Saturday, October 29, 2016

ပြုံးတဲ့မေ (ဘ၀ရဲ့ ပဲ့လှေ မထိမ်းနိုင် တော့ပြီလေ)

18 August 2013 at 16:03
ဘ၀ရဲ့ ပဲ့လှေ မထိမ်းနိုင် တော့ပြီလေ

ပြုံးတဲ့မေ
ရေး မြို့ မညိမ်း
ဆို ကိုလှမြင့်

(ချစ်ဗိမာန်ကျွန်းသာစွမြေ၊ အရမ်းပင် ရွက်ဖွင့်လွှင့်ကာ၊ တခေါက်ဖြင့် ရောက်ခဲ့ ဘ၀တာ ခရီးမှာလေ၊ ) ၂
အငြိုးရယ်သန်၊ ချစ်ခိုးလျှံ မျက်လုံးလှတဲ့ ဗိမာန်ရှင်မ ပွေ၊ ချစ်တေးလိုစကားတွေဆို သူချိုပါလို့ လေ၊ ခုတော့လွဲသွေ၊ ပြောင်သလိုလို ပြုံးတဲ့မေ၊ အသည်းနှလုံးဟာ မယ့်ဆီမှာသာ ကျန်ရစ်ခဲ့ပေါ့လေ။

(ချစ်ခွင့်မကြုံ လွမ်းရိပ်မြုံမှာ တကိုယ်ရည်၊ အချစ်၏ လင်းရောင်ခြည် မောင့်မှာ ဆိတ်သုဉ်းခဲ့ပြီလေ၊ )၂ (အတိတ်ကြေးမုံကို ပြန်လည်တွေး မှေးမှေးရေးရေး မျှော်ငေးမိ မှုန်ဝေေ၀၊ ဘ၀ရဲ့ ပဲ့လှေ မထိမ်းနိုင် တော့ပြီလေ)၂ ခုတော့လွဲသွေ၊ ပြောင်သလိုလို ပြုံးတဲ့မေ၊ အသည်းနှလုံးဟာ မယ့်ဆီမှာသာ ကျန်ရစ်ခဲ့ပေါ့လေ။

အတော်ကြိုက်တဲ့ သီချင်း ပြုံးတဲ့မေ၊ ပထမဆုံး ထိတွေ့ ဘူးတာက ငယ်ငယ် အထက်တန်းကျောင်းသားဘ၀လောက်က အိမ်ဘေးက တိုက်ကြီးပေါ်ကနေ ဖွင့်တဲ့ ကက်ဆက်သံကနေ ကိုဝင်းဦးအဆိုနဲ့ ကြားခဲ့ဘူးပါတယ်၊

နောက် တက္ကသိုလ်အနုပညာအသင်းမှာ တလျှောက်လုံးတီးမှုတ်နေပေမဲ့ ဒီသီချင်းကို မှတ်မှတ်ရရ မရှိလှဘူး၊ အင်း အဲဒီလို အတွေ့ အကြုံကလဲ ရှိမှ မရှိတာကိုး၊ ဘာအတွေ့ အကြုံလဲဆိုတာ လာပါ့မယ်။

သစ်တောဌာနအလုပ်ဝင်တဲ့အချိန် အကိုကြီး စီနီယာတယောက်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ သစ်ပင်ကြီးရွှေ့ တာတွေ မြက်ခင်း တမဟုတ်ခြင်းပေါ်အောင်လုပ်ပြတာတွေရဲ့ ဖခင် ရွာသာကြီး ကိုလင်းသောင်းက ဒီသီချင်းကို အရမ်းကြိုက်ဗျ၊ အဲဒီတုံးက သင်္ကေတကိုဘယ်က ထုတ်ထားတာလဲမသိပါ ပတ္တလျားနဲ့ ကို တီးပေးဘူးတယ်၊ ဆိုတာကတော့ အများကြားနေကြတဲ့ ကိုဝင်းဦးဆိုထား သုမောင်ပြန်ဆိုထားတဲ့ စာသားများပဲ၊

ဘ၀အထိုထိုမှာ သက္ကရာဇ် ၂၀၀၃နဲ့ ၂၀၀၆ကြားလောက်မှာ ကျနော် ကာရာအိုကေ အများကြီးဆိုဖြစ်သွားတယ်၊ ထိုင်တဲ့ဆိုင်က ရေကြောင်းရှေ့ က Lion House ။ အဲဒီမှာရယ် နောက် ဘုရင့်နောင်က ရွှေအိမ်စည်ရယ်။

အဲဒီအချိန်တွေမှာ ဒီသီချင်းကို အတော်လေးဆိုဖြစ်ပါရဲ့ ၊ စာသားကို ကေအိုမှာပေးတဲ့အတိုင်းပဲ ဆိုမိတယ်။
ခံစားချက်ကတော့ ကေအိုမှာပေးထားတဲ့စာသားအတိုင်းပဲ၊

၇နှစ်- ချိုတေးသံ ဆိုတဲ့ သီချင်းပေါင်းချူပ်စာအုပ်ကြီးကို ရတဲ့အချိန်မှာ ကိုလှမြင့်သီဆိုခဲ့သော သီချင်းများဆိုပြီး ဒီသီချင်းစာသာကို အပေါ်မှာ ရိုက်ထားတဲ့အတိုင်းရရှိခဲ့ပါတယ်။

စာဖတ်သူ၊ အဓိက အပြောင်းအလဲတွေကတော့

၁။ အငြိုးရယ်သန်၊ ချစ်ခိုးလျှံ လို့ သုံးထားတယ် ကျနော်တို့ ဆိုနေကြတာက အငြို့ ရယ်သံတဲ့၊ (အငြိုးနဲ့ အငြို့ )

၂။ မျက်လုံးလှတဲ့ ဗိမာန်ရှင်မ ပွေ၊ တဲ့ ကျနော်တို့ ဆိုနေကြတာက ဗိမာန်ရှင်မ ပေ (ပွေနဲ့  ပေ)

၃။နောက်ဆုံးတခုကတော့ ပြောင်သလိုလို ပြုံးတဲ့မေ၊ ကျနော်တို့ က လှောင်သလိုလို ပြုံးတဲ့မေလို့ ဆိုတယ် (ပြောင်နဲ့ လှောင်)

ဒီစာသားတွေတွေ့ ပြီးကထဲက ကျနော် အသေအလဲကြိုက်သွားပြီ ဒီအတိုင်းပြောင်းဆိုတော့တာပဲ၊ ဒီသီချင်းကို ကျနော် ပထမဆုံး မြို့ မတီးဝိုင်းကြီးနဲ့ အတူတူဆိုတုံးက စာသားတွေ ပြောင်းဆိုမိပါရဲ့ ၊ သူတို့ ကိုတော့ မမေးမိဘူးဗျ
ဘယ်နှယ့်ဗျာ အငြိုးသန်တာနဲ့ အငြို့ သန်တာနဲ့က တခြားစီပဲ၊ ကေအိုက ခလေးမတွေ ငြို့ တာလား ငြိုးတာလားဆိုတာ အဲဒီမှာ ကျင်လည်ဘူးတဲ့လူတွေမှာ သိမယ်ပ။ ငြို့ တာက မထူးဆန်းလှပေမဲ့ အငြိုးခံလိုက်ရပြီဆိုရင် သေပြီဆရာပဲ

ပွေဆိုတာနဲ့ ပေဆိုတာကတော့ သိသာတယ်၊ ဗိမာန်ရှင်မပွေဆိုတာနဲ့ တာသွားလိုက်တဲ့စကားလုံး၊

ပြောင်တာနဲ့ လှောင်တာ ဘယ်စာလုံးက ပိုထိတယ်ဆိုတာကိုလဲ ဆရာတို့ စဉ်းစားကြည့်ပေါ့

သေချာတာကတော့ ဆရာ မြို့ မငြိမ်းလဲ ခေသူမဟုတ်၊ သူတို့ ခေတ်ရဲ့ ကေအို အစားထိုး ဟိုတယ်မယ် နှုတ်ခမ်းနီမလေးတွေရဲ့ အတွေ့ အကြုံတွေနဲ့ ဒီသီချင်းကို ရေးဖြစ်ကြောင်း (ဘ၀ရဲ့ ပဲ့လှေ မထိမ်းနိုင် တော့ပြီလေ) စာသားနဲ့ သက်သေပြထားလေရဲ့ 

No comments:

Post a Comment