Tuesday, November 1, 2016

ပန်းစကား

ပန်းစကား

22 October 2011 at 12:40
``ကိုမောင်ကို၊ အဲဒီပန်းကလေးတွေရဲ့  လက်တင်နာမည်တွေကို ဘယ်လိုမှတ်သလဲဟင်၊ အများကြီးပဲနော်´´

မောင်ကိုရီနေမိသည်။

``ဒါကလဲ ပညာတရပ်ပေါ့ ဆရာမရဲ့ ၊ ဆရာမလဲ ရုက္ခဗေဒ ယူထားတဲ့လူပဲ၊ မစဉ်းစားမိဘူးလား´´

``ဟင့်အင်း၊ အခုတတိယနှစ်ရောက်လာတော့ မျိုးရိုးခွဲ ပညာပါလာပြီ၊ ကိုမောင်ကိုတို့ လို ကျောင်းမှာ ဆရာတွေနဲ့ သင်ရတာမဟုတ်ပဲ စာပေးစာယူ သင်ရတာဆိုတော့ ပိုဆိုးသေးတယ်၊ ဒီသိပ္ပံနာမည်တွေကို ကျက်ရတာကိုက ပြသနာတစ်ခုပဲ´´

`` ကဲပါလေ ကျွန်တော်နည်းပေးပါ့မယ်၊ ဆရာမ ဘာကျွေးမလဲ´´

``ဟောရှင်၊ ဆရာကလဲ ဈေးစကားကအရင်ပြောတာပါပဲ၊ သစ်တောကလို့ ပြောရဘူး၊ အခုလာမဲ့ တနင်္ဂနွေ အိမ်မှာ ထမင်းကျွေးမယ်လေ´´

``အဲဒါက ဆရာမအဖေက ကျွန်တော်တို့ တဖွဲ့လုံးကို ဖိတ်တာပဲဗျ၊ ဆရာမလဲ အလယ်သားပဲ၊ကဲပါလေ ကျွန်တော်ရှင်းပြပါ့မယ်´´

``ဒီလက်တင်နာမည်တွေက အဓိပ္ပါယ်အသီးသီးရှိတယ်၊ အဲဒါတွေကို လေ့လာပြီး တွဲမှတ်လိုက်ရင်လွယ်လွယ်လေးပဲ၊ ပြီးတော့ ပိုတောင် စိတ်ဝင်စားစရာ ကောင်းသေးတယ်´´

``အင်းပြောပါအုံး´´

``ပိတောက်ဆိုပါတော့၊ သူ့နာမည်က တယ်ရိုကားပတ်စ်၊ မက်ကရိုကားပတ်စ်၊ (Pterocarpus macropcarpus) ၊ အဲဒီမှာ သိရမှာ သုံးခုပဲရှိတယ်၊ တယ်ရို (Ptero) ဆိုတာက လက်တင်ဘာသာမှာ တောင်ပံပါသည်တဲ့၊ ကားပတ်စ် (carpus) ဆိုတာက အစေ့အိမ်လေ ကာပယ်ပေါ့၊ ဒီတော့ ပိတောက်သီးမှာ တောင်ပံအ၀ိုင်းပါတယ်မဟုတ်လား၊ အဲဒါမှတ်လိုက်ရင် တယ်ရိုကားပတ်စ်ပေါ့ မက်ကရို (macro) ဆိုတာက ကြီးမားသောတဲ့၊ ဒီအစေ့အိမ်က ကြီးလဲကြီးတယ်၊ ဒီတော့ တောင်ပံပါတယ်က တယ်ရိုကားပတ်စ်၊ ကာပယ်ကြီးတဲ့အတွက် မက်ကရိုကားပတ်စ်၊ ဒီတော့ ပိတောက်ကို တယ်ရိုကားပတ်စ် မက်ကရိုကားပတ်စ်လို့ ခေါ်တယ်၊ ကဲမလွယ်ဘူးလား´´

``ခုတော့လွယ်သားပဲနော်၊ ဒါပေမဲ့ ဒီနာမည်တွေ သိရအောင်က ဘယ်လိုမေးရမလဲ၊ ဥပမာ ကျွန်းဆိုပါစို့ ´´

`` ဒါကတော့ စူးစမ်းရတာပဲ၊ ကျွန်းဆိုရင် တက်တိုနာ (tectona) က လေးအင်္ဂါဆရှိတာ၊ ဂရန်းဒစ် (grandis) က အပင်ဖြောင့်ဖြောင့်ဖြူးဖြူးနဲ့ ခန့် ညားတာ၊ ဒါတွေနဲ့ မှတ်ထားရတာပဲ´´

``ဟုတ်ပါတယ်လေ၊ ဒါပေမဲ့ အဲဒီတယ်ရိုဆိုတာ တောင်ပံရှိတာတို့ ၊ တက်တိုနာဆိုတာ လေးဆရှိတာတွေကို ကျောင်းကမှ မသင်ပေးပဲ´´

``အဲ၊ ဒါလဲဟုတ်ပေသားပဲ၊ ဒီလိုလုပ်လေ၊ ကျွန်တော်လဲ အဲဒါစဉ်းစားမိလို့  အဲဒီလို သိပ္ပံနာမည်လေးတွေ ရှင်းလင်းတဲ့ စာတမ်းလေးတစ်ခု ထုတ်ဘို့ စဉ်းစားထားတယ်၊ စုထားတာတောင် အတော်လေးရနေပြီ၊ နောက် အင်္ဂလိပ်စာအုပ်တစ်အုပ်လဲရှိတယ်၊ မနက်ဖြန်ကျောင်းကို အပို့ လွှတ်လိုက်မယ်၊ အဲဒီထဲက ကူးယူပေါ့၊ ပြီးနောက်ပိုင်း မျိုးစိတ်နာမည်တွေက တူတာများပါတယ်´´

နှစ်ယောက်သား စကားပြတ်သွားပြန်ပါသည်။ နေ့ လည်စာကျောင်းဆင်းချိန် မောင်ကိုကလဲ သူတို့ ကျောင်းနားပေါက်နေသည့် ရှားစောင်းပြသာဒ်ပင်များမှ အပွင့်ကြီးများကို ၀တ်ရည်သကြားဓါတ် လာတိုင်းရင်း ထိုင်စကားပြောနေကြခြင်းဖြစ်သည်။

ကံကောင်းချင်တော့လဲ ရွာသားများခုတ်ပစ်မှုကြောင့် ဤအပင်များက ကျောင်းစည်းရိုးတ၀ိုက်တွင်သာရှိနေသည်မို့ မောင်ကိုတစ်ယောက် သူ့ ရွှေ့ ပြောင်းပျားမွေးမြူရေးအဖွဲ့ ကို ဆင်ခြေမပေးရပဲ ကျောင်းသို့ လာနိုင်ခဲ့ခြင်းဖြစ်သည်။

စကားစပြတ်၍ ငြိမ်နေကြရာမှ မောင်ကိုတစ်ခုစဉ်းစားမိပြီး ခတ်ပြုံးပြုံး စပြောမိသည်။

``သိပ္ပံနာမည်တွေထက် ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာက အဲဒီပန်းလေးတွေရဲ့  တကဲ့အဓိပ္ပါယ်လေးတွေပဲ´´

``ဘယ်လို ပန်းကလေးတွေရဲ့ အဓိပ္ပါယ်၊ ဟုတ်လား ကိုမောင်ကို´´

`` ဟုတ်တယ် ကျွန်တော်က အဓိက ပန်းကလေးတွေနဲ့ အလုပ်လုပ်နေ၇တဲ့ လူဆိုတော့ ပန်းအကြောင်းဆိုရင် အလွန်စိတ်ဝင်စားတယ်လေ၊ အဲ `စိတ်ဂနိုင်´ ဆိုတဲ့ ၀တ္ထုတစ်ပုဒ်ထဲမှာ ကျွန်တော်ဖတ်ပြီး မှတ်ထားတာလေးတွေရှိတယ်၊ နားထောင်မလား´´

ဆရာမလေးက တခုခုတော့စပြီဟု သတိထားမိပုံပင်၊ သို့ သော်လည်း စကားလမ်းကြောင်းက ရှောင်၍မရ။

``ပြောပါလေ´´

``ကံ့ကော်ပန်းလေးနဲ့ စတယ်၊ ကံကော်ဆိုတဲ့ အဓိပ္ပါယ်က လွမ်းလွမ်းနဲ့ စောင့်မျှော်နေပါတယ်တဲ့၊ အဲကဗျာလေးတောင် ပါလိုက်သေးတယ်၊ ကံကော်ပွင့်လိမ့်မည်တမုံ့ ၊ ကျွမ်းဘော်လင့်လိမ့်မည် တမုံ့ ၊ လွမ်းမျှော်ဆင့်လိမ့်မည်တမုန့် တဲ့´´

မောင်ကို ဆရာမကိုမကြည့်၊ ခံစားမှု အပြည့်ဖြင့် ဆက်ပြောမိပါသည်။

``စကားပန်းကြတော့ တမျိုး၊ စံကားဆိုတာ နတ်သိပ်ကြိုက်တဲ့ပန်းဆိုပဲ၊ ဒါပေမဲ့ တချို့ နတ်တွေကလဲ သိတ်မုန်းတယ်လို့ ပြောကြတာပဲ၊ အင်းလေ သိပ်ကြိုက်တာနဲ့  သိပ်မုန်းတာနဲ့ က ထူးမခြားနားပါပဲလေ၊ သိပ်ကြိုက်လွန်းလို့ သိပ်မုန်းသွားရတာတွေ၊ သိပ်မုန်းရာကနေ သိပ်ကြိုက်သွားရတာတွေ ရှိတယ်လေ၊ ဒါပေမဲ့ အဲဒီစကားနဲ့  ပတ်သက်တဲ့ ပန်းပဲမောင်တင့်တယ် ဇာတ်လမ်းမှာ မောင်တင့်တယ်တို့ ချစ်သူနှစ်ဦးရယ်၊ သူ့ ညီမလေးရယ်ကို အကြောင်းပြုပြီး စံကားပန်းဆိုတာ ချစ်သူတွေကို အချစ်ဆိုတာ မီးလိုပူတယ်လို့ သတိပေးနေတယ်ဆိုပဲ´´

ဆရာမလေးက ငြိမ်၍နားထောင်နေသည်။ မောင်ကိုလဲ ပြောရင်းပြောရင်း မိမိစကားများ ဘယ်ရောက်ကုန်ပြီနည်းဟု ကမန်းကတန်း စဉ်းစားနေရသည်။

``သဇင်ဆိုတဲ့ ပန်းကလေးကျတော့ အေးတာ၊ မြင့်တာ၊ သန့် ရှင်းတာ၊ အားလုံး အကောင်းကြိုက်တဲ့ပန်းပေါ့၊ မာနပန်းလို့ ခေါ်ရမယ်၊ သူ့ ကိုပန်ချင်တဲ့လူကလဲ သက်စွန့် ဆံဖျားကို ခူးရတယ်၊ ပန်နိုင်တဲ့လူရှားတယ်လေ၊ လောကမှာ အများစုနဲ့  မနီးစပ်ရင် ဘယ် အဓိပ္ပါယ်ရှိတော့မလဲ´´

``အင်းနော်၊ ဒီအတိုင်းဆိုရင်တော့လဲ ဘယ်ပန်းလေးတွေကများ စင်းလုံးချော ရှိပါတော့မလဲဟင်´´

``ဒိန်းကနဲ´´ မောင်ကို့ ရင်ထဲ ဆောင့်သွားသည်။ သူဖတ်ခဲ့သော ၀တ္ထူထဲတွင်လည်း ရှင်းပြနေသော ဇာတ်ကောင်အား အမျိုးသမီးလေးက ယင်းစကားများအတိုင်း ပြန်လည် မေးခဲ့သည်။

``ရှိပါတယ်လေ၊ ရှိပါတယ်၊ ဥပမာ၊ စပယ်ပန်းလေးဆိုရင် ထာဝရ လန်းဆန်းနေမဲ့ မေတ္တာပန်းလေးတဲ့၊ တကဲ့ မေတ္တာစစ်ပေါ့၊``

ဆရာမလေး သူ့ ခေါင်းတွင်ပန်ထားသည့် စပယ်ကုံးကလေးကို သတိရဟန်ဖြင့် မျက်နှာမထားတတ် ဖြစ်သွားသည်။

``ပိတောက်ဆိုတာက စေတနာပန်း၊ ပင်လုံးကျွတ်အောင် ပန်ကြပါစေဆိုပြီး ပွင့်ပေးတယ်လေ၊ `ခရေ´ကလဲ အနေစုတ်ပေမဲ့ ရွှေထုတ်တဲ့ မြပုဝါလေး၊ `ဗေဒါ´ဆိုတာက `သတ္တိပန်း´၊ `ကြာပန်း´ ကိုတော့ `သဒ္ဒါပန်း´ လို့ ပြောရမယ်၊ ရွှံ့ တွေ နွံတေါထဲကနေ ပေါက်လာရပေမဲ့ သူ့ ရဲ့ သဒ္ဒါများလွန်းလို့ ကျက်သရေ ဘယ်လောက်ရှိတယ်ဆိုတာ ကြည့်ပေါ့၊´´

``အဲ ဂမုန်းကတော့ လောဘပန်းပဲ၊ လူတွေက လောဘနဲ့ မှ သူ့ ကို စိုက်တယ်၊ `သစ်ခွ´ဆိုတာက အရည်အချင်း မရှိပဲနဲ့ နေရာယူချင်တယ်၊ `နှင်းဆီ´ကတော့ နှမြောစရာ အကောင်းဆုံးပဲ၊ သူ့ ကို`ဒေါသပန်း´ လို့ ဆိုရမယ်၊ ဒေါသကြီးတယ်၊ ၀န်တိုတတ်တယ်၊ ကြောက်တတ်တယ်၊ လှရက်သားနဲ့  ဆူးတွေရံပြီး ကိုယ့်ကိုယ်ကို ဖျက်ဆီးတာပဲ´´

``ကိုမောင်ကိုက ဒါဆိုဘယ်ပန်းကို အကြိုက်ဆုံးလဲ´´

မောင်ကို ဆရာမလေးကို သေသေချာချာကြည့်ကာ တခွန်းခြင်းပြောလိုက်သည်။

``ကျွန်တော်အကြိုက်ဆုံးကတော့ ယုဇနပန်းပဲ၊ Rosemary is for remembrance တဲ့၊ ယုဇနဆိုတာ ရောက်လေရာအရပ်က သူ့ ကို သတိရပါလို့ အဓိပ္ပါယ်ရှိတယ်လေ´´

တချိန်ထဲမှာပင် ဒေါင်ဒေါင်ဒေါင်နှင့် ကျောင်းတက် ခေါင်းလောင်းထိုးလာပါတော့သည်။ ဆရာမလေးလဲ ချက်ခြင်းထ၍ ကျောင်းရှိရာသို့ ထွက်သွားသည်။ ထွက်မသွားမှီ စကားလေးတစ်ခွန်းတော့ ပြောသွားခဲ့ရာ မောင်ကို့ ရင်ထဲ နွေးကနဲဖြစ်ခါ ကျန်နေခဲ့ရတော့သည်။

``ကျွန်မကတော့ တောစပယ်ဖြူလေးတွေကို အကြိုက်ဆုံးပဲ ကိုမောင်ကို´´


(စာကြွင်း) ဆရာဝင်းမောင်သန့် က လက်တင်နာမည်များမေးလာလို့ ဟိုးအရင်က ရေးထားတဲ့ စာကလေး မပြောက်ပျက်ခင် ပြန်လည်သိမ်းဆည်းတာပါ၊
ဖြစ်ရပ်မှန် မဟုတ်ကြောင်း ကျေညာအပ်ပါသည်ခင်ဗျား

No comments:

Post a Comment