Friday, October 28, 2016

မရှောင်သာတဲ့ လမ်းမြှောင်ကြား

မရှောင်သာတဲ့ လမ်းမြှောင်ကြား

19 August 2014 at 14:53
ရွှေပြုံးကို သွားမယ်လို့  ငှက်ခါးတဲ့ (မြန်မာ့ရိုးရာသီချင်းစာအုပ်မှာ နပ်ခါးလို့ ဆိုတယ်၊ မဟာဂီတစာအုပ်တွေမှာ၊ လှံဖျားတဲ့ သုံးတောင်လို့ ဆိုတယ်၊ ကျနော်တို့ အသင်းကတော့ ငှက်ခါးတဲ့ သုံးတောင်လို့ ဆိုခဲ့ကြပါတယ်) သုံးတောင် ပြောင်လောက်အောင်သွေး၊
ကျောက်ပြင်ကြီးရယ်နဲ့ မှန်ဘီးကို ယူခဲ့ပါ့ ညိုနွဲ့ ရဲ့ လေး

ဗေတိုးပုံ ဗေတိုးပုံဆိုသောလေးလေးပင်ပင် အပျိုတော်ပို့ တပေါင်ခန်းမှ ဒိုးသံတွင် ကျနော်တို့ စီးပွားရေးတက္ကသိုလ်မှ ကိုမောင်မောင်ခင်ရဲ့ အောင်မြင်လှသော အဆို အတိုင်သံက နားထောင်၍ အီစိမ့်နေမိသည်။

အဖေါက်အပုဒ်များကို တညီတညာတည်း လိုက်ဆိုနေကြသူတွေက ကျနော်တို့ ကျောင်းကမဟုတ်၊ ဒီအပန်းဖြေ၇ိပ်သာ ပိုင်ရှင် ၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဆိုင်းအဖွဲ့ သားများ
ရွှေပြုံးက ပန်းခွာညို မွှေးလှတယ်ဆို မွှေးလှတယ်ဆို
ပန်စေလို လောင်းညိုလှေကလေးနဲ့ နဲ့ ပန်းခူးခဲ့လေး။

ကျနော်က စီးပွားရေးတက္ကသိုလ်ကပါ၊ နေရပ်က ရွှေဘိုနယ် နာမည်ကျော် ရွာတရွာက၊ ရွာက ဆိုင်းတွင်တော့ ကျနော်က လူတွင်ကျယ်၊ ရွာအငြိမ့်အဖွဲ့ တွင်လဲ ဆရာကြီး၊ ဒီမှာတော့ နောက်ကို သူရဲလေးကောင်ဟူ၍ နာမည်ကြီးမဲ့ထဲက အရိုင်း၊ ငှက်ပျော်ကြော်တို့ တောင် ပညာသင်ရှိနေသေးချိန်၊ ဆိုင်းကလဲ လူအပြည့်၊ သူတို့ လူပြည့်ပြီဆိုရင် ဆီမီးခုန်က ရွာစားလေး စိန်ပေါတောင်မှ ရကွင်းကြီးတီးရတာဖြစ်ပါတယ်။ အခုသူတို့ အဖွဲ့ တွေ ဘွဲ့ နှင်းသဘင်မှာ ပွဲကြီးရှိ၏၊ ထို့ အတွက် ဆိုင်းတိုက်နေကြချိန် ၀ါးသမားမရှိသည်နှင့် မောင်သောင်း မင်းဝါးကိုင်စမ်းဆိုသော သစ်တောက ကိုမောင်ကို အမိန့် နှင့် ကျနော် ၀ါးတီးရင်း အပျိုတော်မကလေးကို ငေးမိနေသည်။

အပျိုတော်မမလေးက အင်္ဂလိပ်စာ မေဂျာမှ၊ ခင်သီတာ၊ လှသလောက် အပေါက်ဆိုးသည်၊ အဖေက ဦးဆောင်ညွှန်ကြားရေးမှုးဆိုပဲ၊ ၀င်ဒါမီယာထဲမှာနေသည်။ သူ့ ဆရာမက ဒေါ်သြဘာသောင်းတပည့် နောင် နာမည်ကြီး ကိုဆူးငှက်ရဲ အမ ခင်လေးနွယ်ထင်သည်။ အသင်းကိုရောက်ကထဲက အပျိုတော်မှကခြင်သည်ဆိုပြီး ရှေ့ ထွက်ကသည်၊ ပွဲကြလျှင် အသင်း၏ အပျိုတော်ကြီး မနွယ်၊ ဆိုင်းဆရာကြီး ဦးစိန်လှမောင်သမီး၊ မသန်းသန်းအေးနှင့် သူတို့  ၃ယောက်က စင်တိုင်နှင့် ယခု ကချီခဏ်းအပုဒ်များတွင် တာဝန်ယူကကြမည်၊ အလယ် ယိမ်းအပုဒ်တွေကိုတော့ သင်တန်းသူကလေးများ ၀ိုင်းကကြမည်။

ကျနော်လေ ရွှေပြုံးသား

အကပြီးသွားပါပြီ။
ယိမ်းတိုက်မယ်၊ ဆန်းသစ်လှပ။

ဒုက္ခရောက်ပြီ၊ အဲဒီယိမ်းက တနေရာ ၀ါးအ၀င်၊ ကျနော် အခုထိ မရသေး၊ ကိုမောင်ကိုတို့ က သင်္ကေတတွေနှင့်၊ ကျနော်က နားနှင့် တီးရတာ၊ ကျနော်မပိုင်သေးဟု မပြောမိ၊ ဆက်ပေတီးနေမိသည်။

ရပ်ရပ်၊
မှားပြီ၊ ခင်သီတာ့အသံ စွာကျယ်ကျယ်နှင့် ကျနော့် စည်းဝါးဆီပြေးလာသည်။ လက်က တဆဆနဲ့ စည်းဝါးပြသည်၊ ပါးစပ်ကလဲ ဘယ်လို တီးနေတာလဲ၊ ပွဲကြရင် ဘယ်လိုလုပ်မှာလဲတဲ့။

မမနွယ်မရှိ၊ ဆိုင်းထဲတွင်လဲ ရွာစား ကိုဌေးဝင်းမရှိ၊ ပျားဂေဟာမှ သစ်တောသို့ အပြန် အနုပညာအသင်းတွင် သောင်တင်နေသော (သူ့ အပြောအရ lost in transit) ကိုမောင်ကိုက မောင်းတစ်လက်နဲ့ ဦးဆောင် ဆိုင်းတိုက်ပေးနေခြင်း

ဝါးသမား အသစ်မို့ ပါဟာ၊ သည်းဥည်းနဲနဲ ခံစမ်းပါ၊ စိန်ပေါ အတန်းသွားတက်နေတုံးမို့ ၊

ဘယ်ဒီလို မှားနေလို့ ဖြစ်မလဲ၊ ၀ါးနဲနဲ မှားတာနဲ့ ကျမတို့ ခြေထောက်တွေက ကလို့ မရဘူးရှင့်။ ဒီမှာ ရှင်တို့ လက်နဲ့ တီးတာကို၊ ကျမတို့က ခြေထောက်နဲ့ သိတယ်၊ အမှားမခံဘူး

တောက် ဆိုသော အသံကျယ်ကြီးနှင့် တောက်ခေါက်သံနှင့်အတူ၊ ကိုမောင်ကိုကြီး မောင်းချောင်ကနေ ၀ုန်းကနဲထလာသည်။

ဟေ့ ညီလေး၊ ညီလေး လွန်မယ် လွန်မယ်၊ သွားသွားကြ တမင်းစားနားတယ်၊

အရိုင်းတို့ ဆရာ လူရွှင်တော် ကိုမျက်မှန်ခေါ် ကိုတင်မောင်ဌေးအတင်း ကိုမောင်ကိုကြီးကို ဆွဲထုတ်သွားသည်၊ အားလုံး ရုတ်ရုတ်နှင့် မနက်ပိုင်း အကတိုက် ပြီးသွားတော့သည်။
ကျနော်လဲ ကိုယ့် ကျောင်းဖက် လစ်ပြေးခဲ့တော့သည်။

ပွဲနေ့ 
ဟေ့ကောင် မောင်သောင်း မင်းရကွင်းကြီးကိုင်၊ ဟုတ်ကဲ့အကို

အကို ဟိုနေ့ က ရန်ဖြစ်တာ ပြီးသွားပြီလား
သူကတော့ ပြီးတာပေါ့ကွာ ငါတို့ ဆိုင်းအဖွဲ့ ကတော့ ဘယ်ပြီးမလဲ မင်း ပွဲကျရင်ကြည့်၊
ဟင် ဟုတ်လား အရှက်တကွဲဖြစ်အောင်တော့ မလုပ်ပါနဲ့ အကိုရာ တကယ်တော့ ကျနော်တို့ သတ်ရင် သူတို့ ဘာလုပ်နိုင်မှာမို့ လဲ

အဲဒိလောက် မလုပ်ပါဘူးကွာ စယုံနောက်ယုံကလေးပါ အဟဲ

ပွဲဦးအပျိုတော်ကပါပြီ၊
စင်တိုင်ကို အမနွယ်ကတိုင်သည်၊ သိကြားနတ်သံအပြီး ဘိုးတော်ပို့ သည်၊ ဟုတ်မှဟုတ်ကျရဲ့ လား မောင်တို့ တွင် ဟုတ်ပေ့ဆိုသည့်အသံနှင့်အတူ၊ မခင်သီတာနှင့် မသန်းသန်းအေးပါ ၀င်လာကြသည်။

ရွာတော်ရှင်နတ်သံပစ်၊ အတူလေးရယ်တဲ့မှ ယှဉ်ကာပြိုင် ယိမ်းပြီးသည်နှင့် ယိမ်းသမလေးတွေ အပြင်ထွက်သွားကြပြီ၊ အပျိုတော် ၃လက်နှင့် ကျနော်တို့ ဆိုင်းအဖွဲ့  ကချီခဏ်းအပုဒ်များကို အပြိုင်အဆိုင် နွှဲကြပါပြီ

(ပျိုလေးကို ကြိုလှဲ့ ပါ့ မှာခဲ့မယ်လေး၊ ကြိုလှဲ့ ပါ့ ယောင်ကြီးဗွေ ဆီးကြိုလှဲ့ လေး) ၂
ရွှေနံ့သာမြစ်ကိုလ၊ ပျစ်လောက်အောင်သွေး၊ လိမ်းမယ်လို့ကြံ၊ မှန်ယူခဲ့ညိုညိုနွဲ့ ရယ် ခေါင်းဘီးခဲ့လေးလေး၊ ရွှေနံ့သာမြစ်ကိုလ၊ ပျစ်လောက်အောင်သွေး၊ လိမ်းမယ်လို့ကြံ၊ မှန်ယူခဲ့ညိုညိုနွဲ့ ရယ်

(ရွှေဘုန်းတော် တိုးပါလို့ ငွေမိုးတွေရွာ၊ နိုင်ငံတော် ပြည်အရေး သာလှတယ်လေး) ၂

ဒီအပုဒ်တွေနဲ့ ကချီခဏ်း
ဘွဲ့ နှင်းသဘင် ခန်းမတစ်ခုလုံး ငြိမ်သက်နေကြသည်၊ သူတို့ မကြည့်ဘူးကြတာကြာပါပြီ၊ နောက်အပိုင်းတွေတွင် ဖျော်ဖြေရန်ရောက်နေသော စောင်းဦးဘသန်းစသည်တို့ ပင် ပါးစပ် အဟောင်းသား၊ ဆရာကြီး လိုက်ဆိုနေတာတွေ့ ရသည်။

ဝိုင်းတော်သားရယ်လေ လူရည်သာလို့ ထားတယ်
လားပါ လားပါ

လာပါပြီ အတီးကဆောင်၍ တီးပြီးမှ အဆိုကလိုက်သည်၊ စင်ပေါ်မှ အပျိုတော် ၃ယောက် တယောက်စီ အစွမ်းပြ ကကြသည်

[(ယိုးလေးမှ ယိုးလေးယိုးလေး ယိုးလေး ယိုးလေးစွဲ) ၂
(ယိုးလေးယိုးစွဲ ယိုးစွဲ ယိုးလေးယိုးစွဲ ယိုးစွဲ)၂၊  ဟေ] ၂

[(လုံမလေး လုံမကလေး ခလေး ခလေး ခလေး ခလေးခလေးဆိုမှ ကတတ် ကတတ်  အိုလေ ကတတ်တယ်) ၂
(ကတတ် ကတတ်တယ် အိုလေး ကတတ်တယ်) ၂]

ေ၇ွှလက်ကလေး ချိုးလိုက်တယ်တော့၊ ငွေလက်ကလေး ချိုးလိုက်တယ်တော့
ချိုးလိုက်တယ်နော် ချိုးလိုက်တယ်တော့ ချိုးလိုက်တယ်နော် ချိုးလိုက်တယ်တော့ ရွှေဘုန်းတော်

[(မန်းရိပ်ကယ်ခို) ၂ ရွှေဗဟိုရ် စည်ကြီးက ဟိန်းတယ်] ၂။
[(ဆဒ္ဒန် ဆဒ္ဒန် ဆင်ဖြူငယ်လေ ဆဒ္ဒန်ဆဒ္ဒန် ဆင်ဖြူငယ်လေ

ရွှေဘုန်းတော် ငွေဘုန်းတော် ရွှေဘုန်းတော်တောက်ပါလို့ ဖြိုးမောက်ကယ်ဝေ ပြည်သူပြည်သား အေးမြစေသား) ၂] ၂ ။

[(အောင်ကြစေ အောင်ကြစေ အားလုံးအောင်ကြစေ အောင်ကြပါစေ) ၂
သပြေပန်းနဲ့ ရေချမ်းကိုလောင်း ရေချမ်းကို ရေချမ်းကို ရေချမ်းကိုလောင်း ရေချမ်းကို ရေချမ်းကို ရေချမ်းကိုလောင်း အောင်ပါစေ သပြေပန်းနဲ့ ရေချမ်းကိုလောင်း ] ၂။

(ထားဝယ်သူများ ရေခပ်သွား ထားဝယ်သူများ ရေခပ်သွား၊ ရေအိုးကိုယ်စီ ပါလေပြီ ရေအိုးကိုယ်စီ ပါလေပြီ) ၎

ဒီနေရာမှာ ကျနော်တို့  နန်ကြီးတဘောင်ခေါ်သော တောင်တော်ရွှေပုပ္ပါးထဲမှ အပုဒ်ကိုတီးကြသည်၊ ယခု ကျွန်းဆွယ်ဖွင့်ပွဲတွင် နာမည်ကြီးသွားသော အပုဒ်ဖြစ်သည်။၊ ခင်သီတာတို့ ၃ ဦးသား အမနွယ်၏ ဦးဆောင်မှုအောက်တွင် ကျနော်တို့ ဆိုင်းနှင့်အပြိုင်။ ပရိသတ်က လက်ခုတ်သံတွေ တဖြောင်းဖြောင်းပေါ်လာသည်။
တေတျာသတ်ပြီးသည်နှင့် တဘောင်ဆိုရမည့်နေရာရောက်ပါပြီ၊ ခါတိုင်းဆိုနေကြ ရွှေပြုံးကို သွားပါလို့ အစချီ တဘောင်များ

အလို ကိုမောင်ကိုကြီး ကိုမောင်မောင်ခင့်ဘေးကိုထသွားလေရဲ့ ၊ မိုက်ကို ဆွဲယူပြီး ကျနော်မကြားဘူးသော တဘောင်တပုဒ်ကိုစဆိုပါသည်။

(ဗျာပါဆံ ဝေအောင်ချပါလို့ အခန်းဝမှာတဲ့ တမှိုင်တွေတွေ ၊ မင်းဘာပြုနေ၊)

ခါတိုင်း အတိုင်ဆိုနေကြ၊ ကိုမောင်မောင်ခင်နဲ့အတူ တက္ကသိုလ်ဆိုင်းဝိုင်းတော်သားတွေ ဆိုလိုက်ကြတာ

(၀ိုင်းတော်သားနဲ့ ညားပါစေ၊ ပန်းသပြေ ညောင်ရေလောင်း ၊ မင်း အောင်ဆုတောင်း၊ )

ပရိတ်သတ်က နားမရှင်းဖြစ်သွားဟန်၊ နားရှင်းသွားအောင် ကိုမောင်မောင်ခင်က အဖေါက်ပုဒ်ကို အတိုင်နေရာမှာ ပီပီသသ ဆိုပြလိုက်သည်။

ဝိုင်းတော်သားနဲ့ ညားပါစေ၊ ပန်းသပြေ ညောင်ရေလောင်း လို့  မင်း အောင်ဆုတောင်း၊

ဝါးကနဲ ပရိသတ်ကြီးရယ်လိုက်ကြသည်။

ဗျာပါဆံ ဝေအောင်ချပါလို့ အခန်းဝမှာတဲ့ တမှိုင်တွေတွေ ၊ မင်းဘာပြုနေ၊

လာပါပြီဗျာ ဒုတိယပုဒ်၊ ကိုမောင်ကိုကြီး ဘယ်က ရှာလာမှန်းမသိသော အောက်ပါစာသားများကို အော်ပြန်သည်။

အပျိုတော်မကြီးကွယ် လင်မရလို့ အခန်းဝမှာတဲ့ တစာစာ၊ ကျီးကန်းလိုအာ၊

စင်ပေါ်ကနေ သောက်ကောင်လေးတွေဟူသော မမနွယ် ဆဲလိုက်သံက ပွဲခင်းတစ်ခုလုံး ကြားသွားသည်၊ တ၀ါးဝါး

အဖေါက်ပုဒ်ကို ပတ်မနေရာမှ ဘွဲ့ ရပြီးကထဲက ပုသိမ်မပြန်ပဲ ကျောင်းသားရေးရာတွင် ရောင်ပေပေ အလုပ်လုပ်ရင် ပတ်မတီးနေသည့် နောင် ဆိုင်းတီးနေတုံး အဖေဆုံးပြီဟု လာခေါ်မှ ပြန်သွားသည့် ပုသိမ်းကောလိပ် ဒေသ၂ စသည်တို့ တွင် ကျောင်းသားရေးရာ မော်ကွန်းထိန်းဘ၀နှင့် အနားယူသွားသည့် ကိုသန်းထွတ်က ပတ်မကို တထီထီ ထုရင် ထအော်ပါသည်

ထမင်းဖြူ ခုနှစ်ဆုပ်နဲ့ ၊ ပတ်မကြီးဂြိုလ်စာကျွေး၊ လင်ရမယ်လေး

ခင်သီတာ မျက်စိမျက်နှာကို ပျက်ပြီး ကနေရှာသည်၊ အောက်မှာကလဲ ပါမောက္ခချူပ်တင်မက၊ ဖိတ်ကြားထားသော ပညာရေး၊ ယဉ်ကျေးမှုစသည် ၀န်ကြီးများ အစုံအလင်။ နောက်ပြီးဒါ သမားစဉ်လေ၊ ဆိုင်းပြုသမျှ ပြောသမျှ သူတို့ နုရတော့မှာ။

ထမင်းဖြူ ခုနှစ်ဆုပ်နဲ့ ၊ ပတ်မကြီး ကိုကွယ် ဂြိုလ်စာကျွေး၊ လင်ရမယ်လေး
အပျိုကြီးကွယ် လင်မရလို့ အခန်းဝမှာတဲ့ တစာစာ၊ ကျီးကန်းလိုအာ၊

အပျိုတော်မကြီးကွယ် လင်မရလို့ အခန်းဝမှာတဲ့ တစာစာ၊ ကျီးကန်းလိုအာ၊
ထမင်းဖြူ ခုနှစ်ဆုပ်နဲ့ ၊ ပတ်မကြီး ဂြိုလ်စာကျွေး၊ လင်ရမယ်လေး

တီးပါပြီ၊ ဆရာဦးဘသန်း၏ ပွဲကြိုက်ခင်ထဲက တီးလုံး၊ သူတို့ သုံးယောက် အသေအလဲ ကကြသည်။

တပေါင်ပြန်ထိုးပြန်ပြီ ၊ဒိတစ်ခါတော့၊ အတည်အတံ့ပါ၊ ကိုမောင်မောင်ခင်ဦးဆောင်ဆိုနေသည်၊

(တယ်အိမ်မှာ နွယ်နီ ရစ်ပါလို့ ငယ်ချစ်ကယ်တဲ့ ဂျိုးတယ်ရာ ဆင်းတဲ့လို့ လာ
မန်ကျဉ်းပင် ဟိုတောင်ကိုင်းက ပျိုတို့ မောင် တယ်အိမ်ထိုး၊ ဆင်းပါ့ရွှေဂျိုး)

မန်ကျဉ်းပင် ဟိုတောင်ကိုင်းက ပျိုတို့ မောင် တယ်အိမ်ထိုးတယ်၊ ဆင်းပါ့ရွှေဂျိုး
တယ်အိမ်မှာ နွယ်နီ ရစ်ပါလို့ ငယ်ချစ်ရယ်တဲ့ ဂျိုးတယ်ရာ ဆင်းတဲ့လို့ လာ

တယ်အိမ်မှာ နွယ်နီ ရစ်လို့ ငယ်ချစ်ကယ်တဲ့ ဂျိုးတယ်ရာ ဆင်းတဲ့လို့ လာ
မန်ကျဉ်းပင် ဟိုတောင်ကိုင်းက ပျိုတို့ မောင် တယ်အိမ်ထိုး၊ ဆင်းပါ့ရွှေဂျိုး

 ၊ ပတ်မက စည်းသုတ်ဝါးသုတ်နှင့် လာပြန်ပြီ အနှောင့်အသွားမလွတ်သော စာသားများ

(တုတ်တုတ်တိုတို မမလေးရဲ့ ကိုယ် ဒီအကို ၀ယ်လို့ ပေး သိုင်းချုံလို့ ထွေး) ၂
ဒီအကို ၀ယ်လို့ ပေး သိုင်းချုံလို့ ထွေး တုတ်တုတ်တိုတို မမလေးရဲ့ ကိုယ်

ဒီတစ်ခါတော့ တုတ်တုတ်တိုတို အပျိုတော်က ဆရာဦးစိန်လှမောင်သမီးကြီး သန်းသန်းအေး၊ သူတို့ အမေပုံစံအတိုင်း သူ့မျက်စောင်းကတော့ ကိုမောင်ကိုကြီးထံ ၊ နောက်မှသိသည်၊ ဒီတပေါင်တွေကို ကိုမောင်ကိုကြီး ကြားဘူးနားဝနှင့် ဆရာ စိန်လှမောင်ဆီက သွားတောင်းထားခဲ့တာ

အပျိုတော်သုံးယောက်ရဲ့ မျက်စောင်းတွေကတော့ ပရိသတ်ကို တ၀ါးဝါး။

(ဖဲပုဝါ ဇာပေါက် ဆယ့်ခြောက်ကျပ်ပေး၊

ဝိုင်းတော်တီး နောက်ထိုင် သံလွင်ကိုင် ပျို့ မောင်လေး ချွေးသုတ်ဘို့ ပေး) ၂။

ဝိုင်းတော်တီး နောက်ထိုင် သံလွင်ကိုင် ပျို့ မောင်လေး ချွေးသုတ်ဘို့ ပေး ဖဲပုဝါ ဇာပေါက် ဆယ့်ခြောက်ကျပ်ပေး၊

ကြည့်ပါတော့ဗျာ ဆယ့်ခြောက်ကျပ်တောင်တန်တဲ့ ဖဲပုဝါကို ဆိုင်းဝိုင်းထဲက သံလွင်စည်းတီးရတဲ့ နောက်ထိုင်ကို ချွေးသုတ်ဘို့ ပေးရမယ်ဆိုပေတာပဲ 

သေစေလို စိန်ဆိုတဲ့ဆေး၊ မမလေး ဖန်ပြာခွက်နဲ့  မင်းတိုက်လှည့်လေး
မမလေး ဖန်ပြာခွက်နဲ့  မင်းတိုက်လှည့်လေး သေစေလို စိန်ဆိုတဲ့ဆေး၊

စိန်ဆေးသောက်၇င်သေချင်မှသေမယ် ခင်သီတာ မျက်စောင်းနဲ့ တင် သေနိုင်လောက်လေရဲ့ 

 ကျနော်လဲ သူတို့ ပေးလာတဲ့ စာသားစာ၇ွက်ကို ကြည့်ပြီး အတင်းလိုက်အော်နေမိပါတော့တယ်၊ ပရိသတ်ကလဲ စာသားတွေကို အသေအချာနားထောင်လိုက် ရယ်သံတွေထွက်လာလိုက်၊ လူကြီးတွေကတော့ ပြုံးစိစိနဲ့ ၊ ခင်သိတာ အမေတွေ အဖေတွေဆိုတာကိုလဲ တွေ့ နေရ တခစ်ခစ်နဲ့ မျက်စိမျက်နှာပျက်ပျက်နဲ့ မျက်စောင်းတထိုးထိုးနဲ့ ကနေတဲ့ သူတို့ သမီးကိုကြည့်ပြီး သဘောတွေ ခွေ့ နေကြလေရဲ့ ။

စိုးပါနဲ့မေရယ် မိုးကြယ်မို့ လား ၊ ဒီတောင်ကို မောင်ဖြိုပါ့မယ် မြငိးမိုရ်မို့ လား။
ဒီတောင်ကို မောင်ဖြိုပါ့ မြငိးမိုရ်မို့ လား။ စိုးပါနဲ့မေရယ် မိုးကြယ်မို့ လား

(ဒီစာသားကိုအခုမှပဲ သဘောပေါက်တော့တယ်၊ အပျိုတော်မ ၀၀ကြီးကို မြင့်မိုရ်တောင်နဲ့ နှိုင်းဆိုတာကိုး၊အဟက်၊ ဖြိုတယ်ဆိုတာ ဆိုင်းသမား ဗန်းစကားကို ထည့်သုံးထားတာ၊ အရင်က ဒီစာကို ဖတ်ပြီး ကြည်နူးနေခဲ့တာ) 

ရွှေကျီးရယ်ညိုပြာပြာ ၀ဲတဲ့လို့ လာ၊ ပျို့ မောင်တော် လာမဲ့လမ်း ဆီးကြိုလှည့်စမ်း

မင်းမောင်တော် လာမဲ့လမ်း ဆီးကြိုလှည့်စမ်း ရွှေကျီးရယ်ညိုပြာပြာ ၀ဲတဲ့လို့ လာ၊

မင်းဟိုကလာ ငါဒီကသွား၊ မရှောင်သာတဲ့ လမ်းမြျှောင်ကြား၊ မင်းနဲ့ငါနဲ့ညား

အဲဒီမှာပဲ အဆိုရပ် ဆိုင်းပိတ်ချပြီး

ကျနော်လေ ရွှေပြုံးသားနဲ့ ဆုံးပါလေရော့တာပါပဲခင်ဗျာ။

ခင်ဗျာ ဇာတ်လမ်းလား၊ ဘာမှ ဆက်မဖြစ်ပါဘူးခင်ဗျား တဘောင်ထဲမှာသာ မင်းဟိုကလာ ငါဒီကသွား၊ မရှောင်သာတဲ့ လမ်းမြျှောင်ကြား၊ မင်းနဲ့ငါနဲ့ညား လို့ ပြောတာ

တကယ့်ဘ၀မှာတော့ မရှောင်သာတဲ့လမ်းမဟုတ် ဒက္ခိဏ ယဉ်စွန်းတန်းနဲ့ ဥတ္တရ ယဉ်စွန်းတန်းပဲ အိပ်မက်တောင် မမက်မိလိုက်ပါဘူး

ဒါလေးနဲ့ တွဲ နားထောင်ရင်း ဖတ်ကြည့်ကြပါ

4 comments:

  1. ဘလော့ လောကမှ ဝမ်းမြောက်စွာ ကြိုဆိုပါတယ် လေးမောင်ကို

    ReplyDelete
  2. ကြိုက်တယ်ဆရာသန်း
    ဆက်လက်ချီတက်ပါ

    ReplyDelete
  3. ဆက်တင်ပေးပါဆရာရေ

    ReplyDelete