Thursday, November 3, 2016

ဗေဒါလမ်း အမှတ်(၆) ဆရာဇော်ဂျီ ဆန်းစစ်ချက်များ Recondite

ဗေဒါလမ်း အမှတ်(၆) ဆရာဇော်ဂျီ ဆန်းစစ်ချက်များ (၁)

17 May 2013 at 20:45
ဗေဒါလမ်း(၆)

မြစ်တန်းမှာတဲ့ လေကြမ်းဆင်
ထန်လိုက်လေ လေမုန်တိုင်း၊ လှိုင်းကဘောင်ဘင်
တလှိုင်းထွက်၊ တလှိုင်းဝင်
ဗေဒါခင်ဖြစ်နဲ
ရေလှိုင်းဗလပွေနဲ့
မုန်တိုင်းလေ ရေတရိုးမှာ စိုးရွံ့မှာပဲ။
မြစ်ရိုးမှာတဲ့ မိုးသက်ဆင်
လျှပ်ကြိုးပျံ၊ မိုးသံထစ်၊ မိုးစစ်ဘုရင်
မိုးညစ်လို့ မြစ်မမြင်၊ ဗေဒါခင်ဖြစ်နဲ
ရေလှိုင်းဗလပွေနဲ့
မိုးသက်လေ ရေတရိုးမှာ စိုးရွံ့မှာပဲ။
စိုးမရွံ့တွန့်မတုံ၊
မိုးနှင့်လေ ရေရှုပ်ထွေး၊ ရွေးမျှ မဖြုံ
ဆန်လိုက်ပြန်တုန်၊ စုန်လိုက်ပြန်ရ
ခေါက်ပေါင်းမရေနိုင်လို့
ဗေဒါခိုင် သည်မြစ်ထဲ၊ ရဲခဲ့သည်ပါ့။ ။

ဗေဒါလမ်း(၆) လေ့လာချက်

(၆)၏ အမျိုးအစား
    ဗေဒါလမ်းကဗျာကို ခြုံ၍ ''အချိုးတွဲကဗျာများ'' ဟု သတ်မှတ်ခေါ်ဝေါ်ကြသည်။ ကျွန်တော်သိသလောက် ရန်ကုန်ဝိဇာသိပ္ပံတက္ကသိုလ်ခေတ်၊ မြန်မာစာဌာနက သတ်မှတ်ခေါ်ဝေါခဲ့သည်ဟု ကြားဖူး၏။ ထို့ထက်ပို၍ ဂဃနဏမပြောတတ်ပါ။ အချိုးကဗျာဆိုသော အဓိပ္ပာယ်က ရှင်းသည်။ မြန်မာကဗျာမှာ ထင်ရှားလူသိများသော ၁။ ဒွေးချိုး  ၂။ တြိချိုး   ၃။ လေးချိုးတို့ပင်ဖြစ်သည်။ ယင်းတို့သည် ရှေးမြန်မာကဗျာတွင် လွန်စွာတွင်ကျယ် နေရာရခဲ့ပါသည်။ ရှေးဆရာတို့ဖွဲ့ခဲ့သော အချိုးကဗျာတို့ကား များလှစွာ၏။ ယခုအချိုးတွဲကဗျာဟုဆိုရာတွင် အချိုးကဗျာများကို နှစ်ပုဒ်အထက် (၀ါ) သုံးပုဒ်အနည်းဆုံးထား၍ တွဲထားသော ကဗျာမျိုးကိုပင် ဆိုလိုသည်။ သတိပြုရန်အချက်မှာ (၀ါ) ကျွန်တော်သတိပြုမိသောအချက်မှာ အစဉ်အလာအားဖြင့် အချိုးကဗျာတို့တွင် တစ်ပုဒ်ချင်းမှာ ''အကြောင်း''ှSubject Matter  တစ်ခုကိုသာ ပြောဆိုရေးဖွဲ့သည်။ အချိုးတွဲကဗျာတွင် ပုဒ်ရေအားဖြင့် နှစ်ပုဒ်ထက်ပိုလေ့ရှိသော်လည်း ''အကြောင်း'' မှာတစ်ခုတည်းသာဖြစ်သည်။ ဤတွင် သတိပြုရန်အချက်မှာ (၀ါ) ကျွန်တော် သတိပြုမိသည်မှာ အချိုးတွဲကဗျာမှာ ပုဒ်ရေများစွာဖြင့် အကြောင်းတစ်ခုတည်းကိုသာ ဖေါ်ပြရသောကြောင့် အချိုးမှာ တွဲရာတွင် အစဉ်ပြေပြစ်Harmonyဖြစ်အောင် ဂရုပြုတွဲရသည် ဆိုသောအချက်ဖြစ်သည်။ ထိုအချက်အရေးကြီးပါသည်။ ယခုလေ့လာတင်ပြမည့် ဗေဒါလမ်း(၆)သည် အချိုးတွဲကဗျာ အမျိုးအစားဖြစ်သည်။

(၆)၏ ဖွဲ့စည်း တည်ဆောက်ပုံ
   ဗေဒါလမ်း(၆)ကို လေးချိုး(လေးဆစ်) သုံးပုဒ်တွဲ၍ထားသည်။ တစ်ပုဒ်မှာ စာကြောင်းရေ (၉)ကြောင်းပါ၏။ (မှတ်ချက်။ ။ မူလစာမှာ လေးဆစ်၏ကြောင်းရေခွဲပုံနှင့် ကျွန်တော်ခွဲပုံမတူပါ။ ကျွန်တော့်လေ့လာချက်တွင် လွယ်ကူပေါ်လွင်စေရန် ကိုးကြောင်းခွဲထားပါသည်။) လေးဆစ်ကဗျာအပုဒ်ကို (အက်စ်) ဟု အမှတ်အသားပြုသည်။ အကြောင်းရေကို (အယ်လ်) ဟု အမှတ်အသားပြုသည်။ ပုံစံမှာ (အက်စ်တူးအယ်လ်သရီး) ဟုဆိုလျှင် ဒုတိယပုဒ် စာကြောင်းရေသုံးကို ရည်ညွှန်းသည်။ မူရင်းစာတွင် '' လျှပ်ကြိုးပျံ မိုးသံထစ် '' ဟု ရှိ၏။ ထိုစာကြောင်းသည် မူလကဗျာ စာစီပုံနှိပ်ရာတွင် ဒုတိယပုဒ် ဒုတိယစာကြောင်း (အက်စ်တူးအယ်လ်တူး)ဖြစ်နေသည်။ ဤအချက်ကို သတိပြုရန်ဖြစ်ပါသည်။
စာသား စိစစ်ချက်
Textual Analysis  ဟု ကျွန်တော် သတ်မှတ်ခေါ်ဝေါ်ပါသည်။ အဆန်းတကြယ်မဟုတ်လှပါ။ စာသားကို အသေးစိတ် စိစစ်ခြင်းပါပဲ။ ကျွန်တော်တို့မှာ ဆရာအဆက်ဆက် သမားစဉ်တွေရှိခဲ့ပါတယ်။ သာဓကထင်ရှားသည်ကို ရွေးထုတ်ပြရလျှင် ''နတ်သျှင်နောင်'' ရတုအဖြေများကို ပြရပါမည်။ အဖြေ ဟူသော စကားရပ်ကို သုံးပါသည်။
   ( ဆီမီးခုံရွာစား၊ မဟာမင်းလှမင်းကျော်ခေါင်ဦးရွှန်း၏ တောင်ငူဆိုရတုအဖြေ၊ ၁၀ကြောင်းပေ၊ ချီစ ဌေဆုံး)
ထိုပေမူတွင် ဤသို့ပါရှိ၏။
   (--- ဥာဏ်ပညာနှင့် အစေအသုံးကိုခံရသော အမတ်၊ ဆီမီးခုံရွာစား မဟာမင်းလှမင်းခေါင်ကျော် တောင်ငူကို စာအစောင်စောင်နှင့် တိုက်ဆိုင်၍ အဓိပ္ပာယ်ဖြောင့်ရာ လက်ခကို ယူပြီးလျှင် အကျဉ်းဖြေဆိုသော တောင်ငူဆိုရတုပိုဒ်စုံ အဖြည့်ခံပါ ခြောက်ဆယ့်ခုနှစ် ပုဒ်ပေါင်းနှစ်ရာတို့၏ အနက်အဓိပ္ပာယ်။   ။)
အနက်အဓိပ္ပာယ်ကို ဖြေသည် (၀ါ) ဖေါ်ထုတ်သည် ဖွင့်ဆိုသည်ဟု ရိုးရိုးရှင်းရှင်းကလေး နားလည်အပ်ပါသည်။ ထို့ပြင်လည်း အနက်အဓိပ္ပာယ်တို့ကို ဖေါ်ထုတ်ဖွင့်ဆိုရာတွင် ၁/ မိဏ္ဍတ္ထ ၂/ အ၀ယ၀တ္ထဟူ၍ သမားစဉ်ရှိခဲ့ကြောင်း မှတ်ယူထားသင့်ပါသည်။
    (မြောင်လှမြို့စား၊ နိုင်ငံခြားဝန်ထောက်တော်မင်း၊ မင်းကြီး သိရိမဟာဇေယျကျော်သူ၏ က၀ိ လက္ခဏဒီပနီ။)
ထို့ပြင်လည်း ကဗျာအလင်္ကာတို့ကို ဖွင့်ဆိုရှင်းလင်းရာတွင် (၀ါ) ပြောရာတွင် ၁/ အစိတ်စိတ်ဖြစ်သော အဓိပ္ပာယ် ၂/ အပေါင်းဖြစ်သော အဓိပ္ပာယ်ဟူ၍ သမားစဉ်ရှိခဲ့ကြောင်း မှတ်ယူထားသင့်ပါသည်။
   (အိမ်ရှေ့သံတော်ဆင့် ရွှေတိုက်စိုး ရာမရကန် ဆရာဦးတိုး၏ ဆွတ်ပျံ့ဖွယ်အောင် တောင်ငူဆိုရတု သုံးပိုဒ်အဖြေ။)
အဆန်းတကြယ်မဟုတ်လှပါ။ စာသားကို အသေးစိတ် စိစစ်ခြင်းပါပဲဟု အထက်တွင် ကျွန်တော်ဆိုခဲ့ပါ သည်။ အနောက်စာပေ သီဝရီများမှာ အသေးစိတ်စိစစ်ခြင်းတွေ ရှိခဲ့ပါသည်။ ပြင်သစ် Explication de texte  ဆိုတာ ရှိခဲ့ပါသည်။ ကဗျာစကားပြေ စာသားတွေကို အသေးစိတ် စိစစ်ခြင်းပဲဖြစ်ပါသည်။ Close reading ဟုလည်းခေါ်ပါသည်။ Exegesisဟူ၍လည်းရှိပါသည်။ အသေးစိတ် စိစစ်ခြင်း၊ ဖွင့်ဆိုခြင်း၊ ရှင်းလင်းခြင်းတွေ ပါဝင်ပါသည်။ အဓိပ္ပာယ်ကို ခက်ခက်ခဲခဲတူးဖေါ်ထုတ်ယူခြင်းဆိုသော သဘောရှိပါသည်။ ဂျာမန်အစဉ်အလာအားဖြင့် ပေါ်ထွန်းခဲ့သော ဖွင့်ဆိုရှင်းလင်းခြင်း ပညာဆိုသည်လည်း အထင်အရှား ရှိခဲ့ပါသည်။
ကျွန်တော့် စိတ်အထင်ပြောရလျှင် ကျွန်တော်တို့ဆီမှာ .. ထိုသို့သော ဝေဖန်ရေး လေ့လာစိစစ်မှုမျိုးအသင့်အတင့်သာ ရှိပါသည်။ ရှိသော အတွေးအခေါ်အယူအဆ (သီဝရီကို ကျွန်တော်ဆိုလိုပါသည်။)များမှာလည်းRichardနှင့် Empson တို့၏ စိစစ်ခြင်းပညာ အစဉ်အလာများသာဖြစ်ပါသည်။ အထူးသဖြင့်Richard၏ ''လက်တွေ့ဝေဖန်ရေး'' အရိပ်လက္ခဏာများ Empson၏Ambiguity ခုနှစ်မျိုး အရိပ်လက္ခဏာများကိုသာ တွေ့ရပါသည်။ ယင်းတို့မှ ဆက်နွယ်ဆင်းသက်လာသော ''ဝေဖန်ရေးသစ်''New Criticism ၏ အရိပ်လက္ခဏာများ လွှမ်းမိုးခဲ့သည်။ ဂျာမန်အစဉ်အလာဖြစ်သောံHermenevticsအကြောင်းပြောသံဆိုသံသိပ်မကြားရပါ။ အထူးသဖြင့် Husserl (1859-1938) Heidegger (1889-1976) နှင့်Hans-Georg Gadamar  အကြောင်း ပြောသံဆိုသံ သိပ်မကြားရပါ။ ကျွန်တော်ဆိုလိုသည်မှာ ကျွန်တော်တို့သည် အင်္ဂလိပ်အမေရိကန် စိစစ်ခြင်း အစဉ်အလာ Anglo-American Analytic Tradition  (အထူးသဖြင့် ကိန်းဗရစ်တက္ကသိုလ်နှင့် အမေရိကနNC )တို့လောက်သာ အနည်းအကျဉ်းအလေ့အလာရှိခဲ့၍ အခြားသော သီဝရီများနှင့် အတော်စိမ်းခဲ့သည်ဟု ဆိုလိုပါသည်။ ကျွန်တော့်အထင်မျှသာဖြစ်၍ ရှိပါစေတော့။ ယခု ကျွန်တော်တင်ပြမည့် ဗေဒါလမ်း(၆)တွင် သမားစဉ်လုပ်ထုံးလုပ်နည်းများနှင့် ခေတ်သစ်နည်းနာများပေါင်းစပ်၍ ကျွန်တော် တတ်အားသရွေ့ (တတ်အားသမျှ) လေ့လာတင်ပြထားပါသည်။ လိုလျှင်ဖြည့်ပါ။ ပိုလျှင်ဖြုတ်ပါ။ တစ်ခုပြောလို့ရလိမ့်မည်ထင်ပါသည်။ ထိုတစ်ခုဆိုသည်မှာ ဗေဒါလမ်း(၆)ကို ဖတ်သော ကျွန်တော်၏ တုန့်ပြန်မှုနှင့် ကျွန်တော့်ဖာသာ တည်ဆောက်ယူသော အနက်ရသတို့သာ ကဲနေလိမ့်မည်ဆိုသော အချက်ဖြစ်ပါသည်။
(၆)စာသား စိစစ်ချက်
   တစ်ပုဒ်ချင်းကြည့်ပါမည်။ တစ်ကြောင်းချင်းကြည့်ပါမည်။


S1   မြစ်တန်းမှာတဲ့            L1
      လေကြမ်းဆင်။              2
   ထန်လိုက်လေ လေမုန်တိုင်း        3
   လှိုင်းက ဘောင်ဘင်။             4
   တစ်လှိုင်းထွက် တစ်လှိုင်းဝင်       5
   ဗေဒါခင်ဖြစ်နဲ။               6
   ရေလှိုင်းဗလပွေနဲ့            7
   မုန်တိုင်းလေ ရေတစ်ရိုးမှာ    8
    စိုးရွံ့မှာပဲ။           9

S1L1 (ကြောင်းရေ ၁) မှာ နေရာအရက်တစ်ခုဖြစ်သည်။ မြစ်တန်းဆိုသော စကားရပ်တွင်၊ တောတန်း တောင်တန်း စသည်ကဲ့သို့ ယူရာတွင် ဖြောင့်တန်းနေသောအရာဟု ''တန်း'' ကြိယာ၏ အနက်ရင်းကိုမယူသင့်ပါ။ အဆက် အစဉ်ဟူသောသဘော၊ တလျှောက်ဟူသော သဘောသာ ယူသင့်ပါသည်။ မြစ်သည် ဖြောင့်တန်း၍ နေမည်မဟုတ်။ ကွေ့ကွေ့ကောက်ကောက်ဖြစ်ပေမည်။ ထို မြစ်စဉ်တလျှောက် မြစ်ကမ်းတလျှောက်ဟု ယူရပါမည်။
      L2 မှာ လေကြမ်းဆင်သည်။ ကြမ်းတမ်းစွာ တိုက်ခတ်သောလေသည် တိုက်ခတ်ဖို့ ဆင်နေသည်။ တကယ် နင်လားငါလား မတိုက်သေး။ တိုက်ဖို့ ပြင်တုန်းဆင်တုန်းပင်ရှိသေးသည်။
   L3 တွင် တကယ်တိုက်သည်။ လေကြမ်းဟူသော အနက်အဓိပ္ပာယ်ထက် ပိုဟန်ရှိသည့် လေမုန်တိုင်းဟု သုံးသည်။ ထိုလေမုန်တိုင်းနှင့် စပ်သောကြိယာသည် ထန်ဖြစ်၏။ မုန်တိုင်း ပြင်းထန်စွာ တိုက်ခတ်သောကြောင့် လှိုင်းများ ဘောင်ဘင်ခတ်၍ အလွန်လှုပ်ရှားကြသည်။ ဘယ်နေရာမှာလဲဟူမူL1 တွင်ဖေါ်ပြထားသော မြစ်တန်းမှာ လှိုင်းတွေ အလွန်ထကြွနေသည်။L5 တစ်လှိုင်းထွက်တစ်လှိုင်းဝင် ဆိုသည်မှာ စဉ်ဆက်မပြတ် ဆင့်ကာဆင့်ကာ မနားတန်းဟု အဓိပ္ပာယ်ရပါသည်။ ထိုသို့ ၁/ မြစ်တလျှောက် ၂/ မုန်တိုင်းတိုက်၍ ၃/ လိုင်းများ အလွန်ကြီးနေသော... နေရာ (မြစ်ထဲမှာ) ဗေဒါ ရှိနေသည်။
   L6 ဗေဒါခင်ဖြစ်နဲ။ ''နဲ'' ဆိုသည်မှာ ''နည်း'' ပါပဲ။ အရေအတွက် လျော့ပါးခြင်း၊ မများခြင်းကို မယူရပါ။ အခြေအနေအခြင်းအရာကိုသာ ယူရပါမည်။ 'ဖြစ်နဲ' 'ဖြစ်နည်း' သည် ဖြစ်ပုံဖြစ်နည်း၊ ဖြစ်နေသော အခြေအနေ အခြင်းအရာပင်ဖြစ်ပါသည်။ ဗေဒါခင်အခြေအနေက မည်သို့ရှိသလဲ။ မုန်တိုင်းကျနေသော နေရာ မြစ်ပြင်ထဲမှာ လွန်စွာ လှုပ်ရှားရိုက်ခတ်ခြင်းခံနေရသော အခြေအနေဖြစ်သည်။
   L7 ရေလိုင်းတွေ ဗလပွေ၊ လွန်စွာ လှုပ်ရှားရိုက်ခတ်နေသေL8 မုန်တိုင်း လေကြမ်းများ တိုက်ခတ်ထကြွနေသော မြစ်ရေပြင်တရိုးမှာ။ တစ်ရိုးဆိုသည်မှာ တစ်လွှား တစ်ခွင်တစ်ပြင်ဟူ၍ ဖြစ်ပါသည်။ ထိုမြစ်ပြင်ထဲမှာ..L9 စိုးရိမ်ကြောက်ရွံ့မှာပဲ... စိုးရွံ့ကြောက်ရွံ့ပေလိမ့်မည်ဟု အဓိပ္ပာယ်ရသည်။

S2    မြစ်ရိုးမှာတဲ့          L1
            မိုးသက်ဆင်။           2
            လျှပ်ကြိုးပျံ မိုးသံထစ်      3
            မိုးစစ်ဘုရင်။           4
            မိုးညစ်လို့ မြစ်မမြင်     5
            ဗေဒါခင်ဖြစ်နဲ။          6        
            ရေလှိုင်းဗလပွေနဲ့       7
            မိုးသက်လေ  ရေတရိုးမှာ     8
            စိုးရွံ့မှာပဲ။  ။         9

S2L1  မှာ နေရာတစ်ခုဖြစ်သည်။ မြစ်ရိုးသည် မြစ်တန်းကဲ့သို့ပင် တစ်ခွင် တစ်ပြင် တစ်လျှောက် ဟု ယူရပါမည်။L2      မှာ မိုးသက်ဆင်သည်။ မိုးသက်ဆိုတာ ဘာလဲ။ မိုးသက်လေဟု ရှိသည်။ မိုးများ ဆင်းသက် ရွာသွန်းခါနီးတွင် တိုက်ခတ်လာသောလေ၊ သာသာညှင်းညှင်း အဓိပ္ပာယ်ရသည်။ မိုးသက်လေနှင် (ဂီတနက်သန် ကိုစောညိန်း)၊ မိုးသက်လေနှင့် မုန်တိုင်းပင့်လျှင် (၄င်း) ဟူ၍ ရှိဘူးသည်။ နတ်ရှင်နောင်ရတုများတွင် မိုးဘွဲ့ (မိုးတောဘွဲ့ဟု ရှိသည်) ရတု ၂၃ ပုဒ်ရှိသည်။ အပိုဒ် ၆၉ပိုဒ်။ ယင်းတို့တွင် မိုးသက်ဟူသော စကားရပ် တစ်နေရာတည်းသာ တွေ့ရသည်။ (မည်းမျှလာသည် ချီ မိုးတော မောင်ဘွဲ့ အလွမ်းစာပြိုင် ဟု အမှတ်အသားရှိသော ရတုပိုဒ်စုံ၊ ဒုတိယပိုဒ်တွင် . .ဆောင်းဖျားနွေရင်း၊ မိုးသက်ကြွင်းနှင့်၊ ၀ါတွင်းလွန်ဝယ်၊ ချမ်းသည့်နှယ်လျှင်.. . ဟု တစ်နေရာတည်းသာ တွေ့ရသည်။ ) န၀ဒေးကြီးတွင် မိုးတောရတု အမှတ်အသားရှိသော ရတုပိုဒ်စုံ ၁၆ပုဒ် ရှိသည်။ ၄၈ပိုဒ်။ ယင်းတို့တွင် မိုးသက် ဟူသော စကားရပ် တစ်နေရာမှ မတွေ့ရ။ ရှေးဂန္ထ၀င်ကဗျာစကား၊ စာစကားမဟုတ်၊ အရပ်စကားသာဖြစ်သည်ဟု ယူဖွယ်ရှိ၏။ ဤတွင် (L2    တွင်) လည်းဖြည်းညင်းသာစွာ အေးအေးမြမြ တိုက်ခတ်သော မိုးသက်လေများ တိုက်ခတ်စပြုလာသည်ဟု ယူသင့်မယူသင့် စဉ်းစားရန်ရှိသည်။ မိုးများရွာသွန်းရန် ပြင်ဆင်နေသည်ဟု ယူသော် သင့်လိမ့်မည်ထင်ပါသည်။L3 တွင် မိုးကြိုးထစ်ခြင်း မိုးခြိမ်းခြင်းတို့ကို ပြသည်။ လျှပ်စီးလက်သည်။ ကြိုး ဟူသောစကားသည် အသံမြည်သည်ဟု အဓိပ္ပာယ်ရ၏။ လျှပ်စီးလက်၍ မိုးခြိမ်းသည် အသံမြည်သည်ဟု ယူ၍ရသည်။ ထစ်ကြိုးသည် အသံထွက်ခြင်း ပြင်းထန်သောကြိယာဖြစ်၏။ ပျံသည် ပျံတက်သည် လှုပ်ရှားသည် အဓိပ္ပာယ်ရသည်။ လျှပ်ကြိုးကို တဖန်ပြန်၍ ထစ်ဘက်က စဉ်းစားလျှင် တွန့်တွန့်ကွေ့ကွေ့ ကြိုးစ တစ်စကိုမြှောက်ချီပစ်လိုက်သကဲ့သို့ ကြိုးစတစ်စကို ဆွဲရမ်းလှုပ်ခါလိုက်သကဲ့သို့ ကောင်းကင်မှာ တွန့်တွန့်ကွေ့ကွေ့လှုပ်ရှားဖြစ်ပေါ်သွားသည်ကို လျှပ်ကြိုးဟုပြောသည်ကော မဖြစ်နိုင်ဘူးလား။ထိုလျှပ်စီးကြိုးစသည် ပျံတက်သွားသည်။ လှုပ်ရှားသွားသည်။ ထို့နောက် မိုးသံထစ်သည်။ မိုးခြိမ်းခြင်းပင်ဖြစ်၏။ L4 မိုးစစ်ဘုရင်။ မိုးကို စစ်ဘုရင်နှင့် ထပ်တူပြုသောကြောင့် ၇ူပကဟု ဆိုဖွယ်ရှိသည်။ မြန်မာစာပေတွင်၊ မိုးရွာခြင်း၊ မိုးခြုံးခြင်း၊ လျှပ်စီးလက်ခြင်း စသည်တို့ကို.. သိကြားနှင့် အသုရာနတ်တို့ စစ်တိုက်ကြခြင်းနှင့် ထပ်တူနှိုင်းခိုင်း တင်စားရေးဖွဲ့လေ့ရှိသည်။ ကဗျာလင်္ကာမှာသာမက ရှေးမဟာဂီတများတွင်လည်း တွေ့ရတတ်ပါသည်။ (လျှပ်ပန်းခွေနွဲ့ . . ယိုးဒယား) မိုးတိမ်တောင်များတက်ခြင်း၊ မိုးခြုန်းမိုးရွာခြင်း၊ လျှက်လက်ခြင်းတို့ကို ''သေနင်္ဂ'' စစ်ဆင်စစ်တက် စစ်ထိုးခြင်းနှင့်လည်း ခိုင်းနှိုင်းတင်စားတတ်ပါသည်။ ထိုမြန်မာမှုအယူအဆအတိုင်း မိုးစစ်ဘုရင်ဟု သုံးသည်လည်းဖြစ်နိုင်ပါသည်။ ကြမ်းကြမ်းတမ်းတမ်း မညှာမတာ ရက်စက်စွာပြုကျင့်တတ်သော စစ်ဘုရင်များကဲ့သို့ဟု တသ်စားသည်လည်း ဖြစ်နိုင်သည်။ ကြမ်းတမ်းရိုင်းစိုင်းရက်စက်သော အနက်သဘောများ ကဲပိုနေသည်ဟု ခံစားရပါသည်။ L5 မိုးညစ်သည်။ မိုးမှောင်သည်ဆိုသော အဓိပ္ပာယ်ထက်ပိုသည်လား။ ညစ်သည် ဆိုသောစကားမှာ မည်းညစ်၊ မှောင်မည်း၊ မိုက်စသည့် အဓိပ္ပာယ်များရှိသည်။ ထို့အပြင် ညစ်ပတ်သည်။ မမှန်မကန် အကောက်ကြံသည်။ အကောက်ကြံ၍ ဖိစီးနှိပ်စက်သည်ဟူသော သဘောများလည်း ရနိုင်ပါသည်။ မိုးညစ်ဆိုရာတွင် မိုးရွာခြင်းက ဆိုးရွားစွာ တမင်ညစ်၍ ရွာသည်ဟုလည်း ယူလည်းရသည်။မိုးကောင်းကင်အနှံ့ လောက ၀န်းကျင်မှာလည်း မည်းမှောင်နေသည်ဟု ယူလည်းရသည်။ ထိုသို့မိုးမှောင်ကျနေသောကြောင့် မြစ်ကို မမြင်ရ။ L6 ထိုသို့သော အခြေအနေတွေထဲမှာ ဗေဒါရှိနေသည်။ L7 လှိုင်းတွေ ပြင်းထန်စွာ လှုပ်ရှားနေသည်။ L8 မိုးတွေ သည်းထန်စွာ (သက်၍) ရွာသွန်း၍ လေကြမ်းများ တိုက်ခတ်နေသော (မြစ်တလျှောက်) မှာ ဗေဒါသည် စိုးရိမ်ကြောက်ရွံ့နေပေလိမ့်မည်။ L9 ဟု အဓိပ္ပါယ်ရပါသည်။
S3    စိုးမရွံ့         L1
            တွန့်မတုန်         2
            မိုးနှင့် လေရေ ရှုတ်ထွေး    3
            ရွေးမျှမဖြုံ         4
            ဆန်လိုက်ပြန်တုန်        5
            စုန်လိုက်ပြန်လိုက်ရ      6
            ခေါက်ပေါင်းမရေနိုင်လို့    7
            ဗေဒါခိုင် သည်မြစ်ထဲ     8
            ရဲခဲ့သည်သည်ပေါ့။      9

S3L1  စိုးသည်၊ ရွံ့သည်။ စိုးရိမ်သည်၊ ကြောက်ရွံ့သည်။ ထိုကြိယာနှစ်ခုကြားမှ ဆန့်ကျင်ဘက်အနက်ပြ စကားကိုထားသည်။   မြန်မာ ဘာသာစကား အသုံးမှာ ထူးခြားသော အသုံးဟု ဆိုချင်ပါသည်။ ဆန့်ကျင်ဘက်အနက် (မ) သည် ကြိယာနှစ်လုံးကိုသက်ရောက်သည်။ မစိုးရိမ်၊ မကြောက်ရွံ့၊ မစိုး၊ မရွံ့ဟု ယူရပါမည်။ အခြားသော ပုံစံများနှင့် ယှဉ်ကြည့်နိုင်ပါသေးသည်။ ပုံစံအားဖြင့် (အိပ်မပျော်) (ပြောမထွက်) (စားမကောင်း) တို့နှင့်မတူ။ ဤပုံစံများတွင် ပျော်သည်၊ ထွက်သည်၊ ကောင်းသည်ဟူသော ကြိယာများတွင် သက်ရောက်သည်။ တဖန် စိုးမရွံ့ကို (မစိုးရွံ့) ဟုသုံး၍ အနက်အဓိပ္ပာယ်မပျက်။ သို့သော် နောက်ပုံစံများတွင် (မအိပ်ပျော်) (မပြောထွက်) (မစားကောင်း)ဟု သုံးလျှင် အနက်ပျက်သည်။ အသုံးထူး အသုံးလှစကားဟု ဆိုရုံမျှသာဖြစ်ပါသည်။ L2  တွန့်မတုန် မှာလည်း အလားတူပင်။ မတွန့်မတုန်၊ နောက်မတွန့်၊ မတုန်လှုပ်ဟု ယူရပါမည်။ မကြောက်ဟူသော သဘောတွင် ပါဝင်ပြီးဖြစ်ပါသည်။ L3 မိုးနှင့်လေရေ ရှုတ်ထွေး ဆိုရာတွင် မိုး၊ လေ၊ ရေ သုံးခုစလုံးရှုတ်ထွေးနေသည်။ လှုပ်ရှားရိုက်ခတ်နေသည်။ ထိုသို့ရှုတ်ထွေးနေသော်လည်း L4 ရွေးစေ့တစ်စေ့စာမျှ မဖြုံ၊ မတုန်လှုပ်ပါ။ ကြောက်ရွံ့ခြင်း အလျင်းမရှိပါဟု ဆိုလိုသည်။ ရွေးစေ့သည် ရှေးခေတ်က ပန်းထိမ်များတွင် ရွှေချိန်သော အချိန်အတွယ် ယူနစ်တစ်ခုဖြစ်ခဲ့ဘူးသည်။ အညာကျေးလက်များတွင်ေ၇ွးပင်ဟူ၍ ငယ်စဉ်ကတွေ့ဖူးသည်။ ရွေးစေ့မှာလည်း စားတော်ပဲစေ့ခန့် အနီနှင့် အနက်ထက်ဝက်စီစပ်ကြား အရောင်နှင့် အလွန်လှပါသည်။ အနက်မပါ အနီသက်သက် ရွေးစေ့များလည်း ရှိပါသည်။ အဓိပ္ပာယ်ကတော့ အနည်းငယ်မျှဟူ၍ ယူသင့်ပါသည်။ တစ်ရွေးသားလောက်မျှ ဖြုံခြင်း၊ တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်းမရှိပါ။L5 ရေတက်မှ ဆန်လိုက်ရ၏။ L6 ရေကျတော့ စုန်ဆင်းပြန်သည်။ အစုန်အဆန် အတက်အကျ လုပ်နေကြ၊ ဖြစ်နေကြ၊L7 သည်မြစ်ရေထဲမှာ စုန်ရသော အခေါက်ပေါင်း မရေနိုင်၊ ဆန်ရသော အခေါက်ပေါင်းလည်း မရေနိုင်၊ ထို့ကြောင့် L8 ဗေဒါသည် ဤမြစ်ထဲတွင် L9 ရဲခဲ့သည်။ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ခဲ့သည်။ ကြောက်ရွံ့ခြင်းမှ ကင်းခဲ့သည်ဟု အဓိပ္ပာယ်ရပါသည်။

ဗေဒါပြဿနာ

   ဗေဒါဆိုတာ ဘယ်သူလဲ၊ တစ်ခါက စာရေးဆရာမကြီး ခင်နှင့်ယု၏ ပန်းပန်လျက်ပါ ၀ထ္တုကို ရုပ်ရှင်ရိုက်ခဲ့သည်။ ကောလိပ်ဂျင်နေ၀င်း၊ မြတ်လေး၊ ကြည်ကြည်ဌေး၊ ဘေဘီနွဲ့တို့ ပါဝင်သည်။ အလွန်အောင်မြင်ကျော်ကြားခဲ့သည်။ ထိုဝထ္တု ရုပ်ရှင်ထဲတွင်အငြိမ့်သမ မဗေဒါသီဆိုသော သီချင်းမှာ ဆရာဇော်ဂျီ၏ ဗေဒါလမ်းကဗျာစုမှ ပုဒ်ရေ (၁၀) ဖြစ်သည်။ ရုပ်ရှင်အောင်မြင်သည်နှင့် အမျှ ဆရာ့ကဗျာကိုလည်း လူသိများလာခဲ့သည်။ ဆရာ့ကဗျာစာသားကို စန္ဒရားချစ်ဆွေ သံစဉ်ထည့်သည်ဟု ထင်ပါသည်။ ထိုသို့အောင်မြင်ကျော်ကြားရာက မဗေဒါနှင့် အငြိမ့်မင်းသမီးတို့ ယှဉ်တွဲ၍ အသိအမှတ်ပြုလာကြ၊ ပြောဆိုလာကြပါသည်။ မဗေဒါ အငြိမ့်ဟူ၍ပင် ပေါ်ထွန်းလာခဲ့သည် ထင်ပါသည်။ ဗေဒါလမ်းက ဗေဒါပန်းသည် အမျိုးသမီးတစ်ဦးဖြစ်သည်ဟူသော အသိက စွဲထင်လာပါသည်။ဆရာကိုယ်တိုင်က သူ့ကဗျာစုမှာ ဗေဒါကို အမျိုးသမီးတစ်ဦးသဖွယ်ရေးဖွဲ့ခဲ့သည်။ ကဗျာ (၄၁)ပုဒ်တွင် ဆရာသုံးခဲ့သောစကားများကို သိသာအောင်ဖေါ်ပြလိုက်ပါသည်။

ဗေဒါလမ်း   (၁)  မဗေဒါ၊ မယ်ဗေဒါ
      (၂)  ဗေဒါခင်၊ ဗေဒါရီ
      (၃)  မဗေဒါ (ဗေဒါပန်း)
      (၄)  မဗေဒါ၊ ဗေဒါခင်၊ (ဗေဒါမော်)
      (၅)  (ဗေဒါပန်း)
      (၆)  ဗေဒါခင်၊ (ဗေဒါခိုင်)
      (၇)  မဗေဒါ
      (၈)  မဗေဒါ
      (၉)  ဗေဒါဆွေ
      (၁၀)  ဗေဒါမ၊ မဗေဒါ (ဗေဒါပျံ)
      (၁၁)  မဗေဒါ
      (၁၂)  မဗေဒါ
      (၁၃)  ပန်းဗေဒါ
      (၁၄)  မဗေဒါ(ဗေဒါပန်း) ဗေဒါမ
      (၁၅)  မဗေဒါ
      (၁၆)  မဗေဒါ
      (၁၇)  မဗေဒါ၊ ဗေဒါဆွေ
      (၁၈)  မဗေဒါ၊ ဗေဒါဆွေ (ဗေဒါပျံ) ဗေဒါ၊ ဗေဒါရီ
      (၁၉)  ဗေဒါရီ (တမိ)၊ မဗေဒါ
      (၂၀)  ဗေဒါဆွေ၊ မဗေဒါ
      (၂၁)  မဗေဒါ
      (၂၂)  (ပန်းဗေဒါ)
      (၂၃)  ဗေဒါမ (ပန်းဗေဒါ)
      (၂၄)  မဗေဒါ၊ ဗေဒါခင်
      (၂၅)  မဗေဒါ၊ ဗေဒါရီ၊ ဗေဒါလဲ့
      (၂၆)  မဗေဒါ
      (၂၇)  ဗေဒါ၊ မဗေဒါ၊ ဗေဒါလဲ့
      (၂၈)  မဗေဒါ
      (၂၉)  မဗေဒါ(ဗေဒါပျံ)
      (၃၀)  မဗေဒါ
      (၃၁)  (ဗေဒါငယ်)
      (၃၂)  (ပန်းဗေဒါ) ဗေဒါမ
      (၃၃)  ဗေဒါ
      (၃၄)  ပန်းဗေဒါ
      (၃၅)  ဗေဒါခင်
      (၃၆)  ဗေဒါရီ၊ ဗေဒါဆွေ
      (၃၇)  မဗေဒါ
      (၃၈)  ဗေဒါဆွေ၊ ဒီရေသမီး၊ မဗေဒါ
      (၃၉)  မဗေဒါ
      (၄၀)  (ဗေဒါချော) ဗေဒါစင်ပြာအိ
      (၄၁)  မဗေဒါ

   ဤအထောက်အထားများအရ၊ ဗေဒါလမ်းမှ ဗေဒါသည် အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ယူရန်ရှိသည်။ သို့သော် အခြားတစ်ဖက်မှ အသေအချာစဉ်းစားကြည့်ပြန်သောအခါ တစ်မျိုးဖြစ်လာနိုင်သည်။ ဗေဒါလမ်းမှာ စုံလိုက်ဆန်လိုက်နှင့် မရပ်မနားမျောပါနေသော ဗေဒါသည် အမျိုးသမီးတစ်ဦးဖြစ်သည်ဆိုသော အယူအဆကို အစွဲအမြဲ ရှေ့တန်းတဖို့မလိုပါ။ ဗေဒါသည် အမျိုးသမီးတစ်ဦး ဖြစ်ချင်လည်းဖြစ်မည်။ မဖြစ်ချင်လည်းမဖြစ်၊ ဆိုလိုသည်မှာ ဗေဒါသည် အမျိုးသမီးဖြစ်ခြင်း မဖြစ်ခြင်းသည် အဓိကမဟုတ်။ ဗေဒါ၏ သဘောထား။ ဗေဒါ၏ လောကအမြင်၊ ဗေဒါ၏ အတွေးအခေါ်တို့သည်သာ အဓိကဖြစ်သည်။ သို့သော် ဆ၇ာကိုယ်တိုင်က ဗေဒါကို အမျိုးသမီးတစ်ဦးအဖြစ် အပုဒ်တိုင်းတွင် အသေအချာဖေါ်ပြခဲ့သည်။ထို့ကြောင့် ဗေဒါသည် အမျိုးသမီးဖြစ်သည်ဆိုသော အဆိုက အစွဲအမြဲတည်နေသည်။ ဤတွင် ကျွန်တော့်စကားသည် ရှေ့နောက်မညီသကဲ့သို့ဖြစ်နေသည်။ ဗေဒါကို အမျိုးသမီးတစ်ဦးအဖြစ် ဆရာရေးဖွဲ့ခဲ့သည်မှာ နှစ်သက်ကြည်နူးဖွယ်ဖြစ်သည်မှန်၏။ အမျိုးသမီးဟူသော ဖြစ်တည်မှုကို အရှိအတိုင်းသာ လက်ခံရန်ရှိသည်။ ထို့ထက်ပိုလျှင် အမျိုးသမီးကိစ္စ၊ အမျိုးသမီးသဘာဝ၊ အမျိုးသမီးရေးရာတို့ ရှေ့တန်းရောက်၍လာနိုင်သည်။ သဘောအချုပ်မှာ ဆရာဇော်ဂျီသည် ၁/ ဗေဒါကို အမျိုးသမီးတစ်ယောက်အဖြစ်ရေးဖွဲ့ခဲ့သည်မှာ နှစ်သက်ဖွယ်ဖြစ်စေလိုသောကြောင့်ဖြစ်၏။ ၂/ ဗေဒါသည် ကဗျာထဲတွင် အမျိုးသမီးတစ်ယောက်ဖြစ်သည်မှန်သော်လည်း လူသားအားလုံးကို ကိုယ်စားပြုထားသည်။ ဗေဒါသည် ''လူသားအားလုံး''ဖြစ်သည်.. ဟု ဆိုရပါမည်။ အာလုပ်ပြုခဲ့သော စကားတို့မှာလည်း အလဲလဲအလှယ်လှယ်ရှိသည်။

ဗေဒါ
မဗေဒါ
ဗေဒါမ
ဗေဒါခင်
ဗေဒါဆွေ
ဗေဒါရီ
ဗေဒါလဲ့
ဗေဒါပျံ
ဗေဒါချော
ဗေဒါခိုင်
ဗေဒါပန်း
ပန်းဗေဒါ
ဗေဒါမော်
ဗေဒါငယ်
ဗေဒါစင်ပြာအိ
ဒီရေ့သမီး။

ကျူရိုးရှင်
   ဗေဒါလမ်းကဗျာစုမှာ ဗေဒါသည် အဓိကဇာတ်ကောင်ဖြစ်၏။ ၀ထ္တုနှင့် ဇာတ်ကောင်သဘောတရား သီဝရီများအရ ဗေဒါသည် အဓိက ဇာတ်ကောင်ဖြစ်သည်။ ဒူတိယနေရာတွင်ရှိသော (၀ါ) ဇတ်ြပို့ဇာတ်ရံနေရာတွင်ရှိသော ဇာတ်ဆောင်တစ်ဦးရှိသေးသည်။ ထိုဇာတ်ဆောင်မှာ ကျူဖြစ်၏။ ကမ်းစပ်တွင်ပေါက်သော ကျူပင်ကို ဆိုလိုသည်။ အရိုးတံသေးသေး အခေါင်းပွနှင့် ကိုင်းပင်မြက်ပင်သဖွယ် ရှည်ရှည်မျောမျောရှိသည်။ ထိုကျူကို ဤသို့ အလဲအလှယ် ရေးဖွဲ့ခဲ့သည်။

   ဗေဒါလမ်း   (၁)  ကျူရိုးရှင်
         (၂)  ကျူရိုးရှင်
         (၃)  ကျူရိုးရှင်၊ ကျူတိုင်
         (၄)  ပီပီ
         (၅)  ကျူရိုးရှင်
         (၆)  ---
         (၇)  ကျူရိုးရှင်
         (၈)  ----
         (၉)  ကျူရိုးရှင်
         (၁၀)  -----
         (၁၁)  ရိုးသံရှင်
         (၁၂)  ကျူရိုးရှင်
         (၁၃)  -----
         (၁၄)  ကျူရိုးရှင်၊ မင်းပီပီ၊ ပီပီ
         (၁၅)  -----
         (၁၆)  ကျူရိုးမောင် ရွှေသျှောင်စောင်း
         (၁၇)  ကျူရိုးပင်
         (၁၈)  ----
         (၁၉)  ----
         (၂၀)  ----
         (၂၁)  ကျူရိုးရှင်၊ ပီပီကလေး
         (၂၂)  ကျူရိုးရှင်
         (၂၃)  ----
         (၂၄)  ကျူရိုးရှင်၊ ကျူရိုးတံရှင်၊ ကျူပလွေ
         (၂၅)  ကျူရိုး၊ ပီပီ
         (၂၆)  ကျူ၇ိုးဖေ
         (၂၇)  ကျူရိုးဖေ
         (၂၈)  ကျူရိုးရှင်
         (၂၉)  ----
         (၃၀)  ကျူရိုးရှင်
         (၃၁)  -----
         (၃၂)  ကျူရိုးတံ
         (၃၃)  ကျူရိုးရှင်
         (၃၄)  ကျူရိုးရှင်
         (၃၅)  ကျူရိုးရှင်
         (၃၆)  ကျူရိုးရှင်
         (၃၇)  ကျူရိုးရှင်
         (၃၈)  ----
         (၃၉)  ကျူရိုးရှင်၊ မင်းပီပီ၊ ပီပီသေး
         (၄၀)  ကျူရိုးရှင်
         (၄၁)  ကျူရိုးရှင်။
   ဗေဒါလမ်း (၄၁)ပုဒ်ရှိရာတွင် ကျူမပါသော ပုဒ်ရေ (၁၂)ရှိ၏။ ကျန်(၂၉)ပုဒ်တွင် ကျူပါသည်။ အများဆုံးသုံးသော စကားရပ်မှာ ကျူရိုးရှင်ဖြစ်၏။ ကျူရိုးဖေ၊ ကျူရိုးမောင်ရွှေရောင်စောင်း၊ မင်းပီပပီဆိုသော စကား/ပ်များအရ ကျူသည် (၀ါ) ကျူရိုးရှင်သည် အမျိုးသားဧကန်ဖြစ်၏။ အမျိုးသား ဧကန်ဖြစ်ကြောင်းသိရသော်လည်း ဘယ်သူ ဘယ်ဝါ ဘာလဲဟု မသေချာသေးပါ။ အထက်တွင်... ရေစပ်၊ ကမ်းစပ်တွင် ပေါက်သော ကျူပင်၊ အခေါင်းပွ ရိုးတံသေးသေးရှည်ရှည်ရှိသော ကျူပင်ဟုပြောခဲ့သည်။ ထို ကျူပင် (အခေါင်းပွ)ကို လေတိုးသောအခါ.. တရွှီရွှီမြည်သံထွက်လာနိုင်ပါသည်။ ထိုအသံသည် ပီပီ (ကလေးများကစားသော ၀ီစီ၊ ခရာတစ်မျိုး) မှုတ်သော အသံနှင့် တူနိုင်ပါသည်။ ထိုအသံကို စွဲ၍ ကျူရိုးကို ပုလွေသဖွယ်၊ ပီပီသဖွယ် မှုတ်သူဟု အဓိပ္ပာယ်တစ်ဆင့်တက်ပွားလာသည်။ ပလွေရှင်၊ တယောရှင်၊ စောင်းတော်ရှင် စသည်တို့တွင်၊ ပလွေ၊ တယော၊ စောင်းတို့ကို တီးခတ်သူ၊ တီးမှုတ်သူဟူသကဲ့သို့ ကျူရိုးရှင်ဆိုရာတွင်လည်း၊ ကျူရိုးကို ပလွေသဖွယ်မှုတ်သူဟု ယူရပါမည်။ ကျူကိစ္စတွင် ကတ္တားကံအသေအချာခွဲ၍.. ''ကျူရိုးရှင်ပီပီကလေးနဲ့ တေးချိုလို့သာ'' (၃) ''ကျူရိုးရှင်ပီပီကလေးနှင့် တေးသံကသာ''.. (၁၂) ''ကျူရိုးရှင်ဝါသနာ၊ ကဗျာနွဲ့ချိုတေး''.. (၁၄)''ရွက်ရိုးဖြူ ကျူပလွေနဲ့'' (၂၄) ကျူရိုးရှင်က ကျူပင်ကို ပလွေသဖွယ်မှုတ်သည်ဟု ဧကန်သိရပါသည်။ ဧကန်ဟူသောစကားကို ကျွန်တော်သုံးသော်လည်း၊ အသေအထျာစဉ်းစားပြန်သောအခါ တစ်မျိုးဖြစ်လာနိုင်ပြန်ပါသည်။ ကျူဆိုသည်မှာ ကျူရိုးရှင်ဟု အထပ်ထပ်အခါခါသုံးသော်လည်း.. ကျူသည် လူလား၊အပင်လား..။ ဗေဒါသည် လူလား၊ ပန်းလား ဆိုသော ကိစ္စကို ပြန်စဉ်းစားကြည့်သင့်ပါသည်။ ကျွန်တော့်သဘောကို ပြောပါမည်။
   ဗေဒါသည် လူလည်း မဟုတ် ပန်းလည်းမဟုတ် တင်စားချက်တစ်ခုဖြစ်သည်။
   ကျူပင်သည် လူလည်းမဟုတ် အပင်လည်းမဟုတ် တင်စားချက်တစ်ခုဖြစ်သည်။
   ဤအချက်ကို အလေးအနက်စဉ်းစား ဆင်ချင်သင့်ပါသည်။ ဇော်ဂျီရေးဖွဲ့ပုံမှာလည်း ထိုသို့ဖြစ်အောင် (၀ါ) လူဟုပြော၍လည်း ရသည်။ ပန်းဟုပြော၍လည်း ရသည်။ လူဟု ပြော၍လည်း ရသည်။ အပင်ဟုပြော၍လည်းရသည်။ တစ်ချိန်တည်းမှာပင် လူလည်းမဟုတ် ပန်းလည်းမဟုတ်၊ လူလည်းမဟုတ် အပင်လည်းမဟုတ်။ ထိုသို့ဖြစ်အောင် ဆရာရေးဖွဲ့ထားသည်ဟု ဆိုရပါမည်။ ဖတ်သူ၏ စိတ်သဏ္ဍာန်တွင်ဖြစ်သော ဝေခွဲမရ၊ ဆုံးဖြတ်မရ၊ ဘာလဲဟုအသေအချာပြောမရသော ခံစားမှုမျိုးကို စာနှင့်ရေးပြ၍ လွယ်မည်မထင်ပါ။ ထိုခံစားမှုမျိုးကို ခံစားကြည့်မှသာ (၀ါ) ခံစားမှုဖြင့်သာ ရနိုင်ပါလိမ့်မည်။ စကားစဉ်ကို ချုပ်ရလျှင် ကျူကို ကျူရိုးရှင်ဟု တင်စား၍လည်းကောင်း၊ အမျိုးသားတစ်ဦးအဖြစ်တင်စား၍လည်းကောင်း ရေးဖွဲ့ထားခဲ့သော်လည်း.. ကျူသည် ဘာလဲ၊ ဘယ်သူလဲဟု ပြောရန်ခက်သောေ၀၀ါးမှုသည် လေတွင် ပန်းဆိုင်းဆွဲသကဲ့သို့ တွဲလဲကျန်ရှိနေပါသည်။ (ဗေဒါလည်း အလားတူပါပဲ)

ဗေဒါနှင့်ကျူရိုးတို့ဆက်သွယ်မှု

   ဗေဒါကို အမျိုးသမီး၊ ကျူရိုးကို အမျိုးသားဟု တင်စားကြောင်းသိခဲ့ရပြီ။ ယင်းတို့နှစ်ဦးဆက်သွယ်မှု(၀ါ) ဆက်ဆံရေးမည်သို့ရှိသလဲ စူးစမ်းလျှင် စိတ်ဝင်စားဖွယ်ဖြစ်ပါလိမ့်မည်။ အချို့သော ကေစိပုဂိုလ်တို့ကလည်း ဗေဒါနှင့် ကျူရိုးတို့၏ ဆက်သွယ်မှုတွင် ''သိင်္ဂါရရသ သဘောသို့ တိမ်းညွတ်ခြင်း''ROMANTIC INCLINATION  ဟု ကျွန်တော်ဆိုလိုပါသည်။) ရှိသည်ဟု ဆိုကြသည်။ ထိုအဆို (၀ါ) ထိုအယူ သင့်မသင့် စဉ်းစားကြလျှင်လည်း စိတ်ဝင်စားဖွယ်ဖြစ်ပါလိမ့်မည်။ ထိုအချက်ကို မစဉ်းစားမီ ကြိုတင်သိထားသင့်သော အရာများရှိပါသည်။ ယင်းမှာ ( NARRATOR ဇာတ်ကြောင်းပြန်ပြောသူ) ကိစ္စ ဖြစ်ပါသည်။ ထိုကိစ္စသည် အလွန်ကျယ်ပြန့်၍ အကျယ်အပွားပြောရမည် ဖြစ်ပါသည်။ နောင်တွင်ပြောပါမည်။ မပြောမီ ယခုဤနေရာတွင် သိသာရုံ အကျဉ်းမျှပြောပါမည်။ သမားရိုးကျ CONVENTIONAL စာပေ ကဗျာ ဝေဖန်ရေးတွင် ကဗျာတစ်ပုဒ်ကို လေ့လာသောအခါ ကဗျာပါ အကြောင်းအရာကို ဘယ်သူက ပြောပြနေသလဲ ကို ကြည့်ရပါသည်။ များသောအားဖြင့်.. ''ကဗျာဆရာကပြောပြနေသည်၊ ကဗျာဆရာသည် ပြောပြသူဖြစ်သည်'' ဟု စွဲမြဲမှတ်ကောက်ယူကြပါသည်။ ဗေဒါလမ်းကဗျာတွင်လည်း.. ကဗျာဆရာ ဆရာဇော်ဂျီက ပြောပြနေသည်၊ ဇော်ဂျီသည်NARRATORဖြစ်သည်ဟု .. သာမာန်ပြောနိုင်ပါလိမ့်မည်။ (တကယ်တန်းထိုအယူအဆ လွန်ခဲ့ပြီ။ နောင်တွင်ပြောမည်။) အသေအချာစိစစ်သောအခါ.. ကဗျာစုထဲတွင် ဇော်ဂျီအပြင် အခြားပြောပြသူ NARRATORနှစ်ဦးရှိသေးသည်။ ယင်းတို့မှာ....၁/ဗေဒါ ၂/ ကျူရိုးရှင်တို့ဖြစ်၏။ အချို့ကဗျာများတွင် ဗေဒါနှင့် ကျူရိုးအပြန်အလှန်ပြောပုံကို တွေ့ရသည်။ အချို့ကဗျာတွင် ဗေဒါကပြောပုံ။ ကျူရိုးကပြောနေပုံ စသည်ဖြင့်တွေ့ရသည်။ ထိုဇာတ်ကြောင်းပြန် အပြောစာသားတို့ကိုထောက်၍ ဗေဒါနှင့် ကျူရိုးကို သိင်္ဂါရ ရသသဘောသို့ တိမ်းညွတ်ဆက်သွယ်နေဟန် ပြောကြဆိုကြခြင်းဖြစ်ပါလိမ့်မည်။ ကျွန်တော့်သဘောအရပြောရလျှင် ထိုအဆိုသည် အခြေအမြစ်မရှိပါ။ ထိုသို့ပြောနိုင်လောက်သော အထောက်အထား ခြေခြေမြစ်မြစ်ရှိမရှိ ရှာရပါမည်။ ဘယ်မှာ ရှာမည်လဲ။ ဗေဒါလမ်းကဗျာများ၏ စာသားထဲမှာ ရှာရပါမည်။ ကျွန်တော်ကတော့ အထောက်အထားမတွေ့ပါ။ အဆိုပါ ကေစိ ပုဂိုလ်တို့သည် အလွန်သိမ်မွေ့လှပသော (ဆရာဇော်ဂျီ၏) တင်စားချက်များကို သဘောမပေါက်၊ အရအမိ မဖမ်းနိုင်သောကြောင့် တောရမ်းမယ်ဘွဲ့ရေးကြခြင်းသာဖြစ်ပါလိမ့်မည်။ ထို့ပြင် အထက်တွင် အြွမတ်မျှ ဖေါ်ပြခဲ့သော ဗေဒါနှင့် ကျူရိုးရှင်တို့၏ ဖြစ်တည်မှုကို ပြန်ကြည့်ဖို့လိုပါလိမ့်မည်။ ဗေဒါဆိုတာမရှိ။ အရိပ်အယောင်မျှသာ။ ထင်မှုမျှသာ။ ထို့ကြောင့် လူလားပန်လား စဉ်းစားရာတွင် လူလည်းဟုတ် ပန်းလည်းဟုတ်သည်။ လူလည်းမဟုတ်၊ ပန်းလည်းမဟုတ် (ကျူရိုးရှင်လည်း အလားတူပါပဲ) ဟု ကျွန်တော် ပြောခဲ့ပါသည်။ ဗေဒါနှင့် ကျူရိုးရှင်သည် အရိပ်အယောင်မျှသာ ထင်မှုမျှသာဖြစ်ခဲ့လျှင် သူတို့နှစ်ဦး၏ ဆက်သွယ်မှု(၀ါ) ဆက်ဆံရေးသည် အရိပ်အယောင်မျှသာ။ ထင်မှုမျှသာ ဖြစ်ရပါမည်။ (NARRATORအကြောင်း ရှေ့တွင်ပြောသောအခါ ထပ်ပြောပါဦးမည်။) (၆) စာသားစိစစ်ချက်တွင် ပြောထားသင့်သည်အချို့ကို ပြောခဲ့ပါသည်။ သိသာရုံအကျဉ်းမျှဖြစ်သည်။ နောင်တွင် အကျယ်ပြောဆိုရန်ရည်ရွယ်ပါသည်။ ယခု မူရင်း(၆)စာသား စိစစ်ချက်ကို ပြန်သွားပါမည်။

No comments:

Post a Comment