Wednesday, November 2, 2016

The Road Home အကျိုးတိုင်းမှာ အကြောင်းရှိသည်။

The Road Home အကျိုးတိုင်းမှာ အကြောင်းရှိသည်။

26 August 2012 at 18:59
The Road Home
အကျိုးတိုင်းမှာ အကြောင်းရှိသည်။

တရုတ်ကားလေးတွေ၊ တော်တော်ဒုက္ခပေးကြတယ်ဗျာ၊ နာမည်ကြီးမင်းသား မင်းသ္မီးမပါ၊ ဆက်တင်ဘာမှမရှိ၊ ပေါ်လစီစကားတွေလဲမပါ၊ ဒါပေမဲ့ အသက်သာ ငယ်သေးရင် အဲဒီ ဇာတ်လမ်းထဲက ဘ၀ကို နှစ်နှစ်ချိုက်ချိုက် ခံယူခြင်တဲ့စိတ်အထိ ပေါက်လာအောင် ဒုက္ခပေးတယ်၊ မျက်ရည်ပေါက်ပေါက်ကျအောင် လုပ်တယ်။

ဆရာဦးရွှေအောင်ပြောတဲ့ ရသစာပေ၊ ရသမြောက်တယ်ဆိုတာ ဒါပါပဲလား။

The Road Home ဆိုတဲ့ တရုပ်ကားလေးကို မနေ့ က မြင်လိုက်တယ်၊ တပိုင်းတစ်စ ဘာမှ မသိလိုက်ဘူး၊ ဒီနေ့ မှ ၉၀%လောက် ပြန်မှီလိုက်တယ် ပြောပြချင်လို့ ၊

တရုတ်ကျေးရွာလေး မြို့ နဲ့ ဝေးတယ်၊ လမ်းလေးတစ်လမ်းပဲ ရှိတယ်၊ နေရာက နွေမိုးဆောင်း ရာသီ၊ ဆောင်းမှာ နှင်းကျ ရေခဲတဲ့ရာသီပဲ၊
ရွာကျောင်းလေးမှာ အနှစ်၄၀စာသင်ခဲ့တဲ့ ကျောင်းဆရာ မြို့ ဆေးရုံမှာ ဆုံးတယ်၊ သူ့ သားကရွာကို ပြန်ရောက်လာရင်းနဲ့ သူ့ အမေ (ရွာသူနဲ့ သူ့ အဖေ ကျောင်းဆရာတို့ ရဲ့ ဇာတ်လမ်းကို ပြန်ပြောနေတာနဲ့ ပြတယ်)။

ရွာလေးဟာ ကျောင်းမရှိဘူး၊ ကျောင်းဆရာလေးရောက်လာပြီး ကျောင်းကို ပြီးခဲ့တဲ့ အနှစ်၄၀ကျော်က ကိုယ်တိုင်ပါဝင် ရွာနဲ့ အတူတူ ဆောက်ထားခဲ့ကြတာ၊ ကျောင်းဆောက်တဲ့ပြီး စာသင်တဲ့ အချိန်မှာ ကျနော် စကြည့်ဖြစ်တော့ အမေ မိန်းခလေးက အဖေ ဆရာလေးကို အိမ်ခေါ်ပြီး ထမင်း ဖိတ်ကျွေးနေတဲ့ အချိန်ရောက်နေပြီ၊

မိတ်ဆွေများကျေးဇူး (ကိုကောင်းမြတ်)နဲ့ ရှေ့ ပိုင်းတွေ ပြန်ကြည့်လိုက်ရတယ်။
ဆရာလော့ (အဖေ ကျောင်းဆရာ) ဟာ မထင်မှတ်ပဲ ရုတ်တရက် ကွယ်လွန်သွားရတာပါ။
သူ အနှစ်လေးဆယ်ကျော် စာသင်ခဲ့၇တဲ့ ကျောင်းကို အသစ်ဆောက်ဘို့ လုံးပန်းနေတယ်၊ ရံပုံငွေအခက်အခဲများလွန်းလို့ ရနိုင်တယ်ဆိုတဲ့ အသံလေးကြားတာနဲ့ မရောက်မနေသွားပြီး ရံပုံငွေရှာတယ်၊ အခုကိစ္စမှာ ပြင်းထန်လှတဲ့ နှင်းမုန်တိုင်းဒဏ်ကို ခံစားရပြီး အကြီးအကျယ်ဖျားတယ်။
သူ့ မှာ နှလုံးရောဂါရှိနေတယ်ဆိုတာကို အဲဒီအချိန်ကြမှ အထိတ်တလန့် သိလိုက်ရတယ်။ ဆရာဝန်တွေ အထူးကျိုးစားပေမဲ့ မရတော့ဘူး၊ ဆုံးသွားပြီ။
သူကြီးက သားကို ပြန်ပြောနေတာ၊ ပြသနာက ဒီမှာ စလာပြီ။

ဆရာလော့ရဲ့  ရုပ်ကလပ်ကို ရွာကို ပြန်သယ်ဘို့ လုပ်တယ်။ နှင်းမုန်တိုင်းတွေ တိုက်နေပေမဲ့ ကားငှားလို့ ရပါတယ်။ ဒါပေမဲ့ ဆရာကတော် တိ (အမေ)က ခွင့်မပြုဘူး။

ဒီမှာ The Road Home အိမ်ပြန်တဲ့လမ်း ဆိုတဲ့ အဓိပ္ပါယ်ဝင်လာပါတယ်။ တရုတ်ယဉ်ကျေးမှု တော်လှန်ရေးကြီးကြောင့် ပျောက်သွားခဲ့တဲ့ တရုတ် ရှေးရိုးစဉ်လာရှိတယ်၊ ရေခြားမြေခြားမှာ ဆုံးတဲ့ အလောင်းကို ရွာပြန်သယ်တဲ့အခါမှာ လူတွေနဲ့ ထမ်းလာရတယ်။ ချောင်းတွေဖြတ်၊ မြောင်တွေဖြတ်၊ ကြောတွေဖြတ်။ နောက် လမ်းဆုံ လမ်းခွတွေ ဖြတ်ရတဲ့အခါတိုင်း၊ သယ်ပို့ လာတဲ့ လူတွေက ဒါ အိမ်ပြန်တဲ့လမ်းလို့ အော်ပြောရတယ်၊ နို့ မို့ ရင် သေသူ ၀ိညဉ်ဟာ လမ်းပျောက်သွားမယ်တဲ့။
တိက ခေါင်းမာစွာပဲ သားကို အဲဒီလို ပြန်ခေါ်ဘို့  စည်းရုံးပါတယ်။ နောက် သူ့ မသုံးတာကြာပြီးဖြစ်တဲ့ လက်ရက်ကန်းကို ထုတ်ခိုင်းတယ်၊ ရုပ်ကလပ်လွှမ်းမဲ့ အ၀တ်ကို သူကိုယ်တိုင်ယက်ပါတော့မယ်။

သားက ၀ယ်ပေးပါ့မယ်ပြောလဲမရပါ။ ရက်ကန်းကို သွားပြင်ရတယ်၊ တရွာလုံးမှာ မင့်အမေရက်ကန်းပဲ အကောင်းကျန်တော့တဲ့အကြောင်း လက်သမားဆရာကြီးက ပြောပြတယ်။

အဖွားကြီးတိ ရက်ကန်းရက်နေတုံးမှာ သားက ကျနော်တို့ ကို ဒီနယ်မှာ လူတိုင်းသိတဲ့ ဆွတ်ပျံ့ ဘွယ် သူ့ မိဘများရဲ့  အချစ်ဇာတ်လမ်းကို ပြောပြပါတော့တယ်။

ဆရာလော့ဟာ တခြားအရပ်က လာတဲ့ ကျောင်းဆရာလေးပါ၊ မင်းသာဟာ စိုင်းစိုင်းခမ်းလှိုင်လို ရုပ်မျိုးလေးပါ၊ တိအဖြစ်သရုပ်ဆောင်တဲ့ ကျန်းကျီရိ (ပထမဆုံးကားလို့ ပြောတယ်) အင်မတန် ချစ်စရာကောင်းပါတယ်။ နှိုင်းပြောရရင် ပန်းမြိုင်လယ်က ဥယာဉ်မှုးတုံးက သီင်္ဂထွန်းပုံစံလေး။

ရွာကို ရောက်လာတဲ့ ကျောင်းဆရာလေးကို မိန်းမနောက်ပိုး ပိုးတဲ့ အခန်းလေးတွေ တယ်ချစ်စရာကောင်းပါ့၊
ကျောင်းကို ဆရာလေးနဲ့ အတူ ရွာသားတွေ ပြီးအောင်ဆောက်ကြတယ်။
မိန်းမတွေက ချက်ပြုတ်ပေးတာရယ်၊ အဝေးက ကြည့်နေတာရယ်ကလွဲလို့ ဝင်မလုပ်ရဘူး မိန်းမတွေပါရင် ကံမကောင်းဘူးလို့ အဲဒီအချိန်က အယူရှိကြတယ်။ Gender issue လေး။

ကျောင်းအတွက် ယနယ်တိုင်မှာ ရွာရဲ့ အလှဆုံးမိန်းကလေးက တံခွန်ယက်ပြီး ချည်ထားပေးရတယ်၊ ပြောနေစရာမလိုပါဘူး အလှဆုံးမိန်းကလေး တိရဲ့ လက်ရက်ကန်းနဲ့ လက်စွမ်းပြမှုတွေကို မြင်ရပါတော့တယ်။

နောက်ပိုးခန်းလေးတွေတော့ ကြည့်ကြပါ၊ ကျနော် ရေးပြနိုင်စွမ်းမရှိတော့ပါ

မရေးဘူးဆိုပေမဲ့ နှစ်ကွက် သုံးကွက်တော့ ပြန်ရေးချင်ပါတယ်။

ဆရာလေးက စာသင်တော့ (သူ့ သားကို နောက်ပြန်ပြောပြတယ်၊ စာသင်တဲ့အသံကို သူက အရမ်းကြိုက်တာကိုး) ရွာမှာ ရေတွင်းနှစ်တွင်းရှိတယ် ရေခပ်ဘို့ ၊ အားလုံးက နီးတဲ့ ရေတွင်းသစ်မှာ ခပ်ကြပေမဲ့ သူက ကျောင်းဘေးက ဖြတ်သွားတဲ့ ရေတွင်းဟောင်းကိုပဲ သွားရေခပ်တယ်။

ဆရာလေးက ကျောင်းဆင်းရင် ခလေးတွေနဲ့ အတူ ရွာကို စာတွေအံပြီး ပြန်တယ်၊ အပြန်လမ်းက တောင်ကုန်းတွေကို ကွေ့ ဝိုက်ပြီး ဖေါက်ထားတယ်၊ ဒါကို သူက ခြင်းတောင်းလေးကိုင်လို့ ၊ တောင်ကုန်းတွေ (ကျောပေါ်ကနေ ဖြတ်ဖြတ်ပြီး စစ်တိုက်ရင် အောက်လမ်းက သွားတဲ့ရန်သူကို ချုံခိုခြောင်းသလိုကို ခြောင်းတာ) ကနေ အမျိုးမျိုးခြောင်းလေရဲ့ ၊ နောက်ဆုံးလမ်းပေါ်မှာ တွေ့ တော့ ဆရာလေးက သူ့ ကလေးတွေကို မေးတယ် ဒါဘယ်သူလဲပေါ့၊ အမတိလို့ ပြောပြီး ကလေးတွေက သူ့ ကိုခေါ် မိတ်ဆက်ပေးကြတယ်၊ လက်ဆွဲနှုတ်ဆက်ပြီး ရှက်ကိုးရှက်ကန်းနဲ့ ထွက်သွားတာ လမ်းပေါ်မှာ ခြင်းတောင်းကြီးတစ်ခုလုံးကျန်ခဲ့ပါလေရော၊ ခလေးတွေ ဟားလိုက်ကျတာ ကြည်နူးစရာပါ။

နောက် အကောင်းဆုံးတကွက်၊ သူရေတွင်းမှာ ရေခပ်နေတော့ သူ့ ပုံးနှစ်ပုံးထဲကို ရေငင်ပြီး ဖြည့်ပြီးလို့ ထမ်းပြီး အိမ်ပြန်တော့မယ်။ အဲဒီမှာ ဆရာလေးက ရေထမ်းနဲ့ သူ့ ဆီကိုလာနေတာတွေ့ တော့၊ သူ့ ရေတွေကို ရေတွင်းထဲ ပြန်သွန်းပစ်ပြီး ဆရာလေးလာမှာပဲဆိုပြီး စောင့်တာ၊ (ရွာသားတယောက်က ဟာဆရာ ရေမခပ်ပါနဲ့ ဆိုပြီး အတင်းလုသွားလို့ အကြံ မအောင်လိုက်ဘူးလေ)

တိက (ကောင်မလေးနာမည်) ဆရာလော့ (ဆရာ့နာမည်)ကို ကျောင်းဆောက်နေကထဲက၊ အိမ်မှာရှိတဲ့ တလုံးတည်းသော ကြွေပန်းကန်နဲ့ ဟင်းကောင်းတွေ ချက်ချက်ပြီး ပို့ တယ်၊ သူ့ အိမ်မှာ လာစားတော့ သူ့ ပန်းကန်ကို မှတ်မိလားမေးတော့ ဆရာလော့က မှတ်မိတယ်ပြောပေမဲ့ တကယ်တော့ တိက ချက်ခဲ့တဲ့ ဟင်း၃မျိုးပြောပြတော့ မသိတာ ပေါ်သွားလေရဲ့ ၊ အဲဒါနဲ့ ပဲ ညနေကြရင် ဖက်ထုတ်လာစားပါအုံးလို့ ပြောရင်း ထမင်းစား ထပ်ဖိတ်တယ်၊ တိအမေကြီးကတားတယ် အဆင့်အတန်းကွာတယ်ပေါ့၊ ကျောင်းပြန်မသွားခင် ဆရာလော့က တိကို အဲဒီ ဆွယ်တာအနီလေးနဲ့ လိုက်တယ်ဆိုပြီး ဆံထိုးအနီလေး လက်ဆောင်ပေးသွားတယ်။

နိုင်ငံရေးကို ပါးပါးလေးပဲ ထဲ့ထားတယ်၊ အဲဒီညနေမှာပဲ၊ ကျောင်းဆရာလေးကို (ကျနော် အလုပ်ဝင်ခါစ အရွယ်လောက်) နိုင်ငံရေးနဲ့ ပတ်သက်လို့ ဆိုပြီး မြို့ ကို အဆင့်ခံရတယ်၊ သူဆက်ဆက်ပြန်လာမဲ့အကြောင်း ဆရာလော့က ပြန်လာပြောတယ်၊ ဖက်ထုတ်တော့ စားသွားပါအုံးဆိုပြီး တိက ပြောပေမဲ့ ပြန်မလာတော့ဘူး၊

သူကြီးရဲ့ မြင်းလှည်းနဲ့ ထွက်သွားတယ်၊ ရုပ်ရှင်ထုံးစံအတိုင်း တိက ဖက်ထုတ်တွေ ကြွေပန်းကန်နဲ့ ထုတ်ပြီး အပြေးလိုက်ပို့ တယ်၊ ဆွယ်တာအနီလေးဝတ်ပြီးတော့ ဆံထိုးလေးထိုး အလှပြင်ပြီးစောင့်နေတာကိုး။
မမှီပါဘူး၊ လမ်းမှာ ခလုတ်တိုက်ပြီး ကြွေပန်းကန် ကွဲသွားတယ်၊ ဆံထိုးလဲ ပျောက်သွားတယ်၊ သားရဲ့ နောက်ခံစကားပြောအသံနဲ့ ဇာတ်လမ်းကို ဆွဲဆွဲခေါ်သွားတာ။
ဆံထိုးကို ဇွဲကောင်းကောင်းနဲ့ နေ့ တိုင်း ပြန်ရှာပြီး တွေ့ သွားတယ်

နွေမိုးဆောင်းတွေ ပြောင်းလာတဲ့အခါမှာ ကျောင်းဆောင်လေးကို တိကသွားပြီး ပြင်ဆင်တယ်၊ သူကြီးက တွေ့ သွားတော့ တရွာလုံး သူတို့ အကြောင်းသိသွားတယ်၊ အဲဒီခေတ်က မိဘပေးစားမှပဲ ယူကြရတာဆိုတော့ ဒီဇာတ်လမ်းလေးက အထူးအဆန်းဖြစ်ကုန်ကြတယ်။

အဲဒီမှာ နှင်းတွေကျနေတဲ့နေ့ အထမ်းကြီးနဲ့ လူကြီးတစ်ယောက်ကို တိအမေက အိမ်ထဲကို ခေါ်တယ်၊ ကြွေပန်းကန်ကွဲတွေ ပြန်စိပြီး ကြိုးနဲ့ စည်းတယ်၊ လေးကိုင်းလို ကိရိယာကိုသုံးပြီး ကြွေပန်းကန်ကို အပေါက်လေးတွေဖေါက်လို့ စို့ ထိုးတယ်၊ နောက် စွန်ကုပ်လေးတွေနဲ့ ကုတ်ရတယ်၊ ပုဂံကို ပြင်တာ အသစ်ဝယ်တာထက်ပိုကျတယ်။ တရုပ်တွေရဲ့ ရှေး၇ိုးရာ ကြွေပန်းကန်ကွဲ ပြန်ဆက်တဲ့ အတတ်ပညာကို ခေတ်ပေါ်ပစ္စည်းတွေမသုံးပဲ ပါးပါးလေးပြလိုက်တာပဲ၊
၇ိုးရာပစ္စည်းလားတဲ့၊ မဟုတ်ပါဘူ။ ဘိုးဘေးတွေ သုံးသွားတာလား၊ မဟုတ်ပါဘူး၊ အရမ်းအလေးထား ရတဲ့လူသုံးတာလားတဲ့၊ အဲဒီလိုပြောရမှာပဲတဲ့၊ ကျမသမီး အရမ်းအလေးထားတဲ့ ဒီပန်းကန်ကို သုံးတဲ့လူ အဝေးကို ထွက်သွားလို့ ပါတဲ့၊ ဒီပန်းကန် ပြန်ကောင်းသွားရင် သမီးရဲ့ အသဲနှလုံးတွေ ပြန်ရောက်လာနိုင်မယ် ထင်လို့ ပါတဲ့။ ပါးပါးလေးတွေနဲ့  ကျနော့် မျက်ရည်တွေကို ခြွေချသွားကြတယ်။

(ဒီပန်းကန်ကွဲကို ပြန်ဆက်တဲ့ ရိုးရာအတတ်ပညာပိုင်းဟာ မထည့်ရင် ဖြစ်ပေမဲ့၊ ဒါရိုက်တာဟာ အစိတ်စိတ်အမွှာမွှာကွဲသွားခဲ့တဲ့ တရုတ်ယဉ်ကျေးမှုကို ပြန်ဆက်တဲ့အနေနဲ့  montage အနေနဲ့များ ပြသလားလို့ အခုတွေးမိတယ်)

ရိုးရာပြတဲ့အနေနဲ့ တိ ကိုယ့် အ၀တ်အထည်ကို ရက်နေတာပါသေးတယ်။

ပြန်လာမယ်ဆိုတဲ့နေ့ မှာ နှင်းတွေကျနေ၊ စောင့်။ မလာနိုင်ပါဘူး၊ တိဖျားတယ်၊ အပျင်းအထန်ဖျားရက်နဲ့ ပဲ နောက်နေ့ မှာ မြို့ ကိုလိုက်သွားတယ်၊ ဆိုးဝါးလှတဲ့ ရာသီဥတုမှာ ရောက်အောင် မသွားနိုင်ပါဘူး၊ ရေခဲတုံးလို ခဲနေတဲ့ တိကို သူကြီးနဲ့  သူ့ မောင်တွေက ပြန်သယ်လာရတယ်၊ ဆေးဆရာက ကျောင်းဆရာပြန်လာမယ်မထင်ဘူး၊ စာရေးလိုက်ကြပါလားဆိုတော့ အားလုံးတိုင်ပင်ပြီး စာရေး အကြောင်းကြားလိုက်ကြတယ်။

ဆရာလော့ မနေနိုင်ပဲ အခွင့်မတောင်းပဲ တရက်ပြန်လာလိုက်တာ၊ သူတို့ နှစ်ယောက်ကို တရွာလုံးက အသိအမှတ်ပြုလိုက်သလို ဖြစ်ပေမဲ့ အာဏာပိုင်တွေက အရေးယူလို့ နောက် နှစ်နှစ်ကျော်မှ ပေါင်းကြရတော့တယ်။

အဲဒီ ၂နှစ်ပြည့်တဲ့နေ့ ပြန်လာတဲ့ နေ့ မှာ တိက အင်္ကျီအနီလေးနဲ့ စောင့်နေရဲ့ ၊ အဲဒီနေ့ ကစလို့ အဖေက အမေ့ကို ဘယ်တော့မှ မခွဲတော့ဘူးတဲ့။

ကျောင်းလေးရဲ့ ထုတ်တန်းမှာလဲ တိထိုးထားတဲ့ တံခွန်တိုင် အနီရောင် အစတွေပဲ ချီထားတယ်၊ စာသင်နေရင်း အမေ့ကို မှတ်မိနေအောင်တဲ့၊ သူကြီးက မျက်နှာကြက်လုပ်ပေးတာတောင် မခံလို့ ကျောင်းလေးဟာ နှစ်ပေါင်းများစွာ မျက်နှာကြက်မရှိဘူးဆိုပဲ။

အနှစ်၄၀ကြာ အိမ်ထောင်ရေး၇ဲ့ သံယောဇဉ်နဲ့ ခိုင်မြဲမှုကို အပေါ်က စာလေး၂ကြောင်းကို ပြကွက် ၂ကွက် တိ လမ်းပေါ်ကနေ စောင့်နေတာရယ်၊ ကျောင်းလေးရဲ့ ထုတ်တန်းတွေမှာ ချည်ထားတဲ့ အနီရောင်များနဲ့ ရယ် ဒါလေးနဲ့ ပဲ ပြသွားလေးရဲ့ 
လက်ဖျားခါစရာပါ (ဒါရိုက်တာ ကျန်းရီမင်)

ဇာတ်လမ်းက အဲဒီမှာ အဖေဆုံးထားတဲ့ အခန်းကို ပြန်ရောက်တယ်၊ အမေနဲ့ အဖေအတွက် ဒီမြို့ နဲ့ ရွာဆက်တဲ့လမ်းလေးဟာ အသက်ပဲ၊ အမေက ဒါကြောင့် အဖေ့ကို ဒီလမ်းကို အတူတူလျှောက်ပြီး ပြန်ပြီး ရွာမှာ မြုပ်ချင်တာပါလို့ သားက သူကြီးကို ပြောတယ်။
နှင်းမုန်တိုင်းတွေ တိုက်နေတဲ့အချိန် မြို့ ကနေ ဒိ တရုတ်ခေါင်းကြီးကို သယ်ပြီး လျှောက်ဘို့ ၊ လူတွေ ငှား၇မယ်၊ ငှားခ၊ ဆေးလိပ်ဘိုး၊ အအေးဒဏ်ခံဘို့ အရက်ဘိုး အစ တွက်ပြတယ်၊ ယွမ် ၄၀၀၀လောက်ကျမယ်ဆိုတော့ သားက ၅၀၀၀ ထုတ်ပေးတယ်။

မြို့ ကနေ ရွာကို နှင်းမုန်တိုင်းတွေ ကြားထဲမှာ ခေါင်းကို ပြန်သယ်တဲ့ အခန်း၊ လူတွေလူတွေ အများကြီးထွက်လာကြတယ်၊ ရောက်လာကြတယ်၊ ငှားခ လုံးဝ လက်မခံကြဘူး၊ ထော်လာဂျီတွေနဲ့ ။ေ နာက် တကယ့် ကားအကောင်းစားကြီးတွေနဲ့ ၊ လူတစ်ရာလောက်က သားအမိနဲ့ အတူတူ လမ်းလျှောက်ကြတယ်။

လာတဲ့လူတွေ အားလုံးဟာ ဆရာလော့ရဲ့ တပည့်တွေ၊ (နှစ်၄၀ကျော်စာပေါ့၊ တချို့ဆို တိတို့ သားအမိ မမှတ်မိတော့ဘူး) ရွာတွေကနေ၊ မြို့ ကနေ၊ ကွမ်ကျိုးလို မြို့ တော်ကြီးကိုကနေ ရောက်လာကြတယ်၊ တချို့ လဲ နှင်းမုန်တိုင်းကြောင့် မမှီကြဘူး။
ရုပ်ရှင်ကြည့်နေရတယ်လို့ ကို မထင်ပါဘူး၊ ကိုယ့်စိတ်ပါမျောသွားတယ်။ (ဒီနေရာမှာ အင်္ဂလိပ်စကားလုံး from all walks of life ဆိုတာကို သွားသတိရမိတယ်၊ ကျောင်းဆရာတယောက်ရဲ့ အကျိုးပြုနိုင်မှုဟာ လောကကြီး အလွှာအသီးသီးကိုပါပဲ)

နောက်ဆုံး သားက ပြန်တော့မယ်၊ ဆရာလော့ အမြဲတောင့်တခဲ့တဲ့ သပ်သပ်ရပ်ရပ်နဲ့ နှစ်ထပ်ကျောင်းကို အစိုးရဆီက ချပေးလိုက်ပြီ၊ လိုတာကို ရွာကစိုက်ပြီး ပြီးအောင်လုပ်ကြတော့မယ်။

တိက သားကို ပြောနေတယ်၊ အဓိကပြော၇ရင် သားကို ဆရာဖြစ်စေချင်ခဲ့တာ ဆရာလော့ရဲ့ ဆန္ဒပဲ၊ သားက ဆရာအတတ်သင်တက်ခဲ့ပေမဲ့ စာလုံးဝ မသင်ပေးဘူး။
သူ့ သား ဒီကျောင်းမှာ တရက်လောက်ပဲ စာသင်ရင် ကျေနပ်ပါပြီဆိုတဲ့ အကြောင်း။


ဇာတ်လမ်းဆုံးတာကတော့၊ နောက်နှစ်သားပြန်လာရင် မရှိတော့မဲ့ နှစ်၄၀ကျော်စာသင်ကျောင်းမှာ သားက သူ့ အဖေ ကိုယ်တိုင် ပြုစုထားတဲ့ ဖတ်စာလေးကို ကျောင်းသားလေးတွေကို စုပြီး စာသင်နေတာနဲ့ ပြီးသွားတယ်။ သူ့ အဖေ ပထမဆုံး စာသင်တုံးက သင်ရိုးညွှန်းတမ်းဖတ်စာကို မသုံးပဲ ဒါကို သုံးတယ်။ ခလေးတွေ ရွတ်နေတဲ့အသံတွေနဲ့ ရွာသားတွေက ဘေးက နားထောင်နေကြပြီး တိငယ်ငယ်က ဆွယ်တာအနီလေးနဲ့ အင်မတန်လှတဲ့ လှုပ်ရှားမှုတွေနဲ့ ပြီးသွားတယ်

ဖတ်စာက ဆုံးမစာတွေ နီတိတွေ

အဲဒီထဲက ကျနော် အကြိုက်ဆုံးကတော့

အကျိုးတိုင်းမှာ အကြောင်းရှိသည်။

No comments:

Post a Comment