တစ်စ ဟိုနားသည်နားတွေ့ရသေးစေကာမူ၊ မြို့ကွက်မြို့ရာအဖြင့်နှင့် ထုတ်ဖော်ရန် မလွယ်ကူတော့ သည်ကို တွေ့ရပေသည်။
ရန်ကုန်နှင့်မန္တလေးတို့လည်း ထို့အတူတည်း။ မန္တလေးမှာ နန်းမြို့ရိုးအတွင်းအဆောက်အအုံ အသစ်များတိုးတက်လာသည်မှတစ်ပါး ကျုံး၊ မြို့ရိုးစသည်တို့မှာ အမြဲပြန်လည်ထိန်းသိမ်းပြုပြင်ထား သဖြင့်သာတော်တော့သည်။ မြနန်းစံကျော်ရွှေနန်းတော်ကြီးကိုလည်း ရှေးမူမပျက်၊ ပြန်လည်တည် ဆောက်ထားလေပြီ။

မြို့ဟောင်းရာများရှာဖွေခြင်း
မြို့ဟောင်းရာများကို ရှာဖွေရာ၌ ခေတ်တစ်ခေတ်ဆိတ်သုဉ်းသွားပြီး လုံးဝစွန့်ပစ်တိမ်ကော သွားသည့် အပျက်အစီးများ မြို့ဟောင်းရာများသည် ပို၍ရှာဖွေလွယ်ကူသည်။ ပတ်ဝန်းကျင်၌လူနေ အိမ်ခြေမရှိ၊ ထူထပ်နက်ရှိုင်းသည့် တောကြီးများဖုံးလွှမ်းမှုလည်း မရှိဘဲဖြစ်နေသည့် ဒေသများ၌ ပို၍လွယ်ကူစွာရှာဖွေတွေ့ရှိနိုင်သည်။
လယ်ယာကိုင်းကျွန်းများဖြင့်အတိ ဖုံးလျက်ရှိစေကာမူသဏ္ဌာန်များမှာ တစ်ခါတစ်ရံအရာထင် ၍ကျန်ရစ်တတ်ပေသည်။ အရာဟောင်းတစ်စိတ်တစ်ဒေသသော်မှ ဖြစ်စေကျန်ခဲ့တတ်ပေသည်။
မြို့ဟောင်းရာများပေါ်၌ ထပ်၍တည်ဆောက်ထားသည့် ယခုခေတ်မြို့သစ်များရှိနေပါက ထိုမြို့ဟောင်းရာများမှာ မြို့သစ်၏အရာများ သဏ္ဌာန်နှင့်အရောရော၊ အနှောနှောဖြစ်နေပြီး ရှာဖွေရန် ခဲယဉ်းတတ်သည်။ စစ်ကိုင်း၊ ထားဝယ်စသည့်မြို့များမှာ မြို့ဟောင်းရာများကို မြို့သစ်ထဲ၌ လွယ်ကူစွာ ရှာဖွေ၍မတွေ့နိုင်တော့ကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ မြို့သစ်တည်ထားစေကာမူ ကျုံးနှင့်မြို့ရိုးကြီး များဓိကက ခိုင်မာစွာတည်ဆောက်ဖွဲ့စည်းထားသည့်ရွှေဘို၊ တောင်ငူ၊ ပဲခူးစသည်တို့တွင်ကား၊ မြို့ဟောင်းရာများပေါ်လွင်ထင်ရှားဆဲပင်ဖြစ်၏။ ဤသည်မှာလည်း တည်ဆောက်မှုကြီးမားထည်ဝါ သောကြောင့် ဖြစ်ချေသည်။

ဓာတ်ပုံထဲ၌ မြို့ဟောင်းရာများနှင့် လွဲမှားနိုင်သည့်အရာများ
ဓာတ်ပုံဖတ်ရှုရာ၌ မြို့ဟောင်းရာများမဟုတ်ဘဲ၊ မြို့ဟောင်းရာလိုလို၊ သို့မဟုတ် အရာတစ်ခုခု လိုလို၊ ထင်ယောင်ထင်မှားဖြစ်စေနိုင်သော ပုံသဏ္ဌာန်များကိုလည်း တွေ့ရတတ်ပေသည်။ အများအား ဖြင့်မြစ်ဝကျွန်းပေါ်ဒေသပိုင်းများ သို့မဟုတ် ရေလွှမ်းလွင်ပြင်(Flood Plains) များပေါ်တွင် ဖြစ်ပေါ် လေ့ရှိသည်။ ထိုဒေသများ၌ပင် တိမ်ကောသွားပြီဖြစ်သည့် မြစ်ကျိုးအင်းများ (Ox bow lakes) မြစ်ကြောင်း အရာများ(Meander Scrolls) တို့ကြောင့် တစ်ခါတစ်ရံ မြို့ဟောင်းရာလိုလို သဏ္ဌာန်များ ဖြစ်ပေါ်တတ်ပေသည်။
မြို့များသည် အများအားဖြင့် လူများတည်ဆောက်ထားသည့်အရာများဖြစ်သည်။ ၄င်းမြို့ ဟောင်းအရာများသည် သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ပုံသဏ္ဌာန်များနှင့်မတူနိုင်ပေ။ လူတည် ဆောက်သည့်ပုံသဏ္ဌာန်များဖွဲ့စည်းပုံမှာ စက်ဝိုင်း၊ လေးထောင့်၊ သို့မဟုတ်တခြားတစ်ခုခု၊ တိကျ သောသဏ္ဌာန်ကို ဖြစ်ပေါ်စေသည်။ သဘာဝအလျောက်ဖြစ်ပေါ်သည့် သဏ္ဌာန်မှာ ထိုကဲ့သို့ စနစ် တကျသဏ္ဌာန်တစ်ခုကိုဖြစ်ပေါ်လေ့ မရှိတတ်ချေ။

ထားဝယ် (သာဂရ) ဦးဂမ်းအောင်လက်ရာ

ထားဝယ် (သာဂရ) ဦးဂမ်းအောင်လက်ရာ


Thursday, November 10, 2016

ကျနော့်ဘ၀ဇာတ်ကြောင်း

ကျနော့်ဘ၀ဇာတ်ကြောင်း (၁)

25 December 2012 at 10:28
ကျနော့်ဘ၀ဇာတ်ကြောင်း (၁)
အစကတော့ မရေးဘူးလို့ ဆုံးဖြတ်ထားတာ၊ ဒါပေမဲ့ ကြံကို အရင်းကစစုတ်တဲ့ မွန်အမတ်လိုပဲ ကိုယ်ဘယ်နေ့ ဘာဖြစ်မယ်ဆိုတာ မသိနိုင်လို့ အတိုတော့ ရေးလိုက်အုံးမယ်လို့ 

တချို့ စကားလုံးတွေဟာ ဘယ်သူပိုင်တယ်ဆိုတာ မြန်မာလူမျိုးမှန်ရင် ချက်ခြင်း သိကြပါ၏၊ အဲဒီစကားလုံးတွေကို မော်တော်ကားတို့ ၊ရေဒီယိုတို့ လိုပဲ အများသုံးစကားဖြစ်တယ်လို့ ပဲ ထင်လိုက်မိပါတယ်၊ ကျနော်တို့ ရင်ထဲမှာလဲ အော်တိုမက်တစ် စွဲနေတဲ့စကားတွေပါ တသက်တာမှတ်တမ်းဆိုရင် ရွှေဥဒေါင်း၊ ကျနော့်ဘ၀ဇာတ်ကြောင်းဆိုရင် သော်တာဆွေပေါ့ဗျာ၊ ကျနော်လဲ နာမည်အသစ် ရှာဖို့ ထက် မော်တော်ကားနဲ့ ရေဒီယိုလိုပဲ ခေါင်းထဲ ဒီနာမည်ပဲ ၀င်လာတာဖြစ်ပါတယ်၊ သတိပေးတဲ့ ဆရာကို ကျေးဇူးတင်လျက်၊ နောက် ဆရာကြီး၂ ပါးကလဲ ခွင့်လွှတ်မယ်လို့ ယူဆရင်း ဒီခေါင်းစဉ်ကို ပဲ ဆက်လက် သုံးစွဲခွင့် ပြုကြပါခင်ဗျာ

၁၉၅၃ခုနှစ် ဒီဇင်ဘာလ ၂၅ရက်နေ့ မှာ ဂျင်မခါနာမှာ မွေးပါတယ်၊ အခု အလုံသစ်တောလမ်းထိပ်က ဗဟိုအမျိုးသမီးဆေးရုံကြီးပေါ့၊ ကျနော်တို့ ခေတ်နောက်ပိုင်း တော်တော်ကြာအထိ ဂျင်မခါနာလို့ သိကြပါတယ်

ကျနော်က ဒုတိယသားပါ၊ ဒါပေမဲ့ အမက ငယ်ငယ်ကထဲက ဆုံးတယ်၊ ဒီတော့ သားကြီးပဲ၊ အဖေက ဦးသောင်းရွှေ၊(ရှေ့ သို့  Forward အယ်ဒီတာချူပ် ငြိမ်း) အမေက ဒေါ်လှမြိုင်၊ (ပညာရိပ်မြိုင် အဝေးသင် စာပေးစာယူသင်တန်း၊ (ကွာ်လွန်) ကျနော့်အဖေက သူ့ အကြောင်းကို သပ်သပ်ရေးရလောက်အောင်ကို များမှာပါ၊ ဒါပေမဲ့တိုတိုပြောရရင်၊ အဖေက ရေနံချောင်းသား၊ စလင်းမျိုး၊ စစ်ကြီးဖြစ်တော့မှ ဆယ်တန်းရောက်နေပြီ၊ စလင်းကို ပြန်အခြေချကြတယ်၊ နောက် အဖေက အမေရှိတဲ့ ဆင်ဖြူကျွန်းကိုလာပြီး ဓါတ်ပုံဆရာလုပ်တယ်၊ ပန်းချီဆွဲတယ်။ တယောထိုးတတ်တော့ ကာလသားခေါင်းဆောင်လို ဖြစ်တယ်၊ အခုနာမည်ကြီး ဂီတစာဆို ဦးမောင်မောင်လတ်( ကဗျာဆရာ နောင်)တို့ က အဖေ့ ညီတွေလို့ ပြောရမယ်၊ နောင်ဆိုတဲ့ ကလောင်နာမည်က အဖေ့ ကလောင်၊ ကြိုက်လွန်းလို့  အတင်းတောင်းသွားတာလို့ အမေက ပြောဘူးတယ်

အမေက ကိုးတန်းကျောင်းသူ၊ သူပုန်ခေတ်မှာ ဆင်ဖြူကျွန်းတခုပဲ အထက်တန်းကျောင်းကို ဖွင့်ထားတယ်၊ စာမေးပွဲဝင်ရင်တော့ ရေနံချောင်းကို သူပုန်နယ်မြေကို ဖြတ်ပြီး သွားဖြေကျတယ်၊

နောက်ပိုင်းမှ ပေါ်လာတာကတော့ သူတို့ ၂ယောက် ရေနံချောင်းကို ခိုးရာလိုက်ပြေးကြတယ်ဆိုပဲ၊ ဒါလဲ လင်မယားတွေ ကွဲပြီး မိထ္ထီလာမှ ညီမအကြီးနဲ့ အတူနေရင်း မြေးကို ကလေးထိန်းနေရင်းက ဒီအချိန် မောင်နဲ့ ရေနံချောင်းကို ခိုးရာလိုက်ခဲ့တဲ့ အချိန်ပဲလို့ ပြောပြီး ငိုတယ်ဆိုလို့ သာသိလိုက်တာ။

အဖေက ဆယ်တန်းကို ကျောင်းမတက်တော့ပဲ အပြင်ကနေ ဖြေတယ်၊ အောင်တယ်၊ သူလေးစားရတယ် ဆရာကြိုင် (၀န်ကြီးရုံးကို လက်နှိပ်စက်စာရေးနဲ့ ဝင်ပြီး ညွှန်ကြားရေးမှုးနဲ့ ပင်စင်ယူတဲ့ ဆရာ။)က ခေါ်လို့ အမေ့ကိုထားခဲ့ပြီး ရန်ကုန်ကို တက်လာတယ်၊ လူထုပညာရေးမှုးအနေနဲ့ တွံတေး ကွမ်းခြံကုန်းတို့ မှာလုပ်တယ်၊ တွံတေးသိန်းတန်း အဲဒီတုံးက ခြောက်တန်းလောက်ပဲ ရှိသေးတယ် တွံတေးရဲ့ ငယ်ဘ၀ အားလုံးကို သိပါ့၊ ဟိုတယ်တွေမှာ အရက်ဝိုင်းတွေ တွံတေး မူးပြီး သောင်းကျန်းတာကို ကြုံလို့ ဆုံးမရဘူးမှန်း အခု အသက်ကြီးမှ ပြောတယ်။

လူထုပညာရေးမှုးဘ၀မှာ အမကိုမွေးတယ် ရွှေစင်ဦးလို့ နာမည်ပေးဆိုပဲ၊ အမေကလဲ စာကူသင်ပေးတယ်၊ ကော့မှုးကွမ်းခြံကုန်းမှာ အဖေတို့ အမေတို့ တပည့်တွေများတယ်။ ညဘက်ဆိုရင် ပြည်သူ့ စစ်တွေ လက်နက်အပြည့်နဲ့ လာပြီး စာသင်ကြတာတွေ။ နောက် အမေ မီးတွင်းမှာ တိုက်ပွဲတွေ ရှိတော့ မလန့် အောင် အရက်တိုက်ထားကြတာတွေပြောတယ်၊ ကျနော် ကိုးတန်းနှစ် ၁၉၆၇-၈ လောက်မှာ ရန်ကုန်မှာ ဆန်အရေးအခင်းဖြစ်တော့ ဆန်အိပ်ထမ်းလာရင် လူသတ်လုတဲ့ အချိန်မှာကို အမေ့တပည့်တယောက် ကော့မှုးကနေ ဆန်အိတ်ထမ်းပြီး ကျနော်တို့ သမိုင်းကို လာပို့ တာ သတိရနေတယ်၊ အဲဒီလောက် ချစ်ကြ ရိုသေကြတယ်။

နောက် အလုပ်ထဲကနေ လူသတ်မိမယ်ဆိုပြီး ထွက်တယ်ပြောတာပဲ၊ ဒါပေမဲ့လဲ အိမ်စောင့်အစိုးရ စွမ်းဆောင်မှုများ စာအုပ်ကိုတော့ အလကားသွားလုပ်ပေးတယ်ပြောတယ်။
အဖေက မြန်မာစာရော အင်္ဂလိပ်စာရောတော်ပါတယ်၊ ကျနော့်အဖေမို့ ပြောတာမဟုတ် ကျနော်သိသလောက်မှာ အကောင်းဆုံး ဘာသာပြန်ဆရာပဲ၊ မြန်မာကနေ အင်္ဂလိပ်၊ အင်္ဂလိပ်ကနေ မြန်မာ။ မြန်မာကဗျာတွေ သီချင်းတွေကို အင်္ဂလိပ်လိုပြန်တာမှာ နာမည်ကြီးတဲ့ ဆရာဝင်းဖေတို့ ထက်ကို ကောင်းတယ်၊

ကျနော့်ကိုမွေးတော့ ပြောသလိုပဲ ပြန်ကြားရေးမှာ ဘာသာပြန်ဆရာအနေနဲ့ ပြန်ဝင်ပြီထင်တယ်။ နောက် လှည်းတန်းမှာ နေကြတယ်၊ ကုန်းတံတားကြီးရဲ့ မြစ်ဖက်အခြမ်းမှာ
ကျနော့်ညီ မွေးပြီးချိန်မှာ အိမ်မီးလောင်တယ်၊ မုန့် လက်ဆောင်းကုန်းမီး။ အိမ်ကို ပစ်ထားပြီးကို အမေက ကျနော့်ကို လက်တွဲလို့ ညီကို ချီပြီး ပြေးကြရတယ် အခု အလုံက ကရင်ခြံ အဘိုးကြီး အဘွားကြီးတဲမှာ မီးခိုနေရတယ်။ အဖေက ရံုးက ပြန်လာမှ သတင်းနားထောင်ပြီးလိုက်လာတယ်၊ အဲဒီခေတ်က အဲဒီလို မီးဘေးဒုက္ခသည် လက်ခံထားတာပဲ၊ လူတွေရဲ့ မေတ္တာစိတ်တွေ။

ကျနော် လှည်းတန်းကို မှတ်မိတာ ကျောင်းတက်တာပဲ။ မူကြိုတွေမရှိ၊ ၃နှစ်လောက်ကထဲက ဘေးက အမတွေနဲ့ ကျောင်းလိုက်တယ်၊ မိုးရွာထဲ တောစီးဘိနပ်ကလေးထဲက ရေတွေ ပြန်သွန်ချတာပဲ မှတ်မိတယ်။

နောက် သမိုင်းးအောင်ချမ်းသာလမ်း အမှတ်ဆ ၂၇မှာ ပြောင်းနေတယ်
တောပဲ

အောင်ချမ်းသာလမ်းဟာ သမိုင်းဘူတာရုံလမ်းကနေ ချိုးဝင်သွားတဲ့ လမ်းသွယ်လေးပဲ
သမိုင်းဘူတာရုံလမ်းကိုက သမိုင်းလမ်းဆုံကနေ ချိုးလိုက်တာနဲ့ သိသာတယ်၊ အောက်က တဂျိုင်းဂျိုင်းခုန်အောင် ဆိုးတဲ့လမ်းရယ် နောက် ကားလမ်းက တာကြီးလိုဖြစ်ပြီး လမ်းနဲ့ အိမ်ခြံတွေဟာ အိမ်ကွက်တကွက်စာလောက်ကို ဝေးနေလေရဲ့ ၊ တာလမ်းဘေးမှာ ကုက္ကိုပင်ကြီးတွေ တဖက်တချက်နဲ့ အုံ့ ဆိုင်းလို့ နေပျောက်မထိုးပါဘူး၊ လမ်းမီးတိုင်လေးတွေ အဲဒီက ပြောင်းခဲ့တဲ့အထိ မီးမပြတ်ဘူး။

ကျနော် တရားဝင်စနေတဲ့ ကျောင်းက အခု အမှတ်(၂) အမက၊ အခု ကျောင်းကြီးက ဟီးလို့ ပါ၊ ကျနော်တို့ တုံးကတော့ ကုလားတဲကြီးတွေလိုပဲ၊ သမိုင်းမြို့ မ ဆရာတော်နဲ့ ဆရာကြီး ဦးကျော်တို့ အခက်အခဲအမျိုးမျိုးကြားထဲကနေ ထူထောင်ခဲ့တဲ့ကျောင်း။ စတက်တော့ သူငယ်တန်းလေး၊ သူငယ်တန်းကြီးကို ရှိတယ်။ ၂နှစ်တက်လိုက်ရသေးတယ်။

ကျနော့်ကို အမေ ဘယ်လောက် ကထဲက ကျောင်းထားလိုက်သလဲမသိဘူး၊ အဲဒါတောင်မှ တက္ကသိုလ်အထိ ကျနော် အမြဲ အသက်အငယ်ဆုံးဖြစ်ခဲ့တယ်။ ဆယ်တန်းမှာကို ၂နှစ် အသက်မပြည့်လို့ ထိုင်လိုက်ရတယ်။

စာကတော့ ငယ်ငယ်ကထဲက တတ်နေပုံပဲ။ အခုမှတ်မိနေတဲ့အတိုင်းဆိုရင် လေးတန်းမှာ ကျနော် မြန်မာပြည်သား (ရန်ကုန်ဘဆွေ)ကို ကောင်းကောင်းဖတ်နေနိုင်ပြီ။ ငါးတန်းကစပြီး အခု အထက(၁) မရမ်းကုန်း၊ ကျနော်ရောက်စက သမိုင်းမြို့ မအထက်တန်းကျောင်းမှာ တက်ရပါတယ်။

အခု အထက(၁) မရမ်းကုန်းဟာ နာမည်ကြီးကျောင်း တကျောင်းဖြစ်နေရဲ့ ၊ ကျနော်တို့ တုံးကတာ့ တောကျောင်းပဲ၊ ဘဲခြံကျောင်းလို့ ခေါ်ကျတယ်၊ ကျောင်းဘေးမှာ ဘဲခြံရှိတယ်၊ ဘောလုံးကွင်းကောင်းကောင်း (မိုးတွင်းတော့ ဗွက်ထူသပေါ့) ရှိတယ်၊ နာမည်အကြီးဆုံး အားကစားသမားက မြန်မာ့ လက်ေ၇ွးစင်ဂိုးသမား သန့် ဇင်ပဲ။

အမေကျနော့်ကို အင်္ဂလိပ်စာ ငယ်ငယ်ကထဲက ထရိန်နင်ပေးခဲ့တဲ့ အကြောင်းတွေ ရေးထားသေးတယ်၊ ဖတ်ချင်ရင် အောက်က လင့်ခ်မှာရှိတယ်


ကျောင်းကထဲက ကျနော်လုပ်ချင်တာဆိုရင် အသေအချာလုပ်ပြီး စိတ်မပါရင် လုံးဝ မလုပ်ခဲ့တာတွေ အခုမှ ပြန်သတိထားမိတယ်၊ ဥပမာဆိုရင် ဂတန်းမှာ သချာံ(၂)ကို အမှတ် ၁၀၀ရတဲ့အခါမှာ သချာင်္(၁)ကို ၁၆မှတ်နဲ့ ကျတယ်၊ ရေပြွန်ပုစ္ဆာစသည် တွက်နည်းလေးကို နားလည်အောင်လုပ်ဘို့ ကို ပျင်းတယ်၊

ဆယ်တန်းမှာ အဲဒါပဲ နှလုံး (ဘိုင်အို)ကို ယုန်နဲ့ ဖါး ၂ခုပဲရှိတယ်၊ ယုန်ကို ကိုယ်က ကျက်စရာကိုမလို၊ ကြက်ခြေနီသင်တန်းမှာ လူ့ နှလုံးသင်တော့ အလွတ်ကိုရနေတာ၊ ဖါးနှလုံးကိုလဲ နာရီဝက်လောက် ပုံဆွဲပြီးကျက်ရင်ရတာကို မကျက်တော့ လေးပုဒ်မှာ သုံးပုဒ်ပဲ ဖြေပြီး ဘိုင်အိုကို ၄၅မှတ်နဲ့ အောင်သွားတယ်။

အင်္ဂလိပ်စာကိုလဲ ရေးနိုင်ကျက်နိုင်ရက်နဲ့ ဒီအတိုင်းဖြေတယ်၊

အဲဒီမှာ ၀ါသနာပါတဲ့ အာရ်အိုင်တီကို မမှီတော့ပါ၊ ၃မှတ်လိုတယ်၊ ဒီ၃မှတ်ဟာ ဘ၀လမ်းကြောင်းကို ပြောင်းလိုက်တာပဲ၊ ဒုတိယ ဦးစားပေးမှာ ထဲ့လိုက်တဲ့ (အဖေပြောလို့ ) သစ်တောပညာ အဓိက ၇န်ကုန်တက္ကသိုလ်တက်ခဲ့ရတော့တယ်။

ဘ၀မှာ မကောင်းဘူးလို့ ထင်ရပြီးမှ၊ နောက် ပြုတ်ကျပြန်ပြီလို့ ထင်ရပြီးမှ လက်ရှိအခြေအနေနဲ့ ပြန်စဉ်းစားလိုက်ရင် ကံကောင်းတာပါပဲလို့ ပြောရတာတွေအများကြီးပါပဲ
ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်မှာ ခြောက်နှစ်တာ အဆင့်မြင့် သက်မွေးပညာတခုကို တက်ရတာ အခုနေ စဉ်းစားကြည့်တော့မှာ တော်တော်ကံကောင်းတယ်ပြောလို့ ရတဲ့ အချက်တွေထွက်လာတယ်

ရန်ကုန်တက္ကသိုလ်လောက် တက္ကသိုလ်တခုရဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံတာ မြန်မာပြည်အတွက်တော့ ရှာမှရှားပါပဲ

၁။ ဘွဲ့ နှင်းသဘင်
၂။ စာကြည့်တိုက်
၃။ အားကစားအတွက် (ဘောလုံး၊ ရေကူး၊ လှေလှော်၊ ရွက်လှေ၊ ဘော်လီဘော၊ လက်ဝှေ့ ၊ သိုင်း၊ဘာလုပ်မလဲ ကြိုက်တာလုပ်)
၎။ အနုပညာ (မြန်မာ့အနုပညာ စစ်စစ်၊ ပန်းချီ၊ ဖျော်ဖြေရေး)
၅။ စစ်ပညာ (နောင်အကြောင်းကြောင်းကြောင့် တပ်မတော်ထဲ ၀င်ချင်သူများအတွက်၊ ယူတီစီဟာ ပေါင်းကူးတခု
၆။ နောက်ခံ ရာဇ၀င်သမိုင်း (ပြောစရာမလိုပါဘူး၊ နေတသန်း လတသန်းနဲ့ အောင်ဆန်းတို့ တက္ကသိုလ် မြကျွန်းညို)
၇။ ဆေးရုံ
၈။ ဓမ္မာရုံ
၉။ ဘုရားရှိခိုးကျောင်း
အို အများကြီးပဲ
ဆရာ ဆရာမများ

နောက် ကျနော်တို့ သစ်တောပညာအတွက် အကောင်းဆုံး အထောက်အကူပြု ပညာရပ်များက၊ အကောင်းဆုံးဆရာတွေနဲ့ ရွေးသင်လို့ ရပါရဲ့ ဗျား။
ကျနော့်အတွက်တော့ တိုတိုပြောရရင်၊ မြန်မာ မဟာဂီတ၊ ဆိုင်းပညာနဲ့ တသက်လုံး အတွက် စစ်ပညာကို မိခင် သစ်တော ပညာရပ်များနဲ့ အတူ တတ်မြောက်ခဲ့ရတယ်ပြောရမှာပါပဲ။

ဆိုင်းပညာ သင်ယူတာရယ် တီးခဲ့တဲ့ အကြောင်းတွေ ဖတ်ချင်ရင် သတ်သတ်ရေးထားတယ်

နောက် အရေးအခင်းများ
၁၉၇၄။ အလုပ်သမားအရေးအခင်း၊ မျက်ဝါးထင်ထင် မမြင်ရပေမဲ့၊ ပစ်သံတွေ ခတ်သံတွေနဲ့ ကျီးတွေ အော်ကျ အဝေးကနေ ပဲ သိလိုက်ရတယ်

၁၉၇၅ ဦးသန့် ၊ အကြောင်းကြောင်းနဲ့ ပဲ ပညာရေး မရပ်ခဲ့ရဘူးပြောရမလား

နောက်ဆုံး သခင်ကိုယ်တော်မှိုင်းရာပြည့်။ ချီတက်တာ အထိတော့ စိတ်ပါရဲ့ ၊ ဘွဲ့ နှင်းသဘင် သိမ်းတဲ့အခါတော့ သွားပြီလို့ ပဲ သတ်မှတ်ပြီး မပါတော့ဘူး။
ဘွဲ့ ရပြီးတာ့ အညာကို ကျောင်းဆရာလုပ်မယ်ဆိုပြီး တက်သွားလိုက်သေးတယ်၊ နောက် ၇န်ကုန်ပြန်လာပြီး သူငယ်ချင်းတွေနဲ့ အတူတူ တက္ကသိုလ်မှာပဲ ညစောင့်ဝင်လုပ်တယ်၊ နေ့ ဖက်မှာ ပတ္တလျား သင်တန်းဆရာလုပ်တယ်၊ တလကို ၃၀၀လောက်တော့ ၇တာပေါ့၊ နောက် ဆိုင်းတီးတယ်၊

၁၉၇၇မှာ သစ်တောဌာနက စိုက်ခင်းလက်ထောက်ဆိုပြီး စိုက်ခင်းစိုက်တဲ့လုပ်ငန်းကို ၂နှစ်ခွဲလုပ်လိုက်ရတယ်။
အမြတ်ကတော့ ကျေးရွာမှာ နှစ်လုံးပေါက် နေလိုက်ရတာပဲ၊ သူတို့ ဘ၀တွေ၊ လုပ်ငန်းလုပ်တဲ့အခါ လူတွေ သူငယ်ချင်းတွေရဲ့ အနေအထား။

ပထမနှစ်မှာ ဒုက္ခ အကြီးအကျယ်ရောက်ခဲ့ရတယ်။
ဒုတိယနှစ်မှာ လုပ်ငန်းကို နိုင်သွားပြီး အေးအေးဆေးဆေးနဲ့ ဒူးနှံ့ ပြီးလုပ်နိုင်မဲ့ တတိယနှစ်ကျမှာ အဲဒီဘ၀ကို ပစ်ထားခဲ့ရပြီး မျက်မှန်ကြီး တင်ဦးရဲ့ ပျားဂေဟာကို ရောက်ခဲ့ရတယ်။

ပျားဂေဟာမှာ သဘာဝရဲ့ အကြောင်းတွေ နဖူးတွေ့ ဒူးတွေ့ တတ်အောင်လုပ်ရတယ်၊ animal behavior ဆိုတဲ့ ပျားတွေ အကြောင်း သဘာဝကြီးရဲ့ အံ့သြဘွယ်၊ နောက် ပန်းဝတ်ရည် ၀တ်မှုံစသည် သုတေသနလုပ်ရင်း တိုင်းပြည်ကို တော်တော် ရောက်ခဲ့ရတယ်၊ ရာသီဥတုနဲ့ ၊ စိုက်ပျိုးသူတွေနဲ့ နှစ်ပေါက်နှစ်ပေါက်နေခဲ့ရတယ်၊ တယောက်ထဲ ခရီးသွားရတာ၊ ရှမ်းကချင် လူမျိုးတွေနဲ့ ဆက်ဆံရတာ၊ တော်တော်ကောင်းတဲ့ လးငယ်တယောက်ရဲ့ အတွေ့ အကြုံတွေ၊ နောက် FAP field worker ဆိုတေ့ လစဉ်၊ နှစ်စဉ်နောက် အပြီးသတ်အစီရင်ခံစာတွေ အင်္ဂလိပ်လိုရေးရ၊ ပြောရဆိုတော့ လုပ်သက် ၂နှစ်သာရှိသေးတဲ့ဝန်ထမ်းတယောက်အတွက် အကောင်းဆုံး အတွေ့ အကြုံတွေ

အဲဒိတုံးက သုတေသနအကြောင်းတွေ မပြီးသေးဘူး


၁၉၈၄မှာ ပျားပျက်တော့ သစ်တောဌာနကို ပြန်ရောက်တယ် သစ်တောရုံးချူပ်အတွေ့ အကြုံ ခြောက်လလောက်ရလိုက်တယ်၊ ပုတ်ပြတ်လစာကနေ အမြဲတန်းခန့် ဘို့ ဝင်ပေါက်ဆိုပြီး သစ်တောဘွဲ့ ရများဟာ မေမြို့ ကျောင်းဆင်းတွေကိုခန့် တဲ့ တောအုပ်စကေးနဲ့ ဌာနကို ၀င်ကြရတယ်၊ ဒါမျိုးအသဲနာစရာတွေ အများကြီး
၂၉၀ပဲရတဲ့လစာနဲ့ ရန်ကုန်မှာ ဒုက္ခရောက်ရလွန်းတော့၊ မိသားစုအတူတူနေရတာကို မကြည့်နိုင်ဘူး စိုက်ခင်းတွေဆီပြန်သွားမယ်ဆိုပြီး ဧရာဝတီတိုင်းကို ပြောင်းသွားတယ်၊
တိုင်းမှုးကကျနော့်ကို စောင့်ကြည့်မယ်ဆိုတဲ့သဘောနဲ့ ထားတယ်၊ သူက တာဝန်မပေးလို့ ကျနော်က အရက်သောက်၊ ကျနော်အရက်သောက်လို့ သူက တာဝန်မပေးနဲ့  ကျနော် ကြံခင်းမှာ ၆လ၊ ဘိုကလေး/မော်လမြိုင်ကျွန်းမှာ ၆လ သာနေခဲ့တယ် တာဝန်တခုမှ မယူလိုက်ရဘူး၊ ဂျူနီယာတွေ ပေးစာကမ်းစာနဲ့ ပဲ၊ ဘ၀မှာ ငွေ အခက်ခဲဖြစ်ဆုံး အချိန်တွေ၊ ဒါပေမဲ့

အမြတ်ကတော့ အောင်မြင်တဲ့ ကျွန်းစိုက်ခင်းတွေရယ်၊ ဧရာဝတီ ဒီရေတောတွေရဲ့ ပျက်စီးစပြုနေတဲ့ အခြေအနေတွေကို စတင်သိရှိခဲ့တာပါပဲ

၁၉၈၄မှာ ဘ၀အတွက် တဆစ်ချိုးဖြစ်စေတဲ့သင်တန်းတခုတက်ရတယ်၊ အဆင့်မြင့် သစ်တောအရာရှိသင်တန်း အမှတ်စဉ်(၁)ဆိုတာ၊ တကယ်တော့ သစ်တောဌာနက ဖေါင်ကြီးကို အစားထိုးပြီးဖွင့်လိုက်တာ၊ သင်တန်းဆင်းပြီး တိုတိုပြောရရင် ကျနော် မြို့ နယ်မှုးဖြစ်သွားတယ်၊ ရောက်နေတဲ့ ဧရာဝတီတိုင်းမှာ ကျနော့် အမျိုးသမီးဇာတိ
ဟသာင်္တက မြို့ နယ်မှုး(ခ)လွတ်နေတာ့ ကျနော်အဲဒီကိုလျှောက်တယ်၊

ကံကဖယ်ပါတယ်၊ အကြောင်းအမျိုးမျိုးနဲ့ ကျနော့်ကို သင်္ကန်းကျွန်းမြို့ နယ်မှုးဆိုပြီး ခန့် ထားခြင်းခံရတယ်၊ ကျနော့်အသိမှာ အဲဒီရာထူးဟာ အဲဒီအချိန်က အောင်မြေယာ သစ်တောစခန်းရဲ့ ဖွဲ့ စည်းပုံပဲ၊ ဒီတော့ သစ်စေ့နဲ့ ပျိုးပင်ကိုတော့ရောက်ပြီပဲ၊ နာမည်ကျော် ကိုလင်းသောင်းနဲ့ကလဲခင်တော့ သူခေါ်တာပဲဆိုပြီး ရန်ကုန်ကိုရွှေ့ လာခဲ့ပါတယ်။

ရန်ကုန်ရုံးမှာ သတင်းပို့ တော့မှ ဒုတိုင်းမှုး ဦးခင်မောင်မြက ကိုမောင်မောင်သန်း ခင်ဗျားက မြို့ နယ်ကိုရောက်တာ အောင်မြေယာမဟုတ်ဘူး၊ ခက်တာက သင်္ကန်ကျွန်းမြို့ နယ်က အခု အလုံကကိုင်ထားတာ၊ ခင်ဗျားမှာ ရုံးလဲမရှိဘူး၊ ၀န်ထမ်းလဲမရှိဘူး၊ ဘာမှမရှိဘူး၊ နောက် ခင်ဗျားမှာနယ်အတွေ့ အကြုံလဲ ဘာမှ မရှိဘူး၊ ကျနော်ဘာလုပ်ရမှန်းမသိဘူး၊ တိုင်းမှုးကိုသိန်းလွင်လာမှာပဲ ကြည့်လုပ်ကြတာတော့ဆိုမှ။ အကြောင်းစုံသိ၇ပါတော့တယ်။

အခုအချိန်မှာ သစ်တောဌာန သင်္ကန်းကျွန်းမြို့ နယ်ဆိုရင် အားလုံးက ငထောပဲဆိုပြီး မျက်လုံးတွေ အရောင်လက်လာကြတယ်၊ ကျနော်ကတော့ အဲဒီလို စခဲ့ရတာ။
တိုင်းမှုးလာတော့ ကျနော့်ကို အတွေ့ အကြုံမရှိသေးလို့ ဆိုပြီး အလုံမြို့ နယ်မှုး (ရန်ကုန်တမြို့ လုံးကို အုပ်ချူပ်နေသော) ကိုခင်ဝင်းရုံးခန်းနောက်ကအခန်းလေးမှာ စားပွဲလေးနဲ့ အလုပ်သင် မြို့ နယ်မှုးဆိုပြီး ထားရှိလိုက်ပါသောကောခင်ဗျား။


သစ်တောဌာန နယ်လုပ်ငန်းဆိုတာ အဲဒီတော့မှ တွေ့ ဘူးတော့တာလေ၊ တက္ကသိုလ်တုံးက ဥပဒေတွေ ဘာကြောင့်သင်တယ် (criminal procedure code, evidence act စသည်) အခုမှ သိရတော့တယ်၊ ပုလိပ်အလုပ်၊ တရားသူကြီးအလုပ်၊ စိုက်ပျိုးစောင့်ရှောက်သူအလုပ်ဆိုတဲ့ ထူးခြားလှတဲ့ သစ်တောအရာရှိတယောက်ရဲ့ ဘ၀၃=သုံးမျိုးလုံးကိုလဲ ဒီတော့မှ သိလိုက်၊ ကြုံလိုက်၊ လုပ်လိုက်ရတယ်၊ လုပ်ရတဲ့နေရာကလဲ နယ်လုပ်ငန်းတို့ ရဲ့ ထွတ်ခေါင်၊ Yangon revenue officer) ရန်ကုန်မြို့ အခွန်အရာရှိ၊ဖဲစကားနဲ့ ပြောရရင် ကျနော်က ဂျိုကာလေးကောင်၊ အောလ်ရန်းနဲ့ လက်ကိုင်ဒေါင်း ဒေါင်းပြီး တုတ်စားလိုက်တဲ့သဘောပဲ၊ ဖဲလမ်းကုန်သွားပြီ၊ အဲဒါနဲ့ ပဲ ဤအရာရှိကို နောက်နောင် နယ်လုပ်ငန်းများ တာဝန်မပေးရန်ဆိုသော မှတ်ချက်နဲ့ ပြောင်းရွှေ့ ခဲ့ရတယ်၊ သူတို့ ပြစ်ချက်ကတော့ သစ်လုပ်ငန်းရှင်များနဲ့ ရင်းရင်းနှီးနှီးနေလို့ ဆိုပဲ၊

နေတာနေတာတပိုင်း ကျနော်ဘယ်လောက် အလုပ်မှာ ကင်းရှင်းသလဲဆိုရင် ကျနော့်ဦးလေးတယောက်ကို ဆိုင်ပြုတ်သွားအောင် သစ်သိမ်းဘူးတယ်၊ တောထဲ ကျနော်ဝင်နေရင် အဲဒီထဲက တလခွဲလောက် ကျနော်ပြန်မထွက်မချင်း၊ အဲဒီကြိုးဝိုင်းမှာ သစ်ခိုးလုပ်ငန်းများ ရပ်ဆိုင်းလို့ သွားကြားထိုးတ့ တချောင်းတောင် မထုတ်ရဲကြဘူးဆိုတာ အမှန်တရားတွေ၊ သစ်ခုတ်သမားအချင်းချင်းပြောကြတာ၊ လက်ထောက်တိုင်းမှုးတာဝန်လဲ လုပ်ရတော့၊ သံလျှင်ကျောက်တန်းဘက်ဆိုရင် သစ်စက်၊ သစ်ဆိုင်ရှေ့ ကျနော့ကားဆိုက်တာနဲ့ ပိုင်ရှင်ကတော်တွေ၊ ကုန်ပါပြီတော့ဆိုပြီးကို အသုဘအိမ်အော်ငိုသလို ငိုကျတယ်။ သစ်တွေဖမ်းနေ သိမ်းနေချိန် အပြုံးမပျက် လက်ခံစကားပြောနေပေမဲ့ ကျနော့်ကားတွေ ထွက်သွားတာနဲ့ တဆိုင်လုံးနည်းပါး (လက်ခွဲသစ်တွေမို့ ) အသိမ်းခံလိုက်ရတဲ့ ဆိုင်ရှင် မိန်းခလေးဟာ ရှေ့ စားပွဲပေါ် မျက်နှာ မှောက်ချလိုက်ပြီး ငိုတာတွေ သူ့ အဖေကြီးနောက်ပိုင်း ဆေးရုံတင်လိုက်ရတာတွေ၊ ဖမ်းတာကတော့ စစ်ဆင်ရေးတွေ လုပ်တဲ့အချိန် အဲဒိဘက်ကလဲ လွန်ကဲကျတော့ အသုဘချဘို့ ခေါင်းပျဉ်ရောင်းစရာမရှိသလောက်ပါပဲ။

သံလျှင်နတ်စင်တရာမှာ ကျနော့် နတ်ရုပ်ကို ထုထားဘို့ သစ်ကုန်သည်တွေ တိုင်ပင်ကြသေးတယ်ဆိုပဲ။

(၂)
လျှောက်ရေးရင် အတွင်းရေးတွေပေါ်ကုန်တော့မယ်

မြို့ နယ်မှုးလုပ်နေတုံးမှာပဲ နိုင်ငံခြားပညာတော်သင် စာမေးပွဲ ဖြေခွင့်ရတယ်၊ ပထမဆုံး အခွင့်အရေးပါပဲ ၁၉၈၅မှာ၊ နယ်သာလန်နိုင်ငံ အိုင်တီစီ ကျောင်းတော်မှပေါ့။ ကျနော်ဖြေတာက Photo-grammetry ခေါ်တဲ့ဘာသာရပ်၊ စာအုပ်ကြည့်ဖြေတာပဲ ကျောင်းတုံးက နာမည်သိတယ်ဆိုယုံလောက်လေး ကောင်းကင်ဓါတ်ပုံဘာသာရပ်မှာပါတာ၊ အဲဒီတုံးကနေတာ သစ်တောဝင်းထဲ အိမ်မရသေးဘူး၊ ကိုယ်ပိုင် မြို့ နယ်လဲ မရသေး အလုပ်သင်ဘ၀၊ ကိုဆုတင် စိတ်ပျက်လက်ပျက်နဲ့ ၇ိုက်ထားတဲ့ တဲအိမ်သာသာအိမ်းမှာ ဖေါ့ကန် အောင်မင်္ဂလာလမ်းမှာ၊

တက္ကသိုလ်စာကြည့်တိုက်က ငှားလာတဲ့စာအုပ်နဲ့ ပညာတော်သင် စာမေးပွဲအတွက် စာကျက်နေတဲ့ ကျနော့်ကို နားမလည်ရှာတဲ့ ယောက္ခမ အမကြီးက ခလေးမထိန်းလို့ ဆိုပြီး တဆူဆူပေါ့။

စာမေးပွဲအောင်တယ်၊ အင်တာဗျူးအောင်တယ်၊ နောက် အဲဒီဘာသာရပ်က ကျနော်တို့ နဲ့ မကိုက်လို့ ပါဆိုပြီး သစ်တောတိုင်းတာရေးကိုပြောင်းပေးတယ်။ ၉-၁၀-၈၇ကနေ နိုင်ငံက ထွက်သွားလိုက်တာ ၁၅-၈-၈၈မှာပြန်ရောက်လာပါတယ်။

ဘ၀ နောက်တဆစ်ချိုးတခုပေါ့ဗျာ။

ကျနော့် အကယ်ဒမစ်ပိုင်း လေ့ကျင့်မှုတွေ ပြန်နွှေးပေးလိုက်တယ်

ပြင်ပကမ္ဘာကို အဲဒိတုံးက ထွက်ဘို့ ဆိုတာ တော်တော်မလွယ်တာ၊ ရောက်မဲ့ရောက်တော့ ပီဘိ အနောက်နိုင်ငံ၊ အတိုးတက်ဆုံး နိုင်ငံတခု၊ နောက် ကျနော်သင်၇မဲ့ဘာသာရပ်အတွက် ကမ္ဘာမှာ အကောင်းဆုံးကျောင်းတကျောင်း။
International Institute for Aerospace Survey and Earth Sciences (ITC), Enschede, The Netherlands.

ဆိုတဲ့ကျောင်း၊

အဓိက တတ်မြောက်လာတာ

ကောင်းကင်ဓါတ်ပုံဘာသာရပ်၊
ဂြိုလ်တုဓါတ်ပုံများ (အခြေခံ)

အပေါ်က ၂ခုပေါင်းရင် ဒီနေ့  remote sensing အဝေးမှ စူးစမ်းလေ့လာခြင်းဆိုတဲ့ ဘာသာရပ်ပါပဲ

နောက် အရေးကြီးတာတခု

\Statistics ဆိုတဲ့ စာရင်းအင်းဘာသာ၊ ရန်ကုန်တက္ကသိုလ်တုံးက ကျနော်တို့ စီးပွားရေး တက္ကသိုလ်မှာသွားသင်ရတယ်၊ ဒုက္ခဘယ်လောက်ပေးသလဲဆိုရင် လက်ရှိ ညွှန်ချူပ် ဒေါက်တာညီညီကျော် မေဂျာဘာသာ ၆ဘာသာကို ဂုဏ်ထူးထွက်ပေမဲ့ အဲဒီဘာသာကို ကျောင်းမတက် လက်ဘ်မသွားဖြေခဲ့တော့ အဲဒီနှစ်တနှစ် ကျလေရဲ့ ၊ ကျနော်လဲ အဲဒီလိုပဲ ပဉ္စမနှစ်ကျမှာ အဲဒီကောင်ကို Grade 2 နဲ့ ကံကောင်းစွာ အောင်ခဲ့ရတာ

အိုင်တီစီမှာ ကောင်းကောင်းမောင်းပါရဲ့ ၊ အီကိုမှာသင်တုံးက ဖက်စစ်ဂဏန်းပေါင်းစက်များနဲ့ တဂျောင်းဂျောင်းလှည့်ပြီးတွက်ကျရတယ်။
ဒီမှာ ကံကောင်းထောက်မစွာ၊ programmable pocket calculator တွေ နောက် အိုင်ဘီအမ် ကွန်ပျူတာ (ပေါ်ကာစ)၊ Basic programme software, lotus spreadsheet တွေအကူအညီနဲ့ တွက်ချက်တဲ့အပိုင်းမှာတော့ သိတ်ခေါင်းမစားဘူးပေါ့။ ဒါပေမဲ့ ပုစ္ဆာအဖြေတွေကို အိမ်မက်မက်ပြီး ထွက်လာတဲ့အထိ ဥဏှောက်စားခဲ့ကြရတယ်

နောက် ကွန်ပျူတာပညာ၊ ကွန်ပျူတာ၊ ဒေတာဘေ့စ်တွေရဲ့ အခြေခံ Geographic Information System ဂျီအိုင်အက်စ်၊ ကျနော့်ကို လူအများက မြန်မာနိုင်ငံအတွက် ဂျီအိုင်အက်စ် မွေးဖွားသူလို့ ခေါ်ကြတယ်၊ အဲဂလောက်ကြီး မခံယူရဲပါဘူး၊ ဒါပေမဲ့ အိုင်တီစီကျောင်းတော်ရဲ့ အခြေခံတွေက မြန်မာနိုင်ငံ ဂျီအိုင်အက်စ်လောကကို အတော် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

အရေးကြီးဆုံးကတော့ သစ်တောတိုင်းတာခြင်း ဘာသာရပ်ပေါ့ဗျား၊ နမူနာကောက်ခြင်းအစရှိသည် အထောက်အကူပြုဖြစ်တဲ့ ဇလဗေဒ၊ ဘူမိရုပ်သွင်ပညာရပ်တွေဟာ သစ်တောသမားတယောက်က ကျန်တဲ့သဘာဝ သယံဇာတဆိုင်ရာနယ်ပယ်တွေမှာ လောက်လောက်လားလား ၀င်ဆန့် နိုင်အောင် တောင်ပံတပ်ပေးလိုက်တာပါပဲ အမိ အိုင်တီစီ။
ပညာတွေအကျိုးအပြင် ကျနော် ကားလေးတစီးဝယ်လာနိုင်လို့ ရန်ကုန်ပြန်ရောက်တော့ သယံဇာတမှာရုန်းကန်ရချိန် အခြေ သိတ်မပျက်ခဲ့ဘူးပေါ့ခင်ဗျာ

ကျနော်ရန်ကုန်ပြန်မရောက်ခင်ပဲ၊ မဒမ်မောင်ကိုက သစ်တောသယံဇာတ စီမံကိန်းတာဝန်ခံတွေဆီသွားပြီး ကျမယောက်ျားကို ခေါ်ပါလို့ သွားပြောထားတာကလား၊ ပတ်ကားမြို့ နယ်မှုးတယောက်ကို သူတို့ အခေါ် နေရာကောင်းကနေ ကစ်ထုတ်ဘို့ အမြဲကြံစည်နေတဲ့ လူတွေရယ်၊ ပညာရပ်နဲ့ အဓိကဆိုင်တာရယ်၊ နောက် ကျနော့်နေရာကို အာဏာသိမ်းထားသူများရဲ့ လက်ချက်တွေနဲ့ အရေးအခင်းကာလကြီးထဲ ပြန်ရောက်လာတဲ့ ကျနော် သယံဇာတကို ပြောင်းရတော့တာပါပဲ။

သစ်တောသယံဇာတ စီမံကိန်းဟာ ကျနော်ရောက်ချိန်မှာ အတော်အရှိန်ရလို့ နေပါပြီ။ ဆရာမင်းကြီး ဦးအောင်မြင့်စခဲ့တယ်၊ နောက် ဆရာအုံး (ဦးအုံး ဖရီဒါပေါ့)၊ ကျနော်ရောက်တဲ့ နေ့ ဟာ ဆရာအုံးပင်စင်သွားတဲ့နေ့ ပဲ၊ နောက် ဆရာ ကြီးရဲလျှံစွမ်း၊ နောက် ကျနောက့် အကိုကြီး ဦးမောင်မောင်သန်း၊ ကျနော် အဲဒီကနေ ၀န်ကြီးရုံးကို ပြောင်းပြေးတဲ့အချိန်မှာ ဦးတင်မောင်ကြည်။ အဆင့်ဆင့် ကိုင်ခဲ့ကြတယ်။

အင်္ဂလိပ်က မြန်မာကို သစ်တောပညာသင်ပေးတဲ့အချိန်မှာ ကျနော်တို့ ဆရာကြီး ဦးထွန်းကျော် ပြောနေကျ fool proof နည်းနဲ့ ထားခဲ့တာကလား။ ကြိုးဝိုင်းတောကို ဘယ်လိုဖွဲ့ မယ်၊ သစ်ပင်ကို ဘယ်လိုတိုင်းမယ်၊ ဘယ်လိုသစ်ပင်ကို ထုတ်မယ်၊ တောထဲကို ဘယ်လိုသွား၇မယ်၊ တောလုပ်ငန်းဘယ်လိုလုပ်ရမယ် စသဖြင့်ကို တောသူတောင်သားတွေ နားလည်စေမဲ့နည်းလမ်းတွေနဲ့ တောသူတောင်သားတွေအတွက် မြေပုံမလိုအောင် လုပ်နိုင်အောင် ထားပစ်ခဲ့တယ်၊ တနေ့ ကကို မင်းကြီး ဦးအောင်မြင့်နဲ့ စကားပြောဖြစ်တဲ့အခါမှာ သစ်တောကြိုးဝိုင်းတိုင်းဟာ နယ်နမိတ်တွေမှာ ဘောင်ဒရီ မှန်ထစ်တွေရှိတယ်၊ သစ်ပင်တွေကို ကြိုးဝိုင်းကို ကျောပေးပြီး မှန်ထစ်ဆိုတဲ့ ဆိုင်းဘုတ်လို ထစ်ထားတယ်၊ အကွက်အမှတ်ရိုက်ထားတယ်၊ ကြိုးဝိုင်းတွေကို အကွက်ဆိုပြီး ခွဲထားတယ်၊ ရေဝေကျောတွေနဲ့ ခွဲထားတယ်၊ ကျောကို မဖြတ် မြောင်ကို မဖြတ်ရင် တဖက် အကွက်ထဲကို မကျော်ပဲ အလုပ်လုပ်လို့ ရတယ်၊ အကွက်နယ်နိမိတ်တွေမှာလဲ မှန်ထစ် အပင်တွေရှိတယ်။ အကွက်ဆုံရာတွေမှာ သစ်တောဘုရားခေါ်တဲ့ ဘုတ်တိုင်တွေရှိတယ်၊

ဘုတ်တိုင်ကိုကြည့်တာနဲ့ ဘယ်အကွက်က ဘယ်မှာသိတယ်၊

သစ်ထုတ်တာကို ရင်စို့ လုံးပတ်ခေါ်တဲ့ ၄ပေခြောက်လက်မ အမြင့်မှာရှိတဲ့ ကျွန်း၊ သစ်မာ၊ အခြားသားတွေရဲ့ လုံးပတ်တွေနဲ့ တွက်ချက်ပြီးထိန်းထားတယ်၊ အကွက်တကွက်ကို သစ်ထုတ်ဘို့ မှာ ကျွန်းပင်တပင်ရဲ့ လုံးပတ် တပေတိုးဘို့ လိုအပ်တဲ့ ၂၈နှစ်ကနေ နှစ်၃၀မှတခါ သစ်ထုတ်လုပ်ငန်းလုပ်နိုင်အောင် စီစဉ်ထားတယ်၊ ၁၀နှစ်ကို တခါ သစ်တောအုပ်ချူပ်လုပ်မှု စီမံကိန်းတွေ ရေးရတယ်၊ သစ်မထုတ်ခင်မှာ ပင်ထောင်ရိုက်တယ် (သစ်မာ)ကို ကျွန်းကိုတော့ သင်းသတ်တယ်၊ အဲဒါတွေလုပ်ရင်း ချန်ပင်တိုင်းတယ်ဆိုပြီး လုံးပတ် ၃ပေအထက် အပင်တွေအားလုံးကို တိုင်းသွားတာပဲ၊ အခု အိုင်တီစီမှာ သင်တဲ့ အတိုင်း စာရင်းအင်း ပညာနည်းနဲ့ ပြောရရင် cent percent (100%) inventory ပေါ့။
အဲဒီစာရင်းတိုင်းတာချက်တွေကို သုံးပြီး စီမံကိန်းတွေ ဆွဲတယ်၊ စီမံကိန်းတွေကို သက်ဆိုင်ရာ သစ်တောခရိုင်ဝန် (ရွေးချယ်ခံတန်းအဆင့် selection grade အရာရှိက ရုံးချူပ်

စီမံကိန်းတိုင်းက ကွက်စိမ်စီမံကိန်းအရာရှိတွေနဲ့ အတူတူ ဆယ်နှစ်တခါ ဆွဲရတယ်၊ ဆွဲပြီးတဲ့ စီမံကိန်းတွေကို နိုင်ငံတော် အစိုးရက အတည်ပြုလက်မှတ်ထိုးရတယ်၊ အဲဒီလက်မှတ်ထိုးတာဟာ တယောက်ကို တယောက် ကတိပြုတာ၊ အမှတ်တမဲ့ကြည့်လိုက်ရင် သစ်တောကလုပ်တာကို နိုင်ငံတော်က အတည်ပြုတယ်ထင်ရပေမဲ့ တကယ်ကတော့ ပညာရှင်က ရေးဆွဲပေးတဲ့အတိုင်း နိုင်ငံတော်အစိုးရက ကျော်မလုပ်ပါဘူးလို့ ပြန်ပြီး ဂတိပြုတာပါပဲ။

ဒါကြောင့် တော်လှန်ရေးကောင်စီ အစိုးရတက်လာတဲ့အခါမှာ လက်မှတ်ထိုးဘို့ တင်ပေးလိုက်တဲ့ ကွက်စိပ်စီမံကိန်းတွေ ကြမ်းပြင်ကို လွှင့်ပစ်ခြင်းခံခဲ့ရတယ်။ ကျနော်တို့ ကို အလုပ်စတင်ပေးခဲ့တဲ့ မင်းကြီးချုပ် (ညွှန်ကြားရေးမှုးချူပ်) ဦးမောင်ကလေး (၁) (ဂျီဝမ်း)ဟာ ဒုတိယ၀န်ကြီး ဒေါက်တာဘိုလေးက ကျွန်းသစ်တွေကို ဈေးကောင်းတုံး ကန့် သတ်လုံးပတ် တပေ(၇ပေ ခြောက်လက်မကနေ ၆ပေ ခြောက်လက်မကို)ချပြီးထုတ်မယ်လို့ မင်းကြီးချူပ်ရဲ့ အစီရင်ခံစာ ကို ဆန့် ကျင်ပြီး လုပ်ဆောင်တဲ့အခါမှာ သတ္တိပြောင်မြောက်စွာနဲ့ ပဲ အလုပ်ထွက်သွားခဲ့တယ်။

fool proof ဆိုပေမဲ့ ဒီအရူးတွေနဲ့ ကျတော့ မ၇တော့ဘူးလေ့။

(၃)
ကျနော်ပြန်ရောက်တဲ့ ၁၉၈၈မှာ အဲဒီ fool proof တွေပျက်နေပြီ

ကျနော်၇န်ကုန်မြို့ နယ်မှုးဘ၀မှာကို ကျွန်းသင်းသတ်ဆင်းဘူးတယ်

လှည်းကူးမြို့ နယ် ပေါင်းလင်းကြိုးဝိုင်း အကွက်အမှတ် ၃-၄-၅ပေါ့၊ သင်းပင် ၁၀၀၀ တာဝန်ကျတယ်၊ တိုင်းမှုးက ကျနော်က အသက်အငယ်ဆုံးမို့ ဆိုပြီး ရန်ကုန်မြို့ နယ်မှုးကို သစ်တောလုပ်ငန်းသိအောင်ဆိုပြီး ခိုင်းတာ၊ အမှန်တော့ မဆိုင်ဘူး ကိုယ့်တာဝန်နဲ့ ကိုယ်ပဲ၊ ဒါပေမဲ့ ကျေးဇူးတင်ရပါတယ်၊ တကယ့် ကျွန်းသင်းလုပ်ငန်းကို ကျောင်းသားဘ၀ လုပ်ခဲ့ဘူးပေမဲ့ ဘာမှ နားလည်လိုက်တာမဟုတ်၊ သေသေချာချာ တတ်သွားတယ်၊ ဒုတိုင်းမှုးကို ကိုမြကြီးလိုက်သွားဆိုပြီး ၇န်ကုန်တိုင်းမှာရှိသမျှ သစ်တောဘွဲ့ ရ မြို့ နယ်မှုးတွေကို လိုက်ကြည့်ဆိုပြီးခိုင်းတယ်။

တောထဲမှာ ကျနော်တို့ ပင်ပန်းနေတုံး တိုင်းမှုးက သူ့ တပည့် တောအုပ်ကြီးတွေနဲ့ တိုင်းတတိုင်းလုံးကို စစ်ဆင်ရေးဆင်းတယ်လုပ်ပြီး တပည့်ကျော်တွေက ပိုက်ဆံတောင်းကြတော့တာပဲ၊ (လောကလောက)

အဲဒီတုံးက တောက အတော်လေးကောင်းသေးတယ်
ဒါပေမဲ့ လူတွေက ပျက်နေပြီ

ရောက်ရောက်ခြင်း နယ်ခံ တောအုပ်တွေက ဒုတိုင်းမှုး ကိုကြီးမြကို ဆရာ အကွက်၃က ခိုးလို့ ကုန်ပြီ ၄ကပဲ စပါဆိုပြီး အကွက်လေးမှာထိုးထားတ့ စခန်းကို ခေါ်သွားတယ်။
demonstration တွေပြပြီး ကိုကြီးမြနဲ့ အဖွဲ့ တွေပြန်သွားကြတယ်၊ ကျနော် စိုက်ခင်းစီမံကိန်း အစည်းအဝေးကနေ တန်းလာရတာ၊ မဒမ်မောင်ကိုက အငယ်ဆုံးကောင်ကို မွေးဘို့ ပြန်နေတဲ့အချိန် စောင်ကို မပါလာဘူး၊ ကိုခင်ဝင်းက သူ့ စောင်အပိုထားသွားရတယ်။

ခင်ဗျားဖြစ်ပါတယ်ဆိုပြီး ဆရာမြက ထားသွားတယ်၊ ရန်ကုန်က ကျနော့် တပည့်ရင်းတောခေါင်းတွေကိုပါ ကြည့်မရလို့ ထင်ပါ့ ပါလာကြတယ်၊ ထန်းတပင်က အတွေ့ အကြုံရှိ တောခေါင်းတယောက်ပါတယ်၊ နယ်မြေခံ သစ်ခိုးဂိုဏ်းတွေ လက်သုံးတယောက်ကို ထည့်ပေးထားတယ်၊ (နောက်မှ သိတာပါ)
အဲဒီအချိန်တွေ ကျနော်က တနိုင်ငံလုံးမှာ ဖမ်းတာဆီးတာ အ၇မ်းဆုံးအနေနဲ့ နာမည်ကြီးနေတာ၊ လှည်းကူးသစ်ကုန်သည်တွေ (တကယ်တော့ ကျနော့် အမျိုးတွေ) မ၀င်ရဲဘူး။ ငါးပက်ပြီး တောအရက်မှာသောက်ပြီး အလုပ်လုပ်ရတယ်။ အဲဒီတုံးက လှည်းကူးရုံးက နားပိတ်တင်အေး တောခေါင်းက တနေ့ ဂါလံပုံးတပုံးထမ်းပြီး စခန်းကိုရောက်လာတယ်၊

ဘာတွေလဲဆိုတော့ ဆရာတို့ သောက်ဘို့ ဘီအီးတွေတဲ့။

၁၉၆၉လောက်မှာ ရန်ကုန်မှာ ဆန်အရေးအခင်းဖြစ်တော့ ဆန်အိပ်ထမ်းလာရင် လူသတ်လုတဲ့ အချိန်မှာကို အမေ့တပည့်တယောက် ကော့မှုးကနေ ဆန်အိတ်ထမ်းပြီး ကျနော်တို့ သမိုင်းကို လာပို့ တာ သတိရနေတယ်၊

ဘ၀မှာ သူများအကူအညီကို အလေးထားမိဆုံးက အဲဒီ၂ယောက်နဲ့ အဲဒီအချိန်ဗျာ။

ဆရာမြနဲ့ ဆင်းနေတုံးကကို ကျွန်းပင်တွေလှဲထားတာတွေ၊ လွှစင်တွေ တွေ့ ရတော့တာပါပဲ၊ ကျွဲနိုင်လှည်းနိုင်တဲ့ အရွယ်တွေလဲ မရှိတော့ဘူး၊ တိုင်းကြည့်တော့ အဲဒီ လုံးပတ်အတန်းအစားတွေ ပျောက်နေတယ်။

ဆရာမြဟာ ကျနော့်ကို အရင်က ကျနော်တို့ အရာရှိတွေ လုံးဝမလုပ်တဲ့ အမိန့် ကို ညအရက်ဝိုင်းမှာ ပေးတယ်၊ ၇ပေကျော်ရင်ကို ထုတ်ပေတော့၊သင်းသတ်ပေတော့တဲ့။
ညအရက်ဝိုင်းတွေသတိရတယ်၊ သစ်လုံး မီးပုံဘေးမှာ ထိုင်ကျရင်း ရမ်အရက်ကို (ကောင်းမှကောင်း မြန်မာရမ်( ဖန်ခွက်ထဲထဲ့၊ လက်နဲ့ လှိမ့်ပွတ်ပွတ်ရင်း (ဆရာမြ အဆိုအရ warming the glass) ဒါ သစ်တောဘ၀ရဲ့ အထွတ်အထိပ်ပဲဗျ ဆိုတာတွေကို ခုထိ လွမ်းပါ့ဗျာ။

အကွက် ၄ မှာ ကျနော် သင်းပင် ၅၀၀ကျော်ပဲ၇တယ် အကွက် ၅ကို တက်ပို့ အားလုံးပြင်ဆင်တယ်၊ ရွှေ့ မဲ့ နေ့ မှာပဲ စိတ်က ထင့်နေတာနဲ့ ၊ ဟာကွာဆိုပြီး မရှိတော့ဘူးဆိုတဲ့ အကွက် ၃ကို အဲဒီ နယ်ခံ သစ်ခိုးဂိုဏ်းက တပည့်နဲ့ နင်းလိုက်တယ်

လားလား နှစ်ထပ်တိုက်လောက် မြင့်နေတဲ့ ပကာပုံတွေ၊ ဖြတ်ပြီးသား လှဲပြီးသား ကျွန်းပင်တွေ၊ အပြည့်၊ လွှဝင်တွေလဲ အပြည့်၊ မေ၇ွှ့ တော့ပဲ အဲဒီမှာပဲ သတ်ပင် ၁၀၀၀ ပြည့်သွားပါရဲ့ ။
နောက် အဲဒီကျွန်းတွေကို ဆက်ခိုးကျတာပါပဲ မြောက်ဥက္ကလာ လှေဆိပ်တွေမှာ ကျနော်နဲ့ ပြန်တိုးလို့ ထောင်တွေ ကျသွားပါရဲ့ ။
အဲဒီတော့ ၁၉၈၈မှာကျတော့ အရင် fool proof မြန်မာ့ ရွေးချယ်ခုတ်လှဲရေးစံနစ်ရဲ့ လုပ်ပုံကိုင်ပုံတွေကို မေ့ပစ်ပြီး ခေတ်မှီနည်းတေါနဲ့ လုပ်မယ်ဆိုပြီး သယံဇာတ စီမံကိန်းကိုစကြလေရဲ့ ။

သစ်တောတိုင်းဌာနစိတ်ရှိတယ်၊ နောက် ကောင်းကင် ဓါတ်ပုံမြေပုံဌာနစိတ်ရှိတယ်၊ နောက် ကွန်ပျုတာ ဌာနစိတ်ရှိတယ်၊ နောက်ဆုံး ကွက်စိတ်စီမံကိန်းနဲ့ တူတဲ့ အုပ်ချူပ်မှုစီမံကိန်းဆွဲဘို့ ဌာနစိတ် ဖွဲ့ တယ်။

ဌာနစိတ် တခုတခုကို သစ်တောဝန် တယောက်စီထားတယ်၊ ကောင်းကင်ဓါတ်ပုံ မြေပုံမှာ နောက်ဆုံးပေါ် အောဖ်ဆက်ကိုရှိတယ်၊ လေယဉ်ရှိတယ် (လေတပ်ကို အပ်ထားတယ်) ကောင်းကင်ဓါတ်ပုံတွေ တပြည်လုံး ၇ိုက်ထားတယ်၊ ကျနော်ရောက်တော့ မြေပုံတွေ ထုတ်နေပြီ၊
သစ်တောတိုင်းဌာန၊ အင်း ကွင်းဆင်းတိုင်းတဲ့ အရာရှိတွေ ။နယ်တွေမှာ စာရင်းကောက် ခေါင်းဆောင်တွေ၊ အများကြီးပဲ၊ နည်းပညာတွေင်္စနစ်တွေ အကောင်းဆုံး အနေအထား၊ နိုင်ငံခြားက ပြန်လာတဲ့ ပညာသင်တွေ အများကြီး။

ကွန်ပျုတာဌာန၊ မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် ကွန်ပျူတာဌာန၊ အကောင်းဆုံး စံနစ်တွေနဲ့ ၊ Vax 11- 750 mini computer, Infrastructure ကလဲ ကောင်းပါ့၊ ကွန်ပျူတာဌာနကို အကျဉ်းထောင်ထဲ ၀င်ရသလို အဆင့်ဆင့် ၀င်ရတယ်၊ လေအေးစက် central aircon ကြီးတွေ သုံးလုံး၊ မီးစက်ကြီးတွေ

ကွန်ပျုတာဆိုရင်လဲ system engineer, soft ware engineer, application engineer, operator သူ့ အပိုင်းကိုယ့်အပိုင်း ကျော်လို့ မရဘူး
သူ့ ငယ်မွေးခြံပေါက်တွေနဲ့ ပဲ ကြီးပြင်းလာတယ်၊ တဖွဲ့ ရဲ့ လုပ်ငန်း တဖွဲ့ မသိဘူး၊ အသက်တွေ အသေခံပြီး ကောက်လာ၇တဲ့ စာရင်းတွေကို စာရင်းကောက်အဖွဲ့ ပြန်လိုချင်ရင် မရဘူး၊

ကျနော်ရောက်တော့မှ ဒိဖက်က သစ်တောအရာရှိတွေကို ကွန်ပျူတာသင်ပေးမယ်ဆိုပြီး FORTRAN programming သင်ပေးတယ် အကောင့်တွေပေးတယ်၊ ကျနော်တို့ လက်စွမ်းပြလိုက်တာ နောက်ကျတော့ သူတို့ ထမင်းစားချိန်မှာပဲ ကိုင်ခွင်းပေးတော့မယ်

ကျနော်က အပြင်ကနေ ဒါတွေအားလုံးကို သူတို့ စီမံကိန်းက လေ့ကျင့်ပေးတာမဟုတ်ပဲ ကိုယ့်ဘာသာ အကောင်းဆုံးကျောင်းတကျောင်းကနေ တတ်ပြီးရောက်လာခဲ့တဲ့ တယောက်ပါပဲ။

အဲဒါကြောင့်လဲ သယံဇာတဆိုတဲ့ သဘောင်္ကြီးကို မြုတ်ပြိဆိုပြီး အားလုံးက စွန့် ခွာသွားကြတဲ့အချိန်မှာ ကျနော်တယောက်ထဲကျန်ခဲ့ပြီး GIS နာမည်ပြောင်းလို့ စက်တွေလဲ၊ ကိုယ်ထည်တွေပြင်လို့  မောင်းနှင်ခဲ့ရတာပါပဲ

ကျနော်ပထမဆုံး ကောင်းကင်ဓါတ်ပုံမှာ အလုပ်လုပ်တယ်၊ နောက် တောဆင်းတာ နှစ်ခါလိုက်တယ်၊ အခု နေပြည်တော် လယ်ဝေးတောတွေရယ်၊ နောက် ကျွန်းလှမြို့ နယ်၊ ကန့် ဘလူ ကောလင်း

နယ်သာလန်ကပါလာတဲ့ ကားလေးရောင်းတာ တသိန်းငါးသောင်း၇တယ်၊ တော်သေးတာပေါ့ မိန်းမက ရန်ကုန်မြို့ စာရင်းစစ်ချူပ်ရုံးဆိုတော့။
ကျနော် အရက်သောက်များတုံးပါပဲ

ကံကောင်းစွာနဲ့ အဲဒီအချိန်မှာ တွဲဖက်၇ှိသေးတဲ့ မလေးရှားလူမျိုး စီတီအေ မစ္စတာ ချောင်ဆိုတာနဲ့ တွဲဖြစ်တယ်။ သူက ကျနော့်ကို စည်းရုံးသိမ်းသွင်းလိုက်တယ်။

၁၉၈၉မှာ ကမ္ဘာလုံးဆိုင်ရာ သစ်တောတိုင်းတာခြင်း Forest Resources Assessment 1990 လုပ်ပါတယ်၊ မလုပ်ခင်မှာ အစမ်းလုပ်ကျတော့ တနင်းသာရီ တောတွေကို ပြောင်းလဲခြင်းတိုးတာတယ်၊ GIS software တွေမရှိချိန်မှာ ဓါတ်ပုံတွေကို ဖတ်ပြီး Lotus software သုံးလို့  ပီစီကလေးတွေနဲ့ လုပ်၇တယ်၊

ကျနော့်အတွက်တော့ အခက်အခဲမရှိပါဘူး အိုင်တီစီ ကျောင်းဆင်းပဲလေ၊ အဲဒီအလုပ်ကထဲက လူကြီးတွေနဲ့ ညိတယ်၊ အရက်သမားကိုး ကိုယ့်အမှားတွေလဲပါပါတယ်၊ နောက်အဲဒါလုပ်ရင်း ချောင်ကိုင်မဲ့ ဒီရေတောပ၇ိုဂျက်ကို အဲဒီအတိုင်းလုပ်ပေးလိုက်တယ်၊ အဲဒီအချိန်မှာ ညိထားတဲ့ အကျိုးကျေးဇူးကြောင့် ကျနော့်ကို ပီစီ ကိုင်ခွင့်မပေးတော့ဘူး

ဟောင်ဖွာဟောင်ဖွာနဲ့ လဘက်ရည်ဆိုင်မှာ ညီးမိတော့ အခု Momentum ရောက်နေတဲ့ ပရိုဂရမ်မာ မြတ်စိုးရီက ကျနော့်ကို ဘာတွေဖြစ်နေတာလဲလို့ မေးပြီး ကျနော် ပိစီ lotus spread sheet တခုလုံးကို FORTRAN နဲ့ မီနီကွန်ပျုတာမှာရေးပေးပါလေရဲ့ ။

အဲဒီမှာ အတော်လေး စိတ်ညိမ်သွားတယ်၊ ဒီကိစ္စတွေကိုလဲ ကျနော် အတော်စိတ်ဝင်စားသွားတယ်၊ အဲဒီအလုပ်ကိုတော့ ကျနော် ဖေါင်ကြီးသွားတက်နေတုံး ကျနော့်ဆရာ နိုင်ငံခြားသွားတော့ ရေးစရာမရှိဘူးဆိုလို့  co-author တော့ ထဲ့မှာပဲဆိုပြီးပေးလိုက်တာ နာမည်ယူသွားလေရဲ့ ၊ အခုတော့ တွေ့ ရင် တောင်းပန်ပါတယ်၊ အဲဒီအလုပ်ကို ဒိရေတောနဲ့ ပတ်သက်တဲ့ ပွဲတိုင်းမှာ ကုဒ်လုပ်ကြတာဆိုတော့ သူမျက်နှာပူလာပြီလေ၊ ရပါတယ်ဆရာလို့ ပဲ ပြောလိုက်ပါပြီ။

ချောင်က ကျေးဇူးတင်လို့ နောက်ဆုံး စီမံကိန်းနောက်ဆုံးအဆင့်ဖြစ်တဲ့ ပဲခူး၇ိုးမရဲ့ တောပျက်နှုံးကိုတွက်ဘို့ လုပ်ပေးပါလို့ တောင်းဆိုတယ်၊ ကျနော်လုပ်တယ်
မှားသွားတာက ကွန်ပျုတာ print out ကို ကျနော် ဆရာတွေကိုအရင်မပြပဲ အဲဒီ စီတီအေကို အစည်းအဝေးတခုမှာ အရင်ပြလိုက်တာပဲ၊ ဆရာက ယူကြည့်တယ်၊ နောက် ဘ၀အဆစ်ချိုးဘို့ ဖြစ်လာတော့တာပါပဲ

ပုံနှိပ်ခန်းထဲမှာထိုင်နေတုံး ဆရာ့ဆီက စာတိုလေးရောက်လာတယ်၊

ဦးမောင်ကို နောင် အရေးကြီးသော ဒေတာများကို မိမိ အထက်အရာရှိများတင်ပြပြီးမှ နိုင်ငံခြားသားများကို ပေးပါရန်တဲ့။

ကျနော် အခုတော့ ကိုယ်လွန်တယ်လို့ ခံစားမိပါတယ်၊ အဲဒီအချိန်ထောင်းကနဲပဲ၊ ငါ့ကို အမျိုးမျိုးပညာရှိုကြတယ်၊ အခက်ခဲတွေ့ အောင်လုပ်တယ်၊ နေရာမပေးဘူး၊ အားပေးစကားလေးတခုတောင်မရှိဘူး။

အဲဒီလိုဖြစ်နေချိန်မှာ စာတစောင်ဝင်လာတယ်၊ လယ်ဆည်နဲ့ သစ်တောဝန်ကြီးရုံးတွေ ကွဲသွားပြီလေ၊ သစ်တောဘွဲ့ ရတွေကအစ လယ်ဆည်ကိုပါသွားလို့ စိတ်ဝင်စားသူများ ၀န်ကြီးရုံးကို လျှောက်နိုင်ပါကြောင်း၊ အဖွဲ ခွဲမှုးပေးမယ်ဖြစ်ပါကြောင်း၊

ဘယ်ရမလဲ ကောက်ဆန္ဒပြုလိုက်တာပေါ့၊ ဆရာကလဲ တင်ပေးလိုက်တာပေါ့ ရုံးချူပ်ကို

(၄)
လွယ်ကူကူရောက်သွားတာမဟုတ်ဘူး

ဧရာဝတီတုံးက ကျနော့်ကို နားမလည်ခဲ့တဲ့ဆရာက အခု စီမံညွှန်မှုး၊ ကျနော့်အကြောင်းလဲသိနေပြီ
ခေါ်ပြောတယ်၊ ၀န်ကြီးရုံးဆိုတာ မသွားသင့်ဘူးလို့ ပြောကြပေမဲ့၊ သွားသင့်တယ်၊ ဒါပေမဲ့ အမြဲမနေသင့်တဲ့အရပ်။ ဒီတော့ မင်းငါ့ကို အမြဲမနေပါဘူး၊ အတွေ့ အကြုံ၇အောင် နှစ်နှစ် တာဝန်ထမ်းဆောင်ပ၇စေဆိုပြီးရေး လက်မှတ်ထိုးဆိုလို့ လက်မှတ်ထိုးရတယ်။

အဲဒီအချိန် သယံဇာတကို ပြောင်းလာတဲ့ ညွှန်ကြားရေးမှုးက ကျနော်နဲ့ ညိတဲ့ဆရာကို ဘယ်လိုပြောလဲမသိ၊ ဆရာက လူကြီးတယောက်အနေနဲ့ အစွမ်းကုန်ပြန်ပြီးနားချတယ်၊ ဘေးမှာ အခု အမေရိကန်ရောက်နေတဲ့ကျနော့်ညီ အရာရှိငယ်တယောက်ရှိတယ်၊ အားနာပြီး စီမံညွှန်မှုးကို သွားပြောတော့၊ တဟားဟားနဲ့ ရယ်ပြီး မရတော့ဘူး တက်သွားပြီတဲ့။

ကျနော်ရယ် နောက် ဒုညွှန်ချူပ်ဖြစ်ပြီးမှ ထွက်သွားရတဲ့ ဦးချစ်လှိုင်၊ သစ်တော ညွှန်ချူပ်နဲ့ အငြိမ်းစားယူသော ဦးစိုးဝင်းလှိုင်၊ သစ်လုပ်ငန်းက ဦးငွေစိုး၊ ဦးမျိုးမြတ်တို့ အဆိုပြုကြတယ်။
သွားချင်တာက အားလုံးထိပ်ကို သွားမယ်ဆိုပြီး ၀န်ကြီးရုံးကို လျှောက်တာ ပညာရှင်ဘ၀ကို စိတ်ကုန်သွားပြီ။

မရပါဘူး စီမံကိန်းနဲ့ စာရင်းအင်းဦးစီးဌာနကို ရောက်သွားတယ်။
လက်စလီ Lesley လို့ နာမည်ကြီးတဲ့ NDA ကျောင်းအုပ်ကြီးဟောင်း ဗိုလ်မှုးကြီးမြတ်သင်းရဲ့ လက်ချက်ပေါ့။
ကျနော်တို့ ကိုယ်ရေးဖိုင်တွေကိုကြည့်ပြီး သူ့ ရုံးကို ဆွဲခေါ်လိုက်တာပါပဲ။ပထမဆုံးနည်းပါးလောက် တွဲလုပ်ရတဲ့ (ပျားဂေဟာတုံးက အခြေအနေမျိုးမဟုတ်) တပ်မတော်အရာရှိဟောင်းတယောက်။

ကျနော်ဆရာလို့ လေးလေးစားစားခေါ်ပါတယ်။ တိုက်၇ိုက်သင်ပေးဒါတွေမရှိပေမဲ့

အဲဒီတုံးက ၀န်ကြီးက ဆရာချစ်ဆွေ၊

သူ့ ဆီကနေ အကောင်းဆုံးရုံးခန်းတွေ လူတွေ ကွန်ပျူတာတွေကအစ ဗိုလ်ချူပ်မြင့်အောင်က ဆွဲခေါ်သွားတယ်၊

ကျနော်တို့ ဟာ သုညကနေ ပြန်စရတယ်၊

အဲဒီဌာန ကျနော်တို့ အခေါ် စီ/အင်းကို ကျနော်ပထမဆုံကြုံဘူးတာက ၀န်ကြီးများရုံးမှာရှိတုံးက၊ ပညာတော်သင်အရွေးခံရတော့ အင်တာဗျူးဖြေရတာ။

စီ/အင်းညွှန်ချူပ် ဦးခင်မောင်လတ်က ဦးဆောင်မေးတယ်။

သစ်တောညွှန်ချူပ်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်မှုး၊ နောက် ဘာသာရပ်ဆိုင်ရာ ပထ၀ီဌာနက ဆရာတယောက်ပါတယ်
ဦးခင်မောင်လတ်ကြောင့် ဒီ စီမံကိန်းနဲ့ စာရင်းအင်းဌာနတွေ အသီးသီးပေါ်လာဆိုပဲ။

အရင်ပါလီမန်ခေတ်က သူတို့  အတွင်းဝန်တွေ၊ ပထမ အတွင်းဝန်တွေ၊ တော်လှန်ရေးကောင်စီနောက်ပိုင်းမှာ အဲဒီ ဖွဲ့ စည်းပုံတွေဖျက်တော့ အတွင်းဝန်တွေကို ညွှန်ချူပ်တွေလုပ်ပစ်လိုက်တာ လုပ်ငန်းကတော့ ဒါပါပဲ။

ကျနော့ရှေ့ က လေးယောက်ဖြေကြတယ် ကိုဗလဆိုတဲ့ သူငယ်ချင်းပြန်ထွက်လာတော့ သူ့ မျက်နှာအကြီးကြီးဟာ ဇီးရွက်လောက်ပဲ ရှိတော့တယ်။

သူ့ နာမည်နဲ့ ဆိုင်တဲ့ ဗလငါးတန်ကို အင်္ဂလိပ်လို ပြောခိုင်းလိုက်လို့ ။

ကျနော့်အလှည့်မှာ အတော်ကြာပါတယ်

အင်္ဂလိပ်လိုပြောတာကတော့ အကြောက်အလန့် မရှိ၊ ပျားဂေဟာ အကျိုးကျေးဇူးတွေပေါ့၊ မျက်မှန်ကြီးလောက်ကို ရှင်းပြဘူးတော့ အေးဆေး။

ကိုယ်ရေးရာဇ၀င်တွေပြီးတော့ လက်ရှိတာဝန်တွေရောက်သွားလေရဲ့ ၊ ရန်ကုန်မြို့ ရဲ့ မြို့ နယ်မှုးတယောက်ကို မေးဘို့ အခွင့်အရေး၇တုံး မေးကြတာပေါ့၊ ကျနော်ကလဲ အဲဒီအချိန် ဖမ်းရင်းဆီးရင်း ပြသနာလေးတွေက ရှိ၊ သူက တော့ သိနေတာပေါ့၊

နောက် ကျနော်နေခဲ့တဲ့ ဒီရေတောနေရာတွေရောက်သွားတယ်။

ကြိုးဝိုင်းတွေရဲ့ အဓိက အန္တရာယ်ဟာ လယ်တိုးတာပဲ ဆိုတာကို ကျနော် သေသေချာချာ ၇ှင်းပြနိုင်ခဲ့တယ်၊

ဦးခင်မောင်လတ်ဟာ အကြောင်းအရာတွေပေါ်ကို စိတ်အရမ်းပါသွားပြီ ဒို့ နှစ်ယောက် လွတ်လွတ်လပ်လပ် ပြောကြရအောင်ကွာဆိုပြီး မြန်မာလို ပြောင်းပြောပါတော့တယ်၊
ပထ၀ီဆရာကို ကျနော် အတွေ့ အကြုံမရှိခဲ့ပဘူးလို့ ပြောင်ဝန်ခံလိုက်တယ် သူကလဲ ရီပြီး ဘာမှကို မမေးတော့ဘူး၊ ကျနော်ပြန်အထွက်မှာ ဦးခင်မောင်လတ်က ဟေ့ကောင် မှန်တယ်ဆိုပြီး သိတ်ရမ်းမနေနဲ့ ။ ဖမ်းရင်ဆီးရင် ကောင်စီလူကြီးတွေ ပါပစေလို့ လှမ်းဆုံးမလိုက်သေးတယ်။

အခုသူက အကြံပေးအရာရှိ၊ ဦးမြတ်သင်းက ညွှန်ချူပ်၊ ကျနော့်အဖေရဲ့ ဆရာ ဆရာကြိုင်က ညွှန်မှုး။

ပထမရက်တွေ ကျနောက် ယောင်ယောင်ပါပဲ၊ ကျနော်ရောက်နေတာ ဦးစီး(၁) (၂)လို့ ခေါ်တယ် နိုင်ငံခြားလွှတ်တာတွေလဲ နည်းတယ်၊ ကွန်ပျူတာလဲ မရှိဘာမရှိ။
အဲ တပတ်ပါပဲ၊ အလုပ်တွေစ၇တယ်၊ ဆရာကြိုင်က ကျနော့်ကိုဆွဲထုတ်ပြီး အခု အင်းယားလမ်းမှာ အများမြင်နိုင်တဲ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုဌာန (အိုင်ဘီစီ)ကို ဆောက်ဘို့ စာချူပ်ဆွဲရတာပါပဲ

ဆရာကြီးတွေ ဆရာကြိုင်၊ ဆရာခင်မောင်လတ်၊ သစ်လုပ်ငန်းက ဦးစိန်လှဆယ်။

နိုင်ငံတကာ စာချူပ်ချူပ်နည်း၊ အထူးသဖြင့် Force de majure အကြောင်း နားလည်သွားတယ်၊ တဖက်က စကာင်္ပူသူဌေးက ကျနော်တို့ အဖွဲ့ ကို ဥပဒေတွေ နားလည်လွန်းလို့ အံ့အားတွေသင့်လို့ ၊ ဆရာကြီးတွေအားလုံးက ဘီအေဘီအယ်လ်တွေလေ၊ အဲဒီခေတ်ကတော့ အမ်ဘီအေတွေ ခေတ်မဟုတ်ဘူး။

ကျနော် ဘာတွေလုပ်ပေးနိုင်ခဲ့လဲဆိုတော့၊

ဌာနတခုလုံးကို လက်နှိပ်စက်ကနေ ကွန်ပျူတာစံနစ်ကို ပြောင်းတတ်ပေးခဲ့နိုင်တယ်၊ ဖောင့် standard တွေ ထားခဲ့တယ်၊ ကွန်ဗာတာတွေ ထားခဲ့တယ်၊ အဲဒီမှာ နီပေါကို ကျနော် GIS Training သွားတက်ပြီး အပြန်မှာ အမေရိကန် ပညာရှင်တွေခေါ်လို့ ဝန်ကြီး အစီအမံနဲ့ ပထမဆုံး national Seminar လုပ်ခဲ့တယ်၊ ပညာရှင်တွေနဲ့ လိုက်ပြီး ဌာနအသီးသီးကို ဒီပညာသင်ဘို့ ကျနော် စည်းရုံးနိုင်ခဲ့တယ်။

ကျွမ်းကျင်မှုတွေလဲ အများကြီးပါပဲ ၀န်ကြီးရဲ့ အတွင်းဝန်ပုံစံတာဝန်ခံထားတဲ့ဆရာအောက်မှာနေရတာ

နောက်သူ့ အားပေးမှု၊ အစည်းအဝေးတွေမှာ technical issues တွေဆိုတာနဲ့ ဟိုကောင့်သွားခေါ်ဆိုပြီး ထိုင်ခိုင်း ပြောခိုင်းတော့တာပါပဲ၊ သစ်တောမှာ နောက်တန်းမှာ ထားခဲ့သမျှ ရှေ့ တန်းမှာ လွတ်လွတ်လပ်လပ် ရဲရဲဝံ့ဝံ့ လုပ်နိုင်ခဲ့ပါရဲ့ ။

မိန့် ခွန်းတွေ ၇ိုက်၇တယ် ကိုယ်တိုင်၇ိုက်ရတယ်၊ နောက်ပိုင်းနဲနဲပါးပါးရေး၇တယ်

သစ်တော မူဝါဒ ဘာသာပြန်တဲ့အလုပ်လုပ်ရင်း သစ်တောဆရာကြီးတွေဆီကနေ အများကြီး မေးမြန်းလိုက်ရတယ်

အဲဒါနဲ့ ပဲ သစ်တောဌာနက အင်းလေး၊ ကင်းတား ဖူးကြီး ရေဝေရေလဲ စီမံကိန်းများအတွက် အမျိုးသားပညာရှင် (မြေအသုံးချရေး အမျိုးသားပညာရှင်) ခေါ်တော့ ကျနော် စိနီယာ ၂ယောက်ကို ကျော်ပြီး ကျနော်ဒုက္ခရောက်နေတယ်ပြော၇မဲ့အချိန်တွေမှာ တေတေပေပေလုပ်ခဲ့တဲ့ အလုပ်တွေ တတ်ခဲ့တဲ့ ပညာရပ်တွေကြောင့်၊ ရွေးချယ်ခြင်းခံခဲ့၇ပြီး အက်ဖ်အေအို ၀န်ထမ်းဘ၀ရောက်ခဲ့ပါရတော့တယ်ခင်ဗျား။

(၅)
၁-၄-၁၉၉၅ ကနေ ၁-၁၀-၉၆အထိ ၁၈လတိတိ ကျနော်အလုပ်လုပ်ခဲ့ရတယ်

ကံကောင်းချင်တော့ လစာက ၉၅၀ ဒေါ်လာနဲ့ ရတယ်

လစာပြသနာကတော့ ထုံးစံဆိုပြီး ယူအင်န်ဒီပီက ငွေလွှဲပေးတဲ့အခါမှာ ၁၅%ကို မြန်မာငွေနဲ့ ထုတ်ပေးတယ်။
နောက် သူတို့ ဝန်ထမ်းမဟုတ်ဘူးဆိုပြီး ၁၀% ကင်းလွတ်ခွင့်စာကို မပေးဘူး၊ ဒီတော့ ဘဏ်က ၁၀%ထပ် ဖြတ်တယ်၊ ဒါဆိုရင် ဟို ၁၅%ကို မြန်မာလို လုပ်စရာမရှိဘူး
တခါ ကားသွင်းချင်လို့ ထောက်ခံချက်လဲ တောင်းရော မပေးနိုင်ဘူးတဲ့။

ဘယ်မှာပေါ်သလဲဆိုတော့ နောက်ဆုံးလစာ ၃လစာကို ကျနော် အက်ဖ်အေအိုကနေ ထုတ်၇တော့ အက်ဖ်အီးစီနဲ့ ထုတ်ပးပါဆိုတဲ့ စာလေးရေးပေးလိုက်တာနဲ့ ကျနော် ဘယ်ကမှ အဖြတ်မခံရပဲ အပြည့်ရတယ်။ ခံပေါ့ မောင်ကို အတာကိုး

အလုပ်၊ အဲအဲ အလုပ်ကတော့ အလုပ်နဲ့ ကိုမတူဘူး။ ကျနော့်အတွက် Job Training တခုလိုပါပဲ။

အဲဒီမှာက စီတီအေ ကူးမား ဥပါဒေး (နီပေါ အမျိုးသား) နဲ့ တွဲရတယ်၊
အမှန်တော့ ဒီရာထူးက သူနဲ့ ခင်နေတဲ့ သစ်တောဌာနက ပညာရှင်တွေအတွက် သူထွင်ပေးလိုက်တဲ့ ရာထူး၊ ကျနော်က ၀န်ကြီးရုံးကနေ ၀င်လျှောက်ပြီးရလာတာဆိုတော့ သူ ကျနော့်ကို ပထမပိုင်း မကြည်ဘူး၊ ကျနော့် confirmation ကိုသူ ရောမအထိပို့ ပြီးမှခန့် တယ်၊ တခြား ပညာရှင်တွေကို သူ ယာယီခန့် ပြီးကိုထားတယ်။

နောက်ဆုံးတော့ လက်တွဲလုပ်ကျတယ်။

ကျနော့်လုပ်ငန်းရဲ့ အစိတ်အပိုင်းကကို ဒေါ်လာတသိန်းခြောက်သောင်းလောက်ရှိတယ်၊ ကန်ထရိုက်ကို ဂျာမဏီက GAF (Company for applied remote sensing) ဆိုတာက ရထားတယ်။

ကွန်ပျူတာပစ္စည်းတွေကိုအများကြီးဝယ်ရမယ်၊

အခုမှ ယူအင်န်ဒီပီက ပြန်အစဖေါ်လုပ်နေတဲ့ အင်းလေးကန်အတွက် မြေအသုံးချမှု စီမံကိန်းပဲ

စီမံကိန်းဘယ်လိုလုပ်ရမယ်၊ ဘယ်လို တိုင်းတာမယ် အစရှိသည် အပြည့်၊ သစ်တောဌာနနဲ့ ဆက်စပ်ဌာနက လူတွေ လုပ်တတ်တဲ့အထိ ပြန်သင်ပေးရမယ်။

ကွန်ပျုတာ အသုံးချမှုတွေမှာမှ အဆင့်အမြင့်ဆုံးဖြစ်တဲ့ remote sensing, Geographic information system, database. soil erosion survey, landuse planning ဒါတွေကို အပြည့်သုံးတယ်၊ အဲဒိပြီးကထဲက ကျနော်ဒါတွေ တတ်သွားပြီး အော်နေခဲ့ရတာလေ၊ တကယ်သုံးဘို့ ။

ပထမဆုံးပြသနာ၊ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည် တန်ခိုးထွားချိန်ပေါ့၊ မြန်မာ ယူအင်န်ဒီပီဟာ အပတ်စဉ် သူ့ ကို အစီရင်ခံစာပေးရတယ်။
အစိုးရ ဌာနတွေကို capacity building လုပ်မပေးဘို့ တင်းကျပ်စွာ တားမြစ်ထားတယ်။

ဥပါဒေးဟာ အဲဒီအချိန်က ကံဆိုးရှာတာ သူ့ အမျိုးသမီး အမေရိကန်မှာ ကော်မာလိုကို ဖြစ်နေလို့ အားလုံနီးပါး ငွေကမကိုင်ရုံတမယ် ကျနော့်ကို လွှဲထားတယ်၊ ယုံသွားတာရယ်၊ နောက် ၀န်ကြီးရုံးဝန်ထမ်းဆိုတော့ အင်မတန်ခက်တဲ့ protocol တွေကို ကျနော်က အလွယ်လေးဖြစ်သွားအောင်လုပ်ပေးနိုင်တယ်ဆိုတာကို သိလို့ ပါပဲ။

အလုပ်မစနိုင်ခင်မှာကို ကျနော် သစ်တောဌာနရဲ့ ကောင်တာပတ် အဖွဲ့ အစည်းကို ဖွဲ့ နိုင်ခဲ့တယ်၊ သယံဇာတရဲ့ ကွန်ပျူတာဌာနနဲ့ ကောင်းကင်ဓါတ်ပုံဌာနကို ပေါင်းလိုက်တာကိုး။
ဌာနစိတ်၂ခုဟာ တယောက်ကိုတယောက် သတိကြီးစွာ စောင့်ကြည့်ရင်းနဲ့ပဲလက်တွဲလာကြတယ်။

နောက်ပိုင်းမှာတော့ ကွန်ပျူတာဆရာတွေက ကိုမောင်ကို ကုလားအုပ်ကြီးလို ခေါင်းစတိုးပြီး ၀င်လာတာကို လက်ခံမိလိုက်တာ မှားတာပဲလို့ ပြောကြလေရဲ့ ။

ရောမရုံးကကို လာစစ်တယ်၊ ကျနော်တို့ ဒီအလုပ်ကို ဆက်လုပ်နိုင်ပါ့
မလား၊ ဒီယူနစ်ကို သစ်တောဌာန သယံဇာတ ကွန်ပျူတာဌာနမှာ မထားပဲ သူတို့ ယူအင်န်မှာပဲထားမလားလို့ ၊

ကျနော်လာစစ်တဲ့ မစ္စတာ အပ္ပနားကို ယုံကြည်အောင် ကျနော်နဲ့ ကျန်တဲ့အဖွဲ့ သားများအားလုံ ညီင်္ညညွတ်ညွတ်နဲ့ ပြလိုက်နိုင်ပါတယ်။

သူ့ ပြောစကား ဒီ State of the art technology ကို မင်းတို့ အကျိုးရှိအောင် အသုံးချနိုင်ပါ့မလားတဲ့။

အဲဒီအချိန်တုံးက ဥပါဒေးက ကျနော့်ကို ငွေဘယ်လောက်ကုန်ကုန် အစိုးရဌာနမှာ မထားဘို့ နေရာရှာဘို့ အမိန့် ပေးထားပြီးပြီ။

ကျနော် ယူအင်န်ကို မယုံတာတွေ ခင်ဗျားတို့ ဖတ်ရလိမ့်မယ်။

အားလုံးဆုံးဖြတ်ပြီးတဲ့အချိန်မှာ စက်ကင်းတာဝန်ခံ ဒက်စ်ဆိုတဲ့ကောင်က ကျနော့်ကို ခေါ်တွေ့ တယ်။

ရောမရုံးရဲ့ ထောက်ခံချက်ကြောင့် မင်းတို့ သစ်တောဌာနမှာပဲ မဖြစ်မနေထားရပါတော့မယ်တဲ့။

ကျေးဇူးတင်ပါတယ်လို့ ကျနော်ဖြေလိုက်တယ်။

ဒါကြောင့် တခု အကူအညီတောင်းချင်တယ်တဲ့

ဘာများလဲ၊

ယူအင်န်ဒီပီကနေ ဒိလောက်တန်ဘိုးရှိတဲ့ ပစ္စည်းကိရိယာတွေ၊ အကူအညီတွေကို မင်းတို့ အစိုးရဌာနကို ပေးတယ်ဆိုတာကို လျှောက်မကြွားပဲ လျှို့ ဝှက်ပေးထားနိုင်မလားတဲ့။

ကျေးဇူး အများကြီး အများကြီးတင်ပါတယ်လို့ ကျနော်ဖြေလိုက်ပါရဲ့ ။

(၆)
ကျနော်တို့ မြန်မာပြည်ကို ပထမဆုံးလာတွေ့ တဲ့ဆရာက GAF ရဲ့ ဒါရိုက်တာ ပီတာ ဗေါ့၊

ရုံးခန်းနေရာလာကြည့်တယ်၊ နောက် ကွန်ပျူတာနဲ့ ဝယ်၇မဲ့ စာရင်းတွေ အတည်ပြုကြတယ်၊ အလုပ်အတွက်လိုတာတွေ စုတယ်၊ မြေပုံတွေ အများကြီး သုံးရတာကိုး၊ နောက် မြေတိုင်းမြေပုံတွေ၊ ကောင်းကင်ဓါတ်ပုံတွေ၊ နောက် အခက်ခဲဆုံး ကြေးတိုင်မြေစာရင်းရဲ့ ကွင်းမြေပုံများ။

ကျနော် တော်တော်ကံကောင်းပါရဲ့ 

အမိကျောင်းတော် အိုင်တီစီဟာ ဒီနည်းပညာတွေကို ကောင်းကောင်းသင်ပေးလိုက်ရုံတင်မကပါ၊ မြန်မာနိုင်ငံမှာ ဒါနဲ့ ပတ်သက်တဲ့ ဆက်စပ်အဖွဲ့ အစည်းများနဲ့ လဲ အတူတူတက်ရတာကိုးဗျ၊ မြေတိုင်း၊ ကြေးတိုင်မြေစာရင်း၊ တက္ကသိုလ် ပထ၀ီဌာန၊ နောက် ကျန်တဲ့ဌာနပေါင်းများစွာ စက်မှုတက္ကသိုလ်ကအစ၊ ဖဲ၇ိုက်ဖက်၊ အရက်သောက်ဖက်၊ နောက် ကျနော်က အိုင်တီစီရဲ့ စန္ဒယားဆရာကလဲ ဖြစ်လိုက်သေးတော့ ကဖေါ်ကဖက်၊ ဆိုဖေါ်ဆိုဖက်တွေ၊ အခက်အခဲမရှိပါပဲ၊ old boys network ခေါ်မပေါ့။

သူ့ ခရီးစဉ်လေးမှာကျနော် သိလိုက်တာ

ကွန်ပျူတာတွေအတွက် အဲဒီလို ပစ္စည်းတွေအတွက်

endurance test

ကွန်ပျူတာတွေရောက်ရင် သူတို့ ဝယ်ပေးတာပေမဲ့ endurance test လုပ်နည်းသေသေချာချာ ပြပေးတယ် မှာတယ်၊ တကယ် စေ့စပ်တဲ့ ဂျာမန်တွေပါပဲ

Pentium PC 1 giga byte hard disk, key board. 19" monitor, mouse , ethernet, DOS, Windows, MS Office, SVGA 2 MB, CD, 256 Kb cache, 32 mb RAM, Pentium 90 MHZ, terminator, SCSI adapator.

၁၉၉၅မှာ ဒါ အင်မတန်မြင့်တဲ့စက်ပါပဲခင်ဗျာ

စက်တွေကို ၂၄နာရီ ဖွင့်ထားရတယ်၊ များလှတဲ့ ဂြိုလ်တုဓါတ်ပုံဖိုင်တွေ၊ တင်လိုက်ချလိုက်၊ နောက် အားလုံးကို အီသာနက်နဲ့ ချိတ်ကြရတယ်၊ ၁၉၉၅၀န်းကျင်မှာ ဒါတွေဟာ ဘဏ်လိုနေရာတွေလောက်ပဲ သုံးနိုင်ပါတယ်။

A0 plotter Design jet 650C၊ အဲဒီအချိန် မြန်မာပြည်မှာ လက်ငါးချောင်းမပြည့်တဲ့စက်၊ တပ်မတော် မြေပုံထုတ်မှာပဲ ရှိတယ်ထင်တယ်။

များပြားလှတဲ့ ဂြိုလ်တုဓါတ်ပုံတွေကို ကိုင်တွယ်ဘို့ က 8205 exabyte tape drive, 8 mm data tape, SCSI, back up software.

GPS က Magellan Survyer, အခုအထိ ကောင်းတုံး၊ အဲဒီအချိန်တွေက အဲဒါကိုသုံးရင်စစ်တပ်တွေနားမှာဆိုပါက ထွက်လာပြီ ကဂျီကဂျောင်အလုပ်ခံရလေရဲ့ 

ကျနော်ကိုင်ခဲ့တဲ့ လက်ပ်တော့ပ်၊

486 100MHZ, 32MB RAM 500MB harddisk.

အဲဒီအချိန် အမြန်ဆုံးပဲ၊ UNDP ကလူတွေ သောက်မြင်ကပ်တာလဲ မပြောနဲ့ 

သုံးတဲ့ software တွေအားလုံးကလဲ လိုင်စင်နဲ့ ပါပဲ

A3 sharp scanner. ကောင်းကင်ဓါတ်ပုံတွေ စကင်ဆွဲနိုင်ဘို့ က အေ၃နဲ့မှရတယ်၊ ဆရာဦးအောင်မြင့် ကောင်းကင်ဓါတ်ပုံစာအုပ်က ဒီစကင်နာကို ကောင်းကောင်းအသုံးချသွားတယ်၊

ကျနော်တို့ က ဂြိုလ်တုဓါတ်ပုံပဲ သုံးကျတော့တာကိုး

အဲဒီပစ္စည်းတွေကို သယ်ဘို့ အခွန်လွတ်ဘို့ စတာတွေ အားလုံးကိုတော့ စက်ကပ်ကျေးများကလုပ်ပေးကြပါတယ်။

ကဲ ကွင်းဆင်းတော့မယ်

နေရာက ရေဝေဆည်တွေက ၃ခု၊ အင်းလေး/မိုးဗြဲဆည်။ ကင်းတားဆည်၊ နောက်ဖူးကြီးဆည်။ နောက်နေရာတခုက ဒီရေတောနေရာ ဘိုကလေးနဲ့ လပွတ္တာကိုခွနေတယ်၊

စီမံကိန်းက၂ခု၊ ကျနော်ကတော့ ၂ခုလုံးကို တာဝန်ယူပေးရတယ်၊ ဒိရေတောက စီတီအေ တယောက်၊ လာဟီရီတဲ့ သီဟိုဋ္ဌ်သား။ သဘောကောင်း၏။ သူ့ မှာလည်း
သူ့ အမျိုးသားပညာရှင်အပြည့်၇ှိပေမဲ့၊ ကျနော့်နယ်ပယ်အတွက်မရှိ၊ တခါတလေ သူရယ် ဥပါဒေးရယ် နောက် ဒီအချိန်မှာ သစ်တောညွှန်ချူပ်ဖြစ်နေပြီ ဖြစ်တဲ့
ကျနော်နဲ့ ညိခဲ့ဘူးတဲ့ဆရာရယ် ၃ယောက်ကြားမှာ ကျနော် ညပ်လေ့ရှိပါတယ်။

ပထမဆုံးဆင်းတာက ဒီရေတော၊ GAF ဟာ ဂျာမန်တက္ကသိုလ်က ပထ၀ီပါမောက္ခ တယောက်လုံးကို ခေါ်လာပါတယ်၊ လပွတ္တာကို အရင်ဆင်းကြတယ်၊ ယိုဟန်နက်စ်လို့ ခေါ်တဲ့ ကျနော်နဲ့ အစအဆုံးတွဲရမဲ့ ဂျာမန်လူငယ်ရယ်၊ ပါမောက္ခကြီးရယ်၊ ကျနော်ရယ်၊ နောက် ဒီရေတောက ခန့် ထားတဲ့ အမျိုးသားပညာရှင် အခုဆရာကြီး ကိုဝင်းမောင်ရယ်၊

ရန်ကုန်ကနေ လပွတ္တာကို အဲဒီအချိန်တွေမှာ သဘောင်္နဲ့ပဲ သွားကြရတယ်၊ စဉ်းအိုးတန်းဆိပ်ကမ်းကနေပဲ သွားကြရပါတယ်။

အလုပ်က မြေအသုံးချမှုနဲ့ သစ်တောအမျိုးအစားတွေ တိုင်းရတာပဲ၊ အကြမ်းဖြင်းအနေနဲ့ ကိုယ်လုပ်ပြီးသားတွေ၊ ဒါပေမဲ့ သူတို့ နဲ့ တွဲလုပ်တော့မှ ဒီရေတောဆိုင်ရာ အခေါ်အဝေါ်တွေ ဘူမိရုပ်သွင်ပညာတွေကို ထဲ့ပြီး မြေအမျိုးအစားတွေ ခွဲကြတယ်၊ လင်းဝင်းဆိုတဲ့ မြန်မာအခေါ်အဝေါ်ကို သူတို့ ထဲ့ကြတယ်။

ရီစရာတော့ဖြစ်သေးတယ်။ သတိထားစရာလဲပါရဲ့ ။

ဂျီပီအက်စ်ကို စသုံးကြတယ်လေ။ လပွတ္တာမှာ ယိုဟန်နက်စ်ဟာ မနက်စတဲ့အချိန် ဂျီပီအက်စ်ကို လှေဦးမှာ တင်ပြီး initiate လုပ်ပါတယ်၊ ရန်ကုန်မှာ စမ်းခဲ့တုံးက အကောင်း၊ Survey II အမျိုးအစားဟာ ဈေးတော်တော်ကြီးပါတာ်၊ အဲဒီတုံးကကို ဒေါ်လာ ၂၀၀၀ကျော်တယ်ထင်တယ်။

အလုပ်မလုပ်တော့ပါ၊ ဒီရေတောဖီးလ်တခုလုံး အဲဒါ အလုပ်မလုပ်ပါ၊ ဒီကောင်လုံးဝ စိတ်ဓါတ်ကျသွားပါတယ်၊ သူကျနော်တို့ လို ရိုးရိုးမြေပုံတွေနဲ့ ဓါတ်ပုံတွေနဲ့ စခဲ့တာမဟုတ်တော့ ငါမလုပ်တတ်တော့ဘူးပဲ ပြောပါတယ်။

ကျနော် မနေနိုင်ဘူး၊ သစ်တောသယံဇာတက ပညာရပ်တွေနဲ့ ပဲ လုပ်စရာရှိတာတွေကို ၀ိုင်းလုပ်ပေးခဲ့ပါတယ်။

လပွတ္တာကနေ ဘိုကလေးပြောင်းပြီး အခြေချနေတုံးမှာပဲ၊ ဥပါဒေးဆီက ခက်ခက်ခဲခဲ ဖုန်းဝင်လာပါတော့တယ်၊ ရေဝေရေလဲ ကွင်းဆင်းဘို့ အတွက် ဒတ်ခ်ျပညာရှင်ရောက်တော့မယ်၊ေ၇ဝေရေလဲ ပညာရှင် ဦးမောင်ကို ဒီရေတောထဲမှာဘာလုပ်နေပါလဲ အမြန်ပြန်လာပါပေါ့။

ပြသနာပါပဲ ဘယ်သွားတယ်ဆိုတာ သိရက်သားနဲ့ ၊ ဒါနဲ့ ပဲ ဂျာမန်တွေကို ဘိုကလေးမြို့ နယ်မှုးကို လက်လွှဲလို့ ၇န်ကုန်ကို တက်လာခဲ့ပါတော့တယ်၊ ကျနော် တသက်မမေ့နိုင်တဲ့ ဒတ်ချဆရာကြီး မြေဆီလွှာပညာရှင် စတူးမင်းနဲ့ တွေ့ ရပါတော့မယ်။

(၇)
စတူးမင်းအကြောင်းကို သူသင်ပေးခဲ့တာတွေကို ကျနော် နုံးတွေ စည်းကမ်း စသည်တို့ မှာ ရေးဘူးခဲ့ပါတယ်
သူနဲ့ နောက် ယိုဟန်နက်စ်နဲ့ လုပ်ခဲ့တုံးက သိခဲ့တတ်ခဲ့တာတွေကို နောက် ၁၀နှစ်တာမှာ ၂၀၀၅မှာ ကျနော်ပြန်ပြီး ကွင်းဆင်း စစ်ဆေးခဲ့ဘူးပါတယ်၊ ရလဒ်ကို အောက်က မှတ်စုတွေမှာ ဖတ်နိုင်ပါရဲ့ 

စည်းကမ်း(၁)
စည်းကမ်း(၂)
စည်းကမ်း(၃)
စည်းကမ်း(၄)
ကျနော်လုပ်နေရတဲ့ အလုပ်ကို စရှင်းပြရတော့မယ် အောက်က စာတွေကို ဖတ်ကြည့်၊ လက်ရှိ လက်ပံတောင်ကအစ ဒါတွေ မရှိခဲ့လို့ ဆိုပြီး အော်နေတဲ့ မြေအသုံးချမှု မူဝါဒပါပဲ

  1. 1.                  Objectives of land-use policies
The national/state land-use policy should have the following broad objectives:

(a)               To achieve greater coordination and integration in the management of land, through appropriate legislative, institutional and policy arrangements and the effective involvement and participation of the whole community;
(b)               To ensure that land is always used within its capability, and for its optimal suitability;
(c)                To ensure the continued stability and productivity of the land on a sustainable, long-term basis;
(d)               To manage land and land resources on an integrated, watershed system basis;
(e)               To identify land degradation and rectify this degradation through coordinated land use and management.

မြေအသုံးချမှု မူဝါဒများ၏ ရည်ရွယ်ချက်များ

နိုင်ငံအဆင့်/ ပြည်နယ် တိုင်းဒေသကြီးအဆင့် မြေအသုံးချမှု မူဝါဒတွင် အောက်ပါ ကျယ်ပြန့် သော ရည်ရွယ်ချက်များ ပါရှိသင့်သည်။

(က)    သင့်လျှော်သော ဥပဒေဆိုင်ရာ၊ အုပ်ချူပ်မှု ယန္တရားဆိုင်ရာနှင့် မူဝါဒ စီမံမှုများဆိုင်ရာတို့ အပြင် လူမှုအဖွဲ့ အစည်းတစ်ခုလုံး၏ ပါဝင်ပတ်သက်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ ကို အသုံးချ၍ မြေအား စီမံအုပ်ချူပ်ရာတွင် တွဲဖက်ဆောင်ရွက်ခြင်း၊ စုပေါင်းဆောင်ရွက်ခြင်းတို့ ပိုမိုရရှိစေရန်။

(ခ)     မြေအသုံးချမှုသည် ယင်း၏ စွမ်းဆောင်ရည် (capability) နှင့် အကောင်းဆုံး သင့်လျှော်သည့်မြေအသုံးချမှု (Optimal suitability) ဘောင်အတွင်းမှာပင် ရှိနေရေးအတွက် အာမခံနိုင်ရန် (မှတ်ချက် မြေစွမ်းဆောင်နိုင်မှုပြ မြေပုံများ (Land capability maps) ထုတ်လုပ်ရန် လိုအပ်ပါမည်။

(ဂ)     မြေ၏ တည်မြဲမှု၊ ထုတ်လုပ်နိုင်မှုတို့ ကို စဉ်ဆက်မပြတ်၊ ကာလတာရှည် တည်တံ့နိုင်စေရန်

(ဃ)    မြေနှင့် မြေသယံဇာတများကို စုပေါင်း ရေဝေရေလဲ စနစ် (Integrated, watershed system basic) ဖြင့် အုပ်ချူပ်ရန်

(င)     မြေ ယိုယွင်းပျက်စီးမှုများ (Land degradation) ကိုဖေါ်ထုတ်တိုင်းတာ၍ ဤယိုယွင်းပျက်စီးမှုများကို စုပေါင်း တွဲဖက်ဆောင်ရွက်သော မြေအသုံးချမှု၊ မြေစီမံအုပ်ချူပ်မှု စံနစ်များကို အသုံးချ၍ ထိန်းချူပ်ရန်

ကဲ ဖတ်ထား စဉ်းစားထားလိုက်ကြအုံးဗျာ

(8)
မြေအသုံးချမှု စီမံကိန်း၊ မူဝါဒ

အခုအချိန်မှာ အင်မတန် ဟော့နေတဲ့ တော့ပစ်ပါ။

မြစ်ဆုံလိုကိစ္စတွေ၊ လက်ပံတောင်လို ကိစ္စတွေ၊ဘာဖြစ်လို့ ပြသနာတွေ အနေနဲ့ ရှိတာလဲ

ဒီရေတောတွေ ပျက်သုဉ်းလို့  လူတွေ သောက်သောက်လဲသေတုံးက ဘာကြောင့် ဒီရေဒဏ်ကို မခံနိုင်တာလဲ။

အပေါ်က အချက်တွေထဲက ဒီစာသားကို ချိုးဖေါက်ကျတာကလား

မြေအသုံးချမှုသည် ယင်း၏ စွမ်းဆောင်ရည် (capability) နှင့် အကောင်းဆုံး သင့်လျှော်သည့်မြေအသုံးချမှု (Optimal suitability) ဘောင်အတွင်းမှာပင် ရှိနေရေးအတွက် အာမခံနိုင်ရန်

စွမ်းဆောင်ရည် ကျော်ပြီးခိုင်းရင် တာရှည်မခံဘူးဆိုတာကို လူတိုင်းသိကြပါရဲ့ ၊ အဲစွမ်းဆောင်ရည်ထက် နိမ့်ပြီးခိုင်းရင်လဲ အရပ်စကားနဲ့ ပြောရရင် တွက်ခြေ မကိုက်ဘူးပေါ့။

ဒီတော့ ဘာလုပ်ရမလဲ၊ စွမ်းဆောင်ရည်ကို သိအောင် မြေပုံထုတ်ရတယ်။

ကျနော့်တာဝန်ရဲ့ အခြေခံအပိုင်းက အဲဒိမြေပုံပါပဲ၊ မြေ၏ စွမ်းဆောင်ရည်မှုပြ မြေပုံလို့ ခေါ်တယ်။

Land capability map.

အရင်က ကျနော် လွဲမှားစွာ ထင်ခဲ့ဘူးတယ်၊ ငါ ဒီလုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ ပထမဆုံးလုပ်ရတာပဲလို့ ၊ ကျနော့်ထုံးစံအတိုင်း မြောက်ကြွ မြောက်ကြွပေါ့၊ ရှေ့ တန်းအလုပ်ဖြစ်၊ နောက်ဆုံးပေါ် နည်းပညာတွေဖြစ်၊ ကိရိယာအသစ်တွေနဲ့ ကိုင်၊
မကြာပါဘူး literature review တွေလုပ်ရင်း ဆက်စပ်ဌာနများနဲ့ အတူတူဆောင်ရွက်ရင်း တအံ့တသြပါပဲ၊ ကိရိယာတွေသာ မတူတယ်၊ နည်းပညာအခြေခံတွေက ရေဝေရေလဲဆိုရင် ၁၉၃၄လောက်ကကို စခဲ့ပေရဲ့ ၊ ရှမ်းပြည်နယ် မြေယာကာကွယ်ရေး ဥပဒေကို ၁၉၅၁ကထဲက အတည်ပြုခဲ့တယ်။ ကျနော်က ပြည်နယ်ဥပဒေတွေ ဖျက်သိမ်းသွားပြီလို့ ထင်ခဲ့တာ၊ အခု ၂၀၁၂ထဲမှာမှ ပြန်လိုက်ရှာရင်း ဥပဒေအရ အသက်ရှိနေတုံးပဲလို့ သိရတယ်၊ လယ်/ဆည် ကောက်က မြေအသုံးချရေးဌာနခွဲဟာ ခေတ်အဆက်ဆက် အရင်ကထဲက land capability map တွေလုပ်လာခဲ့တယ်၊ ဌာနတွေကွဲပြားလို့ အခေါ်အဝေါ်တွေ လွဲတာတော့ ရှိသပေါ့။

ဒီရေတော၊ အဲ ဒီရေတောထဲမှာတော့ မြေအသုံးချနိုင်စွမ်းအနေနဲ့ စတင်ကျိုးပမ်းတာ ကျနော်တို့ ဘာပဲ။

မြေရဲ့ အသုံးချနိုင်စွမ်းကို တိုင်းတာတဲ့နေရာမှာ ဒီရေတောနေရာ (ကမ်းခြေ coastal area)တွေနဲ့ တောင်တန်းဒေသတွေ (ကုန်းမြေ terrestrial) ကွဲပြားလေရဲ့ ။

ဒီရေတောမှာ အဓိက ထိန်းထားတာက ဒီရေ ရောက်တဲ့ အမြင့်၊ ဒီရေတက်တဲ့ကာလ နဲ့ ဆားငန်ဓါတ် (Salinity) ဖြစ်ပါတယ်။

တောင်တန်းဒေသတွေမှာကတော့ မြေရဲ့ လျှောစောက် (slope percent or degree)၊ မြေဆီလွှာရဲ့ အထူ Soil depth တို့ က အဓိက ကျပါတယ်။

တခုခု ထိန်းသိမ်းတော့မယ်ဆိုရင် ကျနော်တို့ အမြဲမြင်ကျ ပြောကျတာတွေက သဘာဝကို ထိန်းသိမ်းတယ်၊ မြေဆီလွှာကို ထိန်းသိမ်းတယ်၊ သားရိုင်း တိရိစ္ဆာန်တွေကို ထိန်းသိမ်းတယ်၊ ရေ အရည်အသွေးကို ထိန်းသိမ်းတယ်၊ ဒီလိုပဲ ပြောကျလေရဲ့ ၊

ကျနော် အဲဒီ ရေဝေရေလဲ အလုပ်ကို လုပ်တုံးကတောင် သဘောမပေါ်ပေါက်ပါဘူး၊

အခုတလော သဘောပေါက်တယ်ထင်ပြီး ခံယူလာတာက၊ ကျနော်တို့ ထိန်းသိမ်းရတာက လူတွေပါပဲ၊ လူတွေရဲ့ အပြုအမူတွေကိုပဲ ထိန်းသိမ်းရတာပါ၊ လူတွေသာမရှိရင် ဘာမှ ထိန်းသိမ်းစရာမလိုပါဘူး၊ environmental management ဆိုတာ

Environmental management can be defined as the administration of human activities as they affect and relate to the entire range of living and non-living factors that influence life on earth and their interactions.

ပတ်ဝန်းကျင် စီမံခန့် ခွဲမှုဆိုသည်မှာ ကမ္ဘာမြေပေါ်ရှိ သက်ရှိများနှင့် ယင်းတို့ ၏ ကူးလူးဆက်နွယ်မှုများအပေါ် သြဇာလွှမ်းမိုးသော သက်ရှိသက်မဲ့အရာ အားလုံးကို နှီးနွယ်ဆက်စပ် အကျိုးသက်ရောက်စေသည့် လူတို့ ၏ ပြုမူဆောင်ရွက်ချက်များအားစီမံခန့် ခွဲမှုကို ဆိုသည်။

ဒါဟာ လက်ရှိ ထုတ်ပြန်တော့မဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေမှာ ကျနော် ဆွေးနွေးပြီးထည့်ပေးနိုင်ခဲ့တဲ့ ဖွင့်ဆိုချက်ပါပဲ၊ အခု ECCDI လို အဖွဲ့ တွေတောင် ဒါကို နားလည်မထားပါဘူး၊ ပတ်ဝန်းကျင်ကိုပဲ ထိန်းဘို့ ကျိုးစားနေကြတာပါ၊ အမှန်ကတော့ လူကို ထိန်းရတာပါ၊

ဒါကြောင့် လူတွေရဲ့ လူမှုစီးပွားရေးစစ်တမ်းတွေ ဆာဗေးတွေဟာ မြေအသုံးချမှု စီမံကိန်းတွေမှာ မရှိမဖြစ် လိုအပ်လာပါလေရဲ့ 

(၉)

GAF ဟာ အဲဒီအလုပ်တွေအပြင် သစ်တောဌာန (မြန်မာနိုင်ငံ)က ဆက်လုပ်နိုင်အောင် သင်တန်းပေးရတဲ့တာဝန်၊ ဆက်လုပ်နိုင်ဘို့ ကိရိယာများ တပ်ဆင်ပေးရတဲ့တာဝန်၊ အစရှိသည်၊ နောက် အစီရင်ခံစာနဲ့ လက်စွဲများ ထုတ်၇တဲ့တာဝန်၊ ဂျီအိုင်အက်စ် ဒေတာဘေ့စ်များ၊ မြေပုံများထုတ်ရတဲ့တာဝန် အစစကို တာဝန်ယူရပါတယ်၊ ကျနော်အောက်မှာ အစီရင်ခံစာ၂ခုကို မိုင်းနပ်စ်နဲ့ လင့်ပေးထားပါတယ်။



ပညာရှင်အဖွဲ့ ဟာ
မြေဖုံးလွှမ်းမှုမြေပုံများထုတ်လုပ်ခြင်း၊ ယိုဟန်နက်စ်နဲ့ ကျနော်
လှုမှုစစ်တမ်း ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

Bechstedt ဆိုတဲ့ ဂျာမန် လူမှုစီးပွားရေးပညာရှင်။ ဦးရူပ (စီးပွားရေ တက္ကသိုလ်) နောက် ကြားဖြတ်ဝင်ရိတ်တဲ့ ကျနော့်သူငယ်ချင်းအုန်းဝင်း
မြေဆီလွှာ တိုင်းတာခြင်း ဆိုင်ရာ အဖွဲ့ က Stuuman ဒတ်ခ်ျပညာရှင်၊ ကျော်ဇေယျ (သစ်တော) နောက် တပည့်ကျော် ဇော်ဝင်း၊ ဇော်ဝင်းက အဲဒိတုံးက တောကြပ်မြေပုံဆွဲစာရေးလေး၊ အခုဒိကောင်က UNODC, ICMP မှာ ဒေါ်လာ ကိုးရာကျော်လောက်ရတဲ့ ဒေါ်လာစား အမေရိကန် ESRI မှာကို Smithsonian Institute ကနေ မြန်မာဆိုရင် အင်မတန်နှိမ်လေ့ရှိတဲ့ မြန်မာ အမေရိကန်သံရုံးကို ဖိအားပေးပြီး ဗီဇာထုတ်ခိုင်းပြီး တက်ခိုင်း၇တဲ့ ပညာရှင်ဖြစ်နေပြီ။

နောက် သင်တန်းတွေ။

ဂျီပီအက်စ်သင်တန်း၊ ဂျီအိုင်အက်စ် သင်တန်း၊ြ၈ိုလ်တုဓါတ်ပုံသင်တန်းတွေကို အဆင့်ဆင့်ပေးပါတယ်။

ဒီမှာ သစ်တောဌာန ကွန်ပျူတာ ပညာရှင်များနဲ့ သစ်တောဘွဲ့ ရများရဲ့ တိုက်ပွဲကြီးများ အကြောင်းကို ရေးရတော့မယ်။

သစ်တောဌာနဟာ လက်ရှိ remote Sensing & GIS မှာ မြန်မာပြည်မှာ နာမည်ကြီးပါတယ်၊ နောက် အကြောင်းကြောင်းကြောင့် အရှေ့ တောင်အာရှတလွှားမှာလဲ နာမည်ကြီးတယ်၊ (ကျနော်တို့  ကိုယ့်အလုပ် ကိုယ့်ဘာသာကိုယ်လုပ်ရတာကိုး) ထိုင်းက နိုင်ငံအနေနဲ့မြင့်ပေမဲ့ အစိုးရအလုပ်ကျတော့ ပြင်ပ ကုမ္ပဏီတွေကို ကန်ထရိုက်ပေးတယ်၊ ဒီလိုပဲ နိုင်ငံအတော်များများ၊ မြန်မာအတွက်ကတော့ အပိတ်ခံထားရတော့ ကိုယ့်ဘာသာကိုယ်လုပ်ရတယ်၊ နောက် ခေါင်းဆောင်ဖြစ်သွားတဲ့ကျနော်က အလုပ်မျိုးစုံကိုတောင် လက်ခံလိုက်သေးတော့ ကျွမ်းကျင်လာတော့တာပါပဲ၊ အဲဒီမှာ သစ်တောဘွဲ့ ရတွေက အဓိက၊ အရင်ရှိတဲ့ ကွန်ပျူတာ ပညာရှင်တွေက အဓိကဆိုပြီး ငြင်းကြခုန်ကျရှိပါတယ်။

ကျနော်ရိုးသားစွာ ၀န်ခံပါတယ်။ တိုးတက်လာခဲ့ရတဲ့ အကြောင်းရင်းက နှစ်ဦးနှစ်ဖက် ကောင်းခဲ့လို့ ပါပဲ၊ စတဲ့အချိန်တွေမှာတော့ သစ်တောသမားတွေက အောက်ဖက်ကပါ။

အရင် သယံဇာတ အချိန်တုံးက ကွန်ပျူတာ ဌာနက mini-computer base ပါ။

သူတို့ အဖွဲ့ တွေက language တွေ ကျွမ်းတယ်၊ system တွေ နားလည်တယ်၊ ကွန်ပျူတာ တက္ကသိုလ်က ဆရာကြီးတွေကိုပါတယ်၊ အဓိက နောက်ပိုင်း

ဦးဆောင်တာက ဒေါ်တင်တင်ပြုံး၊ကိုဝင်းကိုကို။

ဂျီအိုင်အက်စ်ကို ၁၉၉၂လောက်မှာ ကျနော် ၀န်ကြီးရုံးကို ထွက်မပြေးခင်လောက်မှာ တစုံဝယ်နိုင်ခဲ့တယ်၊ ထုံးစံအတိုင်း ကွန်ပျူတာဌာနစိတ်မှာ ထားတယ်၊ ကိုင်နိုင်လောက်တဲ့ ကျနော်မရှိတော့တာလဲပါပါတယ်၊ သူတို့ သိပ် အလုပ်မဖြစ်သေးဘူး

၁၉၉၃မှာ ကျနော် နီပေါကို ဂျီအိုင်အက်စ် သင်တန်း သွားတက်တယ်၊ သစ်တောက တယောက် (တင်သန်းမျိုး)ပါလာတယ်၊ professional course? နောက်တသုတ်ကို technician course ခေါ်တယ်၊ ၀င်းကို သွားတက်တယ်၊ တလသင်တန်းတွေ အင်မတန်ကောင်းတယ်၊ လုပ်နိုင်သလောက် ၇တယ်။

ကျနော်တို့ သင်တန်းက လုပ်ခဲ့တဲ့ ပညာရပ်ဆိုင်ရာ အပိုင်းရယ် ကိုဝင်းကိုတို့ မှာသင်ပေးတဲ့ technical ဆိုင်ရာ အပိုင်းရယ်၊ သယံဇာတ စီမံကိန်းကနေ နောက်ဆုံးပံ့ပိုးထားတဲ့ GIS software Arc/Infor, Digitizer, Computer, line plotter တွေကိုအားလုံး ကွန်ပျူတာ ဌာနစိတ်ကရသွားတယ်၊ ကျွမ်းလဲ ကျွမ်းကျင်သွားကြတယ်၊

အာ့အင်ဖိုးရဲ့ ကော်မင်းတွေအားလုံးသူတို့ သိသွားကြတယ် နားလည်သွားကြတယ်၊ တခါ အဲဒီအချိန်မှာ အရေးကြီးဆုံးဖြစ်တဲ့ hand shake လို့ ခေါ်တဲ့ ဒီဂျီတိုင်ဇာတွေ၊ ပလော့တာတွေကို ကွန်ပျူတာနဲ့ ဘယ်လိုချိတ်ရမယ်ဆိုတာတွေသိသွားကြတယ်။

ဥပမာ အလွယ်ဆုံးပေးရရင်တော့ စာပေ မဂ္ဂဇင်းတိုက်တစ်ခုမှာ အရေးကြီးတဲ့အပိုင်းဖြစ်တဲ့ စာအုပ်ကို စာရိုက်တာ၊ စာစီတာပုံတွေထဲ့တာ ၊ လေးအောက်လုပ်တာ၊ စာအုပ်ချူပ်တာ အားလုံးတတ်သွားကြတယ်။

အဲ မဂ္ဂဇင်းထုတ်ဘို့ တခြား အရေးကြီးတဲ့အပိုင်းဖြစ်တဲ့ ဆောင်းပါးတွေ၊ ၀တ္ထုတွေ ကဗျာတွေ ကာတွန်းတွေတော့ သူတို့ မရေးတတ်ကျဘူး။ နောက် အဲဒါတွေကို ထုတ်လုပ်မဲ့ စာပေသမားတွေနဲ့ လဲ မတဲ့ကျပေဘူး။

အဲဒီမှာ သူတို့ စာပေသမားတွေကို စည်းရုံးဘို့ ကြံစည်ကျတယ်ထင်ပါတယ်။

ကျနော်တို့ စာပေသမားလို့ ပြောရမဲ့ လူတွေ သစ်တောသမားတွေကျတော့ရော။

လူမိုက်ခေါင်းဆောင်က ကျနော်ပေါ့။

သူတို့ ထုတ်လုပ်ရေးအပိုင်းကို ကျနော်က အပြည့်အ၀မလုပ်နိုင်ပေမဲ့ ကံကောင်းစွာ နားလည်နိုင်တဲ့ အနေအထားကို အိုင်တီစီနဲ့ အိုင်စီမော့ (ICIMOD) ဆီကနေ ရခဲ့လိုက်တယ်။

စာပေတွေအတွက်ကတော့ လုပ်ရင်းသင်ရင်းပဲ

ကျနော့် အပေါင်းအသင်းများထဲက၊ အခု ပါချူပ်ကြီး၊ ဒေါက်တာမြင့်ဦးနဲ့ ၊ အခုထိ ဂျီအိုင်အက်စ်မှာ မြို့ နယ်ကို ၂ခါသွားပြီးမှ အခြေကျသွားတဲ့ အောင်အောင်မြင့်၊

ကျနော်တို့ ဆရာတွေကတော့ နောက်ဆုံးအချိန်တွေအထိ ကွန်ပျူတာသမားတွေဘက်က ပါတယ်လို့ ကို အခုထိစိတ်စွဲနေသလိုပဲ၊ သူတို့ ကို အလွန်အလေးထား လေးစားကြတယ်၊

ကျနော်တို့ လဲ အာ့ခ်အင်ဖိုးကို ကျနော်တို့ ဘာသာ စမ်းကြတယ်၊ ကီးတခုကို အေအိုင်တီက တင်အောင်မိုးဆီကနေ ရတာကိုး။

အခုခလေးတွေ အလွယ်တကူ WGS 84 ကိုသုံးပြီး အစဉ်ပြေနေပေမဲ့ နိုင်ငံလိုက် ဒေတာဘေ့စ်တွေမှာ မရသေးဘူး၊ ကျနော်တို့ တုံးက UTM မရှိသေးဘူး၊ အရိပ်ချခြင်း ပြသနာများ မြေပုံပြန်ထုတ်တဲ့အချိန်တွေမှာ အများကြီး ရှင်းခဲ့ရတယ်၊ ကွန်ပျူတာ ဆရာတွေ အဲဒီအပိုင်းကို မသိဘူး

လွယ်လွယ်ပြောရရင်တော့ တဖက်မှာမရှိတာတွေကို တဖက်က ဖြည့်ရင်းနဲ့ပဲ သစ်တောဌာနကွန်ပျူတာရယ် ဂျီအိုင်အက်စ်စံနစ်ရယ်ဟာ ဒီအဆင့်ကို ရောက်ခဲ့ပါတယ်၊ အဲ ပါရဂူဘွဲ့ ရဘို့ ကို မာစတာ၊ နောက် အင်တာနေရှင်နယ်အဆင့် စာတမ်းတွေ ရေးရသလို လုပ်ခဲ့ရတဲ့ အလုပ်တွေလဲ ပါတာပေါ့ဗျာ။ နောက်ကျရင်တွေ့ ပါလိမ့်မယ်။

GAF ကနေ ဒီလောက်ကောင်းတဲ့စံနစ်ကို ရလာတဲ့အချိန်မှာ ကျနော်တို့ ကွန်ပျူတာ ဌာနစိတ်ကို တံခါးမရှိ ဒါးမရှိ ၀င်ခွင့်ရသွားတယ်။ အလုပ်တွေ အတူတူလုပ် သင်တန်းတွေ အတူတူ တက်ရတာကိုး။

စက်တွေ ချိတ်တာတွေ ကျန်တဲ့အပိုင်းတွေ ကွန်ပျူတာအဖွဲ့ က တက်တက်ကြွကြွလုပ်ကျလေရဲ့ ၊

ဂျီပီအက်စ်နဲ့ ကွန်ပျူတာတွေ တိုက်ရိုက်ချိတ်တာတွေ၊ ဂြိုလ်တုဓါတ်ပုံတွေကို တိတ်ထဲက ဒေါင်လုပ်ချပြီး ပုံထုတ်တာတွေ

ကျနောတို့ ကအဲဒီအချိန် ကွင်းဆင်းအလုပ်တွေနဲ့ ပဲ နပန်းလုံးကျရတယ်။

ကံကောင်းတာတခုက ဂျပန် JAFTA နဲ့ လဲ ဂြိုလ်တုဓါတ်ပုံတွေသုံးပြီး သစ်တောဖုံးလွှမ်းမှုတိုင်းတဲ့ အလုပ်ကြီးတခုကို သယံဇာတစီမံကိန်းက လုပ်နေတယ်၊ ဂျပန်တွေက ထုံးစံအတိုင်း ပညာတွေ ဖွက်တယ် ကွင်းဆင်းတဲ့အချိန်မှာ သူတို့ ကို တိုးရစ်ဂိုက်အနေနဲ့ လိုက်ပေးတဲ့အနေအထားလောက်ထားတာ တကယ်တော့၊ ဂျပန်ကို ခေါ်ပြီးသင်ပေးရင်လဲ တိုးရစ်တယောက်လိုပါပဲ။

ဒါပေမဲ့ ဂျာမန်တွေဆီကနေ သီအိုရီရော လက်တွေ့ ပါ ထ၇ိန်နင် အပြည့်ရတဲ့ ကျနော်တို့ က နှစ်ဖက်ကို စုပေါင်းအသုံးချပြီး အလုပ်တွေအများကြီးကို လုပ်နိုင်သွားတယ်၊ တခြားဌာနတွေမှာလုပ်ကျပေမဲ့ ကျနော်တို့ ကသာတာက ကွန်ပျူတာပိုင်းဆိုင်ရာ အခက်ခဲများစွာကို ဖြေရှင်းပေးနိုင်တဲ့ ကွန်ပျူတာသမားအုပ်စုက အင်မတန်တော်လို့ ပါပဲ။ ကျနော်ဝန်ခံပါတယ်

(၁၀)
လုပ်ငန်းအသေးစိတ်ကို မိုင်းနပ်စ်နဲ့ တင်ပေးထားတဲ့ အစီရင်ခံစာတွေမှာသာ လိုက်ဖတ်ကျပေတော့၊ အမှတ်တရ အဖြစ်အပျက်လေးတွေပဲ ရေးတော့မယ်။

ဒီရေတောထဲမှာတုံးက သိတ်ပြသနာမရှိဘူး သောက်လိုက် စားလိုက် (ဘီယာများတယ်) အလုပ်လုပ်လိုက်နဲ့ ပဲ

ကင်းတားနဲ့ အင်းလေး/မိုးဗြဲမှာတော့ လုံခြုံရေးပြသနာတွေစလာပါပြီ။

သစ်တောဌာနနဲ့ ယူအင်ဒီပီ အက်ဖ်အေအိုပဲ၊ အခက်အခဲမရှိဘူးဆိုပေမဲ့ တိုက်ပွဲတွေ မရှိဘူးဆိုပေမဲ့ ငြိမ်းချမ်းရေး ယူထားတာလေ၊ လက်နက်တွေက ကိုင်ထားကြတာ၊ တပ်တွေက ဆိုင်ထားကြတာ၊ ကျနော်တို့ မ၀င်ခင်ကို ဖယ်ခုံဈေးထဲမှာ ၀င်ပစ်လို့ တိုက်နံရံတွေ ကျဉ်ဆံမှန်ထားတာကို မြင်နေရတယ်။

ယိုဟန်နက်စ်က စစ်ကို မုန်းတီးတဲ့ ဂျာမန်လူငယ်တွေ၊ တပ်နဲ့ အတူသွားရတာကို အမြဲ မျက်နှာတရှုံ့ ရှုံ့ နဲ့ ။

ကျနော့်မှာကတော့မရဘူးလေ။

တခြား အမျိုးသားပညာရှင်တွေက ရွာတွေနဲ့ ပဲ အလုပ်လုပ်ကြရတာ။

ကျနော်က ရေဝေရေလဲ တခုလုံး၊ ဂြိုလ်တုဓါတ်ပုံပေါ်မှာ မြင်နေရတဲ့ ထူးခြားတဲ့ signature တွေအားလုံးကို field မှာ ဘာဆိုတာ ရောက်အောင်သွား၇မယ်၊ ကြည့်ရမယ် အတည်ပြုရမယ်၊ ဓါတ်ပုံ၇ိုက်ရမယ် ဂျီပီအက်စ်တိုင်းရမယ်။

signature အားလုံးဟာ ကျနော် စစ်ပြီး ရောက်ပြီးပါပြီဆိုတဲ့ ထောက်ခံချက် ရှိရမယ်။

သစ်တောဌာနကနေ ကံမကောင်း အကြောင်းမလှလို့ ဆိုပြီး ရောက်ခဲ့ရတုံးက အေးအေးဆေးဆေးမနေပဲ အက်ဖ်အေအိုနဲ့ တွဲပြီး ပျားစာပင် သုတေသနတွေ လုပ်ခဲ့တုံးက အတွေ့ အကြုံတွေက အများကြီး ပြန်လည်လို့ အထောက်အကူ ပေးကြပါပြီ။

ဓါတ်ပုံတွေက ရိုက်ထားတာ ထုံးစံအတိုင်း ဇန္န၀ါရီ၊ ဖေဖေါ်ဝါရီလတွေ

ကျနော်တို့ ကွင်းဆင်းတာက မိုးတွင်း

အနေအထား အပြောင်းအလဲ၊ သစ်တော သစ်ပင် အပြောင်းအလဲ၊ ကိုယ့်field ပဲ။

နောက် စိုက်ပျိုးပင်များ၊ ထွန်ယက်မှုစသည်၊ အရင်အလုပ်ရဲ့ အတွေ့ အကြုံ ထောက်ကူပါသကောဗျာ။

ယုတ်စွအဆုံး ပျားစားပင်လုပ်တုံးက သစ်ပင်တွေ၊ စိုက်ပျိုးပင်တွေအပြင် လမ်းဘေးက အပင်တွေ ပေါင်းပင်တွေ အကြောင်း တော်တော်များများ သိခဲ့ လုပ်ခဲ့ရတယ်။

ရေဝေရေလဲ လုပ်ငန်းမှာ ပေါင်းတွေ မြက်တွေက အင်မတန်ကောင်းတဲ့ လက်နက်တွေပါလားဟရို့ ။

မင်းတို့ မြန်မာနိုင်ငံက အင်မတန် ကံကောင်းပါတယ်ကွာ၊ မြက်က မစိုက်ရပဲ အလိုလိုပေါက်တာ၊ တခြားနိုင်ငံတွေမှာ ဆည်ရေဝေရေလဲတွေကို ထိန်းသိမ်းဘို့  မြက်ကို ခက်ခက်ခဲခဲ စိုက်ရတယ်ဆိုတာ။

သူတို့ နဲ့ အတူတူ ဖူးကြီးကို အရင်ဆုံး ဆင်းခဲ့ရကထဲက မိုးတွင်းမှာ ဖူးကြီးကန်ထဲကို ရေတွေ ကြည်စိမ်းနေအောင် စစ်ပေးတဲ့ ဂျပန်မြက်တွေကို ကြည့်ပြီး ပြောတဲ့စကားပါ။ ကျနော်တို့ နဲ့ သူတို့ နဲ့ ဘယ်လောက် အတွေးအခေါ်တွေ ကွာတယ်ဆိုတာကို သိရအောင် တခါတုံးကရေးထားတဲ့ နုံးတွေထဲက စာတပုဒ် ပြန်ထဲ့ပေးပါ့မယ်

လက်တွေ့ နဲ့ ပဲဖြေပါ့မယ်၊ ဖူးကြီးကန်၊ အခု တားမြစ်ရာနယ်မြေမဖြစ်သေးပဲ ရိုးရိုးရေပေးဆည်ပဲရှိတုံးက ကျွန်တော် သွားဘူးပါတယ်၊ ရေဝေထဲရောက်နေတဲ့ သံပုရာခြံတွေ၊ လူတွေ မိသားစုတွေ ဘာလုပ်ကြမလဲလို့ ၊ ၁၉၉၂လောက်ကပါ၊ ကျွန်တော် ကောင်းကင်ဓါတ်ပုံ ပညာတွေသင်လာပြီးတဲ့ အချိန်ဆိုတော့ ကောင်းကင်ဓါတ်ပုံတွေ ယူသွားပါတယ်၊ ဖူးကြီး ဂျိုးဖြူ ရေဝေထဲတွေမှာ ရှိတဲ့ သံပုရာခြံများဟာ ရှမ်းလူမျိုးများဖြစ်ကြပါတယ်။ ကျွန်တော် ခြောက်တန်းကျောင်းသားဘ၀လောက်က အဖေနဲ့ အတူတူ ရောက်ခဲ့ဘူးတဲ့ ရွာများပါ။

ငယ်ငယ်ကဘာမှမသိ မိုးတွင်းကြီး လေတိုက်လို့ ကြွေကျတဲ့ သရက်သီးများ စားကောင်းတာရယ် ရှမ်းမလေးတွေ ချောတာရယ်၊ နောက်ထူးထူးဆန်းဆန်း စက်ဘီးကို နောက်ကယ်ရီယာကိုခွပြီး ယက်ထားတဲ့ နှစ်ခွခြင်းနဲ့  သံပုရာသီး ကျွဲဂေါသီးများ သယ်ခြင်းပါပဲ။ အခုကြီးမှ ပြန်တွေ့ တဲ့ အဲဒီတုံးက အဖေရေးတဲ့ ဆောင်းပါးထဲမှာ ဒီရှမ်းလူမျိုးစုတွေဟာ ရှမ်းပြည်ကနေ ရွှေတိဂုံဘုရားကြီးဖူးဘို့ ဆိုပြီး ရွာအလိုက်လာကြရာကနေ ဘုရားကြီးကို ကြည်ညိုလွန်းလို့  မပြန်နိုင်ပဲ မြေကောင်းရာ တောကောင်းရာ (ရေကြည်ရာ မြက်နုရာမဟုတ်ပါ) ရှာ ရွာတည်ပြီး ခြံစိုက် အသက်မွေးဝမ်းကျောင်းနေကြတာပါ၊ တနှစ်တခါလဲ အခုထိ အခန်းအနားနဲ့ ဘုရားဖူးတက်ကြပါတယ်။

အဲဒီတစ်ခေါက်မှာ ကျွန်တော် ၃ရက်လောက်ကြာပါတယ် ဖူးကြီးကန်ထဲရှိတဲ့ သစ်တောစခန်းလေးကနေ စက်လှေနဲ့ သွားလိုက် လက်လှော်လှေလေးနဲ့ သွားလိုက်၊

ကျူးကျော်လယ်သမားတွေနဲ့ တွေ့ လိုက် နောက်ဆုံးသူတို့ ခြံတွေဆီရောက်ပါတယ်။ ခြံလို့ သာပြောရတယ် တောပါပဲ၊ သံပုရာမျိုးဝင် အပင်များမရှိတဲ့နေရာမှာ သဘာဝတောက ဒီအတိုင်းထိမ်းထားတာပါပဲ၊ လျှိုတွေကို အရင်တိုးရှင်းပြီး ငှက်ပျောချတယ် နောက်တဖြည်းဖြည်း သံပုရာ ရှောက် ကျွဲကောကို ပျိုးစိုက်တယ်။ ဒီအောက်မှာပဲ နှံးတို့ ပြောင်းတို့  ခရမ်းတို့ စိုက်သေး။

နုံး၊ မူးလို့ တောင် ရှုစရာမရှိပါလို့ ပြောရမှာပေါ့။

ကျွန်တော်အစီရင်ခံစာမှာတော့ အဲဒီတုံးက ဆည်ကို အန္တရာယ်ပေးမဲ့ အနေအထားမရှိပါ၊ ထပ်မံတိုးချဲ့ ခြင်း မပြုရန်သာ လိုပါသည်လို့ ရေးမိပါတယ်။

အဲဒီခရီးမှာ ပထမနေ့ ကိုလိုက်ပို့ တဲ့ ကိုးရီးယား ပညာရှင်အကြောင်းကြုံတုံးရေးခြင်ပါတယ်
ချွိုင်လို့ ခေါ်တယ်၊ အဲဒီနေ့ က သူနဲ့  တစ်နေ့ လုံး စကားပြောဖြစ်တယ်။

သူကဘာဖြစ်လို့ ဒီအက်ဖ်အေအို အလုပ်ကိုလုပ်ဖြစ်သလဲ၊ ဆည်တွေနဲ့ သူဘယ်လိုပတ်သက်ခဲ့သလဲဆိုတာကို ပြောပြတယ်။

သူဟာကိုးရီးယားနိုင်ငံမှာ ၁၉၉၀ပတ်ဝန်းကျင်က ဒုချူပ်လောက်အဆင့်ရှိတဲ့လူပါ။ သူ့ ကို အထူးတာဝန်ပေးခြင်းခံရပါတယ်၊ ကိုရီးယားအကူအညီနဲ့ ဆောက်နေတဲ့ (ကင်းတားအပါအ၀င်) ကမ္ဘာတစ်ဝှမ်းကဆည်တွေကိုလိုက်စစ်ဆေးရတာပဲ၊

သူကပြောတယ် အရင်ကသူလေ့လာဘူးတဲ့ အနောက်နိုင်ငံကဆည်များ ဆောက်တဲ့အချိန်ဘယ်လောက်တိကျလဲဆိုရင် အဖေအင်ဂျင်နီယာခေတ်မှာ စဆောက်တာ သားအင်ဂျင်နီယာကျမှ ပြီးပါတယ်တဲ့။ ကျွန်တော်ပြောသလို ၂ကိုက်လောက်ဖို့ ပြီးရင် ခြောက်လက်မလောက်ရအောင် ကြိတ်ရတာကို။ ကိုးရီးယားဆည်တွေက မြန်လွန်းလို့ ဆိုပြီး သူ့ ကိုလိုက်စစ်ခိုင်းတာပါ၊ သူ့ အပြောကတော့ ဆည်ခြောက်ဆယ်(၆၀)လောက်မှာ တစ်ဝက်ကျော် ပြုပြင်ပြောင်းလဲရေးတွေ အရေးယူတာတွေခံရပြီး သူလဲအခုလို လွင့်လာတယ်ဆိုပဲ။

ကိုနိုင်မေးတဲ့ အပိုင်း၊ဒါဆို ဘယ်လို မောင်းထုတ်လိုက်တာလဲ၊ ၁၉၉၅မှာ ကျွန်တော် အက်ဖ်အေအိုမှာလုပ်တော့ အင်းလေးမိုးဗြဲဆည်၊ ကင်းတာဆည်ရယ် ဒီဖူးကြီးရယ်ကို အရေးကြီးသော ရေဝေရေလဲဒေသများဆိုပြီး စီမံကိန်းလုပ်ပါတယ်၊ ကျွန်တော်က မြေအသုံးချရေး အမျိုးသားပညာရှင်ဆိုပြီး လုပ်ရတယ်၊ ဒီတစ်ခါတော့ ဂြိုလ်တုဓါတ်ပုံများနဲ့ ဆင်းရတယ်၊

ကွင်းမဆင်းခင် ကျွန်တော်နဲ့  ၈ျာမဏီပညာရှင် ယိုဟန်းနက်စ် ဟိန်းမဲန်ဟာ ဒီရေတောတေါထဲမှာ အတူတူလုပ်ပြီးတက်လာတာဆိုတော့ တော်တော်ခင်နေပါပြီ။ ကျွန်တော်က သူ့ ကို ဒီနေရာမှာရှိတဲ့ ရှမ်းတောင်ယာစံနစ်အကြောင်း ပြောပြလို့ ၊ ကြွားထားတာပေါ့လေ။

တကယ်ဆင်းတော့၊ အခုထိ ပြန်တွေးမိတိုင်း မျက်ရေကျတယ်၊ ဂြိုလ်တုဓါတ်ပုံမှာကို ကားလမ်းတစ်ကြောင်းက ထိုးနေပြီလေ သိဘို့ ကောင်းတယ် ဒီရေဝေအပေါ်မှာ အဆောက်အဦးများ ဆောက်နေကြပြီ၊ အခုတော့ လျှိ့ ဝှက်ချက်ကို မဟုတ်တော့ပါ၊ ဂူးဂဲမှာကို မြင်နိုင်ပါတယ်၊ သံပုရာသီးသယ်တဲ့ ခြင်းတွေဟာ အုတ်ခဲတွေ သယ်နေကြတယ်၊ ခြံသမားများ လူငယ်လူကြီးမရွေး အုတ်သယ်နေကြတယ် အပင်များ ခြံများ ပျက်စီးကုန်ပြီ၊ မောင်းထုတ်ခြင်းခံထားရတာ၊ ယိုဟန်းနက်စ်ကို ကျွန်တော် ဓါတ်ပုံတွေ မသုံးဘို့ တော်တော်လေးတားလိုက်ရတယ် သုံးမိရင်တော့။

တောရော ပျက်သွားတာပေါ့၊ လူတွေ အခုဘာစီးပွားရေးလုပ်နေလဲ၊ နောက်မှဆက်ရေးပါတော့မယ်

(၁၁)
ကြုံတုံးမှာ ဒီဖူးကြီး၊ ရေဝေရေလဲ၊ တိုက်ကြီး၊ လှည်းကူးစတဲ့ ရေဝေရေလဲတွေအကြောင်း ရေးခြင်ပါတယ်

အကြောင်းအရာတွေ ဆက်စပ်နေတာမို့ လို့ ၊ နိုင်ငံရဲ လက်ရှိ ပြသနာခေါ်ခေါ် ရည်မှန်းချက်ခေါ်ခေါ် ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ဆိုင်တယ်။

ဖူးကြီးဆင်းတုံးက ပရော်ဖက်ဆာက သူ့ ဂျာမဏီက ကျောင်းသားတွေပြဘို့ ဆိုပြီး ဂျိုးဖြူလမ်းက အုတ်ဖိုကို ဓါတ်ပုံရိုက်တယ်။

ဒုတပ်ရင်းမှုးဆိုတဲ့ ဆရာက သူဖြတ်သွားတာနဲ့ ကြုံနေတာနဲ့ ဆင်းချလာပြီး ဟေ့ ဟေ့ တပ်ကို ဓါတ်ပုံမရိုက်နဲ့ လေလို့ တားတယ်။

အဲဒီ့ အုတ်ဖိုတွေ နောက် တပ်တွေက ပဲခူးရိုးမကို အပေါ်ကနေကြည့်ရင် ယုန်ပြေးတာမြင်ရအောင်၊ နောက် ကျော်လွင်ပြောတဲ့ မျောက်လမ်းရှောက် သီအိုရီပေါ်လာအောင်၊ ဆရာ ကြပ်ကလေးရဲ့ တွန်းပို့ လောက လုပ်လိုက်တာပါပဲ။

ကျနော် ဒီဧရိယာကို ထရိန်နင် ကွင်းအနေနဲ့ အသုံးချတယ်၊ ဂြိုလ်တုဓါတ်ပုံသင်တန်းတွေမှာ ဖူးကြီးဆည်ထိပ်ကို ခေါ်ခေါ်သွားတယ်၊ ရိုးမဖြတ်လမ်းဆိုပြီး ဖြစ်နေတာကိုး။
ထိန်းသိမ်းမှုအကြောင်းလေးပြောပြမယ်၊ မင်းတုံးဘက်မှာ အိုင်အယ်လ်အိုနဲ့ ညိပြီး ထွက်သွားရတဲ့ ကျနော့်ညီဟာ ဖူးကြီးကန်ထဲမှာ ကျွန်းငယ်တခုကို သေသေချာချာ ထိန်းဘူးတယ်၊ တောတွေဟာ ငုတ်တွေကနေ ပြန်တက်လာပြီး သစ်တောပြန်ဖြစ်သွားတယ်၊ အင်မတန် ကြည့်ရ အရုပ်ဆိုးတယ်လို့ လူကြီးတွေ ပြောတဲ့၊ ဂျပန်မြက်တွေ ပေါင်းမိပြီး ပျောက်သွားတယ်။

ဂျပန်မြက်တွေကို လူကြီးတိုင်း ကြည့်ရဘူး၊ နွေဆိုရင် ခြောက်သွေ့ ပြီး မီးလောင်လို့ ၊ အမြဲလိုလို ဒါတွေကို အမြစ်ဖြတ်ခိုင်းတယ်၊ နောက်တခါ သုတေသနသမားတွေက invasive species ဆိုပြီး ဘယ်လို ဖျက်ဆီးမယ်ချည်းလုံးပန်းနေကြတယ်။

ဒါပေမဲ့ တကယ်တော့ အဲဒီ ဖူးကြီးဆည် ရေဝေရေလဲကို၊ ထိန်းသိမ်းပေးထားတာ အဲဒီ မြက်ခင်းကြီးပါပဲ၊ မိုးတွင်းမှာ ဘာသစ်ပင်မှ မရှိတော့တဲ့ ရေဝေရေလဲကြီးမှာ နုံးတွေ ဒီကန်ထဲကို ကျမသွားအောင် ဂျပန်မြက်တွေက ကောင်းစွာထိန်းသိမ်းပေးနေပါရဲ့ ၊ အခုစာရိုက်နေရင်း ပေါ်လာတဲ့ အတွေးကလေးကတော့

အချက်မသိတော့ သမက်ကို သူခိုးထင်တယ်လို့ ပဲ။

အဲဒီနေရာတွေ တောပျက်နှုံး တောပြောင်းနှုံး များပါ့ဗျား၊

ကျနော် ၁၉၇၀ တက္ကသိုလ် အရန်တပ်ရင်းကထဲက ရောက်နေတဲ့ ဖေါင်ကြီးတောတွေ၊ မင်းကုန်းက ထွက်လိုက်တာနဲ့ ပီဘိတော၊
၁၉၈၆ ရေးပြီးသလိုပဲ ကျနော် လက်ထောက်တိုင်းမှုးဘ၀မှာကို တောမပျက်သေး၊

ကျနော်တို့ ထင်းစိုက်ခင်းတွေစိုက်ပြီး စဖျက်ကြတယ်၊ ဂြိုလ်တုဓါတ်ပုံတွေမှာ အဲဒါတွေက မငြင်းနိုင်တဲ့ သက်သေတွေပဲ၊
အင်ဖရာရက်ရောင်ခြည်တွေနဲ့ စပ်ထားတဲ့ ဓါတ်ပုံတွေမှာ သစ်မာပင်တွေကို ပြတဲ့ အနီရောင်ရဲရဲဟာ တဖြည်းဖြည်းပျောက်ဆုံးလို့  ၀ါးကျစ်တွေရဲ့ လိမ်မ္မော်ရောင်က အစားထိုးဝင်ရောက်လာတယ်လေ၊

လူတွေဝင်ရောက်လာမှုကလဲ အ၇မ်းများလာတာကိုး၊ ရေးပြမယ်

အခု ဥက္ကံတဘူးလှ၊ ကျနော် မြို့ နယ်မှုးတုံးက အဲဒိနေရာတွေဟာ ကျွန်းအင်မတန်ကောင်းသေးတယ်၊ တောကောင်းသေးတယ်။

၁၉၈၁ လောက်က အဲဒိနေရာကို အခု ညွှန်ချူပ်နဲ့ အငြိမ်းစားယူသွားတဲ့ ဦးစိုးဝင်းလှိုင် ကျနော် စိုက်ခင်းလက်ထောက်လုပ်တုံး ပျားစခန်းမှာ တာဝန်ယူနေတုံး အဲဒိနေရာမှာ ကျွန်းသင်းသတ်ရတယ်။
ရန်ကုန်မှာတွေ့ တော့ ချောင်းဆိုးပျောက်ဆေးရည် ကွန်မာသာဇင်တွေ ၀ယ်နေတယ်။

အကို ဘယ်သူ့ အတွက်လဲ၊ အကို ကွန်ပစ်နေတာလားဆိုတော့း

ဆဲလေရဲ့ ၊ ငါ့ဘို့ မဟုတ်ဘူး၊ မင်း အပေါင်းအသင်းအတွက်တဲ့၊ တောထဲမှာ ပြန်ထွက်ရင် တပတ်လောက် ကြာလို့ ကျန်တာ မပါရင်နေပါစေ၊ အဲဒါပဲ မှာလို့ တဲ့၊ အဲဒိလောက် လူမရောက်သူမရောက်နေရာ။

မှာတဲ့လူကတော့ ကျနော်နဲ့ ဂီတာတီးဖေါ်တီးဖက်၊ အဲဒီအချိန်က တောခေါင်း ကိုမြ၀င်း (ကဗျာဆရာ၊ စာရေးဆရာ) အခုတော့ လိုင်းပြောင်းသွားပြီး နာမည်ကြီးနေတဲ့ မုဆိုး စာရေးဆရာ ကိုပိုက်ပေါ့။

အဲဒီတောကို ကျနော် ၂၀၀၅မှာ Forest Resources Assessment 2010 အတွက်လဲ ပြင်ဆင်ရင်း သစ်တောဖုံးလွှမ်းမှုတွက်ဖို့ ကွင်းဆင်းတယ်။ အမှန်တော့ အဲဒိလောက်အထိ ၀င်သွားဘို့ မစဉ်းစားထားဘူး၊ ဒါပေမဲ့ လှည်းကူးနဲ့ မှော်ဘီတခွင် ၃ရက်လောက်နင်းတာ၊ တောကောင်း (Closed forest) ရဲ့ signature လုံးဝမရလို့ ဓါတ်ပုံကြည့်ပြီး တဘူးလှဆည် အပေါ်ကတောကိုသွားမယ်ဆိုပြီး စီစဉ်တယ်

ညွှန်မှုးကို ကျနော် အနဲဆုံးလေးရက် ကြာမယ်ပြောပြီး ကြာသာပတေး ရုံးပိတ်ရက်မှာ ထွက်သွားတယ်၊ တနင်းလာနေ့ မှရုံးပြန်တက်မယ်ပေါ့။

သောကြာနေ့ လဲကြရော ကျနော်ရုံးပြန်တက်နေတယ်၊ ညွှန်မှုးက မောင်ကို တောမသွားဖြစ်ဘူးလားတဲ့၊

ဘယ်ကလာဆရာရယ် ကျနော့်ကို တိုက်ကြီးက ကောင်တွေ ဘယ်လောက်တောင်ပံ့ပိုးလိုက်သလဲ ဆိုရင် ညနေ၃နာရီလောက်မှာ အလုပ်ပြီးသွားလေရဲ့ ။

အလုံသစ်တောဝင်းကနေ ကျနော်မနက် ၅း၃၀ထွက်သွားတယ် တိုက်ကြီးရုံးကို ၇း၃၀ရောက်တယ်

တခါထဲ ကားဆင်ထားတယ် ဥက္ကံကိုဆက်ထွက်၊ ဥက္ကံရုံးကို ကျနော် ၈း၃၀လောက်ရောက်သွားတယ်

မော်တော်ဆိုင်ကယ်တွေ စောင့်နေလေရဲ့ ၊ ကျနော်နဲ့ တပည့်တယောက်ကို မော်တော်ဆိုင်ကယ်တွေ နောက်ကနေ ချီတက်ကြတယ်၊ မြန်လိုက်တာ ၁၀း၃၀လောက်ကို တဘူးလှဆည်ဝရောက်တယ်။

ထမင်းစားတယ်၊ ဆည်ကြီးဟာ စည်ကားနေလိုက်တာ။ အင်းလေး ရေပေါ်ဈေးအတိုင်းပဲ၊

စက်လှေ ရယ်ဒီ ဆက်သွားတယ် တိုင်းချင်တဲ့နေရာကို ၁နာရီလောက်ရောက်သွားတယ်

ဦးစိုးဝင်းလှိုင်ကို မှတ်မိနေသေးတဲ့ မုဆိုးလမ်းပြရှိတယ်။ ကျနော်ကလဲ ဂျီပီအက်စ်၊ ဂြိုလ်တုဓါတ်ပုံတွေ on line ချိတ်ထားတာ ဘယ်မှားတော့မလဲ၊ အချိန်လဲ မကုန်ဘူးပေါ့၊

ဒါနဲ့ ပဲ ဥက္ကံကို ညနေ ၄း၀၀နာရီလောက် ပြန်ရောက်လာတယ်

ဆရာ ကေအိုလေးဘာလေးဆိုပြီး ညအိပ်အုံးမလားဆိုပေမဲ့ ပြန်ပြီကွာဆိုပြီး ပြန်ချလာတော့တယ်

အဲဒီခရီးရဲ့ စာတမ်းဖတ်ကြည့်ကြပါ


(၁၂)
အဲဒီစာတမ်းကို ရေးဘို့ ဒီကွင်းတွေဆင်းတာမဟုတ်ပါ၊ ကျနော့်စာတမ်းများဟာ တာဝန်ယူရတဲ့အလုပ်တွေရဲ့ by product တွေပဲ၊

အဲဒီအခေါက်မှာ မင်းလှကနေ ဒီဖက် ကျောက်တံခါးကို မင်းလှကနေ ရိုးမကျောပေါ်အထိ တနေ့ ၊ နောက် ကျောက်တံခါးကနေပဲ အဲဒီကျောပေါ်တနေ့ ကွင်းဆင်းပါတယ်၊

၇ိုးမကျော်ပေါ်မှာ ထိပ်တိုက်တွေ့ တဲ့ မြို့ နယ်တွေရဲ့ ထုံးစံအတိုင်း ဆရာ ဟိုဖက်ကခိုးတာပါ၊ ကျနော်တို့ မဟုတ်ပါဘူးပေါ့၊

မင်းလှဘက် စိန်ကန့် လန့် ဘက်ကဆရာ တောခေါင်းတွေကတော့ ပြောင်ပဲ သစ်ခိုးတာဘာမှမရှိဘူးပေါ့

ကျနော့် ဂြိုလ်တုဓါတ်ပုံမှာက ပြောင်နေတဲ့ တောတွေကို မြင်နေရပြီ၊ တွေ့ တာပါပဲ မြေအမျိုးအစားပြောင်းလို့ ပဲလား၊ ဟိုဖက်ဒီဖက် မြို့ နယ်တွေကြား no man's land မှာငြိမ်းချမ်းရေး ရနေကြတာလာတော့မသိပါ။ သစ်ခုတ်သံတွေ ကားတွေကို လှမ်းမြင်နေရတော့မယ်။

အဲ ဆည်တွေ ဆည်တွေ၊ ပဲခူးရိုးမကြီးက ဆည်တွေနဲ့ ဖုံးလို့  အရင်က နွေဆိုရင် အခက်အခဲတွေ့ တဲ့နေရာတွေ ရေပြသနာမရှိတော့။

သစ်ထုတ်လမ်းတွေကလဲ အပြည့်၊ ဆည်တွေကနေ ရေကြောင်းလမ်းနဲ့ လွယ်လွယ်ကူကူဆွဲ၊ (ကမ်းစပ်ကနေ ဖေါင်ကြီးတွေကို ဆွဲကြတယ်)၊ နောက် ဆည်စောင့်တဲ့လူရယ်၊ တပ် (သို့ မဟုတ်) ရဲရယ် သစ်တောရယ်ကို ပေးလို့ ။

ဆင်းရဲမှု ပပြောက်ရေး

အိုး livelihood option အပြည့်နဲ့ပါပဲ။

အောက်က လွင်ပြင်တွေက မြေမဲ့ယာမဲ့တွေ နောက် အင်းမဲ့ချောင်းမဲ့ ရေလုပ်သားတွေ၊ ပဲခူးရိုးမအပေါ်မှာ အပြည့်ပါပဲ။ ပြသနာဖြစ်လို့ ရှောင်ပြေးလာသူများ၊ ရာဇ၀တ်မှုကနေ မိဘဆွေမျိုးသဘောမတူလို့ ထွက်ပြေးလာတဲ့သူတွေအထိရှိတယ်။ အခု အများစားနေတဲ့ ငါးခြောက်ငါးခြမ်းတွေ အဲဒီဆည်တွေက ထွက်တာ။ တံငါလုပ်ရင်း ထင်းခုတ်တယ်၊ မီးသွေးဖုတ်တယ်

ဇောင်းတူဆိုရင် ညဖက် လသာချိန်ဆိုရင် ဇောင်းတူ ဗွီဒီယိုရုံကနေပွဲကြည့်ပြီး ပြန်လာတဲ့ လှေတွေဆီက သီချင်းဆိုသံတွေက ဟ ငါပဲခိုးရိုးမကြီးအပေါ်မှာမှဟုတ်ရဲ့ လားလို့  ကိုယ့်ကိုယ်ကို ပြန်ဆိတ်ကြည့်ရတယ်။

တံငါတွေ အဆင်ပြေစေဘို့ အရေး ငါးလုပ်ငန်းဦးစီးဌာနက နှစ်စဉ်အဲဒီအပေါ်မှာ ငါးသားပေါက်တွေ သိန်းချီ ထဲ့ပေးနေပါ့ခင်ဗျာ

တရားဥပဒေ၊ အဲအဲ ထွေအုပ်က အုပ်ချူပ်တဲ့ရွာတွေသာမဟုတ်တာ၊ သူ့ ဥပဒေနဲ့ သူ ငြိမ်းချမ်းလို့ နေပါတယ်ခင်ဗျ။

ကဲ ဒီပဲခူးရိုးမကြီးကနေ နောင်တခေတ် သမတထွက်မလာဘူးလို့ ဘယ်သူပြောမလဲ ဘွရှင်

အဲဒီ

ထင်းမီးသွေးကို ဆင်းရဲသားကထုတ်တာကတပိုင်း

ပဲခူးရိုးမအခြေမှာ တပ်စွဲထားသော တပ်ရင်းများအားလုံးကရော

ဒါပဲလုပ်ကြပါ၏

လန်ထင်းထုတ်တယ်

တိုက်ကြီး ဂျိုးဖြူပုံ သုံးကြိမ်စာကို သေသေချာချာကြည့်တတ်ရင်

စဉ်ဆက်မပြတ် ထုတ်လုပ်မှုနဲ့ ထုတ်နေတာဗျာ

ရှစ်နှစ်တခါ ခုတ်တဲ့ ခုတ်ပတ် rotation နဲ့ခုတ်နေကြလေရဲ့ ၊၊ ပြောင်နေတဲ့နေရာဟာ တော (သစ်ငုတ်တော ဒါပေမဲ့လန်ထင်းတော့ထွက်တယ်) ဖြစ်လိုက် ပြောင်သွားလိုက်နဲ့ ။

တပ်မတော်က လုံခြုံမှုဆိုပြီး တောင်းထားတဲ့နယ်မြေက အဲဒီလို စနစ်တကျ (ဟဲဟဲ) ထုတ်ကြပြီး၊ အပြင်ကတော့ ကျနော်ပြောသလို သစ်မာတွေ တဖြည်းဖြည်း ပြောင်သွားလို့ ဝါးတွေပဲ ကျန်ပါတော့၏

ဝါး ၀ါး

အဲဒီဝါးကလဲ ထုတ်လုပ်မှု ခက်ခဲသောနေရာများမှအပ၊ တနှစ်သားဝါးချည်းသာ ကျန်ပါတော့တယ်၊ ကွမ်းတိုင်လုပ်ရုံပဲ

လူတွေဟာ ဒီနေ့ အတွက်ပဲ ကြည့်တော့တယ်၊ စဉ်ဆက်မပြတ် ထုတ်လုပ်မှုဆိုတာ ညောင်း ညောင်း

တော်လောက်ပါပြီ ပဲခူးရိုးမပြသနာတွေ နောက်ကျမှ သူ့ အလှည့်ရောက်မှပဲ ပြန်ဝင်တော့မယ်

(၁၃)
ကွင်းဆင်းရတဲ့အချိန် ဒုက္ခတွေ ပြသနာတွေ ရေးပြမယ်

ယိုဟန်နက်စ်နဲ့ ကျနော် အရင်ဆုံး တောင်ကြီးပတ်ဝန်းကျင်ကို ကြည့်ကျတယ်၊ နောက် အင်းလေး၊ နောက် အင်းလေးကန်ကနေ မိုးဗြဲဆည်ထဲကို ဆင်းဘို့ ကျိုးစားကြတယ်။

အဲဒီအချိန်မှာ ပြသနာစတာပဲ။

မိုးဗြဲ ဧရိယာဟာ အစိုးရ ဧည့်သည်တော် နိုင်ငံခြားသားပညာရှင်များအတွက် အဲဒီအချိန်က အောက်အော်ဖ်ဘောင်းနည်းပါးပဲ၊ တိုးရစ်တွေကတော့ ကိုယ့်ဘာသာကိုယ်တာဝန်ယူပြီးသွားလို့ ရတယ်၊ ကျနော်နဲ့ ကျနော့်အဖွဲ့ အတွက်က မလွယ်။

ကလောမြို့ နယ်မှုး ခင်လင်းစိုးက သူတာဝန်ယူတယ်ဆိုပြီး ချိတ်ပေးတယ်၊ ကယား လွိုင်ကော်ကို ဆင်းချသွားကြရတယ်၊ ကယားပြည်နယ်မှုးက ကျနော့် ပျားဂေဟာတုံးက ဆရာဦးဝင်းကြည်။

အစိုးရ ဧည့်ရိပ်သာမှာတဲကြတယ်၊ ဈေးချိုလွန်းလို့ ယိုဟန်နက်စ် အံ့အားသင့်နေတယ်။

တပည့်ကျော် ထွန်းဇံက အဲဒီအချိန်မှာ ပြန်သောက်နေပြီ။ ကျနော်ကတော့ အင်းလေးထဲမှာ အရက်သောက်တာနဲ့ ပတ်သက်ပြီး ပြသနာတက်ပြီးကထဲက you will never see me drinking လို့ ပြောပြီး အပြတ်ကို ပြတ်သွားတယ်၊ အဲဒီကာလပေါ့။

ခင်လင်းစိုးကလဲ နာမည်ကြီးပဲ၊ အခု ကလောကို ပင်လောင်းဘက်က အ၀င် ငြိမ်းချမ်းရေး မိုတယ်ဘေးက စားသောက်ဆိုင်အိမ်ကြီးက သူ့ အိမ်ပဲ၊ ကျနော့်အတန်းက၊ ကျောင်းဆင်းတဲ့ အဆင့် နောက်ဆုံးကပေမဲ့ မြို့ နယ်မှုးအနေနဲ့ လုပ်ရည်ကိုင်ရည် သိပ်ကောင်းတယ်။

ဒီကောင့်အိမ်နဲ့ ငြိမ်းချမ်းရေးနဲ့ အောက်ကနေ မြေအောက်လှိုဏ်ခေါင်းဖေါက်ထားတယ်လို့  ကောလာဟလရှိလေရဲ့ ၊ သူနဲ့ ကျနော် ဖယ်ခုံသွားတော့မယ်ဆိုတော့ သူ့ မိန်းမက မှာနေတာ၊ ယောက်ျား ဒီခေတ်ရောဂါတွေက ကုလို့ မရဘူးပြောနေကြတယ်၊ ဒီတော့ သန့် တာပဲ ရွေးနော်ဆိုတော့ ကောလာဟလက မှန်ဘို့ များလေရဲ့ ။

ကျနော်တို့ လွိုင်ကော် ဒကစနဲ့ ညှိရတယ်၊ ဒီအတိုင်းးသွားလို့ မရ တရုတ် စစ်ထရပ်ကားကြီးနဲ့ ဗိုလ်ကြီးတယောက် ခေါင်းဆောင်တဲ့ တပ်ခွဲတခွဲထည့်ပေးတယ်။ လက်နက်ကတော့ အပြည့်ပဲ၊ မော်တာကြီးပဲ ၃လက်ပါလေရဲ့ ၊

ယိုဟန်နက်စ်က မျက်နှာကို ရှုံ့ မဲ့နေတာပဲ၊ မလိုဘူးပေါ့၊ ပထမ ၂ရက်မှာ ကုန်းပေါ်မှာ သွားကျတယ်၊ ရဲဘော်လေးတွေက အမြဲ ပွိုင့်ထွက်ကျတယ် ။ အဲဒါကို သူ မနှစ်မြို့ တော့ လစ်လစ်ထွက်ဘို့ ကျိုးစားတယ်၊ ပြသနာပါပဲ။

၂ရက်ကြတော့ တပည့်ကျော် ထွန်းဇံက တော်တော်မူးလာပြီ၊ ထွန်းဇံအကြောင်းပြောရအုံးမယ်၊ အဲဒီအချိန်က တောကြပ်၊ သူ့ မိန်းမက သူတာဝန်ယူရတဲ့ အင်းလေးခေါင်တိုင် ပျိုးဥယျာဉ်ကို ဦးစီးလုပ်တယ်။ အင်းလေးရေဝေထဲက  အကြောင်းတွေ အကုန်သိတယ်၊ ပအို့ အမျိုးသား၊ သူပုန်ပဲနေမှာပါ (နောက်ပိုင်း ကျနော့်အတွေ့ အကြုံအရ၊ ကွင်းထဲမှာ ကျနော်သောက်နေတုံးက ဒီကောင်က ၀ါတွင်းမို့ လို့ မသောက်ဘူး၊ ကျနော်မသောက်ပဲ အခု အရေးကြီးဆုံး ကယားမှာကြတော့ ဒီကောင်က ပြန်သောက်တာမှာ တမူးချနေတာ။ ဒီကောင်အခု လူရော နွားပါကုတဲ့ နာမည်ကြီး အပ်ပုန်းဆရာဖြစ်နေတယ်ကြားတယ် သူ့ ရွာ သရက်ပုမှာ

ဂျာမန်တွေက ဒီကောင့်ကို အရမ်းခင်နေပြီ၊ သူ့ ဆီကပဲ မေးလို့ ရတာကိုး၊ ကျနော်က စကားပြန်လုပ်ရင်းနဲ့  အရင် အင်းလေး ဆရာကြီးများလုပ်ခဲ့တာတွေ၊ ပြည်သူတွေနဲ့ ပြသနာတွေ အားလုံးသိသွားရတယ်၊

မိုးဗြဲဆည်ထဲ ဆင်းမဲ့မနက်မှာ ဒီကောင် မူးပြီးကျန်နေခဲ့တယ်၊ ကျနော်လည်း သူ အရမ်းမူးနေတာနဲ့ ထားခဲ့တယ်။

ညှိကျတယ်၊ နေရာက ဖယ်ခုံဈေးထဲမှာ၊ ကျနော်တို့ တပ်နဲ့ ကယန်းခေါင်းဆောင်နဲ့ ။ ဈေးနေ့ ဆိုတော့ စည်လိုက်တာ။

အိုကေပါပဲ၊ ဒေသအကျိုးဆောင်ရွက်တာကိုလဲ ရှင်းပြရတာကိုး၊ (စကားမစပ် အဲဒီအတွေ့ အကြုံတွေက နောက်ပိုင်း ဘိန်းတိုင်းတဲ့အခါမှာ ထပ်ပြီး အကျိုးပြုသလားမမေးပါနဲ့ တော့)

ဆရာတို့ သွားပါ၊ ဒါပေမဲ့ တနာရီလောက်တော့ စောင့်၊ ပြီးတော့ ---ကျွန်းကျရင် ကမ်းကပ်ပြီး ဗိုလ်မိုးကြိုးကို သတင်းပို့ ပါတဲ့။

လှေ၃စင်းနဲ့ ထွက်ခဲ့တယ်၊ ဂျာမာန်က တစီး၊ ကျနော်နဲ့ ဗိုလ်ကြီးက တစီး၊ နောက် ခင်လင်းစိုးကတစီး။

ကမ်းခဏကပ်ပြီး စောင့်ကျတယ်၊ အခုခေတ်လို ဖုံးတွေမရှိတော့ အချက်တွေပြနေကြတယ်၊ မီးခိုးလုံးအဖြူတွေ။
စိတ်မရှည်တော့တာနဲ့ ဖြစ်ပါတယ်ဆိုပြီး ထွက်လာကြတယ်၊

ယိုးန်နက်စ်က ပျော်မြူးလို့ ၊ ကန်လည်ကနေ သွားနေတာကနေ သူ့ လှေကို ကမ်းဘက်ကပ်ခိုင်းပြီး ဓါတ်ပုံရိုက်လေရဲ့ ၊ တက်ပြီး သတင်းပို့ ပါဆိုတဲ့ ဗိုလ်မိုးကြိုးတို့ ကျွန်းပေါ့။

`ဖေါင်း´ ကနဲ အသံကြားလိုက်ရတယ်၊ ကုန်းပေါ်မှာ ငှက်တွေ သစ်ပင်ပေါ်ကနေ တသုတ်ကြီး ပျံသွားတာတွေ့ လိုက်ရတယ်။

`ကား အိပ်ဇောပေါက်တယ်နဲ့ တူတယ်ဆရာ´တဲ့

ကျနော့်လှေက ဗိုလ်ကြီးကပြောတာ၊ အခုထိ အဲဒါကို ပြန်တွေးမိရင် ရီချင်တယ်၊ သူက စစ်သားလေ၊ သူက အိပ်ဇောပေါက်တယ်ဆိုရင် ပေါက်တယ်ပေါ့၊

အင်းဆိုပြီး ခေါင်းညိတ်လိုက်မိတယ်၊ ကျနော်လဲ ဓါတ်ပုံကို ပြန်ကြည့်နေမိတယ်။

`ဖေါင်းဖေါင်းဖေါင်းဖေါင်း`ဆိုတဲ့ အတွဲလိုက်အသံနဲ့ အတူ၊ ကမ်းနဲ့ အနီးဆုံးမောင်းနေတဲ့၊ ဂျာမန်ဘေးနားမှာ ကျဉ်ဆံတွေ တဖြောဖြောကျလာပါရောလား၊ အလို ရှာလဘတ်ရည်။ အဲဒီတော့မှပဲ မိုးဗြဲဆည် အလည်ခေါင်မှာ ဘယ်က ဖွတ်ကလိ မော်တော်ကားက အိပ်ဇောပေါက်ရမှာလဲ တွေးမိပြီး ဗိုလ်ကြီးကို ကျိန်ဆဲလိုက်၇တယ်

`နေရာယူ`ဆိုတဲ့ စစ်မိန့် သံနဲ့ အတူ၊ လှေတွေ ရေလည်ကို ဆွဲကွေ့ သွားကျရတယ်၊ ကံသီလို့ ပေါ့၊ ရေထဲမှာမို့ လို့ ၊ ကုန်းပေါ်မှာသာဆိုရင် တန်ပြန်ခြုံခိုရဲ့ စည်းမျည်းအတိုင်း ပစ်ထောက်မှောက်လှိမ့်ပဲ၊ ဘာမှ စဉ်းစားမနေပဲ ပြန်ပစ်ကျရမှာ၊ မော်တာ ၃လုံးပါလာတဲ့ ကျနော့်တပ်ခွဲရဲ့ ပစ်အားနဲ့ သာ တိုက်ပွဲဖြစ်လိုက်လို့ ကတော့၊ ဖယ်ခုံဈေးထဲမှာ ဆိုင်ထားတဲ့ တပ်တွေ၊ သူပုန်တွေ စည်ကားနေတဲ့ ဈေးသွားဈေးလာတွေ အမလေး မတွေးရဲစရာ။

ရေလယ်မှာ ပြန်စုမိတော့၊

why? why? why? ဆိုပြီး ဒါပဲ ရွတ်နေတော့တယ် ဟိုကောင်။

ကျနော်လဲ သူ့ လှေနားကပ်လိုက်တယ်၊ အခြေအနေကို ရှင်းပြလိုက်တယ်၊ တက်ပြီး သတင်းပို့ ဘို့ ညှိထားပေမဲ့ မပို့ လို့ လှမ်းပြီး သတိပေးတယ်ထင်တယ်ပေါ့။

`ဒါဆိုရင် မင်းဘာလုပ်မှာလဲ´တဲ့

မင်းဆက်သွားခြင်သေးလား

အင်း

ဒါဆိုရင် ခဏစောင့်၊ ငါ အဲဒီကမ်းစပ်ကို တပ်စိတ်တစိတ်နဲ့ တက်သွားပြီး ရှင်းမယ်

ရှင်းမယ်၊ ဒါဆိုရင် ဘာဖြစ်နိုင်သလဲ

ဘာမှ ဖြစ်ချင်မှလဲဖြစ်မယ်၊ အဲ အဆင်မသင့်ရင်တော့ တိုက်ပွဲဖြစ်နိုင်တယ်။

(လက်ရှိ ဒိနေ့ လိုအခြေအနေဆိုရင် ပြန်ဘို့ ပဲရှိတယ်၊ အဲဒိတုံးကတော့ တပ်မတော်သားတွေကအစ သုတေသနရဲ့ အရေးကြီးပုံကို သဘောပေါက်တာပဲလား၊ ခေါင်းဆောင် ကျနော့်ဆုံးဖြတ်ချက်ကိုပဲ လေးစားလို့ လားမသိ၊ ပြန်ဆုတ်၇အောင် တချက်မပြောကြဘူး၊ မအေပေး မိုးကြိုး လူလေး ကိုးယောက်ပဲ ရှိတာ ငါတို့ မသိတာကျနေတာပဲ၊ တက်တွယ်လိုက်ရလို့ ပဲ ပြောနေကျတာ။

` Do not make war for the sake of me' လို့ ပြောပြီးအဲဒိနေ့ က ရေလည်ကပဲမောင်း၊ ဓါတ်ပုံတွေလှမ်းရိုက် ပြန်လာခဲ့ကျရပါတယ်ခင်ဗျား၊ ခင်လင်းစိုးကတော့ သူရောက်ခဲလှတဲ့ မိုးဗြဲရွာတွေကို မရောက်လိုက်ရလို့ တောက်တခေါက်ခေါက်။

ညီနောင်တို့ ရေ ခင်ဗျားတို့ ကိုရှယ်ထားတဲ့ အစီရင်ခံစာတွေ စာတမ်းတွေဟာ စားပွဲပေါ်က အလုပ်တွေ မဟုတ် အဲဒီလို အခြေအနေတွေကနေ ထွက်လာရတဲ့ သတင်းအချက်အလက်တွေပါခင်ဗျား

ထွန်းဇံကတော့ သူမပါလို့  ဖြစ်ရတာပါတဲ့ ကျေးဇူးရှင်

၁၄)
မြေရဲ့ စွမ်းဆောင်နိုင်မှုကို တိုင်းတာတာဟာ လျှောစောက်နဲ့ ၊ မြေဆီလွှာအထူလို့ ရေးပြီးပါပြီ။

လျှော်စောက်ကို ကျနော်တို့ အဲဒီတုံးက လက်စွဲဖြစ်တဲ့ စစ်သုံးမြေပုံတွေကနေယူရတယ်။

Geographic Information System ထဲကိုပို့ ဘို့ က လျှောစောက်တွေဟာ digital layer slope map အနေနဲ့ ထဲ့ရမယ်။

နိုင်ဂံခြားမှာကတော့ DEM တွေရှိတယ်၊ ဆွဲထားတဲ့လမ်းစဉ်တွေထဲမှာ spot satellite ကနေ ကွန်ပျူတာနည်းပညာနဲ့ DEM (digital elevation model) ထုတ်ဘို့ ပါတယ်။

ဂျီအိုင်အက်စ်သင်တန်းမှာသူတို့ လက်တွေ့ လုပ်ကျတယ်၊ အဲဒီအချိန်က အကောင်းဆုံးစက်တွေနဲ့ ဆောဖ့်ဝဲတွေနဲ့ ဖူးကြီးရေဝေရေလဲကိုထုတ်တာ ၃၆နာရီကြာတယ်။

ကျနော်တို့ သစ်တောမှာမို့လို့ ၊ မီးမပျက်ဘူး၊ ပျက်ခဲ့တောင်မှ ၄နာရီကျော်ခံတဲ့ ၆၀ကေဗွီ ယူပီအက်စ်နဲ့ ၊ နောက် တ၀င်းလုံးကို မီးပေးနိုင်တဲ့ မြစ်ဝကျွန်းပေါ်သွားသဘောင်္အင်ဂျင်လောက်နဲ့ ထိုင်ထားတဲ့ မီးစက်ကြီးတွေနဲ့ ။

အဲဒီနည်းပညာကို အင်းလေး၊ ကင်းတားမှာသုံးလို့ မရဘူး။ လျှောစောက်ကို ကျနော်တို့ အဲဒီတုံးက လက်စွဲဖြစ်တဲ့ စစ်သုံးမြေပုံတွေကနေယူရတယ်။ လျှောစောက် အတန်းအစားတွေကို အရင်ဆုံး မြန်မာနိုင်ငံရဲ့ မိုးရေချိန်အနေအထား စသည်တို့ နဲ့ ပြန်တွက်ကြပါတယ်။ အုန်းဝင်းက အဲဒီ မာစတာဆိုတို့ သူနဲ့ လုပ်ကြတယ်။ ထွက်လာတဲ့ အတန်းအစား ၆ခုကို စစ်သုံးကွန်တိုမြေပုံပေါ်မှာ ကွန်တိုမျဉ်း အစိတ်အကျဲ ဘယ်လောက်ရှိသလဲဆိုတာကို တွက်ထုတ်ပြီး diagram လေးတခုထွက်လာတယ်၊ အဲဒီ ကီးကို ဘေးချပြီး စစ်သုံးမြေပုံပေါ်မှာ transparency ထပ်ပြီး လျှောစောက် မြေပုံဆွဲတယ်၊ ပြီးမှ အဲဒါကို digitizer ပေါ်တင်ပြီး GIS layer အဖြစ် ထွက်ပေါ်လာတယ်၊

မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဂျာမန် နည်းပညာတွေနဲ့ ပေါင်းစပ်လိုက်တာပါပဲ၊ နောက်ပိုင်းကျနော် အပူပိုင်းဒေသ ၁၃ခရိုင်အတွက် လုံးပမ်းတဲ့အချိန်မှာ ဒီနည်းပညာတွေ အပြည့်ပြန်သုံးရတော့တာပေါ့ဗျာ။

နောက်ဆုံး မြေပုံထုတ်တဲ့အဆင့်က ကျေးရွာအုပ်စုအဆင့်။ ၁း၅၀၀၀ စကေးမှာထုတ်ရတာ၊ဒီနည်းကို သုံးမရဘူး။ ဘယ်မရမလဲ ကောင်းကင်ဓါတ်ပုံတွေရှိနေတာပဲ၊ စတီရီယိုကြည့်ပြီး ကွင်းထဲမှာ တကယ်တိုင်းတဲ့ လျှောစောက် ဒီဂရီတွေကို ပြန်သုံးပြီး လျှောစောက် မြေပုံတွေ ထုတ်နိုင်ခဲ့ပါတယ်၊ ဒီအပိုင်းနောက်မှလာမယ်။

ယိုးဟန်နက်စ်ဆီက ကျနော် ကွင်းတွင်း အတွေ့ အကြုံတွေ အများကြီးရလိုက်သလို၊ အနောက်နိုင်ငံသားတွေနဲ့ ဆက်ဆံရေးတွေလဲ အများကြီးပါပဲ ရလိုက်တယ်။

ဒီရေတောနဲ့ ဖူးကြီးတုံးက ပြသနာ မရှိလှဘူး၊ လုံခြုံရေးပြသနာတွေ မကြီးဘူးကိုး။

အင်းလေးကင်းတားမှာ ပြသနာတွေစတာပဲ၊ ကျနော်က လုံခြုံရေးကြောင့် သူသွားချင်တဲ့နေရာကို စိတ်မပျက်အောင် ရရင်သွားမယ်ဆိုတဲ့ အနေအထားကိုမြန်မာပီပီပြောပြီး နောက်ပိုင်း မသွားသင့်ဘူးလို့ အကြံပေးလာကြရင် ဖျက်လိုက်တာကို၊ ဒီကောင်က မင်းငါ့ကို လိမ်တယ်ပြောလေရဲ့ ။

ကျနော်လဲ ကောင်းဘွိုင်ဝတ္တုတွေ ရုပ်ရှင်တွေနဲ့ ကြီးလာတာ၊ လိမ်တယ်ဆိုတာ မြန်မာနိုင်ငံမှာသာ ခပ်ပေါ့ပေါ့၊ သူတို့ ဆီမှာ သေနပ်နဲ့ ကို ဖြေရှင်းရတာလေ၊ တဖြေးဖြေးနဲ့ ကျနော်ဘယ်လိုပြောရမယ်သိလာပါတယ်။

အရက်သောက်တာ၊ အင်းလေးမှာ ကျနော် pick me up သောက်တာ၊ အဲဒီနေ့ ညဘက် ပြသနာတွေ ဖြစ်ကထဲက ကျနော်မသောက်တော့ဘူးပြောပြီး အလုပ်တွေ ပြီးတဲ့အထိ မသောက်တော့ဘူး။

ကွင်းထဲမှာ မြေဆီလွှာပျက်စီးမှုတွေကို ကြည့်တာ၊ သစ်ပင်ရဲ့ မြေကြီးနဲ့ ပင်စည်ထိတဲ့နေရာကနေ အမြစ်တွေပေါ်နေတာကိုကြည့်တာ၊ မြက်ခင်းထဲမှာ လမ်းလျှောက်ရင်ကို ချိုင့်တွေဖြစ်နေတာကနေ ရေတိုက်စားမှု ခန့် မှန်းတာ၊ ကမ္ဘားပြိုဆိုတဲ့ gully ကြီးတွေကို ထိန်းသိမ်းတဲ့နေရာမှာ၊ စိန်နပန်၊ အောက်မဲညို၊ ဘိစပ်အစရှိတဲ့ အောက်ပေါင်းတွေ ခြုံနွယ်ပင်တွေက ယူကလစ်အစရှိသည် သစ်ပင်ကြီးတွေကို တောဖြစ်အောင် စိုက်တာထက် ဘယ်လောက် အရေးကြီးတယ်ဆိုတာတွေ သင်ခဲ့ရတယ်။

Volume 2 Framework for Safe Land Use ဟာကျနော် စတူးမင်းကို တိုက်တွန်းလို့ ဒီကိစ္စတွေကို သေသေချာချာ ရေးပေးထားတာပါပဲ၊ တလောက ပြည်နယ်မှုးတွေကို ဘာသာပြန်ပြီး ညွှန်ကြားချက် ထုတ်လိုက်ရသေးတယ်၊ လက်ရှိညွှန်ချူပ်ရဲ့ ပြီးပြည့်စုံသော ညွှန်ကြားချက်တခုဖြစ်ပါသည်လို့ မှတ်ချက်ချခြင်းခံခဲ့ရတယ်။ ကျနော်ရေဝေကို ခဏကိုင်ရတုံးကောက်ထုတ်လိုက်တာ၊ ဒီနည်းပညာတွေအားလုံးဟာ ဒီအစီရင်ခံစာတွေထဲမှာပဲ ကျနော် ၁၉၉၆လောက် ဒါတွေလုပ်ပြီးကထဲက အိပ်ပျော်နေကြတာကလား။

ကျနော်တို့ အရင်ဆုံး ၁၉၇၄နဲ့ ၁၉၉၅ ဓါတ်ပုံတွေကိုကြည့်ပြီး ပြောင်းလဲမှုရှာတယ်၊

ပြောင်းလဲမှုအများဆုံးနေရာကို မြေပုံထုတ်တယ်၊ စွမ်းဆောင်မှုမြေပုံတွေ အားလုံးကိုထုတ်တယ်၊ နောက် ကျေးရွာအုပ်စုတစုရွေးပြီး treatment oriented land capability plan ဆွဲတယ်၊ လက်စွဲတွေထဲမှာပါပေမဲ့ နဲနဲရေးပြမယ်။

ကျုံးကျေးရွာအုပ်စုကို ရွေးထားတယ်၊ အရင်ဆုံး မြေပုံတွေထုတ်တယ်၊ ကျော်ဇေယျရယ်၊ ဇော်ဝင်းရယ်က စတူးမင်းနဲ့ ဝိုင်းကူကြတယ်၊ ဘက်စ်တက်ရယ်၊ အုန်းဝင်းရယ် အီကိုက ဆရာဦးသူရရယ်က စီးပွားရေးစစ်တမ်းတွေကောက်ကြတယ်၊ သူတို့ အဲဒါတွေလုပ်နေချိန်မှာ ကျနော်နဲ့ ယိုဟန်နက်စ်က အင်းလေး၊ ကင်းတား ရေဝေတခုလုံးကို ကွင်းနင်းနေကြတာ၊ ကျနော် ခြေသဲ ရှစ်ချောင်း (ခြေမတွေလွဲလို့ ) ကျွတ်ကုန်တဲ့အထိပဲ။

မြေပုံတွေမှာ လျှောစောက်မြေပံ (ဓါတ်ပုံကနေထုတ်တယ်)

နောက် မြေဆီလွှာအထူပြမြေပုံ (ကွင်းဆင်းတိုင်းတယ်)

မြေအသုံးချမြေပုံ (ကောင်းကင်ဓါတ်ပုံနဲ့ ဂြိုလ်တုဓါတ်ပုံတွေသုံးတယ်)

မြေယာပိုင်ဆိုင်မှု မြေပုံ (ကြေးတိုင်မြေစာရင်းရဲ့ ကွင်းမြေပုံတွေကို အမျိုးမျိုးသောနည်းများနဲ့  ရယူခဲ့ပါ၏။ မောင်ကိုပဲ)

လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များ (စစ်တမ်းကောက်တယ်၊ လူမှုအခြေအနေတွေ၊ ဘယ်လို ကုညီမှုရှိတယ်ကအစပဲ၊ ပုံစံတွေရယ် village profile တွေ လက်စွဲစာအုပ်မှာပေးထားတယ်

ဒါတွေရတော့မှ ရွာသားတွေနဲ့ အစည်းအဝေးထိုင်ပါတယ်ခင်ဗျာ

ပိုင်ဆိုင်မှုမြေတကွက်ခြင်းကို ခင်ဗျားရဲ့ မြေကွက်ဟာ လျှောစောက်ဘယ်လောက်ရှိတယ်၊ မြေဆီလွှာအထူကဘယ်လောက်၊ ဒါကြောင့်မြေကို မပျက်စီးစေခြင်ရင် (သူ့ မြေမပျက်မှ ရေဝေရေလဲကလဲ မပျက်မှာလေ) ဘယ်လိုလုပ်သင့်တယ်ထင်သလဲ၊ ကျနော်တို့ ကတော့ ဒီလို အကြံပေးပါတယ်၊ ပေ၂၀တိုင်းမှာ တပေခွဲရှိတဲ့ ကန်သင်းကို မြက်နဲ့ လုပ်ပါ၊ စသဖြင့်ပေါ့။
သိပ္ပံပညာဆိုင်ရာ၊ လူမှုစီးပွားရေဆိုင်ရာ ရွာသားရဲ့ ပူးပေါင်းဆောင်ရွက်မှု (participatory approach), participatory decision making/ဒါတွေအားလုံးပါပြီးသားဖြစ်သွားပါလေရဲ့ ။

လက်ရှိ အင်းလေးမှာလုပ်နေကြတာ ဒီအဆင့်မရောက်ပါဘူး၊ ဂူးဂဲလ်အာ့သ်က ရတဲ့ မြေပုံနဲ့ ၊ ရွာသားမေးပြီး စီမံကိန်းဆိုပြီး ချနေကြတာ၊ သူတို့ မြေပုံတွေကိုဆက်လိုက်တာနဲ့ ရွာတရွာနဲ့ တရွာ နယ်နိမိတ်တွေ ထပ်နေကြတာပေါ်ပြီး ၀တွေသာဆိုရင် ခေါင်းဖြတ်ကုန်ကျလိမ့်မယ်

အမှန်တော့ ရွာသားတွေကိုမမေးခင်ကထဲက ကျနော်တို့ အနေနဲ့ စွမ်းဆောင်မှုကို မြေပုံထုတ်ပြီးပြီ၊ နောက် လက်ရှိ မြေအသုံးချမှုကို ထုတ်ပြီးပြီ၊ ဒီနှစ်ခုကို ထပ်ကြည့်ပြီး ဒီမြေဟာ အသုံးချမှု ပိုနေတာလား၊ ရော့နေတာလား၊ အနေတော်ပဲလားဆိုတာကို ပြတဲ့ landuse adjustment map ထုတ်ပြီးပြီ ဖြစ်ပါတယ်၊ သိပ္ပံပညာရှင်ရဲ့ အဲဒီရလဒ်ကို ဒါလုပ်ဆိုပြီး ချမပေးပဲ သူတို့ နဲ့ တိုင်ပင်လုပ်လိုက်တော့ treatment oriented land capability plan ဆိုပြီး ဖြစ်သွားတာပေါ့၊ မြေပုံမှာ ဘာလုပ်မယ် ဘယ်လောက်လုပ်ရမယ်၊ ဘာကို ဦးစားပေးလုပ်ရမယ်ဆိုတာကို ပြည်သူတွေရဲ့ သဘောတူညီချက် ဆုံးဖြတ်ချက်နဲ့ အပြည့်အစုံပါလေရဲ့ ခင်ဗျား

(၁၅)
GAF နဲ့ အလုပ်လုပ်ရတာ ခြောက်လပါ၊ ကျနော့်ကိုခန့် တာလဲ ခြောက်လပါပဲ၊ ၀န်ကြီးရုံး စီအင်းကနေ ကျနော် အက်ဖ်အေအိုကို သွားတွဲရတာပေါ့၊ မိန်းမကတော့ မြန်မာနိုင်ငံမှာ မရနိုင်တဲ့ လစာရတဲ့အတွက် ပျော်နေတာပေါ့ဗျာ၊ ကျနော်မူးတာတွေကိုတောင် သည်းညည်းခံကြည့်နေတယ်။

ကန်ထရိုက်အလုပ်ကပြီးသွားတဲ့အချိန်မှာပဲ ယူအင်န်ဒီပီက မြန်မာနိုင်ငံပေါ် ဆက်ဆံပုံပြောင်းသွားလေရဲ့ ၊ နှစ်ရှည် စီမံကိန်းတွေကနေ ဖျက်ပြီး ဒေါ်လာ၂သန်းတန် Human Development Initiative ဆိုပြီး ပြန်စပါလေရဲ့ ၊ အဲဒါတွေကြောင့်ပဲ ကျနော် (၁၄)မှာ ပြောခဲ့တဲ့ နည်းပညာအခြေခံ လုပ်ငန်းတွေရပ်ဆိုင်းသွားလေရဲ့ ။

ဆင်းရဲခြင်း (poverty alleviation) ဆိုပြီး သမဂ္ဂတွေဖွဲ့ တော့တာပါပဲ။

ရွာတရွာဝင်လိုက်ရင် အမျိုးသမီးအသင်း၊ မွေးမြူရေးအသင်း၊ စိုက်ပျိုးရေးအသင်း၊ ယုတ်စွအဆုံး မြေမဲ့ယာမဲ့ အသင်းအထိရှိတယ်၊

ဦးပါဒေးကို ကျနော်ခဏခဏ စဘူးတယ်၊

ရှစ်လေးလုံးအရေးအခင်းတုံးက မြန်မာပြည်လမ်းပေါ်မှာ လူဆယ်ယောက်လမ်းလျှောက်နေရင် ဥက္ကဋ္ဌကြီးလို့ သာခေါ်လိုက် ရှစ်ယောက်လောက်က လှည့်ကြည့်တယ်၊ သမဂ္ဂတွေက များလွန်းလို့ ။

အဲဒီအချိန်ကလဲ ယူအင်န်ဒီပီရွာတွေမှာ ဥက္ကဋ္ဌကြီးသာ ခေါ်လိုက် ရှစ်ယောက်လောက်က လှည့်ကြည့်မှာပဲ။

ကျနော်ကို request လုပ်ပြီးနောက် ၁၂လတိတိ ဆက်ခန့်ပါတယ်၊ အဲဒီမှာ ဆင်းရဲမွဲတေခြင်းနဲ့ ကျနော့် ၈ျီအိုင်အက်စ် နည်းပညာတွေကို ဆက်စပ်နိုင်လို့ အခွင့်အရေးတွေရခဲ့ပါတယ်။
အဲဒီအလုပ်မလုပ်ခင် ပထမခြောက်လရဲ့ နောက်ဆုံးအပြီးသတ်အချိန်တွေမှာကို ကျနော် သစ်တောဦးစီးဌာနက ခိုင်းတဲ့ အလုပ်အကြီးကြီးတခုကို လုပ်ခဲ့ရပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒီရေတောများ မြေအသုံးချမှု မြေပုံထုတ်ခြင်းလုပ်ငန်းပါပဲခင်ဗျာ။

နိုင်ငံတော်ကနေ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ လယ်ယာဖေါ်ထုတ်ဖို့ စီမံကိန်းဆွဲခိုင်းတယ်၊ ကျနော့်အနေနဲ့ ကတော့ ဒီရေတောမှာ နေပြီးကထဲက သယံဇာတကိုရောက်တာနဲ့ ကောင်းကင်ဓါတ်ပုံတွေကနေ ခေတ်အဆက်ဆက် ဒီရေတောပြောင်းခြင်းတွေကို လုပ်လာခဲ့တာ၊ သူတို့ ထပ်တိုးချင်တယ်ဆိုတဲ့ လယ်မြေပမာဏက တရားမ၀င် တိုးပြီးဖြစ်နေပြီဆိုတာကို ပြောရဲလေရဲ့ ၊ ဒါပေမဲ့ သက်သေပြရမယ်လေ၊

GAF နဲ့ လုပ်တဲ့အထဲမှာက လပွတ္တာတ၀က်၊ ဘိုကလေး တ၀က်လောက်ပဲပါတယ်၊ ဧရာဝတီတိုင်း တတိုင်းလုံးမပါဘူး

ကျနော်တို့ ပရိုဂျက်က အဲဒီအချိန်မှာ ၆လတောင်မပြည့်သေးဘူး၊ နောက်ဆုံးသင်တန်းဖြစ်တဲ့ GPS သင်တန်းလုပ်ခါနီးမှာပဲ၊ လိုတဲ့ဓါတ်ပုံတွေကို ညွှန်ချူပ်က လာဟီရီ (ဒီရေတောစီမံကိန်း စီတီအေ)ကို အကူအညီတောင်းလို့ ဝယ်ပေးတယ်၊ လုပ်မဲ့လူကတော့ ရေဝေရေလဲက ပညာရှင် မောင်ကိုပေါ့။

ဥပါဒေးက အောင့်သက်သက်နဲ့ ပဲ သဘောတူရတယ်။ မတူရင်လဲ ကျနော့်ကို terminate လုပ်မယ်ပဲ ညွှန်ချူပ်က ခြိမ်းခြောက်လေရဲ့ ၊ ဒီစီမံကိန်းတွေမှာ အမျိုးသားပညာရှင် ၆ယောက်လောက်ရှိတယ်၊ ကျန်တဲ့လူတွေဟာ သူ့ တာဝန် အလုပ် သပ်သပ်ရပ်ရပ် လုပ်ကြရတယ်၊ ကျနော်လုပ်ခဲ့ရတဲ့ ၁၈လမှာ သေသေချာချာ ရက်စွဲနဲ့ ပြန်တိုက်ကြည့်တော့ သစ်တောဌာနရဲ့ သမ္ပန ပေါင်းစုံကို ပြန်လုပ်ပေးရတာ ၆လလောက်ရှိလေရဲ့ ၊ သစ်တောဌာနပြန်ရောက်ပြီး အလုပ်တခုကို ဥပါဒေးနဲ့ တွဲလုပ်တဲ့အချိန် သူက မျက်နှာပုတ်ကြီးနဲ့ I have never been your boss. လို့ ပြောရှာလေရဲ့ ။

အဲဒီတုံးက ဂြိုလ်တုဓါတ်ပုံကို ဘယ်လိုသုံးရတယ်ဆိုတာပြောပါ့မယ်။

ဓါတ်ပုံတပုံဟာ ဆိုက် အနည်းဆုံး ၅၀၀အမ်ဘီရှိပါတယ်၊ ကျနော့်လက်တော့ပ် (အဲဒီအချိန် အကောင်းဆုံးကမှ ၅၁၂ အမ်ဘီရှိတယ်၊ လိုအပ်တဲ့ ဘဲန် ၃ခုပဲထဲ့ရင် ပုံထွက်ရုံပဲ၊

ဒါကြောင့် တောဆင်းရင်၊ hardcopy တွေပဲ သုံးရပါတယ်၊ ၁း၅၀၀၀၀ စကေးနဲ့ ရိုက်ထုတ်ထားတဲ့ ဖိုတိုပေပါနဲ့ ရိုက်ထုတ်ထားတဲ့၊ ဂြိုလ်တုဓါတ်ပုံတွေဖြစ်ပါတယ်။ ဂျာမဏီမှာပဲ ၇ိုက်နိုင်ပါတယ် (အဲဒီအချိန်က၊ ကျနော်တို့ ဆီမှာ ၇ိုက်လို့ ရပြီ ဖြစ်ပေမဲ့ မကျွမ်းကျင်သေး၊ ဖိုတိုပေပါ အဲဒီလောက် အလိပ်ကြီးတွေ မရှိ
သေး၊ အလိပ်လိုက်လာတယ်၊ ရဲရဲတင်းတင်း ဖြတ်ပစ်ရတယ်။ ကိုယ် ကွင်းထဲမှာ ကိုင်နိုင်တဲ့အရွယ်၊ နောက် အခုတော့ ပေါနေပြီဖြစ်တဲ့ မြေပုံထဲတဲ့၊ ဗူးနက်ကြီးနဲ့ သယ်ရလေရဲ့ ။

ဒေတာကျတော့ ၈အမ်အမ် ဒေတာတိပ် (အခု ဗွီဒီယိုရိုက်နေကြတဲ့တိပ်)နဲ့ ရော စီဒီနဲ့ ပါလာတယ်။

ကျနော်နဲ့ အတူ အခု ယူအက်စ်မှာ ဘာလုပ်နေမှန်းကို မသိတော့တဲ့ တောအုပ်ကြီး မိုးကျော်ပြည်စိုးက လိုက်တယ်၊ ပုသိန်မော်တင်စွန်းပြီးတဲ့အချိန်မှာပဲ

ဂျီပီအက်စ်သင်တန်းစတာကြောင့် သူပြန်သွားတယ်။ ကျနော်တယောက်ထဲ ကွန်ခြစ်ဆိုတဲ့ လပွတ္တာက  တောခေါင်းလေးခေါ်ပြီး တကိုယ်တော်ဆင်းရတယ်။

အက်အေအို အမျိုးသားပညာရှင်၊ နဂိုထဲကလဲ နယ်က ညီတွေအားလုံးကို ကျနော်က မြေပုံတွေနဲ့ ပတ်သက်ရင် အကူအညီပေးနေကြ၊ နောက်ဆင်းရတဲ့အလုပ်ကလဲ ညွှန်ကြားရေးမှုးရဲ့ လက်ငင်း အရေးကြီးဆုံးအလုပ်ဆိုတော့၊ အခက်အခဲကတော့ ဘာမှမရှိပါဘူး၊ အချိန်ပဲ၊

ကျနော် မော်တင်စွန်းကနေ ရန်ကုန်တိုင်းအစပ် နောက်မီးရွာအထိကို ၂ပါတ်နဲ့ ပြီးအောင် ဆင်းခဲ့ရပါတယ်။

GAF နဲ့ ဆင်းပြီးသား နေရာကိုတော့ ကျော်သွားတယ်၊ သူတို့ သတ်မှတ်ပေးခဲ့တဲ့ မြေအသုံးချမှု အတန်းအစားတွေနဲ့ ပဲ ဆက်လုပ်တယ်၊ အခုမှပဲ ကျနော် ပိုနားလည်သွားတော့တယ်။
ငယ်ကျိုးငယ်နာတွေ ထဲ့ရေးပါဆိုလို့ အဲဒီတုံးက ငယ်ကျိုးငယ်နာလေးတွေကို ကျနော် တံပိုးရေကျော်ထဲမှာ ထဲ့ရေးထားတာကို ဖတ်ကြည့်ကြပါ။

စခန်းအပျက်တွင် ရွက်ထည်တဲများနှင့်အိပ်၊ ကျန်ရှိနေသော စားပွဲပေါ်တွင် `ဒီပါအေးမြ´ ကိုနားထောင်ရင်း ဤစာကို ရေးချင်စိတ်အရမ်းပေါ်လာသည်။ `ဒီပါအေးမြ´ နှင့် ပါတ်သက်ခဲ့သော နာမည်ပင်မသိခဲ့ရသည့် သူတစ်ယောက် လည်း အရမ်းသတိရနေမိသည်။

ကိုကျော်ရွှေ၊ အဲဒီပတ္တလား ၀င်တီးကြည့်လို့ရမလားဗျာ
    ပြီးခဲ့သော ၁၉၉၅ ခုနှစ်က ကျွန်တော်နှင့် တောအုပ်ကြီး မိုးကျော်ပြည်စိုး၊ ဟိုင်းကြီးကျွန်း သစ်တောရုံးမှ ဈေးသို့အသွား နှစ်ထပ်အိမ်ကြီးအောက်မှ ပတ္တလားတစ်လုံးကိုမြင်၍ ကျွန်တော်မေးမိခြင်းပါ။ ပတ္တလားကအဝေးမှ မြင်ရသော်လည်း အတော်လေးတီးခတ်ထားဟန်ရှိသည်။

ရတယ်ဆရာ၊ ဈေးကပြန်ရင်ဝင်ကြတာပေါ့၊ ကျွန်တော်နဲ့ဒီအိမ်ခင်ပါတယ်၊ အဘိုးကြီးကတော့ သိတ်မတီး တတ်ဘူး၊ ဒါပေမဲ့ ဒီကျွန်းက တီးတတ်တဲ့လူတွေ စုစုတီးကြ ဆိုကြတာတွေ့ရတာဘဲဓ

ဈေးမှအပြန် ၀င်မိကြသည်။

အဘ၊ ဒါ ကျွန်တော်တို့ဌာနကဆရာပါ၊ ဧရာဝတီတိုင်း ဒီရေတောတွေနဲ့ မြေအသုံးချမှုမြေပုံထုတ်တဲ့ လုပ်ငန်းနဲ့ လာတာပါ

အေး၊ ဒါနဲ့

ဆရာက ဂီတ၀ါသနာပါလို့ အဘပတ္တလားမြင်တာနဲ့ တီးချင်လာလို့တဲ့

အမှန်တော့ တော်တော်လေးတော့လွန်တဲ့ကိစ္စပါ။ ဘယ်လိုမှ အဆက်အစပ်မရှိ၊ မသိသောနေရာတစ်ခု၊ ဒါပေမဲ့ ကျွန်တော် ဒီပတ်ဝန်းကျင်ဒေသမှာ အင်မတန်တီးချင်နေမိသော သီချင်း(၂)ပုဒ်ရှိသည်။ ပတ္တလားနှင့်ဝေးကွာနေရသည်မှာ လည်း ကြာလှပြီ။ အိမ်က ပင်လယ်ကမ်းစပ်ကို တိုက်ရိုက်ဦးတည်ဆောက်ထားပါသည်။ ပင်လယ်ပြာနှင့် သောင်ပြင်ကြီး နှင့်၊ ကျွန်တော်အမှန်တကယ်ပြောရလျှင် `ရွှေရင်ဘောင်၊ ငွေရင်ဘောင်´ ကို အဲဒီအချိန်က အင်မတန်တီးချင်နေမိပါသည်။

ထိုင် ထိုင်၊ တီးပါမောင်ရင်

ကျွန်တော်အားမနာနိုင်ပါ၊ အသာပင် ပတ္တလားရှေ့ထိုင်၍ လက်ခတ်ကိုင်ကာ အသံစမ်းလိုက်မိသည်။ အလို မိန်းကလေးတစ်ဦးထွက်လာပါသည်။ မဟာဂီတသီချင်းစာအုပ်ကလေးကိုင်၍၊ စည်းနှင့်ဝါးလည်းပါသည်။

ဒါ ဦးသမီးဘဲ၊ ကျောင်းဆရာမလုပ်တယ်၊ နည်းနည်းပါးပါး ဆိုတတ်ပါတယ်၊ တီးကြဆိုကြပေါ့

ကျွန်တော် ပတ်ပျိုးခံခင်းနေရင်းမှ မေးမိသည်။

ရွှေရင်ဘောင်၊ ငွေရင်ဘောင် ရလား ဆရာမ

အဲဒီသီချင်းမရဘူး၊ ကျွန်မက ဆိုကရေးတီးပြိုင်ပွဲတွေမှာပြိုင်ရတဲ့ သီချင်းတွေဘဲကျင့်ထား၊ တက်ထားတာပါ ဆရာ၊ ဒါပေမဲ့လဲ မြို့နယ်အဆင့်ဘဲ၊ တိုင်းကျရင်တော့ ပြန်လာရတာပါဘဲ

ဒါဖြင့်ရင်လည်း ‘ဒီနှစ် ဘယ်သီချင်းတွေနဲ့ ကျင့်ထားလဲ

ဒီပါအေးမြ ပါဆရာ၊ ဆရာ ရပါသလား

ဒီပါအေးမြ

ပတ်ပျိုးခံ စမ်းနေရင်းမှ တီးတိုးရေရွတ်လိုက်မိပါသည်။ စိတ်က အရင်တက္ကသိုလ်ပညာအသင်း အနုပညာခန်း ၁၉၇၄ ခုနှစ်သို့ ပြန်လည်ပျံ့လွင့်သွားမိပြန်သည်။

ဆရာ ဦးဟန်စိန်က ဟေ့ကောင်၊ မင်းသီချင်းတွေ မကုန်သေးဘူးလား၊ ဘာတက်အုံးမလို့လဲ

ဆရာ့ဆီမှ ကျွန်တော်လောလောလတ်လတ်၊ ဟေ၀န်စုံမြိုင်၊ အောင်မြေသာစံ စသည့် သီချင်းကြီးများ ဆက်တိုက် တက်ပြီးချိန်မို့ ဆရာက စမေး မေးခြင်းပါ။

ဒီပါအေးမြ တက်ချင်တယ်ဆရာ

အလကားဆရာ၊ ဒီကောင် ၀င်းဦး၊ မိန်းမလှအမုန်းဖတ်ပြီး စိတ်ကူးယဉ်တာ

ဘေးမှသူငယ်ချင်းများ ၀င်ပြောခြင်းပါ။ ၀င်းဦး၏ မိန်းမလှအမုန်း ၀တ္တုကြီးဖတ်ပြီးသည်နှင့် ကျိုက်ခေါက် ဘုရားကြီးစောင်းတန်းမှ ပတ္တလားပညာရှင်အဘိုးကြီးနှင့် ပန်းသည်မလေး `ညို´ တို့၏ ဒီပါအေးမြ ပတ်ပျိုးကို သတိတရ ရှိမိခဲ့ပါသည်။ သီချင်းကိုတော့ တစ်ခါမှမကြားဘူးပါ။ မိမိအဆင့်ကလည်း ဤအဆင့်မရောက်သေး၍ မျိုသိပ်ခဲ့ရပြီး

ယခုတော်တော်လေးတီးနိုင်ပြီထင်၍ ဆရာ့ဆီမှာ ပူဆာရခြင်းပါ။

အေးလေ၊ တက်တာပေါ့၊ ကဲစ

အဲဒါနှင့်ပင် ဒီပါအေးမြ၊ သပြေညာ၊ ရွှေတေဇာရာသောင်းလုံး အစချီသောသီချင်းကို တက်ခဲ့ရပါသည်။

သီချင်းရေးသူက ဇာတ်ဆရာ ဦးကျောက်ခဲ၊ ကျွန်တော် အင်မတန်ကြိုက်သည့် ဟေ၀န်စုံမြိုင်၊ ရွှေရင်ဘောင်၊ ငွေရင်ဘောင်၊ မြူဝန်းလို့ခို အစရှိသော ကိန္နရာချောင်းခြား ပတ်ပျိုးများ လက်ရာရှင်ပါ။ ဘုရင့်နန်းတွင်း၌ အနေအထိုင် မတတ်သဖြင့် အောက်ပြည်အောက်ရွာသို့ ထွက်ပြေးတိမ်းရှောင်ရင်း ဤသီချင်းများ ထွက်ပေါ်လာသည်ဟု မှတ်သားရ ပါသည်။

တက်ရင်း တက်ရင်းပင် သီချင်းကိုအင်မတန်ကြိုက်ခဲ့ရသည်။ တီးကွက်၊ စာသားကောင်းရုံမက အသံကအင်မတန် သာပါသည်။ ပတ္တလားတွင် ပတ်ပျိုးသီချင်းများကို သံရိုး ခြောက်ပေါက်နှင့် တီးရပါသည်။ ဒီပါအေးမြသည် သံရိုး ခြောက်ပေါက်နှင့် ထုံးစံအတိုင်း တီးသော်လည်း တပုဒ်လုံးလိုလိုသည် ပုလဲနှင့် လေးပေါက်အောက်ပြန်များတွင်သုံးသည်။

ဆရာ့လက်ကွက်များကလည်း လှမှလှ၊ ယခုအထိ ဆရာ့လက်ကွက်အတိုင်း တီးသည့် ဒီပါအေးမြမူကို မကြားဘူး၊ မတွေ့ဘူးသေးပါ။

အထူးသဖြင့် အဆိုအသင်းခန်းတွင် တစ်ယောက်မှမရ၊ ထို့ကြောင့် ကျွန်တော် ကိုယ့်ဘာသာကိုယ်သာ ဆိုတီး တီးခဲ့သည်။ ယခု အဆိုသမားတွေ့ပြီ။

အားမနာနဲ့၊ ရဲရဲသာဆိုနော် ဆရာမ

မကြိုလာ၊ သီတာသား၊ ခြားလို့နေတဲ့ ဟေ၀န်တောင်၊ ညိုမှောင်ဆိုင်း၊ မှိုင်းလို့လို့လေး

တံပိုးရေကျော်၊ ၀ဲမော်ဝေ့၀ိုင်း၊ မျှော်လေတိုင်း၊ ခေါ်လေတိုင်း၊ ဗျာလှိုင်းဆူလို့၊ ပူရန်ကြွယ်၊ ပင်လယ်ကြီး၊ ဆီးလို့လို့ လေး

အဲဒီနေ့၊ တစ်နေ့လည်လုံး ညနေစောင်းသည်အထိ ဆိုတီးကြသည်။ ဒီပါအေးမြကို နှစ်ခေါက်ကျသည်။ ညနေတော့ ကျွန်တော် ထိုအချိန်က ထုံးစံအတိုင်း အရက်ဝိုင်းများနှင့်၊ နောက်နေ့များတော့ အလုပ်ကမပြတ်တော့။ အိမ်ရှေ့မှသာ ဖြတ်သွားဖြတ်လာဖြစ်ပြီး၊ ပြန်လာသည်အထိ နှုတ်မဆက်ဖြစ်ပါ။ မိန်းကလေးဖြစ်နေ၍လည်း နာမည်ပင် မမေးမိခဲ့။

““အကို ဟိုင်းကြီးကျွန်း မုန်တိုင်းဝင်နေတယ်၊ အပျက်အစီးများတယ်တဲ့””

၂-၅-၂၀၀၈ နေ့ပါ။ နေပြည်တော်တွင် လေးလပတ်အစည်းအဝေးသို့ မသွားခင် နေ့လည်(၁)နာရီခန့်တွင် ညီငယ် ဦးစီးအရာရှိတစ်ဦးက အင်တာနက်သတင်းဖတ်ရန် ပြောလာသည်။
ချက်ချင်း ပင်လယ်ကမ်းစပ်မှ အိမ်ကြီး၊ ပတ္တလားအိုတစ်လုံးနှင့် ‘ဒီပါအေးမြတေးသံရှင်ကို သတိရမိလိုက်သည်။ အို ပြောင်းရွှေ့ပြီး ရှောင်နိုင်မှာပါလေ၊ ငါတို့ သစ်တောရုံးလေးကတော့သွားမှာပဲ။

ထိုနေ့မှာ ရန်ကုန်အိမ်နှင့် အဆက်ပြတ်သွားသည်။ သားသမီး(၃)ဦးသာ ကျန်ခဲ့သောအိမ်၊ ဘယ်လောက်ဆိုးမှန်း လဲမသိ၊ MRTV-၄ ညနေ(၆)နာရီအကျော် မုန်တိုင်းသတင်းများထိုးနေသည်။ နောက်နေ့မနက်မှစပြီး ဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ ပြတ်သွားတော့သည်။

ကျွန်တော်တို့ သစ်တောရုံးချုပ်သို့ သတင်းများ တစ်ခုပြီးတစ်ခုဝင်လာသည်။ ၀န်ကြီးဦးဆောင်သော အရေးပေါ် အဖွဲ့များ ထွက်သွားကြသည်။ တစ်ရက်ခွဲကြာမှ သမီးက ရှားရှားပါးပါး ပြန်ကောင်းသွားသော တယ်လီဖုန်းမှ မသေကြောင်း သတင်းရသည်။ ကျွန်တော့်မိန်းမ ရန်ကုန်ဆင်းသွားရသည်။ ကျိုးထားသောခြေထောက်နှင့် ချိုင်းထောက် ဖြင့် သွားလာနေရသော ကျွန်တော် ရုံးမှာငုတ်တုတ်၊ ၂၀၀၇ သြစတြီးယားနိုင်ငံတွင် တက်ခဲ့ရသော ဘေးအန္တရာယ် ကျရောက်ပါက ဂြိုဟ်တုဓါတ်ပုံများကို အရေးပေါ်ရိုက်ကူးပေးသည့် ပဋိဥာဏ်စာချုပ်ကို အသက်သွင်းရန်ကြိုးစားသည်။ အင်တာနက် ပြန်ကောင်းလာသည်နှင့် ကျွန်တော့် မိတ်ဆွေများနှင့် အဆက်အသွယ်ရကာ ၀ိုင်းကူညီကြသည်။ ချာတာကို မြန်မာနိုင်ငံမပါဘဲနှင့်ကို အသက်သွင်းပေးထားကြသည်။

ကျွန်တော် ဘာတတ်နိုင်ပါမည်နည်း။ ရသမျှ ဂြိုဟ်တုဓါတ်ပုံများ၊ နောက်ဆုံးထုတ် ယူတီအမ်မြေပုံများ အားလုံးကို ကျွန်တော့်စက်များဖြင့်ရိုက်၍ သစ်တောဌာနနှင့် ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ဖြန့်ဝေပေးလိုက်သည်။ လျှို့ ဝှက်ချက် ဥပဒေတွေပါတွေ အရေးမစိုက်နိုင်တော့။ ကျန်ဝန်ကြီးဌာနများ အားလုံးကိုလည်းဆက်သွယ်၍ ဒစ်ဂျစ်တယ်ရော၊ မြေပုံများပါ ဖြန့်ဝေပေးသည်။

ထိခိုက်မှုများတွက်ခိုင်းသည်။ လောလောဆယ်MODIS ဂြိုဟ်တု၏ ၂၀၀ မီတာအထိသာ ကြည့်နိုင် စွမ်းရှိသော ဓါတ်ပုံ၊ ယခင် ၂၀၀၇ ဂြိုဟ်တုဓါတ်ပုံများနှင့် ချိတ်၍တွက်ကြည့်မိသည်။ ရေဖုံးလွှမ်းသော နေရာများက မနည်းလှပေ။ UNOSAT မှ ထုတ်ပြန်သော ဒီရေလွှမ်းသောပုံများ၊ ထိခိုက်မှုပုံများ ထွက်လာသည်။

နောက်ဆုံး (၅၀)စင်တီမီတာအထိ မြင်ရသော ဂြိုဟ်တုဓါတ်ပုံများ UNOSAT မှ ပေးပို့လာသည်။ ပျက်စီး သွားသောအိမ်များ၊ လုံးဝသောင်ဖုံးသွားသော ကျေးရွာများ၊ အသေးစိတ်မြင်နေရပါသည်။ ကျွန်တော်တို့ သစ်တောတွေ အတွက်တော့မရ။

ဟိုင်းကြီးကျွန်း ကြည့်မိသည်။ ဘာမှမရှိပါကလား။ စိတ်အာရုံထဲမှတ်မိသလောက် လမ်းကိုရှာကြည့်နေမိသည်။ ““ဒီပါအေးမြ”” တေးသံရှင်၊ လူကိုတော့ မသိ၊ အိမ်ကတော့ မရှိတော့ပေပြီ။

တံပိုးရေကျော်မှတ်စုတွေက နာဂစ်ပြီးကာလတွေကျမှရောက်မှာပါ အမြီးပေးထားတာပေါ့ဗျာ
နောက်ကျနော် ပြောပြောနေတဲ့ တချိန်က အပြင်းအထန်လုပ်ခဲ့ရတဲ့ အတွေ့ အကြုံတွေဟာ နောက်တချိန်ကျရင်ကိုယ့်အတွက် သက်သာရာသက်သာကြောင်း အထောက်အကူတွေ ဖြစ်တယ်ဆိုတာလဲ ကြိုပြောချင်လို့ ပါ။