Saturday, October 29, 2016

ချစ်သူ့ ရင်ခွင်

ချစ်သူ့ ရင်ခွင်



။ကြေညာ သာယာပျံ့ပျူး။ သာယာ ကြေညာပျံ့ ပျူး။ (မီးရေမီး ရေမီး ရေတီလာ၊ ရေဒိုရေ ဒိုရေမီရေ ဒိုရေ ဒိုလားဆို)

အို တီးလို့ကောင်းလိုက်တာ၊ ပျားဂေဟာ တွင် သင်တန်းတက်နေရသော တက္ကသိုလ်ဆိုင်းနှင့် ဝေးကွာနေရသောကျနော်၊ RC2 ၏ သင်္ကြန်ပွဲကို ဆိုင်းမတိုက်ပဲနှင့် ၀င်တီးနေရခြင်း၊ ဌေးဝင်းပေးထားသောအီနောင်အက သင်္ကေတကို မျက်စိမပြတ် sight reading ဖတ်၍ တီးနေရာမှ လေပြေဆော်သွင်းမြူး၏ဤအပုဒ်အရောက် စိတ်ထဲမှ ရေရွတ်လိုက်မိပါသည်၊ တီးချက်များက မြူးကြွ၍ ကရောင်းရိုက်ချက်များနှင့်ဆူပွက်နေ၏။

။အိုတူဘူးဘယ်ရာဝင်မှာသာ။

နှုတ်မှ လိုက်၍ဆိုနေမိသည်၊အလွတ်ရနေသော သံစဉ်တခုပေမို့ မောင်းကို လှိမ့်တီးရင်း ကနေသော လူကိုတချက် လှမ်းကြည့်မိသည်။အ၀တ်အစားတောက်တောက်ပြောင်ပြောင်နှင့် အချိုးကျလှသော ကကွက်များ၊ ပွဲခင်းတခုလုံးကို ဖမ်းစားထားသည်။သင်္ကြန်စင်တွင် ဆိုင်းကို စင်ပေါ်တွင် အထင်ကရ တင်ထားသည်မို့  ကသူ၏နောက်ဘက်တွင်ရောက်နေရသည်၊လှည့်ပတ်ကချိန်တွင်သာ မျက်နှာကို မြင်ရသည်။

ဆန်းဆန်းထွေလှရွေရံကာ။ ရွှေဘုန်းတေဇာ-နေနှုန်းဖြာ။ 

ကရောင်းသတ်၍အကပြီးသွားသည်။ သည်တီးလုံးနှင့် သည်အကနှင့်အတူ သည်ကချေသည်ကို အမှတ်တရ ရှိသွားသည်။ ကျနော်တို့တက္ကသိုလ်အနုပညာအသင်းမှ ဤအကကို မကကြ၊ နောက်ပိုင်းကရောင်းရိုက်ရာတွင် ထည့်တီးရန်၊ ချူဧချိုက်အစချီ ဤအီနောင်သင်္ကေတများကို ကျနော့် ပွဲတီး သင်္ကေတစာအုပ်တွင် တခုတ်တရ ကူးထားမိပါတော့သည်။

‘မောင်ကို မင်း နက်ဖြန်ညပိုင်း အားလား’

ပျားဂေဟာကြီးပျက်လို့ သစ်တောလဲ ပြန်မရောက်သေး ကျနော် အနုပညာအသင်းမှာပဲ လေလွင့်နေချိန်၊ တေဖေါ်တေဖက်ဆည်မြောင်းမှ တက္ကသိုလ်ထဲ ဓါတ်ပုံရိုက်စားနေသည့် ဥာဏ်ထွန်းက မေးခြင်း။

‘အားတယ်၊ဘာအလုပ်ရှိလို့ လဲ’

‘ငါ့မိတ်ဆွေတွေအိမ်မှာဆိုင်းနဲ့ အကနဲ့ ဧည့်ခံပွဲရှိတယ်၊ ကမှာက ယဉ်ကျေးမှုကပဲ ဆိုင်းလဲ အဲဒီကပဲ၊ ဒါပေမဲ့ မောင်းသမားလိုနေလို့တဲ့ သင်္ကေတရတဲ့ မောင်းသမားတယောက် ရှာပေးပါဆိုလို့ ၊ ချီကောက်တီးခ ပေးမယ်တဲ့ တရာ ဆိုပဲ’

အဲဒီအချိန်ကတရာ မနည်းပါ၊ ကျနော် သစ်တောဌာနက အမြဲတန်းခန့် ဘို့ ဆိုပြီး လစာ ၂၁၀ စကေး (တောအုပ်)ဖြင့် ခန့် ထားချိန်၊ ၂၉၀ပဲ တလတလရ၏၊

တီးမယ်လေ

ရောသွားတော့တကယ့် သူဌေးအိမ်၊ ဧည့်ခံတာက ဂျပန်လေးယောက်၊ ဂျပန် မာဇဒါ ကုမ္ပဏီ၏ အကြီးအကဲများ၊ အိမ်ရှင်မိသားစုကနာမည်ကျော်မိသားစုပေပဲ။

ဝီစကီခွက်များကိုယ်စီကိုင်၍မြက်ခင်းရှေ့ မှ ကျနော်တို့ ပွဲကိုကြည့်ကြသည်။

သူ့ ကို မြင်လိုက်ရ၏၊အော်သူက ဒီမိသားစုကကိုး။ ယဉ်ကျေးမှုမှ သူ့ ကို အီနောင်အကသင်ပေးသော ဆရာများပါလာသည်။

ကျနော်နှုတ်ဆော့ခါတပုဒ်လောက်ကပါလားဟု ပြောမိသည်။ သူ့ မိသားစုကပါ တိုက်တွန်း၍ တိုက်ပေါ်တက်ခါ အီနောင်ဝတ်စုံအပြည့်မိတ်ကပ်အပြည့်ဖြင့် ဖျော်ဖြေပါတော့သည်။ ဧည့်သည်များက ချီးမွန်းမဆုံး၊ ကျနော်ကတော့ ထုံးစံအတိုင်းအလွတ်မရသော ချုဧချိုက်နှင့် လေပြေဆော်သွင်းမြူးကို သင်္ကေတနှင့် တီးနေရ၍ အကကို မကြည့်နိုင်ပါ၊ကရောင်းပုဒ်ကျမှသာ မြူးကြွနေသော သူ့ ကဟန်ကို လှမ်းကြည့်ဖြစ်သည်။

နောက်ပိုင်းအဆက်အစပ်မရှိတော့၊ ကျနော်လဲ ဘ၀တွေပြောင်းလို့ မြို့ နယ်မှုး၊ လက်ထောက်ညွှန်မှုး စသည့်ရာထူးများဖြင့် တူတူ တန်တန်ဖြစ်လာသည်၊ သူတို့ မိသားစုရဲ့ နာမည်ကြီး ကဖေးဆိုင်ကို သွားစားမိတိုင်းသူ့ ကို သတိရမိသည်။

တလောက ကွင်းဆင်းတုံး၊ဗထူးနယ်မြေအတွင်း ကာဖီခြံများ သရက်ခြံများလည်းတွေ့မိသည်။ ကျနော့်မိတ်ဆွေ ကိုယ်ပျောက်ကိုယ်ရံတော်ကိုဘာရယ်မဟုတ် သူ့ အကြောင်း ပြောမိသည်။

ကျနော်သိတယ်ဆရာ၊ဒါပေမဲ့ သူ အိမ်ထောင်ရေးကိစ္စမှာ မိဘတွေက သဘောမတူလို့ ဆိုပြီး ပစ်ထားတယ်ပြောတယ်။

အော်

အော်ရုံပဲလုပ်နိုင်ပါသည်၊တချိန် တခါက စင်ပေါ်နှင့် စင်အောက်၊ စကားပြောတာဆိုလို့ သူ့ အိမ်မှာ အီနောင်ကဘို့ တိုက်တွန်းမိတာလေးပဲရှိခဲ့ဘူးသည်။

တလောက နေပြည်တော်မှသူတို့ ဆိုင်ရောက်သည်။ သတင်းစာထဲတွင် သူတို့ မိသားစု နာရေး၊ အမေကြီးဆုံးသည်။ နာရေးကျော်ညာမှ မိသားစုများတွင်သူတို့ ဇနီးမောင်နှံ မထင်မရှား၊ တခြားစုံတွဲတွေက ဂုဏ်ထူးတွေနဲ့ ။

အင်း

သံသရာ ဆွဲဆန့်လို့ ၊ ဘယ်လောက်ပင်ရှည်ရှည် ချစ်သူရင်ခွင်ကြား နားနားနေနေ ဆိုတဲ့ သီချင်းလေးပဲ အမှတ်ရပါတော့သည်။ များပြားလှသော ဂုဏ်တွေ ဒြပ်တွေ စည်းစိမ်တွေကို ပစ်၍ မိဘ ဆွေမျိုးသားချင်းများကို ကြောခိုင်းစေနိုင်သော ချစ်သူများစွာကို အင်အားတွေ အဆမတန်ရှိစေခဲ့သော စာသားများ။

ချစ်သူရင်ခွင်မှာပျော်မွေ့ နိုင်ပါစေလေ။

ချစ်သူ့ နယ်မြေ  https://soundcloud.com/maungko/ftmnqbyrdfea

No comments:

Post a Comment