ဝဲလင်းဆောင်
(နိဒါန်း) (၁)
လပြည့်ကျော်ပြီဖြစ်သောကြောင့်တော်တော်နှင့် လမထွက်။
ကလေးငယ်တို့ ကစားမြူးးပျော်သံဖြင့် စီစီညံမြဲဖြစ်သော ရွာလမ်းမသည် လမိုက်ရက်တို့ ၌သစ်ရွက်ရိပ်တို့ ၏ အောက်တွင် လူသူကင်းရှင်းတိတ်ဆိတ်နေ၏။ လမ်းဘေးတဖက်တချက်ရှိအိမ်တို့ မှ ရေနံချေးမီးအိမ်များ၏ မီးတောက်ရောင်သည် အမှောင်ရှိရာသို့တိုးထွက်လာကြ၏။
အိမ်မဦး၌ ဖိုးဖိုးကြီးတို့ လူကြီးတသိုက် တရားစာပေ ဆွေးနွေးနေကြ၏။ အနီးတွင် လဘက်ရည် အဖန်အိုးနှင့်အတူထန်းလျက်ခဲများ ပန်းကန်လုံးများရှိကြ၏။ ဖိုးဖိုးကြီးတို့ လူကြီးတွေ ရှိရာမှတရားစာပေ အကြောင်း လုပ်ရေးကိုင်တာ လယ်ယာအကြောင်း နွားအကြောင်းတို့ သည်ရွာလမ်းမဆီသို့ ပင် ပျံ့ လွင့်လာတတ်၏။ ဖိုးဖိုးကြီးတို့ သည် သိမ်မွေ့ သော အဘိဓမ္မာတရားတော် အကြောင်းတို့ ကို ပြောဆိုညင်းခုံကြသည့်အခါ ပို၍ပင် အသံကျယ်လေ့ဒေါသကြီးလေ့ ရှိကြသည်။
အိမ်မအလယ်၍ မယ်မယ်တို့ အရီးတို့မိကြီး မိထွေးတစု ဆေးအစ်နီကြီးတခုကို ၀ိုင်းထိုင် ဆေးလိပ်ရင်း စကားပြောနေကြ၏၊အမိသည် ဖိုးဖိုးကြီးတို့ လိုအပ်သည့်အရာကို ဖြည့်စွမ်းနိုင်ရန် မကြာမကြာ အိမ်ဦးသို့ လှမ်းလှမ်းကြည့်တတ်သည်။ အမိတို့ ရှေ့ ၌ စလောင်းဖုံးကို ပက်လက်လှန်၍ရေနံချေးလောင်းထားသည့် ထမင်းခြမ်းများ ထည့်ထားသော မီးတောက်နေသည့် မီးအင် တခု ရှိ၏၊အလယ်အပတ်ရောက်နေသော အဒေါ်ကြီးတယောက်သည် ထိုမီးအင်မှ မီးတောက်များကြွလာစေရန်မီးကော်ပြုလုပ်ထားသော ကြေးဇွန်းကြီးဖြင့် ဆွလိုက်၊ အနီး၌ အသင့်ရှိသည့်ရေနံချေးခွက်ထဲမှ ရေနံချေးများ ခပ်လောင်းလိုက်၊ ပါးစပ်မှ အမျှင် မပြတ်အောင်စကားပြောလိုက် ပြုလုပ်နေ၏။
အမိတို့ ပြောကြသော စကားတို့ သည်သားရေး၊ သမီးရေးဖြင့် ဆန်၊ ပြောင်း၊ ပဲ၊ ငြုပ်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ၀ါဂွမ်း စသည့်ပြည့်စုံရေးအတွက် မိမိ၌ရှိသောပစ္စည်းဖြင့် မရှိသော ပစ္စည်းတို့ ကို မျှတသောတန်ဘိုးသတ်မှတ်၍ လဲလှယ်ရေးစသည့် အကြောင်းများ ဖြစ်ကြ၏။ အမိတို့ ဝိုင်းမှ စကားသံသည်ဖိုးဖိုးကြီးတို့ ဝိုင်းမှ စကားသံလောက် ကျယ်လောင်မှု မရှိ။ သို့ သော်တချက်တချက်ကြိတ်၍ ရယ်လိုက်ကြသည့် အသံကမူ လမ်းမ၊ ရှိရာသို့ ပင် ပျံ့ လွင့်ကျူးကျော် သွားတတ်သေး၏။
ခွေးငပုပ်ကြီးကိုကြောက်နေရသောကြောင့် ဖိုးရွှေလကြီး စောစောစီးစီး ထွက်မလာသောကြောင့် ထုတ်စည်း တိုးတမ်း စိန်ပြေးတမ်း၊ တူတူပုန်းတမ်း မကစားကြရပြီဖြစ်သော ကလေးငယ်တို့ ကမူ မိမိတို့တွဲဖက်ကြမိသည့် စုရုံးလျက် နေရာထိုင်ခင်းသာသည့် တအိမ်အိမ်ရှေ့ ၌ ၀ိုင်းဖွဲ့ ကာကလေးကြီးများ ပြောပြသည့် စကားတို့ ကို နားထောင်ကြမြဲ။
ထိုစကားတို့ သည် စုံလှသည်။ သူခိုးကြီးဗိုလ်တောက်ထွန်းအကြောင်း၊ လူလိမ်ကြီး ဦးသိမ်းအကြောင်း၊ ဓါးပြကြီး ဗိုလ်နန္ဒမိတ်အကြောင်း၊ ဆင်ပြောင်ကြီးခွာလိမ်နှင့် မုဆိုးကြီး ဦးသာရာတို့ အကြောင်း၊လူစစ်စစ်က နတ်သမီးကလေး ဖြစ်သွားရသည့် ကံ့ကော်တောက မြ၀တ်ရည်ကလေးအကြောင်းစသဖြင့်အကြောင်းမျိုးစုံလှ၏။ ထိုအထဲ၌ ကလေးတိုင်းလိုလို ကြားဘူးသိဘူးကြသည့် ဖိုးရွှေလနှင့်ခွေးငပုပ်ကြီးတို့ အကြောင်းကလည်း မရိုးနိုင်။
ငပုပ်သည် ပုပ်ပွနေရာမှအသက်ပြန်ရှင်လာပြီးနောက် မိမိသခင်ကိုလည်း မတွေ့ တော့သဖြင့် ပထမဆုံးမြင်လိုက်ရသည့်အရှေ့ အရပ်ရှိ ပင်လယ်ထဲမှ တက်လာသော ဖိုးရွှေလကြီးသည် မိမိသခင်ကို ဖျောက်ပစ်လိုက်သည့်ရန်သူဖြစ်ရမယ်ဟု ပြေးခုန်ဟပ်တော့၏။
ထိုလကြီးကိုငပုပ်ဖမ်းလိုက်သောကြောင့် ငပုပ်၏ ပါးစပ်ထဲ၌ ငုံမိသွားသည်ကို `လငပုပ် ဖမ်းသည်´ဟုခေါ်ကြ၏။ ဖိုးရွှေလသည် အေးမြလွန်းရကား ငပုပ်၏သွားတွေ ကျွတ်ကျတော့မတတ်ဖြစ်လာရသောကြောင့် ငပုပ်က အန်ထုတ်လိုက်ရ၏။ ထိုအခါ လမင်းကြီးသည် နနွင်းလိမ်းလျက်ထွက်လေ့ရှိ၏။ ထို့ ကြောင့် လငပုပ်ဖမ်းရာက လွတ်လာသော ဖိုးရွှေလသည် ၀ါနေရ၏။
မိပါလျက် အန်ထုတ်လိုက်ရသည်ကိုမကျေနပ်သော ငပုပ်ကြီးသည် ပင်လယ်ရေကျတိုင်းပင် လယ်ကွင်းမှဆင်း၍ ဖိုးရွှေလကိုစောင့်လေ့ရှိ၏။ ထိုအခါ ဖိုးရွှေလကြီးသည် ပင်လယ်ပြင်ပေါ်သို့ တက်မလာဝံ့တော့ပဲပင်လယ်ရေပြည့်လာသောကြောင့် ငပုပ်ကြီးပြန်သွားမှ ပင်လယ်ထက်သို့ တက်လာဝံ့သည် ဆို၏။ထိုနည်းဖြင့် ပင်လယ်ရေ အတက်နောက်ကျသည့် လဆုတ်ရက်၌ ဖိုးရွှေလကြီးသည်လည်းပင်လယ်ရေနှင့်အတူ အထွက်နောက်ကျလေ့ရှိ၏။ ကလေးတို့ သည် ဖိုးရွှေလကြီးကို ပေါ်မလာသဖြင့်ရွာလမ်းမပေါ်၌ မကစားရတိုင်း ငပုပ်ကြီးကို ကြောက်သောကြောင့် ပေါ်မလာဝံ့ရှာသည့် ဖိုးရွှေလကြီး၏အကြောင်းကို အမှတ်တရ ပြောတတ်ကြ၏။
သို့ သော် သိပ် မကြာလှချေ။
ကလေးတို့ သည် ကုလားစက်နာရီရှစ်နာရီခန့် အချိန်သို့ ရောက်၍ ရွာကြက်များတွန်သံကြားရကြသည်နှင့် မိမိတို့အိမ်သို့ ပြန်လာကြတတ်၏။ ပြန်မလာလျှင်လည်း အမိကိုယ်တိုင် သို့ မဟုတ် အမကြီးဖြစ်သူတို့က လိုက်လံရှာဖွေ၍ ခေါ်တတ်၏။ ဤအချိန်သို့ ရောက်လျှင် ကလေးတို့ပြန်အိမ်ပြန်ရောက်စမြဲ၊ ထို့ ကြောင့် ဤအချိန်၌တွန်သည့်ကြက်ကို ရှေးလူကြီးသူမတို့က `သူငယ်အိပ်ဆိပ်ဓ ကြက်ဟု အမည်ပေးကြ၏။
ကလေးတို့ သည် သူငယ်အိပ်ဆိတ်ကြက်တွန်သည်နှင့် အိမ်သို့ ပြန်လာကြသောအခါ အမကြီးဖြစ်သူတို့  ခြေလက် မျက်နှာတို့ ကိုဆေးကြော သန့်ရှင်းရန် ပြောခြင်း၊ ကိုယ်တိုင် ဆေးကြောသုတ်သင်ပေးခြင်း စသည်တို့ ကိုပြုပေး၏။ ပြီးလျှင် ကလေးတို့ ဆာလာကြမည်ဖြစ်သောကြောင့် စားဖွယ်တခုခုကို ကျွေး၏။စားပြီး ပါးစပ် စသည်တို့ ကို ဆေးကြောပြီး ဘုရားနှင့်တကွ မိဘဆရာသမားတို့ ကိုရှိခိုး၍ အသင့်ပြင်ထားသည့် အိပ်ရာ၌ ကလေးတို့ က အိပ်ကြရ၏။
ကလေးတို့ အိပ်မည့် အိပ်ရာနှင့်တကွ၊အမိအဖ မိကြီး မိထွေးတို့ ၏ အိပ်ရာကို အမဖြစ်သူတို့ ကပင် အသင့် ခင်းကျင်းပြင်ပေးထားခြင်းပြု၏။ အိမ်၌ လိုသမျှ ကလေးလူကြီးတို့ အိပ်ရာဝင်ချိန်၌ ပြုလုပ်ဆောင်ရွက်ပေးရမည့်ပြုဘွယ်ကိစ္စအ၀၀တို့ ကို ကလေးတို့ ၏ အမဖြစ်သူတို့ ကပင် အားလုံး တာဝန်ယူလျက်ဆောက်ရွက်ပေးလေးရှိ၏။
မိုးချူပ်ခဲ့သည်နှင့် ကလေးတို့ ၏အမအပျိုများသည် အိမ်မရှေ့ ၌ အမိုးတဆင့် ပြု၍ ထုတ်ထားသော ဘေးနှစ်ဘက် အကာနှင့်အခေါင်ပါသည့် မြေစိုက်အဆောင်တွင် အိမ်မှု လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိတတ်ကြ၏။ထိုအဆောင်သည် တ၀က်ကြမ်းခင်း၊ တ၀က် မြေတလင်ူဖြစ်၍ အချို့ တဆောင်လုံးမြေတလင်းဖြစ်တတ်ကြသည်။ ထိုအဆောင်ထည်း၌ ရက်ကန်းစင်၊ ဆုံတောင်း၊ စပါးပုတ်၊စဥ့်အိုးကြီး၊ ဆန်ကော ဆန်ကာ... စသော အိမ်တွင်းအသုံးအဆောင်များနှင့် လှည်းဘီး၊ လှည်းထမ်းပိုး၊ထွန်တုံး အစရှိသည့် လယ်ယာသုံး ပစ္စည်းများကို ထားတတ်ကြ၏။ ထိုအဆောင်ကား သမီးရှင်တို့အတွက် မရှိလျှင်မဖြစ်သော ၀ဲလင်းဆောင်ပါတည်း။ မြခက်သည် ယာတောက ပြန်လာသည်နှင့်ထိုဝဲလင်းဆောင်ထည်းတွင် ဆန်ဖွပ်နေပါပြီ။
အားသည့် အချိန်တိုင်းပုတ်ထည်းရှိသော စပါးများကို နေထုတ်လှန်ပြီးနောက် လက်ဆုံတခုဖြင့် အခွံကျွတ်ရုံမျှခပ်ကြမ်းကြမ်း ဖွပ်ထားသော လုံးတီးဆန်တို့ သည် ရာဝင်အိုးကြီးထဲ၌ ရှိခဲ့၏။ ယခုထိုလုံးတီးဆန်တို့ အထည်းမှ တနပ်စာ ခပ်ယူလျက် နံနက်ဆွမ်းချက်ရန်အတွက် မြခက်ဖွပ်နေ၏။
မြခက်နှင့်ရွယ်တူဖြစ်သော ရွာအပျိုပေါက်ကလေးများသည်မြခက်ရှိရာသို့ အလည်ရောက်လာကြ၏။ စိန်သုံက မြခက်အထံမှာ ပဲတပြည် လာလှည့်၏။ အေးသာကမြခက်လိုချင်သည်ဆိုသော ရစ်လုံးတွေ လာပို့ ၏။ မြရှင်က မြခက်ထံမှ တလောကလှည့်ယူသွားသည့် ပြောင်းဆန်များ လာဆပ်၏။ ဒေါ်လေးနုက အမေသီတို့ အိမ်မှလက်ပံပွင့်ခြောက်တွေ ယူလာရင်း အေးသာတို့ နှင့်တွေ့ သောကြောင့် အတူဝင်လိုက်လာခြင်းဖြစ်၏.
သူတို့ သည် ဒေါ်လေးနုမှ တပါး ရွယ်တူအဖေါ်အချင်းချင်းဖြစ်သောကြောင့် ရွာသတင်း ရပ်သတင်း အမျိုးစုံတွေကို ပြော၏။ မြခက်ဆန်ဖွပ်သည်ကိုလည်း ၀ိုင်းဝန်းကူညီကြ၏။ စုမိကြသည်နှင့် လက်ပံပင်မှ ဆက်ရက်ဝိုင်းကဲ့သို့ လက်မှ မအားသလို ပါးစပ်ကလည်း မနားကြ။
သူတို့ ၏ သတင်းအတင်းမျိုးစုံ၌မြခက် စိတ်အ၀င်စားဆုံး သတင်းသည် မြောက်ဖျားမှ အရီးလုံးသမီး လှမယ်လေးကကောင်းမြတ်ကို အသေအလဲ ကြိုက်နေသည်ဟူသော သတင်းဖြစ်၏။ ကောင်းမြတ်တို့ သွားလျှင်ဧည့်ခံနေပုံ၊ ရွာလမ်းမ၌ကောင်းမြတ်နှင့်တွေ့ လျှင်မိန်းကလေးဖြစ်သောကြောင့်နှုတ်မဆက်ဝံ့သော်လည်း မျက်လွှာကလေးချလျက် ပါးစပ်က ပြုံး၍သွားရပုံတို့ ကို အသေးစိတ်စေ့စုံအောင် ပြောကြ၏။
မြခက်သည် နားထောင်ရင်း ရင်ခုန်လာ၏။စိတ်တွင်းမှလည်း လှမယ်ကို မနာလိုမိသလို ဖြစ်လာ၏။ ကြာလျှင် ဣနြေ္ဒပျက်ခြိမ်းမည်ဟုမိမိကိုယ် မိမိသိ၏။ ထို့ ကြောင့် စပါးလုံးနှင့်ဆန်ကွဲတို့ စိမ်ပြီးသည့် ပြာလက်စဆန်ကိုဆန်ဆေးတောင်းထည်းသို့ ထည့်လိုက်၏။
`ကဲမကြီးအေးသာ ညဉ်းပြောသာနားထောင်လို့ လည်း ကောင်းပါရဲ့  ကျုပ် အဖတို့ အတွက် အိပ်ရာပြင်လိုက်ချင်လို့ ၊သာကလေးကိုပြီးအောင် ဆက်ပြီးပြာပေးစမ်းပါအုံး´
ဆန်ကောကို အေးသာလက်ထည်းသို့ထည့်လိုက်ပြီးသည်နောက် မြခက်သည် အိမ်တွင်း၌ မိမိပြုလုပ်ဆောင်ရွက်ရမည့်လုပ်ငန်းတို့ ကို ပြုလုပ်ပြီး အပြင်သို့  ထွက်လာ၏။
မြခက်ပြန်ထွက်လာသည့်အခါ၌ သနပ်ခါးအဖွေးသားနှင့်ရှိလေပြီ၊ ချွေးနံ့ စို့ စို့ ရှိသော အ၀တ်များကိုလဲလှယ်လာခဲ့ပြီးနောက် ဟောင်းသော်လည်း ဖွပ်လျှော်ပြီးစမို့ ရေနံ့ သင်းသော အ၀တ်သန့်ကို ၀တ်ဆင်လာခဲ့ပြီ။ ထို့ နောက် ဆန်ကော ဆန်ကာနှင့်တကွ လက်ဆုံတို့ ကိုသိမ်းလိုက်ပြီးနောက် ဆေးလိပ်လိပ်သည့် ဆေးအစ်၊ ကျောက်ပြင်၊ သနပ်ခါးတောင်း၊ဗိုင်းပင့်သည့် ချား၊ ကျောက်ဖိရာမှ ထုတ်ယူလာသည့် ဗိုင်းတောင့်များစသည်တို့ ကိုယူလာ၏။
`အေးတော့ ကျုပ်တို့ လည်းပြန်အုံးမှဘဲ၊ သူငယ်အိပ်ဆိတ်တောင် တွန်တော့မယ်´
မြခက်ပြင်ဆင်လာသည်ကို တွေ့သောကြောင့် အပျိုဖြစ်သော စိန်သုံက ပြောလိုက်ခြင်းဖြစ်၏။ စိန်သုံ၊ အေးသာနှင့်မြရှင်တို့ သည် မြခက်ကဲသို့ ပင် အပျိုပေါက် ကလေးများ ဖြစ်သောကြောင့် မိမိတို့ဝဲလင်းဆောင်သို့ ပြန်ကြရန် ဖင်တကြွကြွ ဖြစ်နေကြလေပြီ။
စိန်သုံသို့ ပြန်ကုန်ကြသောအခါမြခက် ဆွဲထားသောကြောင့် ဒေါ်လေးနုကြီး ကျန်နေရစ်ခဲ့ရ၏။ ဒေါ်လေးနုနှင့် မြခက်တို့ သည်ဆေးအစ်ကို အလယ်၌ချလျက် ခေါင်းချင်းဆိုင်၍ ဆေးလိပ် လိပ်ကြ၏။ ဒေါ်လေးနုက မြခက်ကိုဆေးလိပ် လိပ်နည်း သင်ပြသည်။ ထို့ ပြင် ခဲရာခဲဆစ်ဖြစ်သော စကားထားအချို့ နှင့်ဓမ္မပဒ၊ ဗုဒ္ဓ၀င်စသည်တို့ မှ ၀တ္ထုကြောင်း ဇာတ်ကြောင်းစသည်တို့ ကို ပြောပြ၏။ဒေါ်လေးနုကား လေအေးကလေးနှင့် အလွန်စကားပြော ကောင်းသူဖြစ်သည်။
ဒေါ်လေးနုတို့ ခေတ်က ဒေါ်လေးနုသည်ဣနြေ္ဒရှိသော စာပေတတ်မြောက်သော၊ ဗဟုသုတကြွယ်ဝသော၊ ဥစ္စာပစ္စည်းချောင်လည်သော၊ ရုပ်ရေချောမောသော၊ အပြင်အဆင် တတ်သော၊ ရပ်ရေးရွာရေး ဆောင်ရွက်ရာ၌ ကျွမ်းကျင်သောရွာကျော်အပျိုတဦးဖြစ်၏။
ထိုမျှမကဒေါ်လေးနုအဖို့ ကံကောင်းလှသေးသည်။ ဒေါ်လေးနုသည် မိမိချစ်နှစ်သက်သူဖြစ်သောကိုရင်ဖိုးမင်းနှင့် နှစ်ဖက်မိဘ၏ သဘောတူသောကြောင့် ပုဆိုးတန်းတင်အကြင်လင်မယားအဖြစ် ပေးအပ်ထိမ်းမြားခြင်း ခံခဲ့ရ၏။
ထိုစဉ်ကမိန်းကလေးများအဖို့  လာရောက်လည်ပတ်ကြသော ကာလသားတို့ ကို ဧည့်ခံရင်း တဦးနှင့် တဦးသူမနိုင်ကိုမနိုင် ယှဉ်ပြိုင်လျက်ရှိနေသည်တို့ ကို တွေ့ ရသဖြင့်...
မဲမဲလူကယုယတတ်သည်၊ ညိုညိုလူက သဘောကောင်းသည်၊ လတ်လတ်လူကတော့ မြတ်နိုးဘွယ်၊ ဖြူဖြူလူကတော့တပ်မက်စရာဟု၊ ဟိုလူလက်ခံရကောင်းနိုးနိုး၊ သည်လူ့ ကတိပေး၇ကောင်းနိုးနိုးဖြင့်မဝေခွဲတတ်အောင် ရှိနေရာမှ ယင်းသည့် ချစ်မိသလိုလို ထိုထိုသော ရစားပေါင်းတထောင်လောက်တွင်
သုံးနှစ်သုံးမိုးဇွဲခတ်၍ ပိုးပန်းလာကြသည့် လူသုံးလေးဦးအနက် မိမိအစုံမက်ဆုံးသူကို ကွက်၍ ဤသူသည်မိမိအား အခိုင်အမြဲ အသဲစွဲလျက် မခွဲဘဲ ချစ်မည့်သူဟု...
အချစ်ကိုယုံလှသဖြင့် လူကိုပါ ပုံအပ်မိလောက်အောင် အောင့်အီ မျိုသိပ် တားဆီးပိတ်ဆို့ ခဲ့သောမိန်းကလေးတို့ ၏ သိက္ခာ တမံရိုးကို အကြိုက်ဒီရေတိုး၍ ကျိုးပေါက်စေခဲ့လေပြီဆိုစေဦး၊မိဘတို့ သဘောမတူက မည်သို့ မျှ မယူနိုင်ကြဘဲ´
တခါမှမမြင်မတွေ့ ဘူးသူဖြစ်စေဦး၊ မိဘတို့ သဘောတူက ကျိတ်မှိတ်ယူလိုက်ကြရသည်ချည်း ဖြစ်၏။
ဤအစဉ်အလာသည် ချစ်ဘက်ထွေလာသူလုလင်ပျို လုံမပျိုတို့ အား တသက်လုံးငိုနေရမည့် အရေးကို ကြောက်ရွံ့ စေလျက်ရဲရင့်ဝံ့စားတတ်သည့် ရဲစားစိတ်ကို ပိတ်ပင် တားဆီးပေးနိုင်ခဲ့၏။
ဒေါ်လေးနုသည် ဤအစဉ်အလာတို့ အကြားမှရဲလည်းရဲစား၊ လူကြီးမိဘတို့ ကလည်း ပေးစားသဖြင့် ချစ်ဦးသူနှင့်လည်း ညားရသောကြောင့်လူတိုင်း အားကျခြင်းကု ခံခဲ့ရသည့် အချစ် သူရဲကောင်းမကြီး ဖြစ်ခဲ့သည်။
သို့ သော် ဒေါ်လေးနု၏ချစ်ယောက်ျားသည်ဒေါ်လေးနှင့် ညားပြီး နှစ်နှစ်အကျော်တွင် ဆုံးပါးရ၏။
ရွာသူတို့ သည် သွေးသားဆူဖြိုးစလှပငယ်ရွယ်ချိန်၌ ကျန်ရစ်ရှာခဲ့သည့် ဒေါ်လေးနုကို ကြိုတင်မှန်းဆထားသောမျက်လုံးကြီးများဖြင့် ၀ိုင်းဝန်းကြည့်ခဲ့ကြ၏။ သွေးစိမ်းကို သောက်ဖူးသည့် ကျားပျိုမသည်သွေးနံ့ ရသောနေရာကို လိုက်လေသကဲ့သို့  လင်သားရဘူးသော ဒေါ်လေးနုသည်လည်းလင်သားဖြစ်နိုင်မည့် ယောက်ျားမှန်သမျှကို....
ဟန်ပြမူနွဲ့ ၊ ကိုယ်နွဲ့ ခြေလှမ်း၊နှုတ်ခမ်းကိုက်ငုံ၊ ခြုံရုံဖွင့်ဖုံး၊ ဆံထုံးဖြေလွှတ်၊ ကယ်ဝတ်ချွတ်ပြင်၊ထဲဝင်ပြင်ထွက်၊ အောက်ထက်တက်ဆင်း၊ ကြည့်ခြင်းတူရှု၊ စောင်းစူမျက်ငြိုး၊စိတ်ဆိုးရန်လုပ်၊ ခါးကိုလှုပ်၍....
စသော ဒေါ်လေးနု အထူး ပိုင်ဆိုင်ထားသည့်မိန်းမတို့ လက်နက်များဖြင့် မြင်မြင်လေရာတွေင် သောင်းကျန်းလျက်.. ယောက်ျားဖမ်းသော`မုဆိုးမကြီး´ လုပ်လေမလားဟု ၀ိုင်းဝန်းကြည့်ခဲ့ကြ၏။
တနှစ်၊ နှစ်နှစ်၊ သုံးနှစ်၊ခြောက်နှစ်၊
ဒေါ်လေးနုသည် ယခုထက်တိုင် ကွယ်လွန်သူငယ်ချစ်အား အချစ်ပင်ရှင်အောင်ပျိုးလျက်၊ ချစ်မိုးစွေ ရွာသွန်းဆဲ၊
ထို့ ကြောင့် ဒေါ်လေးနုသည်သနားဘွယ်ကောင်းသော လင်သေမိန်းမ ဖြစ်ခဲ့ရသော်လည်း၊ ယခုအထိ `မုဆိုးမ´ မဖြစ်သေး။
ဤတွင် ယခင်ကတည်းကအချစ်သူ၇ဲကောင်းမကြီး အဖြစ် အသိအမှတ် ပြုခံလာရသော ဒေါ်လေးနုအပေါ်၌ အချစ်သွေးပြင်းပြင်းကြွ၍ အကြိုက်သွေး ဖျဉ်းဖျဉ်းထနေကြသော စိတ်ကူးယဉ်သည့် ဖူးကင်းစမိန်းမငယ်တို့ က အချစ်နတ်သမီးကြီးတမျှ ချစ်ကြည်ညိုနေကြ၏။
ဘာမဆို ဒေါ်လေးနုကို အတုယူ၏။ဒေါ်လေးနု မျက်နှာထားသလိုထား၏၊ ဒေါ်လေးနု လမ်းသွားသလို သွား၏။ ဒေါ်လေးနု နေသလိုနေ၏။ ဒေါ်လေးနုထိုင်သလိုထိုင်၏။ မိမိတို့ ကိုယ်ကို အလှအပ လိမ်းခြယ်ရာ၌ပင်၊ ဒေါ်လေးနု ပြင်ပေးမှယဉ်သည်ထင်၏။ ဒေါ်လေးနု ပြပေးမှ လှသည်ထင်၏။ ဒေါ်လေးနု၏ စကားဆိုလျှင် မှားသည်ဟုမရှိကြ။
မြခက်သည် လေနုအေးကလေးနှင့် ထေ့ထေ့ပြောနေသည့် ဒေါ်လေးနု၏ စကားကို တစေ့စေ့ မှတ်သားနာယူရင်း ဖက်ဖြူဆေးပေါ့လိပ် မည်သို့လိပ်ရမည်ကိုလည်း တတ်မြောက်သွား၏။ ဤအတတ်ကား ကာလသားတို့ ကို ဧည့်ခံရာ၌အပျိုကလေးများ မတတ်လျှင် မဖြစ်သော ပညာရပ်ဖြစ်၏။
ဒေါ်လေးနုသည် ၇ိုးရိုးပြောင်းဖူးဖက်လိပ်ခြင်းကိုသာမက အခြား စိတ်ကူးယဉ်စရာက
လေးများကိုပါ သင်ပြ၏။ ဆေးအစ်ထဲ၌ယခုလိုပြောင်းဖူးဖက်အပြင် အဆင့်သင့်တွေ့ ပါက ကုန်းမြင့်ခင်တန်းကလေးတို့ ၌ တွေ့တက်သည့် ဘန့် ဘွေးရွက် မရင်မနု ငထွေရေ လုလုကလေးများကို ခူးယူလာရမည်ဆို၏။
ထိုအရွက်တို့ ကို နေပူမကင်မီးမကင်ဘဲ အိပ်ရာဖျာအောက်ထား၊ ဖက်စိမ်းနဲ့ ကလေး မပျောက်တပျောက် သွေ့ ခြောက်စမှာဆေးအစ်ထဲထည့်၊ မောင်ဧည်သြည်တို့ အလာ ရိုးအညှာသွားကို ရှေ့ သွားဖြင့် ကိုက်ဖြတ်၊ဖက်တချပ်တည်းဖြင့် ဆေးလိပ် ဖြစ်အောင်လိပ်၊ ရက်ကန်းမြိတ်ဖြတ်စမှဝါချည်ဖြူတပင်ယူပြီးရစ်၊ တကယ်ချစ်မိသူကိုမှပေး၊ ဖက်စိမ်းနံ့ ကလေးကသောက်လိုက်တိုင်းမွှေးသောကြောင့် မမေ့နိုင်အောင် သတိရနေလိမ့်မည်...တဲ့။
မြခက်သည် ဒေါ်လေးနု၏စိတ်ကူးယဉ်ဘွယ်သောပညာရပ်တွေကို ကန့် ကူလက်လှည့် နည်းနာခံလျက် မှတ်သား၍ အားမရနိုင်အောင် ရှိနေရ၏။ ဒေါ်လေးနုကားဒါတွေ လွန်လွန်းလှ၏။
လပြည့်ကျော်၌ ထွက်ပေါ်စ လရောင်သည်လမ်းမပေါ်သို့ ကျရောက်ခဲ့ပေပြီ၊ အိမ်ဦး၌ စကားလက်ဆုံ ကျနေကြသော ဘဘနှင့်ဖိုးဖိုးကြီးတို့ ပင် ပြန်ရန် ထနေကြပေပြီ၊ ``သက်ကြီးခေါင်းချ´´ ကြက်ပင်တွန်နေလေပြီမဟုတ်ပါလား။
`ငါတို့ ပြန်တော့မယ်အေ၊ ညဉ်းလဲပြင်စရာဆင်စရာတွေ ရှိနေသေးတယ် မဟုတ်လား´
ဟုတ်ပေ၏။ ရွာကျော်ကာလသားတို့  လာကြလျှင်ဧည့်ခံ၇န်အတွက် ကွမ်းအစ်၊ ဆေးအစ် ရှိရမည်၊ သနပ်ခါးတောင်း၊ ကျောက်ပျဉ်၊ မှန်၊ဘီးနှင့် ရေအသင့်ရှိ၇မည်။ ဒါတွေကို သူ့ နေရာနှင့်သူ ထားရပေဦးမည်။ မြခက်သည်မိမိပြင်ဆင်ထားသို၇မည်တို့ ကို စိတ်တွင်းမှမှတ်၍ ကြည့်လိုက်ပြီးနောက် ဒေါ်လေးနုတို့ကို အိမ်ရှေ့ သို့  အရောက်လိုက်ပို့ ပေး၏။
ရွာလမ်းသည် တိတ်ဆိတ်နေ၏။အမှောင်ရိပ်ခိုသော သစ်ရွက်တွေအကြားမှ ဖိုးရွှေလသည် အေးမြစွာ ပြုံးကြည့်၏။။ဆိတ်ဖလူးပန်းတို့ ၏ သင်းစစ ရနံ့ များ ပေလူးနေသော ညှင်းလေချိုသည် နေရာအနှံ့ သို့တဝှေ့ ဝှေ့ တိုးဝှေ့ ၏။ အဝေးမှ ပြွေသံသဲ့သဲ့သည် လရောင်အောက်ရှိ ညောင်သာယာရွာတရွာလုံးကို ညင်သာစွာ နမ်းစုတ်လိုက်သည်။
မြခက်သည် လရောင်အောက်တွင်တဖြေးဖြေး ဝေးသွားသည့် ဒေါ်လေးနုတို့ ကိုကြည့်နေရာမှ ဆိတ်ဖလူး ပန်းရုံကြီးဘက်သို့ လှည့်လိုက်၏။ မကြာမီ မိမိအား ပိုးကြ ပန်းက ချစ်ရေးချူကြမည့် ကာလသားပေါက်တစုတို့ ရောက်လာကြတော့မည်။ မိမိသည် ထိုသူတို့ အား ဧည့်ခံရပေအုံးမည်။ ထိုအခါရှုံးလျှင်ပေး၇န်အတွက် ယခုကတည်းက ပန်းများ ကောက်ထားရပေအုံးမည်။
မြခက်သည် ဆိတ်ဖလူးပင်၏အမှောင်အောက်၌ ပန်းကောက်၍နေလေပြီ။ မြခက်၏ မျက်နှာသည် ပြုံးနေ၏။ မြခက်စိတ်ထဲ၌မိမိအားစွဲစွဲမြဲမြဲ လာရောက်လှည့်ပတ်ကြသည့် မိမိနှင့် ရွယ်တူ ကာလသားပေါက်ကလေးများ၏စာရင်းကို ရေတွက်နေ၏။ မြခက်၏ရင်သည် ခုန်နေ၏။
ဒေါ်မယ်ရှင်၏သား ငတော၊ လှမယ်၏မောင်ငနပ်၊ ကိုရင်ဖိုးထိန်သား ငတိုး၊ ငယ်က ကစားဘက် စံတုတ်၊ မမယ်သား ငပြိုင်း၊ ပီးတော့မနေ့ကမှ မိမိတို့ အိမ်သို့ ဝင်လာဖေါ်ရသည့် ကောင်းမြတ်။
သည်ယနေ့  ဘယ်သူများ တိုးလာလိမ့်ဦးမည်နည်း၊ ပြီးတော့ဘယ်လောက်ကြာကြာ စိတ်ရှည်လက်ရှည် မိမိအား လာရောက် လှည့်ပတ်နေပါမည်နည်း။ မြခက်အပျိုပေါက်ကလေး ဖြစ်လာမှ လာရောက်လည်ပတ်ကြသူတွေ မနည်း။
သို့ သော် အချို့ က လေးငါးရက်၊အချို့ က တပတ်နှစ်ပတ်၊ အချို့ က သုံးရက်ခြား လေးရက်ခြား တခေါက်၊ ထို့ နောက်တဖြေးဖြေး အလာဝေးခဲ့ပြီ။ ငတော၊ ငနပ်၊ ငတိုး၊ စံတုတ်၊ ငပြိုင်းစသောသူတို့ သာဇွဲကောင်းကောင်းနှင့် ကျန်၇စ်နေကြသည်။ မိမိရင်၌ လှုပ်ရှားခဲ့ရသော မနေ့ ညကမှရောက်လာသည့် ကောင်းမြတ်သည် မိမိအား မည်မျှကြာကြာ ချစ်ရေးချူနိုင်ပါမည်နည်း။သူစိတ်မပျက်မှီ ကြည်ဖြူကြောင်းကို အသိပေးလိုက်လျှင် အညှာလွယ်လွန်းသည်ဟုများထင်လေမလား...။ ကောင်းမြတ် ပေးမလာသေးမီက ငယ်က ကစားဘက် သတ်ပုတ်ဘက် စံတိုကြီးကိုရင်ထဲမှ ဘာလိုလိုဖြစ်နေသည်ဟု ထင်ခဲ့၏။ ယခု ကောင်းမြတ်ပေါ်လာသောအခါ မိမိရင်ထဲ၌တကယ်လှုပ်ရှားရသူမှာ ကောင်းမြတ်ပါကလားဟု သိလာရပြန်၏။
သဟာကော အကယ်မှ ဟုတ်ပါလေရဲ့ လား။နောင်တကြိမ် တဦးဦးများရောက်လာလျှင် ကောင်းမြတ်ထက် ပို၍များ စိတ်လှုပ်ရှားရလေဦးမည်လား၊သည်ယနေ့ ကော မည်သူများတိုးလာဦးမည်ပါလိမ့်။
မြခက်`မျက်လုံးသည် ငေးစိုက်နေ၏။ မြခက်၏လက်ခုတ်ထဲတွင်မွှေးကြူလှသော ဆိတ်ဖလုးပန်းပွင့်ကလေးများ ပြည့်လျှံ၍နေပေပြီ။
ရွာလမ်းမပေါ်မှ ပြောလာကြသောစကားသံတို့ လည်း တဖြည်းဖြည်း နီးလာ၏။ ယောက်ျားသံတွေ ဖြစ်သည်။ မြခက်သည်ငေးစိုက်နေရာမှ လှုပ်နှိုးခြင်း ခံလိုက်ရသလို အဝေးသို့ နားစွင့်၏။ မိမိဆီသို့လာကြသူတွေများ ဖြစ်လေသလားဟု ထိတ်လျက် တကိုယ်လုံးထူပူပြီး ရပ်၏။ ရသမျှပန်းတို့ ကိုလက်ခုတ်ထဲတွင် ထည့်၍ အိမ်ဝင်ပြေး၏။
ထို့ နောက် ပန်းတို့ ကိုသနပ်ခါးအစ်၌ ထည့်၏။ ရစ်တံကို ထိုး၏၊ ရက်ဖေါက်ကို တပ်၏။ ဗိုင်းတောင့်ကို ယူ၏။ရစ်လုံးကို လှည့်၏။ မသိုးသင်္ကန်း ၇က်လုပ်နေသူကဲ့သို့  အလုပ်ခွင်တွင်စိတ်ဝင်စားဟန်ပြု၍ နားက လမ်းမသို့ စွင့်ထား၏။
ဟုတ်ပေသည်။ ရွာကာလသားတို့ ၏အသံများပင်ဖြစ်ကြ၏။ အသံများကား အိမ်ရှေ့ တည့်တည့်သို့ ပင် ရောက်လာကြလေပြီ၊ မြခက်၏ရင်၌ ပို၍ခုန်နေ၏။ မိမိရင်ခုန်သံကို မိမိဘာသာ နားထောင်ရင်း အလုပ်ကိုစိတ်ဝင်စားဟန်နှစ့် တိတ်တိတ်ဆိတ်ဆိတ် ပြုလုပ်နေရသည်မှာ ချွေးကလေးစို့ လာအောင်မောရ၏။ အသံတို့ သည် အိမ်ကို ကျော်သွားကြ၏။
တဖြေးဖြေး ဝေးကွာသွားသော စကားသံတို့ကို နားစွင့်ရင်း စိန်ပွင့်တို့ အိမ်သွားကြတာ ဖြစ်မှဘဲဟု တွေး၏။ မြခက်၏ရင်ထဲ၌ဟာလာ၏။ အသံသည် ဝေးရာမှ လုံးဝ ပျောက်သွား၏။ ညသည် တိတ်ဆိတ်ပြန်၏။
`သူတို့ ဘာလို့ နောက်ကျပါလိမ့်၊နဲနဲစောသေးလို့ ထင်ပါ့ သိတ်မစေလှပါဘူးလေ..။ သက်ကြီးခေါင်းချ က်ြတွေတွန်သွားတာတောင် တော်တော်ကြာစဉ်ကဘဲ´´
`သူတို့ လာမှ လာကြပါဦးမလား´
လည်တိုင်ကို ဆန့် လျက် လမ်းမဘက်သို့မျှော်ကြည့်ရင်း ရင်ထဲ၌ပူလာ၏။ထို့ နောက် ဗိုင်းတောင့်ကလေးများကို ချည်ဖြစ်အောင်ငင်ရင်း အဖ၏ ဘုရားဝတ်ပြုသံနှင့် မိခင်၏ လှုပ်ရှားသံတို့ ကို နားစွင့်၏။
မြခက်သည် နေရာမှထကာ အမိနှင့်အတူ ကူညီသိမ်းဆည်း၏။ အဖတို့ ဝိုင်းမှ အဖန်အိုးကိုယူလိုက် လိုလျှင်အသင့်ရရန် ထပ်ကျို၏။ မီးအင်များကို ငြိမ်းသတ်ပေး၏။ အမိအိပ်ရာသို့ ဝင်ပြီးသည်အထိ ကူညီပြီးမှ ၀ဲလင်းဆောင်သို့ ပြန်လာ၏။ ထို့ နောက် ကွမ်းအစ်၊ ဆေးလိပ်အစ်၊ သနပ်ခါးတောင်း၊ ကျောက်ပျဉ်၊ မှန်ဘီးတို့ ကို မိမိနှင့် မနီးမဝေး သူ့ နေရာနှင့်သူ ထား။
လရောင်သည် အိမ်ပြင်ဘက်၌ ၀င်းပပဖြစ်လာ၏။ လေရူးသည် ဆိတ်ဖလူးပန်းနံ့  တို့ ကို ယူလာလျက် စိတ်မောနေသည့်မြခက်ကို သက်သက်မဲ့ ရန်စ၏။ ရေမွှေးနံ့ တို့ နှင့်အတူ အဝေးမှ ပျံ့ လွင့်လာသော တေးသံသည် မြခက်၏ရင်အတွင်းသို့ ခုံဝင်လိုက်၏။
``လောင်းဆင့်ကဲမိုး၊ ချမ်းအေးမြတောင်း၊ လွမ်းကပေါင်း ပျော်ကြောင်းဖြေကါ၊ တတ်နိုင်ပါ၊ မင်းရှင်လေချစ်ဟောင်း၊ ယွင်းတိမ်းစောင်း၊ သံပျောင်းညွတ်ကာ၊ ဆန်းမာယာ လာမည်သာ လာမည်သာမှမို့ လေး။ ထင်ယောင်ကာ ထင်ယောင်ကား မျှော်မိ ထဲမိုက်ကတည့် ထဲပိုက်ကာ´´
မြခက်၏ နှလုံးသားသည် ဘောက်ဘက်ခတ်အောင် လှုပ်ရှားသွားရ၏။ သူတို့ လာချေပြီ၊ တေးဆိုသံသည် စံတုတ်၏ အသံဖြစ်၏။ စံတုတ်သည် အသားညိုသော်လည်း အသံဝါကြီးနှင့်ဖြစ်သည်။ စံတုတ်၏အသံသည် သီချင်းနှင့်ထပ်တူ လွမ်းရိပ် ဆွေးရိပ်တွေ ပိုကဲနေ၏။
နေသည် လူ၏ အပြင်အပ၌သာ ပူ၏။ အေးမြသော ည၏ လရောင်ရိပ်သည် လူ၏ ရင်တွင်းမှ နှလုံးသားကို ပူလောင်စေသည်။
တေးဆိုသူသည် ချမ်းစိမ့်သောည အေးမြသော လရောင်အောက်၌ လောင်ကျွမ်းမတတ် ပူလောင်နေရ၏။ အလွမ်းတွေ စုပေါင်းနေရ၏။ အလွမ်းတွေ စုပေါင်းနေသဖြင့် ပျော်ရာ ပျော်ကြောင်း သီချင်းသံ(သီ)၍ ဖြေဆည်ခြင်းပြုသော်လည်း မပျော်တတ်နိုင်ခဲ့။
တွတ်တွတ်သံချို မာယာတွေ ပိုပိုဖြင့် လာမည်ဆိုပြီးမှ သွေဖည် တိမ်းစောင်းနေခဲ့သော ချစ်ဟောင်း အရှင်သခင်အား လာမှာဘဲ လာမှာဘဲ ဟူသော အထင်ကို ရင်တွင်ပိုက်လျက် မျှော်မိ မျှော်မိနေရပါသည်တဲ့။
မောင့်ကို မယ်ကဖွဲ့ ဆိုထားသော ကြိုးသီချင်း ဖြစ်သော်လည်း စံတုတ်ဆိုလိုက်သောအခါ မြခက်ကို ရည်ညွှန်း၍ ဆိုလိုက်ကြောင်း အပေါင်းအဖေါ်အားလုံးတို့ က သိ၏။
သီချင်းကား ချခဲ့လေပြီ။ သို့ သော် အသံကို နှိမ်ချမသွားဘဲ လေးပေါက်သို့ တက်ကာ ကြိုးသီချင်းတို့မူအတိုင်း တင်လျက် ဆုံး၏။ လေဟုန်စီးသော ပန်းလိပ်ပြာသည် နိမ့်ချေမြင့်ချေ ပျံသန်းရင်း တဖြည်းဖြည်း မြင့်ကာ ပြန်မဆင်းဘဲ မျက်စိရှေ့ မှ ပျောက်ကွယ်သွားဘိသို့ အသံပျောက်သွား၏။
အချစ်ကို ဖွဲ့ သည်ဖြစ်စေ။ အလွမ်းကို ဖွဲ့ သည် ဖြစ်စေ၊ ကြားသူကို ဖြစ်စေ၊ အချစ်ဝေဒနာ အလွမ်းဝေဒနာတို့ သည် အသံနှင့်အတူ ပို၍ ပို၍ ရင်တဖိုဖိုနှင့် ခံစားရ၏။
ချစ်သည်လား။ ချစ်လျှင်လည်း အားရအောင်ချစ်၊ တ၀ကြီးချစ်၍ ၀လိုက်ပါတော့။ သူဆိုသည် ၀ချင်လှပါပြီ။ ကြားသူသည် ၀ချင်လှပါပြီ။ သို့ သော် ကြိုးသီချင်းက မ၀။
လွမ်းသည်လား၊ လွမ်းလျှင်လည်း အားရအောင် လွမ်း၍ နွမ်းအောင်ပန်းအောင် ငိုလိုက်ပါတော့။ ဆိုသုသည် ကျူကျူငို၍ လွမ်းရာမှ ပန်းရာမှ နွမ်းလျချင်ပါပြီ။ ကြားသူသည် အားရအောင်ငို၍ လွမ်းရာမှ ပန်းရာမှ နွမ်းကျလိုပါပြီ။ သိုသော် ကြိုးသီချင်းက မငိုရ၊ ရင်တဖိုဖိုဖြင့် ပို၍ပို၍ တက်၍ လွမ်းတုန်းပူတုန်း ထိုအလွမ်းကလည်း မဆုံး။
လာမည်သာ လာမည်သာမှမို့ လေး။ ထင်ယောင်ကာ ထင်ယောင်ကား မျှော်မိ ထဲမိုက်ကတည့် ။ နောက်လာမှာဘဲ လာမှာဘဲ ဟူသောအထင်ကို ရင်ဝယ်ပိုက်ခါ မျှော်မိမျှော်မိသည်ဟူသော သီချင်းအချတွင် သီချင်း၌ နစ်မြောမိကြသူ အားလုံးတို့ ၏ နှလုံးသား၌ ...
ချစ်တော့မလို ချစ်တော့မလို ပြိုခဲ့ပြီးသည့်နောက် ချစ်မှာပါဘဲ ချစ်မှာပါဘဲ ဟူသော အထင်ကို ရင်ဝယ်ပိုက်လျက် တေးဆိုသူက မျှော်မိမျှော်မိနေသည်ဟူသော အသိကို ထိတွေ့ လာကြရရင်း ရင်ထဲ၌ ဟာကုန်ရ၏။ နားစွင့်နေသော မြချက်ကိုယ်တိုင်လည်း ဤအတိုင်းပင်သိကာ ရင်ခုန်နေရ၏။
`ဒါတကယ်ဘဲလား၊ ကိုစံတုတ်ကြီးရယ်၊ သာလို့  ဒါလောက်တောင် ဖြစ်တာလဲကွယ်၊၊ ကိုယ်နဲ့  ကျူပ်နဲ့  ငယ်ငယ်တုန်းကလိုဘဲ သူငယ်ချင်းချစ် ချစ်နေကြပါစို့ လား ......´
တိုးတိုးတိတ်တိတ် ရင်တွင်းမှ သိမ်မွေ့ စွာ ပြောဆိုမိခြင်းဖြစ်၏။ မြခက်သည်လည်း လှုပ်ရှားနေသော်လည်းး မြခက်၏ကိုယ်သည် ငြိမ်နေ၏။ မြခက်၏ မျက်နှာသည် စိုက်နေ၏။ မြခက်၏ မျက်လုံးသည် ပွင့်နေမြင်နေသော်လည်း ဘာမျှမသိ။
ကျယ်ဝန်း တိတ်ဆိတ်လှသော ညဥ့်ကို စိုးမိုးနိုင်စွမ်းသော သီချင်း၏ အဆုံး၌ ပြွေသံသည် တွဲ့ ကာ နွဲ့ ကာ သွဲ့ ကာ မြူးခုန် ပျံ့ လွင့်၏။ ငြိမ်သက် နားစိုက်နေသော မြခက်၏ နှလုံးသားသည် ပြွေသံနှင့်အတူ တလှပ်လှပ် လှုပ်ရှားနေကြရ၏။ အသံသည် ၀ဲလင်းဆောင် အ၀သို့  ရောက်လာရပ်သွား၏။
မြခက်သည် ရေဖြင့် ပက်ဖျန်းခြင်းခံလိုက်ရသော အိပ်ငိုက်သူကဲ့သို့  သတိဝင်လာလျက် ကြိုဆိုသော မျက်လုံးနှင့် ဣနြေ္ဒရရ လှမ်းကြည့်၏။
ငနပ်နှင့် ငတောတို့  ရှေ့ မှ ၀င်လာသည်၊ စံတုတ်နှင့် ငပြိုင်းတို့ က နောက်မှ ကပ်လျက် ပါလာ၏။ ငပြိုင်းသည် ၀ါးပြွေကို ခါလိုက်ပြီးနှောက် ပိတ်ဖြူဖြင့် ရောနှောရစ်ထားသည့် ယောင်သို့ ထိုးရင်း မိမိဘေး၌ရှိသော စံတုတ်၏မျက်နှာသို့ ပြုံးကြည့်၏။
`သည်နေ့  စံတုတ်ကြီး အလွန်ကောင်းသာ ပါလားဟ။ ခါတိုင်းနေ့ တွေနဲ့  မတူဘုးဗျာ´
စံတုတ်ကမူ ဘာမျှမပြော၊ မြခက်အနီး၌ နေရာယူ၍ ထိုင်မည့်ဆဲဆဲ ပြုနေသည့် ငနပ်က စံတုတ်မျက်နှာကို လှမ်းကြည့်၏။
`ကောင်းဆို ကိုရင်စံတုတ်က အူထဲ အသဲထဲက လှိုက်လာသိစိတ်နဲ့ ဆိုသာဗျ၊ သည်တော့ ကြားရသိ လူတွေပါ လွမ်းဆွေးလာရသာပ။ ခုနေများ ကျူပ်လဲ သူ့ လိုသာ ဆိုတတ်ရင် ကျူပ်စိတ်ထဲ ဖြစ်နေရသာနဲ့ တော့ သူထက်များ လွမ်းဆွေးသွားမလား ဆိုနိုင်ဘူး´
မထိုင်နိုင်သေးဘဲ ဟန်တွေ ပန်တွေနှင့် ပြောဆိုနေသော ငနပ်ကို ထိုင်နှင့်ပြီးဖြစ်သော ငတောက မော့၍....
` ဟေး တော်စမ်းပါကွာ၊ မင်း, များတော့ မဆိုလိုက်စမ်းပါနဲ့ ၊ တောင်ကျောင်းကလဲ ကြေးစည်မထု၊ မြောက်ကျောင်းကလဲ ကြေးစည်မထု၊ အချိန်မဟုတ် အခါမဟုတ် ဘယ်လိုဖြစ်လာပါလိမ့်လို့ ၊ မင်းအသံကြားတာနဲ့  ရွာထဲကလူတွေ တအံ့တသြ ဖြစ်ကုန်ကြပါ့မယ် ....´
` သယ် သယ် ကြည့်စမ်းသဟာ၊ မင်းငါ့ကို ခွေးလို့ ဆိုလိုက်သပ၊ မင်း မင်း သည်လို စော်ကားသာ ငါမခံဘူး။ ငါအခု အူလိုက်မယ်´
ငနပ်က ပြောပြောဆိုဆိုဖြင့် ထိုင်လိုက်သည်၊ မြခက်နှင့်တကွ လူငယ် လေးယောက်တို့ ၏ မျက်နှာသည် ပြုံးနေကြ၏။ ငပြိုင်းသည် မြခက်၏ ပြုံးစစ မျက်နှာဆီသို့  မျက်လုံးစွေကြည့်နေရာမှ တည့်တည့် လှည့်လိုက်၏။
`ရှင်မရယ်၊ သည်ကလေးတွေ ဆူဆူ ဆူဆူနဲ့  ခုထက်ထိ မအိပ်သေးဘူးလား၊ ကြာရင် ငါရိုက်မိပါလိမ့်မယ်...´
`ကျူပ်လဲ သိပ်ထာဘဲ မောင်ကြီးရဲ့ ၊ ကလေးနှစ်ယောက်က သူတို့ အမေဆီရောက်မှ အိပ်မယ်တဲ့၊ အဲသည်တော့ မောင်ကြီးဘဲ သူတို့ အမေ ကျူပ် ယောင်းမဆီပြန်ပို့ ပေးလိုက်ပါအုံး၊´
မြခက်က ပြုံးကာ ရယ်ကာ ပြောဆိုရင်း နေရာမှ ထသွား၏။ ငပြိုင်းသည် ရုတ်တရက် မည်သို့ မျှ မတုံ့ ပြန်တတ်၊ ထို့ ကြောင့် မျက်လုံးကြီး အပြူးသား၊ ပါးစပ်ကြီး အဟောင်းသားဖြင့် အံ့အားသင့် နေလေဟန် ပြုလုပ်ကျန်ရစ်၏။ ထိုစဉ် ငပြိုင်းက အနီး၌ရှိသော စံတုတ်ဘက်သို့ လှည့်၍ စံတုတ်၏ ကျောကို ပုတ်လိုက်သည်။
`ကဲ လူကလေး မင်းက အကြီး၊ ဟိုကောင်နှစ်ကောင်ကို မင်းဘဲ သူ့ အမေဆီ သွားပို့ လိုက်´
`ကျူပ်မပို့ ချင်ဘူးဗျာ၊ ခင်ဗျားကြီးဟာ ခင်ဗျားကြီး သွားပို့ ပါလား၊ ကျူပ်သည်မှာ ဒွေးလေးနဲ့ နပန်းချတမ်း ကစားမလို့ ´
`ငါ့တူကြီးကလဲကွယ်၊ သည်မှာ ဒွေးလေး မအားဘူး၊ အိမ်ရောက်မှ မင်းအမေနဲ့ ချ´
ရယ်သံသည် သောကနဲ ထွက်လာ၏။ မြခက်သည် အဖန်ရည် လှမ်းပေးရင်း စံတုတ်မျက်နှာကို သတိထားလိုက်၏။ ရောနှော ရယ်မောနေရသော်လည်း စံတုတ်၏ မျက်နှာ၌ ဆွေးရိပ်သန်းနေသည်။ အဖန်ရည် ပန်းကန် လှမ်းယူရင်း ပြန်ကြည့်လိုက်သော မျက်လုံးကြီးထဲ၌ ကြေကွဲမှုတွေ ပေါ်နေသည်၊ မြခက် က မသိဟန်ပြုလိုက်သော်လည်း နှစ်သိမ့်စေလိုသော အပြုံးကို ပေးဆပ်ထား၏။
`အေးလေ.. မင်းမချချင်ရင် မင်းဖေဖေပါ ခေါ်သွားပြီး ဟိုရောက်မှ မင်းဖေဖေနဲ့ မင်းမေမေကို နပမ်းချခိုင်း၊ ကဲ ဖေဖေလုပ်တဲ့ မောင်ကြီးကလဲ လိုက်သွား´
လှိုင်းကြက်ခွပ် ရိုက်သံကဲ့သို့  ရင်ထဲမှ လှိုက်၍ တက်လာသော ကြည်နူးပျော်ရွှင်သံကလေးများသည် ၀ဲလင်းဆောင် တခုလုံးကို ဘောင်ခတ်နေ၏။
ဝဲလင်းဆောင်သို့ လာရောက် လည်ပတ်ကြသော ကာလသားများကို ဧည့်ခံလေ့ရှိသည့် ထုံးစံအတိုင်း မြခက်သည် ဆေးအစ်နှင့် ကွမ်းအစ်တို့ ကို ချပေး၏။ သနပ်ခါးတောင်း၊ ရေခွက် ကျောက်ပျဉ်နှင့် မှန်တချပ်ကိုလည်း ချပေးထား၏။
ကိုကာလသားတို့ ကား ဆေးလိပ်အစ်ထဲ၌ ဆေးလိပ်များ လိပ်ပြီးရှိပါလျက် ကိုယ်တိုင် လိပ်သောက်ကြ၏။ ကွမ်းရာစားကြ၏။ သနပ်ခါး ကျောက်ပျဉ်ကြီး ရှေ့ ချလျက် သနပ်ခါးတုံး နံ့ သာဖြူတုံးတို့ ကို ရွေးချယ်ကာ တင်ပြင်ကြီးခွေ၍ တဂျစ်ဂျစ်သွေးပြီး မိမိကိုယ်တိုင်လဲ လိမ်း၏။ အချင်းချင်းကိုလည်း လိမ်းပေး၏။ ဤသို့  လုပ်ဆောင်လိမ်းခြယ်ရာ၌ အနီးအနားရှိ သူတို့ ကလည်း အချင်းချင်း ကူညီကြ၏။ အအားနေသူက မီးစလောင်းအင်ကို မီးဆွ ကြေးဇွန်းဖြင့် ဆွ၍ ရေနံချေး လောင်းပေး၏။
ကိုကာလသားတို့ ၏ ပုဆိုးရှည် ခါးပုံစထဲ၌ ပန်းတွေ ပါလာနေကြဖြစ်၏။ ထိုပန်းတို့ ကား တပွင့်ကောင်း နှစ်ပွင့်ကောင်း ပန်ဆင်ကြရသည့် အလှအပပန်း ပန်းမျိုးမဟုတ်၊ အရွယ်ညီသော အစုလိုက် ပန်ဆင်ရသော မွှေးကြူသော ခရေပန်း၊ စကားစိမ်းပန်း စကားဝါပန်း၊ တ,တိုင်းမွှေးပန်း၊ တောင်ဇလပ်ပန်း စသည့် ပန်းများဖြစ်၏။
အိမ်ရှင်ကလေးသည် စင်ကြယ်သန့် ရှင်းသော ငှက်ပျောဖက်စိမ်းများကို ခုတ်ယူဆေးကြော၍ ခပ်စောစောကတည်းက သနပ်ခါးတောင်းပေါ်၌ အသင့်တင်ထားပြီး ဖြစ်၏။ ကိုကာလသားတို့ သည် သနပ်ခါးကျောက်ပျဉ်ကို ၀ိုင်းမိကြသည့်နှင့် ထိုငှက်ပျောဖက်စိမ်းများကို ယူ၍ မိမိရှေ့ ၌ ခင်း၏။ ခါးပုံစထဲ၌ အမြတ်တနိုးပါလာသည့် ပန်းတို့ ကို ထုတ်၍ ငှက်ပျောဖက်စိမ်း ပေါ်သို့  ကြွားကြွားဝင့်ဝင့် ပုံချ၏။ လှပသော၊ လတ်ဆတ်သော၊ မွှေးကြိုင်သော၊ ရှားပါးသော ပန်းတို့ ကို ပိုင်ဆိုင်သူ၏ မျက်နှာသည် မာန်ဝင့်သည့် အပြုံးဖြင့် မျက်လုံးရောင်တောက်နေတတ်၏။
ထိုအချိန်၌ မိန်းကလေးသည် ဗိုင်းငင်ရာမှ ကိုကာလသားတို့ ၏ ပန်းပုံများကို မျက်လုံးဝင့်၍ ကြည့်တတ်သည်၊ အချို့ က မိမိကြိုက်နှစ်သက်သည့် ပန်းမျိုးတို့ ပါသည့်တိုင်အောင် မသိ မမြင်နိုင် မနှစ်သက်လေဟန် ဆောင်နေတတ်ကြ၍ အချို့ က မိမိကြိုက်နှစ်သက်သည့် ပန်းများကို တွေ့ ရသည်နှင့် ပွင့်ပွင့်လင်းလင်း လှပကောင်းမွန် လတ်ဆတ်ကြောင်း ချီးကျူးတတ်၏။ ဒေါ်လေးနုတို့ ကမူ ဆီသို့ မဟုတ်...။
ကိုကာလသားတို့ ၏ ပန်းများအားလုံးကို အပြုံးဖြင့် ကြည့်လျက် ချစ်နှစ်သက်မြတ်နိုးကြောင်း ပြရမည်တဲ့...´
ပန်းများပုံပြီးသည်နှင့် ကိုကာလသား တယောက်သည် ငှက်ပျောဖက်စိမ်း တရွက်ကို ကျောက်ပျဉ်ပေါ်သို့ ခင်း၏။ ထို့ နောက် သနပ်ခါးခွက်ထဲ၌ရှိသော အိမ်ရှင်အပျို ခူးထားသည့် ပန်းများကို ဖက်ပေါ်သို့  ပုံ၏။
`` ဟာ.. လှပါလား။။။ မွှေးပါလားဟေ့၊ ပန်းတွေကလဲ သူတို့ ရဲ့ ပိုင်ရှင်သခင်မလိုဘဲ၊ ငတို့ တော့ပန်းတွေရဲ့  ပိုင်ရှင် ကိုယ်တိုင်က ပန်ပေးမှ၊ နောက်ပြီးတော့လဲ သည်ပန်းတွေဟာ သည်ညအဖို့  ငါ့ဆီ အကုန်လုံးရောမှ..´´
`တပွင့်တော့ ကျန်မှပါ၊ အဲသည်ကျန်တဲ့ တပွင့်ဟာ ငါ့ဘို့ ဘဲ´
ပန်းပေးတမ်း စကားဝှက်ကြမည်ဖြစ်လေသောကြောင့် စောင်းကာ ချိတ်ကာ ဤသို့ ပြောလိုက်ကြခြင်း ဖြစ်၏။
သူတို့ သည် မိန်းမပျို၏ ပန်းများကို တွေ့ သည်နှင့် မည်မျှ ညံ့ဖျင်း နွမ်းညိုးနေသည်ဖြစ်စေ။ ဤအတိုင်း ကောင်းသည်၊ မွှေးသည်၊ လှသည် ပန်းရှင်နှင့်တူသည်ဟု ပြောကြ၏။ ထို့ နောက် ကျောက်ပျဉ်ပေါ်ရှိ ပန်းကို ၀ိုင်းဝန်းနမ်းကြ၏။ ပြီးလျှင် ပန်းတွေ့ သူက ပန်းများကို ဖက်နှင့်တကွ အိမ်ရှင် အပျိုမကို လှမ်းပေး၏။ အပျိုက လှမ်းယူ ၍ ရစ်ခုံ၏ ၀ဲဘက်ခြေစွန်း၌ ချထား၏။ ထို့ နောက် ပန်းတပွင့်စီယူ၍ ကိုလူပျိုတို့ ၏ နားရွက်ကြားနှင့် ရောင်စသည်တို့ ကို ကိုယ်တိုင်ပန်ပေး၏။ ကာလသားတို့ သည် အပျိုပန်ပေးသည့်အတိုင်း မထိမခိုက်အောင် မြတ်နိုးစွာထား၏။ အချို့ ကဲသူသဲသူတို့ က၊ ပန်ပေးထားသည့် ပန်းကိုဖြုတ်ယူလျက် အပျို့ မျက်နှာသို့ အပြုံးဖြင့် ကြည့်ပြီးလျှင် တပွင့်ထဲသော ပန်းကလေးကို တ၀ကြီး မွှေးပြ၏။ ဤလိုအခါမျိုး၌ အချင်းချင်း နောက်ကြပြောင်ကြရသည်မှာ မမေ့နိုင်သော ပျော်စရာ အချိန်ဖြစ်၏။
မြခက်သည် ဆိတ်ဖလူးပန်းများကို တယောက်စီ ပန်ပေးလိုက်ပြီးနောက် မိမိနေရာ၌ ပြန်ထိုင်၏။ မြခက်၏ ရစ်ခုံသို့ ပြန်ရောက်သောအခါ ကိ
ကိုကာလသားတို့ ကလည်း မိမိတို့ ၏ ပန်းများမှ တပွင့်စီယူလျက် မြခက်ကို ပေးလာကြ၏။
မြခက် ပန်းအားလုံးကို စုပြီး လက်ခုတ်၌ တယုတယထည့်၍ အပြုံးဖြင့် အမြတ်တနိုး မွှေး၏။ ဤသို့ မွှေးရာ၌ ဒေါ်လေးနု၏ သွန်သင်ချက်အတိုင်း မည့်သူ့ မျက်နှာကိုမျှ မကြည့်ဘဲ ပန်းများကိုသာ မက်မက်မောမော ကြည့်လျက် မွှေးခြင်းဖြစ်၏။ ပြီးမှ မျက်လွှာချ၍ ဆံထုံး၌ပန်ဆင်ကာ ကိုကာလသား အားလုံးတို့ ကို အပြုံးဖြင့် ခြုံ၍ ကြည့်လိုက်ပြီးနောက် မိမိဗိုင်းငင်သည့် အလုပ်ကို ဆက်လုပ်၏။
ထို့ နောက်ကား ဆေးလိပ်သောက်ရင်း, ကွမ်းစားရင်း နံ့ သာလိမ်းရင်း ရွာတွင်းမှ အပျိုလူပျိုတို့ ၏ အချစ်သတင်းတွေကို ပြော၏။ နိပါတ်တော်, ဓမ္မပဒနှင့် ဗုဒ္ဓ၀င်တို့ မှ ၀တ္ထု ဇာတ်လမ်းအကြောင်းတို့ ကို ပြော၏။ ဧည့်ခံသူ အိမ်ရှင်အပျိုနှင့် အလှည့်လာကြသော ကိုလူပျိုတို့ သည် မည်သည့် အကြောင်းကို စိတ်ဝင်စားစွာ ပြောဆိုနေသည်ဖြစ်စေ နောက်ဆုံး၌ ပန်းပေးတန်း စကားထာဝှက်ခြင်းဖြင့်သာ အဆုံးသတ်လေ့ ရှိကြ၏။
မြခက်ကိုလာ၍ လှည့်လာကြသော လုလင်ပေါက်တို့ ၏ အထဲ၌ ငနပ်က စကားအ၀ှက် ကြွယ်၏။ ငတောက စကား အပြောပြိုင်၏။ ငပြိုင်းက နိပါတ်အပြောကောင်း၏။ စံတုတ်နှင့် ငတိုးတို့ က သူလိုငါလိုဖြစ်၏။ မနေ့ ကမှ ပေါက်လာသော ကောင်းမြတ်ကား ဘာတွေ တော်လိမ့်မည်ကို မသိကြသေး။
သည်နေ့ အဖို့  ငတိုးနှင့် ကောင်းမြတ်တို့ မရောက်တတ်ကြသေးသော်လည်း စွာနေကြ ဆူနေကြလူအစုံ ရှိသောကြောင့် မြခက်၏ ၀ဲလင်းဆောင်၌ စီစီညံ ရှိမြဲရှိ၏။
``ရေလယ်သောင်ထွန်း ... နံ့ သာကျွန်းကလေး´´
``သည်မြောက်ပိုင်းမှာ မနက်က မွေးတဲ့ ကလေးတွေက ၀ှက်ပြီးသွားပြီကွ´´
ငပြိုင်းက မိမိဥာဏ်အတိုင်း ဟန်တလုံး ပန်တလုံးနှင့် လက်ကမ်း၍ ပြောလိုက်သည်ကိုငတောက ၀င်ပိတ်လိုက်ခြင်း ဖြစ်၏။ ငပြိုင်းသည် ရှေ့ ဘာဆက်ပြောရမည်ကို မသိဘဲ မျက်လုံးမှေးဖြင့် ငတောကို ကြည့်နေသော အခါ ဘေးမှအဖေါ်တို့ က ၀ိုင်း၍ဟားကြ၏။
“ စကားထာ ၀ှက်တာ မှုတ်သေးဘူးကွ၊ ဟိုဘက်ကျောက်ပျဉ်လေး သည်ဘက် လှမ်းလိုက်စမ်းပါလို့  တောင်းမလို့ ”
“ကျောက်ပြင်ကော မမာလား မာတယ်၊ တောင်လိုက်တော့ မပေးလား ပေးတယ်၊ မာပေး “မေးပါ” ဆိုပေးဘဲကွ။ ကဲသည်ကောင့်ကို ၀ိုင်းမေးကြ။ ပေး, ပန်းတပွင့်၊ ငါအခုဖြေနိုင်တဲ့ အတွက်”
“ဒို့ လဲပါတယ်၊ ပေး ဒို့ တပွင့်စီ”
ငပြိုင်းက ပြောလိုက်သည်ကို ငနက်က အဖြေပေးလိုက်ပြီး ငပြိုင်းအရှေ့ ရှိ ပန်းပုံထဲမှ ပန်းတပွင့်ကို လှမ်းနှိုက်ယူလိုက်သောအခါ ကျန်အဖေါ်များကလည်း တပွင့်စီ ၀ိုင်းနှိုက်ယူလိုက်ကြ၏။ ထို့ နောက် နှမြောတတ်သော ငပြိုင်းက မိမိပန်းကို လက်ဖြင့် ဖုံးထားရင်း မခံမရပ်နိုင် ဖြစ်နေသည်ကို ၀ိုင်းဝန်းရယ်ကြ၏။ ဤသို့ ဖြင့် စကားဝှက်တမ်း, စခဲ့ကြ၏။ တယောက်နှင့်တယောက် အကြိတ်အနယ် ၀ှက်ကြ ဖေါ်ကြ ရှုံးသူတွေက ပန်းပေးကြသဖြင့် ရှိနေရာမှ စကားဝှက် အတော်ဆုံးဖြစ်သော ငနပ်က မိမိဝှက်ရမည့် အလှည့်၌ သိပြီးသား စကားကိုပင် တမင်ဝှက်လိုက်၏။
``ကဲ အခက်ဆုံး တခု ၀ှက်လိုက်မယ်၊ ပန်းသုံးပွင့် ပေးတမ်းနော်၊ မင်းတို့ အသာနေ၊မြခက်ဖေါ် ပဒုမ္မာ ယုံထောင်တဲ့´´
`` ဟာ... မင်းဟာက ရေကန်တန်းဆာ တံငါလက်စွဲဘဲ...ပေါ့ကွ´´
မြခက်ကို ၀ိုင်းဝန်းကြည့်နေချိန်၌ မအောင့်နိုင်သော ငပြိုင်းက လွှတ်ကနဲ ၀င်ပြောလိုက်ခြင်း ဖြစ်၏။ `ပဒုမ္မာ ယုံထောင်´ သည် ကလေးတွေက အစ သိသော စကားဖြစ်၏။
`ပဒုမ္မာက ..ကြာ၊ ယုန်ထောင်သည်က ... ပိုက်´
ကြာပိုက် ကြိုက်ပါဖြစ်၏။ မိန်းကလေးက ဤသို့ ဖေါ်ရမည်ကို ရှက်သဖြင့် ငပြိုင်း ပြောသကဲ့သို့ ` ရေကန်တန်းဆာ တံငါလက်စွဲ´ ဘဲပေါ့ဟု ဖြေလိုက်လျှင်လည်း ပြီး၏။ ရေကန်တန်းဆာ-ကြာ။ တံငါလက်စွဲ.. ပိုက်၊ ကြာပိုက် ကြိုက်ပါ ဖြစ်သတည်း။
ငနပ်သည် ရုတ်တရက်ထ၍ ငပြိုင်း၏ ရောင်ကို နှိမ်လျက် ကျောကုန်းသို့  အသံမြည်အောင် တချက်ထောင်းလိုက်၏။
`ကဲကွာ... မင်းကို ဘယ်သူက `ခုန်တော်´ ခေါ်ထားလို့  သာလောက် လွှတ်ကနဲ လွှတ်ကနဲ ရှေ့ ကနေနေ ပြောချင်ရတာလဲ´
အဖော်များက နောက်တချက်ထောင်းရန် အားပေးရင်း ၀ိုင်းဝန်း ကြိမ်းမောင်းကြ၏။ ရယ်မောသူတို့ က ရယ်မောကြ၏။ ငပြိုင်းက အလွန်နာကြင်ဟန်နှင့် ကျောကိုကော့၍ ရှုံ့ မဲ့ပြ၏။
`ငါက ရှေ့ ကပြောလိုက်လို့  ငါပြောတဲ့စကားအတိုင်း လိုက်ပြောရမှာစိုးပြီး မြခက်က ပန်းပေးလိုက်ရင် မင်း ပန်းသုံးပွင့် ရမယ်မှုတ်လား၊ မင်းတို့ နဲ့ ပေါင်းရတာ မကောင်းဘူး၊ ငါတော့ မြခက်နဲ့ ဘဲ ပေါင်းတော့မယ်၊ နော်ကွာ မြခက်၊ ဒို့ မောင်နှမက တဖက် အဲဟိုကောင်တွေက တဖက်ပေါ့၊ ငဒို့ မောင်နှမက သာကီဝင် မောင်နှမ´
`သြော်... ကိုငပြိုင်းတို့ မမယ်မှုံတို့ က သာကီဝင်မျိုးလား၊ ကျမတို့ ကတော့ တောင်သူ မိလက္ခုတွေဘဲတော့´
မမယ်မှုံသည် ငပြိုင်း၏ အမဖြစ်၏။ ထိုကြောင့် အဖေါ်တစုတို့ က ဆက်၍ ရယ်မောရင်း ငပြိုင်း၏ခေါင်းကို ၀ိုင်းထုကြ၏။
`ဟုတ်သယ်၊ ဟုတ်သယ်၊ ဒို့ တရွာလုံးမှာ သူရို့ အိမ် တအိမ်ထဲ သာကီဝင်မျိုး သာကီဝင်မျိုး´
` အေးမင်းရို့ ဝိုင်းပြောနေကြတာနဲ့  ငါဝှက်ထားတဲ့ စကားတောင် မြခက် မဖြေရသေးဘူး။ နဲတာချည်းမဟုတ်ဖူးနော် ပန်းသုံးပွင့်ကြေးဗျာ´
ငနပ်က သတိပေးလိုက်သဖြင့် အဖေါ်တစုက အရယ်ရပ်ကြလျက် မြခက်၏ မျက်နှာကို ၀ိုင်းဝန်းကြည့်မိကြ၏။ မြခက်ကမူ ဗိုင့်တောင့်ကိုင်ထားသည့် လက်ကို ဝေ့ကာဝေ့ကာ ၀င့်နေရာမှ လှပသော အပြုံးဖြင့် မျက်လွှာပင့်၍ အားလုံးကို ကြည့်ပြီး ငနပ်၏မျက်နှာ၌ ရပ်၏။
´ကြွက်၏ရန်သူ မြစ်ကိုဆင်း အပျင်းထူ၊ ဒေါင်းဒိန်းဆူသူရဲ့  လက်နက် အကွက်ကွက်ရဲ့ အတိုင်စကားပေါ့၊ ဟုတ်ဖူးလား´´
ကိုကာလသားတို့ သည် မြခက်ကို ငေးနေကြ၏။ ငနပ်က မြခက်၏ အဖြေကို သိသည်။ ထို့ ကြောင့် မိမိပန်းပုံထဲမှ ပန်းပွင့် သုံးပွင့်ကို ယူ၍ မြခက်ကိုပေး၏။ နှုတ်ရွှင်သော ငပြိုင်းက လက်ကာလိုက်သည်။
`ဟေး- ဘယ်သည်လိုလုပ်လို့ ရလဲ ရှင်းပြပြီးမှ ယူရမှာပေါ့´
`မင်းသိချင်တိုင်း ရှင်းပြနေရအုံးမှာလားကွ´
ငတောက ငပြိုင်းကို ၀င်ဟောက်၏။ ငပြိုင်းက မခံချင်ဟန်ဖြင့် ငတောကို မျက်လုံးစွေကြည့်၏။
`ငါရို့ သိသာ မသိသာနဲ့ မဆိုင်ပါဘူး ငပြိုင်းရာ၊ ငါပြောတာက မင်းသိချင်တိုင်း မြခက်က ရှင်းပြနေရမှာလားလို့  ပြောသာ´
`မင်းလဲ မသိပါဘူး ငတောရာ ငါက မင်းရို့ သိအောင် တမင် အဖေါ်ခိုင်းနေသာပါ´
` မင်းကွာ ယောက်ျားတန်မဲ့နဲ့ ကိုယ်သိချင် သိချင်သယ် ရဲရဲ ပြောလိုက်စမ်းပါ၊ ငါရို့ သိအောင်လေး ဘာလေး လွှဲမနေစမ်းပါနဲ့ ´
ငပြိုင်းက အတော်စိတ်ဆိုးလျက် မျက်နှာများ နီလာ၏။
`မင်းသည်လို မပြောနဲ့  အေး ငါမသိဘူးဟုတ်သယ်၊ မင်းရောမသိဘူးမှုတ်လား´
`ငါ သိတာ မသိတာ မင်းအလုပ် မဟုတ်ပါဘူး၊ မင်းသိချင်ရင် မင်းဟာမင်း ကျူပ်မသိလို့ ဆိုပီး ယောက်ျားပီပီ မေးပါ ငါက ပြောနေတာ၊ မင်းသိပြီးတဲ့နောက် ငါရို့ ကို မသိဘူးထင်ရင် ပန်းပေးတန်း ၀ှက်ကြည့်လိုက်ပေါ့´
ငပြိုင်းကား ဆွေ့ ဆွေ့ ခုန်နေ၏။ ဤလူသိုက်တို့ အထဲ၌ ငပြိုင်းသည် နှုတ်သွက် လျာသွက်လည်းဖြစ်၏။ စိတ်ကလည်း မြန်၏။ သို့ သော် စိတ်ဆိုးလွယ် စိတ်ပြေလွယ်၏။ ထို့ ကြောင့် အဖေါ်တို့ က ငပြိုင်းကို ၀ိုင်းစကြ၏။ ဤသို့ စရင်း, စရင်းဖြင့် ငပြိုင်းနှင့် ငတောတို့  ပန်းတဆုပ်တန်း လောင်းပွဲ ဖြစ်လာ၏။ သို့ နှင့် လောင်းကြေးထပ်ပြီး လောင်းကြသော အခါ၌လည်း ငပြိုင်းက ၀ှက်ရမည့် စကားကို မရ။
မြခက်ကို ၀ှက်ပေးရန် ပြောသော် အဖေါ်တို့ က လောင်းကြေးကြီးကြီးဖြင့် ပြုလုပ်ထားသော စကားကို အလကား ၀ှက်မပေးရဟု မြခက်ကို တားကြ၏။ သို့ ဖြင့် မြခက်အတွက် စကားဝှက်ပေးခ ပန်းပွင့်အစိတ်ကို ငပြိုင်းက ပေးရသည်။ မြခက်သည် ပန်းပွင့်အစိတ်ရသောအခါ မျက်နှာကြီး နိနေသော ကိုငပြိုင်းကို ကြည့်လိုက်၏။
´ကြွက်ရဲ့ ရန်သူ ပီးတော့ မြစ်ကိုဆင်း အပျင်းထူ၊ ဒေါင်းဒိန်းဆူသူရဲ့  လက်နက် အကွက်ကွက်...´
`အေး အသာဘာလဲ´
မြခက်၏ စကားအဆုံး၌ ငပြိုင်းက ခွန်းဆင့်မေးလိုက်သောအခါ အဖေါ်တွေက ၀ိုင်းရယ်လိုက်ကြ၏။ ထို့ နောက် ခပ်ငြိမ်ငြိမ်ဖြင့်စတတ်သော ပိုင်ပိုင်နိုင်နိုင် ရှိတတ်သည့် ငတောကို မျက်လုံးများက ၀ိုင်းကြည့်နေကြ၏။
ငတောက တော်တော်နှင့် မပြော၊ ငပြိုင်းက ငတော၏ ပန်းများကို နိုင်ကြေးအဖြစ် ယူမည်ဟု တကဲကဲ ပြုလုပ်၏။ ငတောက မိမိကိုယ်ပိုင် စဉ်းစားနေသည့် ဟန်ပန် ပြုလုပ်ပြီး `အဲသာ ဘာလဲဟင်´ဟု ငနပ်ဖက်သို့  လှည့်မေး၏။ ထိုအခါ ငပြိုင်းက ငတော၏ပန်းများကို နိုင်ကြေးအဖြစ် သိမ်းပေးမည့် ပြုပြန်၏။
``သည်မှာ ကိုငပြိုင်း၊ အဲသည်ပန်းတွေကို အသာ အောက်ချပြီး မင်းဆီက ပန်းတဆုပ်ကို ရိုးရိုးသားသား လက်နဲ့ ဆုပ်ထား၊ အဲသာ ငါ့ကို ပေးဘို့ ...´´
``ကြွက်ရဲ့ ရန်သူဆိုတာ ကြောင်... ဗျာ။
မြစ်ကိုဆင်း အပျင်းထူဆိုတာ မြစ်ထဲမှာ လှေကြီးတစင်းနဲ့ အိပ်ပြီး လှေကို မျှောနေတဲ့လူ၊ သူဟာ ဒေါင်းဒေါင်းဒိန်းဒိန်း ဆူအောင်လဲလုပ်တတ်သယ်။ သည်လိုလုပ်မှ လန့် ပြေးတဲ့ ငါးတွေဟာ သူ့ လက်နက်ထဲကို တိုးဝင်ကြမှာ၊ သူ့ ရဲ့ လက်နက် အကွက်ကွက်ကြီးတွေကတော့ သူနဲ့ အတူ မျှောချထားတဲ့ `ပိုက်´တဲ့။ အဲသည်တော့ `ကြောင်ပိုက်´ `ကြိုက်ပေါင်ဘဲဗျာ။´´
ငတော၏ စကားအဆုံးတွင် ငနပ်က ပါးစပ်က ငိုချင်းဆိုင်းတီးလိုက်လေသည်။ ဤတွင် ငပြိုင်းကလည်း ငိုချင်းဆိုင်းထဲတွင် ဒိုးပတ်က ထက,ပစ်လိုက်သေးသတည်း။
``သဟာ ဘဇာ ဖြစ်နေကြတာလဲဗျို့ ´´
``သဟာ ဘဇာ ဖြစ်နေကြတာလဲဗျို့ ´´
အားလုံးတို့ မျက်လုံးများသည် အသံလာရာသို့  ရောက်သွားကြ၏။ ကောင်းမြတ်နှင့် ငတိုးတို့  အပြင်မှ ၀င်လာကြခြင်းဖြစ်၏။ သူတို့ မျက်နှာများသည် ရွှင်နေ၏။ သူတို့ ခါးပုံစကြီးများသည် ဖေါင်းနေ၏။ ပန်းတွေ အများကြီး ပါလာကြောင်းကို ခန့် မှန်းနိုင်၏။ သူတို့ သည် ပျော်ရွှင်နေကြသော ၀ိုင်းတည်းသို့  နေရာချဲ့ ပေးလိုက်သည့် စံတုတ်ကြီး အနီးမှ ၀င်ထိုင်ကြ၏။ သနပ်ခါးတောင်ပေါ်ရှိ ငှက်ပျောဖက်စိမ်း တခုစီကို ယူလျက် ရှေ့ ၌ခင်း၏။ ထို့ နောက် ခါးပုံစထည်းမှ ပန်းများကို ထုတ်ယူလိုက်သောအခါ ပန်းမျိုးပေါင်းစုံတို့ က ၀င့်ဝါကြလျက်။
ကောင်းမြတ်တို့  ၀င်လာကြကတည်းက ရင်ထည်း၌ လှုပ်ရှားနေသော မြခက်သည် ကောင်မြတ်တို့ ပုံချလိုက်သည့် ပန်းပုံကြီးကို တွေ့ ရသောအခါ မနာလိုစိတ်တွေ ပွားလာ၏။
သူတို့  တခြားအပျိုအိမ်တအိမ်က ထွက်လာခဲ့ကြတာဘဲဟု ချက်ခြင်းသိ၏။ ထိုအပျိုအိမ်က ပန်းတွေ နိုင်လာခဲ့ကြသည်။ စကားတွေ ၀ှက်လာခဲ့ကြသည်။ ဘေးကအဖေါ်တွေနှင့် ၀ှက်သလား... အပျိုနှင့် ၀ှက်သလား၊ အပျိုနှင့်ဝှက်လျှင် အပျိုက ဘာတွေ ၀ှက်ပြီး သူက ဘာတွေ ပြန်ဝှက်မှာပါလိမ့်။
ပန်းပေးတမ်း စကားဝှက်ကြရာ၌ နည်းမျိုးစုံလှသည်ဟု ဒေါ်လေးနုက ပြော၏။ စကားဝှက်ရင်း ၀ှက်ရင်း ချစ်ကြောင်းကြိုက်ကြောင်းများ ပြောခါ မိန်းကလေးက လက်ခံနိုင်လောက်ပြီဟု သိသောအချိန်မှ ချစ်ရေးကြူသူများ။
အပျိုနှင့် စကားဝှက်ရင်း ၀ှက်သောစကားနှင့်ပင် လူပျိုက...
``ဂမုန်းပန်းတခက် နှစ်ခက်´´ ဟုပြောလိုက်သည်နှင့် အပျိုက `ခြုံအစ စာသွားထောင်´ ဟု မိမိတို့ ဆိုလိုသည့် စကားကို တယောက်နှင့် တယောက် နှလုံးချင်း အသဲချင်း အလိုလိုသိလျက် ၀ှက်နိုင် ဖေါ်နိုင်လာကြသည့် ချစ်ရေးချူမှုများ...
ဂမုန်းပန်း တခက်နှစ်ခက် မမုန်းတမ်း တသက်နှစ်သက်၊ ခြုံအစ စာသွားထောင် ယုံရမှာလားမောင် စသည့် စကားဝှက်နည်းမျိုးကို မ၀ှက်ကြတော့ဘဲ ငယ်သူငယ်ချင်းများပီပီ စကားပြောရင်း ငြင်းရင်းခုံရင်း ရိတိတိလုပ်ရင်း ကျောပုပ် ပေါင်ပုပ် မျက်လုံးချင်းဆိုင်ကြည့် ဟိုထိသည်ကိုင် ပြုပြီးကြမှ.....
``စန့် စန့် ကော့ကော့ သူ့ အပေါ်က ကုန်းကုန်းကွကွ ဆွဲကိုင်ဆုပ်၊ ရှေ့ တိုးနောက်ငင် ကြုံး၍လုပ် သူ့ ဟာကြီးက အဆုံးမြှုပ် မြည်သံကြီးက တစုပ်စုပ်´´တဲ့- ဖေါ်ဟု
ပဲ့ကလေး ဦးကလေး ကော့ပျံနေသော လှေပေါ်၌ထိုင်ကာ ကုန်း၍ကုန်း၍ ဆုပ်ကိုင်ထားသော လှော်တက်ကို ရေထဲသို့  မြှုပ်၍ မြှုပ်၍ လှော်တက် နစ်မြုပ်သံကို တစုပ်စုပ် တစွက်စွက် မြည်စေ၍ မြည်စေ၍ လှေလှော်ခြင်းကိုပင်..
မိန်းကလေး၏ စိတ်၌ ဘာလိုလို ဘာလိုလို ထင်ယောင်ထင်မှား တွေးတောစေလျက် ရှက်ခြင်းနှင့်အတူ သွေးဖျဉ်းဖျဉ်းထ၍ ရင်ခုန်စိတ်ကြွစေသည့် စကားမျိုးကို ၀ှက်ပြီးမှ ချစ်ရေးချူမှု။
ဤသို့ ဖြင့် စကားဝှက်၍ ချစ်ရေးချူမှု အမျိုးမျိုး ရှိခဲ့ရာ ဒေါ်လေးနုကမူ `ဂမုန်းပန်း တခက်နှစ်ခက်´ စသော နဘေစကားဝှက်များကို ၀ှက်ခြင်းသည် တဦးနှင့်တဦး ချစ်မေတ္တာခြင်း ရောယှက်မိလာသည်နှင့်အမျှ ထပ်တူအတွေး ထပ်တူအသ် ထပ်တူ တောင်းတမှုတို့  ဖြစ်ပေါ်လာအောင် နှလုံးသား အချင်းချင်း ရင်တွင်းမှ အသိပေးထားကြပြီး စကားတို့ ကို အပြင်သို့  ဖေါ်ပြရခြင်း ဖြစ်သောကြောင့် ပို၍ ပျော်စရာ ကောင်း၏။ ထိုပျော်ရွှင်မှုမျိုးသည် သေရွယ်သို့ ရောက်သည်အထိ တစေ့စေ့တွေးလျက် တမြေ့ မြေ့ ကြည်နူးနေရသည့် ပျော်ရွှင်မှုမျိုး ဖြစ်သည်ဟု ဆို၏။ ဤ၀ှက်နည်းသည် ၀ှက်စရာ စကားတို့ ကို ဦးနှောက်ဖြင့် လေ့ကျက်ရထားရန် သိထားရန် မလို၊ မိမိနှလုံးသားထဲမှ အလိုလို ဖြစ်ပေါ်လာသည့် နှလုံးသားချင်း အသဲချင်း ဖြစ်ပေါ်လာသည့် စကားတို့ ကို ၀ှက်ကြရခြင်း ဖြစ်သောကြောင့် ဤစကားနည်းဖြင့် ၀ှက်လာသော ကိုကာလသားသာလျှင် တကယ့် သန့် ရှင်းသော မေတ္တာစစ်ဖြင့် ချစ်လာသည့် ယောက်ျား ဖြစ်နိုင်သည်ဟုဆို၏။
``ဒေါ်လေးနု ပြောပြစဉ်အခါက အားကျမိ၏။ ကြည်နူးမိ၏၊ မိမိလည်း.... ဒေါ်လေးနု ပြောသည့် ချစ်သူမျိုးနှင့် အသဲချင်း စကားဝှက်ကြမည်ဟု စိတ်ကူးမိ၏။ ဤလို တကယ်ချစ်မည့် ယောက်ျားကို တွေ့ ရန်အတွက် စန္ဒီရှင်မအထံ၌ ဆုမွန်ကောင်း တောင်၇သေးသည်တဲ့၊ စန္ဒီရှင်မသည် အလှအပကြိုက်သည်၊ အသန့် အပြန့်  ကြိုက်သည်၊ အမွှေးအကြိုင် ကြိုက်သည်၊ ထို့ ကြောင့် ရေချိုး၊ သနပ်ခါးလိမ်း၊ ဆံပင်ကို ဖားလျားဖြေချပြီး သနပ်ခါးတခွက် ပန်းနီတပွင့်ဖြင့် မိမိလိမ်းကျံခဲ့သည့် သနပ်ခါး မခြောက်မီ ဗိုင်းဖိထားသော ကျောက်တုံးရှိရာသို့  သွားရသည်ဆို၏။
ထို့ နောက်ရိုရိုသေသေ ဒူးတုတ် ထိုင်ပြီးလျှင် ကျောက်တုံးကို လက်နှစ်ဖက်ဖြင့်မ,ရ၏။ ဗိုင်းတောင့်များကို ယူရ၏။ ပြီးလျှင် ယူလာသည့် သနပ်ခါးခွက်ထဲမှ နံ့ သာရည်များဖြင့် ကျောက်တုံးကို စွဲအောင် လိမ်းကျံပေးရ၏။ ထို့ နောက် ယူလာသည့် ပန်းနီပွင့်မှ ရိုးညှာတံကို ရှေ့ သွားဖြင့် ကိုက်ဖြတ်ပြီး ပွင့်ချပ်များ မိုးမျှော်စေလျက် ဗိုင်းဖိကျောက်ပေါ်သို့  ထောင်တင်ထားရ၏။ ထိုသို့ ပြုလုပ်နေစဉ် ဘေးပတ်ဝန်းကျင်ကို အာရုံ မထွေပြားရ၊ နှုတ်မှလည်း သီချင်း သီကျူးရသေး၏။
ပန်းပွင့်ကလေး နီနီလွင်
ဗိုင်းဖိကျောက်မှာတင်
အချစ်စန္ဒီ မယ်စန္ဒီ စန္ဒီရှင်မှ မ,ပါလေ...
ပြ,ပါတော့ သ,ပါတော့။
ဗိုင်းတောင့်ကလေး ဖြူဖြူစင်
ရွှေလက်ကောက်နှင့်ပြင်
ကိုရင်လာရင် ဘယ်ကိုတိမ်း
ယိမ်းပါတော့ တိမ်းပါတော့..
ဘယ်တိုး.. ဘယ်တိုး။
လက်ရစ်တံကလေး ကျလစ်ကျလစ်
မယ်စန္ဒီက တချစ်နှစ်ချစ်
ချည်ရစ်တိုင်းလည်း နိုင်ပါစေ
စကားဝှက်တိုင်းလဲ နိုင်ပါစေ..
နံ့ သာရေ ဘယ်မကျဲ ရွှဲရွှဲချည်း တင်ပါဘိ
ရှင်မစန္ဒီ မယ်စန္ဒီ စန္ဒီသမီး နှုတ်မှာစီး
သီးပါတော့ ပွင့်ပါတော့
ဘယ်တိုး.. ဘယ်တိုး...
ရှင်မစန္ဒီသည် ပွင့်ပွင့်လင်းလင်းကြိုက်၏၊ သာသာယာယာ ကြိုက်၏၊ ရှင်မစန္ဒီက မလိမ့်တပတ် မယုံမကြည် ပြုလုပ်ခြင်းကို မကြိုက်၊ ထို့ ကြောင့် ပန်းစိုက်စဥ သီချင်းကျူးသောအခါ၌ အသံထွက်၍ ကျူးရ၏။ ထိုသို့ ကျူးရင်း ပန်းပွင့်ကလေးကို မိုးပေါ်သို့ ထောင်တင်ထားခဲ့ပြီးနောက် ဗိုင်းတောင့်များကို ဗိုင်းငင်မည့်နေရာသို့  အရောက် ယူလာထားရ၏။ ပြီးမှ အခြားအလုပ်များ ပြုလုပ်ရသည်။ ညဥ့်မီးထွန်းချိန်ရောက်မှ ဗိုင်းဖိကျောက်ပေါ်၌ တင်ထားသည့် ပန်းပွင့်ကို သွားကြည့်ရ၏။ ထိုသို့ မကြည့်မီအတွင်း မသန့် သော နေရာများကို ၀င်ထွက်သွားလာမှု မပြုရ။
ဗိုင်းဖိကျောက်ပေါ်၌ ပန်းပွင့်ကလေး ၀ဲဘက်သို့ စောင်းလျက် လဲကျနေသော် တညလုံး စန္ဒီရှင်မ လာရောက်နေမည်။ စကားဝှက်တိုင်း နိုင်မည်၊ ကာလသားများ မိမိကို ပို၍ ချစ်ကြမည်၊ မိမိမျက်နှာသည် ပန်းကလေးများ ပွင့်လာသကဲ့သို့  ချစ်ဖွယ် ပွင့်နေမည်ဟု အဟောထွက်၏။ စန္ဒီရှင်မသည် လ,နတ်သမီး ဖြစ်သောကြောင့် လ,ကို ခေါ်သည့်အတိုင်း `စန်း´ဟုလည်း ခေါ်ကြ၏၊ ထို့ ကြောင့် စန္ဒီရှင်မ လာရောက် စောင့်ရှောက်ခြင်း ခံရသည့် အပျိုကို `စန်းပွင့်သည့် အပျို´ဟု ခေါ်ကြ၏။
ဗိုင်းဖိကျောက်ပေါ်မှ ပန်းပွင့်ကလေးသည် ယာဘက်သို့  စောင်းလျက် လဲကျသော် မိ မိအား တကယ်ချစ်မည့်လူက အနိုင်ယူလိမ့်မည်။ စန္ဒီရှင်မ၏ စောင့်ရှောက်ခြင်းကို ခံရသော ပန်းပွင့်သူက မိမိအား အနိုင်ယူ၍ ချစ်ရေးဆိုလိမ့်မည်။
ဗိုင်းဖိကျောက်ပေါ်မှ ပန်းပွင့်ကလေးသည် မိမိထိုင်သည့်ဘက်သို့  လဲကျလျက်ရှိသော် မိမိအား ကြောရရုံ ကြံသူများက ချစ်ရေးဆိုလိမ့်မည်၊ ယနေ့ လူပျိုလှည့်လာသော ကာလသားတွေ ပြောသမျှ ဘာတခုမှ မယုံပါနှင့်ဟု ဖြစ်၏။ ပန်းပွင့်ကလေးများက မိမိဘက်သို့ ရိုးတန်ရှိစေ၍ မိမိမျက်နှာမူရာသို့ ပွင့်ချပ်များက မျက်နှာမူ၍ လဲသော် ချစ်သူ၏ သစ္စာဖေါက်ခြင်းကို ခံရမည်၊ မိမိအား မုန်းထားသူ ပေါ်လာမည်၊ ရန်ဖြစ်တတ်သည်တဲ့။
ပန်းပွင့်လေး ၀ဲဘက်စောင်းသည့် စန္ဒီရှင်မလာသော စန်းပွင့်သော ညမျိုး၌ ညသည် အလိုလို မွှေးနေသည်ဆို၏။ ထိုညမျိုး၌ ဖိုးလသည် စန္ဒီရှင်မ ဘယ်များသွားနေပါလိမ့်ဟု လိုက်ရှာလေ့ရှိသောကြောင့် ထိန်ထိန်သာတတ်သည်ဆို၏။ ထိန်ထိန်သာသည့် လရောင်အောက်၌ အပျိုတို့ ၏ အိမ်ရှေ့ ဝင်းထဲတွင် ပွင့်နေတတ်ကြသော စပယ်ပန်း ဇွန်ပန်း ဆိတ်ဖလူးပန်း ဆောင်တော်ကူးပန်းတို့ ကလည်း ခါတိုင်းခါတိုင်း ညများထက် ပို၍ မွှေးတတ်ကြသည်တဲ့။ တိုက်လာသောလေ၏ ထိတွေ့ မှုကပင်လျှင် အသဲထဲ၌ အေး၍ အလွန်ချမ်းမြေ့ ရသည်ဆို၏။
၅။
ထိုညတွင် ရောက်လာတတ်ကြသည့် ကာလသားတို့ ကလည်း ၀တ်နေကျ ပုဆိုးရှည်ဟောင်းဟောင်း နွမ်းနွမ်းများကို မ၀တ်ဘဲ လျှော်ဖွပ်ထားသည့် သန့် ပြန့်  သစ်လွင်သော ပုဆိုးရှည်များကို ၀တ်ဆင်လျက် တဖက်သောအစကို ကျော၌သိုင်းခြုံကာ ယဉ်စစကလေး ရောက်လာတတ်ကြ၏..တဲ့။
ထို့ ပြင် နား၌၄င်း၊ ရောင်၌၄င်း၊ ပန်းများပန်ဆင်လာတတ်ကြသေး၏။ သူတို့ ၏ ရင်ပတ်ရှိ မြင်နေကျ ဆေးနံကွက်ကြီးများပင် ပို၍ ရဲရဲလွင်လွင် ရှိနေတတ်၏။ ထိုနေ့ မျိုး၌ သူရို့ ကာလသားတွေကိုယ်တိုင် ပို၍ အလှအပ ကြိုက်လာတတ်ကြကာ ရောက်သည်နှင့် သနပ်ခါးကျောက်ပျဉ်ကို ဆွဲ၍နံ့ သာများ လူးလေ့ရှိကြ၏။ ရင်ပတ်လည်ပင်းတို့ ၌ မွှေးကြိုင်ဖြူဖွေးသော နံ့ သာပြောက်တို့ အကြားမှ ကွက်တိကွက်ကြားပေါ်လွင် နေတတ်သည့် ဆေးနီတို့ မှာလည်း ဆေးစောင့်များ ရောက်လာသကဲ့သို့ တောက်ပကြသည်ဆို၏။ သူတို့ သည် ကွမ်းနံ့ ကလေး သင်းသောခံတွင်း၊ ကွမ်းသွေးတို့ ဖြင့် နီထွေး မွှေးကြိုင်သော နှုတ်ခမ်းမှ လှပ ချိုမြိန်သည့် စကားတို့ ကိုသာ ထိုညအဖို့  ပြောတတ်ကြသည်တဲ့။
အားလုံးခြုံကြည့်လိုက်သော် ထိုညသည် မီးအင်ထဲမှ မီးတောက်ပင်လျှင် က,နေဘိသကဲ့သို့  လှနေတတ်၏။ အပြင်မှ လ,ပြောက်ကလည်း ၀ဲလင်းဆောင် အထဲ၌ ငွေကွက်ကလေးများ ကျဲဖြန့် ပေးသလို ပြိုးပြိုးပျက်ပျက် မှုန်ခြယ်လိုက်သေး၏။ ညှင်းညှင်းသွေးသည့် မွှေးသော လေအေးသည် ၀ဲလင်းဆောင် တခုလုံးကို ကြားမလပ်အောင် ဖုံးလွှမ်းပေးတတ်၏။ ချစ်မေတ္တာတို့ ဖြင့် လိမ်းခြယ်အပ်သည့် တောင့်သန်ငယ်နုသော ယောက်ျားပေါက်ကြီးတို့ ၏ မျက်နှာသည် အေးချမ်းသည့် ရိပ်ငြိမ်အသွင် မှီခိုတွယ်ရာ အတိပြီးနေ၏။ ၀ဲလင်းဆောင်တခုလုံးသည် ကြည်နူးပျော်ရွှင်ဘွယ်ရာတို့ ဖြင့် မှုန်ခြယ် ပြင်ဆင်ထားသည့် ချစ်မေတ္တာ နန်းတော်ကြီးဖြစ်လာရ၏။ မိန်းကလေးတို့ သည် ထိုညမျိုး၌ ချစ်ရမည့်သူကို ရွေးချယ်လျှင် မှားယွင်းမှု မရှိတတ်ဟု ယုံကြည်ကြ၏။
စန်းပွင့်လာသည့် ထိုညသည် ကိုကာလသားတို့ ဖြင့် စကားဝှက်ရာ၌လည်း မိမိက ဥာဏ်ရည်သာတတ်၏။ ထိုည၌ မိမိချစ်ရမည့် ကိုကာလသားအား ကိုယ်စွမ်းရှိသမျှ ဥာဏ်စွမ်းရှိသမျှ စမ်းသပ် စစ်ဆေးကြလေ့ ရှိသည်ဟု ဆို၏။
စိတ်တိုတတ်သလား၊ ဇွဲပျော့တတ်သလား၊ သူရဲဘောကြောင်တတ်သလား၊ သစ္စာမဲ့တတ်သလား၊ မိမိနှင့် ရာသက်တိုင် ချစ်ပင်ပျိုး၍ ချစ်မိုးတွေ ရွာသွန်းစွေလျက် ရိုးမြေကျ ပေါင်းသင်း မည့်သူ ဖြစ်နီုင်သလား၊ လား၊ လား၊ လား။
ဤသို့ စမ်းသပ်စစ်ဆေးလေလေ အချစ်သွေးတို့း၍ မိုးမမြင် လေမမြင် ဖြစ်စရာကောင်းလေလေဟု ရင်တဒိတ်ဒိတ် ခုန်အောင် သိလာရသည်နှင့် ရစ်တောင်း၌ ၀ှက်ထားသော နံ့ သာဖြူ- နီ တောင်တန်ကတိုး ကန့် ဘလူခေါင်းတို့ နှင့် ရောသွေးထားသဖြင့် မွှေးကြိုင်လွန်းလှသော သနပ်ခါးခွက်ကို ထုတ်ယူပေးနိုင်သည်တဲ့။
ဒေါ်လေးနု အဆိုအရ ဤသနပ်ခါးခွက်ကို ထုတ်ယူပေးလှမ်းပေးနေသည့် အချိန်သည် တသက်၌ မေ့ရက်စရာ မရှိသော အချိန်ဖြစ်၏ဆို၏။ မျက်နှာကြီးက ထူလာ၏။ အသားတွေကပူနေ၏။ တကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်လျက် ရင်တဖိုဖို ဖြစ်နေရ၏။ ထိုစဉ် ကိုဟ၀ှာက သနပ်ခါးခွက်ကို ပြုံးဖြီးဖြီးကြီး လှမ်းယူရင်း မျက်လုံးပြဲကြီးဖြင့် မိမိအား ကြည့်လိုက်သောအခါ.... သူ့ မျက်လုံးကြီးမှာ မိမိအသဲထဲ စူးဝင်လာသလား ထင်ရလျက် အားပြတ်သွားသလို ကျန်ရစ်ခဲ့ရသည် ဆို၏။
ဤကဲ့သို့ အချက်ထဲရောက်ခါမှ အနား၌ရှိသော အဖေါ်များကလဲ အအားမနေကြဘဲ ပြောလက်စ စကားလုပ် လက်စအလုပ်တွေကို ရပ်ထားကြကာ မျက်လုံးတွေ အကုန်လုံးက သနပ်ခါးခွက်ကို ၀ိုင်းကြည့်နေကြသည်တဲ့။
အပျို့ လက်ထဲက လူပျို့ လက်ထဲသို့  အရောက်စောင့်ပြီး ပါးစပ်ဆိုင်းတီး၍ လေပြထိုးလိုက်ကြ၏။ က,ကြခုန်ကြ၏။ ကိုလူပျိုနှင့် အပျိုကို ပန်းတွေဖြင့် ၀ိုင်းပေါက်ကြ၏။
ဤသို့ ပြုမူကြသည်မှာ ထိုသနပ်ခါးသည် ပန်းသတ်သည့် သနပ်ခါး ဖြစ်သောကြောင့်ဟု ဆို၏။ ပန်းသတ်သည့် သနပ်ခါးခွက်ကို လူးလိမ်းခွင့်ရသော ကိုကာလသားကား မိန်းကလေးကို ချစ်ခွင့်ရသူ မိန်းကလေး၏ ရွေးချယ်ခံရသူ ဖြစ်၏။
သို့ သော် ကျန်ကာလသားတို့ ကလည်း မိမိတို့ အား အပျိုက မရွေးချယ်သည့်တိုင် မိမိတို့ ကလဲ ချစ်ရလေသောကြောင့် ဤသနပ်ခါးခွက်သည် မိမိတို့ နှင့်လည်း ဆိုင်ပါသည်၊ မိန်းကလေးက မရွေးချယ်သည့်တိုင် မိမိတို့ ကလည်း ဆက်လက် ချစ်ခွင့် ရှိပါသေးသည် ဟူသောအနေဖြင့် သနပ်ခါးခွက် ရထားသူ၏ ရှေ့ ၌ မိမိတို့ မျက်နှာကို တိုးပေးလေ့ရှိ၏။
ထိုအခါ သနပ်ခါးခွက်ရသူ လူပျိုက ခွက်ထဲမှ သနပ်ခါးကို နှိုက်ယူ၍ မိမိပတ်လည်၌ ၀ိုင်းနေကြသည့် မျက်နှာတို့ အား တွန့် တွန့် တိုတိုဖြင့် လိမ်းတို့ ပေးရ၏။ မိမိနှင့် မြိုင်ဘက် ဖြစ်သူ သို့ မဟုတ် မိန်းကလေးက မျက်နှာသာ အပေးခံရဆုံးသူကို အနည်းဆုံး လိမ်းပေး တို့ ပေးရ၏။ ဟုတ်လျှင်မှန်လျှင် မိန်းကလေး၏ ချစ်မျက်စောင်းဖြင့် ထိုးခြင်းကို ကြည်နူးဘွယ်ရာ ရယူတတ်ကြ၍ မဟုတ်မမှန်သူကို ပြုလုပ်မိလျှင် မိန်းကလေး၏ သရော်လှောင်ပြောင်မှုကို ခံရလေသောကြောင့် ရယ်မောပျော်ရွှင်ကြရ၏။
စင်စစ် အဖေါ်တို့ သည် မနာလို မရှိကြ၊ အပျို၏ ရွေးချယ်ခြင်းခံရသူနှင့်အတူ ရောနှောပျော်ရွှင် နေကြသည်သာဖြစ်၏။ ထိုအပျော်၌ မိန်းကလေးကို စကားနာထိုးခြင်း စာစပ်၍ အဆိုအငိုတို့ ဖြင့် ပြောဆိုခြင်းများ ပြုလုပ်လေ့ရှိ၏။ အပျော်နောက်ပြောင်သည် ဆိုသော်လည်း အချို့ က နောက်ပြောင်မှုနှင့် ရောနှောကာ မိမိတို့ စိတ်၌ ထိခိုက်နေသည်ကို အကယ်အဟုတ် ပြောနေကြသည်တို့ လည်းရှိ၏။ ထိုသူတို့ သည် ရယ်မောနေကြသော်လည်း မျက်ရည်ဖြင့် ရယ်မောတတ်ကြ၏။ ထိုအခါ အနီးရှိ အဖေါ်တို့  ယင်းသို့ ထိခိုက်ငိုယိုနေသူကို ၀ိုင်းဝန်းအားပေးရင်း နောက်ပြောင်ကြသည်မှာ ပျော်စရာလည်း ကောင်း၏။ ရင်နင့်စရာလည်းကောင်း၏။
``ပျော်လည်းပျော်တယ်အေ့။။။ ငိုလဲ ငိုချင်တယ်အေ့ သနားတော့ သနားပါရဲ့ ကွယ် ဒါပေမဲ့ သူ့ မှ မချစ်နိုင်ဘဲ၊ ကိုယ်ချစ်နေတာက တယောက်မှုတ်လား၊ အဲဒီညဟာ ငါ့တသက်မှာ ဘယ်မေ့နိုင်ပါ့မလဲ´´ ဟု ဒေါ်လေးနုက ပြော၏။
``ဟေ့ရောင်းရင်းရာ ကိုယ့်စိတ်လဲကိုယ်တင်းလိုက်စမ်းပ.. ဂျင်းစိမ်းနဲ့ မိသလင် သူကြင်မှ ကိုယ်ကြင်မပေါ့ကွ၊ မင်းမိနုက ဘာမက်မောစရာရှိလဲ၊ မိနုယူမဲ့အစား ဒို့ အိမ်က ဂျိုကုပ်မကြီးယူ၊ ဂျိုကုပ်မကြီးက တနေ့ ကို နို့ တပိဿာ အစိတ်ထွက်တယ်၊ မင်းမိနုက ဘယ်လောက် ထွက်လို့ တုံး´´
`တစက်မှ မထွက်လဲ နေပါ့စေ ရောင်းရင်းရယ်၊ ငါ ... သူ့ ကို ညှစ်ကြည့်နေရရင် တော်ပါဘီ´
ဤသို့ ဖြင့် တ၀ါးဝါး တဟားဟား ရယ်ပွဲဖွဲ့ ကြပြီးနောက် သန်းကောင်ကြက်တွန်သည့် အချိန်လောက်၌ ပန်းသတ်သည့် သနပ်ခါးခွက်ကို ရသူမှတပါး အားလုံး ပြန်ကုန်ကြသည်ဆို၏။ ပြန်သူတို့ သည် နောက်တနေ့ ၌ ရောက်လာတတ်ကြသေးသည့်တိုင် ခပ်စောစောက ကြိုတင်လာတတ်ကြ၍ `သက်ကြီးခေါင်းချ´ အချိန်၌ ချစ်သူမရွေးရသေးသည့် အခြား အပျိုတအိမ်သို့ .. သွားရောက် လှည့်တတ်ကြသည်ဆို၏။
ဒေါ်လေးနုပြောပြသော စိတ်ကူးယဉ်ကြရမည့် စိတ်ကူးယဉ်စရာကား ယခုမှ စ,ပါသည်။
သန်းကောင်ကြက်တွေ တွန်ပြီးနောက်၊ လာရောက်လည်ကြသော ကာလသားပေါက်ကြီးများက တ၀ါးဝါး တဟားဟားဖြင့် ရယ်မော, နောက်ဆုတ်ပြန်လေကြပြီးနောက်...
မိမိရွေးချယ်လိုက်မိသည့် ချစ်သူနှင့် နှစ်ယောက်တည်း ကျန်ရစ်ကြသည့် အချိန်၌ ၀ဲလင်းဆောင်ကြီး တခုလုံး တိတ်ဆိတ်ကျန်ရစ်သည်ဆို၏။
ထိုအချိန်သည် မိမိရင်ခုန်သံကို မိမိကိုယ်တိုင် ကျယ်ကျယ်လောင်လောင် ကြားနေရသည့် အချိန်ဖြစ်သည် ဆို၏။ တကိုယ်လုံး အိုက်စပ် ပူလောင်၍ ချွေးစို့ နေ၏ မျက်နှာကြီးက ထူအမ်းအမ်းဖြစ်နေ၏။ လက်တွေက မသိမသာ တုန်နေ၏။ မျက်လွှာချလျက် ဗိုင်းငင့်နေရင်းပင် တသုန်သုန်တိုက်နေသော လေအေး၏ ထိတွေ့ မှုကိုလည်း သိ၏။ သူ၏ ပင့်သက်ရှုသံကိုလည်း ကြားနေရ၏။ သူ့ မျက်လုံးက ကြည့်နေသည်ကိုလည်း သိနေ၏။ သစ်ရွက်ကလေးတွေ လှုပ်သံကိုပင် သိနေသည်ထင်၏။ သိရုံမျှ မဟုတ်၊ အဝေးမှ ကြားလိုက်ရသည့် ခွေးဟောင်သံ သဲ့သဲ့ကလေးပင်လျှင် သာယာနေ၏။ ပန်းပင်တွေ ခြေရင်းမှ အော်မည်နေကြသော ပုရစ်နှင့် ညပိုးညမွှားတို့ ၏ စီစီညံသော အသံကိုပင် တိတ်ဆိတ်သောညအား တန်ဆာဆင်ထားသော အသံဖြစ်သည်ဟူ၏။ ထိုစဉ် သူ့ ချောင်းဟန်ု့ သံကို ကြားလိုက်ရသဖြင့် တုန်သွားသည်။ သို့ သော် ဣနြေ္ဒမပျက် မိမိအလုပ်ကို လုပ်မြဲလုပ်နေ၏။ သူ့ ကို မကြည့်၊ ဘာမှ မဖြစ်၊ ဘာမှမသိသလို ဟန်လုပ်နေ၏။ သို့ သော် စိတ်ထဲကမူ သူ့ ကိုဘဲ သတိထားနေမိ၏။
ထိုသို့ သတိထားနေရင် ခပ်စောစောကဖြင့် သူနဲ့ အပြန်အလှန် စကားဝှက်ကြ၊ ချိတ်ကြ၊ စောင်းကြ၊ ရိပ်ကြ၊ မရိုးသားတဲ့ မျက်လုံးနဲ့  အပြန်အလှန်ကြည့်ကြ၊ ဘာမှ မဟုတ်သည့် အကြောင်းအရာကလေးကို စိတ်ဆိုးချင်ယောင်ဆောင်လျက် သူ့ အသားနှင့် ထိအောင် တမင်လှမ်းလှမ်းရိုက်မိရ၊ ယခုတော့ သူ့ ကိုဘဲ ကြောက်နေသလိုလို၊ သာပေမင့် သူ့ ရင်ခွင်ထဲဘဲ မှီနေလိုက်ချင်သလိုလို၊
``အဲဒီလိုအချိန်မျိုးမှာပေါ့ မြခက်ရယ် ဘာမပြော ဘာမပြောနဲ့ သူ့ လက်ကြီးက ကျောကုန်းပေါ်မှာ မထိတထိ တင်လာလေတော့ လှုပ်လဲ မလှုပ်ဝံ့၊ ပြောလဲ မပြောဝံ့၊ ကျောကလေးကို မသိမသာ ကော့မိရင်း ရင်ထဲက ဖိုကနဲ ဟာကနဲနဲ့ ...´´
ဒေါ်လေးနုသည် မှတ်လည်းမှတ်မိ၏။ ပြောလည်းပြောတတ်၏။ နားထောင်ရသူကိုယ်တိုင် တကယ်ဖြင့် လာလေသလားဟု ထင်လာရင်းမှ တောင့်တမိ၏။ ထိုသို့ တောင့်တမိခဲ့ရသည့် ရက်များအတွင်း အပြင်းအထန်ဆုံး စိတ်လှုပ်ရှားခဲ့ရသည်မှာ မနေ့ ကနှင့် သည်ယနေ့ ဖြစ်၏၊ သည်ယနေ့ သည် စိတ်လှုပ်ရှားရရုံမျှမဟုတ် စိတ်လည်းဆိုးရ၏။ ၀မ်းလည်းနည်းရ၏။ သည်က တမျှော်မျှော်နှင့် စောင့်နေရသည်ကို သူကတော့ တခြားအိမ်တွေကို ၀င်နေခဲ့သေး၏။ တခြားအိမ်တွေကို အရင်ဝင်ပြီးမှ သည်ကို ၀င်သတဲ့။
``သည်မှာဗျ ခင်ဗျားကို ပြောနေတာ... ခင်ဗျားကို ပြောနေတာ...´´
`ရှင်.. ရှင်´
မြခက်သည် မျက်လုံးအပြူးသားနှင့် ပြောလာသော ငတောကို ကြည့်နေ၏။ ကာလသားတို့ ကလည်း မိမိတို့ ကို ရှေ့ တွင်ထားလျက် တိတ်တိတ် ဆိတ်ဆိတ် ငြိမ်သက် ဗိုင်းငင်နေရာက မိမိတို့ ပြောကြ ဆိုကြသည်ကိုပင် မကြားမသိနိုင်လောက်အောင် ဖြစ်နေရသော မြခက်ကို မကျေမနပ် ဖြစ်လာကြ၏။
မြခက် ဘာကို စဉ်းစားနေသနည်း၊ိုလ်မြခက်သည် မိမိတို့ ရှေ့ ၌ ထားလျက် မိမိတို့ ပြောဆိုနေသည်ကိုမှ မကြားတော့ဘဲ.. ဤမျှ စူးစူးစိုက်စိုက် စဉ်းစားသည်မှာ... မြခက် စဉ်းစားသော အကြောင်းအရာ သို့ မဟုတ် ၏။ပုဂ္ဂိုလ် တစုံတယောက်သည် ဤ၀ိုင်းထဲ၌ မပါသောကြောင့် ဖြစ်ပေလိမ့်မည်ဟု တွေးတောရင်း စိတ်မချမ်းမြေ့ ဖြစ်ကုန်ကြ၏။ မြခက်၏ မျက်နှာကို ၀ိုင်းဝန်းကြည့်နေကြ၏။ မြခက်က မိမိအား စူးစမ်းသော မျက်လုံးဖြင့် ကြည့်နေကြသည့် ကာလသားတသိုက်အား အပြုံးဖြင့် နှစ်သိမ့်လိုက်၏။
`ဘာလဲဟင် ဘာပြောလိုက်ကြတာလဲ´
`သူ့ အပင်က နွဲ့ နှောင်းနှောင်း.. သူ့ အသီးက မစားကောင်းတဲ့ဗျ´
` သြော်.. ဒါလား ငါ့နွားနက်နက် ချုံပေါ်တက် ချပ်ချပ်မကြား အာကနွားရဲ့  သားပေါ့´
ငပြိုင်းက တကယ်မဟုတ်ဘဲနှင့် အလွယ်ဆုံး စကားတခုကို ပြောလိုက်၏။ မြခက်ကသြော်ဒါလား ဟုဆို၍ ချက်ခြင်းပြန်ဖြေလိုက်၏။ ငပြိုင်းမေးသည့်စကားမှာ ဆံပင်တို့ ၌တွယ်ကပ်နေသော သန်းဥဖြစ်၏။ မြခက်က ဆံပင်တွေပေါ်သွားနေသည့် သန်းမကြီးရဲ့ သားပေါ့ဟု ဖြေလိုက်ခြင်းဖြစ်၏။ ထိုသို့  ဖြေလိုက်သည်ကိုပင် ငပြိုင်းကမသိ၊ ငပြိုင်း၏ အဖြစ်ကို တွေ့ နေရသော အဖေါ်တို့  ငပြိုင်းအား ၀ိုင်းဝန်းတွန်းထိုးပြုလုပ်ကြ၏။
`ညံ့သပ ငပြိုင်းလေး ငတို့ ဘက်က ပါလို့ မဖြစ်ချေဘူးမောင့်´
ငတောသည် ငပြိုင်း၏ လည်ဂုတ်ကို တွန်းလိုက်ပြီးသည့်နောက် မြခက်ဘက်သို့ လှည့်လိုက်၏။
`သည်လို ရှင်မြခက်ကေ့၊ ငါငနပ်နဲ့ က တဖက် ကောင်းမြတ်နဲ့ ငတိုးက တဘက် စကားနိုင်ဝှက်ကြမလို့ ပ၊ စံတုတ်ကြီးကတော့ သင်းမတတ်သဟာမို့  ၀ိုင်းကျွန်ပြုမတဲ့၊ အဲသာ ညည်းနဲ့ ငပြိုင်းနှစ်ယောက်ဘဲ ကျန်တယ်။ ညည်းက ငါရို့ ဘက်ကနေမလား ကောင်းမြတ်ဘက်ကနေမလား၊ သဟာ မေးနေခါမှ ညည်းကလဲ ဘဇာငေးနေမှန်းမသိ´
မြခက်က အနည်းငယ် ရှက်သွား၏။ သို့ သော် ကောင်းမြတ်ကို ရင်ဆိုင်ချင်နေသည့် စိတ်ကြောင့် ငနပ်တို့ ဘက်မှ ၀င်လိုက်၏။ ၀ိုင်းကျွန်ကြီးဖြစ်ရသော စံတုတ်က မျက်လုံးမှေးကြီးဖြင့် ပြုံးပြုံး ပြုံးပြုံးပြုလျက် မီးတင်ဆွခြင်း၊ အဖန်ရည် ထည့်ပေးခြင်း ဆေးလိပ်ညှိပေးခြင်း စသည်တို့ ကို ပြုလုပ်နေကြ၏။
စကားဝိုင်းကား စလေပြီ။
စကားဝိုင်း မစမီကတည်းက လူတွေ သူ့ ဘက် ကိုယ့်ဘက် နေရာရွှေ့ ထိုင်ခြင်းများ ပြု လိုက်ကြ၏။ ရှေ့ တွင် မိမိတို့ ၏ လောင်းကြေးပေးဆပ်မည့် ပန်းများကို ဖက်စိမ်းပေါ်တွင် ပုံချထားကြ၏။ လိုအပ်သည့် ပြင်ဆင်မှုတို့ အတွက် မျက်လုံးမှေးကြီးဖြင့် ပြုံးပြုံးကြီး ရှိနေသော စံတုတ်ကြီးက ကူညီ ပြုပြင်ပေး၏။
ထုံးစံအတိုင်း ဧည့်သည်တွေချည်း ရှိသည့်ဘက်က အရင်ဆုံးစကားဝှက်ရမည် ဖြစ်သောကြောင့် ကောင်းမြတ်သည် မြခက်မျက်နှာသို့ အမှတ်မထင် မျက်လုံးတချက်ဝေ့လိုက်၏။ ပြီးနောက် မြခက်တို့ ဝိုင်းခေါင်းဆောင် ငနပ်ကြီးကို ပြုံးကြည့်၏။ ထို့ နောက် မိမိပန်းပုံထဲမှ ပန်းတပွင့်စီယူ၍ ငနပ်တို့ ဘက်သားများ၏ ပန်းပုံတွေပေါ်သို့ တပွင့်စီ လှမ်းတင်ပေး၏။
ကောင်းမြတ်က အရှုံးပေးလိုက်ခြင်းဖြစ်၏။ တဖက်မှ မိန်းကလေးပါသောကြောင့် မိမိတို့ က ဧည့်သည်ဟူသော အခွင့်အရေးကိုယူ၍ အနိုင်မကျင့်လို ဦးစွာမ၀ှက်လို၊ ထို့ ကြောင့် ယင်းသည်ပွဲအတွက် အရှုံးပေးလိုက်ပါသည် ဟူသည့် အဓိပ္ပါယ် ဖြစ်၏။ အကြိတ်အနယ် ၀ှက်ကြသည့် ပွဲကြီးပွဲကောင်းမျိုး၌ ပြုလုပ်တတ်သော အပြုအမူ ဖြစ်၏။ ထိုသို့ ပြုမူသည်ကို တွေ့ ရုံမျှနှင့် ကောင်းမြတ်သည် တကယ်အကြိတ်အနယ် စကားဝှက်တော့မည်ဟု တ၀ိုင်းလုံးက အလိုလိုသိကြ၏။
ပန်းပုံကိုလှန်းကြည့်ပြီး မသိသလို မျက်လွှာချနေသော မြခက်၏ ရင်ထဲ၌ တဒိတ်ဒိတ်ခုန်နေ၏။ သူ့ တကယ့်ကို ၀ိုင်းကြီး ၀ှက်တော့မှာပါကလားဟု တွေး၏။ ဤသို့ စကားဝှက်ခြင်းသည် တရွာမှ ကာလသားတို့ လာလည်ကြသောအခါ၌၄င်း၊ မိမိတို့ ရွာသား အချင်းချင်းဖြစ်သော်လည်း နာမည်ကြီး ကာလသားများနှင့် နာမည်ကြီး အပျိုတို့  တမင်အပြိုင်ပြုကြသော ချိန်းဝိုင်းမျိုး၌၄င်း၊ ပြုလုပ်လေ့ ပြုလုပ်ထ ရှိကြသော အပြုအမူမျိုးဖြစ်၏။ မြခက် အပျိုပေါက်ကလေး ဖြစ်လာမှ ဤပုံမျိုးနှင့် တခါမှ စကားမ၀ှက်ဖူးသေး။ သို့ ရာတွင် ဒေါ်လေးနုပြောပြဘူး သင်ပေးဘူးသဖြင့် ကြားလည်း ကြားခဲ့ဘူးပါပြီ၊ တတ်သင့်သလောက်လည်း တတ်ပြီးဖြစ်ခဲ့ပါပြီ။
မြခက်သည် ရင်ထဲ၌ လှုပ်ရှားနေ၏။ ထိုသို့ လှုပ်ရှားနေဆဲ၌ပင် ယောင်ချောကြီးနှင့် သနပ်ခါးနှင့် ခေါင်း၌လည်း ပန်းတို့ နှင့် ရင်ကျယ်ကျယ် ခါးငယ်ငယ်နှင့် တင့်တယ်သော ဟန်ပန် အသွင်အပြင်ရှိနေသည့် ကောင်းမြတ်က ချောင်းဟန့် လိုက်၏။
` ဘုရား၊ တရား၊ သံဃာ ဆရာမိဘနှင့်တကွ ရှင်မ စန္ဒီ၊ သူရဿတီ မယ်ဒေ၀ီတို့ ကို ဦးချညွတ်ပြော့ ကန်တော့ပါ၏။ ကန်တော့ပြီးလျှင်သားလုလင်က ပင့်ပါသည်။ သူရဿတီ မယ်ဒေ၀ီနှင့် စန္ဒီသခင် လှနတ်ရှင်ဗျား၊ သားတို့ ယခု ပျော်ကြောင်းစု၍ ချစ်မှုခင်အား၊ ကြင်နာပွားလိုက် မေတ္တာစကား ၀ှက်ကြမည်၊ သားလှနှုတ်တွင် ရှင်မ,၀င်၍ တွင်တွင်စကား ဟပါတော့၊ ပျော်လည်းပျော်ပါတော့။ သူရဿတီ၊ မယ်ဒေ၀ီနှင့်၊ စန္ဒီရှင်မ နတ်မယ်လျ၊ ရှင်မတို့ အား ပင့်ဖိတ်ထားပြီး၊ သားလှစကား ၀ှက်တော့မည်၊ နှစ်သက်ရာသာ ဆိုပါတော့၊ ပျော်လည်းပျော်ပါတော့၊ သားလှနှုတ်မှာ နေပါတော့၊ သူရဿတီ မယ်ဒေ၀ီနှင့် စန္ဒီရှင်မ နတ်မယ်လျ၏၊ သားလှရွှေသွေး၊ မင့်မောင်ထွေးက နှုတ်ရေးစကား စ,တော့မည်၊ နှမ စဉ်းစားဖြေပါတော့၊
`စည်းစိမ်ချမ်းသာ လွန်ကြွယ်ဝ၊ သူ့ အိမ်ဟာလာ ဟင်းလင်းပ၊ သူ့ နေရာက အလွန်အေးမြ၊ ရောက်လာသူတိုင်း ပြန်မရ၊ သူ့ မှာ ချစ်သူ လွန်ပေါလှ၊ မအိုတော့တဲ့ အပျိုမ၊ သူ့ ကိုလိုလို့ ပိုးပန်းကြ၊ စွန့် နိုင်သူမှ သူနဲ့ ရ။ မလေးသိလျှင် ဖေါ်လိုက်ပ၊ လူတိုင်းချစ်တဲ့ မငြိမ်းလှ။ ကဲ.. ဖေါ်´
ကောင်းမြတ်၏ မျက်နှာသည် ပျော်ရွှင်ပြုံးတုံ့  မပြုံးတုံ့ ၊ ကောင်းမြတ်တို့ ၏ အသံသည် ညဥ့်ယံ ဖုံးတုံ့ မဖုံးတုံ့ ။ တိတ်ဆိတ်နေသော အဖေါ်များလည်း နားဆင်ဆုံးတုံ့  မဆုံးတုံ့ ။
အားလုံး ငြိမ်သက်နေကြသည့် အဖေါ်တို့ ၏ မျက်နှာသည် ကောင်းမြတ်၏ မျက်နှာကို ၀ိုင်းဝန်းကြည့်လိုက်ရာမှ မြခက်၏ မျက်နှာသို့ လှမ်းကြည့်လိုက်၏။
သည်ကောင် သည်လိုဘဲ လုပ်တတ်သည်၊ ရိုးရိုး သူ့ အစု ကိုယ့်အစု အစုအလိုက် အပျော်ဝှက်ခြင်းမဟုတ်ဘဲ လုပ်မည်ဆိုလိုက်သည်နှင့် ၀ိုင်းကြီးစလိုက်တော့သည်။ ၀ိုင်းကြီးစ,လျှင် ငနပ်က ခေါင်းဆောင်ဖြစ်သော်လည်း အိမ်ရှင်လည်းဖြစ် တယောက်ထည်းသော မိန်းကလေးလည်းဖြစ်သော မြခက်က လက်ခံ ဖေါ်ရမည်။ မဖေါ်လိုလျှင် `ကျမ ၀ိုင်းကြီးဝှက်၊ မ၀ှက်တတ်သေးပါဘူး´ ဟု ပြော၍ အရှုံးပေးပြီးလျှင် ကလေးသူငယ်တို့  ၀ှက်သလို ရိုးရိုးဘဲ စကားဝှက်တော့မည်၊ ဤပွဲသည် မြခက်က မည်သို့ လက်ခံမည် ဟူသည့်အပေါ်တွင် မူတည်သည်။
မြခက်၏စိတ်၌ အိုက်စပ်စပ်ဖြစ်လာသည်။ မြခက်၏ ရင်ညွန့် နှင့် နဖူးဆံစတို့ တွင် ချွေးဥလေးများ စို့ နေ၏။ မြခက်သည် ငြိမ်ငြိမ်သက်သက မျက်လွှာချလျက် ရှိနေသော်လည်း မြခက်၏ရင်တွင်း၌ လှုပ်ရှားနေသည်။ မြခက်၏ စိတ်ထဲက အဖေါ်တွေအားလုံး မိမိမျက်နှာကို ၀ိုင်းကြည့်နေသည်ဟု အလိုလိုသိနေ၏။ ပန်းရနံ့ တို့ ကို သယ်ဆောင်လာသော ညဥ့်လေအေးသည် လှုပ်လှုပ်ရှားရှား အသံပြုလျက် မြခက်တို့ကိုပက်ဖျန်း ပေးလိုက်သည်။ ရှေးဦးစွာ သတိဝင်လာသော စံတုတ်ကြီးက မီးအင်ကို ပို၍တောက်ပလာစေရန် မီးကောက်ဖြင့် ဆွပေး၏။ တိတ်ဆိတ်မှုသည် မြခက်၏ စိတ်ကို ပို၍ လှုပ်ရှားစေ၏။ မြခက်သည် ဒေါ်လေးနု၏ မျက်နှာကို မြင်ယောင်လာလျက်၊ ဒေါ်လေးနု၏ အသံကို ကြားယောင်လာရာမှ ပင့်သက် မှုတ်ထုတ်လိုက်၏။
``ဘုရား၊ တရား၊ သံဃာ ဆရာမိဘ၊ သူရဿတီ၊ မယ်ဒေ၀ီနှင့် စန္ဒီသခင် လှနတ်ရှင်၊ မယ်လျှင်ကန်တော့ပါ၏၊ ကန်တော့ပါ၏။ ကန်တော့ပြီးလျှင် မယ့်သခင်တို့ ၊ ထွက်ဝင်ကြွသွား၊ မယ့်လျှာဖျားတွင် ရပ်နားစိတ်ကြိုက်နေပါတော့၊ မယ်လျှင် ဦးခိုက် ပင့်ပါပေါ့။´
` သမီးနှင့်မယ်၊ ချစ်တုံ့ လှယ်သည်၊ မယ်မယ်စကားဆိုပါတော့၊ သမီးနှင့်မယ်၊ ချစ်တုံ့ လှယ်သည်၊ မယ်မယ်ပျော်ကြောင်း စ,ပါတော့၊ မယ့်မယ့်သမီး ခွင့်ပန်ပြီး၍ မောင်ကြီးအများ အဖြေခက်သည့် ၀ှက်စကားကို၊ ပန်းနှယ်ဖူးလာသမို့ ၊ ခူးကာပြပါ့မည် နားဝ ဆင်တော်မူ´
``စည်းစိမ်ချမ်းသာ လွန်ကြွယ်ဝ၊ သူ့ အိမ်ဟာလာ ဟင်းလင်းပ၊ သူ့ နေရာက အလွန်အေးမြ၊ ရောက်လာသူတိုင်း ပြန်မရ၊ သူ့ မှာ ချစ်သူ လွန်ပေါလှ၊ မအိုတော့တဲ့ အပျိုမ၊ သူ့ ကိုလိုလို့ ပိုးပန်းကြ၊ စွန့် နိုင်သူမှ သူနဲ့ ရ။ မ,လေးသိလို့ ဖေါ်ကာပြ၊ သုံးဘုံချစ်တဲ့မငြိမ်းလှ၊ နိဗ္ဗာန်ဆိုတဲ့ အပျိုမ မောင်ကြီးဟုတ်ပါစ´´
မြခက်၏ အသံသည် တုန်လှုပ်နေဟန်ရှိသော်လည်း အဆက်မပြတ် ခပ်မှန်မှန် ထွက်ပေါ်၏။ မြခက်သည် မိမိအဖြေဆုံးသည်နှင့် ပင့်သက်ရှိုက်လျက် ကောင်းမြတ်ကိုကြည့်၏။ ထို့ နောက် အဖေါ်များရှိရာသို့ တဖြည်းဖြည်း မျက်လုံးလွှဲသွား၏။ မြခက်၏ မျက်နှာသည် ပြုံးနေ၏။ မြခက်၏မျက်နှာနှင့်အတူ အဖေါ်အားလုံးတို့ ၏ မျက်နှာလည်း ပြုံးနေကြ၏။ တိတ်ဆိပ်ခြင်းသည် ကျေနပ်မှုဖြင့် မျိုချလိုက်သော တံတွေးမျိုသံကိုပင် ကြားလိုက်ကြရ၏
ကောင်းမြတ်သည် ခံ့ညားသော အပြုံးဖြင့် မိမိတို့ လောင်းကြေးထပ်ထားသည့် ပန်းပုံကြီးကို ကျုံးယူခါ တဖက်မှ စကားဝိုင်း၏ ခေါင်းဆောင်ဖြစ်သည့် ငနပ်သို့ ပေး၏။ ငနပ်က လက်နှစ်ဖက်ဖြင့် ပေးလာသည့် ပန်းလောင်းကြေးကို လက်နှစ်ဘက်ဖြင့် ခံယူကာ မြခက်ရှိရာသို့ လှမ်းပေး၏။ မြခက်က ငနပ်၏ လက်ခုတ်ထဲမှ ပန်းနှစ်ပွင့်စီ ရွေးခြယ်ကောက်ယူ၍ သူရဿတီ မယ်တော်နှင့် စန္ဒီရှင်မအတွက်ဟုဆိုကာ မိမိဘက်တော်သားများ၏ ခေါင်းသို့ ၎င်း၊ မိမိခေါင်းသို့ ၎င်း ကိုယ်တိုင်ပန်၏။ ပန်ပေး၏။ ပြီးမှ ကျန်သော အောင်ပန်းတို့ ကို မိမိလက်ခုတ်ကလးဖြင့် ခံယူလိုက်ပြီးနောက် ကျောက်ပျဉ်၊ သနပ်ခါးတောင်း၊ ချားရစ်ခုံ၊ ရစ်တောင်းစသည်တို့ ၌ တပွင့်စီတင်၏။
ပွဲကြီးလမ်းကြီး တခုဖြစ်လာသော လုလင်ပျို ခြောက်ဦးနှင့် လုံမငယ်တဦးတို့ ၏ ချစ်ရေးငင်ရာ အချစ် စစ်မြေပြင်ကြီး၌ အချစ်တိုက်ပွဲဝင်နေကြသူတို့ ၏၊ ထေ့သံ၊ ရယ်သံ၊ စောင်းသံ၊ ချိတ်သံ၊ လှန့် သံ၊ ခွာသံ၊ ရှောင်သံ၊ တိမ်းသံတို့ သည် တိတ်ဆိတ်နေသောညတွင် တိုးတိုးကြိတ်ကြိတ်ပေါ်နေရာမှ တခါခါ ပွင့်ထွက်လာတတ်၏။
ကောင်းမြတ်သည် အသံသြကြီးနှင့် ကြီးကောင်ဝင်လာသည့်အချိန်ကစ၍ နွားသိုးပေါက်ကလေးကဲ့သို့  အပျိုတက အပျိုအိမ်သို့ ဦးစွာရောက်လျက် ပေါက်တတ်ကရ ပြောခဲ့သူဖြစ်၏။ အပျိုကြီးတွေနှင့်လည်း နီးနီးကပ်ကပ် ပေါင်းထားသောကြောင့် ရှက်စရာအကြောင်းနှင့် စကားတို့ ကို ကြားဘူးခဲ့ရသူဖြစ်၏။ ခြုံ၍ဆိုရသော် ကောင်းမြတ်သည် မိန်းမပျိုတို့ ကြိုက်တတ်သည့် ကာလသားပေါက် ကလေးမျိုးဖြစ်သောကြောင့် ၀ါရင့်သော ကာလသားကြီးတို့ တမျှ နားရေပါးရေ ၀နေသူဖြစ်၏။ ထို့ ကြောင့်မိမိတို့ နောက်တနှစ်ကြာမှ အပျိုဖြစ်လာရသော မြခက်အား ဘယ်လှိမ့်ညာကန် သဒ္ဒါလံအောင် နှယ်ပစ်လိုက်မည်ဟု ကောင်းမြတ်က သဘောထား၏။ သို့ သော် လက်တွေ့ ၌မူ ကောင်းမြတ် ထင်သလို မလွယ်ကူ...။
ပွဲကြီးလမ်းကြီးပြု၍ စကားအနိုင်လု ၀ှက်ရာ၌ တဘက်နှင့် တဘက် လကာင်္နဘေတို့ ဖြင့် အခြေ ပျိုးခြင်း၊ ကိုယ်ရည်သွေးခြင်း။ တဘက်သားကို စကားဖြင့်နှိမ်ခြင်း၊ ခန့် ခြင်း ဖိခြင်းတို့ ပြုပြီးမှ မိမိတို့ ဝှက်လိုကြသည့် စကားကို ၀ှက်ကြရိုးထုံးစံရှိ၏။ ငယ်နုလှသေးသည့် မြခက်အဘို့  ဒါတွေကို မသိ၊ မရသေးဟု ကောင်းမြတ်က ထင်ခဲ့၏။ ကောင်းမြတ်၏အထင်နှင့် လက်တွေ့ အသွင်သည် တက်တက်စင် လွဲခဲ့လေပြီ။
မြခက်တို့ ဘက်မှ ခေါင်းဆောင်ပြုသူ ငနပ်သည် ခေသူမဟုတ်၊ စကားဝိုင်းကြီး တခုနှစ်ခု၌ ပါဘူးသူဖြစ်၏။ ငတော့က စကားမကြွယ်သော်လည်း ပိုင်နိုင်သူဖြစ်၏။ မြခက်ကမူ တောက်ပသော ဆီမီးကဲ့သို့  ထိန်ထိန်ညီးသူဖြစ်၏။ အမှောင်၌ပေါက်နေသည့် စကားကို ကောက်ကာငင်ကာ ရှာပေးနိုင်သူဖြစ်၏။ ထို့ ပြင် ဤ၀ိုင်းသားအားလုံးထက်ပို၍ လကာံနဘေတွေကို ဆိုနိုင်၏။ မြခက်ဆိုလိုက်တိုင်း ကာလသားပေါက်ကြီးတစုက တအံ့အတသြ ငေး၍နားထောင်ကြရ၏။
``ချည်သေး၍ ချားမလည်သလိုပါဘဲ၊ သို့ ပေမင့် မောင်ကြီးတို့ ကဖိတ်ခေါ်ကြတော့ ကျမအဖို့ မပါပြန်ရင်လဲ ရိုင်းရာကြတော့မည်၊ ပါပြန်ရင်လဲဗိုင်းနာမ ဖြစ်မည်မို့ မ၀ံ့ရဲရဲ ၀ံ့ရဲရဲဖြင့် ရိုင်းရာ မကျလေအောင် စွန့် စားပြီး သည်,စကားဝိုင်း၌ ပါရပါသည်။ မောင်ကြီးတို့  မကြင်နာ၍ ဗိုင်းနာမ ဖြစ်လျှင်လည်း ဖြစ်ရပါစေတော့´ဟု အောက်ပင့်စကား လကာင်္သွားကလေးတွေ ရွတ်ပြီးမှ တကယ့် ခဲရာခဲဆစ် စကားအသစ်တွေကိုချည်း ၀ှက်နေရာ ကောင်းမြတ်တို့ လူသိုက်ချွေးပြန်နေကြ၏။
မမယ်မသား ငပြိုင်းနှင့် လူရိုးလူတည် စံတုတ်ကြီးတို့ အဘို့ မူ သွားဖြည်းကြီးတွေနှင့် နားထောင်နေကြရင်း မြခက်ကို အံ့အားတသင့် ငေးစိုက်နေမိကြ၏။
ချည်သေးလို့ ချားမလည်၊ ငယ်သေးလို့ နားမလယ်ဆိုပြီးနောက် ရိုင်းရာမကျအောင် ဗိုင်းနာမအဖြစ်ခံယူပါတော့မည်ဟု သုံးလိုက်ပုံကလေးများ အသဲထဲက ယားကျိကျိ ဖြစ်သွားရသည်ဟု စိတ်ထဲမှ တွေးထင်မိကြ၏။
အပျိုကလေးတို့ သည် ၀ဲလင်းဆောင်၌ ဗိုင်းငင်ယင်း လူပျိုကလေးတွေကို ဧည့်ခံလာကြရာ ထူလွန်း, ထိုင်းလွန်း, အ,လွန်း ညံ့ဖျင်းလွန်းသောကြောင့် မည်သည့် ကာလသားမှ မကြိုက်နိုင်ကြဘဲ စွန့် ပစ်သွားကြခြင်းဖြင့် ဗိုင်းငင်သော အလုပ်သည်သာ အလုပ်ခွင်၌ နာခဲ့ရသည်၊ ကြိုက်သူတယောက်မှ မရ၊ ကျမလည်းေ မာင်ကြီးတို့ နှင့် အရာ စကားဝှက်သော ၀ိုင်း၌ ပါရမည်ဆိုပါလျှင် ကျမ ညံ့ပုံ ထူပုံ၊ အ,ပုံတွေ သိပြီး မောင်ကြီးတို့ စွန့် ပစ်သွားကြမည် ဖြစ်သောကြောင့် `ဗိုင်းနာမ´ ဖြစ်ရပါတော့မည်။ မောင်ကြီးတို့ ကြင်နာသနားကြမှ `ဗိုင်းနာမ´ ဘ၀က လွတ်ပါမည်။ သို့ ကလောက်ထူသော၊ အ,သော၊ ညံ့သော၊ ထိုင်းသော ကျမက ရိုင်းရာမကျလေအောင် မောင်ကြီးတို့ စကားဝိုင်းတွင် ပါဝင်၍... စကားဝှက်ပါတော့မည်ဟု ဆိုလိုက်ပြီးမှ ၀ှက်လိုက်သည့် စကားကို ကြားလိုက်ရသောအခါ ပါးစပ် ဟင်းလင်းဟ၍ ငေးစိုက်နေကြရ၏။
တဖက်မှ ကောင်းမြတ်တယောက်ထည်း လိုလို ဒိုင်ခံချေပခြင်း၊ တိုက်စစ်ဆင်ခြင်း ပြုနေရသည်။ ငပြိုင်းနှင့် ငတိုးတို့ ကား အားကိုးရသူများ မဟုတ်ကြ။
စကားဝိုင်း၏ အခြေသည် ငနပ်တို့ ဘက်မှ အရေးသာလျက်ရှိ၏. ငနပ်ကိုယ်တိုင် ကောင်းမြတ်နှင့် ယှဉ်နိုင်သူ ဖြစ်နေလေရာ မိမိမထင်ဘဲနှင့် ဘယ်အချိန် ဘယ်လို တတ်နေမှန်းမသိသော မြခက်က ငနပ်တို့ ဘက်ရောက်နေသောအခါ ကောင်းမြတ်တို့ အဘို့ အလူးအလဲ ခံနေရ၏။
လဆုပ်လသည် ယခုမှ ပို၍ ထိန်ထိန်သာ၏။ ဤသည့် ရက်မျိုးကား ကာလသားတွေ အပျိုလယ်ထွက်ကြသော ရက်မျိုးဖြစ်သော်လည်း ညဥ့်နက်လှပြီ ဖြစ်သောကြောင့် မြခက်တို့ အိမ်ရှေ့ မှ အသုတ်လိုက် အသုတ်လိုက် ပြန်သွားကြသည့် အသံများကို ကြားနေရလေပြီ။
မောင်ရင်ပြန်ချိန်သို့  ရောက်ပြီ ဖြစ်သောကြောင့် `မောင်ရင်ပြန်´ ကြက်တွန်သံသည် တောင်ပန် တဖြန်းဖြန်း ခတ်သံနှင့်အတူ တရွာလုံး လှုပ်ရှား ဆူညံလာ၏။ အုတ်လမ်းကလေး ခပ်သာသာဖြင့် လ,ရောင်အောင်၌ လျောင်းစက်နေသော ရွာကလေးသည် အိပ်မောကျနေရာမှ လူးလွန့် လိုက်သလို လှုပ်ရှားလာ၏။ ထိုနောက် ပြန်၍ တိတ်ဆိတ်သွားသည်နှင့် အဝေးမှ တထေ့ထေ့ ကြူလိုက်သော ပြွေသံသည် တမြေ့မြေ့ လွမ်းဆွတ်စဖွယ် ပို၍ထင်ရှားလာ၏၊ ပန်းနံ့ တို့ ကို သုတ်ဖျန်းလာသော လေသည် မြခက်တို့ ရှိရာသို့  ၀င်ရောက်တိုးဝှေ့ ၏။ တိုးတိုးကြိတ်ကြိတ်ရယ်လိုက်ကြသော အသံသည် မွှေးသောလေနှင့်အတူ လမ်းမဘက်သို့  ပျံ့ လွင့်သွားပြန်၏။
`ကောင်းမြတ်ရာ မိုးသာ လင်းချင်လင်းမပ။ မင်းရို့ ဖွတ်ချေးတွေ ငါ၇ို့ ကို ပြိုင်ရို့ နိုင်နိုင်ရိုးလား...´
လူအင်အားသားနေသော ငနပ်က မခံချင်အောင် စလိုက်ခြင်းဖြစ်၏။ ကောင်းမြတ်သည် အရှုံးမပေးလို၊ မနိုင်လျှင် နိုင်ရာနှင့် ညှစ်တော့မည်ဟု စိတ်ကူးလိုက်၏။ သူသည် မြခက် မဖေါ်ရဲသည့် စကားကို နောက်ဆုံးပိတ် ၀ှက်ခြင်းအနေဖြင့် ၀ှက်ရန် ဆုံးဖြတ်၏။
`အေးပလေ... နက်ဖြန်မွန်းတည့်မှာ ငါလဲ မင်ကြောင် ထိုးရအုံးပ၊ သည်တော့ ဟောဒီ ပန်းတွေအကုန် ပုံတိုက်လောင်းကြေးထပ်ပြီး ငါဝှက်မယ်။ နောက်ဆုံး ၀ှက်ခြင်းပ။ ကဲ မင်းရို့ အထဲက မြခက်ပဲဖေါ်´´
``မြေနှင့်ရန်ဘက်၊ ခက်လက်ညိုမှောင်၊ နေမလောင်သည့် အမှောင်ပုန်းခို ပန်းနီညို။
မပွင့်လိုဘူး အမြဲဖူး၊ ချစ်သူခူးမှလန်း၊ ချစ်သူနမ်းမှပွင့် မ,လေးပန်ဘို့ အသင့်၊ မောင်ကြီးပေးချင်ချင့်...တဲ့´´
မြခက်၏ မျက်နှာသည် ရှက်သွေးဖြန်းသွား၏။ မြခက်၏ မျက်စောင်းသည် ကောင်းမြတ်၏ မျက်နှာရှိရာသို့ ကျရောက်သွား၏။ စိုးမိုးသော ဟန်ပန်နှင့် တုံပြန်ကြည့်နေသော ကောင်းမြတ်၏ မျက်လုံးနှင့် မျက်လုံးချင်းဆိုင်မိကြလျက် မလွှဲနိုင်လဲ ဖြစ်နေရ၏။ မြခက်၏ ရင်ထဲ၌ တဒိတ်ဒိတ် ခုန်လာရသည်။
ဤစကားသည် အသစ်ဖြစ်သောကြောင့် မည်သူမျှ မသိကြ။ သို့ သော် မြခက်၏ ရှက်သွေးဖြန်းနေသော မျက်နှာကို မြင်ရခြင်းကြောင့် မြခက်သိနေကြောင်း ထင်ရှား၏။ အားလုံးတို့ က မြခက်၏ မျက်နှာကို ၀ိုင်းကြည့်နေကြ၏။ ငနပ်က ပြုံးဖြဲဖြဲ ပြုနေသော ကောင်းမြတ်၏ မျက်နှာကို တချက်လှမ်းကြည့်လိုက်၏။
`ဖေါ်လိုက်ဟာ နင်သိတယ်မှုတ်လား´
``ဖေါ်လေ ဖေါ်ပေါ့၊ ဖေါ်နိုင်ရင် ဟောသည်ပန်းပုံ အကုန်ယူ၊ ငါဝှက်သည့်အထဲမှာ စကားနှစ်ုပါသယ်ဟ။ ယူမယ်မယူဘူးဆိုသာပါပြော´´
မြခက်က သနပ်ခါးတောင်းထဲမှ သနပ်ခါးတုံးဖြင့် ကောင်းမြတ်ကို ပေါက်၏။ ကောင်းမြတ်က ပြုံးကာရယ်ကာဖြင့် သနပ်ခါးတုံးကို ဖမ်းလိုက်၏။ ဘေးကအဖေါ်တွေက ဘာတွေပါလိမ့်ဟု သိပ်ကို သိချင်နေကြလျက် ဘာမှန်းမသိဘဲ ကောင်းမြတ်နှင့်အတူ ရောနှော ရယ်မောနေကြ၏။ ကောင်းမြတ်က ပျော်ရွှင်မှုကြောင့် ရွှန်းလဲနေသည့် မျက်လုံးဖြင့် မြခက်ကို ပြုံးလျက်ကြည့်၏။
``ကဲလေ၊ ဖေါ်လေ သေသေချာချာဖေါ်ရမယ်၊ ငပြိုင်းတို့ စံတုတ်ရို့ သိအောင် ဖေါ်ရမယ်၊ မဖေါ်နိုင်ရင် ပန်းပေး... ဒို့ နိုင်တယ်´´
``နိုင်လိမ့်မယ်.. နိုင်လိမ့်မယ်.. အားကြီးချည်း နိုင်လိမ့်မယ်၊ ကျူပ်ဖေါ်မယ်တော့၊ နားထောင်´´
``နီညိုရောင်သမ်း၊ နေမလှမ်းတဲ့ နတ်ပန်းဆန်းကို မပန်ဝံ့လို အမေဆိုလိမ့် နတ်အိုရဲက ဖျဉ်းစွဲအောင် ဖမ်းစားတတ်သတဲ့တော်...´´
``နီနီကျင်ကျင်၊ နေမလှမ်းတဲ့ ပန်းလွင်လွင်ကို ရွှင်လို မြူးလို၊ ကစားလို၍၊ ပေးလိုခဲ့လျှင်၊ မောင်ကြီးအိမ်က မောင့်နှမကို၊ ၀အောင်အရင်၊ ပန်ပါစေလားတော်....ကဲ´´
မြခက်က တောက်ပသော မျက်လုံး၊ အပြုံးပါသော မျက်စောင်းဖြင့် ကောင်းမြတ်ကို မချိုမချဉ်ကြည့်၏။ ကောင်းမြတ်၏ မျက်နှာ၏ အလွန်အံ့အားသင့်လျက်ရှိ၏။ ကောင်းမြတ်သိထားသော အဖြေမှာ တော်ရုံတန်ရုံ မိန်းကလေးတယောက် ရွတ်ဆိုပြရဲသည့် အဖြေမျိုးမဟုတ်။
``မြေမှမပေါက်၊ လူမှာရောက်သည့်၊ ကြောက်စရာ့ပန်း ခူးမှလန်း၊ ရိုးတန်ညှာက နီမြန်းမြန်း´´ ဟူ၍ဖြစ်၏။ ယခု မြခက်၏ အဖြေမှာ မိမိသိထားသော အဖြေထက် ပို၍လှ၏။ မဖြေဘဲနှင့် အလိုလို ပြေသွားသော အဖြေဖြစ်၏။ ထို့ ကြောင့် အံ့သြနေရ၏။
``ကဲ မယ်မင်းကြီးမကလေး... ခင်ဗျားကို ကျူပ်အရှုံးပေးပြီ... ရော့ယူတော်မူ´´
ကောင်းမြတ်က ပန်းကို အပုံလိုက် မြခက်တို့ ဘက်သို့ တွန်းပို့ ၏။ မြခက်၏ မျက်နှာ၌ ကြည်နူးမှုဖြင့် ပြုံးနေ၏။
``ဟေး.. အရှုံးမပေးနိုင်သေးဘူးကွ၊ အစက ဒို့ တတွေ သိအောင် ဖေါ်နိုင်မှလို့  ပြောထားတာ၊ အခု ဒို့ တတွေ မသိသေးဘူး..´´
ငပြိုင်းက ဆူညံဆူညံလုပ်ရင်း မိမိပန်းကို ဆွဲထား၏။ ဤတွင် ငနပ်က မြခက်ကို တိုးတိုးလေးမေး၏။ မြခက်က မပြော အတန်တန်မေးမှ သူ့ မေးပါလားဟု ကောင်းမြတ်ကို မေးငေါ့ပြ၏။ ငနပ်မေး၏။ ကောင်းမြတ်က မိမိသိထားသည့် အဖြေကို တိုးတိုးတိတ်တိတ် ရွတ်ဆိုပြ၏။
``ဟေ့ ကောင်းမြတ် သစ္စာမဖေါက်နဲ့ ကွ..။ မင်းကိုယ့် အချင်းချင်းတော့ မပြောဘဲနဲ့ သူ့ ကို မပြောရဘူး..´´ဟု တွန်းလား ဆွဲလားလုပ်နေ၏။ ထိုစဉ်ပင် ငနပ်၏မျက်နှာက ၀င်းထိန်လာတော့သည်။ မိမိပေါင်ကို မိမိဘာသာ ပုတ်လိုက်ပြီး နောက် `သြော်.. အဲသာကိုး` ဟု အော်လိုက်၏။ ထို့ နောက် ငပြိုင်း၏ရှေ့ မှ ပန်းပုံကို ဆွဲယူလိုက်ရင်း...
``မင်းသိချင်သလာ၊ သိချင်သလား မင်းအဖေကြီးရဲ့ ဟာတဲ့ ကဲ..ပေး´´
``ဟေးမရဘူး၊ မင်းတို့ အဖြေ ဒို့ သိအောင်ဖြေ..´´
``ဖြေပြီးပါကောကွ၊ မင်းအဖေကြီးဟာတဲ့..´´
``ဒါဘဲနော်.. တော်ရို့ နော်၊ တော်ရို့  မိန်းကလေးတယောက်ရဲ့ အိမ်မှာ `သစ်နှစ်ပင်ကြားပေါက်တဲ့ဝါး အဖျားခပ်ကိုင်းကိုင်း´တဲ့ သိလား...´´
``အို၊ အဲဒါလဲ ကျူပ်တို့ မသိဘူး၊ ကျူပ်တို့ ကတော့ မတတ်တာအမှန်ဘဲ ရိုးရိုးဘဲ´´
ငပြိုင်းက မကျေမနပ် အော်မိ၏။ ကိုငတောက ဆူညံဆူညံလုပ်နေသော ငပြိုင်း၏ ဇက်ပိုးကို လက်ဝါးဖြင့် ရိုက်လိုက်၏။
``အမယ်- ခုမှ ရိုးနေလိုက်ထာ၊ အမေရိုး အဖေရိုး၊ ဖွားအေရိုးကလေး၊ မသိရင်မှတ်ထာူ၊ သစ်နှစ်ပင်ကြား ပေါက်တဲ့ဝါး၊ အဖျားခပ်ကိုင်းကိုင်းဆိုတာ မိမစစ်ကြား ပေါက်တဲ့သား စကားခပ်ရိုင်းရိုင်းတဲ့ပေး.....´´
ငပြိုင်း၏ခေါင်းမှပန်းကိုပါ ဖြုတ်ယူလိုက်သည်။ ဤသို့ ဖြင့် စကားဝိုင်း အပြီးသတ်ကြကာ ကာလသားတို့ သည် မြခက်ကို နှုတ်ဆက်လျက် အိမ်မှ ထွက်သွားကြ၏။
ဆူနေသော အိမ်သည် တိတ်ဆိတ်သွား၏။ ဆေးလိပ်တိုများ၊ ကျောက်ပျဉ်နှင့် သနပ်ခါးတောင်း၊ သနပ်ခါးတုံးများ၊ ကွမ်းအစ်၊ ဆေးအစ်၊ ထွေးအင်၊ အဖန်အိုး၊ ထန်းလျက်ပန်းကန် စသည်တို့  ပြန့် ကျဲနေ၏။ ကာလသားတို့ ၏ ကိုယ်နံ့ သည်ပင် ကျန်နေသလို ထင်ရ၏။ ကာလသားတို့ ၏ စကားသံလည်း ကြားယောင်သလို ဖြစ်နေ၏။ မီးအင်ထဲမှ မီးတောက်သည် ရေနံချေး ခန်းချောက်သဖြင့် ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေလေပြီ၊ မြခက်သည် ဗိုင်းငင်သော ရစ်ခုံနှင့်တကွ ချည်ခင်များကို တိတ်တိတ်ဆိတ်ဆိတ် သိမ်း၏။ ကမ္ဘာကြီး တခုလုံးသည် မိမိတယောက်တည်း ရှိသကဲ့သို့  သွေ့ ခြောက်ခြောက်ကြီး ဖြစ်လာ၏။ မြခက်စိတ်ထဲ၌ တစုံတခုကို လွမ်းဆွတ်နေသကဲ့သို့ ခံစားရ၏။ အိမ်မြှောင်တကောင်၏ စုတ်ထိုးသံသည် ၀ဲလင်းဆောင်တခုလုံးကို ကျယ်လောင်စွာ ဖုံးလွှမ်းသွား၏။ သိမ်းဆည်းရှင်းလင်းနေသော မြခက်၏ စိတ်ထဲ၌ ဤအိမ်မြှောင်၏ စုတ်ထိုးသံပင်လျှင် လွမ်းစရာကဲ့သို့ ဖြစ်နေ၏။ မိမိကဲ့သို့  တကိုယ်တည်းဖြစ်နေသောကြောင့် ညဉ်းညူလိုက်လေသလားဟု အောက်မေ့မိ၏။
အားလုံးရှင်းလင်း သိမ်းဆည်းပြီးသောအခါ မြခက်သည် ၀ဲလင်းဆောင်ရှေ့ သို့ ထွက်မိအောင် ထွက်မိလိုက်သေး၏။ အရွက်ပါးသော ဒန့် ဒလွန်ပင်တို့ ၏ အကြားမျ လတခြမ်းပဲ့ကြီးသည် ရှိသမျှ အလင်းရောင်ကို ထုတ်ကာ အစွမ်းကုန်သာနေ၏။ အဖေါ်ကွဲသောငှက်တကောင်သည် ကောင်းကင်ယံမှ အသံပေးရင်း ပျံသွားလေသည်။ ညှင်းလေသည် တဖြေးဖြေး သွေး၏။ တိတ်ဆိတ်သော ရွာရိုးတလျှောက်၌ ပန်းရနဲ့ တို့ ကမွှေးပျံ့ နေသည်။ တဖက်ခြံမှ ၀ါးရုံပင်တို့ သည် မြခက်တို့ ခြံတွင်းရှိ ဒန့် ဒလွန်ပင်များရှိရာသို့  ကုန်းကာ ကုန်းကာ တီးတိုးစကားပြောနေ၏။ မြခက်သည် အစမရှိသော အဆုံးမရှိသော တွေးခြင်းမျိုးဖြင့် ငေးလျက်၊ ဒန့် ဒလွန်ရွက်တို့ ကြားမှ မြင်နေရသော ထိန်ထိန်သာသည့် လ,တခြမ်းပဲ့ကြီးကို ငေးကြည့်နေသည်။
``ဟဲ့ လုံမ မအိပ်သေးဘူးလား...၊ အိပ်ပါတော့လား....´´
``ဟုတ်ကဲ့အမေ ကျမအိပ်မလို့ ..´´
တရေးနိုးလာပြီဖြစ်သော မိခင်က အော်လိုက်သောကြောင့်သာလျှင် မြခက် အိပ်ရာဝင်ခဲ့ရသည်။ မျက်လုံးကားကြောင်နေဆဲ။
ဝဲလင်းဆောင်ပြီးပါပြီ။
No comments:
Post a Comment