ချစ်သူ့ သြဇာ
(ကိုဆူးငှက်)
86 reads
ချစ်သူ့ သြဇာ (ကိုဆူးငှက်)
မိဘများကိုပင် လုပ်ကျွေးသူပါရှင်…
လာမယ့် ၁၃၇၆ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်(၂၀၁၄ ခု၊
ဒီဇင်ဘာ ၂၅ ရက်)နေ့ဟာ တေးပြုစာဆိုကြီး နန်းတော်ရှေ့ဆရာတင် အသက် ၁၂၀ နှစ်
တင်းတင်းပြည့်တဲ့နေ့ဖြစ်ပါတယ်။ အလားတူပါပဲ။ အခု တပို့တွဲလဆန်း ၅ ရက်(၂၀၁၄၊
ဖေဖေါ်ဝါရီ ၄ ရက်)နေ့ကလည်း အနုပညာရှင်ကြီးမြို့မငြိမ်းရဲ့ ၁၀၅
နှစ်မြောက်မွေးနေ့ဖြစ်တယ်။ နန်းတော်ရှေ့ဆရာတင်က ၁၈၉၄ ခု(၁၂၅၆ ခု၊ ပြာသိုလဆန်း ၅
ရက်)မှာ မွေးဖွားခဲ့ပြီး၊ မြို့မငြိမ်းက ၁၉၀၉ ခု(၁၂၇၀ ခု၊ တပို့တွဲလဆန်း ၅
ရက်နေ့)မှာ မွေးဖွားခဲ့ကြတာပါ။
နန်းတော်ရှေ့ဆရာတင်နဲ့ မြို့မငြိမ်းဟာ တစ်ယောက်က
နန်းရှေ့မင်္ဂလာဥယျာဉ်ရပ်၊ တစ်ယောက်က တရုတ်တန်း၊ ရှေ့တော်ပြေးဝင်းမှာ အသက် ၁၅
နှစ်ခြားပြီးမှ မွေးဖွားလာကြတာဖြစ်ပေမယ့် မန္တလေးအနုပညာမျက်နှာစာမှာတော့
ညီရင်းအစ်ကိုတမျှ ထိစပ်ရှက်နွယ်ခဲ့ကြပါတယ။် နန်းတော်ရှေ့ဆရာတင်ကို သူ့ဖခင်
ဦးမှန်က လခစားပညာတတ်မင်းမှုထမ်းဖြစ်စေချင်တယ်။ ဒါကြောင့်
ဝက်စလီလံယောက်ျားလေးကျောင်း (ယခု အ.ထ.က ၁၂)မှာ ကျောင်းထားပေးခဲ့တယ်။ ဒါပေမယ့်
နန်းတော်ရှေ့ဆရာတင်ဖြစ်လာမယ့် မောင်မောင်တင်က အဆို၊ အတီး၊ အမှုတ်ကိုပဲ ၀ါသနာပါတယ်။
ကျောင်းလွယ်အိတ်ထဲ ပုလွေတစ်ချောင်းထည့်ပြီးမှ ကျောင်းသွားတယ်။ ဒါကြောင့် အသက် ၂၀
ဝန်းကျင်မှာပဲ နန်းတော်ရှေ့ဓမ္မာရုံဆွမ်းကြီးခံတီးဝိုင်းအတွက် ဗုံတောက်သံ ၅
ပုဒ်ကိုစပြီး ရေးစပ်တယ်။ နောက် အသက် ၂၂ နှစ်သားရောက်တော့ မန္တလေးက
နာမည်ကျော်အငြိမ့်မင်းသမီး ယုဇနအေးစိန်အတွက် "မယ်အေးလေးကပို့တဲ့မေတ္တာရည်"ဆိုတဲ့
သံဆန်းတေးတစ်ပုဒ် ရေးစပ်ပြီးနောက် သဘင်လောကထဲ ခြေစုံပစ်တော့တာပါပဲ။ နောက်…
အငြိမ့်သီချင်းတွေရေးတယ်။ ၁၉၂၅ ခုနှစ်မှာ တည်ထောင်တဲ့ မြို့မတူရိယာအသင်းအတွက်
သီချင်းတွေရေးပေးတယ်။
နောက်… မြို့မငြိမ်းဖြစ်လာမယ့်
မောင်ကျော်ညိန်းကလည်း သူ့အဖိုးအဖွားအသည်းဖြစ်ခဲ့တယ်။ ရှေ့တော်ပြေးဝင်းမြောက်ပေါက်
၂၈ လမ်းပေါ်က ယွန်းထည်ကုန်သည် ဦးရိပ်နှင့် ဒေါ်လေးတို့ရဲ့ တစ်ဦးတည်းသောသမီး။ သမီးက
ပန်းထိမ်ဆရာကိုညီနှင့် အကြောင်းပါတယ်။ ကိုညီ-မဦးကမွေးတာ ကျော်ညိန်းနဲ့
ကျော်သိန်းတဲ့။ အဲဒီသားနှစ်ယောက်က အငယ်ဖြစ်တဲ့ကျော်သိန်းက ၁၃ နှစ်သားနှင့် ဆုံးတယ်။
တစ်ခါ… မိခင်မဦးကဆုံးတော့ ကိုညီက နောက်အိမ်ထောင်ထူတော့
မိတဆိုးမြေးလေးကျော်ညိန်းကို အဖိုးအဖွားများကပဲ ခေါ်ထားပြီး အလိုလိုက်ထားကြတာပါ။
ဒါကြောင့် ကျော်ညိန်းအတွက်ဆို အဖိုးအဖွားက လိုလေသေးမရှိပါပဲ။
တစ်ဦးတည်းသောအမွေစားအမွေခံလေးပါပဲ။ အဖိုးအဖွားက ကျော်ညိန်းကို
ဗုဒ္ဓဘာသာကျောင်းပို့တယ်။ အင်္ဂလိပ်စာတတ်ပေတတ်ဖြစ်စေချင်တယ်။ ၁၉၂၀
ကျောင်းသားသပိတ်ကြီးပြီးတော့ ဗုဒ္ဓဘာသာကျောင်းကနေ နေရှင်နယ်ကျောင်းမှာ
ဆက်ပညာသင်တယ်။ ကျော်ညိန်းက ကျောင်းစာထက် အတီးအမှုတ်ပဲ ၀ါသနာပါတယ်။ မယ်ဒလင်တီးတယ်။
ဘင်ဂျိုတီးတယ်။ ဗျက်စောင်းတီးတယ်။ အဘိုးဝယ်ပေးတဲ့ ရာလေးစက်ဘီးပေါင်ပြီး
ဘင်ဂျိုဝယ်တယ်။ ဒီလိုနှင့် အမျိုးသားကျောင်းက ၈ တန်းနဲ့ကျောင်းထွက်ပြီး
ပန်းချီကိုဘသက်တို့အပျော်တမ်း ဂီတ၀ိုင်းမှာပဲ အချိန်ကုန်တယ်။
ကိုဘသက်တို့ဝိုင်းကိုတရုတ်တန်းဖျာဝိုင်းလို့ခေါ်တယ်။ ၁၉၂၅ ရောက်တော့
တရုတ်တန်းဖျာဝိုင်းနှင့် ဆိုင်းတန်းဖျာဝိုင်းတို့ပေါင်းပြီး
မြို့မဗုဒ္ဓဝေယျာဝစ္စအပျော်တမ်းတူရိယာအသင်းကို ထောင်ကြတော့ ကိုကျော်ညိန်းက
ဦးဆောင်သူထဲမှာတစ်ယောက်ဖြစ်လာပါတယ်။
ကိုကျော်ညိန်း(ခေါ်)ကိုဘညိန်း(ခေါ်)ကိုညိန်းက
မြို့မမှာ ဓာတန်းကိုမောင်မောင်(ဓားတန်းကိုသန့်)တို့နှင့် တွဲမိပြီး မြန်မာတူရိယာ၊
မြန်မာ့ဂီတသာမက အနောက်တိုင်းတူရိယာနှင့် အနောက်တိုင်းဂီတတွေအပေါ်
ထဲထဲဝင်ဝင်လေ့လာတော့တာပါပဲ။ မြို့မက ၁၉၂၈ နောက်ပိုင်း ခိုင်ခိုင်မာမာဖြစ်လာသလို
မန္တလေးရဲ့အလှူမင်္ဂလာနှင့် ဘုရားပွဲ၊ ကျောင်းပွဲတွေမှာ "သူမပါရင်
ပွဲမမြောက်"သလို ဖြစ်လာတော့ လိုအပ်တဲ့ ဧည့်ခံသီချင်းတွေကိုလည်း ကိုညိန်းက
ရေးစပ်ပေးရတော့တယ်။ မြို့မမှာက အငြိမ့်သီချင်းတွေ ရေးစပ်နေတာ အရှိန်ရနေတဲ့
နန်းတော်ရှေ့ဆရာတင်ကလည်း သီချင်းတွေရေးစပ်ပေးနေလေတော့ ဆရာတင်နဲ့ ကိုညိန်းက
မြို့မမှာ ဂီတနှင့်သံယောစဉ်တွယ်ကြတော့တာပါပဲ။ ကိုကြီးတင်တဲ့။ မောင်ညိန်းတဲ့လေ…။
မြို့မအတွက် ဆရာတင်က "အောင်ပင်လယ်"သီချင်းကို ရေးစပ်ပေးတော့
သီချင်းထဲမှာပါတဲ့ "အောင်ပင်လယ်"ဆိုတဲ့ စာသား ၅
ကျော့ဆိုတဲ့အပိုဒ်ကိုတီးတော့ ကိုဘညိန်းက ဘင်ဂျိုကို အတက်အဆင်းနဲ့
ထူးထူးခြားခြားတီးခတ် ၀ိုင်းဖွဲ့ပေးတယ်။
နန်းရှေ့မှာနေတဲ့ဆရာတင်ကလည်း မနက်လင်းတာနှင့် ၂၈
လမ်းက ကိုဘညိန်းအိမ်ကိုရောက်လာပြီး ဂီတသမားတွေနှင့်ပဲ နေတတ်သတဲ့။ တစ်ခါကများ
ရန်ကုန်ဓာတ်ပြားတိုက်က ဆရာတင့်ကို မှီရာရထားနှင့်အမြန်လိုက်လာပါ၊ အရေးကြီးတယ်လို့
ကြေးနန်းရိုက်လိုက်လို့ နန်းရှေ့အိမ်မပြန်တော့ဘဲ ၂၈ လမ်း ကိုဘညိန်းအိမ်ကပဲ
အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဘူတာဆင်းတာပဲတဲ့။
ဆရာတင်က ၁၉၄၉ ခု ပြည်တွင်းစစ်မီးကြောင့်
မန္တလေးမှာ ကရင်တွေဝင်ချိန် ကွယ်လွန်ရှာတယ်။ ဆရာတင် ကွယ်လွန်တော့
မြို့မငြိမ်းဖြစ်နေတဲ့ ကိုဘညိန်းက တော်တော်စိတ်မကောင်းဖြစ်ရတယ်။ ဆရာတင်က
သဘင်လောကအတွက် အလွန်အားထားမျှော်လင့်ထားတဲ့ သူ့သား ရွှေနန်းတင်က ဥမမယ်
စာမမြောက်ကျန်ရစ်နေခဲ့တာအပေါ် စိတ်ဖြောင့်ဖြောင့်ဖြစ်မှာမဟုတ်ဘူးလို့
မြို့မငြိမ်းကယုံတယ်။ ယုံသလိုလည်း ကျန်ရစ်တဲ့ဆရာတင့်သားအတွက်
သူ့မှာတာဝန်ရှိတယ်လို့ ခံယူထားတယ်။ တာဝန်ရှိသလိုလည်း အစစအရာရာ ကူညီရမယ်လို့
ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် မြို့မငြိမ်းမှာလည်း
ဇနီးသည်မသန်းရဲ့ယွန်းထည်ဆိုင်ဝင်ငွေလေးနဲ့ သားသမီး ၉ ယောက်ကို
ကျွေးမွေးပြုစုနေရတာဆိုတော့ မလှည့်သာဘူးပေါ့။ "အဘမှာ ကိုကြီးတင်သားအတွက်
တာဝန်ရှိတယ်။ ဘာမှလုပ်မပေးနိုင်လို့ စိတ်မကောင်းဘူး"လို့
ခဏခဏငြီးတွားတယ်ဆိုတာကို မြို့မငြိမ်းသမီးကြီး ဒေါ်တင်ကြည်က ကျွန်တော့်ကို
ပြောပြဖူးတယ်။ မြို့မငြိမ်းသားကြီး ဦးသန်းအောင်ခိုင်နဲ့က တစ်ရပ်တည်းနေရတော့
သူနှင့် စကားစမည်ပြောတိုင်း သူ့အဘ(မြို့မငြိမ်း)အကြောင်းချည်းပါပဲ။
"ဆရာတင့်ကျန်ရစ်တဲ့သားလေးက
ရွှေနန်းတင်နာမည်နဲ့ ဇာတ်ကတယ်။ နောက် ခင်စန်းတင်ဆိုတဲ့ မင်းသမီးလေးနှင့်
အကြောင်းပါတယ်။ ရွှေနန်းတင်နဲ့ ခင်စန်းတင်တို့အငြိမ့်ကကြတော့ ရွှေနန်းတင်ကလည်း သူ့အဖေဆရာတင်ဆုံးပါးပြီးတဲ့နောက်
သူ့အဖေနှင့် ညီရင်းအစ်ကိုတမျှချစ်ခင်ကြတဲ့ ဦးလေးငြိမ်း(မြို့မငြိမ်း)ဟာ ဖခင်ပါပဲ။
ဒါကြောင့် ဦးလေးငြိမ်းကို စောင့်ရှောက်ဖို့၊ လုပ်ကျွေးပြုစုဖို့၊ ကန်တော့ဖို့
တာဝန်ရှိတယ်။ ဒါပေမယ့် အိမ်ထောင်ဦး အစစအရာရာထူထောင်နေချိန်မှာ ဒီဝတ္တရားပျက်ကွက်နေလို့
စိတ်မကောင်းဖြစ်ရသတဲ့။ ဒီတော့ ခင်စန်းတင်အတွက် အငြိမ့်သီချင်းလေးတစ်ပုဒ်ကို
ဦးလေးငြိမ်းစပ်ခိုင်းပြီး လိုတာထက်ပိုကာ အနုပညာကြေးကန်တော့မယ်လို့ ကြံစည်ထားသတဲ့။
ဘာလို့လဲဆိုတော့ ဦးလေးငြိမ်းကို ဒီအတိုင်းငွေသားချည်း သွားကန်တော့ရင်
လက်ခံမှာမဟုတ်လို့ပါတဲ့။
မင်းသမီးလေး ခင်စန်းတင်က
အငြိမ့်သီချင်းစပ်ခိုင်းကတည်းက မြို့မငြိမ်းမှာ ကျေနပ်နေတယ်။ ဟုတ်တယ်…။
ဒီကလေးတွေကို ကိုကြီးတင်မရှိတဲ့နောက် ဘာမှမကူညီနိုင်သေးဘူး။ ၀တ္တရားပျက်ကွက်နေယ်။
အခုတော့ ကူညီနိုင်ပြီပေါ့။ ဒါကြောင့် သီချင်းလေးကိုစပ်ပြီး
တပည့်ဖြစ်သူတယောမောင်ကံကို သေချာချပေး၊ တိုက်ပေးတယ်။ လာမယ့် ဥပုသ်နေ့
ခင်စန်းတင်လာရင် မောင်ကံက သေချာတိုက်ပေးလိုက်ပေါ့။ သူကတော့ ဒီကလေးတွေကို
ဒီထက်ကူညီဖို့သင့်တာ မကူညီနိုင်တော့ မျက်နှာပူသတဲ့။ မျက်နှာချင်းဆိုင်ရမှာ
အားနာသတဲ့။ ဒီလိုနဲ့ ဥပုသ်နေ့ရောက်တော့ ဆရာငြိမ်းက မနက်စောစောကတည်းက တရုတ်တန်း
ညီနောင်ကဖေးမှာ သွားရှောင်နေတယ်။ တယောမောင်ကံကိုပဲ အိမ်ကနေ ခင်စန်းတင်ကို
စောင့်ခိုင်းတယ်။ ခဏနေတော့ ခင်စန်းတင်က အိမ်တော်ရာထီးလေးဆောင်းပြီး
ဆိုက်ကားတစ်စီးနဲ့ ၂၈ လမ်း အိမ်ကိုရောက်လာတယ်။ အိမ်ဝင်ကတည်းက "ဦးလေးငြိမ်း၊
ဦးလေးငြိမ်း"လို့ အသံပေးလာတာကိုး…။ မောင်ကံက "မာစတာမရှိဘူး။
မခင်စန်းတင်လာရင် သီချင်းချပေးလိုက်ဖို့ မှာသွားတယ်"လို့ပြောပြီး တယောလေးနဲ့
သီချင်းချပေး။ သီချင်းစာရွက်လည်းပေးတယ်။ ခင်စန်းတင်ကလည်း ဦးလေးငြိမ်းကို
ကန်တော့ခွင့်ရပြီဆိုပြီး သူ့ပဒုမ္မာအင်္ကျီအောက်က ချွေးခံအင်္ကျီလေးရဲ့အောက်အိတ်ကနေ
အသင့်ယူလာတဲ့ပိုက်ဆံကိုထုတ်တယ်။ ငွေစက္ကူအခေါက်လေးကို တယောမောင်ကံလက်ထဲတည့်…။
မောင်ကံကလည်း သူ့မာစတာမှာထားလို့ ဇွတ်ပြန်ပေး…။ ခင်စန်းတင်ကလည်း
"သီချင်းဖိုးရယ်လို့ မအောက်မေ့ပါနဲ့။ ဦးလေးငြိမ်းကို ကန်တော့တာပါ"လို့
တွင်တွင်ပြောရင်း ဇွတ်ပေး…။ မောင်ကံကလည်း ပျာပျာသလဲငြင်း…။
ဒီအကြောင်းကို ဦးသန်းအောင်ခိုင်က
ပြန်ပြောပြတော့ ကျွန်တော့်မှာ ရုပ်ရှင်ပြသလို မျက်စိထဲမြင်ယောင်လာပြီး
အနုပညာရှင်တွေရဲ့အံ့မခန်းနှလုံးအပေါ် ပီတိစိတ်နဲ့ မျက်ရည်တွေလည်လို့…။
အဲဒီသီချင်းလေးက "ချစ်သူ့သြဇာ"တဲ့လေ…။
"… အချစ်ကမရေလည်… အတွေးရခက်တယ်
အပြောတော့လွယ်လွယ်… ရုပ်လုံးပေါ်ချစ်ဖို့လိုမယ်…
ချုပ်ချုပ်ချယ်ချယ်… အခုကပဲရှင်၊
အမိန့်ထုတ်ကာရယ်…
ဗိုလ်ကျချင်… စန်းတင့်အပေါ်ဝယ်…
မောင်… ချစ်သောခင့်ကို၊ လူဗိုလ်ပုံအလယ်…
ဆိုကသောအလုပ်နဲ့ မကြည့်ရက်လို့ပင် ခင်စွန့်ပယ်…
ချိုမြိန်သောစကား နားဝင်သာပါတယ်ရှင်…
ချစ်သူ့သြဇာကို ညောင်းကာမကျမြေ၀ယ်…
အဟုတ်လိုက်လျောလိုတယ် ခင်စန်းတင်စိတ်ထဲဝယ်။
မိဘများကိုပင် လုပ်ကျွေးသူပါရှင်…
ဒီအရေးမလွယ်…"
(Chorus) သဘင်သည်၊ မောင့်စိတ်က အငြိမ့်သမဆို…ငယ်
မယ်…
ခွဲခြားသလောက်-အတန်းအစား---အချစ်မယ်
ရာဇ၀င် နိပါတ်တော်များ ၌ အသွယ်သွယ် ရှင်ဘုရင်
မင်းများတောင် အနိမ့်အမြင့်မရွေးပါ…တယ်၊ အချစ်စစ်နဲ့  သုံးသပ်ပြီး ဝေဖန်
ခင်စန်းတင် မောင့်အမြင်မှန် စောင့်တယ်
(ယှဉ်ပြိုင် ချစ်ဇောကြီးတာ ဘယ်သူသာတယ် ထင်ရှား
စေမယ် နိုင်လွန် မ၀တ်နဲ့ ကွယ် ဆိုချင်ဆိုရှင်… မေနားထောင်မယ်
နှုတ်ခမ်းမဆိုး ပါးမဆိုး ကြိုက်တာပြောရှင့်
ဆိုးမှချစ်မယ် ဆိုးမှချစ်မယ် ဆိုရင် နီပါစေမယ် ကွေ့ ကွေ့ ကောက်ကောက် အမောက်နဲ့ မှ
ရှင့်ကို ချစ်ချစ် ဖြတ်လို့ ပစ်ပစ် ဆိုစေ..လိုရင်ကွယ်
မောင်ရယ် လိုက်ရောလို့ ပင် ခင်မင်တွယ်တာ
ချစ်ခြင်း ပြိုင်မယ်) ၂။
သဘင်သည်၊ မောင့်စိတ်က အငြိမ့်သမဆို…ငယ် မယ်…
ခွဲခြားသလောက်-အတန်းအစား---အချစ်မယ်
ရာဇ၀င် နိပါတ်တော်များ ၌ အသွယ်သွယ် ရှင်ဘုရင်
မင်းများတောင် အနိမ့်အမြင့်မရွေးပါ…တယ်၊ အချစ်စစ်နဲ့  သုံးသပ်ပြီး ဝေဖန်
ခင်စန်းတင် မောင့်အမြင်မှန် စောင့်တယ်
တဲ့…။
This is sung by Daw Mar Mar Aye.
ReplyDeleteI would really like a competent dancer singing and dancing this song on stage. How lovely!