Friday, November 4, 2016

ခေတ်နဲ့ မညီလို့ 

ခေတ်နဲ့ မညီလို့ 

ဥပဒေများ ပြင်ကြရာဝယ်

အခုတလော အခြေခံဥပဒေကို ပြန်ပြင်သင့်တယ်တို့ အသစ်ရေးဆွဲသင့်တယ်တို့ အသံတွေညံနေပါတယ်

မောင်ကိုတယောက် အခြေခံ ဥပဒေကို မဖတ်ဘူးပါ၊ ဒါကြောင့် အဲဒီအပေါ် ဘာမှ မပြောလိုပါ၊
ကိုယ်ပြောနိုင်တာ ကိုယ်သိတဲ့ သစ်တောဥပဒေကို အသစ်ပြန်လည်ရေးဆွဲတုံးကပဲ ပြောချင်တယ်

မောင်ကိုတို့ သစ်တောသမားတွေ ဥပဒေနဲ့ ကင်းလို့ မရပါ။ ကျောင်းသားဘ၀ကထဲက သစ်တော ဥပဒေ၊ နည်းဥပဒေများ သင်ရပါတယ်၊ အဲဂလောက်အထိကတော့ လိုအပ်တယ်လို့ နားလည်သေး
အဲနောက်ထပ် သက်သေခံဥပဒေတို့ ၊ criminal code of procedure တို့ သင်ရပါရော၊ သင်သင်တာပဲလေ၊ အလေးအနက်မရှိလှပါ။

အဲဒါပေမဲ့ တက္ကသိုလ်မှာ တခြားသော ဥပဒေသင်ရာဌာနတခုဖြစ်တဲ့ ဥပဒေကျောင်းသားတွေနဲ့ တွေ့ ရင် ဂုဏ်ယူစွာ ပြောလေ့ရှိခဲ့တာက

ငါတို့ က ဖမ်းရင် ၀ရမ်းမလိုဘူးကွ၊
ငါတို့ သက်သေခံချက်ကို တရားရုံးက အတည်ယူရတယ် စတာတွေပဲ၊
သစ်တောအရာရှိတွေကို (တောခေါင်းအထိ သစ်တောအရာရှိပဲ) special power တွေ evidence act အရရော သစ်တောဥပဒေအရရော ပေးထားပါလေရဲ့ 

ဒါတွေက တကယ်တော့ ယုံကြည်လို့ ပေးအပ်တဲ့ အထူးအာဏာတွေပါ

နောက် တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ သစ်တောဥပဒေ ပြဌာန်းချက်ကတော့
သစ်တောဝန်ထမ်းများ ကိုယ်တိုင်မပြောနဲ့ မိသားစု ဆွေမျိုး သစ်နဲ့ ပတ်သက်တဲ့ စီးပွားရေး အလုပ် မလုပ်ရပါ။

ကျနော်တို့ အင်မတန်ဂုဏ်ယူဝင့်ကြွားခဲ့ပါတယ်၊ ကောက်ရိုးပုံစောင့်တဲ့ခွေးပဲ ပြောပြော

ကိုယ်တိုင် ဒီဥပဒေတွေကို သုံးပြီး ၁၉၈၅ကနေ နိုင်ငံတော်ကလွှတ်လို့ ပညာသင်သွားတဲ့အထိ မဆလကာလထဲမှာ ရန်ကုန် သစ်တောတိုင်းကို မြို့ နယ်မှုး၊ လက်ထောက်တိုင်းမှုးတာဝန်များနဲ့ သူများအခေါ် ရမ်းကားခဲ့တာပေါ့၊ မောင်ကို့ ကို မောင်မောင်ရမ်းလို့ ခေါ်ကြတယ်။

Rule of law အတွက် သစ်တောဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုတွေ တကယ်ကောင်းပါပဲ၊ ရှေ့ နေများ တရားသူကြီးများတွေရဲ့ အမျိုးမျိုးသော အနှောင့်အယှက်များကို သစ်တောဥပဒေနဲ့ နည်းဥပဒေများရဲ့ ခိုင်မာမှုက တကယ့်ကို binding law ပါပဲ

နည်းဥပဒေတွေထဲမှာ အရေးကြီးဆုံးတခုရှိသေး ၉၃၊ အကြောင်းအရာတခုဖြင့် ထုတ်လုပ်ခွင့်ပေးထားသော သစ်ကို သစ်တောထွက် ပစ္စည်းကို အခြားအကြောင်းအရာဖြင့် မည်သည့်နည်းနှင့်မျှ သုံးစွဲခြင်းမပြုရ၊ လုပ်ရင် သိမ်းမယ်

မြို့ နယ်မှုးဘ၀ ဒီတချက်နဲ့ တင် သိမ်းခဲ့တဲ့ သစ်တွေ နည်းကလား။

အကြောင်းအမျိုးမျိုးနဲ့ ကျနော် အတတ်ပညာရှင် ပြောင်းလုပ်ပါတယ်။

ဥပဒေတွေ ခေတ်နဲ့ မညီလို့ ပြန်ပြင်မယ်ဆိုပြီး လုပ်ကြတယ်
ဆုံမိတာနဲ့ ချပြတဲ့ အစည်ူးအဝေးကလေး တက်ရတယ်၊ လူကြီးတွေအကြား မောင်မောင်ရမ်းပီပီ ပြုတ်သွားတဲ့ မပါတော့တဲ့ ကိစ္စတွေ ထောက်ပြမိတယ်

သစ်တော ၀န်ထမ်းတွေ မိသားစုတွေ စီးပွားရေး မလုပ်ရဆိုတာ မပါတော့ဘူး၊ ကိစ္စပြောင်းပြီး သုံးလို့ မရဘူ့း  ရောင်းဝယ်လို့ မရဘူးဆိုတာ မပါတော့ဘူး

ကျနော့်အမြင်မှာတော့ အဲဒီ နှစ်ချက်ဟာ အင်မတန်အရေးကြီးပဲ

သနားတဲ့မျက်လုံးနဲ့ ကျနော့်ကို လူကြီးတွေ ၀ိုင်းကြည့်နေကြတယ်

အဲဒီလူကြီးတွေ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်မှုးဘ၀တွေမှာ ကျနော့် သစ်တောဂိတ်တွေကို သူတို့ ကျော်လို့ မရဘူး၊

ကျနော်တို့ ရန်ကုန်မြို့ နယ်မှုး၂ယောက်ကို သူတို့ မပြောနဲ့ ညွှန်ချူပ်တောင် မဟုတ်တာ မပြောဘူး မခိုင်းဘူး ကတော်ကြီးသစ်ကို ဖမ်းပြီး အရက်ဆိုင်သွားရှောင်နေတဲ့ကောင်တွေ

နောက်ဆုံးတော့ အဲဒီ ဥပဒေအသစ်ကြီး အတည်ဖြစ်သွားလေရဲ့ 

အင်မတန် ခိုင်လုံသော binding law သစ်တောဥပဒေကို ကိုလိုနီခေတ်ရဲ့ အမွေဆိုးဆိုပြီး အကြောင်းပြ ပြင်ဆင်ပလိုက်ကြတာ၊

အခုဘာတွေဖြစ်ကုန်ပလဲ

ချက်ခြင်းကို ညွှန်ချူပ်ရဲ့ သားသမီးတွေ သစ်ထုတ်ကြတော့တာပါပဲ၊ ဒါ ဥပမာလေး ဘုရား သာသနာကို ဘုရားသားတော်တွေက အရင်ဖျက်မယ်ဆိုတဲ့အတိုင်း ကျနော်တို့ သစ်တောသမားတွေက အရင် ဖျက်ခဲ့ကြတာ

ဘာတွေ ဖြစ်ကုန်တယ် အသေးစိတ်တော့ မရေးချင်တော့ပါ

ဆရာဦးရဲမြင့် ကျနော်ရန်ကုန်မှာပဲ ရှိစဉ် လာပြောတယ်
ငါ့ service မှာ သစ်တောဥပဒေကို ပြန်ပြီး ပြင်နိုင်ခဲ့တာကို ဂုဏ်အယူဆုံးပဲတဲ့

ကျနော်က မဲ့ပြီး ဆရာတို့ ဘာလို့ ပြင်ရေးတာလဲဆိုတော့
ခေတ်နဲ့ မညီလို့ ပေါ့ကွတဲ့

မညီရင် amendment ပဲ လုပ်ပေါ့၊ ကျနော်ကတော့ ဆရာတို့ ပြင်ကျတာ အကြောင်း ၃ချက်ရှိတယ်လို့ ထင်တာပဲ

ကဲ ပြောကြည့်စမ်းပါကွာတဲ့

သစ်တောဥပဒေအဟောင်းဟာ အင်မတန် ခိုင်မာတယ်၊ မလွှဲမသွေ လုပပေးရတော့မယ် ခွင့်ပြုပေးရတော့မယ်ဆိုရင်တောင်မှ exemption တွေနဲ့ ပဲ ထွက်ပေါက်ပေးတယ်၊ ဥပဒေကြီးကို ပြင်ပြီး ဖြေလျှော့ပေးခြင်းမလုပ်ဘူး၊ ခုခေတ်အနေနဲ့ ပြောရင် case by case ပေါ့

ဒိတော့ ပြည်သူ၊ အစိုးရ၊ သစ်တောဌာန အားလုံး စည်းကမ်းရှိကြရတယ်၊ ပြည်သူဟာ ကိုယ့်ဘေးကတော ကိုယ့်တောလို့ လုပ်မရဘူး၊ ပြည်သူ စီးပွားရေးသမားတွေ အသေကြောက်ရတယ်၊

အစိုးရရော သူလုပ်ချင်သလို လုပ်မရပေဘူး၊ ဆွဲထားတဲ့ စီမံကိန်းတွေကို သူပါလိုက်နာပါမယ်လို့ အတည်ပြု လက်မှတ်ထိုးရတယ်

ဌာန၊ ကောက်ရိုးပုံစောင်တဲ့ခွေးပြောပြော စောင့်ရမှာပဲ
အဲဒါ အရင်ခေတ်ပဲ
ခုခေတ်မှာ၊ ပြည်သူက စည်းကမ်းမရှိလုပ်ချင်တယ်၊ အစိုးရကလဲ လုပ်ချင်တာလုပ်ချင်တယ်
ဌာနကလဲ ငါတို့ တော့ ကောက်ရိုးပုံမစောင့်နိုင်တော့ဘူးကွဆိုပြီး ၀င်ပြီး စားသုံးချင်တယ်
ဒီတော့ ခေတ်နဲ့ မညီတော့ဘူး
အဲဒိတော့ ဆရာတို့ ဥပဒေကို ပြန်ပြီး ပြင်ဆွဲကြတာပေါ့လို့ 

ဆဲဆိုပြီးထွက်သွားလိုက်တာ၊ အခုကျနော်တင်ပေးနေတဲ့ သူဓါတ်ပုံတွေ စကင်ဖတ်ဘို့ ရှိမှပဲ ပြန်လာတော့တယ်

1 comment:

  1. ဗဟုသုတများစွာရပါတယ်
    ဦး....ရမ်းကြီးခင်ဗျာ

    ReplyDelete