Saturday, October 29, 2016

မျက်လုံးခြင်း စကားပြောနေပြီ


မျက်လုံးခြင်း စကားပြောနေပြီ
တက္ကသိုလ် ပထမနှစ်မှာ ကျွန်တော် အရံတပ်ရင်းဝင်လို့ မိုးရာသီ စခန်းဝင်ရပါတယ်၊ ပထမဆုံး လူငယ်များအနေနဲ့ စုနေ၊ စု စခန်းချ၊ သင်တန်းနေရတာပါပဲ
စည်းကမ်းက စစ်စည်းကမ်းဆိုတော့ ပြင်းပါတယ်၊ ကျောင်းသားတွေမို့ လျှော့ထားတာတွေရှိပေမဲ့ စစ်ပညာကိုတော့ မလျှော့ပါဘူး၊ အဲဒါကြောင့်လဲ နောက်လျော့တိလျော့ရဲ စစ်သင်တန်းတွေကို မြင်ရတဲ့အခါ ပေါက်ကွဲမိရပြန်ပါတယ်
အဲဒီ စခန်းမှာ ဆိုစရာ သီချင်းတွေ များလာပါပြီ
ဂီတာ တစ်လက် အရက်က တစည် မိန်းမလှကလေးက တစ်ယောက်ဆိုတဲ့ ကိုစိန်သစ်ရဲ့ သီချင်းက ဖေးဘရိတ်ပါပဲ၊
ခေါက်ထီးကလေးကို ဆောင်းကာဆိုတဲ့ သီချင်းများ ဟစ်လို့ ကောင်းနေပါပြီ၊ လူငယ်တွေအတွက် ဆိုစရာ သီချင်းများ စလာပြီပေါ့ခင်ဗျား
ဒုတိယနှစ် တက္ကသိုလ် အရံတပ်ရင်း စခန်းချဟာ ပိုပင်ပန်းပါတယ်၊ ပထမနှစ်က မိုးတွင်း အခုနှစ်က သင်္ကြန်ပိတ်ရက်မှာကိုး
ရက်ရက်စက်စက် ပင်ပန်းသမျှ ညကျမှ ဂီတာနဲ့ အပန်းဖြေကြရပါတယ်
ကျွန်တော်တို့နဲ့အတူ ကျွန်တော်တို့ရဲ့ ဆရာသမားများ ဖြစ်ကြတဲ့ တပ်ကြပ်ကြီးတွေလဲ အမြဲလာထိုင်နေကြပါတယ်
အဲဒီမှာ အသားမဲမဲ ပြောင်ပြောင် ပုပု၀၀ ဆရာကြီးတစ်ယောက်က အမြဲ ဟေ့ကောင် ဟိုသီချင်းလုပ်ကွာ ဟိုသီချင်း ဟိုသီချင်းလို့ ပွဲတောင်းခံရတဲ့ ကျွန်တော်တို့လဲ နားထောင်လို့ကို မရိုးနိုင်တဲ့ ၁၉၇၂ စခန်းရဲ့ ဖေးဘရိတ်သီချင်းကတော့
တကယ်ဆိုရင် ကိုယ်ကလဲ ချစ်မိနေပြီ၊ ဖွင့်ဟလို့ အပြောခက်သည်
အကြင်နာတွေပို မြူချိုလို့ လှမြတ်ဟန်ချီ၊ မင်းအကြည့်ကို ကိုယ်သိသည်
နှစ်ကိုယ်တူ ချစ်ချစ်တဲ့ အကြောင်းကိုအတည်၊ မျက်လုံးခြင်းစကားပြောနေပြီ
ခူးမဲ့ပြင် ဒီအပင် အရင်ညွတ်မည်၊ ခုတော့ တမင် ဟန်ဆောင်ပြီ
ဘယ်လိုပုံစံ အခြေအနေမျိုးနဲ့ တွေ့ ဆုံမည်၊ အသဲနှလုံးက ထိတ်လှသည်
ပန်လိုရင်လိုပါရင် ကြွေလာပါနှင်းဆီ အချိန်တော်အခါ မလင့်မှီ
ပန်ဆင်လေ အိုရွယ်စူး ခူးမဲ့ဟန်ချီ ဆူးကြားက ပန်းနှင်းဆီ
မချူသာလျှင် အမြင်နီး အလှမ်းဝေးပါသည်၊ ချစ်စိတ်ကို မျိုသိပ်မည်
အို ချစ်သဲကလေးတော့ အတင်းမယူလို အခွင့်အရေးသမား မဟုတ်ပါပြီ
အသဲအေးချိန် မျှော်မျှော်ကာ စောင့်စားမည် နှလုံးသားမှာ တကယ်ယုံကြည်
ဖြူုပြာ မူယာသူဇာ မောင့်နှမဒါလီ၊ ဘ၀အသိနဲ့ အလှကြည့်မည်
ဘော်ငွေစန္ဒာပမာ ရင်ခွင်လှည့်ထားမည် ဘယ်ဘယ်ခါ နှစ်ပါးကြည်
ဆိုတဲ့ ကိုသိန်းဝင်းရဲ့ မျက်လုံးချင်း စကားပြောနေသည် ပါပဲခင်ဗျာ
ကျွန်တော်တို့ ဆရာတွေဟာ အင်မတန်စစ်ရည်ဝနေ (သူတို့အပြော ပဲရည်ဝနေ)တော့မှ ဂုဏ်ပြု အနားပေးတဲ့အနေနဲ့ တက္ကသိုလ် အရံတပ်ရင်းများမှာ လေ့ကျင့်ရေးမှုးများ အနေနဲ့ တာဝန်ပေးခြင်းခံကြရတာပါ၊ ဒီဆရာကြီးတွေမှာလဲ တကွေ့ကွေ့ တစ်နေရာရာမှာ ဘ၀အသိနဲ့ အလှကြည့်ခဲ့ရတာလေးတွေ ရှိခဲ့ပုံရပါသနောခင်ဗျာ။
စခန်းက ပြန်လာပြီး ရေဒီယိုကနေ ရုပ်ရှင်တေးကဏ္ဏမှာ မောင်သိန်းဝင်းရဲ့ စိတ်လှသူ ဇာတ်ကားထဲက ဒီဇာတ်ဝင်တေး အမြဲလာလေ့ရှိပါတယ်
အသက်ကလေးနဲနဲ ထပ်ရလာတော့ ဒီသီချင်းကို ခံစားချက်နဲ့ ညီးရတော့တာတွေ ကြုံလာပါရဲ့ ၊ ၁၉၇၄-၅ အချိန်တွေမှာ မစ္တဗေဒ နှစ်ပတ်လည် ပွဲတပွဲမှာ ကျောင်းသားဖြစ်တဲ့ ကိုသိန်းဝင်းကိုယ်တိုင် ကိုအေးမောင်တို့ တီးဝိုင်းနဲ့ ဒီသီချင်းကို ဆိုပြပါတယ်၊
အမှန်အတိုင်းပြောရရင်တော့ မင်းကုန်းစစ်သင်တန်းတွေရဲ့ နွေညတွေမှာ အခု ဘယ်သူမှန်းမသိတော့တဲ့ သူငယ်ချင်းဆိုတီးပြတုံးကလောက် ခံစားချက် မပေါ်တော့ပါဘူး။ မျက်စိမှေးမှေးကြီးနဲ့ ဗိုက်ပူကြီးကို ပွတ်ရင် ခံစားနေတဲ့ ကျနော့် ဆရာကြီးတွေကိုလည်း သတိရပါရဲ့ ဗျား။

No comments:

Post a Comment