Thursday, November 3, 2016

မုသာဝါဒ (ဆရာကြီးဦးရွှေအောင် ဘ၀အမြင်သစ်)

မုသာဝါဒ (၁)

6 December 2012 at 09:46
လုပ်ငန်းများတွင် တွေ့ ကြုံရသော အခက်အခဲများကို ကျော်လွှားနိုင်ရုံနှင့်လည်း လူဟူသည် ပြည့်စုံသည် မမည်သေး။ သစ္စာရှိဘို့ လည်း လိုသေး၏။

မြတ်စွာဘုရား အလောင်းတော်သည် လေးသင်္ချေနှင့် ကမ္ဘာတသိန်းတို့ ကာလပတ်လုံး မုသာဝါဒ သိက္ခာပုဒ်ကိုမူ မည်သည့်အခါမျှ မကျူးလွန်ခဲ့ချေ။ မုသာဝါဒ သိက္ခာပုဒ်သည် ထိုမျှလောက် အရေးကြီး၏။

မုသာဝါဒ သိက္ခာပုဒ် အရေးကြီးသည်နှင့်အမျှသစ္စာပါရမီသည်လည်း အရေးကြီး၏။ လူလူချင်းဆက်ဆံရာ၌ စကားကို အခိုင်အမာပြု၍ဆက်ဆံရသည်ဖြစ်လေရာ၊ တစ်ဦးစကားကိုမှ တစ်ဦးမယုံကြည်နိုင်ပါလျှင် ဤလောက၌ လူမှုဆက်ဆံရေးဟူ၍ မည်သို့ မျှရှိနိုင်တော့မည် မဟုတ်။

လူမှုဆက်ဆံရေး မရှိတော့လျှင် ဤလောကသည် ကမောက်ကမ ဖြစ်ရုံမှ တစ်ပါး အခြား ဘာမှ မဖြစ်နိုင်တော့။

ထို့ ကြောင့် ဤလောကသည် ကမောက်ကမ မဖြစ်ရလေအောင် လူသည် မှန်မှန်ကန်ကန် ပြောဘို့ လည်း လိုအပ်ပါ၏။ သို့ မှသာ တစ်ဦး၏ စကားကို တစ်ဦးက ယုံကြည်ပြီး အချင်းချင်းဆက်ဆံ၍ ရမည်ဖြစ်၏။

ကိုယ် ၊နှုတ်၊ စိတ် ညီအောင် ကြိုးစားပါ။

မုသာဝါဒါ ဝေရမဏိ - မုသားပြောခြင်းမှ ရှောင်ကြဉ်ပါ၏ ဟူ၍ဆိုရာ၌ မုသားဆိုသည်မှာ လိမ်၍ ပြောခြင်းနှင့် ပြောသည့်အတိုင်း မလုပ်ခြင်းပင် ဖြစ်သည်။ အမှန်အားဖြင့် လိမ်၍ ပြောခြင်းနှင့် ပြောသည့်အတိုင်းမလုပ်ခြင်းသည် သူတစ်ဖက်သားကို အထင်မှားအောင် လှည့်စားခြင်း ဖြစ်၏။ ထို့ကြောင့် လူတစ်ယောက်ကိုဖြစ်စေ၊ လူအများကိုဖြစ်စေ၊ အထင်မမှားရလေအောင် ကြွားဝါခြင်း မပြုဘဲ မှန်မှန်ကန်ကန် ပြောဆိုခြင်းနှင့် ပြောသည့်အတိုင်း လုပ်ခြင်းသည် မုသာဝါဒါ ဝေရမဏိအရ မုသား ပြောဆိုခြင်းမှ ရှောင်ကြဉ်သည်မည်၏။

          ကုသိုလ်အရာတွင် သစ္စ၀ါစာသည် အင်အားကောင်း၍ အကုသိုလ်အရာတွင် မုသာဝါဒါသည် အင်အားကောင်း၏။ မြတ်စွာဘုရားအလောင်းတော်အနေဖြင့် ငါးပါးသီလတွင် ပါဏာတိပါတ စသော သိက္ခာပုဒ်များကို အကြောင်းအားလျော်စွာ လွန်ကြူးနိုင်သော်လည်း မုသာဝါဒသိက္ခာပုဒ်ကိုကား သူတစ်ပါး အကျိုးပျက်လောက်အောင် မည်သည့်အခါမှ လွန်ကြူးခဲ့ခြင်းမရှိ ဟူ၍ ဆရာတော် အရှင်ဇနကာဘိဝံသက သူ၏ဗုဒ္ဓ၀င် အမေးအဖြေ၌ ဆို၏။ ထို့ကြောင့် မုသာဝါဒ သိက္ခာပုဒ်သည် ဘုရားကိုပင် ဖြစ်စေနိုင်လောက်အောင် ကုသိုလ်အရာ၌ အရေးပါ၏။ ကုသိုလ်အရာ၌ အရေးပါကြောင်းကိုမူ အပြန်နည်းဖြင့် သိနိုင်လေ၏။

          မှန်ကန်သောစကား သစ္စ၀ါစာသည် မုသာဝါဒ၏ ဆန့်ကျင်ဘက်ဖြစ်၏။ ထို့ကြောင့် မှန်ကန်စွာပြောဆိုခြင်းကို သစ္စပါရမီ အနေဖြင့် ဟောကြားတော်မူခြင်း ဖြစ်၏။ သို့ရာတွင် မှန်ကန်စွာပြောဆိုတိုင်းလည်း သစ္စပါရမီ ဖြစ်သည်မဟုတ်။ ပါရမီဟူသည်မှာ မြင့်မြတ်သူတို့၏ လုပ်ငန်းဖြစ်၏။ ထို့ကြောင့် မှန်ကန်စွာ ပြောဆိုရာ၌ မြင့်မြတ်မှု သဘောပါအောင် ပြောဖို့လို၏။ သို့မှသာ မှန်ကန်စွာ ပြောခြင်းသည် သစ္စပါရမီမြောက်သော ပြောဆိုခြင်း ဖြစ်ပေလိမ့်မည်။ အမှန်အားဖြင့် သူတစ်ပါးထံမှ အကျိုးကို မမျှော်ကိုးသော စိတ်ထားဖြင့် မှန်မှန်ကန်ကန် ပြောဆိုခြင်းသည်သာ မြင့်မြတ်သော သဘောကို ဆောင်၏။ အသိပညာနှင့်  ယှဉ်ရာ၌ လည်း ရောက်၏။ နိဗ္ဗာန်၏အထောက်အပံ့လည်း ဖြစ်၏။ လောက၌ မည်သည့်လုပ်ငန်းးကို လုပ်သည်ဖြစ်စေ၊ ဉာဏ်နှင့် ယှဉ်ပြီးလုပ်ပါမှ မြင့်မြတ်ရာရောက်၏။ မြင့်မြတ်ရာရောက်ပါ မှ လည်း ပါရမီမြောက်၏။ ပါရမီမြောက်ပါမှလည်း နိဗ္ဗာန်ကို ရောက်နိုင်၏။ သို့မဟုတ်ပါက နိဗ္ဗာန်ကို ရောက်ဖို့အကြောင်း မရှိပါချေ။

          လောကတွင် လူဟူသည် တစ်ဦးနှင့်တစ်ဦး မလွဲမသွေ ဆက်ဆံရ၏။ ထိုသို့ ဆက်ဆံရာတွင် စကားသည် ပဓာနကျသော ကဏ္ဍမှ ပါဝင်၏။ စကားကို အားကိုး၍ ယုံထိုက် မယုံထိုက်ဆုံးဖြတ်ကာ ဆက်ဆံရခြင်း ဖြစ်လေရာ မမှန်ကန်သော စကားကို အားကိုးပြီး ဆက်ဆံမိပါက လောကသည် ကမောက်ကမ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် လောက၌ ငြိမ်းချမ်းသာယာမှု ဖြစ်ထွန်းရေးအတွက် မုသာဝါဒ သိက္ခာပုဒ်မှ ရှောင်ကြဉ်ကာ မှန်မှန်ကန်ကန် ပြောဆိုပြီး ဆက်ဆံဖို့ လို၏။ ထိုကဲ့သို့ ပြောဆိုပြီး ဆက်ဆံခြင်းအားဖြင့် လောက၌ ငြိမ်းချမ်းသာယာမှု ကို ဖြစ်ထွန်းစေနိုင်၏။ ပြောသူအနေဖြင့် မြင့်မြတ်မှုသဘော ပါဝင်ပါက သစ္စပါရမီကို ဖြည့်ကျင့်ရာလည်း ရောက်၏။ သစ္စပါရမီသဘော မရောက်သည့်တိုင်အောင် မုသာဝါဒ သိက္ခာပုဒ်ကို လိုက်နာကျင့်သုံးရာ ရောက်သည်ကတော့ အမှန်ဖြစ်၏။

          နှုတ်တစ်ရာ စာတစ်လုံးဟူသော ဆိုရိုးစကား ရှိ၏။ အမှန်အားဖြင့် စာ ဟူသည်မှာလည်း စကား၏ အုပ်စုဝင် ပင်ဖြစ်၏။ သို့ဖြစ်လေရာ ဝစီကံသည် သစ္စာနှင့် ယှဉ်ပါက လောကကို စောင့်ရှောက်တတ်၏။ သစ္စာနှင့် မယှဉ်ပါက လောကကို ဖျက်ဆီးတတ်၏။ ထို့ကြောင့် လောက၏ ကောင်းကျိုးဆိုးပြစ်သည် ဝစီကံအပေါ်၌ တည်၏။ ဝစီကံဟူသည် စကားပင်ဖြစ်၏။ ဒဿနကျမ်းများ၌မူ စကားသံနှင့် ပတ်သက်၍ အဆင့်လေးဆင့် ထားကြ၏။ ယင်းအဆင့် လေးဆင့်မှာ -

          (၁)ပရာ၊ (၂)ပဿန္တီ၊ (၃)မဇ္ဈိမာ၊ (၄) ဝဲခါရီ တို့ဖြစ်ကြ၏။ ပရာအဆင့်မှာ “စကားလုံးအလျဉ်” အဆင့်ဖြစ်၏။ ပဿန္တီအဆင့်မှာ စကားလုံးအလျဉ် အဆင့်ထဲမှ “ပုံစံမဲ့စကားသံ” အဆင့်ဖြစ်၏။ မဇ္ဈိမာအဆင့်မှာ “ပုံစံရှိစကားသံ” အဆင့်ဖြစ်၏။ ဝဲခါရီအဆင့်မှာ ဌာန် ကရိုဏ်း ပယတ်သို့ ရောက်သော အသံ အဆင့်ဖြစ်၏။ အမှန်အားဖြင့် ပရာအဆင့်၊ ပဿန္တီအဆင့်၊ မဇ္ဈိမာအဆင့်တို့သည် ဌာန် ကရိုဏ်း ပယတ်သို့ရောက်သော အသံအဆင့်များ မဟုတ်ကြ။ ထို့ကြောင့် ထိုအဆင့်သုံးဆင့်တို့သည် ဒိဗ္ဗသောတ အဘိဉာဏ်မှတစ်ပါး ပကတိနားဖြင့် ကြားနိုင်သော အဆင့်များမဟုတ်ကြချေ။ ဝဲခါရီအဆင့်သည်သာလျှင် ပကတိနားဖြင့် ကြားနိုင်သော အသံအဆင့် ဖြစ်၏။ ထို့ကြောင့် လူတို့ကြားနေရသော စကားသံများသည် ဝဲခါရီအဆင့် စကားသံများ ဖြစ်ကြ၏။ ဤသို့ ဒဿနပညာရှင်များက ဆိုကြ၏။

          မုသာဝါဒါ ဝေရမဏိအရ မုသားကို မဆိုခြင်းသည် ဖြောင့်မတ်ခြင်း ဖြစ်၏။ ထိုဖြောင့်မတ်ခြင်းသည် နှစ်မျိုးရှိ၏။ သာမန်ဖြောင့်မတ်ခြင်းနှင့် အလွန်ဖြောင့်မတ်ခြင်းတို့ ဖြစ်ကြ၏။ သာမန်ဖြောင့်မတ်ခြင်းကို ပါဠိဝေါဟာရအားဖြင့် ဥဇုဟု ခေါ်၏။ အလွန်ဖြောင့်မတ်ခြင်းကို သုဟုဇု ဟုခေါ်၏။ သာမန်ဖြောင့်မတ်ခြင်းအရ ကိုယ် နှင့် နှုတ် ရှေ့နောက်ညီညွတ်ခြင်း ဖြစ်ပါက မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်ကို အသွင်သဏ္ဍာန်အားဖြင့် စောင့်ထိန်းရာရောက်၏။ အမှန်အားဖြင့် မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်အရ အပြောနှင့် အလုပ် ရှေ့နောက်ညီညွတ်လျှင်ပင် သိက္ခာပုဒ်၏ ဆိုလိုရင်းအနက်သည် ပြီးပြည့်စုံ၏။ သို့ရာတွင် အနှစ်သာရအားဖြင့်မူ သိက္ခာပုဒ်ကို စောင့်ထိန်းရာမရောက်သေးချေ။ အနှစ်သာရအားဖြင့် မုသာဝါဒါ ဝေရမဏိသိက္ခာပုဒ်ကို စောင့်ထိန်းမည် ဆိုပါလျှင် စိတ်၏စွမ်းအား ပါဝင်ဖို့လို၏။ အမှန်အားဖြင့် လောက၏ ကောင်းကျိုးဆိုးပြစ်ကို ဖန်တီးသည်မှာ စိတ်သာ ဖြစ်၏။ ထို့ကြောင့် မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်ကို တကယ်တမ်း အနှစ်သာရအားဖြင့် စောင့်ထိန်းမည်ဆိုပါက စိတ်စွမ်းအား ပါဝင်ဖို့လိုခြင်း ဖြစ်သည်ဟု ဆိုခြင်း ဖြစ်၏။

          ဤလောက၌ စိတ်က တကယ်တမ်းမပါဘဲ နှုတ်က ပြောပြီး ပြောသည့်အတိုင်း လုပ်ကိုင်ခြင်းများသည် ရှိတတ်ပါ၏။ စိတ်ထဲကမူ ဆန့်ကျင်ဘက် ဖြစ်ချင်ဖြစ်နေတတ်၏။ သို့မဟုတ် လုံးလုံးစိတ်မပါဘဲလည်း ဖြစ်ချင်ဖြစ်နေတတ်၏။ ဤသို့ဖြစ်နေပါက မုသာဝါဒါ ဝေရမဏိအရ သိက္ခာပုဒ်ကို လုံသည်ဆိုရုံမျှ စောင့်ထိန်းရာ ရောက်၏။ ထိုသို့ စောင့်ထိန်းရုံ မျှ နှင့် လောက၌ ငြိမ်းချမ်းသာယာမှု ဖြစ်ထွန်းပေါ်ပေါက်ဖို့ ခက်ပါ၏။ အမှန်အားဖြင့် လောက၌ ငြိမ်းချမ်းသာယာမှု ဟူ၍ မရှိဘဲ မိမိတို့၏ ဘဝလုံခြုံမှုဟူသည် တကယ်တမ်း ဖြစ်ကောင်းသော အရာမဟုတ်ချေ။ ထို့ကြောင့် လုပ်ငန်းများကို လုပ်ရာတွင် မည်သည့်လုပ်ငန်းကို လုပ်သည်ဖြစ်စေ၊ လောက၌ ငြိမ်းချမ်းသာယာ မှု ဖြစ်ရေးကို ရှေးရှုပြီး လုပ်ငန်းများကို လုပ်ဖို့ လူတိုင်း၌ တာဝန်ရှိပါ၏။ လောက၌ ငြိမ်းချမ်းသာယာမှု ဖြစ်မှ မိမိတို့၏ဘ၀ လုံခြုံမှုသည်လည်း ဖြစ်ပေါ်ပေလိမ့်မည်။

          သို့ဖြစ်လေရာ မုသာဝါဒါ ဝေရမဏိအရ သိက္ခာပုဒ်ကို စောင့်ထိန်းရာတွင် အသွင်သဏ္ဌာန်အားဖြင့် စောင့်ထိန်းရုံမျှနှင့် မကျေနပ်သေးဘဲ အနှစ်သာရအားဖြင့်ပါ စောင့်ထိန်းနိုင်အောင် ကြိုးပမ်းအပ်၏။ အနှစ်သာရအားဖြင့် စောင့်ထိန်းနိုင်အောင် ကြိုးပမ်းရာ၌ ကိုယ် ၊ နှုတ်၊ စိတ်တို့ တစ်ဖြောင့်တည်းကျဖို့ လို၏။  ကိုယ် နှင့် နှုတ်တို့ တစ်ဖြောင့်တည်း ကျရုံနှင့် မလုံလောက်။ စိတ်ပါတစ်ဖြောင့်တည်းကျဖို့ လိုခြင်းဖြစ်၏။ စိတ်ထဲကလည်း အမှန်အတိုင်း ပြောချင်မည်။ နှုတ်ကလည်း စိတ်ထဲက ရှိသည့်အတိုင်း ပြောမည်။ ကိုယ် ကလည်း ပြောသည့်အတိုင်း လုပ်မည်ဆိုပါမှ အလွန်ဖြောင့်မတ်ခြင်း သုဟုဇု ဂုဏ်နှင့် ပြည့်စုံမည်ဖြစ်၏။ သုဟုဇုဂုဏ်နှင့် ပြည့်စုံအောင် ကြံစည်ခြင်း၊ ပြောဆိုခြင်း၊ လုပ်ကိုင်ခြင်းဖြစ်လျှင် မုသာဝါဒါ ဝေရမဏိအရ သိက္ခာပုဒ်ကို အနှစ်သာရအားဖြင့် စောင့်ထိန်းရာရောက်၏။ သိက္ခာပုဒ်ကို အနှစ်သာရအားဖြင့် စောင့်ထိန်းရာ ရောက်ပါမှလည်း လောက၌ ငြိမ်းချမ်းသာယာမှု ဖြစ်ထွန်းခြင်းသည် လောက၌ အဓမ္မအပေါ် ဓမ္မက အောင်နိုင်အောင် ဆောင်ရွက်ခြင်း မည်၏။ အမှန်အားဖြင့် လောက၌ အဓမ္မအပေါ် ဓမ္မက အောင်နိုင်အောင် ဆောင်ရွက်ဖို့ရန် လူတိုင်း၌ တာဝန်ရှိ၏။ တာဝန်ရှိသည်ဟု သိရုံနှင့်လည်း မပြီးသေး။ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ဖို့လည်း လိုသေး၏။ တာဝန်ကိုကျေအောင် ဆောင်ရွက်ပါမှ ရတောင့်ရခဲ ရလာသော လူ့ဘဝကို ရကျိုးနပ် ပေလိမ့်မည်။

          စကားလုံးများနှင့် ပတ်သက်၍ ဗုဒ္ဓစာပေ ကျမ်းဂန်များ၌ နိရုတ္တိ၊ ဓမ၊္မ အတ္ထ၊ ပဋိဘာန ဟူသော ဝေါဟာရများ ရှိကြ၏။ ထိုတွင် နိရုတ္တိ ဟူသည်မှာ အသံသာ ဖြစ်၏။ ဓမ္မဟူသည်မှာ ဝေါဟာရအဖြစ်သို့ရောက်သော အသံဖြစ်၏။ ယင်းကို သဒ္ဒါ ဟူ၍ လည်းကောင်း၊ အမည်ဟူ၍ လည်းကောင်း ဆိုရ၏။ အတ္ထ ဟူသည်မှာ သဒ္ဒါ သို့မဟုတ် အမည်က ထွန်းပြသော အရာဝတ္ထု ဖြစ်၏။ ပဋိဘာန ဟူသည်မှာ နိရုတ္တိအပေါ်၌ အခြေခံသော သဒ္ဒါနှင့် အရာဝတ္ထုတို့၏ အဆက်အစပ် ဖြစ်၏။  ယင်းကို ဉာဏ်၌ ထင်လာခြင်း ဟူ၍ လည်းကောင်း၊ အနက် ဟူ၍ လည်းကောင်း ဆိုရ၏။ ဤသို့လျှင် နိရုတ္တိ၊ ဓမ၊္မ အတ္ထ နှင့် ပဋိဘာန တို့၏ အနက်ကို ဖော်ပြနိုင် ၏။ ဤသို့ဖော်ပြခြင်းမှာ စကားနှင့်စပ်သော ဖော်ပြခြင်း ဖြစ်၏။

          ဖော်ပြပါ နိရုတ္တိ၊ ဓမ၊္မ အတ္ထ နှင့် ပဋိဘာန တို့၏ အနက်ကို သိသာနိုင်ရန် ငွေစက္ကူ ဥပမာဖြင့် ပြောဆိုနိုင်မည်ဖြစ်၏။ ငွေစက္ကူတွင် စက္ကူသားလည်း ပါ၏။ စက္ကူသား၏ တစ်ဖက်စီ တွင် ခေါင်းနှင့်ပန်းလည်း ပါ၏။ ထို့နောက် တန်ဖိုးလည်း ပါ၏။ ထိုတွင် ငွေစက္ကူသားသည် နိရုတ္တိနှင့် တူ၏။ ခေါင်းသည် ဓမ္မ နှင့်တူ၏။ ပန်းသည် အတ္ထနှင့် တူ၏။ တန်ဖိုးသည် ပဋိဘာန နှင့် တူ၏။ ငွေစက္ကူတွင် ခေါင်းနှင့်ပန်း မပါဝင်လျှင် ဖြစ်စေ၊ ခေါင်းချည်း ပါဝင်လျှင် ဖြစ်စေ၊ သို့မဟုတ် ပန်းချည်းပါဝင်လျှင် ဖြစ်စေ၊ တန်ဖိုးကို ရိုက်နှိပ်မထားလျှင် ဖြစ်စေ ထိုငွေစက္ကူသည် အသုံးပြု၍ မရသကဲ့သို့ နိရုတ္တိတွင်လည်း ဓမ္မ မပါလျှင်ဖြစ်စေ၊ အတ္ထမပါလျှင်ဖြစ်စေ၊ ပဋိဘာန မပါလျှင်ဖြစ်စေ ထိုနိရုတ္တိသည် အသုံးပြု၍ရသော နိရုတ္တိမဟုတ်။

          နိရုတ္တသည် ဓမ္မသည် သဒ္ဒါ  သို့မဟုတ် အမည်ဖြစ်၏။ အတ္ထဟူသည် သဒ္ဒါ သို့မဟုတ် အမည်က ထွန်းပြသော အရာဝတ္ထုဖြစ်၏။ပဋိဘာန ဟူသည်ကား သဒ္ဒါနှင့် အရာဝတ္ထုတို့၏ အဆက်အစပ် ဖြစ်၏။ ယင်းကိုပင် အနက်ဟူ၍ ခေါ်ရ၏။ ထို့ကြောင့် ပဋိဘာနတွင် ဓမ္မသဘော လည်း ပါဝင်၏။ အတ္ထသဘောလည်း ပါဝင်၏။ နိရုတ္တိသဘောလည်း ပါဝင်၏။ အမှန်အားဖြင့် ဆိုရလျှင် ငွေစက္ကူ၏တန်ဖိုးကို သိသည်နှင့် တစ်ပြိုင်နက် စက္ကူသားသဘောကိုလည်း သိပြီးဖြစ်၏။ ခေါင်း၏သဘောကိုလည်း သိပြီးဖြစ်၏။ ပန်း၏သဘောကိုလည်း သိပြီးဖြစ်၏။ ထို ငွေစက္ကူကား ကျပ်တန်ဖြစ်သည်၊ ငါးကျပ်တန် ဖြစ်သည်၊ တစ်ဆယ်တန်ဖြစ်သည်ကို လည်းကောင်း၊ ခေါင်းက မည်သို့ဖြစ်သည်၊ ပန်းက မည်သို့ဖြစ်သည်ကို လည်းကောင်း ငွေစက္ကူ၏ တန်ဖိုးကို မြင်သည်နှင့် သိနိုင်၏။ ထိုနည်းအတူ ပဋိဘာနကို မြင်သည်နှင့် မြင်သည်နှင့် နိရုတ္တိနှင့် သဘောကိုလည်း သိ၏။ ဓမ္မ၏သဘောကိုလည်း သိ၏။ အတ္ထသဘော ကိုလည်း သိ၏။ ထိုသို့သိခြင်းသည် တစ်ပြိုင်နက်သိခြင်း ဖြစ်၏။ ထို့ကြောင့် ပဋိဘာနကို အသိ၏အသိ ဟူ၍ လည်းကောင်း၊ ဉာဏ်၏ဉာဏ် ဟူ၍လည်းကောင်း ဆိုရခြင်းဖြစ်၏။ အသိ၏အသိ၊ သို့မဟုတ် ဉာဏ်၏ဉာဏ် ဟူသည်မှာ နိရုတ္တိအသိ၊ ဓမ္မအသိ၊ အတ္ထအသိ တည်းဟူသော အသိသုံးမျိုးတို့ကို တစ်ပြိုင်နက် ဖြစ်ရာ အသိပင်ဖြစ်၏။

          အမှန်အားဖြင့် သဒ္ဒါကိုသာသိပြီး  ယင်းသဒ္ဒါက ရည်ညွှန်းသော အရာဝတ္ထုကို မသိလျှင် “ ဒီသဒ္ဒါက ဘာကို ဟောပါလိမ့်” ဟူ၍ စူးစမ်းရ၏။ အရာဝတ္ထုကိုသာ သိပြီး သဒ္ဒါကို မသိပါကလည်း “ ဒီအရာဝတ္ထုကို ဘာခေါ်ပါလိမ့်” ဟူ၍ စူးစမ်းရ၏။ ထို့ကြောင့် နိဗ္ဗာန်သိမှတစ်ပါး ကျန်သော အသိ ဟူသမျှသည် သဒ္ဒါနှင့် အနက်တို့ဖြင့် ၀န်းရံရ၏။ သဒ္ဒါနှင့် အနက်တို့ ၀န်းရံရသဖြင့်လည်း ကျန်သော အသိအားလုံးကို သဒ္ဒါနှင့် အနက်တို့ဖြင့် ပြောဆိုနိုင် ခြင်းဖြစ်၏။ ပြော၍ဆို၍ ရခြင်းသည်လည်း ဖြစ်၏။ နိဗ္ဗာန်မှာမူကား သဒ္ဒါနှင့်အနက်တို့ ၀န်းရံခြင်း မရှိသဖြင့် နိဗ္ဗာန်ကို သဒ္ဒါနှင့် အနက်တို့ဖြင့်လည်း ပြောနိုင်ဆိုနိုင်ခြင်း မရှိ။ ပြော၍ဆို ၍လည်းမရ။

          အသိ၏ကိုယ်သည် စကားလုံးဖြစ်၏။ စကားလုံးဟူရာ၌ အသံထွက်ခြင်းနှင့် အသံမ ထွက်ခြင်းသည် ပဓာနမဟုတ်။ သဒ္ဒါနှင့် အနက်ပါခြင်းသာ ပဓာနဖြစ်၏။ အမှန်အားဖြင့် အနက်ဆိုသည်မှာ သဒ္ဒါနှင့်သဒ္ဒါက ရည်ညွှန်းသော အရာဝတ္ထုတို့၏ အဆက်အစပ်ဖြစ်၏။ ယင်း ကို ပဋိဘာန ဟုခေါ်၏။ ငွေစက္ကူတွင် ခေါင်း၊ ပန်းနှင့် ယင်းတို့၏ တန်ဖိုးပါဖို့သာ ပဓာနဖြစ်သကဲ့ သို့ပင် ဖြစ်၏။ အသံထွက်ခြင်းနှင့် မထွက်ခြင်းမှာ ပဓာနမဟုတ်ဟူ၍ ဆိုရာ၌ စကားလုံးဟူသမျှသည် အသံမထွက်သောအဆင့်မှ အသံထွက်သော အဆင့်သို့ ရောက်မြဲ ဖြစ် ၏။ လောကတွင် မည်သည့်အရာဝတ္ထုကို သိသည်ဖြစ်စေ ရှေးဦးစွာ စိတ်ထဲက အရာဝတ္ထု၏ အမည်ကို ရွတ်ဆိုရ၏။ အသံကတော့ ထွက်ချင်မှ ထွက်၏။ ခွေးကို သိရာ၌ စိတ်ထဲက “ ခွေး” ဟူ၍ ရွတ်ဆိုရ၏။ စိတ်ထဲက ရွတ်ဆိုရုံမျှနှင့် သိခြင်းကိစ္စသည် ပြီး၏။ သိခြင်းကိစ္စပြီးမှ သိသည့်အတိုင်း အသံထွက်၍ ရွတ်ဆိုချင်လည်း ရွတ်ဆိုပေလိမ့်မည်။ မရွတ်ဆိုဘဲ တိတ်တိတ် နေချင်လည်း နေပေလိမ့်မည်။ အမှန်အားဖြင့် နိဗ္ဗာန်ကိုသိသော အသိမှတစ်ပါး ကျန်အသိဟူ သမျှသည် သဒ္ဒါ သို့မဟုတ် အမည်၊ အနက်တို့နှင့် ကင်း၍ ဖြစ်ကောင်းသော သဘောမရှိ။ ထို့ကြောင့် အသိ၏ ကိုယ်ထည်သည် စကားလုံးဖြစ်သည်ဟု ဆိုခြင်းဖြစ်၏။ အသိ ၏ ကိုယ်ထည် အရ စကားလုံးများကို ပြောသည့်အခါ စကားလုံးများသည် မှန်ဖို့အရေးကြီး၏။ စကားလုံးများ မှန်နိုင်စေရန် အသိကလည်း မှန်ဖို့ အရေးကြီး၏။ စကားလုံးများသောအခါ သစ္စာပြု၍ ရ၏။

          လူဟူသည် စကားမပြောဘဲ မနေနိုင်သော သတ္တဝါဖြစ်၏။ စကားပြောသောအခါ ကိုယ် ဖြင့်လည်း ပြော၏။ ကိုယ် ဖြင့် ပြောပါက ကာယကံ ဟူ၍ ဆိုရ၏။ နှုတ်ဖြင့်လည်း ပြော၏။ နှုတ်ဖြင့်ပြောပါက ၀စီကံဟူ၍ ဆိုရ၏။ စိတ်ဖြင့်လည်း ပြော၏။ စိတ်ဖြင့် ပြောပါက မနောကံ ဟူ၍ ဆိုရ၏။ အမှန်အားဖြင့် လောကတွင် နှုတ်ဖြင့် ပြောသည်ကိုသာ စကားပြောသည် ဟူ၍ ဆိုကြ၏။ နှုတ်ဖြင့် ပြောမှသာ ကြားရခြင်းကြောင့် ကြားရသည်ကို အကြောင်းပြု၍ နှုတ်ကပြော သော စကားလုံးများကိုသာ စကားဟူ၍ ဆိုခြင်းဖြစ်၏။ သို့ရာတွင် ကံသုံးပါးလုံးဖြင့် စကားပြော သည်ကတော့ အမှန်။ ဖြောင့်မှန်ခြင်း ဆိုသည်မှာ ကံသုံးပါးလုံးနှင့် ဆိုင်သော ဝေါဟာရ ဖြစ်၏။ ထို့ကြောင့် ကံသုံးပါးတို့ဖြင့် စကားပြောသည် ဟူ၍ ဆိုရခြင်း ဖြစ်၏။ စကားပြောရာတွင် ကြားရ သည်၊ မကြားရသည်မှာ ပဓာနမဟုတ်။ အမှန်အားဖြင့်လည်း လောကတွင် ကြားရသော စကား များထက် မကြားရသော စကားများက ပို၍ စိတ်ဝင်စားဖွယ် ကောင်း၏။ “စားပါ” ဟူ၍ နှုတ်က ပြောသော်လည်း ကိုယ် ကမူ မပေး။ စိတ်ကလည်း မပေးချင်။ ထိုအခါ ကိုယ်ဖြင့် ပြောသော စကားများနှင့် နှုတ်ဖြင့်ပြောသော စကားများကိုမူ ကြားရ၏။ စိတ်ဖြင့် ပြောသော စကားကိုမူ မကြားရ။ အကယ်၍သာ စိတ်ဖြင့် ပြောသော စကားကို ကြားရပါမူ အမှန်အတိုင်း ပို၍ သိမည် ဖြစ်၏။ လောကတွင် အမှန်အတိုင်းသိဖို့က ပို၍ အရေးကြီး၏။ သဘာဝ တောတောင် ရေမြေ တို့သည် စကားပြောကြသည်ပင် ဖြစ်၏။ သို့ ရာတွင် သူတို့ ပြောသော စကားများကား ပကတိ နားဖြင့် ကြားရသောစကားများ မဟုတ်ကြ။ ဉာဏ်နားဖြင့် နားထောင်တတ်သူမှ ကြားရသော စကားများ ဖြစ်ကြ၏။ ထို့ကြောင့် လောကတွင် ပကတိနားဖြင့် ကြားရသော စကားများထက် ပကတိနားဖြင့် မကြားရသော စကားများက ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည် ဟု ဆိုခြင်းဖြစ်ပါသည်။

          လူမှုဆက်ဆံရေးနယ်ပယ် ၌ “မုသားမပါ လင်္ကာမချော” ဟူသော ဆိုရိုးစကား ရှိ၏။ ထို စကားသည် လူမှုဆက်ဆံရေးနယ် ပယ်၌သာ မှန်၏။ သစ္စာနယ်ပယ်၌မူ မမှန်။ သစ္စာနယ်ပယ်၌ မှန်စေရန်အတွက် ကာယကံနှင့် ၀ဇီကံလည်း ရှေ့နောက်ညီညွတ်ဖို့ လို၏။ အထူးအားဖြင့် မနောကံပါ ရှေ့နောက်ညီညွတ်ဖို့ လို၏။ သို့မှသာ ဖြောင့်မတ်ခြင်း ဖြစ်မည်။ အလွန်ဖြောင့်မတ် ခြင်းဖြစ်မည်။ ဖြောင့်မတ်ခြင်းနှင့် အလွန်ဖြောင့်မတ်ခြင်း ဖြစ်ပါမှ သစ္စာဆို၍ ရ၏။ သစ္စာဆိုရ ခြင်းသည် သစ္စာနယ်ပယ်၍ မှန်ကန်ခြင်း ဖြစ်၏။ သစ္စာနယ်ပယ်၌ မှန်ကန်ခြင်းဖြစ်ပါမှ မုသာဝါဒါ ဝေရမဏိ အရ မုသားကို အသွင်သဏ္ဌာန်အားဖြင့်သာမက အနှစ်သာရအားဖြင့်သာ ရှောင် ကြဉ်ရာ ရောက်၏။ ထိုသို့ရှောင်ကြဉ်နိုင်မှလည်း လောက၌ ငြိမ်းချမ်းသာယာမှုကို ဖြစ်စေနိုင် မည် ဖြစ်၏။ အမှန်အားဖြင့် ချမ်းသာခြင်း ဟူသည်မှာ ငြိမ်းချမ်းသာယာ မှု အပေါ်၌ တည်၏။ ငြိမ်းချမ်းသာယာမှု မရှိသမျှ ကာလပတ်လုံး မိမိတို့၏ ဘဝလည်း မလုံခြုံ၊ ချမ်းသာခြင်းလည်း မရှိ။ ထို့ကြောင့် လောက၌ ငြိမ်းချမ်းသာယာမှု ရှိရလေအောင် ဆောင်ရွက်ဖို့ လိုအပ်ခြင်းဖြစ် ၏။

          မုသာဝါဒါ ဝေရမဏိအရ လောက၌ ပကတိနားဖြင့် မကြားရသော စကားများထက် ပကတိနားဖြင့် ကြားရသော စကားများက ပို၍ အရေးကြီး၏။ ပကတိနားဖြင့် မကြားရသော စကားများကို ဉာဏ်နားဖြင့် ကြားနိုင်သူတို့ကား လူနည်းစုများသာ ဖြစ်ကြ၏။ လူမှုဆက်ဆံရေး နယ်ပယ်  တွင် လူအများစုသည် ပဓာန ဖြစ်၏။ မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်မှာလည်း လူတိုင်း လူတိုင်းကို ရည်ရွယ် ၍ ဟောကြားထားသော သိက္ခာပုဒ် ဖြစ်၏။ ထို့ကြောင့် မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်ကို စောင့်ထိန်းရာတွင် အသွင်သဏ္ဌာန်အားဖြင့် စောင့်ထိန်းသည့် သဘောနှင့် ကာယ ကံနှင့် ဝစီကံတို့ ရှေ့နောက် ညီညွတ်အောင် စောင့်ထိန်းရမည် ဖြစ်၏။ ထို့ထက် ကျော် လွန်၍ အနှစ်သာရအားဖြင့်ပါ စောင့်ထိန်းသည့် သဘောနှင့် ကာယကံ၊ ဝစီကံ၊ မနောကံတည်း ဟူသော ကံသုံးပါးတို့ ရှေ့နောက်ညီညွတ်အောင် စောင့်ထိန်းရာ၏။  

အခန်း (၁၄)
အတုမာယာကိုသာ မြတ်နိုးတတ်ခြင်း
အသံဟူသမျှသည် စိတ်ထဲမှစ၍ ဖြစ်၏။ ဌာန် ကရိုဏ်း ပယတ် အဆင့်သို့ ရောက်သောအခါမှ သာ နှုတ်၌ဖြစ်၏။ ဌာန် ကရိုဏ်း ပယတ် အဆင့်သို့ ရောက်ပါမှလည်း ဝေါဟာရအမည်ကို ရ၏။ ဝေါဟာရ အမည်ကို ရပါမှလည်း အနက်ကို ဟောနိုင်၏။ အနက်ကို ဟောနိုင်သော ဝေါဟာရ ကား မာယာနှင့်ယှဉ်သည်လညှ်း ရှိ၏။ သစ္စာနှင့်ယှဉ်လည်းရှိ၏။ မာယာနှင့်ယှဉ် သောဝေါဟာရ ဟူသည်မှာ စိတ်နှင့်နှုတ် ရှေ့နောက်မညီသော ဝေါဟာရများ ဖြစ်၏။ စိတ်ထဲကရှိ သည်တစ်မျိုး၊ ဤသို့ စိတ်နှင့်နှုတ် ရှေ့နောက်မညီညွတ်သော ဝေါဟာရမျိုး ဖြစ်၏။ သစ္စာနှင့်ယှဉ်သော ဝေါဟာရ ဟူသည်မှာ စိတ်နှင့်နှုတ် ရှေ့နောက်ညီညွတ်သော ဝေါဟာရ ဖြစ်၏။ စိတ်ထဲက ရှိ သည့်အတိုင်း နှုတ်က ပြော၏။ ဤသို့လျှင် စိတ်နှင့်နှုတ်တို့သည် ရှေ့နောက် ညီညွတ်ကြ၏။
          နှုတ်က ပြောသောအခါ ကိုယ်အမူအရာလည်း ပါဝင်လာ၏။ ထိုအခါ ကိုယ် အမူအရာသည် မာယာနှင့် ယှဉ်သော ကိုယ်အမူအရာလည်း ဖြစ်နိုင်၏။ သစ္စာနှင့် ယှဉ်သော ကိုယ်အမူအရာ လည်း ဖြစ်နိုင်၏။ မာယာနှင့် ယှဉ်သော ကိုယ်အမူအရာ ဟူသည်မှာ နှုတ်နှင့် ဖြစ်စေ၊ စိတ်နှင့် ဖြစ်စေ ရှေ့နောက် မညီညွတ်သော ကိုယ်အမူအရာ ဖြစ်၏။ စိတ်ထဲက ရှိသည်က တစ်မျိုး၊ ကိုယ်က လုပ်သည်က တစ်မျိုး၊ ဤသို့ ကိုယ်၊ စိတ်၊ နှုတ်တို့ ရှေ့နောက် မညီညွတ်သော ကိုယ်အမူအရာမျိုး ဖြစ်၏။ သစ္စာနှင့်ယှဉ်သော ကိုယ်အမူအရာ ဟူသည်မှာ စိတ်နှင့်ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ ရှေ့နောက် ညီညွတ်သော ကိုယ်အမူအရာ ဖြစ်၏။ ဤသို့လျှင် ကိုယ်၊ နှုတ်၊ စိတ်တို့သည် ရှေ့နောက် ညီညွတ်ကြ၏။
          နှုတ်သည်လည်း စိတ်နှင့်ရှေ့နောက် ညီညွတ်ပါမှ၊ ကိုယ်အမူအရာသည်လည်း နှုတ်နှင့် စိတ်တို့နှင့် ရှေ့နောက် ညီညွတ်ပါမှ သစ္စာနှင့် ယှဉ်သည် မည်၏။ သစ္စာနှင့် ယှဉ်ပါမှလည်း သစ္စပါရမီ ထိုက်၏။ သစ္စပါရမီထိုက်ပါမှလည်း တကယ်တည်း ကောင်းကျိုးကို ပေး၏။ သို့ရာ တွင် လူတို့သည် မာယာကိုသာ မြတ်နိုးတတ်ကြ၏။ သစ္စာကို မမြတ်နိုးတတ်ကြ။ ထို့ကြောင့် “မုသားမပါ လင်္ကာမချော” ဟူသော ဆိုရိုးကို တီထွင်ခဲ့ကြခြင်း ဖြစ်၏။
          တစ်ရံသောအခါက ဆရာနှင့် တပည့်တို့သည် ခရီးသွားကြ၏။ လမ်းတွင် လူတစ်ယောက်က ၀က်လို အော်နေ၏။ သူ၏ အော်သံသည် ၀က်၏အော်သံနှင့် အလွန်တူ၏။ ထို့ကြောင့် လူအများက ၀ိုင်းအုံ၍ ကြည့်ကြ၏။ တပည့်လုပ်သူကလည်း အများနည်းတူ ၀င်၍ ကြည့်၏။ အမှန်အားဖြင့် အဩဖွယ်ကောင်းသော ပြကွင်းပင် ဖြစ်၏။ ဆရာလုပ်သူက တပည့် လုပ်သူအား “ ဒီထက်ကောင်းသော ပြကွင်းကို ပြပါမည်” ဟု ပြော၍ ခေါ်မှ တပည့်လုပ်သူက လိုက်လာ၏။ ဆရာနှင့် တပည့်တို့ ခရီးဆက်ကြ၏။ လမ်းတွင် တပည့်လုပ်သူက ဆရာအား ၀က်အော်သံကို ပြပါရန် ပြောလေရာ ဆရာက တပည့်အား ၀က်တစ်ကောင် ဖမ်းစေ၏။ ဖမ်းပြီး  နောက် တုတ်နှင့် ရိုက်စေ၏။ ထိုအခါ ၀က်သည် အော်လေ၏။ ထိုအခါ ဆရာက လူကအော် သော ၀က်သံနှင့် ၀က်ကအော်သော ၀က်သံ နှစ်မျိုးအနက် မည်သည့်အသံက ပို၍ နှစ်သက်  ဖွယ်ရှိသနည်းဟု မေးလေရာ၊ တပည့်က ၀က်ကအော်သော ၀က်သံသည် ဘာမှ ဆန်းသည် မဟုတ်။ လူကအော်သော ၀က်သံသည်သာ ဆန်း၏။ ထို့ကြောင့် ၀က်ကအော်သော ၀က်သံ ထက် လူကအော်သော ၀က်သံက ပို၍ နှစ်သက်ဖွယ် ရှိပါသည်ဟု ပြန်၍ ဖြေကြား၏။
          လူကအော်သော ၀က်သံသည် “အတု” မာယာဖြစ်၏။ ၀က်ကအော်သော ၀က်သံ သည်သာ “အစစ်” သစ္စာ ဖြစ်၏။ သို့ရာတွင် လူတို့သည် အ၀ိဇ္ဇာ၏ မာယာကွန်ရက်၌ မွေးဖွား ၍ ကြီးပြင်းလာသူများ ဖြစ်ကြသည့် အလျောက် “အတု” မာယာကိုသာ မြတ်နိုးတတ်ကြ၏။ “အစစ်” သစ္စာကို မမြတ်နိုးတတ်ကြ။ “အစစ်” သစ္စာကို မြတ်နိုးတတ်ဖို့ ဆိုသည်မှာလည်း အမြင်ကို ပြောင်းလဲပစ်နိုင်ပါမှ ဖြစ်ပေလိမ့်မည်။ အမြင်ကို ပြောင်းလဲပစ်ဖို့ ဆိုသည်မှာ အာသဝေါတရား လေးပါးတို့၏ စွမ်းဆောင်ချက်ကို သိပါမှ ဖြစ်ပေလိမ့်မည်။ အမှန်အားဖြင့် ဘ၀ကို ဖန်တီးနေသည်မှာ အာသဝေါတရားလေးပါးပင် ဖြစ်၏။ အာသဝေါတရားကို အရက်နှင့် နှိုင်းလေ့ရှိ၏။ အရက်ဟူသည် အရက်သမားကို လောက၌ ကမောက်ကမ မြင်စေနိုင်၏။ စိတ်ဆိုးစရာ မဟုတ်ပါဘဲလျက် စိတ်ဆိုးစရာအဖြစ် မြင်စေနိုင်၏။ ချစ်စရာမဟုတ်ပါဘဲလျက် ချစ်စရာအဖြစ် မြင်စေနိုင်၏။ အရက်မူးသမား၏ လောကအမြင်ကား အားလုံး ကမောက်ကမ သာတည်း။
ထိုနည်းအတူ  အာသဝေါတရားတို့သည်လည်း ပုထုဇဉ်တို့အား လောက၌    ကမောက်  ကမ မြင်စေနိုင်၏။ အာသဝေါတရားလေးပါးတို့တွင် ကာမာသာဝက မမက်မောစရာ မဟုတ် သော ရုပ် နာမ် ဓမ္မ သင်္ခါရတို့နှင့် ပတ်သက်၍ မာယာကို သစ္စာ၊ သစ္စာကို မာယာကိုအဖြစ် ကမောက်ကမ မြင်ရအောင် ဖော်၍ မာယာကို မာယာအဖြစ်၊ သစ္စာကို သစ္စာအဖြစ် အမှန် အတိုင်း မမြင်ရအောင် ဖုံး၏။ ထို့ကြောင့် လူတို့သည် လောက၌ ဓမ္မကို ဓမ္မကို အဖြစ် အမှန် အတိုင်း မမြင်ဘဲ အဓမ္မအဖြစ် ကမောက်ကမ မြင်နေကြခြင်း ဖြစ်၏။ အဓမ္မကိုလည်း အဓမ္မ အဖြစ် အမှန်အတိုင်း မမြင်ဘဲ ဓမ္မအဖြစ် ကမောက်ကမ မြင်နေကြခြင်း ဖြစ်၏။ ဤသို့မြင်ခြင်း မှာ အာသဝေါတရား တို့ကြောင့် ဖြစ်၏။ ထို့ကြောင့် အမြင်မှန်ဖို့အတွက် အာသဝေါတရားတို့ကို ပယ်သတ်နိုင်ဖို့ လိုပါ၏။ အာသဝေါတရားတို့ကို ပယ်သတ်နိုင်ရန် ရှေးဦးစွာ သစ္စာနှင့် ယှဉ်သော ကာယကံမှု၊ သစ္စာနှင့် ယှဉ်သော ၀စီကံမှု၊ သစ္စာနှင့်ယှဉ်သော မနောကံမှုတို့ကို တည်ဆောက်ရပေလိမ့်မည်။
သစ္စာနှင့်ယှဉ်သော ကံဖြစ်မှသာ သစ္စာရှိခြင်း ဟူ၍လည်းကောင်း၊ ရိုးသား ဖြောင့်မတ် ခြင်းဟူ၍လည်းကောင်း ဆိုရာ၏။ သို့ မဟုတ်ပါသစ္စာမဲ့ခြင်းဟူ၍သာ ဆိုနိုင်၏။ သစ္စာရှိခြင်းကို သစ္စပါရမီ၌ ထည့်သွင်းရ၏။ သစ္စပါရမီ၌ ထည့်သွင်းခြင်းခံရမှသာ မြင့်မြတ်သူတို့ ၏ လုပ်ငန်း ဖြစ်၏။ သစ္စာမဲ့ခြင်းကား ယုတ်ညံ့သူတို့ ၏ လုပ်ငန်းဖြစ်၏။
လူ့ဘ၀ဟူသည်မှာ မနုဿတ္တဘာဝေါ ဒုလ္လဘော အရ အလွန်ရခဲသော ဘ၀မျိုး ဖြစ်၏။ ဗြဟ္မာ့ပြည်က “အပ်” တစ်စင်း၊ လူ့ပြည်က “အပ်”တစ်စင်း၊ အပ်သွားခြင်းသာ ထိဖွယ်ရာ၊ ပမာ ပုံသို့ခင်း ဟူသည်နှင့်အညီ ရတောင့်ရခဲ ရလာသော လူ့ဘ၀ကို မှန်မှန်ကန်ကန် အသုံးချဖို့ လို၏။ မှန်မှန်ကန်ကန် အသုံးချဖို့ ဆိုသည်မှာ အရာရာ၌ သစ္စာရှိခြင်းပင် ဖြစ်၏။ လောက၌ တကယ်တမ်း သစ္စာရှိလာလျှင် လူမှုဆက်ဆံရေး နယ်ပယ်၌ တကယ်တမ်း အသုံးဝင်ပါ၏။
အသံသည် ဌာန် ကရိုဏ်း ပယတ် အဆင့်သို့ ရောက်ပြီး ဝေါဟာရအမည်ကို ရလာလျှင် မိမိ၏ဆိုလိုရင်းကို သိစေနိုင်၏။ ယင်းဆိုလိုရင်းသည်ုသစ္စာနှင့် ယှဉ်မှ မှန်ကန်သော ဆိုလိုရင်း ဖြစ်၏။ မှန်ကန်သော ဆိုလိုရင်း ဖြစ်မှ ယုံကြည်ထိုက်၏။ ကျမ်းဂန်များ၌ တကယ်တမ်း ယုံ ကြည်ထိုက်သော ဆိုလိုရင်း ဟူသည် အရိယာတို့၏ စကားလုံးများ၌သာ ရကောင်းသည် ဟူ၍ ဖော်ပြထား၏။ အမှန်အားဖြင့် အရိယာတို့၏ စကားလုံးများသည် ကံသုံးပါးတို့၌ တစ်ဖြောင့် တည်း ကျ ကြ၏။ ထို့ကြောင့် ရိုးဖြောင့်ခြင်း ဖြစ်၏။ သစ္စာနှင့် ယှဉ်ခြင်း ဖြစ်၏။ သစ္စာနှင့် ယှဉ် ၍လည်း ယုံကြည်ထိုက်ခြင်း ဖြစ်၏။ တကယ်တမ်း ယုံကြည်ထိုက်သော စကား ဖြစ်ပါမှ လည်း လောက လူမှုဆက်ဆံရေးနယ်ပယ် ၌တကယ်တမ်း အသုံးဝင်၏။ လူမှုဆက်ဆံရေး နယ်ပယ် ၌ တကယ်တမ်း အသုံးဝင်မှလည်း လောက၌ ငြိမ်းချမ်း သာယာ မှုကို ဖြစ်စေပေလိမ့်မည်။  သို့ မ ဟုတ်ဘဲ လူလူချင်းဆက်ဆံရာ၌“တထင့်ထင့်” ဖြင့်ဆက်ဆံ နေရပါက လောက၌ ငြိမ်းချမ်း သာယာမှုကို ရနိုင်ဖို့  အကြောင်းမရှိချေ။ ထို့ကြောင့်  စကားပြောရာတွင် မှန်မှန်ကန်ကန် ပြောဖို့  အရေးကြီး၏။

 မှန်မှန်ကန်ကန် ပြောဆိုမှုနှင့် ပတ်သက်၍ မြင့်မြတ်သူတို့၏ စကားများသည်လည်း အရိယာတို့၏ စကားကဲ့သို့ပင် ကံသုံးပါး၌ တစ်ဖြောင့်တည်း ကျပါသည်။ သို့ဖြစ်၍သာ မြင့်မြတ် သူတို့၏ စကားများကိုလည်း ကျမ်းဂန်များတွင် သစ္စာပါရမီ၌ ထည့်သွင်းထားခြင်း ဖြစ်၏။ အမှန် အားဖြင့် လောက၌ သစ္စာရှိသော စကားကို ဆိုကြသူများသည် သစ္စာမဲ့သော စကားကို ဆိုကြ သူများထက် အရေအတွက်အားဖြင့် နည်းပါး၏။ ဗြဟ္မဏကျမ်းများ၏ အဆိုအရ ခေတ်သည် သစ္စယုဂခေတ်၊ တြေတာယုဂခေတ်၊ ဒွါပရယုဂခေတ်၊ ကလိယုဂခေတ် ဟူ၍ ခေတ်အားဖြင့် လေးခေတ်ရှိ၏။ ထိုတွင် သစ္စာစကားကို လေးပုံပုံလျှင် လေးပုံလုံး ပြောသောခေတ်သည် သစ္စာ ယုဂ မည်၏။ သစ္စာစကားကို လေးပုံပုံလျှင် သုံးပုံပြောသောခေတ်သည် တြေတာယုဂခေတ် မည်၏။  သစ္စာစကားကို လေးပုံပုံလျှင် နှစ်ပုံပြောသောခေတ်သည် ဒွါပရယုဂခေတ် မည်၏။ သစ္စာစကားကို လေးပုံပုံလျှင် တစ်ပုံနှင့်တစ်ပုံအောက် ပြောသောခေတ်သည် ကလိယုဂခေတ် မည်၏။

ယနေ့ခေတ်ကို ကလိယုဂခေတ် ဟူ၍ ဆိုကြလေရာ၊ သစ္စာစကားကို ပြောသော ပုဂ္ဂိုလ် များသည် လေးပုံပုံလျှင် တစ်ပုံနှင့်တစ်ပုံအောက်ပင် ရှိကြ၏။ ထို့ကြောင့် သစ္စာပြောမှုနှင့် ပတ် သက်လျှင် ယနေ့ခေတ်သည် ဆီမီးခွက်ခေတ်ပင် ဖြစ်တော့၏။ သို့ရာတွင် ဆီမီးခွက်ကို ငြိမ်းမ သွားရလေအောင် အားထုတ်ရမည် ဖြစ်၏။ ဆီမီးခွက် ငြိမ်းမသွားပါမှ ဆီမီးခွက်မှ အလင်း ရောင်ကို ကမ္ဘာသို့ ဖြန့်နိုင်အောင် ကြိုးပမ်း၍ ရနိုင်ပေမည်။ ထိုသို့ ကြိုးပမ်းနိုင်ရန် လူဆိုသော လူတို့၌ တာဝန်ရှိ၏။ အထူးအားဖြင့် သစ္စာ၌ ယုံကြည်ကြသော ဗုဒ္ဓဘာသာဝင်တိုင်း၌ တာဝန်ရှိ ၏။ ထိုတာဝန်ကို ကျေပွန်အောင် စွမ်းနိုင်သလောက် ထမ်းရွက်ရမည် ဖြစ်၏။

သစ္စာစကားနှင့် ပတ်သက်လျှင် မှန်ကန်ဖို့က အရေးကြီး၏။ ကံသုံးပါး ရှေ့နောက် ညီညွတ်ဖို့က အရေးကြီး၏။ ပရိတ်ကြီးဝဋ္ဋသုတ်၌ ငုံးမင်းက သစ္စာပြုခြင်းကို ဖော်ပြထား၏။ ငုံးမင်းက သစ္စာပြုလိုက်သည်နှင့် တစ်ပြိုင်နက် တောမီးသည် လောင်လက်စကို မလောင်နိုင် တော့ဘဲ ငုံးမင်းကို ရှောင်သွား၏။ ဤသည်မှာ မှန်သောသစ္စာစကား၏ အာနုဘော်ကြောင့် ဖြစ်၏။ မှန်သောသစ္စာစကားကို နတ်ဒေ၀ါများက စောင့်ရှောက်ကြ၏။ ဤသစ္စာစကား၏ အခြေခံသည် “သောက” ဖြစ်နိုင်သော်လည်း တကယ်တမ်း သစ္စာအဆင့်သို့ ရောက်ချိန်၌မူ ကုသိုလ်ဖြစ်၏။ ထို့ကြောင့် ကောင်းကျိုးကို ပေးနိုင်ခြင်း ဖြစ်၏။ ပဌာန်း ဥပနိဿယ ပစ္စည်းခန်း ၌ အကုသိုလ်ကလည်း ကုသိုလ်ကို ကျေးဇူးပြုနိုင်သည်ပင် ဖြစ်၏။

ကဏှာဒီပယနဇာတ်၌လည်း မြွေကိုက်ခံရသော သားငယ်အဆိပ်ပြေစေရေး အတွက် ရသေ့ကြီး၊ ဒါယကာ၊ ဒါယိကာမ သုံးဦးတို့အသီးသီး သစ္စာပြုရာ၌ ဆရာရသေ့က “ရသေ့ဝတ်နှင့် နေရသော်လည်း တစ်နေ့မှ ရသေ့ဝတ်နှင့် မပျော်ပါဘူး။ ဤစကားသည် မှန်သော စကားဖြစ်ပါတယ်။ ဤမှန်သော စကားကြောင့် ကလေး၌ တက်နေသော မြွေဆိပ် သည် ကျပါစေသားဟု သစ္စာပြုလိုက်ရာ မြွေဆိပ်သုံးပုံလုံး ကျသွား၏။ ဤဇာတ်၌လည်း သူတို့ ပြုကြသော သစ္စာစကားသည် ကံသုံးပါးလုံး ရှေ့နောက် ညီ၏။ ထို့ကြောင့် မှန်ကန်၏။ ဖြောင့်မတ်၏။ ဖြောင့်မတ်မှန်ကန်သော အသံ၌ အာနိသင် ရှိ၏။ စွမ်းအင်ရှိ၏။ ထို့ကြောင့် သစ္စာပြု၍ ရခြင်းဖြစ်၏။ သစ္စာပြုရာ၌ ဥပတ္ထမ္ဘကအဆင့် အနေဖြင့် အကုသိုလ် ဖြစ်ချင် ဖြစ်နိုင် သော်လည်း ဇနကအဆင့် အနေဖြင့်မူ ကုသိုလ်သာ ဖြစ်နိုင်၏။

ဗြဟ္မဏကျမ်းများ၌ အသံကို ဗြဟ္မာ ဟူ၍ ဆို၏။ ဗြဟ္မာသည် နေရာတိုင်း၌ ရှိ၏။ နေရာတိုင်း၌ ရှိခြင်းကို သဗ္ဗဗျာပီပင် ဖြစ်၏။ အသံကို ဖြစ်ပေါ်လာအောင် လုပ်၍မရ။ ထွက်ပေါ် လာအောင်သာ လုပ်၍ ရ၏။ သက်မဲ့၌လည်း အသံသည် ရှိ၏။ သက်ရှိ၌လည်း အသံသည် ရှိ၏။ သစ်တုံးကို ခေါက်ကြည့်ပါက အသံထွက်လာသည်ကို တွေ့ရ၏။ သက်ရှိအတွက် ဌာန် ကရိုဏ်း ပယတ်တို့ အဆင့်သို့ ရောက်လာပါက အသံသည် ထွက်လာ၏။ ရှိခြင်းနှင့် ထွက်ပေါ် ခြင်းသည် ခြားနား၏။ ရှိခြင်းကား နိစ္စ၊ ထွက်ပေါ်ခြင်းကား အနိစ္စ။ ရှိခြင်းတွင် ဥပါဒ် ဌီ ဘင်  ဟူ၍ မရှိ။ ထွက်ပေါ်ခြင်းတွင်သာ ဥပါဒ် ဌီ ဘင် ဟူ၍ ရှိ၏။ အမှန်အားဖြင့် ဥပါဒ် ဌီ ဘင် ဟူ၍ မရှိဘဲ ထာဝရ ရှိနေသော ဓမ္မကိုသာ ရှိခြင်း ဟူ၍ လည်းကောင်း၊ အရှိတရား ဟူ၍ လည်း ကောင်း ဆိုရာ၏။ ဥပါဒ် ဌီ ဘင် ဟူ၍ ရှိနေသော ဓမ္မကိုကား ထွက်ပေါ်ခြင်း ဟူ၍ လည်း ကောင်း၊ အဖြစ်တရား ဟူ၍ လည်းကောင်း ဆိုရ၏။

သစ်တုံးထဲ၌လည်း အသံသည် ရှိ၏။ မြေကြီးထဲ၌လည်း အသံသည် ရှိ၏။ အကြောင်း တရားတို့ တိုက်ဆိုင်မှု မရှိ၍သာ မကြားရခြင်း ဖြစ်၏။ သစ်တုံးကို တုတ်နှင့် ခေါက်လိုက်သော အခါ အသံသည် ထွက်ပေါ်လာ၏။ မြေကြီးကို ဖနောင့်နှင့် ပေါက်လိုက်သောအခါ အသံသည် ထွက်ပေါ်လာ၏။ တုတ်နှင့် ခေါက်ခြင်း၊ ဖနောင့်နှင့် ပေါက်ခြင်းသည် အကြောင်းတရားတို့ ပေါင်းဆုံမှုပင် ဖြစ်၏။ အကြောင်းတရားတို့ ပေါင်းဆုံမှု မရှိသောအခါ အသံသည် ထွက်ပေါ်မ လာတော့။ အသံမရှိတော့၍ မဟုတ်။ အကြောင်းတရားတို့ ပေါင်းဆုံမှု မရှိသောကြောင့်သာ အသံထွက်ပေါ်မလာခြင်း ဖြစ်၏။ အမှန်အားဖြင့် အသံသည် ဥပါဒ် ဌီ ဘင်မဲ့ အနေဖြင့် ထာဝစဉ် ရှိပါ၏။ ထို့ကြောင့် အသံကို နေရာတိုင်း၌ ရှိသည့်အတွက် ဗြဟ္မာဟူ၍ ဆိုခြင်းဖြစ်၏။ ဗြဟ္မာဖြစ်ပါက သဗ္ဗသတ္တိမန္တ အနေဖြင့် အနှိုင်းမဲ့ စွမ်းအင် ရှိ၏။ သို့ဖြစ်၍လည်း သစ္စာပြု၍ ရခြင်း ဖြစ်၏။ ကျိန်စာတိုက်၍ ရခြင်း ဖြစ်၏။

 ဗြာဟ္မဏ၀ါဒသည် ထေရ၀ါဒနှင့် ခြားနား၏။ ဗြာဟ္မဏ၀ါဒအရ အသံချည်းသက်သက် ကပင် စွမ်းအင် အနန္တ ရှိ၏။ သုံးတတ်ဖို့သာ လို၏။ တန္တရ ၀ါဒဟူသည်မှာ ဗြာဟ္မဏ၀ါဒမှ ခွဲထွက်လာသော ၀ါဒပင် ဖြစ်၏။ တန္တရ၀ါဒသည် အသံကို အသုံးချသောဝါဒ ဖြစ်၏။ ထေရ၀ါဒ ကား အသံချည်းသက်သက် အသုံးကျကြောင်းကို မဆို။ စေတနာနှင့် ယှဉ်မှသာ အသုံးကျ ကြောင်းကို ဆို၏။ စေတနာနှင့် ယှဉ်ရာတွင်လည်း ကာယကံ၊ ၀စီကံ၊ မနောကံတို့ တစ်ဖြောင့် တည်းကျမှသာ သစ္စာထိုက်သဖြင့် အသုံးကျကြောင်းကို ဆို၏။ ကာယကံ၊ ၀စီကံ နှင့် မနောကံ တို့ ဆိုသည်မှာ တရားကိုယ်အားဖြင့် ကာယစေတနာ၊ ၀စီစေတနာ၊ မနောစေတနာ တို့ပင် ဖြစ်ကြ၏။ ဤသို့လျှင် ဗြာဟ္မဏ၀ါဒနှင့် ထေရ၀ါဒတို့သည် အချင်းချင်း ခြားနားကြ၏။ ထိုသို့ပင် ခြားနားသော်လည်း အသံနှင့် ပတ်သက်၍ မှတ်သားဖွယ်ဟူသမျှကို ထေရ၀ါဒ အတိုင်းသာ မှတ်ယူရမည် ဖြစ်၏။

လုပ်ငန်းများကို လုပ်ကြရာတွင် အသိက ဦးဆောင်၏။ တစ်ဖန် အသိကို စကားလုံးများက ဦးဆောင်၏။ ကိုယ်တွေ့အားဖြင့်လည်း မည်သည့်အရာဝတ္ထုကို သိသည် ဖြစ်စေ၊ ထိုသို့ သိရာ၌ စိတ်ထဲက စကားလုံးများကို အသံမထွက်ဘဲ ရွတ်ဆိုပြီးမှ သိခြင်း ဖြစ်၏။  ခွေးကို သိလျှင်လည်း ခွေးဟူ၍ ရွတ်ဆို၏။ အသံကမူ မထွက်။ နွားကိုသိလျှင်လည်း စိတ်ထဲက အသံမထွက်ဘဲ နွားဟူ၍ ရွတ်ဆိုပြီးမှ သိခြင်း ဖြစ်၏။ အခြား ဘာကိုသိသိ စကား  လုံးများကို ရှေးဦးစွာ ရွတ်ဆိုပြီးမှ သိ၍ ရလေ၏။ ထို့ကြောင့် အသိကို စကားလုံးများက ဦးဆောင်သည်ဟု ဆိုခြင်း ဖြစ်၏။ အကယ်၍ အရာဝတ္ထုတစ်ခုခုကို အရာဝတ္ထုတစ်ခုခုမှန်းသာ သိပြီး ယင်းအသိနှင့် ပတ်သက်သော စကားလုံးများကို မရွတ်ဆိုနိုင်လျှင် ယင်းအသိသည် ပြည့်စုံသော အသိမဟုတ်။
အသိဟူသမျှသည် စကားလုံးကို စိတ်ထဲက ရွတ်ဆိုခြင်းမှ သိခြင်း ဟူ၍ ဖြစ်လေရာ အသိ ဖြစ်ပေါ်တိုင်း စကားလုံးကို ရွတ်ဆိုမှု ပါဝင်ရ၏။ ထိုသို့ ပါဝင်သဖြင့် စကားလုံး ရွတ်ဆိုမှု ကို အသံထွက်သည် ဖြစ်စေ၊ မထွက်သည်ဖြစ်စေ ရွတ်ဆိုသူက ကြားရ၏။ တန်ခိုးရှင် နတ်ဗြဟ္မာများကလည်း ကြားရ၏။ ထို့ကြောင့် ဘာကိုပဲ ကြံသည်ဖြစ်စေ၊ ဘာကိုပဲသိသည် ဖြစ်စေ၊ ထိုထိုကြံသမျှ၊ ထိုထိုသိသမျှ စကားလုံးနှင့် ကင်း၍ မဖြစ်ကောင်းသောကြောင့် ထိုထို ကြံသမျှ၊ ထိုထို သိသမျှကို တန်ခိုးရှင် နတ်ဗြဟ္မာများက သိကြသည်ပင် ဖြစ်၏။ ထို့ကြောင့် မိမိ၏ ကြံစည်မှု၊ မိမိ၏ သိမှုနှင့် ပတ်သက်၍ မိမိကိုယ်တိုင်က သိသလို တန်ခိုးရှင် နတ်ဗြဟ္မာ များကလည်း သိကြသည်ပင် ဖြစ်၏။ သို့ဖြစ်လေရာ မိမိအနေဖြင့် သစ္စာကို မှန်သည် ဆိုစေဦး၊ မိမိဆိုသော သစ္စာသည် တကယ်တမ်း သစ္စာထိုက်သည်၊ မထိုက်သည်ကို တန်ခိုးရှင် နတ်ဗြဟ္မာများက သိကြပေလိမ့်မည်။

အခန်း (၁၅)
တကယ်တမ်း သစ္စာထိုက်ရန် လိုအပ်ချက်
မုသာဝါဒါ ဝေရမဏိ- မုသားပြောခြင်းမှ ရှောင်ကြဉ်ပါ၏ ဟူရာ၌ မုသားဟူသည်မှာ မဟုတ် မမှန်သော အရာဝတ္ထုကို ပြောဆိုသော စကားဖြစ်၏။ အရာဝတ္ထုက ဟုတ်မှန်ပါလျက် မဟုတ် ဟု ပြောဆိုသော စကားသည် လည်းကောင်း၊ အရာဝတ္ထုက မဟုတ်မမှန်ပါလျက် ဟုတ်မှန်သည်ဟု ပြောဆိုသော စကားသည်လည်းကောင်း မုသားဖြစ်၏။ စာပေကျမ်းဂန်အရ မုသားသည် ကိုယ်နှင့် နှုတ်ဖြင့် မဟုတ်မမှန် သိစေခြင်း ဖြစ်၏။ သို့ရာတွင် သစ္စာထိုက်အောင် ပြောဆိုရာ၌ကား စေတနာသည် အရေးကြီး၏။ ထို့ကြောင့် တကယ်တမ်း မုသားမှ လွတ်ကင်း ပြီး သစ္စာထိုက်အောင် ဆိုသော စကားသည်ကား မနောကံ၌ အခြေတည်မှ ဖြစ်မည် ဖြစ်၏။ ကာယကံနှင့် ၀စီကံတို့မျှလောက်ဖြင့် မလုံလောက်။
          တကယ်တမ်း သစ္စာထိုက်အောင် ဆိုလျှင် ကာယကံ၊ ၀စီကံ နှင့် မနောကံတို့ တစ် ဖြောင့်တည်း ကျဖို့ လို၏။ တစ်ဖြောင့်တည်း ကျခြင်းမှာလည်း နှစ်မျိုးရှိ၏။ တစ်မျိုးသော တစ် ဖြောင့်တည်း ကျခြင်းမှာ “သာဝယ၀” ဖြစ်၍ အခြားတစ်မျိုးသော တစ်ဖြောင့်တည်း ကျခြင်းမှာ “နိရ၀ယ၀” ဖြစ်၏။ “သာဝယ၀” သဘောအရ တစ်ဖြောင့်တည်းကျခြင်းမှာ ကာယကံ၊ ၀စီကံ နှင့် မနောကံတို့သည် အချင်းချင်း ရောနှောရုံ သဘောမျှ ရှိခြင်း ဖြစ်၏။ ကာယကံကလည်း ကာယကံ သတ်သတ်၊ ၀စီကံကလည်း ၀စီကံသက်သက်၊ မနောကံကလည်း မနောကံ သတ်သတ်။ သူတို့ချင်း ရောနှောတော့ ရောနှော၏။ သို့ရာတွင် တစ်သားတည်း ဖြစ်အောင် တော့ မပေါင်း။ “သာဝယ၀” ၏အနက်မှာလည်း အစိတ်စိတ်အနေဖြင့် ရှိခြင်းပင် ဖြစ်၏။ “နိရ၀ ယ၀” ၏အနက်မှာကား အစိတ်စိတ် အနေဖြင့် မရှိခြင်း ဟူ၍ ဖြစ်ရာ၊ “နိရ၀ယ၀”သဘောအရ တစ်ဖြောင့်တည်းကျပါက ကာယကံ၊ ၀စီကံ နှင့် မနောကံတို့သည် အချင်းချင်းရောနှောရုံ အဆင့်ကို ကျော်လွန်ကာ တစ်သားတည်း ကျခြင်း အဆင့်သို့ ရောက်လေ၏။
          အမှန်အားဖြင့် အရာဝတ္ထုများကို စုပေါင်းရာတွင် ရောနှောသော အဆင့်လည်း ရှိ၏။ ယင်းကို ပါဠိ ဝေါဟာရအားဖြင့် သံယောဂပသမ္ဗန္ဓ ဟုခေါ်၏။ ဆန်နှင့်စပါးကို ရောနှောထား သည့် သဘောမျိုး ဖြစ်၏။ အောက်စီဂျင်နှင့် ဟိုက်ဒြိုဂျင် နှစ်ဆတို့ကို စုပေါင်းလိုက်ပါက ရေ ဖြစ်သွား၏။ ယင်းကဲ့သို့ စုပေါင်းခြင်းကိုမူ သမ၀ါယသမ္ဗန္ဓ ဟုခေါ်၏။ သံယောဂပသမ္ဗန္ဓအရ စုပေါင်းခြင်းကို ရောနှောခြင်းဟု ဆိုရ၏။ ရောနှောခြင်းအရ စုပေါင်းရာတွင် ပါဝင်သော အရာ ၀တ္ထုတို့မှတစ်ပါး အခြားသော အရာဝတ္ထုသစ် ထွက်ပေါ်မလာပေ။ သမ၀ါယသမ္ဗန္ဓအရ စုပေါင်း ရာတွင် ပါဝင်သော အရာဝတ္ထုများ ပျောက်သွားပြီး အခြားသော အရာဝတ္ထုသစ်တစ်ခု ထွက် ပေါ်လာရ၏။ ဆန်နှင့်စပါး စုပေါင်းရာတွင် ဆန်နှင့်စပါးသာ ရှိပြီး အခြားဘာမျှ မရှိ။ အောက်စီ ဂျင်နှင့် ဟိုက်ဒြိုဂျင်နှစ်ဆတို့ ပေါင်းရာတွင် အောက်စီဂျင်နှင့် ဟိုက်ဒြိုဂျင် ပျောက်သွားပြီး   ရေ ဖြစ်ပေါ်လာ၏။ ဤသို့ အရာဝတ္ထုသစ် ဖြစ်ပေါ်လာအောင် စုပေါင်းနိုင်မှသာ အားသစ်ကို ရလေ၏။

          သို့ဖြစ်လေရာ ကံများကို သစ္စာထိုက်အောင် စုပေါင်းရာ၌ ကာယကံ၊ ၀စီကံနှင့် မနောကံတို့ကို တစ်သားတည်းကျအောင် စုပေါင်းအပ်၏။ ထိုအခါ ကာယကံသည်လည်း ကာယကံ အနေဖြင့် သတ်သတ်မရှိ။ ၀စီကံသည်လည်း ၀စီကံအနေဖြင့် သတ်သတ်မရှိ။ မနောကံသည်လည်း မနောကံအနေဖြင့် သတ်သတ်မရှိ။ အားလုံးတစ်ပေါင်းတည်း အနေ ဖြင့်သာ သစ္စာထိုက်သော ကံဟူ၍ ဖြစ်လာမည် ဖြစ်၏။ သစ္စာထိုက်သော ကံကား ဓမ္မသစ် ဖြစ်၏။ ဓမ္မသစ်ဖြစ်၍ အားရှိခြင်း ဖြစ်၏။ အားရှိ၍လည်း လောက၌ အံ့ဖွယ်ကောင်းလောက် အောင် အကျိုးတရားများကို ဖြစ်ပေါ်စေနိုင်ခြင်း ဖြစ်၏။

          လောက၌ အံ့ဖွယ်ကောင်းလောက်အောင် အကျိုးတရားများကို ဖြစ်ပေါ်စေလိုပါက သစ္စာဆိုခြင်းဖြင့် အားထုတ်အပ်၏။ သစ္စာဆိုခြင်းကား လူတိုင်း လုပ်နိုင်စွမ်းသော အလုပ် ဖြစ်၏။ လူတိုင်းလုပ်နိုင်စွမ်းသော်လည်း ကာယကံ၊ ၀စီကံနှင့် မနောကံတို့ တစ်ဖြောင့်တည်း ကျဖို့တော့ လိုအပ်၏။ တစ်ဖြောင့်တည်းကျရုံနှင့်လည်း မပြီးသေး။ တစ်သားတည်းဖြစ်ဖို့လည်း လိုအပ်၏။ ထို့ကြောင့် သစ္စာဆိုနိုင်ရေးအတွက် ကာယကံ၊ ၀စီကံနှင့် မနောကံတို့ကို တစ် ဖြောင့်တည်းကျအောင် အားထုတ်အပ်၏။

          သစ္စာနှင့်စပ်၍ ဆိုရလျှင် သူတစ်ပါးတို့ ယုံကြည်စေရန် ပြောဆိုသော သစ္စာလည်း ရှိ၏။ မိမိအလိုရှိသော အရာဝတ္ထုကို ရနိုင်စေရန် ပြောဆိုသော သစ္စာလည်း ရှိ၏။ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ရန် ပြောဆိုသော သစ္စာလည်း ရှိ၏။ ထိုသစ္စာသုံးမျိုးတို့တွင် မဟုတ် မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ရန် ပြောဆိုသော သစ္စာသည် အခြေခံ အကျဆုံး ဖြစ်၏။ အမှန် အားဖြင့် သစ္စယုဂခေတ်သည် ဤသစ္စာအပေါ်၌ တည်ဆောက်ထားခြင်း ဖြစ်၏။ သစ္စယုဂ ခေတ် ဟူသည်မှာ လူလေးပုံရှိလျှင် လေးပုံလုံးက မုသားပြောခြင်းမှ ကြဉ်ရှောင်ပြီး မှန်ကန် သော သစ္စာစကားကို ပြောသောခေတ် ဖြစ်၏။

          သူတစ်ပါးတို့ ယုံကြည်စေရန် ပြောသော သစ္စာနှင့် ပတ်သက်၍ ဆိုရလျှင် မဟာသုတ သောမမင်းမှ ပေါရိသောဒအား သစ္စာပြုရာ၌ “အဆွေတော် ပေါရိသာဒ၊ ငါသည် သင့်ထံမှ ခေတ္တ ထွက်ခွာ၍ နေပြည်တော်၌ ချိန်းဆိုထားသည့်အတိုင်း နန္ဒပုဏ္ဏားနှင့် စကားကြွေး မရှိရ လေအောင် တရားတော်ကို နာပြီးနောက် သစ္စာကို စောင့်သောအားဖြင့် သင့်ထံသို့ ပြန်လာပါ မည်။ ငါသည် မဟုတ်မမှန် ပြောဆိုခြင်း ဖြစ်ခဲ့သော် ဤသန်လျက် လှံတို့ဖြင့် ကောင်းစွာစောင့် ရှောက်သော မင်းမျိုး၌ နောက်ထပ်တစ်ဖန် မဖြစ်ပါစေသား” ဟူ၍ ပေါရိသာဒယုံကြည်လာ အောင် သစ္စာဆိုခဲ့၏။ ဤသစ္စာမျိုးမှာ သူတစ်ပါးတို့ ယုံကြည်စေရန် ဆိုသော သစ္စာဖြစ်၏။

          ဤသစ္စာသည်လည်း အားရှိသော သစ္စာပင် ဖြစ်၏။ အားရှိသည်ဆိုသော်လည်း သစ္စာ ဆိုသူကိုယ်တိုင်က မုသားကို မဆိုတတ်သူ ဖြစ်ပါမှ အားရှိ၏။ ထို့ကြောင့် ဤသစ္စာသည်လည်း မုသားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သော သစ္စာ၌ အခြေတည်ပါ၏။

          မိမိအလိုရှိသော အရာဝတ္ထုကို ရနိုင်စေရန် ပြောဆိုသော သစ္စာနှင့် ပတ်သက်၍ ဆိုရ လျှင် သိဝိမင်းကြီး၏ အတ္ထုပ္ပတ္တိသည် မှတ်သားဖွယ်ကောင်း၏။ သိဝိမင်းကြီးကား မျက်စိနှစ် ကွင်း အလင်းမရတော့သဖြင့် မင်းမလုပ်တော့ဘဲ မင်္ဂလာဥယျာဉ်တော်ရှိ ရေကန်အနီး၌ နေ၏။ ထိုသို့ နေသောအခါ မိမိ လှူဒါန်းလိုက်သော မျက်စိအလှူဒါနကို အမြဲမပြတ် ဆင်ခြင်၍ နေ၏။ တစ်နေ့တွင် သိကြားမင်း လာ၍ “သင် မင်းကြီး အလိုရှိသော ဆုကို တောင်းတော်မူပါ” ဟု ဆို ၏။ ထိုအခါ သိဝိမင်းကြီးက “ကျွန်ုပ်မှာ စည်းစိမ်ဥစ္စာ ရတနာရွှေငွေ များစွာ ရှိပါ၏။ ယခုအခါ မျက်စိနှစ်ဖက် စုံလုံးပျက်နေသဖြင့် သေခြင်းကိုသာ အလိုရှိပါသည်” ဟုပြောလျှင်၊ သိကြားမင်း က “အရှင်မင်းကြီး၊ သေခြင်းကို အလိုရှိပါသည်ဟု ဆိုခြင်းမှာ တကယ်ပင် သေခြင်းကို အလိုရှိပါသလော၊ သို့မဟုတ် မျက်စိမမြင်သဖြင့် ပြောခြင်း ဖြစ်ပါသလော” ဟူ၍ မေး၏။ သိဝိ မင်းကြီးကလည်း မျက်စိမမြင်သဖြင့် ပြောဆိုခြင်းဖြစ်ကြောင်း ပြောလေရာ သိကြားမင်းက “အရှင်မင်းကြီး မျက်စိမြင်လာစေရန် ကျွန်ုပ် ဖန်တီးနိုင်စွမ်း မရှိပါ။ သို့ရာတွင် သစ္စာ၏ စွမ်းအင် ဖြစ်ကား တတ်နိုင်ပါ၏။ ထို့ကြောင့် အရှင်မင်းကြီး အနေဖြင့် သစ္စာပြုတော်မူပါ” ဟု ပြောဆို၏။

          ထိုအခါ သိဝိမင်းကြီးက “ကျွန်ုပ်ထံမှောက် တောင်းရမ်းရန် လာရောက်ကြသော အလှူ ခံပုဂ္ဂိုလ်တို့ကိုလည်းကောင်း၊ ထိုအလှူခံ ပုဂ္ဂိုလ်တို့အနက် မိမိတို့အလိုရှိရာကို တောင်းရမ်း သော အလှူခံတို့ကိုလည်းကောင်း ကျွန်ုပ်သည် နှစ်သက်မြတ်နိုးသည်ချည်း ဖြစ်ပါ၏။ ဤသစ္စာ ကြောင့် ကျွန်ုပ်၏ မျက်စိသည် ကောင်းစွာ ဖြစ်သတည်း” ဟု သစ္စာပြုလိုက်လျှင် ပထမ မျက်စိ သည် ကောင်းစွာ ဖြစ်လာ၏။ ထို့နောက် “မျက်မမြင် ပုဏ္ဏားသည် ကျွန်ုပ်ထံ လာရောက်၍ မျက်စိကို အလှူခံသောအခါ ထိုပုဏ္ဏားအား ကျွန်ုပ်မျက်စိနှစ်ဖက်လုံးကို လှူဒါန်းလိုက်ပါ၏။ ထိုသို့ လှူဒါန်းသောအခါ ကျွန်ုပ်သည် နှစ်ခြိုက်အားရ ၀မ်းသာလှပါ၏။ ဤသစ္စာစကားသည် လည်း မှန်သော သစ္စာစကား ဖြစ်ပါ၏။ ဤမှန်သော သစ္စာစကားကြောင့် ကျန်မျက်စိ တစ်ဖက် သည် ကောင်းစွာ ဖြစ်ပါစေသတည်း” ဟု သစ္စာပြုလိုက်သည်နှင့်တစ်ပြိုင်နက် ကျန်မျက်စိ တစ်ဖက်လည်း ကောင်းစွာ ဖြစ်ပေါ်လာ၏။

          ထို့ကြောင့် ဤသစ္စာသည်လည်း သိကြားမင်းပင် ဖန်ဆင်းနိုင်စွမ်း မရှိသော မျက်စိ နှစ်ဖက်လုံးကို ရစေနိုင်အောင် အားရှိပါ၏။ အားရှိသည်ဆိုသော်လည်း မုသားမဆိုတတ်သူ တို့က ပြုမှသာ အားရှိ၏။ ထို့ကြောင့် ဤသစ္စာသည်လည်း မုသားကို ပြောဆိုခြင်းမှ ရှောင်ကြဉ် သော သစ္စာ၌ပင် အခြေတည်ပါ၏။

          ဖော်ပြပါသစ္စာနှစ်ပါးတွင် ပထမသစ္စာက သူတစ်ပါးတို့ ယုံကြည်စေဖို့အတွက် သစ္စာပြု ခြင်း ဖြစ်၏။ ဒုတိယသစ္စာက မိမိဆန္ဒ ပြည့်ဝစေဖို့အတွက် သစ္စာပြုခြင်း ဖြစ်၏။ သစ္စာနှစ်ပါးစ လုံးမှာ မုသားကို ရှောင်ကြဉ်သော သစ္စာအပေါ်၌ အခြေခံရ၏။ ထို့ကြောင့် လောက၌ မဟုတ် မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်မှုသည် များစွာ အရေးကြီး၏။ ထိုကဲ့သို့ ရှောင်ကြဉ်နိုင်ပြီဆိုလျှင် သစ္စာပြုခြင်းအားဖြင့် မိမိ၏ဆန္ဒကို ပြည့်ဝအောင် လုပ်၍ ရသည်ချည်း ဖြစ်လေ၏။

No comments:

Post a Comment