Friday, October 28, 2016

ကြာညိုညို အကိုခူးလို့ 



ကိုမောင်ကိုကြီး ကယ်ပါ ကယ်ပါ
-
ကျနော် အပန်းဖြေရိပ်သာ ရုံးခန်းထဲဝင်လိုက်သည်နှင့် ကျနော့် မောင်းလက်ထောက် တပည့်ကျော် ခိုင်စိုး၊
ဟေ့ကောင် ငါက သူတောင်းစားမှမဟုတ်တာ၊ ဘာကယ်ပါလဲ အသုဘရာဇာကွ
ဟာဗျာ တကယ်ပြောနေတာဗျ ကျနော်အသဲကွဲတော့မယ်
ဘေးမှ ရီဖြဲဖြဲလုပ်နေသော မြန်မာစာမှ လူရွှင်တော် ကိုဌေးက မောင်ကို ၀ိုင်းလုပ်ပေးလိုက်ပါကွာ ဒီကောင် ပြသနာတက်နေတယ်၊
ကျနော် ပျော်ဘွယ်မှာ ပျားစခန်းတာဝန်ကျနေတာကနေ လခလဲထုတ်ရင်း အသင်းတွင် ဆိုကရေးတီးပြိုင်ပွဲရှိဆိုသော စာကြောင့် လစ်ချလာရခြင်း၊ ပျားဂေဟာသွား အက်အေအို လစာထုတ်၊ သစ်တော ပန်းဆိုးတန်းရုံးသွား လစာထုတ်၊ ရေနံရုံးမှ မဒမ်မောင်ကိုထံ လစာနဲ့ ခရီးစရိတ်များ သွားအပ်မျက်နှာချိုသွေးပြီးတာနဲ၊ ကျောင်းသွားလိုက်အုံးမယ်ဆိုပြီး လစ်ချလာခြင်း
-
ပြောစမ်းပါ၊
ဒီကောင်တွေ လေးမေကို ၀ိုင်းကြိုက်နေကြတာ သိတယ်မဟုတ်လား၊
လေးမေဆိုတာ ပြည်ကနေ ကျောင်းလာတက်တဲ့တယောက်၊ သူ့ ကို ၀ိုင်းကြိုက်နေတာ ကျနော်တို့ အသင်းရဲ့ လူငယ်အုပ်စုများ၊ စန္ဒယားလက်သင်၊ မောင်ငယ်၊ စောင်းက လှိုင်ဘွား၊ ပတ္တလျားက ကျော်မြင့်၊ နောက်ဆုံး ရှားရှားပါးပါးရထားသော ကျနော့် မောင်းလက်သင် ခိုင်စိုး
အဲဒါ ကောင်မလေးက ဒီကောင်တွေကို အခုလာမဲ့ ဆိုကရေးတီးမှာ ကိုယ်ကိုယ်တိုင်တီးပြီး ကိုယ်ကိုယ်တိုင်ဆိုပြီး သီချင်းပြိုင်ရမယ်တဲ့ ပြိုင်ပွဲထဲမှာတော့ မထည့်ဘူးပေါ့၊ ရှုပ်ကုန်မှာစိုးလို့ ဖြေဖျော်ရေးအနေနဲ့ မှာ တက်ဆိုကြ၊ ကိုယ်တိုင်တီးတဲ့၊ အဲဒါ သက်ဆိုင်ရာကောင်တွေက သူတို့ ဆရာအသီးသီးမှာ အထူးကျင့်နေကြပြီ၊ မင်းတပည့်က မောင်းပဲတီးတတ်တာဆိုတော့ ဒုက္ခရောက်နေပြီလေ။
အမ်၊ ဒါ ဒီကောင်မစုတ်ကလေး သက်သက်ညစ်တာပဲ ငါတို့ ဆိုင်းကို အထင်သေးတာပဲ ဘယ်လိုလောက် မောင်းသမားက အဲဒီ စန္ဒယားတွေ စောင်းတွေ ပတ္တလျားတွေထဲကို ဘယ်လို ကိုယ်တိုင်တီးပြီး ၀င်ပြိုင်နိုင်မှာလဲ
-
ဟုတ်ပဗျာ၊ ဒုက္ခပါပဲ၊ ကျနော် အတော်စဉ်းစားနေမိသည်၊ စင်တော်မင်းသမီးတို့ ဘာတို့ ဆိုခိုင်းပြီး ကောင်မလေးကိုပါ ကခိုင်းရင်ရော၊ လေးမေက အက အင်မတန်တော်၊ ဖြစ်သေးပါဘူး၊
သူတို့ က ဘာသီချင်းတွေလဲ
စောင်းကတော့ မိုးနတ်ဒေ၀ီတဲ့၊ ပတ္တလျားက ပပ၀င်း၊ စန္ဒယားကောင်ကတော့ ဘာလည်းမသိဘူး ကြိတ်ကျင့်နေကြတာပဲ။
ကိန်၊
အော်ဒါနဲ့ ဒီမှာ အမကြီး ရွှေကူမေနှင်းက မင်းအတွက် ကက်ဆက်ခွေ ပေးသွားတယ်၊ ရေဒီယိုသီချင်းဟောင်းတွေ သွင်းပေးထားတာဆိုပဲ
-
နောက်တစ်နေ့ 
ဟေ့ကောင် ခိုင်စိုး၊ လာ ဒီ သင်္ကေတတွေ ကူးပေး၊ မင်းလဲ စကျင့်တော့၊ ၀ိုင်းရယ် မောင်းရယ်၊ နှဲရယ်၊ ဒိုးရယ် ခွဲပေး၊ အောင်ကြည်မြင့်က နုတ်စ်မသုံးဘူး ငါကိုယ်တိုင် ကြေးဝိုင်း တီးပေးမယ်၊အဲ ကိုသောင်းဟန်အတွက် တရွက် ကူးအုံး
ပြိုင်ပွဲနေ့ 
ရှေ့ က သုံးယောက် အထစ်အငေါ့မရှိ ဖီလင်အပြည့်နဲ့ တက်ပြိုင်သွားကြသည်၊ အဲ ဆိုသွားကြသည်၊ ကိုမောင်မောင်ခင်ကြီးတပည့်ကျော်မိုးနတ်ဒေ၀ီက အကောင်းဆုံးဖြစ်နေသည်။
ယခု ဆက်လက် ဖျော်ဖြေမှာကတော့ ရုက္ခဗေဒ အဓိကမှ ကိုခိုင်စိုးပါ၊ ကိုခိုင်စိုးက သူရဲ့ မောင်းဆိုင်းလက်သံနဲ့အတူ ကိုယ်တိုင် သီဆိုပြီးဖျော်ဖြေမှာကတော့ ကြာညိုညို အကိုခူးလို့ ဆိုတဲ့ အနှစ်နှစ်ဆယ်တေးပါပဲရှင် တက္ကသိုလ် အနုပညာအသင်း ၀ိုင်းတော်သားများရဲ့ ဖြည့်စွက် တီးခတ်မှုနဲ့ အတူ ခံစားကြည့်ကြရအောင်လားရှင်။
-
လာပါပြီ အတောက ပတ်မကြီးသံများ မောင်းဆိုင်း အပြေးလှိမ့်သံများနဲ့ အဆိုသမားကို ပရိသတ်များဝိုင်းရှာနေကြသည်၊ မီးထိုးတာဝန်ကျ ပျဉ်းမနားက မျိုးဝင်းကို မောင်ကို မနေ့ ကထဲက အရက်တိုက် သူ့ ဂျင်းရှပ်အဟောင်းတခု လက်ဆောင်ပေးနဲ့ စည်းရုံးထားသည်၊ ကတဲ့အခါမှ သုံးသော ဆလိုက်မီးက ဆိုင်းဝိုင်းထဲမှ မောင်းချောင်သို့ ရောက်ရှိလာသည်၊
ပင်မ မောင်းသမား မောင်ကိုက ကြေးဝိုင်းထဲမှာ၊ ခိုင်စိုးကို ဂီတာဝိုင်း success မှ ကီးကိုတို့ သုံးသော cordless mike နားကြပ်နှင့် တပ်ပေးထားသည်မို့  သူ လွတ်လွတ်လပ်လပ် တီးနိုင် ဆိုနိုင်လေ၏။
လေးမေတစ်ယောက် မျက်လုံးတွေ ၀င်းလာချေတော့သည်၊ အမှန်တော့ သူ့ ကိုပိုးပန်းနေသောသူတွေထဲ ဆိုင်းသမား ခိုင်စိုးကို သူ သိတ်ကြည့်ရသည်မဟုတ် ဇိုးကိုမောင်ကိုကြီးအတွက် ဆိုင်းတီးနေစဉ်မှာပင် အရက်ပုလင်းဝယ်ပေးသည်အထိ တေသော ပေသော တစ်ယောက်မို့ ပင်။
အဆိုလာပါပြီ
-
(ကြာညိုညို အကိုခူးလို့ ပန်ပေးမယ်ကွဲ့ ပျိုလေးမေ ပျိုလေးမေ
တေးဆိုခါ မမူလိုက်ပါနဲ့ ကမ္ဘာဆက်ဆက် သွေကွက်ပါဘူးလေ) ၂
-
မမနှင်း ကျေးဇူးပါပဲလို့  ကျနော်စိတ်က ရွတ်လိုက်မိသည်၊ သီချင်းနာမည်မှာကိုက လေးမေတဲ့၊ မောင်းဆိုင်းလက်စွမ်းပြ၊ ဒိထက်ကောင်းတာတောင် ဒီလောက် မကောင်း၊ အတောတွေမှာပင် ၀ိုင်းဆရာဌေးဝင်းနှင့် ပတ်မချောင် ကိုကျော်မြင့်တို့ အခေါ်အလိုက် ပတ်မသံများ ရကွင်းချက်များဖြစ် မြိုင်ဆိုင်နေတာ၊ ဟိုကောင်တွေ ညောင်း
ပရိသတ်ကြီးထံမှ ဝေါကနဲ လက်ခုတ်သံများ ပေါ်ထွက်လာသည်။
ဒုတိယပုဒ်
ပြုံးချိုချို မျက်နှာလေးနဲ့ ရွှေလည်တိုင် အသာငဲ့ ခေါင်းမော့လို့ ပေးပါ့မယ် ခေါင်းမော့လို့ ပေးပါ့မယ်
ချော့ကာနော့ကာ အော် ချော့ကာပဲရယ်နဲ့  မယ့်ကေသာ ဆံယဉ်ထဲ အနုအလှကြာညိုသွေး တယုတယ အသာလေး ပန်ပေးမယ်ကွယ့် လေး နှမ ဒါလီဆွေ
-
စာသားတွေက အပီကောင်း ခိုင်စိုး သူဘ၀အတွက် ရင်းပြီးဆိုနေရတာ၊ ကျနော်မရှိတဲ့အချိန်တွေ ဒီကောင် ဆရာဦးဌေးအောင် အဆိုသင်တန်းကို လုပ်အားပေးသွားသွားတီးပေးနေတော့၊ အဆို အတော် တိုးတက်နေပါပြီ။
-
(မျက်ထားတော်ညို၊ ညိုပါနဲ့ လေး၊ နှုတ်ခမ်းတော် စူပါနဲ့ /အော်စူစူပါနဲ့ငယ်ကျွမ်းချစ်ဆွေ၊ လေးတမေ၊)
မေတ္တာတော်ခိုင် မယိုင်ဘူးကွဲ့  ကမ္ဘာဆုံးထိ၊ သက်လုံးကြင်မယ်၊ တွေးဆစရာ လေးနှမသာ ကြင်စဦးမို့ ၊ အော်သစ္စာဆိုသူ ရှိဘူးမေရယ်၊ ယုံကြည်စိတ်ချ မှာလိုက်စမ်းပါမယ်၊ မယ့်ကေသာ ဆံယဉ်ထဲ၊ အနုအလှကြာညိုသွေး၊ တယုတယ အသာလေး၊ ပန်ပေးမယ်ကွဲ့ ၊ လေး လေး လေး လေးနှမဒါလီဆွေ
-
မျက်ထားတော်ညိုစသည်တို့ တွင် စန္ဒယားတီးပေးနေသော အသောက်သမား စန္ဒယားသောင်းဟန်(ပါပီမ)နှင့် မောင်းခိုင်စိုးတို့ ၏ အခေါ် အတီး၊ ပရိသတ်ကြီးရော ကျနော်တို့ အသင်းသားတွေပါ ပါးစပ်ဟောင်းလောင်း
-
လေးနှမသာ ကြင်စဦးမို့  အော်သစ္စာဆိုသူ ရှိဘူးမေရယ်၊ ဆိုတဲ့ နေရာတွင် ခိုင်စိုးအသံက ဖီလင်အပြည့်နှင့် မျက်လုံးတွေကလဲ ရွဲလို့ ၊ လေးမေ အဲဒီနေရာမှာ မခံစားနိုင်တော့ဟန် ခေါင်းငုံ့ သွားရှာပါတော့သည်။
-
အတီးပုဒ် မြူးကြွနေသာ ဒိုးသံနှင့် စန္ဒယားနှင့်မောင်းဆိုင်းနှင့် အပြိုင် လက်ခုတ်သံတွေ တဖြောင်းဖြောင်းရလိုက်ပါသည်၊ ပြသနာတွေကိုသိနေသော ဆရာဦးဌေးအောင်က ကျနော့်ကို လှမ်းပြီး လက်မထောင်ပြသည်။ နိုင်ပြီဆိုတဲ့သဘော ပရော်ဖက်ရှင်နယ် အသိအမှတ်ပြုချက်
-နောက် တစ်ခေါက် အစအဆုံးပြန်တီးပြီးသည့်အခါမှာတော့ RC တစ်ခုလုံး လက်ခုတ်သံ တဖြောင်းဖြောင်းပါပေပဲ။
-
(ကြာညိုညို အကိုခူးလို့ ပန်ပေးမယ်ကွဲ့ ပျိုလေးမေ ပျိုလေးမေ
တေးဆိုခါ မမူလိုက်ပါနဲ့ ကမ္ဘာဆက်ဆက် သွေကွက်ပါဘူးလေ) ၂
ပြုံးချိုချို မျက်နှာလေးနဲ့ ရွှေလည်တိုင် အသာငဲ့ ခေါင်းမော့လို့ ပေးပါ့မယ် ခေါင်းမော့လို့ ပေးပါ့မယ်
ချော့ကာနော့ကာ အော် ချော့ကာပဲရယ်နဲ့  မယ့်ကေသာ ဆံယဉ်ထဲ အနုအလှကြာညိုသွေး တယုတယ အသာလေး ပန်ပေးမယ်ကွယ့် လေး နှမ ဒါလီဆွေ
(မျက်ထားတော့ညို၊ ညိုပါနဲ့ လေး၊ နှုတ်ခမ်းတော် အော်စူပါနဲ့ /စူစူပါနဲ့ငယ်ကျွမ်းချစ်ဆွေ၊ လေးတမေ၊)
မေတ္တာတော်ခိုင် မယိုင်ဘူးကွဲ့  ကမ္ဘာဆုံးထိ၊ သက်လုံးကြင်မယ်၊ တွေးဆစရာ လေးနှမသာ ကြင်စဦးမို့ ၊ အော်သစ္စာဆိုသူ ရှိဘူးမေရယ်၊ ယုံကြည်စိတ်ချ မှာလိုက်စမ်းပါမယ်၊ မယ့်ကေသာ ဆံယဉ်ထဲ၊ အနုအလှကြာညိုသွေး၊ တယုတယ အသာလေး၊ ပန်ပေးမယ်ကွဲ့ ၊ လေး လေး လေး လေးနှမဒါလီဆွေ
-
အရင်ဆိုသွားတဲ့သုံးကောင် ကျနော့်ကိုလာပြီး ထောပနာပြုသည် ကိုမောင်ကိုကြီးဘက်လိုက်တယ်တဲ့၊
-
အော် သူတို့ တောင် အခု မြေးတွေ ရနေပြီပဲ
ဖူးစာရေးနတ် မောင်ကို


2 comments:

  1. ဘသန်း တက္ကသိုလ် နောက်ခံနဲ့ ရေးတဲ့ အပျိုတော် ကချီခန်းကိုလည်း ဒီထဲမှာ တင်ပေးပါဦး။

    ReplyDelete