Friday, October 28, 2016

ဆုထူးရွယ်နှင့် ရုက္ခမုဆိုး



ဆုထူးရွယ်နှင့် ရုက္ခမုဆိုး
မမေကြည်ရဲ့  ကျေးဇူးနဲ့  ၀င်းကလောကနေ ဇော်၈ျီပြောင်းပြီး စမ်းတင်ကြည့်တာပါခင်ဗျာ။

““ ပတ္တမြားရောင်ဝါ ကံ့ကော်ဦးမှာလ၊ ဆုထူးပန်ရွယ်ခါ၊ နန်းနိဗ္ဗူ ခေမာလမ်းကို၊ တက်လှမ်း မကြာ”” ဖေ့ဖေ့ တယောသံနှင့် မေမေ့အဆိုကို ရှားရှားပါးပါး ငယ်စဉ်ကကြားခဲ့ဘူးပါသည်။ အထက်တန်းကျောင်းသားဘ၀မို့ ကံ့ကော်တော ဆိုသည်ကို တက္ကသိုလ်ဘုန်းနိုင် စာအုပ်များထဲတွင်သာ ဖတ်ဘူးပါသည်။ သစ်ရွက်ဆိုတာ အစိမ်းရောင်ပဲ၊ ပတ္တမြားဆိုတာက အနီရောင်ပဲ၊ ဘယ်လိုကြီးပါလိမ့်ဟုသာ သာမန်တွေးခဲ့ပါသည်။ အနုပညာနဲ့ကလည်း ဝေးသေးသည်။ အဖေ့ဆီ မယ်ဒလင်လာတက်သော ကျောင်းဆရာတစ်ယောက်ထံမှ ရေနံ့သာဦး သီချင်းလေးကို ပြန်တက်နိုင်ရုံသာရှိပါသည်။ ကြိုးမညှိတတ်သဖြင့် အသံကြောင်များထွက်နေခါ အဖေဆူတာ မကြာခဏ ခံရတုံး၊ ကြိုးညှိနည်းလဲ ပြမပေး။

၁၉၇၀ခုနှစ်တွင် သစ်တောအဓိကဘာသာရပ်နှင့် ရန်ကုန် တက္ကသိုလ်သို့ ရောက်ခဲ့ရသည်။ သီချင်းထဲက ကံ့ကော်ရွက်များအကြောင်း မစဉ်းစားမိပါ၊ လူငယ်လွတ်လပ်မှုကို အပြည့်အ၀ခံစားနေမိသည်။ ခြောက်နှစ်တိတိသင်ကြားရမည်ဖြစ်သည့် သစ်တော အဓိကဘာသာ၏ ထုံးစံအရ ပထမနှစ်၊ ဒုတိယနှစ် နှစ်နှစ်တိုင်တိုင် မေဂျာဘာသာများမရှိ၊ အုပ်ထိန်းသူ ကင်းလွတ်စွာ နေရခြင်းကြောင့် ဘာမှ လေးလေးနက်နက်မရှိခဲ့။ အနုပညာအသင်းဝင်ခါ ပတ္တလျားသင်တန်းသား တစ်ယောက်ဖြစ်ခဲ့ပေမဲ့ နှစ်နှစ်တာကာလအား ကြိုးသီချင်းများ၊ ဘွဲ့သီချင်းများနှင့် အချိန်ကုန်ပြီး အမြင့်ဆုံး မြမန်းဂီရိ သေလာတောင်ခန့်သာရှိခဲ့ပါသည်။ ကျောင်းထဲတွင်လည်း မရှိသည်ကများသည်။ ဒုတိယနှစ်ဆိုလျှင် ကျောင်းလုံးဝ မတက်သလောက်၊ ယူတီစီတပ်ရင်းနှင့် အနုပညာအသင်းချိန်မှလွဲလျှင် တေပေနေသည်များလှသောကြောင့် ကံကောင်းထောက်မစွာ အောင်ခဲ့ရသည်ဟု ပြော၍ရပါသည်။ ၅၃ယောက်ရှိသော အတန်းမှာ ထိုနှစ်က ၁၅ယောက်ကျကျန်ခဲ့သည်။ ကံ့ကော်ရွက်များနှင့် ပတ္တမြားရောင်ဝါ အကြောင်းကို လုံးဝ၊ လုံးဝ ကံ့ကော်ပင်များအောက်မှာပင် မေ့နေမိခဲ့သည်။

၁၉၇၃ခုနှစ် တတိယနှစ် သစ်တောကျောင်းသားဘ၀၊ ကျွန်တော်နှင့်အတူ ကျောင်းဝင်လာခဲ့သူအခြား မေဂျာကျောင်းသား ကျောင်းသူများအဖို့ တတိယနှစ်ဆိုသည်မှာ အတော်ရင့်ကျက်နေပြီဖြစ်သည်။ ပညာရပ် အပိုင်းတွင်လည်း အတော်ရင့်ကျက်နေကြပါပြီ။ ကျွန်တော်တို့မှာ ယခုမှ သစ်တောပညာရပ်များစကြရသည်။ မန္တလေးဆောင်နှင့် အက်စ်အီး ခေါ် သိပ္ပံတိုးချဲ့ဆောင်များတွင်သာ အခြား မေဂျာကျောင်းသားများနှင့် ၀င်ကစွတ်သဘွယ် အတန်းလိုက်တက်ရသည့် ဘ၀မှ ယခု အမိ သစ်တောပညာဌာန၏ စာသင်ခန်း တွင် အိနြေ္ဒရရ စာသင်နိုင်ပါပြီ။ အနုပညာတွင်ရော။ ဖြူပြာမူယာ၊ မဲဇာတောင်ခြေ စသည့် ခံစားဘွယ် ပတ်ပျိုးသီချင်းများ စတက်ရပြီ။ ကျောင်းသားကြီးများ ဆိုကြတီးကြ သော ရွှေပြည်တော်သည်၊ သာရကာကျေး စသည့် သီချင်းများကြောင့် မြန်မာ သီချင်းကြီးကို လုံးဝ ခံစားတတ်လာပါပြီ။

ရွှေဘိုခရိုင် ချပ်သင်းမြို့ သော်ကြိုးဝိုင်းတွင် ကျွန်းသင်းသတ်ခြင်း တောဆင်းလုပ်ငန်းကြောင့် တောထဲဝင်ဘူးသွားသော တကယ့် သစ်တောကျောင်းသား အစစ်ဖြစ်ခဲ့ရပါပြီ။ သူငယ်ချင်းကိုဝင်းမြင့်ထံမှ စောင်းပြားတစ်လက်နှင့် စောင်းသင်မိသည်။ ငယ်ငယ်ကအတိုင်း စောင်းဆရာကြီးဦးဌေးအောင် တစ်ယောက်လုံးရှိလင့်ကစား သူငယ်ချင်းထံမှပင် ပြန်တက်မိသည်။ ပုလဲ ရောက်သည်နှင့် ဆုထူးရွယ်ကို တက်ပေးသည်။ စတုတ္တနှစ်ကျောင်းသားဘ၀တွင် တချိန်လုံး ကျောင်းတွင်ရှိနေပေပြီ။ တက္ကသိုလ်အနုပညာအသင်း ဆိုင်းအဖွဲ့ စတင်ပေါ်ပေါက်လာခါ ကျွန်တော်တို့ တချိန်လုံး ကျောင်းပြီးသည်အထိ ဆိုင်းတီးကြခြင်း၊ အနုပညာသင်တန်းများတွင် တာဝန်ယူကြရခြင်း၊ အဆင့်မြင့်လာသော သစ်တောပညာရပ်များကြောင့် ကျောင်းမှန်မှန် ပြန်တက်ကြရခြင်း၊ ဆုထူးရွယ်ကို စောင်းနှင့်၊ ပတ္တလျားနှင့် နောင် စန္ဒယားနှင့်တီးမိသည်။ အဆိုခန်းမှ အဓိပတိလမ်းပေါ်ရှိ ကံ့ကော်ပင်များကို မြင်နေရသည်။ အို သစ်ပင် ထိပ်အုပ်များနှင့် အချို့ကိုင်းများ သစ်ရွက်များက နီရဲလို့ပါကလား၊ စစ်ကြိုခေတ် တက္ကသိုလ်ကျောင်းသားကြီးများဖြစ်ကြသော ဆရာစန်းတို့ ဦးဘညွန့်တို့က ဒါကို မြင်လို့ ပတ္တမြားရောင်ဝါ ကံ့ကော်ဦးမှာလ ဟု ကံ့ကော်ဦး ကံ့ကော်ရွက် အဖူးအငယ်ဟု စပ်ဆိုထားခဲ့တာပါကလား။

နွယ်နီပန်းရယ်နဲ့ နတ်နန်းသက်လျာ၊ ထားဆိုတဲ့ နှစ်ကိုယ်သစ္စာ၊ ကြာနီပန်းတွေနဲ့ မြတ်ဘုရားရှေ့မှာ မြဲစေဘို့ ပန်ကြားလှည့်ပါ၊ ခင်နဲ့သာ အတူတွဲကာ ဆယ်ကမ္ဘာရွေ့စေ ဘုန်းမသွေပါ၊ မမုန်းလေနဲ့ ချစ်ဦးညှာ။

ပြီးတော့ အဖေထိုးနေကြ အပုဒ်ကလေး ပတ္တမြားရောင်ဝါ ကံ့ကော်ဦးမှာလ၊ ဆုထူးပန်ရွယ်ခါ၊ နန်းနိဗ္ဗူ ခေမာလမ်းကို၊ တက်လှမ်း မကြာ။

ကျောင်းပြီးခဲ့ပါပြီ၊ အလုပ်ဝင်လို့ နှစ်သုံးဆယ်ပြည့်ပါပြီ။ စိုက်ခင်းလက်ထောက် လုပ်သက်သာ အသိအမှတ်ပြုလျှင် ပင်စင်ယူလို့ရပါပြီ။ တစ်ချိန်လုံး လွမ်းစရာ ဆွေးစရာနှင့် အမိတက္ကသိုလ်ကို တမ်းတမိတိုင်း ဆုထူးရွယ်သီချင်းကိုသာ ညီးမိသည်။ ဆယ့်နှစ်လရာသီတေးစုမှ ကိုမောင်မောင်ကြီး၏ အဆိုကို အမ်ပီသရီးလုပ်ထားမိသည်။ အချိန်နေရာမရွေးနားထောင်သည်။

တလောက ပန်းဆိုးတန်း စာအုပ်ဆိုင်များတွင် ရုက္ခမုဆိုးဟု နာမည်ကြီးသော အက်ဖ် ကင်းဒမ်ဝပ်ဒ်၏Burma's Icy Mountainsဟူသော စာအုပ်ကို ရလာသဖြင့် ဖတ်မိသည်။ စာမျက်နှာ ၁၁ အရောက်တွင်ပင် အောက်ပါစာပုဒ်ကို ဖတ်လိုက်ရသည်။

Inserts from Burma's Icy Mountains, By F. Kingdon-Ward, Two sights I saw in Myitkyina which impressed me. First the ironwood trees - Mesua ferrea. The leaf buds were breaking and the spinach green of the older foliage was so laced with fiery crimson that the whole sombre crown seemed to glow with light as though it dripped red hot lava. Nor is that all, for the leaves, which while young hang limp and soft as velvet, slowly fade as they grow from vivid red of their birth to carmine, then to a rosy blush like the red stain of the sunset sky changing finally to a delicious pale apple green which in turn deepens by easy tints to the sage green of the mature leaf. Rarely, however, is the ironwood in young leaf from head to toe- not all the leaf buds open at the same time, at least in Myitkyina. Usually not more than half the tree, perhaps only one or two branches, unfurl their young leaves together; thus the tree displays many colours. Is this succession of breaking buds, wherein branches behave almost as independent trees, an effect of unequal light? It would be instructive to compare the behaviour of trees so far south as Singapore, for example, with the trees growing in the forests north of Myitkyina.

အို၊ ကောင်းလိုက်သော စာသားများ၊ ကောင်းလိုက်တဲ့ အတွေးအခေါ်။ ကဗျာဆန်နေတုံးမှာကိုပင် သိပ္ပံပညာရှင်၏ ခေါင်းက Is this succession of breaking buds, wherein branches behave almost as independent trees, an effect of unequal light? ဟု မေးမြန်းစူးစမ်းလိုက်ပါသေးသည်။ ကျွန်တော် အထက်ပါစာပုဒ်များကို ဘာသာမပြန်ရဲပါ၊ မြန်မာစာပေပညာရှင်များက ပတ္တမြားရောင်ဝါ ဟု ခိုင်းနှိုင်းသုံးနှုံးသည်ကို ဆရာကြီးက အနီရောင် ချော်ရည်ပူများစီးကျနေသလိုလားဟု သုံးသွားသည်။ ယခင်ကဆိုလျှင် မျက်စိထဲ မမြင်နိုင်သော်လည်း ယခုခေတ်ကလေးများအတွက်တော့Lords of the Ring Return of the King ကြောင့် ကွက်ကွက်ကွင်းကွင်း မြင်နိုင်ကြပါပေမည်။

ကံ့ကော်ပင်များတွင် တစ်ပင်လုံး အနီရောင်၊ သို့မဟုတ် အစိမ်းရောင်မရှိကြောင်းရေးရာတွင်လည်း၊ အနည်းဆုံး မြစ်ကြီးနားမှာတော့ ဒီအတိုင်းပါပဲ ဟု တိကျသော ကောက်ချက်ချမှုကို သုံးလေ့ရှိသော ပညာရှင်၏ သတိရှိမှု၊ ဒီအတိုင်းပဲ တခြားနေရာ (စကာင်္ပူစသည်) ဖြစ်နိုင်မလားဟု ဆန်းစစ်ရန်လိုအပ်ကြောင်း တိုက်တွန်းမှုတို့ကို ဖတ်ရသောအခါ မလေးစားပဲ မနေနိုင်ပါ။ နောက်ဆုံးအနေနှင့် ကျွန်တော်စိတ်တွင်၊ အနုပညာရှင်များ သိပ္ပံပညာရှင်များ လောကကို အမှုမဲ့ အမှတ်မဲ့ မနေကြပါလား၊ ထိုစိတ် အမူအကျင့်များနှင့်ပင် လောကကို တစ်နည်း တစ်ဖုံစီ အလှဆင်ကြပါကလားဟုတွေးတောရင်း ဆုထူးရွယ် ဖန်တီးရှင်များနှင့်အတူ ရုက္ခမုဆိုးကြီးကိုပါ ဦးညွတ်လိုက်မိပါတော့သည် ခင်ဗျား

နေပြည်တော် ၁၇-၀၁-၂၀၀၈

Radio Drama is composed by Bagan FM

No comments:

Post a Comment