Saturday, October 29, 2016
ငှက်ခါးကလေးတွေ အခါခါ နားလို့ 
ငှက်ခါးကလေးတွေ အခါခါ နားလို့ 
မောင်ကို မင်းစာပါတယ်ဟေ့
စခန်းထဲမရောက်ခင်ကထဲက တေဖေါ်တေဖက် မိုက်ဖေါ်မိုက်ဖက် ချစ်သူငယ်ချင်း ခင်ညွန့် ရဲ့ အသံကို လှမ်းကြားလိုက်ရပါတယ်
ပုခုံးပေါ်က ပုဆိန်တွေရဲ့ အလေးချိန်ကို မေ့သွားတယ်၊မနက် ငါးနာရီခွဲလောက်ကနေ အခု နေ့ လည် တစ်နာရီခွဲလောက်အထိ အနားမပေးရသေးတဲ့ ခြေထောက်တွေ ခြေလှမ်းတွေရဲ့ ပင်ပန်းမှုဒဏ်ကို မေ့သွားတယ်။ မနက်စောစော ထွက်တုံးက တဝေါင်းဝေါင်းကြားလိုက်ရတဲ့ ကျားအော်သံကို တနေ့ လုံး ကြောက်နေမိတာတွေ မေ့သွားတယ်
စာ၊ စာ၊ ရန်ကုန်မြို့ တော် စီးပွားရေးတက္ကသိုလ် နှင်းဆီဆောင်ကနေ၊ ဒီ ရွှေဘိုခရိုင် ချပ်သင်းမြို့ ကနေ မိုင် ၁၁မိုင်လောက် ထပ်ဝင်ရသေးတဲ့ ကျောက်တန်းတောစခန်းအထိ ယာဉ်အဆင့်ဆင့်ကို စီးပြီးရောက်လာတဲ့ စာ၊ တောစခန်းခရီးမထွက်ခင်ကလေးကမှ အဖြေရခဲ့တဲ့ ရဲစားရဲ့ စာ။
သူလာခဲ့ရတဲ့ ခရီး တွေးကြည့်စမ်းပါ့၊ နှင်းဆီဆောင်စာတိုက်ပုံးကနေ တက္ကသိုလ်စာတိုက်၊ နောက် စာတိုက်ကြီး၊ ပြီးရင် ရန်ကုန် မန္တလေးစာပို့ ရထားစီးလို့ (နေ့ လည် ၁၂း၃၀လောက်ကနေထွက် မန္တလေးကို နောက်နေ့  မနက်ရောက်) ပြီးရင်ညနေ၄း၀၀ လောက်ထွက်မဲ့ မန္တလေး၊ မြစ်ကြီးနား စာပို့ ကို စီးလို့ ၊ ချပ်သင်းကို ည၇နာရီလောက်ရောက်၊ နောက်နေ့ မနက် ချပ်သင်း သစ်ထုတ်လုပ်ရေးစခန်းကနေ သစ်တင်ကားတွေ တောအ၀င်မှာ သစ်တောကျောင်းသားတွေစာတွေကို သယ်လာပေးကျရဲ့ ။
စာထိပ်မှာ လက်မှတ်ထိုးထားတဲ့ ရက်စွဲနဲ့ ကျနော့်ဆီရောက်တဲ့ ရက်စွဲ ၃ရက်ပဲ ကွာပါရဲ့ ခင်ဗျား၊ ကျနော့်အတွက်တော့ တကယ့် အမေပြောတဲ့ အမောပြေ စာပါပဲ၊ တောထဲတောင်ထဲ အရက်သောက်မိတာကအစ လှမ်းဝန်ခံနေမိတာ၊ ဟိုကပြန်ပြီး ဆုံးမစာရေးလိုက်
သူ့ စာတွေထဲမှာလဲ၊ ဒီနေ့ အဆောင်ပြန်ရောက်ရောက်ခြင်း မိလဲ့တို့ က (တက္ကသိုလ်လဲ့လဲ့တို့ ) ပြောတယ် အမအခန်းကို ကြည့်လို့ စာရောက်နေတာတွေ့ မှ စိတ်အေးသွားတယ် စာမလာရင် နားငြီးလွမ်းလို့ တဲ့။ ကျနော့်စာကလဲ သူ့ စာတွေ လာခဲ့ရတဲ့ ခရီးအတိုင်း ပြန်ထွက်သွားရတာလေ။ စခန်းကနေ သစ်တိုက်ကားစီးပြီး ချပ်သင်းရောက်၊ စာတိုက်ဗိုလ်ကြီးက အဲဒီကို ည၉း၀၀လောက်မှရောက်တဲ့ စာပို့ နဲ့ ထည့်ပေး၊ မန္တလေးကို သန်းခေါင်ကျော်ရောက်၊ နေ့ လည် ရန်ကုန်စာပို့ နဲ့သွား၊ တက္ကသိုလ်စာတိုက်ရောက်၊ ပြီးမှ အဆောင်ကိုရောက်ပြီး အဆောင်စောင့်ဦးလေးကြီးက သူ့ အခန်း တံခါးဝအောက်ကို ပို့ ထားခဲ့တာ။
အခု ဖေ့ဘုတ်လို virtual world ထဲမှာ မဟုတ်၊ Real world ထဲက လက်နဲ့ ကိုင်တွယ်လို့ ရတဲ့ စာအိပ်၊ စာရွက်၊ မင်နဲ့ လက်ရေး၊ တခါတလေ ကိုယ်သင်းနံ့ ကလေးများ ပါလာသလားလို့ ၊ (အင်း ငယ်ငယ်ဘ၀ ရူးခဲ့ကျတာတွေ)၊ ဖတ်ဘို့ လဲ မီးလာစရာမလို၊ ဘက်ထရီမလို၊ ဖုန်းမလို အင်တာနက်မိစရာမလို၊ တောစခန်းရဲ့ ညဖက် မီးပုံဘေးလေးမှာ မီးတောက်တွေရဲ့ အလင်းရောင်နဲ့ ခဏခဏ ပြန်ပြန်ထုတ်ဖတ်ရတာ၊ ဒါမှမဟုတ်လဲ အိပ်ရာခေါင်းရင်းမှာ ထမင်းစားပန်းကန်ထဲမှာ ဖရောင်းတိုင်ထွန်းလို့ ၊ very romantic
စာတိုက်ဗိုလ်ဆိုတာ အဲဒီအချိန်က နေရာမရွေး မျက်နှာကြီးပါ့၊ ဒါကြောင့်လဲ စာတိုက်စာရေးကြီးတွေ တိုင်းပြည် အုပ်ချူပ်တဲ့အထိ ရောက်ခဲ့တာ မဆန်းပါဘူးနော (ဟဟ လိုင်းလွဲသွားပြီ)
စာပို့ ခက ၁၅ါး၊ အသုံးဆုံး တံဆိပ်ခေါင်းက ငှက်ခါး ၁၅ါးတန်၊ ငှက်ခါးကလေးတွေ အခါခါ နားလို့ သက်ထားလေးဆီ စာလွှာပါးလို့ ။
ဆင်ဖြူကျွန်း စလင်းလိုနေရာတွေကျတော့ စာပို့ ကားတွေ၊ အထင်မကြီးပါနဲ့ ဒါပေမဲ့ အဲဒီစာအိတ်တွေ ရောက်တော့မှ ကားထွက်ရတယ်၊ ခေါင်မိုးက အစ အပြည့်၊ မင်းဘူးကနေ ဆင်ဖြူကျွန်းအထိ ကား သုံးစီးပြောင်းရတယ်၊ အမေရိကန် သမတကြီးစီးလိုက်ရင် Airforce One ဖြစ်သွားသလိုပဲ ဘယ်လောက်စုတ်တဲ့ကားဖြစ်ဖြစ်၊ ရထားဖြစ်ဖြစ် ဒီစာပို့အိတ်တွေ တင်လိုက်တာနဲ့ စာပို့ ကား စာပို့ ရထားပဲ
ခုတော့ မီးရထားမှာပဲ စာပို့ ရထားဆိုတဲ့ အခေါ်ရှိပါတော့တယ်။
စာတွေရေးပို့ ခဲ့တဲ့လူ (မဒမ်မောင်ကို မဟုတ်၊ သူဒါရိုက်တာလုပ်ခဲ့တဲ့ဇာတ်လမ်းက မင်းသမီးပေါ့)ကို မလွမ်းတော့ပေမဲ့၊ အဲဒီ Real world နဲ့ ဆက်သွယ်ခဲ့ကြရတဲ့ ငှက်ခါးလေးတွေ ရင်ခုန်မှုကလေးတွေ
အမ် နောက်နှစ်ကျတော့ အဲဒီရဲစားနဲ့က တောမဆင်းခင်လေးတင် ကွဲလာကျတော့ မနှစ်ကထက် နှစ်ဆလောက်ပင်ပန်းတဲ့ သစ်ပင်တွေလှဲရ ပိုင်းရတဲ့ Felling and logging field ရဲ့ ဒဏ်တွေကြားမှာ စာတွေရွေးနေကျတဲ့သူငယ်ချင်းတွေကြားမှာ မလာနိုင်တော့တဲ့စာကို မျက်ရည်ဖုံးတဲ့ မျက်လုံးတွေနဲ့ အယောင်ယောင်အမှားမှား ရှာရှာနေရင်းက ထူးထူးခြားခြား အားပေးစာရောက်လာတဲ့ မဒမ်မောင်ကိုရဲ့ စာကြောင့်ပဲ အခု ကလေး သုံးယောက် ထွက်လာတာဗျာ။
လွမ်းတယ်ဗျာ Real World ကို
မျိုးမြင့်လေးရဲ့ နာမည်ကျော် ငှက်ခါးလေးတွေ အခါခါနားလို့ ဆိုတဲ့ နေကာမျက်မှန်လေးနဲ့ တွဲ ခံစားကြပေါ့ဗျာ
No comments:
Post a Comment