Saturday, October 29, 2016

ဆုမြတ်ခေမာ



၅၂၈သွယ်သော မေတ္တာ

ဗုဒ္ဓံ ပူဇေမိ ပါဘုရား
ဓမ္မံ ပူဇေမိ ပါဘုရား
သံဃံ ပူဇေမိ ပါဘုရား

နိုင်ငံ့ဝန်ထမ်းဘ၀ရဲ့  နောက်ဆုံးပတ်၊ ပထမနေ့  အိပ်ရာထဲ ကွေးနေသည်၊ မြန်မာ့အသံက မနက် ခြောက်နာရီစလာနေပြီ၊ ယခင်က မဒမ်မောင်ကိုက မနက်၇နာရီ မြန်မာ့အသံစလာတိုင်း ဆရာတော်ကြီးများ ပရိတ်ကို ဖွင့်သည်၊ အဲတော့မှ ကျနော်ထသည်၊

ယခု ခြောက်နာရီကစဖွင့်တော့ မထနိုင်တော့ အိပ်ရာထဲမှပဲ တရားနာရင်း မှိန်းနေမိသည်၊ တရားများပြီးသည်နှင့် ယခု နံနက်ချိန်ခါ တေးသံသာ၊ ၃ပုဒ်ခန့် ၊ တိုင်းရင်းသားတေးသံတပုဒ်၊ တိုင်းရင်းသားအက တပုဒ်လာသည်။ မင်္ဂလာရှိပေခြင်း၊ ဘယ်တော့ ဟို နမောနမောကြီးပြန်တက်လာအုံးမည်တော့ မသိ။

ဒီနေ့ မနက် ၂၇-၅-၂၀၁၃၊ တရားပြီးသည်နှင့် အပေါ်က သုံးပုဒ်ကို ဆိုသံကြားလိုက်သည်။
အို ရင်ထဲက သီချင်းတပုဒ်၊ “ဆုမြတ်ခေမာပဲဟ” တီးတိုးရွတ်လိုက်မိပြီး၊ အိပ်ရာမှ ကမန်းကတန်း ထလိုက်ပါသည်၊ ရုပ်မြင်သံကြားတွင် အမကြီး ခင်စိုးဝင်းနှင့် သူ့ အမျိုးသား စောင်းဖျာပုံသိန်းဟန်ကြီး

စိန္တေရှင်ဦး၊ ဖူးတည့်ပန်ထွာ၊ ဆွမ်းတော်ပန်းနှင့်သာ၊ +++++

ပြည်နိဗ္ဗူသောင်ကျွန်းကူးတို့ ကို ဆောင်ပို့ ပါ ရှင်ဘုရားမြတ်စွာ++++++

ကေဥသျှောင်ပယ်လှီး ဈာန်နဲ့ နီး၊ ပုတီးလက်တွင်ဆောင် ခရီးပ မဂ္ဂင်ဖေါင်++++


အကိုကြီး တင်အောင်သန်း (ဖြူနီညိုပြာ) ရဲ့ စာသားများ၊


တခါထဲ သူ့ ကို အမှတ်ရလာမိသည်။ေ၇ှးဖြစ်ဟောင်းများ မမေ့ခင် ချရေးထားချင်သည်မို့ ဒီနေ့ ရေးမိပါပြီ။
ကျနော်ဒီသီချင်းကို တတိယနှစ် မဟာစည်ဆရာတော်ဘုရားကြီး ကျောင်းတိုက် ဓမ္မပူဇော်သွားစဉ်က ဆရာဦးဌေးအောင်တက်ပေးထားပါသည်။ ကျနော် အဲဒီအချိန် စန္ဒယားမတီးနိုင်သေး၊ ပတ္တလျားနဲ့ပဲ တီးရသည်။


သီချင်းတက်ပြီး ပွဲတီးပြီး ကျနော်တောဆင်းသွားသည်၊ ချပ်သင်းကြိုးဝိုင်း၊ အေးလိုက်ချမ်းလိုက်၊
တောဆင်းပြီး ပြန်လာသည့်နေ့ အဆိုခန်းထဲဝင်သွား၊ သူ့ ကိုစတွေ့ ရသည်၊

ဆရာသောင်း (ဂျာမဏီပြန် ရူပဗေဒဆရာ(ကွယ်လွန်))က ဟေ့ကောင် အတော်ပဲ၊ လာစမ်းပါ မင်းသီချင်း မင်းသီချင်းတီးပေးစမ်းပါ၊တဲ့

ပတ္တလျားရှေ့ မှာ မိန်းခလေးတယောက် တရုပ်စပ်သလို၊ ကချင်စပ်သလို၊ ဖြူဖြူ ၀၀ကလေး၊ ဆံပင်ကို ကျစ်ဆံမြီးနှစ်ဖက်ချထားသည်။ ပျိုမြစ်နုနယ် ချစ်စဖွယ်အပြုံးနှင့်ကျနော့်ကို ကြည့်နေသည်။

ခင်မင်ရင်းနှီးစိတ်က ချက်ခြင်းပေါ်သွားခဲ့ပါသည်။ ကျန်တဲ့စိတ်လုံးဝမရှိ၊ ကျနော်အဲဒီအချိန်က ပထမ အမျိုးသမီးနှင့် အဆိပ်တက်ဆုံးအချိန်၊

ဆုမြတ်ခေမာကို ကျနော်တီးသည်၊ နောက်သူ့ ကို အတော်ခင်မင်သွားသည်။ သူတို့ အဆိုသင်တန်းကို ကျနော် ပတ္တလျားတီးပေးဘို့ တာဝန်ယူပေးရသည်။ အဲဒီသင်တန်းအခန်းက ကျနော့်စာအုပ်ခန်း၊ ဂီတဆိုင်ရာစာအုပ်များ အဲဒိထဲထားသည်၊ အိမ်မပြန်ဖြစ်ရင်အိပ်သည်။



ကျနော့်ရှေ့ တွင်ပင် သူငယ်ချင်း သံလွင်စည်းကလေးနှင့် အတွဲဖြစ်သွားကြသည်။ ၀မ်းသာပါသည်၊ သူတို့ နှစ်ယောက် အတော်လိုက်ဖက်ကြသည်။

သူတယောက် တဖြည်းဖြည်း တခြားလှုပ်ရှားမှုများ များလာသည်၊ သူငယ်ချင်းတွေကကြသော မှတ်တိုင်လေးကိုတည့် ကားပေါ်တင်ပြဇာတ်တွင် မင်းသမီးနေရာ သရုပ်ဆောင်သည်။

တက္ကသိုလ် တင်မောင်ထွေးရဲ့ နတ်ရေကန် မဂ္ဂဇင်း မျက်နှာဖုံးလားကျောဖုံးလားတောင်မသိ ရိုက်လိုက်သေးသည်၊ ကံကော်တောမှာ သာတဲ့လ တေးသံရှင်ဆိုပြီး၊ အဲဒီ ကာလပေါ်ဝိုင်းကလဲ သူ့ ဘ၀ကို ပြောင်းလိုက်သည်

ကျနော် သစ်တောဌာနအလုပ်ဝင်တော့မယ်ဆိုတော့ သူရေးပေးလိုက်သော အော်တိုကို အမှတ်ရနေမိသည်။

အောင်သန်းဦး(အရိုင်း)ပြောတာကတော့ အဲဒီစာအုပ် ဖိုးဖြူဆီရောက်နေတယ်ဆိုပဲ၊ ဒီကောင်တွေ ကျနော့်ကို အတော်အနိုင်ကျင့်ကြပါသည်။ အော်တိုစာအုပ်ကို မဆီမဆိုင်ယူပြီး သိမ်းထားသည်၊ မြို့ မငြိမ်းတေးတွေချည်း စုထားသော သင်္ကေတစာအုပ်ကို ဘတ်ထားကြသည်၊ ဆရာဂျမ်းနှင့် အမေရိကပါသွားပြီ၊ နောက်ဆရာ့ပြတိုက်များလုပ်ဖြစ်ရင် ကျနော့်စာအုပ်အဲဒီမှာ မြင်ရမလားမသိ။ သီချင်းကြီးများကို ကိုယ်တိုင်လက်ရေးနှင့် ခက်ဆစ်များထုတ်ထားသော စာအုပ်ကို
ပတ်ဝိုင်းလက်ထောက် စိန်ပေါက သမသွားသည်။ အခု မလှိုင်မှာဟု ပြောသည်။ ပြန်တောင်း၍မရနိုင်တော့။

ဒီလိုပါပဲ ပြန်တောင်း၍မရနိုင်တော့သော ကိစ္စများ အများကြီးပါ။ အဲဒီစာအုပ်ထဲမှာ အနှမြောဆုံးက တေဘုမ္မာနှင့် ဇာတိအာဏာကို ခက်ဆစ်ထုတ်ထားခြင်း၊ တရားစာအုပ်တွေ အများကြီးဖတ်ပြီးထုတ်ရတာ အခုမလုပ်နိုင်တော့၊ င်္ဒီကောင်က ဗလာတီးရင် အရမ်းအသုံးဝင်တာဗျတဲ့၊

အော်တိုထဲတွင် ကျနော်သူ့ ကို ပထမဆုံးသတိထားမိသော ကိစ္စကို သူသတိမထားမိ၊ သူရေးတာက

“ပထမဆုံး မှတ်မိတာ နင်တို့ အဆိုသင်တန်းပြီးတာနဲ့ ခုံတွေပြန်မစီခဲ့ဘူးဆိုပြီး၊ မျက်လုံးကြီးပြူးပြီး ဟောက်တာပဲ၊ ဒီအကိုကြီးက အတော် ဒေါသကြီးတဲ့အကိုကြီးလို့ ။”

ဟုတ်ပါသည် ကျနော် အဲဒီအချိန်တွေက ဒေါသကြီးသည်။ ပတ္တလျားတပည့်တွေ ကျားမ မရွေး စိတ်မထင်လျင် လက်ခတ်နှင့် ခေါင်းခေါက်သည်။ တခါက စည်းဝါးမရှိလို့ ဆိုင်းဝါးလက်ခုတ်နဲ့ ဝါးလိုက်ပေးနေရင်းကို ၀ါးလက်ခုတ်နှင့် ရိုက်ဘူးသည်။

“မပြီးသေးတဲ့ ဖြေနိုင်ပေါင်သီချင်းကြားတိုင်း သတိရနေမှာပါတဲ့။”

ဒါလဲဟုတ်သည်၊ ကျနော်အလုပ်ဝင်တော့ သူတို့ ဆိုသက် လေးနှစ်ရှိနေပြီ။ သီချင်းကြီးတွေ အတော်ရသော်လည်း ကျနော်ရနေသောသီချင်းတွေအဆင့်တော့မရသေး၊ ဖြေနိုင်ပေါင်ကို ဦးခင်မောင်စိုး (နောင်ပုလဲနှင့်ငါး) စောင်းနှင့်လာလာဆိုသောအခါ သူနားထောင်သည်။ ဆိုချင်သည်ဟုပြောလို့ ကျနော်တက်ပေးနေသည်။

အဲဒီအချိန်တွေက တကယ်ပြောရရင် ကျနော်သီချင်းတက်မပေးနိုင်ပါ၊ အသံလဲမမှန်၊ ပြတော့ပြပေးနိုင်သည်၊ သီချင်းမပြီးမှီ သစ်တောဌာန အလုပ်ဝင်ရပြီဆိုတော့ ကျနော်နှုတ်ဆက်ပြီး အော်တိုရေးခိုင်းခဲ့ခြင်း။

သူတို့ အော်တိုတွေထဲမှာလဲ ကျနော် ကဗျာတပုဒ်ပဲ ရေးပေးမိသည်။

The woods are lovely, dark and deep.
But I have promises to keep.
And miles to go before I sleep.
And miles to go before I sleep.

ဆိုတဲ့ ကဗျာလေးပေါ့။ တလောက ညီငယ်တယောက်က ထူးအိမ်သင်က အောက်ကလို ဘာသာပြန်ထားတယ်ပြောပါတယ်


Wai Phyo Mg သစ်အုပ်တို့သည်

ချစ်ဖွယ်မှောင်မိုက် နက်ရှိုင်းစွာ ... ၊

ငါ့ဝယ်ကတိစောင့်ထိန်းရာ၊

မအိပ်စက်မီ မိုင်များစွာ၊

မအိပ်စက်မီ မိုင်များစွာ ...။

(ထူးအိမ်သင် ပြန်ဆိုသည်။)


အင်း ကြုံတုံး ဒီအော်တိုနဲ့ ဒီကဗျာလေးနဲ့ ပတ်သက်လို့  ရင်နာစရာတခုပြောချင်တယ်။

ထင်လိုက်တာ သစ်တောဌာနနဲ့ အလုပ်ဝင်ပြီဆိုတော့ အနုပညာအသင်းနဲ့ ပြတ်ပြီထင်လိုက်တာ၊ မပြတ်ဘူး နောင် ၁၉၈၈ အရေးအခင်း ဖြစ်လို့ ကျောင်းထဲမှာ လှုပ်ရှားမှုတွေ ရပ်သွားတော့မှပဲ ကျနော်အသင်းနဲ့ ပြတ်သွားတယ်။ ဆက်လုပ်နေတုံး လူရွှင်တော်ကိုတင်မောင်ဌေးနဲ့ အတော်ခင်သွားတယ်၊ ဘ၀အထိုထိုမှာ အကိုကြီးတယောက်လိုပါပဲ။

သူက ကျနော့်ကို သူမဆုံးခင်ပြောလာတယ်၊

ငါမနေ့ ညက ဟိုသွားတယ်

ကိုဌေးကတော့လုပ်ပြန်ပြီ

အဲဒီမှာ ကလေးမလေးတယောက်ကွာ၊ နောက်ပိုင်း စကားစမြည်ပြောကြရင်း သူက တက္ကသိုလ်အကြောင်းတွေရောက်ပြီး သူက
အနုပညာအသင်းကလို့ ပြောတယ်

အမ်

ကိုဌေးကို တန်းမသိဘူးဆိုကထဲက အငြိမ့်တွေ၊ ပွဲတွေနဲ့ မဆိုင်တဲ့ ကျနော့်သင်တန်းထဲကပဲ ဖြစ်တော့မှာ

မင်းကိုသိတယ်၊ သူ့ အော်တိုစာအုပ်ကလေးမှာ မင်းရေးပေးထားတဲ့ ကဗျာလေးရှိတယ်

ပိုဆိုးသွားတယ် ကျနော် အော်တိုရေးပေးထားတယ်ဆိုကထဲက ပတ္တလျားခန်းထဲက လက်ရင်းတပည့်တွေပဲ
တက္ကသိုလ်ပေါင်းစုံကတပည့်တွေ ဘယ်လိုဖြစ်ပြီး ဒီဘ၀ကို ရောက်သွားကြတာလဲ

ဗျာ၊ ဒီကဗျာလား၊ ကျနော် Robert Frost ရဲ့ ကဗျာကို ၇ွတ်ပြလိုက်တယ်

အေးအေး အဲဒါပဲ


အင်းဆိုတဲ့ အင်းရှည်ကြီးတခုပဲ ချလိုက်နိုင်ပါတော့တယ်၊ ခုထက်ထိ အဲဒီအင်းရှည်ကြီးက ရင်ထဲမှာ မကုန်နိုင်သေးပါဘူးဗျာ


သစ်တောဌာန အလုပ်မ၀င်ခင်မှာကိုပဲ သူနဲ့ သံလွင်စည်းလေးနဲ့ ကွဲသွားကြတယ်၊ သူ့ အပြစ်မဟုတ်တာတော့ သေချာသပေါ့၊

သံလွင်စည်းလေး လက်ရှိ မိန်းမနဲ့ တွဲသွားတယ် ယူသွားတယ်။

သစ်တောဌာန၀င်ပေမဲ့ မှော်ဘီမှာပဲ ပြန်ကျတယ်၊ ၀ါးနက်ချောင်းစိုက်ခင်းဖွင့်ရတယ်၊ စိုက်ခင်းလုပ်ငန်းများရဲ့ ထုံးစံအတိုင်း လုပ်ရင် အသေအလဲ ကျန်တဲ့အချိန်က အေးအေးဆေးဆေးပဲ၊ တက္ကသိုလ်နဲ့ အဆက်မပြတ်ခဲ့ဘူးပေါ့၊ စနေ တနင်္ဂနွေနေ့ တွေ တောထဲသွားဘို့ အ၀တ်အစားအပြည့်အစုံနဲ့ ဘူတာဘေး ၀ါးနက်ချောင်းဈေးမှာ မုန့် စားနေတုံး ရန်ကုန်သွားတဲ့လောကယ်စောဝင်လာရင် အဲဒီဒါးကြီးကအစ ချိတ်လို့ အနုပညာအသင်း အဆိုသင်တန်းအချိန်တွေ အကသင်တန်းအချိန်တွေကို ရောက်သွားလေရဲ့ ။ အသင်းခန်းတွေအလယ် အဆိုခန်းရှေ့ မှာ တောဆင်းဝတ်စုံနဲ့ ကျနော့်ကို ဆရာကြီးဦးဌေးအောင်က အဆိုသင်နေတဲ့နေရာမှာ ပတ္တလျားကိုယ်တိုင်တီးနေရာကထပြီး လှမ်းခေါ်ပါတယ်၊ သစ်လွင်နေတဲ့ တက္ကသိုလ်ကျောင်းသူတွေကို ကျနော့်ကို ပြန်ပြီး မိတ်ဆက်ပေးရတယ်၊ တောဆင်းယူနီဖေါင်းနဲ့ စုတ်ပြတ်နေတာကိုး။

အဲဒီအချိန်တွေ ဆရာ့ အဆိုသင်တန်းက အဆင့်မြင့်နေပြီ၊ နောက် သီချင်းကြီးဝိုင်းတွေလဲ သွင်းနေပြီ၊ ကျန်တဲ့လူတွေကတော့ ကာလပေါ်ဝိုင်းတွေပါတွေလုပ်နေပြီ၊ ကျနော်ကတော့ ၀င်ကစွတ်သဖွယ်ပဲ အလုပ်တွေလုပ်လိုက်၊ ကျောင်းရောက်လာလိုက်။

ဒီကြားမှာပဲ ကျနော်အိမ်ထောင်ကျတယ်၊ မဒမ်မောင်ကိုနဲ့ ပေါ့၊

ကျနော့် ညီမလေးတယောက် အတွဲမရှိဘူး။ နောက်အပေါ်ကပြောတဲ့ ကိုဌေးက သူ့ ကို ချစ်ရေးဆိုပြန်တယ်၊ အဲဒီပြဿနာ မရှင်းခင်မှာကိုပဲ ကိုဌေး ဆေးရုံတက်ရပြီး ဆုံးသွားတယ်။ ဒါရိုက်တာ ၀င်းဖေရဲ့ တပည့်ပဲ၊ ကားကူးကားဆက်တော်တယ်၊ လူရွှင်တော် တော်တယ်။

အဲဒီအချိန်တွေ ကျနော် မတည်ငြိမ်လိုက်တာ၊ ပျားစာပင် သုတေသနသမားဘ၀နဲ့ ၊ မေမြို့ ၊ ပျော်ဘွယ်၊ မိသားစုနဲ့ ကလဲ မဆုံနိုင်၊

မြစ်ကြီးနားမှာတာဝန်ကျနေတုံး၊ တကယ့်အလန့် ထညက်ကြားလိုက်၇လေရဲ့ ၊ လူရွှင်တော်ဘီယာနဲ့ ယူတော့မယ်တဲ့။

ဘီယာ၊ သူငယ်ချင်းပါပဲ၊ ဒါပေမဲ့ အဲဒီအချိန်လူရွှင်တော်တွေထဲမှာ ၀ါအရင့်ဆုံးထဲမှာပါသလို အတေဆုံး အပေဆုံးမှာလဲပါတယ်၊ အဲဒီအချိန်မှာ သူအိမ်ထောင်ကလဲ ကွဲနေတယ်။

မှတ်မိနေပါတယ် သင်္ကြန်အတွက် ဆိုင်းတွေတိုက်နေတဲ့ညတည၊ ဂျပ်ဆင်မြက်ခင်းပြင်ပေါ်မှာ ဒီကောင် ကျနော့်ကို လာပြီးရင်ဖွင့်တယ်၊ အဲဒီအချိန်တွေ မှတ်မှတ်ရရပဲ ကျနော်က မြစ်ကြီးနားကနေ လာရတာ။ မြစ်ကြီးနားမှာ နေရတာကလဲ မြစ်ကြီးနား ဆရာအတတ်သင်မှာ ဂီတဆရာလုပ်နေတဲ့ သံလွင်စည်းလေးရဲ့ အိမ်။

မင်းတို့ ငါ့ကို မကြည်ဘူးမဟုတ်လား။

မူးနေကြတာကတော့ နှစ်ယောက်လုံးပဲ၊ ကျနော် ဆိုင်းတိုက်နေရင်းကို အရမ်းသောက်နေတာ၊ ပုလင်းကို ဘေးချပြီး။

ကြည်စရာရှိလား။ မင်းတို့ ဘယ်လို ဖြစ်သွားကြတာလဲ။

ဒီလိုပဲ ပြဇာတ်ကရင်း

အင်းပြဇာတ်ထဲမှာ သူတို့ နှစ်ယောက်ကရတဲ့အခန်းကလဲ ရည်းစားစာပေးခန်းဗျ၊ မှတ်တိုင်ကလေးကိုတဲ့ ကားပေါ်တင်ပြဇာတ်ရဲ့ အကြိုက်ဆုံးအခန်းတွေထဲမှာပါကြတယ်၊ မှတ်တိုင်မှာ ကားစောင့်ရင်း ကားမလာခင် ရည်းစားစာပေးတာ၊ ရည်းစားစာ စာရွက်တွေကို တကိုယ်လုံးကနေ တရွက်ပြီးတရွက်ထုတ်ပေး၊ နောက်ဆုံး ကားမလာနိုင်တာရယ် လာရင်လဲ တက်လို့ မရတာနဲ့ အိမ်ပြန်နောက်ကျပြီး ခိုးရာလိုက်သွားတဲ့ဇာတ်လမ်း။

အဲဒီနေ့ က ပြောတာဆိုတာ မပြတ်ကြဘူးပဲ မှတ်မိတော့တယ်၊ သူ့ ကိုသူ ပြင်ပါတော့မယ်လို့ လဲ ဒီကောင် ကတိတွေ အထပ်ထပ်ပေးလေရဲ့ ၊

ပွဲတွေပြီးလို့ မြစ်ကြီးနားပြန်ရောက်တော့လဲ နောက် အရက်တ၀ိုင်း၊ သံလွင်စည်းလေးနဲ့ 

ငါဘာလုပ်ရမလဲ

ကျနော် ထဆဲလိုက်မိတော့တယ်၊ မင်းအပြစ်ပဲလေ

ဟုတ်ပါတယ်ကွာ၊ ဒါပေမဲ့အခုတော့ ဘာလုပ်ရမှန်းကိုမသိတော့ဘူး။

ဘာလုပ်ရတော့မှာလဲ ကြည့်နေယုံပေါ့၊ ဟိုကောင် ဆိုးရင်သာ ၀ိုင်းသတ်ယုံရှိတယ်။ မင်းတို့ ငါတို့ အိမ်ထောင်သည်တွေ။

သူက လွတ်တဲ့ငါးကြီးတယ်ဆိုတဲ့ပုံလဲမဟုတ်ပါဘူး။ ကျနော်တို့ တကယ့်ကို ၅၂၈ မေတ္တာနဲ့ ပူပန်နေကြတာ၊ အသင်းမှာကလဲ ကျနော်တို့ ပဲ ခေါင်းဆောင်တွေ ဖြစ်နေကြပါပြီ။

အဲဒီလ ရန်ကုန် ပျားဂေဟာကို ပြန်တော့ ညီမလေးပါတဲ့ အမရွှေကူမေနှင်းရဲ့  သီချင်းကြီးဝိုင်းတိုက်ကြတယ်၊ ၀ဂ္ဂီက မမေနှင်းအိမ်၊ အေးဗျာ သူ့ ဝိုင်းနာမည်ကလဲ ကြည့်ပါအုံး ၅၂၈တဲ့

ကျနော် ကြံတောသင်းချိုင်းထဲကို သွား၊ အဲဒီထဲက ဆိုင်းသမားတွေရောင်းတဲ့ မြေမြူပ်ချက်အရက်ကို ၀ယ်ပြီး သောက်ပြန်လာတော့ အတော်မူးနေပြီ၊ ဘာဖြစ်လို့ မှန်းကိုမသိ၊ စကားမပြောဖြစ်၊ နောက်ကြမှ ကိုမောင်မောင်ခင်က ဟေ့ကောင် မောင်ကို
သိတ်မသောက်နေနဲ့ မင်းဟိုမှာ ငိုနေတယ်တဲ့။

ဘာတတ်နိုင်မှာလဲ၊ သွားစကားပြောတာရယ် အကျိုးသင့် အကြောင်းသင့် ပြောလိုက်တာပဲ မှတ်မိတော့ပါတယ်၊ အဲဒီအချိန်တွေ
ကျနော့်အမျိုးသမီးက လေးမျက်နှာမှာပဲ သမီးကြီးနဲ့ ရှိနေသေးတယ်။ အဲဒီညက မူးမူးနဲ့ ထွန်းလင်းလျှံလက်ကို ပတ္တလျားနဲ့ တီးပြီး ကိုယ်လေးငဲ့တမာန်၊ေ၇ွှချိုင့်စံ ဟိုကျွန်းက မလွမ်းခင် ပြန်ခဲ့ပါ့ ဆိုတဲ့ အပုဒ်ကို အော်အော်ဆိုနေမိတာပဲ သတိရတယ်၊

မမနှင်းက ဘေးကနေ ရင်မလို့ ၊ မနက် လေးနာရီလောက် ပြန်နိုးလာတာ ကိုယ့်ကိုယ်ကို ဘယ်ရောက်နေမှန်းကို မသိတော့၊ မြစ်ကြီးနားမှာလား၊ အသင်းဆိုင်းခန်းတော့မဟုတ်၊ လေးမျက်နှာလဲမဟုတ်၊ ဘေးမှာ မိန်းမနဲ့ သမီးမရှိ၊ လမ်း၅၀ ဦးလေးတွေအိမ်လဲမဟုတ်၊ မိုးစင်စင်လင်းမှပဲ ၀ဂ္ဂီမှာ အိပ်နေတယ်ဆိုတာ ပေါ်တော့တယ်၊ ဘ၀ရယ်။

ဒါနဲ့ ပဲ သူတို့ အိမ်ထောင်ကျသွားကြလေရဲ့ ။ အရေးအခင်းတွေဖြစ်၊ ကျောင်းကြီးကလဲ ထောင်ကြီးလို ဖြစ်သွား၊ အသင်းလှုပ်ရှားမှုတွေလဲ မရှိတော့။

အောင်ကိုကို (မပြောတော့ဘူး) ပြန်လာတဲ့အခေါက်ကျမှပဲ ပြန်ဆုံမိကြတော့တယ်။

အော် ခလေး ၃ယောက်တောင်ရှိနေပါပေါ့။ အဲဒီနေ့ က တပျော်တပါး။ အိမ်ထောင်ကို ဦးဆောင်နေလေရဲ့ ညီမလေး။

ဟိုကောင်လဲ ပြောင်းလဲနေပါတယ်၊ ဓါတုဗေဒဌာန နောက်က အိမ်ထောင်သည်တန်းလျားမှာ၊ ကိုချစ်စရာကြီး မိန်းမပြန်ရခါစ။

ကျနော်အဲဒီအချိန်တွေမှာ ဘာအနုပညာ လှုပ်ရှားမှုမှ မလုပ်နိုင်တော့၊ အွန်လိုင်းကလွဲလို့ ၊ ခြသေ့င်္ကြီး လည်ပြန်လှဲ့ ကြည့်လိုက်မိတာ ဇက်ခိုင်ပြီး ရှေ့ ကို ပြန်မလည်တော့ဘူး၊

နောက်မကြာပါဘူး လေဖြတ်တယ်လို့ ကြားမိပြန်တယ်၊ ဒီလိုပါပဲ ပြန်မတွေ့ ဖြစ်တော့ဘူး၊ ကျောင်းထဲရောက်ရင် ဘီယာနဲ့ တော့ စကားပြောဖြစ်တယ်၊ ဒီကောင် အရမ်းရင့်ကျက်သွားတယ်၊ ကျန်းမာရေးတော့မကောင်း

ဌေးဝင်း ရွှေဘိုဆောင် အဆောင်မှုးလုပ်တော့၊ အိမ်တက် အဆောင်တက်ပွဲလုပ်တယ်၊

အဲဒီမှာ ပြန်ဆုံကြတယ်၊ ဌေးဝင်း အော်ဂန်ကြီး အောက် အဆောင်ဧည့်ခန်းကို သယ်ချလာပြီး နီလာအောင်နဲ့ သူနဲ့ သီချင်းတွေဆိုကြတယ်

ဖြေနိုင်ပေါင်ကို သူမေ့နေပြီ၊ ထုံးစံအတိုင်း ဆူမိပြန်တယ်၊ မျက်နှာငယ်နဲ့ ၊ နောက်မှ ဘီယာက ကာရာအိုကေတောင် ဆိုတာမဟုတ်ဘူး မင်းနဲ့ ကျမှ သီချင်းပြန်ဆိုတာတဲ့၊ အဲဒိနေ့ က အတော် တီးဖြစ်လိုက်တယ်၊ နောက်ဆုံးအနေနဲ့ ဘီယာကိုလဲ တွေ့ လိုက်တာပဲ၊ ဒီကောင်အခု ဆုံးပြီ။

ကျနော်လဲ အခု ဘ၀တခုချိုးတော့မယ်၊ ဟိုတုန်းကဆိုရင် ပင်စင်ယူပြီဆိုရင် အနားယူပြီပေါ့၊ အခုတော့ အခုမှ ဘ၀ကို ခြေစုံပစ်ဝင်ရတော့မယ်။

ကျနော် ကျောင်းထားတာ အရမ်းစောတော့ ဆယ်တန်းအထိက ခလေးလိုပါပဲ၊ မိန်းကလေး သူငယ်ချင်းမရှိ၊
တက္ကသိုလ်ကျတော့လဲ ဒီအတိုင်းပဲ သစ်တော အဓိက။ အနုပညာအသင်းမှာပဲ မိန်းကလေး သူငယ်ချင်း မရှိပြန်ဘူး၊ ဆရာတယောက်လိုနေရတာကလား၊ သူတို့ နဲ့ ရင်းနှီးတဲ့ အဖြူရောင်သံယောဇဉ်တွေ။

အခုရော ညီမလေးတယောက် ဘယ်လိုနေတယ်မသိပါ

ကျနော့်စိတ်ထဲမှာတော့ ပထမဆုံး တွေ့ တဲ့ အချိန်က တီးခဲ့ဆိုခဲ့တဲ့ ဆုမြတ်ခေမာ သီချင်းကြားတိုင်း သူ့ ကို အမှတ်ရပါရဲ့ ။
နောက်ဆုံးတော့ ဒီစာသားလေးအတိုင်းပဲ ကျနော်တို့ နေသွားကြရမှာပါပဲလား

ကေဥသျှောင်ပယ်လှီး ဈာန်နဲ့ နီး၊ ပုတီးလက်တွင်ဆောင် ခရီးပ မဂ္ဂင်ဖေါင်



No comments:

Post a Comment