Wednesday, November 2, 2016

ဝဲမှောင် ရန်ကုန်ဘဆွေ (မြန်မာပြည်သားမှ)

ဝဲမှောင် (၁)

21 September 2012 at 21:52
ဝဲမှောင် (၁)
စက်နာရီ ၂ချက်တီး ကျော်မှ အိပ်ရသော်လည်း မြခက်သည် စောစော အိပ်ရာမှ ထမြဲထ၏။ အမှန်တော့ အိပ်ပျော်သလိုလို မပျော်သလိုလိုနှင့် အိပ်မက်ကလေး တကြိမ်မက်ပြီးနောက် မြခက် အိပ်ရာက ထလိုက် ရခြင်း ဖြစ်၏။

မြခက်သည် မိမိအိပ်မက်ကို မျက်နှာသစ်ရင်း မကျေမချမ်းဖြစ်နေ၏။ အိပ်မက်အစအဆုံး မျက်ပေါက်ကျဉ်းကျဉ်းကြီးဖြင့် ရယ်ဖြဲဖြဲလုပ်နေသော စံတုတ်ကြီးနှင့် မည်သည့်အရပ်မှန်းမသိသော နေရာသို့ အတူတကွ သွားရသည်ဟု အိပ်မက်ထဲ၌ မက်နေသည်။
စံတုတ်သည် မိမိကို ကြည့်၍ ရယ်လိုက်ရာ သူ့ မျက်လုံး နှစ်လုံးက ပိတ်သွားသော်လည်း သူ ပါးစပ်ကြီးက တဖြည်းဖြည်း ကျယ်ကျယ်လာကာ နားရွက် နှစ်ဘက်ကို ဟိုဘက်သည်ဘက် ချိတ်ထားသကဲ့သို ရှိ၏။ သူ့ ကို မြင်ရသဖြင့် မိမိပါ ရယ်ချင်လာသည်။

``ကိုစံတုတ်ကြီးရယ် တော်ရယ်တာကလဲ ဘယ့်နှယ်များ လုပ်ရယ် နေပါလိမ့်မလဲ´´ ဟုပြောခါမှ သူ့ ပါးစပ်ကြီးကို ဟစေ့ ဟစေ့ လုပ်ပြနေ၏။

သည်လိုလုပ်ပြကာမှ ပို၍ရယ်စရာ ကောင်းသည်ဟု ထင်ရ၏။ နောက်တော့ ရယ်စရာ မကောင်းဘဲ တဖြေးဖြေး ကြောက်စရာ ကောင်းလာ၏။

`အို ဘယ့်နှယ်လုပ်ပြနေသာလဲ၊ ကြောက်ပါသည်´ ဟုပြောလိုက်မိမှ ပါးစပ်ကြီးကို ပို၍ဖြဲကာ သူ့ အနားသို့ ပိုကပ်လာ၏။ `ကြည့်ပါလား... တော်သွားပါတော်´ ဟုအော်ကာမှ ကပ်လာရုံမက တအား အတင်းဖက်၏။

ပြီးတော့ လူကို တွန်းလှဲ၏။ သူ့ တကိုယ်လုံးကို အတင်းဖိထား၏။ ရုန်း၍မရ၊ အော်၍မရ၊ အသက်ရှုကြပ်လာ၏။ မွန်းလာ၏။ ရုန်းရင်းကန်ရင်း ရင်ထဲက ဖိုလာ၏။ မောလာ၏။ ထို့ နောက် တအင့်အင့်နှင့် ညည်းညူနေမိရာမှ တအားပြန်ဖက်ထား လိုက်မိသည်ဟု ထင်၏။ တကိုယ်လုံးလှုပ်ခါ သွားသည်ဟု ထင်လိုက်ရပြီးနောက် ဖျတ်ကနဲ မျက်စိနှစ်လုံး ပွင့်လာ၏။

မိမိအိပ်ရာထဲ၌ မိမိတယောက်တည်း အိပ်ပျော်နေသည်ဟု ထင်ရ၏။ အခန်းထဲ၌ မှောင်နေသော်လည်း ခြင်ထောင်အမိုးကို မြင်နေရ၏။ သို့ သော် တကယ်မောနေ၏။ ချွေးများစို့ နေ၏၊ တကိုယ်လုံး ရွှဲပေနေလေပြီ၊ အိပ်မက်ဆိုသော်လည်း တကယ်မောနေသောကြောင့် အိပ်ရာထက်၌ ခေတ္တငြိမ်နေလိုက်၏။ လွမ်းချင့်စဖွယ် မှုတ်နေသည့် အဝေးက ပြွေသံကို ကြားနေရဆဲ။

သည်ပြွေရှင်သည် မည်သူ့ ကို ရည်မှန်း တမ်းတ၍ ညလုံးပေါက် မှုတ်နေရပါလိမ့်ဟု တွေးရင်း အိပ်ရာမှ ထခဲ့၏။ ထို့ နောက် အိပ်မက်အကြောင်းကို တွေး၏။ မက်လိုက်ရသည့် အိပ်မက်ထဲ၌ မိမိ မက်လိုသော ကောင်းမြတ်ကိုတော့ ဘာပြုလို့ မမက်ရပါလိမ့်ဟု မကျေမနပ်ဖြစ်ရင်း မျက်နှာသစ်ခြင်းကို အဆုံးသတ်၏။

ရွာဦးကျောင်းမှ `အုန်းမောင်း´ ခေါက်သံကို ကြားနေရလေပြီ၊ ထို့ နောက် ကြေးစည်သံနှင့်အတူ ခွေးအူသံတို့ ပေါ်လာကြ၏။ မိမိအိပ်ရာက ထသည်မှာ အချိန်တော်ပြီ ဖြစ်၏။ အရုဏ်ဆွမ်းအတွက် ညဥ့်ဦးက အသင့်ရေစိမ်ထားသော ဆွမ်းဆန်ကို ချက်၏။

အိုးခွက်ပန်းကန်တို့ ဆေးကြောနေရာမှ အနောက်ဖက်သို့ ကျစ ပြုနေသော ဖိုးလမင်းကြီးကို မြင်သဖြင့် ကြည့်မိ၏။ လေသည် ညဥ့်ဦးကကဲ့သို့ မမြူးဘဲ ငြိမ်နေ၏။ သစ်ပင် သစ်ရွက်တို့ အကြားမှ ကျလာသော လ,ပြောက်တို့ သည် သစ်ရိပ်တို့ အောက်၌ ငွေဘော် ကြယ်ဖေါက်ထားသော ဇာနားပြောက်ကဲ့သို့ ထင်၏။

ကိုရင် ဖိုးထိန်တို့ အိမ်မှ တွန်လိုက်သော ညောင်ကန်ကြက်မှ စ၍ တရွာလုံး အုန်းအုန်းကျွတ်ကျွတ် ညံအောင် အတောင်တဖြန်းဖြန်း ခတ်လျက် ကြက်တွန်သံတွေ ဆက်သွား၏။ လင်းကြက်တွန်လေပြီ၊ ကြက်တွန်သံတွေ အဆုံး၌ ရွာသည်ပို၍တိတ်ဆိတ်သွား၏။

မိမိ မှတ်မိနေသေးသည်။ ဤလို နံနက်ခင်း ဆောင်းကြွင်း အချိန်ဆီလောက်က ရှားတောကြီးဆီမှ ဥသြမြည်သံ ပေါ်လာလေ့ရှိ၏။ ဥသြ၏ အော်မည်သံသည် တစုံတယောက်ကို လွမ်းလွမ်းတတ ဟစ်ခေါ်ကြွေးရင့်သကဲ့သို့ ရင်ဆို့ စရာ ဖြစ်နေသည်ဟုထင်မိ၏။ မကြာမီ ထိုအသံကို စံတုတ်ကြီး၏ သီချင်းသံက ဖုံးအုပ်ပစ်လေ့ ရှိ၏။

စံတုတ်၏ သီချင်းသံမှာ ဥသြကလေး တွန်သံကဲ့သို့  လွမ်းချင့်စဘွယ် မကောင်း။ သို့ ရာတွင် နံနက်စောစော၌ ကြည်မောဘွယ် တမျိုးကောင်း၏။ မိမိသည် သူ့ အသံကို နားထောင်ရင်း အိပ်ယာထဲ၌ မျက်တောင်ကလေး ပုတ်ခတ်ပုတ်ခတ် လုပ်လျက် လူပါးဝသော ကောင်းမြတ်အကြောင်းကို တွေးနေတတ်၏။ အိမ်ရှေ့ သို့ ရောက်သည်နှင့် ထိုအသံသည် တစုံတခုဖြင့် ဖြတ်တောက်ခြင်း ခံရသလို ပြတ်သွားလေ့ ရှိ၏။

ထို့ နောက် သာဇံတို့  စကားပြောသံများ ပေါ်လာကြသည်။ ကောင်းမြတ်၊ သာဇံနှင့် စံတုတ်ကြီးတို့  အရုဏ်ဆွမ်းလာယူကြခြင်း ဖြစ်၏။ သည်အချိန်၌ မိမိသည် တဘက်သို့ လူးလှိမ့်ပြီးသည့်နောက် မျက်လုံးနှစ်လုံး ပိတ်ကာ ပြန်အိပ်ပစ်တတ်သည်။

`` ဟဲ့ကောင်မလေး ထ,စမ်း၊ အမယ် အပျင်းထူနေလိုက်ထာ၊ သာဇံတို့ ကောင်းမြတ်တို့ တောင် ဆွမ်းအုပ် လာယူကြကုန်ပြီ၊ ထ, ကောက်ညှင်းပေါင်း စားရအောင်´´

မိမိသည် ကောင်းမြတ်တို့  သာဇံတို့ ဆွမ်းအုပ်လာယူချိန်၌ ဘယ်တုန်းကမှ  အိပ်ရာက ထဘူးသည်မရှိ။ ယခု မိမိ စောစော အိပ်ရာက ထ,၍ ဆွမ်းချက်နေရသော အချိန်၌ ကောင်းမြတ် သာဇံတို့ က မလာကြတော့။ ငနီနှင့်သာညွန့် တို့ သာလျှင် လုံချည်ကွင်းသိုင်းကလေးတွေဖြင့် နေ့ စဉ် ရောက်လာလေ့ ရှိကြ၏။

ထမင်းအိုးဆူသောကြောင့် အတွေးပြတ်သွား၏။ အိုးငှဲ့ ခြင်း၊ ဆွမ်းဟင်းနွှေးခြင်း ဟင်းချိုအိုး တည်ခြင်းတို့ ကို ပြုလုပ်ပြီးသည့် အချိန်၌ အိမ်ခေါင်းရင်းဆီမှ မိုးကောင်းကင်ကြီးတခုလုံး ပုဇွန်ဆီရောင် သန်းလာခဲ့၏။ အရုဏ်လာလေပြီ။

မြခက်သည် အားလုံး အသင့် ပြင်ဆင်ပြီးသည်နှင့် အိမ်ရှေ့ ဝဲလင်းဆောင် အပြင်သို့ ထွက်လိုက်၏။ လှပသော ကောင်းကင်သည် မိမိကို တုပြိုင်နေသကဲ့သို့ ဝင်းပလျက်ရှိ၏။

မပြိုင်လာပါနဲ့ လား ကောင်းကင်ရယ်....။

ကောင်းကင်၌ လှပသော တိမ်တောင်တိမ်လိပ်တို့ ရှိသောကြောင့် ပြည့်စုံ၏။ မိမိမှာ တစုံတခု လိုနေသဖြင့် ရင်ထဲ၌ လှပမှု မရှိနိုင်ပါဘူး။

ခေါင်းရင်းဆီမှ ဇွန်ပန်းနံ့ ကလေးက စောစောစီးစီး မွှေးကြူလာသည်၊ ဇွန်ပန်းရုံကြီးမှ ဇွန်ပန်းတွေက ဖွေးဖွေးလှုပ်နေကြ၏။

``အို ပန်းဗေဒင် ကြည့်အုံးမှပါဘဲ´´

မြခက်သည် လှပသော အပြုံးနှင့်အတူ ဇွန်ပန်းရုံရှေ့ သို့ ပြေးရောက်၏။ ထို့ နောက် မျက်စိမှိတ်လျက် ဇွန်ပန်းတခက်ကို ခူး၏။ ပြီးလျှင် မျက်စိဖွင့်၍ ကြည့်၏။ စိမ်းစိုသော ပန်းပွင့်ပါလာ၏။ မြခက်မျက်နှာသည် ကြည်ပြုံးနေ၏။

``ကြည့်စမ်း... ကြည့်စမ်း၊ ကံကောင်းလိုက်တာ သူ့ ဘို့ တပွင့် ကြည့်လို့ ပနံတင့်´´

ဝမ်းထဲမှ သီချင်းဆိုသလို သီဆိုလိုက်၏။ မြခက်၏ မြူးထူးသော အသွင်သည် ကောင်းကင်မှ ပန်းရည်ရောင် ဟပ်နေသဖြင့် ပို၍လှ၏။ မြခက်သည် မျက်စိကို မှိတ်လျက် ပန်းခက်ကို မိမိ၏ မျက်နှာနှင့် အညီ မြှောက်ကာ နှုတ်မှ တွတ်တွတ် ရွတ်ဆိုဆုတောင်း၏။


ထို့ နောက် `ရှင်ကြီး ရှင်ကောင်းများနှင့် ရှင်မ စန္ဒီတို့ မပါတော့´ ဆိုလျက် မျက်စိကို ဖွင့်၏။ ပန်းကလေးနှစ်ပွင့်၌ရှိသော ပွင့်ချပ်တို့ ကို ရေတွက်ကြည့်၏။ ဇွန်ပန်းငယ်တပွင့်၌ ပွင့်ချပ် ၇ချပ်ဆီရှိရာ နှစ်ပွင့်ပေါင်း ပွင့်ချပ် ဆယ့်လေးချပ် ဖြစ်နေ၏။ ထို့ ကြောင့် တစ်နှင့်လေးကိုပေါင်းသော် ငါးရ၏။

ပန်းဗေဒင်၌ တခုဖြစ်လျှင် သူလာမည်။ နှစ်ခုဖြစ်လျှင် နှောင့်နှေးသည်။ သုံးခုဖြစ်လျှင် လူပျိုလာလှည့်လိမ့်မည်။ လေးခုဖြစ်လျှင် လက်ထပ်ရမည်။ ငါးခုဖြစ်လျှင် သူနှင့်ကွဲမည်။ ကျန်ဂဏန်းများ ဘာမျှမဖြစ်ဟု အဆိုရှိ၏။ ယခု ငါးခုဖြစ်သောကြောင့် သူနှင့် ကွဲရချေတော့မည်။

ထို `သူ´သည် မည်`သူ´ပါလိမ့်၊ မိမိအဘို့ ကွဲရလေအောင် မည်သူနှင့်မှလည်း မည်သို့ မျှ မဖြစ်ရသေး။

ထိုစဉ် အိမ်ဝင်းဝမှ အသံကြားလိုက်ရ၏။ ငနီနှင့် သာညွန့် တို့ ဆွမ်းအုပ်ယူရန် လာကြချေပြီထင့်။

မြခက်က ၀င်းဝဘက်သို့  လှည့်လိုက်သည်။ ကောင်းမြတ်၏ ရင်ပတ်ကျယ်ကြီးသည် မိမိမျက်နှာရှေ့ သို့  ရောက်လာ၏။ ရုတ်တရက်လန့် ကာနောက်သို့ တလှမ်း ဆုတ်ရင်း ကောင်းမြတ်ကို ကြည့်၏။ ကောင်းမြတ်၏ မျက်နှာသည် ကြက်သရေရှိစွာ ပြုံးလျက်....

အရုဏ်ဦး၏ စကားနီရောင်သည် ကောင်းမြတ်၏ ယောင်ချောကြီးနှင့်တကွ ခံ့ညားသော မျက်နှာ၊ ကျယ်ပြန့် သော ရင်ပတ်၊ ကြီးမားကျစ်လစ်သော လက်မောင်းအိုးကြီးတို့ အပေါ်၌ ကျရောက်နေ၏။ ညကလိမ်းသွားသော သနပ်ခါးစကလေးများသည် ကောင်းမြတ်၏ မျက်နှာ၌ ကြည့်လိုစဘွယ် နှစ်လိုစဘွယ် ကျနေသေး၏။ ကောင်းမြတ်သည် ပုဆိုးရှည်ကို နောက်ကျောမှသိုင်းလျက် မို့ မောက်မောက် ရင်အုံကျယ်ကြီးမလုံ့ တလုံ ဖုံးခြုံထား၏။

``အမယ် လန့် နေလိုက်တာ၊ ငါပါဟဲ့။ ဒီနေ့ မင်ကြောင်ထိုးဘို့ အတွက် အပျိုလှလှရှိတဲ့အိမ် ၇အိမ်က အပျိုမကလေး ၇ယောက်ပေးတဲ့ဘ ပန်း၇ပွင့်ကို နေလုံးမပေါ်မီ အရ တောင်းယူလာရမယ်ဆိုလို့ ငါလာတောင်းတာ...´´

မြခက်၏ရင် လှုပ်ရှားနေ၏။ ထို့ နောက် တောက်ပ ပြောင်ရွှန်းလဲ့သော မျက်လုံးဖြင့် ကောင်းမြတ်၏မျက်နှာကို ထိုးဖေါက်ကြည့်လိုက်၏။

`အိုတော်.. ကြံကြံဖန်ဖန် တော်ရို့ ဆေးတွေ ၀ါးတွေနဲ့ လုပ်ကြတာကို ကျူပ်ကြောက်ပါတယ်၊ မပေးဝံ့ပါဘူး..´

`ဟဲ့.. နင်ကလဲ အဲသာ လုပ်ရိုးလုပ်စဉ်ဟဲ့၊ သည်လိုဘဲ လူတိုင်းပေးကြရသာဘဲ၊ အပျိုအိမ်ခြောက်အိမ်က ပန်း ခြောက်ပွင့် တောင်းရလာဘီ´

`တော့်မှာ အပျိုတွေ အပေါသားဘဲ။ တခြားမှာ သွားတောင်းပါလားတော်´

`အပျိုတွေပေါတာတော့ ငါသိသားဘဲဟဲ့၊ ဒါပေမင့် ချောတဲ့လှတဲ့ အပျိုက ပေးမှ ဖြစ်မှာမို့ နင့်ဆီလာသာ။ နင်ကလဲဟယ် တွန့် တိုစရာမရှိ တွန့် တိုနေလိုက်တာ´

`အိုကျူပ်က မလှပါ မချောပါဘူးတော်၊ မလုပ်ပါနဲ့ ´

`ဘယ့်နှယ် မချောရ မလှရမှာတုံး၊ ချောလိုက် လှလိုက်တာမှ ပဘ၀တီတောင် မမ, မမ ကျူပ်သခင်မလို့ ခေါ်ရသေးရဲ့ ၊ ငါတကယ်ပြောတာသိလား၊ အဲဒါကြောင့် နင့်ဆီလာသာ၊နောက်ဆုံးအပျိုပေးတဲ့ ပန့် ပွင့်က အချောဆုံး အလှဆုံး အပျိုကပေးတဲ့ ပန်းပွင့် ဖြစ်ရမတဲ့´

`အိုတော် မဖြစ်နိုင်တာတွေ၊ ကျူပ်က အရုပ်ဆိုးပါတယ်´

`ဘယ်က အရုပ်ဆိုးရမှာလဲ နင်ဟာ ဒို့ ရွာမှာ အချောဆုံး အလှဆုံး သိလား၊ နင်က နင့်ရုပ်နင် မမြင်ရလို့ ...´

`ငါက ပြလိုက်စမ်းချင်သယ်၊ ညနေ နေကလေးရီရီမှာ သနပ်ခါးဘဲကြားကွက်လို့  မီးတော့ အထက်ဆင် နီနီမှာ၊ ချည်စိမ်းကလေးပေါင်ထားတဲ့ မဲထမီကို ၀တ်လို့ ၊ နောက်ပီး အပွင့် နှစ်ဆင့်ပါတဲ့ ခတ္တာပန်းကြီး ၀င့်ကာဝင့်ကာနဲ့  ရေခပ်တဲ့ သဲလမ်းကြောင်းကလေးအတိုင်း လယ်ထဲက ပြန်လာလိုက်ပုံများ´

`အဟုတ်ပြောဟေ့၊ မိုးပေါ်က တောက်နေတဲ့ တိမ်တွေတောင် နင့်ကို ငုံ့ ကြည့်နေရသယ်သိလား၊ သာ့ကြောင့် အလှဆုံး အပျိုကလေးဆီက ပန်းဆိုသာ နင့်ဆီကဘဲ ဖြစ်ရမယ်´

မြခက်၏ မျက်နှာသည် ရှက်သွေးဖြန်းလျက် နီမြန်းနေ၏။ မြခက်၏ရင်သည် ပိုခုန်လာ၏။ မြခက်၏ တကိုယ်လုံးသည် တုန်၏။

` အိုတော် ကြံကြီးစည်ရာ တွေ မဟုတ်တာတွေ´

မြခက်က ပြောပြောဆိုဆို ကောင်းမြတ်ကို ကွေ့ ရှောင်လျက် အိမ်ထဲသို့ ပြေးဝင်မည်ပြု၏။ ကောင်းမြတ်သည် မြခက်၏ လက်ကို လှမ်းဆုပ်လိုက်၏။

`ဘယ့်နှယ်လုပ်တာလဲ မြခက်ရယ်၊ ဒါနဲ့ နေထွက်လာရင် ပန်းခုနှစ်ပွင့် မစေ့လို့  ငါထိုးရမယ့် မင်ကြောင် မအောင်မြင်ဘဲ နေတာ့မှာပါဘဲ၊ ပေးပါဟယ် ပန်းတပွင့်လောက် နင့်လက်ကလေးနဲ့ ခူးပေးလိုက်စမ်းပါ.. နင်ဟာ တကယ့်ကို ဒို့ ရွာမှာ အလှဆုံးမို့ ပါ၊ အဲလေ အလှ..´

`အို.. ဘယ့်နှာတွေ ရှောက်ပြောနေရတာလဲ၊ လွှတ်ပါတော်၊ ဟိုမှာ ငနီတို့ သာညွှန့် တို့ တောင် ဆွမ်းဝတ်ယူဘို့ လာနေကြဘီ၊ တော်ကြာ တလွဲတချော်တွေ ထင်ကုန်ကြအုံးမယ်´

`ထင်ပစေ မလွှတ်ဖူး၊ တွန့် တိုစရာ မဟုတ်တာ နင်က တွန့် တိုနေတာ ငါကတော့ နင့်ဆီကို အားကိုးတကြီးနဲ့ လာရတာ´

ကောင်းမြတ်သည် ပြောပြောဆိုဆိုနှင့် မြခက်၏ လက်ကို တုံ့ ဆွဲယူလိုက်ရာ မြခက်၏ တကိုယ်လုံး ကောင်းမြတ်ရှေ့ သို့ ရောက်လာ၏။ နှစ်ယောက်သား ရင်ချင်းအပ်မိတော့မတတ် နီးကပ်သွား၏။ ကောင်းမြတ်၏ မျက်နှာနှင့် မြခက်၏ မျက်နှာတို့ တတောင်ခန့် မျှေ၇ာက်လာ၏။ မြခက်သည် ကောင်းမြတ်၏ မျက်နှာကို တထိတ်တလန့်  မော့ကြည့်၏။ ကောင်းမြတ်၏မျက်လုံးက မိမိ၏ မျက်လုံးတည်းသို့ စိုက်ကြည့်နေ၏။ မြခက်၏ မျက်နှာတခုလုံး တဖျဉ်းဖျဉ်းနှင့် ထူအမ်းအမ်းကြီး ဖြစ်လာ၏။ မြခက်၏ နှုတ်ခမ်းသားတို့ သည် မိမိကိုယ်မိမိ ပြုံးနေမိသည် မဲ့နေမိသည်ကိုမျှ မသိဘဲ ထူပိမ်းပိမ်းကြီး ဖြစ်နေ၏။ တကိုယ်လုံးလည်း နတ်ကျသလို တုန်နေ၏။ မိမိရင်ခုံသံသည် မိမိနားထည်း၌ ကျယ်လောင်စွာမည်နေ၏။ ကောင်းမြတ်၏ မျက်နှာကြီးကလည်း ပြုံးနေပါလျက်နှင့် ကြောက်စရာချည်း ဖြစ်နေ၏။ သို့ ပါလျက်မိမိသည် ထိုကြောက်စရာမျက်နှာကြီးကိုပင် အတန်ကြာအောင် ကြည့်နေမိလျက်သား ဖြစ်နေ၏။ အပုံကြီးကြာပြီးမှ သတိရလာပြီးနောက် မျက်လုံးကို လွှဲပစ်လိုက်ရ၏။

`လွှတ်ပါတော် ကျူပ်ခူးပေးမယ်´

ကောင်းမြတ်သည် မြခက်ကို ကြည့်မြဲကြည့်လျက် မြခက်၏ လက်ကို ဆုပ်မြဲဆုပ်ထား၍ ကျောက်ရုပ်ကြီးလို ငြိမ်နေ၏။ မြခက်က ကောင်းမြတ်၏ မျက်နှာကြီးကို ပြန်ကြည့်မိရာမှ အလိုလို ကြောက်လာလျက် မိမိ၏လက်ကို ဆောင့်ရုပ်လိုက်၏။ ထိုနောက် ဇွန်ပန်းရုံဘက်သို့ လှည့်လိုက်ပြီး အကိုင်းပါ ချိုးလိုက်မိ၏။

ဇွန်ပန်းကိုင်းကို လှမ်းပေးလိုက်သောအခါ ကောင်းမြတ်သည် စောစောကအတိုင်း မိမိကိုကြည့်လျက် ငြိမ်မြဲ ငေးမြဲ ငြိမ်နေ ငေးနေသေး၏။ နောက်မှ အိပ်ယာက နိုးလာသလို မိမိပေးသော ပန်းကိုင်းကို လှမ်းယူ၏။

`ငါ.. ငါ.. နင့်ကို အလွန် အလွန်တရာမှဘဲ..´

မြခက်သည် ကောင်းမြတ် ပြောသည်ကို နားထောင်မနေတော့ဘဲ အိမ်ထည်းသို့ ခပ်သုတ်သုတ်ဝင်ရင်း အိမ်တည်းသို့ ရောက်လာနေကြပြီ ဖြစ်သော ငနီနှင့် သာညွှန့် တို့ ကို ခေါ်ငင်သွား၏။ သို့ သော် မြခက်၏ စိတ်ထဲ၌ သူဘာတွေများ ဆက်ပြောမလို့ ပါလိမ့်။

အလွန်တရာမှဘဲ ကျေးဇူးတင်ပါတယ်ဟာလို့ ပြောလေမလား။ အလွန်တရာမှဘဲ ချစ်နေဘီဟာလို့ ဘဲ ပြောလေမလား၊ ငါထွက်လာခဲ့တဲ့အတွက် သူသိပ်များ စိတ်မကောင်းဖြစ် ကျန်ရစ်ခဲ့မလား... ဟု နောက်ဆံတငင်ငင် တွေး၏။ ဆွမ်းအုပ်ထဲသို့ ဆွမ်းများကို ခူးခပ် ထည့်ပေးနေရင်း ကောင်းမြတ်သွားလေပြီလား ရှိနေသးဆဲလားဟု ပြေးကြည့်လိုက်ချင်သည့် စိတ်တွေပေါ်လာ၏။ သို့ သော် ဆွမ်းများကို ပြီးအောင် ခူးခပ်ထည့်ပြီးမှ ငနီနှင့် သာညွှန့် တို့ ကို လိုက်ပို့ လေဟန်ဖြင့် အိမ်ရှေ့ သို့ ထွက်ကြည့်၏။

သူမရှိတော့ပြီ...

ရွာလမ်းမကြီးပေါ၌လည်း သူ့ အရိပ်အရောင်ကို မတွေ့ ရလေတော့။

မြခက်၏ ရင်ထဲ၌ ဟာကျန်ရစ်ခဲ့၏။


ကွယ်လေးရဲ့ မင်ကြောင်
ဘယ်မှောင် ဘယ်ပေါင်စ,ထိုး။
အေးနဂလိမ် ပုသိမ်ခင်းလို့ 
ဖျဉ်ဖြူနီ ပွဲစုံကျင်းတယ်...
မှောင်တွင်း ညာရင်းကထိုး။

သီချင်းသံသည် ရက်ကန်းခတ်သံတို့ နှင့်အတူ ရောထွေးလျက် ရွာဘက်သို့ ပျံတက်လာ၏။ နေ့ လည်ဆွမ်းစား တုံခေါက်ပြီးသည်၏ နောက်ပိုင်းတွင် ညောင်သာယာ ရွာကလေး၌ ရက်ကန်းခတ်သံများ ဆူညံမြဲ၊

ရက်ကန်းစင်တို့ ၏ ယဉ်သွားနပ်မှုတ်၌ တတ်နိုင်သူတို့ သံလွင် စည်းဆုပ်ကလေးများ ချိတ်ဆွဲထားကြ၍ မတတ်နိုင်သူတို့ က သံလွင်ကြေးကွင်းများကို ချိတ်ဆွဲထားတတ်ကြ၏။
ချရွင် ချရွှင် ဂလပ် ချရွင် ချရွှင် ဂလပ်ဟူသော အသံများ၊ ဂျမ်းဂျပ်ဂျပ် ဂျမ်းဂျပ်ဂျပ်ဟူသော အသံများ တရွာလုံး အပြိုင် ဆူညံနေ၏။
ရွာလယ်မှသည် တောင်ဖျားမြောက်ဖျားသို့ တိုင်အောင်၊ တောင်ဖျားမှသည် မြောက်ဖျားသို့ တိုင်အောင်၊ မြောက်ဖျားမှသည် တောင်ဖျားသို့ တိုင်အောင် လက်ခတ်သံ ကျွန်းဖိုသားဖြင့် သောင်းတိုင်က ကြားလောက်သော အသဲမျိုးတို့ သည် အပြိုင်မည်နေကြ၏။ ထိုအသံတို့ ၏အကြားမှ မိန်းမပျိုကလေးတို့ ၏ နှလုံးသားမှ ဖိတ်လျှံကျလာသော အလွမ်းစိတ် အချစ်စိတ်တို့ ဖြင့် သီဆိုလိုက်ကြသည့် တေးသံတွေကလည်း အသံချင်းယက်ဖေါက်လျက်ရှိကြ၏။

ထိုအချိန်၌ လူကြီးများ အလုပ်ခွင်မှ နားနေ၊ အပန်းဖြေတတ်ကြသည့် အချိန်မျိုးဖြစ်၏။ မန်ကျဉ်းပင်ရိပ်ခြေရင်း နွားရေကလေး ခင်းထားသော မြေတလင်း၌ တုံးလုံးပက်လက် လှဲရင်း
ထမင်းလုံးစီနေကြသော လူကြီးများသည် ကြားနေကြသဖြင့် ရိုးနေသော ယင်းသည့်အသံတို့ ကို နားထောင်ရင်း မျက်လုံးစင်းလာတတ်ကြ၏။

အိမ်ခေါင်းမင်းသည်လည်း ထမင်းစားပြီးခဲ့လေပြီ။
အိမ်ခေါင်းမင်း၏ အိမ်သည် အခြင်ဝါးများ မြေသို့ ထောက်လုလုမတတ်ရှိ၏။ အိမ်ခေါင် ခပ်ကုတ်ကုတ်ဖြစ်၏။ ထန်းရွက်မိုးထား၏။ ခလောက်ဆွဲအိမ်ဖြစ်သော်လည်း အိမ်ရှေ ရှိ မြေသို့ ထိနေသည့် ၀ါးအခြင်တို့ အောက်၌ မြေတလင်းရှိ၏။

အိမ်ခေါင်းမင်းနှင့် အိမ်ခေါင်းမင်းကတော်တို့ သည် အင်ကုပ်ကျယ်ကျယ်တွင် မင်းဖွယ်စိုးရ နှစ်ယောက်ယှဉ်ထိုင် မျက်နှာခြင်းဆိုင်ရင်း ငြုပ်သီးတောင့် ကိုယ်စီကိုင်ကြကာ ဆံပုန်းရည်ဖြင့် ကျိုထားသည့် ကြွက်နဖားရွက်တို့ ကို မြုပ်နှံပြီး ငပိရည်ဖြင့် ရွှဲရွှဲကြီးဆမ်းလျက် ပီလောဟင်းပူပူကို ကန်ယောက်သွားဖြင့်တရှုးရှုး ခပ်ခပ်၍ သောက်ကြလျက် ယခုပင် ထမင်းစားပြီးခါစ ဖြစ်ကြ၏။

အိမ်ခေါင်းမင်းသည် မြေတလင်း၌ခင်းထားသော ခုတင် ကြမ်းပေါက် သုံးချောင်းထောက် ပေါ်၌ ခြေချင်းချိတ်ကာ တရွာလုံးဆူညံနေသည့် ယက်ကန်းခတ်သံတို့ ကို တဂျပ်ဂျပ် ကြားနေရရင်း မှောက်ချေ လှန်ချေ တသမ်းသမ်း တဝေေ၀ ပြုနေ၏။

အိမ်ခေါင်းကတော်သည် ထမင်းစားပြီးစ ထမင်းအဆိပ်အဆီ ဖိန်း၍ မှိန်းနေပြီဖြစ်သော အိမ်ခေါင်းမင်းကို နှိပ်ပေးနေရာမှ အခြင်အမြိတ်စွန်းအောက်ငုံလိုက်ကာ အိမ်ရှေ့ ဆီသို့ ကြည့်၏။ ရွာလမ်းမကြီးပေါ်၌ မကြီးလေးဘုံ၊ မယ်လေးနုနှင့် ရွာထဲက အပျိုမလေး တသိုက်တို့  ဆူညံဆူညံပြုလျက် မြောက်ဖျားဆီသို့  သွားနေကြ၏။ သူတို့ ၏လက်ထဲ၌ ရေချမ်းအိုးများ၊ ကွမ်းအစ်များ သနပ်ခါးကျောက်ပျဉ်နှင့် နံ့ သာတုံး နံ့ သာခွက်များ၊ လဘက်အစ်များ ဆီမီးခွက် ဆီမီးတိုင်နှင့် တံခွန်ကုက္ကားတိုင်များ ပခုံးပေါ်၌ ပုဆိုးရှည်များ တင်းတိမ်များ၊ ရက်သစ်ပြီးစ တဘက်များ စသည်တို့ ပါ၏။

ရွာအပျိုကလေးများ ဤသို့  ပန်းရေချမ်းအိုး၊ ဆီမီး အမွှေးနံ့ သာ၊ သွေးရန်ကျောက်ပျဉ် တံခွန်ကုက္ကား စသည်တို့ နှင့် စုရုံးသွားကြလျင် ရွာတွင်းရှိ ကာလသားပေါက်ကလေးများ နေ့ ကောင်းရက်သာရွေး၍ ပြုလုပ်ကြသော မင်ကြောင်ထိုးသည့်ပွဲ ရှိကြစမြဲ...

ယောက်ျားကလေးများ မင်ကြောင်ထိုးသည်ကို ရွာအပျိုကလေးများက အားပေးကြရ၏။ ဤသို့ မင်ကြောင်ထိုးပြီးမှ မိန်းကလေးတွေနှင့် တန်းတူ ရောနှောနေကြရသည့် ဘ၀က ယောက်ျားရင်းမကြီး ဖြစ်လာသည်ဟု အယူရှိ၏။ အပျိုလှည့်ရာ၌ပင်လျှင် မင်ကြောင် မရှိသေးသူ ပြောသည့် လူပျိုစကားသည် အကယ်ပြောသည့်စကားမဟုတ်၊ ကြီးကောင်ငင်ပြီး ဖြစ်သဖြင့် ကစားလို၍ သင်ပြောပြောသည်ဟု အမှတ်ထားကြ၏။

`အကယ်ပြောသာလား၊ အကယ်ပြောသည်ဆိုလျှင် မင်ကြောင်ထိုးလိုက်အုံး၊ မင်ကြောင်ထိုးပြီးမှပြော´ ဟု မိန်းကလေးတွေက လှန်၍လွှတ်တတ်ကြ၏။ ထို့ ကြောင့် ရွာကာလသားတွေ မင်ကြောင် ထိုးနှံတိုင်း ရွာအပျိုခေါင်းကြီးများက အပျိုတွေ စုရုံးခေါ်ငင်၍ အားပေးကြမြဲ။

မိန်းကလေးတို့ နှင့်တကွ အပျိုခေါင်းကြီးများသည် ယောက်ျားကလေးများ မင်ကြောင်ထိုးသော နေရာနှင့် အတောင် ခြောက်ဆယ်ထက် မနီးသော အကွာအဝေးရှိ အရိပ်ကောင်းသော သစ်ပင်အောက် တနေရာရာ လူများခဲ့သော် နှစ်နေရာလောက်၌ စုရုံးစောင့်ဆိုင်းနေကြရရိုး ရှိ၏။ မင်ကြောင်ထိုးရာသို့ ရေချမ်းအိုးများ၊ ပန်းများ၊ ဆီမီးများ၊ နသာခွက် (နံ့ သာခွက်)များ ပေးပို့ ရန် စောင့်နေရ၏။ ထိုပစ္စည်းတို့ ကို...

မင်ကြောင်မထိုးရသေး ချစ်သူရဲစား မထားရဘူးသေးသော ရေမိုးချိုးပြီး အ၀တ်သစ် လဲဆင်ပြီးဖြစ်သည့် `ကြီးကောင်ငင်´ဆဲ ကာလသားပေါက်ကလေးများက လာရောက် ယူငင်ကြရ၏။ ထိုကာလသားပေါက် ကလေးတို့ ကို `မှင်သကျွန်´(မင်သေ့ကျွန်) ဟုခေါ်၏။

အပျိုတို့ သည် `မှင်သကျွန်´တို့ အား မည်သည့် ကိုလူပျို မင်ကြောင် အထိုးနှံခံနေပြီဖြစ်ကြောင်းကို မေးကြ၏။ ထို့ နောက် မည်သူက နသာခွက်ပေးလိုက်ပါသည်။ မည်သူက ကွမ်းယာနှင့် ကွမ်းသီးလုံးမာမာများ ပေးလိုက်ပါသည်။ မည်သူက မင်ကြောင်ထိုးနေသည့်အချိန်၌ နားရွက်တွင်ပန်၇န်နှင့် ရှုရန် နမ်းရန် ညဥ့်မွှေးပန်းများ ပန်းပေါင်းများ ပေးလိုက်ပါသည် စသဖြင့် ပေးကမ်းမှာကြားကြ၏။ ထို့ ပြင် အော်သလား၊ မအော်ဘူးလား.... အော်သောအခါ မည်သူ့ ကို တ,သလဲ၊ အံကြိတ်နေသောကြောင့် ဘီလူးရုပ်ကြီးလို ဖြစ်နေသလား...။
မည်သူက ကွမ်းသီးမာမာကလေး ပေးလိုက်ပါသည်၊ ကိုရင် အသံထွက်အောင် အော်ဟစ် ညည်းညူလျှင် မလေးအဖို့  အရှက်ရပါလိမ့်မည်။ သဟာ့ကြောင့် ပေးလိုက်သည့် ကွမ်းသီးမာမာကို အံမှာ ခဲပြီး ခံပါ၊ အစိတ်စိတ်ကွဲခဲ့လျှင် ကွမ်းဝါနုနှင့် မလေး, ယာပြီး နှစ်လိုစွာ ၀ါးမျိုချပါမည်၊ စသဖြင့်လည်း တိုးတိုးတိတ်တိတ် ကျိတ်မှာတတ်ကြ၏။

          ဤသို့ ဖြင့် ရွာအပျိုခေါင်းကြီးများ ဦးဆောင်သည့် အပျိုကလေးတို့ က အကျွေးအမွေး ပန်း- ရေချမ်းနံ့ သာတို့ ဖြင့် လာရောက် စောင့်နေလေ့ရှိကြ၏။
အပျိုတွေဘက်က ဤသို့ လာရောက် ၀ိုင်းဝန်း အားပေးကြသလို လူပျိုတွေဘက်ကလည်း ရွာကာလသားကြီးများကိုယ်တိုင် မင်ကြောင် အထိုးခံကြရမည့် သူများနှင့်အတူ ရောနှောနေထိုင်လျက် ၀ိုင်းဝန်း အားပေးကြ၏။ ကာလသားကြီးများ ကိုယ်တိုင် ကျားညီနောင်၊ ကြောင်အတက်အဆင်းနှင့် ဂ၀ံရုပ်၊ ၀က်ကုန်းရုပ် စသည်တို့ ကို ဆေးမင်ထပ်လျက် ရောနှော သိဒ္ဓိတင်ခြင်းမျိုး ပြုကြ၏။

ဆေးမင်ထိုးရမည့် နေရာသည် ဦးစီးပြုသူ မင်ကြောင်ဆရာက သတ်မှတ်ထားသော နေရာဖြစ်၏။ ဦးစီး မင်ကြောင်ဆရာ၏ လက်အောက်၌ လက်ထောက် မင်ကြောင်ဆရာပေါင်း လေးယောက် ခန့် ထားရှိတတ်ကြ၏။ လက်ထောက်မင်ကြောင်ဆရာတို့ သည် ဦးစီးဆရာကြီး၏ လုပ်ငန်းရပ် အားလုံးတို့ ကို နည်းနာခံရင်း ၀ိုင်းဝန်းကူညီ လုပ်ကိုင်ကြရ၏။ လက်ထောက်မင်ကြောင် ဆရာတို့  ၀ိုင်းကူပြုလုပ်ကြရသည့် လုပ်ငန်းတို့ ကလည်း မနည်းလှ...။
သတ်မှတ်ထားသော ဆေးမင်ထိုးရမည့် နေရာတ၀ိုက် မြေတလင်းသည် မန္တန်ကျူးရင့်ပြီးသား၊ ပရိတ်ရေ ဖြန်းပြီးသား၊ ဆန်မန်း ပေါက်ပေါက် ကြဲပြီးသား ဖြစ်၏။ ပတ်ပတ်လှည်၌ ရာဇမတ်ကာလျက် အတွင်း၌ ပရိတ်သဲဖြူများ ခင်းဖြန့် ထား၏။ ထောင့်လေးထောင့်၌ ငှက်ပျောပင်များစိုက်၍ တနင်္ဂနွေ၊ တနင်းလာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ၊ ကြာသာပတေး၊ ရာဟု။ သောကြာ ဂြိုလ်ကြီးရှစ်လုံးများ၏ နံသားများဖြစ်ကြသော အုန်း၊ ကံ့ကော်၊ ဇီး၊ ၀ါး၊ ဒန်း၊ ပေါက်၊ ရှား၊ သီးတို့ ၏ အညွန့် အခက်တို့ ကို အမိုးပတ်ပတ်လည်၌ ပန်းဆွဲများကဲ့သို့  စီစီရီရီ ချိတ်ဆွဲ၏။ အမိုးအတွက်မူ ဗေဒင်အဟောထွက်သည့် နေ့ နံရှိသော အပျိုတယောက်ထည်း အပြီး အစီးရက်သည့် ဖျဉ်ဖြူကို ဖြန်းကြက်မိုး၏။ ထိုဖျဉ်ဖြူ၌ ပထမံစမရုပ်များ အင်းများကို ဟင်းသပြဒါးဖြင့် ရေးစီရင်ထား၏။

ပတ်ပတ်လည်၌လည်း နေ့ နံသင့် အပျိုကလေးတွေချည်း ယက်လုပ်သည့် တင်းတိမ်စောင်များကို ပရိတ်ချည်ဖြင့် သီတွယ်၍ ခြင်ထောင်ကဲ့သို့ လေးဘက်ချကာ ရံထား၏။ ထိုအတွင်း၌ သဲဖြူသည် ပရိတ်ရေ ရွှဲရွှဲဖြန်းထားသောကြောင့် သိပ်သည်း၍ မာနေသော သဲဖြူ ဖြစ်၏။ ထိုသံဖြူအပေါ်၌ ဆီမန်းဖြင့် သုတ်လိမ်းထားသည့် အလယ်ကြောခွာပြီးသော ငှက်ပျောရွက်များ ထူထူထဲထဲ အပြည့်ခင်းထား၏။

ကာထားသော တင်းတိမ်၏ အတွင်း ခေါင်းရင်းဘက်၌ သစ်မင်း ၀ါးမင်းတို့ ကို တိုင်ပြု၍ စိုက်ထူထားသော စင်ငယ်တခုရှိ၏။ ထိုစင်ငယ်ပေါ်၌ ဆေးစီရင်ထားသော ဘုရားတဆူနှင့် ဂုဏ်တော်ပုတီး၊ ဆေးမျိုး၊ စုတ်မျိုး၊ ရေချမ်းအိုး၊ နံသင့်ပန်းစသည်တို့ ရှိ၏။ ဆေးစင်အောက် တတောင့်ထွာအကွာတွင် ၇-နေ့ သမီး အပျိုစင်တို့ ထံမှ တောင်းယူထားသော ချည်မျှင်ဖြင့် ကျစ်လုပ်ထားသည့် သုံးလွန်းတင်ကြိုးကို ဆေးစင်တိုင်၌ တန်းထား၏။ ထိုကြိုးတန်း၏ ရှေ့ တထွာခန့် အနိမ့်၌ သီးသန့် စင်ငယ်တခုရှိ၏။ ထိုစင်ငယ်ပေါ်တွင် အုန်းသီးစိမ်း ကြွက်မြီးတန်းနှင့် ငှက်ပျောဖီး ၀ိုင်းရံထားသော ဖျင်ဖြူ ဖျင်နီတို့ ပါသည့် ကန်တော့ပွဲ ငါးပွဲတွင် ဆီမီးများ ထွန်းညှိလျက်ရှိနေ၏။

ဆေးမင်ထိုးမည့် ကာလသားသည် ရေမိုးသန့် စင်ပြီးနောက် ခေါင်းဖီးထားရ၏။ ပုဆိုးသစ် ဆီးထားရ၏။ ထို့ နောက် အချိန်အခါ ၀ါးကို စောင့်ရ၏။ အခါရောက်သနှင့် အပျိုလေးတွေပေးလိုက်သည့် ပန်းကို ပန်လျက် တင်းတိမ်အလုံကာထားသည့် ဆေးမှောင်ခန်းသို ၀င်ရ၏။ မှောင်ခန်း၌ ၀ဲပေါက်ယာပေါက်ရှိ၏။ ယာပေါက်က ၀င်သူကို ယာမှောင်ဟုခေါ်၏။ ဆေးအင်းအကျအန မပါ၊ အလှအပ မြင်ရရုံ ထိုးနှံခြင်းဖြစ်၏။ ဦးစီးမင်ကြောင်ဆရာက ဆေးပါသည့် မင်သေ့ကွက် သုံးကွက် သို့ မဟုတ် ငါးကွက်-ကိုးကွက် ထိုးပေးပြီးလျှင် ကျန်မင်ကြောင်ကွက်များကို လက်ထောက်တပည့်နှစ်ယောက်တို့ က တပြိုင်နက် ၀ိုင်းဖြည့်ဆည်းပေးကြ၏။ ထိုသူနှစ်ယောက် ညောင်းညာလျှင် နောက်နှစ်ယောက်က အလွယ်တကူ ပြောင်းလှယ်ထိုးပေးနိုင်၏။ လူတယောက်အတွက် တနာရီ နှစ်နာရီ အတွင်း ပြီးစီး သွားနိုင်၏။

ဝဲပေါက်ကသာ ၀င်သော ၀ဲမှောင်၌ ထိုးသူကို ထိုသို့ မပြုလုပ်နိုင်၊ ဦးစီးဆရာနှင့် နေ့ နံသင့်ရွေးထားသည့် မင်ကြောင်ဆရာနှစ်ယောက် ပေါင်း သုံးယောက်ကသာလျှင် ထိုးပေးနိုင်၏။ တကြိမ်ထိုးလျှင်လည်း ဆရာတယောက်သာ ထိုး`ပေးနိုင်၏။ ယာမှောင်တွင် ထိုးသကဲ့သို့ တပြိုင်တည်းဆရာနှစ်ယောက်က ထိုးမပေးရ။
မင်သေ့ကွက်များကို အစီအစဉ်အတိုင်း ဟင်းသပြဒါးဖြင့် မှတ်သားပေးသည့် နေရာတို့ ၌သာ လှည့်ပတ်ထိုးရ၏။ တဖက်တဖက်တွင် တပြင်တည်း ပြည့်ပြီးသွားအောင် မထိုးရ၊ ဆေးထိုးစဉ် မန္တန်ကျူးရ၏။ မန္တန်စ,တိုင်း စ,တိုင်း အသက်မျိုးကို ဖန်ဆင်းပေးသော `ဇီဝ´ ဗြဟ္မာကြီး၏ မုခပဋ္ဌ်တော် `အုံ´ဟူသည့် အက္ခရာကို ရှေ့ ကခံ၍ ရွတ်ဆိုရ၏။ မင်သေ့ကွက်တိုင်း ဆေးအင်းအစီရင်ပါသည့် ထိုးခြင်းမျိုးဖြင့် ထိုးရ၏။ ၀ဲမှောင်၌ မင်ကြောင်ထိုးသူသည် အလွန်အမြန်ဆုံး ပြီးစီးလွယ်သည်ဆိုက နေ့ ဝက်ကျော်ကျော် ကြာရ၏။ မင်သေ့ထိုးကြရာ၌ နက္ခတ်မသင့်သည့် အချိန်မျိုးနှင့် မတိုက်ဆိုင်မိအောင် ရှောင်ကြရ၏။ မည်သည့်အချိန် မည်သည့် နက္ခတ်၌ မည်သည့် ဆေးကွက်ကို ထိုးနှံရမည်ဟု တိတိကျကျ သတ်မှတ်ထားချက်ရှိရ၏။ ဆေးမင်ထိုးကြမည့်လူ အများရှိလျှင် ယာမှောင်မှာ ထိုးသည့် ယာပေါက်ဝင်သူများ ထိုးလက်စ တပိုင်းတန်းလန်း ဖြစ်သည့်တိုင်အောင် ၀ဲမှောင်ထိုးမည့်လူအတွက် အချိန်ကျလျှင် ရပ်ဆိုင်းပေးရ၏။

ဝဲမှောင်မျာ ထိုးမည့် ၀ဲပေါက်က ၀င်လာသည်နှင့် လက်ထောက်မင်ကြောင်ဆရာတို့ ပရိတ်ဆီမန်း မသုတ်လိမ်းရသေးသော ငှက်ပျောညွန့် များကို ထူထူခင်းရ၏။ ထိုအပေါ်မှ အပျိုများ ပါးလိုက်သည့် နဂါးလိမ်များ၊ လွန်းချိတ်များ၊ ကြိုးကြီးချိတ်များ အလှအပ ထိုးရက်ထားသော ပိုးထည်၊ ချည်ထည်တို့ ကို ခင်းပေးရ၏။ ၀ဲပေါက်မှ ၀င်လာသော ကိုကာလသားသည် ထိုအခင်းပေါ်သို့ တက်လာပြီးနောက် ငြိမ်သက်စွာ ထိုင်ပြီးနောက် ဆေးစင်ကို ထိခြင်းငါးပါးနှင့် ဦးခိုက်ရ၏။ တည်ငြိမ်သော ကိုယ်နှုတ် မျက်လုံး အမူအရာရှိရ၏။ စကား မပြောရ။
ပြီးလျှင် ငါးပါးသီလ ခံယူရ၏။ ထို့ နောက် ဆီးတားသည့် ပုဆိုးကို ချွတ်လျက် ဆေးစင်၌ တန်းထားသည့် ကြိုးတန်းပေါ်သို့  ရိုသေစွာ တင်ရ၏။ ယင်းပုဆိုးသစ်ကို `မင်ခံ ပုဆိုး´ဟု ခေါ်၏။ အသက်ထက်ဆုံး သေသည်အထိ သိမ်းထားတတ်ကြ၏။ `မင်ခံပုဆိုး´ကို မိဘ၊ အမ၊ ချစ်သူ ဤသုံးဦးအနက် မင်ကြောင် အထိုးခံရမည့်သူ နှစ်သက်သူက ယက်လုပ်ပေးကြ၏။ မိဘ အမစသည်တို့ က ယက်လုပ်ပေးသည့် မင်ခံပုဆိုးဖြစ်လျှင် `ရာပုဆိုး´ ဟုခေါ်၏။ ချစ်သူက ယက်လုပ် ပေးသည့် ပုဆိုးကို `ထောင်ပုဆိုး´ဟုခေါ်၏။

ဤပုဆိုးသည် အိမ်ထောင်ပြုရာတွင် အရေးကြီး၏။

ဤသူသည် ရာပုဆိုးဆီး ဖြစ်၏ဟု ဆိုလျှင် သက်ကြီးရွယ်အိုတို့  ကြိုက်နှစ်သက်ကြသည် ချီးမွန်းကြ၏။ ငါးရာ့နှစ်ဆယ့်ရှစ်သွယ်သော မေတ္တာကိုသာ အရေးထားသည့် လူလိမ်မာကလေးဟု ခေါ်၏။

`ထောင်ပုဆိုး´ ဆီးသူကို လူငယ်ကာလသား အချင်းချင်းနှင့် အပျိုငယ်တို့ က သဘောကျ နှစ်သက်ကြ၏။ မိဘ ဆွေမျိုးထက် ချစ်သူကို ပိုပြီး အလေးပေးသော ၁၅၀၀, အချစ်နောက်သို့ လိုက်သူဟု အဓိပ္ပါယ်မိ၏၊ ယောက်ျားကလေးကသာလျှင် မဟုတ် ထောင်ပုဆိုးကို ယက်လုပ်ပေးခွင့်ရသည့် မိန်းကလေးအဖို့ လည်း ဂုဏ်သီရိတခုဖြစ်၏။
ထိုမိန်းကလေးသည် မိဘတို့ က သဘောမတူသောကြောင့် မိမိယက်လုပ်ပေးခဲ့ရသော `မင်ခံပုဆိုး´ ဆီးသူနှင့် အကြောင်း မဆုံဆီးရစေကာမူ မိမိအတွက် တသက်လုံး စောင့်ရှောက်ပေးရမည့် `မောင်ကျွန်´ တယောက် ရနေပြီဟု တသက်လုံး စွဲမှတ် စိတ်ချသွားနိုင်၏။

`မောင်ကျွန်´ ဟူသည် မောင်ကဲ့သို့ စိတ်ချရလျက် ကျေးကျွန်ကဲ့သို့ ခိုင်းစေနိုင်သူကို ဆို၏။ ထိုသူကို ယင်းသည့် မိန်းကလေးက စိတ်ဆိုးနိုင်၏။ စိတ်ကောက်နိုင်၏။ ထုနိုင်ရိုက်နိုင်၏။ သို့ သော် ယောက်ျားကလေးက ပြန်ရိုက်လျှင် ဓမ္မသတ်အရ မိန်းကလေးကသော်၎င်း၊ မိန်းကလေး၏ ယောက်ျားကသော်၎င်း၊ တရားစွဲနိုင်၏။ မိန်းကလေးကိုမူ ယောက်ျားကလေး ကသော်၎င်း၊ ယောက်ျားကလေး၏ မိန်းမကသော်၎င်း၊ တရားမစွဲနိုင်၊ ဓမ္မသတ်တို့ ၌ သတ်မှတ်ထားချက် တိတိကျကျမပါရှိသော်လည်း `ကျမရဲ့ မောင်ကျွန်´ပါဟု ပြောလိုက်သည့်နှင့် လွှတ်ရုံးစတဲ့ တရားစီရင်သူတို့ က အမှုကို လက်မခံဘဲ မိန်းကလေးကို မောင်ကျွန်အပေါ်၌ သိပ်မနိုင်ပါရန် ချော့မော့တောင်းပန်၍ ပြန်လွှတ်ရိုးရှိ၏။
မခံမရပ်နိုင်သော မောင်ကျွန်၏ မယားဖြစ်လျှင် `ညည်းယောက်ျား သူ့ မောင်ကျွန် ဖြစ်နေမှန်းသိလျက် ဘာ့ကြောင့် ညည်း အစက ယူသလဲ´ဟု အပြစ်တင်လေ့ရှိ၏။ လူကြီးမိဘတို့ က အတင်းပေးစားသည်ကိုမူ ထည့်ပြောလေ့ မရှိကြ၊ `မောင်ကျွန်တယောက် ဖြစ်နေမှန်း သိလျက် ညည်းမိဘများက ညည်းကို ပေးစားထားသဟာ ဒို့ လဲ မတတ်နိုင်ဘူးပ´ ဟု ပြောလေ့ရှိတတ်၏။ ထို့ ကြောင့် မိန်းကလေး တစုံတယောက်၏ မောင်ကျွန်ဖြစ်ပြီးသူကို အခြားမိန်းကလေးတို့ ကလည်း အိမ်ထောင်ပြုခဲ လှ၏။ အခြားမိန်းကလေးတို့ ၏ မိဘများတို့ ကလည်း ကြေးငွေဥစ္စာ တောင့်တောင့်တင်းတင်း ရှိမှု၊ ရိုးသားမှု၊ ကျောထောက်နောက်ခံ ဆွေမျိုး တောင့်တင်းမှု၊ မျိုးရိုးကောင်းမှု၊ လုပ်ရည်ကိုင်ရည် လုံ့ လ ၀ိရိယ ဇွဲရှိမှုတို့ မပြည့်စုံပါက မိမိတို့ သမီး၏ အိမ်ထောင်ဘက် အဖြစ် ရွေးခဲလှ၏။

ယင်းသည့် အပြင် မောင်ကျွန်ဖြစ်သူ၊ သို့ မဟုတ် မောင်ကျွန်ရှိသော မိန်းမတို့ အား မိမိ မယားလင် စသည်တို့ က အိမ်ထောင်မှု မင်္သင်ကာလျှင် လင်ခိုးမယား စွတ်စွဲလျှင် လွှတ်ရုံးစသည်တို့ က မေးမြန်းစစ်ဆေးမှု အထူးအထွေ မပြုဘဲ မောင်ကျွန်နှင့်.. မောင်ကျွန်ရှိသော မိန်းမတို့ အား အပြစ်ကျူးလွန်သူများဟု ဆုံးဖြတ်ရိုး အစဉ်အလာရှိ၏။ ဤသို့ အကြောင်းကြောင့် `မင်ခံထောင်ပုဆိုး´ ဆီးနိုင်သူတို့ ကား ရှာမှ ရှား၏။

ဝဲမှောင်တွင် မင်ကြောင်အထိုးခံသူသည် မင်ခံ ပုဆိုးတန်းသို့ တင်ပြီးသည့်နောက် `လုံးတီး´ဖြစ်သော ကိုယ်ဖြင့် မင်သေ့ဆရာတို့ ကို ရှိခိုးရ၏။ ထို့ နောက် မတ်မတ်ရပ်လျက် ခြေထောက်ကို ချဲလျက် မြှောက်လျက် ကိုယ်ကို သုံးပတ်တိတိ လှည့်လျက် အစစ်ဆေးခံရ၏။

မင်သေ့ဆရာက အနာကြီးစသော ရောဂါ ပွေးကြီး ၀ဲကြီး၊ အိုင်းအနာ စသော ရောဂါတို့ မှကင်း၏။ နပုံးပဏ္ဍုက် မဟုတ်၊ မိန်းမလောင်း ယောက်ျားလောင်းမဟုတ်၊ ပြီသသော ယောက်ျားစစ်စစ်ဖြစ်၏လော...ဟု လက်ထောက်မင်သေ့ဆရာတို့ အား သုံးကြိမ်မေးရ၏။ လက်ထောင်မင်သေ့ဆရာတို့ က..
ဤငမည်သူသည် အနာကြီး၊ ပွေးကြီး၊ ၀ဲကြီး၊ အိုင်းအနာတို့ ကင်းပါ၏။ နပုံးပဏ္ဍုက် မိန်းမလောင်း၊ ယောက်ျားလောင်းမဟုတ်၊ ပြီသသော ယောက်ျားစစ်စစ်ဖြစ်ပါ၏ဟု သုံးကြိမ်ဖြေရ၏။
ဤသို့ သုံးကြိမ်ဖြေပြီးလျှင် ဆရာသည် နံ့ သာခွက်ကို မန္တာန်စုတ်ပြီး ဆေးစင်ပေါ်သို့ ၎င်း၊ ကန်တော့ပွဲများဆီသို့ ၎င်း၊ ဂဋ္ဌုန်လက်သဲ ပန်းခက်ဖြင့် နံ့ သာခွက်တွင်းသို့ နှစ်နှစ်၍ ပက်ဖြန်း၏။ ပြီးလျှင် လက်ထောက်မင်သေ့ ဆရာတို့ က ဆေးမင်ကြောင်ထိုးမည့်သူ၏ တကိုယ်လုံးကို နေရာလပ် မကျန်အောင် လိမ်းပေးရ၏။ ဆံပင်ထည်းသို့ ပင်လျှင် ပက်ဖြန်းပေးရ၏၊ ထိုနံ့ သာတို့ ခြောက်သွေ့ မှ ခင်းထားသော အခင်းပေါ်သို့  ဖြည်းညှင်းစွာ လျောင်းစက်ရ၏။ ဆေးမင် ထိုးနှံမည့်သူကို ချူပ်ကိုင်ပေးရမည့်သူ လေးယောက်ရှိရသေး၏။ သူတို့ သည်လည်း ဆေးမင် အထိုးခံရမည့်သူနှင့် နေ့ နံသင့်သော သူများဖြစ်ကြလျက် ပုဆိုးသစ် ၀တ်ဆီးထားသည့် လူတွေချည်း ဖြစ်ကြရ၏။

မင်သေ့ဆရာကြီးသည် သတ်မှတ်ထားသည့် နေရာတွင် ဂြိုလ်ကြီး ရှစ်လုံးရုပ်၊ ကုမ္ဘဏ်ရုပ်၊ ဇော်ရုပ်၊ ဂ၀ံရုပ်၊ ၀က်ကုန်းရုပ်၊ ကြောင်ရုပ် စသည့်အရုပ်များကို ထိုးပြီးမှ ကျန်သော အဖြည့်ရုပ်များ လက်ထောက်မင်သေ့ဆရာတို့ အား ထိုးခိုင်းလေ့ရှိ၏။ ဤနည်းဖြင့် ခါးကိုပတ်၍ ခါးမှသည် ပေါင်သို့ ဆက်၍ ပေါင်မှသည်ဒူးသို့ ဖုံးစေ၍ထိုးရ၏။ ဆေးနီပါထိုးလျှင် ဆေးနီကို ရှေးဦးစွာ ထိုးရ၏။ ဆေးနီထိုးပြီးမှ ဆေးနက်ကို ကိုင်ရ၏။ ဆေးနီထိုးနှံသည့် စုတ်ဖြင့် ဆေးနက်ကို မထိုးနှံရ။

ဤသို့ သော အစီအစဉ်အတိုင်း ဆေးထိုးနှံနေချိန်တွင် အပျိုတွေရှိရာ အရပ်၌ ပြွေ, ဒိုးပတ်, အိုးစည်, လင်းကွင်းစသော တူရိယာတို့ကို တီးမှုတ်နေကြသည့် အဖွဲ့ ရှိ၏။ ထိုအတီးအမှုတ်အဖွဲ့ သည် အပျိုဝိုင်း၏ သြဇာခံဖြစ်၍ အပျိုတွေနှင့် အတူတူနေရ၏။ အပျိုတို့ က ဆေးကွမ်း၊ ပန်းစသည်တို့ ပေး၍ အတီးအမှုတ်ခိုင်းကြ၏။
ဆေးမင် အထိုးအနှံခံသူ၏ စုတ်ထိုးသံ အံကြိတ် ညဉ်းညူသံ စသည်တို့ ကို ကြားလျှင် သို့ မဟုတ် အော်သည် ညဉ်းသည် အံကြိတ်ခံနေရသည် စသော သတင်းမျိုးကို ကြားလျှင် မျောက်မင်းအူသံကဲ့သို့ သော ငိုညဉ်းသံတို့ ကို အပျိုတွေက ကွမ်း ပန်း ပေး၍ အတီးခိုင်းကြ၏။ မျောက်မင်းအူသံ အစစ်ကိုမူ မတီးကြရခြေ။ အထူးသဖြင့် ´အချာပ၀ရ´ ချီသော် ဘုန်းတော်ဘွဲ့ ကို တမင်ဖျက်၍ တီးကြရလေ့ရှိ၏။ ခဏခဏ စုတ်ထိုးတတ်သူ ညဉ်းတတ်သူ ဖြစ်မူကား... အပျိုတွေက ခဏခဏ ခိုင်းစေကြသောကြောင့် အတီးကာလသားများ အဖို့  တော်တော်ကြာရင် `ချာ´ရင်း၊ တော်တော်ကြာရင် `ချာ´ရင်းနှင့် ခဏခဏ အချာပ၀ရ လုပ်နေကြရ၏။ ခဏခဏ `ချာချာ´နေကြရ၏။ ထိုသူကား ခဏခဏ `ချာရသူ´ အလွန်ချာသူဖြစ်၏။

ဆေးမင်ထိုးသော ဆရာသည် တခါတရံ ဆေးထိုးနှံပေးရင်း ဆေးစီးသည်ဟုဆိုကာ အသက်ရှုပြင်းလာ၏။ အံကြိတ်လာ၏။ ထို့ နောက် စုတ်ချက် ပြင်းပြင်းကြီးနှင့် မြန်မြန်ချည်း ထိုးလာ၏။ ထိုအခါမျိုးတွင် စုတ်ချက်သည်အသားထဲသို့  စပါးလုံးတထောက်ကျော်ခန့်  နစ်မြုပ်နစ်မြုပ်သွားလေ့ ရှိ၏။ ထိုအခါ သွေးရဲရဲတို့  စီးကျလာ၏။ ဆေးမင်ထိုးဆရာတို့ က သွေးမြင်လေ စိတ်ထလေ။

ထိုအခါ အပျိုတွေရှိရာနှင့် ဆေးထိုးနှံရာသို့  ကူးလူး သွားလာခွင့်ရသော `မင်သကျွန်´ သကျွန်ကလေးတို့ ရောက်လာတတ်သည်။
`ဆရာဆေးစီးလာလို့ ကိုရင်တော့ ကွမ်းသီးလုံးကြီးတွေ ထောင်းကနဲ ထောင်းကနဲ ကွဲအောင် အံကြိတ်နေရသာဘဲ။ ကွမ်းသီးလုံး မာမာတွေ ပေးလိုက်စမ်းပါအုံး´
ဤသို့ သော သတင်းမျိုးကို ကြားရသည့် အချိန်မျိုး ပျော်တတ်နောက်တတ်သည့် အပျိုများက ဆိုင်းအဖွဲ့ အား ကရောင်း အရိုက်ခိုင်းတတ်၏။ ဗိန်းမောင်း အတီးခိုင်းတတ်၏။ ဆေးမင်ထိုးသူသည် ဗိန်းမောင်းသံကို ကြားရလျှင်သတိများပင် လွတ်လျက်ပို၍ပြင်းထန်စွာ ဆေးထိုးနှံတတ်ကြသည်။ ထိုအခါ ဆေးအထိုးခံရသူ၌ သွေးရဲရဲတို့ စီးကျလာရပြန်သည်။

သို့ သော် ဆေးထိုးနှံခြင်းခံရသူသည် မညဉ်းညူဘဲ ရှိလေရာ အပျိုတွေအဖို့  `အချာပ၀ရ´ကို တီးခိုင်းလိုသော်လည်း တီးခိုင်းခွင့် မရ။
ထို့ ကြောင့် ဆေးထိုးခံရသူ နာလေအောင် ဗိန်းမောင်းသံကို ထပ်၍ထပ်၍ အတီးခိုင်း၏။ ဆေးထိုးနေသူသည် ဗိန်းမောင်းသံ ထပ်၍ထပ်၍ကြားလျှင် စိတ်ပိုထလျက် စုတ်ချက်နာနာချည်း ဖိ၍ဖိ၍ ထိုးလေ ခံရသူ၌ သွေးချင်းချင်း ဆင့်၍ဆင့်၍ရဲလေ။

ထိုအခါ ရဲတင်းလွန်းလှသော ဆေးအထိုးခံရသူ၏ ချစ်သူအပျိုက ဗိန်းမောင်းသံ မတီးပါရန် အတီးအမှုတ်ခိုင်းနောကသော အပျိုဖေါ်များနှင့် တီးမှုတ်သူ ကာလသားတို့ အား ကွမ်း,ဆေး လဘက်စသော လက်ဆောင်များကို ပေးရတတ်မြဲ။

ကောင်းမြတ်သည် ၀ဲပေါက်မှ ၀င်၍ ၀ဲမှောင်၌ မင်ကြောင်ထိုးသူဖြစ်၏။ သို့ သော် မြခက်သိချင်သည်ကား ကောင်းမြတ်၏ မင်ခံပုဆိုးကို သိချင်နေသည်။ ရာပုဆိုးပေလား... ထောင်ပုဆိုးပေလား။

စိန်သုံနှင့် အေးသာတို့ က မြခက်၏ စိတ်တွင်း၌ ပသို့ ဖြစ်နေသည်ကို ရိပ်မိကြ၏၊ အေးသာသည် ကွမ်းယာများနှင့် လဘက်ခွက်ကို ယူလျက် တီးမှုတ်နေကြသည့် ကိုကာလသားတို့ ရှိရာသို့  သွားခဲ့၏။ အေးသာပြန်လာပြီး မကြာမီ ကိုကာလသားတို့ က အားတက်သရော တီးမှုတ်လိုက်ကြသည်။ ဗုံရှည် ကိုငလုံးသည် ခရေပင်တို့ ကို ဘောင်ဘင်ရိုက်သွားအောင် အသံဝါကြီးဖြင့် တေးဟစ်လိုက်၏။

အမိလေးလဲ ချစ်လို့ ဗျာ-
အဖလေးလဲ ချစ်လို့ ဗျာ
ဖမိအပြင် မယ့်ကို အစစ်
ချစ်ပါရဲ့ ဗျာ..တဲ့လေ့..
စကားရယ်ဝါ..
စကားရယ်ဝါ..
မင်သေ့ဆရာ၊ လာခါမှ
ကိုလူညာ ထောင်ပုဆိုးနဲ့ 
မျိုးဇာတိ ပေါ်လာ...သလေ့..။

ထောင်ပုဆိုးပေလာ့..
ရာပုဆိုးပေလာ့
စိုးရွံ့ ရွံ့ မေးမိပါ
ချစ်စိတ်ဖြင့် နာသလေ့လေ့တော်၊
ပြုရက်လေသာ..
မောင့်ကိုယ်မှာ ထောင်ပုဆိုးနဲ့ ..
ဝဲမှောင်မှာ ထိုးသလေ့တော်။

ကွယ်လေးရဲ့ မင်ကြောင်
ဘယ်မှောင်မှာ ထိုးထိုး
တော့်မင်ခံ ထောင်ပုဆိုးကြောင့်
မယ်ရင်ပတ်#ကျိုး

(# မသဲကွဲ၍ စစ်ပေးကြပါ၊ (မောင်ကို))

တေးသံသည် တီးသံနှင့်ရောကာ မြောက်ကျောင်းဝင်း တခွင်တပြင်လုံးကို ဖုံးလွှမ်းလျက် ကောင်းကင်သို့ ပျံ့ တက်၏။ သို့ သော် ထိုတေးသံနှင့် တီးသံတို့ သည် မြခက်ကို ဘယ်လိုမျှ မထိတော့။

ဒေါ်လေးနုသည် မြခက်၏ နားနားသို့ ကပ်၍ ကောင်းမြတ်၏ မင်ခံပုဆိုးကို ကောင်းမြတ်၏ အမိကိုယ်တိုင် ရက်လုပ်ကြောင်း ပြောပြီးနေ၏။
စိန်သုံနှင့် အေးသာတို့ သည် မြခက်ကို ဘယ်လိုမှ မထိခိုက်ကြောင်း သိရသောအခါ မကျေမနပ်ဖြစ်ကြ၏။ သူတို့ သည် အပျိုပေါက်စ အရူးအမူးဖြစ်ရမည့် မြခက်ကို အရူးအမူးဖြစ်အောင် စ,ချင်နေကြ၏။

မြခက်က အရူးအမူး မဖြစ်လာဘဲ တကယ့် အပျိုကြီးများလို တည်တည်ငြိမ်ငြိမ်ရှိနေသောအခါ စ,ရကျိုးမနပ်ပဲ ရှိသဖြင့် မြရှင်နှင့် စိန်ပွင့်တို့ ကို အကူအညီတောင်းကြ၏။ ထိုစဉ်ပင် `မင်သကျွန်´ကလေး အပြေးအလွှားရောက်လာ၏။ မင်သကျွန်ရောက်လာလျှင် အပျိုတို့ က ၀ိုင်းမြဲ မေးမြဲ။

မင်သကျွန်က မိန်းမတွေ အပျိုတွေမို့  ဟိုဟာခြွင်း သည်ဟာချန် ပြုလုပ် ဖြေကြား၍မရ၊ အားလုံးအသေးစိတ် ပြောပြရသည်ချည်း ဖြစ်၏။ မင်သကျွန်ကဲ့သို့ သော ကြီးကောင် ငင်ဆဲ နို့ စူဆဲ ကောင်ကလေးမျိုးသည် အပျိုတွေ အုပ်ထဲသို့ ရောက်လာသည်နှင့် တောခွေးအုပ်တို့ အလယ်သို့ ကျရောက်နေသော အမိပျောက်သည့် နွားသူငယ်ကဲ့သို့  မျက်စိသူငယ် ဖြစ်နေကြရ၏။

မင်သကျွန်က မင်ကြောင်အထိုးခံရမည့်သူသည် ပန်းပန်ပြီး ကန်တော့ပြီး၊ ငါးပါးသီလ ခံပြီးနောက် ပုဆိုးကို မည်သို့ ချွတ်၍ မည်ကဲ့သို့ ကြိုးတန်းပေးတင်လိုက်သည်အထိ ပြောပြရ၏။

`အဲသည်တော့ နင်ဘယ်လိုမြင်ရသလဲ၊ ၀၀တုတ်တုတ်ကြီးလား ပိန်ပိန်သေးသေးလား၊ ရှည်ရှည်လား၊ တိုတိုလား ပြောစမ်း´
မင်သကျွန်က မျက်နှာ စပ်ဖြဲဖြဲဖြင့် ဘာပြောရမှန်း မသိဘဲ ရှက်သလိုလို မျက်နှာပျက်နေလျှင် အအော် အငေါက် ခံရတတ်၊

`ဟဲ့ ဘာရယ်ဖြဲဖြဲလုပ်နေသာလဲ။ မေးသာပြောလေ´

`ဟုတ်သားဘဲ မြင်ရမြင်ရတဲ့အတိုင်း ပြောပါလား၊ မင်သကျွန်လုပ်ပြီး ဒို့ မေးသာကို အကုန်မပြောယင်´

သူတို့ သည် စားတော့ ၀ါးတော့မည့်အတိုင်း ဖြစ်လာကြ၏။ တယောက်တခွန်းဆင့်ကာဆင့်ကာ ပြောကြ၏။ တွန်းလား ထိုးလားပြုကြ၏။ ထိုအခါ မင်သကျွန်ကလေး ခမျာသည် မရယ်နိုင်ရှာတော့။

`ဟာဗျာ ခင်ဗျားကြီးတို့ ကလဲ ရှက်သရာချည်း´

`အောင်မယ် ရှက်သရာဆို သိကောင် ပုဆိုးဆွဲချွတ်လိုက်ကြစမ်း၊ နင်မပြောဝံ့ရင် ဘောက်မဲ့ မင်သကျွန် လာလုပ်သေးတုံး´
အပျိုတွေက တကယ်ဝိုင်းဆွဲကြ၍ ပုဆိုးကို ဆွဲချွတ်ကြမည်ပြု၏။ ထိုအခါ ကြီးကောင်ဝင်နေဆဲ၊ နို့ စူဆဲ အကောင်ပေါက်ကလေးဖြစ်သော မင်သကျွန်သည် ပုဆိုးစကို ကျစ်ကျစ်ပါအောင် ပြန်ဆွဲထားရ၏။

`ခင်ဗျားကြီးတို့ ကလဲဗျာ၊ ရှက်သရာကြီးဆိုမှ ရှေရှေ၀၀ကြီးဗျ-ကဲ´

`အဲ.. ငါရို့ လဲအထင်သားဘဲ..ကဲ´

နီးရာအပျိုက မင်ကြောင်အထိုးခံနေရသူ၏ ရည်းစားကို လှမ်းတွန်းလိုက်တတ်၏။

ထိုအခါ ကျန်အပျိုများက ၀ါးကနဲ ပွဲကျသွားတတ်သည်။ ထိုစဉ် တယောက်က မင်သကျွန်ကို မျက်နှာထားဖြင့်ထငေါက်လိုက်တတ်၏။

``ဟဲ့.. နင်က ဘာပြောသာတုန်း၊ ဒို့ က အလုံးအရပ်ကိုမေးသာဟဲ့´

မင်သကျွန်က ရယ်တော့မလို မျက်နှာပျက်ရတော့မလို မျက်စိသူငယ်ဖြင့် အဖြေရခက်နေစဉ် တယောက်က ၀င်တတ်၏။

``ညဉ်းကလဲအေ သူကလဲ အလုံးနဲ့ အရပ်ကို ပြောသာပါဘဲ၊ ဟုတ်သယ်မှုတ်လား၊ နင်ပြောတာ အလုံးနဲ့ အရပ်ကို ပြောသာမငတ်လား´´

ဤတွင် အဖြေရခက်နေသော မင်သကျွန်က ရောယောင် ခေါင်းညိတ်တတ်၏။ ယင်းသို့ ငြိမ့်လိုက်မိလျှင် မသက်သာ။
`ဘဇာ အလုံးနဲ့ အရပ်လဲ၊ ဘဇာ အလုံးနဲ့ အရပ်လဲ၊ ငါရို့ မေးတာက ပုဆိုးချွတ်လိုက်တော့ လူလုံးလူဖန် ကိုယ်နေအရပ်အမောင်းကို မေးသာ၊ နင် မင်သကျွန်လုပ်ပြီး ဘာမှနားရှင်းအောင် ပြန်မပြောတတ်ဘူး၊ နင်ကိုယ်တိုင် ပုဆိုးချွတ်ပြီးတော့ ဘယ်လို ကြိုးတန်းပေါ်တင်လိုက်တယ်ဆိုတာ အခုလုပ်ပြ၊ ငါရို့ နင်မြင်ရသလို မြင်ရအောင် ကြည့်မယ်´
ခက်ချေပြီ။

မင်သကျွန်သလုပ်ရမည့်သူသည် ဤအဖြစ်မျိုးနှင့် တွေ့ ရကြုံရ၏။ ရှက်တတ်ကြောက်တတ်နေ၍ မဖြစ်၊ ခပ်ရွတ်ရွတ် ခပ်ရဲရဲရှိရ၏။ အလိုက်အထိုက် ပြောတတ်ရောတတ်ရ၏။ သူ့ လူ ငါ့လူ လုပ်တတ်ရ၏။ သို့ မှတော်ရုံဖြစ်၏။ သို့ မဟုတ်က အပျိုတွေကို စိတ်ကုန်လောက်အောင် အရယ်အသောခံရ အညှဉ်းခံရ၏။

သူတို့ သည် သူတို့ လိုချင်သိချင်သမျှ အကြောင်းစုံတို့ ကို ညစ်တီးညစ်ပတ်ပါမကျန် ချော့မေး၏၊ ချောက်မေး၏။ လှည့်ပတ်မေး၏။ တယောက်တည်းမဟုတ်၊ တယောက်တမျိုး ဆင့်ကဲ ဆင့်ကဲကပ်လျက် တိုးလျက် တွန်းလျက် ပခုံးချင်းတိုက်လျက် ၀ိုင်းလျက် ဟိုကိုင် သည်ကိုင်, ကိုင်လျက် ဟိုဆွဲသည်ဆွဲ, ဆွဲလိုက်ညှစ်လိုက်လျက် ပေါက်စ မွေးညှင်းနုကလေးများကို နှုတ်လျက် ရက်ရက်စက်စက်မေးကြ၏။ သိရလျှင်လည်း မပြီးကြ၊ ၀ိုင်း`သော´ကြ၏။ ၀ိုင်းညှင်းဆဲကြ၏။ သူတို့ စိတ်ရှိလေသမျှ မင်သကျွန်သည် ဓါးစာခံဖြစ်ရ၏။ ဤသည်ကား သင်းတို့ အပျိုတွေအတွက် တသက်တွင် တမျိုးတည်းသာ ရရှိသည့် လွတ်လပ်သော ရိုးရာ အစဉ်အလာပွဲ။

မင်သကျွန်သည် သင်းတို့ ဒဏ်ကို မခံနိုင်၍ သင်းတို့ ကို ကြောက်၍ မသွားလျှင် အော်ကြ၏၊ ဟစ်ကြ၏၊ အတင်းလာကြမည်ဆို၏။ မင်ကြောင်ထိုးသည့်နေရာကို နယ်နိမိတ် ကန့်သတ်၍ စည်းဝိုင်းထားကြသည်ဖြစ်ရာ ထိုစည်းဝိုင်းအတွင်းသို့ မိန်းမတွေ မ၀င်ရ၊ မလာရ၊ လာသော်ဆေးများပျက်ပြယ်သည်ဟု အယူရှိ၏။ ထို့ ကြောင့် သူတို့ လာကြမည်ဟု ခြိမ်းချောက်လျှင် လူကြီးတို့ က မင်သကျွန်ကို ချော့မော့ လွှတ်ပေးကြရစမြဲ။။

ယခုလည်း မင်သကျွန်၏အထံမှ ကောင်းမြတ်ဆေးထိုးနှံခြင်း ခံနေရပုံ အကြောင်းကို မေးမြန်းသိရှိပြီး ဖြစ်နေကြ၏။ ကောင်းမြတ်၏ ယာဘက် ပေါင်ရင်း၌ စာနက်ကြီး ရှိနေသည်ကိုပင် သိနေကြ၏။

ကိုရင်ကြီး ဒိုးကလေးသည် ဆေးစီးလာသဖြင့် သတိလစ်သလို လူစိတ်ပျောက်နေသလို ဖြစ်လျက် ဆေးထိုးနှံနေသည်ဆို၏။ ဆေးစင်ပေါ်သို့  ခုန်ပျံတက်လိုက် ဆေးယူလိုက်၊ ကောင်းမြတ်ကို ဟိုဘက်သည်ဘက် ဆွဲလှည့်လိုက်၊ ဆေးတကွက်ထိုးလိုက် ခုန်ပျံကျော်လွှားလိုက် ပြုလုပ်နေသည်ဆို၏။

စိန်သုံတို့ အချက်ရလေပြီ။ မကြာမီ အတီး ကိုကာလသားတို့  အထံသို့  ကွမ်း၊ ဆေး၊ လက်ဖက်၊ ထန်းလျက်စသော စားဘွယ်များ ရောက်ကုန်ကြ၏။ သူ့ အစာတို့ ရောက်လာသည်နှင့် သူ့ အသံတို့ ထွက်လာရသည်။ ကိုငလုံးသည် အသံကို စ၍ ခင်းလိုက်၏.

``နေနတ်ကယ်... ရာဇာ..´´
``လေ.......´´

ပစ်လွှတ်လိုက်သော `လေ...´ ဟူသောအသံသည် လေဟုန်ကို စီးလျက် တလောကလုံးသို့  ပျံ့ လွင့်ဖုံးလွှမ်း သွားသည်ဟု ထင်မှတ်လိုက်ရ၏။ ဆွဲငင်သံအဆုံးတွင်မှ ဒိုးသံကို ဆင့်၍သုံးချက်ဆော်လိုက်သည်။ နတ်သံပစ်သည်နှင့် ထပ်တူထပ်မျှ ဖြစ်သောကြောင့် ကြားရသူတို့ ၏ ရင်ထဲ၌ တလှပ်လှပ် လှိုက်ဖိုလာစေသည်၊ ကိုငလုံးက ဆက်လိုက်၏။

အဿဝတီ ကြယ်နှင့်ညီသို့ ...
စန္ဒီစိတြ တူယှဉ်ပြိုင်ပ, ကြတယ်...
လ,အတာကိုတဲ့၊
လေး......

သံတာငယ်မှ ပြန့် မွှန်း...
သပြေမြရည် တသောင်းပြည်ကို
အောင်စည်ယွမ်းလို့ ... ရေသွန်းမှ
ခါချိန်

သောက်ရှုးဥက္ကာ ကြယ်ညီလာနှင့်
ရွှေဇာပေါက်လို တိမ်ခိုးညိုနှင့်
ပြိုမည့်နှယ်ချိန်သည်...

နဂါးလိမ် လွမ်းအိမ်ဘွဲ့ လို့ 
မယ့်အိကို...

မဲ..မဲ...မဲ။

ကိုငလုံး၏ ဆောင့်၍ ဆင့်ကာဆင့်ကာ ချလိုက်သော မဲ, မဲ, မဲ ဟူသောအသံသည် လင်းကွင်းသံ ဒိုးသံနှင့်အတူ တပြိုင်နက်တည်း ကျသွားပြီးနောက် ရွှင်မြူးသော အသံများ စီစီညံညံဖြင့် ဆက်ကာဆက်ကာ ပေါ်လာ၏။ ကြားရသူတို့ ၏ စိတ်၌ ကြွလာရွလာ၏။ ကချင်ခုန်ချင်သလို ဖြစ်လာကြ၏။ တခဏ အတွင်း တေးသံနှင့် တီးသံတို့ သည် ပြေးနေ လိုက်နေသကဲ့သို့ ရှေ့ လောတကြီး ဖြစ်လာ၏။ ကြားရသူတို့ သည် တီးသံ တေးသံနှင့်အတူ အသက်မရှုနိုင်ဘဲ မောနေကြ၏။ ကိုငလုံးက ပို၍ အပြေးအလွှားဆိုပြန်၏။

မချစ်ဘူးလို့ ဆိုသလာ့၊ မကြိုက်ဖူးလို့ ဆိုသလာ့၊ တော့်အပျို ညိုညိုရစ်ကို ချစ်နိုင်ဘူးလာ့။

မချစ်ဘူးလို့ မဆိုပေါင် မကြိုက်ဖူးလို့ မဆိုပေါင် ကျူပ်အပျို ညိုညိုရစ် ချစ်လှလို့ ပြောင်

ယုံနိုင်ဘူးပျိုတို့ မောင်၊ ထောင်ပုဆိုးနဲ့ လေး၊ ယုံပါဗျာ ညာတမိရယ် သူ့ မိကပေး။

ထို့ နောက်သည်ကား ဗိန်းမောင်းတိုက်လေတော့သည်၊ မင်ကြောင်ထိုးရင်း ဆေးစီးနေသူကို မဆိုထားနှင့် ဘာမျှမဖြစ်သော ကြားရသူတို့ ပင် ထချင်၊ ကြွချင်၊ ကချင်၊ ခုန်ချင်ဖြစ်လာ၏။ သို့ သော် မြခက်ကို မြင်ရသည်မှာ မည်သို့ မျှ တုန်လှုပ်ဟန်မရှိလေ။

ထိုခဏအတွင်း အိမ်ခေါင်မင်းနှင့် အိမ်ခေါင်းကတော်တို့  ရောက်လာကြ၏။ မြောက်လည်ဖျားမှ ကောင်းမြတ်တို့ အိမ်စု ဆယ့်ခြောက်စုကို ပိုင်သော အိမ်ခေါင်းလင်မယားတို့ ဖြစ်ကြသည်။ အိမ်ခေါင်းကတော်သည် မြခက်တို့ အပျိုစုတွေနှင့် အတူနေခဲ့လျက် အိမ်ခေါင်းမင်းက ဆေးမင်ထိုးရန် စောင့်နေကြသော ကာလသားအုပ်ဆီသို့  သွား၏။ အိမ်ခေါင်းကတော် ပြောပြချက်အရ အိမ်ခေါင်းမင်းသည် ဆေးမင်ထိုးသူတို့ ကို လာရောက်ကြည်ပါသည်...တဲ့...။

မြခက်သည် ထိတ်လန့် နေသော သမင်ပျိုမ၏ မျက်လုံးမျိုးဖြင့် အိမ်ခေါင်းကတော်ကို ကြည့်၏။ ကောင်းမြတ်တယောက် ထောင်ပုဆိုးနှင့် ၀ဲမှောင်က မင်ကြောင်ထိုးပါသည်ဟု စိန်သုန်တို့  ကျည်စယ်စဉ်ကလည်း  မြခက် မတုန်လှုပ်၊ ကိုရင်ကြီး ဆေးထ၍ စုတ်ချက်ပြင်းပြင်း ချလေအောင် ကိုငလုံးတို့ ဒိုးပတ်ဝိုင်းက နှိုးဆွပေးကြစဉ်ကလည်း မြခက် မတုန်လှုပ်၊ အိမ်ခေါင်းမင်း လင်မယားတို့  ဤနေရာသို့ တခမ်းတနား ရောက်လာကြခါမှ မြခက်မှာ တုန်လှုပ်လာ၏။

ယင်းသို့  မြခက်တုန်လှုပ်ရသည်မှာ အကြောင်းရှိ၏။ ရွာခေါင်းမင်း အိမ်ခေါင်းမင်းတို့ သည် ယခုသုံးလေးနှစ်အတွင်း ဆေးမင်ကြောင် ထိုးပြီးစ လူလားမြောက်၍ အရွယ်ရောက်သူတိုင်းကို ရွာ၌ပင်လျှင် အိုးစားဖွဲ့ ကာ အောင်တပ်တော်တွင်းသို့ လိုက်ပါရန် နှစ်စဉ် နှစ်တိုင်း စုဆောင်း ပေးပို့ ခဲ့သည် မဟုတ်ပါလား။

မြခက်တုန်လှုပ်မိသည်မှာ မှန်လှ၏။ မကြာမီပင် အိမ်ခေါင်းကတော်သည် ယမန်နှစ်ကထက် ယခုနှစ်အဖို့ အောင်တပ်တော်သားများ ပို၍စုဆောင်းပေးရမည်ဟု ရွာခေါင်းတော်ကြီးက အမိန့် ချထားသည် ဆို၏။ မိမိတို့ ညောင်ပင်သာ ရွာကလေးမှ အောင်စစ်သည်တော်များ စုဆောင်းပေးပို့ ခဲ့ရသည်မှာ သုံးနှစ်ရှိလေပြီ၊ တနှစ်ထက်တနှစ် ပို၍ စုဆောင်းပေးပို့ ခဲ့ရသည်ဆို၏။

အိမ်ခေါင်းတော်ကြီး၏ ခင်ပွန်းသည် ငါးအိမ်ဆယ်မျှ မကဘဲ ဆယ့်ခြောက်အိမ်အထိ အုပ်ချူပ်ရသော အိမ်ခေါင်းတော်မင်း ဖြစ်၏။ ထို့ ကြောင့် အခြား အိမ်ခေါင်းတော်မင်းများထက် တိုင်းပြည်၏ အကျိုး ရေမြေ့ သနင်း ပြည့်ရှင်မင်း၏ အကျိုးကို ပို၍ပို၍ ထမ်းရွက်ပေးရသည်ဆို၏။ အိမ်ခေါင်းကတော်ကြီး၏ လေသံသည် ထီးနန်းသံ မင်းစိုးရာဇာသံ ပါလှ၏။
အပျိုတသိုက်တို့ သည် အိမ်ခေါင်းကတော်ကြီးကို လေးလေးစားစား ရိုရိုသေသေ ဆက်ဆံကြ၏။ မိန်းကလေးတွေပြီပြီ အိမ်ခေါင်းကတော်ကြီး၏ ထီးနန်းဆန်လှသော ဟန်ပန်လေသံနှင့် အဆင်အပြင်ကို စေ့စေ့စပ်စပ် မှတ်သားကြည့်ရှုကြ၏။

အိမ်ခေါင်းကတော်ကြီး၏ မျက်နှာသည အကယ်ပင် ကတော်ရုပ်ပါသော မျက်နှာမျိုးဖြစ်၏။ ကျယ်ပြန့် သော နဖူးဒေါင့်ကြီး တဘက်တချက် စွန်းတက်နေပုံမှာ ကြာက်သေ၇ရှိလှ၏။ ဆီမထည့်ရသဖြင့် နီကျင့်ကျင့် ဖြစ်နေသော ဆံပင်ကို ခေါင်းမင်းကတော်ပြီပြီ ထိပ်လည်တည့်တည့်၌ လ,လယ်ယုန် ထုံးလျက် ဆံညွန့် ကို ရစ်ခွေပတ်ထားသည်မှာ ခံ့လှ၏။ ထိုဆံထုံး၏ ရှေ့ တည့်တည့်၌ သင်းပျံ့ သော တောင်ဇလတ်ပန်း ခပ်ကြီးကြီးကို တပွင့်တည်း ထိုးစိုက်ထားပုံမှာ နန်းဆန်၏။ အသားညိုသော်လည်း ကျောပြင်နှင့် ရင်ပတ် လက်မောင်းစသည်တို့ ၌ သနပ်ခါးထူထူ ပိန်းပိန်း လိမ်းကျံထားသည်မှာ နေပြည်တော်သူ ဂိုက်ဖမ်းနေ၏။ ဇင်ယော်တောင် ကော့နေသော မျက်ခုန်းမွှေးထူထူကြီးက ဓါေးမာက်ကြီးအလား မဲမဲနက်နက် ထင်ရှားနေပုံမှာ နန်းတော်သူ အပျိုတော်ကြီးများလား ထင်၏။ ပြတ်သားသော နှာခေါင်းတိုတိုပိပိသည် တောက်ပြောင်သော မျက်လုံး ၀င်းဝင်း သေးသေးနှင့် ပနံရလျက် မျက်နှာတခုလုံးနှင့် လိုက်လျော၏။ ကွမ်းမပြတ်ဝါးသောကြောင့် ခေါင်းကတော်ကြီး၏ ၀ါကျင့်ကျင့်သွားတို့ သည် အကြားအကြား၌ မဲနက်နက်ရှိသော်လည်း ထူထဲနီရဲသော နှုတ်ခမ်းအစုံနှင့် အဆင်ပြေ၏။ ၀ိုင်းသောမေးသည် တုတ်တိုခိုင်ခန့် သော လည်ပင်းကို ပေါ်စေသဖြင့် ကြည့်ပျော်၏။ အိုက်စပ်သည့် ရာသီဖြစ်သောကြောင့် ထဘီကို အပျိုတွေကဲ့သို့  ရင်စည်းထည့်၍မ၀တ်ဘဲ မချပ် (ခါးချပ်) ၀တ်ထားသော်လည်း ပခုံးထက်၌မူ အပျိုတွေကဲ့သို့ ပင် ရထည်းနံငယ် (ရက်ထည်နံငယ်) တခု လွှမ်းတင်ထား၏။ ချက်စပ်သို့ ရောက်လုလုမျှ တွဲလျားကျနေသော နို့ ပျဉ်းကြီး အစုံသည် ကိုယ်လက် လှုပ်လေတိုင်း ရထည်းနံငယ်အောက်မှ ရမ်းခါလျက် ရှိရပုံမှာ ခေါင်းကတော်ကြီး၏ ရုပ်ပုံလွှာကို ပြည့်စုံလာအောင် တန်ဆာဆင်ပေးသကဲ့သို့ ရှိ၏။ ခေါင်းကတော်ကြီး၏ ကိုယ်မှာ အနည်းငယ် ကြုံသည်ဟု ဆိုရမည်ဖြစ်သော်လည်း ခေါင်းကတော်ကြီး၏ အရိုးအဆစ်တို့ မှာ တုတ်တိုကြီးမား၏။ တင်ပါးသည် ကျယ်ဝန်းသဖြင့် သားများအမိ၏ ဂုဏ်နှင့်ညီညွတ်၏။ အားလုံးခြုံသော် နေပြည်တော်သို့ ရောက်နေသော ညီမကဲ့သို့ ပင် လက်သုံးတော်ကလေး ကတော် ဖြစ်သင့်၏။ သို့ သော် ကံမကောင်း အကြောင်းမလှသဖြင့် မိကြီးကို မခွဲနိုင်ဘဲ ဆေးပေးမီးယူ ပြုစုနေရသော်ကြောင့် ဤညောင်ပင်သာရွာကလေး၌ပင် အိမ်ခေါင်းမင်းနှင့် အကြောင်းပါကြကာ ခေါင်းမင်းကတော် ဖြစ်နေရရှာ၏။

ခေါင်းမင်းကတော်သည် မြန်မာတို့ မျိုးရိုးအတိုင်း ချက်ချက် ချာချာရှိရကား စာပေပညာ မတတ်မြောက်သော်လည်း မိမိနှင့်လက်ပွန်းတတီး နီးကပ်သော ခေါင်းမင်း၏ လုပ်ငန်း အ၀၀ကို လေ့လာသိရှိသူဖြစ်၏။ ထို့ ကြောင့် မိမိအား ၀ိုင်းဝန်းမေးကြသည့် အပျိုတစုကို နေပြည်တော်အကြောင်း၊ စစ်မက်အကြောင်း၊ နန်တွင်းရေးရာအကြောင်း၊ အကြောင်းမျိုးစုံတို့ ကို အပ်ချမှတ်ချ ပြောတတ်၏။

နောင်တော်ကြီးဘုရား နတ်ရွာစံတော်မူပြီးနောက် နေပြည်တော်၌ ဆက်ခံမင်းလုပ် အုပ်ချူပ်စိုးစံတော်မူသော ဆင်ဖြူ့ ရှင် မင်းတရားကြီးသည် ဘုန်းမီးနေလ ထွန်းတောက်ပသလောက် တိုင်းနှင့် ခရိုင် နိုင်ငံတော်တခုလုံးကို ထိန်းသိမ်းပေးတော်မူနိုင်စွမ်းသော ဘုရင်တဆူဖြစ်သည်ဆို၏။

ဆင်ဖြူ့ ရှင် မင်းတရားကြီးသည် နန်းတက်တော်မူသည့် နှစ်ကစ၍ ထောင်ထားထကြွသည့် ဇင်းမယ်တို့ အား စစ်သူကြီး နေမျိုးသီဟပတေ့ကို ချီစေလျက် တိုက်ခိုက် သိမ်းပိုက်စေ၏။ ထိုသည့်နှစ်ကစ၍ ညောင်သာယာရွာကလေးမှ နေပြည်တော်သို့ အောင်စစ်သည် တပ်သားများ စုဆောင်းပေးပို့ ခဲ့ရရာ အိမ်ခေါင်းမင်း အုပ်ချူပ်သည့် အိမ်ခြေ ဆယ့်ခြောက်အိမ်မှ စစ်သူရဲ နှစ်ယောက်နှင့် ယင်းတို့ နှစ်ယောက်စာ ခဲယမ်းမီးကျောက်အပြင် တနှစ်စာ ရိက္ခာ ထောက်ပံ့ရ၏။ စစ်သူရဲတို့ အိုးအိမ် မိဘတို့ ကိုလည်း ခေါင်းမင်းပိုင် ဆယ့်ခြောက်အိမ်မှ ၀ိုင်းဝန်း ထောက်ပံ့ကြ၏။ ထိုနှစ်က စစ်သူရဲများကို ရတနာသင်္ခ ကုန်းဘောင်နေပြည်တော် ရွှေဘိုမြို့ သို့  ပေးပို့ ခဲ့ရသည်။

ယင်းသည့်နောက် ၁၁၂၆- ခုနှစ်တွင် ဆင်ဖြူ့ ရှင် မင်းတရားကြီးသည် မဏိပူရ ကသည်းပြည်သို့  ကိုယ်တိုင် ချီတက် နှိမ်နှင်းရန်အတွက် စစ်သူရဲများ လိုလား၏။ ထို့ ပြင် ဇင်းမယ်ကြောင်းမှ တဆက်တည်း ယိုးဒယားသို့  ချီတက်သွားရမည်ဖြစ်သော စစ်သူကြီး နေမျိုးသီဟပတေ့၏ တပ်မတော်အတွက်လည်း စစ်သူရဲများ ဖြည့်ပေးရန် ရှိနေ၏။ ထို့ ကြောင့် ညောင်သာယာရွာကလေးအတွက် ပထမနှစ်ကထက် စစ်သူရဲများ ပို၍ စည်းကြပ်ခြင်းခံရရာ အိမ်ခေါင်းမင်း တဦးတည်း၏ ပိုင်နက်ထဲကပင်လျှင် အိုးစားတပ် ဖွဲ့ ၍ ပေးပို့ ခဲ့ရ၏။

ယမန်နှစ်က ဖြစ်သော ၁၁၂၇-နှစ်သို့  ရောက်သောအခါ ဆင်ဖြူ့ ရှင် မင်းတရားကြီးသည် ရန်မျိုးအောင်သည့် ကုန်းဘောင်ပြည် ရွှေဘိုမှ ရေကြည်နှင့် မြက်နုကို လိုသလောက်ရနိုင်သော အ၀ အင်းဝမြို့ သို့  ပြောင်းရွှေ့ တော်မူ၏။

ယင်းသည့်နှစ်၌ပင် ယိုးဒယားတို့ မြှောက်စားသဖြင့် ထောင်ထားသော ထားဝယ်သားတို့ အား နှိမ်နှင်းရန် မဟာနော်ရထာကို ဗိုလ်ချူပ်ခန့် လျက် ချီတက်စေ၏။ မင်းကြီးမဟာနော်ရထာသည် စစ်သူရဲ နှစ်သောင်းကို အုပ်ချူပ်လျက် ဟံသာဝတီ၊ မုတ္တမနှင့် မြိတ်ထားဝယ်တို့ ကို တိုက်ခိုက် သိမ်းပိုက်ပြီးလျှင် ယိုးဒယားသို့ တိုင်အောင် ချီရလိမ့်မည်။

ထိုစဉ် မြောက်ဘက်တလွှားမှ ရန်သူတပ်ကြီး ချီတက်လာလေပြီဟု သတင်းကို ကြားလာရ၏။ မကြာမီ လက်ဝဲ၀င်းမှုး နေမျိုးစည်သူကို စစ်သူရဲ နှစ်သောင်းကျော်ဖြင့် ရန်သူတပ်ကြီးအား ဆီးဆို့ တိုက်ထုတ်ရန် အမိန့် တော်ချလိုက်ပြီ ဟူသော သတင်းထွက်လာ၏။ ယင်းသည့် သတင်းများနှင့်အတူ ညောင်သာယာ ရွာကလေးသို့  စစ်သူရဲ စည်းကြပ်သည့် အမိန့် တော် ရောက်လာခဲ့သည်။

မြို့ စားမင်း၏ အမိန့် တော်ကို ဦးထိပ်ရွက်လျက် ညောင်ပင်သာရွာ ခေါင်းတော်မင်းက စစ်သူရဲပေါင်း သုံးရာငါးကျိပ် စုဆောင်းပေးပို့ ခဲ့၏။ အိမ်ခေါင်းတော်မင်း တဦးတည်း၏ ပိုင်နက်ပင်လျှင် အိုးစား ၄ဖွဲ့ လူပေါင်းနှစ်ကျိပ် ပေးပို့ နိုင်ခဲ့၏။

ထိုနှစ်က မိမိတို့ ရွာကလေးတရွာလုံး မိန်းမတွေကပါ စစ်ထဲသို့ လိုက်၍ ရန်သူတွေကို တိုက်ပစ်ချင်နေကြ၏။ မြန်မာနှင့် ရန်သူတို့  ဘာ့ကြောင့်စစ်ဖြစ်သည်ကို ကလံရွာခေါင်းတော်မင်းများမှ တဆင့် ကလေးလူကြီး မိန်းမ ယောက်ျား, အမယ်အို အဖိုးအိုပါ မကျန်တရွာလုံး သိလာကြလျက် ပွဲကျောင်းကိုယ်တော်ကြီးနှင့်တကွ တရွာလုံးကပါ ရရာလက်နက်ကို ဆွဲကိုင်၍ ရန်သူတွေကို သွားရောက်တိုက်ကြမည် တကဲကဲ ဖြစ်ကုန်ကြ၏။

ရန်သူတွေကလည်း နည်းနည်းတော့ လွန်လွန်း၏။ ခမည်းတော် အလောင်းဘုရား လက်ထက်က ကွေ့ ဂုဏ္ဏအိမ်တို့ အစုအအုပ်သည် ရန်သူနယ်စပ်သို့  ပြေးဝင်သွားရမှ စော်ဘွားအချို့ နှင့် အချင်းများကာ ရန်သူနယ်ထဲ၌ တိုက်ကြခိုက်ကြ၏။ ဆူပူသောင်းကျန်းကြ၏။ ဤသည်ကို ရန်သူတို့ က မြန်မာတို့ တမင် ၀်ရောက် နှောက်ယှက်သည်ဟု မတော်မတရား ထင်မှတ်ကြ၏။

ထို့ ပြင် ရင့်မာသော အလောင်းအလျာ ဖြစ်သည့် ဆင်ဖြူ့ ရှင် မင်းတရားကြီးက စစ်ကဲ တိမ်ကြားမင်းခေါင်ကို စေလွှတ်၍ မြန်မာ့ပိုင်နက်အတွင်း၌ ရှိနေသော စော်ဘွားအချို့ ထံမှ ပဏ္ဏာတော် တောင်းခြင်း၊ ကျိုင်းရုံးကြီး၌ မြန်မာတို့ အား ကျိုးနွံသစ္စာရှသူကို ခန့် ထားခြင်း စသည်တို့ ပြုလုပ်ခဲ့သည်ကို သင်းရို့ ရန်သူတွေက ထိုနယ်သားတွေနှင့် ပူးပေါင်း မြှောက်ပင့်လျက် မြန်မာတို့ ခန့် အပ်သည့် စော်ဘွားတို့ ကို သတ်စေခြင်း၊ မိမိတို့  ဘုရင်ခံအောက်၌ နေထိုင်ရန် တိုက်တွန်းခြင်း တောင်းဆိုစေခြင်း စသည်တို့ ကို ပြုလုပ်ကြ၏။

ယင်းသည့်ပြင် ကျေးဇူးသစ္စာတော်ကို မစောင့်သိဘဲ ထွက်ပြေးသွားကြကုန်သော ဗန်းမော်၊ သိန္နီံနှင့် ကျိုင်းတုံ စော်ဘွားတို့ က ယခုအချိန်၌ စစ်လည်းပန်း အုပ်ချူပ်ရာ၌လည်း အသားမကျ ဖြစ်နေသေးသော ဘုရင်အသစ် တက်ရောက်အုပ်စိုးကာစ မြန်မာနိုင်ငံကို လာတိုက်လျှင် အလွယ်ရလိမ့်မည်ဟု ရွှေငွေ လက်ဆောင်ပဏ္ဏာတို ဆက်လျက် ရန်သူဘုရင်ခံကို `ငိုချင်ရက် လက်တို့ လျက်သလို´ သွားရောက်ကြားထားကြ၏။

ထိုသို့ သော အကြောင်းခံများ ရှိနေဆဲ လောလီဟူသော ရန်သူနယ်သားတယောက်သည် ကုန်စည်များနှင့်အတူ ဗန်းမော် ကောင်းတုံသို့  ရောက်လာ၏။ ထိုလောလီက တာပိန်မြစ်ကို တံတားပြုလိုကြောင်း ဆိုင်ရာ စစ်ကဲထဲ အခွင့်တောင်းရာ....
ဤတံတားမှာ နယ်စပ်ဖြစ်သောကြောင့် စစ်ေ၇း စစ်မှုအတွက် အရေးကြီးလိမ့်မည်။ ဆိုင်ရာ အခွင့်တောင်းပြီးမှ အကြောင်းပြန်မည်ဟု မြန်မာ စစ်ကဲကြီးက ပြော၏။

ဤတွင် လောလီက၊ မြန်မာ စစ်ကဲကြီးအား မချေမငံ ပြန်ပြော၏။ ချင်း၏ကိုယ်ကို ရန်သူ ဘုရင်ခံ၏ မှူးမတ်ဟန်ပန် အယောင်ဆောင် ပြောဆိုလျက် မြန်မာစစ်ကဲကြီးအား ခြိမ်းချောက်၏။

ဤတွင် မြန်မာစစ်ကဲကြီးက ယင်းသည့် ကုန်သည် လောလီကို ဖမ်းဆီး၍ နေပြည်တော်သို့ ပို့ လိုက်၏။ နေပြည်တော်က စစ်ဆေးပြီးလျှင် ကုန်သည်အား နောင်ကို ဤသို့ အယောက်ဆောင် မပြုနှင့်၊ တံတားကိုလည်း သင့်တင့်ရာ၌ ဆောက်ဟု အလွန်သက်ညှာစွာ အမိန့် တော်မှတ်၍ ပြန်လွှတ်၏။ ဤတွင် လောလီက တံတားမဆောက်ဘဲ ပြန်သွားပြီး မိမိအား ဖမ်းထားစ၌ မိမိကုန်ပစ္စည်းများ ပျောက်ပျက်ရသည်ဆိုလျက် မိုင်းဆည် ရန်သူ အစိုးရတို့ ထံမှ တဆင့် မြန်မာတို့ ထံ လျော်ကြေားတောင်း၏။

ဗန်းမော်၌ ထိုသို့ အချင်းဖြစ်နေဆဲ ကျိုးတုံတွင်လည်း ရန်သူဘုရင်ခံ၏ ကျေးကျွန် လော်တာရဲသည် ကုန်သည်ရောင်းဝယ်ရင်း မြန်မာတို့ နှင့် အချင်းများကြ၍ ရန်သူကုန်သည်အချို့ နှင့် မြန်မာအချို့  အစုအအုပ်နျင့် ရိုက်နှက်ကြရာ ရန်သူကုန်သည် တယောက် သေ၏။

ဤတွင် မြို့ ဝန်စစ်ကဲတို့ က မြန်မာ ဓမ္မသတ်အရ တရားစီရင်လျက် သေဆုံးသူအတွက် မြန်မာတို့ က အသက်ဖိုး ပေးလျော်စေ၏။ ရန်သူတို့ က သတ်သူကို မိမိတို့ အား ပေးအပ်ရမည်ဟု တောင်းဆိုရာ မရသဖြင့် မိမိတို့ ဘုရင်ခံကို တိုင်ကြ၏။

ထိုအခါ မြန်မာတို့ စစ်ပန်းနေခိုက် မြန်မာပြည်ကို တိုက်ခိုက် သိမ်းယူ၍ ရန်သူနယ်ထဲသို့ ထဲ့သွင်းထားချင်နေသော ရန်သူဘုရင်ခံက ၄င်းတို့ နေပြည်တော်ရှိ ၄င်းတို့ ၏ ဧကရာဇ် ဘုရင် `ချင်းလုံမင်း´ထံ မိမိသည် မြန်မာပြည်အား တိုက်ယူလိုကြောင်း မြန်မာတို့ သည် နယ်စပ်၌ အမြဲ မငြိမ်မသက် ပြုလုပ်နေတတ်ကြောင်း မြန်မာတို့ ပိုင်နက် အတွင်း၌ရှိသော လူအချို့ သည် မိမိတို့ ဘက်မှ ပါရန် အသင့်ရှိနေကြကြောင်း လျှောက်ထား၏။

ထိုအခါ ဘုရင်ဧကရာဇ် ချင်းလုံက မိမိဘုရင်ခံ၏ အလိုအတိုင်း တိုက်ခိုက်ရန် မြန်မာပြည်နှင့်အမျှရှိသော စစ်တပ်များကို ပို့ လိုက်၏။ ဘုရင်ခံသည် ဘုရင် ဧကရာဇ် ပေးပို့ လိုက်သော စစ်တပ်များနှင့် မိမိပိုင် စစ်တပ်တို့ ကိုပါ ကိုယ်တိုင် ဦးစီး အုပ်ချုပ်လျက် မြန်မာနိုင်ငံတော်ကို တိုက်ခိုက် သိမ်းပိုက်ယူကြရန် ချီတက်လာခြင်းဖြစ်၏။

အိမ်ခေါင်းကတော်ကြီးသည် အလွန်စိတ်ပါဝင်စားစွာ ကိုယ်ဟန်လက်ဟန်တွေဖြင့် လျှာလိပ် ပါးလိပ် အားပါးတရ ပြော၏။ အပျိုတသိုက်တို့ ကလည်း အိမ်ခေါင်းကတော်ကြီးအား မျက်တောင်မခတ်ကြည့်လျက် အလွန်စိတ်ပါဝင်စားစွာ နားထောင်၏။ နောက်ပြောင်တတ်ကြသည့် အတီးသမား ကာလသားတသိုက်တို့ ကမူ အိမ်ခေါင်းကတော်ကြီး ခေါင်းငဲ့လိုက်တိုင်း၊ လက်ဆန့် လိုက်တိုင်း၊ စကားဖြတ်လိုက်တိုင်း ဆိုင်းချက်ဖြင့် ညီအောင် လိုက်ပေး၏။ ဒိုးချက်ချပေး၏။ စိတ်ပါဝင်စားနေကြသော ပြောသူနှင့် နားထောင်သူတို့ ကား ဤသို့ ပြုနေသည်ကိုမျှ မသိကြလေ။

`ဗိုလ်ပြုသူက ညောင်သာယာသရဲရို့  ဟို-ကမူပေါ်က ရန်သူတွေကို ဖြိုလိုက်ကြစမ်းလဟဲ့လို့  ဆိုသာနဲ့  ငါတို့ ရဲ့ ညောင်သာယာ သရဲတွေ ရန်သူတပ်ကြီးထဲ ပြေးဝင်လိုက်ကြသဟာ မှော်တောထဲကို ကျွဲကြီးတိုးဝင်သွား သလိုပ သဲ့တော်း...။´

`သင်းရို့ ရန်သူတွေကို ငါရို့ မြန်မာတွေက တာလောမြစ်ကမ်းအထိ လိုက်တိုက်ခဲ့သာပ၊ ငါရို့ မြန်မာတွေဟာ ပြန်လာချင်ကြရင် ဖြစ်ပေမဲ့ သင်းရို့ ကို မှတ်လောက် သားလောက်ရှိအောင် တိုက်မဟဲ့ဆိုပြီး မဲခေါင်မြစ်အထိ လိုက်တိုက်ပစ်ခဲ့ကြသပ..။´

`မဲခေါင်မြစ် အရောက်မှာ သင်းရို့ စစ်မှုး ကျဆုံးသကော၊ စစ်မှုးကျဆုံးသိ သတင်းကြားသဟာနဲ့  သင်းရို့ ရဲ့ ဘုရင်ခံလဲ သင်းကိုယ်သင်း သတ်သေသွားသတဲ့´

စကားအဆုံး၌ ကိုကာလသားတို့ က ဒိုးချက်ကို ပိတ်လိုက်၏။ သို့ သော် အပျိုတသိုက်နှင့် အိမ်ခေါင်းကတော်ကြီးတို့ ကား လုံးဝ မသိလိုက်ကြ။
အိမ်ခေါင်းကတော်သည် မောသွားဟန်နှင့် အဖန်ရည်တခွက် သောက်ပြီးနောက် ကွမ်းအစ်ကို ဆွဲ၍၀ါး၏။ အပျိုတစုတို့ က အိမ်ခေါင်းကတော်ကြီး၏ မျက်နှာကို ၀ိုင်းကြည့်နေကြ၏။ စိန်သုံကလည်း အိမ်ခေါင်းကတော်ကြီးကို အားကျလျက် တက်တက်ကြွကြွ ဖြစ်လာ၏။

`အသည်တုံးကပေါ့တော်..၊ ကျမရို့ ဆိုသဟာ ညနေစောင်းတိုင်း ပန်းတွေကို လယ်လယ်ခူးကြရသာနဲ့ ၊ သောက်ရေတောင် ခပ်နိုင်ကြဘူးပ၊ နေကလေးချိုလာပြီဆိုမှဖြင့် မိန်းမတွေဟာ သောက်တော်ရေချမ်းနဲ့ ပန်းခက်တွေ ကိုင်ကိုင်ပြီး၊ ငါ၇ို့ မောင်ဖွားမိဖွားတွေ အောင်တပ်တော်ကြီးနဲ့ အတူ ပြန်လာနိုင်ကြပစေလို့  မြောက်ဖျားက ဆုတောင်းပြည့် စေတီတော်ကြီးမှာ သွားသွား ဆုတောင်းကြရသဟာ အမောပ´

`ကျုပ်မှတ်မိသဖြင့် အသည်တုံးက အေးလှရဲ့ မောင် ကိုငထွားကြီးနဲ့  ရီးငြိမ်းဇံ့ယောက်ျား ဦးကြီးရိုး၊ ပေါင်းနှစ်ယောက်ပဲ ပြန်လာကြတာ သိလိုက်သကော´

အပျိုတသိုက်နှင့်တကွ အိမ်ခေါင်းကတော်ကြီးသည် ရှေ့ လောတကြီးဝင်ပြောလိုက်သော မြခက်ကို တထူးတဆန်း ၀ိုင်းဝန်းကြည့်လိုက်ကြ၏။ မြခက်ကမူ မိမိဤသို့ ပြောသည်ကို မလိုလားကြကြောင်း လုံးဝမသိ။

`အောင်တပ်ကြီးပြန်လာပြီ၊ ညောင်သာယာသရဲတွေလဲ အောင်ဆုတွေတထမ်းကြီးနဲ့  ဘယ်နေ့ ရွာပြန်လာကြမယ်ဆိုတဲ့ သတင်းရလို့  ကျူပ်တို့ တရွာလုံး သပြေပန်းခက်တွေနဲ့ ရွာပြင်ထွက်ပြီး လေးရက်လုံးလုံး စောင့်ခဲ့ကြရသယ် မှုတ်လား၊ နောက်ဆုံးရက်မှာ လာမဲ့လာတော့ နှစ်ယောက်ထဲ၊ အသည်တုံးက သပြေပန်းခက်တွေကိုင်ပြီး မျက်ရည်ဖြိုင်ဖြိုင်ကျနေရသိ ကျူပ်ရို့ ရွာသူတွေကို ခုထက်ထိ ကျူပ်ဖြင့် ကျူပ်မျက်သိထဲက မထွက်နိုင်ဘူးပ´

ကြယ်ပျောက်ကလေးကဲ့သို့ တောင်ပြောင်နေကြသော မျက်လုံးအစုံတို့ သည် မြခက်ကို ၀ိုင်းကြည့်နေကြ၏။ မြခက်ပြောသော စကားသည် အမှန်အတိုင်းဖြစ်၏။ သို့ ရာတွင် မိမိတို့ လူမျိုးစရိုက်အရ ဤသို့ပြောဆိုခြင်းသည် သူရဲဘောကြောင်ရာကျသောကြောင့် ရှက်ဖွယ်လိလိဖြစ်နေ၏ ထို့ ကြောင့် တောက်ပြောင်သော မျက်လုံးတွေက မြခက်ကို ရှုတ်ချသည့် အကြည့်မျိုးဖြင့် ကြည့်နေရာ မြခက်သည် ချက်ခြင်း မိမိ စကားမှားသွားသည်ကို ရိပ်စားမိလာ၏။

မြခက်အဘို့ မျက်စိမလှ မျက်နှာမလှ ရှိနေစဉ် နှစ်သိမ့်အားပေးရှာသော မျက်လုံးအစုံကိုတွေ့ လိုက်ရပါသည်၊ ထိုမျက်လုံးအစုံကား ဒေါ်လေးနု၏ မျက်လုံးဖြစ်၏။ ဒေါ်လေးနုသည် မြခက်ကို ကြင်နာစွာ ကြည့်နေပါသည်၊ ထိုစဉ် မခံမရပ်နိုင် အထူးသဖြင့်သော ခေါင်းမင်းကတော်ကြီးက နေရာပြင်ထိုင်လိုက်ရင်း မြခက်ကို မျက်စောင်းထေ့လိုက်၏။

`သဟာတော့အေ၊ ရွာခေါင်တော်မင်း၇ို့ ခဏခဏ ပြောသလို `ရဲဘော်မသေ သေသော် ငရဲမလား´ ဆိုသယ်မဟုတ်ပါလား၊ ငါရို့ မင်းတရားကြီးနဲ့ ငါရို့ မြန်မာသာကီမျိုးတွေရဲ့ တိုင်းကြီးပြည်ကြီးအတွက် ရဲရဲဝံ့ဝံ့ သေကုန်ကြသာကို ငါရို့ ဂုဏ်ယူကြရမပ။ သည်လိုမသေရဲကြရင် ညဉ်းတို့ ကျူပ်ရို့ ဟာ ရှက်ဖွယ်လိလိနဲ့ အခုလောက်ဆို ရန်သူတွေရဲ့ မယားဖြစ်ကုန်ကြရောပ၊ ဧလှဘဲ ကြည့်ပါအုံး၊ သူ့ ခမျာ သူ့ မောင် ငထွားကြီး ပြန်လာပေမင့် သူ့ ရည်းစား ဖိုးထွေး စစ်မြေမှာ ကျခဲ့သည်မဟုတ်လား၊ သင်းဟာ အရှက်နဲသိ ကောင်မလို မျက်နှာမွဲကြီးနဲ့ ငိုညဉ်းမနေပါဘူး´

အိမ်ခေါင်းကတော်ကြီး၏ မျက်လုံးသည် ဒေါ်လေးနုကို မသိမသာ ကြည့်ရင်း ပြောလိုက်ခြင်းဖြစ်၏။ မိန်းမပျိုအချို့ နှင့် တကွ ဒေါ်လေးနုကိုယ်တိုင် အိမ်ခေါင်းကတော်ကြီးက မိမိကို စောင်းရိပ်၍ ပြောခြင်းဖြစ်ကြောင်းသိ၏။ သို့ သော် အေးဆေးသော ဒေါ်လေးနုက မျက်နှာမပျက်။

မင်္ဂလာဆောင်မည့်ဆဲဆဲ သတ်မှတ်ထားသော ရက်ချိန်းကို ဖျက်၍ စစ်မြေသို့ လိုက်ပါသွားရာမှ မောင်ဖြစ်သူ ငထွားကြီးတို့ စစ်မြေသို့ လိုက်ပါသွားရာမှ စစ်မြေ၌ ကျဆုံးကျန်ရစ်ခဲ့သည့် ရည်းစားသယ် အကြောင်းကို တွေးလျက် ဧလှသည် အကြိမ်ပေါင်းများစွာ ကျိတ်၍ ငိုကြွေးခဲ့ရ၏။ သို့ သော် မို့ နေသည့် မျက်လုံးကို သနပ်ခါးဖြင့် ဖုံးကာ လူမြင်ကွင်းသို့ ရောက်တိုင်း မတုန်လှုပ်လေဟန်၊ မိမိရည်းစား စစ်မြေမှာ အသက်စွန့် သွားသဖြင့် ၀မ်းမြောက်ဂုဏ်ယူလေဟန် ပြောရဆိုရသည်မှာ အမောဖြစ်၏။
ဤသည်တို့ ကို ဒေါ်လေးနု သိသလို အပျိုကလေးတွေ အားလုံးကလည်း သိကြ၏။ အိမ်ခေါင်းကတော်ကြီး
ကလည်းသိ၏။ သို့ သော် ဤဖြစ်ရပ်အမှန်တို့ သည် ရှက်ဖွယ်ကောင်းသော ဖြစ်ရပ်များဟု အစဉ်အလာ ရှိခဲ့ကြသောကြောင့် ဧလှကျိတ်၍ငိုသည်ကို မသိယောင် ပြုကြကာ ဧလှတယောက်တော်သည်၊ ယူတော့မည့်ဆဲဆဲ ရည်းစားတယောက် စစ်မြေမှာကျဆုံးသွားပေမင့် ဘုရင်မင်းတရားကြီးနဲ့ တိုင်းပြည်မျိုးရိုးအတွက် ၀မ်းမြောက်ပျော်ရွှင်နေသည်။ ဂုဏ်ယူဘွယ် အတုယူဘွယ် ကောင်းလှ၏ဟု ၀ိုင်းဝန်း ချီးမွမ်းခဲ့ကြ၏။ ယင်းသည်တို့ ကို တွေးရင် ဒေါ်လေးနုမျက်နှာမှာ ခပ်ပြုံးပြုံးဖြစ်နေ၏။ ထိုစဉ် ဤစိတ်မချမ်းမြေ့ဘွယ် အကြောင်းတို့ ကို ဆက်လက် မသိလို မတွေးလိုသော အေးသာက အိမ်ခေါင်းကတော်ကြီး ဘက်သို့ လှည်လိုက်၏။

`သည်ရန်သူတွေကလဲ သင်းရို့ သာလောက်ရှုံးသွားကြရက်နဲ့ နောက်ထပ် လာတိုက်ကြသေးသနော်´

`တိုက်သေးတယ်တော့၊ တိုက်လို့ မနှစ်က ငါရို့ ရွာက လူတွေ ထက်ပြီး စည်းကြပ်ပေးခဲ့ရသာပ´

ခေါင်းကတော်ကြီးသည် ကွမ်းသွေးကို ထွေးထုတ်လိုက်ပြီးနောက် အကျအန ပြောမည့်ဟန်ဖြင့် နေရာပြင်ထိုင်လိုက်၏။ ဤသည်ကို တွေ့ မြင်နေရသော တီးဝိုင်းမှ ကာလသားတို့ က အချင်းချင်းပြုံးကြလျက် ဆိုင်းပျိုးပေးလိုက်၏။

`သည်လိုအေ့´

ခေါင်းကတော်ကြီးသည် အားမလိုအားမရ ကွမ်းဖတ်ကို လက်ဝါးထဲသို့ ထွေးထုတ်ထားသည်။ ထိုနောက် အဖန်ရည်ဖြင့် ပလုပ်ကျင်းလိုက်ပြီး ကွမ်းဖတ်ကို ပါးစပ်ထဲသို့  ပြန်ထည့်ခါ ခေါင်းမော့လိုက်သည်။

မနှစ်ကဟုဆို၏။ ၁၁၂၈-ခုနှစ်ဖြစ်လေသည်၊ ရန်သူ ဘုရင်ခံအသစ်သည် ယမန်နှစ်ကထက် ပို၍ကြီးကျယ်သော အစီအစဉ်ဖြင့် မြန်မာပြည်ကို တိုက်ခိုက် သိမ်းယူရန် မိမိတို့ ဘုရင် ဧကရာဇ် ချင်းလုံအား တင်ပြ၏၊ ဘုရင်ခံ၏ စိတ်၌၄င်း၊ ဘုရင် ဧကရာဇ် ချင်းလုံ၏ စိတ်၌၄င်း၊ မြန်မာပြည်ကို အလွယ်တကူ အောင်နိုင်လိမ့်မည်ကို ထင်၏။

ဘုရင်ခံအသစ်သည် ဧကရာဇ်ဘုရင် ချင်းလုံအား မြန်မာပြည်ကို အလွယ်တကူ တိုက်ခိုက် သိမ်းယူ၍ ရနိုင်လိမ့်မည်ဟု ယုံကည်စိတ်ပါလာအောင် လျှောက်ထား၏။
မြန်မာပြည်နယ်စပ်ရှိ အမျိုးသားတချို့ သည် မိမိတို့ အနွယ်များ ရောစပ်လျက်ရှိကြောင်း၊ မြန်မာတို့ နှင့် မတူကြောင်း။ ထိုသူတို့ သည် မိမိတို့ ဘက်မှ ပါဝင်တိုက်ခိုက်ကြလိမ့်မည် ဖြစ်ကြောင်း၊ မိမိတို့ စစ်တပ်ကြီး ချီတက်သွားသည်နှင့် မြန်မာတို့ က.. မိမိတို့ ကို တိုက်ခိုက်နေစဉ် ထိုသူတို့ က မြန်မာတို့ ကို အတွင်းမှ ဆူပူ ထကြွ တိုင်ခိုက်ပေးလိမ့်မည်ဖြစ်ကြောင်း၊ ဤသို့ ပြုလုပ်ရန်အတွက် မိမိတို့ ဘက်မှ လှုံ့ ဆော်ပေးမည့် ယင်းတို့ ၏စော်ဘွားဟောင်းများ ရှိနေကြကြောင်းဖြင့် လျှောက်ထား၏။
ဧကရာဇ်ဘုရင် ချင်းလုံမင်းသည် ဘုရင်ခံ၏ ရွှန်းရွှန်းဝေသော လျှောက်တင်ချက်တို့ ကို စိတ်ပါ ယုံကြည်လာသည် ဖြစ်ရာ လိုအပ်သလို စစ်အစီအမံတို့ ကိုပြုလျက် ချီတက်စေရန် ခွင့်ပြုလိုက်၏။ သို့ ရာတွင် သတိဝိ၇ိယနှင့် ဆောင်ရွက်ရန် သတိပေးလိုက်သည်။ ဤသို့ ဖြင့် ရန်သူစစ်တပ်ကြီးသည် ရေမြေညွတ်လောက်သည့် အင်အားဖြင့် အုပ်အုပ်သဲသဲ မြည်စေလျက် ဒုတိယနှစ်၌ ဒုတိယအကြိမ် ချီတက်လာကြ၏။

ရန်သူတို့ မြေညွတ်အောင် ချီတက်လာသည့်အချိန်၌ ယိုးဒယားတို့ မြှောက်သဖြင့် သွေးမြောက်ထောင်ထားသော ထားဝယ်ကို နှိမ်နင်းရန် စစ်သူရဲနှစ်သောင်းနှင့် ချီတက်သွားသော ဗိုလ်ချူပ်ကြီး မဟာနော်ရထာသည် ဟံသာဝတီ၊ မုတ္တမ၊ ရေး၊ မြိတ်၊ ထားဝယ်တို့ ကို အောင်နိုင်ပြီးနောက်...

ဇင်းမယ်ကြောင်းရှိ ရွာဟိုင်း၊ ကမန်စိုက်၊ လှဝန်ခလောက်၊ သေက္ကတဲ့၊ ပိဿလောက်စသော မြို့ ကြီးများကို သိမ်းပိုက်၍ ယိုးဒယားမြေပေါ်သို့  ရောက်ရှိနှင့်နေကြသော စစ်သူကြီး နေမျိုးသီဟပတေ့၏ တပ်မကြီးနှင့် တွေ့ ဆုံကြပြီး ယိုးဒယားတို့ ၏ မင်းနေပြည်တော် အယုဒ္ဓယမြို့ တော်ကြီးကို ၀ိုင်းဝန်း ပိတ်ဆို့ လိုက်ကြပါသည်။

`အသည်တုံးက သင်းရည်းစား မြလေးကို လွမ်းသည်နျင့် ရွာကို ခေတ္တပြန်လာသိ ငသံချောင်းဟာ အဲသည့် တိုက်ပွဲတွေမှာ ကိုယ်တိုင် ပါဝင်ခဲ့သာပ´
အိမ်ခေါင်းကတော်ကြီးသည် စကားလက်စကို ရပ်ပြီးလျှင် ကွမ်းအစ်ကို ဆွဲ၍ ကွမ်းယာပြန်၏။ အပျိုတစုတို့ က အိမ်ခေါင်းကတော်ကြီး၏ မျက်နှာကို တိတ်ဆိတ်စွာ ၀ိုင်းကြည့်နေကြ၏။

`ငသံချောင်းဟာ ရွာမှာ တသီတင်းနေပြီး ပြန်သွားလို့ ရှစ်လလောက် ကြာသယ်ဆိုရင်ဘဲ မိမြလေးတယောက် သီချင်းကလေး တညဉ်းညဉ်းနဲ့  ဖြစ်လာခဲ့သာပေါ့´

`သံလျင်ငယ်မှ မက၊ မုတ္တမနှင့် ဒလတသွယ်၊ ထားဝယ်တခြား၊ ယိုးဒယားတ၀ိုက်၊ ကမန်ပိုက်ကို တိုက်ရသောခါ၊ ဒါးကိုသို့ ကိုင်၊ လှံကိုသို့ နှုတ်၊ စစ်မြေပြင်မှာ ၀င်ကာခုတ်၍၊ တရုတ်ကယ် သျှမ်းပြေ၊ ထွားထွားငဲ့ကြေ၊ အောင်လေပြီတဲ့မှ ဆီမလူးသည့် ပေဖူးလွှာနှင့် မှာလိုက်ကယ့်ရှင့်၊ အလိုတော် အပျိုဖြူငယ်ကျွမ်းက လွမ်းတုံးတွင်တော်း....´တဲ့။

သင်းဆိုတဲ့အတိုင်းဟုတ်သဟဲ့၊ သင်းကောင် ငသံချောင်းဟာ အဲသည် ယိုးဒယားကို သိမ်းပြီးပြီးချင်းဘဲ သင်းရို့ တပ်တွေ ရန်သူတွေနဲ့ တိုက်ဘို့  နယ်စပ်ဘက် အပြေးအလွှား ချီတက်လာကြရသကော..´

အိမ်ခေါင်းကတော်ကြီးသည် ထုံးဗူးကို ယူ၍ လက်ညှိးဖြင့် ထုံးတကော် ကော်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်၏။ ထို့ နောက် စကားကို တော်တော်နှင့် မဆက်၊

မအောင့်နိုင်သော စိန်ပွင့်က အိမ်ခေါင်းကတော်ကြီးကို လှမ်းကြည့်၏။

`သာနှင့် ပြောစမ်းပါအုံးတော်၊ ကိုရင် သံချောင်းကိုယ်တိုင် ယိုးဒယားမှာ တိုက်ရတဲ့တိုက်ပွဲဆိုသာ´

`သည်လိုအေ့´

ခြေဟန်လက်ဟန်နှင့် စလိုက်သည်နှင့် အပျိုကလေးတစုတို့ က အိမ်ခေါင်းကတော်ကြီး၏ အနီးသို့ တိုးကပ် သွားကြ၏။

အောင်လံတလူလူလွှင့်ကာ နှစ်နှင့်ချီ၍ စစ်စည်စစ်မောင်းတီးလျက် ချီတက်နေကြသော နေမျိုးသီဟပတေ့တို့ ၏ တပ်မကြီးနှင့် သံချောင်းတို့ ပါဝင်သည့် ထားဝယ်ကြောင်းချီ မဟာနော်ရထာတို့ တပ်မကြီးသည် တတိုင်းတပြည်သားတို့ ၏ မင်းနေပြည်တော် အနီး၌ တွေ့ ကြုံဆုံစည်းလိုက်ကြရသောအခါ သိပ်ဝမ်းသာသွားကြသည် ဆို၏။

တပ်တော်ကြီးနှစ်တပ်လုံး အောင်စစ်သည်တွေချည်း ဖြစ်ရကား မိမိတို့ အတွေ့ အကြုံတွေကို ပြောမဆုံးအောင် ရှိနေကြ၏။ အချင်းချင်း ပြေးဖက် နှုတ်ဆက်ကြ၏။
ဘယ်မြို့ ဘယ်နယ် ဘယ်ရွာက ဘယ်သူပါရဲ့ လား စသဖြင့် တတပ်နှင့် တတပ် မေးမြန်းရှာဖွေကြ၏၊ သိသူတို့ က ၀မ်းမြောက်ဝမ်းသာ လိုက်ပြကြ၏၊ အချင်းချင်း မေးမြန်းပေးကြ၊ တွေ့ လိုက်သည်နှင့် တအားကြုံး၍ အော်ကြနှုတ်ဆက်ကြ၏။ ထို့ နောက် တကွဲတပြားစီ တိုက်ခိုက်အောင်နိုင်ခဲ့ကြရသော မိမိတို့ ရွာသားနယ်သား အချင်းချင်း အတင်းပြေးလာရင်း ဆိုဦးလျက် ကြမ်းတမ်းစွာ ပွေဖက် ဆွဲရမ်းပစ်ကြ၏။ တယောက်နှင့် တယောက် မလွှတ်ဘဲခုန်ဆွခုန်ဆွ ပြုလျက် မောလောက် မူးလောက် အောင် ကလေးများပျော်မြူးသကဲ့သို့ မြူးတူးနေကြ၏။ လူအုပ်စုကြီး နှစ်ခုသည် တစုနှင့်တစု ကူးပေါင်းရောယှက်ကာ မိုးအခါတွင် ဧရာဝတီမြစ်နှင့် သလ္လာဝတီမြစ်တို့ ဆုံစည်းရာ ၀ဲဆိုင်မှ ထကြွလာကြသည့် လှိုင်းကြက်ခွပ်တို့ ကဲ့သို့ သောသောညံညံ လှုပ်၏။

`ဟေ့သံချောင်း၊ ငါ့ကောင်ကြီး ပိုတောင့်လာပါရောလားကွ၊ ထွားလဲထွားသဟိတ်၊ မင်းရည်းစား မြလေးများ ခုအနေမြင်ရရင် မှတ်မိပါအုံးမလားဟ၊ အေးလေ မင်းရည်းစား တို့ အဲသာလောက်ကြာသိ၊ နောက်လင်ရနေလောက်ရောပေါ့၊ မင်းလဲ ယုံရသိကောင် မှုတ်ပါဘူးလေ၊ ပြောသမ်း မှန်မှန် လမ်းမှာ ဘယ်နှစ်ယောက် တွေ့ ခဲ့တုံး´

`ဟယ် သံချောင်းရို့ ငထင်ကြီး၇ို့ ပါလား၊ မင်း၇ို့ က တတပ်ထည်းလားဟိတ်၊ ငါ့လခွေးမှဘဲ င့ဖြင့် ပြောဘဲ ပြောပြချင်ပါဘူးကွာ၊ အောက်ပြေကို ငပိငခြောက်တွေ ၀ယ်ဘို့ စုံလာရင်း စစ်ကဲကြီး နေမျိုး ဂုဏ္ဏရတပ်တွေနဲ့ တွေ့ ပြီးပါလာရသဟ၊ မင်းရို့ ကော ဘယ်တုန်းက ထွက်လာခဲ့သတုန်း၊ ရွာကနေ လိုက်ခဲ့ကြသလား၊
ငါ့မိန်းမနဲ့ ကလေးတွေ နေကောင်းကြရဲ့ လားဟိတ်၊ အရေးတော်က တခုပြီင်္းတခု ဆင့်ကဲဆင့်ကဲ ပေါ်လာသနှင့် သည်နှစ် ပြန်ဖြစ်တော့မယ် မထင်ပါဘူး မောင်တို့ ရာ´

အသံမျိုးတို့ ကား စုံလှ၏။ ဤသို့ ဖြင့် တပ်မကြီး နှစ်ခုရောရှက်ပေါင်းစပ်ပြီးနောက် နရီ တမောင်းခန့် ကြသောအခါ ယိုးဒယားတို့ ၏ မင်းနေပြည်တော် အယုဒ္ဓယမြို့ တော်ဆီသို့ ချီတက်သွားခဲ့ကြရသည်တဲ့။

ခွာညိုပန်းကလေးများ ချမ်းချမ်းအေးအေးဖြင့် ပွင့်နေကြသည့် ပြာသိုလကြီး၌ပင်လျှင် တပြေတမြေ ရပ်ရွာတို့ ၌ မိုးကလေး တဖွဲဖွဲဂွာနေဆဲဟုဆို၏။

အုံးမှိုင်းငယ်မှစွတ်ဆို တိမ်ခိုးဆွတ်ချွေ၊ ဆီးနှင်းကဝေသနှင့်၊ မြောက်လေငယ်ဖျန်း မိုးသားငယ်ဆန်းသည့် တောင်ကမ်းညို။
နွဲ့ ပျိုငယ်မှထွားညက်၊ မယ့်အတွက်ကယ်ကြောင့် ပင့်သက်ကယ်လှိုက်ရှု အမှုထုခိုက်ကို လှောက်(+)ကူပြန်လာ အလွမ်းပေါ်တွင် အချမ်းဆင့်တုံးမို့ ပန်းရင်ဝတ်စ အသာမလို့ လွလွလွေးလွေး အသားပုံ ငုံ့ ကာတွေးရရင် နွေးလိမ့်ကို

လွမ်းစစ်သည်အချို့ ၏ လေးတွဲ့ တွဲ့  သီချင်းသံသည် တောသံနှင့်ပေါင်းရှက်လျက် ကြားရသူတိုင်းကို ပင့်သက်ဖြာစေသည်ဆို၏။ သို့ သော် အချင်းချင်းတွေ့ ဆုံကြရသဖြင့် အားသစ်ပျော်ရွှင်လာကြရသော မြန်မာတပ်မကြီးနှစ်ခုသည် ရွံ့ ဗွက်သစ်ငုတ် ခလုပ်ဆူးငြောင့် အမွှာမွှာကို မွှေ့ ရာကော်ဇောလို သဘောထားလျက် မနားမနေ တညလုံးချီတက်ခဲ့ကြ၏။

မိုးရေရွှဲလျက် တောခြင် ယင်ရဲ မှက်မဲ့ ပိုးလောင်းတို့  ကိုယ်ခဲနေသည့် အကြားမှ စကားတပြောပြောဖြင့် လာခဲ့ကြရင်း ရောင်နီမြူးသည့် အာရုံဦးတွင် အယုဒ္ဓယ မြို့ တော်ကြီးကို မဲမဲကြီး မြင်ကြရသည်ဆို၏။

မြို့ တော်ကြီး အပြင်အပ ခပ်လှမ်းလှမ်း၌ မြန်မာဘုရင် ဘုရင့်နောင်မင်းတရားကြီး တည်ထားတော်မူခဲ့သည့် မြေစိုက် စေတီကြီးတဆူ ရှိသည်ဆို၏။ စေတီတော်နှင့် မြို့ တော်အကြား ချောင်းငယ်တခုခြားနေလျက် ချောင်းငယ်နှင့် မြို့ တော်အကြားတွင် မိုးမိုးမဲမဲ အုတ်အုတ်သဲသဲ စောင်းယင်း နေကြသည့် ယိုးဒယား မင်းသား စစ်သေနာပတိ ဖရာတက် ကွပ်ကဲသော စစ်သူရဲ ငါးထောင်ပါ တပ်ကြီးက အသင့်ဆီးကြို စောင့်စားနေကြသည်ဆို၏။

မြန်မာတို့ သည် အသင့်ဆီးကြို စောင့်ဆိုင်းနေကြသော မိမိတို့ ထက် အင်အားကြီးမားပုံရသည့် ရန်သူတပ်မကြီးကို သတိမထား ဂရူမမူကြဘဲ တပြေတမြေ၌ မိမိတို့ မြန်မာဘုရင် ဘုရင့်နောင်မင်းတရားကြီး တည်ထားတော်မူခဲ့သော စေတီတော်ရှိရာသို့ သာ တို့မြန်မာဘုရားဟူသော အစွဲဖြင့် သူ့ ထက်ငါ အပြေးသွားလျက် ဖူးမျှော်ဦးခိုက်ကြကုန်၏။

ဓားလှံ မီးပေါက် အမြောက်သေနတ်တို့ ကို ကိုင်စွဲလျက် အသင့်စောင့်နေကြသော ရန်သူတပ်မကြီးသည် ပင်လယ်ကမ်းပါးရှိကျောက်ဆောင်အား အလိပ်လိုက် အလိပ်လိုက် တက်လာသော လှိုင်းလုံးကြီးများ ရိုက်ခတ်နေဘိသို့ စေတီတော်ရှိရာသို့  အစုလိုက် အစုလိုက် အပြေးအလွှား ရောက်လာလျက် ၀ပ်တွား ဦးချဆုတောင်းကြပြီး နောက်လူများဝင်လာနိုင်ကြစေရန်အတွက် ဘေးသို့ ပြန့် ကြဲသွားလိုက်၊ နောက်ထပ် အစုအအုပ်များက ဆင့်ကာဆင့်ကာ ရောက်လာလိုက်ဖြင့် မြင်နေရသော မြန်မာ စစ်သားတို့ ကို တအံ့တသြ ကြည့်နေကြ၏။

ထိုစဉ် မိမိတို့ စစ်မှုးများက အချက်ပေးလိုက်သောကြောင့် စစ်စည် စစ်မောင်းတို့ ကို တီးခတ်ကာ စစ်လှုပ်လာခဲ့သည်၊ သို့ ရာတွင် မြန်မာတို့ ကား ပြင်ဆင်ခြင်း မရှိသေး၊ စေတီတော်၏ ပတ်လည်၌ ရုတ်ရုတ်သဲသဲ မဲမဲလှုပ်မျှ ပျားပန်းခတ်နေဘိကဲ့သို့ တတပ်ပြီးတတပ် ဦးချတုန်း ဆုတောင်းတုန်း ကြည်ညိုကြည်နူးနေကြတုန်း...
မြန်မာတို့ ၏ ရှေ့ ခပ်လှမ်းလှမ်း၌ ရွှံ့ နွံ ထူပြော၍ ရေစီးပြင်းသော ချောင်းငယ် တခု ကာဆီးထား၏။ ထိုချောင်းသည် ရန်သူ တိုင်းရင်းသား တပ်မကြီးနှင့် မြန်မာ့တပ်မတော်သားတို့ ၏ အကြား၌ ဆီးတာဘိသို့ ကန့် လန့် ဖြတ် စီးဆင်းနေခဲ့သည်။ ရန်သူ တပ်မကြီး ချောင်းအနီးသို့ ရောက်လာသည်နှင့် မြန်မာဗိုလ်မှုးတပ်မှုးတို့  သည် တခဏခြင်း၌ပင်လျှင် မိမိတို့ ၏ စစ်သူရဲများကို ကွပ်ကဲလျက် စေတီတော်၏ ခြေရင်းတွင်ပင် တပ်ကို ဖြန့် လိုက်၏။

မင်းကြီး ဇေယျာသူသည် မိမိတို့ ရှိရာသို့ ဦးတည်လာနေကြသည့် ရန်သူတပ်မကြီးကို မျက်နှာမူလျက် စေတီတော်၏ လက်ျာဘက်မှ တန်းစီကာ မိမိ၏ စစ်သူရဲ နှစ်သောင်းကို သုံးတန်မျှသာ အထုအထယ် ရှိစေပြီးလျှင် အလွန်ကျယ်ပြန့် ရှည်လျားစွာ မျက်နှာ ဖြန့် လိုက်၏။

မင်းကြီး အနော်ရထာသည် စေတီတော်၏ လက်ဝဲဘက်မှ နေရာယူလျက် ဓါးကိုင် စစ်သူရဲတပ်၊ လှံကိုင် စစ်သူရဲတပ်၊ သေနတ်ကိုင် စစ်သူရဲတပ်၊ မြင်းစီး စစ်သူရဲတပ်၊ ဆင်စီး စစ်သူရဲတပ်၊ အမြောက်ကိုင် စစ်သူရဲတပ် စသဖြင့် အစုလိုက် အစုလိုက် ဒုဒယ်ပြုကာ စစ်မျက်နှာ ကျဉ်းစေ၍ ရှေ့ နောက် အထပ်ထပ်ပြုကာ နေရာယူ၏။

ထိုအခါ တိုင်းရင်းသား စစ်သေနာပတိ `ဖရားဘက်´၏ စစ်သူရဲ ငါးသောင်းပါ တပ်မကြီးသည် နေရာကျယ်ပြန့် သလောက် ဒုဒယ်ပါး၍ များသည်ဟုထင်ရသော မင်းကြီးဇေယျသူ၏ တပ်မကြီးစီသို့ ဦးတည်လျက် မိမိတို့ ၏ အလုံးအရားနှင့်ဖိကာ တဟုန်ထိုးပြေးတက် တိုက်ခိုက်ကြ၏။ စိတ်ဓာတ်တက်ကြွနေကြသော တိုင်းရင်းသားတို့ သည် မိမိတို့ ၏ရှေ့ တွင် ကာဆီးလျက် ရှိနေသည့် ချောင်းငယ်ကို ဖြတ်ကူးကြလျက် မဆုတ်မနစ် ရဲရင့် ၀ံ့စားစွာ ၀င်ရောက်တိုက်ခိုက်ကြ၏။

ဤတွင် မင်းကြီး ဇေယျာသူ၏ ဖြန့် စီးနေကြသော မြန်မာတပ်မတော်သားတို့ က ချောင်းကမ်းနဖူးမှစောင့်လျက်ေ၇ထဲမှ ကူးလာသည့် တပ်သားတို့ ကို အပေါ်စီးဖြင့် ဆီးဆို့  တိုက်ခိုက်ကြ၏။ သို့ သော် နှစ်သောင်းမျှသာ ရှိ၍ ဖြန့် စီနေကြသော မြန်မာစစ်သူရဲတို့ ကို ငါးသောင်းခန့် ရှိ၍ ဒုဒယ်နှင့်လာကြသော တိုင်းရင်းသား စစ်သည်တို့ က အင်နှင့်အားနှင့် ဖိ၍ တိုက်ခိုက်ကြရာ မြန်မာစစ်တပ်ကြီး တဖြည်းဖြည်း နောက်သို့ ရွေ့ လျား ဆုတ်ခွာ ပေးရတော့၏။

သို့ သော် ဆုတ်သည်ဟုထင်ရသော်လည်း ဘုရင့်နောင်မင်းတရား တည်ထားတော်မူခဲ့သည့် စေတီတော်မှ မခွာဘဲ နရီလက်တွ ရွှေ့ သကဲ့သို့ တရွေ့ ရွေ့  နောက်ဘက်သို့ ဆုတ်လာခဲ့ကြ၏။ တိုက်အားကောင်းနေခဲ့သော တိုင်းရင်းသား စစ်သည်တော်များက ချောင်တဖက်ကမ်းသို့ အားလုံး ရောက်ကြသည်အထိ ဖိ၍ တက်၍တိုင်ကြ၏။ ဤတွင် စေတီတော်၏ လက်ဝဲဘက်၌ အသင့်ရှိနေကြသော မဟာနော်ရထာတပ်မှ စစ်ကဲကြီး နေမျိုး ဂုဏ္ဏရပ်သည် ဒုဒယ်ပြုထားသော တပ်ပေါင်း ၂၀-ဖြင့် တိုက်ပွဲရှိရာသို့ အလျက်အမြန် ကူးပြောင်းကာ နေမျိုးဇေယျသူ၏ တပ်မကြီးကို ကူးလာ၏။ ဤတွင် တိုင်းရင်းသားတို့ ၏ အရှိန်ပြင်းစွာ တိုးဝင်တိုက်လာသော တပ်မကြီးသည် အခိုက်အတန့် အားဖြင့် ရပ်သွား၏။

ထိုစဉ် စေတီတော်၏ ၀ဲဘက်၌ စောင့်ဆိုင်းနေသော စစ်သူကြီး မဟာနော်ရထာသည် ဆင် ၁၀၀-နှင့် သေနပ်ကိုင် စစ်သည် သုံးထောင်ကို အုပ်ချူပ်လျက် နာရီ လက်တန်ရှည် လှည့်ပတ်သကဲ့သို့ ရှေ့ မှ ကာဆီးနေသည့် ချောင်းငယ်ကို ကျောပြု၍ စေတီတော်မှ စစ်ခြေကို မခွာဘဲ တိုးဝင်ရှေ့ ရောက်နေသည့် ယိုးဒယားတပ်မကြီး၏ နောက်ဖက်မှ ညှပ်လိုက်၏။

ဤသို့ သော အခွင့်ကောင်းတွင် မင်းကြီး ဇေယျသူသည် ကစဥ့်ကရဲဖြစ်နေသော မိမိ၏ သေနတ်ကိုင် စစ်သူရဲများကို ချက်ခြင်း စုရုံးပြီးသော် တနေရာတည်းမှ အလုံးအရင်းပြုလျက် ယိုးဒယား ဆင်တပ်ကြီး အတွင်းသို့ ကျည်ဆံများ မိုးသီးမိုးပေါက် ကျသကဲ့သို့  ပစ်စေ၏။

ဤတွင် တိုင်းရင်းသားတို့ ၏ ဆင်တပ်ကြီးသည် မထိန်း မသိမ်းနိုင်ဘဲ ကစဥ့်ကရဲဖြစ်၍ ပြေးလွှားရာ မိမိတပ်ကို ပြန်ဖျက်သကဲ့သို့ နင်းမိကုန်ရာမှ တိုင်းရင်းသားတို့ ၏ တပ်ကြီး ပျက်လေတော့၏။

ဤနည်းဖြင့် တိုင်းရင်းသားတို့ ၏ တပ်ကြီးသည် အလုံးအရင်းနှင့် အခြေမပျက် ဆုတ်ခွာရန် မဖြစ်နိုင်တော့၊

မိမိတို့ ၏နောက်မှ ဒုဒယ်ဖြင့် စည်းစည်းလုံးလုံး ပိတ်ဆို့ တိုက်ခိုက်နေသည့် စစ်သူကြီး မဟာနော်ရထာ၏ တပ်ကြောင့်၎င်း၊ ထိုတပ်မှ လွတ်သည့်တိုင် အလွယ်တကူ ဆုတ်ခွာသွားရန် မဖြစ်နိုင်သည့် ချောင်းငယ်က ကာဆီးထားမှုကြောင့်၎င်း၊ အမြောက်အများကျဆုံးကုန်ကျပြီးမှ မိမိတို့ ၏ နေပြည်တော် အတွင်းသို့  အနည်းအကျဉ်းသာလျှင် ပြန်ရောက်နိုင်ကြသော ဟူ၏။

ယင်းသည့် အချိန်ကစ၍ ဇွဲကောင်းသော တိုင်းရင်းသား ဘုရင်သည် မြို့ ကိုအလုံပိတ်လျက် မြို့ တွင်းမှသာ ကြံ့ကြံ့ခံတော့၏။ ထိုအခါ မြန်မာတို့ သည် ရန်သူဘုရင် မြို့ တော်၏ ပတ်ပတ်လည်၌ ၀န်းရံလျက် မြေအနေအထား ကောင်းမွန်သည့် နေရာမှန်သမျှကို ခံတပ်ငယ်ကလေးများ အခိုင်အမာ ဆောက်လုပ်ကြ၏၊ ထိုခံတပ်ငယ်ကလေးများအတွင်း၌ အစုလိုက်အစုလိုက်နေပြီးလျှင် ရိက္ခာအတွက် လယ်ယာကိုင်းကျွန်း လုပ်ကိုင်၍ စောင့်ကြ၏။

ယင်းသည့်အချိန်၌ ရန်သူတို့ ၏ မင်းသားတပါးသည် မြန်မာတို့ စစ်ချီလာခါစက သောက္ကတဲ၊ ပိဿလောက်နှင့် သုဂန်ခလောက်တို့ မှ ရှောင်တိမ်းပြေးလွှားနေကြကုန်သော တိုင်းရင်းသား အမျိုးသား တသောင်းကို စုစည်းတပ်ဖွဲ့ ၍ မိမိတို့ မင်းနေပြည်တော်အား ၀ိုင်းရံနေကြသည့် မြန်မာတို့ ကို တိုက်ခိုက်ရန် ချီတက်လာခဲ့၏။ ထိုအခါ ကြိုတင်သတင်းရထားသော မြန်မာတို့ သည် ရန်သူမင်းသား၏ တပ်ကြီးအား  မိမိဆီသို့ မရောက်မှီ ထိုနေရာ သည်နေရာတို့ မှ ရုတ်တရက် ပေါ်လာကြလျက် ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက် ဖြိုခွဲပစ်လိုက်၏။

`အဲသည့်နောက် လေပြေလောင်းသည့် တပေါင်းလ, စပါးပေါ်ပြီးစအချိန်လောက်မှာ သံချောင်းရို့ ပါကြသိ ငါရို့ မြန်မာ တပ်မကြီးဟာ ရန်သူဘုရင် မြို့ တော်ကြီးရဲ့ မြို့ ရိုးကို ဥမင်လှိုဏ်ခေါင်းတွေတူးပြီး မီးရှို့ ဖျက်ဆီးပစ်လိုက် ကြသတဲ့။ မြို့ ရိုးကြီးလဲ ပြိုသွားရော ငါရို့ မြန်မာစစ်သူရဲတွေဟာ ဆင်တွေ မြင်းတွေ အလုံးအရင်းနဲ့ အဲသည်မြို့ တော်ကြီးထဲဝင်ပြီး တခုမကျန် တိုက်ခိုက် ဖျက်ဆီးလိုက်ကြသာဘဲတဲ့။

အဲသည်စစ်ပွဲမှာ ရန်သူ့ ဘုရင် ကျောက်ဘွား ဧကဒက်ဟာလဲ လက်နက်သင့်ပြီး ကံတော်ကုန်ရရှာသတဲ့၊ ငါရို့ မြန်မာ စစ်သူရဲတွေကလဲ လွန်ဘဲ လွန်ကြပါသယ်အေ၊ မြို့ ရိုးဘေးက ကျူံးကြီးတွေများတောင် မြေပေါ်ကနေ ပျောက်သွားအောင် ဖြိုပစ်လိုက်ကြသတဲ့တော်။

အဲသည်ဘက်မှာ အဲသည်လို အောင်နိုင်နေတုန်း မြန်မာပြည် မြောက်ဖက်နယ်စပ်က ရန်သူတပ်ကြီး ချီလာပြန်ပြီ ကြားသာနဲ့  မြန်မာတပ်ကြီးဟာ ဇင်းမယ်ဘက်ကနေပြီး မြန်မာပြည်ရဲ့ မြောက်ဘက်နယ်စပ်ကို ချီတက်သွားကြ ရသာပအေ၊ အသာ့ကြောင့် ငသံချောင်းရဲ့ `မြလေး´က...

``ဒလတသွယ် ဓါးဝယ်တခြား ယိုးဒယားတ၀ိုက် ကမာန်ပိုက်ကို တိုက်ကြသော့ခါ ဓါးကိုသို့ ကိုင်၊ လှံကိုသို့ နှုတ်၊ စစ်မြေပြင်မှာ ၀င်ကာခုတ်၍၊ တရုတ်ကယ် သျှမ်းပြေ၊ ထွားထွားငဲ့ကြေ၊ အောင်လေပြီတဲ့မှ ဆီမလူးသည့် ပေဖူးလွှာနှင့် မှာလိုက်ကယ့်ရှင်လို့ ဆိုဆိုနေသာ´´

အိမ်ခေါင်းကတော်ကြီးသည် မောသွားလေဟန်နှင့် အဖန်ရည်ငှဲ့ ၍သောက်၏။ နားထောင်နေကြသော အပျိုတသိုက်တို့ က ဆက်၍ပြောလိမ့်နိုးနိုးနှင့် ငြိမ်နေကြ၏။ အိမ်ခေါင်းကတော်ကြီးက မပြောနိုင်တော့ဘဲ ဖက်လိပ်ကြီးကို ဆွဲ၍ မီးညှိပြန်သည်။ မအောင့်နိုင်သော အိမ်ခေါင်းကတော်ကြီး၏ မျက်နှာကို ငေးကြည့်နေရာမှ...

`အဲသာနဲ့ ငါရို့ မြန်မာတပ်ကြီးတွေက ၀င်လာတဲ့ ရန်သူတွေကို သင်းရို့  တိုင်းပြည်ထဲအထိ လိုက်တိုက်ပစ်လိုက်တာပေါ့၊ သင်းရို့ စစ်မှုး`ချိုဟန်ပိုင်´ဆိုသာ ရသမျှ သူရို့ ရဲ့ သူရဲသူဘက်တွေ စုရုံးပြီး ပြန်ပြေးရသာပ၊ ငါရို့ မြန်မာတွေကို လာတိုက်တဲ့ သင်ရို့ ဘုရင်ခံလဲ သင်းရို့ ရဲ့ ဧကရာဇ် `လိုရင်´ က သင်ူကိုယ်သင်း သတ်သေစေလို့ ခိုင်းလိုက်သာပ၊ အသာနဲ့ တောင် မနှစ်က အဲသည်တုန်းကထက် များပြားသိ စစ်တပ်ကြီးတွေနဲ့ နောက်ထပ် လာတိုက်ကြသေးသာပ´

ထိုစဉ် မင်ကြောင်ထိုးသည့် မှောင်ရုံထဲဆီမှ ဖြောင်းဖြောင်းမည်သော လက်ပန်းပေါက်ခတ်သံကို ကြားလိုက်ရသည်၊ အိမ်ခေါင်းကတော်ကြီး၏ စကားကို စိတ်ဝင်စားနေကြသော အပျိုတသိုက်တို့ ၏ ခေါင်းသည် အမေအဖေ၏ ခေါ်သံကို ကြားရဘိသို့ မှောင်ခန်းဘက်ကို တပြိုင်ထဲလှည့်ကြ၏။ ကာလသားတို့ ၏ တီးဝိုင်းမှ `ကျားညီနောင် ကြောင်နှစ်ကွင်း ပျိုဘယ်မငြင်းသာ...´ ဟူသော ကိုငလုံး၏ အသံသည် ပြွေသံနှင့် ထပ်လျက် စီစီကြည်ကြည် ထွက်လာ၏။

မင်ကြောင်ထိုးပြီးလျှင် ၀ါးကပ်ဖြင့် ထမ်းယူရသူ၊ သူငယ်ချင်းနှစ်ယောက် သို့ မဟုတ် တယောက်ဖြင့် တွဲထုတ်ရသူ၊ မိမိအလိုအလျှောက် ထွက်နိုင် ထနိုင်သူဟု သုံးမျိုးရှိ၏။ ထိုသုံးမျိုးသည် ယာမှောင်မှ ထွက်လာသူအဘို့ မထူးခြားလှသော်လည်း ၀ဲမှောင်မှထွက်လာသူအဘို့ အရေးပါလှ၏။ ၀ဲမှောင်မှ ထွက်သူတို့ သည် အမြှောင်ထနှင့် အထိးထ၊ ထနိုင် ထွက်နိုင်မှ ကြတ္တိကာ မြေလူးသည့် တန်ဆောင်မုန်းလ ကျီးမနိုးပွဲတို့ ၌ ဆေးထိုးခွင့်ရှိ၏၊ သို့ မဟုတ်က ဆေးမထပ်ရ မထိုးရ။

ထို့ ပြင် မင်ကြောင်ထိုး၍ ထွက်လာကြသူတိုင်း တင်းတိမ်အပြင်သို့ ရောက်သည်နှင့် လက်ပန်းပေါင်း ခတ်ကြရသည့် ထုံးစံ ရှိသေး၏။ မိမိဘာသာ မရပ်တည်နိုင်သူတို့ အဘို့  အတွဲအထူဖြင့် ခတ်ကြရ၏။ အနည်းဆုံး သုံးချက်စေ့အောင် ခတ်ကြရ၏။ မိမိကိုယ်တိုင်က သန်စွမ်းသူ ခတ်နိုင်သူတို့ အဘို့ မည်မျှလောက်မဆို မမေမခြင်း ခတ်နိုင်၏။

ဤတွင်လည်း ၀ါးကပ်ပေါ်မှ ထူပေးထားရသဖြင့် ထူပေးထားသူကို မှီလျက် သုံးချက်စေ့ရုံမျှ လက်ပန်းပေါင်းခတ်ခြင်းကို အ၀ါခတ်ဟုခေါ်၏။ တွဲသူနှင့် ထွက်လာပြီး မိမိအား တွဲပေးသူကို မှီလျက် ခတ်လျှင် `အမြှောင်ခတ်´ ဟုခေါ်၏။ ထိုကဲ့သို့ မဟုတ်ဘဲ မိမိတယောက်တည်း ထွက်လာနိုင်ပြီး မိမိဘာသာ လက်ပန်းပေါင်းခတ်ခြင်းကို ထီးထီးခတ်ဟုခေါ်၏။ ရွာသူအပျိုတို့ သည် ထိုလက်ပန်းပေါက်ခတ်သံကို နားထောင်ရင်း အ၀ါခတ်လော၊ အမြှောင်ခတ်လော၊ အထီးခတ် (ထီးထီးခတ်) လော ဟုသိတတ်ကြ၏။ တခါတရံ အချင်းချင်း အငြင်းဖြစ်လျှင် ကွမ်းယာပေးတမ်း ပန်းပေးတမ်း လောင်းကြလေ့ ရှိ၏။

ယခုလည်း လက်ပန်းပေါင်းခတ်သံ ကြားကြရလေပြီ၊ အ၀ါခတ်လော၊ အမြှောင်ခတ်လော၊ ထီးထီးခတ်လော နားစွင့်ကြ၏။ ရွာအပျိုလေးတွေ အားလုံးသာမက အတီးဝိုင်းကပါ သိလိုက်ကြပါသည်။

`နှစ်သက်ဘွယ်ရာ၊ နက်နဲစွာ၊ ထူပါဘိ ဂုဏ်ထူးပုဒ်၊ သခင်သည် မတုန်လှုပ်၊ တူစွာ့ရေသမုဒ်လား၊
သမုဒ္ဒရာ၊ လှုပ်ရှားလာ၊ သခင့်မှာမလှုပ်ရှား၊ ထူးဘိလွန်ထူးခြား၊ မြတ်သည့်မောင် ယောက်ျား..´

ဗုံရှည်ကိုင် ငလုံး၏ အသံသည် ပြွေသံနှင့်အတူ တွဲ့ ကာနွဲ့ ကာ သွဲ့ ကာ ခံ့ညားစွာ ပေါ်ထွက်လာ၏၊ ဒိုးသံက ခပ်ပြင်းပြင်း ရိုက်ပေးလိုက်သောအခါ ချောက်ချားဘွယ်ရာ ဖြစ်လေသည်။ အပျိုကလေးတွေ၏ ရင်ထည်း၌ လှုပ်ရှားလာရ၏။ တဒိန်းဒိန်းခုန်သော အသံသည် ဒိုးသံနျင့် အပြိုင်မြည်နေသည်ဟု ထင်ရ၏။ တဖိုဖို တလှပ်လှပ် ဖြစ်ရင်း မှောင်ရုံဆီသို့  မျက်စိစိုက်မိကြ၏။

ရောင်ကို ထိပ်လည်တည့်တည့်၌ ထုံးလျက် ရောင်ပတ်လည်၌ ပန်းဖြူ ပန်းနီများ စိုက်လျက်၊ မင်ခံပုဆိုးခေါက်ကို လက်ဝဲလက်ပေါ်၌ တင်လျက်၊ ယက်ဖျင်သစ်တနံကို ခါး၌ ကျစ်စွာ အောက်ပိုးထုတ်၍ သွန်းထားသည့် ကြေးရုပ်ကဲ့သို့ တကိုယ်လုံးရှိ အသားမြှောင်ကြီးများကို ပေါ်စေလျက် ခါးနှင့်ပေါင်ရှိ မဲနက်သော မင်ကြောင်ကွက်တို့ မှ၎င်း၊ ရင်နှင့် လည်တိုင်ရှိ နီရဲသော ဆေးအင်းကွက်တို့ မှ၎င်း၊ အတွင်းသား ခပ်လတ်လတ်တွင် အစင်းစင်း ထင်လာအောင် သွေးစိမ်းရှင်ရှင် ယိုစီးကျလျက် လက်ယာဘက်၌ ပန်းတို့ ကိုကိုင်လျက် လူပျိုဖေါ် လေးယောက်တို့ ၏ အလယ်မှ တည်ခံ့စွာ လျှောက်လာသော ကောင်းမြတ်ကို တွေ့ ကြရ၏။

ကောင်းမြတ်၏ ခြေနှစ်ချောင်းသည် ရောင်ရမ်းလျက်ရှိသဖြင့် တုတ်တုတ်၀၀ကြီး မြင်နေကြရ၏။ ဆေးထိုးစုတ် နက်နက် နစ်သောနေရာတို့ မှ ချင်းချင်းရဲသော သွေးတို့ သည် ခြေသလုံးကို ပတ်လျက် ခြေခုံ ခြေဖနောင့်သို့ အရောက် စီးဆင်းကျနေ၏။

အပျိုကလေးများသည် နံ့ သာခွက်ကိုယ်စီ ကိုင်၍ မိမိတို့ ကန္နားဖျင်းရှေ့ သို့  ထွက်ကာ ရင်ဒိတ်ဒိတ်ခုန်လျက် စောင့်၏။ အနီးသို့ ရောက်လာသော် သွေးစီးကြောင်းကြီးများကို မျက်စိကစားလိုက်မိရာမှ ရင်တလှပ်လှပ် ဖိုရင်း သနားကြင်နာစိတ်တွေ ပွားရင်း၊ တက်ကြွစိတ်၊ အားရစိတ်၊ အားကိုးလိုစိတ်များဖြင့် ကြည့်ရင်း လှုပ်ရှားနေသော၊ ဟာနေသော ရင်တွင်းမှ အဖြစ်ကို ဟန်ဆောင်ထားသည့် အပြုံးဖြင့် ဖုံးဖိကြရင်း မျက်နှာနှင့်တကွ ဒဏ်ရာမှ လွတ်သော အသားတို့ ကို နံ့ သာရေများဖြင့် ၀ိုင်းလိမ်းပေးကြ၏။

ချွန်မြသော စုတ်ကြမ်း စုတ်ခွကြီးများဖြင့် သွေးထွက်အောင် ထိုးဆွခြင်းခံခဲ့ရရာမှ သနပ်ခါး နံ့ သာသင်း၍ မွှေးသော အပျိုကလေးများက နွေးသော ကိုယ်ကလေးများဖြင့် အနီးသို့ ကပ်ကြကာ နူးညံ့သော လက်ဝါးကလေးများနှင့် မိမိ၏ အသားကို ပွတ်သပ်ကြလျက် နံ့ သာရေတို့ ဖြင့် ၀ိုင်းဝန်း လိမ်းကျံပေးခြင်းကို ခံနေရသောအခါ ကောင်းမြတ်၏ တကိုယ်လုံးသည် သွေးဖျဉ်းဖျဉ်းကြွအောင် လှုပ်ရှားလာရ၏။ အသက်ရှုမြန်လျက် အံခဲနေရ၏။ ကောင်းမြတ်သာ ဤသို့ လှုပ်ရှားလာရသည်မဟုတ် မိန်းကလေးတွေ ကိုယ်၌ကလည်း သွေးဆူ လှုပ်ရှား ထကြွနေကြ၏။ မျက်နှာတွေထူလျက် ရင်တည်း၌ ပူလာကြ၏။ အကြင်နာပိုရုံသာမဟုတ် အားကိုးစရာကြီးပါလားဟုလည်း တွေးထင်မိလာကြ၏။

ယင်းသို့ သောအချိန်မျိုး၌ တဦးမျက်နှာသို့  တဦးကြည့်လိုက်တိုင်း ရင်ထဲတွင် ဖိုကနဲ ဖြစ်မိကြကာ မသိချင်ယောင် ပြုလျက် မျက်လုံးချင်း လွှဲလွှဲ ပစ်ကြ၏။ တုန်ယင်သော ကိုယ်လက်တို့ ဖြင့် ဟန်ဆောင်နေလိုက်ကြရ၏။ မိမိအဖြစ်ကို ဖုံးဖိရန်အတွက် မမှန်လှုပ်ရှားသော အသံဖြင့် စကားမရှိ စကားရှာ၍ မေးကြ မြန်းကြရ၏။

`မင်ကြောင်ထိုးပြီးရင်တော့ ဒွေးလေးရို့ က ချက်ခြင်း သင်္ကန်းဆီးပေးကြမှာဘဲ၊ ဘယ့်နှယ် ကိုကောင်းမြတ်ကြီး ခွင့်တွေဘာတွေကော တောင်းပြီးပြီလား´
ဟုတ်ပေသည် ရှေးရှေးက ဆေးအင်းလိုက်စေရန်အတွက် အရွယ်ရောက်စ * ဘို့ ထချိန်မှ ယောက်ျားကလေးတွေ မင်ကြောင်ထိုးခွင့် ရကြသည်။ (* နွားကလေးများ နွားသိုးဖြစ်စ၊ ဘို့ ထ၍ နွားမနောက်သို့  လိုက်စပြုသည့် အချိန်မျိုး၊ ယောက်ျားကလေးတွေ ကြီးကောင်ငင်ပြီး လူပျိုပေါက် ဖြစ်လာစအချိန်၊ ထိုအချိန်သို့ ရောက်မှ မင်ကြောင်ထိုးခြင်း၊ ရှင်ပြုခြင်း လုပ်ကြ၏။ အရွယ်မရောက်မီ မပြုလုပ်ရ၊ ဆေးမလိုက်၊ သင်္ကန်းမနိုင်ဟု ဆိုကြ၏၊ နှောင်းခေတ်သို့ ရောက်မှ နာကျင်ရမှန်း ကောင်းစွာ မသိသေးသော ကလေးအရွယ်က မင်ကြောင်ထိုးခြင်း အသက်တိုလာကြသော မိဘဘိုးဘွားတို့ ကို တွေ့ မြင်သွားစေရန် စောစောရှင်ပြုခြင်း၊ စစ်ထဲသို့ စောစောဝင်ရသဖြင့် စောစော မင်ကြောင်ထိုးခြင်း၊ စောစောရှင်ပြုခြင်းတို့ ကို ပြုလုပ်လာကြသည်။ မိန်းကလေးများလည်း ပေါင်, တင်ပါး, ခါး, ပခုံး, လက်ပြင်, လက်မောင်း, ကျော စသည်တို့ ၌ ကြာရုပ်, ငုံးရုပ်, ဟင်္သာရုပ်, မင်းသားရုပ်စသော အရုပ်တို့ ကို ငယ်စဉ်က နာကျင်ရမှန်းမသိသည့် အရွယ်က
ထိုးလေ့ရှိသည်၊) မင်ကြောင်ထိုးပြီးလျှင်လည်း ချက်ခြင်း သင်္ကန်းဆီးပေးတတ်ကြ၏။ သို့ မဟုတ်ပါက သင်္ကန်းမဆီးရသေးမီ အိမ်ထောင်ပြုသွားကြမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ ယခုမူ မင်ကြောင်ထိုးပြီးသည်နှင့် စည်းကြပ်လာသော စစ်သည်တော်အဖြစ် လိုက်သွားကြရမည်ဖြစ်၍ မြန်မြန်ရှင်ပြုပေးရန် ပို၍ အရေးကြီးလာကြ၏။
ဤသည်ကို ရည်စူး၍ မင်ကြောင်ထိုးပြီးလျှင် သင်္ကန်းဆီးရတော့မှာဘဲ၊ သင်္ကန်းဆီးရမည်ဆိုလျှင် ချစ်သူဆီမှာကော သင်္ကန်းဆီးခွင့် တောင်းပြီးပြီလားဟု မေးလိုက်ခြင်းဖြစ်၏။ မိန်းကလေးသည် အမှတ်မထင် မေးလိုက်သော်လည်း မိမိလှုပ်ရှားနေသည့်စိတ်က မမေးသင့်သည့်အရာကို အလိုလို မေးမိလျက်သား ဖြစ်နေကြောင်း မိမိကိုယ်မိမိ သိလာပြီးလျှင် ရှက်သွေးဖျန်းနေရ၏။

`မင်ကြောင်ထိုးပြီးလျှင် တော်တော့ ရှင်ပြုရတော့မှဘဲ။ အဲသည်တော့ တော့်မှာ ချစ်သူရည်းစားရှိရင် အဲသည် ချစ်သူရည်းစားဆီမှာကော ရှင်ပြုဘို့ ခွင့်တောင်းပြီးပြီလား´ဟူသည့် အဓိပ္ပါယ်သို့  အလိုလို သက်ရောက်နေ၏။ ဤအဓိပ္ပါယ်မျိုးသည် `ကြက်ကမတိုး၊ ညွှတ်က အတင်းလိုက်တိုးလာသည့်´ အဓိပ္ပါယ်မျိုးဖြစ်၏။

သို့ သော် ချင်းချင်းရဲသည့် သွေးစတို့ ဖြင့် ဘို့ ထနေသည့် ကာလသားပေါက်တဦးကို ယခုကဲ့သို့  ယောက်ျားပီပီ တွေ့ နေရသော အချိန်မျိုး၌ စိတ်လှုပ်ရှားနေကြသည့် အပျိုကလေးတွေအဖို့  မမေးမမြန်းဘဲ မနေမိကြ၊ ရောဝင် ဖေါ်ရွေစွာ လှပသော အပြုံးကို ပေး၍ မေးမိကြ၏။ တခါတရံ တဦးသာမက၊ အပျိုကလေးတွေ နှစ်ဦးပြိုင်၊ သုံးဦးပြိုင်ပင် တပြိုင်တည်း မေးမိကြ၏။ ယခုလည်း မြခက်၊ မိပဲနှင့် စိန်ရွက်တို့ သုံးဦးလုံးက တပြိုင်နက်တည်း မေးမိနေကြ၏။

ကောင်းမြတ်သည် `ခွပ်လက်ချ´ ပြီးစ ကြက်ကောင်းကဲ့သို့  သွေးချင်းချင်းရဲသော ကိုယ်ရှိသော်လည်း ယောက်ျားတို့ မာန်ဖြင့် ကြော့မော့စွာ တင့်တင့်တယ်တယ်ရပ်၏၊ စိုးရိမ်စိတ်၊ အားကိုးစိတ်၊ မြတ်နိုးစိတ် တို့ ဖြင့် နှစ်လို့ စွာ ကြည့်နေသော ပန်းပွင့်မှ ပိတုန်းတို့ နှင့်တူသည့် မိန်းမပျိုကလေးများ၏ မျက်လုံးကို လွှမ်းမိုးစွာ ပြန်ကြည့်၏။

`ကျူပ်ကို မွေးသိ အမိအပြင် ကျူပ်ခွင့်တောင်းစရာ၊ နွဲ့ ဆိုးဆိုးစရာဆိုလို့  အမရို့ ဘဲရှိကြသပ၊ အမရို့ အပြင် ကျူပ်ကို ပိုင်ဆိုင်သင့်သိ(သည့်)လူ တခြားဘဇာမှာမှ မရှိရပါကလား...´
ကောင်းမြတ်က တတ်လွန်းလှသည်။ မိန်းမပျိုကလေးတို့ သည် သုံးယောက်ဖြစ်နေ၍ တော်ကြသေး၏။ တယောက်တည်းသာ အမှတ်မထင် မေးမိပြောမိမည်ဆိုပါက မည်မျှ ရှက်သွေးဖျန်းနေရပါမည်နည်း။ မြခက်နှင့် စိန်ရွက်တို့ က မိမိတို့ ရှေ့ လောတကြီးမေးမိသည်ကို ချက်ခြင်းသတိရလျက် ကိုယ်ရှိန်သတ်လိုက်ကြ၏။ မြခက်တို့ ထက် ပို၍ငယ်သော မြခက်တို့ ထက် ပို၍တက်ကြွနေသော မိပဲက ပို၍ သွေးဆူနေသည်ဖြစ်သောကြောင့် ကိုယ်ရှိန်မသတ်နိုင်ခဲ့။

``အမယ်တော်.. ဦးရင်မှာ နွဲ့ ဆိုးဆိုးစရာ ဦးရင်ကို ပိုင်ဆိုင်ချင်သိ လူတွေ ပုံနေသာ တရွာလုံးက သိပါတယ်၊ အကယ်မရှိသေးသပဆို ဆိုးချင်သလောက် ဆိုလှာချည့်စမ်းပ၊ ကျူပ်ရို့  သည်းခံနိုင်ပါတယ်´´

ကောင်းမြတ်သည် သွေးရောင်လွှမ်းနေသည့် မိပဲ၏ ငယ်နုနု မျက်နှာကို အမှတ်မထင်ကြည့်မိ၏။ တောက်ပ ရွှန်းစိုသော မိပဲ၏မျက်လုံးကို မြင်ရသောအခါ ရုတ်တရက် မလွှဲမရှောင်နိုင်ဖြစ်လျက် ရင်တွင်း၌ တဒိတ်ဒိတ်ခုန်ရ၏။ သို့ သော်ချက်ခြင်းသတိရ၍ စိတ်မလုံသော မျက်လုံးဖြင့် မြခက်နှင့် စိန်ရွက်တို့ ကို ဖျတ်ကနဲကြည့်ရင်း မိမိ၏ စိတ်လှုပ်ရှားမှုကို ဖုံးရန်ပြုံး၏။

မင်ကြောင်ကို ၀ဲမှောင်၌ထိုးစဉ်က ခံနိုင်ရည်ရှိလှသော ကောင်းမြတ်၏ မျက်နှာသည် ထူအမ်းအမ်းကြီး ဖြစ်လာ၏။ ထို့ နောက် မိမိလက်တွင် ကိုင်ဆောင်လာခဲ့သော `မင်သေ့ခံ အောင်ပန်း´များကို မိပဲကစ၍ တခက်စီ ပေး၏။ အစဉ်အလာပြုရိုးရှိ၍ ပေးသောပန်းကို လှမ်းယူလိုက်ရသော်လည်း မြခက်၏ မျက်နှာသည် ခပ်စူစူဖြစ်နေ၏။ မြခက်၏ မျက်လုံးက ကျေနပ်ပုံမရ။

ကောင်မြတ်သည် မသိယောင်ပြုလျက် လက်ထဲ၌ကျန်နေသည့် ပန်းများကို အားပေးလာကြသော အပျိုတို့ အား ဝေရန် စိန်ရွက်မှတဆင့် ပေးခဲ့၏။ ထို့ နောက် တယောက်တပေါက် လှမ်းအော် နောက်ပြောင်နေကြသည့် အပျိုတို့ ကို ရွှင်သော အပြုံးဖြင့် နှုတ်ဆက်ခဲ့ပြီးနောက် အိမ်ဆီသို့ ဆက်လက်ထွက်လာ၏။

အတီးကာလသားတို့ က မြူးကြွသော တီးလုံးတပုဒ်ကို တီးမှုတ်ရင်း ကျန်ရစ်ခဲ့ကြ၏။ တဖြည်းဖြည်း ဝေးလာသည်နှင့် အားတင်း၍ လျှောက်လာခဲ့သော ကောင်းမြတ်၏ တကိုယ်လုံးသည် တဖျဉ်းဖျဉ်း နာကျင်လာ၏။ အသားတွေပူလျက် မျက်လုံးတွေနီလာ၏။ ဖျားချင်သလိုလို ဖြစ်လာသည်ဟု ထင်ရ၏။ ထိုအတွင်း လမ်း၌ တွေ့ သမျှသူတို့ က သွေးသံရဲရဲ စီးယိုကျနေသော ကောင်းမြတ်ကို နှစ်လို ၀မ်းမြောက်စွာ နှုတ်ဆက်ကြ၏။ ယောက်ျားအဖေါ်တွေက ဖြောင်းဖြောင်းမည်လေအောင် လက်ပန်းပေါင်းခေါ်လျက် `ဒါမှ ယောက်ျား ဟိတ်..´ ဟုအော်၏။ ကောင်းမြတ်ကလည်း အစဉ်အလာအတိုင်း လက်ပန်းပေါင်းသံ ပြန်၍လိုက်ပေးရင်း `ယောက်ျား..´ဟု အော်ရ၏။ လက်ပန်းပေါင်း ခတ်ကြရာ၌ ခေါ်သံနှင့် လိုက်သံ အသံချင်း ညီမျှအောင် လိုက်ရသည်မှာ ကောင်းမြတ်အဘို့  မသက်သာလှ။

မိန်းကလေးတွေက `ကိုရင်ကောင်းမြတ်၊ ဦးရင် ကောင်းမြတ်´ဟု အိမ်ထဲမှ လှမ်းခေါ်ကြ၏။ ကောင်းမြတ်က ရပ်နေရ၏။ မိန်းကလေးတို့ သည် နံ့ သာခွက်တို့ ဖြင့် ပြေးလာကြလျက် ဆေးမင်မထိုးသည့် ´ကျောပြင်, လက်မောင်းနှင့် သလုံးသားတို့ ကို နံ့ သာရည်ဖြင့် လူးလိမ်းပေး၏။ နံ့ သာခွက်ထဲရှိ ပန်းကို ပေး၏။ ကောင်းမြတ်က မိန်းကလေးပေးသည့် ပန်းကို ရောင်၌ ထိုးပြီး ရောင်၌ ပန်လျက် ရှိနေသည့် ပန်းကို မိန်းကလေးသို့ ဖြုတ်ပေးရ၏။

ဤအတိုင်းမသက်မသာဖြင့် မိမိအိမ်သို့ အားခဲ၍ လာခဲ့ရင်း အိမ်သို့ ရောက်သောအခါ အမိသည် အိမ်ဝမှ ဆီးကြိုလျက် ကောင်းမြတ်ကို ပရိတ်ရေတိုက်၏။ ထို့ နောက် ရောင်သို့ ပရိတ်ချည်ဖြင့် ဖွဲ့ ရစ်ပေးပြီးမှ အသင့်ပြင်ဆင်ထားသော အိပ်ရာသို့ တွဲခေါ်သွား၏။ အိပ်ရာထက်သို့ ရောက်သောအခါ မိမိကိုယ်တိုင် ပြောင်းဆန် ကောက်ညှင်းတို့ ကိုချက်၍ `တံဆေး´ဖြင့် စိမ်ထားသည့် ပြာလဲ့သော စိမ်ရည်တခွက်ကို တိုက်၏။

ထိုစိမ်ရည်သည် အလုပ်မှ အမောတပန်းပြန်လာကြသည့် လင်သားတို့ ကို ဆီးကြိုတိုက်ရန်အတွက် မြန်မာအမျိုးသမီးကြီးတိုင်း မိမိတို့ အိမ်၌ ကိုယ်တိုင် ပြုလုပ်ထားတတ်ကြသော စိမ်ရည်ဖြစ်၏။ အဖတ်ကိုမူ အမျိုးသမီးများနှင့် ကလေးတို့ စားကြ၏။ အပူကင်း၍ လူဝသည်ဟု အယူရှိကြ၏။ အချို့ ကမူ ထိုစိမ်ရည်ကို ပေါင်းခံချက်လုပ်၍ ယောက်ျားများ သောက်ရန်နှင့် ဆေးအဖြစ်အသုံးပြုရန် သိမ်းဆည်းထားတတ်ကြ၏။

ကောင်းမြတ်သည် အမိလက်ထဲမှ စိမ်ရည်ခွက်ကို လက်နှစ်ဖက်ဖြင့် လှမ်းယူလျက် ပါးစပ်နှင့် ပန်းကန်ကို မကွာစေဘဲ ကုန်သည်အထိ တဆက်တည်း သောက်ချလိုက်၏။ ပြောင်းနံ့  ဆန်နံ့ ကလေးသင်းလျက် ပြင်းရှရှ သက်တက်တက်ရှိသော အရသာသည် ကောင်းမြတ်၏လျှာတွင် ခံတွင်းမချဉ်စေဘဲ ချို၍စွဲ၏။ ကောင်းမြတ်၏ရင်၌ ပူသလိုလိုဖြစ်လျက် ဥက္ခောင်းနှင့် မျက်လုံးတို့ သည် ရီဝေေ၀ဖြစ်လာကြ၏။ နာကျင်မှုသည် တကိုယ်လုံး၌ သက်သာလျော့ပါးသွားသည်ဟု ထင်ရ၏။ အမိသည် ကောင်းမြတ်၏လက်ထဲမှ ပန်းကန်ကို လှမ်းယူလိုက်ပြီးနောက်အိပ်ရာပေါ်ရှိ့ ခြင်ကာကို ချပေးလိုက်ပြီးနောက် ကောင်းမြတ်သည် ခါး၌ဆီးထားသော ပုဆိုးကို ဖြည်းညှင်းစွာ ဖြေချွတ်လိုက်သည်။ နှမ်းဆီမွှေးဖြင့် ပါးပါးပွတ်သုတ်ထားသော အကြောသင်ထားသည့် ငှက်ပျောရွက်ထပ် အခင်းပေါ်သို့  ကောင်းမြတ်လဲလျောင်းလိုက်၏။ ထို့ နောက် ချွတ်ထားသော ပုဆိုးကို လူ၏အပေါ်မှ ဖြည်းညှင်းစွာ လွှမ်းခြုံလိုက်သည်။


No comments:

Post a Comment