Saturday, October 29, 2016

လွမ်းသလေမောင်ကြီး ယိုးလားယီး

လွမ်းသလေမောင်ကြီး ယိုးလားယီး

21 October 2011 at 13:39
ရွှေပြည်တော်သည် မောင်မယ်တူညီမြန်း၊ ဘယ်ဝယ်မှန်း မလှမ်းနိုင်ပြီ၊ မြေညီညီခင်းပါလို့  သဲငွေပြန့် ပိန်း
လွမ်းပုံကို မဖန်တီးနိုင်ဘု၊( မြိုင်ကြီးသေလာငူ)၂၊ ဖေါ်ကွာသူ ဆွေးစေဖို့ လေး၊ ငှက်ကျေးသာရကာ၊ မြူးပျော်ရှာလို့ သာ ဘာသာနှော
(မြင်စမ်းပါလှဲ့ မယ်) ၂၊ ကေသွယ်သွယ်ကြောင့်သာ ရေ၀ယ်စီး
(လွမ်းသလေ မောင်ကြီး ယိုလားယီး၊ လွမ်းသလေ မောင်ကြီးယိုလားယီး) ၂၊ ငှက်ကယ် ငှက်ကယ် ရွှေချိုး၊ မြည်သံသာ လွမ်းပုံထွေလှပါ
(ရွှေပြည်တော် ရမ်းရော်မိသေး၊) ၂၊ ခါဖန်ဖန်ရေးငယ်ချဲ့  ဆွေးတယ်ကို။
ဘယ်ဝယ်မြောက်တောင် ကမ်းရွှေတိမ်တောင် ပိန်းပိတ်လို့ မှောင်
(ဖိုးခေါင်စင်ရော်)၂၊ ရွှေရွှေလည်တွဲပါလို့ နွှဲစုံညီ တိုးနဲ့ ကိန္ဒရီ၊ ရွှေစာမရီ ဒေါင်း ကျားခြင်္သေ့အပေါင်း အောင်းရာကိုယ်စီ

သီချင်းတပုဒ်အကြောင်း ကျွန်တော်ဘယ်လောက်ရေးနိုင်မလဲ စမ်းကြည့်ချင်ပါတယ်

ရွေးလိုက်မိတာက ရွှေပြည်တော်သည် ပတ်ပျိုး၊ မကြားဘူးတဲ့လူတွေ ကိုမောရစ်ရဲ့ လင့်ကိုပေးထားပါတယ်၊ အတီးဆရာကြီး (အဆိုမှာလဲ တကယ်ကောင်းပါတယ်) ဂီတလုလင်မောင်ကိုကို ကိုယ်တိုင် ဆိုတီးတီးထားတာကို ပေးထားတာပါ၊
သီချင်းကို ဘယ်အချိန်မှာ စသိပါသလဲ (အခုတစ်လော ထောက်ခံချက်တွေ ပေးရင် ဒါမျိုးအမေးတွေနဲ့ ဖြေရလွန်းလို့  အကျင့်ပါသွားပါတယ်)

မှတ်မှတ်ရရ ၁၉၇၃ခုနှစ် တ က္ကသိုလ် အနုပညာအသင်း ပတ္တလျားခန်းထဲမှာ စီးပွားရေး တ က္ကသိုလ် ကျောင်းသားတွေဖြစ်ကြတဲ့ ကိုတင်မောင်ဝင်း (လျှပ်စစ်မိုးကောင်းကင် တေးသံသွင်း)နဲ့ ကိုသက်ဆွေ (ဆင်ဖြူကျွန်း) တို့ နှစ်ယောက် မိုးတွေမှောင်နေတဲ့နေ့ တစ်နေ့ မှာ လာဆိုကြတာပါ၊ ကိုသက်ဆွေ၇ဲ့ အသံကိုက ဆွေးဆွေးမြေ့ မြေ့ အသံ၊ ကိုတင်မောင်ဝင်းကတော့ ပတ္တလျားလက်က ဆိုင်းသမားတွေလောက်ကို စိတ်တာကလား၊ ဒါပေမဲ့ အဲဒိနေ့ ကတော့ လက်ကငြိမ်ပါ့၊ နှစ်ပုဒ်ဆိုသွားတယ် နောက်တပုဒ်က သာရကာကျေးငယ်တို့ ၊
အဲဒီအချိန်မှာ စိတ်ထဲကိုစွဲသွားတာကတော့ လွမ်းသလေမောင်ကြီး ယိုးလားယီး လွမ်းလှပါသလေ မောင်ကြီး ယိုးလားယီးဆိုတဲ့ စာသားလေးပါပဲ၊ နောက်မြင်စမ်းပါနဲ့ မယ် ကေသွယ်သွယ်ကြောင့်သာ ရေ၀ယ်စီး၊ ကြားနေကျ သီချင်းကြီးစာသားတွေနဲ့ မတူပဲ ခေတ်သီချင်းလိုကို ခံစားရတာကိုး
ကျွန်တော် ပတ်ပျိုးတွေ တီးနိုင်လာတဲ့အချိန်မှာ သူငယ်ချင်း ကိုထွန်းအောင်ဆီကနေ ပြန်တက်ပါတယ်၊ ပတ္တလျားမှာ သံမှန်ခြောက်ပေါက်နဲ့ တီးတယ်၊ စာသားတွေလဲ အကုန်ရပြီပေါ့၊

တတိယနှစ်တောဆင်းတော့ တောထဲမှာ ဆိုဖြစ်တဲ့သီချင်းတွေထဲမှာ ရွှေပြည်တော်သည်၊ မဲဇာတောင်ခြေနဲ့ ဖြူပြာမူယာဟာ ဖေးဘရိတ်ပါပဲ၊ အလုပ်ထွက်သွား၇တဲ့ သူငယ်ချင်းတင့်ဆန်းက ပင်တိုင် သီချင်းကြီးအဆိုသမား၊
တောစခန်း မီးပုံဘေးမှာကတော့ ပတ္တလျားက အလုပ်မဖြစ်ဘူး၊ ကြည်နိုင်ရဲ့ ဂီတာနဲ့  တတိယနှစ်ရဲ့ ဖေးဘရိတ်သီချင်းက မျှော်သူမောပြီ၊ အရိပ်ပမာခိုမှီ၊ ဆိုတဲ့ ဧဒင်ဥယျာဉ်ကအနမ်း၊(ကိုစိုးပိုင်)
စတုတ္တနှစ်မှာ ဂီတာ သီချင်းက နှုတ်မဆက်နဲ့ ငိုချင်တယ်ရယ် (ဂျင်မီဂျက်)၊ ၀ီစကီဆို ၀မ်းပက် တူးပက် သရီးပက်လောက်ချထားဆိုတဲ့ သီချင်း(စိန်လွင်ထင်ပါတယ်) အဲဒိဂီတာသီချင်းတွေရဲ့ ထူးခြားချက်တော့ အော်တာပါပဲ၊ ရင်ထဲမှာ ရှိသမျှ ခံစားချက် ဖီလင်ကို အပြတ်အော်ပစ်တာပေါ့၊ တောထဲတောင်ထဲ အရက်ကလဲ မူးမူး၊ ရည်းစာနဲ့ ကွဲတဲ့ဝေဒနာကလဲ အပြည့် အားနာစရာကလဲမရှိ (ဆရာတွေကို ချောင်းတစ်ဘက်ပို့ ထားတယ်လေ)
အဲဒီအော်တာတွေနဲ့  ကျွန်တော့် ရွှေပြည်တော်သည်နဲ့ ဆက်စပ်မှန်း အဲဒီအချိန်တွေက မသိခဲ့ပါဘူးခင်ဗျာ

နောက်ပိုင်း စောင်းမှာ အောက်ပြန်နဲ့ ရွှေပြည်တော်သည်ကို တက်တယ်၊ ကောင်းလိုက်တဲ့ အသံ၊ လေးပေါက်အောက်ပြန် (ကီးဂျီ) ရဲ့  သံမှန်လေးပေါက် အချ နှစ်ပေါက် သံစဉ်နဲ့ အလွမ်းအဆွေးနဲ့ က ကာလာလိုက်ပါ့။

စတုတ္တနှစ်နောက်ပိုင်းမှာ ကျွန်တော်က အနုပညာသင်တန်းတွေ အားလုံးလိုလိုကို အကူအညီပေးရပြီ၊ အဲဒီထဲမှာ အဆိုသင်တန်းပါလာပါတယ်၊
သီချင်းကြီး အဆိုသင်တန်းပါ၊ ကျွန်တော် အသင်းဝင်ခါစက ပန်တျာကျောင်းက ဦးကျော်ညွန့် သင်ပြီး အခုစန္ဒယားကိုခင်လှက ပတ္တလျားကူတီးပေးတာ တွေ့ ဘူးပါတယ်၊ ကျွန်တော်နဲ့ တွဲဖြစ်တာကတော့ ဆရာ ဦးဌေးအောင် (မောင်ဌေးအောင် တူရိယာအဖွဲ့ ပါပဲ)၊ ဆရာတို့ ဇနီးမောင်နှံက (စန္ဒယားဒေါ်မြင့်မြင့်) သီချင်းကြီးလောကမှာ အင်မတန်ထင်ရှားကြပါတယ်၊ အမေဒေါ်စောမြအေးကြည်ရဲ့ တပည့်များမို့ ပါပဲ။
ဆရာက သီချင်းသင်ရင် အဓိပ္ပါယ်တွေပါ ရှင်းလင်းသင်ပါတယ်၊ တက္ကသိုလ်နဲ့  ကိုက်ညီတယ်လို့ ပြောရမှာပေါ့၊
ဆရာကပြောတယ် လွမ်းသလေမောင်ကြီး ယိုးလားယီး ဘာအဓိပ္ပါယ်လဲတဲ့၊ ဘယ်သူမှ မသိကြဘူးပေါ့၊ ပထမဆုံးထပ်မေးတာက ဆိပ်ကမ်းတွေမှာ ကုလားတွေ အလေးအပင်တွေ တွန်းကြ မကြပြီဆိုရင် ဘယ်လိုအော်ကြသလဲသိလားပေါ့၊ ဘေးလေးဆပ် ဘေးလေးဆပ်လို့ အော်ကြတာ ကြားဘူးပါတယ်လို ပြောကြပါတယ်၊ အေးဘာလို့ အော်သလဲဆိုတော့ ပင်ပန်းလွန်းလို့ ကွတဲ့၊ ကိုယ်ကာယ ပင်ပန်းလွန်းတဲ့အခါမှာ စိတ်ကလဲ လိုက်ပြီး ပင်ပန်းတော့တာပေါ့၊ အဲဒီမှာ စိတ်လွတ်ကိုယ်လွတ် ဟစ်အော်ပလိုက်ရရင် ရင်ထဲသက်သာသွားတာပဲကွတဲ့။
အေး တို့ မြန်မာတေံကျတော့ ဘေးလေးဆပ်မဟုတ်ဘူး၊ ရှေးမြန်မာကြီးများရဲ့ အလုပ်တွေထဲမှာ လှေလှော်တာဟာ အပင်ပန်းဆုံးပဲ၊ ယိုးယီးလေး လှော်ကြလှော်ကြ ဆိုတဲ့ စာသားအတိုင်းပဲ၊ လှော်ချက်ညီအောင်ရော နောက်ရင်ထဲက မောပန်းတဲ့ ဝေဒနာကို ဖြေဖျောက်နိုင်အောင်ရော ယိုယီးလေး စသဖြင့် အော်ဟစ်လှော်ကြရတယ်
အခုလဲ မေ့ကို လွမ်းတယ်၊ ဒါမှမဟုတ်လဲ မောင့်ကို လွမ်းတယ်၊ ဘယ်လောက် လွမ်းရသလဲ ရင်ထဲကနေ မနေနိုင်လွန်းလို့  မခံစားနိုင်လွန်းလို့ ယိုယီးဟစ်အော်၇တဲ့ အထိ လွမ်းရပါတယ်တဲ့။

ပြီးတော့ ဆရာက အဲဒီအချိန်က စတီရီယိုသမားတွေ ဟစ်နေကြတဲ့ သီချင်းတပုဒ်တောင် နောက်တောက်တောက်နဲ့ ဆိုပြလိုက်ပြီး ဒါလဲ လွမ်းသလေမောင်ကြီး ယိုးလားယီး ပဲကွတဲ့

အနုပညာအသင်း အဆိုခန်း အမှတ်တရ


No comments:

Post a Comment