Wednesday, November 2, 2016

အညာမိသားစု (ဆရာတင်မိုး၊ လှေတစင်းနှင့် သီချင်းသည်၊ ၁၉၆၃)

အညာမိသားစု (ဆရာတင်မိုး၊ လှေတစင်းနှင့် သီချင်းသည်၊ ၁၉၆၃)

26 August 2013 at 09:50
အညာမိသားစု

နွားသိုး နှစ်ရှဉ်း ပြောင်အောင်
ကျွေးမည် မွေးမည် အားတွေနဲ့ ၊
ပုဆိုးအစင်း-ကြိုးအစင်းတွေနဲ့ ပေါ့နှော၊
ထိုးကွင်း ခကြောင်
ဆေးနီ ဆေးမှီတွေနဲ့  ကြွားလောက်ပါရဲ့ 
အမျိုးလဲ မကင်းတဲ့ပြင်
ဓားရိုးတစင်း တဆောင်တယောင်
သွေးရည် မွေးရည်လဲ ခြားသူမို့ ၊
ဘုရားနဲ့ - တရားနဲ့ 
အကစားတောင် မလှဲ့ ပေဘု
ထွားလဲ ထွားတဲ့ပြင်
ကျားဟဲ့လို့  နှုတ်မျှို့  ချွေတဲ့စရာ။

အသား လဲ့လဲ့
ပါးမလဲ မှဲ့ နဲ့ 
အလကား မနွဲ့ တတ်ရှာဘု
စကားလဲ တဲ့သနှင့်
ညားခဲ့သဗျို့ 
ကျူပ်တို့  အဖေနဲ့ အမေပါ။

သြော်…. ပုခန်းသား ဆိုကတဲ၊
တန်းစကား…ကျမ်းစကား
ခမ်းခမ်း နားနား တွေနဲ့ 
အဟမ်း--- အဟမ်း မကြွားတတ်ပြီဘု၊
ထန်းသမားဘာသာ ထုံပေ ထုံပေနဲ့ 
ချူံနေ ၀ါးရုံခြေမှာ ယုန်တွေလိုက်ကာပ၊
အပန်းပြေစေဟူလို
ထန်းရေတမြူကို ကျိုက်ပါလို့ ၊
မီးမြှိုက်ကာ အရေခွါတဲ့၊
သရေစာ လင်းမြွေသားငဲ့ပြင်၊
ဝမ်းခါး တခါ မလုံသမို့ ၊
သမီးများ-- သားများ
အစီးအပွားတွေနဲ့ ဆိုတော့
မီးအလား သည်တမြုံနှင့်၊
အနည်အမှုန်မပါ တမှုတ်နှစ်မှုတ်
ကောင်းစေဖို့ ၊
ဆီဆုံမှာ တငုတ်တုတ်တုတ်
မောင်းရပြန်တော့၊
ဂုပ်တစောင်းစောင်းနဲ့ 
အဟုတ်ဘဲ ညောင်းခဲ့ပါရဲ့ ၊
နေစောင်းအောင် ကြိတ်ကာကြိတ်ကာနဲ့ ၊
အ၀ိဇ္ဇာတဏှာ ဘ၀ထွေလာ မအေးပုံက၊
ပြိတ္တာပမာ မ၀ရေစာ လွေးရပါတော့၊
ကလေးတမြုံ- ခွေးတအုံနဲ့ ပေကိုး
အရေးမကုန်-- ကြွေး အပုံနဲ့ မို့ 
ဈေးအစုံမှာ တိုလီ မိုလီ ရောင်းရတဲ့ပြင်၊
ခံတောင်း အပက်ကယ်နဲ့ 
ခေါင်းရွက်တဲ့ ဇနီးခမျာ နော်ကွယ်၊
ခရောင်း မအက် တအက်မှာလ
ထနောင်း တခက် နှစ်ခက်ကယ်နဲ့ 
တပေါင်းဖက် ကျပြန်တော့လဲ
တောင်းရက်နှီးဖြာ။

သြော်--- ပဝေ နကိုယ် စရိုက်ပေမို့ 
ထန်းရေချို ကြိုက်ရှာတဲ့၊
ရေစကြို တ၀ိုက်မှာ မယ်စံထယ်နဲ့ ၊
ကျုပ်တို့ အဖေအို တည်းဟူသော
ကိုရွှေအို ကြိုက်စရာ ကံဖလှယ်သနဲ့ 
ကြံဟယ်.. ဖန်ဟယ်
မညောင်း မညာမနား
ရောင်းစရာ အများတွေနှင့်၊
မြန်နယ်မှာ
ချောင်းတကာ မြောင်းတကာ သွားပေမဲ့၊
ဆန်ဝယ်စရာ
ဒေါင်းအသပြာက ရှားပေသမို့ ။

စားစားလုပ်လုပ်နဲ့ 
တအား ထုတ်ခဲ့ရ
အယားမှ မကုတ်နိုင်ဘု
စခန်းလှလှ မနေသာ၊
ဖွားတုတ်တို့ ရဲ့  ထန်းခ မကျေတာကြောင့်လဲ
ခွေကာ ခွေကာနုန်း။

တရားအရှုပ်ရှုပ်
အလကား မဟုတ်ပေဘု
မတရား ချူပ်မလို့ 
ဖမ်းဟ… ဖမ်းဟ…
စေတာတွေ ကြောင့်လဲ
တပြေတရွာပုန်း။

ဧရာ့ တောင်ဆီ
ဒေသမှာ မချောင် မလည်မို့ 
ရေကြည်ရာ မြက်နု ပေါပါတဲ့၊
ပဲတောမြေ အခြေတယ် မဟဲ့လို့ ၊
လှေငယ်ငယ် ရွက်ညိုဖေါင်းရယ်နဲ့ ၊
ရေအလယ်မှာ
တက်အို တချောင်းပေပေါ့၊
အမေအို… အဖေအိုတို့ 
နေညိုညိုမှာ ရေစကြိုက ပြောင်းခဲ့ကြ၊
ကံကောင်းလျှင် အနေတော်၍၊
ငွေပေါ်ကာ ကြွေးမြီ ဆပ်နိုင်ရဲ့ ၊
တဖက်တလမ်း ၀င်ငွေ
ရက္ကန်းစင်တွေပါ ခတ်စေပြီး၊
ဇရာအို ဒုဗ္ဗလပေမဲ့ဟေ့
အနှာလို ဒုက္ခတွေဟာ
မကြာ ပြုတ်ရမကွာ မှတ်ပေတော့၊
စိတ်ဓာတ် မာန် တဖီဖီနဲ့ ၊
အကြံ အစည် တယ်မသေးမူ၍
တနယ်တကျေးမှာ
လူရောင် ပြောင်ချင်သနဲ့ ၊
ဇမ္ဗူတလူဆောင်ကာ ဒြဗ်ပုဒ် မွေးပါလို့ ၊
ထူထူထောင်ထောင်
မပြတ် အဟုတ် ကျွေးနိုင်တော့၊
အလှုတောင် ဇာတ် ရုပ်သေး တွေနဲ့ ၊
ခရီးအဝေးက အရီးလေးတို့ ပါ
အကူ လာကြသနဲ့ ။
ဘသူ… ဘ၀ါ
အဖေအမေ အမျိုးတွေပေါ့ဟဲ့နဲ့ ၊
ဆူကာဆူကာ အသရေလဲ တိုးခဲ့ပါရဲ့ ၊
ဆွေမျိုးအစုံ
သိုင်းကာ ၀ိုင်းကာနဲ့ မပြတ်မငြီးစေဖို့ ၊
ဗေတိုးဗုံ ဆိုင်းဆရာ တို့ ကလဲ
ကိုင်းလဟာ… ကိုင်းလဟာနဲ့ 
လမိုင်းပါကပ်အောင် တီးလိုက်ပါဘိ၊
ဓာတ်မီးတွေ တထိန်ထိန်နဲ့ ၊
အလှုအိမ် ဂုဏ်ရှိန် မောက်စရာပ၊
စရပ်တကာနဲ့  ပရမတ်ဆရာတို့ ကလဲ
မပြတ် လာရောက် ရောက်ပြီး၊
တယောက် တပေါက် တယူသန်
ဆူညံ ဆူညံနဲ့ ၊
ဋီကာသံ ကျမ်းသံ ပေးပြန်ပေါ့၊
ကွမ်း၊ ဆေး လက်ဖက် အစုံတယ်လို့ မို့ 
ဘုံအလယ်မှာ ဂုဏ်မငယ်ခဲ့ပါဘု၊
တလှဲ့  တဖန် ကံမသာတော့၊
မြန်မာကို ဂျပန်လာလို့  ခဲချိန်ပေါ့၊
တ၀ုန်းဝုန်း ညံအောင်
ဗုံးဆန်တွေ ကြဲလိုက်ပုံကြောင့်၊
တဲအိမ်ပါ လောင်စာ ဖြစ်ပြန်ရ၊
ခေတ်ကြီး ကလေ ကခြေမှာ၊
စစ်မီးတွေ တမွှေမွှေနှင့်၊
လူမသေယင်
ငွေဆိုတာ မရှားနိုင်ဘူးဟဲ့လို့ ၊
စကား ဆိုကာ ဆိုကာ တင်းရပါတော့၊
သားချင်းတွေ ဆွေညာ အစုံက၊
စေတနာပုံကာ ဆီ ဆန် ဝေကြသနှင့်၊
ကျည်ဆန်တွေ မိုးရွာတဲ့ အကြားတောင်မှ၊
အထည် ပန်းကန် တွေပါ
တိုးကာ တိုးကာ သနားကြ ပြန်တော့၊
တအားနော် တအင်ထူနိုင်ခဲ့ပါရဲ့ ၊
ခင်သူ မင်သူ
အပေါင်းအဖေါ်လဲ မနဲသူမို့ ၊
မျက်နှာမွဲပေမဲ့
အချက်ထဲကျယင်
အခက်အခဲကို ကူညီညာကြသနှင့်၊
ကျူပ်တို့ အဖေအို ခမျာ
တရက် မဟုတ်
နှစ်ရက်မဟုတ်
တသက် လုပ်ရတဲ့
စက်တချူပ်ချူပ်နဲ့ 
ဘ၀ ရေးရာတွေ ရုန်းပါရ၊
ကျူပ်တို့  အမေအို မှာလဲ
တလက် တဆုပ်
မပျက် လုပ်ခဲ့တဲ့ အပြင်
လက်ဖက် တအုပ်
ထညက် တကြုတ် ကယ်နဲ့ 
ခတက်ရွက် သုပ်အပြီး
တချက်ချက် တပြုတ်ပြုတ်ရယ်နဲ့ 
နှမ ကလေးပမာ ပြုံး။

တင်မိုး (လှေတစင်းနှင့် သီချင်းသည်။ ၁၉၆၃)

No comments:

Post a Comment