Friday, December 2, 2016

သစ်တောဂိတ် ၁၉၈၆

အကို ကိုကင်းနဲ့ ပတ်သက်လို့  လောလောဆယ် သတိရတာတွေရှိတယ်
-
မိခင် သစ်တောဌာနကြီးက တံဆိပ်တွေ ပုခုံးတံဆိပ်တွေ ဦးထုတ်တွေနဲ့ အူနီဖေါင်းတွေနဲ့  ပြန်လည် ဆန်းသစ်ခြင်းလုပ်လာတာကိုး (သစ်တောပြတိုက်ထဲက ကိုလိုနီ ရဲတွေ သစ်တောအူနီဖေါင်းတွေနဲ့ တူပါ့)
-
၁၉၈၅-၈၇ ပတ်ဝန်းကျင်မှာ ကိုကင်းတို့  မောင်ကိုတို့ က ရန်ကုန်တိုင်း သစ်တောပုလိပ်တွေပေါ့
-
မောင်ကိုက လက်ထောက်တိုင်းမှုး ပေးထားတော့ ဂွေးတက်အောင် ကနေတာ၊ ရန်ကုန်တိုင်းကို တကယ် အုပ်ချူပ်နေတာက လက်တွေ့ မှာ ဒုဝန်ကြီး ဦးလှိုင်မြင့်၊ မောင်ကို့ ကို နိုင်ငံခြားလွှတ်တာတောင် မင်း သင်္ကန်းကျွန်းဂိတ်ကို ဘယ်သူ့ အပ်သွားသလဲ တစ်ချက်ပဲ မေးတဲ့ ဆရာ
-
မောင်ကို့ ကို နမူနာယူပြီး သစ်ဖမ်းကြဖို့  တိုင်းမှုးက တခြား မြို့ နယ်မှုးတွေကို ပြောတော့ အကိုကြီး ကိုကင်းတို့ ကလဲ စစ်ဆေးရေးတွေလုပ်ကြတာပေါ့၊
-
မောင်ကို ဖမ်းတယ်ဆိုတာက မြစ်တွေ ချောင်းတွေထဲ တောလမ်းထဲ ဖမ်းတာလေ
-
ဆရာကင်းတို့ တပည့်တွေကတော့ သူတို့ ဖမ်းနေကြ ထုံးစံအတိုင်း ရန်ကုန် မန္တလေး လမ်းမကြီးဘေး စားပွဲလေးချ ကုလားထိုင်လေးချပြီး လာတဲ့ သစ်ကားတွေ စစ်တာကိုး
-
အဲဒီမှာ ကိုကင်းရဲ့ ရင်တွင်းဖြစ် ဝန်ခံချက်
-
ငါ့ကွာ သစ်ဖမ်းတာ တစ်ခါပဲ ရဘူးပါတယ်
-
ဘယ်လို ဘယ်လိုရတာလဲ အကိုရ (မောင်ကိုတို့  သစ်တောဘွဲ့ ရတွေကို တိုင်းမှုးက မျက်စိနောက်လို့  ကျွန်းသင်းသတ်ဆိုပြီး မောင်ကို့ ကို ပေါင်းလင်းကြိုးဝိုင်းထဲလွှတ်တင်လိုက် ဒုတိုင်းမှုးကိုလည်း ကိုမြကြီး ခလေးတွေကို လိုက်ပြလိုက်ဆိုပြီးထည့်လိုက်၊ မောင်ကို့ ကို လိုက်ပို့ ကြရတာ တခြား သစ်တောမြို့ နယ်မှုးတွေ လေးယောက်ရှိသဗျ၊ တောထဲမှာ (တောကောင်းသေးတယ်၊ မြန်မာရမ်ကို ဖန်ခွက်ထဲထည့်၊ လက်နဲ့  warm the glass လုပ် ထင်းတုံး မီးပုံဘေးမှာ တမူးသောက်ကြရင်း အရက်မသောက်တဲ့ ကိုကင်းက ရင်ဖွင့်တာ)
-
ဟကောင်ရ မင်းလို သစ်ဖမ်းမယ်ဆိုပြီး စားပွဲလေးချ ငါ့က ပက်လက်ကုလားထိုင်းလေးနဲ့ ထိုင်နေတုံး
-
ရန်ကုန် မန္တလေး ခရီးသည်တင်ကားကြီးက ဝူးကနဲ ထိုးဆိုက်လာပြီ
-
ဟင် ဘာဖြစ်တာလဲ
-
စပယ်ယာ ချာတိတ်က ပြေးဆင်းလာပြီးတော့ စားပွဲပေါ်မှာ ပက်လက်လှန်ပြီးချွတ်ထားမိတဲ့ ငါ့ ဦးထုပ်ထဲကို ပိုက်ဆံ ငါးကျပ်တန် တစ်ရွက် ပစ်ထဲ့လိုက်ပြီး
-
ဆရာတို့ က ဂိတ်အသစ်လား၊ ဆွဲဆွဲဆရာရေ့  မောင်းတော့ရပြီဆိုပြီး
-
ပြန်ထွက်သွားတော့တာပါပဲကွာ
-
ငါ အဲဒီ ငါးကျပ်ပဲ သစ်ဖမ်းရင်း ရဖူးပါတယ်၊ ဘုရားပေးပေး ကျမ်းပေးပေးပါတဲ့
-
ဒါကြောင့် တက်သစ်စ သစ်တောဝန်ထမ်းများ ဦးထုပ်သစ်များကို
-
လှန်၍ စားပွဲပေါ်မှာ တင်ထားပါ၊ အဲလေယောင်လို့  မထားမိပါစေနဲ့ 

No comments:

Post a Comment