Thursday, November 3, 2016

သူတို့ လိုများ Issac Asimov ရဲ့  The fun they had

သူတို့ လိုများ

8 March 2012 at 13:46
သူတို့လိုများ

မူယာလေးတစ်ယောက်အဲဒီနေ့ညက သူ့ဒိုင်ယာရီထဲမှာကိုထဲ့ရေးခဲ့ပါတယ်(၂၁၅၇ခုနှစ်၊ မေလ ၁၇ရက်နေ့ ရက်စွဲနဲ့ပေါ့)

'ဇေယျာသော်ဒီနေ့စာအုပ်စစ်စစ်တအုပ်တွေ့ တယ်' တဲ့

စာအုပ်ကတော့ အရမ်းအရမ်းကို ဟောင်းနေပါပြီရှင် လို့  ပြောရမှာပဲ မူယာ့အဘိုး တစ်ခါပြောဘူးတာကတော့ သူငယ်ငယ်လေး(အဘိုးငယ်ငယ်လေး)တုန်းက၊ သူ့ အဘိုး (မူယာ့အဘိုးရဲ့အဘိုး)က ပြောဘူးဆိုပဲ၊  ပုံပြင်တွေအားလုံးကို တကဲ့ စက္ကူပေါ်မှာ ရိုက်နှိပ်ထားတယ်တဲ့၊
ခလေးနှစ်ယောက်သားအတူတူ စာရွက်တွေကိုလှန်ကြည့်ကြတယ်၊ စာရွက်တွေက ဝါကျင့်ကျင့် ကျွတ်ဆပ်ဆပ်နဲ့ပေါ့၊ သိတဲ့အတိုင်းပဲ စာကြောင်းတွေစာလုံးတွေက သင်ပုန်းကြီးTablet  )မျက်နှာပြင်မှာ ရွေ့ လျား နေရမှာကို မရွေ့ဘဲ ဒီအတိုင်းဘဲရပ်နေတာမြင်ရတော့ ရယ်ဘို့တောင်ကောင်းသေး၊ ဒီစာမျက်နှာကို တစ်ခါပြန်လှန်တော့လည်း ပထမဆုံးဖတ်တုန်းက အတိုင်းပဲ စာသားတွေကရှိနေတယ်၊

'အိုး ' ဇေယျာသော်ကပြောပါတယ်၊ ' ဒါသက်သက်ဖြုန်းတာပဲနော်၊ စာအုပ်ကိုဖတ်ပြီးသွားတာနဲ့ လွှတ်ပစ်လိုက်ရမှာပဲ၊ ငါတို့အိမ်က၊XXXPad ကြီးဆိုရင် စာအုပ်တစ်သန်းလောက်ဆန့် တယ်၊ နောက်ထပ်အများကြီး လည်း ထပ်ထဲ့လို့ရသေးတယ်၊'
'အံမယ် ငါ့အိမ်ကဟာလည်း ဒီအတိုင်းပါပဲနော၊ 'အမှန်တော့ မူယာက အသက် ၁၁နှစ်ပဲရှိသေးတော့ ၁၃နှစ် ရှိနေပြီဖြစ်တဲ့ ဇေယျာသော်လောက် (XXXPadိ) မမြင်သေးဘူးပါဘူး၊
'နင်ဘယ်ကနေ ဒီစာအုပ်တွေ့ လာတာလဲ '
'ငါ့အိမ်ထပ်ခိုးပေါ်ကပေါ့ '
'ဘာအကြောင်းတွေရေးထားတာလဲဟင် '
'ကျောင်းအကြောင်း'
မူယာ ကလေး ဒေါသတွေ ချက်ချင်းထွက်လာတယ်၊
'ကျောင်းအကြောင်း၊ ကျောင်းအကြောင်း  ဘာများကောင်းကောင်းကန်းကန်းရေးစရာရှိလို့ လဲ၊   ငါ  ကျောင်းကိုမုန်းတယ်'
မူယာတစ်ယောက် ကျောင်းကိုအင်မတန် မုန်းပါတယ်၊ အမြဲလဲမုန်းနေတာပါဘဲ ၊  အခုဆိုအမုန်းဆုံး အဆင့်ကိုရောက်နေပြီလေ၊
စက်ရုပ်ဆရာကြီးက သူ့ကို ပထဝီဝင်သင်ခန်းစာတွေ တစ်ခုပြီးတစ်ခု စာမေးပွဲစစ်နေတယ်၊ မူယာ ကလဲတစ်ခါပြီးတစ်ခါ ဆိုးဆိုးဝါးဝါးတွေပဲ ဖြေနေမိတော့ နောက်ဆုံးမူယာ့အမေတစ်ယောက်  ခေါင်းတခါခါ နဲ့ပဲ မြို့နယ်ပညာရေးမှူးကို လှမ်းခေါ်ရတော့တာပဲ၊
ပညာရေးမှူးက မျက်နှာဝိုင်းဝိုင်း၊ ပုပုဖိုင့်ဖိုင့်နဲ့မျက်နှာနီကြီး၊ သူနဲ့အတူအမြဲပါလာတာက သေတ္တာနဲ့ အပြည့်မီတာတွေ၊ ဝိုင်ယာကြိုးတွေ၊ ဝက်အူလှည့်၊ ပလာယာအပြည့်နဲ့ပေါ့
သူက မူယာကို ပြုံးပြပြီး ပန်းသီးတစ်လုံးထုတ်ကျွေးတယ်၊ နောက်စက်ရုပ်ဆရာကြီးကို  တစစီဖြုတ် တော့တာပဲ၊ မူယာကတော့ သူ့ဆရာကို ဖြုတ်ပြီးပြန်မတတ်နိုင်ပါစေနဲ့လို့  စိတ်ထဲက ကြိတ်ပြီးဆုတောင်းနေ ခဲ့တယ်၊ ဆုတောင်းမပြည့်ရှာပါဘူး၊ နောက်တစ်နာရီလောက်မကြာခင်မှာပဲ၊   စက်ရုပ်ဆရာကြီးပြန်ပေါ်လာတယ်၊ သူ့ကိုသင်ခန်းစာတွေ ပို့ချတဲ့၊ မေးခွန်းတွေမေးတဲ့ တယ်လီဗေးရှင်းမျက်နှာပြင်ကြီးနဲ့၊  အရောင်မဲမဲ အရုပ်ဆိုးဆိုးကြီးပေါ့၊ အဲဒီစကရင်ကြီးက သိပ်မဆိုးသေးပါဘူး၊ မူယာအမုန်းဆုံးက   သူ့အဖြေလွှာတွေတင် ပေးရတဲ့ အပေါက်ဝကြီးပဲ၊ မူယာ ၆နှစ်သမီးအရွယ်ကထဲက တတ်ထားရတဲ့ ပရိုဂရမ်တွေနဲ့ရေးပြီး  အဲဒီနေရာ မှာ အဖြေတွေကို ထဲ့ပေးရတယ်၊ ဆရာက အမှားအမှန်စစ်ပေးတာကလဲ တမဟုတ်ခြင်းပါပဲ၊
ပညာရေးမှူးက အလုပ်ပြီးတာနဲ့ မူယာခေါင်းကို တစ်ချက်ပုတ်လိုက်ပြီး ပြုံးနေတယ်၊
'စိတ်မပူပါနဲ့ ဒေါ်သူဇာရယ်၊ ဒါက ခလေးအပြစ်မဟုတ်ပါဘူး၊ စက်ရုပ်နဲ့ပထဝီဝင်  ဆိုင်ရာအပိုင်း ကနဲနဲမြန်သွားလို့ပါ၊ ဒါဖြစ်တတ်ပါတယ်၊ကျနော်အခု ပျမ်းမျှ၁ဝနှစ်သားကလေးတစ်ယောက် အတွက်ပြန်ချိန် လိုက်ပါပြီ၊'
မူယာ့ခေါင်းကို နောက်တစ်ချက်ထပ်ပုတ်လိုက်ပြီး
'ခလေးရဲ့အခြေအနေက ပုံမှန်ပါပဲ၊အားလုံးကောင်းပါတယ်၊ မစိုးရိမ်ပါနဲ့'တဲ့၊
မူယာ အကြီးအကျယ် စိတ်ပျက်သွားလေရဲ့၊ သူလေးမျှော်လင့်နေတာက အဲဒီဆရာကြီးကိုအဝေးကြီး ကိုယူသွားဖို့ ပါပဲ ၊ ဇေယျာသော့် ဆရာပျက်တုံးက သမိုင်းဘာသာရပ်သင်ခန်းစာတွေ  အားလုံးပျောက်သွား လို့ တစ်လလောက်ကို စက်ရုံမှာယူပြီး ပြင်လိုက်ရတယ်လေ၊
အဲဒါကြောင့် ကျောင်းအကြောင်းကို ဘယ်သူကများ စာနဲ့ပေနဲ့ ရေးကြရတာလဲလို့မေးတာပေါ့၊
ဇေယျာသော်က မူယာ့ကို ဆရာကြီးပုံစံနဲ့ တစ်ချက်ကြည့်လိုက်ပြီး
'ဘာဖြစ်လို့လဲဆိုတော့ အဲဒီကျောင်းက ငါတို့ကျောင်းလိုမျိုးမဟုတ်ဘူး၊   ဟိုးနှစ်ပေါင်းရာနဲ့ချီတဲ့ ကျောင်းပ၊ဲ '
သူက စိတ်ကိုစုစည်းလိုက်ပြီး လေးလေးနက်နက် စကားလုံးတစ်ခုကိုရွတ်လေရဲ့
'ရာစုနှစ်ပေါင်းများစွာကပေါ့ '

မူယာ့မာနကို ထိခိုက်သွားလေရဲ့
'အေးလေ၊ အဲဒီအချိန်တွေက ဘယ်လိုကျောင်းမျိုးတွေရှိခဲ့မှန်း  ငါမှမသိခဲ့တာပဲ'
သူမက ဇေယျာသော့် ပုခုံးပေါ်ကနေ စာအုပ်ကိုကျော်ကြည့်လိုက်ပြီး 'ဘာပဲဖြစ်ဖြစ်၊ သူတို့မှာဆရာ တစ်ယောက်တော့ရှိမှာပေါ့ '
'အေးပေါ့၊ ရှိရတာပေါ့၊ ဒါပေမဲ့ ပုံမှန်ဆရာတစ်ယောက်တော့မဟုတ်ဘူး၊ လူသားတစ်ယောက်ပဲ '
'လူတစ်ယောက်၊ လူသားကဘယ်လိုဆရာဖြစ်နိုင်မှာလဲ '
'ဖြစ်တာပဲ၊ အဲဒီလူဆရာက ကျောင်းသားတွေ၊ ကျောင်းသူတွေကို စာတွေသင်ပေးတယ်၊ အကြောင်း အရာတွေပြောတယ်၊ နောက်အိမ်စာတွေလုပ်ခိုင်းတယ်၊ မေးခွန်းတွေမေးတယ်'
'လူသားတစ်ယောက်က အဲဒီလောက်တတ်ပါ့မလား၊ '
'ဟ၊တတ်တာပေါ့၊ ငါ့အဖေဆိုရင် ငါ့ဆရာတတ်သလောက်တတ်တာပဲ '
'မဖြစ်နိုင်ပါဘူး၊ လူသားတစ်ယောက်က ဆရာတစ်ယောက်လောက် မသိနိုင်ပါဘူး '
'ဟ၊ ငါလောင်းရဲတယ်၊ ငါ့အဖေက ငါ့ဆရာနီးပါးလောက် (နဲနဲရှော့သွားတယ်)တတ်တယ်ဟ '
မူယာက ငြင်းဘို့ခုံဘို့ လောင်းဘို့အသင့်မဖြစ်ဘူးလေ၊
ဒါနဲ့ပဲ 'ငါကတော့ ငါ့အိမ်မှာ ငါ့ကို လူစိမ်း တစ်ယောက်က စာလာသင်တာ မခံချင်ပါဘူးလေ '

ဇေယျာသော်က တဟားဟားနဲ့ အော်ရယ်လိုက်ပြီး
'နင်မသိပါဘူး မူယာရယ်၊ အဲဒီဆရာတွေက အိမ်မှာနေပြီး  စာသင်ကြတာမဟုတ်ဘူး၊    သူတို့မှာ ကျောင်းလို့ခေါ်တဲ့ သပ်သပ်အဆောက်အဦးတစ်ခုရှိတယ်၊ ခလေးတွေအားလုံးအဲဒီကိုသွားပြီး ကျောင်းတက် ကြရတယ်'
'ဒါဆိုရင် ခလေးတွေက သင်ခန်းစာတစ်မျိုးထဲကို အတူတူ သင်ကြရတာပေါ့'
'ဒါပေါ့၊ အသက်တူတဲ့ခလေးတွေဆိုရင် သင်ခန်းစာတူကြတာပေါ့'
'ဒါပေမဲ့ ငါ့အမေက ဆရာတစ်ယောက်ကို ကျောင်းသားတစ်ဦးစီရဲ့ စိတ်အခြေအနေနဲ့ကိုက်အောင် ချိန်ဆထားရတာတဲ့၊ ကျောင်းသားတစ်ဦးချင်းကို တစ်မျိုးစီ သင်ပေးရတယ်ဆိုပဲ'
'ဟိုးအရင်က ကျောင်းတွေကတော့ နင့်အမေပြောသလို မလုပ်ကြဘူးဟ၊ မူယာ နင်မကြိုက်ရင်လဲ မ ဖတ်နဲ့ပေါ့ဟ '
'ငါ၊ ငါ မကြိုက်ဘူးလို့ မပြောပါဘူးဟာ '
မူယာအမြန်ငြင်းလိုက်ရပါတယ်၊ ဒီကလေး ဒီထူးဆန်းတဲ့ကျောင်းတွေအကြောင်း သိတ် သိချင် ဖတ်ချင်နေပြီလေ။

ဖတ်လို့မှ တစ်ဝက်မရှိသေး မူယာ့အမေက လှမ်းခေါ်တဲ့အသံကြားရတော့တာပဲ၊
'မူယာ၊ ကျောင်းချိန်ရောက်ပြီ '
'မရောက်သေးပါဘူးအမေ၊ '
'အခုရောက်ပြီ၊ လာခဲ့တော့၊ ဇေယျာသော်၊ နင်လည်း ကျောင်းတက်ရတော့မယ်မဟုတ်လား၊  သွား တော့ '
မူယာက ဇေယျာသော့်ကို 'ဇေယျာ၊ ကျောင်းချိန်ပြီးရင် ငါ နင်နဲ့အတူ ဒီစာအုပ်ဆက်ဖတ်မယ်နော်'
'အေးလေ၊ ကြည့်သေးတာပေါ့ '
ဇေယျာသော်က ထီမထင်ပုံစံနဲ့ဖြေ၊ ဖုံထနေတဲ့စာအုပ်ကြီးကို ချိုင်းညှပ်၊ လေတချွန်ချွန်နဲ့ပြန်သွား လေရဲ့
ှု(သူ့ အမေ သမိုင်းပါမောက္ခ ဒေါ်မမကြီးက ၂၀၁၀ နှစ်များရဲ့ ဒီမိုကရေစီ သူရဲကောင်း အဆိုတော်နာမည်ကို ယူပြီး မှည့်ထားတာဆိုတော့ ဇကလေးက ရှိလေရဲ့ )
မူယာ၊ ကျောင်းခန်းထဲဝင်သွားရပါပြီ၊ ကျောင်းခန်းကသူမရဲ့အိပ်ခန်းဘေးမှာပါ၊   စက်ရုပ်ဆရာကြီး ကို အသင့်စက်ဖွင့်ထားပြီးသူ့ ကို စောင့်နေလေရဲ့၊ စနေ၊ တနင်္ဂနွေရက်တွေကလွဲရင်၊ဒီနေရာ ဒီအချိန်မှာ  အမြဲစာ သင်ရလေရဲ့၊ ဒေါ်သူဇာက ခလေးတွေကို အချိန်မှန် လေ့ကျင့်ပေးမှ ပိုတိုးတက်မယ်လို့ခံယူထားတာကိုး
တယ်လီဗေးရှင်းဖန်သားပြင်ကြီး မီးလင်းလာပြီး၊ အသံထွက်လာပါတယ်၊ ' ဒီနေ့သင်မဲ့သင်ခန်းစာက  ဂဏန်းသင်္ချာမှာ၊ အပိုင်းဂဏန်းတွေပေါင်းခြင်းသင်ခန်းစာပဲဖြစ်ပါတယ်၊ မနေ့ကလုပ်ထားတဲ့ အိမ်စာတွေကို ဖြေဆိုပေါက်ထဲထဲ့ပေးပါ'
မူယာက သက်ပြင်းလေးချလိုက်ပြီး အဖြေလွှာတွေထဲ့လိုက်ပါတယ်၊ သူ့စိတ်ထဲမှာကတော့ သူ့အဘိုး ရဲ့အဘိုး၊ ခလေးဘဝက ရှေးရှေးကကျောင်းတွေအကြောင်းကိုတွေးနေမိတယ်
အိမ်နီးနားချင်းအိမ်တွေက ခလေးတွေစုပြီး ရယ်ကြမောကြ အော်ဟစ်ပျော်ရွှင်စွာနဲ့၊   ကျောင်းဝင်း ထဲမှာ ပျော်ပျော်ပါးပါး စာသင်ခန်းထဲမှာလဲ၊တစုတဝေးထိုင်၊ တနေ့တာကုန်ဆုံးပြီ ဆိုတာနဲ့ အိမ်တွေကို အတူတူပြန်လို့၊ စာသင်တော့လဲသင်ခန်းစာတွေကို  တစ်မျိုးတည်း  အတူတူသင်ကြတာမို့လို့၊   တစ်ယောက်ကို တစ်ယောက်အိမ်စာတွေ အတူတူ လုပ်ကြ၊မသိတာမေးမြန်းကြ၊ ပြီးတော့၊ ပြီးတော့၊ဆရာတွေက လူသားတွေလေ
စက်ရုပ်ဆရာကြီးက စကရင်ပေါ်မှာ မှိတ်လိုက်ပွင့်လိုက်နဲ့ စာသင်နေပါတယ် 'နှစ်ပိုင်းတစ်ပိုင်းနဲ့ လေးပိုင်း တစ်ပိုင်းကို ပေါင်းမယ်ဆိုရင် '
မူယာစိတ်ထဲမှာကတော့ ရှေးရှေးခေတ်က ကလေးတွေဘယ်လောက်ပျော်လိုက်ကြမလဲပဲ စဉ်းစားနေ ပါတယ်။ သူမ စဉ်းစားနေတဲ့အဓိက အကြောင်းကတော့သူတို့ ဘယ်လောက်တောင်ပျော်လိုက်ကြမလဲ၊ ဘယ် လောက်တောင်ပျော်လိုက်ကြမလဲ

၁၄း၃၀ နာရီ
ဥပသန္တိစေတီတော်
၇-၃-၁၂

ဆွမ်းဆန်စိမ်းလောင်းဘို့ စောင့်ရင်း Issac Asimov ရဲ့  The fun they had ကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ၊ ၁၉၅၃လောက်က စာဟာ ဘယ်လောက် ခေတ်ကို ကြိုတွေးနိုင်တယ်ဆိုတာ အံ့မခန်းပါပဲ

No comments:

Post a Comment