Tuesday, November 1, 2016

ဥရုချောင်း အရေးတော်ပုံ

ဥရုချောင်း အရေးတော်ပုံ

20 November 2014 at 20:19
ဥရုချောင်း အရေးတော်ပုံ

ဒီအကြောင်းအရာက အတော်များများ မသိလိုက်ကြပါ၊ ကျနော် တစ်ခါကတော့ ဖေ့စ်ဘုတ်မှာရေးဘူးတယ်၊ ပြန်ရှာလို့ မရတော့ဘူး၊ စတေးတပ်နဲ့ တင်မိတယ် ထင်တာပါပဲ

၂၀၀၄ခုနှစ် နွေဦးရာသီအစမှာ မောင်ကိုတစ်ယောက် သစ်တောဌာနကနေ အဲဒီအချိန်က NCEA လို့ သိကြတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမျိုးသား ကော်မရှင်ကို ခေတ္တတွဲဖက် တာဝန်ထမ်းဆောင်ဖို့ ဖြစ်လာပါတယ်။

ကြွက်သေတစ်ခု အရင်းပြုထားတဲ့ ကိစ္စရပ်တွေကြောင့် NCEA က မောင်ကို့ ကို ဒေတာဘေ့စ် စပါယ်ရှယ်လစ်အနေနဲ့ အတော်အထင်ကြီးပုံရပါတယ် နှစ်နှစ်တာကလအတွင်းမှာ ၈လ intermittent တာဝန်ထမ်းဆောင်ရမဲ့ အလုပ်ကို သတင်းစာထဲကကို မခေါ်တော့ပဲ မောင်ကို့ ကို ခေါ်ပြီး အလုပ်လျှောက်ခိုင်းခဲ့ပါတယ်၊ (ကွယ်ရာကနေ ပြန်ကြားတာကတော့ တစ်၊ NCEA ၀န်ထမ်းတွေ လျှောက်လို့ မရဘူး၊ နှစ် သတင်းစာကနေ ကျော်ညာခကို UNEP က မပေးဘူးဆိုပဲ၊) ဘာပြောပြော ယခုနေထိုင်နေတဲ့ အလုံ ပထမ သီရိရပ်သာက တိုက်ခန်းကလေးက အဲဒီ လစာငွေတွေနဲ့ ဝယ်နိုင်ခဲ့တာပါ၊ အင်မတန် ဖြူစင်ပါရဲ့ ။

အလုပ် မစခင်မှာပဲ မောင်ကို ပြသနာကြီးတရပ်နဲ့ ထိပ်တိုက်ရင်ဆိုင်တိုးရတော့တာပါပဲ။
သစ်တောမှာပဲ ရှိနေတုံး၊ ညွှန်ချူပ် ဦးစိုးဝင်းလှိုင်က မောင်ကို ညီလေး (ခိုင်းတော့မယ်ဆိုရင် ခေါ်လေ့ရှိတဲ့ အာလုပ်ပါ၊ သူနဲ့ကျနော်နဲ့ ၁၉၇၇ အလုပ်စ၀င်ကထဲက ၀ါးနက်ချောင်းတောစခန်းမှာ ချစ်မိုးကြီးကို ၀ါးပတ္တလျားနဲ့ ဆိုကြ တီးကြခဲ့ကြတာလေ)

ကိုယ်နိုင်ငံခြား သွားမလို့ ၊ ပြန်လာရင် အရေးကြီး အစည်းအဝေး၇ှိတယ်၊ ဥရုချောင်းနဲ့ ဖါးကန့် နေရာတွေ ပတ်ဝန်းကျင် ထိခိုက်မှု ကိစ္စတွေ အစည်းအဝေးဖိတ်ထားတယ်၊ အဲဒါမင်း ပြင်ဆင်ပေးထားပါ၊

ဥရုချောင်းဆိုတာနဲ့ ကျနော် စစ်ကိုင်းတိုင်; မြေပုံတွေ ထုတ်ဖို့  ကွင်းဆင်းတုံးက ကျောက်စိမ်းတူးဖို့ ဆိုပြီး တက်လာတဲ့ ဘက်ဟိုးတွေ မျက်စိထဲ မြင်လာတော့တယ်၊
ဟုတ် အကိုကြီး
-
ညွှန်ချူပ်သွားနေတုံး ကျနော် အေးအေးဆေးဆေး အလုပ်လုပ်ပါတယ်၊ Change Assessment တွေ ကျွမ်းကျင်နေတဲ့သူဆိုတော့၊ ကွင်းဆင်းဖို့ ကလဲ အချိန်မရ လက်ထဲရှိတဲ့ ၁၉၉၀ နဲ့ ၂၀၀၂ ဂြိုလ်တုဓါတ်ပုံတွေထုတ်သုံးလိုက်တယ်။

ဟိုက် မြတ်စွာဘုရား ရှာလပတ်ရည် ကယ်တော်မူပါ

Change assessment မှာ မြင်လိုက်ရတာကတော့ တောင်ကြီးတွေ ပျောက်သွားပါကလား

၂၀၀၁မှာ ကျနော် ကွင်းဆင်းတုံးက တောင်တွေကို ဘက်ဟိုးတွေနဲ့ ပတ်တူးနေတာ မြင်ခဲ့ရတယ်၊ ကိုယ့်အလုပ်က တောတွေ တိုင်းတာဆိုတော့ တောမရှိတော့တဲ့ ဒီကိစ္စကို အလေးထားမှုတော့ မရှိခဲ့၊ ဒါပေမဲ့ အရင်က ဂေါ်ပြာနဲ့ပဲ တူးကျရတဲ့ လောပန်လောင်းသီချင်းတွေထဲကလိုပဲ ထင်ခဲ့တာ ဘက်ဟိုးကိုကြည့်ပြီး စိတ်မသက်သာလိုက်တာ။
အခုတော့ အခုတော့ တောင်ပါ ပျောက်သွားပါပြီလား

ကျနော် အသေအချာတွက်တယ် landuse change သစ်တော ပျောက်နှုံး အစရှိသည်ပေါ့။
အားလုံးပြီးတော့၊ အခု စီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ချုပ်ဘ၀နဲ့ အနားယူသွားပြီဖြစ်တဲ့ အဲဒီအချိန်က ကျနော့်ညွှန်မှုး ဦးစန်းလွင်ကို အပ်လိုက်တယ်၊

နောက်နေ့ ကြတော့ ကိုမောင်ကို ကျနော်တို့ နဲ့လိုက်ခဲ့တဲ့
MOFA ကို ဆရာသမားနှစ်ယောက်နဲ့အတူ power point တွေ ကွန်ပျူတာတွေ ယူပြီးလိုက်သွားရတယ်
-
ပထမဆုံး အစည်းအဝေးကို MOFA ညွှန်ချူပ် ဦးသောင်းထွန်းထိုင်တယ်၊ Stake holder တွေ ဖြစ်ကြတဲ့ သတ္တုတွင်း ကျောက်မျက်၊ ရေအရင်းအမြစ်စသည် လူကြီးများ technician များပါကြတယ်၊ ကျနော်က ရာထူး အငယ်ဆုံးပဲ။

ဦးသောင်းထွန်းက ဥရုချောင်း ရေဝေရေလဲဒေသ ပျက်ပြုံးမှုအခြေအနေကို S1ကို တင်ပြဖို့ အကြောင်းကို စတင်ရှင်းပြတယ် ပြီးတာနဲ့ ကျနော်တို့ သစ်တောကနေ စတင် တင်ပြဖို့ ဖိတ်ခေါ်ပါတယ်

ညွှန်ချူပ်က မိတ်ဆက်အရင်ပြောတယ်၊ မိတ်ဆက်ပဲ ပြီးတာနဲ့ ဘေးက ကျနော့်ညွှန်မှုးကို ညီလေးဆက်ရှင်းလိုက်ကွာတဲ့။

ညွှန်မှုးကလဲ ကိုမောင်ကို ခင်ဗျားလုပ်ထားတာပဲ ကိုယ့်ဘာသာသာ ရှင်းပါတော့ဆိုတာနဲ့  မောင်ကို ပြောရတော့ဒါပေါ့

ကျနော်တွေ့ တာတွေကို အသေအချာပြောပြီးတဲ့အခါမှာ မြစ်ကြောင်းများ ထိန်းသိမ်းရေး အဖွဲ့ က ဆရာကဆက်ပြောတယ်၊ ကျနော်တို့ နှစ်ယောက် အဲဒီကထဲက ခင်သွားတာ၊ ခုထိ ကျနော်တို့ နှစ်ယောက်ကြားမှာ open data sharing policy ရှိလေရဲ့ ။

ပိုကြောက်စရာကောင်းပါကလား ဟရို့ ၊ မြေပြင်ဓါတ်ပုံတွေဆိုတော့ အသေအချာ ရိုက်ပြထားပါတယ်။ အဆိုးဆုံးကတော့ ကျနော့် ဂြိုလ်တုဓါတ်ပုံတွေမှာ နုံးတွေကျနေတာပဲ မြင်ရတဲ့ ဥရုချောင်း အ၀ကို နုံးတွေကို ပို့ ချနေစေတဲ့ ရွှေဖေါင်တွေ၊ မြစ်ကမ်းနံရံတွေကို ရေပန်းနဲ့ကို ထိုးချပြီး ရွှေကျင်နေတဲ့ ရွှေဖေါင်တွေ၊

နောက် ဌာနတွေ ဆက်ဆက်ပြောကြတယ် ပါဝါပွိုင့်တွေနဲ့ချည်းပဲ

အားလုံးလဲပြီးရော MOFA ညွှန်ချူပ်က နောက် တစ်ရက်မှာ ၀န်ကြီးကို ပြမယ်ဖြစ်ကြောင်း ပြီးရင် မေဒေးနေ့ မှာ S1 ကို တင်ပြမယ်ဖြစ်ကြောင်း ပြောပြီး NCEA ဒု ညွှန်ကြားရေးမှုး အမကြီး ဒေါ်ရင်ရင်လေးကို ဒီ တင်ပြချက်တွေကို တစ်ပေါင်းတည်းလုပ်ဖို့  တာဝန်ပေးပါလေရဲ့ ။

အဲဗျာ အမကြီးက ကျမတို့ ပေါင်းစပ်ဖို့ သစ်တောက ဦးမောင်ကို အကူအညီပေးပါဆိုပြီး ညွှန်ချူပ်ကို တောင်းပါလေရော၊ သူက ကျမတို့ ဆီမှာ အလုပ်ဝင်တော့မှာပါလို့ လဲပြောလိုက်သေး။

ဒါနဲ့ပဲ ကျနော် နောက်တစ်နေ့ ပြန်လာပြီး ဌာနပေါင်းစုံကို ကျနော် စိတ်ထဲ ပေါ်လာသလို ပေါင်းစပ်ရပါတော့တယ်၊ ဂြိုလ်တုဓါတ်ပုံတွေနဲ့ မြေပြင်၊ ချောင်းပြင် ဓါတ်ပုံတွေ ပေါင်းလိုက်တဲ့အချိန်မှာ တကယ့်ကို ကွက်ကွက် ကွင်းကွင်းပါပဲ

ကျနော် ပြင်လို့ လဲ ပြီးရော MOFA ညွှန်ချူပ်ရောက်လာပါတယ် ပြီးပြီလားတဲ့ ၀န်ကြီးစောင့်နေတယ်တဲ့၊ ပြီးပါပြီလို့ ပြောတော့ လက်တော့ပ်ကိုယူပြီး အစည်းအဝေးခန်းထဲ ရွှေ့ ရတယ်၊ နောက် NCEA ကနေလုပ်ထားတဲ့ UNEP စာအုပ်ကို စကင်ဆွဲပြီး မြန်မာနိုင်ငံ ပတ်ဝန်းကျင်အခြေအနေ သစ်တောတွေ အခြေအနေတွေအကြောင်း ရှင်းပြထားတဲ့ Power point ကို နောက်တစ်ယောက်က ယူလာတယ်

ဝန်ကြီးဦးဝင်းအောင် ၀င်ချလာတယ် ထိုင်ချလိုက်ပြီး ညွှန်ချူပ်ကိုမေးတယ် စတော့ ကျနော့်ကို ဘယ်သူရှင်းပြမှာလဲတဲ့

ဟာဗျာ ညွှန်ချူပ်က ညွှန်မှုးကိုကြည့်တယ်၊ ညွှန်မှုးက ဒုညွှန်မှုး ကိုကြည့်တယ်၊ ပြီးလဲပြီးရော ကျနော့်ကို လက်ညိုးထိုးပြပြီး သစ်တောက ဦးမောင်ကို ပြင်ထားတာပါ

သူရှင်းပါ့မယ်တဲ့ ခင်ဗျာ

အော် ခံငြင်းဖို့ ကလဲ အချိန်မရတော့၊

ကျနော့် အကျင့်တစ်ခုရှိတယ် ဒါမျိုးကျနော့်ကို ဂျောင်ပိတ်ရင် ကျနော်ကလဲ လုပ်ချင်ရာလုပ်တတ်တယ်၊
အဲဒီ ပါဝါပွိင့်ကို သုံးပြီး ကိုယ်ခံစားရတဲ့အတိုင်း ပြောတော့တာပဲ၊ ဖါးကန့် ကို ၂၀၀၁မှာကွင်းဆင်းတုံးကထဲက ရင်ထဲမှာ အောင့်နေတဲ့ အချက်တွေ ဒီလို အထောက်အထားနဲ့ ဒီလို လူကြီးတစ်ယောက်ကို တင်ပြနိုင်ဖို့ ၊ အခွင့်အလမ်းက ရခဲပါဘိသနဲ့ ။

အားလုံးပြီးသွားတဲ့အခါမှာရော ကြားအချိန်တွေမှာရော ဦးဝင်းအောင်က မရှင်းတာတွေ တစ်ခါထဲမေးပါတယ်၊ ပြီးလဲပြီးရော ဟိုတစ်ယောက် လုပ်ထားတဲ့ ပါဝါပွိုင့်ကိုလဲ ခင်ဗျားပဲ ဆက်ရှင်းပါဆိုပြီး သူမေးတယ်၊ သစ်တော ဂြိုလ်တုဓါတ်ပုံတွေ ဆိုတော့ ကျနော် အသေအချာပဲ ရှင်းပြနိုင်ခဲ့တယ်။

အမှားတစ်ခုပဲ ပါတယ် မြန်မာဖွန့် တွေကို ပြန်မပြောင်းရတဲ့တစ်နေရာ အင်္ဂလိပ် ဂြိုလ်သားစာလုံးတွေနဲ့ ပေါ်နေတယ်၊ ရီရီမောမောပဲ ပြင်ခိုင်းတယ်

အဲဗျာ ဒါဆိုရင် ဦးမောင်ကို ကိုယ်တိုင် မနက်ဖြန်ကျရင်လိုက်ခဲ့ပါဗျာတဲ့၊ မေဒေးနေ့ မှာ ဇေယျာသီရိဗိမာန်ကို၊
နောက် ကျနော့် ကျောကို တချက်ပုတ်ပြီး ထွက်သွားလေရဲ့ ။

ဘယ်သူတွေပါမှာလဲလို့ ကျနော် အလန့် ထညက်မေးရတော့တယ်၊ ကျနော့်တာဝန် ဒိမှာ ပြီးပြီပဲ ထင်ရတာကိုး

S1 ခေါင်းဆောင်ပြီး နံပါတ်တစ်နဲ့ နှစ်ကလွဲလို့ အကုန်ပါသော အစည်းအဝေးပေပဲ

ကျနော်နဲ့ ကျနော်နောက်ပိုင်းခင်သွားတဲ့ ကိုယ်ပျောက်ကိုယ်ရံတော်နဲ့ ပြင်ဆင်ကြတယ်၊

ပြီးတဲ့အခါမှာ ဓါတ်ပုံတွေပါ နေရာချထားတယ်

ဦးဝင်းအောင်က လာပြောတယ်၊ ဦးမောင်ကို ခငှ်ဗျားကိုယ်တိုင် စက်ကို ကိုင်ပေးပါ၊ ကျနော်ကိုယ်တိုင်ရှင်းမယ်၊ မေးခွန်းတွေလာရင် ကျနော် မနိုင်တော့ရင် technical များလာရင် ကျနော်က ရှင်းပါဆိုရင် ခင်ဗျားကိုယ်တိုင်ပြောပါတဲ့။

ဟုတ်ကဲ့လို့ ပဲ ပြောခဲ့ပါတယ်
ပွဲမစခင်မှာကို မဖွနဲ့နော် မဖွနဲ့ဆိုတဲ့ အသံတွေ ၀န်ကြီးတွေ ဒုဝန်ကြီးတွေဆီကနေ ကြားနေရတယ်

စပြီ၊

စတာနဲ့ S1 က ၀င်ဝင်ပြောတယ်

နောက် ၀န်ကြီးတွေကို ပြောခိုင်းတယ်

အလိုက်သင့်ပြောကျတယ်
ဒီပြသနာမှာ ကျနော်တို့ သစ်တောဝန်ကြီးကမပါဘူးလေ၊ အဲဒီမှာ သူက အခွင့်ရတုံးပြောချင်ပါတယ်ဆိုပြီး အဲဒီအချိန်က ပဲခူးရိုးမပြသနာတွေ သူကိုင်တွယ်မဲ့ပုံစံတွေကို ရှင်းပြတယ်

သစ်တောဝန်ကြီးက ကျနော့်ကို ကျောပေးထားတဲ့ အတန်းမှာပါ၊ သူက ထပြီးရှင်းနေတော့ သူ ပါဝါပွိုင့် ပိတ်ကားကိုလဲ မမြင်ရဘူး

နောက်ပြီး သူ့ ဘာသာ စကားချည်းပဲ ပြောမယ်လို့ ပြင်ဆင်ထားပုံဆိုတော့ ပိတ်ကားကိုလဲ သူမကြည့်ဘူး။
သူ မသိလိုက်တာက ပရိုဂျက်တာ လက်တော့ပ်ကို ကိုင်နေတာ မောင်ကိုဆိုတာကိုပဲ၊ သူ့ စိတ်ထဲမှာ ကျနော့်ကို MOFA ကများ မှတ်နေသလားမသိ၊ အဲဗျာ

သူပြောနေတဲ့အကြောင်းတွေကို ကံဆုံစွာပဲ ကျနော့်စက်ထဲမှာ ရှိနေတယ်

ထင်ရင် ထင်သလိုလုပ်တတ်တဲ့ကျနော့်ဥာဏ်အတိုင်း ကျနော် သစ်တော တင်ပြချက်၊ ကျနော့် စက်ထဲမှာ တခြားလူတွေ ပြင်ဆင်ဖို့ အကူအညီတောင်းထားတဲ့ Power point ကို သစ်တောဝန်ကြီးပြောတာတွေနဲ့ အညီ ထိုးပြနေမိတယ်၊ တဘူးလှဆည်မှာ ၀န်ထမ်းတွေ တပ်တွေ ပေါင်းပြီး ကျွန်းသစ်တွေ ခိုးတာကို ပြောတဲ့ နေရာမှာ ကျနော် သစ်ပုံကြီးကို ထိုးပြလိုက်တာ၊ ပိတ်ကားကို မြင်နေရတဲ့ ၀န်ကြီးတွေဆီကနေ ဟာကနဲကို အသံထွက်လာလေရဲ့ ၊ ကျန်လူတွေအားလုံးကတော့ သစ်တောရေးရာဝန်ကြီး အပီအပြင် ပြင်ဆင်လာတယ်ထင်သွားကြတာပါ၊ အမှန်တော့မဟုတ် တဇွတ်ထိုးမောင်ကိုရဲ့ လက်ချက်

အဲဒီမှာ ဖြစ်ရပ်မှန် ဟာသကလေးတစ်ခုရှိတယ်

ကိုသိန်းအောင် ခင်ဗျား အဲဒီဝန်ထမ်းတွေ ဘယ်လို အရေးယူလိုက်သလဲ

ဟုတ်ကဲ့ ကျနော် ရာထူးချပြီး နယ်စပ်တွေ ပို့ လိုက်ပါတယ်ခင်ဗျား

ဟဟ ဘယ်ဖြစ်မလဲဗျာ ဒီလောက် ကိုယ်နဲ့အနီးအနားမှာတောင် မဟုတ်တာလုပ်တဲ့ကောင်တွေ နယ်စပ်ပို့ လိုက်လို့ ကတော့ နယ်စပ်က တောတွေ ကုန်ပြီပေါ့ဗျာ ပြန်လုပ်အုံး ပြန်လုပ်အုံး

နောက်မှာ S1 က ဇာတ်ပေါင်းခန်းဖွင့်တယ်
အတိုချူပ်ပြောရရင်

ဒီကိစ္စတွေ သူအကုန်သိကြောင်း လက်ရှိ အခြေအနေ အခုတင်ပြတဲ့အချိန်ထက်ကို ဆိုးဝါးနေကြောင်း
နာမည်တွေ ပြောချလိုက်တယ်၊ အခု (၂၀၁၄)မှာ ကရိုနီတွေချည်းပါပဲ ဘဏ်ကြီးတွေ ပိုင်ဆိုင်နေတဲ့သူတွေ၊ သူတို့ ဘဏ်မှာတောင် ကျောက်စိမ်းတွေကို တောင်ဖြိုပြီးတူးနေတဲ့ပုံတွေကို ခုံခုံမင်မင် ပြထားလေရဲ့ 
နောက် အင်းလေးထဲမှာ အကြီးအကျယ် မြေခုံကြီးတွေ လုပ်ထားပြီး လုပ်ချင်ရာလုပ်နေတဲ့ သူတွေ၊ လက်ရှိ ကရိုနီတွေပေါ့
အားလုံးကို ထိန်းချူပ်ဖို့ တာဝန်ပေးတယ်၊ နောက် ဥရုမြစ်ထဲက မြစ်ကမ်းနံရံတွေကို ဖြိုပြီး ရွှေတူးနေတဲ့ ရွှေဖေါင်တွေအကုန်လုံးကို ဖမ်းခိုင်းတယ်၊ တားခိုင်းတာမဟုတ် ဖမ်းခိုင်းတာ

တစွန်းတစ ကြားလိုက်သေးတယ် အဲဒီတုံးကတော့ နားမလည်လိုက်
----- ဟိုဖိုင်တွေ ပြန်ဖွင့်တော့ သတင်းတွေ ပြန်ယူတဲ့
အခု ကိုရဲမိုးရေးထားတဲ့ စာတွေဖတ်ကြည့်ရင် ဘာဖိုင်တွေလဲဆိုတာ သဘောပေါက်ကြမှာပါ။

UNEPက ပါဝါပွိုင့် ကို ရှင်းပြတယ်၊ ကျနော့် သစ်တောဝန်ကြီး ဦးသိန်းအောင်ကို MOFA ၀န်ကြီး ဦးဝင်းအောင်က ကျနော်သူ့ ကို မနေ့ က ရှင်းပြထားတာတွေသုံးပြီး သစ်တောအကြောင်းတွေ ဆရာလုပ်နေလေရဲ့ 

မောင်ကို၊ မောင်ကို၊ အမှန်တော့ ဒီအခန်းထဲမှာ မရှိရမဲ့လူက ကျနော်တစ်ယောက်ထဲဗျား၊ Time and space မှားပြီးရောက်နေခဲ့တာ (ဒါမျိုးက ခဏခဏဖြစ်)

ပြီးလဲပြီးရော ကဲ အစည်းအဝေးပြီးပြီဆိုပြီး၊ ရပ်လိုက်တယ်

တကယ်တော့ ကျန်သေးတယ် ကျနော်ပြင်ဆင်ထားတဲ့ Change analysis မြေပုံတွေ ဓါတ်ပုံတွေ
အားလုံး လစ်ချသွားကြတယ်

ဦးဝင်းအောင်တစ်ယောက်ပဲ ကျန်တယ်၊
ကျနော်ဟာ ဇေယျာသီရိခမ်းမကိုသာ မရောက်ဘူးတာ၊ S1 နဲ့အခု အုပ်စုတွေကို မစိမ်းပါဘူး
Suntac နဲ့ပေါင်းပြီး ဒီလူတွေအားလုံးကို IBC မှာ ခဏခဏ seminar တွေ ပေးနေကြ
တစ်ခါမှသူတို့  S1 မပြန်ပဲ လှုပ်တောင် မလှုပ်ရဲကြဘူး

အခုတော့ အားလုံးပြန်သွားကြတယ်
S1 က ကျနော်ပြတာတွေကို ကြည့်တယ်၊ ပြီးလဲပြီးရော mandateတစ်ခုကို request လုပ်တယ်၊ နိုင်ငံမှာ အခုလို hot spot တွေ ဖြစ်နေတာကို ရှာပေးပါ ဆရာတဲ့။
နောက် ဓါတ်ပုံတွေရော မြေပုံတွေကို ကျနော် ယူသွားပရစေ ဆရာတဲ့ (လူကြီးတစ်ယောက်က ဆရာခေါ်တာ အဲဒါ ပထမဆုံးနဲ့ နောက်ဆုံးပါပဲ)
ကျနော်က ရပါတယ်ခင်ဗျာဆိုပြီး လိပ်နေတုံးပဲ ဘေးက ဗိုလ်မှုးကြီးတွေက ရပါတယ် ဆရာ ကျနော်တို့ လုပ်ပါ့မယ်ဆိုပြီး လိပ်ယူသွားကြတယ်။
ကျနော်လည်း အဲဒီတုံးက ကျနော့် မာဇဒါဂျစ်ကားလေးနဲ့ ပစ္စည်းတွေပြန်တင်ပြီး ပြန်လာခဲ့၇တယ်၊

ဇာတ်ပေါင်းသော်

အရေးယူတာတွေ အကုန် မလုပ်ဖြစ်ဘူး၊ ခိုင်းလိုက်တဲ့ သတ္တုတွင်းဝန်ကြီးကအစ အားလုံး ရှောင်ထွက်သွားကြတယ်။
ကျနော့် ကိုယ်ပျောက်ကိုယ်ရံတော်ပြောတာတော့ အဲဒီအချိန်ကစပြီး ပြသနာတွေ စတော့တာပါပဲတဲ့

NCEA လဲ သစ်တောကို အပြောင်းခံရတယ်

ထောက်လှမ်းရေး တပ်ဖွဲ့ ပြိုကွဲခြင်းကို ကျနော် အနီးကပ် နှစ်ကြိမ်မြောက် ကြုံရပါပြန်ရော (ပထမအခါက ပျားဂေဟာတုံးက)

အဲဒီ အချိန်ကထဲက အရှိန်အဟုန် မပျက် ချီတက်နေတဲ့ ဥရုချောင်း အရေးတော်ပုံက အခု တွဲပြထားတဲ့ ဓါတ်ပုံတွေကိုသာ ဆက်ကြည့်ကျပေတော့
ခုထိ အဲဒိနေရာအတွက် EIA,SIA လုပ်ဖို့ တည်လို့ ကို မရသေးပါ
ဒါပါပဲ



No comments:

Post a Comment