Thursday, November 3, 2016

“ဗုဒ္ဓ= လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်” (ဦးရွှေအောင်)

““ဗုဒ္ဓ= လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်” (ဦးရွှေအောင်) 

13 September 2011 at 16:45
နိဒါန်း

 

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

 

( ““ဗုဒ္ဓ= လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်””၏ ကျင့်စဉ်ကို လေ့လာကျင့်သုံးလို သူသည် ဤနိဒါန်းကို သဘောပေါက်အောင်ပြီးဆုံးသည်အထိရှေးဦးစွာဖတ်ပါ။)

 

လူသည် ဘ၀ကိုလောဘဖြင့် စတင်ခဲ့သူဖြစ်၏။ ယင်းလောဘကို ပါဠိဝေါဟာရအား ဖြင့် ““ဘ၀နိကန္တိကလောဘ””ဟူ၍ ခေါ်၏။ ဘ၀နိကန္တိက လောဘ၏အနက်မှာ ““ဘ၀ကိုမြတ်နိုး သောတဏှာ””ဟူ၍ဖြစ်၏။ ထို့ကြောင့်လူသည် မိမိ၏ဘ၀ကိုပျက်သုဉ်း မသွားစေရန် လောဘဖြင့် မိမိလိုချင်သော အရာရာတိုင်းကို ရအောင်အားထုတ်လေ၏။ ဤသည်မှာ ဓမ္မတာဖြစ်၏။

သို့ရာတွင် ဤဓမ္မတာကား ““အတ္တဓမ္မတာ””ဖြစ်၏။ အတ္တဓမ္မတာဖြစ်သည့် အလျောက်လူတော်လူကောင်းများအနေဖြင့် လိုက်နာကျင့်သုံး ရသော ဓမ္မတာမဟုတ်၊ ပယ်ဖျက်နိုင်အောင် ကြိုးစားရသောဓမ္မတာသာဖြစ်၏။

ဗုဒ္ဓ၀ါဒအရ ဘ၀ကိုတည်ဆောက်ရသည်မှန်၏။ သို့ရာတွင်ဘ၀ကို တည်ဆောက်ရာ၌ ““ထီး”” အဖြစ်တည်ဆောက်ရသည်မဟုတ်၊ ““ငြမ်း””အဖြစ်သာ တည်ဆောက်ရခြင်းဖြစ်၏။ ငြမ်းကိုမည်မျှပင် ခိုင်မာအောင် တည်ဆောက်ရစေကာမူ တစ်ခုသောနေ့တွင်ငြမ်းကိစ္စပြီးဆုံးပါက ထိုငြမ်းကိုမလွဲမသွေဖျက်သိမ်းရမည်ဖြစ်၏။

အခြားဝါဒများအရသာ ဘ၀ကို““ထီး””အဖြစ်တည်ဆောက်ခြင်းဖြစ်၏။ ဘ၀ကို ““ထီး””အဖြစ်တည်ဆောက်နေသမျှ ကာလပတ်လုံးလူသည် သံသရာမှမလွတ်တော့ဘဲ သံသရာဝဲဂယက်၌ နစ်တစ်ခါ၊ ပေါ်တစ်လှည့်ဖြင့် မျောနေပေလိမ့်မည်။ မျောနေရသမျှ ကာလပတ်လုံးလူသည် ““စံ””တစ်ခါ၊ ““ခံ””တစ်လှည့်ဖြင့် သောကကို ရင်ဝယ်ပိုက်ထား ရပေလိမ့်မည်။

 

တောင့်တခြင်းလေးမျိုး

လူသည်သံသရာဝဲဂယက်၌မျော၍ သောကကိုရင်ဝယ်ပိုက်ထားရလေသော ကြောင့်မိမိ၏ဘ၀အတွက် တောင့်တခြင်းလေးမျိုးကို တောင့်တမြဲဖြစ်၏။ ထိုလေးမျိုး တို့တွင် ပထမတောင့်တချက်မှာ အိမ်ရာတည်ထောင်လိုခြင်းဖြစ်၏။ ယင်းကို ““ကာမ”” ဟူ၍ခေါ်၏။ လူသည်““ကာမ””အရ အထီးကျန်မနေလိုဘဲ ချစ်ရသော ဇနီးနှင့် နေလို၏။ ချစ်ရသော ခင်ပွန်းနှင့်နေလို၏။ ချစ်ရသောသားသမီးများနှင့် နေလို၏။ ချစ်ရသော အသိုက်အ၀န်းနှင့်နေလို၏။ ထိုသို့နေလိုသည့်အတိုင်း နေရအောင်အားထုတ်၏။ ထိုသို့ အားထုတ်သော်လည်း အားထုတ်သည့်အတိုင်းဖြစ် ချင်မှဖြစ်၏။ အကယ်၍ မဖြစ်လျှင်လည်း ဖြစ်လိမ့်နိုးနိုးမျှော်ကိုးချက်ဖြင့် မိမိ၏ဘ၀ပျက် သုဉ်းမသွားစေရန် ဆက်၍ဆက်၍ကြိုးစားပါ၏။

ဒုတိယတောင့်တချက်မှာ စီးပွားဥစ္စာ ပြည့်စုံလိုခြင်းဖြစ်၏။ ယင်းကို ““အတ္ထ””ဟူ၍ခေါ်၏။ လူသည် ““အတ္ထ””အရချို့ချို့ငဲ့ငဲ့မနေလိုဘဲ မိမိ၏ဘ၀အတွက် စီးပွားဥစ္စာနှင့်ပြည့်စုံလို၏။ ပြည့်စုံလိုသည့်အတိုင်းပြည့်စုံအောင် အားထုတ်၏။ အကယ်၍မပြည့်စုံသေးလျှင် ပြည့်စုံအောင်ဆက်၍ဆက်၍အားထုတ်၏။ ပြည့်စုံလျှင် လည်းပြည့်စုံသည်ထက်ပြည့်စုံအောင် ဆက်၍ဆက်၍အားထုတ်ပြန်၏။ သို့ရာတွင် မည်မျှပင် ပြည့်စုံစေကာမူ ဘ၀အတွက် ပြည့်စုံပြီဟူ၍ အားရကျေနပ်ခြင်းမရှိဘဲ ပို၍ပို၍ ပြည့်စုံစေရန် ဆက်၍ဆက်၍အားထုတ်ပြန်၏။ ထိုသို့အားထုတ်သော်လည်း လူ၏ တောင့်တချက်ကား ပြည့်စုံပြီဟူ၍ မည်သည့်အခါမျှမရှိ၊ လိုမြဲလိုနေသည်သာ ဖြစ်လေ ၏။

တတိယတောင့်တချက်မှာ ဓမ္မနှင့်အညီကျင့်သုံးနေထိုင်လိုခြင်း ဖြစ်၏။ လူသည်လောက၌““ကာမ””အရ အိမ်ရာတည်ထောင်ရုံမျှနှင့်လည်း မပြီး၊ ““အတ္ထ””အရ စီးပွားဥစ္စာရှာဖွေရုံမျှနှင့်လည်း မပြီး။ အမှန်အားဖြင့်““ဓမ္မ””နှင့်အညီနေထိုင်ဖို့လည်း လိုသေး၏။ ထို့ကြောင့်““ကာမ””အရအိမ်ရာတည်ထောင်ရာ၌ဖြစ်စေ၊ ““အတ္ထ””အရစီးပွား ဥစ္စာကိုရှာဖွေရာ၌ဖြစ်စေ အဓမ္မနည်းကို သုံးချင်သုံးမိမည်ဖြစ်သော်လည်း မူရင်းဗီဇ စိတ်ဓာတ်အရ ““ဓမ္မ””နှင့်အညီကျင့်ကြံ အားထုတ်လိုသည်ကတော့ အမှန်ပင်ဖြစ်ပါ၏။ ထို့ကြောင့်””ဓမ္မ””နှင့်အညီ နေထိုင်ကျင့်သုံးနိုင်အောင် အားထုတ်ခြင်းသည်လည်းဘ၀အ တွက်တောင့်တချက်လေးမျိုးတွင် တစ်မျိုးအဖြစ်ပါဝင်ခြင်းဖြစ်၏။

ဓမ္မနှင့်အညီကျင့်ကြံနေထိုင်ရုံနှင့် မကျေနပ်သေးဘဲ လူသည်လွတ်လပ်မှုကို တောင့်တပြန်၏။ ယင်းကို ““မောက္ခ””ဟူ၍ခေါ်၏။ ဤလေးမျိုးမှာ ဘ၀အတွက်လူတို့ ၏တောင့်တချက်များဖြစ်ကြ၏။ လူသည် အသက်ရှင်၍ဘ၀ကိုတည်ဆောက်နေသမျှ ကာလပတ်လုံး ဤတောင့်တချက်လေးမျိုးကို တောင့်တနေမည်သာဖြစ်၏။ အမှန်အား ဖြင့်ဤတောင့်တချက်ချက်လေးမျိုးမှာ ပုထုဇဉ်လူသားတို့၏ တောင့်တချက်များသာ ဖြစ်ကြပါ၏။

 

အရေးပါသောအပိုင်းသုံးပိုင်း

ဗုဒ္ဓဒေသနာတော်အရ အရာရာတိုင်း၌ သာယာဖွယ်၊ ငြီးငွေ့ဖွယ်နှင့် ယင်းတို့မှ လွတ်မြောက်မှုဟူ၍ အပိုင်းသုံးပိုင်း ပါဝင်၏။ ထို့ကြောင့် ““ကာမ””၌လည်းအပိုင်း သုံးပိုင်းပါဝင်၏။ ““မောက္ခ””၌လည်း အပိုင်းသုံးပိုင်းပါဝင်၏။ ထိုသို့ပါဝင်ရာတွင် တစ်ပိုင်းထက်တစ်ပိုင်းက ပို၍နက်ရှိုင်းစွာပါဝင်ခြင်းဖြစ်၏။

 

သာယာဖွယ်အပိုင်း

ပထမပိုင်းသည် သာယာဖွယ်အပိုင်းဖြစ်၏။ ယင်းကို““အဿာဒ””ဟူ၍ခေါ်၏။ ဒုတိယပိုင်းသည် ငြီးငွေ့ဖွယ်အပိုင်းဖြစ်၏။ ယင်းကို““အာဒီန၀””ဟူ၍ခေါ်၏။ တတိယ ပိုင်းသည် လွတ်မြောက်မှုအပိုင်းဖြစ်၏။ ယင်းကို ““နိဿရဏ””ဟူ၍ခေါ်၏။ အမှန် အားဖြင့်သာယာဖွယ်ကိုမတွေ့မြင်သမျှ ကာလပတ်လုံး လူသည် မည်သည့်လုပ်ငန်းကို မျှ လုပ်လိုသည်မဟုတ်။ ထို့ကြောင့် ကာမအရအိမ်ရာတည်ထောင်ရာ၌သာယာဖွယ်ကို မတွေ့လျှင် တွေ့အောင်ရှာ၏။ အတ္ထအရစီးပွားဥစ္စာကို ရှာရာ၌လည်း သာယာဖွယ်ကို မတွေ့လျှင် တွေ့အောင်ရှာ၏။ ဓမ္မအရတရားနှင့်အညီဖြစ်အောင်ကျင့်ကြံနေထိုင်ရာ၌ ပင်သာယာဖွယ်ကို မတွေ့လျှင်တွေ့အောင်ရှာလေ၏။ သာယာဖွယ်ကိုတွေ့အောင်ရှာ ခြင်းဟူသည်မှာမိမိ၏ ကိုယ်ကျိုးကိုယ့်စီးပွားအတွက် အားထုတ်ခြင်းဖြစ်၏။

 

ငြီးငွေ့ဖွယ်အပိုင်း

ဓမ္မတာအရ သာယာဖွယ်၏နောက်၌ငြီးငွေ့ဖွယ်အပိုင်းသည်ရှိ၏။ ယင်းကို ““အာဒီန၀””ဟူ၍ခေါ်၏။ သို့ရာတွင် ငြီးငွေ့ဖွယ်ကို တော်ရုံတန်ရုံ အသိဥာဏ်ရင့်ကျက် ရုံမျှနှင့်တော့ တွေ့မည်မဟုတ်။ ထို့ကြောင့်သာမန်အသိဥာဏ်ရှိသူများသည် ငြီးငွေ့ ဖွယ်ကို မမြင်နိုင်တော့ဘဲသာယာဖွယ်ကို ရှာရင်းရှာရင်းဖြင့်ပင် မိမိတို့၏ ဘ၀ကိုနိဂုံး ချုပ်ကြရ၏။

အမှန်အားဖြင့် အရာရာတိုင်း၌မြတ်နိုးဖွယ်““ရသ””သည်ရှိ၏။ ထို့ကြောင့်သာယာ ဖွယ်အပိုင်း၌လည်းမြတ်နိုးဖွယ် ““ရသ””သည်ရှိ၏။ ငြီးငွေ့ဖွယ်အပိုင်း၌လည်း မြတ်နိုး ဖွယ်““ရသ””သည်ရှိသည်ပင်ဖြစ်၏။ သို့ရာတွင် သာမန်အသိဥာဏ်ရှိသူများသည် သာယာဖွယ်အပိုင်း၌သာ မြတ်နိုးဖွယ်““ရသ””ကိုမြင်နိုင်ပြီး ငြီးငွေ့ဖွယ်အပိုင်း၌မူ မြတ်နိုးဖွယ်““ရသ””ကိုမမြင်နိုင်ကြ။ ထို့ကြောင့်သူတို့သည်အရာရာတိုင်း၌သာယာဖွယ် ကိုရှာရင်းရှာရင်းဖြင့်ပင် သူတို့၏ဘ၀ကိုသူတို့နိဂုံးချုပ်ကြခြင်းဖြစ်၏။

အမှန်အားဖြင့် မြတ်နိုးဖွယ် ““ရသ””သည်အရာရာတိုင်း၌ ရှိရာတွင်သာယာဖွယ် အပိုင်း၌ရှိသောမြတ်နိုးဖွယ် ““ရသ””ထက်ငြီးငွေ့ဖွယ်အပိုင်း၌ရှိသောမြတ်နိုးဖွယ် ““ရသ”” ကပို၍သိမ်မွေ့၏။ သိမ်မွေ့ရုံသာမက ပို၍နက်ရှိုင်းရုံသာမက ပို၍လည်းတန်ဖိုးမြင့် မား၏။ ထို့ကြောင့်အသိဥာဏ်ရင့်ကျက်သူများသည် သာယာဖွယ် ““အဿာဒ””ကိုမြင် ပြီးနောက် ယင်း၏နောက်ကွယ်၌ရှိသော ငြီးငွေ့ဖွယ်အပိုင်း ““အာဒီန၀””ကိုမြင်ကြခြင်း ဖြစ်၏။ ငြီးငွေ့ဖွယ်အပိုင်း““အာဒီန၀””ကိုမြင်ခြင်းဟူသည်မှာယင်းအပိုင်း၌ ပါဝင်သော မြတ်နိုးဖွယ်““ရသ””ကိုမြင်ခြင်းဖြစ်၏။

ဤအမြင်ကြောင့်ပင် ဆီးဘန်နီဆရာတော်ကြီးက မြန်မာနိုင်ငံ သူတစ်ပါးလက် အောက်သို့ ရောက်သွားသောအခါ ““သေသော်မှတည့်သြော်ကောင်း၏””ဟူ၍ဆိုကြ၏။ မျိုးချစ်အာဇာနည်များသည် သူတစ်ပါး၏အမျိုးကိုလည်း မထီမဲ့မြင်မပြု။ မိမိတို့၏ အမျိုးကိုလည်းမထီမဲ့မြင်ပြုခြင်းကိုငုံ့မခံ။ အမှန်အားဖြင့် လောက၌ ““အဓမ္မ”” မလွှမ်းမိုး နိုင်အောင်ကြိုးပမ်းခြင်းသည် မျိုးချစ်အာဇာနည်တို့၏ လုပ်ငန်းနှင့်သူတို့၏ တာဝန် ဖြစ်၏။

 

ပါရမီနှင့်မြတ်နိုးဖွယ်ရသ

မျိုးချစ်အာဇာနည်များသည် နိုင်ငံတိုင်း၌ရှိ၏။ ထို့ကြောင့်မြန်မာနိုင်ငံ၌လည်း ရှိ၏။ သူတို့သည်မိမိအတွက် သိမ်းပိုက်ခြင်း၌သာယာဖွယ်အဿာဒကိုပင်မသာယာ ဖွယ် အာဒီန၀အဖြစ်မြင်ပြီး လောကအတွက် စွန့်လွှတ်ခြင်း၌မြတ်နိုးဖွယ် ““ရသ”” ကိုမြင်လာကြ၏။ အမှန်အားဖြင့် မိမိအတွက်သိမ်းပိုက်ခြင်းထက် စွန့်လွှတ်ခြင်းက ပို၍မြတ်နိုးဖွယ်ဖြစ်ကြောင်းကို သူလိုငါလို ပုဂ္ဂိုလ်များကသဘောပေါက်ကြမည်မဟုတ်။ သို့ရာတွင် သူလိုငါလို အဆင့်ကိုကျော်လွန်သော ပုဂ္ဂိုလ်များကမူ သဘောပေါက်ကြ မည်မဟုတ်။ သို့ရာတွင် သူလိုငါလိုအဆင့်ကိုကျော်လွန်သောပုဂ္ဂိုလ်များအကြောင်း ကိုဖတ်ရ၏။ သမိုင်းများ၌လည်းသူလိုငါလို အဆင့်ကိုကျော်လွန်သော ပုဂ္ဂိုလ်များ အကြောင်းကိုဖတ်ရပါ၏။ သူလိုငါလိုအဆင့်ထက်ကျော်လွန်သော ပုဂ္ဂိုလ်များကို ပါဠိဝေါဟာရအားဖြင့် ““ပါရမီရှင်များ””ဟူ၍ခေါ်၏။ ယင်းတို့၏ လုပ်ငန်းကို ““ပါရမီ”” ဟူ၍ခေါ်၏။ အမှန်အားဖြင့် ပါရမီဟူသည်မှာ အများကောင်းစားရေးအတွက် မိမိ၏ ကောင်းစားရေးကိုစွန့်လွှတ်ခြင်းပင်ဖြစ်၏။ အရာရာတိုင်း၌ အများအတွက်မိမိ၏ဘ၀ ကိုစတေးခြင်းပင်ဖြစ်၏။

နိုင်ငံဖြစ်စေ၊ လူမျိုးဖြစ်စေ၊ နိုင်ငံအတွက်။ လူမျိုးအတွက် အနစ်နာခံနိုင်သူများ၊ ဘ၀ကိုစတေးနိုင်သူများပေါများသည်နှင့်အမျှ ထိုနိုင်ငံ၊ ထိုလူမျိုးသည် ကမ္ဘာ၌ထိပ် တန်းနိုင်ငံ၊ ထိပ်တန်းလူမျိုးဖြစ်မည်မှာသေချာ၏။ ဤနေရာ၌ထိပ်တန်းဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှု၌ ထိပ်တန်းကိုဆိုလိုသည်မဟုတ်။ အတတ်ပညာပိုင်းဆိုင်ရာ ပြည့်စုံမှု၌လည်း ထိပ်တန်းကိုဆိုလိုသည်မဟုတ်။ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာပြည့်စုံ မှု၌သာ ထိပ်တန်းကိုဆိုလိုခြင်းဖြစ်၏။ အမှန်အားဖြင့် ရင့်ကျက်သောအမြင်ဖြင့် ကြည့်ပါက ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုများသည်လည်း မြတ်နိုးဖွယ်မဟုတ်။ အတတ် ပညာ ပိုင်းဆိုင်ရာ ပြည့်စုံမှုများသည်လည်း မြတ်နိုးဖွယ် မဟုတ်။ တကယ်တမ်း မြတ်နိုးဖွယ် ကား““ကိုယ်ကျင့်သိက္ခာနှင့်ပြည့်စုံမှု”” သာဖြစ်၏။ ဤနေရာတွင် အောက်ပါဓမ္မပဒဂါထာ ၏အဆိုအမိန့်သည် များစွာ မှတ်သားဖွယ်ကောင်း၏။ မှတ်သားဖွယ်ကောင်းသည့် အလျောက်လည်း လိုက်နာကျင့်ကြံနိုင်အောင် ကြိုးပမ်းဖို့ ကောင်း၏။

ဂါမေ ၀ါ ယဒိ ၀ါ”ရညေ၊ နိန္နေ ၀ါ ယဒိ ၀ါ ထလေ။

ယတ္ထ အရဟန္တော ၀ိဟရန္တိ၊ တံ ဘူမိ ရာမဏေယျကံ။

(ဓမ္မပဒဂါထာ- ၉၈)

 

““ဒေသတစ်ခုသည် “ရွာ” ဖြစ်ချင်ဖြစ်မည်။ “တော” ဖြစ်ချင်ဖြစ်မည်။ “ချိုင့်ဝှမ်း” ဖြစ်ချင်ဖြစ်မည်။ “ကြည်းကုန်း” ဖြစ်ချင်ဖြစ်မည်။ သို့ရာတွင်မည်သို့ပင်ဖြစ်စေ သူတော် စင်များ နေထိုင်ရာဖြစ်ရိုးမှန်ပါက ထိုနေရာ၊ ထိုဒေသသည် ကမ္ဘာ့မြေပြင်တွင် မွေ့လျော်ဖွယ်အကောင်းဆုံးဖြစ်၏။””

မြတ်နိုးဖွယ်““ရသ””ကိုမြင်ရာ၌ ရင့်ကျက်မှုသည် ပဓာနဖြစ်၏။ မရင့်ကျက်မီကဆိုလျှင် သိမ်းပိုက်ခြင်း၌သာမြတ်နိုးဖွယ် ““ရသ”” ကိုမြင်၏။ ရင့်ကျက်လာ သောအခါ သိမ်းပိုက်ခြင်း၌မြတ်နိုးဖွယ် ““ရသ””ကိုမမြင်။ သိမ်းပိုက်ခြင်း၌ ငြီးငွေ့ ဖွယ် ““အာဒီန၀”” ကိုသာမြင်လာ၏။ အမြင်သည် ပြောင်းလဲသွား၏။ စွန့်လွှတ်ခြင်း၌သာမြတ်နိုးဖွယ်““ရသ””ကိုမြင်လာ၏။ ထိုထက်ပို၍ ရင့်ကျက်လာ သောအခါ လွတ်မြောက်မှု၌သာ မြတ်နိုးဖွယ် ““ရသ””ကိုမြင်လာ၏။

အမှန်အားဖြင့် စွန့်လွှတ်မှုသည်နှစ်မျိုးရှိ၏။ ““ငါ”” မှမလွတ်မြောက်သော စွန့်လွတ်မှုနှင့် ““ငါ”” မှလွတ်မြောက်သော စွန့်လွှတ်မှုတို့ဖြစ်ကြ၏။ ““ငါ”” မှမလွတ်မြောက်သောစွန့်လွှတ်မှုကို ““စွန့်လွှတ်မှု”” ဟူ၍သာဆို၏။

““ငါ”” မှလွတ်မြောက်သော စွန့်လွှတ်မှုကိုမူ ““လွတ်မြောက်မှု”” ဟူ၍ဆိုရ၏။ ငါမှမလွတ်မြောက်သော စွန့်လွှတ်မှုသည် ငြီးငွေ့ဖွယ် ““အာဒီန၀”” ၌အတွင်းဝင်၏။ ““ငါ””မှလွတ်မြောက်သောစွန့်လွှတ်မှုသည် လွတ်မြောက်မှု ““နိဿရဏ””၌အတွင်းဝင် ၏။

““ငါ””မှလွတ်မြောက်သော စွန့်လွှတ်မှုနှင့် ပတ်သက်၍ ဓမ္မပဒဂါထာ ၁၀၃ ၏ အဆိုအမိန့်သည် များစွာမှတ်သားဖွယ်ကောင်း၏။ မှတ်သားဖွယ်ကောင်းသည့်အ လျောက်လည်းလိုက်နာကျင့်ကြံနိုင်အောင် ကြိုးပမ်းဖို့ကောင်း၏။

ယော သဟဿံ သဟေဿန၊ သင်္ဂါမေ မာနုသေ ဇိနေ။

ဧကဉ္စ ဇေယျမတ္တာနံ၊ သ ဝေ သင်္ဂါမဇုတ္တမော။

(ဓမ္မပဒဂါထာ- ၁၀၃)

 

““စစ်မြေပြင်၌ ရန်သူထောင်ပေါင်းများစွာကို အောင်နိုင်သောသူရဲကောင်းသည် ရှိ၏။ ထိုသူရဲကောင်းသည် အမြတ်ဆုံးသူရဲကောင်းမဟုတ်။ တစ်ယောက်တည်းသော  မိမိကိုယ်ကို မိမိက အောင်နိုင်သူသည်သာလျှင် အမြတ်ဆုံးသူရဲကောင်းဖြစ်၏။””

ဤဂါထာအရ စစ်မြေပြင်၌ ရန်သူထောင်ပေါင်းများစွာကို အောင်နိုင်ဖို့ထက် မိမိကိုယ်ကို မိမိကအောင်နိုင်ဖို့ခက်၏။ ထို့ကြောင့်ရန်သူထောင်ပေါင်းများစွာကို အောင်နိုင်သူကို သာမာန်သူရဲကောင်းအဖြစ်သတ်မှတ်ပြီး မိမိကိုယ်ကို အောင်နိုင်သူ ကိုသာလျှင် အမြင့်မြတ်ဆုံးသူရဲကောင်းအဖြစ် သတ်မှတ်ခြင်းဖြစ်၏။

စစ်မြေပြင်တွင်တိုက်ရသော စစ်ပွဲသည်လည်းစစ်ပွဲဖြစ်၏။ စစ်မြေပြင်စစ်ပွဲတွင် ရန်သူဘက်နှင့်မိမိဘက်တို့တိုက်ကြ၏။ ဘ၀သည်လည်း စစ်မြေပြင်စစ်ပွဲပင်ဖြစ်၏။ ဘ၀စစ်မြေပြင်စစ်ပွဲတွင် ဓမ္မနှင့်အဓမ္မတို့သည် ထာဝစဉ်တိုက်ကြ၏။ အဓမ္မကို ဓမ္မဖြင့် နိုင်အောင် တိုက်နိုင်ပါက ထိုသူသည်သူရဲကောင်းဖြစ်၏။

သို့ရာတွင်သူရဲကောင်းသည် သာမန်သူရဲကောင်းနှင့် အမြင့်မြတ်ဆုံးသူရဲ ကောင်းဟူ၍ နှစ်မျိုးရှိပြန်၏။ အဓမ္မကို ဓမ္မဖြင့်နိုင်အောင် တိုက်ရာတွင် ““ငါ”” ပါသော သူရဲကောင်းသည် သာမန်သူရဲကောင်းဖြစ်၏။ ““ငါ””မပါသောသူရဲကောင်းသည် အမြင့်မြတ်ဆုံးသူရဲကောင်းဖြစ်၏။ နိုင်ငံတိုင်း၌သူရဲကောင်းများရှိကြ၏။ သူတို့သည် နိုင်ငံနှင့် လူမျိုးအတွက် အနစ်နာခံကြ၏။ ပစ္စည်းဥစ္စာများကိုလည်း စွန့်ကြ၏။ ခြေလက်အင်္ဂါများကိုလည်းစွန့်ကြ၏။ အသက်ကိုပင်စွန့်ကြ၏။ ဆီးဘန်နီဆရာတော် အမိန့်ရှိသလို ““သေသော်မှတည့် သြော် ကောင်း၏””ဟူသော စိတ်ဓာတ်ရှိသူများ ဖြစ်ကြ၏။ အမှန်အားဖြင့် ထိုသူများသည် လောက၌ ““အဓမ္မ””မထွန်းကားရေးအတွက် ဘ၀ကိုစတေးသူများဖြစ်ကြပါ၏။ သို့ရာတွင်မိမိ အနစ်နာခံမှုကြောင့် အကျိုးတရား များဖြစ်ထွန်းလာသောအခါ ““ငါကတကယ်တမ်း အနစ်နာခံခဲ့သူ၊ ထို့ကြောင့်ဖြစ် ပေါ်လာသောအကျိုးတရားကို ခံစားခြင်းခံစားလျှင် ငါသာလျှင်ခံစားထိုက်သည်””ဟုခံ ယူသောသူရဲကောင်းများလည်းရှိကြ၏။ ထိုသူရဲကောင်းများကား ““ငါ””မှမလွတ်မြောက် သောစွန့်လွှတ်မှုဖြင့်စွန့်လွှတ်သောသူရဲကောင်းများဖြစ်ကြ၏။ ထို့ကြောင့်ထိုသူရဲ ကောင်းများကို ““ငါ””ပါသော သူရဲကောင်းများဟူ၍ဆိုရမည်။

ဓမ္မပဒဂါထာ ၁၀၃အရ ဆိုရလျှင် ထိုသူရဲကောင်းသည် ရန်သူထောင်ပေါင်းများ စွာကိုအောင်နိုင်သူသာဖြစ်၏။ မိမိကိုယ်ကို အောင်နိုင်သူမဖြစ်။ သို့ရာတွင် တကယ်တမ်း အောင်ရမည့်ရန်သူကား မိမိကိုယ်သာလျှင်ဖြစ်၏။ ထောင်ပေါင်းများစွာ သောရန်သူများမဟုတ်။ အမှန်အားဖြင့် မိမိကိုယ်ကိုအောင်နိုင်ပြီး သူအတွက် လောကတွင်ကြောက်စရာဟူ၍ ဘာမျှမရှိတော့။ မိမိကိုယ်ကိုမအောင်နိုင်သေးသူများ အတွက်မူအရာရာတိုင်းသည် ကြောက်စရာချည်းသာဖြစ်ပါ၏။

မိမိကိုယ်ကိုမအောင်နိုင်သေးသူများအနက် မိမိ၏ အနစ်နာခံမှုကြောင့် ဖြစ်ပေါ်လာသောအကျိုးတရားများတွင် ပစ္စည်းဥစ္စာများ၌ မက်မောသူများ လည်းရှိ၏။ ရာထူးများ၌မက်မောသူများ လည်းရှိ၏။ ဘွဲ့ထူး၊ ဂုဏ်ထူးများ၌ မက်မောသူများလည် ရှိ၏။ နှစ်မျိုး၌ မက်မောသူများလည်းရှိ၏။ သုံးမျိုးလုံး၌ မက်မောသူများလည်းရှိ၏။ ထိုသို့မက်မောခြင်းမှာ မိမိကိုယ်ကိုမအောင်နိုင် သောကြောင့်ဖြစ်၏။

မိမိကိုယ်ကို မအောင်နိုင်ခြင်းဟူသည်မှာ ““ငါ”” ကိုမအောင်နိုင်ခြင်းပင် ဖြစ်၏။ ““ငါ”” ကိုမအောင်နိုင်သောအခါနေရာတိုင်း၌ ““င””ပါချင်တော့၏။ ““ငါ”” ပါရမှလည်း စိတ်ချမ်းသာ၏။ ““ငါ””မပါရလျှင်စိတ်မချမ်းသာ။ ထို့ကြောင့်သူ၏ အနစ်နာခံမှုသည် အရင်းစစ်လိုက်ပါက ငါချမ်းသာရေးအတွက်သာဖြစ်၏။ လောကချမ်းသာရေးအတွက် မဟုတ်။ လောကချမ်းသာရေးကို မျက်နှာဖုံးစွပ်ပြီး ငါချမ်းသာရေးကို လုပ်နေခြင်းသာ ဖြစ်၏။

မိမိကိုယ်ကိုအောင်နိုင်သူများကား မိမိ၏အနစ်နာခံမှုကြောင့် ဖြစ်ပေါ်လာ သော အကျိုးတရားများတွင် ပစ္စည်းဥစ္ဓ္စာများ၌လည်း မမက်မော။ ရာထူးများ၌ လည်းမမက်မော။ ဘွဲ့ထူး ဂုဏ်ထူးများ၌လည်း မမက်မော။ မည်သည့်အကျိုး တရားကိုမျှ မမက်မော၊  သူ၏အနစ်နာခံမှုသည် လွတ်လွတ် စွန့်လွှတ်မှုသာ ဖြစ်၏။ လွတ်လွတ် စွန့်လွှတ်မှုသည် ပါရမီသဘောကိုဆောင်၏။ လွတ်လွတ် စွန့်လွှတ်မှုမဟုတ်ဘဲ ““ငါ”” ပါသောစွန့်လွှတ်မှုသည် ပါရမီသဘောကိုမဆောင်။

ဗုဒ္ဓအဘိဓမ္မာအရဆိုရလျှင် လိုချင်ခြင်းသည် ““လောဘ””ဖြစ်၏။ စွန့်လွှတ်ခြင်း သည် ““အလောဘ”” ဖြစ်၏။ လောဘသည်အကုသိုလ်ဖြစ်၏။ အလောဘသည် ကုသိုလ် ဖြစ်၏။ ကုသိုလ်က အကုသိုလ်ထက်အားကောင်း၏။ထို့ကြောင့်လိုချင်သဖြင့်ရသော အကျိုးတရားများထက် မလိုချင်ဘဲနှင့်ရသော အကျိုးတရားများကို ပို၍မြင့်မား၏။ ပို၍လည်းစင်ကြယ်၏။ ပို၍လည်းသန့်ရှင်း၏။ သိဒ္ဓတ္ထမင်းသားသည်သုမေဓာဘ၀မှ စ၍ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်း၌ လောကအတွက် အနစ်နာခံခဲ့၏။ လောက အတွက်စွန့်လွတ်ခဲ့၏။ သူ၏အနစ်နာခံခြင်းသည်လည်းကောင်း၊ သူ၏စွန့်လွှတ် ခြင်းသည် လည်းကောင်း လွတ်လွတ်အနစ်နာခံခြင်းဖြစ်၏။ လွတ်လွတ်စွန့်လွှတ် ခြင်းဖြစ်၏။ ထို့ကြောင့် ဘ၀တိုင်း ဘ၀တိုင်း၌အလောင်းတော်သည် ပစ္စည်းဥစ္စာ အားဖြင့်ဖြစ်စေ၊ ရာထူးအားဖြင့်ဖြစ်စေ၊ နှစ်မျိုးလုံး၌ ဖြစ်စေ မြင့်မားသည်ကများလေ ၏။ ပညာအားဖြင့်ကားဖြစ်လေရာ ဘ၀တိုင်းဘ၀တိုင်း၌ မြင့်သည်သာဖြစ်၏။

နောက်ဆုံးသဗ္ဗညုတဥာဏ်ကိုရ၍ ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါ ၌ကား လူမင်းတို့၏ မင်းအဖြစ်ကိုလည်းရ၏။ နတ်မင်းတို့၏ မင်းအဖြစ်ကိုလည်း ရ၏။ ဗြဟ္မာမင်းတို့၏ မင်းအဖြစ်ကိုလည်းရ၏။ အကျဉ်းအားဖြင့်ဆိုရလျှင် သတ္တ၀ါအားလုံးတို့၏ မင်းအဖြစ်ကိုရ၏။ ဤအကျိုးတရားများကား လောကတွင် မြတ်စွာဘုရားမှတစ်ပါး အခြားမည်သူမှမရနိုင်သော အကျိုးတရားများဖြစ်ကြ၏။ ဤလောကတွင် မြတ်စွာဘုရားအလောင်းတော်သည် တောင့်တခဲ့ခြင်းလည်းမရှိ။ မျှော်မှန်းခဲ့ခြင်းလည်းမရှိ။ စေတနာသန့်သန့်ဖြင့်သာ လောကအတွက် အနစ်နာခံ ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်စေတနာကောင်းထားဖို့သာလို၏။ စေတနာကောင်းကို ပါဠိဝေါဟာရအားဖြင့် ““မုတ္တစာဂ””ဟူ၍ခေါ်၏။ မုတ္တစာဂ၏အနက်မှာလွတ်လွတ်စွန့် လွှတ်ခြင်းဟူ၍ဖြစ်၏။ တကယ်တမ်းလွတ်လွတ်စွန့်လွှတ်သော စိတ်ထားဖြင့် လုပ်ငန်းကိုဆောင်ရွက်ရိုးမှန်ပါက ““အကျိုးမပေးပါနှင့်””ဟူ၍ အကျိုးကိုတား၍မရ။ ထိုက်တန်သောအကျိုးကို ထိုလုပ်ငန်းကမလွဲမသွေ ပေးမည်ဖြစ်၏။

သို့ရာတွင်ပေးသောအကျိုး၌ မမက်မောမိဖို့သာအရေးကြီး၏။ ပေးသောအကျိုး ၌မမက်မောခြင်းကိုပင် မိမိကိုယ်ကိုအောင်နိုင်ခြင်းဟူ၍ဆိုရ၏။ မိမိကိုယ်ကို အောင်နိုင် ခြင်းကို ““ငါ””မှလွတ်မြောက်သော စွန့်လွှတ်မှု= နိဿရဏဟူ ၍ဆိုပါ၏။

ကာမဂုဏ်ကို ရွှံ့ညွန်နှင့်နှိုင်းလျှင် ဘ၀ကိုကြာပန်းနှင့်နှိုင်းရမည်ဖြစ်၏။ ရွှံ့ညွန် သည်စက်ဆုပ်ဖွယ်ကောင်းသလို ကာမဂုဏ်သည် စက်ဆုပ်ဖွယ်ကောင်းပါ၏။ ကြာပန်းသည်မြတ်နိုးဖွယ်ကောင်းသလို ဘ၀သည်လည်း မြတ်နိုးဖွယ်ကောင်းပါ၏။ အမှန်အားဖြင့်ကြာပန်းသည်ရွှံ့ညွန်နှင့်ကင်း၍မဖြစ်သလိုဘ၀သည်လည်း ကာမဂုဏ်နှင့် ကင်း၍မဖြစ်။ သို့ရာတွင် ကြာပန်းသည်ရွှံ့ညွန်တော၌ပေါက်သော်လည်း ရွှံ့ညွန်အ လိမ်းလိမ်းမကပ်ပါမှ ကြာပန်းသည်မွှေးလည်းမွှေး၏။ လှလည်းလှ၏။ အကယ်၍ကြာ ပန်းသည်ရွှံ့ညွန်တော၌ဖြစ်ပြီး ရွှံ့ညွန်အလိမ်းလိမ်းကပ်နေပါက မွှေးလည်းမွှေးမည်မ ဟုတ်။ လှလည်းလှမည်မဟုတ်။ ထိုနည်းတူဘ၀သည် ကာမဂုဏ်တော၌ဖြစ်ပြီး ကာမဂုဏ်အလိမ်းလိမ်းကပ်နေပါက ဘ၀သည်မွှေးလည်းမွှေးမည်မဟုတ်။ လှလည်း လှမည်မဟုတ်။ ထို့ကြောင့်ဘ၀ကိုမွှေးလည်းမွှေးစေလိုပါလျှင် လှလည်းလှစေလိုပါ လျှင်ကာမဂုဏ်များအလိမ်းလိမ်းမကပ်ရလေအောင် အားထုတ်ရမည်ဖြစ်၏။ ကာမ ဂုဏ်များအလိမ်းလိမ်းမကပ်ရလေအောင် အားထုတ်ခြင်း ဟူသည်မှာ ဖြစ်ပေါ်နေသော အကျိုးတရားများ၌မမက်မောခြင်းဖြစ်၏။ အမှန်အားဖြင့် ကာမဂုဏ်ကိုပစ်ပယ်၍မရ၊ ကာမဂုဏ်၌တွယ်တာမက်မောတတ်သော= တဏှာကိုသာပစ်ပယ်ရ၏။

ရွှံ့ညွန်အားကောင်းလေကြာပန်းသည် လှလေဖြစ်သကဲ့သို့ ကာမဂုဏ်အား ကောင်းလေဘ၀သည်လှလေဖြစ်ပါ၏။ ထို့ကြောင့်ဆင်းရဲသားဘ၀ထက် သူဌေးဘ၀က ပို၍လှ၏။ သူဌေးဘ၀ထက် ပြည့်ရှင်ဘ၀ကပို၍လှ၏။ ထို့ကြောင့် ဘ၀ကိုလှသည်ထက် လှရလေအောင် ကြိုးပမ်းရ၏။

သို့ရာတွင် ကြာပန်းအလှသည် ရေကန်ကိုတန်ဆာဆင်ရန် ဖြစ်သကဲ့သို့ ဘ၀အလှသည်လည်းလောကကို တန်ဆာဆင်ရန်ဖြစ်၏။ မြတ်စွာဘုရားသည် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံးပါရမီတော်များကို ဖြည့်ကျင့်တော် မူသည်မှာမိမိ၏ဘ၀ကိုလှသည်ထက်လှအောင် အားထုတ်ခြင်းဖြစ်၏။ မိမိ၏ဘ၀ သည်ပို၍ပို၍လှလေ လောကကိုလည်း ပို၍ပို၍လှအောင် တန်ဆာဆင်နိုင်လေဖြစ်၏။ ဘ၀ကိုလှသည်ထက် လှအောင်အားထုတ်ခြင်းသည် မိမိအတွက်မဟုတ်။ လောက အတွက်ဖြစ်၏။ မြတ်စွာဘုရားသည်ပင် မိမိအတွက် ဘုရားဖြစ်လို၍ ဘုရားဖြစ်လာခြင်း မဟုတ်။ လောကအတွက် ဝေနေယျသတ္တ၀ါများကိုကယ်တင် ရန်အလို့ငှာ ဘုရားဖြစ်လို၍ ဘုရားဖြစ်လာခြင်းဖြစ်၏။

ထို့ကြောင့် မြတ်စွာဘုရားအတွက် သဗ္ဗညုတဥာဏ်တော်သည် ““ပန်းတိုင်”” မဟုတ်။ ““ဖောင်””သာဖြစ်၏။ ဝေနေယျသတ္တ၀ါများကို သံသရာတစ်ဖက်ကမ်းသို့ ပို့ပေးနိုင်ရေးသည်သာ ““ပန်းတိုင်””ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုရလျှင် ငြမ်းခိုင်ပါမှ ထီးတော်ကြီးကြီးကို တင်နိုင်သလို သဗ္ဗညုတဥာဏ်တော်ကိုရပါမှဝေနေယျသတ္တ၀ါ များကိုကယ်တင်နိုင်မည်ဖြစ်၏။ ထို့ကြောင့် သဗ္ဗညုတဥာဏ်တော်ကိုမြတ်စွာဘုရား အလောင်းတော်သည် မရမနေကြိုးပမ်းခြင်းဖြစ်၏။ လုပ်ပိုင်ခွင့် ပို၍ပို၍ကြီးမားလေ လောကအတွက်ပို၍ပို၍လုပ်နိုင်လေဖြစ်၏။

 

ဗုဒ္ဓအလိုတော်ကျ ကျင့်စဉ်သုံးဆင့်

ရတနာသုတ်တော်အရ ဆိုရလျှင် လူတိုင်း၌ကျင့်စဉ်သုံးဆင့်ရှိသည်။ ထိုသုံးဆင့်တို့တွင် ပထမကျင့်စဉ်အဆင့်မှာ လောကအတွက် ဖြစ်၏။ ယင်းကို လောကတ္တစရိယဟုဆို၏။ ဒုတိယဆင့်အနေဖြင့် မိမိ၏နိုင်ငံနှင့် အမျိုးသားများ အတွက်ဖြစ်၏။ ယင်းကိုဥာတတ္ထစရိယဟုဆို၏။ တတိယဆင့်အနေဖြင့် မိမိအတွက်နှင့် မိမိ၏မိသားစုအတွက်ဖြစ်၏။ ယင်းကိုအတ္တတ္ထစရိယဟုဆို၏။ မိမိအတွက်နှင့် မိသားစု အတွက်ဆိုသော်လည်း မိမိအတွက်နှင့်မိသားစုအတွက်သီးခြားမဟုတ်။ လောကနှင့် လည်းစပ်၏။ မိမိ၏နိုင်ငံ မိမိ၏အမျိုးသားများနှင့်လည်း စပ်၏။ မိမိ ““အား””ကောင်း လျှင် ““အား””ကောင်းသည်နှင့်အမျှ လောကအတွက်လည်း ပို၍ဆောင်ရွက်နိုင်၏။ မိမိ၏နိုင်ငံနှင့်အမျိုးသားများအတွက်လည်း ပို၍ဆောင်ရွက်နိုင်၏။ အမှန်အားဖြင့် မိမိအားကောင်းပါမှမိမိ၏နိုင်ငံနှင့် မိမိ၏အမျိုးသားများအတွက် ပို၍ဆောင်ရွက် နိုင်၏။ မိမိ၏နိုင်ငံနှင့် မိမိ၏အမျိုးသားများအားကောင်းလျှင် အားကောင်းသည်နှင့် အမျှ လောကအတွက်ပို၍ ဆောင်ရွက်နိုင်၏။ ထို့ကြောင့် မိမိ၏အကျိုးစီးပွားကို မြင့်မားသည်ထက် မြင့်မားအောင်ဆောင်ရွက်ခြင်းသည် မိမိ၏နိုင်ငံနှင့် မိမိ၏ အမျိုးသားများအတွက် အသုံးချရန်ဖြစ်၏။ မိမိ၏နိုင်ငံနှင့် မိမိ၏အမျိုးသားများ၏ အကျိုးစီးပွားကို မြင့်မားသည်ထက်မြင့်မားအောင် ဆောင်ရွက်ခြင်းသည် လောက အတွက်အသုံးချရန်ဖြစ်၏။ ဤသို့ဆောင်ရွက်ပါမှ ““လူ”” အနေဖြင့်လူ့ဘ၀ကို ရကျိုးနပ်မည်ဖြစ်၏။ ထိုအခါ ““လူ”” သည်လူအနေဖြင့် မိမိ၏ကျင့်စဉ်သုံးဆင့်ကို ဆောင်ရွက်ရာတွင် ရတနသုတ်လာပန်းတိုင်သဘောအရ လောကအကျိုးကို ပထမ ထားရာ ရောက်၏။ မိမိ၏နိုင်ငံနှင့်မိမိ၏ အမျိုးသားအကျိုးကို ဒုတိယထားရာ ရောက်၏။ မိမိ၏အကျိုးကိုနောက်ဆုံးထားရာရောက်၏။ ဤသို့ထားရာရောက်ခြင်းမှာ ခံစားမှုဆိုင်ရာ အကျိုးအနေဖြင့် ထားရာရောက်ခြင်းဖြစ်၏။ ““မိဘ””ဟူသည် လုပ်ငန်းနှင့် ပတ်သက်လာလျှင် မိမိကသာ အနစ်နာခံပြီး အကျိုးခံစားမှုနှင့် ပတ်သက် လာလျှင် သားသမီးများကိုဦးစားပေးသည့် သဘောမျိုးဖြစ်၏။ တစ်နည်းအားဖြင့် ဆိုရလျှင် အနာခံစရာရှိပါက မိမိကိုပထမထား၏။ အသာစံစရာရှိပါက သားသမီးများကို ပထမ ထား၏။ ဤသို့ကျင့်ဆောင်ရန် မြတ်စွာဘုရားကသွန်သင်တော်မူခြင်းဖြစ်၏။ အသာစံခြင်း၊ အနာခံခြင်းတို့နှင့် ပတ်သက်၍ မြတ်စွာဘုရားသွန်သင်တော်မူသည့် အတိုင်းလိုက်နာနိုင်မည်ဆိုပါလျှင် လောကသည်မည်မျှချမ်းသာ၍ မည်မျှငြိမ်းချမ်း မည်ကိုမှန်းဆ၍ ကြည့်နိုင်မည်ဖြစ်၏။

အတ္တပဓာနကျင့်စဉ်များ

မြတ်စွာဘုရားပွင့်တော်မမူမီက ဆိုလျှင်လူတို့သည်ပုထုဇဉ်တို့၏ ဓမ္မတာ အတိုင်း ““ကာမ””နှင့်ပတ်သက်လာလျှင်လည်း “မိမိ”ကိုသာ ပထမထား၏။ ““အတ္ထ”” နှင့်ပတ်သက်လာလျှင်လည်း ““မိမိ””ကိုသာပထမထား၏။ ““ဓမ္မ””နှင့်ပတ်သက်လာလျှင် လည်း“မိမိ” ကိုသာပထမထား၏။ ““မောက္ခ””နှင့်ပတ်သက်လာလျှင်လည်း ““မိမိ””ကိုသာ ပထမထား၏။ ထို့ကြောင့်ထိုခေတ်ကျင့်စဉ်များကို ငါကောင်းစားရေးသာ ပထမဖြစ် သောကြောင့် ““အတ္တပဓာန”” ကျင့်စဉ်များဟူ၍ ဆိုရ၏။ မြတ်စွာဘုရား ပွင့်တော်မူသော အခါမှသာ ““ငါ ကောင်းစားသာပထမ””ဟူသော အတ္တပဓာနကျင့်သစဉ်ကို ပြောင်းပြန် ပြု၍ ““လောကကောင်းစားရေးသာပထမ””ဟူသော ““အနတ္တပဓာန””ကျ့င့် စဉ်ကိုဟော ကြားတော်မူခဲ့၏။ ဟောကြားရုံသာမက ကိုယ်တိုင်လည်း ကျင့်ပြတော်မူခဲ့၏။ ““လောကကောင်းစားရေးသာပထမ””ဟူသော အနတ္တအမြင်ဖြင့် တကယ်တမ်းကျင့်ရိုး မှန်ပါလျှင် အကျိုးတရားများကိုဖြစ်ပေါ်လာစေရာ၌ ““ငါကောင်းစားရေးသာပထမ””ဟူ သော အတ္တပဓာနကျင့်စဉ်ထက် အကျိုးတရားများကို ပို၍ဖြစ်ပေါ်လာစေနိုင်ကြောင်းကို ဒေသနာတော် အနေဖြင့်လည်း ပြတော်မူ၏။ လက်တွေ့အနေဖြင့်လည်း ပြတော်မူ၏။



မြန်မာနိုင်ငံသမိုင်း၏စံ

အနီးကပ်ဆုံးအနေဖြင့် မြန်မာနိုင်ငံသမိုင်းကို ကြည့်မည်ဆိုလျှင်လည်း ပုဂံခေတ်မှဖြစ်စေ၊ မှူးမတ်များဖြစ်စေ၊ ပြည်သူပြည်သားများဖြစ်စေ ကမ္မနှင့် ဖလနှစ် မျိုးတို့တွင် ကမ္မ-အတွက်မိမိကိုပထမထား၍ ဖလ-အတွက် နိုင်ငံနှင့်လူမျိုးကို ပထမထားခဲ့၏။ ကမ္မ-အတွက် ပထမထားသောအခါ လုပ်ငန်းနှင့်ပတ်သက်လာလျှင် မိမိတို့သည်ကျရာတာဝန်ကို စွမ်းစွမ်းတမံဆောင်ရွက်ကြ၏။ မိမိတို့၏ဘ၀အဆင့် အတန်းကိုမြင့်မားသည်ထက် မြင့်မားအောင် ဆောင်ရွက်ကြ၏။ သမိုင်းတွင်ရစ်အောင် ဆောင်ရွက်ကြ၏။ သို့ရာတွင် ဖလအတွက် နိုင်ငံနှင့်လူမျိုးကို ပထမထားသောအခါ ထိုခေတ်မြန်မာနိုင်ငံသားတို့သည် မင်းဖြစ်စေ၊ မှူးဖြစ်စေ၊ ပြည်သူပြည်သားဖြစ်စေ ရသမျှထဲမှ လိုသမျှကိုသာသုံးပြီး ပိုသမျှကို သာသနာတော် အတွက်အသုံးပြုကြ၏။ သာသနာအတွက် အသုံးပြုခြင်း ဟူသည်မှာ နိုင်ငံနှင့် လူမျိုးအတွက်အသုံးပြုခြင်း ပင်ဖြစ်၏။









နိုင်ငံကိုဖြစ်စေ၊ လူမျိုးကိုဖြစ်စေ ထူထောင်ရာ၌ စည်လုံးမှုသည် များစွာအရေး ကြီး၏။ ကျမ်းဂန်များ၌ စည်းလုံးမှုကိုနှစ်မျိုးပြ၏။ စည်းလုံးမှုတစ်မျိုးကို ““သမ၀ါယသမ္ဗန္ဓ””ဟုခေါ်၏။ အခြားစည်းလုံးမှုတစ်မျိုးကို ““သံယောဂသမ္ဗန္ဓ””ဟုခေါ် ၏။ ““သမ၀ါယသမ္ဗန္ဓ””အရ စည်းလုံးသောအခါ နိုင်ငံသားအားလုံးတို့သည် သူတစ်လူ ငါတစ်မင်း သဘောမျိုးမရှိ။ အားလုံးတစ်သားတည်းဖြစ်ကြ၏။ တစ်သွေး တစ်သံ တစ်မိန့်တည်းဖြစ်ကြ၏။

““သံယောဂသမ္ဗန္ဓ””အရ စည်းလုံးသောအခါ နိုင်ငံသားအားလုံးသည် တစ်သွေး တစ်သံ တစ်မိန့် တည်းမဖြစ်။ သူတစ်လူငါတစ်မင်း ဖြစ်ကြ၏။ စည်းလုံးရေးနှစ်မျိုး တွင်ထိုခေတ်က မြန်မာနိုင်ငံသားတို့၏ စည်းလုံးရေးမှာ တစ်သွေး တစ်သံ တစ်မိန့် တည်းဖြစ်သော စည်းလုံးရေးမျိုးဖြစ်၏။ သမိုင်းအရဆိုရလျှင် တစ်သွေး တစ်သံ တစ်မိန့် တည်းဖြစ်သော စည်းလုံးရေးကို အနော်ရထာခေတ်၊ ဘုရင့်နောင်ခေတ်နှင့် အလောင်းဘုရားခေတ်များ၌သာ ရခဲ့၏။ ကျန်သောခေတ်များ၌ မရခဲ့ဟုဆို၏။ အမှန်အားဖြင့် ကျန်သောခေတ်များ၌လည်း အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိုက်သင့်သလောက်တော့ ရခဲ့သည်ပင်ဖြစ်၏။ သို့ဖြစ်၍သာ မြန်မာနိုင်ငံသည် ကမ္ဘာ့မြေပုံတွင် နိုင်ငံကြီးများအလယ်၌ မြန်မာနိုင်ငံအဖြစ်ရပ်တည်နိုင်ခြင်းဖြစ်၏။



အခြေခံအချက်နှစ်ချက်

တစ်သားတည်းဖြစ်သော စည်းလုံးမှုကိုဖြစ်ပေါ်အောင် အားထုတ်ရာတွင် အရေးကြီးသော အခြေခံအချက်နှစ်ချက် ရှိ၏။ တစ်ခုသောအခြေခံအချက်မှာ ““အမြင်””ချင်းလည်းတူမှုဖြစ်၏။ အခြားအခြေခံအချက်တစ်ချက်မှာ ““အကျင့်””ချင်း တူမှုဖြစ်၏။ တစ်ဦးနှင့်တစ်ဦး ““အမြင်””ချင်းလည်းတူမည်၊ ““အကျင့်””ချင်းလည်း တူမည်ဆိုလျှင် ထိုပုဂ္ဂိုလ်တို့၏ စည်းလုံးရေးသည်တစ်သားတည်းဖြစ်သော စည်းလုံးရေးဖြစ်၏။ တစ်သွေး တစ်သံ တစ်မိန့်တည်းဖြစ်သော စည်းလုံးရေးဖြစ် ၏။

မြတ်စွာဘုရားသည် သံဃာ့အဖွဲ့အစည်းကို ဖွဲ့စည်းရာတွင် ““အမြင်””ချင်းတူမှု နှင့် ““အကျင့်””ချင်းတူမှုအပေါ် အခြေခံ၍ စည်းရုံးခြင်းဖြစ်၏။ ထို့ကြောင့်သံဃာ့အဖွဲ့ အစည်း၏စည်းလုံးမှုသည် ကျစ်လစ်၏။ သိပ်သည်း၏။ တစ်သွေး တစ်သံ တစ်မိန့် တည်းဖြစ်၏။ သံဃာ့အဖွဲ့အစည်းတွင် ““ဇာတ်””အသီးသီးပါဝင်၏။ သို့ရာတွင် သံဃာ့အဖွဲ့အစည်း၌ ““ဇာတ်””သည်မထင်ပေါ်တော့၊ သံဃာ့အဖွဲ့အစည်း၏ အဖွဲ့ဝင် အဖြစ်သာထင်ပေါ်၏။ သံဃာ့အဖွဲ့အစည်းတွင် ““လူမျိုး”” အသီးသီးသည်ပါဝင်၏။ သို့ရာတွင်သံဃာ့အဖွဲ့အစည်း၌ လူမျိုးသည် မထင်ပေါ်တော့၊ သံဃာ့အဖွဲ့အစည်း ၏အဖွဲ့ဝင်အဖြစ်သာထင်ပေါ်၏။ သို့ဖြစ်၍သာနှစ်ပေါင်း ၂၅၀၀ ကျော်ကာလက တည်ထောင်ခဲ့သော သံဃာ့အဖွဲ့အစည်းသည် ကမ္ဘာပေါ်၌ယနေ့တိုင်အောင် အထင်အရှားတည်ရှိနိုင်ခြင်းဖြစ်၏။

အမြင်တူမှုနှင့် အကျင့်တူမှုကို ပါဠိဝေါဟာရအားဖြင့် ““ဒိဠိသီလသာမည””ဟု ခေါ်၏။ ““ဒိဠိ””ဟူသည်မှာအမြင်ဖြစ်၏။ ““သီလ””ဟူသည်မှာအကျင့်ဖြစ်၏။ ““သာမည”” ဟူသည်မှာတူမှုဖြစ်၏။ ဗုဒ္ဓဒေသနာတော်အရဒိဠိဖြင့် တပ်မက်မှုကိုမြင်အောင်ကြည့်ရ ၏။ သီလဖြင့်ထိုတပ်မက်မှုကိုပါးသည်ထက်ပါးအောင် ကျင့်ရ၏။ တပ်မက်မှု ဟူသည်မှာ တဏှာဖြစ်၏။ ယင်းကို ““လောဘ””ဟူ၍လည်းခေါ်၏။ တဏှာသည် သစ္စာအားဖြင့် ““သမုဒယသစ္ဓ္စာ””ဖြစ်၏။ ထို့ကြောင့် ဘ၀၌အမှန်တကယ်ငြိမ်းချမ်းလိုပါ လျှင်တဏှာကိုမဖြစ်မနေမြင်အောင် ကြည့်ရ၏။ တဏှာကိုမြင်ရုံမျှဖြင့်လည်း ကိစ္စပြီးသည် မဟုတ်။ တဏှာကိုမြင်ပြီးနောက် တဏှာကိုပယ်သတ်နိုင်အောင် ကြည့်ရ၏။ တဏှာကိုမြင်ရုံမျှဖြင့်လည်း ကိစ္စပြီးသည်မဟုတ်။ တဏှာကိုမြင်ပြီးနောက် တဏှာကိုပယ်သတ်နိုင်အောင် ကျင့်ရမည်ဖြစ်၏။ တဏှာကိုပယ်သတ်နိုင်သည်နှင့်အမျှ ဘ၀သည်ငြိမ်းချမ်း၏။ ဗုဒ္ဓဒေသနာတော်အရ ““နိဗ္ဗန်””ဟူသည် အတုမဲ့ချည်းသာဖြစ်၏။ နိဗ္ဗာန်၏အနက်မှာ ““၀ါနတောနိက္ခန္တ””အရ တဏှာမှ ထွက်မြောက်ခြင်းဖြစ်၏။ တဏှာမှထွက်မြောက်ခြင်း ဟူသည်မှာတဏှာကို ပယ်သတ်ခြင်းပင်ဖြစ်၏။

ထို့ကြောင့် နိဗ္ဗာန်အရတဏှာကို နည်းနည်းပယ်သတ်နိုင်လျှင် နည်းနည်းနိဗ္ဗာန် ကိုရ၏။ နည်းနည်းနိဗ္ဗာန်ကိုရလျှင် နည်းနည်းချမ်းသာ၏။ တဏှာကိုများများပယ် သတ် နိုင်လျှင် များများနိဗ္ဗာန်ကိုရ၏။ များများနိဗ္ဗာန်ကိုရလျှင် များများချမ်းသာ၏။ တဏှာကိုအကြင်းမဲ့ပယ်သတ်နိုင်လျှင် အကြင်းမဲ့နိဗ္ဗာန်ကိုရ၏။ အကြင်းမဲ့နိဗ္ဗာန်ကိုရ လျှင်အကြင်းမဲ့ချမ်းသာကိုရ၏။ ထို့ကြောင့်ဤလောက၌တဏှာကိုပယ်သတ်နိုင်သူများ သည်မိမိတို့ပယ်သတ်နိုင်သလောက် နိဗ္ဗာန်ကိုရကြသူများဖြစ်ကြ၏။ နိဗ္ဗာန်ကိုရသ လောက်ချမ်းသာကြသူများဖြစ်ကြ၏။

သို့ဖြစ်လေရာ ဘ၀၌အမှန်တကယ် ငြိမ်းချမ်းလိုသူများသည် တဏှာကိုမြင် အောင်လည်းကြည့်ရ၏။ တဏှာကိုပယ်သတ်နိုင်အောင်လည်း ကျင့်ရ၏။ ဤသည်မှာ ဗုဒ္ဓဒေသနာတော်အရ အမြင်နှင့်အကျင့်ဖြစ်၏။ မည်သူမဆို ဤလောက၌ ဤအမြင် အတိုင်း မြင်ကြမည်။ ဤအကျင့်အတိုင်းကျင့်ကြမည်ဆိုပါလျှင် ထိုပုဂ္ဂိုလ်တို့၏ စည်းလုံးမှုသည်သံဃာ့အဖွဲ့အစည်းလိုတစ်သားတည်းဖြစ်နိုင်မည်ဖြစ်ပါ၏။

တဏှာကိုမြင်အောင်ကြည့်ဖို့ဆိုသည်မှာ လွယ်ကူသည်တော့ မဟုတ်။ မြတ်စွာဘုရားကိုယ်တော်တိုင် ““အနေကဇာတိသံသာရ””ချီဥဒါန်းဂါထာတော်၌ တဏှာယောက်ျားလက်သမားကို ဘ၀အသင်္ချေရှာခဲ့ပါသော်လည်း မတွေ့ခဲ့ကြောင်း မဟာဗောဓိပင်အောက်၌ အရဟတ္တမဂ်ဥာဏ်ကို ရပါမှ တွေ့မြင်ပြီးအကြင်းမဲ့သတ်နိုင် တော့ကြောင်း ဥဒါန်းကျူးရင့်တော်မူထားသည်ကို ဖတ်ရှုရခြင်းအားဖြင့် တဏှာကို တဏှာအဖြစ်မြင်ဖို့ဆိုသည်မှာလွယ်ကူသည်တော့ မဟုတ်။ တဏှာကိုတဏှာအဖြစ် မမြင်နိုင်ပါလျှင် တဏှာကိုသတ်နိုင်ဖို့ ဆိုသည်မှာများစွာပင် ခက်ပါ၏။ တဏှာကို မသတ်နိုင်လျှင်လည်း လောက၌ဘ၀ငြိမ်းချမ်းရေးရဖို့ဆိုသည်မှာ များစွာသောခက်ခဲ မှုတရပ်ပင်ဖြစ်၏။ တဏှာကိုတဏှာအဖြစ်မြင်ဖို့ခက်ခဲသော်လည်း မြတ်စွာဘုရား၏ ညွှန်ကြားချက်အရ မြင်အောင်ကြည့်ရမည်ပင်ဖြစ်၏။ မြတ်စွာဘုရား၏ ညွှန်ကြားချက် အရတဏှာကိုသတ်နိုင်အောင်ကျင့်ရမည်ပင်ဖြစ်၏။

အမှန်အားဖြင့် တဏှာကိုတဏှာမှန်းမသိရလေအောင် “အ၀ိဇ္ဇာ”ကဖုံး၏။ တဏှာကိုပင်မိသားစုဝါဒ နှင့်အမျိုးသားရေးဝါဒအဖြစ် မြင်ရလေအောင် အ၀ိဇ္ဇာက ဖော်၏။ တဏှာနှင့်ပတ်သက်လာလျှင် အ၀ိဇ္ဇာက ဖုံးလည်းဖုံး၏။ ဖော်လည်း ဖော်၏။ ဖုံးခြင်းဟူသည်မှာ တဏှာကိုမကောင်းသော အဓမ္မအဖြစ်မမြင်ရအောင်ဖုံးခြင်းဖြစ်၏။ ဖော်ခြင်းဟူသည်မှာ တဏှာကိုကောင်းသော ဓမ္မအဖြစ်မြင်ရအောင်ဖ်ာခြင်းဖြစ်၏။ ဤသည်ကိုပင် သစ္စာကိုဖုံးခြင်းဟူ၍ ဆိုရ၏။ အမှန်အားဖြင့်ဤလောက၌ အ၀ိဇ္ဇာကြောင့် မိသားစုဝါဒသည် ကောင်းသောဝါဒ အနေဖြင့်ထွန်းကားခဲ့၏။ သို့ရာတွင် ပဒေသရာဇ်စနစ်ဖြစ်ဖြင့် တဏှာ၏သရုပ်ပေါ် လာသောအခါ ပဒေသရာဇ်စနစ်သည် ပျက်သုဉ်းရ၏။ ဤလောက၌ အ၀ိဇ္ဇာကြောင့်ပင် အမျိုးသားရေးဝါဒသည်လည်း ကောင်းသောဝါဒ အနေဖြင့်ထွန်းကားခဲ့၏။ သို့ရာတွင် နာဇီဖက်ဆစ်စနစ်အဖြစ်ဖြင့် တဏှာ၏သရုပ်ပေါ်လာသောအခါ နာဇီဖက်ဆစ်စနစ် သည် ပျက်သုဉ်းရ၏။ ထို့ကြောင့်သမိုင်းဆိုသည်မှာ လောက၌အ၀ိဇ္ဇာဖုံးလွှမ်းနိုင်သော အခါသာ လိမ်၍ရ၏။ တစ်နေ့တွင် ၀ိဇ္ဇာရောက်၍ အ၀ိဇ္ဇာကွယ်ပျောက်သောအခါ သမိုင်း၌လိမ်ညာမှု ဟူသမျှသည်လိမ်ညာမှုခံအဖြစ်ဖြင့် အမှန်အတိုင်းပေါ်ပေါက် မြဲဖြစ်၏။

မြန်မာနိုင်ငံ၌လည်း ပဒေသရာဇ်စနစ်သည် သူ့ခေတ်သူ့အခါအရထွန်းကားခဲ့ ၏။ ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်တိုင်အောင်သော ကာလအတွင်း၌ဖြစ်၏။ သို့ရာတွင် မြန်မာနိုင်ငံ၏ ပဒေသရာဇ်စနစ်ကားဗုဒ္ဓ၀ါဒအပေါ်၌ အခြေတည်ခဲ့သော စနစ်ဖြစ်၏။ ထို့ကြောင့်နိုင်ငံသားတို့၏ စည်းလုံးညီညွတ်ရေးသည်များစွာကျစ်လျစ်ခဲ့ ၏။ များစွာသိပ်သည်းခဲ့၏။ တစ်သွေး တစ်သံ တစ်မိန့်တည်းအဖြစ်သို့ရောက်ခဲ့၏။ တစ်သားတည်းဖြစ်ခဲ့၏။ ထိုကဲ့သို့ စည်းလုံးနိုင်ခဲ့ခြင်းမှာ အမြင်နှင့်အကျင့်တူမှု အပေါ်အခြေံ၍စည်းရုံးခဲ့သောကြောင့်ဖြစ်၏။ ထို့ကြောင့်မြန်မာနိုင်ငံ၏ ပဒေသရာဇ်စနစ်ကို ““အသွင်””အားဖြင့်ပဒေသရာဇ်စနစ်ဟု ခေါ်နိုင်သော်လည်း ““အနှစ်သာရ”” အားဖြင့် ဗြဟ္မစိုရ်စနစ်ဟုဆိုနိုင်၏။ အမှန်အားဖြင့် မြန်မာနိုင်ငံ၌ ဗြဟ္မစိုရ်စနစ်မထွန်းကားသောအခါသမယသည်လည်း ရှိခဲ့သည်ပင် ဖြစ်၏။ သို့ရာတွင်ဗြဟ္မစိုရ်စနစ်သို့မရောက်လျှင်ရောက်ရအောင် ရဟန်းသံဃာတော် များသည်သူတို့၏ တာဝန်အရကြိုးပမ်းခဲ့ကြ၏။ သူတို့၏ တာဝန်ကိုသူတို့ သိခဲ့ကြ၏။

မြန်မာနိုင်ငံ၌ဗြဟ္မစိုရ်စနစ်အရ အမြင်ချင်းလည်းတူ၊ အကျင့်ချင်းလည်း တူသောစည်းလုံးမှု ကိုမပေါ်ပေါ်အောင် ကြိုးပမ်းခဲ့ကြသော ပုဂ္ဂိုလ်များတွင် ““ရှင်အရဟံ””သည်ထိပ်ဆုံးကဖြစ်၏။ အနော်ရထာမင်းသည် ရှင်အရဟံ၏ သွန်သင်မှုကြောင့် မိမိ၏နိုင်ငံတော်ကိုစည်းရုံးရာ၌ မင်းမှူးမတ်နှင့် ပြည်သူပြည်သားများအားလုံး အမြင်ချင်းလည်းတူအောင်အားထုတ်ခဲ့၏။ အကျင့်ချင်းလည်းတူအောင် အားထုတ်ခဲ့၏။ နောက်ပိုင်းမင်းများလည်းထိုနည်း တူပင်အားထုတ်ခဲ့၏။ သူတို့သည်နန်းတော်ကြီးများကိုဆောက်ခဲ့ကြ၏။ နိုင်ငံတော်ကိုချဲ့ခဲ့ကြ၏။ ဘုန်းတန်ခိုးအာနုဘော်ကြိးမားအောင်လုပ်ခဲ့ကြ၏

ပစ္စည်းဥစ္စာကြယ်ဝအောင်လုပ်ခဲ့ကြ၏။ ထိုသို့လုပ်ရာတွင် သူတို့သည်သူတို့၏ အကျိုး စီးပွားအတွက် လုပ်ကြခြင်းမဟုတ်။ သူတို့သည်နိုင်ငံနှင့်ပြည်သူပြည်သားများ ၏ အကျိုးစီးပွားအတွက် လုပ်ကြခြင်းဖြစ်၏။ အားလုံး ““ငါ့အတွက်”” ဟူသောတဏှာ သဘောသည်လည်း မပြဌာန်းကြ။ သူတို့သည်တဏှာကိုမြင်အောင်ကြည့်သူများဖြစ်ကြ ၏။ တဏှာကိုမြင်ပြီးနောက်တဏှာကိုသေအောင်သတ်ရန်ကြိုးပမ်းသူများဖြစ်ကြ၏။ အမှန်အားဖြင့်တဏှာကိုပွားစီးအောင် အားထုတ်သူများသည်မိမိတို့၏ဘ၀ကို ကိုးကွယ်သူများဖြစ်ကြ၏။ တဏှာကိုသေအောင်သတ်ရန်အားထုတ်သူများသည် မိမိတို့၏ဘ၀ကိုလောကအတွက် အသုံးချသူများဖြစ်ကြ၏။

လောကအတွက်အသုံးချခဲ့သူများ

ဓမ္မတာအရ ““လူ””ဟူသည်မိမိ၏ ဘ၀ကိုတိုးတက်သည်ထက် တိုးတက်အောင် အားထုတ်နေသည်ချည်းဖြစ်၏။ ရှိပြီးသားအခြေအနေနှင့် ကျေနပ်နေသည် မဟုတ်။ သို့ရာတွင် တိုးတက်လာသောဘ၀ကို အသုံးချရာ၌မူ မိမိအတွက် အသုံးချခြင်းနှင့် လောကအတွက် အသုံးချခြင်းဟူ၍နှစ်မျိုးကွဲပြား၏။ ထိုနှစ်မျိုးတွင် ထိုခေတ်မြန်မာနိုင် ငံသားတို့သည်မိမိတို့၏ဘ၀ကို လောကအတွက်အသုံးချသူများဖြစ်ခဲ့ကြ၏။ ထိုကဲ့သို့ အသုံးချရာ၌သူတို့တွင် ပြတ်သားသောကျင့်စဉ်သည်ရှိ၏။ ပြတ်သားသော   ကျင့်စဉ် ကိုမြတ်စွာဘုရား၏ ဒေသနာတော်မှရ၏။ အထူးသဖြင့်ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာငါးဆယ်ဇာတ်တော်များနှင့် မင်္ဂလာသုတ်တို့မှ ရ၏။ ဤစာပေများသည် တဏှာကိုမြင်အောင်ကြည့်တတ်သော ဒိဠိနှင့်မြင်ထားသောတဏှာကို သေအောင် သတ်တတ်သော သီလကိုနိုင်ငံသားတို့၏ သန္တာန်၌ စရိုက်နှင့်ဥာဉ်အဖြစ် အမြစ်တွယ်အောင် စွမ်းဆောင်နိုင်ပါ၏။ ထို့ကြောင့်ထိုခေတ်မြန်မာနိုင်ငံသားတို့၏ အမျိုးသားစရိုက်နှင့် အမျိုးသားဥာဉ်ကား ရဲရင့်ခြင်းနှင့် ရက်ရောခြင်းဖြစ်၏။ ဤစရိုက်၊ ဤဥာဉ်ဖြင့်ထိုခေတ်မြန်မာနိုင်ငံသားတို့သည် မိမိတို့၏နိုင်ငံနှင့်  လူမျိုးကိုထိန်းသိမ်းခဲ့ ကြခြင်းဖြစ်၏။ အကျဉ်းအားဖြင့်ဆိုရလျှင် ထိုခေတ်မြန်မာ နိုင်ငံသားတို့သည် စားလို၍ အလုပ်လုပ်ကြခြင်းမဟုတ်ဘဲ အလုပ်လုပ်လို၍စားကြ ခြင်းဖြစ်၏။

လောက၌ ““အတ္တဟိတ””ချည်းသက်သက်ဖြစ်လျှင်လည်း အစွန်းတစ်ဖက်သို့ ရောက်၏။ ““ပရဟိတ””ချည်းသက်သက်ဖြစ်လျှင်လည်း အစွန်းတစ်ဖက်သို့ရောက်၏။ ထို့ကြောင့် ထိုခေတ်မြန်မာနိုင်ငံသားတို့သည် မိမိတို့လုပ်ငန်း၌အတ္တဟိတလည်းပါ အောင် ဆောင်ရွက်၏။ ပရဟိတလည်းပါအောင်ဆောင်ရွက်၏။ အတ္တဟိတအရ မိမိတို့၏ဘ၀ကိုတိုးတက်သည်ထက် တိုးတက်အောင် ပူသည်အေးသည်ကိုမငဲ့ဘဲ နဖူးမှချွေး ခြေမပေါ်သို့ကျသည်တိုင်အောင် ကြိုးပမ်း၏။ ပရဟိတအရ တိုးတက်လာ သောမိမိတို့၏ဘ၀ကို နိုင်ငံနှင့်လူမျိုးအတွက်နှင့် လောကအတွက် အသုံးချ၏။ ထို့ကြောင့်ထိုခေတ်မြန်မာနိုင်ငံသားတို့သည် မိမိတို့၏ လုပ်ငန်းများကို ““မဇ္စျိမပဋိပဒါ”” ကျကျလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်ဟုဆိုရမည်။ ထိုသို့လုပ်ဆောင် ကြ ရာ၌သူတို့သည် သူတို့၏မိသားစုကိုချစ်ကြ၏။ သို့ရာတွင် မိသားစုအချစ်ကို လွန်လွန် ကဲကဲမဖြစ်ရလေအောင်နိုင်ငံနှင့်လူမျိုးကို ချစ်သောစိတ်ဖြင့်ထိန်း၏။ နိုင်ငံနှင့်လူမျိုးအပေါ်ချစ်သောစိတ်ကိုလည်း လွန်လွန်ကဲကဲမဖြစ်ရလေအောင် လူသားအချင်းချင်းအပေါ်ချစ်သောစိတ်ဖြင့် ထိန်း၏။ ထိုခေတ်မြန်မာနိုင်ငံသားတို့ သည်အရှုံးပေးဝါဒကိုလည်း မကျင့်သုံးခဲ့။ အနိုင်ကျင့်ဝါဒကိုလည်း မကျင့်သုံးခဲ့။ ထို့ကြောင့် ထိုခေတ်မြန်မာနိုင်ငံသားတို့၏ မိသားစုစိတ်သည် လည်းကောင်း၊ မျိုးချစ်စိတ်သည်လည်းကောင်း လူသားအချင်းချင်းအပေါ် ချစ်စိတ်၌နိဂုံးချုပ်၏။

ထိုကဲ့သို့ ချစ်တတ်လာသည်နှင့်အမျှ တစ်ကိုယ်တော်ကြံတတ်သော တဏှာကို မြင်ပြီး ယင်းတဏှာကိုသေအောင်သတ်ရန် ကျင့်ကြံလာတတ်၏။ သို့ဖြစ်လေရာ လူသားအချင်းချင်းအပေါ်ချစ်တတ်သော မေတ္တာကိုအခြေခံ၍ အမြင်ချင်းတူမှုနှင့် အကျင့်ချင်းတူမှုကို မြန်မာနိုင်ငံသားတို့၏ သန္တာန်၌ အမျိုးသားစရိုက်နှင့် အမျိုးသားဥာဉ်အဖြစ် အမြစ်တွယ်သွားအောင် မည်သူများက တည်ဆောက်ပေးခဲ့ ပါလေသနည်း။

လောက၌ကိုယ်ကျိုးစီးပွားကို လုပ်သူဟူသမျှသည် မိမိတို့အတွက် တစ်ကိုယ်ကောင်းစိတ်ထားဖြင့် လုပ်နေသမျှ ကာလပတ်လုံးမိမိတို့၏ ကိုယ်ကျိုးစီးပွား ကိုထူထောင်၍မရ။ အကယ်၍ထူထောင်၍ရသည်ဆိုပါလျှင်လည်း ““အထင်””အားဖြင့် ထူထောင်၍ရခြင်းသာဖြစ်၏။ ““အမှန်””အားဖြင့်ထူထောင်၍ရခြင်းမဟုတ်။ နိုင်ငံနှင့် လူမျိုးအတွက် လောကလူသားများအတွက် အကျိုးပြုနိုင်သည်ထက်ပြုရန် ရည်စူးပြီး မိမိတို့၏ဘ၀ကိုကိုးကွယ်ခြင်းသဘောမဟုတ်ဘဲ အသုံးချခြင်းသဘောဖြင့် ဆောင်ရွက်မှသာ ကိုယ်ကျိုးစီးပွားကို ထူထောင်၍ရ၏။ ဤအမြင်နှင့် ဤအကျင့်သည် ဗုဒ္ဓစာပေမှလာသောအမြင်နှင့် အကျင့်ဖြစ်၏။

ဤအမြင်နှင့် ဤအကျင့်ကိုမြန်မာနိုင်ငံသားတို့၏ သန္တာန်၌အမြစ်တွယ်စေရန် ပုဂံခေတ်၌ရှင်အရဟံသည် အနော်ရထာမင်းကို စတင်၍သင်ကြားပေးခဲ့၏။ ပုဂံပြည် သူပြည်သားများကိုလည်း သင်ကြားပေးခဲ့၏။ အမှန်အားဖြင့် အနော်ရထာဦးဆောင် သောပုဂံပြည်သူပြည်သားများသည်ဤအမြင်၊ ဤအကျင့်ဖြင့် ပထမဦးဆုံးသော မြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့ခြင်းဖြစ်၏။ နိုင်ငံတော်အတွက်စည်းရုံးရာ၌ ဤအမြင်၊ ဤအကျင့်အပေါ် အခြေခံ၍စည်းရုံးမှသာ တကယ်တမ်းကျစ်လျစ်သိပ် သည်းသောစည်းလုံးမှုကို ရနိုင်၏။ ထို့ကြောင့် ဤစည်းလုံးမှုကို အမြင်ချင်းတူ၊ အကျင့်ချင်းတူမှုအပေါ် အခြေခံသော စည်းလုံးမှုဟူ၍ ဆိုရ၏။

ငါးရာငါးဆယ်ဇာတ်တော်များတွင် ဤအမြင်နှင့်ဤအကျင့်ကို ပြယုဂ်အနေဖြင့် ဖော်ပြသောဝတ္ထုဇာတ်လမ်းများကိုတွေ့ရ၏။ ဇာတ်ကြီးဆယ်ဘွဲ့တွင်လည်း မြတ်စွာဘုရားအလောင်းတော်ကိုယ်တိုင် ဤအမြင်၊ ဤအကျင့်ဖြင့် လောကအကျိုးအပေါ် အခြေခံ၍ မိမိ၏အကျိုးကို ထူထောင်ထားသည်ကိုလည်း တွေ့ရ၏။ အမှန်အားဖြင့်မိမိ၏ အကျိုးကိုထူထောင်သူမှန်သမျှသည် လောကအကျိုးအပေါ်အခြေခံပါမှ မိမိ၏အကျိုးကိုအောင်မြင်စွာထူထောင်၍ရမည်။  ဤအမြင်၊ ဤအကျင့်သည် ရှင်အရဟံ၏ ကျေးဇူးတော်ကြောင့် အနော်ရထာမင်းမှစ၍ ပုဂံပြည်သူပြည်သားများ၏ သန္တာန်၌အမြစ်တွယ်လေ၏။

ထို့ကြောင့်လည်း ပုဂံပြည်သူပြည်သားများ၏ အမြင်သည်ကြည်လင်၍ ကိုယ်ကျင့်သည် ခိုင်မာခြင်းဖြစ်၏။ ထိုနောက် ပုဂံပြည်သူပြည်သားများအတွက် နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံ ““မူ””သဖွယ်ဖြစ်သော စာပေတစ်ရပ်လည်းရှိသေး၏။ ယင်းစာပေကား ““မင်္ဂလသုတ်””ဖြစ်၏။ မင်္ဂလသုတ်ကြောင့် ပုဂံပြည်သူပြည်သားများ သည်မိမိတို့၏ မိသားစုကိုလည်း ချစ်တတ်၏။ နိုင်ငံနှင့်လူမျိုးကိုလည်း ချစ်တတ်၏။ လောကလူသားများကိုလည်း ချစ်တတ်၏။ ရတနာသုံးပါး၌လည်း ကိုးကွယ်တတ်၏။ ယုံကြည်တတ်၏။ သာသနာတော်ကိုလည်းချီးမြှောက်တတ်၏။

ပုဂံပြည်၌မြတ်စွာဘုရား၏ ““မနုဿတ္တဘာဝေါ ဒုလ’ဘော”” အဆုံးအမတော်နှင့် အညီပုဂံပြည်သူပြည်သားများသည် ““လူ””ဆိုသော ““လူ””ဖြစ်လာရခြင်းမှာ ရှင်အရဟံ၏ ကျေးဇူးတော်ကြောင့်ဖြစ်၏။ အချိန်အခါနှင့် အခြေအနေကို တန်ဖိုးတွက်၍ ဆိုရပါလျှင်ရှင်အရဟံနှင့် အနော်ရထာတို့ကို ရှင်မောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်းတို့၏ ယုံကြည်မှု၌ဖြစ်စေ၊ ရဲရင့်မှု၌ဖြစ်စေ၊ ရက်ရောမှု၌ဖြစ်စေ နှိုင်းယှဉ်၍ဆိုနိုင်ပါ၏။

အနော်ရထာမင်းက မြန်မာနိုင်ငံသားတို့အားခေတ်အဆက်ဆက် အမွေပေးခဲ့သော စိတ်ပိုင်းဆိုင်ရာအမွေတစ်ခုရှိ၏။ ယင်းအမွေကား ““အနစ်နာခံ လိုစိတ်””ဖြစ်၏။ အမှန်အားဖြင့် အနစ်နာခံလိုစိတ်သည် သုမေဓာရှင်ရသေ့၏ စိတ်ထားဖြစ်၏။

ယင်း စိတ်ထားကိုငါးရာငါးဆယ်ဇာတ်ဆောင်များ၌လည်း တွေ့ရ၏။ ဇာတ်ကြီးဆယ်ဘွဲ့ ဇာတ်ဆောင်များ၌လည်း တွေ့ရ၏။ ထိုစိတ်ထားကို ရှင်အရဟံသည် အနော်ရထာ၌ သွတ်သွင်းပေးလိုက်၏။ အနော်ရထာသည် ထိုစိတ်ထားဖြင့် ပထမမြန်မာနိုင်ငံကို ထူထောင်ခဲ့ခြင်းဖြစ်၏။ ခေတ်အဆက်ဆက် မြန်မာနိုင်ငံသားတို့အားလည်း ထိုစိတ်ထားကိုပင် အနော်ရထာက ပေးခဲ့၏။ ဘုရင့်နောင်နှင့် အလောင်းဘုရားတို့သည်လည်း ထိုစိတ်ထားဖြင့်ပင် ဒုတိယမြန်မာ နိုင်ငံတော်နှင့် တတိယမြန်မာနိုင်ငံတော်တို့ကို ထူထောင်ခဲ့ကြခြင်းဖြစ်၏။ ယနေ့တိုင် အောင်ပင်နိမ့်ပါးသူများဘက်မှ ရပ်တည်တတ်ခြင်းသည် အနော်ရထာမင်းထံမှ ဆက်ခံခဲ့သောမြန်မာနိုင်ငံသားတို့၏ သမိုင်းအမွေအနှစ်ဖြစ်၏။ ထိုမွန်မြတ်လှသော အမွေအနှစ်ကြောင့်ပင် မြန်မာနိုင်ငံသားတို့သည် သမိုင်းတစ်လျှောက်လုံး အနိုင်ကျင့် ၀ါဒဖြင့်ဘ၀ကို ကိုးကွယ်သူများမဖြစ်ခဲ့ကြ။ အနစ်နာခံဝါဒဖြင့်သာ ဘ၀ကိုအသုံးချခဲ့သူများဖြစ်ခဲ့ကြ၏။

အနော်ရထာမင်းသည် ပုဂံပြည်သရပါတံခါးတွင်းသို့ ၀င်ရောက်မိပြီဖြစ်သော် လည်း ကျွဲရိုင်းအန္တရာယ်ကို နှိမ်နှင်းရန် သူ၏ သူရဲကောင်းများကို တာဝန်မပေးဘဲ သူကိုယ်တိုင်သွား၍ နှိမ်နှင်းခဲ့၏။ ကျွဲရိုင်းကြောင့်ပင်အနော်ရထာမင်း နတ်ရွာစံခဲ့ရ၏။ ရှင်သုဒိန်ကို အကြောင်းပြု၍ ၀ဇီရဗုဒ္ဓိဋီကာက ဤသို့ဖော်ပြထား၏။

““၀ိနာသေ ပစ္စုပဠိတေ အနယော နယရူပေန ဗုဒ္စိမက္ကမ္မ တိဠိတိ””။

မည်သူမဆို ပျက်စီးချိန်တန်လျှင် အမှားကိုအမှန်ထင်တတ်၏။ အဓမ္မိကု ဓမ္မထင်တတ်၏။- ဟူသောအဆိုအမိန့်အရ ကျွဲရိုင်းရန်ကိုနှိမ်နှင်းရာ၌ အနော်ရထာမင်းကို မှားသည်ဟု ဆိုသူများက ဆိုကြ၏။ ထိုသို့ဆိုခြင်းမှာ ကရုဏာ၏ သဘောကိုမသိ၍သာ ဆိုခြင်းဖြစ်၏။

မြတ်စွာဘုရားသည်မည်သို့သော အကြောင်းကြောင့်မျှ ဆန္ဒတော်ကို အလျှော့အတင်းများအခါခပ်သိမ်း တစ်သားတည်းသာ ထားတော်မူ၏။ မည်သည့်အကြောင်းကြောင့်မျှ ၀ီရိယတော်ကို အလျှော့အတင်းမထား၊ အမြဲတမ်းတစ်သားတည်းသာ ထားတော်မူ၏။ မည်သည့်အကြောင်းကြောင့်မျှ ကရုဏာတော်ကိုအလျှော့အတင်းမထား၊ ထာဝစဉ်တစ်သားတည်းသာ ထားတော်မူ၏။ ခြင်္သေ့မင်းသည်လည်း ယုန်ငယ်ကိုဖမ်းရာ၌ဖြစ်စေ၊ ဆင်ပြောင်ကို ဖမ်းရာ၌ဖြစ်စေ ၀ီရိယကိုအလျှော့အတင်းမထား၊ တစ်သားတည်းသာထား၏။ ဤသို့ထားခြင်းသည် မြင့်မြတ်သူတို့၏ လက္ခဏာဖြစ်၏။

အနစ်နာခံခြင်းဟူသည်မှာ တာဝန်ကိုယူရာ၌လည်း အနစ်နာခံ၏။ အခွင့်အရေး ကိုယူရာ၌လည်း အနစ်နာခံ၏။ အမြဲတမ်းအနစ်နာခံ၏။ အချို့သူတို့မှာ တာဝန်ကိုယူရာ၌ အသက်ကိုစွန့်သည်အထိအနစ်နာခံကြသော်လည်း အခွင့်အရေးကို ယူရာ၌မူ အနစ်နာမခံနိုင်ကြ။ ထို့ကြောင့်ထိုသူတို့၏ အနစ်နာခံမှုသည် တစ်သားတည်းမဖြစ်။ တစ်ဖြောင့်တည်း မဖြစ်။ ဤသို့သောအနစ်နာခံမှုမျိုးသည် တကယ်တမ်းမြင့်မြတ်သော အနစ်နာခံမှုမျိုးမဟုတ်။ ပါရမီထိုက်သောအနစ်နာခံမှုမျိုး မဟုတ်။

အနော်ရထာမင်းသည် တာဝန်ကိုယူခြင်း၌လည်း အနစ်နာခံ၏။ ထို့ကြောင့် ကျွဲရိုင်းရန်ကို နှိမ်နှင်းရာ၌ အနော်ရထာမင်းသည် ကိုယ်တိုင်ထွက်၍ နှိမ်နှင်းခြင်းဖြစ် ၏။ သူ၏ရဲမက်များပင်ပန်းနေသည်ကိုသူသိ၏။ အမှန်အားဖြင့်သူ၏ ရဲမက်များကို အသုံးပြုရာ၌ မိသားစုအတွက်၊ နိုင်ငံနှင့်လူမျိုးအတွက်၊ လောကလူသားများအတွက် သူလိုအနစ်နာခံလိုစိတ်ကို မွေးမြူတတ်အောင်လေ့ကျင့်ပေးခြင်းသာဖြစ်၏။ ပြုစုပျိုးထောင်ပေးခြင်းသာဖြစ်၏။ သူ၏ကိုယ်ကျိုးအတွက်အမြတ်ထုတ်သည့် အနေဖြင့် အသုံးပြုခြင်းမဟုတ်။ ထို့ကြောင့်သူ့ကိုအားလုံးက ချစ်ကြခြင်းဖြစ်၏။ ယနေ့တိုင်အောင်လည်းမြန်မာနိုင်ငံသားတို့က သူ့ကိုချစ်ကြခြင်းဖြစ်၏။ ဤသို့ဖြစ်ခြင်းမှာ ““သူ့စေတနာနှင့် သူ့မေတ္တာ၏ အကျိုးဆက်””ပင်ဖြစ်၏။

ကျွဲရိုင်းခတ်သောကြောင့် အနော်ရထာဘုရင်သည် နတ်ရွာစံသည် မှန်၏။ သို့ရာတွင်သူ၏အမည်ကား နတ်ရွာမစံ။ သူ၏အမည်နှင့်အတူ သူ၏စိတ်ထားသည် ရှင်သန်လျက်ရှိ၏။ ထို့ကြောင့်အနော်ရထာဘုရင်သည် ခေတ်အဆက်ဆက် မြန်မာနိုင်ငံသားတို့အား အနစ်နာခံလိုစိတ်ကို လည်းကောင်း၊ ရဲရင့်ခြင်းနှင့်ရက်ရော ခြင်းကို လည်းကောင်း သူ၏အမွေအဖြစ် ပေးနိုင်ခဲ့ခြင်းဖြစ်၏။ ဤအမွေကား မြန်မာနိုင်ငံသားတို့အတွက် အဖိုးမဖြတ်နိုင်သောအမွေဖြစ်၏။ သုံး၍မကုန်နိုင်သော အမွေလည်းဖြစ်၏။ ဤအမွေကိုမြန်မာနိုင်ငံသားတို့သည် အသုံးချတတ်ဖို့နှင့် အသုံးချနိုင်ဖို့သာ အရေးကြီး၏။

ဤအမွေကို အသုံးချနိုင်သူများ မြန်မာနိုင်ငံ၌ ပေါ်ပေါက်လာသည်နှင့်တပြိုင် နက်မြန်မာနိုင်ငံတော်သည် မိမိ၏နိုင်ငံသူ နိုင်ငံသားအားလုံးကိုသာမက လောကလူ သားများအားလုံးကိုပါ ကျေးဇူးပြုနိုင်ပေလိမ့်မည်။ ဤလောကတွင် လူ““သေ””သည် နှင့်တပြိုင်နက် အမည်ပါ ““သေ””သူများလည်းရှိကြ၏။ လူ “မသေမီ” ကပင်အမည် “သေ” နှင့်သူများလည်း ရှိကြ၏။ ထိုသူများ၏ သေခြင်းကား “မကောင်းသောသေခြင်း” ဖြစ်၏။ အနော်ရထာမင်း၏ သေခြင်းကား “ကောင်းသောသေခြင်း” ဖြစ်၏။ အနော်ရထာဟူသော အမည်ကိုကြားရတိုင်း မိမိကိုယ်တိုင် အနော်ရထာဖြစ်သွား ချင်စိတ်ဖြစ်ပေါ်လာစေနိုင်သော သေခြင်းဖြစ်လေ၏။

အနော်ရထာကို အမှတ်ရလျှင် အနော်ရထာ၏ ဆရာကိုပါ အမှတ်ရသင့်၏။ အမှန်အားဖြင့် အနော်ရထာကား တပည့်သာဖြစ်၏။ တပည့်ကောင်းလျှင် ဆရာကောင်းရှိ၍သာဖြစ်၏။ အနော်ရထာ၏ ဆရာကောင်းကား ““ရှင်အရဟံ”” ဖြစ်၏။ အကယ်၍သာ အနော်ရထာမင်းသည် ရှင်အရဟံ၏ အဆုံးအမကို မရဘူးဆိုပါလျှင် မြန်မာနိုင်ငံ၏ သမိုင်းသည်လည်းကောင်း၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုသည်လည်းကောင်း ယခုနှင့်မတူဘဲ တစ်မျိုးတစ်ဖုံ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ရှင်အရဟံသည်မြန်မာနိုင်ငံသားတို့၏ ကျေးဇူးရှင်ဖြစ်ပါ၏။

ရှင်အရဟံသည် အနော်ရထာမင်းအမှူးပြုသော မြန်မာနိုင်ငံသားတို့အား ငါးရာငါးဆယ်ဇာတ်တော်များနှင့် ဇာတ်ကြီးဆယ်ဘွဲ့တို့ဖြင့် အနစ်နာခံလိုစိတ်ကို မြတ်နိုးတတ်အောင် သင်ပေး၏။ မင်္ဂလသုတ်ဖြင့်မြန်မာနိုင်ငံကို ““ပဋိရူပဒေသ”” ဖြစ်အောင်ဆောင်ရွက်ရန်သင်ပေး၏။

ထိုအခါမြန်မာနိုင်ငံသားတို့သည် ““ငါးရာငါးဆယ်ဇာတ်တော်များနှင့် ဇာတ်ကြီး ဆယ်ဘွဲ့””တို့ဖြင့် ခိုင်မာသော ကိုယ်ကျင့်သိက္ခာကို တည်ဆောက်နိုင်ကြ၏။ ““မင်္ဂလသုတ်””ဖြင့် ကြည်လင်သော အမြင်ကို ရယူနိုင်ကြ၏။ ဤအမြင်၊ ဤအကျင့်ဖြင့် မြန်မာနိုင်ငံသည် ခေါင်းဆောင်ကောင်းကိုလည်းရခဲ့၏။ ဂုဏ်ယူဖွယ်ရှိပါဘိ။

 မြန်မာနိုင်ငံ ကိုယ့်မင်းကိုယ့်ချင်း ခေတ်တစ်လျှောက်လုံးရဟန်းသံဃာတော်များ သည် နိုင်ငံတော်၌ ““၀ိဇ္ဇာ””ဘက်၌လည်း ဦးဆောင်၏။ ““စရဏ””ဘက်၌လည်း ဦးဆောင်၏။ ဘုရင်လည်း ဘုန်းကြီးကျောင်းသားဖြစ်၏။ မှူးကြီး မတ်ကြီးများလည်း ဘုန်းကြီးကျောင်းသားများဖြစ်ကြ၏။ စစ်သူကြီးလည်း ဘုန်းကြီးကျောင်းသားဖြစ်၏။ လယ်သမားလည်း ဘုန်းကြီးကျောင်းသား ဖြစ်၏။ အားလုံးပင်ဘုန်းကြီးကျောင်းသား များဖြစ်ကြလေ၏။ ရဟန်းသံဃာတော်များကလည်း တစ်နိုင်ငံလုံး၏ ပညာရေးကို အမြင်နှင့်အကျင့် အချိုးညီညီဖွံ့ဖြိုးရေးအတွက် တာဝန်ယူ၍ သင်ကြားပေးကြ၏။

ထို့ကြောင့် ရဟန်း၊ ရှင်၊ လူ အားလုံးတို့သည် အမြင်ချင်းလည်းတူကြ၏။ အကျင့်ချင်းလည်းတူကြ၏။ ထိုအခါနိုင်ငံတော်၏ စည်းလုံးရေးသည် အမြင်ချင်းတူမှု အကျင့်ချင်းတူမှု အပေါ်အခြေခံလေသောကြောင့် ကျစ်လျစ်၏။ သိပ်သည်း၏။ တစ်သားတည်းဖြစ်၏။ ထို့ကြောင့် ထိုခေတ်စည်းလုံးမှုကို ပါဠိဝေါဟာရအားဖြင့် ““သမ၀ါယသမ္ဗန္ဓ””ဟူ၍ဆိုရ၏။ အမှန်အားဖြင့် နိုင်ငံကိုသမ၀ါယသမ္ဗန္ဓ ဖြစ်အောင်သာ စည်းရုံးနိုင်မည်ဆိုပါက ထိုနိုင်ငံသည် ကမ္ဘာမြေပြင်ပေါ်တွင် အချမ်မြေ့ဆုံးသောနိုင်ငံ ဖြစ်လေ၏။

ထိုခေတ်မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုနှင့်ပတ်သက်၍ ဆိုရလျှင် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများ နည်းချင်နည်းမည်။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများလည်း နည်းချင်နည်းမည်။ သို့ရာတွင် ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကား အမြင့်မားဆုံးဖြစ်၏။ ထိုခေတ်မြန်မာနိုင်ငံသားတို့သည် ကိုယ်ကျင့်သိက္ခာမြင့်မားမှုကို ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများနှင့်လည်း မလဲလှယ်ခဲ့ကြ။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများနှင့် လည်းမလဲလှယ်ခဲ့ကြ။ ကိုယ်ကျင့်သိက္ခာမြင့်မားမှိုကု ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများနှင့် လည်းလဲလှယ်လာကြ၏။ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများနှင့်လည်း လဲလှယ်လာကြ၏။

ထိုအခါရဲရင့်မှုနှင့်ရက်ရောမှုသည် ပျောက်တော့၏။ အနစ်နာခံလိုသောစိတ်ထားကို တန်ဖိုးမထားကြ။ အကယ်၍အနစ်နာခံလိုသော စိတ်ထားကိုတန်ဖိုးထားသည့် ဆိုပါလျှင်လည်း လုပ်ငန်းနှင့် တာဝန်ပိုင်း၌သာ အနစ်နာခံတတ်ကြပြီး အကျိုးအမြတ်နှင့် အခွင့်အရေးပိုင်း၌မူ အနစ်နာမခံကြ။ အကျိုးအမြတ်နှင့် အခွင့်အရေးပိုင်းတွင် ပစ္ဓည်းဥစ္ဓာလည်းပါ၏။ ရာထူးဌာနန္တရလည်း ပါ၏။ ထင်ပေါ်ကျော်စောမှုလည်းပါ၏။ အကယ်၍လုပ်ငန်းပိုင်းနှင့် အကျိုးအမြတ်ပိုင်း နှစ်မျိုးလုံး၌ပင် အနစ်နာခံလိုသူများရှိကြပါသေးသည်ဆိုပါလျှက် ထိုပုဂ္ဂိုလ်များ၏ အရေအတွက်သည် လက်ချိုး၍ ရေတွက်နိုင်သည့်အဆင့်အထိ နည်းပါးသွားခဲ့၏။

ထိုအခါနိုင်ငံတော်၏ စည်းလုံးမှုသည် သမ၀ါယသမ္ဗန္ဓအဆင့်မှ သံယောဂသမ္ဗန္ဓ အဆင့်သို့လျှောကျသွား၏။  ကျစ်လျစ်မှုမရှိ။  သိပ်သည်းမှုမရှိ။ တစ်သားတည်းမဖြစ်။ ““သံယောဂသမ္ဗန္ဓ””နည်းအရ စည်းရုံးလျှင်အရေအတွက်အရသာစည်းရုံးနိုင်၏။ ““သမ၀ါယသမ္ဗန္ဓ””နည်းအရ စည်းရုံးလျှင် အရည်အချင်းအရစည်းရုံးနိုင်၏။ ထိုစည်းရုံး နည်းနှစ်မျိုးတွင် အမြင်ချင်းတူမှ၊ အကျင့်ချင်းတူမှ သမ၀ါယသမ္ဗန္ဓနည်းအရစည်းရုံး၍ ရ၏။ အမြင်ချင်းတူစေကာမူ အကျင့်ချင်းမတူလျှင်ဖြစ်စေ၊ အမြင်ချင်းလည်းမတူ အကျင့်ချင်းလည်းမတူလျှင်ဖြစ်စေ ““သမ၀ါယသမ္ဗန္ဓ””နည်းအရစည်းရုံး၍မရ ““သံယောဂသမ္ဗန္ဓ””နည်းအရသာ စည်းရုံး၍ရ၏။

ပဠာန်း““ဥပနိဿယပစ္ဓ္စည်း””အရ မြန်မာနိုင်ငံသည် နိုင်ငံအတွင်း၌မှီတင်းနေထိုင် ကြသူအားလုံးတို့အား ဥပနိဿယပစ္စည်းဖြင့်ကျေးဇူးပြုလျက်ရှိ၏။ ဥပနိဿယပစ္စည်း ဟူသည်မှာ အားကြီးသောကျေးဇူးပြုခြင်းဖြင့် ကျေးဇူးပြုသောသဘောဖြစ်၏။ ထို့ကြောင့်မြန်မာနိုင်ငံသည် ဤနိုင်ငငံမပျောက်ကွယ်ရလေအောင် ကျေးဇူးဆပ်ရန် လူတိုင်း၌ တာဝန်ရှိ၏။ လူတိုင်းတွင်တိုင်းရင်းသားအားလုံးပါဝင်၏။ ကျေးဇူးရှင်အား ကျေးဇူးဆပ်ရခြင်းသည် လူသားတို့၏ဘ၀ပေးတာဝန်ဖြစ်၏။ မြင့်မြတ်သောဆောင်ရွက်မှုလည်းဖြစ်၏။

ကျေးဇူးဆပ်ခြင်းဟူသည်မှာလည်း အထူးမဟုတ်။ တိုင်းရင်းသားအချင်းချင်း ““သမ၀ါယသမ္ဗန္ဓ””နည်းအရ စည်းရုံးခြင်းဖြစ်၏။ ထိုသို့စည်းရုံးရာတွင် အမြင်ချင်းတူဖို့ လည်းအရေးကြီး၏။ အမြင်ချင်းတူရုံမျှနှင့်လည်းမပြီး၊ ကိုယ်ကျင့်သိက္ခာ ကိုတန်ဖိုး ထားချင်းလည်း တူဖို့လိုသေး၏။ အမြင်ချင်းတူမှုနှင့် အကျင့်ချင်းတူမှုကို လောက ဝေါဟာရအားဖြင့်ဆိုရလျှင် ““အနစ်နာခံလိုစိတ်ရှိခြင်း”” ပင်ဖြစ်၏။ တာဝန်ကိုထမ်း ရွက်ရာ၌လည်းအနစ်နာခံရ၏။ အခွင့်အရေးကို ယူရာ ၌လည်း အနစ်နာခံရ၏။ မြန်မာနိုင်ငံတွင်း၌ မှီတင်းနေထိုင်ကြသူအားလုံးတို့ သည် တစ်ဦးနှင့် တစ်ဦးဆက် ဆံရာ၌ ““အသာစံ”” သည့်ဘက်ကမနေလိုဘဲ ““အနာခံ””သည့် ဘက်က ချည်းသာနေ လိုကြမည်ဆိုပါလျှင် ဤမြန်မာနိုင်ငံသည် ကမ္ဘာမြေပြင်တွင် အချမ်းမြေ့ ဆုံးသော နိုင်ငံတစ်နိုင်ငံဖြစ်ပေလိမ့်မည်။ လက်တွေ့အထောက်အထား အနေဖြင့် သမိုင်းအရ လည်း မြန်မာနိုင်ငံသည် အချမ်းမြေ့ဆုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ဖူးပါ၏။

အသာစံခြင်းနှင့် အနာခံခြင်း နှစ်မျိုးတို့တွင် အနာခံခြင်းက အသားစံခြင်းထက် တန်ဖိုးကြီးကြောင်း ဗုဒ္ဓဒေသနာတော်များ၌တွေ့ရ၏။ အသာစံခြင်းသည် လူတိုင်းလုပ် နိုင်သော လုပ်ငန်းဖြစ်၏။ အနာခံခြင်းကား မြင့်မြတ်သူများသာ လုပ်နိုင်သောလုပ်ငန်း ဖြစ်၏။ မြင့်မြတ်သူများသည် ရှေးပုဂံခေတ်မှစ၍ ကုန်းဘောင်ခေတ်အဆုံးတိုင်အောင် အများအပြားရှိခဲ့ကြ၏။ သူတစ်ပါးလက်အောက် ခံဘ၀၌လည်း အထိုက်လျောက် တော့ ရှိသည်ဖြစ်၏။ ယခုအချိန်တွင်မူ မြန်မာနိုင်ငံ၌ မြင့်မြတ်သူများကိုများစွာ လို အပ်လျက်ရှိ၏။ နိုင်ငံတော်အတွက်နှင့် နိုင်ငံသူနိုင်ငံသား များအတွက် အနစ်နာခံနိုင် ရုံသာမ ထိုသို့အနစ်နာခံမှုကြောင့် ထွက်ပေါ်လာသော အကျိုးအမြတ်ဟူသမျှ၌လည်း အနစ်နာခံနိုင်သူများကို ဤမြန်မာနိုင်ငံ၌ အလုအယက် ပေါ်ထွက်စေချင်ပါ၏။

ဗုဒ္ဓဒေသနာတော်အရဆိုပါလျှင် လုပ်ငန်းနှင့်တာဝန်ပိုင်း၌သာမက အခွင့်အရး ပိုင်း၌ပါ တကယ်တမ်းအနစ်နာခံလာပြီဆိုပါလျှင် ထိုသူအတွက် အခွင့်အရေးဟူသမျှ သည် အင်နှင့်အားနှင့်ဝင်လာမြဲဖြစ်၏။ စည်းစိမ်ဥစ္စာအနေဖြင့် လည်းဝင်လာ၏။ ရာထူးဌာနန္တရ အနေဖြင့်လည်းဝင်လာ၏။ ထင်ပေါ်ကျော်ကြားမှုအနေဖြင့်လည်းဝင် လာ၏။ မ၀င်နှင့်ဆို၍မရ။ အတင်းအဓမ္မပင် ၀င်လာ၏။ လက်မခံလေ ၀င်လာလေ ပင်ဖြစ်၏။ ဤသို့ဝင်လာခြင်းကို ““မာရ်နတ်၏ ပထမတပ်မ””ဟူ၍ ကျမ်းဂန်များ၌ ဆို၏။ ထို့ကြောင့် အခွင့်အရေးအနေဖြင့် ၀င်လာခြင်းဟူသမျှသည် အနစ်နာခံနိုင်သူ များ၏ အနစ်နာခံမှုကို ဖျက်ဆီးရန် ထိုးစစ်ဆင်လာသော မာရ်နတ်၏ ထိုးစစ်သာဖြစ် ၏။ မာရ်နတ်သည် ဒုက္ခဖြင့်လည်း ထိုးစစ်ဆင်၏။ သုခဖြင့်လည်း ထိုးစစ်ဆင်၏။ ဒုက္ခဖြင့် ထိုးစစ်ဆင်ခြင်းကို ကြံ့ကြံ့ခံနိုင် သူများသည် သုခဖြင့်ထိုးစစ်ဆင်သောအခါ ကြံ့ကြံ့ မခံနိုင်ကြဘဲ မာရ်နတ်၏ သုခထိုးစစ်၌ ကျဆုံးတတ်ကြပါ၏။ မာရ်နတ်သည် မာယာ များ၏။ ဒုက္ခထိုးစစ်ဖြင့်မနိုင်လျှင်သုခထိုးစစ်ဖြင့် တိုက်ခိုက်မြဲဖြစ်၏။

ထိုကြောင့် မာရ်နတ်၏ သုခထိုးစစ်ကိုကြံ့ကြံ့ခံနိုင်ရန်အရေးကြီး၏။ အမှန်အား ဖြင့် မာရ်နတ်၏သုခထိုးစစ်ကို တကယ်တမ်းကြံ့ကြံ့ခံနိုင်မှသာ ဤလောက၌ တကယ် တမ်း မြင့်မြတ်သူဖြစ်၏။ ဤလောက၌မည်သူမဆို မြင့်မြတ်သူဖြစ်ချင်သည်ချည်း ဖြစ်၏။ မြင့်မြတ်သူဖြစ်ချင်လျှင် မြင့်မြတ်သောနှလုံး ထားရှိဖို့လို၏။ မြင့်မြတ်သော နှလုံးထားရှိ ရုံမျှနှင့်လည်း မပြီး၊ လက်တွေ့အားဖြင့်လည်း လုပ်ငန်းနှင့် တာဝန်များကို ဆောင်ရွက်ရာ၌ဖြစ်စေ၊ အခွင့်အရေးကိုရယူရာ၌ဖြစ်စေ အနစ်နာခံတတ်ဖို့လည်းလို၏။ သို့မှသာ မြင့်မြတ်သူဖြစ်နိုင်၏။

မြန်မာနိုင်ငံသမိုင်းစဉ်တစ်လျှောက်လုံးမြင့်မြတ်သူများသည်တကယ်ပင် ရှိခဲ့ ပါ၏။ မင်းအဖြစ်ဖြင့် လည်းရှိခဲ့၏။ မှူးမတ်အဖြစ်လည်းရှိခဲ့၏။ စစ်သူကြီးအဖြစ် လည်းရှိခဲ့၏။ ပြည်သူပြည်သားအဖြစ်လည်းရှိခဲ့၏။ အဆင့်တိုင်း၌ရှိခဲ့၏။ အလွှာတိုင်း၌ ရှိခဲ့၏။ အားကျစရာဟူ၍ အထူးရှာဖွေနေဖို့မလို။ အတုယူစရာဟူ၍ အထူးရှာဖွေနေဖို့မလို။ နေရာတိုင်း၌ရှိခဲ့၏။ မိမိ၏ပတ်ဝန်းကျင်၌ရှိခဲ့၏။

““ဥပါဒါနပစ္စယော ဘဝေါ”” ဟူသောပဋိစ္စသမုပ္မာဒ်ဒေသနာတော်အရ အမြင် နှင့်အကျင့် ဟူသမျှသည်ဥပါဒါန်ကြောင့်ဖြစ်ရ၏။ ပတ်ဝန်းကျင်သည် ကာမုပါဒါန် အနေဖြင့် ဥပါဒါန်တွင်ပါဝင်၏။ ထိုကြောင့်ပတ်ဝန်းကျင်ကောင်းလျှင် အမြင်ကောင် နှင့် အကျင့်ကောင်းကိုရ၏။ ပတ်ဝန်းကျင်ဆိုးလျှင် အမြင်ဆိုးနှင့်အကျင့်ဆိုးကိုရ၏။ ခေတ်အမြင်သည်လည်း ဒိဌုပါဒါန်အနေဖြင့် ဥပါဒါန်တွင်ပါဝင်၏။

ထိုကြောင့်ခေတ်အမြင်ကောင်းလျှင် အမြင်ကောင်းနှင့် အကျင့်ကောင်းကိုရ၏။ ခေတ်အမြင်ဆိုးလျှင် အမြင်ဆိုးနှင့်အကျင့်ဆိုးကိုရ၏။ စရိုက်နှင့်ဥာဉ်သည်လည်း သီလဗ္ဗတုပါဒါန်အနေဖြင့် ဥပါဒါန်တွင်ပါဝင်၏။ ထိုကြောင့် စရိုက်နှင့်ဥာဉ်ကောင်း လျှင်အမြင်ကောင်းနှင့်အကျင့်ကောင်းကိုရ၏။ စရိုက်နှင့်ဥာဉ်ဆိုးလျှင် အမြင်ဆိုးနှင့် အကျင့်ဆိုးကိုရ၏။ ““ငါ ငါ””ဟူသော အတ္တသည်လည်း အတ္တ၀ါဒုပါဒါန်အနေဖြင့် ဥပါဒါန်တွင်ပါဝင်၏။ ထိုကြောင့်မိမိ၏အတ္တကို မှန်ကန်စွာဖြင့် လောကအတွက် အသုံးချနိုင်လျှင် အမြင်ကောင်းနှင့် အကျင့်ကောင်းကိုရ၏။ မိမိ၏အတ္တကို လွဲမှားစွာ ဖြင့်ငါ့အတွက်ချည်းအသုံးချလျှင် အမြင်ဆိုးနှင့် အကျင့်ဆိုးကိုရ၏။ ဤသည်မှာ ဘုရားဟောဖြစ်၏။





ရှင်အရဟံ၏ကြိုးပမ်းချက်

မြန်မာနိုင်ငံ၌ ရှင်အရဟံ၏ကြိုးပမ်းချက်အရ အနော်ရထာမင်းအမှူးပြုသော မြန်မာနိုင်ငံသားတို့၏ သန္တာန်၌ မြတ်စွာဘုရား၏သာသနာအမြစ်တွယ်ပြီးချိန်မှစ၍ ခိုင်မာစွာ အမျိုးသားစရိုက်နှင့် အမျိုးသားဥာဉ်သည် ဖြစ်ပေါ်လာခဲ့၏။ မြန်မာနိုင်ငံ သားတို့၏။ အမျိုးသားစရိုက်နှင့် အမျိုးသားဥာဉ်ကား ““ရဲရင့်ခြင်းနှင့် ရက်ရောခြင်း”” ဖြစ်၏။ ယင်းကိုအနစ်နာခံလိုမှုအပေါ်၌ တည်ဆောက်ရ၏။ အနစ်နာခံလိုမှုကိုလည်း မိမိကိုယ်ကို ချစ်သောစိတ်၊ မိသားစုကိုချစ်သောစိတ်၊ နိုင်ငံကို ချစ်သောစိတ်၊ လူမျိုးက ချစ်သောစိတ်၊ လောကလူသားအချင်းချင်း ချစ်သောစိတ်အပေါ်၌ တည်ဆောက်ရ၏။ ယင်းကိုလည်းတဏှာကိုမြင်အောင်ကြည့်ပြီး တဏှာကိုသတ်ရန်ကြိုးပမ်းသော အကျင့် ပေါ်၌တည်ဆောက်ရ၏။ သို့မှသာ ရဲရင့်ခြင်း နှင့် ရက်ရောခြင်းသည် မှန်ကန်သော ရဲရင့်ခြင်းနှင့် မှန်ကန်သောရက်ရောခြင်းဖြစ်၏။ ဓမ္မအပေါ်၌ တည်ဆောက်သော ရဲရင့်ခြင်းနှင့် ရက်ရောခြင်းဖြစ်၏။

အမှန်အားဖြင့် မြန်မာနိုင်ငံသားတို့သည် ယနေ့တွင်လည်း ရဲရင့်ကြပါ၏။ ရက်ရောကြပါ၏။ ဘာမျှသံသယဖြစ်စရာမရှိ။ သို့ရာတွင် ရဲရင့်ခြင်းနှင့် ရက်ရောခြင်း ကို မြတ်စွာဘုရား၏ သွန်သွင်ချက်နှင့်အညီစနစ်တကျ တည်ဆောက်ရန် လိုအပ်ပါ၏။ ရဲရင့်ခြင်းဆိုတိုင်း သစ္စာနှင့်ယှဉ်သော ရဲရင့်ခြင်းမဟုတ်၊ သစ္စာနှင့်မယှဉ်သောရဲရင့် ခြင်းလည်းရှိသေး၏။ ရက်ရောခြင်းဆိုတိုင်းလည်း သစ္စာနှင့်ယှဉ်သော ရက်ရောခြင်း မဟုတ်။ သစ္စာနှင့်ယှဉ်သော ရက်ရောခြင်းလည်းရှိသေး၏။ သစ္စာနှင့် မယှဉ်သောရဲရင့် ခြင်းကို ““မိုက်မဲခြင်း””ဟူ၍ဆိုရ၏။ သစ္စာနှင့်မယှဉ်သော ရက်ရောခြင်းကို ““အဂတိလိုက်ခြင်း””ဟူ၍ဆိုရ၏။


အပေါ်ထပ်နှင့်အခြေခံအုတ်မြစ်

စိတ်ပိုင်းဆိုင်ရာဖွဲ့စည်းမှုအရ ရဲရင့်ခြင်းနှင့် ရက်ရောခြင်းသည် အပေါ်ထပ် အဆောက်အအုံသာဖြစ်၏။ အပေါ်ထပ်အဆောက်အအုံ၏ အောက်၌ အခြေံအုတ် မြစ်သည်ရှိရ၏။ အပေါ်ထပ်နှင့် အုတ်မြစ်သည် အချင်းချင်းမဆန့်ကျင်ပါမှ လူ့လော ကကိုကျေးဇူးပြုနိုင်၏။ အပေါ်ထပ်နှင့် အုတ်မြစ်သည်အချင်းချင်း ဆန့်ကျင်နေပါက လူ့လောကကို ကျေးဇူးမပြုနိုင်ရုံသာမက အန္တရယ်ပင် ပြုနိုင်၏။ ထိုကြောင့် ရဲရင့်သည် ဆိုတိုင်းလည်း ချီမွမ်းအပ်သည်မဟုတ်။ ရက်ရောသည် ဆိုတိုင်းလည်းချီးမွမ်းအပ်သည် မဟုတ်။

မြန်မာနိုင်ငံသားတို့၏ သန္တာန်၌ သစ္စာနှင့်ယှဉ်သောရဲရင့်ခြင်းနှင့် သစ္စာနှင့် ယှဉ်သော ရက်ရောခြင်းကိုအမျိုးသားစရိုက်၊ အမျိုးသားလက္ခဏာအဖြစ် တည် ဆောက်တော့မည်ဆိုပါလျှင် အနစ်နာခံခြင်းကို အခြေခံအုတ်မြစ်အဖြစ် ရှေးဦးစွာ တည်ဆောက်ဖို့လို၏။

အနစ်နာခံခြင်းကို သစ္စာဝေါဟာရဖြင့် ဆိုရလျှင် ““သမုဒယသစ္စာကိုပယ်ခြင်း””ဟူ ၍ဆိုရ၏။ ထိုကြောင့်အခြေခံအုတ်မြစ်အဖြစ် သစ္စာထိုက်သောအနစ်နာခံခြင်းအပေါ် တည်ဆောက်ထားသောစိတ်ပိုင်းဆိုင်ရာ အပေါ်ထပ်အဆောက်အအုံ ဟူသမျှသည် သစ္စာထိုက်သည်သည်ချည်းဖြစ်၏။ အနစ်နာခံခြင်း ဟူသည်မှာကိုယ်ကျိုးကိုမငဲ့ခြင်း ဖြစ်၏။ ယင်းကို ပါဠိဝေါဟာရဖြင့် ““မုတ္တစာဂ””ဟူ၍ဆို၏။ ““မုတ္တစာဂ””ကိုလွတ်လွတ် စွန့်ခြင်းဟူ၍မြန်မာပြန်ကြ၏။ လွတ်လွတ်စွန့်ခြင်းဟူသည် ဘာကိုမျှ မမျှော်လင့်ဘဲ ဆောင်ရွက်ခြင်းဖြစ်၏။ ဘာကိုမျှမမျှော်လင့်ဘဲဆောင်ရွက်ခြင်းကြောင့် ရရှိသော အကျိုးနှင့်ပတ်သက်၍ စာပေးများ၌ဤသို့မေးခွန်းထုတ်ထားသည်ကိုတွေ့ရ ၏။ ထိုမေးခွန်းကို စာဖတ်သူများကိုယ်တိုင် ဖြေကြားရန်ဖြစ်၏။

မိခင်တစ်ယောက်တွင် သားနှစ်ယောက်ရှိ၏။ သားတစ်ယောက်က မိခင်ထံမှ မုန့်ဖိုးကိုမျှော်မှန်းပြီး မိခင်အတွက်ရေခပ်ပေး၏။ အခြားသားတစ်ယောက်ကမူ ဘာကို မျှမမျှော်မှန်းဘဲ မိမိတာဝန်အနေဖြင့် မိခင်အတွက်ရေခပ်ပေး၏။

အမှန်အားဖြင့် လောကသည်မိခင်ဖြစ်၏။ လူသားတို့သည် သားသမီးများဖြစ် ကြ၏။ သို့ဖြစ်လျှင်မိခင်လောကအတွက် စာဖတ်သူသည်မည်သည့် သားသမီးမျိုးဖြစ် ပါသနည်း၊ စာဖတ်သူများသည် မိမိရလိုသော အကျိုးကိုရည်စူးပြီး ဖြေချင်သလို ဖြေနိုင်ကြပါ၏။

တစ်ခုတည်းသောရည်ရွက်ချက်

ဤစာအုပ်၏တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ယနေ့မြန်မာနိုင်ငံသား တို့၏သန္တာန်၌အနစ်နာခံလိုစိတ်ကိုလည်းကောင်း၊ ကိုယ်တိုင်အနစ်နာမခံနိုင် သေးလျှင် အနစ်နာခံကြသူများအပေါ်မြတ်နိုးတတ်သောစိတ်ကိုလည်းကောင်း၊ အခြေခံအုတ်မြစ်အဖြစ်ခိုင်မာစွာ တည်ဆောက်ရန်ဖြစ်၏။ အမှန်အားဖြင့် အနစ်နာခံခြင်းဟူသည် ပါရမီကုသိုလ်ဖြစ်၏။ ပါရမီကုသိုလ်ဟူသည် ရိုးရိုးကာမာဝစရကုသိုလ်လို ““အဟောသိကံ””ဖြစ်ရိုးမရှိ။ မုချအကျိုးပေးမည်ဖြစ် ၏။ ““သန္ဒိဌိက””ဂုဏ်တော်အရလက်တွေ့စမ်းသပ်၍လည်းရ၏။

မိမိအတွက် ဘာကိုမျှမမျှော်ကိုးဘဲ မိမိ၏တာဝန်အနေဖြင့်သာ မိသားစုအတွက် နိုင်ငံအတွက်၊ လူမျိုးအတွက်၊ လောကလူသားများအတွက် အနစ်နာခံပြီး အမျိုး၊ ဘာသာ၊ သာသနာတော်ကို ဖွံ့ဖြိုးအောင်ဆောင်ရွက်မည်ဆိုပါလျှင် ထိုဆောင်ရွက် ချက်သည်မုချမသွေ အောင်မြင်မည်ဖြစ်၏။ တစ်စုံတစ်ရာယုံမှားစရာ ဟူ၍ ဘာမျှမရှိ။ ထိုကြောင့် မိမိဘ၀ကို အနစ်နာမခံဘဲ အမျိုး၊ ဘာသာ၊ သာသနာဟူ ၍ ကြေးကြော် လျှင်လည်း ကြေးကြော်ရုံသာရှိမည်ဖြစ်၏။ မျိုးချစ်စိတ်ဟူ၍ ကြေးကြော်လျှင်လည်း ကြေးကြော်ရုံသာရှိမည်ဖြစ်၏။ နိုင်ငံချစ်စိတ်ဟူ၍ ကြေးကြော်လျှင်လည်း ကြေးကြော် ရုံသာရှိမည်ဖြစ်၏။ အမှန်အားဖြင့် အနစ်နာခံစိတ်အပေါ် တည်ဆောက်မှသာ မိမိ၏ တည်ဆောက်မှုဟူသမျှသည်အောင်မြင်၏။ သမိုင်းအရဆိုလျှင် အနော်ရထာခေတ် ကလည်း ထိုသို့တည်ဆောက်ခဲ့သဖြင့် အောင်မြင်၏။ ဘုရင့်နောင်ခေတ်ကလည်း ထိုသို့တည်ဆောက်ခဲ့သဖြင့် အောင်မြင်၏။ အလောင်းဘုရားခေတ်ကလည်း ထိုသို့တည်ဆောက်ခဲ့သဖြင့် အောင်မြင်၏။ ဤသည်မှာ သမိုင်းအရဖြစ်၏။


စံထားစရာ

ကျမ်းဂန်အရ ပြောရလျှင် အလောင်းတော် သိဒ္ဓတ္ထမင်းသားကို ““စံထား”” အဖြစ်ပြောဖို့လို၏။ မြန်မာနိုင်ငံကိုယ့်ထီ၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းခေတ် တစ်လျှောက် လုံးမြန်မာနိုင်ငံသားတို့သည် မိမိတို့၏ ရင်ထဲ၌ အလောင်းတော်သိဒ္ဓတ္ထမင်းသားကို ““စံထား””အဖြစ်အသက်သွင်း၍မိမိတို့ သန္တာန်၌ အနစ်နာခံစိတ်ကိုမွေးကြ၏။ အနစ်နာ ခံစိတ်အပေါ်၌ မျိုးချစ်စိတ်ကို တည်ဆောက်ကြ၏။ နိုင်ငံချစ်စိတ်ကို တည်ဆောက် ကြ၏။ လူသားအချင်းချင်း ချစ်စိတ်ကို တည်ဆောက်ကြ၏။ အတွေးအမြင်အားလုံးကို တည်ဆောက်ကြ၏။

ထိုကြောင့် ထိုခေတ်မြန်မာနိုင်ငံသားတို့၏။ စည်းလုံးမှုသည် အမြင်ချင်းလည်း တူ၊ အကျင့်ချင်းလည်းတူသဖြင့် အံ့မခန်းသိပ်သည်းခဲ့၏။ နောက်ပိုင်း မြန်မာနိုင်ငံ သည် သူတစ်ပါးလက်အောက်သို့ ကျရောက်သွားသောအခါ အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် မြန်မာနိုင်ငံသားတို့၏ ရင်ထဲ၌ ““စံထား”” အဖြစ်မရှိတော့။ အခြားသူရဲကောင်းများသာ သူတို့၏ရင်ထဲ၌ ““စံထား””အဖြစ်အစား ထိုးဝင်ရောက်လာ လေ၏။ ထိုအခါမြန်မာနိုင်ငံသားတို့၏ အနစ်နာခံခြင်းသည် ““၀ါဏိဇ္ဇ၀ါဒ”” သဘော သက်ဝင်လာ၏။ အနစ်နာခံခြင်းကို ““မတည်အရင်း””အဖြစ် ခံယူပြီး ယင်းအတွက် အကျိုးအမြတ်ကို ရယူလိုလာကြ၏။ ထိုအခါမြန်မာနိုင်ငံသား တို့၏စည်းလုံးမှုသည် သိပ်သည်းမှုမရှိတော့။

သို့ဖြစ်လေရာ ယနေ့ကမ္ဘာအခြေအနေအရ မြန်မာနိုင်ငံသားတို့၏ ရင်ထဲ၌ အလောင်းတော်သိဒ္ဓတ္ထမင်းသားကို ““စံထား””အဖြစ် ပြန်လည်အသက်သွင်းပြီး သူတို့၏ သန္တာန်၌အနစ်နာခံစိတ်ကို ပြန်လည်မွေးမြူနိုင်စေရေးအတွက် အလောင်းတော်သဒ္ဓိတ္ထ မင်းသား၏ဘ၀ကိုရေးသားရန် အဘသခင်ထိန်ဝင်းက ကျွန်တော်အားတိုက်တွန်းလေ ၏။ နိုင်ငံနှင့်လူမျိုးအပေါ်ထားရှိသော အဘသခင်ထိန်ဝင်း၏ စေတနာနှင့် ဆောင် ရွက်ချက်များကို အလေးအမြတ် ပြုသောအားဖြင့် ဤစာအုပ်ကိုရေးခြင်းဖြစ်ပါ၏။



အနှိုင်းမဲ့ကျေးဇူးရှင်


အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ““လောက၏အနှိုင်းမဲ့ကျေးဇူးရှင်””ဖြစ် ၏။ သုမေဓာရှင်ရသေ့ဘ၀မှစ၍ သိဒ္ဓတ္ထမင်းသားဘ၀တိုင်အောင် နှစ်ပေါင်း လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး လောက၏အကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်ရေးအတွက် ဘုရားဖြစ်ရန်ဟူသော ရယ်ရွယ်ချက်မှတစ်ပါး အခြား ဘာကိုမျှမမျှော်လင့်ဘဲ လောကအပေါ်ကြင်နာသော စိတ်ထားသက်သက်ဖြင့် အနစ် နာခံခဲ့၏။ အမှန်အားဖြင့် အလောင်းတော်သိဒ္ဓတ္ထမင်းသားသည် မမေ့ကောင်း သော ““အနှိုင်းမဲ့ကျေးဇူးရှင်””ဖြစ်၏။

သို့ရာတွင် လူ့လောက၌ သူ့ကိုမေ့သူများရှိကြပြီ။ သူ့ကျေးဇူးကိုမေ့သူများရှိ ကြပြီ။ လောကကိုမဆိုထားနှင့်၊ မြန်မာနိုင်ငံ၌ပင် သူ့ကိုမေ့သူများရှိကြပြီ။ သူ့ကျေးဇူး ကိုမေ့သူများရှိကြပြိ။ သူ့ကိုမသိသူများပင်ရှိကြပြီ။ မမေ့သင့်သည်ကိုမေ့ခြင်းသည် ““အ မင်္ဂလာ””ဖြစ်၏။ ထိုကြောင့် မမေ့သင့်သည်ကို မမေ့ရန်လို၏။ မမေ့သင့်သည်ကို မမေ့ မှ ““မင်္ဂလာ””ဖြစ်၏။

အလောင်းတော်သိဒ္ဓတ္ထမင်းသား၏ ဘ၀ကိုဖော်ပြရာတွင် အပိုင်းနှစ်ပိုင်းပါဝင် မည်ဖြစ်၏။ ပထမပိုင်းတွင် သုမေဓာရှင်ရသေ့ဘ၀မှ သဗ္ဗညုတဥာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူသည့်အထိ ပါဝင်မည်ဖြစ်၏။

ဒုတိယပိုင်းတွင် ဘုရားဖြစ်တော်မူပြီးနောက် ပရိနိဗ္ဗာန်စံဝင်တော်မူသည်အထိ ပါဝင်မည်ဖြစ်၏။ နှစ်ပိုင်းစလုံး၌ပင် ဘုရားမဖြစ်မီနှင့် ဘုရားဖြစ်တော်မူပြီးနောက် ဆောင်ရွက်ချက် ဟူသမျှသည် အနစ်နာခံခြင်း အပေါ်တည်ဆောက်ထားသော ဆောင်ရွက်ချက်များချည်းသာဖြစ်ကြ၏။

အနစ်နာခံခြင်းဖြင့် ရယူလိုသော အကျိုးတရားမှာလည်း လောက၏ အကျိုးစီး ပွားကို အနစ်နာခံပြီး အဆောင်ရွက်နိုင်ဆုံးပုဂ္ဂိုလ်ဖြစ်ရလိုမှုပင်ဖြစ်၏။ အခြားဘာကိုမျှ မမျှော်မှန်း။ အလောင်းတော်သိဒ္ဓတ္ထမင်းသား မျှော်မှန်းသည့်အတိုင်းပင် သူသည် သဗ္ဗညုတဥာဏ်တော်ကိုရကာ လောက၏အကျိုးစီးပွားကိုဆောင်ရွက်ရာတွင် အနစ် နာခံပြီး အဆောင်ရွက်နိုင်ဆုံးပုဂ္ဂိုလ်မြတ်ဖြစ်တော်မူခဲ့ပါ၏။ သူကျင့်သော အကျင့်နှင့် သူရယူလိုသောအကျိုးတို့ကား ရှေ့နှင့်နောက် ညီညွတ်ပါ၏။ အကြောင်းနှင့် အကျိုး ဆီလျော်ပါ၏။ သူကျင့်သောအကျင့်ကား လောကအတွက် အနစ်နာခံခြင်းဖြစ်ပါ၏။ သူရယူလိုသော အကျိုးမှာလည်း လောကတွင်အနစ်နာ အခံနိုင်ဆုံးဖြင့် အနစ်နာ ခံတော်မူပြီး လောက၏ အကျိုးစီပွားကို အဆောင်ရွက်နိုင်ဆုံး ဖြင့်ဆောင်ရွက်နိုင်သူ ဘ၀ပင်ဖြစ်၏။ သူတောင့်တတော်မူခဲ့သော အကျိုးသည်ပြည့်ခဲ့ ပါ၏။

အရဟတ္တမဂ်ဥာဏ်ကိုရတော်မူသောအခါ ကိလေသာတို့ကို ၀ါသနာနှင့်တကွ ပယ်သတ်နိုင်သဖြင့် လောကတွင် အနစ်နာအခံနိုင်ဆုံး ဖြစ်ခဲ့ပါ၏။ သဗ္ဗညုတဥာဏ် တော်ကိုရတော်မူသောအခါ လောကတွင် သတ္တ၀ါအားလုံးတို့၏ အကျိုးစီးပွားကို အဆောင်ရွက်နိုင်ဆုံး ဖြစ်ခဲ့ပါ၏။ မတောင့်တဘဲနှင့်ရသော အခြားအကျိုးများလည်း ရှိသေး၏။ ယင်းအကျိုးများကား လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ မင်းအဖြစ်ကို ရတော်မူခြင်းဖြစ်ပါ၏။ တကယ်တမ်း အနစ်နာခံပြီး တကယ်တမ်းသူတစ်ပါးအကျိုးကို ဆောင်ရွက်မည်ဆိုပါလျှင် ထိုပုဂ္ဂိုလ်မျိုးအတွက် ကာမဂုဏ်ဆိုင်ရာ အကျိုးတရားများ သည်သူ့ဟာသူ အလိုအလျောက် ““ခြေပေါက်”” ၍၀င်လာကြမည်ဖြစ်၏။ အထူးမျှော် လင့်စရာမလို။ အထူးတောင့်တစရာမလို။ ဤနိယာမကိုအလောင်းတော်သိဒ္ဓတ္ထမင်း သား၏ သံသရာဘ၀တစ်လျှောက်လုံး၌တွေ့ရ၏။ လောက၌ လက်တွေ့အားဖြင့် လည်းဤနိယာမသည်မှန်၏။ ကိုယ်တိုင်ကျင့်ဖို့သာ အရေးကြီး၏။


ဤကျမ်းစာ

ဤစာအုပ်သည် အလောင်းတော်သိဒ္ဓတ္ထမင်းသား၏ ဘ၀နှင့်ပတ်သက်၍ ပထမပိုင်းကို ဖော်ပြထားပါ၏။ ထိုသို့ဖော်ပြရာတွင် စာပေတို့၏ သဘောအတိုင်း အက္ခရာများပုဒ်များ၊ ၀ါကျများကိုအသုံးပြုထားရ၏။ ယင်းတို့ဖြင့် ဆိုင်ရာအနက်များ ကို စာဖတ်သူများသိသွားအောင် အားထုတ်ရ၏။

အနက်များကို အမျိုးအစားခွဲလျှင် သဒ္ဒါနက်၊ အဓိပ္မာယ်နက်၊ ခံစားနက် ဟူ၍ သုံးမျိုးရ၏။ ပဠိဝေါဟာရအားဖြင့် သဒ္ဒါနက်ကို သဒ္ဒတ္ထ၊အဓိပ္ပာယ်နက်ကို အဓိပ္ပာယတ္ထ၊ ခံစားနက်ကို ဘာဝတ္ထ ဟူ၍ခေါ်ရ၏။

ယင်းတို့ကိုဆိုင်ရာ ဆိုင်ရာ အသိများနှင့် ယှဉ်တွဲလိုက်လျှင် သဒ္ဒါနက်မှ ““စာသိ””ကိုရ၏။ အဓိပ္ပာယ်နက်မှ ““လောကသိ””ကိုရ၏။ ခံစားနက်မှ ““ဘ၀သိ””ကိုရ၏။ ဘ၀သိကိုပင် ““ခန္ဓာသိ””ဟူ၍လည်းဆိုရ၏။ အမှန်အားဖြင့် ““စာသိ””သည် ၀ါကျ၌ တိုက်ရိုက်ပါဝင်၏။ ““လောကသိနှင့် ဘ၀သိ””တို့ကား ၀ါကျ၌တိုက်ရိုက်မပါဝင်။ ၀ါကျများ၏ နောက်ကွယ်၌သာရှိကြ၏။ ၀ါကျများ၌ တိုက်ရိုက်မပါဝင်ဘဲ ၀ါကျများ၏ နောက်ကွယ်၌သာ ရှိကြလေသောကြောင့် လောကသိနှင့် ဘ၀သိကိုပကတိမျက်စိဖြင့် မမြင်ကောင်း။ ထိုသို့မမြင်ကောင်းသော်လည်း ဥာဏ်မျက်စိဖြင့် မြင်ကောင်း၏။

ထိုကြောင့် သဒ္ဒါကျမ်းဆိုင်ရာ ဒဿနပညာရှင်တို့၏ အဆိုအမိန့်အရ ၀ါကျ တိုင်းတွင် မြင်ရသောအပိုင်းနှင့် မမြင်ရသောအပိုင်းဟူ၍ အပိုင်းနှစ်ပိုင်းပါမြဲဖြစ် ၏။ မြင်ရသောအပိုင်းကို ပကတိမျက်စိဖြင့် ဖတ်နိုင်၏။ မမြင်ရသောအပိုင်းကို ဥာဏ် မျက်စိဖြင့် ဖတ်နိုင်၏။

ဤစာအုပ်တွင်လည်း ၀ါကျတိုင်းတွင် မြင်သာသောအပိုင်းနှင့် မမြင်သာသော အပိုင်းဟူ၍နှစ်ပိုင်းပင် ပါရှိ၏။ စာဖတ်သူများသည် မြင်သာသောအပိုင်းမှ သိဒ္ဓတ္ထ မင်းသား၏ ဘ၀ဖြစ်တော်စဉ်နှင့်ပတ်သက်၍ ““စာသိ”” ကိုရရှိမည်ဖြစ်၏။ မမြင် သာသောအပိုင်းမှ သိဒ္ဓတ္ထမင်းသား၏ ဘ၀ဖြစ်တော်စဉ်နှင့် ပတ်သက်၍ ““လောကသိ နှင့်ဘ၀သိ””ကိုဆိုရပါလျှင်-

လောက၌ တာဝန်နှစ်ရပ်သည် မွေးရာပါအနေဖြင့် ကိုယ်စီရှိကြသည့် အတိုင်း သုမေဓာရှင်ရသေ့သည် သူ၏တာဝန်နှစ်ရပ်ကို ဤသို့သတ်မှတ်၏။ ““လောကတွင်အနှိုင်းမဲ့ အနစ်နာခံနိုင်သူဖြစ်ရန်နှင့် လောကတွင် သူတစ်ပါးအကျိုးကို အနှိုင်းမဲ့ ဆောင်ရွက်နိုင်သူဖြစ်ရန်”” ဟူ၍ဖြစ်၏။

တာဝန်နှစ်ရပ်ကို အရပ်သုံးဝေါဟာရဖြင့် ဖော်ပြခြင်းဖြစ်၏။ ကျမ်းဂန်သုံးဝေါဟာရဖြင့် ဖော်ပြရမည်ဆိုပါလျှင် အနှိုင်းမဲ့ အနစ်နာခံနိုင်ခြင်းကို ““၀ါသနာနှင့်တကွ ကိလေသာတို့ကို ပယ်သတ်နိုင်သော အရဟတ္တ မဂ်ဥာဏ်ကိုရခြင်း”” ဟူ၍ဆို၏။

ဤတာဝန်နှစ်ရပ်သည်ပင် သုမေဓာရှင်ရသေ့ ရယူလိုသော အကျိုးတရားဖြစ် ၏။ ဤတာဝန်နှစ်မှ တစ်ပါးအခြားရယူလိုသော အကျိုးတရားဟူ၍ သုမေဓာရှင် ရသေ့အတွက် ဘာမျှမရှိ။ ဘာမျှမရှိသော်လည်း ဤတာဝန်နှစ်ရပ်၏ အာနုဘော် ကြောင့်အခြားသော ကာမဂုဏ်ဆိုင်ရာ အကျိုးတရားများသည် သုမေဓာရှင်ရသေ့ ဘ၀မှ သိဒ္ဓတ္ထမင်းသားဘ၀တိုင်အောင် ရောက်လာကြသည်ချည်း ဖြစ်၏။ သို့ရာတွင် သုမေဓာလည်း ယင်းတို့ကို တွန်းလှန်နိုင်၏။ သိဒ္ဓတ္ထမင်းသားလည်း ယင်းတို့ကို တွန်းလှန်နိုင်၏။ အမှန်အားဖြင့် အနစ်နာခံကာသူတစ်ပါးအကျိုးကို တကယ်တမ်း ဆောင်ရွက်သူဟူသမျှသည် မိမိထံ ပတ်လည်ဝိုင်း၍ လာနေသော ကာမဂုဏ်ဆိုင်ရာ အကျိုးတရားများကို တွန်းလှန်နိုင်ကြသည်သာဖြစ်ပါ၏။

ဗုဒ္ဓဘာသာဝင်တို့သည် နိဗ္ဗာန်ကိုရလိုကြသည်ချည်းဖြစ်၏။ တကယ်တမ်း နိဗ္ဗာန်ကိုရလိုရိုးမှန်ပါလျှင် အနှိုင်းမဲ့အနစ်နာခံနိုင်ခြင်းဟူသည် မြတ်စွာဘုရား၏ အရဟတ္တမဂ်ဥာဏ်တော်၏ မြန်မာအမည်တစ်မျိုး ဖြစ်သည်ကို လည်းကောင်း၊ သူတစ်ပါး၏ အကျိုးကို အနှိုင်းမဲ့ဆောက်ရွက်နိုင်ခြင်းဟူသည် သဗ္ဗညုတဥာဏ် တော်၏ မြန်မာအမည်တစ်မျိုးဖြစ်သည်ကိုလည်းကောင်း ဤစာအုပ်ကိုဖတ်ရှုပြီးပါက သိရန်ဖြစ်ပါ၏။ ဤအသိကို ““လောကသိ””ဟူ၍ဆို၏။

ဒေသနာတော်အရ ဘ၀ပေးတာဝန်အနေဖြင့် လူတိုင်းတွင် တာဝန်နှစ်ခုရှိ၏။ တစ်ခုသောတာဝန်မှာ အနစ်နာခံခြင်းဖြစ်၍ အခြားတစ်ခုသောတာဝန်မှာ သူတစ်ပါး အကျိုးကို ဆောင်ရွက်ခြင်းဖြစ်၏။ ဤတာဝန်နှစ်ခုဖြင့် လူ့ဘ၀သည် “စ”၏။ ဤတာဝန် နှစ်ခုဖြင့်ပင် လူ့ဘ၀သည်“ဆုံး”၏။ ထိုကြောင့်ထိုတာဝန်နှစ်ခုကို လူ့ဘ၀၏ ““နယ်သတ်မျဉ်း”” ဟူ၍ဆိုရ၏။ အမှန်အားဖြင့်လူဟူသည် လူ့ဘ၀၏နယ်သတ်မျဉ်း အတွင်း ၌သာရှိရမည်ဖြစ်၏။ အကယ်၍ လူ့ဘ၀၏နယ်သတ်မျဉ်းအပြင်ဘက်၌လည်း “လူ”ဟူသည် ရှိသေးသည်ဟုဆိုပါလျှင် ထို“လူ”ကိုစာဖတ်သူ မည်သို့ခေါ်မည်နည်း။ စာဖတ်သူ၏ ဆန္ဒအတိုင်းခေါ်ချင်သလို ခေါ်နိုင်ပါ၏။ ဤစာအုပ်ကို ဖတ်ပြီးပါက ဤအသိကို ““ဘ၀သိ”” ဟူ၍ဆို၏။

ဤအသိနှစ်မျိုးကို သိစေနိုင်သော အနက်နှစ်မျိုးသည် ဤစာအုပ်ပါ ၀ါကျများ ၏နောက်ကွယ်၌ ရှိပါ၏။ ပကတိမျက်စိဖြင့် မမြင်နိုင်သော်လည်း ဥာဏ်မျက် စိဖြင့်မြင်နိုင်ပါ၏။ အနစ်နာခံခြင်း၊ သူတစ်ပါးအကျိုးကိုဆောင်ရွက်ခြင်း အဆင့်ဆင့် နှင့် ပတ်သက်၍ အဘသခင်ထိန်ဝင်း ရွတ်ဆိုလေ့ရှိသော အောက်ပါလင်္ကာ တိုလေး ဖြင့် ဤနိဒါန်းကို အဆုံးသတ်လိုက်ပါ၏။

““တစ်စတစ်စ၊ စွန့်ဝံ့မှလျှင်၊ ဘ၀နောက်နှောင်း၊ ဆက်တိုင်း ကောင်း၏။””

ရွှေအောင်

၂-၉-၉၃

 

No comments:

Post a Comment